Showing posts with label မောင်ပေါ်ထွန်း ဘာသာပြန် ရေမြေခြားသော်လည်း. Show all posts
Showing posts with label မောင်ပေါ်ထွန်း ဘာသာပြန် ရေမြေခြားသော်လည်း. Show all posts

Wednesday, September 19, 2012

မောင်ပေါ်ထွန်း ဘာသာပြန် ရေမြေခြားသော်လည်း, အပိုင်း (၂၇) ဇာတ်သိမ်းပိုင်း

သို့သော်..သူက ခေါင်းကို ခါယမ်းလိုက်ပြီး... "ဆောရီးပဲ လော်ရာ။ ငါခုထက်ထိ ဘယ်လိုမှ ဆုံးဖြတ်ချက် မချနိုင်သေးဘူး။ ဒီကိစ္စက အဘက်ဘက် စဉ်းစားပြီး မှ ဆုံးဖြတ်ရမယ့် ကိစ္စ။ ငါတစ်ဆင့်ပြီး တစ်ဆင့် ခေါင်းအေးအေးနဲ့ စဉ်းစားနေတယ်။ အဖြေ ရှာနေတယ်။ ဒီကိစ္စဟာ ငါရဲ့ တစ်သက်တာ အလုပ်ဆိုလည်း ဖြစ်တယ်။ ငါ့ဘ၀ တစ်ခုလုံးဆိုလည်း ဖြစ်တယ်။"
"အဲဒီတော့...မစ္စတာဟင်နရီအလန်နဲ့..." "မလိုဘူး၊ ဘယ်သူမှ မလိုဘူး၊ ငါ့ကိစ္စ ငါကိုယ်တိုင် ဆုံးဖြတ်မယ်" သူ့ မျက်လုံးပြာကြီးများကို လော်ရာက စိုက်ကြည့်နေသည်။ မျက်ဝန်းနှစ်ဖက် ထဲတွင် သူမ၏ ရုပ်ကို သေးသေးကလေးသာ မြင်ရသည်။ "အဲဒီတော့ မောင် ဒီလောက်တောင် အချိန်ဆွဲနေ တာက ကျွန်မကို ငဲ့နေလို့လား။ မောင် တစ်ခုခု ဆုံးဖြတ် လိုက်ရင် ကျွန်မ စိတ်ဆိုးသွား မှာ ကြောက်နေလို့လား"
"မကြောက်ပါဘူး၊ ဆိုးဆိုးပေါ့၊ ဘာဖြစ်သလဲ" လော်ရာက ထိုင်ရာမှထကာ သူ့နဖူးကို ရွရွကလေး နမ်းလိုက် သည်။ ပြီးတော့ သူမ အိပ်ခန်းသို့ ထွက်လာခဲ့ သည်။
ကို ဆက်ဖတ်ရန်...

အခန်းထဲတွင် ခဏရပ်နေသည်။ စိတ်ထဲတွင် တုံ့ဆိုင်းဆိုင်ဖြစ်နေသည်။ ခန်းကူးအလယ် တံခါးနား သို့ ပြန်လျှောက်လာသည်။ ခါတိုင်းတွင်သည်တံခါးကို အမြဲတမ်းဖွင့်ထားသည်။ သူမ သည် တံခါးရွက် ကို ဆောင့်ပိတ်ပြီး သော့ပေါက်ကို လှည့်လိုက်သည်။ တံခါးအနီးတွင် ဆက်ရပ်နေသေးသည်။ တံခါးကို ပြန်ဖွင့် သည်။ ပြီးတော့..အသာကလေး ပြန်စေ့ထားလိုက်လေသည်။

နောက် နှစ်ရက်မြောက်ည...။
တစ်အိမ်လုံး ရယ်မောသံ။ ဂီတသံများဖြင့် ဆူညံနေသည်။ အချို့ကတော့ ဧည့်ခန်း ဆောင်ထဲတွင် ဂီတ သံတငြိမ့်ငြိမ့်နှင့် ကနေကြသည်။
သည် ဧည့်ခံပွဲကြီးအတွက် လော်ရာသည် ဧည့်ဆောင်ကြီးကို လွန်ခဲ့သော နှစ်ရက်ကပင် ကြိုတင်၍ အထူးတလည် မွမ်းမံပြင်ဆင်ခဲ့သည်။ ရောင်စုံပန်းများကို စားပွဲများနှင့် နံရံများပေါ်တွင် တခမ်းတနား အလှဆင်ထားရာ ခန်းမဆောင်ကြီးမှာ ပန်းဥယျာဉ်တစ်ခုအလား ထင်မှတ်ရသည်။
မစ္စတာဟင်နရီအလန် တို့ လင်မယားဝင်လာသဖြင့် လော်ရာက အခန်းဝသို့ အပြေးကလေး လျှောက်လာပြီး ဖက်လှဲ တကင်း ကြိုဆိုသည်။ "တူမကြီးက အဖြူရောင် ၀တ်စုံနဲ့ဆို သိပ်ချောတာပဲကွယ်"
မစ္စက်အလန်က လော်ရာ၏လက်ကို တင်းတင်းဆုပ်ရင်း ပြောသည်။

"အခန်းကြီးကလေည်း ပြင်ဆင်ထားတာ လှလိုက်တာနော်၊ ဒါပေမဲ့... နောက်ကျတော့ ဒီပွဲမျိုးကို အန်တီ တက်ခွင့်ရတော့မှ မဟုတ်တော့ဘူး။ တူမတို့က ၀ါရှင်တန် ပြောင်းကြရတော့မှာ မဟုတ်လား"
"အို...ဘာလို့ တက်ခွင့်မရရမှာလဲ...အန်တီ။ တက်ကိုတက်ရမှာပါ။ ၀ါရှင်တန်ပြောင်းပေမဲ့ နှစ်စဉ် လုပ်နေကျ အတိုင်း ဒီအချိန်မှာ လုပ်ဦးမှာပါ။ နောက်နှစ်ကျတော့လည်း ဒီအိမ်ကြီးမှာပဲ လာပြီး လုပ်ဦးမှာ ပေါ့"
ထို့နောက် မစ္စတာအလန်တို့ လင်မယားက ပြုံးရယ်ကာဖြင့် တခြားပရိသတ်တွေ ဆီသို့ လျှောက် သွားကြသည်။
ဧည့်ခန်းထဲ တွင် ပရိသတ်တွေ ကနေကြစဉ် စားသောက်ခန်းတွင်တော့ စားပွဲထိုးများက အစား အ သောက်များ ပြင်ဆင် ခင်းကျင်းလျက် ရှိကြသည်။
ပရိသတ်တွေ စုံသလောက် ရောက်ရှိနေကြပြီ။ ခရစ္စဘယ်ရောက်နေပါလိမ့်။ ပရိသတ်ထဲတွင်လည်း မတွေ့ရ။ စောစော ကပဲ သူလော်ရာ့အနား လာရပ်နေသေးသည်။ ယခု သူအခန်းထဲတွင် မရှိ။ ဘယ်များ သွား ပါလိမ့်။

လော်ရာက တစ်ခန်းလုံး ဟိုဟိုသည်သည် မျက်လုံးကစားကြည့်သည်။ ခရစ္စ ကို မတွေ့။ သူ့စကြည့် ခန်းထဲမှာ ဘားမင်းနဲ့ တစ်ခုခုများ တိုင်ပင်နေသလား မသိ။ မောင်ကလည်း တော်တော်ခက်တာပဲ နော်။ အခုလို အချိန်မျိုး မှာတောင် အလုပ်ကိစ္စခဏ မေ့မထားနိုင်တာ အံ့ပါရဲ့။
"ခရစ္စ.. ဘယ်သွားနေတာလဲ" "မစ္စတာဝင်းတား မတွေ့ပါလား"
"တို့ပြည်နယ် အုပ်ချုပ်ရေးမှူးလည်း မမြင်ပါလား"
ပရိသတ်တွေ က တစ်ယောက်ပြီး တစ်ယောက်လာမေးကြသည်။
"ဟုတ်ကဲ့။ သူတစ်နေရာရာမှာ ရှိမှာပါ။ ခဏလေး စောင့်ပါဦး၊ ကျွန်မသွားခေါ်ပါ့မယ်"
ပြောနေတုန်းမှာပင် အခန်းထဲသို့ ခရစ္စ၀င်လာသည်။ သူ့အမူအရာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်နှင့် ပါးပြင်နှစ်ဖက် ကလည်း အပြင်က နှင်းရိုက်လာသူကို သွေးရောင် လွှမ်းနေသည်။ သူက လော်ရာ့ဘေးတွင် လာ ရပ်သည်။

"မောင်... ဘယ်သွားနေတာလဲ... ဟင်"
"နောက်တော့ သိရမှာပေါ့။ အခမ်းအနားကတော့ အနိပ်ဆုံးပဲ လော်ရာ။ ပရိသတ်တွေက အိမ်ရှင်မကို အရမ်း ချီးမွမ်းနေကြပြီ" ဧည့်သည်တွေ နောက်ထပ်ရောက်လာသဖြင့် စကားပြတ်သွားကြသည်။
ထို့နောက်ပရိသတ်တွေထဲ လျှောက်ပြီး ရယ်ရယ်မောမော စကားပြောနေသော ခရစ္စကို ဟိုနေရာ သည်နေရာ တွင် လော်ရာ လှမ်းမြင်နေရသည်။ ဧည့်ပရိသတ်တွေ အကုန်လုံးစုံနေပြီ၊ စုစုပေါင်း ပရိသတ်နှစ်ရာ ဖိတ်ကြားထား သည့် အနက် အားလုံးနီး ပါးတက်ရောက်ကြသည်။

လော်ရာက တိုင်ကပ်နာရီကြီး လှမ်းကြည့်လိုက်သည်။ ညဥ့်လယ်ဆယ်နှစ်နာရီ ထိုးရန်နာရီဝက်သာ လိုတော့ သည်။ ဆယ့်နှစ်နာရီကျော်လျှင် နှစ်ဟောင်း ကုန်ဆုံး၍ နှစ်သစ်ဆန်းလာတော့မည်။
သည်နှစ် နှစ်သစ်တွင် သူတို့လင်မယား အလွန်အလုပ်များကြတော့မည်။ ခရစ္စ က ပြည်နယ် အုပ်ချုပ် ရေးမှူးတာဝန်ဖြင့် အလုပ်တွေ ၀ိုင်းဝိုင်းလည်နေ လိမ့်မည်။ လော်ရာ က ပြည်နယ်အုပ်ချုပ်ရေးမှူး ကတော်အဖြစ် ဟိုပွဲသည်ပွဲ၊  ဖွင့်ပွဲတွေမနားတမ်း တက်နေရတော့မည်။
ပြီးတော့ အဖြေမထွက်သေးတာ မေးခွန်းဟောင်းအတွက် အဖြေလည်း သည်နှစ် နှစ်သစ်တွင်ပင် ထွက်လာ လိမ့်မည်။ ခရစ္စအနေဖြင့် ဘယ်လိုပင်ဆုံးဖြတ် ဆုံးဖြတ်၊ သူမက လက်ခံရမည်သာဖြစ်သည်။ သူ့ကို သူမ အလွန်ချစ်သည်။ အလွန်လေးစားသည်။

တကယ်လို့များ သူဟာငါအထင်ကြီးသလို မဟုတ်ဘဲ ပေါ့ပေါ့တန်တန် ဆုံးဖြတ်လိုက်ရင် ဘယ်လိုလုပ် မလဲ။ အို...သူက ဘာမှမဆုံးဖြတ်ရသေးခင် ငါကတွေးပူနေလို့ အလကားပါပဲ။ သူ့နေရာဝင်ပြီး ငါက ဆုံးဖြတ် သလို ဖြစ်နေပြီ။ သူဆုံးဖြတ်ရမယ့်အလုပ်ကို ငါကကြားဝင်ပြီး ဆုံးဖြတ်ပိုင်ခွင့် မရှိပါဘူး။
ခန်းမကြီး တံခါးဝတွင် ရုတ်ရုတ်သဲသဲဖြစ်သွားသဖြင့် လော်ရာ့အတွေးလည်း ပြတ်သွားသည်။ တစ်ချိန် တည်း တွင် ဂီတသံလည်း ရုတ်တရက် တိတ်ဆိတ်သွားသည်။
ဘယ့်နှယ်...အစောကြီး ရှိသေးတာပဲ။ သန်းခေါင်ချိန်တောင် မရောက်သေးဘူးဟု လော်ရာက တွေး လိုက်သည။
နှစ်တိုင်း ဆိုလျှင် ဆယ့်နှစ်နာရီ သန်းခေါင်းရောက်သည်အထိ ပရိသတ်တွေ ကကြသည်။ ဆယ့်နှစ်နာရီ တိတိ ထိုးသည်နှင့် တစ်ပြိုင်နက်အက ရပ်လိုက်ကြပြီး "အောလန်ဆိုင်းန်"(မိတ်ဟောင်း ဆွေဟောင်း မမေ့ကောင်း) သီချင်း ကို ပရိသတ်အားလုံး သံပြိုင်သီဆိုကြသည်။

"လေးစားအပ်တဲ့ မိတ်ဆွေများ ခင်ဗျား"
ခရစ္စ၏ အသံသည်တစ်ခန်းလုံးကို ခြုံလွှမ်းသွားသည်။ သူသည်တံခါးဝတွင် ရပ်နေသည်။ သူ့ရုပ်သွင် မူရာသည် ခါတိုင်းနှင့် မတူ တစ်မူထူးခြား နေသည်ဟု လော်ရာကထင်မိသည်။ ပြည်နယ်အုပ်ချုပ်ရေးမှူး ရာထူးလက်ခံပွဲ မိန့်ခွန်းပြောစဉ် ကထက်ပင် သူ့ရုပ်သွင်ကအားမာန်ပြည့်နေသည်။
"ကြွရောက် လာကြတဲ့ ပရိသတ်အားလုံးကို ကျွန်တော်က မိတ်ဆွေရင်းချာတွေလို သဘောပိုက်ပြီး ပြော လို ပါတယ်။ ကျွန်တော်တို့ ပြည်နယ်ရဲ့ပြည်နယ် အုပ်ချုပ်ရေးမှူးဖြစ်လိုတဲ့ ကျွန်တော့် ရည်မှန်း ချက်၊ ကျွန်တော့် ဆန္ဒကို အကောင်အထည်ဖော် ပေးလိုက်ကြတဲ့ ကျေးဇူးရှင်မဲဆန္ဒရှင် အမျိုးသား အမျိုးသမီး ပြည်သူတွေအဖြစ် သဘောပိုက်ပြီး ကျွန်တော်ပြောလိုပါတယ်။"

"ဒီစကားကို အခုလို မိတ်ဆွေများ မမျှော်လင့်ဘဲ ကြားရတဲ့ အဆင့်အထိ ရောက်လာအောင် ကျွန်တော့် အနေနဲ့ ဘယ်အတိုင်းအတာအထိ အကြိတ်အနယ် စဉ်းစားခန်းထုတ်ခဲ့ရတယ်ဆိုတာ ကျွန်တော် ဝန်မခံ ဘဲ နေလို့ မရပါဘူး" "ဟုတ်ပါတယ်။ ကျွန်တော်ဟာ ရည်မှန်းချက် ကြီးခဲ့ပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော့်မှာ ကြီးမားတဲ့ ဆန္ဒတွေရှိခဲ့ပါတယ်။ နောင်ကိုလည်း ကျွန်တော့်အနေနဲ့ ကြီးမားတဲ့ ဆန္ဒတွေ ဆက်လက်ရှိနေဦးမှာ ဖြစ် ပါတယ်" "ကျွန်တော် ပြည်နယ်အုပ်ချုပ်ရေးမှူး အလွန်ဖြစ်ချင်ပါတယ်။ ကျွန်တော် မိတ်ဆွေများကို အလုပ် အကျွေး ပြုချင်ပါတယ်။ ကျေးဇူးရှင်မဲဆန္ဒရှင် ပြည်သူတွေကို ကျေးဇူးပြန်ဆပ်ချင်ပါတယ်။ ကျွန်တော် ကျေကျေပွန်ပွန် ကျေးဇူးဆပ်နိုင်လိမ့်မယ်လို့ အကြွင်းမဲ့ယုံကြည်ပါတယ်။ အလေးအနက် ယုံကြည်ပါ တယ်။ ဒါပေမဲ့ ဒီကနေ့ညမှာတော့… ကျွန်တော်နဲ့ပတ်သက်လို့ မိတ်ဆွေများ မသိသေးတဲ့ ဘဝတစ် ကဏ္ဍကို ကျွန်တော်နဲ့ အတူ မျှဝေခံစားနိုင်အောင် မိတ်ဆွေများကို ကျွန်တော် ပြောပြချင်ပါတယ်" သူ ဘာ အကြောင်းပြောတော့မည် ဆိုတာကို လော်ရာ ချက်ချင်း သိလိုက်သည်။

သူမက ကြီးစွာသော စိတ်ဝင်စားမှုဖြင့် နားထောင်နေသည်။ ရင်တွေ တဒိန်းဒိန်းခုန်လာသည်။ အသက် ပင် မရှူနိုင်အောင် ဖြစ်နေသည် ပါးပြင်နှစ်ဖက်သို့ မျက်ရည်တွေ စီးကျလာသည်။
အမိနိုင်ငံ ကို စွန့်ခွာပြီး တစ်နိုင်ငံ တစ်မြေခြားသို့ စစ်တိုက်ထွက်ကြရသော အမေရိကန်လူငယ်တွေ အကြောင်း၊ စစ်မြေပြင် တွင် ရန်သူနှင့် လူဆန်စွာသော်လည်းကောင်း… လူမဆန်စွာသော်လည်းကောင်း ရင်ဆိုင် တိုက်နေကြရသော လူငယ်တွေအကြောင်းနှင့် သူတို့ဘာမှမသိသော စစ်ပွဲကြီးကြောင့် ရန်သူ လက်တွင် အသက် ဆုံးရှုံးသါားကြရသော လူငယ်တွေအကြောင်းကို ခရစ္စက ခံစားချက်အပြည့်ဖြင့် ဆို့ဆို့နင့်နင့် ဝေဝေဆာဆာ ဆက်ပြော သွားသည်။

ထို့နောက် ဆက်လက်၍…
"အဲဒီလူငယ်တွေဟာ ကျွန်တော်တို့နိုင်ငံက လူငယ်တွေဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ညီတော် နောင် တော်တွေ။ ကျွန်တော် တို့ရဲ့ တူတွေ သားတွေဖြစ်ပါတယ်။ သူတို့တစ်တွေဟာ အခုအချိန်မှာ…၊ အခု ကျွန်တော် စကားပြောနေတဲ့ အချိန်မှာ… အာရှနိုင်ငံ ခုနစ်နိုင်ငံမှာ ရောက်ရှိနေကြပါတယ်။ သေဆုံးနေ ကြပါတယ်။ သူတို့ တစ်တွေဟာ အသက်အရွယ်အားဖြင့် အလွန်ငယ်ကြပါသေးတယ်။ သနားစရာ ကောင်းလောက်အောင် ငယ်ရွယ်ကြ ပါသေးတယ်။ သူတို့တစ်တွေဟာ ကျွန်တော်တို့ မိတ်ဆွေတို့လိုပဲ မေတ္တာတရား လွှမ်းခြုံတဲ့ မိဘ အရိပ် အာဝါသအောက် မှာ နွေးထွေးစွာနဲ့၊ လုံခြုံစွာနဲ့ နေထိုင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဒါပေမဲ့… အခု အချိန်မှာတော့ သူတို့တစ်တွေဟာ သူတို့အလွန်ချစ်တဲ့ မိဘဆွေမျိုးတွေကို စွန့်ခွာပြီး တစ်တိုင်းတစ်ပြည် ကို ရောက်နေကြပါတယ်။ သူတို့တစ်တွေဟာ အမိနိုင်ငံမှာ ကျန်ရစ်တဲ့ မိဘဆွေမျိုးတွေကို လွမ်းပြီး အထီးကျန်တွေ ဖြစ်နေကြပါတယ်။ ဒီအကြောင်းကို ကျွန်တော် ဘယ်လို သိရပါသလဲ။ ဟိုး လွန်ခဲ့တဲ့နှစ်တော်တော်ကြာကြာက ကျွန်တော်ကိုယ်တိုင် ကိုရီးယားလို့ခေါ်တဲ့ နိုင်ငံ တစ်နိုင်ငံမှာ သူတို့လို စစ်မှုထမ်းခဲ့ရ လို့ ကျွန်တော် ဒီအကြောင်းကို သိတာဖြစ်ပါတယ်" သူက ခေတ္တရပ်လိုက်သည်။ ပြီးတော့ နှုတ်ခမ်းချင်း ဖိကိုက် လိုက်ပြီး ဆက်ပြောသည်။

"ကျွန်တော်တို့ စစ်သားကလေးတွေဟာ တစ်ပါးနိုင်ငံမှာ ရရာကြုံရာ ဖြေဖျော်နေကြရပါတယ်။ ကျွန်တော့် အနေနဲ့တော့ သူတို့တစ်တွေကို အပြစ်လည်းမတင်လိုပါဘူး။ ကျွန်တော်လည်း သူတို့လိုပဲ ဘဝတူ တစ်ယောက် ပါ။ သူတို့တစ်တွေဟာ အသက်ကို ဖက်ရွက်နဲ့ထုပ်ပြီး ရန်သူနဲ့တိုက်ခိုက်နေကြရပါ တယ်။ ဘယ်အချိန်မှာ သူတို့အသက်နဲ့ကိုယ် အိုးစားကွဲသွားမယ်ဆိုတာကို သူတို့မသိပါဘူး။ သူတို့ ကိုယ်ထဲကို ရန်သူ့ကျည်ဆန် အချိန်မရွေး ထိုးဖောက်သွားနိုင်တယ်ဆိုတာကိုတော့ သူတို့ အမြဲတမ်း သိနေကြပါတယ်"

"ဒါကြောင့်မို့လို့ တစ်နေ့ သေရမယ့်အတူတူ ကြုံရာဘဝမှာ ပျော်ပျော်နေတာပဲ ကောင်းပါတယ်ဆိုပြီး သူတို့ တစ်တွေဟာ ကပွဲတွေကို ရောက်ကြပါတယ်။ တခြာ ဖြေဖျော်စရာ သွားစရာဆိုတာကလည်း ဘာမှမရှိပါဘူး။ အဲဒီတော့ ကပွဲတွေမှာ ထုံးစံအတိုင်း မိန်းကလေးတွေနဲ့ တွေ့ကြရပါတယ်။ အဲဒီမှာ သူတို့တစ်တွေဟာ တဒင်္ဂသာယာမှုအတွက်၊ အထီးကျန်ဘဝ ခဏဖြေဖျော်မှုအတွက် အချစ်ကို ပိုက်ဆံ ပေးပြီး ဝယ်ကြပါတယ်။ ဟုတ်ပါတယ်။ အဲဒီအချစ်ဟာ မမွန်မြတ်ပါဘူး။ တန်ဖိုးမရှိဘူးဆိုတာကို သူတို့ သိကြာပါတယ်။ ဒါပေမဲ့ အဲဒါကိုပဲ သူတို့က တဒင်္ဂ ကျေနပ်မှုအတွက် ရယူနေကြရပါတယ်။ အဲဒါ ဘာ ကြောင့်လဲ။ သိရက်သားနဲ့ အဲဒီလို ဘာကြောင့် လုပ်နေကြရတာလဲ။

ကျွန်တော် စောစောက ပြောခဲ့သ လို သူတို့တစ်တွေရဲ့ခေါင်းပေါ်မှာ သေမင်း လက်ဖျံရိုးကြီးက အရိပ်မိုးသလို မိုးနေလို့ပဲဖြစ် ပါတယ်။"
"ဒါကြောင့်မို့လို့ သူတို့တစ်တွေဟာ အချစ်ကို ပိုက်ဆံနဲ့ဝယ်ပြီး လူမျိုးခြား မိန်းကလေးတွေရဲ့ရင်ခွင်ထဲ ခိုလှုံကြ ရတာဖြစ်ပါတယ်။ ကျွန်တော်လည်း သူတို့လို တစ်ယောက် အပါအဝင်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်က သူတို့ထက် ကံကောင်းတယ်လို့ ဆိုချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့… ကျွန်တော် တွေ့ခဲ့တဲ့အချစ်က ခဏတာဖြစ်ပေ မဲ့ သူတို့အများစုရနေကြတဲ့ အချစ်မျိုး မဟုတ်ပါဘူး။ တန်ဖိုးမရှိတဲ့ အပေါစားအချစ်မျိုး မဟုတ် ပါဘူး။

ဒါပေမဲ့ ကျွန်တော့်အချစ်ဇာတ်လမ်းက အဲဒီမှာတင် မဆုံးသေးပါဘူး။ တကယ်လို့ အဲဒီလောက်နဲ့ပဲ ဆုံးသွားခဲ့လို့ ရှိရင်လည်း အဲဒီအကြောင်းကို အခုလို မိတ်ဆွေများရှေ့မှာ ပြောပြစရာ မလိုတော့ ပါဘူး။ ပြောပြရလောက်အောင်လည်း စိတ်ဝင်စားစရာ မကောင်းတော့ပါဘူး။ အခုတော့ ကျွန်တော့်ဇာတ်လမ်းက စိတ်ဝင်စား စရာ အလွန်ကောင်းပါတယ်။ အခုအထိလည်း အဆုံး မသတ်သေးပါဘူး"
"အဲဒီလို ခဏတာ တွေ့ဆုံမှုတွေဟာ များသောအားဖြင့် နောက်တစ်နေ့မှာ သေခြင်းတရားနဲ့ နိဂုံးချုပ် သွားကြ ရတာများဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခါတစ်လေမှာ မွေးဖွားခြင်းနဲ့ ဇာတ်လမ်းဆက်တတ်ကြပါ တယ်။ မွေးဖွားခြင်း ဆိုတာက တခြားမဟုတ်ပါဘူး။ ကလေးမွေးဖွားလာတာကို ဆိုလိုခြင်းဖြစ်ပါတယ်။ ကျွန်တော် တို့ စစ်သားတွေ ရောက်ရှိနေတဲ့၊ တိုက်ပွဲဝင်နေတဲ့၊ သေပွဲဝင်နေတဲ့ အဲဒီအာရှနိုင်ငံပေါင်း ခုနစ် နိုင်ငံမှာ အခုအချိန်မှာ အဲဒီလို ကလေးတွေ တစ်ယောက်ပြီး တစ်ယောက် မွေးဖွားနေကြပါတယ်"

"ဒီတော့ကော့ အဲဒီကလေးတွေဟာ ဘယ်လိုထူးခြားချက်ရှိပါသလဲလို့ မေးလာရင် အဲဒီကလေးတွေ ဟာ တခြားကလေးတွေ နဲ့မတူတဲ့ ထူးခြားချက်ရှိပါတယ်လို့ ဖြေရပါလိမ့်မယ်။ ဟုတ်ပါတယ်။ အဲဒီ ကလေးတွေဟာ လူမျိုးသစ် ကလေးတွေဖြစ်ပါတယ်။ ကပြားကလေးတွေ ဖြစ်ပါတယ်။ အနာဂတ် အတွက် လူမျိုးသစ် ကလေးတွေ ဖြစ်ပါတယ်။ သူတို့ကလေးတွေဟာ ကမ္ဘာကြီးက သူတို့အတွက် နေရာ ထိုင်ခင်း အဆင်သင့် မပြင်ဆင်ရသေးခင်မှာဘဲ အလွန်စောပြီး မွေးဖွားလာကြတာ ဖြစ်ပါတယ်"
"မိတ်ဆွေများ ခင်ဗျား၊ ကျွန်တော် ပြောတာ ဟုတ်ပါသလား။ လေးလေးနက်နက် စဉ်းစားကြည့်ကြစေ ချင်ပါတယ်။ ဟုတ်ပါတယ်။ အဲဒီကလေးတွေကို ဘယ်သူမှလည်း ဂရုမစိုက်ကြပါဘူး။ ဘယ်တိုင်းပြည်မှ လည်း အရေး မလုပ်ကြပါဘူး။ ဘယ်ယောက်ျား ဘယ်မိန်းမကမှလည်း အလေးမထားကြပါဘူး။

သူတို့ ကလေးတွေဟာ နိုင်ငံမဲ့ ကလေးတွေ ဖြစ်နေကြပါတယ်။ အဲဒီအချက်ကို သူတို့ရဲ့အဖေတွေက သိကြပါ ရဲ့လား။ တစ်ခါတစ်လေတော့ သိကြတာလည်း ရှိပါတယ်။ တစ်ခါတစ်လေတော့ မသိကြတာလည်း ရှိ ပါတယ်။ သူတို့မသိကြတဲ့အထဲမှာ အာရှနိုင်ငံတွေမှာ ကလေးတစ်ယောက်ရဲ့တာဝန်ဟာ မိခင်လုပ်သူ အပေါ်မှာ မရှိဘဲ ဖခင် အပေါ်မှာသာ လုံးဝ တာဝန်ရှိတယ်ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။"
"မိတ်ဆွေ များ ခင်ဗျား၊ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီလိုလူစားထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ခဲ့ပါ တယ်။ ကျွန်တော် ကိုယ်တိုင်လည်း မသိတဲ့ လူတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ အဲဒီလို ကလေး တစ်ယောက် မွေးလာတဲ့ အထိ ကျွန်တော် မသိခဲ့ပါဘူး။ ဒါပေမဲ့ ခုအချိန်မှာတော့ ကျွန်တော် သိခဲ့ပါပြီ"
သူက စကားကို ရပ်လိုက်သည်။ ပရိသတ်ကို အကဲခတ်နေသည်။ တစ်နာရီလောက်ပင် ကြာသွားပြီ ဟု လော်ရာ က ထင်မိသည်။

ခရစ္စက ပရိသတ်များအား အပေါ်မှ စီးမိုးပြီး ရပ်ကြည့်နေသည်။ သူ့မျက်နှာက ရဲတင်းလှ သည်။ မေးရိုး နှစ်ဖက် ကလည်း အားမာန်အပြည့်နှင့်။
တစ်ခန်းလုံး အပ်ကျသံပင် ကြားရမတတ် ပိတ်ပိတ်သား တိတ်ဆိတ်နေသည်။ ဘာအသံမျှ မကြား ရ။ နှာချေသံ၊ ချောင်းဟန့်သံ။ တီးတိုးပြောသံ… ဘာသံမျှ မကြားရ။
သူက ဘေးဘက် သို့ ရုတ်တရက် လှည့်ကာ ညာလက်ကို ဆန့်တန်းလိုက်သည်။
ခန်းမကြီးနှင့် ကပ်လျက် အခန်းကလေးတံခါးဝမှ ခရစ္စတိုဖာကလေးထွက်လာသည်။
လော်ရာ က အံ့အားကြီးသင့်ကာ ကြက်သေ သေနေမိသည်။

ခရစ္စတိုဖာကလေးက ဖခင်ဖြစ်သူ၏ ဘေးတွင် ဝင်ရပ်လိုက်သည်။
သားကလေး က ဖခင်ဖြစ်သူ၏မျက်နှာကို မော်ကြည့်သည်။ ဖခင်ဖြစ်သူက သားငယ်၏မျက်နှာကို ငုံ့ ကြည့်သည်။
သားအဖနှစ်ယောက် ရုပ်ချင်း တူလိုက်သည့်ဖြစ်ခြင်း။
ဖအေနှင့်သား။ သားနှင့်အဖေ။ မျက်လုံးချင်းလည်း တူသည်။ ပါးစပ်ချင်းလည်း တူသည်။ ရုပ်ချင်းလည်း တူသည်။ အားလုံး ချွတ်စွပ်တူနေသည်။ "ခရစ္စတိုဖာ…" ဖအေက အသံကျယ်ကျယ်ဖြင့် ခေါ်လိုက်သည်။

"ဟောဒီ ဧည့်သည်တွေဟာ တို့ရဲ့မိတ်ဆွေတွေ ဖြစ်တယ်။ သူတို့ကို မင်း သိစေချင်တယ်။ သူတို့က လည်း မင်းကို သိစေချင်တယ်။ ဘာကြောင့်လဲဆိုတော့ မင်းဟာ အခုအချိန်ကစပြီး ကိုယ့်အိမ် ကို ပြန် ရောက်လာပြီဖြစ်လို့ပဲ။ ငါ့ကိုလည်း သူတို့က သိစေချင်တယ်။ ဒါကြောင့်မို့လို့ မင်းအကြောင်း သူတို့ကို အခုလို ပြောပြရခြင်း ဖြစ်တယ်" ခရစ္စတိုဖာကလေးသည် နေရာတွင် မလှုပ်မယှက်ရပ်နေသည်။ သူက သူ့ဖေဖေ ၏ မျက်နှာကိုသာ မော် ကြည့်မြဲကြည့်နေသည်။
ခရစ္စတိုဖာကလေး သည် နေရာတွင် မလှုပ်မယှက် ရပ်နေသည်။ သူက သူ့ဖေဖေ၏မျက်နှာကိုသာ မော် ကြည့်မြဲ ကြည့်နေသည်။ ခရစ္စက ပရိသတ်ဘက်သို့ မျက်နှာလှည့်ကာ စကားဆက်ပြောသည်။ သည် အကြိမ် တွင်တော့ စောစော ကထက် ရွှင်ရွှင်မြူးမြူး ရှိသည်။ သူ့ရင်ထဲ ဆို့ကျပ်နေသော အလုံးကြီး လျှောကျ သွားသလို ခံစားရ သည်။

"လေးစားအပ်တဲ့ မိတ်ဆွေများခင်ဗျား။ ဒီကလေးဟာ ကျွန်တော့်သားကလေးဖြစ်ပါတယ်။ ကျွန်တော် တို့ လင်မယား ရဲ့သားကလေးဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ဇနီး လော်ရာလည်းပဲ ဒီ ကလေး ကိစ္စမှာ ကျွန်တော်နဲ့အတူ တစ်လျှောက်လုံးမျှဝေခံစားရတဲ့ အတွက်ပဲဖြစ်ပါတယ်။ လော်ရာဟာ ကိုရီးယားနိုင်ငံ ကို ကိုယ်တိုင်သွားရောက်ပြီး ကျွန်တော်တို့သားကလေးကို ခေါ်လာခဲ့ပါတယ်။ ဟောဒီ ကျွန်တော်တို့ သားကလေး ခရစ္စတိုဖာဝင်းတား ကို ခေါ်လာခဲ့ပါတယ်။ ကျွန်တော်တို့ သားကလေးက ရုပ် ချောပါတယ်။ အသံ လည်း အလွန်ကောင်းပါတယ်။ အခု ကျွန်တော့်သားကလေးက မိတ်ဆွေများကို သီချင်းဆိုပြီး ဧည့်ခံဖြေဖျော် ပါလိမ့်မယ်။ ဆိုပါ… ခရစ္စတိုဖာ" ခရစ္စတိုဖာကလေးက ရှေ့သို့ထွက်၍ ရပ်လိုက်သည်။ သူက ဖခင်ဘေးသို့ တစ်လှမ်းထွက်၍ ရပ်လိုက် သည်။ ထို့နောက် မျက်နှာကို မော့ကာ သီချင်းစ၍ ဆိုတော့သည်။

"ဒါ… ငါ့နိုင်ငံ၊ ဒါ… သင့်နိုင်ငံ…။ ဒါ… ငါ့တိုင်းပြည်… ဒါ… သင့်တိုင်းပြည်…"
အို… မောင်ရယ်… ဒါ မောင့်ရင်သွေးကလေး။ ဒါ ကျွန်မ ရင်သွေးကလေးပါ… မောင်ရယ်။
လော်ရာ က ဝမ်းသာလွန်းသဖြင့် ရင်ထဲတွင် လှိုက်တက်လာပြီး အသံတိတ် အော်ပြောလိုက်မိသည်။
သူမသည် ဣနြေ္ဒမပျက်အောင် စိတ်ကိုထိန်းကာ သီချင်းဆုံးသည်အထိ ငြိမ်ပြီး နားထောင်နေလိုက် သည်။
ငါ သူတို့ သားအဖဘေးမှာ သွားရပ်ရမယ်။ သူတို့ဘေးမှာ သွားရပ်ရမယ်။

သူမက စိတ်ကူးရုံသာရှိသေး။ အဘိုးကြီး မစ္စတာအလန်တို့ လင်မယားက နှစ်ယောက်သား လက်ချင်း ယှက်ကာ ရှေ့ သို့ တက်သွားကြသည်။
"လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်… ခရစ္စတိုဖာ။ ဂုဏ်ယူပါတယ်… ခရစ္စတိုဖာ"
မစ္စက်အလန် က ခရစ္စတိုဖာကလေးအား ဖက်လှဲတကင်း လက်ဆွဲနှုတ်ဆက်ရင်း ပြောသည်။
"သား… အိမ်ကိုရောက်လာတာ။ မိဘတွေဆီကို ရောက်လာတာ ဘွားဘွားတို့ အများကြီး ဝမ်းသာပါ တယ်… ကလေးရယ်" အဘိုးကြီး မစ္စတာအလန်ကလည်း ခရစ္စတိုဖာကလေး၏လက်နှစ်ဖက်ကို သူ့လက်နှစ်ဖက်ဖြင့် အားပါး တရ ဆုပ်ကိုင်လှုပ်ယမ်းရင်း… "အများကြီးဝမ်းသာပါတယ် သား… လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ် သား"

ထို့နောက် အဘိုးကြီးက ခရစ္စဘက်သို့ လှည့်ကာ…
"ကွန်ဂရက်ကျူလေးရှင်း… ဝင်းတား။ သားကြီးက လူချောကလေးတစ်ယောက်ပဲ။ အလွန်ချောတဲ့ လူချောကလေး တစ်ယောက်ပဲ… သားအဖတွေ ပြန်တွေ့ကြတာ အများကြီး ဝမ်းသာပါတယ်။ အားလုံး အတွက် အများကြီး ဝမ်းသာပါတယ်"
တခြား ဧည့်သည်တွေကလည်း အံ့သြဝမ်းသာစွာဖြင့် သူ့ထက်ငါ အလုအယက် ရှေ့သို့ တိုးသွားပြီး လက်ဆွဲနှုတ်ဆက် ကြသည်။
လော်ရာက လူအုပ်ထဲမှ တိုးဝှေ့ဝင်သွားကာ ခရစ္စ၏ဘေးတွင် ဝင်ရပ်လိုက်သည်။

ဧည့်ပရိသတ်တွေ တစ်ယောက်ပြီး တစ်ယောက် လက်ဆွဲနှုတ်ဆက်နေသည့်ကြားမှ လော်ရာက ခရစ္စ အား တိုးတိုး ကလေး မေးလိုက်သည်။ "ပြီးတော့… ဘာလုပ်ဦးမှာလဲ… ဟင်… မောင်"
ခရစ္စက ပါးစပ်ကို ရွဲ့ကာ ခပ်ရွှင်ရွှင်ကလေး ပြုံးပြလိုက်ပြီး…
"ဘယ်သူ သိနိုင်ပါ့မလဲ… မိန်းမရယ်"
"ဒါပေမဲ့… ဘာပြောပြော အခုဆိုရင် ကျွန်မတို့ သားမိ သားဖ သုံးယောက်တော့ တကယ့်ကို ဆုံကြပါ ပြီ…. မောင်" "ဒါပေါ့… အခုအထိတော့ သိပ်ကောင်းတာပေါ့" "ဟုတ်တယ်။ အခုအထိတော့ သိပ်ကောင်းတယ်"
သူမက ခရစ္စ၏လက်ကို ကျောဘက်မှ သိုင်း၍ လှမ်းဆုပ်လိုက်သည်။

ထိုအချိန်တွင် တိုက်တိုက်ဆိုင်ဆိုင် တိုင်ကပ်နာရီမှ သန်းခေါင်ယံ (၁၂) နာရီထိုးသံ ပေါ်ထွက်လာသ ဖြင့် ပရိသတ်အားလုံး ၏သံပြိုင်သီချင်းသံသည် တစ်ခန်းလုံးဟိန်း၍ ပေါ်ထွက်လာသည်။
ယင်းအထဲမှ ခရစ္စတိုဖာကလေး၏ အသံကတော့ အကြည်လင်ဆုံး။ အပေါ်လွင်ဆုံး…။
"မိတ်ဟောင်းဆွေဟောင်း… မမေ့ကောင်းပေ… မမေ့ကောင်းပေ…"
မှန်ပါတယ်။ ဘယ်သောအခါမှ မမေ့နိုင်တော့ပါ။ တစ်သက်တာ မေ့၍မရတော့ပါ။ လော်ရာက ယင်းသို့ ပင် အလေးအနက် တွေးလိုက်မိသည်။

သို့ပေမဲ့… ကိုရီးယားနိုင်ငံ။ ဆွန်ယာ၊ ပြီးတော့… မစ္စတာချို… စသည့် နာမပညတ်တွေကတော့ နှစ်ဟောင်းတွေ ကျန်ရစ် ခဲ့ကြပြီ။ အတိတ်၏အမှောင်ရိပ်ထဲတွင် ပျောက်ကွယ်သွားခဲ့ကြပြီ။
နှစ်ဟောင်းကုန်ဆုံး ၍ နှစ်သစ်စခဲ့ပြီ။ ခရစ္စ။ လော်ရာနှင့် ခရစ္စတိုဖာကလေးတို့အတွက် နှစ်သစ်နှင့်အတူ ဘဝသစ် စတင် ခဲ့လေပြီတည်း…။

ပြီးပါပြီ
မောင်ပေါ်ထွန်း
စက်တင်ဘာလ ၁၈၊ ၁၉၈၃ ခု။

.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, September 18, 2012

မောင်ပေါ်ထွန်း ဘာသာပြန် ရေမြေခြားသော်လည်း, အပိုင်း (၂၆)

ခရစ္စက ခရစ္စတိုဖာကလေး၏ပခုံးကို လက်နှင့် အသာပုတ်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက် သည်။ "ကလေး တစ်နေ့မှာ လျှောစီချန်ပီယံ ဖြစ်လာနိုင်တယ်" "ကျေးဇူးတင်ပါတယ်… ဖေဖေ"
သူတို့မျက်လုံးချင်း ဆုံကြသည်။ ခရစ္စက ကြည်နူးသွားမိသည်။ စိတ်ထဲက မလုံမလဲဖြစ်သွားသလို လည်း ခံစားရသည်။ ခရစ္စတိုဖာကလေးကတော့ မပြုံးမရယ်နှင့် တည်တည်ငြိမ်ငြိမ်။ နောက်ဆုံးခရစ္စ က ပြောလိုက်သည်။ "အိုကေ… ကဲ… အတက်ခရီး တစ်ကျော့ ပြန်ကျော့လိုက်ကြဦးစို့"
ကို ဆက်ဖတ်ရန် .............
"ကလေးမှာ လျှောစီခြေနင်းကောင်းကောင်း မရှိသေးဘူး။ သူ့အတွက် ခရစ္စမတ်လက်ဆောင်အဖြစ် ငါ ဝယ်ပေးမယ်။ ပြီးတော့ ဒီပစ္စည်းတွေ စနစ်တကျ သိမ်းဆည်းနည်းကိုလည်း သင်ပေးရမယ်"
တစ်မနက်တွင် အဝတ်အစားလဲနေကြစဉ် ခရစ္စက ပြောသည်။
လော်ရာကလည်း…
"ကျွန်မကလည်း သူ့အတွက် လျှောစီးအင်္ကျီ ဝယ်ပေးပါ့မယ်။ အခု သူ ဝတ်နေတဲ့ အင်္ကျီက တခြား ကျောင်းသားလေးတစ်ယောက် ထားခဲ့တဲ့ဟာ။ သူ့ကိုယ်ပိုင် မဟုတ်ဘူး။ ပြီးတော့ သူ့မှာ အရုပ်ထုဖို့ စူးဆာက် တန်ဆာ အကောင်းစားတွေလည်း လိုနေသေးတယ်။ တစ်နေ့က လမ်းထောင့်ကုန်စုံဆိုင်မှာ ကျွန်မ တွေ့ခဲ့ တယ်။ ဒိန်းမတ်လုပ် အကောင်းစားတွေ"
သို့ဖြင့် သူတို့သည် ခရစ္စမတ်ပွဲတော်အတွက် ပြင်ဆင်ကြတော့သည်။ ခရစ္စက ခရစ္စမတ်ပွဲတော်ကို လုပ် သင့်တာ ထက် ပို၍ အကျယ်ချဲ့ခြင်းကို မကြိုက်။ မြို့ကြီးများတွင် သူဌေးသူကြွယ် ကုန်သည်တွေက စီးပွားရေးမျက်စိဖြင့် ခရစ္စမတ် ပဒေသာပင် ကို တခမ်းတနား မွှမ်းမံပြင်ဆင်တတ်ကြသည်။

ယခု သည်တောင်ပေါ် ရွာကလေးမှာတော့ ယင်းသို့မဟုတ်။ ခရစ္စမတ် ပဒေသာပင်လုပ်ရန် ဖခင်နှင့် သားများက ကိုယ်တိုင် သွားခုတ်ကြသည်။ မိခင်နှင့် သမီးတွေက အလှဆင် မွမ်းမံကြသည်။
ခရစ္စမတ် အကြိုမနက် တွင် ခရစ္စက သူနှင့် ခရစ္စတိုဖာကလေး တို့ နှစ်ယောက် ကျောင်းနောက် မှ တောင် ပေါ်တက်၍ သင့်တော်ရာ သစ်ပင်တစ်ပင် သွားခုတ်ကြမည်ဟု ပြောသောအခါ လော်ရာမှာ အံ့သြဝမ်း သာ ဖြစ်မိလေသည်။ သူတို့ သားအဖနှစ်ယောက် သစ်ပင်ခုတ်ရန် ထွက်သွားပြီးနောက် သူမလည်း ခရစ္စမတ် ပဒေသာပင် တွင် ဆင်ရန် ပစ္စည်းတွေ သွားဝယ်ကာ သူတို့သားအဖကို ထိုင်စောင့်နေသည်။ နောက်တစ်နာရီခန့် အကြာ တွင် သူတို့ သားအဖ ပြန်ရောက်လာကြသည်။

ခရစ္စက သစ်ပင်ကို အဆင်သင့်လုပ်ထားသော အောက်ခံဘောင်ထဲတွင် ထည့်သည်။ လော်ရာက သစ် ပင်ကို ဖွယ်ဖွယ်ရာရာ ချိတ်ဆွဲ ၍ အလှဆင်သည်။ ခရစ္စတိုဖာကလေးက ကြမ်းပြင်တွင် တင်ပျဉ်ခွေထိုင် ကာ စိတ်ဝင်စားစွာဖြင့် ကြည့်နေလေ သည်။ ခဏကြာတော့ စိတ်ကူးပေါက်လာသဖြင့် သူက အလှဆင် ပစ္စည်း ထုပ်သော ငွေရောင် ရွှေရောင် စက္ကူများကို ကောက်ယူပြီး ငှက်ရုပ်နှင့် လိပ်ပြာရုပ်ကလေးတွေ လုပ်သည်။
"အေးကွယ်… ကလေး က တော်လိုက်တာ။ ဟန်ကျတာပဲ။ အဲဒါလေးတွေကိုလည်း  ပဒေသာပင်မှာ ဆွဲရအောင်" ခရစ္စကတော့ ကုလားထိုင်တွင် စိမ်ပြေနပြေထိုင်ကာ လော်ရာနှင့် ခရစ္စတိုဖာကလေးတို့အား တပြုံးပြုံး နှင့် စောင့်ကြည့်နေလေသည်။ တကယ်တော့ သူက ရိုးရိုးထိုင်ကြည့်နေခြင်းမဟုတ်။ စိတ်ထဲတွင် တစ်ခု ခုကို လေးလေးနက်နက် တွေးနေခြင်းဖြစ်သည်။ သူသည် တွေးပြီး ရင်း တွေးရင်း တွေးနေ သည်။ ဖြစ်တယ်… ဖြစ်နိုင်တယ်။ မဖြစ်နိုင်စရာ ဘာမှမရှိဘူး။ နောက်ဆုံး သူက စိတ်ထဲက ကျိတ်၍ ဆုံးဖြတ် ချက် တစ်ခု ကို အပြီးအပိုင် ချလိုက်သည်။

လော်ရာက ခင်ပွန်းသည်၏မျက်နှာကို တစ်ချက် စောင်းကြည့်လိုက်သည်။ သူ့မျက်လုံး… သူ့အပြုံးတို့ တွင် တစ်စုံတစ်ရာ သည် ထင်ထင်ရှားရှား ပေါ်လွင်နေသည်။
အင်း… ဒီအတိုင်းဆိုရင်တော့ ပြဿနာရဲ့အဖြေပေါ်ဖို့ အချိန်ဟာ မဝေးနိုင်တော့ပါဘူး။ ခရစ္စမတ်ပြီးလို့ အိမ်ပြန်ရောက် ရင် မောင့်အနေနဲ့ ဆုံးဖြတ်ချက် တစ်ခုခုတော့ တကယ် ချတော့မယ် ထင်တာပဲ။

သည်နှစ် ခရစ္စမတ်ပွဲတော်ကို တောင်ပေါ်ရွာကလေးတွင် လာရောက်ကျင်းပရသော်လည်း သူတို့ သုံးယောက် စလုံး အလွန်ပျော်ရွှင်နေကြသည်။ စိတ်ခံစားမှုအရ အကျယ်ချဲ့တာမျိုးကို လုံးဝ မကြိုက် တတ်သော ခရစ္စ သည်ပင် အကျယ်ချဲ့သော အလုပ်တွေကို လုပ်နေလေသည်။
သူက ယခုလို ဆိပ်ခေါင်တောင်ဖျားကျေးရွာကလေးမှာပင် ခရစ္စမတ်လက်ဆောင် ပို့စကတ်တွေ ၀ယ်ကာ အသိမိတ်ဆွေ များထံ တကူးတကပို့လိုက်သေးသည်။
ရွာပြင်ရှိ ထင်းရှူးပင် များကို ခရစ္စမတ် မီးလုံးတွေ ထိန်ထိန်လင်းနေကြသည်။ ခရစ္စမတ် အကြိုညတွင် ဆီးနှင်းတွေက လည်း အဆုပ်လိုက်အဆုပ်လိုက် ကျသည်။

ခရစ္စနှင့် လော်ရာတို့တည်းသော ဟိုတယ်ကလေးမှ သူတို့အခန်းရှိ ဧည့်ခန်းကလေးထဲတွင် ခရစ္စမတ် ပဒေသာပင် ကလေး ကို မီးရောင်ထိန်ထိန်ဖြင့် လှပစွာ ပြင်ဆင်ထားကြသည်။
သည်နှစ် ခရစ္စမတ်ပွဲတော်သည် ခရစ္စတိုဖာကလေး အနေဖြင့် ပထမဆုံးပါဝင် ဆင်နွှဲရသော ပွဲတော် ပင် ဖြစ်လေသည်။
အားလုံးပြင်ဆင်ပြီးသော အခါ လော်ရာက ခရစ္စတိုဖာကလေးအား၊ ခရစ္စမတ်ပုံပြင် အကြောင်းကို ပြောပြ သည်။ ခရစ္စ ကတော့ ဘေးမှထိုင်ကာ နားထောင်နေသည်။
"ခရစ္စမတ်ပွဲတော်ဆိုတာ မြင့်မြတ်တဲ့ သူတော်စင်ကြီး တစ်ပါးရဲ့မွေးနေ့ကို ဂုဏ်ပြုကျင်ျးပတဲ့ ပွဲပဲ ကလေးရဲ့။ သူ့နာမည် က ယေရှုခရစ်လို့ ခေါ်တယ်။ လူတွေကတော့ သူ့ကို "ထာဝရဘုရားသခင်ရဲ့ သားတော်" လို့ ခေါ်ကြတယ်ကွယ့်" ခရစ္စတိုဖာကလေး သည် ခရစ္စမတ် ပဒေသာပင် အနီးတွင် တင်ပျဉ်ခွေ ထိုင်ရင်း နားရွတ်မခတ် နားထောင် နေသည်။

"ထာဝရဘုရားသခင်ဆိုတာ ဘာလဲ........ဟင်"
သူက မေးခွန်းထုတ်သည်။ "ကလေးကို ကျောင်းက ဆရာတွေက မပြောပြဘူးလား"
"ကျွန်တော် နာမည်လောက်ပဲ ကြားဖူးပါတယ်" "ဟုတ်တယ်။ ထာဝရဘုရားသခင် ဆိုတဲ့ နာမည်ကို တို့အားလုံးကြားဖူးကြတယ်။ ဒါပေမဲ့ ဘယ်သူမှ တော့ မမြင်ဖူးကြဘူး။ တို့က ထာဝရဘုရားသခင် အကြောင်း ကို ပါးစပ်နဲ့ ပြောလို့ပဲ ရတယ်။ စာနဲ့ ရေးလို့ပဲ ရတယ်။ မျက်စိနဲ့တော့ မမြင်နိုင်ကြဘူး။ ထာဝရ ဘုရားသခင် ဟာ တကယ်ရှိတယ် ဆိုတာ ကိုလည်း ယုံကြည်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကမ္ဘာမြေကြီးနဲ့ လူသားတွေ ကို ထာဝရဘုရား သခင်ကပဲ ဖန်ဆင်းတော်မူလို့ပဲ။ ဒါပေမဲ့ ယေရှုခရစ်လို့ ခေါ်တဲ့ ထာဝရဘုရားသခင်ရဲ့ သားတော် က တော့တခြားလူတွေ အားလုံးလိုပဲ ဒီကမ္ဘာမြေပေါ်မှာ မွေးဖွားလာတယ်ကွယ့်
ထို့နောက် သူမကဆက်လက်၍ ယေရှုခရစ်တော် အတ္ထုပ္ပတ္တိကို အသေးစိတ် ဇာတ်ကြောင်း ပြန်ပြောပြ သည်။

ခရစ္စတိုဖာကလေးက အလွန်စိတ်ဝင်စားစွာဖြင့် နားထောင်နေသည်။
"အေး....ဒါကြောင့်မို့ သားတော်ခမျာမှာဖြင့် ဒီကမ္ဘာမြေပြင်မှာ ခေါင်းချစရာရယ်လို့ ဘယ်နေရာမှ မရှိ ရှာပါဘူး ကလေးရယ်" လော်ရာပုံဝတ္ထုကို အဆုံးသတ်လိုက်လေသည်။
ခရစ္စတိုဖာကလေးက သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီးနောက် လက်နှစ်ဖက်ကို ပိုက်ကာ ကိုယ် ကိုရှေ့နောက် ယိမ်းထိုးရင် ပြန်ပြောလိုက်လေသည်။
"ဟုတ်ပါတယ် အန်တီ၊ တစ်ခါတလေ ကျွန်တော့်မှာလည်း အဲဒီလိုပဲ ခေါင်းခစရာ နေရာမရှိ ကြုံခဲ့ရပါ တယ်။ တစ်ခါတလေ ကျွန်တော့် ဘွားဘွား က စိတ်ဆိုးမာန်ဆိုးနဲ့ ကျွန်တော့ကို အိမ်က မောင်းချတဲ့ အခါ ကျွန်တော့်မှာ အိမ်က ထွက်ပြေးပြီး လမ်းပေါ်မှာ အိပ်ခဲ့ရပါတယ်။" လော်ရာက ရင်ထဲတွင် ဆို့နင့်စွာဖြင့် ခင်ပွန်းဖြစ်သူ၏ မျက်နှာကို လှမ်းကြည့်လိုက်သည်။

"ဒါနဲ့တောင်မှ...ဒီကလေးကို သူ့ဘွားဘွားဆီ ပြန်ပို့လို့ ဘယ့်နှယ်ဖြစ်နိုင်ပါ့မလဲ.....မောင်ရယ်။"
ညနေပိုင်းကျတော့ ခရစ္စမတ်လက်ဆောင်ပစ္စည်းတွေ ထုပ်ပိုးခြင်းဖြင့် သုံးယောက်စလုံး အလုပ်များနေ ကြလေသည်။ ခရစ္စတိုဖာကလေးအတွက်တော့ အရာရာတိုင်းသည် အသစ်အဆန်းဖြစ်နေသည်။ စိတ်ဝင်စား စရာတွေ ဖြစ်နေသည်။ သူ့မျက်နှာတွင်လည်း ယခင်ကလို ညိုးငယ်သော အရိပ်လက္ခဏာတွေ မမြင်ရတော့။ သူ့မျက်လုံးတွေ က တဖျပ်ဖျပ် အရောင်တောက်နေကြသည်။ သူသည် တစ်ချိန် လုံး ပြုံးပြုံး ရွှင်ရွှင်ဖြင့် မေးခွန်းတွေ လည်း မနားတမ်း မေးနေသည်။
"ဒီလိုလား....ဒီလိုလား.....ဟင်" အထုပ်ကလေး တစ်ထုပ်ကို စက္ကူပတ်ရင်း သူကမေးသည်။

"ဟုတ်တယ်။ အဲဒီအတိုင်းပဲ ကောင်းတယ်။ ပြီးတော့ ကိုယ်လက်ဆောင် ပေးမယ့် လူရဲ့နာမည်ကို ကတ်ပြားပေါ် မှာရေးပြီး အထုပ်မှာကပ်ပါ" ခရစ္စက ပြောပြသည်။ "ဒါက ဖေဖေ့အတွက်ပဲ"
ခရစ္စတိုဖာက ပြောပြီး ရယ်နေသည်။
"ဖေဖေ့ အတွက် လက်ဆောင်။ ဖေဖေမြင်ရရင် သိပ်ပြီး သဘောကျမှာပဲ။ အခု ဖွင့်ပြရမှာလား"
"အို..နေပါစေ။ မဖွင့်ပါနဲ့။ မနက်ကျတော့မှ ဖွင့်တာပေါ့ကွယ်။ မနက်ကျတော့မှ ကိုယ်လက်ဆောင် ကိုယ် ဖွင့်ကြတော့ပေါ့။ အဲဒါမှ သိပ်ပျော်စရာ ကောာင်းမယ်ကွယ့်"
ခရစ္စတိုဖာကလေး သည် ရုတ်ရက် ပေါ်ပေါက်လာသော ခံစားချက်ဖြင့် ဖခင်ဖြစ်သူ၏ ခါးကို ဖက်ထား လိုက်လေသည်။ ခရစ္စက ကလေး၏ မျက်နှာကို ငုံ့ကြည့်သည်။ သူ့မျက်နှာတွင် အပြောင်း အလဲတွေ ပေါ်လွင်နေ သည်။ ရင်ထဲတွင် အလွန်ကြည်နူးဝမ်းသာ ဖြစ်နေသော မျက်နှာမျိုး။

"ဖေဖေ... ကျွန်တော့်တော့ ဖေဖေ့ကို အလွန်ချစ်သွားပြီဖေဖေ"
ခရစ္စက သားကလေး ပခုံးပေါ်တွင် သူ့လက်ကို တင်လိုက်ပြီး..
"ချစ်တယ် ဆိုတာ လွန်တယ်လို့ မရှိပါဘူးကွယ်"
ထို့နောက် သူကလက်ကို ပြန်ရုပ်လိုက်သည်။
ဟုတ်ပါသည်။ ချစ်ခြင်းမေတ္တာတွင် လွန်သည်ဟု မရှိနိုင်ပါ။ သို့သော် ကလေးကို သည်နေရာမှာပဲ ထား ပစ်ခဲ့လျှင်တော့ သူ့အနေဖြင့် တကယ်ပင် လွန်လွန်းရာ ကျပေလိမ့်သည်။
"ကဲ...ဒီလောက်ဆို တော်လောက်ပါပြီ။ တို့အိပ်ရာဝင်ကြစို့ သန်းခေါင်ပါးတောင် နီးနေပြီ။ ဂွတ်နိုက်"

နောက်နေ့ မနက်တွင် နံနက်စာကို အခန်းထဲတွင်ပင် မှာယူစားသောက်ကြသည်။ စားသောက်ပြီးသော အခါရစ္စမတ်ပဒေသာပင်ကို မီးထွန်းသည်။ ပြီးတော့......လက်ဆောင် ပစ္စည်းတွေကို ဖွင့်ကြသည်။
ခရစ္စ က သူ့အတွက် လက်ဆောင်ပစ္စည်းတွေကို ဖွင့်ကြသည်။
ခရစ္စ က သူ့အတွက် လက်ဆောင်ပစ္စည်းပုံထဲမှ အထုပ်တစ်ထုပ်ကို ဖွင့်ဖောက်လိုက်ရာ သစ်ထွင်း သေတ္တာကလေး တစ်လုံး ထွက်လာသည်။ သေတ္တာကလေးက သေးပေမဲ့ လက်ရာ က တော်တော် ကောင်း သည်။ ယင်းသေတ္တာ ကလေးကား ခရစ္စတိုဖာကလေး၏ ကိုယ်တိုင်လုပ် ခရစ္စမတ် လက် ဆောင် ပင် ဖြစ်လေသည်။

"အစတုန်းကတော့ ကျွန်တော့်အတွက် တံဆိပ်ခေါင်း ထည့်ဖို့လုပ်ထားတဲ့ သေတ္တာကလေးပါ..ဖေဖေ။ ဒါပေမဲ့ ကျွန်တော် က ဖေဖေ့ကို ပေးချင်လို့ပါ"ဟု သူက ပွင့်ပွင့်လင်းလင်းပင် ပြောသည်။
"ကျေးဇူးပါပဲကွယ်။ ငါလည်း ကော်လာကြယ်သီးတွေ ထည့်ဖို့ ဒီသေတ္တာမျိုးလေး လိုချင်နေတာနဲ့ အတော်ပါပဲ"
ခရစ္စတိုဖာကလေး က သူ့အတွက် လက်ဆောင်ထုပ်ကို ဖောက်လိုက်သည်။ လျှောစီးခြေနင်း အသစ် ကလေး ထွက်လာတော့ ၀မ်းသာလုံးဆို့ပြီး အူမြူးနေလေသည်။ ပါးစမ်မှလည်း "ဒါ ကျွန်တော့် အတွက်နော်။ တကယ်ကျွန်တော့်အတွက်နော်"ပြောကာ ထိုင်မထိ ထမ ထိဖြစ်နေသည်။
လျှောစီးခြေနင်းတွင် ကြိုးတပ်ပြီး ဖိနပ်သစ်ကို စီးကြည့်နေရင်း၊ အချိန်ကုန်သွားသဖြင့် တခြား လက် ဆောင်ပစ္စည်းထုပ်များကိုပင် ဖွင့်ဖောက်ချိန် မရလိုက်တော့။
နံနက်ပိုင်း ၀တ်ပြုချိန် ခေါင်းလောင်းထိုးသံပေါ်ထွက်လာသည်နှင့် ဘုရားကျောင်းသို့ အလျင်အမြန် သုတ်ခြေ တင်ခဲ့ကြရေလေသည်။ ခရစ္စတိုဖာကလေးမှာ ၀တ်ပြု သံစုံတေးဂီတ အဖွဲ့ဝင် သီချင်းဆိုရ မည်ဖြစ်သည်။

အပြင်ဘက်တွင် ဆီးနှင်းတွေ အဆုပ်လိုက် အဆုပ်လိုက် ကျနေသည်။ မျက်နှာကို ဆီးနှင်းလာဟပ်သ ဖြင့် တစ်ကိုယ်လုံး ချမ်းစိမ့်သွားသည်။
သုံးလေးလမ်းကျော်ကျော်မျှ လျှောက်လာခဲ့ကြပြီးနောက် ဘုရားရှိခိုးကျောင်းသို့ ရောက်လာကြသည်။ ခရစ္စနှင့် လော်ရာ တို့က လူအုပ်ထဲဝင်ပြီး တန်းစီးကြသည်။ ခရစ္စတိုဖာကလေးကတော့ ၀တ်ရုံလဲခန်း ထဲသို့ခြေဖျားထောက် ၍ ၀င်လာခဲ့သည်။ အခန်းထဲတွင် ရွာထဲမှ တခြားကလေးတွေ ရောက်နှင့်နေကြ ပြီ။ ခရစ္စတိုဖာက ၀တ်ရုံဖြူကြီးကို ကမန်းကတန်းလဲဝတ်ပြီးတော့ ၀တ်ပြုစင်မြင့်ဘက်သို့ လျှောက်လာ ခဲ့ကြသည်။

ဝတ်ပြု ခန်းမဆောင်ထဲတွင် ပရိသတ်တွေ ပြည့်ကျပ်နေသည်။ ခရစ္စတိုဖာက ပရိသတ်များ ဘက်သို့ မျက်လုံး ကစားကြည့် လိုက်သည်။ ပရိသတ်ကြားထဲတွင် သူအလွန် တွေ့ချင်နေသော ခရစ္စနှင့် လော် ရာ တို့လင်မယားကို မြင်တွေ့ရပြီ။ သူအလွန်ဝမ်းသာသွားသည်။ အားလည်း တက်သွားသည်။ သူက ခရစ္စတို့ လင်မယား ဆီသို့သာ စိုက်ကြည့်နေသည်။
အစီအစဉ်အရ ဓမ္မဆရာက ဟောပြောခြင်း မပြုမီ အဖွင့်အဖြစ် ခရစ္စတိုဖာက တစ်ယောက်ချင်း ဓမ္မဂီတ ကို ရွတ်ဆိုရမည် ဖြစ်သည်။
ထို့ကြောင့် သူထိုင်ရာမှ ထရပ်လိုက်သည်။ ပြီးတော့ ၀တ်ပြုစင်မြင့် အစွန်နား သို့ ဖြည်းဖြည်း ကလေး လျှောက် လာသည်။
လက်နှစ်ဖက်ကို နောက်ပစ်၍ ယှက်ထားလိုက်သည်။ ထို့နောက်တွင်တော့..သူသည် ဘယ်တုန်းကမှ မဆိုဖူးသော အသံနေအသံထား။ ဘယ်တုန်းကမှ မရှိခဲ့ဘူးသော အားမာန်တို့ဖြင့် စိတ်ပါလက်ပါ သီ ဆိုလေတော့ သည်။

သီးချင်းသံသည် တစ်ခန်းလုံး လွှမ်းခြုံသွားပြီး ခန်းမဆောင်မျက်နှာကြက်ကိုပင် ဖောက်ထွက်သွားသကဲ့ သို့ ထင်မှတ်ရလေ သည်။ "အမယ်လေး...တော်လိုက်တဲ့ ကလေးနှယ်...."
လော်ရာက ရင်ဝယ် ပီတိအပြည့်ဖြင့် အသံထွက်၍ ရေရွတ်လိုက်မိသည်။ သူမသည် ၀မ်းသာလွန်းသ ဖြင့် မျက်ရည်များ ပင် ၀ိုင်းလာသည်။ သို့ဖြင့် ခရစ္စ၏ လက်ကို တင်းတင်းဆုပ်ထားသော သမူ၏လက် ကိုပြန်ဖြန့်ကာ လက်ပွေ့အိတ်ထဲမှ လက်ကိုင်ပ၀ါကို ထုတ်ယူလိုက်သည်။
တိုးတိုးသိမ့်သိမ့် ငိုရှိုက်သံ ကြားရ၍ ခရစ္စကလော်ရာ့ဘက်သို့ ဖျတ်ခနဲ လှည့်ကြည့်လိုက်သည်။ သူတို့ နှစ်ယောက် မျက်လုံးချင်းစုံကြသည်။ လော်ရာ့မျက်လုံး အစုံတွင်တော့ ပီတိမျက်ရည်တွေ ၀ိုင်းလျက်..။
"မောင်..တော်လိုက်တဲ့ ကလေး ပဲ....မောင်ရယ်။ သိပ်တော်တဲ့ ကလေးပဲနော်"
သူမက လေသံဖြင့် နှစ်ကိုယ်ကြားပြောလိုက်သည်။

ခရစ္စဆီကတော့ ဘာအဖြေမှ ထွက်မလာ။ မတုန်မလှုပ်ကျောက်ရုပ်။
"မစ္စတာ ဟင်နရီအလန် ကို အမှန်အတိုင်း ဖွင့်ပြောသင့်တယ်လို့ မောင်ထင်သလား... ဟင်"
လော်ရာက မေးလိုက်သည်။
ခရစ္စမတ်ပွဲတော်ပြီးလို့ သူတို့လင်မယားလည်း အိမ်သို့ပြန်ရောက်ကြပြီ။
သို့ပေမဲ့...ခရစ္စကိုကြည့်ရတာ စိတ်တခြားလူတခြား ဖြစ်နေသည်ဟု လော်ရာက ယူဆသည်။ သို့ကိုယ်က အိမ်မှာ၊ သူ့စိတ်က အဝေးတစ်နေရာမှာ..။ သူ၏စိတ်အာရုံသည် ပစ္စုပ္ပန်ကာလတွင် မရှိ။ အတိတ်ဆီ သို့ ရောက်နေသည်။ သည်အချက်ကိုတော့ လော်ရာက ခြွင်းချက်မရှိယုံကြည်သည်။

ခရစ္စမတ်ပွဲမှ ပြန်ရောက်ကတည်းက သူတို့လင်မယား၏ ဆက်ဆံရေးသည် အကြီးအကျယ်ပြောင်း လဲသွားခဲ့ သည်။ ယခင်ကလိုလည်း ချစ်ချစ်ခင်ခင် ယုယုယယ ပြောဆိုဆက်ဆံခြင်း မရှိကြတော့။ နေ့စဉ်အိမ်မှုကိစ္စ အလျောက် မပြောမဖြစ်သော စကားများကိုသာ မလွှဲမရှောာင်သာ၍ ပြောနေကြ ရသည်။ သည် အခြေအနေအတိုင်း ဖြစ်နေခဲ့သည်မှ လေးရက်ပင်တိုင်ခဲ့ပြီ။
သည်ရက်များတွင် ခရစ္စသည် ရုံးတွင်အလွန်အလုပ်များနေသည်။ "ကက်ပီတော်လ်"အဆောက် အအုံ သို့ ပြောင်းရွှေ့ရန်ကိစ္စ စီစဉ်နေရသည်။ လော်ရာမှာလည်း ပြောင်းရွှေ့ရေးအတွက် သိမ်းရဆည်း ရနှင့် လက်မလည်နိုင်အောင် ဖြစ်နေ သည်။

တစ်သက်လုံး နေလာခဲ့သော အိမ်ကြီးမှ ပြောင်းရွှေ့ရတော့မည် ဆိုတော့ လော်ရာ့စိတ်ထဲ တစ်မျိုးကြီး ခံစား မိသည်။ လွမ်းသလိုလို ဆွေးသလိုလိုဖြစ်နေသည်။
သို့ပေမဲ့...မပြောင်းလို့တော့မဖြစ်။ ပြည်နယ် အုပ်ချုပ်ရေးမှူးတိုင်း ၀ါရှင်တန်မြို့ရှိ ကက်ပီတော်လ် အဆောက်အအုံ သို့ ပြောင်းရမြဲ ဖြစ်သည်။
အို...ကိစ္စတော့ မရှိပါဘူးလေ၊ စနေ၊ တနင်္ဂနွေနဲ့ ရက်အားတွေမှာ လာလည်ရင်လည်း ရတာပါပဲ။
လော်ရာ ၏ မေးခွန်းကိုခရစ္စက မဖြေ။ သူတို့လင်မယားသည်အပေါ်ထပ်ရှိ ဧည့်ခန်းထဲမှ မီးဖိုရှေ့တွင် ထိုင်နေကြသည်။
ခရစ္စက ဘာမှပြန်မပြောတော့ လော်ရာကလည်း ထပ်မပေးတော့ဘဲ အင်္ကျီကိုချုပ်နေလိုက်တော့သည်။ သူမသည် ရိုးရာ လက်ချုပ် အလုပ်ကိုအလွန်မြတ်နိုးသည်။ အားလုပ်ချိန်တွင် စာဖတ်လျှင်ဖတ်။ မဖတ်လျှင် လက်ချုပ်အလုပ် ကို အမြဲတမ်း လုပ်လေ့ရှိသည်။

တော်တော်ကြာတော့မှ သူမက ထပ်မေးသည်။
တော်တော်ကြာတော့မှ သူမကထပ်မေးသည်။
"မောင်...တစ်ခုခုအတွက် စိတ်ညစ်နေတယ်ဆိုတာ ကျွန်မသိပါတယ်။ ခရစ္စတိုဖာကလေးအတွက် ကြောင့်ပဲ မဟုတ်လား" "ဟုတ်တယ်" "ဒါဆိုရင်..မစ္စတာအလန်နဲ့ ဘာဖြစ်လို့ မတိုင်ပင်နိုင်ရတာလဲ။ ကျွန်မ ကိုတော့ ဘေးချိတ်ထားလိုက်ပါ။ ကျွန်မက ကလေးဘက်ကရှေ့နေ့လိုက်မယ်လို့ မောင်ထင်နေတာ ကျွန်မ သိပါတယ်" "ငါဘယ်သူနဲ့မှ မတိုင်ပင်ဘူး၊ ငါ့ဘာသာငါ ဆုံးဖြတ်မယ်"
လော်ရာ ဘာမှပြန်မပြောဘဲ တည်တည်ငြိမ်ငြိမ်ဖြင့် အင်္ကျီကိုသာ ချုပ်မြဲချုပ်နေသည်။
သူဘယ်လိုများ ဆုံးဖြတ်လိမ့်မလဲ။ သူဘာတွေများ တွေးနေပါလိမ့်။

ဟိုတွေးသည်တွေးနှင့် ဆွန်ယာ့မျက်နှာ သွားမြင်မိသည်။ တစ်ချိန်တည်းတွင် စိုးရိမ်စိတ်လည်း ၀င်လာ သည်။ မနာလိုစိတ်များပင် ဖြစ်ပေါ်လာမိသည်။
သူ့စိတ်တွေဆွန်ယာ့ဆီများ ရောက်နေသလား။ ဆွန်ယာတို့ သားအမိနဲ့ အတူတူနေရရင် သိပ်ကောင်း မှာပဲ လို့များ တွေးနေသလား။  သူမက သက်ပြင်းတစ်ချက်ချပြီး ချုပ်လက်စအင်္ကျီကိုပြန်ခေါက် ထားလိုက်သည်။

"ကျွန်မ အိပ်ရာဝင်တော့မယ်...မောင်။ ပစ္စည်းတွေ သိမ်းရဆည်းရနဲ့ နည်းနည်း ပင်ပန်းသွားလို့..."
"နေမကောင်းတာတော့ မဟုတ်ပါဘူးနော်"
"မဟုတ်ပါဘူး၊ နေကောင်းပါတယ်၊ ဒါနဲ့အိမ်ပြောင်းပြီးရင် ကျွန်မလည်း အလုပ်ထဲ ပြန်ဝင်မယ်လို့ စိတ်ကူး ထားတယ် မောင်။ ဒေါက်တာဝီလတန်ကလည်း သိပ်လာစေချင်နေတယ်"
"ဘာလဲ..မင်းက ထွက်ပေါက်ရှာတာ မဟုတ်လား"
"ဒါပေါ့။ ကျွန်မတို့ နှစ်ယောက်စလုံး ထွက်ပေါက်လိုအပ်နေတယ် မဟုတ်လား"
သူမအသံက တည်သည်။ အေးဆေး ညင်သာသည်။ ယင်းသို့ ဖြစ်ရန်လည်း တမင်လုပ်ပြောခြင်း ဖြစ်သည်။

သူမထိုင်ရာမှ ထလိုက်တော့ ခရစ္စက လက်ကိုလိုက်ဆွဲကာ...
"ကိုယ့်ကို စိတ်ဆိုးသွားသလားကွယ်။ စိတ်မဆိုးပါနဲ့ အချစ်ရယ်"
"ကျွန်မ စိတ်မဆိုးပါဘူး၊ ကျွန်မစိတ်အိုက်နေတာပါ"
"မအိုက်ပါနဲ့။ ဒီကိစ္စကိုယ့်စိတ်နဲ့ကိုယ် ငါ ဆုံးဖြတ်ပါ့မယ်"
"တစ်သက်လုံးလည်း ကိုယ့်စိတ်နဲ့ကိုယ် ဆုံးဖြတ်တာပဲ မဟုတ်လား"
"မင်းကလည်း အဲဒီလိုဆုံးဖြတ်တာပဲ ကြိုက်တယ် မဟုတ်လား"
လော်ရာက သူမ၏လက်ကို ဆွဲဖြတ်ပြီး အခန်းထဲမှထွက်လိုက်ချင်သည်။
သို့သော် သူမကလက်ကိုလည်း ဆွဲမဖြုတ်။ အခန်းထဲမှလည်း ထွက်မသွား။ ခရစ္စ၏ဘေးမှ ကုလား ထိုင်လွတ် တွင်သာ ထိုင်ချလိုက်လေသည်။

"ဟုတ်ပါတယ်။ များသောအားဖြင့် ကျွန်မက အဲဒီလိုပဲ ဆုံးဖြတ်စေချင်တယ်။ ဘာဖြစ်လို့လဲ ဆိုရင် မောင့်ဟာမောင် ကိုယ့်ဆန္ဒ ကိုယ့်စိတ်ကူးနဲ့ လွတ်လွတ်လပ်လပ် ဆုံးဖြတ်စေချင်လို့ပဲ။ ဒါပေမဲ့ ဒီကိစ္စ နဲ့ ပတ်သက်လို့တော့ မောင့်စိတ်ထဲမှာ ဘာတွေ တွေးနေတယ်ဆိုတာ ကျွန်မ သိချင်တယ်။ သိဖို့ အခွင့်အရေးလည်း ကျွန်မမှာ ရှိတယ်လို့ ထင်တယ်။ တစ်နည်းအားဖြင့်ဆိုရင် ဒီကလေးဟာ အခုအ ချိန်မှာ ကျွန်မသားကလေး ဖြစ်နေပြီဆိုရင်မမှားပါဘူး။ မမှားဘူးလို့လည်း ကျွန်မယုံကြည်တယ်။ သူ့ မှာကျွန်မကလွဲပြီး အမေမရှိတော့ဘူး။ ကျွန်မဟာ အခြေအနေအရ သူ့အမေဖြစ်နေပြီ။ သူ့ကို ကျွန်မ သူ့အမေ ဆီက ခေါ်လာ ကတည်းက သူ့အမေတာဝန်ကို ကျွန်မလွှဲပြောင်း ယူလိုက်ပြီဆိုတာ ကျွန်မ သဘောပေါက်ပြီးသားပါ။ ဘယ်လိုပဲ တွေးတွေး ဒါဟာသဘာဝလည်း ကျပါတယ်။ တရားလမ်းလည်း မှန်ပါတယ်။ အဲဒီတော့ ကလေးအတွက် မောင့်စိတ်ထဲမှာ ဘာတွေတွေးနေတယ်ဆိုတာ ကျွန်မလည်း သိပိုင်ခွင့်မရှိဘူးလား"
ခရစ္စက လော်ရာ့စကားကို စူးစူးစိုက်စိုက် နားထောင်သည်။ သူ့မျက်လုံးပြာကြီးတွေက အရောင် တဖျပ် ဖျပ်တောက်လျက်...။

သို့သော်..သူက ခေါင်းကို ခါယမ်းလိုက်ပြီး...
"ဆောရီးပဲ လော်ရာ။ ငါခုထက်ထိ ဘယ်လိုမှ ဆုံးဖြတ်ချက် မချနိုင်သေးဘူး။ ဒီကိစ္စက အဘက်ဘက် စဉ်းစားပြီး မှ ဆုံးဖြတ်ရမယ့် ကိစ္စ။ ငါတစ်ဆင့်ပြီးတစ်ဆင့် ခေါင်းအေးအေးနဲ့ စဉ်းစားနေတယ်။ အဖြေ ရှာနေတယ်။ ဒီကိစ္စဟာ ငါရဲ့တစ်သက်တာ အလုပ်ဆိုလည်း ဖြစ်တယ်။ ငါ့ဘ၀ တစ်ခုလုံးဆိုလည်း ဖြစ်တယ်။"
"အဲဒီတော့...မစ္စတာဟင်နရီအလန်နဲ့..."
"မလိုဘူး၊ ဘယ်သူမှ မလိုဘူး၊ ငါ့ကိစ္စ ငါကိုယ်တိုင် ဆုံးဖြတ်မယ်"
သူ့မျက်လုံးပြာကြီးများကို လော်ရာက စိုက်ကြည့်နေသည်။ မျက်ဝန်းနှစ်ဖက် ထဲတွင် သူမ၏ ရုပ်ကို သေးသေးကလေးသာ မြင်ရသည်။
"အဲဒီတော့ မောင် ဒီလောက်တောင် အချိန်ဆွဲနေတာက ကျွန်မကို ငဲ့နေလို့လား။ မောင် တစ်ခုခု ဆုံးဖြတ် လိုက်ရင် ကျွန်မ စိတ်ဆိုးသွားမှာ ကြောက်နေလို့လား"
"မကြောက်ပါဘူး၊ ဆိုးဆိုးပေါ့၊ ဘာဖြစ်သလဲ"
လော်ရာက ထိုင်ရာမှထကာ သူ့နဖူးကို ရွရွကလေး နမ်းလိုက်သည်။ ပြီးတော့ သူမ အိပ်ခန်းသို့ ထွက်လာခဲ့ သည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Monday, September 17, 2012

မောင်ပေါ်ထွန်း ဘာသာပြန် ရေမြေခြားသော်လည်း, အပိုင်း (၂၅)

“တခြားကလေးတွေက သူ့ကို သဘောကျပါရဲ့လား” ခရစ္စက ဖြတ်မေးသည်။
“သူခင်တဲ့ ကလေးတွေက သူ့ကို သိပ်ပြီး ခင်ကြပါတယ်။ တခြားကလေးတွေကတော့ သူ့ကို လေးစားကြ တယ်။ သူကတော်တော် လည်း နေတတ်ထိုင်တတ်တဲ့ ကလေးပါ။ ဒါနဲ့ စကားမစပ်.. အဲလေ စကား စပ်ပါတယ်။ အင်္ဂလိပ်စကားပြော နဲ့ အရေးအဖတ်တော့ အတော်ဆုံးကျောင်းသား ပါပဲ။ သူက ဘာသာစာပေ ကို တော်တော် စိတ်ဝင်စားတယ်။ ပြီးတော့ သီ ချင်း ဆို လည်း အလွန်ကောင်းတဲ့ ကလေးပဲ။ ဂီတဆရာက သူ့ကို ဘုရားရှိခိုးကျောင်း သံစုံတီးဝိုင်း မှာ သွင်းပေးထားတယ်။ သူကလည်း သဘောကျတယ်”
ကို ဆက်ဖတ်ရန် ........

"အားကစားဘက်မှာရော… ဆရာကြီး" ခရစ္စက မေးသည်။ "ဘောလုံးလို အကြမ်းကစားနည်းတွေကိုတော့ သူ ဝါသနာမပါဘူး။ တင်းနစ်တို့၊ ဘေ့စ်ဘော တို့ကျ တော့ တော်တော် တော်ပါတယ်။ သူ့အနေနဲ့ အားနည်းချက်တစ်ခုရှိတာက အပြိုင်အဆိုင်စိတ်မရှိတာပါ ပဲ။ ကျုပ်တို့က ကျောင်းသားတွေ အချင်းချင်း အပြိုင်အဆိုင် စိတ်ဓာတ်တွေ ဝင်လာအောင်ဆိုပြီး ကစား ခုန်စား အမျိုးမျိုး စီစဉ်ပေးထားပါတယ်။ ဒါပေမဲ့ ခရစ္စတိုဖာ က အပြိုင်အဆိုင်စိတ်မရှိဘူး။ သူက ဘာ အလုပ်ပဲ လုပ်လုပ် သူ့ဝါသနာအလျောက်ပဲ လုပ်တယ်။ ငါ အောင်နိုင် ရမယ်ဆိုတဲ့ ပြိုင်ဆိုင်မှုစိတ်ဓာတ် နဲ့ မလုပ်ဘူး" ထိုအခိုက် တံခါးဝတွင် ခရစ္စတိုကလေး လာရပ်သည်။

ကလေးကို ရုတ်တရက် မြင်လိုက်ရတော့ လော်ရာမှာ အံ့အားသင့်သွားပြီး ပါးစပ်မှ "အို" ဟုပင် အလိုလို ထွက်သွားမိသည်။
လော်ရာ့အနေဖြင့် အံ့အားသင့်မည်ဆိုလျှင်လည်း သင့်လောက်စရာပင်။
ခရစ္စတိုဖာ ကလေးက သူတို့ ထင်တာထက် အများကြီး ထွားနေပြီ။ အရပ်လည်း အများကြီးရှည်သွား သည်။ ဝလည်း တော်တော် ဝလာသည်။ သူက ဘောင်းဘီရှည်နှင့် အပြာရောင် ဝတ်စုံကို ဝတ်ထားသဖြင့် အရပ်လည်း ပိုရှည် လာပြီး အသက် လည်း ပိုကြီးသွားသလို ထင်ရခြင်းဖြစ်သည်။ ပြီးတော့ တည်ငြိမ်သော မျက်နှာ အမူအရာကြောင့်လည်း အရွယ်က ပိုရင့်သွားသည်။ သူ့မျက်နှာတွင် ဆွေးရိပ်များ လုံးဝမရှိတော့။ ပြုံးပြုံးရွှင်ရွှင်နှင့် မျက်လုံးတွေ က ရွှန်းလက်နေကြသည်။

သူတို့က ခရစ္စတိုဖာကလေးအား စတင်၍ စကားမပြောကြ။ ကျောင်းအုပ်ဆရာကြီး ဒေါက်တာဘားလက် ကလည်း တမင် မပြောဘဲနေသည်။ သူက ခရစ္စတိုဖာအား စတင်ပြောစေချင်သည်။ သူတို့သုံးယောက် ဆက်ဆံရေး ကို သူ နားလည်သလောက်တော့ နားလည်ပါသည်။ သို့သော် နားမလည်တာတွေလည်း အများကြီး ရှိသေးသည်။ ကလေးက စာရေးလျှင် ခရစ္စအား ဖေဖေဟုခေါ်ဝေါ်သုံးစွဲသည်။ ယခု သူ့ဖခင် ကိုယ်တိုင်ရောက် လာချိန်တွင် ဘာကြောင့် ဖေဖေဟုခေါ်ပြီး ပြေးမလာသနည်း။ သူတို့ ဆက်ဆံရေးက တော်တော်တော့ ဆန်းသည်။ စိတ်ဝင်စားစရာလည်း ကောင်းသည်။ အစတုန်းက သူ့ဖခင်ထံ စာတွေ မပြတ်ရေး ခဲ့သည်။ နောက်ပိုင်း ရေးတာမတွေ့ရတော့။ အဆောင်မှူးအား စောင့်ကြည့်ခိုင်း၍ သိရခြင်း ဖြစ်သည်။ သူ့ဖခင်ထံမှလည်း စာမလာတော့။ ပို့စကတ်တွေသာ ရောက်လာနေတာကို တွေ့ရသည်။ ဘာ အကြောင်းကြောင့်မှန်း မပြောတတ်တော့။

လော်ရာကလည်း တမင် မပြောဘဲနေသည်။ သူမက လမ်းမှာကတည်းက ဆုံးဖြတ်လာခဲ့သည်။ ခရစ္စ ကိုသာ ကလေးနှင့် စကားပြောစေချင်သည်။ သူနှင့်သာ တိုက်ရိုက်ပတ်သက်နေသည် မဟုတ်လား။ သားနှင့် အဖေ ဆက်ဆံရေးပြဿနာ ကို သူတို့သားအဖနှစ်ယောက်သာ ဖြေရှင်းစေချင်သည်။ သူမက ပွဲကြည့်သူအဖြစ် ဘေးက ထိုင်ကြည့်နေ ရုံသာရှိသည်။ ထို့ကြောင့်လည်း သူမသည် ဘာမှမပြောဘဲ ကုလားထိုင်တွင် ငြိမ်၍ ထိုင်နေခြင်းဖြစ်သည်။ လက်နှစ် ဖက်ကို လက်အိတ် စွပ်ထားသည်။ သားမွေးဂျက်ကတ်အင်္ကျီကို ဒူးနှစ်ဖက်ပေါ်တွင် တင်ထားသည်။ သူမက ပြုံးရုံသာ ပြုံးပြီး အခြေအနေ ကို တမင် စောင့်ကြည့်နေသည်။

ခရစ္စတိုဖာကလေးက ပြုံးပြီး လော်ရာ့ မျက်နှာကို တစ်ချက်လှည့်ကြည့်သည်။ ပြီးတော့ သူ့ဖေဖေ မျက်နှာကိုသာ ခပ်တည်တည်ဖြင့် စိုက်ကြည့်နေသည်။
သူသည် ဖေဖေ့ကို တစ်နေ့လုံး မျှော်နေခဲ့သည်။ ဘယ်အချိန် ရောက်လာမည်ဆိုတာကိုလည်း လုံးဝ မသိ။ သူသည် စားသောက်ချိန် မှလွဲပြီး ဘယ်မှမထွက်ဘဲ သူ့အခန်းထဲမှာသာ တစ်နေ့လုံး ရှိနေခဲ့သည်။ သို့သော် ပျင်းစရာ အကြောင်းတော့ မရှိ။ လက်စမသတ်ရသေးသော သူ့ရုပ်ထုကလေးကို အချောကိုင် ရင်း အချိန်ကုန်လို့ ကုန်မှန်း မသိ ဖြစ်နေသည်။ သစ်သားက တော်တော်မာသည်။ ထို့ကြောင့် သတိနှင့် ထုထွင်းရသည်။ တစ်ကြိမ် တွင် တအားဖိ၍ ဓားချော်သွားပြီး လက်ကို ရှသွားသည်။ ဒဏ်ရာ ကို အဝတ်စနှင့် စည်းထားလိုက်ရသည်။
ခရစ္စက ကျောင်းအုပ်ကြီး မျက်နှာ ကို ကြည့်လိုက်သည်။ ထို့နောက် လော်ရာ့ကို ကြည့်ပြန်သည်။ သူတို့ ကများ စပြောမလား ဟု မျှော်လင့်သောကြောင့် ဖြစ်သည်။ နှစ်ယောက်စလုံး ငြိမ်နေတာ မြင်ရတော့မှ သူက စပြောသည်။

"လာလေ… ခရစ္စတိုဖာ… ဝင်လာပါ" သူက လက်ဆန့်တန်း ပေးလိုက်သည်။ ခရစ္စတိုဖာက ဝင်လာပြီး လက်ဆွဲနှုတ်ဆက်သည်။ "မင်း တော်တော် ထွားသွားတာပဲ" ခရစ္စက လက်ကို မလွှတ်သေးဘဲ ပြောလိုက်သည်။
"ကျွန်တော်က နေ့တိုင်း အမဲသား စားတယ်" သူက လက်ကို အသာရုပ်၍ ကုလားထိုင်တွင် ဝင်ထိုင်သည်။ ပြီးတော့ စကားမပြောဘဲ ငြိမ်နေသည်။ တကယ်တော့ လူကြီးကို ရိုသေသည့် သဘောဖြင့် ငြိမ်နေခြင်းဖြစ်သည်။ အဖေမပြောချင် ကိုယ်က ဘယ်တော့မှစမပြောရဘူးဟု သူ့မိခင် ဆွန်ယာ မှာလိုက်သော စကားကို သတိရမိခြင်းကြောင့်လည်း ဖြစ်သည်။

"အဲဒါ ကောင်းတာပေါ့" ခရစ္စက ပြောသည်။ "အမဲသား နေ့တိုင်းစားပေးရင် ကျန်းမာ သန်စွမ်းလာတာပေါ့။ မဟုတ်ဘူးလား… ဆရာကြီး" "ဒါပေါ့" ဆရာကြီးက ပြုံးပြီး ပြောသည်။ ဆရာကြီး အလှည့်သို့ ရောက်လာပြီ။ သူက ဆရာနှင့် တပည့် ဆက်ဆံသည့် လေသံဖြင့် ကြင်နာစွာ ပြောသည်။
"မင်းက သစ်သားရုပ်တု အလွန်တော်တဲ့ အကြောင်း မင်းဖေဖေနဲ့ မစ္စက်ဝင်းတားကို ငါ ပြောပြထားပြီး ပြီကွယ့်။ အဲဒါ မင်းအခန်းခေါ်သွားပြီး အရုပ်တွေ ပြသင့်တာပေါ့" ခရစ္စတိုဖာ၏ဖြူရော်ရော် မျက်နှာတွင် ပန်းရောင် သမ်းသွားသည်။

"ကျွန်တော် ဖြစ်ချင်သလောက် မဖြစ်သေးပါဘူး ဆရာကြီး။ ပြရမှာတောင် ရှက်စရာကြီး။ ကျွန်တော်က အရင်တုန်းက ဒီအလုပ် တစ်ခါမှ မလုပ်ခဲ့ဖူးပါဘူး"
"ရှက်စရာမဟုတ်ပါဘူးကွယ်။ အန်တီတို့ ကြည့်ပါရစေ။ အဲဒါပြီးရင် ဆရာကြီးဆီမှာ ခွင့်တောင်း… ညစာ သွားစားကြမယ်လေ။ ကျွန်မတို့ သူ့ကို စောစော ပြန်ပို့ပါ့မယ် ဆရာကြီး"
"အို… ဖြစ်ပါတယ်။ ကိစ္စမရှိပါဘူး" ဆရာကြီးက ထိုင်ရာမှ ထသည်။
"ခရစ္စတိုဖာ ကို မစ္စက်ဝင်းတားကိုပဲ အပ်လိုက်ပါတယ်။ ကျောင်းသားတွေကို (၁၀) နာရီထက် နောက် မကျရဘူးလို့တော့ ညွှန်ကြားချက် ထုတ်ထားပါတယ်။ ဒါပေမဲ့… အခုက ကျောင်းပိတ်ရက်ဆိုတော့ နည်းနည်းနောက်ကျ လည်း ကိစ္စမရှိပါဘူး မစ္စက်ဝင်းတား"
"သူ့ကို (၁၀) နာရီမထိုးခင် ပြန်ပို့ပါ့မယ် ဆရာကြီး" ခရစ္စက ပြောသည်။

"ကျွန်တော်လည်း နည်းနည်း ခရီးပန်းနေလို့ပါ။ စောစော နားလိုက်ချင်လို့ပါ"
"မစ္စတာဝင်းတားက တကယ့်အောင်ပွဲကြီး ခံလိုက်တာပဲ။ ကျုပ် အနေနဲ့လည်း ဝမ်းသာဂုဏ်ယူပါတယ် ဗျာ"
ခရစ္စက ပြုံးရင်း… "အောင်ပွဲရလို့ ဝမ်းသာတာတော့ ဟုတ်ပါရဲ့… ဆရာကြီး။ ဒါပေမဲ့ တိုက်ပွဲက အခုမှစတာပါ။ ကျွန်တော့် အနေနဲ့ မြို့တွင်းမှာ ရှင်းစရာပြဿနာတွေ ရှိနေပါတယ်။ ပေးထားတဲ့ ကတိတွေလည်း အကောင် အထည် ဖော်ပေးရဦးမယ်" "ကျုပ် ယုံပါတယ် မစ္စတာ ဝင်းတား။ အဲဒီအလုပ် နှစ်မျိုးစလုံးကို မစ္စတာဝင်းတားအနေနဲ့ လွယ်လွယ် ကူကူ ဖြေရှင်းနိုင်မှာပါ။ ကဲ… ကျုပ်ကို ခွင့်ပြုပါဦး"
ယင်းသို့ပြောပြီးနောက် ဒေါက်တာဘားလက် အခန်းထဲမှ ပြန်ထွက်သွာသည်။

ခရစ္စက ထိုင်ရာမှ ထရပ်လိုက်ပြီး…
"ကိုင်း… လာ ကလေး။ တို့ မင်းရဲ့အနုပညာလက်ရာတွေကို သွားကြည့်ကြစို့။ မင်း ရှေ့ကသွား။ တို့ နောက်ကလိုက်လာမယ်"
သို့ဖြင့်… သူတို့ လင်မယားသည် ခရစ္စတိုဖာ ဦးဆောင်ရာသို့ လိုက်လာခဲ့ကြသည်။ ခရစ္စတိုဖာ လမ်း လျှောက်ပုံကို လော်ရာက သတိထားကြည့်မိသည်။ သူက ဣနြေ္ဒဖြင့် ဖြည်းဖြည်းချင်း လျှောက်သွား သည်။ အရှေ့တိုင်းသားတို့ လျှောက်ပုံမျိုး။ ကိုရီးယားလူမျိုးတွေလည်း သည်လိုပင် ခြေချညီညီဖြင့် ဖြည်းဖြည်း သက်သာ လျှောက်လေ့ ရှိကြသည်။
ကလေး၏ဦးခေါင်းက တော်တော် ပုံကျသည်။ ဆံပင်တွေကလည်း မည်းနက်ပြီး သပ်ရပ်စွာ ဖြီးထား သည်။ ကိုယ်ခန္ဓာကတော့ အနောက်တိုင်းဆန်သည်။ အမေရိကန်ရုပ် ပေါက်သည်။ သန်မာသည်။ အရိုး အခြင်လည်း ကြီး သည်။

သူ့အခန်းထဲသို့ ရောက်သောအခါ ခရစ္စတိုဖာက အခန်းထောင့်မှ ကန့်လန့်ကာကို ဘေးသို့ ဆွဲဖယ် လိုက်သည်။ ဤတွင် အသေးစား ဧည့်ခန်းပုံစံလေးတစ်ခုကို မြင်ကြရသည်။ ဧည့်ခန်းတွင် စားပွဲကုလား ထိုင်အပြည့်အစုံ ခင်းကျင်းထားသည်။ ကုလားထိုင်တွင် ထိုင်ကာ စာဖတ်နေသော ယောက်ျားရုပ်နှင့် စက်ချုပ်နေသော မိန်းမရုပ်များမှာ မြင်လိုက်သည်နှင့်ပင် ခရစ္စနှင့် လော်ရာ တို့ကို ပုံတူထုထားသော ရုပ် တုများဖြစ်ကြောင်း ချက်ချင်း သိသာ လှသည်။
"ဟယ်… ခရစ္စတိုဖာ တော်လိုက်တာကွယ်။ အရုပ်ကလေးတွေက သိပ်ပြီး လက်ရာမြောက်တာပဲနော်။ မောင်… ဟိုယောက်ျားရုပ် ကြည့်စမ်း ပါ။ မောင်နဲ့ တူလိုက်တာနော်"
လော်ရာ က အားတက်သရာ ချီးကျူးစကား ပြောလိုက်သည်။ ထို့နောက် အရုပ်ကလေးကို ကောက်ယူ ပြီး သေသေချာချာ ကြည့်နေသည်။ အရုပ်ကလေးမှာ ခုနစ်လက်မခန့် မြင့်ပြီး ကိုယ်အင်္ဂါအစိတ်အပိုင်းတိုင်း အလွန် ပီပြင်သည်။

မျက်လုံး ပြူးပြူးနှင့်၊ ဆံပင်ကလည်း တကယ့်ဆံပင်များကို တစ်ချောင်းစီ ကော်ဖြင့် ကပ်ထားသည်။ အဝတ်အစားတွေ ကလည်း တကယ့် အဝတ်အစားများ။
"တော်တော် လက်ရာမြောက်တာပဲ"
ခရစ္စက ရင်ထဲတွင် တစ်မျိုးတစမည် ခံစားချက်ဖြင့် ချီးကျူးစကားဆိုသည်။
ခရစ္စတိုဖာ က စကားလည်း မပြော။ ပြုံးလည်း မပြုံး။ သို့သော် သူ့ဖေဖေ၏ချီးကျူးစကားကို လက်ခံပုံ တော့ရသည်။ လော်ရာက အခန်းထဲ မျက်လုံးဝေ့ကြည့်လိုက်ပြီး…
"ဒါနဲ့ ကလေး က ဒီအခန်းမှာပဲ နေတယ်။ အိပ်တယ်ပေါ့နော်"
"ဟုတ်ပါတယ်။ ဒီဘက်အခြမ်း က ကျွန်တော်။ ဒီဘက်အခြမ်းက ဂျွန်"
"တစ်ခြမ်း နဲ့ တစ်ခြမ်း မတူကြဘူးနော်။ ကလေးတို့နှစ်ယောက်ရဲ့ခြားနားချက်ကို မြင်တာနဲ့ သိနိုင်တယ်"

တစ်ဖက်ခြမ်း နံရံတွင် သင်္ဘောပုံများ၊ ဂျက်လေယာဉ်ပျံ ပုံများနှင့် နျူကလီးယား လက်နက်ပုံများကို ချိတ်ဆွဲ ထားသည်။ တခြား အခြမ်းနံရံတွင်မူ တိမ်တိုက်ထဲမှ ထိုးထွက်နေသော တောင်ထွက်ပုံ ရှုခင်း ကား ခပ်ကြမ်းကြမ်း တစ်ချပ် "ဒီပုံက ကလေး ဆွဲတာလား" လော်ရာက မေးသည်။ ခရစ္စတိုဖာက ခေါင်းညိတ်ပြသည်။
လော်ရာက ခရစ္စဘက်သို့ လှည့်ကာ… "ကျွန်မတို့တော့ အနုပညာရှင် တစ်ယောက် ရပြီ… မောင်"
"ဒီကျောင်းမှာက ကျောင်းသားတိုင်းလိုလို အနည်းနဲ့အများ ပန်းချီဆွဲတတ်ကြပါတယ်" ခရစ္စတိုဖာက ပြောသည်။

"ကျွန်တော်လည်း သင်္ဘောပုံစံတွေ ဆွဲပါတယ်။ ကျွန်တော့်မေမေက သင်္ဘောပုံစံတွေကို သိပ်ကြိုက် တာပဲ"
အခြေအနေ သည် အေးစက်သွားသလို ထင်ရသည်။ ထို့ကြောင့် လော်ရာက အလိုက်သိစွာဖြင့် ခေါင်းစဉ်ပြောင်း လိုက်သည်။ "ကဲ… ဒီလောက်ဆို ကျေနပ်လောက်ပါပြီ။ ကျွန်မတို့ ညစာသွားစားရအောင် မောင်။ ကျွန်မတော့ သိပ် ဆာနေပြီ"

"ဒီတော့ ကလေးနဲ့ပတ်သက်ပြီး မောင် ဘယ်လိုသဘောရသလဲ မောင်"
နောက်နေ့ ဟိုတယ်ခန်းထဲတွင် အဝတ်အစား လဲနေရာမှ လော်ရာက မေးလိုက်သည်။
"ငြိမ်လွန်းတယ် ထင်တာပဲ"
ခရစ္စက ပြောသည်။ လော်ရာက စိတ်ဆိုးသွားဟန်ဖြင့် လှည့်ကြည့်ပြီး…
"မငြိမ်ဘဲ နေပါ့မလား။ သူ့ခမျာ အနာဂတ်မှာ ဘာဖြစ်လာမယ်ဆိုတာမှ လုံးဝ မသိရှာတာပဲ"
"တို့ကရော သိလို့လား"
"မောင်က သိသလား။ ဒီကိစ္စ မောင် ကိုယ်တိုင် ဆုံးဖြတ်ရမယ့်အလုပ်ပဲ။ မောင် ဘယ်လိုပဲ ဆုံးဖြတ် ဆုံးဖြတ် ကျွန်မ လက်ခံဖို့ အဆင်သင့်ပါ။ ဒါပေမဲ့ ကျွန်မတော့ မဆုံးဖြတ်ဘူး"
"မင်း ငါ့နေရာမှာရှိရင် ဘာလုပ်မလဲ။ စဉ်းစားကြည့်ပါ"
"အဲဒါတော့ ကျွန်မ မစဉ်းစားတတ်ဘူး မောင်"
ခရစ္စက သဘောကျ၍ ရယ်သည်။

"အမှန်အတိုင်း ဝန်ခံရမယ်ဆိုရင် အဲဒီ ဆုံးဖြတ်ချက်အတွင် ငါ အသင့်အနေအထားမှာ မရှိသေးဘူး… လော်ရာ။ ငါလည်း မင်းလိုပဲ ဇဝေဇဝါဖြစ်နေသေးတာပဲ။ ဒါပေမဲ့ ဒီကလေးဟာ ငါ့ရင်သွေးဆိုတဲ့ အချက် ကိုတော့ ငါ အမြဲသတိရနေပါတယ်။ ဒီတော့ ငါ့အနေနဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူး ရာထူးမှာ အချိန် တော် တော်ကြာလုပ်ပြီးတဲ့ အချိန်မှာမှ ဒီကလေးကို အပြီးအပိုင် ပြန်ခေါ်ယူရမလား ဆိုတာလည်း ငါ စဉ်းစား ကြည့်ပါတယ်။ သူ့လို အမေရိကန် ကပြားကလေးတွေ တစ်နေ့ထက်တစ်နေ့ တိုးတက်များပြားလာ တယ်ဆိုတာ လူတွေကလည်း သိနေကြပါပြီ။ ဒါပေမဲ့ ငါ့အနေနဲ့ အခုလို ပူပူနွေးနွေး ရာထူးရခါစ အချိန် မှာ ဒီကလေးကို ခေါ်ယူလိုက်ရင် ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်သလို ဖြစ်သွားလိမ့်မယ်။ အချိန် ဟာ ပြဿနာတိုင်းကို ဖြေရှင်းနိုင်ပါတယ်။ အဲဒီတော့ ငါ့ကို အချိန်ပေးပါဦး"
"ကလေးက သိပ်ပြီး အကြီးမြန်နေတယ် မောင်။ သူ စဉ်းစားတတ်နေပြီ။ ခံစားတတ်နေပြီ။ သူ့စိတ်ဓာတ် က ရင့်ကျက်နေပြီ။ အချိန်ဆွဲနေရင် သိပ်ပြီး နောက်ကျသွားလိမ့်မယ်"
"သိပ်ပြီး နောက်ကျသွားလိမ့်မယ်ဆိုတာက ဘာကို ဆိုလိုတာလဲ"

"ကျွန်မတို့က သိပ်ပြီး စောင့်နေရင် သူနဲ့ အဆက်အသွယ် ပြတ်သွားမှာကို ပြောတာပါ။ သူနဲ့ စိတ်ဓာတ် ရေးရာ အရ ဆက်ဆံလို့ မရနိုင်အောင် ဖြစ်သွားနိုင်တယ်။ ကျွန်မတို့က သူ့ကို လက်မခံဘူးဆိုတာ သိ လာရင် သူက လည်း ကျွန်မတို့ကို လက်ခံမှာ မဟုတ်ဘူး" "အို… အဲဒါတွေ ထားလိုက်စမ်းပါ။ ဒါတွေက ဓာတ်ပြားဟောင်းကြီးတွေ ပါ။ ဒီစကားမျိုးကို လွန်ခဲ့တဲ့ နှစ် ပေါင်းများစွာ ကတည်းက စိတ်ရောဂါကု ဆရာဝန်တွေ က ပြောခဲ့ပြီးပါပြီ။ သူဟာ သူများနဲ့မတူတဲ့ ထူးခြားတဲ့ အခြေအနေထဲ ရောက်နေတယ်ဆိုတာကို ဒီကလေး သိပါတယ်။ အဲဒီအခြေအနေအတိုင်း အလိုက်သင့် နေတတ်အောင်လည်း သူ ကြိုးစားနေတယ်။ သူဟာ အများနည်းတူ လူသားတစ်ယောက် အနေနဲ့ မွေးလာတယ်။ လူသားတစ်ယောက်အနေနဲ့ အသက်ရှင်နေ တယ်။ ဒါပေမဲ့ သူက သူများနဲ့ မတူတဲ့ လူသားတစ်ယောက်။ ဒီအချက်ကို သူလည်း သိတယ်။ သူတို့အိမ် ကို ရောက်လာတဲ့ အခါ တောင်မှ သူဟာ မင်းနဲ့ ငါတို့နှစ်ယောက်က မွေးတဲ့သား မဟုတ်ဘူးဆိုတာ စိတ်ထဲမှာ စွဲနေဦးမှာပဲ"

"အဲဒီလိုလည်း မဟုတ်သေးပါဘူး… မောင်။ သူ့ကို ကျွန်မတို့က လက်ခံရင် သူကလည်း ကျွန်မတို့ကို လက်ခံ လာမှာပါ" "ဘယ့်နှယ်… မင်းက မဆုံးဖြတ်တတ်ဘူးလို့လည်း ပြောသေးရဲ့၊ ခုတော့လည်း ဆုံးဖြတ်ချက် ချပြီး ဖြစ်နေပါရော လား" လော်ရာက နောက်ကို ပြန်ဆုတ်သည့် သဘောဖြင့်…
"အဲဒီလို မဟုတ်ပါဘူး။ ကျွန်မက နှစ်ဖက်စလုံးက ရပ်ပြီး စဉ်းစားကြည့်တာပါ။ နောက်တစ်နည်း ပြော မယ်ဆိုရင်… သူက သူ့ခံစားချက်ကို ကျွန်မတို့ကို ရင်မဖွင့်ဘဲ ထားမယ်ဆိုရင်… သူ့ဟာသူ အခုလို အထီးကျန် ဘဝမှာ နေတာပဲ ပိုကောင်းလိမ့်မယ်" "သူ အထီးကျန် မဟုတ်ပါဘူး"

"ဘာလို့မဟုတ်ရမှာလဲ။ နေရာတိုင်းမှာ အထီးကျန် ဖြစ်နေတာပဲ"
"အခြေခံကျကျ ပြောရရင် သူက သူများထက် မပိုပါဘူး"
"ဘာလို့ မပိုရမှာလဲ။ အများကြီး ပိုတာပေါ့။ ဇာတိနိုင်ငံကို ပစ်ပြီး တစ်နေရာ ရောက်နေတဲ့ ကလေးတစ် ယောက်…" "ဒါဖြင့် တို့ သူ့ကို ပြန်ပို့လိုက်တာပဲ ပိုကောင်းလိမ့်မယ် ထင်တယ်။ မင်းက ဆုံးဖြတ်ချက် ချနေပြန်ပြီဆို တော့…" "ကျွန်မတို့ သူ့ကို ပြန်မပို့နိုင်ဘူး။ ကျွန်မတို့ ပြန်ပို့တောင်မှ သူဟာ မူလ ကလေးမဖြစ်နိုင်တော့ဘူး။ သူ့ စိတ်က ဒီကို ပြန်ရောက်နေလိမ့်မယ်။ မောင်ဟာ သူ့ဖေဖေဆိုတာ သူ သိပြီးပြီ။ ကိုရီးယားပြန်ရောက် သွားတော့ သူက တစိမ်းဖြစ်နေမှာပဲ။ အရင်လည်း တစိမ်းပဲ ဖြစ်နေခဲ့တာပဲ။ သူ့ကို အဲဒီက လူတွေ က လက်မခံဘူး။ ဝိုင်းပယ်ထားကြတယ်။ အဲဒါကို သူ အရင်က မသိခဲ့ဘူး။ အခုတော့ သိသွားပြီ။ ချည်ထား တဲ့ ကြိုးက ပြတ် သွားပြီ မောင်။ သူဟာ အခုအချိန်မှာ ကမ်းမမြင် လမ်းမမြင်တဲ့ သမုဒ္ဒရာကြီး ထဲ ရောက် နေရှာတယ်။ သူ့ခမျာ ကမ်းကို သွေးရူးသွေးတန်း ရှာနေတယ်"
ခရစ္စက ခုတင်ပေါ်မှ ခုန်ဆင်းလိုက်သည်။ "ကဲ… တို့ ဒီနေ့ ရေခဲလျှောစီးသွားကြမယ်။ မကောင်းဘူးလား…"

ကောင်းကင်တစ်ပြင်လုံး ကြည်လင်၍ လေကလည်း ငြိမ်နေသည်။ မြေပြင်တွင် ဆီးနှင်းတွေ ဖုံးလွှမ်းနေ သည်။ ရေခဲပြင် လျှောစီးရန် အလွန်ကောင်းသော အခြေအနေပင် ဖြစ်သည်။
သူတို့သည် နံနက်စာ စားသောက်ကြပြီးနောက် ကျောင်းရှေ့သို့ ထွက်လာခဲ့ကြသည်။ ခရစ္စတိုဖာ ကလေး က ကျောင်းခြံဝတွင် အသင့်စောင့်နေသည်။ လက်ထဲတွင်တော့ လျှောစီးခြေနင်းကို ကိုင်လို့။ သူသည် ခေါင်းစွပ် ပါသော အနီရောင်ရှပ်အင်္ကျီကို ဝတ်ထားသည်။ "ကလေးက လျှောစီးတာ တော်တော်ကြိုက်သလား"
ခရစ္စက မေးသည်။ ခရစ္စက "သား" ဟု မခေါ်ဘဲ "ကလေး" ဟု ခေါ်နေသည့်အတွက် လော်ရာက ရင်ထဲတွင် တစ်မျိုးကြီး ခံစား လိုက်ရသည်။
"ဟုတ်ကဲ့… ကြိုက်ပါတယ်။ ဒါပေမဲ့ အကြိုက်ဆုံးတော့ မဟုတ်ပါဘူး"
"အကြိုက်ဆုံး က ဘာလဲကွယ်" လော်ရာက ဖြတ်မေးသည်။

သူတို့သည် ရပ်ထားသော ကားဆီသို့ လျှောက်လာကြပြီး လျှောစီးခြေနင်းများကို ခေါင်မိုးပေါ်မှ စင်ပေါ် တွင် တင်လိုက်ကြသည်။ ပြီးတော့ ကားပေါ် တက်ကြသည်။ နောက်ခန်းတွင် ခရစ္စတိုဖာ တစ်ယောက် တည်း ထိုင်သည်။ "ပြောပါဦးကွယ်။ အကြိုက်ဆုံးက ဘာလဲ… ဟင်"
လော်ရာက ထပ်၍ မေးသည်။ ခရစ္စတိုဖာက ချက်ချင်း မဖြေဘဲ စဉ်းစားသလို လုပ်နေသည်။ ဒီကလေး က မေးခွန်းတစ်ခုကို ဘယ်တော့မှ ချက်ချင်းမဖြေဘူး။ သိပ်ပြီး သတိထားတယ်။ သူ့ကိုယ်သူ မယုံကြည်သေး လို့ပဲ… ဟု လော်ရာက တွေးမိ သည်။ အတန်ကြာတော့ ခရစ္စတိုဖာက ဖြေသည်။

"ကျွန်တော်က သီချင်းဆိုတာကို ပိုကြိုက်ပါတယ်"
"ဒါဆို ဆိုပြစမ်းပါဦးကွယ်။ အန်တီတို့ နားထောင်ပါရစေ။ ကလေး သီချင်း ဆိုတတ်မှန်း ခုမှပဲ သိရတော့ တယ်ကွယ်" ခရစ္စတိုဖာက ခေတ္တမျှ စဉ်းစားနေသည်။ ထို့နောက် ခေါင်းကို မော့ကာ ကိုရီးယား သီချင်းတစ်ပုဒ် ကို ကောက် ဆိုတော့သည်။ ခရစ္စနှင့် လော်ရာတို့က နားစိုက်ထောင်နေရင်း တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ သီချင်းသွား ကို နားမလည်သော်လည်း အဆင့်အတန်းမြင့်သော သီချင်းတစ်ပုဒ်မှန်းတော့ ခန့်မှန်းမိကြ သည်။ အသံသြဇာ ကလည်း အလွန်ကောင်းသည်။ နှလုံးသားထဲ ထိုးဖောက်စိမ့်ဝင်သွားနိုင်သော အသံမျိုး။ မောင်… ဒီကလေး ဟာ အလကားကလေးလား… မောင်။

လော်ရာက ရင်ထဲ လှိုက်တက်လာပြီး အော်ပြောလိုက်ချင်စိတ်ပင် ပေါက်လာမိသည်။ သို့သော် သူမက စိတ်ကိုထိန်းကာ ငြိမ်၍ ဆက်နားထောင်နေသည်။သီချင်းဆုံးသွားသောအခါ လော်ရာက ပြောသည်။
"သိပ်ကောင်းတဲ့ အသံပဲကွယ်။ ကျေးဇူးတင်ပါတယ်…ခရစ္စတိုဖာ"
ခရစ္စက ဘာမှမပြောဘဲ ငြိမ်နေတာမြင်ရတော့ လော်ရာက… "ကဲ… တို့ ဆက်နားထောင်ပါရစေဦး ကွယ်" ဟု ပြောမည် စိတ်ကူးနေတုန်း ခရစ္စက ရုတ်တရက် ပြောလိုက်သည်။
"အမေရိကန် သီချင်းတစ်ပုဒ်လောက် ဆိုပြပါလား… ခရစ္စတိုဖာ"
ခရစ္စတိုဖာက ဆုတ်ဆိုင်းခြင်းမရှိဘဲ "အို… ဆုံးစမထင် လှပသော မိုးအာကာခွင်" ဟူ၍ စတင်ဆိုလေ သည်။
သူက သီချင်းတစ်ပုဒ်လုံး ဆက်ဆိုသွားသည်။ ခရစ္စက ကားမောင်းရင်းမှ ဂရုစိုက်၍ နားထောင်နေ သည်။ သူ့မျက်လုံးများက ရှေ့တည့်တည့် အဝေးဆီမှ နှင်းဆာင်းတောင်တန်းများဆီသို့ ရောက်နေ သည်။ သီချင်းဆုံးသော အခါ ခဏ ငြိမ်နေပြီးတော့မှ သူက ပြောသည်။

"အဲဒီသီချင်း တော်တော်ကောင်းတယ်။ ဒီသီချင်း ကလေးရတာ ဝမ်းသာပါတယ်"
နောက်ပိုင်း ဆယ်မိုင်ခရီး တစ်လျှောက်လုံး တစ်ယောက်မျှ စကားမပြောကြ။ သီချင်းလည်း ဆက်မဆို တော့။
နောင်ဆုံးတွင် လျှောစီးကွင်းရှိရာ တောင်ကမ်းပါးယံသို့ ရောက်လာကြသည်။ ကားပေါ်မှ ဆင်းကြပြီး လျှောစီးခြေနင်း များ တပ်ဆင်ကြသည်။
"ကလေးက တို့နှစ်ယောက် ကြားကစီး… ဟုတ်လား။ လော်ရာက ရှေ့ကသွား။ ငါက နောက်ဆုံးက လိုက်မယ်။ လိုအပ်ရင် ချော်ထွက်သွားတဲ့ ခြေနင်းတွေ ဘာတွေ ကောက်နိုင်အောင်ပေါ့"
ခရစ္စ ကိုယ်သိုင်းကြိုးနှင့် အခြားပစ္စည်းများကို ဂရုတစိုက် စစ်ဆေးကြည့်ရှု့သည်။ သူက ခရစ္စတိုဖာ ကလေးအတွက် အတွင်းကျိတ် စိုးရိမ်နေသည်မှာ ထင်ရှားသည်။
"ကလေးက အလှည့် ကျွမ်းကျင်ပါတယ်… နော်။ အန်တီ့နောက်ကသာ လိုက်သွားပါ။ ကိုင်း… တို့ စထွက်ကြ မယ်…" ဟု ခရစ္စက ပြောသည်။

သူတို့သည် ဆင်ခြေလျှောအတိုင်း တောင်ထိပ်မှ တောင်အောက်သို့ စီးဆင်းလာကြ သည်။ လော်ရာ က နောက်သို့ လုံးဝလှည့်မကြည့်ရဲ။ ဆင်ခြေလျှော အောက်ခြေသို့ ရောက်တော့ အရှိန်လျှော့ ကာ နောက်သို့ ပြန်လှည့်ကြည့်လိုက်သည်။
ခရစ္စတိုဖာကလေးသည် သတိကြီးစွာ ကျွမ်းကျင်စွာဖြင့် တောင်ထိပ်ပေါ်မှ ကွေ့လိုက် ကောက်လိုက် စီး ဆင်းလာ သည်။ ခရစ္စကလည်း သူ့နောက်မှ အရှိန်နှင့် လိုက်ဆင်းလာသည်။
နောက်ဆုံးတော့ သုံးယောက်သား တောင်ခြေရင်းတွင် ဆုံကြသည်။ သူတို့မျက်နှာတွေက နှင်းရိုက်ပြီး နီရဲနေကြ သည်။ သူတို့အလွန်ပျော်နေကြသည်။

ခရစ္စက ခရစ္စတိုဖာကလေး၏ပခုံးကို လက်နှင့် အသာပုတ်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက် သည်။
"ကလေး တစ်နေ့မှာ လျှောစီချန်ပီယံ ဖြစ်လာနိုင်တယ်" "ကျေးဇူးတင်ပါတယ်… ဖေဖေ"
သူတို့မျက်လုံးချင်း ဆုံကြသည်။ ခရစ္စက ကြည်နူးသွားမိသည်။ စိတ်ထဲက မလုံမလဲဖြစ်သွားသလို လည်း ခံစားရသည်။ ခရစ္စတိုဖာကလေးကတော့ မပြုံးမရယ်နှင့် တည်တည်ငြိမ်ငြိမ်။ နောက်ဆုံးခရစ္စ က ပြောလိုက်သည်။ "အိုကေ… ကဲ… အတက်ခရီး တစ်ကျော့ ပြန်ကျော့လိုက်ကြဦးစို့"

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, September 16, 2012

မောင်ပေါ်ထွန်း ဘာသာပြန် ရေမြေခြားသော်လည်း, အပိုင်း (၂၄)

ပြဿနာ တစ်ရပ်ကြုံလာလျှင် ကိုယ်နှင့်ဘာမှ မဆိုင် သလို ဘေးချိတ်ထားလိုက်ပြီး ခေါင်းအေးအေးဖြင့် အဖြေ ရှာကာ အချိန်တန်ပြီဟု ယူဆသော အခါတွင်မှ ဆုံးဖြတ်ချက်ချတတ်သူဖြစ် သည်။ သူက လော်ရာ၏ ရှည်လျားသော အကြောင်းပြချက်များကို စိတ်မရှည်။ သူသည် နေရာတကာ တွင် ကျိုးကြောင်း ညီညွတ်သော ဆင်ခြင်တုံတရား ကို လက်မခံ။ သူ၏ပင်ကို ခံစားချက်ကို အဓိက ထားပြီး တစ်ပါးသူ၏စကားကို နားထောင် သည်။ အချက်အလက် စုသည်။ ပြီးတော့ ဆုံးဖြတ်ချက်ချ သည်။ သူ့ဆုံးဖြတ်ချက်များကို အမြဲတမ်းလိုလို မှန်ကန်နေတတ်ကြောင်းကိုလည်း သူမ အကြိမ်ပေါင်း များစွာ တွေ့မြင်ခဲ့ရပြီးပြီ။ ထို့ကြောင့် ယခုကိစ္စတွင်လည်း သူ ဆုံးဖြတ်ချက် ချသည့် အချိန်အထိ စောင့် ရန်သာ ရှိတော့သည်။

ခရစ္စ၏ထိုးထွင်းဉာဏ် ဘယ်လောက်ထိ အစွမ်းထက်ကြောင်းကို ယနေ့ညတွင် ထင်ထင် ရှားရှား မြင်ရ တော့ မည်။ ပရိသတ်အား ဘာတွေပြောမည်ဆိုတာကို သူ သေသေချာချာမှ ကြိုတင် စိတ်ကူးထားပြီး ပါ ရဲ့လား ဟူ၍ လော်ရာက စိုးရိမ်မိသည်။ သို့သော် ကိစ္စမရှိ။ ပူစရာမရှိ။ သူ့အကြောင်း သူ အသိဆုံး။
သူက ပရိသတ်ရှေ့တွင် မတ်တတ်ရပ်ပြီး ပရိသတ်ကို အကဲခတ်မည်။ ပရိသတ် ဘာကြိုက်မည်ဆိုတာ ကို လေ့လာမည်။ ထို့နောက်တွင်မှ သူ့ခံစားချက်နှင့် သူ့ဗဟုသုတ အတွေ့အကြုံတွေကို အကွက်စေ့စေ့ ဖြင့် ကရားရေသွန် ဟောပြောသွားလိမ့်မည်။

ဤသည်ကား သူ၏နည်းဗျူဟာ…။
သူသည် ပြည်နယ်အုပ်ချုပ်ရေးမှူးကောင်းတစ်ဦးဖြစ်လာနိုင်သည်ဟူသော အချက်ကို လော်ရာက အကြွင်းမရှိ လက်ခံသည်။ တစ်နေ့သောအခါတွင် ကြီးကျယ်သော သမ္မတကြီးတစ်ဦးပင် ဖြစ်လာနိုင်သေးသည်ဟုလည်း အလေး အနက် ယုံကြည်ထားသည်။ နောက် တစ်နေရီခန့်အကြာတွင် သူတို့အားလုံး ဟောပြောပွဲ ခန်းမကြီးထဲ သို့ ရောက်နေကြပြီ။ ခန်းမကြီး တစ်ခုလုံး ပရိသတ်တွေ ပြည့်လျှံနေသည်။ ပန်းဆွဲမီး ပဒေသာများဖြင့် ထိန်ထိန်လင်းနေသည်။
လော်ရာ က သူမဘေးတွင် ထိုင်နေသော မစ္စတာ ဟင်နရီအလန်အား မသိမသာ စောင်းငဲ့၍ အကဲခတ် လိုက်သည်။ အဘိုးကြီးသည် အတော်ကလေး နွမ်းနယ်နေပုံရသည်။
"ဘယ်လိုနေမယ် ထင်သလဲ… အန်ကယ်" လော်ရာ က နှစ်ကိုယ်ကြား လေသံဖြင့် မေးလိုက်သည်။

"အို… စိတ်ချစမ်းပါ။ သူ ကောင်းကောင်းပိုင်ပါတယ်။ ဟောပြောပွဲတွေ ဒီလောက် ဆက်တိုင်လုပ်နေတာ ကျုပ်ဖြင့် ဖတ်ဖတ် ကို မောနေတာပဲ။ ဒါပေမဲ့… သူကတော့ နည်းနည်းကလေးမှ မဖြုံဘူး။ လူငယ်တစ် ယောက် လို မြူးကြွသွက်လက်နေတယ်။ ကြည့်ပါလား။ ကျုပ်ပြောတာ မဟုတ်ဘူးလား။ ဘယ်လောက် ကို တက်ကြွနေသလဲဆိုတာ။ တကယ်တော့ သူ့ကို ဘယ်သူမှတားလို့ မရနိုင်ပါဘူး လော်ရာ"
သူ့ကို ဘယ်သူမှ မတားနိုင်ဘူးဆိုပါလား။ ဟုတ်ပါ့မလား။ တစ်ယောက်ယောက်ကများ တီးတိုးစကား တစ်ခွန်းလက်ဆင့်ကမ်းလိုက်ရင် ဘယ်လိုဖြစ်သွားမလဲ။ ဒါမှမဟုတ် လူပုံအလယ်မှာ အရှက်တကွဲ အကျိုး နည်းအောင် မေးခွန်းထုတ်လိုက်ရင် ဘယ်လိုလုပ်ပါ့မလဲ။

သည်အတွေးကြောင့်  လော်ရာ့ရင်ထဲတွင် ဆို့ကျပ်လာမိသည်။ သို့ပေမဲ့ သူမက ဣနြေ္ဒအပြည့်ဖြင့် ဟန် မပျက် ငြိမ်ငြိမ် ထိုင်ကာ ပရိသတ်ကို စောင့်ကြည့်နေသည်။ ဂီတသံကို နားစွင့်နေသည်။
ဘားမင်း ဘက်သို့ လှည့်ကြည့်လိုက်သည်။ သူလည်း သူမလိုပင် ရန်ခုန်နေလိမ့်မည်ဟု တွေးမိသည်။ သူက ခရစ္စဘေးတွင် ကပ်ထိုင်နေသည်။ မျက်နှာက တည်သည်။ သို့သော်လည်း ပရိသတ်ထဲမှ လှုပ် လှုပ်ရွရွမြင်တိုင်း သူ့ အမူအရာ ဂနာမငြိမ် ဖြစ်ဖြစ်သွားသည်ကို လော်ရာ အကဲခတ်မိသည်။
အကယ်၍သာ ယနေ့ညတွင် ပရိသတ်ထဲမှ တစ်ယောက်ယောက်က ထရပ်ပြီး ခရစ္စ၏အဓိက လျှို့ဝှက် ချက်ကြီး ကို ဖော်ထုတ်လိုက်မည်ဆိုလျှင်တော့… ဆိုလျှင်တော့… သွားပြီ…သွားပြီ… အားလုံး ရေစုန် မျှောပြီး အရက်ရက် အလလ က ကြိုးစားခဲ့သမျှ လူအား၊ ငွေအား အားလုံး ဆုံးရှုံးပြီး ဆုံးရှုံးပြီ။

"ဒီနေ့ည ကျုပ်တူမကြီး တယ်… ငြိမ်ချက်သား ကောင်းနေပါလား။ သိပ်ပြီး အတွေးနက်နေတယ် ထင် တယ်"
မစ္စတာ ဟင်နရီအလန်က တိုးတိုးပြောသည်။
"ဒါပေါ့… အန်ကယ်။ ဒီလိုပွဲမျိုးကို အတွေးမနက်တဲ့လူ ရှိပါ့မလား။ သိပ်ပြီး အရေးကြီးတဲ့ပွဲဆိုတော့ တာဝန်လည်း သိပ်ကြီးတာပေါ့" “သိပ်မပူပါနဲ့လေ။ ကိုယ့်လူကောင်းကောင်းကိုင်နိုင်ပါတယ်။ ဘယ်သူလဲမသိ တစ်ယောက်ပြော ဖူး တယ်။ ဘယ်နေရာမှာ တွေ့မိသလဲဆိုတာ ကျုပ်မမှတ်မိတော့ဘူး။ ပါရမီဆိုတာ အတိုင်းမသိဖန်ဆင်းရှင်တဲ့။ အရာခပ်သိမ်း ကို စိတ်တိုင်းကျဖန်တီးနိုင်တယ်တဲ့။ ကျုပ်တို့လူမှာ အဲဒီစွမ်းရည်ရှိပါတယ်”
“တကယ်လို့များ သူ ရှုံးသွားရင်ဘယ်လိုများနေလိမ့်မလဲ။ ကျွန်မတွေးပြီး ကြောက်နေမိတယ် အန်ကယ်လ်”
သည်အချက် သည် အလုံးစုံ မမှန်ဆိုသည်ကို သူမချက်ချင်းသတိပြုလိုက်မိသည်။ အကယ်၍ ခရစ္စသည် သာမန်ပြည်သူ တစ်ယောက်အဖြစ် ပြန်ရောက်သွားခဲ့လျှင် ခရစ္စတိုဖာကလေးသည် အိမ်သို့ရောက် လာပေလိမ့် မည်။ သို့သော် ဘယ်တော့မှ သာမန်ပြည်သူ တစ်ယောက်မဖြစ်ခဲ့သော ခရစ္စသည် သာမန်ပြည်သူ ဘယ်လိုဖြစ် လာနိုင် ပါမည်နည်း။

“သူ နိုင်မှာ သေချာပါတယ်” အဘိုးကြီးက အလေးအနက်ပြောသည်။ “ဒီအချက်ကိုတော့ သံသယမဖြစ်ပါနဲ့”
“မမျှော်လင့်တာတွေဆိုတာ ဖြစ်လာတတ်သေးတာပဲ.. အန်ကယ်လ်” သူမက သူမတွေးကြောက်နေသော ပြဿနာကို အဘိုးကြီးအား ပြောပြလိုက်ချင်စိတ်ပင် ဖြစ်ပေါ်မိသည်။
“ခရစ္စအနေ နဲ့ က မဖြေရှင်းနိုင်တဲ့ ပြဿနာဆိုတာ မရှိပါဘူးလော်ရာ။ ပြည်သူတွေကလည်း အားလုံးနီးပါး သူ့ဘက် ပါနေကြပြီ။ မဲဆွယ်ဟောပြောပွဲတွေမျာလည်း သူက အကြီးအကျယ်အောင်မြင် ခဲ့တယ်။ ပြည်နယ်တစ်ဝန်းလုံးက မြို့တိုင်းမြို့တိုင်း အနည်းဆုံးသုံးကြိမ်လောက်စီ ခရီးထွက်ခဲ့တယ်။ သူက ရောက်လေရာ မှာ လူထုကို သူ့ဘက်ပါအောင် ဆွဲဆောင်နိုင်တာချည်းပဲ။ ပြည်သူတွေကလည်း သူ့ကို ယုံကြည်တယ်။ သူဘယ်နေရာမှာ ရပ်နေတယ်ဆိုတာ သူတို့က နားလည်ကြတယ်။ လက်ရှိပြည်နယ် အုပ်ချုပ်ရေးမှူး နဲ့ ယှဉ်ပြိုင်နိုင်တဲ့လူဆိုလို့ သူတစ်ယောက်ပဲရှိတယ်”
အဘိုးကြီး က ခေတ္တစဉ်းစားပြီးတော့မှ ဆက်ပြောသည်။

“သူလုပ်ပုံကိုင်ပုံတွေကို မင်းသတိာထားပြီး လေ့လာကြည့်မိရဲ့လား။ သူ့မှာ ဖန်တီးနိုင်စွမ်းတဲ့ အနုပညာရှင် တစ်ယောက် ရဲ့ နည်းပညာတွေရှိတယ်။ နည်းပညာဆိုတာ မဟုတ်သေးဘူး။ အခြေခံစွမ်းရည်ဆိုမှ ပို မှန်လိမ့်မယ်။ သူက အစဉ်အလာသမားလည်း မဟုတ်ဘူး။ ခေတ်လည်းအလွန်မီတယ်။ ပန်းချီ အနုပညာရှင် တစ်ယောက် ဟာ သူ့ပန်းချီကားကိုသူ ဘယ်လိုဆွဲမယ်ဆိုတဲ့ ရည်ရွယ်ချက်မပါပဲ စဆွဲတယ်။ အလားတူပဲ စာရေးဆရာ တစ်ယောက်ကလည်း သူ့စာအုပ်ကို ဘယ်လိုစာရေးမယ်ဆိုတဲ့ ရည်ရွယ်ချက်မပါပဲ စရေးတယ်။ ဒါပေမဲ့ သူရရှိထားတဲ့ အခြေခံကုန်ကြမ်းပေါ်မှာ ကြည့်ပြီး စီမံကိန်းချသွားတယ်။ အဒြီနောက်တော့ ဖန်တီးမှု ဆိုတာ ပေါ်လာတယ်။ ဒါဟာ ခရစ္စရဲ့ လုပ်နည်းလုပ်ဟန်ပဲ။ သူဟာ လူသားတွေ၊ စိတ်ကူးချက်တွေနဲ့ အလုပ် လုပ်သွား တယ်။ အဲဒါတွေအားလုံး သူ့ပတ်ဝန်းကျင်မှာ ရှိကြတယ်။ သူကြည့်တယ်။ နားလည်အောင်ခံစားတယ်။ ပြီးတော့ အသုံးချတယ်။ အဲဒီမှာ ဖန်တီးမှုဆိုတာ ဖြစ်ပေါ်လာတယ်။ ဒီတော့...”
စကားကောင်းနေ တုန်း ဘားမင်းရောက်လာပြီး မစ္စတာဟင်နရီအလန်၏ နားဝသို့ ကပ်၍ တိုးတိုးပြောသည်။

“ကိုယ်စားလှယ်လောင်းကို ပရိသတ်နဲ့ မိတ်ဆက်ပေးဖို့ အချိန်ရောက်ပါပြီ ခင်ဗျား၊ ဆယ်မိနစ်အချိန်ပေးပါ့မယ်”
အဘိုးကြီးက ထိုင်ရာ မှ ထရပ်လိုက်ပြီး  “ကျုပ် အဲဒီလောက်အချိန်မယူချင်ဘူး” “ယူသာယူပါ ခင်ဗျား၊ ယူသာယူပါ” ဘားမင်း က တိုးတိုးထပ်ပြောသည်။
“ကိုယ့်လူ ကို မိုးထိအောင် တင်ပေးလိုက်စမ်းပါ။ ပရိသတ်က မျှော်နေပြီ”
ကျယ်ဝန်းသော ခန်းမဆောင်ကြီးထဲတွင် ပရိသတ်တွေ ကုလားထိုင်ရွှေ့ရင်း လှုပ်လှုပ်ရွရွ ဖြစ်နေကြသည်။ စားပွဲထိုး များက ပန်းကန်ခွက်ယောက်များ ကမန်းကတန်းလိုက်သိမ်းကာ စားပွဲတွေကို ရှင်းနေကြသည်။

မီးပနိးုင်း နှစ်ဆယ့်သုံးခုမှ အလင်းရောင်အောက်တွင် စိန်ရွှေရတနားများနှင့် ပိုးဖဲကတ္တီပါများ တလက်လက် အရောင်တောက်နေကြသည်။
တီးဝိုင်း မှ ရဂီတသံ ငြိမ့်ညောင်းညင်သာစွာ ပေါ်ထွက်နေသည်။
မစ္စတာ ဟင်နရီအလန် သည် စကားပြောခုံရှေ့တွင် ရပ်လိုက်သည်။ ဂီတသံများ တိတ်သွားသည်။ ကြည်လင်ပြတ်သား ၍ သြဇာအပြည့်ပါသော အသံသည် အခန်းတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
“မိတ်ဆွေများခင်ဗျား၊ ကျွန်တော်တို့အားလုံးနဲ့ တစ်မြေတည်းနေ တစ်ရေတည်းသော် ပုဂ္ဂိုလ်တစ်ယောက် လည်း ဖြစ်တဲ့၊ ကျွန်တော်တို့မြို့က ကျွန်တော်တို့ပြည်နယ်က ထင်ရှားကျော်ကြားတဲ့ မိသားစုတစ်ခု က မွေးဖွားလာ တဲ့ ပုဂ္ဂိုလ်တစ်ယောက်လည်းဖြစ်တဲ့ ကျွန်တော်လို့ လူမျိုးရဲ့ အစဉ်အလာအရ မွေးဖွားလာပြီး ကျွန်တော် တို့ လူမျိုးရဲ့ အစဉ်အလာအတိုင်း ပညာသင်ကြားလာခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်လည်းဖြစ်တဲ့ မစ္စတာ ခရစ္စတိုဖာဝင်းတား အကြောင်း ကို ပရိသတ်ရှေ့မှောက်မှာ အခုလိုပြောခွင့်ရတဲ့အတွက် ကျွန်တော် အများကြီး ဂုဏ်ယူပါတယ်။ ဝမ်းလည်းသာပါတယ်၊” အဘိုးကြိး က မဆိုးဘူးပဲဟု လော်ရာက မှတ်ချက်ချလိုက်သည်။

ဟင်နရီအလန်က အေးအေးဆေးဆေးနှင့် တည်တည်ငြိမ်ငြိမ်ဆက်ပြောသွားသည်။
ခရစ္စ သည် သတ္တိရှိသော လူပျော့တစ်ယောက်ဖြစ်ကြောင်း၊ ပြဿနာတစ်ရပ်ကို အရင်းအမြစ်ကျကျ ချဉ်းကပ်ပြီး အဖြေမှန် ကိုရအောင် နှိုက်ယူတတ်သူဖြစ်ကြောင်းတို့ကို အကွက်မိမိပြောသွားသည်။
ထို့နောက် ခရစ္စ၏ ကလေးဘဝ။ လူငယ်ဘဝ။ ဟားဗတ်တက္ကသိုလ်ကျောင်းသားဘဝတွင် ထူးချွန်ခဲ့ ပုံ။ ရှေ့နေပေါက်စအတွေ့အကြုံ များကို ဆက်ပြောသည်။
တစ်ဖန်... ခရစ္စ သည် စိတ်ဓာတ်မြင့်မြတ်သူဖြစ်ကြောင်း၊ ဥာဏ်ပညာထက်မြက်ကြောင်း၊ လူတိုင်းအတွက် မိတ်ဆွေကောင်း တစ်ယောက်ဖြစ်ကြောင်း၊ အကျင်စာရိတ္တကောင်း၍ အကြင်နာတရားရှိသူဖြစ်ကြောင်း၊ စိတ်ကူးစိတ်သန်း ကို လက်တွေ့အကောင်အထည်ဖော်နိုင်စွမ်းသူဖြစ်ကြောင်း...။

“ကိုင်း ကျွန်တော်ပြျောင်တာကတော့ ဒါလောက်ပါပဲ။ မစ္စတာ ခရစ္စတိုဖာဝင်းတား ဟာ ရှေ့နေကျော် တစ်ယောက်အဖြစ်နဲ့ ကျွန်တော်တို့မြို့မှာ တာဝန်ထမ်းဆောင်ခဲ့ပြီးပါပြီ။ အခုသူက အဲဒီထက်ပိုလို့ ကြီးမား ကျယ်ပြန့်တဲ့ တာဝန် ကို ထမ်းဆောင်ပါရစေလို့ တောင်းခံနေပါပြီခင်ဗျား”
မစ္စတာဟင်နရီအလန် က စကားပြောခုံဘေးသို့ထွက်ရပ်လိုက်သည်။
ခရစ္စက ရှေ့ သို့လျှောက်လာသည်။ တက်ကြွသော ကိုယ့်ကိုယ်ကိုယ်ယုံကြည်သော၊ ဝင့်ဝါခြင်းကင်းသော၊ ဂုဏ်ယူသော အမူအရာအပြည့်ဖြင့်..။
လက်ခုပ်သံ များ တစ်ခန်းလုံးညံသွားသည်။ ပန်းဆွဲမီးဆိုင်းများပင် လှုပ်ခါသွားသလား ထင်မှတ်ရသည်။
သူက သူ၏ လူတိုင်း စွဲမက်သော အပြုံဖြင့်ပြုံးကာ လက်ခုပ်သံစဲသည်အထိစောင့်နေလိုက်သည်။

ထို့နောက်တွင်တော့...
တည်ငြိမ်လေးနက်သော အားမာန်ရှိသော အသံဖြင့် စတင်ဟောပြောတော့သည်။

“လေးစားအပ်သော မိတ်ဆွေများခင်ဗျား”
လော်ရာက ရင်တဖိုဖိုဖြင့် နားထောင်နေရာမှ ကျိတ်ပြီးမှတ်ချက်ချလိုက်သည်။
ဒီမိန့်ခွန်း ဟာ သူပြောခဲ့သမျှတွေထဲမှာ အကောင်းဆုံး၊ အလေးနက်ဆုံးမိန့်ခွန်းဖြစ်မှာပဲ။
မြို့တွင်းရှိ ခရစ္စ ၏ ရုံးခန်းထဲတွင် လူတွေတရုန်းရုန်းနျင့် ဂနာမငြိမ်ဖြစ်နေကြသည်။ အချိန်က သန်းခေါင်ကျော် သွားပြီ၊ ဌာနချုပ်သို့ မဲဆန္ဒတွေ တစ်သုတ်ပြီးတစ်သုတ်ဝင်လာနေသည်။
အရုဏ်တက်ချိန် တွင် မဲအားလုံးရေတွက်ပြီးသွားသည် မဲဆန္ဒရှင်ငါးသန်းခွဲကျော် ရှိသည့်အနက် လူပေါင်း ခုနစ်သောင်းငါးထောင် တို့က ခရစ္စအားမဲပေးကြသည်။
ပြည်နယ်အုပ်ချုပ်ရေးမှူးရွေးကောက်ပွဲ တွင် ခရစ္စက ပြိုင်ဘက်များအား အပြတ်အသတ်နိုင်လိုက်ပြီ။
“ဂုဏ်ယူပါတယ်..ပြည်နယ်အုပ်ချုပ်ရေးမှူး ခင်ဗျား”
ဘားမင်း က အသံသြသြကြီးဖြင့် အော်ပြောလိုက်သည်။

“ဂုဏ်ယူပါတယ်ခင်ဗျား”
“ဂုဏ်ယူပါတယ်ခင်ဗျား”
သူ့ပတ်ပတ်လည် တွင် လူတွေဝိုင်းနေကြသည်။ သူက ၄င်းတို့ကို ပြုံးပြသည်။ သူတော်တော်ပင်ပန်းနေပြီ။ သည်အချက် ကိုလောရာက အကဲခတ်မိသည်။ သို့သော်လည်း သူပျော်နေသည်။ သူ့အနားသို့လာသမျှ လူတွေနှင့် ဝမ်းသာအားရလက်ဆွဲနှုတ်ဆက်နေသည်။ သူအောင်နိုင်ရေးအတွက်လုပ်ကိုင်ပေးခဲ့ကြသော ရုံးအမှုထမ်းများနှင့် မဲဆွယ်ရေး တာဝန်ခံများ၏ ပျော်မြူးအော်ဟစ်သံများဖြင့် ဆူညံနေသည်။
လော်ရာ က ခပ်လှမ်းလှမ်းတွင် ရပ်ကာသူတို့ကို ပြုံးကြည့်နေသည်။
အားလုံး ဂုဏ်ပြုနှုတ်ဆက်ပြီးသွားသောအခါတွင်မှ သူမက ခရစ္စအနီးသို့ အေးအေးသက်သာ လျှောက်သွားပြီး ပါးပြင် ကို နမ်းရှုပ် ၍ ဂုဏ်ပြုလိုက်သည်။

“မောင်တော့ တကယ့်ကိုအောင်မြင် တဲ့ ပြညနယ်အုပ်ချုပ်ရေးမှူးတစ်ယောက်ဖြစ်လာမှာပဲ မောင်”
အိပ်ခန်းထဲ မှ ခုတင်ပေါ်တွင် လှနြေသည်။ လဝင်သွားတာလား။ တိမ်ဖုံးသွားတာလား။ သူမ မသိ။ အခန်းထဲ တွင် လရောင်ဖွေးဖွေးပျောက်ကွယ်သွားသည်ကိုသာ သမသတိပြုမိသည်။ သူမသည် လမင်းကြီးကို ကြည့်ပြီး စိတ်ကူးနေရသည်ကို အလွန်သဘောကျသည်။ လရောင်သည် အေးမြ၍ စိတ်ကူးစိတ်သန်းကို နှိုးဆွပေးသည်။ ယခင်က ဆိုလျှင် အိပ်ရာပေါ်တွင် လှဲရင်း ပြတင်းပေါက်မှမြင်ရသော လမင်းကြိးကိုကြည့်ကာ မကြာခဏ စိတ်ကူးစင်္ကြာဖြန်ခဲ့ ဖူးသည်။ ယခုတော့ လမင်းကြီးကို အေးအေးဆေးဆေး မကြည့်ရသည် မှာ တော်တော်ကြာခဲ့ပြီ။
ရွေးကောက်ပဲကြီးပြီး သွားပြီးနောက် ယနေ့ညတွင် ခရစ္စအနေဖြင့် ကိုယ်ရောစိတ်ပါ တော်တော်နွမ်းနယ် သွားသည်။ သတင်းထောက်တွေ ဝိုင်းလာပြီး မေးခွန်းတွေ အမျိုးမျိုးထုတ်ကြသည်။

“ကိုယ့်ဆရာတို့ ဒီနေ့တော့ တောင်းပန်ပါတယ်။ ကျွန်တော်တော်တော့်ကို ပင်ပန်းနေလို့ပါ။ မနက်ဖြန်မှပဲ ဆုံကြ တာပေါ့။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်နော်ဘယ်လိုပြောရမှန်းလည်း မသိသေးပါဘူး။ ကျွန်တော်စဉ်းစားပါရစေဦး။ တစ်ညလောက် စဉ်းစားကြည့်ပါရစေဦး”
သူက ရယ်ရယ်ပြုံးပြုံးဖြင့် တောင်းပန်းစကားဆိုကာ လော်ရာ့ကိုလက်ဆွဲပြီး ရုံးခန်းထဲမှ ထွက်လာခဲ့သည်။
အိမ်ရောက်တော့ အိမ်ရှေ့တံခါးကို သော့ခတ်လိုက်သည်။ သူယိုင်လဲတော့မလို ဖြစ်သွားသဖြင့် လော်ရာက ကမန်းကတန်းဖေးမ ထားလိုက်ရသည်။
“ရပါတယ်။ ရပါတယ်။ ငါဘာမှမဖြစ်ပါဘူး။ ငါ့ကို ဘယ်သူမှ မတိုက်ခိုက်နိုင်ပါဘူး... လောရာ။ ငါကသာ တိုက်ခိုက်မှာပါ” ထို့နောက်သူတို့နှစ်ယောက် အပေါ်ထပ်သို့ တက်လာခဲ့ကြသည်။ လော်ရာက အဝတ်အစား လဲပြိး အိပ်ရာပြင်နေစဉ် ခရစ္စက ရေချိုးခန်းဝင်ကာ ရေချိုးနေသည်။ ခဏကြာတော့ ပြန်ထွက်လာပြီး အိပ်ခန်းထဲ ဝင်ကာ အိပ်ရာပေါ်တါင် တစ်ကြိုးတည်း လှအြိပ်လိုက်တော့သည်။

မကြာမီတွင်ပင် သူအိပ်ပျော်သွားလေသည်။ လော်ရာက သူ့ခုတင်နားမှ ထွက်လာပြိး အလယ်ခန်းခွဲတံခါးကို အသာအယာပြန်ပိတ်လိုက်သည်။
သူမ မအိပ်ချင်သေး၊ ရေချိုးခန်းထဲ ဝင်ပြီး ရေချိုးပစ်လိုက်သည်။ အဝတ်အစားလဲပြီး ဆံပင်ဖြီးသည်။ ပြီးတော့ အိပ်ရာပေါ်ခြေပစ်လက်ပစ်လှဲလိုက်သည်။
မီးထွန်း မထား၍ တစ်ခန်းလုံး မှောင်မည်းနေသည်။ အိပ်၍မပျော်။ မျက်လုံးတွေကြောင်နေသည်။ စိတ်ကူးတွေ ကလည်း ပြန့်လွင့်နေသည်။
ရွေးကောက်ပွဲကြီးတော့ အနိုင်ရခဲ့ပြီ။ နောက်ထပ်ဘာလုပ်စရာတေါ ကျန်ပါသေးသနည်း။ အောင်မြင်မှုသည် သူတို့ လင်မယားအတွက် ဘယ်အတိုင်းအတာအထိ အကျိုးရှိပါနည်း။ ဘယ်လိုအကျိုးတွေရှိပါသနည်း။

ဟင်နရီအလန်ပြောသော စကားကို ရုတ်တရက်သွား၍ သတိရသည်။
ခရစ္စက အနုပညာရှင်တစ်ယောက်ဟာ သူ့ရဲ့ အခြေခံ ကုန်ကြမ်းပေါ်မှာကြည့်ပြိး ပုံပေါ်အောင် ဖော်ဆောင် သွားတယ်တဲ့။ ဟုတ်တယ်။ အဘိုးကြိးပြောတာ မှန်တယ်။ ငါ့အနေနဲ့ အချိန်ရောက်အောင်စောင့်နေရမယ်။ ခရစ္စမတ်ရက်ကုန်အထိ စောင့်နေရမယ်။ ကလေးနဲ့ အားလုံးဆုံကြတဲ့အခါ ဘာလုပ်သင့်တယ်ဆိုတာ ခရစ္စက သိ လိမ့်မယ်။ အခြေအနေကို ကြည်ပြီး သူ ဆုံးဖြတ်လိမ့်မယ်။ တကယ်တော့ သူ့ဘဝဟာလည်း ငါ့ဘဝပါပဲ။ သူ့ပြဿနာ ဟာ လည်း ငါ့ပြဿနာပါပဲ။
သည် အတွေးကြောင့် သူမရင်ထဲမတွင် အေးငြိမ်းသွာသည်။ မကြာမီတွင် သူမအေးငြိမ်းစွာ အိပ်ပျော် သွားတော့ သည်။
.................................................................................................................................
“သူ့အခြေအနေအလွန်ကောင်းပါတယ်။ ပတ်ဝန်းကျင်နဲ့လည်းအဆင်ပြေအောင် နေတတ် တယ်”
ဒေါက်တာ  ဘားလက်က ပြောသည်။
သူတို့သည် ခရစ္စတိုဖာကလေးအလာကို ဧည့်ခန်းဆောင်တွင် ထိုင်စောင့်နေကြသည်။ ခခရစ္စမတ်ကျောင်းပိတ် ရက်သည် တမြန်နေ့ကပင် စခဲ့သည်။ ကျောင်းသားတွေ အားလုံး လိုလို ပင် ပြန်ကုန်ကြပြီ။ ကျောင်းကြီး တစ်ခုလုံး တိတ်ဆိတ် လျှက်ရှိသည်။
အပြင်ဘက်တွင်ဆီးနှင်းတွေ တဖွဲဖွဲကျနေသည်။ မွဲပြာရောင်ကောင်းကင်နောက်ခံဖြင့် ဆွတ်ဆွတ်ဖြူနေသော ဆီးနှင်းတိမ်လွှာ များ လေထဲ တွင် တလိပ်လိပ်မျောနေကြသည်။
“သူ အရုပ်ကလေးတွေ နဲ့ အလုပ်ရှုပ်နေတယ်နဲ့ တူပါရဲ့”
ဒေါက်တာဘားလက် က ပြောသည်။

“အရုပ်ကလေးတွေ ဟုတ်လား”
လော်ရာက ပြန်မေးသည်။
“ဟုတ်ပါတယ်။ ဒီကလေးက ဗီဇရှိတဲ့ကလေးပဲ မစ္စက်ဝင်းတာ ကျုပ်က သူ့ကို ဘာသာရပ်တိုင်းမှာ ကြိုးစားစေ ချင်တယ်။ ဒါပေမဲ့သူက အမေအမြန်းသိပ်မရှိပါဘူး။ ဥာဏ်တော်တော်ကောင်းတဲ့ ကလေးပဲ။ သုံးလေးလအတွင်း မှာပဲ အံ့သြလောက်အောင် တိုးတက်လာတာတွေ့ရတယ်။

“တခြားကလေးတွေက သူ့ကို သဘောကျပါရဲ့လား” ခရစ္စက ဖြတ်မေးသည်။
“သူခင်တဲ့ ကလေးတွေက သူ့ကို သိပ်ပြီး ခင်ကြပါတယ်။ တခြားကလေးတွေကတော့ သူ့ကို လေးစားကြတယ်။ သူကတော်တော် လည်း နေတတ်ထိုင်တတ်တဲ့ ကလေးပါ။ ဒါနဲ့ စကားမစပ်.. အဲလေ စကားစပ်ပါတယ်။ အင်္ဂလိပ်စကားပြော နဲ့ အရေးအဖတ်တော့ အတော်ဆုံးကျောင်းသားပါပဲ။ သူက ဘာသာစာပေ ကို တော်တော် စိတ်ဝင်စားတယ်။ ပြီးတော့ သီ ချင်းဆိုလည်း အလွန်ကောင်းတဲ့ ကလေးပဲ။ ဂီတဆရာက သူ့ကို ဘုရားရှိခိုးကျောင်း သံစုံတီးဝိုင်း မှာ သွင်းပေးထားတယ်။ သူကလည်း သဘောကျတယ်”

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, September 15, 2012

မောင်ပေါ်ထွန်း ဘာသာပြန် ရေမြေခြားသော်လည်း, အပိုင်း (၂၃)

နေရောင်ပျောက်၍ အမှောင်ရောက်လာချိန်တွင် လော်ရာသည် မီးလင်းဖိုဘေးတွင် စိမ်ပြေနပြေ ထိုင်ရင်း စာအုပ်တစ်အုပ်ကို ဖတ်နေလေသည်။ လောလောဆယ်တွင် ယခုလို အေးအေးလူလူ နားနား နေနေ အားလပ်ချိန်မျိုးကို သူမအနေဖြင့် ရတောင့်ရခဲလှသည်။ အဘယ့်ကြောင့် ဆိုသော် ရွေးကောက်ပွဲ နီးကပ်လာပြီဖြစ်၍ လင်တော်မောင်နှင့်အတူ မဲဆွယ်ဟောပြောပွဲ များ သို့ နေ့စဉ်ရက်ဆက် တက်နေရသ ဖြင့် အားလပ်ချိန်မရှိအောင် အလုပ်များနေသောကြောင့် ပင် ဖြစ်သည်။ ထို့ကြောင့် ယခုလို နာရီပိုင်းကလေးမျှ ကိုယ့်စိတ်ကူးနှင့် ကိုယ် အေးအေးဆေးဆေး နားခွင့်ရသည်ကို ပင် သူမအနေဖြင့် ဝမ်းသာမဆုံး ဖြစ်မိရသည်။ ကို ဆက်ဖတ်ရန် .....................

သူမသည် လက်ထဲမှ စာအုပ်တွင် ဖတ်လက်စနှင့် မှတ်ထားခဲ့သော စာမျက်နှာ (၂၁၈) ကို လှန်လိုက် သည်။
ခရစ္စတိုဖာကလေး ၏ ပြဿနာက ဦးနှောက်ထဲသို့ အမြဲလိုလို ဝင်ရောက်လာတတ်သောကြောင့် အဖြေ တစ်စုံတစ်ရာ မရနိုင်သည့်တိုင်အောင် သူမအနေဖြင့် ဖြေပြေရာ ရလိုရငြား ရည်ရွယ်ကာ မနုဿဗေဒ ပညာရှင်များ ၏ စာအုပ်များကို ဖတ်ရှုလေ့လာနေခြင်းပင် ဖြစ်သည်။
ယခု သူမ၏လက်ထဲမှ စာအုပ်မှာ ဒေါက်တာ အက်ရှလီမွန်တေဂူ ရေးသားသော "လူသား၏အန္တရာယ် အများဆုံး ယုံတမ်းပုံပြင် သို့မဟုတ် လူမျိုးပြဿနာ ခံယူမှုအမှား" ဟူသော စာအုပ်ဖြစ်သည်။
ဤအချက်နှင့် ပတ်သက်၍ အဆိုတစ်ရပ် ရှိသည်။ ယင်းမှာ အခြားမဟုတ်။ လူတစ်ယောက်သည် အရောအနှော ထဲမှ ရုန်းထွက်ရန်ထက် အရောအနှောထဲသို့ ဝင်ရောက်ရန် ပို၍လွယ်ကူသည် ဟူသော အချက်ပင် ဖြစ်သည်။

 အောက်စီဂျင်နှင့် ဟိုက်ဒရိုဂျင်တို့ကို ရောစပ်လိုက်သောအခါ ရေ ဖြစ်လာသည်။ သွပ်နှင့် ကြေးနီ ကို ရောစပ်လိုက်သောအခါ သတ္တုစပ်။ သို့မဟုတ် ကြေးဝါကို ရရှိသည်။ ယင်းသတ္တုစပ် သို့မဟုတ် ကြေးဝါ သည် မရောစပ်ရသေးသော မူလသတ္တုထက် ပို၍ အရည်အသွေးကောင်းလာပြီး ပို၍ လည်း မာလာသည်။ ဤအချက်သည်ပင် အရောအနှောထဲသို့ ဝင်ရောက်ခြင်းဖြစ်သည်။ မျိုးသန့် အပင် နှစ်မျိုး သို့မဟုတ် မျိုးသန့်တိရစ္ဆာန်များသည် မူလမျိုးသန့်များထက် ပို၍အရည်အသွေး ကောင်းလာ သည်ကို တွေ့ကြရသည်။
အလားတူပင် လူသားတို့၏တိုးတက်မှုနှင့် ပတ်သက်၍လည်း လူမျိုးတစ်မျိုးနှင့် တစ်မျိုး သွေးနှောခြင်း ဖြင့် မူလ လူမျိုး ထက် ကာယအား၊ ဉာဏအား ပိုမိုပြည့်ဝသော မျိုးစပ်လူမျိုးများ ပေါ်ထွက်လာနိုင်ပေ သည်။

လော်ရာသည် လက်ထဲမှ စာအုပ်ကို ဖျတ်ခနဲ ပစ်ချလိုက်သည်။ သူမအနေဖြင့် လွန်ခဲ့သော လပေါင်း တော်တော်ကြာကြာကတည်းကပင် သိသင့်ခဲ့သော အချက်တစ်ရပ်ကို ယခုမှ ရုတ်တရက် သိလိုက်ရပြီ။
တကယ် ဆိုလျှင် ခရစ္စတိုဖာကလေးသည်လည်း မျိုးစပ်လူသားကလေး တစ်ယောက်ပင်ဖြစ်သည်။ ကမ္ဘာတစ်ဝန်း သို့ လူသားတွေ ခြေစကြာဖြန့်နေသမျှ ကာလပတ်လုံး။ တစ်နိုင်ငံမှ ယောက်ျားများနှင့် တခြားတစ်နိုင်ငံ မှ မိန်းမတွေ ပေါင်းသင်းဆက်ဆံနေကြသမျှ ကာလပတ်လုံး ခရစ္စတိုဖာကလေးလို မျိုးစပ် လူသားတွေ မရေတွက်နိုင်အောင် တိုးပွား လာဦးမည်သာ ဖြစ်သည်။
သည်အကြောင်း ကို တွေးမိသောအခါ သူမသည် ခရစ္စကိုယ်စား ရှက်စိတ်ပင် ဝင်မိသည်။ ခရစ္စသည် သူ့ ပယောဂကြောင့် မွေးလာခဲ့သော သည်ကလေးကို သူ့ပတ်ဝန်းကျင်ထဲသို့ ဘာကြောင့် မဆွဲသွင်းနိုင် ရပါသနည်း။

သည်ကလေးကို သည်အတိုင်း ပစ်ထားခဲ့လျှင် သူမနှင့် ခရစ္စတို့ ဇရာဒုဗ္ဗလအရွယ် ရောက်လာသော အခါ ကလေး၏ အနာဂတ်ဘဝသည် အဘယ်သို့ ရှိပါမည်နည်း။ သည်ကလေး သည် ခရစ္စ၏ပယောဂကြောင့် အမေရိကန်သား ဖခင်နှင့် ကိုရီးယားသူ မိခင်တို့မှ ပေါက် ပွားခဲ့သော မျိုးစပ်လူသားကလေးပင်ဖြစ်သည်။ ထို့ကြောင့် သည်ကလေး၏အနာဂတ်ဘဝ ဖြောင့်ဖြူး သာယာရေး အတွက် ခရစ္စမှာ လုံးဝ တာဝန်ရှိသည်။ တကယ် ဆိုသော်… လူသားတန်ဖိုးအရ သုံးသပ်ကြည့်မည် ဆိုလျှင် ခရစ္စတိုဖာကလေးသည် သူ့ဖခင် ခရစ္စထက် ပို၍ အရေးကြီးပေသေးသည်။ ခရစ္စအနေဖြင့် အမေရိကန်ပြည်ထောင်စု၏သမ္မတကြီး ဖြစ် လာသည့်တိုင်အောင် ခရစ္စတိုဖာလောက် အရေး မကြီးသေး။ ဤသည်မှာ ဇီဝဗေဒသဘောအရ လူသား တစ်ဦးနှင့် တစ်ဦး နှိုင်းယှဉ် ချက် ဖြစ်သည်။

လူ့လောက တွင် လူသားကလေးတစ်ယောက် မွေးဖွားလာခြင်းသည် အလွန်တာဝန်ကြီးသည်။ နောက် ထပ် သက်ရှိ တစ်ခု တိုးပွားလာခြင်းသည် မူလသက်ရှိတို့အတွက် အလွန်တာဝန်ရှိသည်။ သို့သော်… ယခု ခရစ္စတိုဖာကလေး ၏ဘဝကား သူမ၏ခံယူချက်နှင့် တခြားစီဖြစ်နေသည်။ သူသည် အနာဂတ်သို့ ခရီးနှင်နေတသော လူသားကလေး တစ်ဦးဖြစ်သည်။ ယင်းခရီး ဖြောင့်ဖြူးရေးအတွက် ခရစ္စနှင့် သူမတို့ တွင် လုံးဝ တာဝန်ရှိသည်။ သို့သော် သူတို့က ယင်းတာဝန်ကို မသိကျိုးကျွန်ပြုထားကြသည်။ သည် ကလေးအား မိဘမဲ့ကလေးကျောင်း တွင် ပို့ထားခြင်းသည် လုံးဝ မသင့်လျော်။ လုံးဝ မမှန်။ "ကျွန်မတို့ လုပ်နေပုံ မဟုတ်သေးဘူး… မောင်။ မဟုတ်သေးဘူး။ ကျွန်မတို့ အကြီးအကျယ် မှားနေကြ ပြီ"
စာကြည့်ခန်း ထဲတွင် သူမ တစ်ယောက်တည်း ရှိနေသော်လည်း သူမက အသံထွက်၍ ပြောနေမိသည်။

"ဒီကလေးကို အစားအစာ ကျွေးထားရုံနဲ့ မပြီးသေးဘူး။ နေစရာပေးထားရုံနဲ့ မပြီးသေးဘူး။ ပညာသင် ပေးရုံနဲ့ မပြီးသေး ဘူး။ ဒီထက်ပိုပြီး လုပ်ပေးစရာတွေ အများကြီးရှိသေးတယ်။ အများကြီး ရှိသေးတယ်" သည်စကား တွေ ကို ခရစ္စအား ပြောပြလိုက်ချင်ပါသည်။ သို့သော်… ဘယ်တော့ ပြောပြမှာလဲ။ မဖြစ် သေးဘူး။ မဖြစ်သေး ဘူး။ လောလောဆယ် ပြောပြလို့ မဖြစ်သေးဘူး။
ရွေးကောက်ပွဲ က ရက်ပိုင်းသာ ကျန်တော့သည်။ အခြေအနေတွေကလည်း အားလုံး ကောင်းနေသည်။ ခရစ္စ အရွေး ခံရမည်မှာ သေချာသလောက် ရှိနေပြီ။ ရွေးကောက်ပွဲ မန်နေဂျာ ဂျိုးဘားမင်းကလည်း "ခရစ္စ နိုင် ကို နိုင်ရမယ်" ဟု ကျိန်းသေပေါက် ပြောနေပြီ။ ခရစ္စတိုဖာ ၏ ကလေးအကြောင်းနှင့် ပတ်သက် ၍ လည်း ဘာသတင်း မှ ထွက်မလာ။

"ဘာမှမပူပါနဲ့။ ကျွန်တော်တို့ အောင်ပွဲခံမှာ သေချာပါတယ်။ မစ္စက်ဝင်းတား"
တမြန်နေ့ က ဟောပြောပွဲတစ်ခုတွင် ခရစ္စကို စောင့်နေရင်း ဘားမင်းက လော်ရာအား ပြောခဲ့သည်။
"ပထမတော့ အနံ့ခံကောင်း တဲ့ တစ်ယောက်ယောက်များ မမျှော်လင့်ဘဲ ဖြုန်းဆို ဖွင့်ချလိုက်လေမလား ဆိုပြီး ကျွန်တော် တော်တော်ကလေး စိုးရိမ်နေခဲ့မိတယ်။ ဒါပေမဲ့ ဘာမှမဖြစ်ပါဘူး။ ကျွန်တော်တို့ဘက် က လုံခြုံ ပါတယ်။ မစ္စက်ဝင်းတား အနေ နဲ့သာ သတိထားပါ။ အတတ်နိုင်ဆုံး လုံအောင် ထိန်းရမှာပါပဲ"
"အဲဒါတော့ ကျွန်မ အာမ မခံနိုင်ဘူး… မစ္စတာဘားမင်း။ ဒါ ကျွန်မ အမှန်အတိုင်း ပြောတာပါ။ သူ့ဟာ သူ လွင့်လာ တဲ့ ကောလာဟလ သတင်းတစ်ခု ကို ဘယ်သူက ကြိုပြီး ပိတ်ထားလို့ရနိုင်ပါ့မလဲ။ အထူးသ ဖြင့် ကျွန်မ တို့ ရုံးက လူတွေရဲ့ပါးစပ်ကို ကျွန်မ ဘယ်လိုလုပ်ပြီး ပိတ်နိုင်ပါ့မလဲ။ ပြီးတော့… ကျောင်း စရိတ် တောင်းခံလွှာတွေ လည်း ရှိသေးတယ်"
"ကျောင်းစရိတ် တောင်းခံလွှာတွေက မစ္စက်ဝင်းတား ကိုယ်တိုင် ရှင်းလင်းတယ် မဟုတ်လား"

"ဟုတ်ပါတယ်။ အဲဒီကိစ္စတွေကို ကျွန်မကလည်း အသေးစိတ် တာဝန်ယူလုပ်နေပါတယ်။ ဒါပေမဲ့... ကျောင်းက တာဝန်ကို ဘယ်သူ ယူနိုင်ပါ့မလဲ။ အဖြစ်မှန်ကို တစ်ယောက်ယောက် သိသွားရင် ဘယ်လို လုပ်မလဲ။ ဒီကလေး ကို ကျွန်မတို့က ထောက်ပံ့နေတယ်ဆိုတာ သိတဲ့ လူတစ်ယောက်ယောက် သတင်းလွှင့်လိုက်ရင် မဖြစ်နိုင်ဘူးလား" "အို… မဖြစ်လာသေး တဲ့ ကိစ္စအတွက် ဒီလောက်လည်း တွေးကြောက်မနေပါနဲ့ မစ္စက်ဝင်းတား။ ဖြစ်လာ ရင်လည်း ဖြစ်လာသလိုပဲပေါ့။ အခုထိ ဖြစ်မလာသေးတာကိုပဲ ဝမ်းသာရမှာပါ"
"ဒီနေ့ ဖြစ်မလာသေး ရင်လည်း တစ်နေ့တော့ ဖြစ်ကိုဖြစ်လာမှာပါ။ လျှို့ဝှက်ချက်ဆိုတာ တစ်သက်လုံး ဖုံးထားလို့ ရနိုင်တာမျိုး မဟုတ်ပါဘူး။ အထူးသဖြင့် ခရစ္စလို ပုဂ္ဂိုလ်မျိုးအတွက် ပိုပြီးမလွယ်ပါဘူး။ ဒီပြဿနာ ခေါင်းထဲ ထည့်ပြီး မနက်အိပ်ရာ က နိုးလာတိုင်း သူ ဘယ်လိုများ တွေးနေလိမ့်မလဲ မသိပါ ဘူး"

"သူက မတွေးပါဘူး။ သူ မတွေးချင်တဲ့ကိစ္စ ဘယ်တော့မှ မတွေးဘူး။ အဲဒါ သူ့ဝါသနာပဲ။ သူ့ အရည် အချင်းပဲ။ မနက်အိပ်ရာ က ထလာရင် ဒီနေ့ ငါ ဘာလုပ်ရမှာလဲ ဆိုတာလောက်ပဲ သူ တွေးတယ်။ တခြားကိစ္စတွေ လုံးဝ မတွေးဘူး။ ဒါဟာ သူ့ရဲ့ထူးခြားတဲ့ အရည်အချင်းပဲ။ သူက ဘယ်တော့မှ တွေး မပူတတ်ဘူး"
ဘားမင်း ပြောတာ မှန်သည်။ ခရစ္စက ဘယ်တော့မှ တွေးပူတတ်သူမဟုတ်။ သူမကသာ အရာရာ ကို တွေးပူတတ် သူ။ သို့ဆိုလျှင်… ခရစ္စတိုဖာကလေး ၏ ပြဿနာကို သူမကပင် လုံးဝ တာဝန် ယူ၍ ဖြေရှင်းရတော့မှာလား။ အိုးကမပူ စလောင်းကပူ ဆိုသလို ခရစ္စကိုယ်တိုင် ဖြေရှင်းရမည့် ပြဿနာကို သူမ က ဝင်ဖြေရှင်းလို့ ကော ရနိုင်ပါ့မလား။ ဘာပဲဖြစ်ဖြစ် ယခုလို ခရစ္စအတွက် ရွေးကောက်ပွဲကိစ္စ အရေးကြီးနေချိန် တွင် သည်ကိစ္စကို မေ့ထား လိုက်တာပဲ အကောင်းဆုံးဖြစ် လိမ့်မည်။
သို့သော်… မေ့လို့မရ။ ခရစ္စတိုဖာကလေး၏မျက်နှာက သူမရှေ့တွင် မကြာခဏ ပေါ်၍ပေါ်၍လာသည်။
သူက သူမ ထံမှ အဖြေကို တောင်းခံနေသည်။

ခရစ္စတိုဖာကလေးသည် သူ၏အခန်းထောင့်တစ်နေရာတွင် သူ့စိတ်ကူးနှင့် သူ အလုပ်ရှုပ်နေသည်။
သူ့ဘဝတွင် ယခုလို လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်နေခဲ့ရသော အချိန်ဟူ၍ မရှိသလောက်ပင်။ ကိုရီးယား တွင် နေခဲ့တုန်းကဆိုလျှင် သူ့မှာ "လူသစ်" တစ်ယောက်ဖြစ်နေပြီး အများနည်းတူ လူတော သူတောထဲ ဝင်ခွင့်မရခဲ့။ ကလေးတွေ ကစားဝိုင်းတွင်လည်း သူ့မှာ ဘယ်တော့မှ ဝင်မကစားရ။ ပွဲကြည့် ပရိသတ် တစ်ယောက်အဖြစ် အပြင်ကသာ ထိုင်ကြည့်နေခဲ့ရသည်။ ယခု သည်ကျောင်းမှာတော့ ယင်းသို့မဟုတ်။ ကိုရီးယား တုန်းက အခြေအနေမျိုးနှင့် တခြားစီဖြစ်သည်။ အစတုန်းက သည်ကျောင်းကို မိဘမဲ့ယောက်ျား ကလေး ကျောင်းအဖြစ် သူ သိခဲ့ရသည်။ သို့သော် လည်း မိဘတွေ ကျောင်းသို့ လာရောက်ကြသည်ကို သူ မြင်တွေ့ ရသည်။ ကျောင်းပိတ်ရက်ကျတော့ လည်း အချို့ ကျောင်းသားကလေးတွေ အိမ်သို့ပြန်ကြသည်။ အချိန် တန်တော့ ကျောင်းသို့ ပြန်လာကြ သည်။

ကျောင်းတွင်း ကစားပွဲများတွင်လည်း သူ့အနေဖြင့် သဘောရှိ ပါဝင်ကစားခွင့်ရှိသည်။ ကိုရီးယားတွင် ဝိုင်းပယ်ခြင်း ခံနေခဲ့ရ၍ သူ့ခမျာ လူတောမတိုးရဲ။ အောက်ကျ နောက်ကျစိတ် ဝင်နေခဲ့ရသည်။ ယခု တော့ ယင်းသို့ မဟုတ်တော့။ ကစားပွဲများတွင် ဘယ်သူ့ကိုမှ ကြောက်စရာ မလိုတော့ဘဲ စိတ်ရှိ တိုင်း ပြေးချင် သလိုပြေး။ အော်ချင်သလို အော်နိုင်ပြီ ဖြစ်သည်။
နေ့ပိုင်းတွင် တခြားကျောင်းသားကလေးတွေနှင့်အတူ စာသင်ခန်းထဲသို့ရောက်နေပြီး ညနေပိုင်း အားကစား ချိန်နှင့် ညစာစားချိန် စပ်ကြားတွင်တော့ ကိုယ်ပိုင်အားလပ်ချိန်ဖြစ်၍ ကိုယ်ဝါသနာပါရာ အလုပ်ကို လွတ်လပ်စွာ လုပ်နိုင်လေ သည်။ ယနေ့လည်း ထုံးစံအတိုင်း သူ၏ရုပ်သေးရုပ်ကလေးတွေနှင့် အလုပ်များနေလေသည်။
သူနှင့် တစ်ခန်းတည်းနေ ကျောင်းသားကလေး ဂျွန်ဘားစတိုးမှာ တခြားအဖော်တွေနှင့် တစ်နေရာတွင် ရှိနေချိန်မို့ ခရစ္စတိုဖာ သည် အခန်းတံခါးကိုပိတ်ကာ အခန်းထောင့်တစ်နေရာမှ ကန့်လန့်ကာကို ဘေး သို့ ဆွဲဖွင့်လိုက်သည်။

ကန့်လန့်ကာ ပွင့်သွားသောအခါ အခန်းထောင့်တွင် ကုန်ခြောက်ထည့်သော ထင်းရှူးသေတ္တာကြီးတစ် လုံး ပေါ် လာသည်။ ထင်းရှူးသေတ္တာပေးတွင်တော့ ရုပ်သေးရုပ်ကလေး သုံးရုပ်…။ ချယ်ရီသားဖြင့် သူ ကိုယ်တိုင် ထု လုပ်ထားသော အရုပ်ကလေးတွေ ဖြစ်သည်။
တစ်ရုပ် က သူ၏ကိုရီးယားသူ မိခင်၏အရုပ်။ နောက်နှစ်ရုပ်ကတော့ သူ့ဖေဖေနှင့် ဖေဖေ့ဇနီးတို့၏ အရုပ်…။ သူ့ဖေဖေ၏ ဇနီးကို သူက သူ့မေမေအရင်းလို ဆက်ဆံချင်သည်။ သို့သော် ဘာကြောင့်မှန်း တော့မသိ။ သူ့အနေဖြင့် အမေ လို ဆက်ဆံခွင့်မရ။
စတုတ္ထ အရုပ်ကလေးတစ်ရုပ်ပေါ်မှ အဝတ်စကို ခွာလိုက်သည်။ ယောက်ျားကလေးတစ်ယောက်၏ အရုပ်။ အဝတ်အစား က အမေရိကန်အဝတ်အစား။ သည်အရုပ်ကလေးကိုလည်း တခြားအရုပ်သုံးရုပ် အတိုင်း သူ ကိုယ်တိုင် ထု ထားခြင်းဖြစ်သည်။

ကိုရီးယားသူ မေမေ့ရုပ်က ကိုရီးယားဝတ်စုံနှင့်။ တခြားနှစ်ရုပ်ကတော့ အနောက်တိုင်းဝတ်စုံများနှင့်။
ကလေးရုပ် ကလေးမှာ လက်စမသတ်ရသေး။ တစ်ပိုင်းတစ်စသာ ပြီးသေးသည်။
သူက မောင်းချဓားကလေး ကို ဖွင့်ပြီး အရုပ်ကလေး၏ဦးခေါင်းကို အချောကိုင်လေသည်။
ရုပ်သေးရုပ် ကလေးတွေကို ဘယ်အချိန်ကစ၍ သူ ချစ်တတ်လာခဲ့ကြောင်းကိုတော့ သူ တွေး၍မရ တော့။ ဆိုးလ်မြို့တွင်လည်း ရုပ်သေးပွဲ များများစားစား မရှိလှ။ လူတွေက ရုပ်ရှင်နှင့် ပြဇာတ်ပွဲများကို သာ ပို၍ နှစ်သက်ကြသောကြောင့်ပင်။
သို့သော် ဆိုးလ်မြို့တွင် နေခဲ့တုန်းက ရုပ်သေးရုပ်တွေ ထုလုပ်ပြီး ရုပ်သေးပွဲကပြသော အဘိုးကြီး တစ်ယောက် ကိုတော့ သူ ကောင်းကောင်း မှတ်မိနေသေးသည်။ တစ်နေ့တွင် အဘိုးကြီးက တောသူ အဘွားကြီး အရု ပ်တစ်ရုပ် ကို ထုနေချိန်တွင် ခရစ္စတိုဖာကလေး ရောက်သွားသဖြင့် စိတ်ဝင်စားစွာဖြင့် ထိုင်ကြည့်နေမိသည်။

"အဘိုး… ဒီအလုပ် ကို လုပ်စားလာတာ နှစ်ပေါင်းလေးဆယ်ကျော်ပြီကွယ့်"
အဘိုးကြီးက ခရစ္စတိုဖာအား စိတ်ရှည်စွာ ပြောပြသည်။
"ဒါပေမဲ့ ဒီခေတ်မှာတော့ ရုပ်သေးပွဲကို လူတွေ မကြိုက်ကြတော့ပါဘူး။ တို့နိုင်ငံမှာ "ဂိုဒူဂက်စီနိုရီယံ" ဆိုတာ အလွန်နာမည်ကြီးတဲ့ ရှေးဟောင်းပြဇာတ်ပဲပေါ့ကွယ့်" "အဲဒီ ရုပ်သေးပြဇာတ်ကို ကျွန်တော် သိပ်ပြီး ကြည့်ချင် တာပဲ ဘိုးဘိုး"
ခရစ္စတိုဖာက စိတ်အားထက်သန်စွာဖြင့် ပြန်ပြောလိုက်သည်။
"ကြည့်ချင်ရင် ကြည့်ရမှာပေါ့ ငါ့မြေးရဲ့။ မနက်ဖြန် ညကျတော့ အဲဒီပြဇာတ်ကို ဘုရားကျောင်းမှာ အဘိုး ကိုယ်တိုင် ပြ မယ်ကွယ့်။ အနည်းဆုံး တစ်ခန်းလောက်တော့ ပြဖြစ်ပါလိမ့်မယ်။ ဒီပြဇာတ်က အခန်းတွေ အများကြီး အရှည်ကြီး ကွယ့်။ ဆုံးအောင် ပြမယ်ဆိုရင် သုံးလေးရက်လောက် ပြရလိမ့်မယ်"

ခရစ္စတိုဖာကလေးသည် ယင်းရုပ်သေးပြဇာတ်ကို ကြိုးကြားကြိုးကြားဖြင့် အစအဆုံး အပိုင်းစုံ ကြည့်ခဲ့ ဖူးသည်။ သူသည် ကလေးသဘာဝအတိုင်း ပြဇာတ် ဇာတ်လမ်း တို ထက် ရုပ်သေးရုပ်ကလေးတွေကို ပို၍ သဘောကျခဲ့ သည်။ ထို့ကြောင့်လည်း တစ်နေ့တွင် သူကိုယ်တိုင် ရုပ်သေးရုပ်ကလေးတွေ ထုလုပ် မည်ဟု ရည်ရွယ်ထား ခဲ့သည်။ သို့သော် ထုစရာ စူးဆောက်ကိရိယာမရှိသဖြင့် သူ့စိတ်ကူးမှာ အိပ်မက် စိတ်ကူး အဖြစ်ဖြင့်သာ ပြယ်ပျောက်သွား ခဲ့ရသည်။ သို့ပေမဲ့… ကံကောင်းချင်တော့ သူသည် ဤကျောင်းတွင် ပန်းချီပန်းပု သင်တန်းတက်ခွင့်ရခဲ့သည်။ ဤ တွင် တစ်ချိန်က သူ၏အိမ်မက်စိတ်ကူးကို လက်တွေ့အကောင်အထည်ဖော်ခွင့် ရလာခဲ့တော့ သည်။
သို့ဖြင့် သူ့စိတ်ကူးနှင့်သူ အရုပ်ကလေးတွေ ထုသည်။ ဘယ်သူ ဘယ်ဝါအရုပ်ဆိုသည်ကိုတော့ သူက ဆရာ့ကို မပြော။ ဆရာ လုပ်သူကလည်း မေးလားမြန်းလား မလုပ်။ သူ့သဘောနှင့်သူ ထုချင်တဲ့ အရုပ် ထုပါစေဟု လွှတ်ပေး ထားသည်။

ထို့ကြောင့်ပင် ယနေ့ညနေတွင် ခရစ္စတိုဖာသည် လက်စမသတ်သေးသော သူ့ရုပ်ထုကို စိမ်ပြေနပြေ အချော ကိုင်နေခြင်းဖြစ်သည်။ သို့သော်… ယခု သူ ထုလုပ်နေသော ရုပ်သေးရုပ်လေးရုပ်၏ဇာတ်လမ်းသည် ဘယ်လိုဖြစ်ပေါ်လာ မည် ဆိုတာကိုတော့ သူ့အနေဖြင့် လုံးဝ စဉ်းစား၍ မရသေး။
စိတ်ပါ ဝင်စားစွာဖြင့် အရုပ်ကလေးကို အချောကိုင်နေစဉ်မှာပင် ညစာစားချိန် ခေါင်းလောင်းထိုးသံ ပေါ် ထွက်လာလေ သည်။ တစ်ချိန်တည်းတွင် အခန်းတံခါးပွင့်သွားပြီး သူ့အခန်းဖော် ဂျွန်ဘားစတိုး ဝင်လာ သည်။
တစ်ယောက်မျှစကားမပြောကြ။ ဂျွန်က ခရစ္စတိုဖာ အနီးသို့ လျှောက်လာပြီး နောက်ဘက်မှ ရပ်ကြည့် နေသည်။
"အရုပ်ကလေး က လှတယ်ကွ။ မင်းရုပ် အတိုင်းပါပဲလား" ဂျွန် က ချီးကျူးလိုက်သည်။ "ဒါ… ငါ့အရုပ်ပဲလေ"
ခရစ္စတိုဖာက နောက်သို့လှည့်မကြည့်ဘဲ ပြန်ပြောသည်။

"ဒါနဲ့… ဒါတွေကရော"
"ငါ့အဖေနဲ့ ငါ့အမေ"
"နောက် ဒီအရုပ်ကရော ဘယ်သူလဲ"
"အဲဒါလည်း ငါ့အမေပဲ"
"ဟင်… မင်းဥစ္စာက မဟုတ်တာ"
"ဟုတ်ပါတယ်ကွ။ ငါ့မှာ အမေ နှစ်ယောက်ရှိတယ်"
"ဒီကောင် မဟုတ်တာ ပြောပြန်ပြီ။ ဘယ်သူမှ အမေနှစ်ယောက် မရှိပါဘူးကွ"
ခရစ္စတိုဖာ က ဘာမှပြန်မပြော။ ဘယ်လိုပြောရမှန်းလည်း သူ မသိ။
"ပြောစမ်းပါဦးကွ..ခရစ္စတိုဖာ"
ဂျွန်က ထပ်မေးနေပြန်သည်။
"အမေနှစ်ယောက် ဆိုတာ တကယ်ရှိနိုင်လို့လား သူငယ်ချင်းရ"

"ဟုတ်တယ်… ဂျွန်။ တို့ ကိုရီးယားနိုင်ငံမှာဆိုရင် အမေနှစ်ယောက်ဆိုတာ တကယ် ရှိတယ်"
ထို့နောက် သူသည် မောင်းချဓားကလေးကို ပြန်ပိတ်ပြီး အရုပ်ကလေးကို အဝတ်စနှင့်ပတ်ကာ ထင်းရှူး သေတ္တာပေါ် တွင် ပြန်တင်ထားလိုက်သည်။
ပြီးတော့… ကန့်လန့်ကာကို ဆွဲပိတ်လိုက်သည်။
သည် အရုပ် ကလေးတွေကို ထုလုပ်နေရသည်မှာ သူ့အဖို့ အလွန်ပျော်စရာကောင်းလှသည်။ အရုပ် ကလေးတွေ ကို စတိမ့်စိမ့်ကြည့်နေရသည်နှင့်ပင် ဘဝင်အေးကာ ကြည်နူးဝမ်းသာနေမိသည်။
သို့သော်… သို့သော်… သည်အရုပ်ကလေး လေးရုပ်၏နောက်ခံဇာတ်လမ်းကို စဉ်းစားမိသောအခါတွင် ကား သူ့ရင်မှာ ပူလောင် လာသလို ခံစားရလေသည်။
သူတို့၏ ဇာတ်လမ်းက အနာဂတ်တွင် ဘယ်လို ဖန်လာကြပါမည်နည်း။ ဘယ်လို အဆုံးသတ်ပါမည် နည်း။
ခရစ္စတိုဖာကလေး အဖို့တော့ အဆုံးမမြင်သော ကြေကွဲဖွယ်ဇာတ်လမ်းတစ်ပုဒ်လိုပင် ထင်မှတ်နေမိပါ တော့ သည်။
......................................................................
"တစ်ချိန်မှာ တစ်ခုပဲ လုပ်ကြတာပေါ့… လော်ရာ"
ခရစ္စက ပြောသည်။
သူတို့လင်မယားသည် အိပ်ခန်းထဲတွင် အတူရှိနေကြသည်။ လော်ရာက အဖြူရောင်ဖဲပျော့ဝတ်စုံကို ဝတ်ထား သဖြင့် ထူးထူးခြားခြား လှနေသည်။ ခရစ္စက ကိုယ်လုံးပေါ် မှန်ရှေ့တွင် ရပ်ကာ အင်္ကျီလည် စည်းတပ်နေရင်း မှန်ထဲမှ လော်ရာ၏ရုပ်ကိုကြည့်ပြီး "သူက အဖြူရောင်နဲ့ သိပ်လိုက်တာပဲ" ဟု တွေး လိုက်မိသည်။
လော်ရာ ၏ ကိုယ်ကာယက နွဲ့နှောင်းပျော့ပျောင်းသည်။ ဆံပင်က ရွှေနီရောင် တလက်လက် တောက် နေသည်။ မျက်လုံးတွေ က အနက်ရောင်။ ကြည့်လေ လှလေ ရုပ်သွင်မျိုး။
သူမ၏ အလှက ဗြဲလယမ်း အလှမျိုးမဟုတ်။ သိမ်မွေ့သော အလှမျိုးဖြစ်သည်။ မြင်ရသူ ဘဝင်အေးရ သော အလှမျိုးဖြစ် သည်။
သို့သော် ယင်းအလှ ထဲတွင် လေးနက်သော တည်ငြိမ်မှု ကိန်းဝပ်နေသည်ဟု ခရစ္စက ယူဆသည်။

"ဒါနဲ့… မောင်။ ခရစ္စတိုဖာကလေးအကြောင်းကို မောင် တစ်ခါမှ မတွေးမိဘူးလား… ဟင်" ဟု လော်ရာ က မေး လာသောကြောင့် စောစောကအတိုင်း ပြန်ပြောလိုက်ခြင်းဖြစ်သည်။
တကယ်တော့ ဘားမင်း ပြောခဲ့သလို သူက ခရစ္စတိုဖာကလေးအကြောင်းကို လောလောဆယ်တွင် လုံးဝ မတွေးတာ အကောင်းဆုံးဟု ယူဆထားခြင်းဖြစ်သည်။ သူသည် ဆုံးဖြတ်ချက် တစ်ခုကို ဆန္ဒစွဲ ဖြင့် ချမှတ်တတ်သူ မဟုတ်။ အချိန်အခါနှင့် အခြေအနေကို ကြည့်၍သာ ဆုံးဖြတ်တတ်သူဖြစ်သည်။
"တစ်ချိန် မှာ တစ်ခုပဲ လုပ်တာ ကောင်းပါတယ် လော်ရာ"
သူက ပြောပြီးသား စကား ကိုပင် ထပ်ပြောလိုက်သည်။ ပြီးတော့ ညစာစားပွဲတွင် ဝတ်သော ဂျက်ကတ် အင်္ကျီ လှမ်းယူ လိုက်သည်။

"ဒီတော့… ကလေးရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး မောင်က ဘယ်လိုရည်ရွယ်ထားလို့လဲ"
လော်ရာက ထပ်မေးနေပြန်သည်။
ခရစ္စ အနေဖြင့် ဖြေဆိုနိုင်ရန် အသင့်မရှိ၍ သည်မေးခွန်းကို သူမ မမေးသင့်ဆိုတာကို လော်ရာ သိပါ သည်။ သို့သော်လည်း သူမသည် အချိန်ရှိတိုင်း ခရစ္စတိုဖာကလေးဆီသို့သာ စိတ်ရောက်နေသဖြင့် သည်ကိစ္စကို ခရစ္စနှင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးလိုစိတ် အလွန်ပြင်းပြနေသည်။ ထို့ကြောင့်ပင် ဒေါ်လာ တစ်ထောင်တန် ညစာစားပွဲ သို့ သွားရန် ပြင်ဆင်နေခိုက် သူမက မေးလိုက်ခြင်းဖြစ်သည်။
"အဲဒါတော့ ငါ မသိဘူး" ခရစ္စက ပြန်ပြောသည်။

"ဒီပြဿနာမျိုးဆိုတာ ကြိုပြီး ဆုံးဖြတ်ချက်ချလို့ရတာ မဟုတ်ဘူး။ အချိန်အခါဆိုတာ ရောက်လာပါလိမ့် မယ်။ အဲဒီအချိန် ကျတော့မှ ဘာလုပ်သင့်တယ်ဆိုတာ အလိုလို သိလာမှာပဲ"
အင်း… ဟုတ်ပါတယ်။ အလိုလို သိလာပါလိမ့်မယ်… ဟု တွေးရင်း လော်ရာ သက်မတစ်ချက် ချလိုက် သည်။ အလိုလို သိလာမယ့်အချိန်ရောက်လာနိုင်ပါစေဟုလည်း စိတ်ထဲက ဆုတောင်းလိုက်မိသည်။ တစ်ချိန်တည်းတွင် သူမ အနေဖြင့် ခရစ္စအား ဘယ်လိုမှ တွန်း၍ရမည်မဟုတ် ဆိုသည်ကိုလည်း သဘောပေါက်မိသည်။ သူ့စိတ်ကို သူမ သိသည်။ သူက ပြဿနာတစ်ရပ်ကို အလောသုံးဆယ် ဆုံး ဖြတ်တတ်သူ မဟုတ်။

ပဿနာ တစ်ရပ်ကြုံလာလျှင် ကိုယ်နှင့်ဘာမှ မဆိုင် သလို ဘေးချိတ်ထားလိုက်ပြီး ခေါင်းအေးအေးဖြင့် အဖြေရှာကာ အချိန်တန်ပြီဟု ယူဆသော အခါတွင်မှ ဆုံးဖြတ်ချက်ချတတ်သူဖြစ် သည်။ သူက လော်ရာ၏ ရှည်လျားသော အကြောင်းပြချက်များကို စိတ်မရှည်။ သူသည် နေရာတကာ တွင် ကျိုးကြောင်း ညီညွတ်သော ဆင်ခြင်တုံတရား ကို လက်မခံ။ သူ၏ပင်ကို ခံစားချက်ကို အဓိက ထားပြီး တစ်ပါးသူ၏စကားကို နားထောင် သည်။ အချက်အလက် စုသည်။ ပြီးတော့ ဆုံးဖြတ်ချက်ချ သည်။ သူ့ဆုံးဖြတ်ချက်များကို အမြဲတမ်းလိုလို မှန်ကန်နေတတ်ကြောင်းကိုလည်း သူမ အကြိမ်ပေါင်း များစွာ တွေ့မြင်ခဲ့ရပြီးပြီ။ ထို့ကြောင့် ယခုကိစ္စတွင်လည်း သူ ဆုံးဖြတ်ချက်ချသည့် အချိန်အထိ စောင့် ရန်သာ ရှိတော့သည်။

ဆက်ရန်
.
.
>>>ဆက်ဖတ်ရန်>>> >>

မောင်ပေါ်ထွန်း ဘာသာပြန် ရေမြေခြားသော်လည်း, အပိုင်း (၂၃)

နေရောင်ပျောက်၍ အမှောင်ရောက်လာချိန်တွင် လော်ရာသည် မီးလင်းဖိုဘေးတွင် စိမ်ပြေနပြေ ထိုင်ရင်း စာအုပ်တစ်အုပ်ကို ဖတ်နေလေသည်။ လောလောဆယ်တွင် ယခုလို အေးအေးလူလူ နားနား နေနေ အားလပ်ချိန်မျိုးကို သူမအနေဖြင့် ရတောင့်ရခဲလှသည်။ အဘယ့်ကြောင့် ဆိုသော် ရွေးကောက်ပွဲ နီးကပ်လာပြီဖြစ်၍ လင်တော်မောင်နှင့်အတူ မဲဆွယ်ဟောပြောပွဲ များ သို့ နေ့စဉ်ရက်ဆက် တက်နေရသ ဖြင့် အားလပ်ချိန်မရှိအောင် အလုပ်များနေသောကြောင့် ပင် ဖြစ်သည်။ ထို့ကြောင့် ယခုလို နာရီပိုင်းကလေးမျှ ကိုယ့်စိတ်ကူးနှင့် ကိုယ် အေးအေးဆေးဆေး နားခွင့်ရသည်ကို ပင် သူမအနေဖြင့် ဝမ်းသာမဆုံး ဖြစ်မိရသည်။ ကို ဆက်ဖတ်ရန် .....................

သူမသည် လက်ထဲမှ စာအုပ်တွင် ဖတ်လက်စနှင့် မှတ်ထားခဲ့သော စာမျက်နှာ (၂၁၈) ကို လှန်လိုက် သည်။
ခရစ္စတိုဖာကလေး ၏ ပြဿနာက ဦးနှောက်ထဲသို့ အမြဲလိုလို ဝင်ရောက်လာတတ်သောကြောင့် အဖြေ တစ်စုံတစ်ရာ မရနိုင်သည့်တိုင်အောင် သူမအနေဖြင့် ဖြေပြေရာ ရလိုရငြား ရည်ရွယ်ကာ မနုဿဗေဒ ပညာရှင်များ ၏ စာအုပ်များကို ဖတ်ရှုလေ့လာနေခြင်းပင် ဖြစ်သည်။
ယခု သူမ၏လက်ထဲမှ စာအုပ်မှာ ဒေါက်တာ အက်ရှလီမွန်တေဂူ ရေးသားသော "လူသား၏အန္တရာယ် အများဆုံး ယုံတမ်းပုံပြင် သို့မဟုတ် လူမျိုးပြဿနာ ခံယူမှုအမှား" ဟူသော စာအုပ်ဖြစ်သည်။
ဤအချက်နှင့် ပတ်သက်၍ အဆိုတစ်ရပ် ရှိသည်။ ယင်းမှာ အခြားမဟုတ်။ လူတစ်ယောက်သည် အရောအနှော ထဲမှ ရုန်းထွက်ရန်ထက် အရောအနှောထဲသို့ ဝင်ရောက်ရန် ပို၍လွယ်ကူသည် ဟူသော အချက်ပင် ဖြစ်သည်။

 အောက်စီဂျင်နှင့် ဟိုက်ဒရိုဂျင်တို့ကို ရောစပ်လိုက်သောအခါ ရေ ဖြစ်လာသည်။ သွပ်နှင့် ကြေးနီ ကို ရောစပ်လိုက်သောအခါ သတ္တုစပ်။ သို့မဟုတ် ကြေးဝါကို ရရှိသည်။ ယင်းသတ္တုစပ် သို့မဟုတ် ကြေးဝါ သည် မရောစပ်ရသေးသော မူလသတ္တုထက် ပို၍ အရည်အသွေးကောင်းလာပြီး ပို၍ လည်း မာလာသည်။ ဤအချက်သည်ပင် အရောအနှောထဲသို့ ဝင်ရောက်ခြင်းဖြစ်သည်။ မျိုးသန့် အပင် နှစ်မျိုး သို့မဟုတ် မျိုးသန့်တိရစ္ဆာန်များသည် မူလမျိုးသန့်များထက် ပို၍အရည်အသွေး ကောင်းလာ သည်ကို တွေ့ကြရသည်။
အလားတူပင် လူသားတို့၏တိုးတက်မှုနှင့် ပတ်သက်၍လည်း လူမျိုးတစ်မျိုးနှင့် တစ်မျိုး သွေးနှောခြင်း ဖြင့် မူလ လူမျိုး ထက် ကာယအား၊ ဉာဏအား ပိုမိုပြည့်ဝသော မျိုးစပ်လူမျိုးများ ပေါ်ထွက်လာနိုင်ပေ သည်။

လော်ရာသည် လက်ထဲမှ စာအုပ်ကို ဖျတ်ခနဲ ပစ်ချလိုက်သည်။ သူမအနေဖြင့် လွန်ခဲ့သော လပေါင်း တော်တော်ကြာကြာကတည်းကပင် သိသင့်ခဲ့သော အချက်တစ်ရပ်ကို ယခုမှ ရုတ်တရက် သိလိုက်ရပြီ။
တကယ် ဆိုလျှင် ခရစ္စတိုဖာကလေးသည်လည်း မျိုးစပ်လူသားကလေး တစ်ယောက်ပင်ဖြစ်သည်။ ကမ္ဘာတစ်ဝန်း သို့ လူသားတွေ ခြေစကြာဖြန့်နေသမျှ ကာလပတ်လုံး။ တစ်နိုင်ငံမှ ယောက်ျားများနှင့် တခြားတစ်နိုင်ငံ မှ မိန်းမတွေ ပေါင်းသင်းဆက်ဆံနေကြသမျှ ကာလပတ်လုံး ခရစ္စတိုဖာကလေးလို မျိုးစပ် လူသားတွေ မရေတွက်နိုင်အောင် တိုးပွား လာဦးမည်သာ ဖြစ်သည်။
သည်အကြောင်း ကို တွေးမိသောအခါ သူမသည် ခရစ္စကိုယ်စား ရှက်စိတ်ပင် ဝင်မိသည်။ ခရစ္စသည် သူ့ ပယောဂကြောင့် မွေးလာခဲ့သော သည်ကလေးကို သူ့ပတ်ဝန်းကျင်ထဲသို့ ဘာကြောင့် မဆွဲသွင်းနိုင် ရပါသနည်း။

သည်ကလေးကို သည်အတိုင်း ပစ်ထားခဲ့လျှင် သူမနှင့် ခရစ္စတို့ ဇရာဒုဗ္ဗလအရွယ် ရောက်လာသော အခါ ကလေး၏ အနာဂတ်ဘဝသည် အဘယ်သို့ ရှိပါမည်နည်း။ သည်ကလေး သည် ခရစ္စ၏ပယောဂကြောင့် အမေရိကန်သား ဖခင်နှင့် ကိုရီးယားသူ မိခင်တို့မှ ပေါက် ပွားခဲ့သော မျိုးစပ်လူသားကလေးပင်ဖြစ်သည်။ ထို့ကြောင့် သည်ကလေး၏အနာဂတ်ဘဝ ဖြောင့်ဖြူး သာယာရေး အတွက် ခရစ္စမှာ လုံးဝ တာဝန်ရှိသည်။ တကယ် ဆိုသော်… လူသားတန်ဖိုးအရ သုံးသပ်ကြည့်မည် ဆိုလျှင် ခရစ္စတိုဖာကလေးသည် သူ့ဖခင် ခရစ္စထက် ပို၍ အရေးကြီးပေသေးသည်။ ခရစ္စအနေဖြင့် အမေရိကန်ပြည်ထောင်စု၏သမ္မတကြီး ဖြစ် လာသည့်တိုင်အောင် ခရစ္စတိုဖာလောက် အရေး မကြီးသေး။ ဤသည်မှာ ဇီဝဗေဒသဘောအရ လူသား တစ်ဦးနှင့် တစ်ဦး နှိုင်းယှဉ် ချက် ဖြစ်သည်။

လူ့လောက တွင် လူသားကလေးတစ်ယောက် မွေးဖွားလာခြင်းသည် အလွန်တာဝန်ကြီးသည်။ နောက် ထပ် သက်ရှိ တစ်ခု တိုးပွားလာခြင်းသည် မူလသက်ရှိတို့အတွက် အလွန်တာဝန်ရှိသည်။ သို့သော်… ယခု ခရစ္စတိုဖာကလေး ၏ဘဝကား သူမ၏ခံယူချက်နှင့် တခြားစီဖြစ်နေသည်။ သူသည် အနာဂတ်သို့ ခရီးနှင်နေတသော လူသားကလေး တစ်ဦးဖြစ်သည်။ ယင်းခရီး ဖြောင့်ဖြူးရေးအတွက် ခရစ္စနှင့် သူမတို့ တွင် လုံးဝ တာဝန်ရှိသည်။ သို့သော် သူတို့က ယင်းတာဝန်ကို မသိကျိုးကျွန်ပြုထားကြသည်။ သည် ကလေးအား မိဘမဲ့ကလေးကျောင်း တွင် ပို့ထားခြင်းသည် လုံးဝ မသင့်လျော်။ လုံးဝ မမှန်။ "ကျွန်မတို့ လုပ်နေပုံ မဟုတ်သေးဘူး… မောင်။ မဟုတ်သေးဘူး။ ကျွန်မတို့ အကြီးအကျယ် မှားနေကြ ပြီ"
စာကြည့်ခန်း ထဲတွင် သူမ တစ်ယောက်တည်း ရှိနေသော်လည်း သူမက အသံထွက်၍ ပြောနေမိသည်။

"ဒီကလေးကို အစားအစာ ကျွေးထားရုံနဲ့ မပြီးသေးဘူး။ နေစရာပေးထားရုံနဲ့ မပြီးသေးဘူး။ ပညာသင် ပေးရုံနဲ့ မပြီးသေး ဘူး။ ဒီထက်ပိုပြီး လုပ်ပေးစရာတွေ အများကြီးရှိသေးတယ်။ အများကြီး ရှိသေးတယ်" သည်စကား တွေ ကို ခရစ္စအား ပြောပြလိုက်ချင်ပါသည်။ သို့သော်… ဘယ်တော့ ပြောပြမှာလဲ။ မဖြစ် သေးဘူး။ မဖြစ်သေး ဘူး။ လောလောဆယ် ပြောပြလို့ မဖြစ်သေးဘူး။
ရွေးကောက်ပွဲ က ရက်ပိုင်းသာ ကျန်တော့သည်။ အခြေအနေတွေကလည်း အားလုံး ကောင်းနေသည်။ ခရစ္စ အရွေး ခံရမည်မှာ သေချာသလောက် ရှိနေပြီ။ ရွေးကောက်ပွဲ မန်နေဂျာ ဂျိုးဘားမင်းကလည်း "ခရစ္စ နိုင် ကို နိုင်ရမယ်" ဟု ကျိန်းသေပေါက် ပြောနေပြီ။ ခရစ္စတိုဖာ ၏ ကလေးအကြောင်းနှင့် ပတ်သက် ၍ လည်း ဘာသတင်း မှ ထွက်မလာ။

"ဘာမှမပူပါနဲ့။ ကျွန်တော်တို့ အောင်ပွဲခံမှာ သေချာပါတယ်။ မစ္စက်ဝင်းတား"
တမြန်နေ့ က ဟောပြောပွဲတစ်ခုတွင် ခရစ္စကို စောင့်နေရင်း ဘားမင်းက လော်ရာအား ပြောခဲ့သည်။
"ပထမတော့ အနံ့ခံကောင်း တဲ့ တစ်ယောက်ယောက်များ မမျှော်လင့်ဘဲ ဖြုန်းဆို ဖွင့်ချလိုက်လေမလား ဆိုပြီး ကျွန်တော် တော်တော်ကလေး စိုးရိမ်နေခဲ့မိတယ်။ ဒါပေမဲ့ ဘာမှမဖြစ်ပါဘူး။ ကျွန်တော်တို့ဘက် က လုံခြုံ ပါတယ်။ မစ္စက်ဝင်းတား အနေ နဲ့သာ သတိထားပါ။ အတတ်နိုင်ဆုံး လုံအောင် ထိန်းရမှာပါပဲ"
"အဲဒါတော့ ကျွန်မ အာမ မခံနိုင်ဘူး… မစ္စတာဘားမင်း။ ဒါ ကျွန်မ အမှန်အတိုင်း ပြောတာပါ။ သူ့ဟာ သူ လွင့်လာ တဲ့ ကောလာဟလ သတင်းတစ်ခု ကို ဘယ်သူက ကြိုပြီး ပိတ်ထားလို့ရနိုင်ပါ့မလဲ။ အထူးသ ဖြင့် ကျွန်မ တို့ ရုံးက လူတွေရဲ့ပါးစပ်ကို ကျွန်မ ဘယ်လိုလုပ်ပြီး ပိတ်နိုင်ပါ့မလဲ။ ပြီးတော့… ကျောင်း စရိတ် တောင်းခံလွှာတွေ လည်း ရှိသေးတယ်"
"ကျောင်းစရိတ် တောင်းခံလွှာတွေက မစ္စက်ဝင်းတား ကိုယ်တိုင် ရှင်းလင်းတယ် မဟုတ်လား"

"ဟုတ်ပါတယ်။ အဲဒီကိစ္စတွေကို ကျွန်မကလည်း အသေးစိတ် တာဝန်ယူလုပ်နေပါတယ်။ ဒါပေမဲ့... ကျောင်းက တာဝန်ကို ဘယ်သူ ယူနိုင်ပါ့မလဲ။ အဖြစ်မှန်ကို တစ်ယောက်ယောက် သိသွားရင် ဘယ်လို လုပ်မလဲ။ ဒီကလေး ကို ကျွန်မတို့က ထောက်ပံ့နေတယ်ဆိုတာ သိတဲ့ လူတစ်ယောက်ယောက် သတင်းလွှင့်လိုက်ရင် မဖြစ်နိုင်ဘူးလား" "အို… မဖြစ်လာသေး တဲ့ ကိစ္စအတွက် ဒီလောက်လည်း တွေးကြောက်မနေပါနဲ့ မစ္စက်ဝင်းတား။ ဖြစ်လာ ရင်လည်း ဖြစ်လာသလိုပဲပေါ့။ အခုထိ ဖြစ်မလာသေးတာကိုပဲ ဝမ်းသာရမှာပါ"
"ဒီနေ့ ဖြစ်မလာသေး ရင်လည်း တစ်နေ့တော့ ဖြစ်ကိုဖြစ်လာမှာပါ။ လျှို့ဝှက်ချက်ဆိုတာ တစ်သက်လုံး ဖုံးထားလို့ ရနိုင်တာမျိုး မဟုတ်ပါဘူး။ အထူးသဖြင့် ခရစ္စလို ပုဂ္ဂိုလ်မျိုးအတွက် ပိုပြီးမလွယ်ပါဘူး။ ဒီပြဿနာ ခေါင်းထဲ ထည့်ပြီး မနက်အိပ်ရာ က နိုးလာတိုင်း သူ ဘယ်လိုများ တွေးနေလိမ့်မလဲ မသိပါ ဘူး"

"သူက မတွေးပါဘူး။ သူ မတွေးချင်တဲ့ကိစ္စ ဘယ်တော့မှ မတွေးဘူး။ အဲဒါ သူ့ဝါသနာပဲ။ သူ့ အရည် အချင်းပဲ။ မနက်အိပ်ရာ က ထလာရင် ဒီနေ့ ငါ ဘာလုပ်ရမှာလဲ ဆိုတာလောက်ပဲ သူ တွေးတယ်။ တခြားကိစ္စတွေ လုံးဝ မတွေးဘူး။ ဒါဟာ သူ့ရဲ့ထူးခြားတဲ့ အရည်အချင်းပဲ။ သူက ဘယ်တော့မှ တွေး မပူတတ်ဘူး"
ဘားမင်း ပြောတာ မှန်သည်။ ခရစ္စက ဘယ်တော့မှ တွေးပူတတ်သူမဟုတ်။ သူမကသာ အရာရာ ကို တွေးပူတတ် သူ။ သို့ဆိုလျှင်… ခရစ္စတိုဖာကလေး ၏ ပြဿနာကို သူမကပင် လုံးဝ တာဝန် ယူ၍ ဖြေရှင်းရတော့မှာလား။ အိုးကမပူ စလောင်းကပူ ဆိုသလို ခရစ္စကိုယ်တိုင် ဖြေရှင်းရမည့် ပြဿနာကို သူမ က ဝင်ဖြေရှင်းလို့ ကော ရနိုင်ပါ့မလား။ ဘာပဲဖြစ်ဖြစ် ယခုလို ခရစ္စအတွက် ရွေးကောက်ပွဲကိစ္စ အရေးကြီးနေချိန် တွင် သည်ကိစ္စကို မေ့ထား လိုက်တာပဲ အကောင်းဆုံးဖြစ် လိမ့်မည်။
သို့သော်… မေ့လို့မရ။ ခရစ္စတိုဖာကလေး၏မျက်နှာက သူမရှေ့တွင် မကြာခဏ ပေါ်၍ပေါ်၍လာသည်။
သူက သူမ ထံမှ အဖြေကို တောင်းခံနေသည်။

ခရစ္စတိုဖာကလေးသည် သူ၏အခန်းထောင့်တစ်နေရာတွင် သူ့စိတ်ကူးနှင့် သူ အလုပ်ရှုပ်နေသည်။
သူ့ဘဝတွင် ယခုလို လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်နေခဲ့ရသော အချိန်ဟူ၍ မရှိသလောက်ပင်။ ကိုရီးယား တွင် နေခဲ့တုန်းကဆိုလျှင် သူ့မှာ "လူသစ်" တစ်ယောက်ဖြစ်နေပြီး အများနည်းတူ လူတော သူတောထဲ ဝင်ခွင့်မရခဲ့။ ကလေးတွေ ကစားဝိုင်းတွင်လည်း သူ့မှာ ဘယ်တော့မှ ဝင်မကစားရ။ ပွဲကြည့် ပရိသတ် တစ်ယောက်အဖြစ် အပြင်ကသာ ထိုင်ကြည့်နေခဲ့ရသည်။ ယခု သည်ကျောင်းမှာတော့ ယင်းသို့မဟုတ်။ ကိုရီးယား တုန်းက အခြေအနေမျိုးနှင့် တခြားစီဖြစ်သည်။ အစတုန်းက သည်ကျောင်းကို မိဘမဲ့ယောက်ျား ကလေး ကျောင်းအဖြစ် သူ သိခဲ့ရသည်။ သို့သော် လည်း မိဘတွေ ကျောင်းသို့ လာရောက်ကြသည်ကို သူ မြင်တွေ့ ရသည်။ ကျောင်းပိတ်ရက်ကျတော့ လည်း အချို့ ကျောင်းသားကလေးတွေ အိမ်သို့ပြန်ကြသည်။ အချိန် တန်တော့ ကျောင်းသို့ ပြန်လာကြ သည်။

ကျောင်းတွင်း ကစားပွဲများတွင်လည်း သူ့အနေဖြင့် သဘောရှိ ပါဝင်ကစားခွင့်ရှိသည်။ ကိုရီးယားတွင် ဝိုင်းပယ်ခြင်း ခံနေခဲ့ရ၍ သူ့ခမျာ လူတောမတိုးရဲ။ အောက်ကျ နောက်ကျစိတ် ဝင်နေခဲ့ရသည်။ ယခု တော့ ယင်းသို့ မဟုတ်တော့။ ကစားပွဲများတွင် ဘယ်သူ့ကိုမှ ကြောက်စရာ မလိုတော့ဘဲ စိတ်ရှိ တိုင်း ပြေးချင် သလိုပြေး။ အော်ချင်သလို အော်နိုင်ပြီ ဖြစ်သည်။
နေ့ပိုင်းတွင် တခြားကျောင်းသားကလေးတွေနှင့်အတူ စာသင်ခန်းထဲသို့ရောက်နေပြီး ညနေပိုင်း အားကစား ချိန်နှင့် ညစာစားချိန် စပ်ကြားတွင်တော့ ကိုယ်ပိုင်အားလပ်ချိန်ဖြစ်၍ ကိုယ်ဝါသနာပါရာ အလုပ်ကို လွတ်လပ်စွာ လုပ်နိုင်လေ သည်။ ယနေ့လည်း ထုံးစံအတိုင်း သူ၏ရုပ်သေးရုပ်ကလေးတွေနှင့် အလုပ်များနေလေသည်။
သူနှင့် တစ်ခန်းတည်းနေ ကျောင်းသားကလေး ဂျွန်ဘားစတိုးမှာ တခြားအဖော်တွေနှင့် တစ်နေရာတွင် ရှိနေချိန်မို့ ခရစ္စတိုဖာ သည် အခန်းတံခါးကိုပိတ်ကာ အခန်းထောင့်တစ်နေရာမှ ကန့်လန့်ကာကို ဘေး သို့ ဆွဲဖွင့်လိုက်သည်။

ကန့်လန့်ကာ ပွင့်သွားသောအခါ အခန်းထောင့်တွင် ကုန်ခြောက်ထည့်သော ထင်းရှူးသေတ္တာကြီးတစ် လုံး ပေါ် လာသည်။ ထင်းရှူးသေတ္တာပေးတွင်တော့ ရုပ်သေးရုပ်ကလေး သုံးရုပ်…။ ချယ်ရီသားဖြင့် သူ ကိုယ်တိုင် ထု လုပ်ထားသော အရုပ်ကလေးတွေ ဖြစ်သည်။
တစ်ရုပ် က သူ၏ကိုရီးယားသူ မိခင်၏အရုပ်။ နောက်နှစ်ရုပ်ကတော့ သူ့ဖေဖေနှင့် ဖေဖေ့ဇနီးတို့၏ အရုပ်…။ သူ့ဖေဖေ၏ ဇနီးကို သူက သူ့မေမေအရင်းလို ဆက်ဆံချင်သည်။ သို့သော် ဘာကြောင့်မှန်း တော့မသိ။ သူ့အနေဖြင့် အမေ လို ဆက်ဆံခွင့်မရ။
စတုတ္ထ အရုပ်ကလေးတစ်ရုပ်ပေါ်မှ အဝတ်စကို ခွာလိုက်သည်။ ယောက်ျားကလေးတစ်ယောက်၏ အရုပ်။ အဝတ်အစား က အမေရိကန်အဝတ်အစား။ သည်အရုပ်ကလေးကိုလည်း တခြားအရုပ်သုံးရုပ် အတိုင်း သူ ကိုယ်တိုင် ထု ထားခြင်းဖြစ်သည်။

ကိုရီးယားသူ မေမေ့ရုပ်က ကိုရီးယားဝတ်စုံနှင့်။ တခြားနှစ်ရုပ်ကတော့ အနောက်တိုင်းဝတ်စုံများနှင့်။
ကလေးရုပ် ကလေးမှာ လက်စမသတ်ရသေး။ တစ်ပိုင်းတစ်စသာ ပြီးသေးသည်။
သူက မောင်းချဓားကလေး ကို ဖွင့်ပြီး အရုပ်ကလေး၏ဦးခေါင်းကို အချောကိုင်လေသည်။
ရုပ်သေးရုပ် ကလေးတွေကို ဘယ်အချိန်ကစ၍ သူ ချစ်တတ်လာခဲ့ကြောင်းကိုတော့ သူ တွေး၍မရ တော့။ ဆိုးလ်မြို့တွင်လည်း ရုပ်သေးပွဲ များများစားစား မရှိလှ။ လူတွေက ရုပ်ရှင်နှင့် ပြဇာတ်ပွဲများကို သာ ပို၍ နှစ်သက်ကြသောကြောင့်ပင်။
သို့သော် ဆိုးလ်မြို့တွင် နေခဲ့တုန်းက ရုပ်သေးရုပ်တွေ ထုလုပ်ပြီး ရုပ်သေးပွဲကပြသော အဘိုးကြီး တစ်ယောက် ကိုတော့ သူ ကောင်းကောင်း မှတ်မိနေသေးသည်။ တစ်နေ့တွင် အဘိုးကြီးက တောသူ အဘွားကြီး အရု ပ်တစ်ရုပ် ကို ထုနေချိန်တွင် ခရစ္စတိုဖာကလေး ရောက်သွားသဖြင့် စိတ်ဝင်စားစွာဖြင့် ထိုင်ကြည့်နေမိသည်။

"အဘိုး… ဒီအလုပ် ကို လုပ်စားလာတာ နှစ်ပေါင်းလေးဆယ်ကျော်ပြီကွယ့်"
အဘိုးကြီးက ခရစ္စတိုဖာအား စိတ်ရှည်စွာ ပြောပြသည်။
"ဒါပေမဲ့ ဒီခေတ်မှာတော့ ရုပ်သေးပွဲကို လူတွေ မကြိုက်ကြတော့ပါဘူး။ တို့နိုင်ငံမှာ "ဂိုဒူဂက်စီနိုရီယံ" ဆိုတာ အလွန်နာမည်ကြီးတဲ့ ရှေးဟောင်းပြဇာတ်ပဲပေါ့ကွယ့်" "အဲဒီ ရုပ်သေးပြဇာတ်ကို ကျွန်တော် သိပ်ပြီး ကြည့်ချင် တာပဲ ဘိုးဘိုး"
ခရစ္စတိုဖာက စိတ်အားထက်သန်စွာဖြင့် ပြန်ပြောလိုက်သည်။
"ကြည့်ချင်ရင် ကြည့်ရမှာပေါ့ ငါ့မြေးရဲ့။ မနက်ဖြန် ညကျတော့ အဲဒီပြဇာတ်ကို ဘုရားကျောင်းမှာ အဘိုး ကိုယ်တိုင် ပြ မယ်ကွယ့်။ အနည်းဆုံး တစ်ခန်းလောက်တော့ ပြဖြစ်ပါလိမ့်မယ်။ ဒီပြဇာတ်က အခန်းတွေ အများကြီး အရှည်ကြီး ကွယ့်။ ဆုံးအောင် ပြမယ်ဆိုရင် သုံးလေးရက်လောက် ပြရလိမ့်မယ်"

ခရစ္စတိုဖာကလေးသည် ယင်းရုပ်သေးပြဇာတ်ကို ကြိုးကြားကြိုးကြားဖြင့် အစအဆုံး အပိုင်းစုံ ကြည့်ခဲ့ ဖူးသည်။ သူသည် ကလေးသဘာဝအတိုင်း ပြဇာတ် ဇာတ်လမ်း တို ထက် ရုပ်သေးရုပ်ကလေးတွေကို ပို၍ သဘောကျခဲ့ သည်။ ထို့ကြောင့်လည်း တစ်နေ့တွင် သူကိုယ်တိုင် ရုပ်သေးရုပ်ကလေးတွေ ထုလုပ် မည်ဟု ရည်ရွယ်ထား ခဲ့သည်။ သို့သော် ထုစရာ စူးဆောက်ကိရိယာမရှိသဖြင့် သူ့စိတ်ကူးမှာ အိပ်မက် စိတ်ကူး အဖြစ်ဖြင့်သာ ပြယ်ပျောက်သွား ခဲ့ရသည်။ သို့ပေမဲ့… ကံကောင်းချင်တော့ သူသည် ဤကျောင်းတွင် ပန်းချီပန်းပု သင်တန်းတက်ခွင့်ရခဲ့သည်။ ဤ တွင် တစ်ချိန်က သူ၏အိမ်မက်စိတ်ကူးကို လက်တွေ့အကောင်အထည်ဖော်ခွင့် ရလာခဲ့တော့ သည်။
သို့ဖြင့် သူ့စိတ်ကူးနှင့်သူ အရုပ်ကလေးတွေ ထုသည်။ ဘယ်သူ ဘယ်ဝါအရုပ်ဆိုသည်ကိုတော့ သူက ဆရာ့ကို မပြော။ ဆရာ လုပ်သူကလည်း မေးလားမြန်းလား မလုပ်။ သူ့သဘောနှင့်သူ ထုချင်တဲ့ အရုပ် ထုပါစေဟု လွှတ်ပေး ထားသည်။

ထို့ကြောင့်ပင် ယနေ့ညနေတွင် ခရစ္စတိုဖာသည် လက်စမသတ်သေးသော သူ့ရုပ်ထုကို စိမ်ပြေနပြေ အချော ကိုင်နေခြင်းဖြစ်သည်။ သို့သော်… ယခု သူ ထုလုပ်နေသော ရုပ်သေးရုပ်လေးရုပ်၏ဇာတ်လမ်းသည် ဘယ်လိုဖြစ်ပေါ်လာ မည် ဆိုတာကိုတော့ သူ့အနေဖြင့် လုံးဝ စဉ်းစား၍ မရသေး။
စိတ်ပါ ဝင်စားစွာဖြင့် အရုပ်ကလေးကို အချောကိုင်နေစဉ်မှာပင် ညစာစားချိန် ခေါင်းလောင်းထိုးသံ ပေါ် ထွက်လာလေ သည်။ တစ်ချိန်တည်းတွင် အခန်းတံခါးပွင့်သွားပြီး သူ့အခန်းဖော် ဂျွန်ဘားစတိုး ဝင်လာ သည်။
တစ်ယောက်မျှစကားမပြောကြ။ ဂျွန်က ခရစ္စတိုဖာ အနီးသို့ လျှောက်လာပြီး နောက်ဘက်မှ ရပ်ကြည့် နေသည်။
"အရုပ်ကလေး က လှတယ်ကွ။ မင်းရုပ် အတိုင်းပါပဲလား" ဂျွန် က ချီးကျူးလိုက်သည်။ "ဒါ… ငါ့အရုပ်ပဲလေ"
ခရစ္စတိုဖာက နောက်သို့လှည့်မကြည့်ဘဲ ပြန်ပြောသည်။

"ဒါနဲ့… ဒါတွေကရော"
"ငါ့အဖေနဲ့ ငါ့အမေ"
"နောက် ဒီအရုပ်ကရော ဘယ်သူလဲ"
"အဲဒါလည်း ငါ့အမေပဲ"
"ဟင်… မင်းဥစ္စာက မဟုတ်တာ"
"ဟုတ်ပါတယ်ကွ။ ငါ့မှာ အမေ နှစ်ယောက်ရှိတယ်"
"ဒီကောင် မဟုတ်တာ ပြောပြန်ပြီ။ ဘယ်သူမှ အမေနှစ်ယောက် မရှိပါဘူးကွ"
ခရစ္စတိုဖာ က ဘာမှပြန်မပြော။ ဘယ်လိုပြောရမှန်းလည်း သူ မသိ။
"ပြောစမ်းပါဦးကွ..ခရစ္စတိုဖာ"
ဂျွန်က ထပ်မေးနေပြန်သည်။
"အမေနှစ်ယောက် ဆိုတာ တကယ်ရှိနိုင်လို့လား သူငယ်ချင်းရ"

"ဟုတ်တယ်… ဂျွန်။ တို့ ကိုရီးယားနိုင်ငံမှာဆိုရင် အမေနှစ်ယောက်ဆိုတာ တကယ် ရှိတယ်"
ထို့နောက် သူသည် မောင်းချဓားကလေးကို ပြန်ပိတ်ပြီး အရုပ်ကလေးကို အဝတ်စနှင့်ပတ်ကာ ထင်းရှူး သေတ္တာပေါ် တွင် ပြန်တင်ထားလိုက်သည်။
ပြီးတော့… ကန့်လန့်ကာကို ဆွဲပိတ်လိုက်သည်။
သည် အရုပ် ကလေးတွေကို ထုလုပ်နေရသည်မှာ သူ့အဖို့ အလွန်ပျော်စရာကောင်းလှသည်။ အရုပ် ကလေးတွေ ကို စတိမ့်စိမ့်ကြည့်နေရသည်နှင့်ပင် ဘဝင်အေးကာ ကြည်နူးဝမ်းသာနေမိသည်။
သို့သော်… သို့သော်… သည်အရုပ်ကလေး လေးရုပ်၏နောက်ခံဇာတ်လမ်းကို စဉ်းစားမိသောအခါတွင် ကား သူ့ရင်မှာ ပူလောင် လာသလို ခံစားရလေသည်။
သူတို့၏ ဇာတ်လမ်းက အနာဂတ်တွင် ဘယ်လို ဖန်လာကြပါမည်နည်း။ ဘယ်လို အဆုံးသတ်ပါမည် နည်း။
ခရစ္စတိုဖာကလေး အဖို့တော့ အဆုံးမမြင်သော ကြေကွဲဖွယ်ဇာတ်လမ်းတစ်ပုဒ်လိုပင် ထင်မှတ်နေမိပါ တော့ သည်။
......................................................................
"တစ်ချိန်မှာ တစ်ခုပဲ လုပ်ကြတာပေါ့… လော်ရာ"
ခရစ္စက ပြောသည်။
သူတို့လင်မယားသည် အိပ်ခန်းထဲတွင် အတူရှိနေကြသည်။ လော်ရာက အဖြူရောင်ဖဲပျော့ဝတ်စုံကို ဝတ်ထား သဖြင့် ထူးထူးခြားခြား လှနေသည်။ ခရစ္စက ကိုယ်လုံးပေါ် မှန်ရှေ့တွင် ရပ်ကာ အင်္ကျီလည် စည်းတပ်နေရင်း မှန်ထဲမှ လော်ရာ၏ရုပ်ကိုကြည့်ပြီး "သူက အဖြူရောင်နဲ့ သိပ်လိုက်တာပဲ" ဟု တွေး လိုက်မိသည်။
လော်ရာ ၏ ကိုယ်ကာယက နွဲ့နှောင်းပျော့ပျောင်းသည်။ ဆံပင်က ရွှေနီရောင် တလက်လက် တောက် နေသည်။ မျက်လုံးတွေ က အနက်ရောင်။ ကြည့်လေ လှလေ ရုပ်သွင်မျိုး။
သူမ၏ အလှက ဗြဲလယမ်း အလှမျိုးမဟုတ်။ သိမ်မွေ့သော အလှမျိုးဖြစ်သည်။ မြင်ရသူ ဘဝင်အေးရ သော အလှမျိုးဖြစ် သည်။
သို့သော် ယင်းအလှ ထဲတွင် လေးနက်သော တည်ငြိမ်မှု ကိန်းဝပ်နေသည်ဟု ခရစ္စက ယူဆသည်။

"ဒါနဲ့… မောင်။ ခရစ္စတိုဖာကလေးအကြောင်းကို မောင် တစ်ခါမှ မတွေးမိဘူးလား… ဟင်" ဟု လော်ရာ က မေး လာသောကြောင့် စောစောကအတိုင်း ပြန်ပြောလိုက်ခြင်းဖြစ်သည်။
တကယ်တော့ ဘားမင်း ပြောခဲ့သလို သူက ခရစ္စတိုဖာကလေးအကြောင်းကို လောလောဆယ်တွင် လုံးဝ မတွေးတာ အကောင်းဆုံးဟု ယူဆထားခြင်းဖြစ်သည်။ သူသည် ဆုံးဖြတ်ချက် တစ်ခုကို ဆန္ဒစွဲ ဖြင့် ချမှတ်တတ်သူ မဟုတ်။ အချိန်အခါနှင့် အခြေအနေကို ကြည့်၍သာ ဆုံးဖြတ်တတ်သူဖြစ်သည်။
"တစ်ချိန် မှာ တစ်ခုပဲ လုပ်တာ ကောင်းပါတယ် လော်ရာ"
သူက ပြောပြီးသား စကား ကိုပင် ထပ်ပြောလိုက်သည်။ ပြီးတော့ ညစာစားပွဲတွင် ဝတ်သော ဂျက်ကတ် အင်္ကျီ လှမ်းယူ လိုက်သည်။

"ဒီတော့… ကလေးရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး မောင်က ဘယ်လိုရည်ရွယ်ထားလို့လဲ"
လော်ရာက ထပ်မေးနေပြန်သည်။
ခရစ္စ အနေဖြင့် ဖြေဆိုနိုင်ရန် အသင့်မရှိ၍ သည်မေးခွန်းကို သူမ မမေးသင့်ဆိုတာကို လော်ရာ သိပါ သည်။ သို့သော်လည်း သူမသည် အချိန်ရှိတိုင်း ခရစ္စတိုဖာကလေးဆီသို့သာ စိတ်ရောက်နေသဖြင့် သည်ကိစ္စကို ခရစ္စနှင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးလိုစိတ် အလွန်ပြင်းပြနေသည်။ ထို့ကြောင့်ပင် ဒေါ်လာ တစ်ထောင်တန် ညစာစားပွဲ သို့ သွားရန် ပြင်ဆင်နေခိုက် သူမက မေးလိုက်ခြင်းဖြစ်သည်။
"အဲဒါတော့ ငါ မသိဘူး" ခရစ္စက ပြန်ပြောသည်။

"ဒီပြဿနာမျိုးဆိုတာ ကြိုပြီး ဆုံးဖြတ်ချက်ချလို့ရတာ မဟုတ်ဘူး။ အချိန်အခါဆိုတာ ရောက်လာပါလိမ့် မယ်။ အဲဒီအချိန် ကျတော့မှ ဘာလုပ်သင့်တယ်ဆိုတာ အလိုလို သိလာမှာပဲ"
အင်း… ဟုတ်ပါတယ်။ အလိုလို သိလာပါလိမ့်မယ်… ဟု တွေးရင်း လော်ရာ သက်မတစ်ချက် ချလိုက် သည်။ အလိုလို သိလာမယ့်အချိန်ရောက်လာနိုင်ပါစေဟုလည်း စိတ်ထဲက ဆုတောင်းလိုက်မိသည်။ တစ်ချိန်တည်းတွင် သူမ အနေဖြင့် ခရစ္စအား ဘယ်လိုမှ တွန်း၍ရမည်မဟုတ် ဆိုသည်ကိုလည်း သဘောပေါက်မိသည်။ သူ့စိတ်ကို သူမ သိသည်။ သူက ပြဿနာတစ်ရပ်ကို အလောသုံးဆယ် ဆုံး ဖြတ်တတ်သူ မဟုတ်။

ပဿနာ တစ်ရပ်ကြုံလာလျှင် ကိုယ်နှင့်ဘာမှ မဆိုင် သလို ဘေးချိတ်ထားလိုက်ပြီး ခေါင်းအေးအေးဖြင့် အဖြေရှာကာ အချိန်တန်ပြီဟု ယူဆသော အခါတွင်မှ ဆုံးဖြတ်ချက်ချတတ်သူဖြစ် သည်။ သူက လော်ရာ၏ ရှည်လျားသော အကြောင်းပြချက်များကို စိတ်မရှည်။ သူသည် နေရာတကာ တွင် ကျိုးကြောင်း ညီညွတ်သော ဆင်ခြင်တုံတရား ကို လက်မခံ။ သူ၏ပင်ကို ခံစားချက်ကို အဓိက ထားပြီး တစ်ပါးသူ၏စကားကို နားထောင် သည်။ အချက်အလက် စုသည်။ ပြီးတော့ ဆုံးဖြတ်ချက်ချ သည်။ သူ့ဆုံးဖြတ်ချက်များကို အမြဲတမ်းလိုလို မှန်ကန်နေတတ်ကြောင်းကိုလည်း သူမ အကြိမ်ပေါင်း များစွာ တွေ့မြင်ခဲ့ရပြီးပြီ။ ထို့ကြောင့် ယခုကိစ္စတွင်လည်း သူ ဆုံးဖြတ်ချက်ချသည့် အချိန်အထိ စောင့် ရန်သာ ရှိတော့သည်။

ဆက်ရန်
.
.
>>>ဆက်ဖတ်ရန်>>> >>

Friday, September 14, 2012

မောင်ပေါ်ထွန်း ဘာသာပြန် ရေမြေခြားသော်လည်း, အပိုင်း (၂၂)

ပြီးတော့... သမ္မတ ဂရိုဗာ ကလီးဗ်လင်းကိစ္စလည်း ရှိသေးသည်။ သူ့ပြဿနာနှင့် ထပ်တူ ထပ်မျှလို ဖြစ် နေ သည်။ ကလီးဗ်လင်း သည် တရားမဝင်ရခဲ့သော သားကလေးကို လူသိ ရှင်ကြား ကြော်ငြာ ပြီး ရွေး ကောက်ပွဲဝင်ခဲ့သည်။ သူ့ကို တိုင်းပြည် က သမ္မတ အဖြစ် ရွေးကောက် တင်မြှောက်ခဲ့သည်။ သို့သော် ကလီးဗ်လင်းအား ပြည်သူတွေက ခွင့်လွှတ်နိုင်သော်လည်း ခရစ္စကို ကျတော့ ခွင့်လွှတ်နိုင်ကြ မည် မဟုတ်။ အကယ်၍ သူ့တွင် တရားမဝင်သော ကိုရီးယား ကပြား သားကလေး တစ်ယောက်ရှိနေ သည်ဆိုတာကို ဆန့်ကျင်ဘက် အုပ်စုက သိသွားခဲ့လျှင် သည်ပြဿနာ သည် ဒိုင်းနမိုင်းပေါက်ကွဲသလို ဝုန်းခနဲ ဖြစ်လာနိုင်သည်။ သည်အကြောင်း ကို တွေးမိသောအခါ လော်ရာမှာ စိတ်ထဲက ကျိတ်ပြီး အကြီးအကျယ် ပူနေမိတော့သည်။ ကို ဆက်ဖတ်ရန်..........

သူမသည် ခရစ္စတိုဖာကလေးထံသို့လည်း နောက်ထပ်မသွားတော့။ သတင်းဦး သတင်းထူးကို ကတွတ် ပေါက် က ဗျိုင်းစောင့် သလို စောင့်နေကြသော သတင်းစာဆရာများ သတင်းနံ့ မရနိုင်အောင် လိပ်စာနှင့် လက်မှတ် မပါသော ပို့စကတ်များကိုသာ အခါအားလျော်စွာ ပို့နေရတော့သည်။ ဆောင်းဦးပေါက် ရာသီ သို့ နီးကပ်လာခဲ့ပြီ။ မကြာမီ တွင် နိုဝင်ဘာလထဲသို့ ရောက်လာပေတာ့မည်။  မြေပြင် တွင် ဆီးနှင်းတွေ ဖုံးလွှမ်းနေပြီ။ သစ်ရွက်တွေ ဝါကြန့်လာကြပြီး စိမ့်အေးသော လေထဲတွင် ပျံ ဝဲနေကြပြီ။

ရာသီတွေ ပြောင်းလာသလို ခရစ္စ၏အခြေအနေကလည်း ပြောင်းလဲလာသည်။  သူ့အမူအရာသည် ယခင်ကလို ကြည်ကြည်ရွှင်ရွှင် မရှိတော့သည်ကို လော်ရာ သတိပြုလာမိသည်။ သူသည် ရွေးကောက် ပွဲ မန်နေဂျာ ဘာမင်းနှင့် ခေါင်းချင်းရိုက်ကာ နေထွက်မှသည် သန်းခေါင်ချိန်တိုင်အောင် အလုပ်တွေ ဖိ လုပ်လာသည်။ သူ့မျက်နှာ တွင် အရေးတကြီး အရိပ်အရောင်တွေကိုလည်း မြင်ရသည်။
ခရစ္စ၏အမူအရာ ကို အကဲခတ်ကာ လော်ရာမှာလည်း တစ်နေ့ထက်တစ်နေ့ စိုးရိမ်စိတ်များ ကြီးထွား လာခဲ့သည်။ သို့ဖြင့် တစ်နေ့တော့ အောင့်မနေနိုင်တော့သဖြင့် သူမက ဖွင့်မေးတော့သည်။
"မောင်... မောင့်အခြေအနေ ကြည့်ရတာ အရင်ကနဲ့ မတူသလိုပဲ။ ဘာတွေများ အရေးကြီးနေသလဲ... မောင်။ စိုးရိမ်စရာတွေ များ ရှိနေပြီလား... ဟင်"

"အိုး... ဘာမှမရှိပါဘူး။ ဘာမှစိုးရိမ်စရာ မရှိပါဘူး။ ရွေးကောက်ပွဲနီးလာလို့ အလုပ်များနေတာပါ။ ဘာမှ မပူပါနဲ့... လော်ရာ။ ဖြစ်လာတဲ့အခြေအနေကို ရဲရဲရင်ဆိုင်ကြတာပေါ့။ ဟိုကိစ္စနဲ့ ပတ်သက်လို့လည်း ငါ ယတိပြတ် ဆုံးဖြတ် ချက် ချလိုက်ပြီးပါပြီ။ အဲဒီကိစ္စအတွက် ငါ ဘာမှထည့်မတွက်တော့ဘူး။ လောလော ဆယ် လုပ်စရာ ရှိတာတွေကိုပဲ ဦးစူးမဂ္ဂလုပ်တော့မယ်။ ပြဿနာ ပေါ်လာရင်လည်း ပေါ်လာတဲ့အတိုင်း ဖြေရှင်းသွားရမှာပဲ။ ဒါပေမဲ့ ငါ အရွေးခံရရင် အမှန်တရားကို ရင်ဆိုင်ပါ့မယ်။ အဲဒါတော့ မလုပ်လို့ မဖြစ် ဘူး။ အချိန်ဆွဲထားလေလေ ပိုဆိုးလေလေ ဖြစ်လိမ့်မယ်" "ဒါနဲ့... ဘားမင်းကရော ဘာတွေပြောသေးသလဲ... မောင်..."

"အစကတည်းက သူ ပြောနေတာတွေကတော့... ထုံးစံအတိုင်းပဲပေါ့။ ပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်လာ တဲ့အခါ ကိုယ့်ကို ကူညီထားတဲ့ လူတွေကို သင့်တော်တဲ့ရာထူးတွေမှာ ခန့်ထားဖို့။ သင့်တော်တဲ့ လူတွေ ကို ကန်ထရိုက် လုပ်ငန်းတွေ ချပေးဖို့ကိစ္စတွေပဲပေါ့။ အခုဆိုရင် နောက်ဆုံးညစာစားပွဲအတွက် လူတွေ တန်းစီနေကြပြီ။ တစ်ပွဲ ကို ဒေါ်လာတစ်ထောင်စားပွဲ။ ပိုက်ဆံအများဆုံး ပေးထားတဲ့လူတွေကလည်း ထိပ်တန်းရာထူးကြီးတွေပေးဖို့ အခုတည်း က လက်ဖြန့်တောင်းခံနေကြပြီ။ ငါတော့ ဒီကိစ္စတွေကို ဘယ် နည်းနဲ့မှ အလျှော့မပေးဘူးလို့ ဆုံးဖြတ် ထားတယ်။ ဟုတ်တယ်။ ဒါကိုတော့ လုပ်ကို လုပ်ရမယ်။

ပြီးတော့... ဒီရွေးကောက်ပွဲကို ရှုံးရှုံးနိုင်နိုင် ဝင်ဖြစ်အောင် ဝင်မယ်ဆိုတာလည်း အပြတ်ဆုံးဖြတ်ထားပြီး ပြီ။ လောလောဆယ်မှာ တစ်ဖက်လူတွေက ငါ့အကြောင်း မကောင်းသတင်းတွေကို သန်းရှာသလို ရှာ နေကြတာ ဆိုတာ မင်းလည်း သိပါတယ်။ ဘာသာရေး၊ အကျင့်စာရိတ္တ၊ တက္ကသိုလ် ကျောင်းသားဘဝ၊ စီးပွားရေး လုပ်ငန်း၊ ရွေးကောက်ပွဲရန်ပုံငွေ ကိစ္စတွေနဲ့ပတ်သက်ပြီး ဟာကွက်ကို ပိုက်စိပ်တိုက် လိုက်ရှာ နေကြ တယ်။ တော်တော်ရွံ့စရာကောင်းတဲ့ နိုင်ငံရေး လုပ်ရပ်ပဲ။ ဒီနိုင်ငံက အရှိန်အဟုန်နဲ့ စစ်ကြီး ဖြစ် နေတဲ့ အခါမှ ဂုဏ်ရှိတယ်လို့ ယုံကြည်နေကြတာ... လော်ရာ။ အဲဒီတော့... မင်းအနေနဲ့ ငါ့အတွက် စစ် ပွဲကြီးတစ်ခု ဖန်တီးမပေးနိုင်ဘူးလား"
သူက ရယ်ပြီး ပြောသည်။

"ဒီရွေးကောက်ပွဲမှာ ငါ့အနေနဲ့ ဒေါ်လာတစ်သန်းကျော် အကုန်အကျခံထားတယ်။ အဲဒါတွေဟာ ငါ့ကိုယ်ပိုင် ပိုက်ဆံ မဟုတ်ဘူးဆိုတာ ဘယ်လိုမှ သူတို့စုံစမ်းလို့မရကြဘူး။ အခုတော့ သူတို့က တစ်မျိုး စတန့် ထွင်နေကြပြန်ပြီ။ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းရဲ့ကိုယ်ပိုင် ပိုက်ဆံသုံးစွဲတာ ဒီမိုကရေစီ မကျဘူး ဆိုပြီး ကြွေးကြော်နေကြပြန်ပြီ။ ငါနဲ့အပြိုင် ပုဂ္ဂိုလ်က ပိုက်ဆံမရှိလို့ အဲဒီလို ကြွေး ကြော်တာ။ ဘာပဲဖြစ်ဖြစ် ငါ့အနေနဲ့တော့ ရွေးကောက်ပွဲပြီးတဲ့အထိ လုပ်သင့်တာတွေ အားလုံးလုပ်သွား မှာပဲ။ ရွေးကောက်ပွဲ ကလည်း ရက်ပိုင်းလောက်ပဲ လိုတော့တယ်... မဟုတ်လား"
သူတို့ လင်မယား သည် ခရစ္စတိုဖာကလေးအကြောင်း လုံးဝ မဆွေးနွေးခဲ့ကြသည်မှာ ရက် သတ္တပတ် တော်တော်ကြာသွားခဲ့ပြီ။ ယခုလည်း ကလေးအကြောင်း လုံးဝမပြောကြ။ နိုင်ငံရေးကိစ္စနှင့်သာ အလုပ် ရှုပ်နေကြလေ သည်။

ဒေါက်တာဘားလက်သည် ရုံးခန်းထဲတွင် ထိုင်ကာ နောက်တစ်ပတ်တွင် ကျောင်းသားမိဘများထံ ပို့ရ မည့် ပညာရည်ပြကတ်များကို စစ်ဆေးကြည့်ရှု့နေသည်။ တစ်ကျောင်းလုံးတွင် ကျောင်းသားကလေး တစ်ရာ့ငါးဆယ်တိတိ ရှိရာ သူက တစ်ယောက်မကျန် အကုန်လုံးသိသည်။ တစ်ယောက်စီ၏ပညာ အရည်အချင်း တိုးတက်မှု ကိုလည်း အမြဲတမ်း မျက်ခြေမပြတ် စောင့်ကြည့်ကာ လိုအပ်သလို ညွှန်ကြား ဆုံးမသည်။
"ဒေါက်... ဒေါက်..."
ရုံးခန်းတံခါး ခေါက်သံ ပေါ်ထွက်လာသည်။
"ဝင်ခဲ့ပါ..." ဆရာကြီးက လှမ်းပြောသည်။
တံခါးပွင့်လာသည်။ တံခါးဝတွင် ကင်ခရစ္စတိုဖာ ရပ်နေသည်။
အချိန်က ညနေပိုင်း။ ဆရာကြီးသည် ယနေ့ စောစောပြန်ရန် စိတ်ကူးထားသည်။ သူ့ဇနီး၏မွေးနေ့ဖြစ် ၍ မွေးနေ့ လက်ဆောင်ပေးရန် အိမ်ပြန်ရမည်ဖြစ်သည်။ "လာလေ... ခရစ္စတိုဖာ။ ဘာကိစ္စရှိလို့လဲ" ခရစ္စတိုဖာသည် ရုံးခန်းထဲသို့ ဝင်လာပြီး စားပွဲစွန်မှ ကုလားထိုင်တွင် ကျိုးနွံစွာ ဝင်ထိုင်သည်။

"ခွင့်ပြုပါ ဆရာကြီး။ ကျွန်တော် လာတာ အနှောင့်အယှက်များ ဖြစ်နေမလား... ဆရာကြီး"
သူ အင်္ဂလိပ်စကား တော်တော်ကျွမ်းကျင်နေပြီ။ အချိန်တိုအတွင်း အံ့သြလောက်အောင် တိုးတက်လာ ခဲ့သည်။ ဒေါက်တာဘားလက် က သည်ကလေး၏အရည်အချင်းကို ယုံကြည်သည်။ အနေအထိုင်နှင့် အကျင့်စာရိတ္တ ကိုလည်း သဘောတူသည်။
"ရပါတယ်... ခရစ္စတိုဖာ။ ဘာလို့ အနှောင့်အယှက်ဖြစ်ရမှာလဲ"
ဆရာကြီး က ပညာရည်ပြကတ်များကို ဘေးသို့ ချထားလိုက်ရင်း...
"မင်း အမှတ်စာရင်းကို ငါ ခုပဲ ကြည့်ပြီးပြီ။ တော်တော်ကောင်းပါတယ်။ ငါ ဝမ်းသာပါတယ်။ ဒါပေမဲ့... သမိုင်းနဲ့ အင်္ဂလိပ်စာ မှာ နည်းနည်းအမှတ် နည်းနေသေးတယ်။ သင်္ချာကတော့ အကောင်းဆုံးပဲ"
"ကျွန်တော် က သင်္ချာကို သိပ်ပြီး ကြိုက်ပါတယ် ဆရာကြီး။ အခု ကျွန်တော်လာတာက နောက်အပတ် ကျရင် သိပ္ပံယူ လို့ ရပါ့မလားလို့ပါ... ဆရာကြီး"

ဒေါက်တာဘားလက်က မျက်ခုံးချီလိုက်ပြီး...
"တို့က ဘာသာရပ် တိုးသင်တာကို ဒုတိယနှစ်မှ လုပ်ပေးလေ့ရှိတယ်ကွယ့်"
"ကျွန်တော် က သိပ္ပံကို သိပ်ပြီး သဘောကျလို့ပါ ဆရာကြီး"
"မင်းက ဘာသိပ္ပံကို သဘောကျတာလဲ"
"ရူပဗေဒပါ ခင်ဗျား"
ဒေါက်တာဘားလက်က ကိုယ်ကို ကုလားထိုင်တွင် နောက်ပစ်မှီလိုက်ရင်း…
"မင်းအသက် ဘယ်လောက်ရှိပြီလဲ"
"ဆယ့်နှစ်နှစ်ပါ ခင်ဗျား" "ဒါနဲ့ မင်း ဒီကျောင်းရောက်ပြီးမှ မွေးနေ့နဲ့ ကြုံပြီးပြီလား" "ကြုံပြီးပါပြီ ဆရာကြီး။ ပြီးခဲ့တဲ့ အပတ်ကပါ" "ဒီတော့ တို့လည်း ဘာမှမသိလိုက်ရပါလား" "ကျွန်တော်က ဘယ်သူ့ကိုမှ အသိမပေးပါဘူး ဆရာကြီး"

"အဲဒါ မင်း မှားတာပေါ့။ တို့က ကျောင်းသားတွေရဲ့မွေးနေ့ကို အမြဲတမ်း သိချင်တယ်။ ဒါမှ မွေးနေ့ လက်ဆောင် ပေးနိုင်တော့ မှာပေါ့။ တို့ကျောင်းက စားဖိုမှူး မစ္စက်ဘက်တယ်က မွေးနေ့ကိတ်မုန့် လုပ် ရာမှာ အလွန်တော် တယ်ကွယ့်။ ကဲ… ဒီတော့ နောက်တစ်ကြိမ် မွေးနေ့ရောက်ရင် ငါ့ကိုအသိပေးဖို့ မမေ့နဲ့ ကြားလား။ ဒါနဲ့ မင်း မွေးနေ့ ပြောပါဦး။ ငါ မှတ်ထားပါရစေ" "အောက်တိုဘာလ (၂၆) ရက်ပါ။ ဆရာကြီး"
မိသားစုအကြောင်းကို တစ်ယောက်မျှ မပြောကြ။ နှစ်ယောက်စလုံးပင် နားလည်စွာဖြင့် မပြောကြခြင်း ဖြစ်သည်။ ခရစ္စတိုဖာ က ဘာမှဆက်မပြောဘဲ ငြိမ်ချက်သား ကောင်းစွာဖြင့် ထိုင်နေသည်။
သူသည် တစ်ခုခုကို ပြောချင်သေးပုံရသည်။ သို့သော် ပြောရမှာကို ပြောမထွက် ဖြစ်နေပုံမျိုးလည်း ပေါ် လွင်နေသည်။ "ကဲ… နောက် ဘာကိစ္စရှိသေးသလဲ ခရစ္စတိုဖာ" ဆရာကြီးက အလိုက်သိစွာဖြင့် မေးလိုက်သည်။

"ဟုတ်ကဲ့… ဆရာကြီး။ ကျွန်တော် နောက်တစ်ခု ပြောချင်ပါသေးတယ် ဆရာကြီး"
"ပြောပါ… ဘာအကြောင်းလဲ"
"ကျွန်တော့်အကြောင်းပါ ဆရာကြီး"
"မင်းအကြောင်း ဘာပြောမလို့လဲ"
ခရစ္စတိုဖာက မျက်ခုံး အနည်းငယ် ချီလိုက်ပြီး…
"ကျွန်တော် ဘယ်သူလဲ ဆရာကြီး"
ဆရာကြီးက ခရစ္စတိုဖာအား အတန်ကြာမျှ ကြောင်၍ ကြည့်နေမိသည်။ ပြီးတော့မှ
"မင်းက ဘယ်သူရမှာလဲ။ ငါ့တပည့်ပဲပေါ့ကွယ်"
"အဲဒါတော့ ဟုတ်ပါတယ် ဆရာကြီး။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ဆိုရင် ကျွန်တော် ဘယ်သူပါလဲ ခင်ဗျား"
ဆရာကြီးက မေးစေ့ကိုလက်နှင့် ပွတ်သပ်နေသည်။ သူ ဘယ်လိုဖြေရပါ့။

"ကဲ ငါ မေးတယ်။ မင်းပဲ ဖြေစမ်းပါဦး။ မင်း ဘယ်သူလဲ"
"ကျွန်တော် မသိပါဘူး ဆရာကြီး။ အစကတော့ ကျွန်တော်ဟာ ကျွန်တော့်အဖေရဲ့သားလို့ ထင်ခဲ့ပါ တယ်။ ဆရာကြီး သိတဲ့အတိုင်း ဖေဖေ့နာမည်က ဝင်းတားပါ။ ဒါပေမဲ့ အခုတော့ ကျွန်တော့်ကိုယ် ကျွန်တော် မသေချာတော့ ပါဘူး။ ကျွန်တော်ဟာ ကျွန်တော့်မေမေရဲ့သားပဲလား မသိပါဘူး။ မေမေ့ နာမည်က ကင်ဆွန်ယာ ပါ ခင်ဗျား"
"မင်းမေမေ က ဘယ်မှာနေသလဲ ခရစ္စတိုဖာ"
"ကိုးရီးယားမှာ နေပါတယ် ဆရာကြီး။ မေမေက ကိုရီးယားသူပါ"
"ကဲ… မင်းမေမေ့အကြောင်း ငါ့ကို ပြောပြပါဦး"
ခရစ္စတိုဖာ ၏မျက်နှာတွင် ရှက်သွေးဖြာလွှမ်းသွားသည်။

"ကျွန်တော်လည်း နည်းနည်းပဲ သိပါတယ် ဆရာကြီး။ ကျွန်တော် သိရသလောက်ဆိုရင် မေမေက ကျွန်တော့် မေမေ အရင်းပါ။ မေမေဟာ ချောလည်း သိပ်ပြီး ချောပါတယ်။ ကိုရီးယားမှာ ကျွန်တော့် ဘွားဘွား လည်း ရှိပါတယ်။ မေမေရဲ့မေမေပါ။ အသက်ကြီးပါပြီ။ ဒါပေမဲ့ စိတ်ကောင်းတော့မရှိဘူး။ ကျွန်တော့်ကို ခဏခဏ ကျိန်ဆဲ ပါတယ်။ ရိုက်လည်း ရိုက်ပါတယ်။ အစာများများ စားရင်လည်း အမြဲတမ်း ဆူပါတယ်။ မေမေကတော့ ဘွားဘွား လို မဟုတ်ပါဘူး။ သူက အေးပါတယ်။ ဒါပေမဲ့ တစ်ခါ တလေတော့…"
သူက ခေါင်းကို ခါယမ်းရင်း စကားကိုဖြတ်ထားလိုက်သည်။ ဒေါက်တာဘားလက်က ချိုသာအေးဆေး သော အသံဖြင့်… "လုပ်ပါဦးကွယ်။ တစ်ခါတစ်လေတော့… ဘာဖြစ်သလဲ"
ခရစ္စတိုဖာက မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်ပြီးတော့မှ… "မေမေက ကျွန်တော့်ကို မုန်းနေသလိုပဲ ဆရာကြီး။ ဘာဖြစ်လို့လဲဆိုတာတော့ ကျွန်တော်လည်း မသိပါ ဘူး" "အမေအရင်းက ကိုယ့်သားလေးကို မုန်းမတဲ့လား ကွယ်။ မဟုတ်နိုင်ပါဘူး"

ဒေါက်တာဘားလက်က ကလေး၏ခံစားချက်ကို နားလည်သော်လည်း မသိဟန်ဆောင် ပြော လိုက်ခြင်း ဖြစ်သည်။ "ဟုတ်ပါတယ် ဆရာကြီး။ မေမေက ကျွန်တော့်ကို မုန်းပါတယ်။ ကျွန်တော်ထင်တာတော့ ကျွန်တော် ဟာ ကျွန်တော့်ဖေဖေလို အမေရိကန်ဖြစ်နေလို့ ထင်တာပဲ။ ကိုရီးယားမှာကျတော့ ကျွန်တော်ဟာ အမေရိကန် လူမျိုးဖြစ်နေပါတယ်။ ဒါပေမဲ့ ဒီမှာကျတော့ ကျွန်တော်ဟာ ဘာလူမျိုးလဲမသိပါဘူး။ ကိုရီး ယားလူမျိုးဖြစ်နေတယ် ထင်ပါတယ်။ ကိုရီးယားမှာ ကျွန်တော့်ကို လူတွေက "မျက်ပြူးကလေး"လို့ ခေါ် ကြပါတယ်။ ဒီမှာကျတော့ "ငစွေကလေး"တဲ့"
"အဲဒီလို ဘယ်သူတွေက ခေါ်သလဲ"
"တချို့ ကျောင်းသားတွေက ခေါ်ကြပါတယ်။ သူတို့ ခေါ်ချင်သလို ခေါ်ကြပါစေ ဆရာကြီး၊ ကိစ္စမရှိပါ ဘူး၊ ကျွန်တော် စိတ် မဆိုးပါဘူး။ ကျွန်တော် သိချင်တာက ကျွန်တော် ဘယ်သူလဲ ဆိုတာပဲ သိချင်ပါ တယ် ဆရာကြီး" ဒေါက်တာဘားလက်၏ရင်ထဲတွင် နာကျင်ခြင်း ဝေဒနာတစ်ရပ်ကို သိသိသာသာ ခံစားလိုက်ရသည်။

ခံစားချက် အမျိုးမျိုးဖြင့် သူ့ရုံးခန်းထဲသို့ ကျောင်းသားကလေးတွေ အများကြီး လာဖူးပါသည်။ သို့သော် သည်ကလေး ၏ခံစားချက်က ပို၍ ပြင်းထန်လိမ့်မည်ဟု သူက တွေးမိသည်။
သည်ကလေး နားလည်အောင် သူ ဘယ်လိုလုပ်ပြီး ရှင်းပြရပါမည်နည်း။ သူကိုယ်တိုင်လည်း သည် ကလေးလိုပင် ခံစားနေရသည် မဟုတ်ပါလား။
"မင်းက သိပ္ပံပညာ စိတ်ဝင်စားတယ် မဟုတ်လား… ခရစ္စတိုဖာ။ အဲဒီတော့… မင်းကို ငါ သိပ္ပံပညာ စကားနဲ့ပဲ ရှင်းပြမယ်။ ဇီဝဗေဒသဘောနဲ့ ဆိုပါတော့။ သဘာဝသိပ္ပံပညာရပ်အရဆိုရင် အလွန်အဖိုးတန် တဲ့၊ အလွန် စိတ်ဝင်စားစရာကောင်းတဲ့ သတ္တဝါတွေရှိတယ်… ခရစ္စတိုဖာ။ အဲဒီသတ္တဝါတွေဟာ သက်ရှိ မျိုးပွားသစ်တွေပဲ။ သူတို့ဟာ ပတ်ဝန်းကျင်သဘာဝအရ ပြောင်းလဲတတ်ကြတယ်။ ဒါနဲ့… ပတ်ဝန်းကျင် ဆိုတာ နားလည်သလား"
"ဟုတ်ကဲ့ ဆရာကြီး။ ကျွန်တော် အဲဒီစကားလုံးကို အဘိဓာန်ထဲမှာ ကြည့်ဖူးပါတယ်"

"အေး… ဟုတ်ပြီ။ ဒီတော့ အဲဒီ သတ္တဝါတွေဟာ သစ်သီးသစ်ရွက် ပတ်ဝန်းကျင်ထဲမှာ နေရတဲ့အခါ သူတို့လည်း သစ်သီးသစ်ရွက်လိုပဲ ရှင်သန်လှုပ်ရှားကြတယ်။ တစ်ခါ သက်ရှိသတ္တဝါတွေရဲ့ပတ်ဝန်း ကျင်ထဲ မှာ နေရပြန်တော့လည်း သက်ရှိသတ္တဝါတွေလိုပဲ ရှင်သန်လှုပ်ရှားကြပြန်တယ်။ ဒီသတ္တဝါတွေနဲ့ ပတ်သက်ရင် မစ္စက်ဝင်းတား က ပါရဂူတစ်ယောက်လို့ ငါ သိရတယ်။ မင်း သိပ္ပံပညာဝါသနာပါတဲ့ အကောင်း သူ့ကို ပြေပြ ဖူးသလား။ အေး… ကိစ္စမရှိပါဘူး။ မပြောပြဖူးဘူးဟုတ်လား။ အဲဒီတော့ ငါ ပြော ချင်တာက ဒီသတ္တဝါတွေဟာ သူတို့ရောက်ရှိနေ တဲ့ နေရာဌာန။ သူတို့ရောက်ရှိနေတဲ့ ပတ်ဝန်းကျင် အလိုက် ပြောင်းလဲတတ်တယ်ဆိုတာ မင်း သိရပြီ… နော်။ ပိုပြီးရှင်းအောင် ငါ ဥပမာတစ်ခု ပြောပြမယ်။ ပုစဉ်းကောင်ဆိုပါတော့။ မင်း ပုစဉ်းကောင်ကို သိသလား" "သိပါတယ် ဆရာကြီး။ ကိုရီးယား မှာ အများကြီးရှိပါတယ်"

"အေး… ဒီမှာလည်း အများကြီး ရှိတယ်။ ကောင်းပြီ။ ဒီတော့ အဲဒီပုစဉ်းတွေ ကို လေ့လာကြည့်တဲ့ အခါ ရေထဲကစပြီး သက်ရှင်ဖြစ်ပေါ်လာတာ တွေ့ရတယ်။ ဒါကြောင့် သူတို့ကို ရေသတ္တဝါ လို့ပဲ ခေါ်ရလိမ့် မယ်။ ဒါပေမဲ့ အဲဒီလို မဟုတ်သေးဘူး။ တစ်နေ့ကျတော့ ဒီအကောင်တွေ ဟာ ရေမျက်နှာပြင်ပေါ်ကနေ ပြီး ပျံထွက်ချင်တဲ့ ဆန္ဒဖြစ်ပေါ်လာကြတယ်။ ဒါနဲ့ သူတို့ဟာ သူတို့ရဲ့အရေခွံကို လဲလိုက်ကြတဲ့အခါ အတောင်တွေ ပေါ်လာကြတယ်။ ဟိုတုန်းက သူတို့မှာ အတောင်မရှိကြဘူး။ အတောင်ပေါက် လာတယ် ဆိုရင်ပဲ တစ်ခါတည်း ရေမျက်နှာပြင်ပေါ်က ပျံတက်ပြီး ကုန်းပေါ်မှာ ပျံဝဲကျက်စားနေကြတောတာပဲ။ ရေထဲကို ဘယ်တော့ မှ ပြန်မသွားကြတော့ဘူး။

အဲဒီတော့ ငါ ဆိုလိုတာက နေရာတကာမှာ သဘာဝ တရားအလျောက် တန်းဖိုးရှိတဲ့ သတ္တဝါတွေ ရှိနေကြတယ်။ မျိုးပွားသစ်တွေ ရှိနေကြတယ်။ သူတို့ဟာ သူတို့ရောက်ရှိနေတဲ့ နေရာဒေသ၊ ပတ်ဝန်းကျင် အလျောက် ပြောင်းလဲတိုးတက်နေကြတယ်ဆိုတာကို ပြောလိုတာပဲ။ သိပ္ပံစကားနဲ့ ပြောရရင် သူတို့ကို အစပ်သတ္တဝါတွေ လို့ ခေါ်တယ်။ ဒီသဘောအတိုင်းပဲ။ တို့လူသားတွေလည်း ပတ်ဝန်းကျင်ကို လိုက်ပြီး ပြောင်းလဲတိုးတက်ကြတာပဲကွယ့်။ စောစောက တန်ဖိုး ရှိတဲ့ သတ္တဝါတွေဆိုပြီး ငါ ပြောခဲ့တယ်။ ဘာဖြစ် လို့ တန်ဖိုးရှိသလဲ ဆိုတော့ သူ့သဘာဝအလျောက်။ မျိုးပွားသစ်အလျာက် ပြီးပြည့်စုံစွာ ဖြစ်ပေါ်တိုးတက်လာတဲ့ သတ္တဝါတွေဖြစ်လို့ တန်ဖိုးရှိတယ်လို့ ပြောရ တာပဲ။ အဲဒီတော့… လောကမှာ ဘယ်သက်ရှိသတ္တဝါတွေပဲဖြစ်ဖြစ် သူ့မျိုးပွားအလျောက်၊ သူ့သဘာဝ အလျောက် တန်ဖိုးရှိတာချည်းပဲ… ခရစ္စတိုဖာ။ အမျိုးအစား ကွဲပြားတာက အဓိက မကျဘူး။ အမြဲတမ်း လည်း မဟုတ်ဘူး"
"ဆရာကြီးက ကျွန်တော့်ကို ရည်ရွယ်ပြီး ပြောနေတာလား"

"ဟုတ်တယ်။ မင်းကို ရည်ရွယ်ပြီးပြောနေတာ။ ဘာဖြစ်လို့လဲဆိုရင် တစ်နေ့ကျတော့ ကမ္ဘာတစ်ဝန်းလုံး မှာ၊ နိုင်ငံတိုင်းမှာ မင်းလိုလူတွေ အများကြီးရှိလာကြလိမ့်မယ်။ များလွန်းလို့ နာမည်ပေးဖို့တောင် မတတ်နိုင်အောင် ဖြစ်လာလိမ့်မယ်။ ဒါဟာ သဘာဝတရားရဲ့ဖြစ်စဉ်ပဲ။ ဘယ်သူမှတားလို့ မရဘူး။ အဲဒီ တော့ မင်း သက်ရှိလူသားတစ်ယောက်အနေနဲ့ တန်ဖိုးရှိတယ်။ အရေးပါတယ်။ အနှစ်သာရ ရှိတယ်။ မင်းအနေနဲ့ အခုလို အစပ်လူမျိုးတစ်ယောက်အဖြစ် ဘယ်လိုမွေးဖွားလာတယ်ဆိုတာတော့ ငါ မပြော တတ်ဘူး။ ဘာဖြစ်လို့လဲဆိုတာတော့ မင်းရဲ့နောက်ခံဘဝအကြောင်း ငါက ဘာမှမသိလို့ဘဲ။ ဒါပေမဲ့ တစ်နေ့ကျတော့ မင်း သိလာရပါလိ့မ်မယ်။ လောလောဆယ် အရေးကြီးတာကတော့ မင်းကိုယ်မင်း တန်ဖိုးရှိတဲ့ လူသားတစ်ယောက်။ အရေးပါ တဲ့ လူသားတစ်ယောက်ဆိုတာ စွဲစွဲမြဲမြဲ မှတ်ထားစေချင် တယ်။ မင်းဟာ အလကား မွေးဖွားလာတာ မဟုတ်ဘူး။ ရည်ရွယ်ချက်တစ်ခုအတွက် မွေးဖွားလာတာ။ သဘာဝတရားရဲ့ထာဝရ ရည်ရွယ်ချက် အတွက် မွေးဖွားလာတာ။

ပထမအဆင့်မှာ ကွဲပြားနေပေမဲ့ နောက်အဆင့်ရောက်တော့ ပေါင်းစည်းပြည့်စုံသွားမယ်။ ဒါဟာ သက်ရှိတို့ရဲ့ သဘာဝဖြစ်စဉ်ပဲ။ ဒီသဘာဝ ဖြစ်စဉ်ကြီးဟာ ရေစီးသလို အမြဲမပြတ် စီးနေမှာပဲ။ ဆက်လက်တည်ရှိနေမှာပဲ"
ဒေါက်တာဘားလက် က စကားတွေ အများကြီး ပြောလိုက်မိသည်။ ခရစ္စတိုဖာကလေး နားမှလည်ပါ့ မလား။ သဘော မှ ပေါက်ပါ့မလား။ ဘာပဲဖြစ်ဖြစ် သူက သည်ထက်တော့ ပိုပြီးရှင်းမပြေလိုတော့။ ကလေးအနေဖြင့် သူ ဉာဏ်မီသလောက် စဉ်းစားပါစေ။ တွေးခေါ်ပါစေ။ တစ်စုံတစ်ခုသော အတိုင်း အတာအထိတော့ အကျိုး သက်ရောက်မှု ရှိပါလိမ့်မည်။
ခရစ္စတိုဖာကလေးက ဒေါက်တာဘားလက်၏မျက်နှာကို မျက်လုံးဝိုင်းကြီးများဖြင့် စိုက်ကြည့်နေသည်။
သူ့ဦးနှောက်ထဲသို့ အတွေးဝင်သွားပြီ။ သည်အချက်ကိုတော့ ဒေါက်တာဘားလက်က ခရစ္စတိုဖာ ကလေး၏ အမူအရာကိုကြည့်၍ ကောင်းစွာ သဘောပေါက်မိသည်။
ရုတ်တရက် သတိရသဖြင့် ဒေါက်တာဘားလက်က ထိုင်ရာမှ ထရပ်လိုက်သည်။

"ကိုင်း… ဒီလောက်ဆို တော်ကြာရောပေါ့ ဟုတ်လား။ ငါလည်း အိမ်ကို စောစောပြန်စရာရှိသေးတယ်။ ဒီနေ့က ဆရာကြီး ကတော် မွေးနေ့ကွဲ့၊ မွေးနေ့မှာ တို့လင်မယား ညစာ အတူစားရမယ်"
ခရစ္စတိုဖာ ကလည်း ထိုင်ရာမှ ထလိုက်သည်။ ပြီးတော့ ဆရာကြီးအား ဦးညွှတ်အရိုအသေပြုကာ အခန်းထဲ မှ ပြန်ထွက်သွားလေသည်။

ထိုနေ့ ညစာစားပွဲတွင် ဒေါက်တာဘားလက်က ဇနီးသည်အား ရင်ထိုးလက်ဆောင်ပေးပြီးနောက် ခရစ္စ တိုဖာကလေး အကြောင်းကို ပြောပြသည်။ မစ္စက်ဘားလက်က စိတ်ဝင်စားစွာ နားထောင်နေသည်။
"ကလေး အဖြစ်ကတော့ အဲဒီအတိုင်းပဲကွ။ တော်တော်လည်း သနားစရာကောင်းတဲ့ အဖြစ်ပါပဲ"
ဒေါက်တာဘားလက်က ယင်းသို့ ပြောပြီး သူ့စကားကို နိဂုံးချုပ်လိုက်သည်။
"ဒါဆို ဒီကလေးဟာ ဘယ်သူလဲဆိုတာ ရှင်းနေပြီပဲ မောင်။ ခရစ္စဝင်းတားက ဒီကလေးရဲ့အဖေပဲပေါ့။ ဒီအဖြစ်က ကိုရီးယားစစ် အတွင်းက ဖြစ်ပျက်ခဲ့တာ။ ဟုတ်ပါတယ်။ ဒီလိုပဲ ဖြစ်ရမှာပေါ့။ ဒါ မဆန်းပါဘူး။ ဒါနဲ့… ကျွန်မ မရှင်းလို့ တစ်ခု မေးပါရစေဦး။ ဒီကလေးက ဒီနိုင်ငံကို ဘယ်လိုရောက်လာတာလဲ။ ဒါ ဟာ အဓိက အချက်ပဲ မောင်။ ဒါလည်း ရှင်းတော့ ရှင်းနေပြီသားပါ။ ဒီကလေးက အရေးကြီးဆုံးအချိန်မှာ မှ ဒီကိုရောက် လာတာကိုး။ ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းအဖြစ် အရွေးခံနေတဲ့ လူတစ်ယောက် အနေနဲ့ နေ့ချင်းညချင်းပဲ ဒီကလေးကို ဘယ်လိုလုပ်မွေးလို့ ဖြစ်နိုင်ပါ့မလဲ။ ကျွန်မ ပြောတာ မဟုတ်ဘူး လား ဟင်"
ဒေါက်တာဘားလက်က ဇနီးသည်၏မျက်နှာကိုကြည့်ကာ စဉ်းစဉ်းစားစား အမူအရာဖြင့် မေးလိုက် သည်။

"အဲဒီတော့ ဆိုကြပါစို့။ အဲဒီလို ပုဂ္ဂိုလ်တစ်ယောက်က အဲဒီလိုကလေးတစ်ယောက်ကို မွေးလိုက်တယ် ဆိုကြပါစို့။ အဲဒီလိုဆိုရင် ဘယ်လိုဖြစ်နိုင်သလဲ"
"အဲဒီလို ဆိုရင် ဘယ်လိုဖြစ်နိုင်သလဲ ဟုတ်လား။ အများကြီးဖြစ်နိုင်တာပေါ့ မောင်။ အကုန်လုံး မီးတောက် ကုန်မှာပေါ့၊ အချိန်အခါက စကားပြောတယ်… မောင်။ ဒီအချိန်ဟာ မစ္စတာဝင်းတားအတွက် ကြိုးတန်းပေါ်လျှောက်နေရတဲ့ အချိန်။ ထစ်ခနဲ တစ်ခုခုမှားသွားရင် ကြိုးတန်းပေါ်က တစ်ခါတည်း ဗုန်း ခနဲ ကျသွားမှာ သေချာတယ်။ တကယ်လို့ သူ အရွေးခံရရင်ရင် သူ့မှာ ၁၂ နှစ်သားအရွယ် သားကလေး တစ်ယောက် ရှိပါတယ်လို့ ပြည်သူတွေကို ထုတ်ဖော်ကြေညာဖို့ မလွယ်ပါဘူး။ သူ ရှုံးသွားရင်တော့… ဘယ်လိုဖြစ်လာမယ် ဆိုတာ ကျွန်မ မပြောတတ်ဘူး။ ဒါပေမဲ့ သူ မရှုံးနိုင်ဘူးဆိုတာတော့ ကျွန်မ အတပ် ပြောရဲပါတယ်။ တစ်နိုင်ငံလုံးက သူ့ဘက် အားလုံးညွှတ်နေကြပြီ။ သူက စကားပြောကလည်း အလွန် ကောင်းတဲ့လူ။ သတင်းစာတွေကလည်း သူ့မိန်းခွန်းတွေကိုပဲ အသားပေးပြီး တခမ်းတနားဖော်ပြနေကြ တယ် မဟုတ်လား"
ဒေါက်တာဘားလက်၏ မျက်နှာတည်သွားသည်။

"အဲဒီတော့… ဒီကလေးရဲ့အနာဂတ်က ဘယ်လိုနေမလဲ။ ဘယ်လိုဖြစ်နိုင်သလဲ"
"ဒါတော့ ကြိုပြောဖို့ အခက်သားပဲ။ ဒါပေမဲ့ တစ်ခုတော့ရှိပါတယ်။ သူ့ကို တစ်သက်လုံး ဒီလိုပဲ ဖုံးထား လို့တော့ မရပါဘူး။ အဲဒါကတော့ သေချာပါတယ် မောင်"

ခရစ္စတိုဖာကလေးသည် သူ့အခန်းထဲတွင်ထိုင်ကာ သူ့ဘဝအခြေအနေ ကို ပြန်လည် သုံးသပ်နေ သည်။ ကောင်းသော အချက်များနှင့် မကောင်းသော အချက်များကို ခွဲခြားစိတ်ဖြာကြည့်နေသည်။
ယခုအချိန် တွင် သူ့အနေဖြင့် စားရေးသောက်ရေးလည်း မပူရ။ ပညာလည်း သင်နေရပြီ။ အဝတ်အစား ဆိုလျှင် လည်း တစ်ပုံကြီး။ မိတ်တွေအပေါင်းအသင်းတွေလည်း ရှိနေပြီ။ အားကစားမျိုးစုံကိုလည်း ကြိုက်သလို ကစားနိုင် သည်။ ဆရာတွေကလည်း သူ့အပေါ်တွင် အလွန်ကောင်းကြသည်။ ဆရာကြီး ဆိုတာကတော့ မပြောနှင့်တော့။ ကောင်း လိုက်တာမှ အဖေအရင်းတမျှ ကောင်းသည်။ သူက သူ့အဖေ သာဖြစ်လိုက်ပါတော့ ဟုပင် ဆုတောင်းမိသည်။

သည်နိုင်ငံသို့ ရောက်လာပြီး သည်လိုအဖေအရင်းတမျှ ကောင်းသော ဆရာကြီးလက်အောက်တွင် ပညာဆည်းပူးနေရသည်မှာ သူ့အဖို့ ကံကောင်းလေစွ။
သို့သော် သူ့အဖေအရင်းအကြောင်း တွေးကြည့်ပြန်တော့ စိတ်ထဲတွင် တစ်မျိုးကြီး ခံစားရပြန်သည်။ သူက သူ့အဖေကို အလွန်ချစ်သည်။ အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်းနှင့် အရွယ်ကလည်း အလွန်တင်သည်။ မြင်မြင်ချင်း ချစ်ခင်မြတ်နိုးစရာကောင်းသော အဖေမျိုးပင်။ သို့သော် သူ့အဖေကို သူ ချစ်ခင်မိသလို သူ့ကို သူ့အဖေက ချစ်ခင်သည်ဟု မထင်။ သည်လိုဆို သူ့မိခင်ရှိရာ ကိုရီးယားကိုပဲ ပြန် သွားရကောင်းမလား။ မဖြစ်သေး။ မဖြစ်သေး။ သည်အတိုင်းလည်းမဖြစ်သေး။ သူ့မေမေကလည်း သူ့ကို ချစ်ပုံမရ။
သူ ငယ်ငယ်က ဘဝကို ပြန်တွေးကြည့်သည်။

ငယ်ငယ်ကတော့ မေမေက သူ့ကို အလွန်ချစ်ခဲ့သလို ထင်ရသည်။ သို့ပေမဲ့ တော်တော်ကြီးလာတော့ သူ့အပေါ် တစ်မျိုး ဆက်ဆံလာသည်။ အမေလို မဆက်ဆံတော့။ တစ်ခါတစ်ရံ ရက်ရက်စက်စက်ပင် ဆက်ဆံလာတတ်သည်။ ရိုက်လား ပုတ်လားပင် လုပ်လာသည်။ တကယ်တော့ မေမေကလည်း သူ့ကို မချစ်ပါလား။
သည်နိုင်ငံမှာကျတော့ သူ့ကို ဘယ်သူမှလည်း ရိုက်လားပုတ်လား မလုပ်ကြ။ ပြန်သွားပါလို့လည်း ဘယ်သူကမျှ မမောင်းထုတ်ကြ။ အားလုံးကပင် သူ့ကို လိုလိုချင်ချင် ဆက်ဆံကြသည်။
ပြီးတော့… ဖေဖေ၏မိန်းမ။ ဖေဖေ၏မိန်းမကို သူက အမေအရင်းလို သဘောထားပြီး "မေမေ" လို့ပဲ ခေါ်ချင်သည်။ သို့ပေမဲ့ ဖေဖေ့မိန်းမက ယင်းသို့ အခေါ်ခံချင်ပုံမရ။ သူ့အပေါ် ကြင်နာဟန်ပြပေမဲ့ သူနှင့် နီးစပ်မှု မရှိ။
တကယ်တော့ ဖေဖေ့မိန်းမက သူနှင့် ဘယ်လိုမှ ပတ်သက်တာ မဟုတ်။ သူနှင့် ဘာမှဆိုင်တာ မဟုတ်။

သည်တော့ သည်ဖေဖေနှင့် သည်မိန်းမကြားတွင် သူက ဘယ်နေရာမှာ ရှိနေသလဲ။ ဘယ်နေရာမှာ နေရပါ့မလဲ။
သူတို့ ဘယ်မှာ နေကြမှန်းလည်း မသိ။ စာမရောက်တာလည်း ကြာပြီ။
တကယ်တော့ သူ့ဘဝက အမှောင်ထဲ ရောက်နေသော မျက်မမြင်တစ်ယောက်လိုပါကလား။
ခရစ္စတိုဖာကလေးက ယင်းသို့ ဆို့ဆို့နင့်နင့် တွေးတောနေခိုက်တွင် တိုက်တိုက်ဆိုင်ဆိုင် နေဝန်းကြီး သည် အဝေးတစ်နေရာမှ တောင်စွယ်တွင် ကွယ်ပျောက်သွားပြီး တစ်လောကလုံးကို အမှောင်ထုက ခြုံ လွှမ်းလိုက်လေသည်။

နေရောင်ပျောက်၍ အမှောင်ရောက်လာချိန်တွင် လော်ရာသည် မီးလင်းဖိုဘေးတွင် စိမ်ပြေနပြေ ထိုင်ရင်း စာအုပ်တစ်အုပ်ကို ဖတ်နေလေသည်။ လောလောဆယ်တွင် ယခုလို အေးအေးလူလူ နားနား နေနေ အားလပ်ချိန်မျိုးကို သူမအနေဖြင့် ရတောင့်ရခဲလှသည်။ အဘယ့်ကြောင့်ဆိုသော် ရွေးကောက်ပွဲ နီးကပ်လာပြီဖြစ်၍ လင်တော်မောင်နှင့်အတူ မဲဆွယ်ဟောပြောပွဲများသို့ နေ့စဉ်ရက်ဆက် တက်နေရသ ဖြင့် အားလပ်ချိန်မရှိအောင် အလုပ်များနေသောကြောင့်ပင် ဖြစ်သည်။
ထို့ကြောင့် ယခုလို နာရီပိုင်းကလေးမျှ ကိုယ့်စိတ်ကူးနှင့် ကိုယ် အေးအေးဆေးဆေး နားခွင့်ရသည်ကို ပင် သူမအနေဖြင့် ဝမ်းသာမဆုံး ဖြစ်မိရသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>