Showing posts with label မင်းလူ. Show all posts
Showing posts with label မင်းလူ. Show all posts

Wednesday, June 1, 2011

မင်းလူ ၏ ပြန်ခေါ်သက်သေ အပိုင်း (၂၄) (ဇာတ်သိမ်း)

တပည့်တော် သူ့ကို တွေ့ရုံကလေး တွေ့ပါရစေဟု ပြန်တောင်းဆိုလိုက်မိ၏။ ဆရာလေးက အတော်ကြာ အောင် စဉ်းစားနေပြီးမှ-
ကောင်းပြီလေ၊ ဒါပေမဲ့ တစ်ခုတော့ရှိတယ်၊ သူ့ကို ခပ်လှမ်းလှမ်းကနေပဲ ကြည့်ရမယ်၊ လှမ်းမခေါ်ရဘူး၊ စကား မပြောရဘူး၊ ဒကာကြီးကိုလည်း သူ မြင်မသွားစေရဘူး၊ အဲဒီကတိ ကို ပေးမလား ပေါ်ဌေး သက်ပြင်း ချ လိုက်သည်။ ခေါင်းညိတ်ပြ၏။

ဆရာလေးက ကျောင်းဘေးမှ ပတ်ပြီး ခေါ်သွားသည်။
ဒီနေရာကနေပဲ ကြည့်ပါ၊ ဟိုမှာပဲ
ကျောင်းဘေး ကွက်လပ်မှာ ရင်ရင်ငြိမ်းကို လှမ်းမြင်ရသည်။ ဘေးတစောင်း အနေအထား ဖြစ်၏။ ရင်ရင်ငြိမ်း က ဆောင့်ကြောင့်ထိုင်ပြီး ခေါင်းငုံ့ထားသည်။ သီလရှင်တစ်ပါးက ရင်ရင်ငြိမ်း၏ ဆံပင်များကို သင်တုန်းဓား ဖြင့် ရိတ်ပေးနေသည်။ သီလရှင်နှစ်ပါးက ပိတ်ဖြူစကို တစ်ဖက်စီကိုင်ပြီး ကျလာသော ဆံစ များ ကို ခံ ပေးထားသည်။

ထိုအထဲက တစ်ပါးမှာ ဒေစီပွင့်ဖြစ်၏။ ရင်ရင်ငြိမ်းမှာ ခေါင်းငုံ့ထားသဖြင့် မျက်နှာ ကို ကောင်းကောင်း မမြင်ရ။ တည်တည်ငြိမ်ငြိမ် ရှိနေဆဲပဲ ဆိုတာကိုတော့ ခန့်မှန်းမိ၏။ ရင်ထဲမှာ ဘယ်လိုရှိ နေသလဲတော့ မသိ။

ဆံပင်တွေက ပိတ်ဖြူပေါ်သို့ တစ်ထွေးပြီး တစ်ထွေး ကျနေသည်။ ဓားရိတ်သံ တဂျစ်ဂျစ်ကိုတောင် ကြား ယောင်လာ၏။ ပေါ်ဌေး ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်သည်။
ဒကာကြီး ဆရာလေးအနှောင်း၏ သတိပေးသံ ထွက်လာသဖြင့် တုံ့ခနဲ ပြန်ရပ်လိုက်ရသည်။

သူဟာ မကြာခင်မှာ ငြိမ်းချမ်းတဲ့ဘ၀ကို ပိုင်ဆိုင်တော့မှာပါ၊ အေးအေးချမ်းချမ်း နေပါစေတော့ ဒကာကြီး ရယ်၊ သူ့ကို လွတ်မြောက်ခွင့်ပေးလိုက်ပါတော့
ခေါင်းရိတ်ပြီးသွားသည်။ သီလရှင်ကြီးက မျက်နှာသုတ်ပ၀ါဖြင့် ခေါင်းကိုအုပ်ပြီး ကပ်နေသောဆံစတွေကို သုတ်သင်ပေးသည်။ ပေါ်ဌေး ဆက်ကြည့်နိုင်စွမ်းမရှိတော့။ ချာခနဲ လှည့်ထွက်လာခဲ့သည်။

ကားပေါ်တက်ထိုင်သည်။ စက်နှိုးသည်။ မောင်းထွက်ဖို့ တုံ့ဆိုင်းနေသည်။ စတီယာရင်ကို ကိုင်ထားသော လက်များက တဆတ်ဆတ် တုန်နေသည်။ စတီယာရင်ပေါ် ခေါင်းစိုက်ပြီး မှီထားမိ၏။

စိတ်ကိုထိန်းပြီး ခေါင်း ပြန်မော့သည်။ ကျောင်းတိုက်ဝင်းအတွင်းမှ သီလရှင်အချို့သည် သူ့ကို မသိမသာ အကဲခတ် နေကြသည်။ ပေါ်ဌေးအမြင်မှာ သီလရှင်အားလုံး ရုပ်ရည်ချင်း တစ်ပုံစံတည်း ဖြစ်နေ၏။ ထို့နောက် သီလရှင်အားလုံး သည် ရင်ရင်ငြိမ်းတွေချည်း ဖြစ်နေသည်ဟု ထင်မိပြန်သည်။

အားလုံး ပြီးဆုံးသွားပြီ။ ဒီနေရာသည် သူနှင့် မအပ်စပ်တော့။ ထွက်ခွာမှ ဖြစ်တော့မည်။ ဂီယာထိုးသည်။ ကားကို မောင်းထွက်သည်။ မျက်နှာက ရှေ့ကို မူထားသော်လည်း မျက်လုံးတွေက နောက်ကြည့်မှန်ဆီ ရောက် နေသည်။ မုခ်ဦးနားရောက်လာသည်။ ထိုစဉ်တွင် အလာတုန်းက မြင်ရသော သီလရှင်ငယ်လေး သည် နောက်မှလက်ပြရင်း ပြေးလိုက်လာတာကို နောက်ကြည့်မှန်ထဲမှာ တွေ့ရသည်။ သူ့နောက် ခပ်လှမ်း လှမ်း မှာ ဆရာလေးအနှောင်း။ တစ်စုံတစ်ခု အော်ဟစ်ပြောဆိုနေသည်။

ကားကို ရပ်လိုက်သည်။ ဆရာလေးက အပြေးတစ်ပိုင်း လာနေသည် ပေါ်ဌေးက ကားကို နောက်ပြန်ဆုတ် သည်။ ဆရာလေး ကားဘေး ရောက်လာသည်။
ဒကာကြီး...ဒကာကြီး...နေပါဦး
ဘာဖြစ်လို့လဲ
ဆေးရုံ....ဆေးရုံကို ပို့ပေးပါ
ဘာ...
ရင်ငြိမ်း မူးပြီး မေ့လဲကျသွား...
လို့ ဆိုသော စကားလုံးက နောက်မှာ ကျန်ခဲ့သည်။ ပေါ်ဌေးပြေးသည်။

ကွက်လပ်ထဲမှာ သီလရှင်တွေ ပျာယာခတ်နေကြသည်။ ဒေစီပွင့်က ရင်ရင်ငြိမ်းကို ပွေ့ထားသည်။ ပေါ်ဌေး ဘာမှ မေးမနေတော့ဘဲ ရင်ရင် ငြိမ်းကို ပွေ့ချီပြီး ကားဆီ ပြေးသည်။ ရှေ့ခန်းက ခုံမှာတင်သည်။ နောက်မှ ပြေးလိုက်လာသော သီလရှင် နှစ်ပါးကို- နောက်ကတက်၊ သူ့ကို ထိန်းကိုင်ပေးထား ဟု ပြောပြီး ကားပေါ်တက်၊ စက်နှိုး မောင်းထွက်ခဲ့သည်။ လမ်းတစ်လျှောက်လုံးမှာ ရင်ငြိမ်း...ရင်ငြိမ်း... သတိရလားဟု တတွတ်တွတ်မေးသွားသည်။ သူ့ကားသည် ဂျစ်ကာမျှသာ ဖြစ်၏။ သို့ရာတွင် ရှေ့မှာ တွေ့ သမျှ ကား အကောင်းစား တွေကို ကျော်တက်ခဲ့သည်။ မီးနီတွေ ဘာတွေဖြတ်မိသလား မသိ။ ယာဉ်ထိန်းရဲ့ ခရာမှုတ်သံ တွေနောက်မှာ ပြတ်ကျန်ခဲ့သည်။ ရင်ရင်ငြိမ်းဆီက ညည်းသံသဲ့သဲ့ ကြားသည်။ ပေါ်ဌေး လီဗာ ကို ဖိနင်း၏။

ဟိုမှာ...ဟိုမှာ ဆေးခန်း
ဟု ပြောသံ ကြားရသည်။ အမရာ အထူးကုဆေးခန်း ဆိုသော ဆိုင်းဘုတ်ရှိရာ အဆောက်အအုံကို ခေါင်း ထိုးရပ်လိုက်သည်။ ရင်ရင်ငြိမ်းကို ပွေ့ပြီး ဆေးခန်းထဲ ပြေးဝင်သည်။ အရေးပေါ်ကုသခန်းဆိုင်းဘုတ် ချိတ် ထားသော အခန်းထဲ စွတ်ဝင်သွားသည်။ ခုတင်ပေါ်တင်လိုက်သည်။ သူနာပြုဆရာမတစ်ယောက် နောက် က လိုက်ဝင်လာသည်။
ဘာဖြစ်တာလဲ
မူးလဲသွားလို့
အပြင်မှာ စောင့်နေပါ
ဟု ပြောရင်း အခန်းထောင့် မှ တယ်လီဖုန်းကို ကောက်ကိုင်သည်။

မမလား...အင်မာဂျင်စီကေ့စ်တစ်ခု ၀င်လာလို့၊ ရှော့(ခ်)ရလာတယ်ထင်တယ်၊ ဟုတ်
ပေါ်ဌေးတို့ အခန်းပြင်က စောင့်နေကြသည်။ အသားညိုညို၊ ရုပ်ခပ်ချောချော ဆရာဝန်မကြီးတစ်ဦး အရေး ပေါ်ခန်းထဲသို့ ခပ်သုတ်သုတ် ၀င်သွားသည်။ ဒီတော့မှ-
ဘယ်လိုဖြစ်တာလဲဟု ပေါ်ဌေးက မေးသည်။

သူ အစားကောင်းကောင်း မစားတာကြာပြီ၊ မနက်ကလည်း ဘာမှ မစားဘူးထင်တယ်၊ အားပြတ်ပြီး မူးလဲ တာ ဖြစ်မယ်
ဆရာလေးဒေစီပွင့်က ပြောသည်။ ဆရာလေး အနှောင်းက-
တကယ်တော့ သူလည်း ဆရာလေးတို့နဲ့အတူတူ သီလရှင်ဝတ်မလို့ဘဲ၊ ဒါပေမဲ့ ဆရာကြီးဒေါ်သီတာက တစ်ခုခု စိတ်မချလို့ ထင်တယ်၊ သုံးရက်လောက် အချိန်ယူစဉ်းစားပါဆိုလို့ ဒီနေ့မှ ၀တ်ဖို့ဖြစ်သွားတာ ဟု ရှင်းပြသည်။

ဘယ်လောက် ကြာသွားသလဲ မသိ။ ပေါ်ဌေးကတော့ နာရီဝက်လောက်တောင် ကြာသည်ဟု ထင်မိ၏။ အခန်းရှေ့မှာ ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။ သူ စိတ်မရှည်နိုင်တော့ဘဲ အခန်းထဲ လိုက်ဝင်မည် အပြုမှာပင် အထဲက ထွက်လာသော ဆရာဝန်မကြီးနှင့် သွားဆုံသည်။ ဆရာမကြီး မျက်နှာထားကို ကြည့် ခြင်းအားဖြင့် အခြေအနေ သိပ်မဆိုးလှကြောင်း ခန့်မှန်းနိုင်သည်။

ဆရာဝန်မကြီးက ပြုံး၍- ကွန်ဂရက်ကျူလေးရှင်း ဦးပေါ်ဌေး ခင်ဗျာ ရှင့်ဇနီးမှာ ကလေးရှိနေပြီ ဗျာ...ဟာ...မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး ဆရာဝန်မကြီး မျက်နှာတည်သွားပြီး
ဘာဖြစ်လို့ မဟုတ်ရမှာလဲ၊ ကျွန်မကိုယ်တိုင် စမ်းသပ်ခဲ့တာပဲ၊ ဒီမှာ ဒေါက်တာနုနုဆွေတို့လက်က အာထရာဆောင်းထက်တောင် သေချာသေးတယ်
မဟုတ်သေးဘူး၊ ကျွန်တော်တို့နှစ်ယောက်က ဘာမှမဖြစ်...အဲ...တစ်ခုခုတော့ လွဲနေပြီထင်တယ်
ကဲ...ဟုတ်၊ မဟုတ် သိချင်ရင် ကိုယ့်ဟာကိုယ်ပဲ သွားမေးကြည့်ပေတော့၊ အဲ...တစ်ခုတော့ မှာလိုက်မယ်၊ ၀မ်းသာလုံးဆို့ပြီး အော်ဟစ်ခုန်ပေါက်တာတော့ မလုပ်နဲ့နော်၊ တခြားလူနာတွေ လန့်ကုန်ဦးမယ်
ပြုံး၍ မျက်စောင်းတစ်ချက် ထိုးပြီး ထွက်သွားသည်။ ပေါ်ဌေးအခန်းထဲ ပြေးဝင်လာခဲ့၏။

ရင်ရင်ငြိမ်းသည် ခုတင်ပေါ်မှာ လှဲနေသည်။ သူ သတိရနေပြီဖြစ်၏။ မျက်နှာကြက်ကို မမှိတ်မသုန် ငေး ကြည့်နေသည်။ ပေါ်ဌေးသည် ခုတင်ဘေးက ခုံမှာ ၀င်ထိုင်လိုက်ပြီး-
ဆရာမကြီး ပြောတာ ဟုတ်လား ဟင်၊ တကယ်ပဲလား
ရင်ရင်ငြိမ်းက ခေါင်းညိတ်ပြသည်။

ဘယ်လိုဖြစ်ရတာလဲ ရင်ငြိမ်းရယ်၊ ငါတို့ ဘာမှ မဖြစ်ကြဘဲနဲ့၊ ဒါဆို... နင် ငါ့ကို အထင်သေးလှချည်လား မဟုတ်ပါဘူး၊ ငါ နားမလည်နိုင်လို့ပါ၊ ဘယ်လို ယုံရမှာလဲ
ရင်ရင်ငြိမ်းက တစက်စက် ကျနေသော အကြောဆေးပိုက်ကို ကြည့်ရင်း- မိုးတွေ သိပ်သည်းတဲ့ ညတစ်ညမှာ နင် အရက်တွေ အရမ်းမူးလာတယ်လေ
ထိုနေ့က ပေါ်ဌေး စာကြည့်ခန်းထဲက ခုတင်လေးပေါ်မှာ လှဲအိပ်နေသည်။

တစ်ကိုယ်လုံး မိုးရေတွေ ရွှဲရွှဲစို နေသည်။ အအေးမိပြီး ဖျားမှာစိုးသဖြင့် ရင်ရင်ငြိမ်းက အ၀တ်အစားတွေ လဲပေးခဲ့သည်။ ထိုအခါ ပေါ်ဌေးက ရင်ရင်ငြိမ်းကို... ဟင်...အဲဒါ တကယ်ပဲပေါ့၊ အိပ်မက် မက်တာ မဟုတ်ဘူးပေါ့၊ ငါ ၀မ်းသာလိုက်တာဟာ၊ ရင်ငြိမ်း...ငါတို့ ကလေးရတော့မယ်နော်။

ပေါ်ဌေးက ရင်ရင်ငြိမ်း၏လက်ကို ဆုပ်ကိုင်လိုက်သည်။ ရင်ရင်ငြိမ်းသည် မျက်နှာကြက်ကို ပြန်ငေးကြည့်နေရင်း က အဲဒီနေ့က ငါ ဘာဖြစ်လို့ ခွင့်ပြုခဲ့မိရတာလဲ ကိုပေါ်ရယ်
ရင်ရင်ငြိမ်း မျက်ရည်ကျသည်။ ပေါ်ဌေး၏ လက်ကိုတော့ ပြန်ပြီး ဖျစ်ညစ်ဆုပ်ကိုင်ထားလိုက်၏။ ပေါ်ဌေး သည် တခြားယောက်ျားတွေထက် ပိုမိုသာလွန်သော အခွင့်အရေးတစ်ခုကို ရရှိလိုက်သည်။ ဆံပင်တွေ ပြောင်စင်အောင် ရိတ်သင်ထားသော ရင်ရင်ငြိမ်း၏ ဦးခေါင်းလေးကို ဖွဖွလေး ငုံ့နမ်းလိုက်ခြင်းပင် ဖြစ်၏။

မနက်ဖြန်ကျလျှင် ရှေ့နေကြီး ဦးစောဘရန်ငြိမ်းဆီ သွားရမည်။ လက်ထပ်စာချုပ်အသစ် တစ်ခုထပ်ပြီး စီစဉ် ခိုင်းရမည်။ ထိုစာချုပ်မှာ ရင်ရင်ငြိမ်းကို နောက်ဘ၀အတွက် ကြိုတင်ပြီး လက်ထပ်ထားဖို့ပင် ဖြစ်လေသည်။

ပြီးပါပြီ
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, May 31, 2011

မင်းလူ ၏ ပြန်ခေါ်သက်သေ အပိုင်း (၂၃)

"ဦးပေါ်... ဧည့်သည်ရောက်နေတယ်"
ဟု ၀ိုင်းစိန် က လာခေါ်သည်။ အောက်ထပ်ကို ဆင်းသွားတော့ လက်နောက်ပစ်ကျောပေး ရပ်ရင်း ပေါ်ဋ္ဌေး တို့ မိဘနှစ်ပါး၏ဓာတ်ပုံကို မော့ကြည့်နေသော ဦးအောင်ကြီးကို တွေ့လိုက်ရသည်။ ပေါ်ဋ္ဌေး ခပ်သုတ်သုတ် ဆင်းပြေးသွားပြီး-
"ဦးလေးအောင်" ဟု နှုတ်ဆက်လိုက်သည်။

ဦးအောင်ကြီးက ဒီဘက်ကို လှည့်လိုက်ပြီး ပေါ်ဋ္ဌေး၏ပခုံးကို ပုတ်မည့် ဟန်ပြုသည်။ ပေါ်ဋ္ဌေးက ပြုံးပြရင်း-
"ဦးလေး... ဘယ်ကလှည့်" စကားဆုံးအောင် မပြောလိုက်ရ။ နားထင်ရင်းက ပူခနဲ ဖြစ်ပြီး စိုက်ဆင်းသွားသည်။ ပခုံးကို ပုတ် လိမ့်မယ်လို့ ထင်မိတာ။ အမှန်က နားရင်းကို လက်ပြန် ရိုက်ထည့် လိုက်ခြင်း ဖြစ်၏။ ကိုယ်ကို ဟန် ချက်ထိန်းပြီး ပြန်မတ်လိုက်ရသည်။ မျက်စိတွေ ပြာနေသောကြောင့် လူလုံး ကို သဲကွဲစွာ မမြင်ရ။ ဒါ လည်း တစ်မျိုး ကံကောင်းသွားသည်။ ဦးအောင်ကြီး၏မျက်နှာ အမူအရာကိုသာ ရုတ်တရက် မြင် လိုက်ရလျှင် အရိုက်ခံရတာထက် ပိုနာလိမ့်မည်။ အသံကို ကြားရရုံနဲ့တင် နားကြောတွေ စိမ့်သွား သည်။

"ခွေးထက် မိုက်တဲ့ကောင်"
"ကျွန်တော် ဘာလုပ်လို့လဲ"
ဟု ပေါ်ဋ္ဌေး လွှတ်ခနဲ ယောင်ပြီး ပြောမိ၏။
"ဘာ... ကိုယ် ဘာလုပ်ခဲ့တယ်ဆိုတာ မသိရအောင် မင်းက တိရစ္ဆာန်လား၊ ပြောစမ်း... ရင်ရင်ငြိမ်း ကို မင်း အိမ်ပေါ် က နှင်ချလိုက်ပြီ မဟုတ်လား"
"ကျွန်တော် နှင်ချတာ မဟုတ်ဘူး။ သူ့ဘာသာ ဆင်းသွားတာ"
ပေါ်ဋ္ဌေးက ကြောက်ကြောက်လန့်လန့် စောဒကတက်ကြည့်သည်။

"ရင်ရင်ငြိမ်းလို မိန်းကလေးက သူ့ဟာသူတော့ ဆင်းမှာ မဟုတ်ဘူး၊ မင်းက အိမ်မှာ မနေနိုင်အောင် ညှင်းပန်း နှိပ်စက် လို့ပဲ ဖြစ်ရမယ်"
"ကျွန်တော်... ဘာမှ..."
"တိတ်စမ်း၊ မင်းရဲ့ပလီပလာ အကြောင်းပြချက်တွေ မကြားချင်ဘူး၊ အောင်ချို ဆိုတဲ့ကောင်က လည်း အလိုတူ အလိုပါပဲ"
"သူ... သူ မပါပါဘူး ဦးလေး"

"ဘာဖြစ်လို့ မပါရမှာလဲ၊ မိန်းမကို လည်ပင်းညှစ်သတ်ဖို့ ကြံစည်ခဲ့ဖူးတဲ့ကောင်ပဲ၊ သူ မြှောက်ပေးလို့ မင်း ဒီလောက် အတင့်ရဲတာ ဖြစ်မှာပေါ့၊ ဒါကြောင့် အောင်ချို့ကို ငါ လက်သီးနဲ့ထိုးပြီး အိမ်ပေါ်က နှင်ချလိုက်ပြီ၊ ရင်ရင်ငြိမ်း ဒီအိမ်ပေါ် ပြန်မရောက်မချင်း ဒီကောင်လည်း ငါ့အိမ်ပေါ်ပြန်မတက်ရဘူး"
လက်သီးဒဏ် ကြောင့် ဖူးရောင်နေသော အောင်ချို့ မျက်နှာကို မြင်ယောင်မိ၏။ ဦးအောင်ကြီး က ဆက် ပြောသည်။ ဒေါသသံက လျော့မသွားဘဲ ပိုတိုးလာသည်။

"ဟိုကောင် ငမော်ဆီကိုလည်း ဖုန်းဆက်ပြီး ကြိမ်းပြီးပြီ၊ ကံညွှန့်မောင် ဆိုတဲ့ လူရှုပ်ကတော့ ဖုန်းကို ပိတ်ထားတယ်၊ ကောင်းထွန်းကကော အမြင်မတော်တာရှိရင် မတားဘူးလား၊ အေး... မင်းတို့အား လုံး ရင်ရင်ငြိမ်း ကို တွေ့အောင်ရှာပြီး ပြန်ခေါ်ခဲ့၊ ဒါမှမဟုတ်ရင်တော့ အားလုံး သေဖို့သာပြင်ထား၊ ကြားလား... ခွေးတိရစ္ဆာန်ကောင်တွေ၊ တယ်လေ.... ငါကွာ"

ဦးအောင်ကြီး က လက်သီးနှင့်ရွယ်လိုက်သည်။ ပေါ်ဋ္ဌေး မျက်စိမှိတ်ပြီး ခေါင်းကို ပုထားလိုက်၏။ နှာခေါင်းရိုး မထိအောင် မျက်နှာကိုလည်း ခပ်စောင်းစောင်း နေပေးလိုက်သည်။ တစ်မိနစ်လောက် ကြာတဲ့အထိ ဘာမှ မထူးခြားသဖြင့် မျက်စိ ဖွင့်ကြည့်သည်။ ရှေ့မှာ ဦးအောင်ကြီး  မရှိတော့။ ဝူး ခနဲ ဆောင့်ကြီးအောင့်ကြီး မောင်း ထွက်သွားသော ကားသံကိုသာ ကြားရသည်။
ခုမှ နားသယ်ရင်းက နာလာသည်။

ဦးအောင်ကြီး ထွက်သွားပြီး သိပ်မကြာခင်မှာ ကံညွန့်မောင် ဖုန်းဆက်သည်။
"ဦးလေးအောင် လာသွားပြီလား"
"လာသွားပြီ"
"ဗြင်းသွားသေးလား"
"တစ်ချက် ခံလိုက်ရတယ်"
"အောင်ချို့ကိုလည်း နှင်ချလိုက်ပြီဆို"
"အေး... ဟုတ်တယ်"

"ဒီကောင် ဘယ်ရောက်နေလဲ"
"ထုံးစံ အတိုင်း ယောက္ခမအိမ် သွားနေမှာပေါ့၊ မင်း အခု ဘယ်ကဆက်နေတာလဲ"
"ရဲမော် နဲ့ ကောင်းထွန်း ကို ခေါ်ပြီး မင်းဆီလာနေပြီ"
ဖုန်းချပြီး ပြန်အလှည့်တွင် ဧည့်ခန်းထဲမှာ ရပ်နေသော အောင်ချို့ကို တွေ့လိုက်ရသည်။ ပါးတစ် ဖက် ရောင်ကိုင်းပြီး အညိုရောင်သမ်းနေသည်။ ဒီတစ်ခါတော့ ဘယ်လက်သီး ဖြစ်ပုံရသည်။
"မင်း ယောက္ခမအိမ် ရောက်နေပြီ မဟုတ်လား"

အောင်ချိုက ခေါင်းခါပြီး-
"အဖေက ဟိုအိမ်ကိုလည်း ဖုန်းဆက်ပြီး လှမ်းတားထားတယ်၊ ငါ ရောက်သွားတော့ ယောက္ခမတွေ က သတင်း ကြားပြီးပြီ၊ ဒါမျိုးတော့ သူတို့လည်း အားမပေးဘူးဆိုပြီး ငါ့ကို လက်မခံဘူးကွ၊ ငါက အချောင် သက်သက် ခံရတာကွာ"
"ဒီတော့... မင်း"
"လောလောဆယ်တော့ မင်းအိမ်မှာပဲ နေရမှာပဲ၊ မင်းလည်း တစ်ယောက်တည်း မဟုတ်လား"

"ဒါနဲ့ ဦးလေးအောင်က ဘယ်လိုလုပ် သိသွားတာလဲ"
"မြရီဝင်း က စီစီ့ဆီ ဖုန်းဆက်ပြောတယ်၊ စီစီ က အဖေ့ကို တိုင်လိုက်တာ"
တအောင့်လောက်ကြာတော့ ကံညွန့်မောင်၊ ရဲမော် နှင့် ကောင်းထွန်း တို့ ရောက်လာကြသည်။
"မင်း လုပ်တာနဲ့ ငါတို့အားလုံး ပြဿနာတက်ကုန်ပြီ"
ဟု ရဲမော် က ပြောသည်။ ကောင်းထွန်းက-

"ငါသာ စောစောစီးစီးက သိရင် တားပါတယ်ကွာ၊ ရင်ရင်ငြိမ်း က ငါ့စကားဆိုရင်တော့ နားထောင် မှာပါ၊ ဒီသတင်း ကြားတော့ မိငယ်က ငိုတယ်ကွ"
"အေးကွာ... ဘာသိဘာသာ နေတတ်တဲ့ ငါ့မိန်းမတောင် စိတ်မကောင်းဖြစ်နေတယ်"
ဟု ကံညွန့်မောင် ကလည်း ၀င်ပြောသည်။
"ကဲ... အခု ဘာလုပ်ကြမလဲ"
ဒီမေးခွန်း ကို ပေါ်ဋ္ဌေး သူ့ကိုယ်သူ မေးနေခဲ့တာ ကြာပြီ။ စောစောက နားရင်းအရိုက်ခံရလို့ စိုက်ခနဲ ဖြစ်သွားသောအခိုက်မှာပင် သူ ဘာလုပ်ရမယ်ဆိုတာ သိလိုက်ပြီ။

အနှောင်းနှင့် ဒေစီပွင့် တို့ ငှားနေသော တိုက်ခန်းကို သွားရှာသည်။ အခန်းတံခါး သော့ခတ်ထားသည်။ အောက်ထပ် က ပိုင်ရှင်အမျိုးသမီးကြီးကို မေးကြည့်သည်။
သူတို့ ပြောင်းသွားကြပြီရှင့် ဘယ်ကို ပြောင်းသွားတာလဲ
အဲဒါတော့ မသိဘူး၊ သူတို့ ပြောင်းပုံက အလောတကြီးနိုင်လွန်းတယ်၊ အငှားစာချုပ် က ရက်စေ့ဖို့ တစ်လ နီးပါး လိုသေးတယ်၊ နောက်ခြောက်လ ထပ်ငှားဖို့တောင် စကားစ ထားပြီးပြီ၊ ဘယ့်နှယ် ဖြစ်သွားကြသလဲ မသိဘူး

ပေါ်ဌေးက ရင်ရင်ငြိမ်းအကြောင်း စုံစမ်းဖို့ သတိရပြီး-
သူတို့နဲ့အတူတူ အမျိုးသမီးတစ်ယောက် လာနေတာများ တွေ့မိလား
တွေ့တာပေါ့၊ ခပ်ချောချောလေ၊ ရင်ငြိမ်း ဆိုလား...
အရေးထဲမှာ ပြုံးမိမလိုတောင် ဖြစ်သွားသည်။ အမျိုးသမီးကြီးက ဆက်ပြောသည်။

နဂိုက သဘောတူထားတာကတော့ အခန်းမှာ လူပိုတင်မထားရဘူးလေ၊ ဒါပေမဲ့ ဒီမိန်းကလေးကတော့ ကြည့်လိုက်တာ နဲ့ သူတော်ကောင်းမှန်း သိလို့ လက်ခံထားတာ၊ ဒါနဲ့ သူနဲ့က ဘယ်လို...
ဆိုပြီးမှ စပ်စုရာကျမလားဆိုပြီး ဆက်မမေးဘဲ နေသည်။ သို့ရာတွင် ပေါ်ဌေး ဖြေချင်စိတ်ပေါက်လာသည်။
အဲဒါ ကျွန်တော့်ဇနီးပါ သူ့လေသံက ဂုဏ်ယူဟန် စွက်နေလား မသိ။

ဟင်...ဟုတ်လား၊ မင်း သိပ်ကံကောင်းတယ်၊ အင်မတန် ကျက်သရေရှိတဲ့ ကလေးမပဲ၊ အဲ...ဟိုသင်း...
ကျေးဇူး တင်ပါတယ်၊ တကယ်လို့များ အကြောင်းတစ်ခုခုကြောင့် သူတို့ပြန်လာခဲ့ရင် ကျွန်တော့်ဆီ ဖုန်းဆက် ဖို့ ပြောပေးပါဆိုပြီး သူ့လိပ်စာကတ်ပြား ပေးခဲ့သည်။
ရင်ရင်ငြိမ်း တို့ ဘယ်ကိုသွားကြသလဲ။ သူ လိုက်ရှာလိမ့်မယ်ဆိုတာ ခန့်မှန်းမိလို့ ခြေရာဖျောက်သွားကြ တာလား။ ဒါဆိုရင်တော့ ရင်ရင်ငြိမ်းဟာ တကယ်ပဲ သံယောဇဉ် ဖြတ်ခဲ့ပြီပေါ့။
ရင်ရင်ငြိမ်း အိမ်က ထွက်မသွားခင် နောက်ဆုံး တွေ့လိုက်သူမှာ ၀ိုင်းစိန်သာဖြစ်၏။

သူ့ဆီက သဲလွန်စ ထပ် ရကောင်းရနိုင်သည်။ ထို့ကြောင့်-
ရင်ငြိမ်း သွားခါနီး ဘာတွေ မှာသွားသေးလဲ၊ ထပ်ပြောစမ်း
ဘုရားပန်း မှန်မှန်လဲ၊ ညတိုင်း ဘုရားရှိခိုးပြီးမှ အိပ်၊ ဦးပေါ် အတွက် ဟင်းဝယ်ပေးထား ဒါပဲလား
ဟုတ် နေဦး၊ ရင်ငြိမ်းက သွားခါနီးမှာ ငိုသေးလား

ဟင့်အင်း...ဒေါ်လေးက မငိုဘူး၊ အန်တီပွင့်ပဲ ငိုတယ်
အဲဒီတော့ ရင်ငြိမ်းက ဘာပြောလဲ ဟိုသင်း...ဟိုဥစ္စာ...သေရင်လည်း ခွဲရမှာပဲ ဆိုလား၊ ပြောတယ်
အနှောင်းကကော ဘာပြောလဲ စောစောဖြတ်တာ ကောင်းတယ်တဲ့
ဘာဖြတ်တာလဲ အဲဒါတော့ မသိဘူး
ဒါပဲလား
ဟုတ်

စဉ်းစားဦး၊ သတိရရင် ငါ့ကိုလာပြော
ဆိုပြီး ဧည့်ခန်းမှာ သွားထိုင်ရင်း စဉ်းစားသည်။ တစ်စစီ ပြန့်ကျဲနေသော အချက်အလက်တွေကို ဆက်စပ် ကြည့်သည်။ ငှားထားသော အိမ်ခန်းကနေ အလောတကြီး ပြောင်းရွေ့သွားကြသည်။ ရင်ရင်ငြိမ်း အိမ်က ထွက်သွားတော့ လက်ဝတ်လက်စားတွေ ပါမသွား။ နားကပ်တောင် ဖြုတ်ထားခဲ့သည်။ ငွေလည်း များများ ယူမသွားခဲ့။ အ၀တ်အစားတွေလည်း ဒီအတိုင်း။ ဒေစီပွင့်က ငိုသည်။ သေရင်လည်း ခွဲရမှာပဲ။ စောစောဖြတ် တာ ကောင်းတယ်။ အဖြေကို ဆုပ်ကိုင်မိလုလု အချိန်မှာပင် ၀ိုင်းစိန် ရောက်လာသည်။

သမီး တစ်ခု သတိရတယ်
ပြော...ပြော...ဘာလဲ
ပေါ်ဌေး က အားတက်သရော မေးသည်။
ဒေါ်လေးက မှာခဲ့တယ်၊ ဦးပေါ်ကို အချိန်မှန်မှန် ထမင်းကျွေးပါတဲ့၊ အဲဒါ....အခု ထမင်းစားတော့မလား ဟင်
ပေါ်ဌေး စိတ်တိုသွားပြီး- မစားဘူး၊ မစားဘူး...သွား သွား

ဝိုင်းစိန် ခေါင်းကုတ်ပြီး ထွက်သွားသည်။ ပြီးမှ ပြန်လှည့်လာပြီး
သမီး တစ်ခု သတိရပြန်ပြီ
ပေါ်ဌေးက ဟောက်ထုတ်မည်ပြုပြီးမှ-
ဘာသတိရတာလဲ ဟု မေးလိုက်သည်။
ဒေါ်သီတာ ကို ပြောပြီးပြီလားလို့ ဒေါ်လေးက အန်တီနှောင်းတို့ကို မေးတယ်

ဒေါ်သီတာ...
ဒီနာမည်ကို ကြားဖူးသည်။ ဘယ်မှာ ကြားဖူးတာလဲ။ ဘာကိစ္စနဲ့ ကြားဖူးတာလဲ။ အပြင်းအထန် စဉ်းစား သည်။ စောစောက အချက်အလက်တွေနဲ့ ပေါင်းစပ်ကြည့်သည်။ ခုန ပျောက်ကွယ်သွားသော အဖြေကို ပြန်ဖမ်းမိသည်။ ရင်ရင်ငြိမ်း ဘယ်မှာရှိသလဲဆိုတာ ခန့်မှန်းလို့ရပြီ။
သူ ချက်ချင်း ကားဆီပြေးပြီး ခုန်တက်လိုက်သည်။ ပြီးမှ သော့မယူရသေးကြောင်း သတိရသည်။ အိမ်ထဲဝင် ပြီး သော့ယူသည်။ ပိုက်ဆံအိတ်ကျန်ခဲ့သဖြင့် အပေါ်ထပ် တစ်ခေါက်ပြန်တက်ရသေးသည်။ ထို့နောက် ကားကို မောင်းထွက်လာခဲ့သည်။

ရိပ်ခနဲ ကျော်လာသော မုခ်ဦးကို မှတ်မိလိုက်သည်။ ထို့ကြောင့် ကားကို ရပ်ပြီး ပြန်ကွေ့သည်။ ၀င်းထဲသို့ အရှိန်နှင့်မောင်းဝင်ပြီး ဘရိတ်အုပ်လိုက်သည်။ ဖုန်မှုန်တချို့ ၀ဲပျံသွားသည်။ ဆရာကြီးဒေါ်သီတာ၏ စမ်းရေ တွင်း သီလရှင်ကျောင်းတိုက်။ ရင်ရင်ငြိမ်း၏ မွေးနေ့တုန်းက လာလှူခဲ့ဖူးသည်။
သီလရှင်ငယ်လေးတစ်ပါးက ကားကို ပြူးပြူးပျာပျာကြည့်ပြီးနောက် ကျောင်းဘေးကနေ လှစ်ခနဲ ကွေ့ဝင် ပျောက်ကွယ်သွားသည်။ ပေါ်ဌေးကားပေါ်မှ ဆင်းပြီး ကျောင်းထဲဝင်မည်ပြုသည်။ အပေါက်ဝမှာ အထဲက ထွက်လာသော သိလရှင်တစ်ပါး နှင့် ဆုံသည်။

တစ်ဆိတ်လောက် ဆရာလေးရယ်...ဒီမှာ...ဟင့် အနှောင်း
အနှောင်း ကို သီလရှင်အဖြစ် မြင်လိုက်ရသောကြောင့် အံ့အားသင့်သွားသည်။ တစ်ပြိုင်နက်တည်းမှာ အတွေး တွေက တန်းစီပြီး ဆန့်ထွက်သွား၏။
ရင်ငြိမ်း ကော မရှိ...ဟု လွှတ်ခနဲ ပြောပြီးမှ
ရှိ...ရှိပါတယ်၊ ဒါပေမဲ့... ငါ...အဲ...တပည့်တော် သူနဲ့ တွေ့ချင်တယ်
တွေ့လို့မဖြစ်ပါဘူး

ဘာဖြစ်လို့လဲ၊ သူ...သူ...သီလရှင် ၀တ်လိုက်ပြီလား
အခု ၀တ်တော့မယ်
ကျွန်တော် သဘောမတူဘူး
ခုချိန်မှာ သူက လွတ်လပ်တဲ့သူ ဖြစ်နေပြီပဲ၊ ဒကာကြီး တားခွင့်မရှိပါဘူး
ရှိတယ်၊ ကွာရှင်းစာချုပ် က တရားရုံးမှာ လုပ်ထားတာ မဟုတ်ဘူး၊ ကျွန်တော်...တပည့်တော်လည်း လက်မှတ် မထိုးရသေးဘူး၊ တရားမ၀င်ဘူး၊ သူ ဘယ်မှာလဲ၊ ရအောင် တားမယ်
ပေါ်ဌေး က ဇွတ်အတင်း ၀င်မည်ပြုသည်။

သွားလို့မရဘူး
ရတယ်၊ သွားမယ်
ပေါ်ဌေး၏ အသံက နည်းနည်းကျယ်သွားသည်။ ဒီကျောင်းမှာ စကားကျယ်ကျယ် မပြောရဘူး
ကြည်လင်ပြတ်သားသော အသံဟစ်သံကို ကြားရသဖြင့် လှမ်းကြည့်လိုက်သည်။ တည်ကြည်ခံ့ညားသော ဥပဓိရုပ်ဖြင့် စိုက်ကြည့်နေသော သီလရှင်ဆရာကြီးတစ်ပါးကို တွေ့ရသည်။ အနှောင်းက လက်အုပ်ချီသော အခါ ပေါ်ဌေး လည်း လက်အုပ်ချီလိုက်သည်။ ဆရာကြီးက ခေါင်းတစ်ချက်ဆတ်လိုက်ပြီး အပေါ်ထပ်သို့ ညင်သာသော ခြေလှမ်းများဖြင့် ကြွသွားသည်။

ဆရာလေး တောင်းပန်ပါတယ် ဒကာကြီး၊ ရင်ငြိမ်း ကို မနှောင့်ယှက်ပါနဲ့တော့
တကယ်လို့သာ ဆရာလေး အနှောင်း က မာမာထန်ထန် တားမြစ်နေလျှင် ပေါ်ဌေး ဇွတ်တိုးမိလိမ့်မည်။ အစဉ်အမြဲ ကျွတ်ဆတ်ဆတ် ပြောတတ်သော အနှောင်း လို လူမျိုးက ခုလို မေတ္တာရပ်ခံနေသောအခါ ပေါ်ဌေး တွေဝေသွား၏။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Monday, May 30, 2011

မင်းလူ ၏ ပြန်ခေါ်သက်သေ အပိုင်း (၂၂)

ဆယ်တန်း စာမေးပွဲဖြေပြီးခါစလို ဖြစ်နေသည်။ မဖြေခင်တုန်းကတော့ စာမေးပွဲပြီးရင် စိတ်လက်ပေါ့ပါး ပျော် ရွှင် သွားမှာပဲဟု မျှော်လင့်ခဲ့သည်။ စာမေးပွဲပြီးလျှင် ဘာလုပ်လိုက်မည်။ ဘယ်လို အစွမ်းကုန် ပျော်လိုက် မည် ဆိုပြီး အားခဲထားခဲ့သော်လည်း တကယ်တမ်း စာမေးပွဲပြီးသွားတော့ ထင်သလောက် မပျေုာ်ဘဲဖြစ်နေ ၏။ စိတ်ထဲမှာ မရှင်းလင်းဘဲ တစ်စုံတစ်ခုအတွက် စိုးရိမ်ပူပန်သလို လေးလံနေရသည်။ အာရုံက စာမေးပွဲ ဆီ ပြန်ပြန်ရောက်သွားသည်။ အိပ်မက်ထဲမှာ စာမေးပွဲမဖြေနိုင်လို့ စိတ်ညစ်ရတာ၊ အောင်စာရင်းမှာ ကိုယ့် နာမည် မပါတာတို့လိုမျိုး မက်တတ်သည်။ စိတ်ဖြောင့်ဖြောင့် မပျော်နိုင်။

ခုလည်း ဒီအတိုင်းပဲ။ ပေါ်ဋ္ဌေးသည် သူ လိုချင်သော ကွာရှင်းစာချုပ်ကို ရခဲ့ပြီ။ အခက်ခဲဆုံးဖြစ်မည်ဟု ယူဆ ထားသူ နှစ်ယောက်ကိုယ်တိုင် က စတင်ပြီး သက်သေလက်မှတ်ထိုးပေးသွားခဲ့သည်။ အားလုံး အောင်မြင် ပြီးဆုံး သွားခဲ့သည်။ ရင်ရင်ငြိမ်းလည်း မရှိတော့။ စာမေးပွဲနဲ့ ကွာခြားတာကတော့ ပေါ်ဋ္ဌေးသည် ရင်ရင်ငြိမ်း နှင့် ကွာရှင်းပြီးလျှင် ဘာဆက်လုပ်မယ်ဆိုတာ ကြိုတင်စဉ်းစားထားမှု မရှိခဲ့ခြင်းပင် ဖြစ်၏။

သူသည် ကွာရှင်းစာချုပ်ကို ရသည်။ ပျော်ရွှင်မှုကို မရ။ စိတ်ထဲမှာ လေးလံထိုင်းမှိုင်းနေသည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး ရဲမော်က-
“မင်း လုပ်ပုံက ဘာမှအဓိပ္ပါယ်မရှိဘူး။ အရင်အတိုင်း ဟန်မပျက်နေနေရင် အရင်းပဲ၊ ခုတော့ ရင်ရင်ငြိမ်း ထွက်သွား ရတာပဲ အဖတ်တင်တယ်။ မင်းလည်း စိတ်ချမ်းသာလာတာ မဟုတ်ဘူး”ဟု ဝေဖန်သည်။
ပေါ်ဋ္ဌေးသည် လမ်းလျှောက်ထွက်တဲ့အခါ ပန်းခြံထဲဝင်ဖို့ စိတ်ကူးမိ၏။ သို့ရာတွင် အတိတ်ကိုပြန်လည် သတိရ စေတတ်သော ခုံတန်းလျားမှာတော့ မထိုင်ရဲ။ တကယ်တော့ အတိတ်ဆိုတာ အမှန်ဖြစ်ခဲ့တာ။ ကိုယ် တိုင် တကယ်ကြုံတွေ့ခဲ့ရတာ။ ရှောင်နေစရာတောင် မလို၊ ရှောင်လို့လည်း မရ။ နောက်တစ်ကြိမ် ပြန်သွားရ မယ့် နေရာလည်း မဟုတ်။ သို့ရာတွင် ခန္ဓာကိုယ်က မရောက်နိုင်ပေမယ့် စိတ်ကိုတားလို့မရ။ ခံစားချက်က နောက်ကြောင်း ပြန်လှည့်တတ်သည်။

အမှန်အားဖြင့် အတိတ်ကို ပြန်ရောက်စရာတောင် မလို။ အခု မျက်မှောက်ကာလမှာပင် တိုက်ဆိုင်မှုရှိလျှင် သတိရ စရာဖြစ်နိုင်၏။ သူများတွေနဲ့တော့ မတူ။ ပိတောက်ပန်းတွေ ပွင့်ချိန်၊ စိန်ပန်းတွေ ဝေချိန်မှာ သတိရ တာမျိုး မဟုတ်။ ချစ်သူဘ၀၊ လင်မယား ညားခါစဘ၀မှာ သွားရောက် လည်ပတ်ခဲ့ဖူးသော နေရာတွေ ရောက် လို့ အောက်မေ့တမ်းတမိတာမျိုးလည်း မရှိ။
သူ့အဖြစ်ကတော့..
ပေါ်ဋ္ဌေးသည် ကားမောင်းလာရင်း မီးပွိုင့်ရုတ်တရက် နီသွားသဖြင့် ဘရိတ်ကို ဆောင့်ဖမ်းလိုက်ရသည်။ သူ့ ကား က ဖြတ်မျဉ်းပေါ် အနည်းငယ်ကျော်ပြီးမှ ရပ်သွားသည်။ နောက်ပြန်ဆုတ်ပြီး စောင့်နေရ၏။

အသုဘပို့ သောကားတန်း ဖြတ်သွားသည်။ ခေါင်မိုးပေါ်မှာ အော်လံတပ်ထားသော ဒိုင်နာကားတစ်စီးလည်း ပါသည်။ ၀တ်ရွတ်သံတွေ ကြားရသည်။ ကားပေါ်မှာ ပါလာသော ယောဂီဝတ်စုံဖြင့် အမျိုးသမီးများကို  စူးစိုက် ကြည့် နေမိ၏။ ရင်ရင်ငြိမ်းသည် အပျိုဘ၀တုန်းက ၀တ်အဖွဲ့ထဲမှာ ပါခဲ့ဖူးသည်။ ခုလိုပဲ ကားတန်း နဲ့ သွားဖူးသည်။ ပေါ်ဋ္ဌေးတောင် ကားနောက်မြီးက ခိုလိုက်သွားခဲ့ဖူးသေးသည်။

တကယ်ဆိုလျှင် ပေါ်ဋ္ဌေးအနေဖြင့် အရင်လို အပြင်လျှောက်သွားပြီး ရှောင်နေစရာတောင် မလို။ အိမ်မှာ   ရင်ရင်ငြိမ်း မှ မရှိတော့ဘဲ။ သို့ရာတွင် အငွေ့အသက်တွေကတော့ ကျန်နေတုန်းပင် ဖြစ်၏။
ပေါ်ဋ္ဌေး သည် ညအိပ်ခါနီးလျှင် ဘုရားကို ဦးသုံးကြိမ် ပုဆိန်ပေါက်ချပြီး အိပ်တတ်သူဖြစ်၏။ သြကာသတွေ ဘာတွေလည်း ရွတ်နေတာ မဟုတ်။ ဘုရားခန်းထဲကိုလည်း သိပ်ဝင်လေ့မရှိ။ နောက်ပိုင်မှာ ရင်ရင်ငြိမ်းက ဘုရားခန်း ကို အပိုင်စီးထားလိုက်သောအခါ ပိုလို့တောင် မရောက်ဖြစ်တော့။

ခုတော့ ဘုရားခန်းလည်း ပိုင်ရှင်မဲ့လို ဖြစ်နေပြီ။ ဘုရားခန်းသာ မဟုတ်။ တစ်အိမ်လုံးသည် ပိုင်ရှင်တစ်ဝက်မဲ့ သွားခြင်းပင်ဖြစ်၏။ အပေါ်ထပ်မှာ ပေါ်ဋ္ဌေး တစ်ယောက်တည်။ အောက်ထပ်မှာ ၀ိုင်းစိန်တစ်ယောက်တည်း။ ခုတလော သူငယ်ချင်းတွေဆီလည်း မရောက်ဖြစ်တော့။ သူတို့နဲ့တွေ့လျှင် "မင်းဟာက အဓိပ္ပါယ်မရှိဘူး"၊ "အဆင်ခြင်ဉာဏ်နည်းရာကျတယ်"၊ "ဘာမှ အကျိုးမရှိဘူး"၊ "ရင်ရင်ငြိမ်းတော့ တော်တော်ခံစားရမှာပဲ" စသော အပြစ်တင်စကားတွေကိုသာ ကြားရသည်။ ထို့ကြောင့် အိမ်မှာပဲ နေဖြစ်တာများသည်။ စာကြည့်ခန်း ထဲမှာ အောင်းပြီး စာအုပ်တွေဖတ်သည်။ ဒီဗီဒီအခွေတွေ ကြည့်သည်။ တီဗီက လာသော ဘောလုံးပွဲတွေ ထိုင်ငေးသည်။ ဘီယာဆိုင် သွားထိုင်ကြည့်သေးသော်လည်း သောက်ရတာ အရသာမရှိ။ ထိုင်ရင်းက ငြီးငွေ့ လာသည်။
တစ်ရက်မှာ ၀ရန်တာမှာထွက်ရပ်နေရင်း ခေါ်သံကြားသဖြင့် လှမ်းကြည့်သည်။ အထမ်းနှင့် လာရောင်းသော ပန်းသည် ဖြစ်၏။

"အစ်မ မရှိဘူးလား"
လှမ်းမေးသည်။ ပေါ်ဋ္ဌေး လက်ခါပြတော့-
"ဘုရားပန်း ယူဦးမလား။ အစ်မ က ယူနေကျပဲ"
ပေါ်ဋ္ဌေးက မယူဘူးဟု ပြောသည်။ ပန်းသည်က အထမ်းကိုပြန်မပြီး ထွက်မည်အပြုမှာ ပေါ်ဋ္ဌေး တစ်ခုသတိ ရ၏။ ရင်ရင်ငြိမ်း မရှိကတည်းက ဘုရားခန်းကို ပိတ်ထားခဲ့တာ၊ ခုလောက်ဆို ဘုရားပန်းတွေ ညှိုးခြောက် ကုန်ရော့မည်။ ထို့ကြောင့်-
"နေဦး... နေဦး"

ဟု တားလိုက်ပြီး ၀ိုင်းစိန်ကို ခေါ်၍ ပန်းဝယ်ခိုင်းလိုက်သည်။ ဘုရားပန်းလဲပြီး သောက်တော်ရေခွက်တွေပါ ဖြည့်ဖို့ ပြောလိုက်သည်။ ၀ိုင်းစိန် ဘုရားပန်း ၀ယ်နေတာကို ငုံ့ကြည့်သည်။ ပန်းသည်က ရင်ရင်ငြိမ်း ယူနေ ကျ ပန်းတွေကို သိပြီးဖြစ်ဟန်တူသည်။ သစ်ခွလိုပန်းမျိုးနှင့် စိန်ချယ်ပန်းတွေကို အဆင်သင့်ကိုင်ထားသည်။ ပေါ်ဋ္ဌေးက- "နှင်းဆီပန်း တစ်စည်းပါ ယူခဲ့" ဟု လှမ်းအော်ပြောလိုက်၏။

"ဘုရားပန်း မှန်မှန်လဲဖို့၊ သောက်တော်ရေ နေ့တိုင်း ဖြည့်ဖို့ ဒေါ်လေးက မှာခဲ့သေးတယ်၊ ဦးပေါ် က အပေါ် ထပ် တက်တာ ကြိုက်၊ မကြိုက် မသိလို့၊ ပြောလည်း မပြောရဲလို့"
ဟု ၀ိုင်းစိန်က ပြောသည်။ သူလည် ခုမှ နည်းနည်းစိတ်ချမ်းသာ သွားဟန်တူသည်။ ဘုရားပန်းလဲပြီးတော့ ၀ိုင်းစိန် ဘုရားရှိခိုးသည်။ ရင်ရင်ငြိမ်း သင်ပေးထားသဖြင့် ဘုရားစာ အတော်များများ ရနေပြီ။ ထို့နောက် တစ်စုံတစ်ခု ကို ခပ်တိုးတိုး တတွတ်တွတ် ရွတ်ဆို ဆုတောင်းနေသည်။

ဝိုင်းစိန် ထွက်သွားပြီးနောက် ပေါ်ဋ္ဌေးလည်း လပေါင်းများစွာအတွင်းမှာ ပထမဆုံးအကြိမ် ဘုရားရှိခိုးသည်။ ဘာဆု မှတော့ မတောင်းမိဘူး ထင်တာပဲ။ ဘုရားခန်းထဲမှ ပြန်ထွက်မည်အပြုတွင် နှင်းဆီပန်းထိုးထားပုံ ဟန်မကျ ကြောင်း သတိပြုမိ၏။ ၀ိုင်းစိန်က ပန်းတွေကို ပန်းအိုးထဲ ပြွတ်သိပ်ထိုးထည့်ထားခဲ့သည်။ ထို့ကြောင့် ကြည့်လို့ကောင်းအောင် ပြန်ပြင်ရင်း ဘုရားစင်ပေါ်က ဖန်ကလပ်ကလေးပေါ်တွင် စိပ်ပုတီး တစ်ကုံး ကို မြင်သည်။

ထိုစိပ်ပုတီးမှာ ရင်ရင်ငြိမ်းက ပေါ်ဋ္ဌေးအတွက် ၀ယ်ပေးခဲ့ခြင်းဖြစ်၏။ ကြိမ်ပုတီးဖြစ်သည်။ ပေါ်ဋ္ဌေးက ရင်ရင်ငြိမ်း ကျေနပ်အောင် နှစ်ခါ၊ သုံးခါလောက် အစိပ်ပြပြီး ဘုရားစင်ပေါ် တင်ထားခဲ့သည်။
"စိပ်ပုတီးထဲမှာတော့ ကြိမ်ပုတီးကို ငါ သဘောကျတယ်၊ အစကတော့ အဖြူရောင်ပဲ၊ စိပ်ရင်း စိပ်ရင်းနဲ့ နှစ်နဲ့ ချီပြီး ကြာလာတဲ့အခါ လက်ဆီတက်ပြီး တဖြည်းဖြည်း ညိုလာရော၊ နောက်ဆုံးကျတော့ ပေါ်လစ်တင်ထား တဲ့ မဟော်ဂနီရောင် တောက်လာတော့တာပဲ၊ ကိုယ့်ရဲ့ပုတီးစိပ်တဲ့ သက်တမ်း ဘယ်လောက်တောင် ရင့် လာပြီလဲ ဆိုတာ တွေးပြီး ဂုဏ်ယူလို့ရတယ်၊ ပုတီးကို မြင်တိုင်း ပီတိဖြစ်ရတယ်"
ဟု ရင်ရင်ငြိမ်းက ရှင်းပြခဲ့ဖူးသည်။ အခု မြင်နေရသော ပေါ်ဋ္ဌေး ရဲ့ ကြိမ်ပုတီးကတော့ အဖြူရောင် သက်သက် အဆင့်မှာပဲ ရှိနေသးသည်။

ပေါ်ဋ္ဌေးသည် ရင်ရင်ငြိမ်း ထွက်သွားပြီးကတည်းက ပိတ်ထားခဲ့သော အိပ်ခန်းတွင်းသို့ ၀င်လာခဲ့ သည်။ အနှောင်းတို့ပေးခဲ့သော ကွာရှင်းစာချုပ်၏ပစ္စည်းခန်း ခွဲဝေမှုအပိုင်းတွင် ရင်ရင်ငြိမ်းက မရွှေ့ပြောင်း နိုင်သော ပစ္စည်း၊ ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ လက်ဝတ်ရတနာ၊ ရွှေ ငွေ ဘာတစ်ခုမှ မယူ ပါဟု ရေးထား သည်။
အခန်းထဲက အ၀တ်ဗီရိုကို ဖွင့်လိုက်သည်။ အ၀တ်အစားတွေ အားလုံးနီးပါးရှိနေသည်ဟု ယူဆရ သည်။ နဂို ကပင် ရင်ရင်ငြိမ်းက အ၀တ်အစား များများစားစားရှိသူမဟုတ်။ အ၀တ်တထည် ကိုယ် တစ်ခုနဲ့များ ဆင်းသွား သလား ထင်ရ၏။

ဗီရို အံဆွဲကို ဆွဲဖွင့်ကြည့်သည်။ လက်ဝတ်လက်စားတွေ အကုန်ရှိသည်။ တစ်ရန်တည်းသော နား ကပ် ကလေးကိုပင် ချွတ်ထားခဲ့သည်။ နားကပ်နောက်ပိတ်မှာ သနပ်ခါးဖတ်ကလေးတွေတောင် ကပ်နေသေး သည်။
နောက် အံဆွဲတစ်ခုကို ဆွဲဖွင့်သည်။ ကတ်ပြားတစ်ထပ် တွေ့ရသည်။ အလှူရှင် ဂုဏ်ပြုကတ်ပြား တွေ။ ကတ်ပြားတိုင်း မှာ "ဦးပေါ်ဋ္ဌေး နှင့် ဇနီး"ဟူ၍သာ ရေးထားသည်။ ရင်ရင်ငြိမ်း နာမည်နှင့်ဆိုလို့ ကတ်ပြား တစ်ခုသာရှိ၏။

"စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်နှင့် ယင်းမာပင်မြို့နယ်အတွင်းရှိ အလောင်းတော်ကဿပ ပင်မလမ်းဖြစ်သော (လည်ငေါက်-ချင်ပြစ်) လမ်းပိုင်း ရွှေဆံပင်လမ်းနှင့် ရွှေဆံပင်တံတား အလှူရှင်ဂုဏ်ပြုလွှာ" ခုမှ သတိရသည်။

ရင်ရင်ငြိမ်း ဆံပင်တွေ ဖြတ်ထားတာဟာ ဒီရည်ရွယ်ချက်ကိုး။ မိန်းမ တွေက ဆံပင်တွေ ဖြတ်ပြီးလှူကြသည်။ ထို ဆံပင်များကို ကုန်သည်တွေက ၀ယ်သည်။ တရုတ်ပြည်ဘက် သို့ တင်ပို့သည်ဟု ဆိုသည်။ ရရှိသော အလှူငွေများဖြင့် အလောင်းတော်ကဿပ သွားလမ်း ကို ပြင်သည်။ တံတားတွေ ဆောက်သည်ဟု ကြားဖူးသည်။
ဗီရိုကို ပြန်ပိတ်လိုက်သည်။ ခုတင်ဘေးက စားပွဲပုလေးပေါ်မှာ ကတ်ဆက်ရီကော်ဒါတစ်လုံး တွေ့ရ သည်။ အထဲ မှာ အခွေတစ်ခွေထည့်ထားပြီးသား ရှိနေသည်။ ပလပ်ထိုးပြီး ကက်ဆက်ခလုတ်ကို နှိပ်လိုက်သည်။

ကြာနီကန်ဆရာတော် ပူဇော်သော ပဋ္ဌာန်းအကျဉ်း ရွတ်ဆိုသံထွက်ပေါ်လာသည်။ ခလုတ်ပြန်ပိတ် မည်ပြုပြီး မှ မပိတ်ဘဲ နားထောင်နေလိုက်သည်။ ပဋ္ဌာန်းဒေသနာတော်ကြီးကို နာကြားရင်း လွမ်းနေ တဲ့ လူရယ်လို့ ရှိပါ့ မလား။

ရင်ရင်ငြိမ်းသည် အိပ်ရာကို သပ်ရပ်စွာ ခင်းကျင်းထားခဲ့သည်။ ခေါင်းအုံးပေါ်မှာ ယောဂီတဘက်က လေး တစ်ထည် ကို တွေ့ရသည်။ ခပ်နွမ်းနွမ်းကလေး။ တဘက်ကို ဆွဲယူသည်။ မျက်နှာပေါ်အုပ်ပြီး သက်ပြင်းကို ရှိုက်လိုက်မိ၏။ ကရမက်နံ့ သင်းသင်း...။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, May 29, 2011

မင်းလူ ၏ ပြန်ခေါ်သက်သေ အပိုင်း (၂၁)

ပေါ်ဋ္ဌေးသည် အိမ်မှာ ထမင်းမစားဖြစ်သော ရက်တွေများလာသည်။ အထူးသဖြင့် ညစာကို အပြင် က စား လာတတ်၏။ သူက ငါ ညစာမစားဘူးဟု ၀ိုင်းစိန်ကို မှာဖြစ်ခဲ့တာလည်း ရှိသည်။ မသေချာ မရေရာတာက များတာက တစ်ကြောင်း၊ မေ့သွားတာက တစ်ကြောင်းကြောင့် မမှာဖြစ်ခဲ့တာများသည်။ ရင်ရင်ငြိမ်းနှင့် ၀ိုင်းစိန်တို့ ဘယ်လို စားနေကြသလဲတော့ မသိ။

ထိုအတောအတွင်း ကံညွန့်မောင်က တောင်ငူဘက်ကို သစ်မျှောစာကိစ္စအတွက် သွားမလို့ လိုက်ခဲ့ပါလား ဟု ခေါ်သည်။ စိတ်ပြေလက်ပျောက်လည်း ဖြစ်၊ အိမ်ကနေ ရက်အနည်းငယ်လောက် ခွာဖို့အတွက် အဆင် သင့်ဖြစ်နေသော ပေါ်ဋ္ဌေးက ချက်ချင်းပဲ လက်ခံပြီး လိုက်သွားသည်။ ထိုရက်တွင် ရင်ရင်ငြိမ်း လည်း အိမ်မှာ မရှိဟု ယူဆရသည်။ တရားစခန်းဝင်ဖို့ သွားတာပဲဖြစ်မည်။
ပေါ်ဋ္ဌေးကတော့ ကံညွန့်မောင်နဲ့အတူ တောင်ငူမှာ စားလိုက် သောက်လိုက်ပဲ၊ ယမကာတစ်မျိုးမျိုးတော့ နေ့ တိုင်းသောက်ဖြစ်သည။ ကိုယ့်အရပ်ဒေသ မဟုတ်သဖြင့် ကာရာအိုကေဆိုင်တွေကိုတော့ ရှောင်ဖို့ ပေါ်ဋ္ဌေး က တားမြစ်ထားသည်။ မျှောစာကိစ္စစောင့်ရင်း တောဘက်ကို အပျင်းပြေ သွားလည်ကြသေးသည်။ ထူးထူး ဆန်းဆန်း တောကောင်သားတွေ စားရသည်။ မျောက်သွေးနှင့် ရောထားသောအရက် သောက်ရသည်။ ညှီ စို့စို့ အနံ့ကြောင့် ပေါ်ဋ္ဌေးက သိပ်မကြိုက်။ ကံညွန့်မောင်ကတော့ အားရှိတယ်ဆိုပြီး တစွတ်စွတ်သောက်နေ သည်။

ခုလို ခရီးထွက်လိုက်လျှင် ရေပြောင်း မြေပြောင်း ပတ်ဝန်းကျင်ပြောင်းမှာ စိတ်လက်ပေါ့ပါးလန်းဆန်းသွား လိမ့်မည်ဟု ပေါ်ဋ္ဌေး ထင်ခဲ့သည်။ လူကတော့ လန်းဆန်းသွားတာ မှန်သည်။ စိတ်ကတော့ ပျော်ရွှင်ကြည် လင် မှု ဖြစ်မလာခဲ့။ ထိုင်းမှိုင်းပြီး နောက်ကြောင်း မအေးသလို ခံစားရသည်။ အိမ်ကို ထူးထူးခြားခြား သတိရ နေမိ၏။ ရင်ရင်ငြိမ်းကိုလွမ်းတာ မဟုတ်ကြောင်းတော့ သေချာသည်။ သို့ရာတွင် ဘယ်လိုသဘောလဲ မသိ။ အိမ်ကိုပဲ ပြန်ချင်စိတ် ပြင်းပြနေသည်။

ပေါ်ဋ္ဌေးရဲ့ထုံးစံအတိုင်းပဲ။ တစ်ခုခု လုပ်ချင်လျှင် ချက်ချင်းပဲ။ ကံညွန့်မောင်က တားသော်လည်း မရ။ အလုပ် ကိစ္စ မပြတ်သေးသဖြင့် သုံးရက်လောက် ဆက်နေဖို့ကို မစောင့်နိုင်တော့။ သူ့ဘာသာ အဝေးပြေးလိုင်းကား စီးပြီး ရန်ကုန် ပြန်လာခဲ့သည်။ လမ်းမှာ ကားဘီးသုံးကြိမ်ပေါက်တာ မှတ်မှတ်ရရပါပဲ။

သူ အိမ်ပြန်ရောက်တော့ ဧည့်ခန်းမှာထိုင်နေသော အနှောင်း နှင့် ဒေစီပွင့်တို့ကို တွေ့လိုက်ရသည်။ ဟိုတစ် ခါ ကတောက်ကဆဖြစ်ပြီးကတည်းက သူတို့နှင့် ခပ်တန်းတန်းဖြစ်နေခဲ့သဖြင့် နှုတ်မဆက်တော့ဘဲ အပေါ် ထပ်ကို တစ်ခါတည်း တက်ဖို့ပြင်သည်။ လှေကားထိပ် အရောက်မှာ-
“ပေါ်ဋ္ဌေး”
ဟု အနှောင်းက လှမ်းခေါ်သည်။ ပေါ်ဋ္ဌေး ခေါင်းကိုငှဲ့စောင်းရုံ ကြည့်သည်။

“ခဏထိုင်ပါဦး”
ရယ်လိုက်မိမလိုတောင် ဖြစ်သွားရ၏။ ဧည့်သည် က အိမ်ရှင်ကိုပြန်ပြီး “ထိုင်ပါဦး”လို့ပြောတာ ဘယ်လောက် ခွကျကျနိုင်သလဲ။
“ဘာကိစ္စ ရှိလို့လဲ” ပေါ်ဋ္ဌေးက မေးသည်။
“ပြောစရာ ရှိလို့”
ပေါ်ဋ္ဌေး ခပ်ဆိုင်းဆိုင်းနေပြီးမှ ပြန်လှည့်ပြီး သူတို့နှင့် မျက်နှာချင်းဆိုင် ခုံမှာဝင်ထိုင်လိုက်သည။ အနှောင်း၏ မျက်နှာထားကို အကဲခတ်သည်။ ဒါတိုင်းလို တင်းတင်းမာမာ မရှိ။ ဒေစီပွင့်ကတော့ မျက်နှာညှိုးနေတာ သိ သာ၏။

“ငါတို့ နင့်ကိုလာစောင့်တာ နှစ်ခေါက်၊ သုံးခေါက်ရှိပြီ၊ ခုလည်း ခဏနေလို့မှ မလာရင် ပြန်တော့မလို့”
“ကောင်းသားပဲ”
ပေါ်ဋ္ဌေး ရဲ့ ရိတိတိစကားကို အနှောင်းက ဂရုမပြုဘဲနေသည်။ အရင်လို့ ဆတ်ဆတ်ထိ မခံတဲ့ပုံစံမျိုး မဟုတ် တာ ထူးခြားနေသည်။
“ဘာကိစ္စလဲ”
ပေါ်ဋ္ဌေးက ထပ်မေးသည်။ အနှောင်းက ချက်ချင်းမဖြေဘဲ တွေတွေကြီးလုပ်နေစဉ် ဒေစီပွင့်က ၀င် ပြောသည်။

“နင်က ရင်ရင်ငြိမ်းကို ကွာရှင်းချင်တယ်ဆို”
တစ်နေ့နေ့တော့ သူတို့သိသွားမှာပဲဆိုတာ တွက်ထားပြီးသားဖြစ်သောကြောင့် သိပ်တော့မအံ့သြမိ။ တကယ် ဆို ကိုယ်ကတောင် ဖွင့်ပြောစရာမလိုဘဲ ဖြစ်သွားတာကို ၀မ်းသာသင့်သည်။
“နင်တို့ ဘယ်လိုလုပ် သိတာလဲ၊ ရင်ရင်ငြိမ်းက ပြောပြလို့လား”
“ရင်ငြိမ်းလား… သေတောင် ပြောမှာမဟုတ်ဘူး၊ မြရီဝင်း ပြောလို့သိတာ”
ဟု အနှောင်းက ၀င်ပြေသည်။ ဒေစီပွင့်က-
“မြရီဝင်းကလည်း မဖြစ်သင့်တာ မဖြစ်ရအောင် ဖျောင်းဖျပေးပါလို့ ပြောတယ်”

“သြော်… ဒါဆို အခု နင်တို့က ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေအဖြစ်နဲ့ ညှိနှိုင်းပေးဖို့လာတာပေါ့၊ ဟုတ် လား”
“မဟုတ်ဘူး၊ ကွာရှင်းစာချုပ်မှာ သက်သေ လက်မှတ်ထိုးပေးရအောင် လာခဲ့တာ”
အနှောင်းရဲ့စကားက ပေါ်ဋ္ဌေးကို ဒီတစ်ခါတော့ အံ့သြသွားစေသည်။
“ဘာပြောတယ်”

“ဟုတ်တယ်၊ သူငယ်ချင်းတွေကို နင် လိုက်ပြီး လက်မှတ်ထိုးခိုင်းနေတယ် မဟုတ်လား၊ ဒီလောက်တောင် အပင်ပန်း ခံ နေစရာ မလိုပါဘူး၊ သက်သေ နှစ်ယောက်ရှိရင် ရတာပဲ”
အနှောင်းက သူ့လက်ကိုင်အိတ်ထဲမှ စက္ကူလိပ်တစ်လိပ်ကို စားပွဲပေါ်ချပေးလိုက်ပြီး-
“အဲဒါ ကွာရှင်းစာချုပ်ပဲ၊ သက်သေနေရာမှ ငါတို့နှစ်ယောက် လက်မှတ်ထိုးထားတယ်၊ ရင်ငြိမ်းလည်း လက် မှတ်ထိုးပေးထားပြီးပြီ၊ ဒါမျိုးဆိုတာ တရားရုံးမှာ လုပ်မှ ခိုင်လုံတယ်လို့ကြားဖူးတယ်၊ ဒါပေမဲ့ နင် မပူပါနဲ့၊ ရင်ငြိမ်း က နင့်ကို ဘယ်တော့မှ နှောင့်ယှက်တော့မှာ မဟုတ်ပါဘူး”

ပစ္စည်းကောင်းတစ်ခုကို ဈေးပေါပေါနဲ့ရတဲ့အခါ အစစ်မှဟုတ်ရဲ့လားလို့ သံသယဖြစ်ရသလိုပဲ၊ မမျှော်လင့်ဘဲ ခုလို လွယ်လွယ်ကူကူ ကိစ္စပြတ်သွားတဲ့အတွက် ပေါ်ဋ္ဌေး ရုတ်တရက် မယုံနိုင်အောင် ဖြစ်နေ၏။ နောက် ကွယ်မှာ ဘာအကြံအစည်များရှိနေသလဲဟု ခန့်မှန်းနေတုန်းမှာ အနှောင်းက-

“ဒီမှာ ပေါ်ဋ္ဌေး… တစ်ချိန်တုန်းက နင်ဟာ ရင်ငြိမ်းကို ငါ့လက်ထဲကနေ လုယူသွားခဲ့တယ်။ အဲဒီတုန်းက ငါ ဘယ်လောက် ခံစားခဲ့ရတယ် မှတ်သလဲ၊ တကယ်လို့ ငါကသာ အပြင်းအထန် ကန့်ကွက်ခဲ့မယ်ဆိုရင် နင့်ကို ရင်ငြိမ်း က လက်ခံခဲ့မှာမဟုတ်ဘူး၊ ဒါပေမဲ့ ငါ စဉ်းစားတယ်၊ ငါ့လို… အေးလေ… နင်တို့ပြောနေကျ စကားနဲ့ ပဲ ပြောပါ့မယ်၊ ငါ့လို ဗုံမဟုတ်၊ ပတ်မဟုတ် လူနဲ့ နေရတာထက်စာရင် နင်နဲ့ဆို သူ့ဘ၀ပိုပြီးအဆင်ပြေမယ် လို့ တွက်ပြီး နင့်လက်ထဲကို စိတ်ချလက်ချ အပ်ခဲ့တယ်၊ နင်ဟာ သူ့ကို တစ်သက်လုံး ကြင်ကြင်နာနာနဲ့ စောင့်ရှောက်သွားလိမ့်မယ်လို့လည်း ယုံကြည်ခဲ့မိတယ်၊ အခုတော့ နင်ကို အထင်ကြီးခဲ့တာ အမှားကြီး မှား သွားပြီပေါ့၊ အေး… ရပါတယ်၊ နင် စွန့်ပစ်လိုက်တဲ့ ရင်ငြိမ်းကို ငါ ဆက်ပြီး တာဝန်ယူသွားပါ့မယ်၊ တစ်ခုတော့ ရှိတယ် ပေါ်ဋ္ဌေး။ နောက်တစ်ခါတော့ နင် ရင်ငြိမ်းကို ငါ့ဆီကနေ ပြန်လုယူဖို့ လုံးဝခွင့်ပြုမှာမဟုတ်ဘူးဆို တာကို မြဲမြဲမှတ်ထားလိုက်ပါ”

အနှောင်း အသံတွေတုန်လာသည်။ မျက်ရည်လည်း ၀ဲလာသည်။ ဒီလိုပုံစံမျိုးကို အနှောင်းထံမှာ တစ်ခါမှ မမြင်တွေ့ဖူးခဲ့။ ဒေစီပွင့်ကတော့ တရှုပ်ရှုပ် ငိုနေပြီ။
အပြင်ဘက်မှ လေတစ်ချက် ဝေ့၀ဲပြီး ၀င်လာသည်။ လေ၏အရှိန်ကြောင့် စားပွဲပေါ်မှ ကွာရှင်းစာချုပ်ဟု ဆို သော စက္ကူလိပ်ကလေးသည် ပေါ်ဋ္ဌေးဘက်သို့ လိမ့်လာသည်။ ဒီအတိုင်း လွှတ်ထားလိုက်လျှင် စားပွဲ အောက်သို့ ပြုတ်ကျတော့မည်။ ပေါ်ဋ္ဌေး လှမ်းကိုင်ပြီး ထိန်းလိုက်မည်ပြုပြီးမှ မတို့ မထိရဲသလို တုံ့ခနဲဖြစ် သွားပြီး လက်ကို ပြန်ရုပ်သိမ်းလိုက်သည်။ လိမ့်နေသော စက္ကူလိပ်ကလေးကို သည်းထိပ်ရပ်ဖိုစရာ မြင်ကွင်း တစ်ခုလို ငေးကြည့်နေမိ၏။ ပေါ်ဋ္ဌေး၏သက်ပြင်းချလိုက်သော လေအရှိန်က ပြန်လည်တွန်းကန်လိုက်သော ကြောင့်လား မသိ။ စက္ကူလိပ်ကလေးသည် စားပွဲစွန်းမှ ပြုတ်ကျလုတဲတဲ အနေအထားမှာ ရပ်တန့်သွားလေ သည်။

ပေါ်ဋ္ဌေးသည် စားပွဲပေါ်မှ စက္ကူလိပ်ကလေးကို ငေးကြည့်နေသည်။ ဘယ်လောက်ကြာသွားသလဲ မသိ။ သတိဝင်လာချိန်မှာ အနှောင်းနှင့် ဒေစီပွင့်တို့ မရှိတော့။ ဘယ်တုန်းက ထပြန်သွားကြသလဲ။ ပြန်ခါနီးမှာ နှုတ်ဆက်သွားသေးသလား။ ဘာတွေ ထပ်ပြောသွားသေးလဲ။ ရေရေရာရာ မသိ။ စောစောတုန်းက အနှောင်းတို့ လာသွားတယ်ဆိုတာ တကယ်ကောဟုတ်ရဲ့လား။ စိတ်ကူးယဉ်တာများလား မသိ။ အခု အိပ် မက်မက်နေတာလား။ စားပွဲပေါ်က စက္ကူလိပ်ကလေးကကော ကွာရှင်းစာချုပ်ဆိုတော ဟုတ်ရဲ့လား။ အစု ရှယ်ယာစာချုပ်ကို ပြန်မသိမ်းမိဘဲ ထားခဲ့ရာက စိတ်ထင်ရာ လျှောက်တွေးနေတာလား။

ဒါဟာ ကွာရှင်းစာချုပ်အစစ် ဟုတ်၊ မဟုတ် သိနိုင်ဖို့ ရင်ရင်ငြိမ်းကို မေးကြည့်ရမယ်ဆိုသော အတွေးဝင်လာ မှ သတိရသည်။ ရင်ရင်ငြိမ်း ဘယ်ရောက်နေသလဲ၊ အနှောင်းတို့ ရောက်နေတာကို သူ ဘာကြောင့် ဆင်းမတွေ့သလဲ၊ ဘာကြောင့် အတူရှိမနေခဲ့တာလဲ။

အပေါ်ထပ်သို့ ခပ်သုတ်သုတ်တက်လာခဲ့သည်။ လှေကားတစ်ဝက်ရောက်မှ စာချုပ်ကျန်ခဲ့တာကို သတိရ၏။ အောက်ကို ငုံ့ကြည့်သောအခါ စားပွဲပေါ်မှာ စက္ကူလိပ်ကလေး မရှိတော့။ သူ တုန်လှုပ်သွားသည်။ ဘယ်လို ဖြစ်တာလဲ၊ စောစောက ကိစ္စတွေဟာ တကယ် မဟုတ်ဘူးလား၊ ငါ ရူးသွားပြီလားဟု တွေးမိသည်။ နောက် သေသေချာချာကြည့်မှ စားပွဲအောက်ပြုတ်ကျနေတာ တွေ့ရသည်။ ပျောက်သွားရင်ခက်မယ်ဆိုပြီး ပြန်ဆင်း ကောက်ဖို့ စဉ်းစားသည်။ ဒီအိမ်ထဲမှာ ဘယ်သူက ဘာအတွက် လာခိုးရမှာလဲဟု တွေးပြီး အပေါ်ထပ်သို့ ဆက်တက်ခဲ့သည်။

အိပ်ခန်းထဲ ၀င်ကြည့်သည်။ ရင်ရင်ငြိမ်းကို မတွေ့ရ။ ဘုရားခန်း သွားကြည့်သည်။ မရှိ။ အောက်ထပ် ပြန် ဆင်းလာပြီး မီးဖိုးခန်းဘက် ၀င်ရှာသည်။ မတွေ့။ ရေချိုးခန်းတံခါးက ပွင့်နေသည်။ အိမ်သာတံခါးကိုတောင် ဆွဲဖွင့်ကြည့်သေးသည်။
ဝိုင်းစိန်ကို သတိရမိပြန်သည်။ သူကကော ဘယ်ပျောက်နေသလဲ။

“၀ိုင်းစိန်… ၀ိုင်းစိန်…”
အော်ခေါ်သည်။ ထူးသံ မကြားရ။ ထပ်ခေါ်သည်။ မရ။ ၀ိုင်းစိန်အိပ်သော အခန်းဆီသွားသည်။ တံခါးပိတ် ထားသည်။ ဆွဲဖွင့်သည်။ ၀ိုင်းစိန်သည် ကွပ်ပျစ်ပေါ်မှာ မှောက်လျက်ကြီး အိပ်နေသည်။ သူ့ကိုယ်လေးက တသိမ့်သိမ့်တုန်နေ၏။ ရှိုက်သံသဲ့သဲ့လည်း ကြားရသည်။ ပေါ်ဋ္ဌေးက အခန်းထဲ ၀င်မည်ပြုပြီးမှ အ၀ကနေပဲ လှမ်းခေါ်သည်။
“၀ိုင်းစိန်…”
ပြန်မထူးဘဲ ရှိုက်သံကသာ ပိုကျယ်လာသည်။

“ဟဲ့… ၀ိုင်းစိန် ဘာဖြစ်နေတာလဲ” ဆိုမှ ထလာသည်။
“ရင်ရင်ငြိမ်း… ဘယ်သွား…”
ပေါ်ဋ္ဌေး စကားမဆုံးခင်…
“ဒေါ်လေး မရှိတော့ဘူး”
ဟု ပြောပြီး ဟီးခနဲ ငိုချလိုက်ပြန်သည်။
“မရှိတော့ဘူး… ဟုတ်လား၊ ဘယ်သွားတာလဲ”

“မသိဘူး”
“ဘယ်တုန်းက ထွက်သွားတာလဲ”
“တစ်နေ့… တမြန်မနေ့က…”
“ဘယ်သူနဲ့ ထွက်သွားတာလဲ”
“အန်…အန်တီနှောင်းတို့နဲ့”
“နင့်ကို ဘာမှာသွားလဲ”
ဝိုင်းစိန်က ပြန်မဖြေနိုင်သေးဘဲ ခဏကြာအောင် ရှိုက်ပြီးမှ -
“ဦးပေါ် လာရင်တဲ့…”

ဟု ပြောပြီး သူ့ကွပ်ပျစ်ကလေးဆီ သွားသည်။ စာအိတ်တစ်အိတ်ကို ယူလာပြီး ပေးသည်။ ထို့နောက် ကွပ် ပျစ်ဆီပြန်သွားပြီး စောစောကအတိုင်း မှောက်ခုံကြီး ပြန်လှဲရင်း ငိုရှိုက်နေသည်။
ပေါ်ဋ္ဌေးသည် ဧည့်ခန်းထဲ ပြန်လာသည်။ ကုလားထိုင်မှာ ထိုင်သည်။ စာအိတ်ကို ဖောက်ပြီး စာကို ဆွဲထုတ် သည်။ စာရွက်ကို ဖြန့်လိုက်သည်။ အဘွားကြီးတွေရဲ့ လက်ရေးနဲ့တူတယ်ဟု တစ်ခါက ပေါ်ဋ္ဌေး နောက် ပြောင်ခဲ့ဖူးသော စာလုံးလေးများ။

    ကိုပေါ်…
    အစတုန်းကတော့ နင့်ဝသီအတိုင်း စိတ်လိုက်မာန်ပါနဲ့
    ထင်ရာ မြင်ရာတွေ လျှောက်လုပ်နေတာ၊ နောက်တော့လည်း စိတ်
    ပြေသွားမှာပါပဲလို့ ထင်ခဲ့မိတယ်။ ဒါပေမဲ့ အချိန်တွေ ကြာလာတဲ့
    တိုင်အောင် နင့်စိတ်က မပြောင်းလဲဘဲ ကွာရှင်းဖို့ကိစ္စကို သဲကြီးမဲကြီး
    ကြိုးစားနေခဲ့တာ တွေ့ရတယ်။ ခုတော့ ငါနဲ့အတူတူ နေနေရတာ
    နင့်အတွက် နေ့စဉ်နဲ့အမျှ စိတ်ဒုက္ခ ခံစားနေရတာကို ငါ မကြည့်
    ရက်တော့ဘူး။ ဒါကြောင့် နင့်ဆန္ဒအတိုင်း  ကွာရှင်းစာချုပ် ချုပ်ပေး
    ခဲ့ပါတယ်။ နင့်ကို မျက်နှာချင်းဆိုင် နှုတ်ဆက်မသွားနိုင်တာကိုတော့
    ခွင့်လွှတ်ပါ။ အခုလို တိတ်တဆိတ် ထွက်ခွာသွားတာက နင့်အတွက်
    ရော ငါ့အတွက်ပါ အသင့်တော်ဆုံးဖြစ်လိမ့်မယ် ထင်ပါတယ်။
    ငါလည်း ပုထုဇဉ်ပဲဟာ။ ခံစားချက်တော့ ရှိသေးတာပေါ့။
            ကျန်းမာရေး ဂရုစိုက်ပါ…
                        ရင်ရင်ငြိမ်း

ပေါ်ဋ္ဌေးသည် စာကို နောက်တစ်ခေါက် ထပ်ဖတ်သည်။ ပြီးတော့ နောက်တစ်ခေါက်… နောက် တစ်ခေါက်…။ အလွတ်ကျက်မှတ်ရမည့် ကျောင်းစာတစ်ပုဒ်လို တစ်လုံးချင်း အသေးစိတ် အထပ်ထပ် ဖတ်သည်။ ဖတ်ပြီး လျှင် ပြန်ပြန်မေ့သွားသည်ဟုထင်သည်။ စာရွက်ကိုခေါက်ပြီး အိတ်ထဲထည့်သည်။ စာပါ အကြောင်းအရာကို ပြန်စဉ်းစားသည်။ ဟိုတစ်ကြောင်း၊ ဒီတစ်ကြောင်း အစီအစဉ်တွေ လွဲမှားစွာ ပေါ်လာသည်။ စာတစ်ကြောင်း မဆုံးခင် နောက်တစ်ကြောင်းရဲ့အစက ၀င်လာသည်။ မဆိုင်တဲ့အတွေး တွေက ကြားဖောက်ပေါ်လာသေး သည်။ သူ ကောင်းကောင်း မှတ်မိတာကတော့

“ကျန်းမာရေး ဂရုစိုက်ပါ… ရင်ရင်ငြိမ်း”။

အပေါ်ထပ်က စာဖတ်ခန်းထဲမျာ သွားထပ်ဖတ်ဦးမည်ဟု တွေးပြီး ထရပ်လိုက်သည်။ ခြေထောက်အောက် မှာ တစ်စုံတစ်ခု ခံနေသည်ဟု ထင်မိ၏။ ငုံ့ကြည့်လိုက်တော့ စောစောက ကြမ်းပေါ်ကျနေသော ကွာရှင်းစာ ချုပ် အလိပ်ကလေး ကို တက်နင်းမိနေကြောင်း တွေ့ရသည်။ သူ ရုတ်တရက် ဒေါသဖြစ်လာသည်။ စာချုပ် ကို နောက်တစ်ကြိမ် ဆောင့်နင်းလိုက်မိ၏။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, May 28, 2011

မင်းလူ ၏ ပြန်ခေါ်သက်သေ အပိုင်း (၂ဝ)

ရဲမော်က မြရီဝင်းကို နားလည်အောင် ပြောပြပြီးတိုက်တွန်းပေးမယ်ဆိုသော ကိစ္စအတွက် စိတ်ပူစရာမလို။ မြရီဝင်းက ရဲမော်ပြီးလျှင် ပြီးတဲ့သူ။ ရဲမော်က ထမင်းဆိုလျှင် ခူးပြီး ခပ်ပြီး ပြင်ဆင်ပြီသား။ ရဲမော်က ငါးပိဆို လျှင် ဖုတ်ပြီး၊ ကင်ပြီးသားပဲ။

ခုကိစ္စမှာလည်း မြရီဝင်းက သဘောတူသည်။ အချက်တစ်ချက်ကိုတော့ ခြွင်းချက်အဖြစ် တောင်းဆိုသည်။ ပေါ်ဋ္ဌေးအနေဖြင့် ရင်ရင်ငြိမ်းနဲ့ကွာရှင်းပြီးတဲ့နောက်ပိုင်းမှာ အိမ်ထောင်ထပ်မပြုပါဘူးဆိုသော ကတိကိုပေး ရန်ပင်ဖြစ်၏။ မြရီဝင်းကပဲ သူ့သဘောနဲ့သူ တောင်းဆိုတာလား၊ ရဲမော်ကပဲ တစ်ဖက်လှည့်နဲ့ တောင်းခိုင်းသ လားတော့ မသိ။ နောင်တစ်ချိန်ကျလျှင် ပေါ်ဋ္ဌေး စိတ်ပြန်လည်ကောင်း လည်လာနိုင်တယ်ဆိုသော မျှော် လင့်ချက်ရှိကြဟန် တူသည်။ ပေါ်ဋ္ဌေးအနေနဲ့ကတော့ နောင်ကျရင် စိတ်ပြန်လည်မယ်၊ မလည်ဘူးဆိုတာ ကြိုပြောနိုင်တာ မဟုတ်။ ခု လောလောဆယ် လိုချင်တာရဖို့ အရေးကြီးသည်။ ထို့ကြောင့် မြရီဝင်း တောင်း သော ကတိကိုပေးလိုက်၏။

အိမ်ကို သူ ရောက်သွားသောအချိန်တွင် ရဲမော်သည် အိမ်ရှေ့ခန်းမှာထိုင်ရင်း အခြောက်လှမ်းထားသော သစ်ရွက်ကလေးတွေကို အ၀ကျယ်ပုလင်းထဲ ထည့်နေတာတွေ့ရသည်။
“တောလေးညင်းတွေကွ၊ မဲလေးပင်လို့လည်း ခေါ်တယ်။ အဆုတ်နဲ့ပတ်သက်တဲ့ ရောဂါတွေ ပျောက်တတ် လို့ တိုင်းရင်းဆေးကျမ်းတွေထဲမှာ ရေးထားတယ်”
ဟု ပြောသည်။ ပေါ်ဋ္ဌေးက “ကလေးတွေကော…”

“သမီးကြီးက ကျူရှင်သွားတယ်လေ၊ အငယ်ကောင်ကိုတော့ ဂိမ်းဆိုင်လွှတ်လိုက်တယ်၊ တော်ကြာ မင်းအ နား လာကပ်နေရင် ပြောရ ဆိုရ မလွတ်လပ်မှာစိုးလို့”
ရဲမော်ရဲ့ သားအငယ်ကောင်က ပေါ်ဋ္ဌေးကို အတော်ချစ်သည်။ သူကလည်း မုန့်တွေဝယ်လာတတ်တာကိုး။ ဒီနေ့တော့ သူ့ဇောနဲ့သူမို့ ဘာမှဝယ်မလာဖြစ်ခဲ့တာကို ခုမှ သတိရ၏။
ပေါ်ဋ္ဌေးက ကွာရှင်းစာချုပ်ကို လက်ဆွဲအိတ်ထဲက ထုတ်ပြီး စားပွဲပေါ်တင်လိုက်သည်။ အေဘီကျော်နှင့် နှာခေါင်းကြီး တို့၏လက်မှတ်အတုတွေ မထိုးရသေးတာ တော်သေးသည်။ နို့မို့ဆို ရဲမော်က အေဘီကျော်နှင့် ဘယ်မှာ တွေ့လို့လဲ ဘာညာမေးနေလျှင် ဖြေရခက်သည်။ ကောင်းထွန်းကို ဘယ်မှာတွေ့လို့လဲ ဘာညာ မေးနေလျှင် ဖြေရခက်သည်။ ကောင်းထွန်းကိုလက်မှတ် ညာထိုးခိုင်းထားတာကတော့ မတတ်နိုင်။ နောက်မှ ကြည့်ရှင်း။

ရဲမော်က စာချုပ်ကိုယူကြည့်ပြီး-
“ပစ္စည်းခန်းအနေနဲ့ ရင်ရင်ငြိမ်း ကျေနပ်တဲ့အထိ ဆောင်ရွယ်ပေးမယ်တဲ့၊ ဟုတ်လား၊ အင်း… ဒါဟာ တရား မျှတပါတယ်၊ အမယ်… ဟိုနှစ်ကောင်က လက်မှတ်တောင် ထိုးပေးထားပြီးပြီပဲ၊ ကံညွန့်မောင် ဆိုတဲ့ကောင် ကတော့ ထားပါတော့၊ ကောင်းထွန်း လက်မှတ်ထိုးပေးထားတာကတော့ အံ့သြစရာပဲ။ ဒီကောင်က ရင်ရင်ငြိမ်းကို အတော်လေးစားတာပဲ”
ပေါ်ဋ္ဌေး စိုးရိမ်သွားသည်။ ရဲမော်က သင်္ကာမကင်းဖြစ်ပြီး ဟိုမေး ဒီမေး မေးရင်ခက်မည်။ သို့ရာတွင်-
“အေးလေ… သူလည်း သူ့အယူအဆနဲ့ သူပေါ့၊ ငါတောင် ခုလို သဘောတူခဲ့တာပဲ”
ဆိုမှ စိတ်အေးသွားရသည်။ ရဲမော်က အတွင်းခန်းဘက် လှည့်ပြီး လှမ်းအော်လိုက်သည်။

“မြရေ… ကိုပေါ် ရောက်နေပြီဟေ့”
ဆိုတိုင်းလို “လာပါပြီ”ဆိုသော အသံကိုတော့ မကြားရ။ ခဏအကြာမှ မြရီဝင်းသည် စာရွက်တစ်ရွက်ကို ကိုင်ပြီး ထွက်လာသည်။ သူ့မျက်နှာထားမှာ ရွှင်ရွှင်ပျပျ မရှိ။ ပေါ်ဋ္ဌေးကိုလည်း နှုတ်မဆက်။ ရင်ရင်ငြိမ်း အ တွက် စိတ်မကောင်းဖြစ်နေဟန်တူသည်။ သူ ၀င်ထိုင်ပြီးနောက်-
“ကဲ… မြပဲ လက်မှတ် အရင်ထိုးပေးလိုက်ပါ”
ရဲမော်က ပြောပြီး စာချုပ်ကို မြရီဝင်းဘက် တိုးပေးလိုက်သည်။
“ဒီစာချုပ်ပေါ်မှာ အရင်လက်မှတ်ထိုးပေးပါ”

မြရီဝင်းကပြောပြီး သူ့လက်ထဲမှစာရွက်ကို ရဲမော်ရှေ့မှာ ချပေးရင်း ပြန်ပြောသည်။ ရဲမော်က စာရွက်ကို ယူကြည့်ပြီး- “ဟင်… ကွာရှင်းစာချုပ်”
“ဟုတ်တယ်၊ ရှင်နဲ့ ကျွန်မ ကွာရှင်းတဲ့ စာချုပ်ပဲ၊ ဒီပေါ်မှာ ရှင် လက်မှတ်အရင်ထိုးပေးပါ၊ ကိုပေါ်လည်း သက်သေနေရာမှာ လက်မှတ်ထိုးပေး၊ အဲဒါဆို ကျွန်မလည်း ဟိုစာချုပ်ပေါ်မှာ လက်မှတ်ထိုးပေးမယ်”
ရဲမော် အံ့အားကြီးသင့်သွားပြီး- “ကိုယ်က… ကိုယ်က ကွာချင်တယ်လို့မှ မပြောဘဲ၊ ဘယ်လိုဖြစ်…”

“ဘာဖြစ်ရမှာလဲ၊ ပေါ်ဋ္ဌေးက ရင်ရင်ငြိမ်းကို ကွာမယ်ဆိုရင်၊ ရှင်ကလည်း ကျွန်မကို ကွာမှတရားမျှတမှု ရှိမှာ ပေါ့၊ ကိုယ်ချင်းစာတတ်သွားအောင်လေ”
“မဟုတ်သေးဘူးလေ၊ သူတို့က ကိုယ်တို့လို့…”
“ဘာမှ အပိုတွေ ပြောမနေနဲ့၊ အဲဒီပေါ်မှာ လက်မှတ်ထိုးပြီးရင် ကျွန်မကို ခေါ်လိုက်၊ ဟိုစာချုပ်မှာ လက်မှတ် လာထိုးပေးမယ်၊ အပြန်အလှန်ပေါ့၊ ဒါပဲ”
ဟု ပြောပြီး မြရီဝင်း ထထွက်သွားသည်။

ရဲမော်အပေါ် မျက်စောင်းကလေးတောင် ဘယ်တုန်းကမှ မထိုးဖူး သော မြရီဝင်းက ရဲရဲတောက် စကားတွေပြောပြီး အာခံသွားသဖြင့် ပေါ်ဋ္ဌေး အလွန်အံ့သြပြီး ရုတ်တရက် ဘာမှမပြောနိုင်ဘဲ ကြောင်ငေး ကြည့် နေသည်။ ခဏကြာမှ-
“ဘယ်… ဘယ်လိုဖြစ်သွားတာလဲ” ရဲမော် သက်ပြင်းချလိုက်ပြီး-
“ငါလည်း ဘာပြောရမှန်း မသိတော့ဘူး၊ ကြည့်ရတာ ရင်ရင်ငြိမ်းအတွက် သူ တော်တော်ခံစားနေရပုံပဲကွာ”
“ဒါဆို… ဘာ… ဘာလုပ်ကြမလဲ”
“ဒီနေ့တော့ ဘာမှလိုက်လို့ရမှာ မဟုတ်တော့ဘူး၊ သူ ရုတ်တရက် စိတ်ပြောင်းသွားတာ ဖြစ်မယ်၊ အေးအေး ဆေးဆေးကျမှ ငါ ထပ်ပြီး ပြောပေးမယ်၊ စိတ်မပူပါနဲ့ကွာ၊ မြရီဝင်းဟာ ငါ ပြီးရင် ပြီးတယ်ဆိုတာ မင်းလည်း သိသားပဲ”

ပေါ်ဋ္ဌေးသည် မျှော်လင့်ခြင်းတစ်ဝက် စိတ်ပျက်ခြင်းတစ်ဝက်ဖြင့် ပြန်သွားရသည်။ သူ ထွက်သွားပြီးတော့မှ ရဲမော်က “မြရေ… ဟိုကောင်တော့ ပြန်သွားပြီဟေ့”
ဟု လှမ်းအောင်လိုက်သည်။ ဒီတော့မှ မြရီဝင်း ပြန်ထွက်သွားသည်။

“မြ ပြောလိုက်တာကို ဟိုကောင် တကယ်ယုံသွားပြီကွ၊ မြက အိုက်တင် သိပ်ကောင်းတာပဲ၊ မင်းသမီး လုပ် လို့တောင် ရတယ်၊ မြ စိတ်ဆိုးနေပုံကို ကြည့်ပြီး တကယ်မှတ်ပြီး လန့်မလိုဖြစ်သွားသေးတယ်၊ သိပ်အသက် ပါတာပဲ၊ ဟား ဟား”
ရဲမော်က တဟားဟား ရယ်နေသည်။ မြရီဝင်းက လိုက်မရယ်ဘဲ…
“အဲဒါ အိုက်တင်လုပ်နေတာ မဟုတ်ဘူး၊ တကယ်ပြောတာ”
“မြကလည်း နောက်နေပြန်ပြီ၊ အဟဲ…”
“နောက်တာ မဟုတ်ဘူး၊ အတည်ပြောနေတာ၊ ပေါ်ဋ္ဌေးအလှည့်ပြီးရင် ရှင့်အလှည့်ပဲ မဟုတ်လား”
“ဟာ… ဘာတွေ ပြောနေတာလဲ”

“ရှင်တို့ သူငယ်ချင်းတွေဟာ ငယ်ငယ်ကတည်းက တစ်ယောက်လုပ်တာကို တစ်ယောက် လိုက်လုပ်ကြ တာပဲ၊ အခု ပေါ်ဋ္ဌေးက ရင်ရင်ငြိမ်းကိုကွာဖို့ လုပ်တယ်၊ ပြီးတော့ နောက် မကြာခင်မှာ ရှင် ကျွန်မကို ကွာဖို့ ကြိုးစားမှာပဲ မဟုတ်လား”
“ဘာဆိုင်လို့လဲကွ”
“ဆိုင်တယ်၊ ခုတလောမှာ ရှင် ဘာတွေကြံစည်နေတယ်ဆိုတာ ကျွန်မ မသိဘူး ထင်နေလား”
“ငါက ဘာလုပ်လို့လဲ”

မြရီဝင်း၏မျက်နှာထားမှာ တင်းမာလွန်းလှသည်။ သူ တကယ်ပြောနေခြင်း ဖြစ်ကြောင်း ရိပ်မိသွားသဖြင့် ရဲမော်က အံ့သြပြီး မှင်တက်မိနေ၏။ မြရီဝင်းက ဆက်ပြောသည်။
“အားတိုးဆေး၊ အသက်ရှည်ဆေး၊ နုပျိုဆေးတွေ ကျိတ်ပြီး ဖော်နေတာ၊ ဆံပင်သန်ဆေး၊ ဆံပင်နက်ဆေး တွေ နေ့တိုင်းလိမ်းနေတာ၊ ညနေတိုင်း ၀တ်ကောင်းစားလှဝတ်ပြီး လမ်းလျှောက်ထွက်တာ၊ ဒါ ဘာသဘော လဲ”
“မင်း စွပ်စွပ်စွဲစွဲ မပြောနဲ့”
“ပြောတယ်၊ ဘာဖြစ်သလဲ၊ ရှင် မလုံမလဲ ဖြစ်နေသလား”

ကိုရဲရေ… မြကလေ… သိလားဆိုပြီး ချွဲချွဲနွဲ့နွဲ့ပြောတတ်သော မြရီဝင်းက ရှင်တွေ… ကျွန်မတွေ…နဲ့ မောက်မောက် မာမာတွေ ပြောနေတာကို ရဲမော် ခုမှ သတိပြုမိသွားသည်။ တစ်သက်လုံး မလွန်ဆန်ရဲတဲ့ မိန်းမက များ ငါ့ကို အာခံချင်လို့ ဘယ်ရမလဲဟု တွေးရင်း ၀ုန်းခနဲ ထရပ်လိုက်ပြီး-
“တော်တော် အတင့်ရဲနေပါလား၊ မင်း ပါးစပ်ပိတ်ထားလိုက်စမ်း”
“မပိတ်တော့ ဘာလုပ်ချင်လဲ”
“နာချင်လို့ ထင်တယ်… ဟုတ်လား”

ဆိုပြီး ရဲမော်က ရှေ့တစ်လှမ်း တိုးသည်။ မြရီဝင်းက နောက်တွန့်မသွားဘဲ ပေပြီးရပ်နေသည်။ ရဲမော် ရှေ့ ထပ်တိုးဖို့ ပြင်ပြီးမှ တုံ့ခနဲဖြစ်သွား၏။ မြရီဝင်းက နောက်မှာကွယ်ဝှက်ထားသော ညာလက်ကို ထုတ်လိုက် သောကြောင့် ဖြစ်၏။ သူ့လက်ထဲမှာ ဓားဦးချွန် တစ်ချောင်း။
“မင်း… မင်း… ဒါ ဘာလုပ်မလို့လဲ”
“ဘာလုပ်မလို့လဲ၊ သိချင်တယ် ဟုတ်စ”
မြရီဝင်းက ဓားကိုဝင့်ပြီး ရှေ့တစ်လှမ်း တိုးသည်။ ရဲမော် တစ်လှမ်းဆုတ်သည်။

“မင်းနော်… မင်း… လွန်မယ်နော်”
မြရီဝင်းက အံကြိတ်ပြီး ဆက်တိုးသည်။ တကယ်လုပ်မယ့်ပုံပဲဟ။ ရဲမော် နောက်ဆုတ် နောက်ဆုတ်လုပ်ရင်း ခြေထောက်က ကုလားထိုင်နှင့် တိုက်မိပြီး ဖင်ထိုင်လျက်ကျသွား၏။ မြရီဝင်းက အထက်စီးကကြည့်ရင်း-
“တခြားဘာကိစ္စဖြစ်ဖြစ် အလျှော့ပေးနိုင်တယ်၊ လူကို သစ္စာဖောက်မယ်တော့ မကြံနဲ့၊ အသက်ချင်း လဲပစ် လိုက်မယ်။ မြရီဝင်းတဲ့… တစ်ဝင်းတည်းရှိတယ်၊ သိရဲ့လား”

ပြောရင်းဆိုရင်း ဓားဦးချွန်ဖြင့် ပစ်ပေါက်လိုက်သည်။ ရဲမော် တုန်ခနဲ ဖြစ်သွားရင်း  “အမယ်လေး”ဟု ယောင်ပြီး အော်မိ၏။ ဓားက သူ့ရှေ့စားပွဲပေါ်မှာ ဒေါက်ခနဲဝင်စိုက်နေသည်။ မြရီဝင်းက “ဟင်း…”ဟု လေသံပြင်းပြင်း ငေါက်လိုက်ပြီးမှ လှည့်ထွက်သွားသည်။ ရဲမော် သူ့ကိုယ်သူ ပြန်သတိထားမိ သောအခါ ကုလားထိုင် ပေါ် ခြေထောက်ပါ တင်ပြီး ကျုံ့ကျုံ့ကလေးဖြစ်နေကြောင်း သိလိုက်ရသည်။ ခုထိ ကတုန် ကယင်ကြီး ဖြစ်နေတုန်း။ စားပွဲပေါ်မှာ စိုက်နေသော ဓားဦးချွန်၏အရိုးကလည်း တဆတ်ဆတ်ခါနေဆဲ။

------------------------------------------------------------------------------------

ရှေ့နေကြီး ဦးစောရန်ဘငြိမ်းသည် အသံအထွက်ဘဲ ဟက်ဟက်ပက်ပက် ရယ်နေလိုက်တာ မျက်ရည်တွေ တောင် ထွက်လာသည်။ မျက်မှန်ကို ဖြုတ်၊ မျက်ရည်တွေကို တိုက်ပုံအင်္ကျီ လက်ဖျားနှင့်တို့၍ သုတ်လိုက်ပြီး မှ- “ခင်ဗျားအဖြစ် ကလည်း မလွယ်ပါလားဗျာ၊ ရှောင်ရမယ့် ရက်တွေက များလှချည်လား။ ဒါနဲ့ ပြည်ထောင်စု နေ့တို့ တပ်မတော်နေ့တို့ကော ပါသေးလား”
“အဲဒါတွေတော့ မပါပါဘူး၊ သူ့မိဘတွေ… ကျွန်တော့်မိဘတွေရဲ့မွေးနေ့တွေနဲ့ ကွယ်လွန်တဲ့နေ့တွေတော့ နောက်တိုး စာရင်းထဲမှာ ပါတယ်။ သူ မကြာခဏ သွေးလှူတတ်တယ်။ အဲဒီအခါကျတော့လည်း သွေးလှူ ထားလို့ တစ်ပတ်လောက် အေးအေးဆေးဆေး အနားယူချင်တယ်လို့ ပြောသေးတယ် ဆရာရဲ့”

ဦးစောဘရန်ငြိမ်းက ပြုံးပြီး ခေါင်းတညိတ်ညိတ် လုပ်နေရင်း-
“ခင်ဗျား ဘက်က ကြည့်တော့လည်း စိတ်ကသိကအောက် ဖြစ်စရာပဲ၊ သူ့ကိုလည်း အပြစ်တင်လို့မရဘူး၊ ကုသိုလ်ကောင်းမှုဘက်ကို စိတ်သန်နေတာကိုး”
“တကယ်လို့ တရားရုံးတွေ ဘာတွေတက်ရတဲ့အထိ ဖြစ်လာခဲ့ရင် အဲဒီကိစ္စကို ကွာရှင်းချင်တဲ့အကြောင်းပြ ချက်အဖြစ် တင်လို့မရဘူးလား”

“အနောက်နိုင်ငံတွေမှာဆိုရင်တော့ ရကောင်းရနိုင်တယ်၊ သူတို့ လူနေမှုစနစ်မှာ အဲဒီကိစ္စကိုလည်း အရေး ကြီး တဲ့ အချက်အဖြစ် ခံယူထားကြတာကိုး၊ ပြီးတော့ သူတို့က တစ်ဦးချင်း ပုဂ္ဂလိက အခွင့်အရေးကို ဦးစား ပေးတတ်ကြတယ်လေ၊ တစ်ခါတစ်လေတော့ ရယ်စရာတောင် ကောင်းတယ်၊ ညအိပ်ရင် အကျယ်ကြီး ဟောက် လို့၊ အိပ်ရာထဲမှာ တစ်ချိန်လုံး လေလည်လို့ဆိုတာမျိုးတောင် ပြဿနာ လုပ်ကြတာ၊ ဒီမှာတော့ မလွယ်ဘူး။ မိန်းမတစ်ယောက်ဟာ တစ်ပါးသော ယောက်ျားနဲ့ဖောက်ပြန်ပါတယ် ဆိုရင်တောင် သက်သေ ခိုင်လုံ မှ ရတယ်လို့ ခင်ဗျားကို ပြောခဲ့ပြီးပြီပဲ၊ မိန်းမက အသုံးအဖြုန်းကြီးလို့ ယောက်ျား ရှာသမျှ လောင်းက စားလုပ်ပစ်လို့၊ နေ့စဉ်နဲ့အမျှ ဆူပူကြိမ်းမောင်း ဆဲဆိုနေလို့ဆိုတာလောက်နဲ့တော့ ကွာရှင်းဖို့မလွယ်ဘူးဗျ”
“ဆရာတို့ ဥပဒေကလည်း မျက်နှာလိုက်လိုက်တာ”

“ယောက်ျားတွေဘက်က သာတာလည်းရှိပါသေးတယ်ဗျ၊ ယောက်ျားတစ်ယောက်ဟာ မယားကြီးရှိပေမယ့် နောက်ထပ် မိန်းမတစ်ယောက် ကို တရားဝင် လက်ထပ်ယူလို့ရတယ်၊ မိန်းမတွေကတော့ လက်ရှိ လင် ယောက်ျားနဲ့ မကွာရှင်းသေးဘဲနဲ့ အိမ်ထောင်ထပ်ပြုလို့ မရဘူး”
“ကျွန်တော်က နောက်မိန်းမ ထပ်ယူမှာလည်း မဟုတ်ပါဘူး”

“တစ်ခုတော့ ခင်ဗျားကို သတိပေးထားမယ်နော်၊ အတင်းအကျပ်တော့ သွားပြီး မကြံစည်လေနဲ့၊ လင်မယား ချင်း ပေမယ့် အလိုမတူရင် အဓမ္မမှုမြောက်နိုင်တယ်ဗျ”
“ဆရာကလည်း… ကျွန်တော်က ဆရာ့အမှုသည်ပါဗျ။ ခုချိန်ထိ ဆရာ ကျွန်တော့်ဘက်က လိုက်ပြောတာ မရှိသေးဘူး”
“ခင်ဗျားရဲ့အမှုကို ကျွန်တော် လက်ခံပါတယ်လို့ ဘယ်တုန်းကပြောဖူးလို့လဲ၊ ဒါကြောင့်လည်း ခင်ဗျားဆီက အကျိုးဆောင်ခ တစ်ပြားတစ်ချပ်မှ မယူခဲ့တာပေါ့၊ ဖြစ်နိုင်ရင်တော့ ခင်ဗျားတို့လင်မယားနှစ်ယောက်စလုံးရဲ့ ရှေ့နေ ပဲ လုပ်ချင်တယ်”

ဦးစောဘရန်ငြိမ်းက ဆေးပေါ့လိမ်ကို မီးညှိပြီး အားရအောင် ရှိုက်ဖွာသည်။ ပြီးမှ ဆက်ပြောသည်။
“အေးလေ… ဘာပဲဖြစ်ဖြစ် ခင်ဗျား လက်ရှိ ကြုံနေရတဲ့ အခက်အခဲကိုတော့ ကျွန်တော်လည်း ကိုယ်ချင်းစာ ပါတယ်”
“ဗျာ… ကိုယ်ချင်းစာတယ် ဟုတ်လား၊ ဆရာလည်း ကျွန်တော့်လိုပဲ ဖြစ်နေလို့လား”

ဦးစောဘရန်ငြိမ်းက ခေါင်းခါပြီး-
“ကျွန်တော့်အဖြစ်က ခင်ဗျားနဲ့ ပြောင်းပြန်ဗျ”
ဟု ပြောပြီး ရယ်နေပြန်သည်။ အသံတော့ မထွက်။

ပေါ်ဋ္ဌေးနှင့် ရင်ရင်ငြိမ်းတို့သည် အိမ်ကနေ တစ်လှည့်စီ ရှောင်ထွက်နေကြသလို ဖြစ်နေ၏။ ပေါ်ဋ္ဌေးက ည ဘက်မှာ ဒီဗီဒီအခွေတွေ ကြည့်၊ ဘောလုံးပွဲကြည့်၊ စာဖတ်၊ ညဥ့်နက်မှ အိပ်သည်။ နေမြင့်မှ ထသည်။ အိပ် ရာက နိုးလျှင် လက်ဖက်ရည်ဆိုင်မှာ တမေ့တမောသွားထိုင်သည်။ နေ့လယ်ကျတော့ အပြင်ထွက်၊ သူငယ် ချင်းတွေဆီ သွားချင်သွား၊ ရုပ်ရှင်ကြည့်ချင် ကြည့်၊ သူငယ်ချင်းတစ်ယောက်ယောက်နဲ့ စားသောက်ဆိုင် ထိုင်မိတဲ့ အခါ ညဥ့်နက်မှ အိမ်ပြန်ရောက်သည်။ ခုတလော မကြာခဏ ဆိုသလို ဘီယာသောက်ဖြစ်နေ၏။

ရင်ရင်ငြိမ်းကလည်း တရားပွဲ သွားတဲ့အခါ သွား၊ ဘုရားတက်တဲ့အခါ တက်၊ တရားစခန်း ၀င်တဲ့အခါ ၀င်၊ အိမ်မှာ ဆိုလျှင်လည်း ဘုရားခန်းထဲမှာသာ အနေများသည်။ ပေါ်ဋ္ဌေးကလည်း အိမ်မှာရှိတဲ့အခါ စာဖတ်ခန်း ထဲသာ အောင်းနေတတ်သဖြင့် အောက်ထပ် တစ်ထပ်လုံးကို ၀ိုင်းစိန် အား အပိုင်စားပေးထား သလိုတောင် ဖြစ်နေ၏။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Friday, May 27, 2011

မင်းလူ ၏ ပြန်ခေါ်သက်သေ အပိုင်း (၁၉)

“ဒီနေ့ လာရတာ အကျိုးရှိတယ်၊ ရင်ရင်ငြိမ်းက ငါတို့ကို ဉာဏ်အလင်းရအောင် သတိပေးလိုက်တာပဲ၊ ကျေး ဇူးတင်တယ်ဟေ့”
ဟု ကောင်းထွန်းက ဥဒါန်းကျူးရင့်နေသေးသည်။ သောက်တော့ဖြင့် သူ အများဆုံး။
ပေါ်ဋ္ဌေးသည် အိုက်စပ်စပ်ရှိသဖြင့် ၀ရန်တာဘက်ထွက်ပြီး လေညင်းခံနေသည်။ ကောင်းကင်မှာ လကွေး ကွေးလေးကို မြင်နေရသည်။ ကြယ်တွေလည်း စုံသောကြောင့် ညသည် သာတောင့်သာယာဖြစ်နေ၏။ ခဏ နေတော့ ဘေးနားမှာ ရင်ရင်ငြိမ်း လာရပ်သည်။

“နင်က ဒီမှာ ရောက်နေတာကိုး၊ ငါ စာကြည့်ခန်းထဲ သွားရှာသေးတယ်”
“နင် တော်တော်ခက်ပါလား ရင်ငြိမ်း”
“ဟင်… ဘာဖြစ်လို့လဲ”
ရင်ရင်ငြိမ်းက စိုးရိမ်သော လေသံဖြင့် မေးသည်။
“ငါ့ကို မျက်စိအောက်က အပျောက်မခံနိုင်အောင်ကို စွဲလမ်းနေတာ မဟုတ်လား၊ ငါ အနေရခက်လာပြီဟာ”
“အပိုတွေ လုပ်နေပြန်ပြီ၊ ငါ နင့်ကို ပြောစရာတစ်ခု ရှိလို့”
“ချစ်တယ်ဆိုတဲ့ စကားကို အခုထိပြောလို့မ၀သေးဘူးလား ရင်ငြိမ်းရယ်”

“နောက်မနေနဲ့၊ အကောင်းပြောမလို့”
“ကဲ… ပြော”
“ငါ ပိုက်ဆံနည်းနည်းလောက် လိုချင်လို့”
“အေး… ယူလေ၊ ဘယ်လောက်လဲ”
“ဘာလုပ်ဖို့လို့ဆိုတာ မမေးတော့ဘူးလား”

“နင် အကြောင်းမဲ့ မသုံးတတ်ဘူးဆိုတာ ငါ သိပြီးသားပဲဟာ၊ ဘာမေးနေစရာ လိုလို့လဲ”
“ငါ့မွေးနေ့ကျရင် အလှူလုပ်ချင်လို့”
“ကောင်းသားပဲ၊ အိမ်မှာလုပ်မှာလား”
“မဟုတ်ပါဘူး၊ တစ်နေရာရာ သွားလှူမလို့”

“ဒါများဟာ၊ ပိုက်ဆံထားတဲ့နေရာ နင်လည်း သိသားနဲ့၊ ငါ့ပိုက်ဆံဟာ နင့်ပိုက်ဆံပဲပေါ့”
“အလှူလုပ်တယ် ဆိုတာ ကာယကံရှင်က သဘောတူမှ ကောင်းတာကိုး”
ထိုအခိုက် အပြင်မှ လေတစ်ချက် ဝေ့ပြီး ၀င်လာသည်။ ပေါ်ဋ္ဌေး၏နှာခေါင်းထဲမှာ သင်းခနဲဖြစ်သွား၏။
“မွှေးလိုက်တာဟာ၊ ဘာလိမ်းထားတာလဲ”
“နည်းနည်း အိုက်တာနဲပ၊ သနပ်ခါးထဲမှာ ကရမက်လေးရောပြီး သွေးထည့်ထားတာ”

“ကောင်းတယ်ဟာ၊ အမောကိုပြေသွားတာပဲ၊ ဒီလောက် အကွာအဝေးမှာတောင် မွှေးနေရင် အနီးကပ် နမ်း ကြည့်ရရင် ဘာပြောကောင်းမလဲ”
ပေါ်ဋ္ဌေးက ရင်ရင်ငြိမ်း၏လက်မောင်းနှစ်ဖက်ကို ကိုင်ပြီး ရုတ်တရက် ငုံ့နမ်းလိုက်သည်။ အသားကိုတော့ ထိသည်။ သို့ရာတွင် ပါးပြင်ကို မဟုတ်။ ကြားထဲက ဆီးကာလိုက်သော ရင်ရင်ငြိမ်း၏လက်ဖမိုးကို နမ်းမိ သွားခြင်းသာဖြစ်၏။
“ဟင်း… ငရဲကြီးမယ်နော်”
ဟု ရင်ရင်ငြိမ်းက ဟန့်လိုက်သည်။

“ဟင်… ဘာလို့ကြီးရမှာလဲ၊ ဒီနေ့ နင် ဥပုသ်စောင့်ထားတာမှ မဟုတ်တာ”
“ဒါပေမဲ့ နင် မကြားဘူးလား”
ပေါ်ဋ္ဌေး နားစွင့်ကြည့်လိုက်သည်။ ရပ်ကွင်းတွင်းရှိ ဘုန်းကြီးကျောင်းမှ ပဋ္ဌာန်းရွတ်ဆိုနေသံ ကြားရ၏။
“ဘာဆိုင်လို့လဲဟာ… သူ့ဟာသူ ရွတ်တာပဲ”
“ဆိုင်တာပေါ့၊ ပဋ္ဌာန်းဒေသနာတော်ကြီးဆိုတာ အသံကိုကြားရတဲ့နေရာ အ၀န်းအ၀ိုင်းထိ အကျိုးအာနိသင် ပျံ့နှံ့နိုင်တယ်၊ ပြီးတော့ ပဋ္ဌာန်းရွတ်နေပြီဆိုရင် သမာဒေ၀ နတ်ကောင်းနတ်မြတ်တွေလည်း တရားဖို့ စုဝေး ရောက်ရှိလာတတ်တယ်။ ဒီလိုအချိန်မျိုးမှာ ဆင်ဆင်ခြင်ခြင် နေသင့်တယ်၊ စိတ်ကိုလည်း သန့်ရှင်းစင်ကြယ် အောင် ထားရတယ်”

ပေါ်ဋ္ဌေးသည် ပင်နတီ လွဲချော်သွားသော ဘောလုံးသမားလို ခေါင်းငိုက်စိုက်ကျသွား၏။ ပဋ္ဌာန်းရွတ်တယ်ဆို တာ ငါးရက်လောက်တောင် ကြာတတ်တာလေ။
သင်္ကြန်တွင်းမှာ သူငယ်ချင်းလင်မယားတွေပါ ခေါ်ပြီး သူ့ဂျစ်ကားဖြင့် ရေပက်ခံထွက်ရန် ပေါ်ဋ္ဌေး စိတ်ကူးမိ သည်။ ဒီအကြောင်း ရင်ရင်ငြိမ်းကို ပြောတော့-
“ဟင့်အင်း… ငါ ရေပက်ခံ ထွက်တာ ၀ါသနာမပါဘူး” ဟု ငြင်းသည်။

“တစ်နှစ် တစ်ခါလောက်တော့ စိတ်လွတ်ကိုယ်လွတ် ပျော်သင့်ပါတယ်ဟာ၊ လူကြီးတွေတောင် သင်္ကြန် တွင်းမှာ ရေလောင်းကြ၊ မြနန္ဒာသီချင်းနဲ့ ဆိုကြ၊ ကကြတာပဲ၊ တီဗီထဲမှာ နင် မကြည့်ဖူးဘူးလား”
“ငါ ငယ်ငယ်ကတည်းက တစ်ခါမှ ရေပက်ခံထွက်လေ့မရှိဘူး၊ သင်္ကြန်တွင်းဆိုရင် ဥပုသ်စောင့်တာပဲ၊ ဒီနှစ် လည်း ခုနစ်ရက်တရားစခန်းဝင်ဖို့ စာရင်းပေးပြီးပြီ”
ရင်ရင်ငြိမ်းကို ဘယ်လိုနားလည်ရမလဲ မသိတော့။ သူ တရားစခန်းဝင်လျှင် အိမ်မှာ ပေါ်ဋ္ဌေး နှင့် ၀ိုင်းစိန် နှစ် ယောက်တည်း ကျန်ခဲ့တော့မည်။ ၀ိုင်းစိန်သည် ကလေးမဟုတ်တော့။ အပျိုပေါက်ကလေးဖြစ်နေပြီ။ ဖြူဖြူ စင်စင် သန့်သန့်ရှင်းရှင်း၊ ရုပ်က ချစ်စရာလေး၊ ကိုယ်လုံးကိုယ်ပေါက်က ဖွံ့ထွားစပြုနေပြီ။

တခြားမိန်းမတွေဆိုလျှင် ဒီလို အခြေအနေမျိုးမှာ မျက်ခြေမပြတ် စောင့်ကြည့်နေလိမ့်မည်။ မတတ်သာလို့ အပြင်ထွက်ရလျှင်လညး နောက်ဆံတငင်ငင် ဖြစ်နေလိမ့်မည်။ ရင်ရင်ငြိမ်းကတော့ ဘာသံသယမှ မရှိဘဲ စိတ်ချလက်ချ ထားသွားနိုင်သည်။ တစ်ခုခုဖြစ်သွားလည်း အေးတာပဲ၊ ငါ သက်သာတာပေါ့လို့များ သဘော ထားနေသလားဟု ပေါ်ဋ္ဌေး ခပ်ရိုင်းရိုင်း တွေးလိုက်မိသေးသည်။
မိန်းမတွေဟာ သူတို့ကို နုပျိုတယ်၊ အရွယ်တင်တယ် ပြောလျှင် ကျေနပ်ကြသည်။ အမေနဲ့ သမီး အတူ လျှောက်လာတဲ့အခါ “ညီအစ်မကျနေတာပဲနော်”ဟု မှတ်ချက်ပေးလျှင် ပီတိတွေ ဖြာလို့ပေါ့။
သူတို့သည် အသက်ကိုလည်း လျှော့ပြောတတ်ကြသည်။ သုံးဆယ်ကနေ သုံးဆယ့်ငါးနှစ်အတွင်း ဆိုလျှင် သုံးဆယ်ကျော်ပဲ၊ သုံးဆယ်ငါးနှစ်ကနေ သုံးဆယ့်ကိုးနှစ်နဲ့ သုံးရာခြောက်ဆယ့်လေးရက်အထိဟာ သုံးဆယ့် ငါးကျော်ပြီလို့ပဲ ပြောတတ်ကြသည်။

ရင်ရင်ငြိမ်းကျတော့ တစ်မျိုး။ အသက် သုံးဆယ့်ငါးနှစ်ပြည့်ပြီးကတည်းက လေးဆယ်တွင်းတောင် ရောက် လာပြီဟု ဆိုသည်။ အသက်တွေလည်း ကြီးလာပြီနော် ရင့်ကျက်ဖို့ကောင်းပြီ ဘာညာပြောလာသည်။ ထို့ ကြောင့် တစ်ခါတော့ ပေါ်ဋ္ဌေးက ရွှေအမြူတေမဂ္ဂဇင်း မျက်နှာဖုံးမှာ ပါလာသော ရုပ်ရှင်မင်းသမီး စိုးမြတ်သူဇာ ၏ပုံကို ပြပြီး-
“ဒီမှာ ကြည့်၊ သူ့အသက်က သုံးဆယ့်ရှစ်နှစ် ရှိပေမယ့် နုတုန်း၊ လှတုန်းပဲ တွေ့လား”လို့ ပြောတော့ ရင်ရင် ငြိမ်းက-
“ဘယ်လောက်ပဲ လှလှ၊ ဇရာကိုတော့ ရှောင်လို့မရပါဘူး၊ အချိန်တန်ရင် အိုရ နာရမှာပါပဲ၊ မိတ်ကပ်တွေ… အလှရည် တွေနဲ့ ဖုံးလွှမ်းထားတဲ့ သူ့ရဲ့အရေပြားတွေကို တစ်လွှာချင်း ခွာပြီး မြင်အောင် ကြည့်စမ်း၊ ဘာ တွေ့ရမလဲ”

“တော်ပြီ တော်ပြီ… မပြောနဲ့တော့”
ဆိုပြီး ပေါ်ဋ္ဌေး ထပြေးသည။ စိုးမြတ်သူဇာဆိုတာ သူ့ရဲ့ဖေးဘရိတ်ပဲ၊ ရုပ်ရှင်မင်းသမီး တွေထဲမှာ အလှဆုံး၊ ကျက်သရေ အရှိဆုံးလို့ သတ်မှတ်ထားခဲ့တာလေ။
ရင်ရင်ငြိမ်းသည် ဘာသာရေးဘက်မှာ တဖြည်းဖြည်း ပိုပြီး စိတ်ညွှတ်လာသည်။ လပြည့် လကွယ်နေ့တိုင်း ဥပုသ်စောင့်သည်။ ဒါနဲ့တင် အားမရဘဲ တနင်္ဂနွေနေ့တိုင်း “ကြီး ကိုးကြီး”သွားပြီး ပုတီးစိပ်၊ တရားထိုင် သည်။ ပေါ်ဋ္ဌေး၏မွေးနေ့ဖြစ်သော စနေနှင့် သူ့မွေးနေ့ ဗုဒ္ဓဟူးတိုင်းမှာ သတ်သတ်လွတ်စားသည်။ မကြာခဏ ဆိုသလို တရားစခန်းဝင်သည်။ တရားပွဲရှိတဲ့နေရာကို စုံစမ်းပြီး သွားနာသည်။ အားလျှင် တရားစာအုပ် တွေ ဖတ်သည်။ သူ့ဘာသာ ဖတ်ရုံနှင့်အားမရဘဲ ပေါ်ဋ္ဌေးကို လာရှင်းပြပြီး ဆွေးနွေးခိုင်းတတ်သည်။ ပေါ်ဋ္ဌေးကလည်း ဒါမျိုးတွေ အတော်နားဝေးသူဖြစ်သောကြောင့် စိတ်မ၀င်စား။ တစ်ခါ တစ်ခါ ပျင်းလာသ ဖြင့် ပေါက်ကရတွေ လျှောက်ပြောသည်။ ထိုအခါ ရင်ရင်ငြိမ်းက-

“နင်ဟာ တယ်ခက်ပါလား ကိုပေါ်ရယ်၊ လူ့ဘ၀ဆိုတာ ရေပွက်ပမာ ခဏတာပဲ၊ ကွေးသောလက် မဆန့်မီ… ဆန့်သောလက် မကွေးမီ ဖြုတ်ခနဲ ဖြစ်ပျက်သွားနိုင်တယ်၊ ဒါကြောင့် အချိန်ရှိသလို ရသလောက်ပါအောင် ယူသွားသင့်တယ်”
ဟု ပြောသည်။
တစ်ရက်မှာ ပေါ်ဋ္ဌေး အပြင်က ပြန်လာတော့ ၀ိုင်းစိန်က ဆီးပြောသည်။

“ဒေါ်လေး… ပဲခူးက တရားပွဲသွားတယ်၊ ဟိုမှာ အိပ်မယ်တဲ့၊ မနက်ဖြန်မှ ပြန်လာမယ် ပြောတယ်”
“ဘာ… ပဲခူး၊ ဘယ်သူနဲ့ သွားတာလဲ”
“အန်တီနှောင်းနဲ့ အန်တီပွင့် လာခေါ်တာ”
ပေါ်ဋ္ဌေး အတော်တင်းသွားသည်။ သူက ဒီအိမ်မှာ အိမ်ထောင်ဦးစီးဖြစ်သည်။ ရင်ရင်ငြိမ်းအနေဖြင့် ညဥ့်အိပ် ညဥ့်နေ သွားမယ်ဆိုလျှင် သူ့ဆီ ခွင့်တောင်းသင့်သည်။ သူက ခွင့်ပြုမှသွားရမည်။ ခုလို သူ မရှိတုန်း အမှာ စကားလေး ထားခဲ့ပြီး ထွက်သွားတာဟာ ပမာမခန့် လုပ်တာပဲဖြစ်သည်။

ပေါ်ဋ္ဌေးသည် ထိုကိစ္စအတွက် တနုံ့နုံ့ဖြစ်နေသောကြောင့် ညဘက်ကောင်းကောင်းတောင် အိပ်မပျော်။ မနက်ကျတော့လည်း ဧည့်ခန်းထဲမှာ ခေါက်တုံခေါက်ပြန်လျှောက်ရင်း စောင့်သည်။ ရင်ရင်ငြိမ်းတို့ ပြန်လာ သောအခါ အလောတကြီး လုပ်တတ်သော သူ့ဝသီအတိုင်း ဘေးမှာ ဘယ်သူတွေပါလာသလဲ ဂရုမစိုက် တော့ဘဲ အိမ်ဝင်ဝင်ချင်းမှာ ဆီးပြီး ဟောက်သည်။ လမ်းထဲက ရင်ရင်ငြိမ်း၏ဓမ္မမိတ်ဆွေ မိန်းမကြီးမှာ တအံ့ တသြဖြစ်ပြီး ကုပ်ကုပ်လေး ပြန်ထွက်သွားသည်။ ဒေစီပွင့်က မျက်စိမျက်နှာပျက်နေသည်။ အနှောင်းက မှုန် တေတေကြည့်သည်။

ရင်ရင်ငြိမ်းကတော့ ခပ်အေးအေးပဲ…
“ရုတ်တရက် စီစဉ်လိုက်ရလို့ ပြောမသွားနိုင်တာပါ၊ ပြီးတော့ တရားပွဲသွားတာပဲဟာ၊ နင့်အနေနဲ့ သာဓု တောင် ခေါ်…”
“အဲဒီ တရားပွဲက ဘယ်လောက် အရေးကြီးနေလို့လဲ”
“နင် ဘယ်လို ပြောလိုက်တာလဲ”
အနှောင်းက မနေနိုင်တော့ဘဲ ၀င်ပြောသည်။ ပေါ်ဋ္ဌေးက အနှောင်းဘက် ဆတ်ခနဲလှည့်လိုက်ပြီး-
“နင် ၀င်ပြောစရာ မလိုဘူး၊ ငါ့မိန်းမ ငါ ပြောနေတာ”

“နင့်မိန်းမ ဆိုပေမယ့် ပိုက်ဆံပေးပြီး ၀ယ်ထားတာမဟုတ်ဘူး၊ သူ့မှာလည်း သူ့အခွင့်အရေး ရှိတယ်”
“နင်နဲ့မဆိုင်ဘူး၊ ဒီမှာ… တစ်ခါတည်း ပြောထားလိုက်မယ်၊ နောက်ကို ဘယ်တော့မှ လာမခေါ်ပါနဲ့၊ နင်တို့ ဟာ ငါ့မိန်းမ ကို ဖျက်ဆီးနေကြတာပဲ”
ပေါ်ဋ္ဌေးက ခံပြင်းလက်စနဲ့ မဆင်မခြင် ပြောလိုက်သည်။ အနှောင်းမှာ ပါးစပ်အဟောင်းသားဖြစ်သွားပြီးမှ-
“ဘာ… တရားပွဲခေါ်သွားတာ ဖျက်ဆီးတယ် ဟုတ်လား၊ နင် ရိုင်းစိုင်းလှချည်လား၊ နင်ဟာ တိတ္ထိပဲ”

“ရိုင်းတော့ ဘာဖြစ်လဲ”
ထို့နောက် ပေါ်ဋ္ဌေးနှင့် အနှောင်းတို့ အပြန်အလှန် အခြေအတင် ဖြစ်ကြသည်။ ပေါ်ဋ္ဌေးက-
“နင် တို့ ငါ့အိမ် ကို ဘယ်တော့မှမလာနဲ့”
ဟု ပြောလွှတ်လိုက်သည်။ သူတို့ ပြန်သွားတော့-
“အနှောင်းတို့ကို ဒီလောက်ကြီးတော့ မပြောသင့်ပါဘူး” ရင်ရင်ငြိမ်းက ဝေဖန်သည်။

“ပြောတော့ ဘာဖြစ်လဲ”
ဆိုပြီး ရင်ရင်ငြိမ်းနှင့် ရန်ဆက်ဖြစ်သည်။ ရန်ဖြစ်တယ်သာ ပြောရတာ၊ ပေါ်ဋ္ဌေးကချည်း ဒေါသတကြီး အော် ဟစ်နေခြင်း ဖြစ်၏။ ရင်ရင်ငြိမ်းကတော့ “လောကံဓံကြုံ၊ မဖြုံတမ်းပေါ့၊ မတုန်စမ်းနဲ့ ငြိမ်အောင်နေ”ဆိုတဲ့ စကား ကို လက်ကိုင်ထားဟန်တူသည်။ မတုန်မလှုပ်၊ အေးတိအေးစက် နေနေသည်။ ပေါ်ဋ္ဌေးမှာသာ ကိုယ် ပျောက်နေ တဲ့ လူနဲ့ ရန်ဖြစ်နေရသလို ဘေးလူအမြင်မှာ အရူးကြီး ဖြစ်နေရ၏။

ထိုကိစ္စဖြစ်ပြီးတဲ့နောက် ရင်ရင်ငြိမ်းက ဆင်ခြင်သွားရောလို့ထင်လျှင် တက်တက်စင် မှားလိမ့်မည်။ ပေါ်ဋ္ဌေး အမြင်မှာတော့ ပိုတောင်ဆိုးလာသလိုပဲ၊ တရားစခန်းဝင်တဲ့အကြိမ်တွေ ပိုစိပ်လာသည်။ ဘုရားရှိခိုးလျှင် အချိန်ပိုကြာလာသည်။ မနက်တိုင်း လေးနာရီလောက်ကြီး တရားထိုင်၊ ပုတီးစိပ်သည်။ ၀ါတွင်း သုံးလမှာ အိပ်ရာခွဲပြီး ဘုရားခန်းထဲ အိပ်ချင်တယ်ဟု ရင်ရင်ငြိမ်းက တောင်းဆိုလာသောအခါ ပေါ်ဋ္ဌေး ပေါက်ကွဲတော့ သည်။

နောက်တော့ သူတို့နှစ်ယောက် ခပ်စိမ်းစိမ်းဖြစ်လာသည်။ မေးထူးခေါ်ပြော အဆင့်ကို ရောက်လာသည်။ တစ်အိမ်တည်းနေ၊ တစ်အိပ်ရာတည်း အိပ်နေပါလျက် တဖြည်းဖြည်း အနေဝေးသလို ဖြစ်လာပြီး နောက်ဆုံး တော့ ပေါ်ဋ္ဌေးက ကွာမယ်၊ ရှင်းမယ်ဆိုတဲ့ အခြေအနေအထိ ရောက်လာခဲ့တာပါပဲ။
“ဒါနဲ့ ရင်ရင်ငြိမ်း က မင်းကို အဖြေပေးတဲ့အချိန်တုန်းကရော၊ လက်ထပ်ဖို့ သဘောတူတဲ့အချိန်တုန်းကရော သူ ဘာသာရေး လိုက်စားတာကို မကန့်ကွက်ပါဘူး… မချုပ်ချယ်ပါဘူးလို့ မင်း ကတိပေးခဲ့ပြီးသားမဟုတ် လား”

ဟု အောင်ချိုက စောဒကတက်သည်။ ပေါ်ဋ္ဌေးက-
“အေး ဟုတ်တယ်၊ ဒါပေမဲ့ ဒီလောက်ထိ တရားလွန်လာလိမ့်မယ်လို့ မထင်ခဲ့မိဘူး၊ ခုတော့ကွာ… သူက သိပ်ပြီး သူတော်ကောင်း လုပ်ချင်တယ်၊ ငါကတော့ အလိုရမ္မက်ကြီးတဲ့ အကုသိုလ်တုံးကြီး၊ အပုပ်ကောင် ကြီး ဖြစ်နေပြီ၊ ငါ သည်းမခံနိုင်တော့ဘူး”
ရဲမော်က ချက်ချင်း မှတ်ချက်မပေးသေးဘဲ ခဏကြာအောင် စဉ်းစားနေပြီးမှ-

“ခုကိစ္စမှာ ရင်ရင်ငြိမ်း မှားတယ်လို့တော့ လုံးဝပြောလို့မရဘူး။ ပြောလည်း မပြောကောင်းဘူး၊ ဒါဆို မင်းမှာပဲ အပြစ်ရှိတယ်လို့လည်း စွပ်စွဲဖို့ ခက်တယ်၊ လင်မယားဆိုတာ အကောင်းဖြစ်ဖြစ်၊ အဆိုးဖြစ်ဖြစ် ဘက်ညီမှ တာရှည်ပေါင်းဖို့ အဆင်ပြေတာ၊ မင်းတို့ပြဿနာမှာ တစ်ဖက်ဖက်က အလျှော့ပေးမှဖြစ်မယ်၊ ရင်ရင်ငြိမ်းကို ပြုပြင်ခိုင်းဖို့ကျတော့ တရားမှာ မဟုတ်ဘူး၊ မင်းကပဲ နားလည်မှု ရှိပေးမှ…”
“ငါ နားလည်ပေးခဲ့တာ ကမ်းကုန်နေပြီ၊ ဒီထက် လိုက်လျောရရင် ဖိုးသူတော် ၀တ်ဖို့ ပဲ ရှိတော့တယ်၊ ငါ့ ဆုံး ဖြတ်ချက် ကို မပြင်နိုင်တော့ဘူး” ရဲမော်က ခေါင်းတစ်ချက်ဆတ်ပြီး-

“အေးလေ.. ဘယ်တတ်နိုင်မလဲ၊ ဆီနဲ့ ရေဆိုတာ ဘယ်လိုအချိုးအစားနဲ့ပဲ ပေါင်းပေါင်း ရောစပ်လို့မှ မဖြစ် နိုင်တာဘဲ၊ မင်းရဲ့အကြောင်းပြချက်တွေကို ငါ လက်မခံချင်ပေမယ့် မခိုင်လုံးဘူးလို့ ငြင်းဖို့ကျတော့ ခက် တယ်။ ဘယ်တတ်နိုင်မလဲ၊ ကောင်းပြီလေ၊ မင်း ဖြစ်စေချင်တာကို ငါ ကူညီပါ့မယ်၊ မြရီဝင်းကိုလည်း နား လည်အောင် ပြောပြပြီး တိုက်တွန်းပေးပါ့မယ်။ လက်ထပ်စာချုပ် ချုပ်တုန်းက မြရီဝင်းလည်း သက်သေလက် မှတ်ထိုးခဲ့တာ ဆိုတော့ ကွာရှင်းစာချုပ်မှာလည်း သူ လက်မှတ်ထိုးပေးဖို့လိုတယ် မဟုတ်လား”
“ရဲမော်တို့ လင်မယား လက်မှတ်ထိုးပြီးရင် ငါလည်း ထိုးပေးပါ့မယ်” ဟု အောင်ချိုက ကတိပေးသည်။ ပေါ်ဋ္ဌေး ကျေနပ်သွား၏။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, May 26, 2011

မင်းလူ ၏ ပြန်ခေါ်သက်သေ အပိုင်း (၁၈)

စီစီ သည် ထစ်ခနဲရှိ စိတ်ကောက်တတ်သူတို့၏ထုံးစံအတိုင်း ထစ်ခနဲရှိ စိတ်ပြေတတ်သူ ဖြစ်၏။ ပေါ်ဋ္ဌေး ပထမဆုံး အကြိမ်သွားပြီး ဆွေးနွေးတော့ စီစီက-
“သူ့အကြောင်း လုံးဝ လာမပြောနဲ့”
ဟု ငြင်းလွှတ်သည်။ ပေါ်ဋ္ဌေး ဘာအတွက် လာတယ်ဆိုတာ ရိပ်မိသော ဦးအောင်ကြီးက-
“မင်းက ပွဲစားလာလုပ်တာလား” ဟု ခပ်ငေါက်ငေါက် ပြောသည်။

နောက်တစ်ခါကျတော့ ပေါ်ဋ္ဌေးက ဖုန်းဆက်ပြီး- “ပြောစရာရှိလို့ လာခဲ့ချင်တယ်”
ဟု အပွိုင့်မင့် တောင်းကြည့်သည်။ စီစီက သူ အပြင်သွားစရာရှိလို့ မအားဘူးဟု ပြန်ပြောသည်။ နောက် ထပ် မဆက်သွယ်တော့ဘဲ အသာမျှောထားလိုက်သည။
တစ်ပတ်လောက်ကြာသောအခါ ပေါ်ဋ္ဌေး၏စာကြည့်ခန်းတံခါးမှာ စာတစ်စောင် ကပ်ထားတာ တွေ့ရသည်။
“စီစီ ဖုန်းဆက်တယ်။ အကြောင်းထူး မရှိပါဘူးတဲ့”

ရင်ရင်ငြိမ်း၏လက်ရေး ဖြစ်၏။ စီစီက ရင်ရင်ငြိမ်းကို အောင်ချို အိမ် က နှင်ချခံရတဲ့အကြောင်း ပြောမှာ သေချာသည်။ ရင်ရင်ငြိမ်းကကော ကိုယ့်ပြဿနာကို ပြန်ပြောပြလိုက်သေးသလား။ ပြောမယ် မထင်။ ရင်ရင်ငြိမ်း က ဒါမျိုး လျှောက်ပြောတတ်သူမျိုး မဟုတ်။

ထားတော့… အရေးကြီးတာက စီစီ၏ရင်ဖွင့်ချက်ကို ရင်ရင်ငြိမ်း သိသွားသောကိစ္စပင်ဖြစ်၏။ မိန်းမချင်းဆို တော့ ပွင့်ပွင့်လင်းလင်း ပြောလိမ့်မယ်။ အောင်ချိုက အိမ်ပေါ်ပြန်ရောက်အောင် ရင်ရင်ငြိမ်းကို အကူအညီ တောင်း တဲ့ အဓိပ္ပါယ်မျိုးပါသော စကားတွေ ပြောချင်ပြောလိမ့်မည်။ ရင်ရင်ငြိမ်းက ဦးအောင်ကြီးဆီသွားပြီး ကြားက စေ့စပ်ပေးလိုက်လျှင် ကိစ္စပြီးသွားနိုင်သည်။ ဒါဆိုလျှင် အောင်ချိုက-
“ရင်ရင်ငြိမ်း ကူညီလို့ အောင်မြင်သွားတာ၊ မင်းကြောင့် မဟုတ်ဘူး” ဟု ဆိုပြီး ကိုယ့်ကိစ္စ ပြန်မကူညီဘဲ နေလျှင် ခက်မည်။

ဒီတော့ ကိုယ်က ဦးအောင်မြန်မြန်ထက်ထက် လုပ်မှဖြစ်မည်။ အောင်ချို ရုံးဆင်းချိန်မှာ သွားစောင့်ခေါ် သည်။ လူရှင်းသောပီစီအိုဖုန်းဖြင့် စီစီ့ဆီ ဆက်သည်။
“ဖုန်းဆက်တယ် ဆို၊ ကိစ္စရှိလို့လား”
“မရှိပါဘူး၊ ရင်ငြိမ်းဆီ ဆက်ရင်းနဲ့ မေးတာပါ”
အခုလို ကွယ်လိုက်ကတည်းက မလုံဘူးဆိုတာ သိသာ၏။ ထို့ကြောင့်-
“ဘာလဲ… အောင်ချို့ကို သတိရလို့လား။ သူ့အခြေအနေ စုံစမ်းချင်လို့လား”
“အမယ်… သူ့ကို ရှိတယ်တောင် မအောက်မေ့ဘူး”

“စီစီကသာ မအောက်မေ့တာ၊ ဟိုကောင်ကတော့ သူ့ကိုယ်သူသတ်သေမလောက် ဖြစ်နေပြီ”
“သူသာ အဲဒီလောက် စိတ်ကောင်းရှိရင် ခုလို တကွဲတပြားတောင် ဖြစ်မှာမဟုတ်ဘူး”
“ကဲ…မယုံဘူးဆိုရင်လည်း ကိုယ်တိုင်သာ မေးကြည့်တော့”
ဆိုပြီး တယ်လီဖုန်းကို အောင်ချို့လက်ထဲ လွှဲပေးလိုက်သည်။
“စီလား… ကိုယ်ပါ၊  ချိုချိုလေ”
အောင်ချို က ချွဲလိုက်သည်။ တစ်ဖက်မှ စကားပြန်ပုံမရ။

“စကားတစ်ခွန်းလောက် ပြောပါဦး၊ စီစီ့အသံလေးကို ကြားရရင် သေပျော်ပါပြီ၊ ပြောလေ… ဟင် ငိုနေတယ် ဟုတ်လား၊ ကိုယ်လည်း တစ်နေ့မှမေ့လို့ မရပါဘူး”
နောက်တစ်နေ့ကျတော့ အောင်ချိုနှင့် စီစီတို့ စားသောက်ဆိုင်တစ်ဆိုင်မှာ ချိန်းတွေ့ကြသည်။ စကားတွေ ပြောပြီး အလွမ်းသယ်ကြသည်။ ပြီးတော့ ပေါ်ဋ္ဌေး၏အကြံပေးချက်အတိုင်း အစီအစဉ်တစ်ခုလုပ်ကြသည်။

တစ်ရက်မှာ စီစီက တစ်နေကုန် အခန်းထဲကမထွက်ဘဲ အောင်းနေသည်။ ထမင်းစားချိန်မှာ ပေါ်မလာတော့ အောင်ချို တို့ အမေ စိတ်ပူပြီး နေမကောင်းဘူးလား လာမေးသည။ စီစီက သူ စိတ်မချမ်းသာကြောင်း၊ အထီး ကျန် ဆန်ကြောင်းပြောပြီး ငိုသည်။ ထမင်းမစား ဟင်းမစား နေပြသည်။
အဘွားကြီး က ဦးအောင်ကြီးကို တင်ပြသည်။ ခုလောက်ဆို အောင်ချို နောင်တရလောက်ပါပြီဟု ပြောသည်။

“သင်းထိုက်နဲ့ သင်းကံ နေပါစေ”
ဟု ဆိုသည။ လေသံက သိပ်မပြင်းတော့။
အောင်ချို အိမ်ပေါ်ပြန်တက်လာသည်။ ဦးအောင်ကြီးက-
“မင်း ဘာလာလုပ်တာလဲ”
“စီစီ နေမကောင်းဘူးဆိုလို့ပါ ဖေဖေ”
“မင်းမျက်နှာ ငါ မကြည့်ချင်ဘူး၊ သွား သွား”

အောင်ချို ထွက်သွားသည်။ အိမ်ပြင်ကို မဟုတ်။ စီစီ ရှိရာ သူတို့အိပ်ခန်းဆီသို့…။
“မင်းကိစ္စ အဆင်ပြေသွားပြီဆိုတော့ ကတိအတိုင်း ငါ့ကိုလည်း ပြန်ကူညီပေတော့”
ဟု ပေါ်ဋ္ဌေးက သတိပေးသည်။
“ပြောကွာ…ဘာကူညီရမလဲ”
ပေါ်ဋ္ဌေးက ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပေးဖို့ ပြောသည်။

အောင်ချို တအံ့တသြ ဖြစ်သွားသည်။ ပြီးတော့ ငြင်းသည်။
“ဟာ… ဒါတော့ မဖြစ်ဘူး”
“မင်း ကတိဖျက်တာလား”
“မင်း စဉ်းစားကြည့်လေ၊ ဒီလိုကိစ္စမျိုးတော့…”
“ယောက်ျား မဟုတ်ဘူးလား၊ မင်း…”

“ငါက ခုမှ အိမ်ပေါ် ပြန်တက်ခွင့်ရခါစပဲ ရှိပါသေးတယ်ကွာ၊ ငါ့ကို အချိန်နည်းနည်းတော့ ပေးပါဦး”
ဟု အောင်ချို က တောင်လိုလို မြောက်လိုလို မရေမရာပြောရင်း အချိန်ဆွဲဖို့ ကြိုးစားသည်။ ပေါ်ဋ္ဌေးက-
“မင်း လူလည်မကျနဲ့”

ဆိုပြီး အကျပ်ကိုင်သည်။ အောင်ချိုက ရဲမော်ကို စစ်ကူတောင်းသည်။ ဒီလိုနဲ့ ပေါ်ဋ္ဌေးနှင့် ရင်ရင်ငြိမ်း ကိစ္စ ကို ရဲမော် ပါ သိသွားသည်။ ရဲမော်က အောင်ချို့လိုတော့ ပြူးပြူးပြာပြာမဖြစ်။ သူ သိချင်တာကိုသာ မေးသည်။
“မင်းက ဘာကြောင့် ကွာချင်ရတာလဲ”
“ငါ့အကြောင်းနဲ့ ငါပါကွာ”
“ငါတို့ကို ပြောပြလို့မဖြစ်ဘူးလား”
“မသိချင်ပါနဲ့ကွာ”

“ဒီလို ရှိတယ်လေ၊ မင်းက လက်မှတ်ထိုးပါ ဆိုတိုင်း ငါတို့က ဘုမသိ ဘမသိနဲ့ ထိုးမပေးနိုင်ဘူး၊ ဘာကြောင့် ကွာရှင်းချင်တယ်ဆိုတာကို ရေလည်အောင် ရှင်းပြ၊ မင်းရဲ့အကြောင်းပြချက်က ခိုင်လုံတယ်ဆိုရင် ငါတို့ လက်မှတ်ထိုးပေးမယ်၊ မြရီဝင်းကိုလည်း နားလည်အောင် ရှင်းပြရဦးမယ်၊ ဟိုအရင် လက်ထပ်စာချုပ်မှာ သက်သေလက်မှတ်ထိုး တဲ့ အထဲမှာ မြရီဝင်းလည်း  ပါတယ် မဟုတ်လား”
ရဲမော် ပြောတာ သဘာဝကျနေသဖြင့်-

သူငယ်ချင်းတွေနဲ့တွေ့လျှင် ကိုယ်ဝါသနာပါရာအကြောင်းကို ပြောလေ့ရှိကြသည်။ ရဲမော်နှင့်ဆုံလျှင် တိုင်းရင်းဆေး တွေအကြောင်း၊ ဆေးဖက်ဝင်အသီးအရွက် အခေါက်တွေအကြောင်း ပြောမည်။ ကောင်းထွန်း နှင့် တွေ့လျှင် ယမကာအမျိုးမျိုးအကြောင်း၊ စာအကြောင်း ပေအကြောင်း ကြားရမည်။ အောင်ချိုကတော့ ဗီဒီယို၊ ရုပ်ရှင်ဝါသနာအိုးဆိုတော့ သူ လတ်တလော ကြည့်ထားသော ဇာတ်ကားတွေအကြောင်း ပြောပြ မည်။

ကံညွန့်မောင်ကတော့ သိတဲ့အတိုင်းပဲ။ ဘယ်ဆိုင်က ကောင်မလေးက ချောတယ်၊ ဘယ်ကောင်မလေးက အပြုအစုကောင်းတယ်။ ဘယ်သူကတော့ စွဲမက်စရာလေး၊ ဒါပေမဲ့ နည်းနည်းရိတ်ချင်တယ် ဆိုတာမျိုး။ ထို နေ့ကလည်း ဆိုင်သစ်တစ်ဆိုင် ဖွင့်တဲ့အကြောင်း၊ ဖွင့်စမို့လို့လား မသိ။ တော်တော်လန်းကြောင်း ပြောနေ သည်။ ပေါ်ဋ္ဌေးက နားသာထောင်နေသော်လည်း သိပ်ဟက်ဟက်ပက်ပက် မရှိသဖြင့်-
“ဟေ့ကောင်… မင်းက ဘာဖြစ်နေတာလဲ၊ နေမကောင်းဘူးလား”
“ညက အိပ်ပျက်လို့လား မသိဘူး”

“ဘာဖြစ်လို့ အိပ်ပျက်တာလဲ၊ မဟုတ်မှလွဲရော… ဟဲ ဟဲ”
“ဟာ…ဘောလုံးပွဲကြည့်လို့ပါကွာ၊ ည နှစ်နာရီခွဲ ကန်တဲ့ပွဲဆိုတော့ မိုးလင်းခါနီးမှ အိပ်ရမယ်၊ ဒါကြောင့် ထိုင်းထိုင်း မှိုင်းမှိုင်း ဖြစ်နေတာ”
“ဒါများကွာ၊ လွယ်ပါတယ်၊ ဆေးတစ်လုံး သောက်လိုက်… ရော့”
ဆိုပြီး အိတ်ထဲက ဆေးကတ်တစ်ကတ် ထုတ်၊ ဆေးတောင့် တစ်တောင့်ဖောက်ပြီး ပေးသည်။ ပေါ်ဋ္ဌေးက လည်း ဘုမသိ ဘမသိ ယူသောက်လိုက်သည်။ ပြီးမှ မေးရသည်။
“ဘာဆေးလဲ”
“ယောက်ျားအားဆေးကွ”

“ဟာ… ဟေ့ကောင်၊ မင်း မဟုတ်တာတွေ၊ ဒီဆေးမျိုးတွေက အခန့်မသင့်ရင် အန္တရာယ်ရှိတယ်၊ မင်းကွာ…”
ကံညွန့်မောင်က ရယ်လိုက်ပြီး-
“အန္တရာယ် မရှိပါဘူးကွာ၊ ငါ သောက်နေကျပါ၊ ဖစ်ဖြစ်ရုံလောက်ပဲ၊ ဟေ့ကောင် မင်း စမ်းကြည့်ကွ၊ သဘော ကျသွားမယ်”
ဆိုပြီး လက်ဟန် ခြေဟန်နဲ့ လုပ်ပြနေသေးသည်။

“ဟာကွာ… မင်း တော်တော်ရှုပ်တဲ့ကောင်ပဲ”
ပေါ်ဋ္ဌေး ထပြေးလာခဲ့ရ၏။ ကံညွန့်မောင် ပြောတာ ဟုတ်သလိုလိုပဲ။ တခြားဟာတော့ မသိ။ လူက ပေါ့ပါး သွက်လက် လာတာတော့ အမှန်ပဲဖြစ်၏။ ကားမောင်းလာရင်းက ဒီနေ့ လပြည့် လကွယ် ဖြစ်နေရင်တော့ ဒုက္ခပဲ ဟု တွေးပူလိုက်မိသေးသည်။ ပြီးမှ တစ်နေ့ကပဲ ရင်ရင်ငြိမ်း ဥပုသ်စောင့်ခဲ့သေးတာ သတိရသည်။ ဒီနေ့ ကင်းလွတ်ရက် ဖြစ်သောကြောင့် သူ ပျော်သွား၏။
အိမ်ရောက် လို့ တံခါးလာဖွင့်ပေးသော ရင်ရင်ငြိမ်းကို မြင်တော့ ကျေနပ်သွားရပြန်သည။် သပ်သပ်ရပ်ရပ် ၀တ်စား ထားသဖြင့် အတော်ကြည့်ကောင်းနေသည်။

“အမယ်… နင်က ဒီနေ့ ပိုတောင်လှနေပါလား”
ဟု ပြောပြီး ပါးကို ဆွဲလိမ်လိုက်မည်ပြုပြီးမှ ဧည့်ခန်းထဲက ဆက်တီခုံမှာထိုင်ပြီး သူတို့ကို လှမ်းကြည့်နေ သော အနှောင်း နှင့် ဒေစီပွင့်တို့ကို မြင်သောကြောင့် လက်ကိုပြန်ရုပ်လိုက်ရသည်။
ရင်ရင်ငြိမ်းက-
“ငါတို့ တရားပွဲသွားမလို့၊ ညဥ့်နက်ရင်လည်း စိတ်မပူနဲ့နော်၊ လမ်းထဲက လူတွေလည်းပါမှာ”
ပေါ်ဋ္ဌေး စိတ်ဓာတ်ကျသွားသည်။ သူတို့က ညဥ့်နက်မှပြန်လာကြမည်။ အနှောင်းနှင့် ဒေစီပွင့်တို့လည်း အိမ် မှာပဲ အိပ်ကြဖို့များသည်။ အိမ်ပြန်ရောက်လျှင် ရုပ်က ဘယ်လို၊ နာမ်က ဘာဖြစ်၊ စေတသိက်က ဘယ့်နှယ် ဆွေးနွေး ကြဦးမည်။ ပေါ်ဋ္ဌေးကတော့ အိပ်ရာထဲမှာ “ဘုန်းမောင် တစ်ယောက်တည်းရယ်”။

ကျွန်တော်ကကော ဘာများ တတ်နိုင်ပါဦးမည်နည်း။
ရဲမော် က သူ့အိမ်ကို သူငယ်ချင်းတွေဖိတ်ပြီး ကျွေးမွေးတတ်တာ၊ ကံညွန့်မောင်က ဆိုင်တစ်ဆိုင်ခေါ်ပြီး ပြုစု တတ်တာတွေ ကို ပေါ်ဋ္ဌေး အားကျသည်။ ထို့ကြောင့် တစ်ရက်တော့ သူငယ်ချင်းတွေကို အိမ်မှာဆုံဖို့ ချိန်း လိုက်သည်။ ၀ီစကီတစ်လုံးနှင့် ဘီယာဘူးတွေလည်း ၀ယ်ထားသည်။ အမြည်းကိစ္စကတော့ ရင်ရင်ငြိမ်းမှာ မြရီဝင်း လို အားကိုးရမည့်သူ မဟုတ်။ တော်ကြာ အရက်နဲ့မြည်းဖို့ ဆိုပြီး ကန်စွန်းရွက် ချဉ်ရည်တို့၊ ပဲကုလား ဟင်းတို့၊ ငါးနုသန်းအိုးကပ်ဆီပြန် တို့ ချက်ထားလျှင် အဟားခံရမည်။

ထို့ကြောင့် ဘဲကင်၊ အခေါက်ကင်၊ ၀က်နံရိုး၊ ငါးရှဉ့်ခြောက်စပ်တို့ကို ဆိုင်က ၀ယ်ထားသည်။ ရင်ရင်ငြိမ်းကို တော့ မှိုနှင့် ကန်စွန်းရွက်ကြော်ဖို့သာ တာဝန်ပေးထားလိုက်၏။
သူတို့ စားသောက်နေကြစဉ် ရင်ရင်ငြိမ်းက ငါးရံ့ခြောက်ဖုတ် ဆီဆမ်းလာပေးသည်။ တကယ်တော့ ငါးရံ့ ခြောက်ဖုတ် မှာ သိပ်တော့ မကောင်းလှ။ ပေါ်ဋ္ဌေး မနက်စာစားတုန်းက မြည်းကြည့်ခဲ့ပြီးပြီ။ နည်းနည်း မီးကျွမ်း သွားသောကြောင့် မာကြွတ်ကြွတ် ခါးသက်သက်ဖြစ်နေသည်။ နည်းနည်းလည်း ငန်သည်။ ထို့ကြောင့် ပေါ်ဋ္ဌေးက သတိမပေးဘဲ ထားခဲ့ခြင်းဖြစ်၏။

ကောင်းထွန်းကတော့-
“ဟာ… ငါက ဒီလို အမြည်းမျိုးမှ ကြိုက်တာ”
ဆိုပြီး ယူဝါးသည်။ ရင်ရင်ငြိမ်း စိတ်ချမ်းသာအောင်လို့လားတော့မသိ။ ကောင်းလိုက်တာ ကြွပ်ကြွပ်ရွရွလေး ဟု ပြောသေးသည်။ ကျန်တဲ့ကောင်တွေကတော့ တစ်ဖဲ့လောက် မြည်းကြည့်ပြီး ဆက်မတို့တော့။ ဘာပဲဖြစ် ဖြစ် အရက်နံ့ မခံနိုင်သော၊ အရက်သေစာ သောက်စားတာကို အားမပေးသော ရင်ရင်ငြိမ်းက ခုလို အရေး တယူ ရှိတာကိုပဲ ကျေးဇူးတင်ရမယ်ဟု ပေါ်ဋ္ဌေး တွေးနေတုန်း-
“အဲဒီ ဘီယာတွေက တစ်ဘူး ဘယ်လောက်ပေးရလဲ”
ဟု ရင်ရင်ငြိမ်းက မေးလိုက်သည်။ ကံညွန့်မောင်က ဖြေသည်။

“ရှစ်ရာလောက်တော့ ရှိမယ်”
“ဟယ်… နှမြောစရာကြီး”
“နင်ကလည်း…”
ပေါ်ဋ္ဌေးက လှမ်းဟန့်လိုက်သည်။ ရင်ရင်ငြိမ်းက ဆက်ပြောသည်။
“ငါ ဆိုလိုတာက ဒီလိုပါဟ၊ နင်တို့တွေသာ ဘီယာတစ်ဘူးစီလောက် လျှော့သောက်ရင် ငွေလေးထောင် လောက် ပိုထွက်လာမှာပဲ”
“ဘာဆိုင်လို့လဲ၊ လေးထောင်လောက်နဲ့”

“ဒီလို မပြောနဲ့လေ၊ ငါ တွက်ပြမယ်၊ တကယ်လို့ နင်တို့တစ်ယောက် နှစ်ဘူးစီလျှော့သောက်မယ်ဆိုရင် ငွေ ရှစ်ထောင်လောက် ထွက်လာမယ်၊ အဲဒီငွေကို ဘုန်းတော်ကြီး မူလတန်းကျောင်းကို သွားလှူလိုက်ရင် မိဘမဲ့ကလေးတွေကို သက်သတ်လွတ် သီးစုံဟင်းနဲ့ တစ်နပ်စာ ကျွေးလို့ရတယ်”
ပေါ်ဋ္ဌေးက ရင်ရင်ငြိမ်းကို အလိုမကျသလို လှမ်းကြည့်သည်။ ဒါမျိုး ၀ါသနာပါတတ်သော ရဲမော်က-
“ရင်ရင်ငြိမ်း ပြောတာလည်း ဟုတ်တုတ်တုတ်ပဲ။ ဘလက်လေဘယ်တစ်ပုလင်းဆိုရင် ကလေးတွေကို အသားဟင်းနဲ့တောင် ကျွေးလို့ရမယ်”

“ဟုတ်တယ်ကွာ၊ ပိုက်ဆံရှိတဲ့ လူတွေဟာ မဆိုင်တဲ့နေရာတွေမှာဆိုရင် နှမြောတွန့်တိုမှုမရှိဘဲ ပက်ခနဲ သုံး ဖြုန်းပစ်တတ်ကြတယ်၊ မရှိဆင်းရဲတဲ့ လူတွေကို နည်းနည်းပါးပါးခွဲဝေကျွေးဖို့ကျတော့ မေ့နေတတ်ကြတယ်”
ဟု အေဘီကျော်ကလည်း ၀င်ပြီးထောက်ခံသည်။ ထို့နောက် အလှူဒါနအကြောင်း၊ ကုသိုလ်ကောင်းမှု ကြောင့် ရရှိသော ပီတိနှင့် အကျိုးကျေးဇူးများအကြောင်းကို အရက်ခွက်တွေကိုင်ရင်း ဆွေးနွေးကြလေ သည်။ ပြီးတော့-

“ငါတို့ လစဉ် ပိုက်ဆံထည့်ပြီး ရန်ပုံငွေတစ်ခု လုပ်ရအောင်၊ တတ်နိုင်သလောက် ထည့်ကြပေါ့၊ ကံညွန့်မောင် မင်းက သူဋ္ဌေးသမက်ပဲ၊ များများထည့်ရမယ်၊ အဲဒီငွေတွေ ရင်ရင်ငြိမ်းကို အပ်ထားမယ်၊ ရင်ရင်ငြိမ်းကပဲ သင့် တော်သလို လှူဒါန်းပေးပေါ့”
ရဲမော်က အကြံပေးသည်။ အားလုံးက သဘောတူကြသည်။ ကံညွန့်မောင်ကဆို ငွေငါးထောင် ချက်ချင်း ထုတ်ပေးသည်။ ပေါ်ဋ္ဌေးမှာ ဟေးလားဝါးလား လုပ်ချင်၊ ပေါက်ကရတွေ ပြောချင်လို့ အရက်ဝိုင်းထောင်မိခါ မှ အလှူဒါနပြုကြသူငါနဲ့ လာတိုးနေလေသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, May 25, 2011

မင်းလူ ၏ ပြန်ခေါ်သက်သေ အပိုင်း (၁၇)

“ငါ အိမ်သာ သွားဦးမယ်”
ဟု ပြောပြီး ထွက်လာခဲ့သည်။ အိမ်သာထဲရောက်တော့ ဘေစင်ထဲ အန်ချပစ်လိုက်သည်။ စားထားသော အစားအစာ တွေ ထွက်ကျလာသည်။ ဈေးကြီးပေးရတဲ့ စားကောင်းသောက်ဖွယ်တွေ ဆိုတာလည်း နောက် ဆုံးတော့ ချဉ်စုတ်စုတ် အန်ဖတ်တွေ ဖြစ်သွားရတာပါပဲလားဟု တွေးဖြစ်အောင် တွေးလိုက်မိသေးသည်။

ရင်ထဲက နည်းနည်းပေါ့သွားသည်။ မျက်စိတွေကတော့ ဝေနေတုန်း။ မျက်နှာသစ်ချလိုက်မှ နည်းနည်း ကြည်လင် သွားသည်။ ရှေ့က မှန်ထဲမှာ သူ့ပုံရိပ်ကို မြင်သည်။ အတော်ကြည့်ရဆိုးတဲ့ကောင်ဟု ထင်သည်။

မှန်ရှေ့မှ ထွက်ခွာလာခဲ့ပြီးလျှင်တော့ မှန်ပေါ်မှာ ဘာပုံရိပ်မှ ထင်ကျန်ခဲ့မှာ မဟုတ်။
စားပွဲဆီ သို့ ပြန်လာပြီး ထိုင်သည်။
“ဘာဖြစ်လို့လဲကွ”
ဟု ကံညွန့်မောင်က မေးသည်။ ပေါ်ဋ္ဌေးက-
“ဘာမှ မဖြစ်ဘူး၊ ကောင်းသွားပါပြီ”
“မူးသွားတာလား ဟင်၊ သူများ နှိပ်ပေးမယ်လေ”

ရှာကီရာက ပေါ်ဋ္ဌေး၏ပခုံးပေါ် လက်နှစ်ဖက် တင်လိုက်သည်။ ပေါ်ဋ္ဌေးက သူ့လက်တွေကို အလန့်တကြား ဖယ်ပစ် လိုက်ပြီး ထရပ်သည်။ ၀ီစကီခွက်ကိုယူပြီး တစ်ရှိန်ထိုး မော့သောက်ချလိုက်သည်။
“ငါ ပြန်တော့မယ်”
“ဟာ… ဘယ်လိုဖြစ်”
ကံညွန့်မောင် အမေးကို မဖြေဘဲ-
“ငါ ပြန်တော့မယ်၊ မင်း နေခဲ့တော့”
ဟု ပြောပြီး ထွက်လာခဲ့သည်။
“ဟေ့ကောင်… ဟေ့ကောင်”

ကံညွန့်မောင်က လှမ်းခေါ်တာကို လှည့်မကြည့်တော့။ ရှာကီရာ၏ရယ်သံ ခပ်သဲ့သဲ့ ကြားရသည် ထင်၏။ မိုးသံ တွေ ဆူညံနေသဖြင့် သဲသဲကွဲကွဲတော့ မဟုတ်။
ကားပေါ်တက်ပြီး မောင်းထွက်လာခဲ့သည်။ မိုးက သဲသဲမဲမဲ ရွာနေသည်။ လေပါ ပါသဖြင့် ကားထဲကို မိုးစက် မိုးပေါက် တွေ ၀င်လာနေသည်။ သူ့ကားက ဂျစ်ကားဖြစ်ပြီး ဘေးကာတွေလည်းမပါသောကြောင့် လုံခြုံမှုမရှိ။ မကြာခင်မှာပင် ဘက်ဘက်ကိုယ်တစ်ခြမ်းလုံး စိုရွဲသွားသည်။ ချမ်းစိမ့်စိမ့် ဖြစ်လာ၏။ နည်းနည်းထပ်တင် လိုက်ရင် ကောင်းမည်ဟု တွေးမိသည်။

ရှေ့နားမှာ စားသောက်ဆိုင်တစ်ဆိုင်ကို မြင်သည်။ ဖြတ်ကျော်ခဲ့ပြီးမှ ကားကိုရပ်၊ နောက်ပြန်ဆုတ်သည်။ ကားပေါ်က ဆင်းပြီး ဆိုင်ထဲကို ၀င်လာခဲ့သည်။ ဆိုင်ထဲမှာ လူရှင်းနေသည်။ စားပွဲတစ်လုံးမှာ ပျင်းပျင်းရိရိ ထိုင်နေသော စားပွဲထိုးကလေး ထရပ်ပြီး-
“ဘာသုံးဆောင်မလဲ ဆရာ”
ဟု မေးသည်။ သူက လက်ကာပြပြီး ကောင်တာဆီ တန်းသွားသည်။ တင်ထားသော အရက်ပုလင်းတွေကို ကြည့်လိုက်သည်။
“ဂျင်နှစ်ပက် ပေးပါ” ကောင်တာမှ လူက-
“သံပရာသီး ထည့်ဦးမလား”
“မထည့်နဲ့၊ ရေခဲတစ်တုံးပဲ ထည့်ပေး”

ကောင်တာမှ လူက ဖန်ခွက်ထဲကို ဂျင်နှစ်ပက်ထည့်သည်။ လူပါးနေလို့လား မသိ။ ပက်ခွက်လျှံအောင် ပိုပို သာသာလေး ထည့်ပေးသည်။ ရေခဲ ခပ်လတ်လတ် တစ်တုံး ထည့်သည်။ ပေါ်ဋ္ဌေးက ဖန်ခွကို လှုပ်ပြီး တစ် ငုံ ငုံလိုက်သည်။ လည်ချောင်းထဲမှာ ပူခနဲ ဆင်းသွားသည်။ ဖန်ခွက်ကို နည်းနည်းထပ်လှုပ်ပြီးနောက် တစ်ခါ တည်း မော့ချလိုက်သည်။ ငွေရှင်းပြီး ပြန်ထွက်ခဲ့သည်။ ရင်ထဲမှာ နွေးသွားပြီ။
မိုးအေးအေး၊ ရင်နွေးနွေးနဲ့ ကားမောင်းလို့ အတော်ကောင်းသည်။

လမ်းကလည်း ရှင်းသည်။ ခါတိုင်း မောင်းနေကျထက် အရှိန်ပိုမြှင့်ပြီး မောင်းမိ၏။ ဂျင်အရက် ဆိုတာ လေတိုင်လေ၊ ပိုမူးလေပဲဟု ကြားဖူးသည်။ သူက လေပိုရအောင် အစွန်းဘက်ကို ရွှေ့ထိုင်ပြီး ခေါင်း ကိုတောင် တစ်ချက် တစ်ချက် အပြင်ထုတ်လိုက် သေးသည်။ မိုးစက်မိုးပေါက်တွေက မျက်နှာကို လာမှန်သည်။ လေက ဆံပင်ကြားထဲ တိုးဝင်သည်။ နည်း နည်း အူမြူးချင်သလိုလိုတောင် ဖြစ်လာ၏။ ဒါဟာ ဂျင်အရက် ရဲ့တန်ခိုးသတ္တိပဲ။

သူက ကားဘရိတ်ကို ဆောင့်နင်းလိုက်သည်။ သူ့ကိုယ်သူတောင် အံ့သြနေသည်။ စောစောက ဘယ်လိုများ မောင်းခဲ့သလဲ။ သူက ကားကို မောင်းခဲ့ခြင်း မဟုတ်ဘဲ ကားက သူ့လမ်းသူ သိပြီး အလိုအလျောက်များ ဦး ဆောင် ခေါ်လာခဲ့သလား မသိ။ သူ သတိဝင်လာသောအချိန်တွင် ကားက အိမ်ရှေ့မှာ တိခနဲ ရပ်ပြီးနေပြီ။
ကားပေါ် က ဆင်းပြီး အိမ်တံခါးဝမှာ ရပ်သည်။ လူခေါ်ခေါင်းလောင်းခလုတ်ကို နှိပ်သည်။ အမှန်အားဖြင့် တစ်ကြိမ် နှစ်ကြိမ်လောက်နှိပ်ပြီး တံခါးလာအဖွင့်ကို စောင့်ရမည်ဖြစ်၏။ ခုတော့ ခလုတ်ကို တစ်ကြိမ်ပြီး တစ်ကြိမ် ဆက်တိုက် နှိပ်နေမိ၏။

ခဏကြာတော့ ကန့်လန့်ဖြုတ်သံ ကြားရသည်။ တံခါးရွကို အထဲက ဖွင့်မပေးခင် အရင်ဦးအောင် တွန်းဝင် သွားသည်။ တံခါးဝမှာ ၀ိုင်းစိန် ရပ်နေသည်။ မဟုတ်သေးပါဘူး။ ၀ိုင်းစိန်က ဒီလောက် အသက်မကြီးသေးပါ ဘူး။ မျက်မှောင်ကုတ်ပြီး ပုံရိပ်ပြတ်သားအောင် ကြည့်လိုက်တော့မှ ရင်ရင်ငြိမ်း ဖြစ်နေကြောင်း တွေ့ရ၏။

သို့ရာတွင် သူ့စိတ်ထဲမှာ မရှင်းလင်းဘဲဖြစ်နေသည်။ ရင်ရင်ငြိမ်းက ဆံပင်တွေဖြတ်ထားသည်။ ပခုံးပေါ် ၀ဲကျရုံလောက်အထိပဲ ရှိတော့သည်။ သူက ဘာကြောင့် ဆံပင်တိုသွားရတာလဲ။ ဒီအရွယ်ရောက်မှ ပြန်ပြီး ငယ်ချင် နုချင်နေလို့လား။ ဘာဖြစ်လို့ ငယ်ချင်ရတာလဲ။ ရုပ်ရှင်တွေထဲကလို စိမ်းစိမ်းကားကားဖြစ်နေသော ယောက်ျား ကို ကိုယ့်ဆီ စိတ်ပြန်လည်လာအောင် ကြိုးစားတာလား။ ရင်ရင်ငြိမ်းက ငါ့ကို ပြန်ချဉ်းကပ်ချင်လို့ လား။ ငါ့ကို မြှူဆွယ်နေတာလား။ ၀မ်းနည်း ပါတယ် ရင်ငြိမ်း။ ငါ နင့်အပေါ်မှာ စိတ်ကုန်သွားပြီ။ ငါ့နှလုံးသွေး တွေ အေးခဲနေပြီ။

ပေါ်ဋ္ဌေး၏စိတ်ထဲမှာ ရှုပ်ထွေးနောက်ကျိနေ၏။ သူ ရင်ရင်ငြိမ်းကို စိုက်ကြည့်နေတာ အတော်အတန် ကြာ သွား ဟန်တူသည်။ ရင်ရင်ငြိမ်းက သူ့ကို ဖျတ်ခနဲ တစ်ချက် မော့ကြည့်ပြီး ခေါင်းပြန်ငုံ့သွားသည်။
ပေါ်ဋ္ဌေးက “ဟက်ခနဲ”တစ်ချက် ရယ်သံပြုလိုက်ပြီး ထွက်လာခဲ့သည်။ အပေါ်ထပ်ကို တက်သည်။ အိပ်ခန်း ထဲသို့ ၀င်မည်ပြုပြီးမှ စိတ်ကူးပြောင်းသွားပြီး စာကြည့်ခန်းထဲ ၀င်ခဲ့သည်။ ထိုအခန်းထဲမှာ သူ လူပျိုဘ၀က အိပ်ခဲ့သော သံခေါက်ခုတင်လေးရှိသည်။ ရေမြှုပ်မွေ့ရာပါးလေး ခင်းထားပြီး ခေါင်းအုံးတစ်လုံးရှိသည်။ နေ့လယ် စာဖတ်ရင်း တစ်မှေး မှေးလို့ရအောင် ထားခြင်းဖြစ်၏။ ဒီနေ့ညကစပြီး ဒီခုတင်မှာပဲ အိပ်တော့မည် ဟု ဆုံးဖြတ် လိုက်သည်။

ထိုညက သူ အိပ်မက်မက်သည်။ အိပ်မက်ထဲမှာ ရင်ရင်ငြိမ်းက ရှာကီရာ ယောင်ဆောင်ပြီး သူ့ဆီရောက်လာ သည်။ အိပ်ရာကနိုးတော့ ပေါ်ဋ္ဌေး စိတ်ထဲမှာ တစ်မျိုးကြီး ဖြစ်နေ၏။ နောက်တော့ ဟက်ဟက်ပက်ပက် ရယ်လိုက်မိသည်။ အိပ်မက်ထဲမှာတုန်း ကတော့ သူ မဟုတ်တဲ့အတိုင်းပဲ။

ကုမ္ပဏီ အစုရှယ်ယာရှင်များ နှစ်ပတ်လည် အစည်းအဝေးသို့ သွားတက်ရသည်။ အတွင်းရေးမှူးက အစီရင် ခံစာကို ဖတ်ကြားတင်သွင်းသည်။ ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ယခုနှစ်အတွက် အစုပေါ် အ မြတ်ငွေ ရာခိုင်နှုန်းမှာ ယခင်နှစ်ကထက် နည်းပါးသွားကြောင်း၊ လုပ်ငန်း တိုးတက်မှုမရှိသောကြောင့် မဟုတ်ဘဲ လုပ်ငန်းသစ်များ တိုးချဲ့ရာတွင် ပြန်လည်ရင်းနှီးမြှပ်နှံရသောကြောင့်ဖြစ်ကြောင်း၊ ထို့ကြောင့် လာ မည့်နှစ်တွင် အမြတ်ငွေ ပိုမိုရရှိမည်ဖြစ်ကြောင်း၊ အစုရှယ်ယာ တန်ဖိုးလည်းတက်လာမည်ဖြစ်ကြောင်း အသိ ပေးသည်။

ပေါ်ဋ္ဌေးသည် စီးပွားရေးလုပ်ငန်းအကြောင်း သိပ်ပြီးနားမလည်။ စိတ်လည်း မ၀င်စားလှ။ ဒါကို သိလို့ သူ့ ဖေဖေက ခုလို စီစဉ်ခဲ့ခြင်းဖြစ်၏။ အဖေ့မိတ်ဆွေများ၏ကုမ္ပဏီမှာ အစုရှယ်ယာဝင်ပြီး ရင်းနှီးမြှုပ်နှံပေးထားခဲ့ သည်။ နှစ်ကုန်လျှင် အမြတ်ငွေ ထုတ်ယူရုံပဲ။ ပေါ်ဋ္ဌေးက လောဘကြီးသူလည်းမဟုတ်။ အသုံးအစွဲကြမ်းသူ လည်း မဟုတ်သဖြင့် ထိုငွေက သုံးလောက်စွဲလောကတာထက်တောင် ပိုနေသေးသည်။

အစည်းအဝေးပွဲပြီးတော့ ထမင်းစားပွဲနှင့် ဧည့်ခံသည်။ စားရင်းသောက်ရင်း သာရေး နာရေးထွေရာလေးပါး ပြောကြသည်။ ထို့နောက် ဥက္ကဋ္ဌက ပေါ်ဋ္ဌေးကို သူ့ရုံးခန်းထဲခေါ်သွားသည်။
“မောင်ပေါ်ဋ္ဌေးအနေနဲ့ ဒီနှစ်ရမယ့် အမြတ်ငွေတွေကို မထုတ်ဘဲထားလို့ရမလား၊ တခြားသုံးစရာ စွဲစရာများ ရှိနေလား”ဟု မေးသည်။
“မရှိပါဘူး အန်ကယ်၊ ဒီငွေက ဘဏ်ထဲ သွင်းလိုက်မှာပါ”
“ဒါဆို အန်ကယ် အကြံတစ်ခု ပေးချင်တယ်”

“ပြောပါ ခင်ဗျာ”
“ရှေ့နှစ်ဆိုရင် လုပ်ငန်းက ပိုကောင်းလာနိုင်တယ်၊ ဒါကြောင့် ဒီနှစ် မောင်ပေါ်ဋ္ဌေး ရမယ့် အမြတ်ငွေတွေကို အစုရှယ်ယာတွေ ထပ်ဝယ်ပြီး ရင်းနှီးမြှုပ်နှံထားရင် အကျိုးရှိနိုင်တယ်”
“ဟုတ်ကဲ့၊ အန်ကယ် ကောင်းသလို ကြည့်စီစဉ်ပေးပါ၊ အဖေ မရှိတော့တဲ့နောက်ပိုင်း အန်ကယ်တို့ပဲ ကျွန်တော့်ကို စောင့်ရှောက်ခဲ့ကြတာပဲ၊ ဒါကြောင့်လည်း ကျွန်တော် ဒီအခြေအနေလေးထိ ဖြစ်လာခဲ့တာ မဟုတ်လား”

“ကောင်းပြီ၊ အန်ကယ် စီစဉ်ထားလိုက်မယ်၊ လကုန်ရင် ရှယ်ယာလက်မှတ်တွေ လာထုတ်လိုက်ပေါ့၊ စာချုပ် စာတမ်းကိစ္စလည်း ရုံးအုပ်ကြီးက ကြည့်လုပ်ပေးလိမ့်မယ်၊ ဟုတ်လား”
“ဟုတ်ကဲ့၊ ကျေးဇူးပါပဲ ခင်ဗျ”

ရုံးချုပ်က ထွက်လာတော့ နေ့လယ် တစ်နာရီခွဲပြီးနေပြီ။ အိမ်ကိုလည်း မပြန်ချင်သေး။ ခုချိန်မှာတော့ အိမ်ဆို သည်မှာ သူ့အတွက် ပြန်ရသောအရာ မဟုတ်။ သွားရသော နေရာဌာနသာဖြစ်နေ၏။ အိမ်ရောက်လို့လည်း ဘာမှမထူး။ ဟိုအရင်က အိမ်ပြန်ရောက်လျှင် သွက်လက်ပျော်ရွှင်သွားတတ်သည်။ ခုကျတော့ အိမ်ထဲ ၀င် လိုက်တာနဲ့ လေးလံထိုင်းမှိုင်းသွားရ၏။ ဒီရက်တွေအတွင်းမှာ ရင်ရင်ငြိမ်းကလည်း ပိုပြီးရှောင်ကွင်းလာ သည်။ သူ့ကိုယ်ပိုင် သီးသန့်လိုဖြစ်နေသော ဘုရားခန်းထဲမှာပဲ နေတာများသည်။ ဖြတ်သွားဖြတ်လာ ဆုံမိ လျှင်လည်း ၀ိညာဉ်နှစ်ခု တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် မမြင်ရသလို ပုံစံမျိုးဖြင့် ရှိနေကြသည်။

ပေါ်ဋ္ဌေးကလည်း အိမ်မှာ မနေတာများသည်။ တစ်နေကုန်နီးပါး အပြင်ထွက်နေသည်။ သူငယ်ချင်းတွေဆီ သွားချင်သွား၊ လက်ဖက်ရည်ဆိုင် ထိုင်ချင် ထိုင်။ ပန်းခြံထဲက ခုံတန်းလျားမှာ သွားငေးချင်း ငေးနေတတ် သည်။ ဒီနေ့လည်း အိမ်ကို ညနေစောင်းမှ ပြန်မည် စိတ်ကူးသည်။ ဟိုကောင်တွေနဲ့ တွေ့လို့ ဆိုင်ထိုင်ဖြစ် လျှင်လည်း ညဉ့်နက်ချင် နက်ပါစေတော့။

အောင်ချို့တို့ရုံးကိုသွားလျှင် ကောင်းမလား။ ဒီကောင့်ရုံးကိုသွားရတာ သိပ်သဘောမတွေ့ချင်။ ဘယ်ဌာန သွားမှာလဲ။ ဘယ်သူနဲ့ တွေ့မှာလဲ။ ဘယ်လေက်ကြာမှာလဲ။ မှတ်ပုံတင်ပါသလား၊ မပါရင် ကားလိုင်စင် ထား ခဲ့။ သိပ်အပေါက် အစပ်များသည်။ ဒီကောင် အိမ်ပေါ် ပြန်တက်ခွင့်ရဖို့ စီစီ့ကို စည်းရုံးနေတာ အခက်အခဲ လေးတွေ ရှိနေသေးကြောင်း ညကျမှ ဖုန်းဆက်ပြောတော့မည်။

ကံညွန့်မောင်တို့ သစ်ဆိုင်ကိုသွားရင် ကောင်းမယ်ဟု တွေးမိပြန်သည်။ ရှိ၊ မရှိ သေချာအောင် သူ့လက်ကိုင် ဖုန်းဆီ လမ်းဘေး ပီစီအိုဖုန်းမှ ဆက်ကြည့်သည်။ တစ်ခါမှ မမြင်ဖူးသော်လည်း အလွန်ရင်းနှီးနေသော ကြား နေကျ မိန်းကလေး၏အသံကို ကြားရသည်။ လူကြီးမင်း ခေါ်ဆိုသော ဖုန်းမှာ စက်ပိတ်ထားပါသဖြင့်…။ ဆိုင် ဖုန်းကို ဆက်ကြည့်တော့ သူ့မိန်းမ နယ်လီ ဖုန်းလာကိုင်သည်။
“ကံညွန့်မောင် ရှိလား”
“သစ်ကုန်သည်တွေနဲ့ ချိန်းထားလို့ အင်းတကော်ဘက် သွားပါတယ်”
ဟုတ်ချင်မှ ဟုတ်မည်။ အကြောင်းပြပြီး လစ်ထွက်သွားတာလည်း ဖြစ်နိုင်သည်။ ဒီကောင်က သိပ်ယုံရတာ မဟုတ်။

ရဲမော်ဆီ သွားတာပဲကောင်းပါတယ်ဟု တွေးနေတုန်း တစ်ခုသွားသတိရသည်။ ဟိုးအရင် ရင်ရင်ငြိမ်းနှင့် လက်ထပ်စာချုပ် ချုပ်စဉ်က လက်နှိပ်စက်ရိုက်တဲ့လူက ရှည်ပြီး သက်သေလက်မှတ်ဝင်ထိုးသွားခဲ့သည်။ ခု တစ်ခါ ကွာရှင်းစာချုပ်ပေါ်မှာ လူစုံအောင်ဆိုလျှင် ထိုသူကိုလည်း သက်သေလက်မှတ်ပြန်ထိုးခိုင်းမှဖြစ်မည်။ လမ်းကြုံတုန်း ဒီလူ့ကို သွားရှာရမည်။

ခုနောက်ပိုင်း ရန်ကုန်မြို့လယ်မှာ အပြောင်းအလဲတွေ များသည်။ အဆောက်အအုံဟောင်းတွေကို ဖြိုချပြီး တိုက်သစ်တွေ ဆောက်နေသဖြင့် မရောက်ဖြစ်တာ ကြာလျှင် မျက်စိလည်ချင်သည။ ခုလည်း ဟိုတုန်းက လက်နှိပ်စက်ရိုက်သူတွေ စုထိုင်ကြသော ဂိုဒေါင်ဟောင်းလို အဆောက်အအုံကြီးကို ရုတ်တရက် ရှာမတွေ့။ နောက်မှ ထိုနေရာကို ဖြိုချပြီး သွပ်ပြားတွေ ကာထားတာ မြင်ရသည်။
ဒီလို အခါမျိုးတွင် တွေ့ရတတ်တဲ့ “ဘယ်ဆိုင် ဘယ်နေရာသို့ ပြောင်းရွှေ့ဖွင့်လှစ်ထားပါသည်”ဆိုသော ဆိုင်းဘုတ်ငယ်များ ရှိမလား ရှာကြည့်သေးသည။ မတွေ့ရ။ အနီးအနားက လမ်းဘေးဆိုင်လေးတစ်ဆိုင်ကို မေးကြည့်သည်။ လက်နှိပ်စက်သမားတွေ ဆိုသော စကားလုံးကို သိပ်နာလည်ပုံတောင် မရ။ ဟုတ်သားပဲ။ ခုဟာက လက်နှိပ်စက်ခေတ်မှ မဟုတ်တော့ဘဲ။ ကွန်ပျူတာ စာစီစာရိုက်ခေတ် ဖြစ်နေပြီ။ ဒါဆို ဟိုလူ ရှိ တောင် ရှိပါဦးတော့မလား။

ဓားလွယ်ခုတ်မှာ ရှိသော လက်ဖက်ရည်ဆိုင်ကို သတိပြုမိ၏။ ဟိုတုန်းက ဒီဆိုင်မှာ သောက်ခဲ့ဖူးသည်။ ထို့ ကြောင့် ဆိုင်ထဲ ၀င်ထိုင်ပြီး လက်ဖက်ရည်တစ်ခွ၈က် မှာသည်။ ဆိုင်ရှင်က အသက်ခပ်ကြီးကြီး။ အရင်ဆိုင် ရှင်ပဲ ဖြစ်ဖို့များသည်။ ထို့ကြောင့်-
“ဟိုထဲက လက်နှိပ်စက်သမားတွေ ဘယ်ကို ပြောင်းသွားတာလဲ။ သိလား”ဟု မေးကြည့်သည်။

“ဘယ်ရှိတော့မလဲ၊ ကွန်ပျူတာခေတ်တောင် ရောက်နေမင့်ဟာ၊ တကွဲတပြားစီ ဖြစ်ကုန်ပြီပေါ့၊ တချို့လည်း ကွန်ပျူတာ စာစီစာရိုက် သင်ပြီး ပြောင်းကိုင်ကြတာပေါ့”
ပေါ်ဋ္ဌေးသည် လက်ထပ်စာချုပ်မှာ လက်မှတ်ဝင်ထိုးသွားသော ဟိုလူ့နာမည်ကို ပြန်စဉ်းစားသည်။ အိမ်က စာချုပ်ထဲမှာတော့ ရှိမည်။ တိတိကျကျ မမှတ်မိ။

“ဟိုလေ… နည်းနည်းတော့ ကြာပါပြီ၊ လက်နှိပ်စက်ရိုက်တဲ့ အဲ… ကိုအောင်ထွန်းမြင့်လား… ကိုထွန်းမြင့် အောင်လား မသိဘူး။ သိလား”
ဆိုင်ရှင်က ခဏစဉ်းစားပြီး-
“သြော်… နှာခေါင်းကြီးကို ပြောတာလား”
“ဗျာ…”
“နှာတံ အရမ်းပေါ်လို့ နောက်ပြောင်ပြီး ခေါ်ကြတာ”
ပေါ်ဋ္ဌေး သူ့ရုပ်ကို ခပ်ရေးရေး မြင်ယောင်လာသည်။

“ဟုတ်တယ်၊ ဟုတ်တယ်”
“သူက ပြောင်းသွားတာ ကြာပြီဗျ”
“ဘယ်ကို ပြောင်းသွားတာလဲ”
“သူမြို့မှာပဲ ပြန်လုပ်စားတော့မယ်လို့ ပြောတာပဲ၊ ဟိုမှာက လက်နှိပ်စက်တွေ သုံးနေကြသေးတာကိုး”
“ဘယ်မြို့လဲ သိလား”
“ဒါတော့ မသိဘူး၊ ပြောတော့ ပြောတယ်၊ မမှတ်မိတော့ဘူး”
လမ်းစပြတ်သွားပြီ ဖြစ်၏။

“ဘာကိစ္စရှိလို့လဲဗျ” ဟု ဆိုင်ရှင်က မေးသည်။
“သက်သေလက်မှတ် ထိုးစရာလေး ရှိလို့ပါ”
“သက်သေလက်မှတ်ထိုးတာများဗျာ၊ ဘယ်သူထိုးထိုး ရပါတယ်၊ ကျွန်တော်တောင် ထိုးပေးလို့ရသေးတယ်”
ဒီဆိုင်ရှင်ကလည်း သက်သေလက်မှတ်ထိုးပေး၊ လိုအပ်ရင် အာမခံလိုက်ပေးတဲ့ အလုပ်ကိုလည်း ပူးတွဲလုပ် နေတဲ့ လူပါလား။ ပေါ်ဋ္ဌေး ခေါင်းယမ်းလိုက်ပြီးမှ တစ်စုံတစ်ရာကို သတိရသွား၏။ သက်သေလက်မှတ်ဆို တာ ဘယ်သူထိုးထိုးရတယ် ဆိုတော့…

နှာခေါင်းကြီး ဆိုတဲ့လူက သူ့မြို့ကို ပြန်သွားပြီ။ ပေါ်ဋ္ဌေးအနေနဲ့ ရှာလို့မတွေ့နိုင်တော့သလို ရင်ရင်ငြိမ်း လည်း တွေ့မှာမဟုတ်တော့။ ရင်ရင်ငြိမ်းကလည်း လိုက်ရှာနေမှာမဟုတ်။ လက်ထပ်စာချုပ်ထဲက လက်မှတ် ပုံစံအတိုင်း တူနိုင်သမျှ တူအောင် တုပြီး ကွာရှင်းစာချုပ်ပေါ်မှာ ကိုယ့်ယာကိုယ် ထိုးလိုက်ရုံပဲ။ ရင်ရင်ငြိမ်းက လည်း စေ့စေ့စပ်စပ် စစ်ဆေးနေမှာမဟုတ်။ လက်မှတ်ပါရဂူလည်း မဟုတ်။
ဒါတွင်မကသေး။ ဦးပဉ္စင်းအေဘီကျော်ကလည်း ရန်ကုန်တက်လာဖို့ အခွင့်အလမ်း အလွန်နည်းသည်။ ဒီ တော့ သူ့လက်မှတ်ကိုပါ အတုထိုးလို့ရသည်။ ကြည့်စမ်း…။ ငါ တော်တော် အလောတကြီးနိုင်တဲ့ ကောင်ပါ လား။ စောစောတုန်းက ဒါကို ဘာဖြစ်လို့ မတွေးမိရတာလဲ။

ပေါ်ဋ္ဌေး စိတ်လက် ပေါ့ပါးသွား၏။ ခုဆိုရင် ကံညွန့်မောင်၊ ကောင်းထွန်း၊ အေဘီကျော်၊ ထွန်းမြင့်အောင် ခေါ် နှာခေါင်းကြီး လက်မှတ်လေးခုတောင် ရပြီ။ သူ့အကြံအစည် အောင်မြင်ဖို့ တဖြည်းဖြည်း ပိုနီးစပ်လာပြီ။ အောင်ချို အိမ်ပေါ် ပြန်တက်ခွင့်ရဖို့ ကိစ္စ ဖိဖိစီးစီး ကြိုးစားပေးရမည်။ ဒါဆို နောက်ထပ်၊ သက်သေတစ် ယောက် ရမည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, May 24, 2011

မင်းလူ ၏ ပြန်ခေါ်သက်သေ အပိုင်း (၁၆)

 “ဟိုတစ်ခါကတည်း ငါ မှတ်သွားပါပြီကွ”
“အေး… အဲဒီလိုမှပေါ့” ကံညွန့်မောင်က ရယ်လိုက်ပြီး-
“ငါ မှတ်တယ်ဆိုတာက ဟိုတစ်ခါလို မဖြစ်အောင် သတိထားပြီး ရှောင်တာကို ပြောတာ၊ ဆိုင်တစ်ဆိုင် တည်းမှာ စွဲစွဲမြဲမြဲ မထိုင်တော့ဘူး၊ မကြာခဏ ဆိုင်ပြောင်းတယ်၊ အဲ… ဒီနေ့ မင်းကို ခေါ်သွားမယ့်ဆိုင်က တော့ ခြွင်းချက်ပေါ့”

“ဘာ… ငါ့ကို ခေါ်သွားမယ့်ဆိုင်”
“အေး… ဟုတ်တယ်၊ မင်းဆီက ချေးခဲ့တဲ့ ငွေအတွက် အတိုးပေးတဲ့သဘောနဲ့ ဒီနေ့ မင်းကို ငါ ပြုစုမယ်၊ ပြစ ရာလည်း ရှိတယ်”
ပေါ်ဋ္ဌေးသည် ကံညွန့်မောင် ထိုင်လေ့ရှိတဲ့ ဆိုင်မျိုးကို သိပ်သဘောမကျလှ။ ဆူညံလွန်းသည်။ စကား တောင် အေးအေးဆေးဆေး ပြောလို့မရ။ ကောင်မလေးတွေက သီချင်းတွေ ဆိုကြ၊ ကကြ။ ပုရိသ ဆိုတဲ့ လူတွေက ပန်းကုံးတွေ စွပ်ကြ၊ လက်ခုပ်တွေ တီးကြ၊ ကီးမကိုက်တဲ့ သံကြောင်ကြီးတွေနဲ့ သီချင်းလိုက်ဆို ကြ၊ အပန်းမပြေတဲ့အပြင် မျက်စိတောင် နောက်သေးသည်ဟု ထင်ခဲ့သည်။

ဒီနေ့တော့ အိမ်မှာ နေရတာ ပျင်းခြောက်ခြောက်ကြီး ဖြစ်နေသည်။ တစ်ယောက်တည်း အထီးကျန် နေနေရတာလိုလည်း ငြီးငွေ့နေ သည်။ ထို့ကြောင့် ကံညွန့်မောင်နှင့် လိုက်သွားဖို့ ဆုံးဖြတ်လိုက်သည်။
အပြန်ကျလျှင် အိမ်ကို တစ်ကွေ့တစ်ပတ်ကြီး ပြန်ပို့ပေးရမှာစိုးသဖြင့် ကံညွန့်မောင်၏ကားနှင့် မလိုက်ဘဲ သူ့ ကားကိုပါ ယူလာခဲ့သည်။

“မင်း ဘီယာ သောက်မှာလား”
“မင်းကော…”
“မိုးအေးတယ်ကွ၊ ၀ီစကီပဲ သောက်မယ်”
“ကောင်းသားပဲ”
ကံညွန့်မောင်က ၀ီစကီတစ်လုံး မှာလိုက်သည်။
“နှစ်ယောက် တစ်လုံးဆိုတော့ မများဘူးလားကွ၊ ငါက သိပ်သောက်နိုင်တာ မဟုတ်ဘူး၊ ဘာလဲ… မင်း လစ်မစ်တွေ တက်နေပြီလား”

“မတက်ပါဘူးကွာ၊ သိပ်မူးအောင် သောက်ရင် ဘယ်အလုပ်ဖြစ်တော့မလဲ ဟဲ ဟဲ… စိတ်မပူပါနဲ့ကွာ၊ မကုန် ရင်လည်း ဆိုင်မှာ ပြန်အပ်ထားခဲ့လို့ ရပါတယ်၊ နောက်တစ်ခေါက်ကျတော့ ဆက်သောက်မှာပေါ့”
ဒီဆိုင်မှာ သူ တော်တော်ပိုင်ပုံရသည်။ စားပွဲထိုးလေးတွေကလည်း သူ့ကို အတော်အရေးပေးသည်။ ယနေ့ ညအတွက် ရနိုင်သော အထူးအစားအသောက်များကိုလည်း ပြောပြ အကြံပေးသည်။
ကံညွန့်မောင်က ကြိုတင် မှာကြားထားပုံရသည်။ သူတို့အတွက် စီစဉ်ပေးထားသော စားပွဲကလည်း အထူး ရှယ်ပင်ဖြစ်လိမ့်မည်။ စတိတ်ခုံနှင့်အနီးဆုံး ညာဘက်ထောင့်မှာဖြစ်သည်။ စားသောက်ခန်းမ တည်နေပုံအရ ထိုနေရာတွင် ထောင့်ချိုးဖြစ်နေသောကြောင့် တခြားဝိုင်းတွေကနေ လှမ်းမမြင်ရ။ သီးသန့်အခန်းကလေး တစ်ခန်းလိုဖြစ်နေ၏။ စတိတ်ခုံပေါ်ကိုတော့ ကောင်းကောင်း မြင်နေရသည်။

ဆိုင်မှာ အပြင်မှာကြည့်လျှင် ဂိုဒေါင်ဟောင်းကြီးတစ်လုံးနှင့် တူသည်။ ဆိုင်းဘုတ်ကလည်း ခပ်သေးသေး ခပ်နုပ်နုပ်ပဲ။ အတွင်းမှာကျတော့ အတော်သားသားနားနား ပြင်ဆင်ထားသည်။ အခင်းအကျင်းကလည်း သန့်ရှင်း သပ်ရပ်သည်။ အစားအသောက်တွေကလည်း ကောင်းသည်။ စားပွဲထိုးကောင်လေးတွေ အကြံပေး ချက်အရ မှာယူခဲ့သော ကင်းပုစွန်ကင်သုပ်ကလည်း အတော်စားလို့ကောင်းသည်။

စင်မြင့်ပေါ်မှာတော့ မိန်းကလေးတွေက တစ်ယောက်ချင်း တစ်လှည့်၊ အုပ်စုလိုက် တစ်လှည့် သီဆိုကခုန် ဖျော်ဖြေနေကြသည်။ ရက်ပ်ဆန်ဆန်အကများကို ပေါ်ဋ္ဌေး စိတ်မ၀င်စားလှ။ စင်မြင့်နှင့်နီးသော စားပွဲမှာ ထိုင်နေခြင်းဖြစ်သောကြောင့် ကောင်းကောင်းမြင်သာသည်။ သူတို့မှာ ရုပ်မြင်သံကြားထဲ၌ တစ်ခါတစ်ရံ မြင် တွေ့ရတတ်သော တာဝန်အရ သီဆိုကခုန်နေသူများလို မျက်နှာသေကလေးတွေနှင့် ဖြစ်သည်ဟု ထင်ရ သည်။

ပုံမှန်အားဖြင့်ဆိုလျှင် ပေါ်ဋ္ဌေးသည် သိပ်သောက်လေ့ရှိသူ မဟုတ်။ သုံးပက်လောက်ဆိုလျှင် မှန်နေပြီ။ ဒီနေ့ တော့ မိုးကလည်း အေးအေး၊ စိတ်ကလည်း ထွေထွေနဲ့မို့ ကံညွန့်မောင် ငှဲ့ပေးသမျှ မငြင်းဘဲ သောက်နေမိ ၏။ သောက်လို့လည်း ကောင်းသည်။ မှန်တဲ့အဆင့်ကနေ မူးတဲ့အဆင့်ကိုတောင် ကူးစပြုပြီ။

“အခု ဆက်လက်ပြီး အထူးဖျော်ဖြေမယ့်သူကတော့ လူကြီးမင်းများ အထူးမျှော်လင့်နေကြတဲ့ ရှာကီရာပဲ ဖြစ်ပါတယ်”
ကြေညာသံ ပေါ်လာပြီးနောက် လက်ခုပ်သံတွေ ဆူညံသွားသည်။ ကံညွန့်မောက်ကလည်း လက်ခုပ်တီး သည်။ ပေါ်ဋ္ဌေးကတော့ ထူးခြားဟန်မပြ။

စင်ပေါ်က မီးတွေ မှောင်သွားသည်။ တစ်စုံတစ်ယောက် စင်ပေါ်တက်လာပုံကို သူတို့နေရာမှ ခပ်ရေးရေးမြင် ရသည်။ စပေါ့လိုက်တစ်ခု ပွင့်သွားသည်။ စင်ပေါ်မှာ မိန်းကလေးတစ်ယောက် ခါးတစ်ဖက်ထောက်ပြီး ခပ်နွဲ့ နွဲ့ရပ်နေသည်။ ဆေးဆိုးထားသော ဆံပင်ပုံစံ၊ အ၀တ်အစားက အစ ၂၀၁၀ ကမ္ဘာ့ဖလား ဘောလုံးပွဲ အဖွင့် သီချင်း အဆိုတော် ရှာကီရာ နှင့် တူတောင် ဆင်ယင်ထားသည်။ ရုပ်ကလည်း ခပ်ဆင်ဆင်။ အဝေးကကြည့် လျှင် တကယ့်ရှာကီယာအစစ်လား ထင်လောက်သည်။

သူက အနည်းငယ် ဦးညွတ်လိုက်ပြီး-
“အခု သမီး သီဆိုဖျော်ဖြေမယ့် သီချင်းကတော့…”
သူ့စကား မဆုံးခင်မှာပင် စင်အောက်ရှိစားပွဲများဆီမှ “၀ါကာ ၀ါကာ”ဆိုသော အော်သံများ ထွက်လာသည်။ သူက လက်ဝှေ့ယမ်းပြလိုက်သောအခါ “ဟေး”ဆိုသော အသံများ ကြားရပြန်သည်။ အင်ထရိုတီးလုံး ၀င် လာသည်။ ထို့နောက် သူ သီချင်းစဆိုသည်။ ပေါ်ဋ္ဌေး မျက်မှောင်ကုတ်သွားပြီး-
“ပလေးဘက်လားကွ”ဟု မေးလိုက်သည်။

ကံညွန့်မောင်က-
“မဟုတ်ဘူး၊ သူကိုယ်တိုင် ဆိုနေတာ”
ဟု ဂုဏ်ယူသော လေသံမျိုးဖြင့် ပြောသည်။
ပေါ်ဋ္ဌေး အံ့သြသွား၏။ မှန်သည်။ တချို့ အသံထွက်တော့ မမှန်တာကလွဲလျှင် ဆိုဟန် ဆိုပေါက်က တော် တော်တူသည်။ သူ ကခုန်နေပုံလည်း ရှာကီရာနှင့် တထေရာတည်းပဲ။ ပေါ်ဋ္ဌေးတောင်မှ စူးစူးစိုက်စိုက် ငေး ကြည့်နေမိ၏။ ကံညွန့်မောင်က ပေါ်ဋ္ဌေး ဖြစ်နေပုံကို ကြည့်ပြီး ဘယ့်နှယ်ရှိစ… ဆိုသော မျက်နှာပေးဖြင့် ပြုံး နေသည်။

ပန်းကုံးတွေ တစ်ကုံးပြီး တစ်ကုံး တက်လာသည်။ သီချင်းဆုံးခါနီးလောက်တွင် ကံညွန့်မောင်က ဖန်ခွက်ကို ၀ါးတူနှင့်ခေါက်ပြီး အသံပေးလိုက်သည်။ အထာသီပြီးသား ဖြစ်ပုံရသော စားပွဲထိုးလေးတစ်ယောက်  ချက် ချင်းရောက်လာသည်။ ကံညွန့်မောင်က တစ်စုံတစ်ခု ခပ်တိုးတိုး ပြောလိုက်သည်။ ကောင်လေးက “ဟုတ်” ဟု နာခံပြီး ခပ်သုတ်သုတ် ထွက်သွားသည်။

ရှာကီရာသည် အလှဆုံး ကိုယ်ဟန်အနေအထားတွင် ရုပ်သေပြကွက်လို တိခနဲရပ်ပြီး သီချင်းကို အဆုံး သတ်လိုက်သည်။ လက်ခုပ်သံတွေ၊ ၀မ်းခေါင်းသံများဖြင့် အော်ဟစ် အားပေးမှုတွေ၊ စောစောက စားပွဲထိုး လေး စင်ပေါ်တက်လာသည်။ ရွှေရောင်၊ ငွေရောင် တလက်လက် တောက်နေသော သရဖူလေးတစ်ခုကို ရှာကီရာ၏ဦးခေါင်းပေါ်မှာ စွပ်ပေးလိုက်သည်။ ပြီးတော့ တစ်စုံတစ်ခုပြောသည်။ ရှာကီရာက နားလည်ဟန် ခေါင်းညိတ်ပြသည်။ ကံညွန့်မောင်နှင့် ပေါ်ဋ္ဌေးတို့ စားပွဲဆီလှမ်းကြည့်ပြီး လက်ပြသည်။

ကံညွန့်မောင်က ကျမ်းကျိန်တဲ့အခါ လုပ်သလို တံတောင်ဆစ်ကို ခပ်ကွေးကွေးထားပြီး လက်ဝါး ထောင်ပြသည်။ ပေါ်ဋ္ဌေးက ဖန်ခွက်ထဲမှ လက်ကျန်ဝီစကီကို တစ်ကျိုက်တည်း မော့သောက်ချလိုက်သည်။ လည်ချောင်း ထဲမှာ ပူခနဲ လောင်မြိုက်သွား၏။ အရက်ချည်းသက်သက်။ ဆိုဒါမှ မရောရသေးဘဲ။

“ရှာကီရာ ဆိုတာ သူ့နာမည်ရင်း မဟုတ်ဘူး၊ ၀ါကာ ၀ါကာသီချင်း အဆိုကောင်းလို့ ဒီနာမည်တွင်သွား တာ၊ အေးလေ… အရင်သိထားတဲ့ နာမည်ကလည်း နာမည်ရင်း မဟုတ်နိုင်ပါဘူး၊ ထားပါတော့၊ ဘယ်လိုလဲကွ၊ လန်းတယ် မဟုတ်လား”
ကံညွန့်မောင်က မေးသည်။ ပေါ်ဋ္ဌေးက ဘာမှပြန်မပြော။
စောစောက “နိ”သောက်မိလို့ ရင်ပူသွားတာ သက်သာအောင် ရေခဲတုံးလေးတစ်တုံးကိုသာ ယူပြီး ငုံထား လိုက်သည်။

ထိုစဉ်တွင် သူတို့စားပွဲရှိရာနှင့် စတိတ်ခုံဘေးဘက်တို့ကို ကန့်ထားသော တံခါးလေး ပွင့်သွားပြီး ရှာကီရာ ၀င်ရောက်လာသည်။ ကံညွန့်မောင် ရှေ့မှာ စင်ပေါ်ကအတိုင်း ခါးကို ခပ်စောင်းစောင်း နွဲ့၍ရပ်ရင်း-
“ကရောင်းအတွက် ကျေးဇူးပဲနော်”

ဟု ပြောသည်။ ကံညွန့်မောင်က-
“ကိုယ့်သူငယ်ချင်းအတွက် ရည်ရွယ်ပြီး ဂုဏ်ပြုတာလေ”
ဟု ပေါ်ဋ္ဌေးကို ရည်ရွယ်၍ပြောသည်။ ရှာကီရာက ပေါ်ဋ္ဌေးဘက် တစ်ချက်စောင်းငဲ့ကြည့်ပြီး နှုတ်ဆက်ပြုံး ပြုံးပြသည်။ ဒီနေ့ ဘယ်သူ “မင်းသား”လဲ ဆိုတာကိုလည်း သိသွားပုံရသည်။
“ထိုင်လေ…”

ကံညွန့်မောင်က ခွင့်ပြုလိုက်သည်။ ရှာကီရာက ကံညွန့်မောင်ကို ကျော်ဖြတ်ပြီး ပေါ်ဋ္ဌေးဘေးက ခုံမှာ ၀င်ထိုင်လိုက်သည်။ ကံညွန့်မောင်က ပေါ်ဋ္ဌေးကို ညွှန်ပြပြီး-
“ဒါ ကိုယ့်အချစ်ဆုံး သူငယ်ချင်းပဲ၊ နာမည်က ပေါ်…”
ပေါ်ဋ္ဌေးက နာမည်မပြောစေလိုသော အမူအရာဖြစ်သွားသည်။ ထို့ကြောင့်-
“အဲ အဲ… ဦးပေါ်လို့ပဲခေါ်ပေါ့”ဟု ကံညွန့်မောင်က ပြောလိုက်၏။ ရှာကီရာက ခစ်ခနဲတစ်ချက် ရယ်လိုက်ပြီး-
“နာမည်က စိတ်ဝင်စားဖို့ကောင်းတယ်နော်၊ ဥပေါ်ဆိုတော့…”

ပေါ်ဋ္ဌေးက မျက်နှာတည်တည်နှင့် ဖျတ်ခနဲ စိုက်ကြည့်လိုက်သည်။ ရှာကီရာက အကင်းပါးသည်။ ဒီကိစ္စမျိုး မှာ အတွေ့အကြုံမရှိသူမှန်း ရိပ်မိသွားသည်။
“ဆောရီး.. ကန်တော့နော်”
ဆိုပြီး လက်အုပ်ကလေး ချီလိုက်၏။ အလိုက်တော့ သိတတ်သားပဲဟု ပေါ်ဋ္ဌေး မှတ်ချက်ပေးလိုက်၏။ တစ် ပြိုင်နက်တည်းမှာ သူ့လက်ကလေးတွေ သွယ်သွယ်လျလျ ရှိတာကိုလည်း သတိပြုဖြစ်အောင် ပြုမိလိုက် သေးသည်။

စားပွဲထိုးလေး ရောက်လာပြီး ရှာကီရာ၏ရှေ့မှာ စပိုင်ဝိုင်ပုလင်းလေး လာချပေးသည်။ ရှာကီရာက ပုလင်း ကိုဖွင့်ပြီး ငှဲ့သည်။ ဖန်ခွက်ကို မြှောက်၍ “ချီးယားစ်”ဟု ပြောပြီး တစ်ငုံ ငုံလိုက်သည်။ နှုတ်ခမ်းကို လျှာနှင့် သပ်သည်။ သူ့နှုတ်ခမ်းသည် လက်ခနဲ စိုသွား၏။
ရှာကီရာသည် အသက်နှစ်ဆယ်ကျော်ကျော်လောက်ရှိမည်။ အသားက မဆိုစလောက်ကလေး ညိုသည်။ အရပ်အမောင်း ကောင်းသည်။ ခန္ဓာကိုယ်အချိုးအစား ပြေပြစ်သည်။ နှာတံ၊ မေးရိုး၊ မျက်လုံးတို့ကို ကြည့်ရ တာ ကပြားသွေး ပါမယ့်ပုံပဲ။

သိပ်ချောလွန်း လှလွန်းတာတော့ မဟုတ်။ သို့ရာတွင် ဆွဲဆောင်မှုရှိသည်။ အထူးသဖြင့် ခပ်လျားလျားရှိသော နှုတ်ခမ်းက ပြုံးလိုက်လျှင် အတော်ကြည့်ကောင်းသည်။
ပေါ်ဋ္ဌေးက စကားနည်းပြီး နှုတ်ဆိတ်နေသည်။ ကံညွန့်မောင်နှင့် ရှာကီရာတို့ကသာ လေပေးဖြောင့်နေ သည်။ သူတို့ပြောသော စကားတွေကလည်း အနှောင့်အသွား မလွတ်။ အဓိပ္ပါယ်နှစ်ခွတွေ၊ အနက်ရင်းတွေ၊ အနက်ပွားတွေ၊ အစွန်းထွက်တွေ။

တချို့ စကားလုံးတွေက ပေါ်ဋ္ဌေးကို ရည်ရွယ်ပြီး လှမ်းချိတ်တာမျိုးတွေ ဖြစ်၏။ ထိုအခါမျိုးတွင် ရှာကီရာက ပေါ်ဋ္ဌေးကို မျက်လုံးထောင့်ကပ်ကြည့်ရင်း ဆွဲငင်အားကောင်းသော အပြုံးကို ပြုသည်။ တစ်ခါတစ်ခါ သူက မျက်လုံးထောင့်ကပ်ကြည့်စဉ် ပေါ်ဋ္ဌေးကလည်း ထောင့်ကပ်ကြည့်မိ ရာမှ ထောင့်ချင်းဆုံတတ်သည်။ ပေါ်ဋ္ဌေးမှာ ရှိန်းခနဲ ဖိန်းခနဲ ဖြစ်သွားရ၏။ အာခေါင်တွေလည်း ခြောက်လာ သည်။
ထို့ကြောင့် ၀ီစကီပုလင်းကို လှမ်းကိုင်လိုက်သည်။

“သမီး ငှဲ့ပေးပါ့မယ်”
ရှာကီရာကလည်း ပုလင်းကို လှမ်းကိုင်သည်။ ထိုအခါ ပေါ်ဋ္ဌေး၏လက်ကို အပေါ်က အုပ်ကိုင်မိသွား၏။ သူ့ လက်များသည် နုနုညံ့ညံ့၊ နွေးနွေးထွေးထွေး ရှိလှသည်။ ပေါ်ဋ္ဌေးရဲ့လက်တွေကတော့ အရက်ပြန်နဲ့ လောင်းချလိုက်သလို စိမ့်ခနဲဖြစ်သွား၏။ သွေးကြောတွေကတော့ ဆူဒါနီး ရေနွေးလို တစီစီမြည်လာသလား အောက်မေ့ရသည်။

ပေါ်ဋ္ဌေးက လက်ကို အလျင်အမြန် ပြန်ရုပ်လိုက်သည်။ ရှာကီရာက မျက်လုံးထောင့်ကပ်၍ တစ်ချက်ကြည့် ရင်း ပြုံးသည်။ ပြီးတော့ ပေါ်ဋ္ဌေး၏ဖန်ခွက်ထဲသို့ ၀ီစကီ တစ်ပကတ်စာခန့် ငှဲ့ထည့်ပေးသည်။ ရေခဲ ခပ်လတ် လတ် တစ်တုံး ထည့်သည်။ ဆိုဒါ ထပ်ဖြည့်ပေးရင်း…
“ရေမရောရင် အသေစောတယ်တယ်လို့ အန်ကယ်ကြီးတစ်ယောက် ပြောတာ ကြားဖူးတယ်၊ ဆိုဒါ မရောရင် တော့…”
“ဆိုဒါ မရောရင်တော့ ကိုသာဗျောတို့ အကြိုက်ပေါ့ကွယ်… ဟဲ ဟဲ”

ကံညွှန့်မေင်က ၀င်ပြောပြီး-
“ကဲ… မျက်နှာမလိုက်နဲ့လေ၊ ကိုယ့်ကိုလည်း ထည့်ပေးဦး
ရှေ့က ဖန်ခွက်လွတ်ကို ညွှန်ပြသည်။ ရှာကီရာက-”
“ဟင်း… သူက မနာလို ဖြစ်နေပြန်ပြီ”

ဟု အတိုင်အဖောက်ညီညီ ပြောရင်း ကံညွန့်မောင်ကို မသိမသာ မျက်စိမှိတ်ပြသည်။ ထို့နောက် ၀ီစကီ ပုလင်းကို ယူသည်။ ပေါ်ဋ္ဌေးရှေ့မှကျော်ပြီး ကိုယ်ကို ကိုင်းညွတ်ရင်း ကံညွန့်မောင် ဖန်ခွက်ထဲသို့ ငှဲ့ပေးနေ သည်။ သူ့လက်မောင်းသည် ပေါ်ဋ္ဌေး၏ရင်ဘတ်ကို စပါးကြီးမြွေတစ်ကောင်လို လျှောခနဲပွတ်တိုက် ဖြတ် ကျော်သွားသည်။ ချက်ချင်း ငှဲ့မပေးသေးဘဲ ကံညွှန့်မောင်နှင့် စကားပြောနေသေးသည်။ ငှဲ့ပေးပြန်တော့ လည်း…

“ဟင်… နည်းနည်းလေး၊ ကိုယ့်ကို စေတနာတွေ မေတ္တာတွေ လျော့နေပြီပေါ့လေ၊ ဘာလဲ၊ ကဏန်းအရှင်ကို မြင်လို့၊ ပုစွန်ကင်ကို ပစ်ချင်တဲ့သဘောလား”
“ဒါပေါ့၊ အင်း… ကဏန်းပျော့ကြီး ဖြစ်မနေပါစေနဲ့လို့ပဲ ဆုတောင်းရတော့မှာပဲ”

ဟု အဓိပ္ပါယ် အစွန်းထွက်သော စကားများကို ကံညွန့်မောင်နှင့် အချီအချ ပြောရင်း အချိန်ဆွဲနေပြန်သည်။ ရယ်လိုက်သောအခါ ရှာကီရာ၏လက်မောင်းများသည် ပေါ်ဋ္ဌေး၏ပခုံးစွန်းပေါ်ကို အိအိကျလာသည်။ သူ့ မျက်နှာကို ဘေးတိုက်အနေအထားအတိုင်း မြင်ရသည်။ သူ့နားရွက်မှာ ဆင်ထားသော ဖန်စီနားဆွဲမှ တွဲ လောင်းကျနေသော ခရစ်စတယ်ချောင်းကလေးများကို တစ်ခုချင်း ရေတွက်လို့ရနိုင်လောက်တဲ့ အကွာ အဝေးအထိ နီးကပ်နေပြီ။

ပေါ်ဋ္ဌေး အသက်ရှူမြန်လာသည်။ ရင်ခုန်နှုန်း မြင့်လာသည်။ အကယ်ဆိုလျှင် သူ့လက်တွေက တစ်စုံတစ်ခု ကို ကိုင်တွယ်ဆော့ကစားနိုင်လောက်အောင် အားလပ်နေပြီ။ သို့ရာတွင် ငါ့မှာလည်း လက်နဲ့ ခြေနဲ့ပါလား ဆိုတာ သူ မေ့လျော့နေမိ၏။

ရှာကီရာက ခေါင်းလျှော်ရည် ကြေငြာထဲက မော်ဒယ်သရုပ်ဆောင်လို ခေါင်းကို ခါယမ်းလိုက်သည်။ သူ့ဆံပင်တွေက လေဝှေ့ခံရသော ပိုးပ၀ါတစ်စလို ဝေ့၀ဲလွင့်ပျံသွား၏။ ဆံပင်ဖျား တစ်ထွေးက ပေါ်ဋ္ဌေး၏ပါး ပြင်ကို ပွတ်ဆွဲသွားသည်။ စောစောက ခုန်ပေါက် ကခုန်ခဲ့သောကြောင့် ခေါင်းချွေးထွက်နေဟန်တူသည်။ အနံ့တစ်ခုကို ရှူရှိုက်မိလိုက်၏။ ခေါင်းမလျှော်တာကြာသော မိန်းမတွေရဲ့ဆံပင်က ထွက်ပေါ်လာတတ် သော စိမ်းရွှေရွှေ အောက်သိုးသိုးအနံ့။

ထိုအခိုက်တွင် ရင်ရင်ငြိမ်း ပြောခဲ့သော စကားတစ်ခွန်းကို ဖျတ်ခနဲ သတိရလိုက်၏။
“အလှအပဆိုတာ အရေပြားတစ်ထောက်စာပဲ ရှိတာပါ”
ရှာကီရာက သူ့ဘက်ကို လှည့်ကြည့်လိုက်သည်။ ခပ်လျားလျားရှိသော နှုတ်ခမ်းကို လျှာနှင့်သပ်လိုက်သည်။ လက်ခနဲ စိုသွား၏။

“အပေါ်ယံ အရေခွံကို တစ်လွှာချင်း ခွာကြည့်လိုက်စမ်း၊ အရွတ်တွေ၊ အသားတွေ၊ အကြောတွေကို မြင်ရ လိမ့်မယ်၊ ဆက်ပြီး ခွာကြည့်လိုက်၊ အရိုးစုတွေ ပြီးတော့ အူတွေ အသည်းတွေ ကလီစာတွေ…”
သူတို့နှစ်ယောက်၏မျက်နှာများသည် ထွက်သက် လေတစ်ကမ်းစာလောက်သာ ကွာဝေးတော့သည်။ နှစ် ယောက်စလုံး ရှေ့ကို နည်းနည်းစီတိုးလိုက်လျှင်…။ ရှာကီရာက စပြီး ရွှေ့လာသည်။ နှုတ်ခမ်းသည် ကမာ ကောင်ရဲရဲလေး လို ခပ်ဟဟ…။ အတွင်းက ပုလဲလုံးလေးတွေကိုတောင် ထင်ရှားစွာ မြင်ရ…။

“အရွတ်စု ရုပ်တစ္ဆေကို၊ မဟုတ်လေ ကိုယ်ထဲ၊ အပုပ်ရေ စိုရွဲလို့၊ ယိုမစဲသူငါ၊ သွေးသည်းခြေ ပြည်သလိပ် တွေက၊ အီမဆိပ် လွှမ်းပြန်တော့တာ။ သို့ကလောက် ရွံ့စရာကို…”
ပေါ်ဋ္ဌေးက ဆတ်ခနဲ ထရပ်လိုက်သည်။ ရှာကီရာ လန့်သွား၏။ ကံညွန့်မောင်က အံ့သြသလို လှမ်းကြည့် လိုက်သည်။ ပေါ်ဋ္ဌေး ရင်ထဲက ပျို့တက်လာသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, May 15, 2011

မင်းလူ ၏ ပြန်ခေါ်သက်သေ အပိုင်း (၁၅)

"ဒါ စိတ်တည်ငြိမ်အောင် စ ပြီး အလေ့အကျင့် လုပ်ရုံပဲရှိသေးတယ်၊ တရား နဲ့ အဝေးကြီးလိုသေးတယ်၊ နောက်ပိုင်း ကျတော့မှ သမာဓိအားကို သတိထားကပ်ပေးရမှာ"
"မလွယ်ပါလား၊ ငါ့မှာ အဲဒီလောက် ပါရမီမပါဘူး ထင်တယ်"
"အခြေခံအဆင့်လောက် ရရင်တောင် မဆိုးပါဘူးဟ၊ အထိုက်အလျောက်တော့ အကျိုးရှိပါတယ်၊ ဆယ်မိ နစ်ပဲ ရရ.. ဆယ့်ငါးမိနစ်ပဲ ရရ၊ အဲဒီအချိန်အတွင်းမှာ အနည်းဆုံး လောဘ ဒေါသ မောဟ တော့ ကင်းသွား တာပဲ မဟုတ်လား"

"အဲဒီအတွက်ကတော့ အပင်ပန်းခံပြီး ထိုင်နေစရာမလိုပါဘူးဟာ၊ အိပ်ပစ်လိုက်ရင် ရတာပဲ၊ အိပ်ပျော်နေပြီ ဆိုရင် ဘာမှမသိတော့ဘူးလေ၊ လောဘတွေ ဒေါသတွေလည်း ဘယ်သတိရတော့မလဲ"
"မဟုတ်သေးဘူး၊ အိပ်တယ်ဆိုတာ သိစိတ်ကသာ အိပ်သာ၊ မသိစိတ်ထဲမှာတော့ ဆက်ပြီး လောင်မြိုက် နေတာပဲ၊ မတူဘူး"
ပေါ်ဋ္ဌေးသည် နားထောင်ရင်းက ရင်ရင်ငြိမ်းကို မမှိတ်မသုန် စိုက်ကြည့်နေသည်။ ရင်ရင်ငြိမ်းကတော့ သူ့ စကားကို စိတ်ဝင်စားစွာ စူးစိုက်နားထောင်နေတာဟု ထင်ပြီး ဆက်ရှင်းပြနေသည်။ ပေါ်ဋ္ဌေးက-
"ရင်ငြိမ်း"ဟု ခေါ်လိုက်၏။

"ဟင်... ဘာလဲ"
"နင်က တော်တော်လှတာပဲနော်"
"ဖောက်လာပြန်ပြီဟာ"
"တကယ်ပြောတာဟ၊ ငယ်ငယ်ကတော့ နင့်ကို မျက်လုံးညိုညို နဲ့ ချစ်စရာလေး ဆိုတာလောက်ပဲ သတိပြု မိတာ၊ ခုကျမှ နင်ဟာ မျက်လုံး... မျက်ခုံး.... နှာတံ... နှုတ်ခမ်း... အကုန်လှတယ်၊ တစိမ့်စိမ့်ကြည့်လေ လှ လေပဲ၊ သူများတွေလို ပြင်လိုက် ဆင်လိုက်မှ ထွက်လာတာမျိုးမဟုတ်ဘူး၊ အိမ်နေရင်း ခုလို ရိုးရိုးလေး နေ နေလည်း ကြည့်လို့ကောင်းတာပဲ။ ဒါကြောင့် ငါ နင့်ကို သိပ်ချစ် နေရတာပေါ့"

ရင်ရင်ငြိမ်းမှာ သူ့အလှကို ချီးကျူးခံရသဖြင့် တခြားမိန်းကလေးတွေလို "သိပ်ပိုတာပဲ"လို့လည်း မပြော။ ကျေနပ်ပီတိပြုံးလည်း မပြုံး၊ တခြားလူတစ်ယောက်အကြောင်း ပြောနေတာကို နားထောင်နေရသလို မတုန်မလှုပ်ရှိနေရာမှ-
"တကယ်တော့ အလှအပဆိုတာ အရေပြားတစ်ထောက်စာပဲ ရှိတာပါဟာ"
"ဘာ.. အရေပြား... ဟုတ်လား"
"အေး.. ဟုတ်တယ်၊ ခုချိန်မှာ ငါ့ခန္ဓာကိုယ်ပေါ်က အရေပြားတွေကို စိတ်မှန်းနဲ့ တစ်လွှာချင်း ခွာချပစ်ပြီး အတွင်းကို မြင်အောင် ကြည့်လိုက်လေ"
ပေါ်ဋ္ဌေးမှာ ဘုမသိ ဘမသိ ငေးကြည့်နေသည်။

"ဟုတ်ပြီ၊ အဲဒီအခါမှာ ဘာမြင်မလဲ၊ အသားတွေ၊ အကြောတွေ၊ အရွတ်တွေပဲ မြင်ရမှာပေါ့၊ ဟုတ်ကဲ့လား"
ပေါ်ဋ္ဌေး ယောင်ပြီး ခေါင်းညိတ်မိ၏။
"ဆက်ပြီး ခွာကြည့်လိုက်ဦး၊ အရိုးစုကိုပဲ မြင်ရမယ်၊ ပြီးတော့ အူတွေ... အသည်းတွေ... ကလီစာတွေပဲ တွေ့ရမယ်၊ ကဲ... ဘယ်မှာလဲ လှတယ်ဆိုတာ"
ပေါ်ဋ္ဌေး မျက်လုံးပြုးကြည့်နေ၏။ ရင်ရင်ငြိမ်း အားတက်လာပြီး-
"အေး... ဒါကြောင့် နိဗ္ဗိန္ဒတေးတပ်ထဲမှာ အရွတ်စု ရုပ်တစ္ဆေကို မဟုတ်လေ ကိုယ်ထဲ၊ အပုပ်ရေ စိုရွှဲလို့၊ ယိုမစဲ သူငါ၊ သွေး သည်းခြေ၊ ပြည် သလိပ်တွေက၊ အီမဆိပ် လွှမ်းပြန်တော့တာ၊ သို့ကလောက် ရွံစရာကို၊ ကျွံတဏှာမက်စွဲလို့..."

"ဟာ... တော်တော့ တော်တော့ ဆက်မပြောနဲ့တော့၊ ငါ ကြောက်လာပြီ"
ဟု ပေါ်ဋ္ဌေးက အလန့်တကြား တားမြစ်လိုက်သည်။ ရင်ရင်ငြိမ်းက-
"အေး... ဒါပဲ၊ ကြောက်ရမယ်လေ၊ ကြောက်ရမယ်၊ အခုဆိုရင် နင် ငါ့ကို စက်ဆုပ်ရွံရှာလာပြီမဟုတ်လား၊ တကယ်တော့..."
"ငါ သွားတော့မယ်"

ပေါ်ဋ္ဌေးက ပြောပြီး ထပြေးသည်။ အပေါက်ဝရောက်မှ ပြန်လှည့်ကြည့်ရင်း-
"မနက်ဖြန် ညနော်၊ နင် ကတိပေးထားပြီးသား၊ ဒါပဲ"
ဟု ပြောပြီး ထွက်သွားသည်။
ရင်ရင်ငြိမ်း သက်ပြင်းချရင် ခေါင်းခါလိုက်သည်။

ဘာပဲဖြစ်ဖြစ် ပေါ်ဋ္ဌေးသည် ထိုနေ့ညမှာတော့ ဘယ်လို အာရုံမျိုးမှ ၀င်မလာဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် သွားခဲ့တာ အမှန်ပဲဖြစ်၏။

လူပျိုဘ၀တုန်းက ကောင်းထွန်း ယူလာခဲ့သော ကဗျာစာအုပ် တစ်အုပ်ရှိသည်။ ဒီထဲကမှ ကဗျာတစ်ပုဒ် မှတ်မိနေခဲ့သည်။ ပေါ်ဋ္ဌေးသည် ကဗျာဆရာမဟုတ်သဖြင့် ထိုကဗျာသည် မော်ဒန်လား၊ ပို့စ်မော်ဒန်လား၊ ဂျီဒီပီဆိုလား ဘာလားတော့ မခွဲခြားတတ်။ ဖတ်လို့တော့ ကောင်းသားပဲ။
    တဏှာကြိုက်တဲ့ အမိုက်တွေမှာ
    "ရှက်စရာ တွေးတော့ သမုဒယ တဏှာ
     မဂ္ဂဆေးနဲ့ ကုရမှာ"... ဆိုတဲ့
    တရားတော်ကိုလည်း နာဖူးပါရဲ့။
    "မှောင်တဏှာခွင်၊ ခြေစုံဝင်က
    ဆင်ခြင်ကင်းစွာ၊ ပျက်စီးရာ၏"... ဆိုတဲ့
    တိကင်္ဂုတ္တရအဋ္ဌကထာကိုလည်း
    ဖတ်ဖူးပါရဲ့။

    "ခြောက်ခုအာရုံ၊ ကာမဂုဏ်ဆန္ဒ ပဋိစ္စသမုပ္ပာန်
    ရှုပ်ပြန်အတွင်း အပ တဏှာ"... ဆိုတဲ့
    ဗုဒ္ဓရဲ့ တရားတော်ကိုလည်း သိပါရဲ့။
    ဒါပေမဲ့...
    ချစ်သူက ပြုံးပြတဲ့အခါ
    ပီတိသောမနဿ ဖြစ်ရတယ်။

    တဏှာဆိုတဲ့ ဖမ်းစားတတ်သော အရာဟာ
    ချစ်စရာ သိပ်ကောင်းပါကလား။
    ချစ်သူက မုန်းတဲ့အခါ
    သောကပရိဒေ၀မီး တောက်လောင်ရတယ်။
    "စိတ်ကို စိတ်အတိုင်းတိုင်း ထားရမယ်။
    ဒုက္ခကို ဒုက္ခအတိုင်းတိုင်း ထားရမယ်"ဆိုတာကို
    ဘယ်လိုလုပ် ဆင်ခြင် လိုက်နာနိုင်ပါ့မလဲ။

    ချစ်သူရဲ့ နှုတ်ခမ်းဆီက
    ကြာညိုနံ့သင်းတဲ့
    အာခံတွင်းနံ့ကို ရတဲ့အခါ
    "ကာယအပုပ်ကောင်ဟာ ဟုတ်ယောင်သာ
    ရုပ်ဆောင်စွာ တုပ်နှောင်ခါ သူ လှည့်စား" ဆိုတာ
    ရယ်စရာကလေးတောင် ကောင်းလိုက်လှပါကလား။

    အရှင်ဘုရား...
    ဘုရား တပည့်တော်သည်
    "ဇာတိ" စသော
    မီးဆယ့်တစ်မီးတို့ လောင်ကျွမ်းရာ
    ဤဒုက္ခ ကမ္ဘာကြီးထဲ၌ပင်
    ပဋိစ္စသမုပ္ပာဒ်သဘောအရ
    ဘ၀အသစ်အသစ်တို့ ဖြစ်၍
    တဏှာအချစ် အချစ်တို့၏
    ဖမ်းစားမှုကို
    ဆက်လက်၍ ခံစားနေပါရစေဦးဘုရား...။

ရင်ရင်ငြိမ်းကို ထိုကဗျာ ဖတ်ခိုင်းကြည့်ခဲ့ဖူးသည်။

"ဦးပုည ရေးတဲ့ ဟောရင်းသာ ပျံလွန်တော်မူမည်ဆိုတာ နင့်လို လူမျိုးကို ပြောတာဖြစ်မှာပဲ၊ ငါတော့ လူ ပေါင်းမှားပြီ ထင်တယ်"
ရင်ရင်ငြိမ်းက စိတ်ပျက်လက်ပျက် လေသံမျိုးဖြင့် ပြောလေသည်။ ပေါ်ဋ္ဌေးကတော့ လူပေါင်းမှားတယ်ဆို တာ သူက မှားတာလား၊ ငါက မှားတာလား။ နှစ်ယောက်စလုံးကပဲ မှားတာလား။ ဒါမှမဟုတ် လူပေါင်းလွဲ နေတာ ဖြစ်မယ်ဟု တွေးမိ၏။
--------------------------------------------------------------

အောင်ချို တို့ အိမ်ကို သွားရတာ ခပ်လန့်လန့်ပဲ။ ပြောစရာကိစ္စ ရှိနေလို့သာပေါ့။ အပြင်မှာ တွေ့ဖို့ ချိန်းလိုက် ကောင်းသား ဟုလည်း တွေးမိသည်။ ဟိုရောက်ရင်တော့ ဒီကောင်ကို အပြင် ခေါ်ထုတ်ရမည်။ အိမ်မှာ ပြောလို့မကောင်း။ သူများတေ ကြားလို့ မဖြစ်သော အကြောင်းအရာ။ သူနှင့် ရင်ရင်ငြိမ်းတို့၏  ကွာရှင်းစာချုပ် မှာ လက်မှတ် ထိုး ပေးဖို့ အောင်ချို့ကို စည်းရုံးရမည် ဖြစ်၏။
အောင်ချိုက မိန်းမနဲ့ ရန်တကျက်ကျက် ဖြစ်တတ်သော်လည်း တကယ်တမ်းကျတော့ စိတ်က ပျော့သည်။ ဒါကြောင့်လည်း ရန်ဖြစ်ပြီးရင် သူကပဲ အမြဲစပြီး ပြန်ချော့ရတာ။ ဒီကောင်ကို သိမ်းသွင်းရတာ သိပ်တော့ ခဲယဉ်းမယ် မထင်။ သူက သူငယ်ချင်းတွေ အပေါ်မှာလည်း အလျှော့ပေး  လိုက်လျောတတ်သည်။

အောင်ချိုက ခပ်ပျော့ပျော့ ဖြစ်သော်လည်း သူ့အဖေ ဦးအောင်ကြီးကတော့ လူဖြောင့် စိတ်တိုကြီး ဖြစ်၏။ဒေါသကလည်း ကြီးသည်။စိတ်မထင်လျှင် လက်ပါတတ်သည်။ စိတ်ကလည်း  အမြဲတမ်းလိုလို မထင်ဘဲ ဖြစ်နေတတ်သည်။ အောင်ချို့ သူငယ်ချင်းတွေကို သူ့သားနှင့် တန်းတူ သဘောထားသည်။
ဆိုလိုတာကတော့ အောင်ချို့ကို နားရင်း တစ်ချက် ရိုက်လျှင် ကျန်တဲ့ကောင်တွေကိုလည်း တစ်ချက်စီပဲ ဆိုတာမျိုးပေါ့။

သူတို့ သူငယ်ချင်းတွေထဲမှာ ဦးအောင်ကြီးရဲ့ ရိုက်ချက်နဲ့ လွတ်တဲ့ လူရယ်လို့ မိန်းကလေးတွေပဲ ရှိသည်။ နည်းတာနဲ့ များတာသာ ကွာသည်။ အခံရဆုံးကတော့ အောင်ချိုပဲ။ တစ်ခါတလေ အပြစ်လုပ်တဲ့လူက တခြားတစ်ယောက်။ ဒါကို ဦးအောင်ကြီးက 'မင်းက မတားဘူးလား။ အလိုတူ အလိုပါမို့လား' ဆိုပြီး အောင်ချိုပါ ရောပြီး အဗျင်းခံရသည်။

သူတို့ အုပ်စုထဲမှာ အဆော်ခံရဆုံးက အောင်ချိုနှင့် ကံညွန့်မောင်တို့ဖြစ်၏။ အလယ်အလတ်အဆင့် ရှိ သူတွေက ရဲမော်နှင့် ပေါ်ဋ္ဌေး။ အသက်သာဆုံးကတော့ အေဘီကျော် နှင့် ကောင်းထွန်း တို့ပဲ၊ အေဘီကျော် က ရူးသလို ပေါသလိုနဲ့ ရှောင်ထွက်တတ်လို့။ ကောင်းထွန်းကျတော့ နည်းနည်းထူးခြားသည်။ ဦးအောင်ကြီးသည် ကောင်းထွန်းအပေါ်မှာကျတော့ တည်တည်ငြိမ်ငြိမ်ရှိတယ်ဆိုပြီး အကောင်းမြင်ချင် သော သဘောထားမျိုးရှိသည်။ နောက်ပိုင်းမှာ ကောင်းထွန်း အသောက်ကြမ်းလာတာကိုတောင် သိပ် မကြိုက်သော်လည်း ပြင်းပြင်းထန်ထန်တော့ မပြော။ လူကြီးပီပီ ရှေ့ကို ကြိုမြင်နေသလားတော့ မသိ။
"အဲဒီလို ကောင်မျိုး က တစ်နေ့ပြတ်ပြီဆိုရင် တိခနဲပဲ။ အကောင်းဘက်ကို ချက်ချင်းပြောင်းသွားလိမ့် မယ်၊ ကြည့်နေ"ဟု ကြိုတင် နိမိတ်ဖတ်ခဲ့သေးသည်။

မိန်းကလေးတွေထဲမှာတော့ သူ စိတ်တိုင်းအကျဆုံးက သိတော်မူကြတဲ့အတိုင်း သူတော်ကောင်းမလေး ရင်ရင်ငြိမ်းပဲပေါ့။
"အင်မတန် ဣနြေ္ဒသိက္ခာရှိတဲ့ မိန်းကလေးပဲ၊ ငပေါ်နဲ့တောင် မတန်ဘူး"ဟု ချီးကျူးလေ့ရှိ၏။
ဦးအောင်ကြီးက ခုလို ခပ်ကြမ်းကြမ်းကိုင်တာကို ကျန်တဲ့ မိဘတွေကလည်း ကျေနပ်ရုံမက အားပေး ထောက်ခံမှုတောင် ပြုကြသေးသည်။
အဖေသည် ပေါ်ဋ္ဌေးကို ရိုက်လေ့မရှိ။ ရိုက်လို့လည်း မဖြစ်။ အမေနှင့် ပြဿနာတက်လိမ့်မည်။ ထို့ကြောင့် အဖေက ဦးအောင်ကြီးဆီမှာ အပ်ထားသည်။

"ငပေါ်တစ်ကောင်နဲ့ ပတ်သက်လို့ အမြင်မတော်တာရှိရင် ဆော်သာ ဆော်ဗျို့ ကိုအောင်ကြီး၊ ကျိုးပဲ့ သွားရင် ကျုပ်ဘာသာ ဆေးကုယူမယ်"
ဦးအောင်ကြီးကလည်း လက်ခံသည်။ ကတိလည်း တကယ်တည်သည်။
ကံညွန့်မောင်မှာ အဖေ မရှိတော့။ သူ့အမေကလည်း ဒီကောင့်ကို မနိုင်။ ထို့ကြောင့် တစ်ခုခုဖြစ်လျှင် ဦးအောင်ကြီးကို သွားတိုင်ရသည်။ ထို့ကြောင့် သူတို့ သူငယ်ချင်းအုပ်စုသည် မိရင်း ဖရင်းထက် ဦးအောင်ကြီး ကို ပိုကြောက်ကြသည်။

အောင်ချိုတို့ လင်မယားသည် ဦးအောင်ကြီးတို့နှင့် အတူတူနေသည်။ သူ ရတဲ့လခနဲ့ဆိုလျှင် မိဘ အထောက်အပံ့မပါဘဲ မရပ်တည်နိုင်။ ထို့ကြောင့် ဦးအောင်ကြီး၏လက်အောက် က မလွတ်မြောက်နိုင် သေး ဟု ဆိုရမည်။ တစ်အိုးတစ်အိမ်ခွဲနေလည်း သိပ်တော့မထူး။ ပေါ်ဋ္ဌေးတို့ကောင်တွေတောင် ခုထိ ဦးအောင်ကြီးရဲ့စက်ကွင်းက မလွတ်နိုင်သေးတာဘဲ။
"ဦးလေးအောင်... နေကောင်းလား"
ပေါ်ဋ္ဌေးက နှုတ်ဆက်လိုက်သည်။ ဦးအောင်ကြီးက မော့ကြည့်ပြီး-
"လာပြန်ပြီ တစ်ကောင်"

ဟု တုံးတိတိကြီး ပြောလိုက်သဖြင့် ပေါ်ဋ္ဌေး ကြောင်အအဖြစ်သွား၏။ ထိုစဉ်မှာ အောင်ချိုတို့အမေ ထွက်လာသည်။ မျက်နှာထားကို အကဲခတ်ကြည့်ခြင်းအားဖြင့် အဘိုးကြီး ဒေါကန်နေကြောင်း ရိပ်မိ လိုက်၏။ ထို့ကြောင့် ဆက်တီခုံ မှာ ခပ်ကုပ်ကုပ်ကလေး ၀င်ထိုင်လိုက်ပြီး- "အောင်ချို ရှိလား ဒေါ်ဒေါ်" ဟု အဘွားကြီးကို ဦးတည်မေးလိုက်သည်။
"မင်းကောင်ကို ငါ အိမ်ပေါ်က နှင်ချလိုက်ပြီ" ဟု ဦးအောင်ကြီးက လှမ်းပြောသည်။

"ဗျာ..."
"အေး... ဟုတ်တယ်၊ အကြောင်းစုံသိချင်ရင် အဲဒီမှာ မေးကြည့်"
အဘွားကြီးဘက် မေးငေါ့ပြရင်း ပြောလိုက်ပြီး စာပြန်ဖတ်နေသည်။ အဘွားကြီးက ကုလားထိုင်မှာ ၀င် ထိုင်သည်။ ပေါ်ဋ္ဌေးက ဘယ်လိုဖြစ်တာလဲဆိုသော သဘောမေးဆတ်ပြသည်။
"အောင်ချိုတို့လင်မယား နေ့လယ်က ရန်ဖြစ်ကြတယ်"
"သူတို့က မကြာခဏ ဖြစ်နေကျပဲ ဒေါ်ဒေါ်ရာ"
"ဒီတစ်ခါတော့ မင်းသူငယ်ချင်းက လက် ပါလာတယ်"

"လက်..."
"သူက စီစီ့ကို လည်ပင်းညှစ်တယ်လေ၊ စီစီက အော်တော့ မင်းဦးလေးက သိသွားတာပေါ့၊ အဲဒါ စိတ်ဆိုးပြီ"
"အေး... အဲဒါကြောင့် ငါ ဒီကောင့်ကို လက်သီးနဲ့ထိုးပြီး အိမ်ပေါ်က နှင်ချလိုက်ပြီ၊ ဘယ့်နှယ်ကွာ... တစ်ဖက်သားက အားနွဲ့တဲ့ မိန်းကလေး၊ လင့်တစ်မျက်နှာ တစ်ရွာထင်ပြီး ငါတို့အိမ်မှာလာနေရရှာတာ၊ ဒီလို တစ်ဖက်သတ် အနိုင်ကျင့်တာမျိုး ငါ သည်းမခံနိုင်ဘူး"
အဘိုးကြီးက ၀င်ပြောပြန်သည်။

"အခု အောင်ချိုက ဘယ်မှာသွားနေလဲ"
"သူ့ယောက္ခမအိမ်ပဲ သွားမှာပေါ့"
ပေါ်ဋ္ဌေး အံ့သြသွားပြန်သည်။ လင်မယား ရန်ဖြစ်ရာမှ အဖေလုပ်တဲ့သူက ချွေးမဘက်က ပါသည်။ သား ဖြစ်သူကို လက်သီးနှင့်ထိုးပြီး နှင်ချသည်။ ထိုအခါ အဲဒီကောင်က ယောက္ခမအိမ်ကို ဆင်းသွားသည်။ အတော် ထူးဆန်း တဲ့ကိစ္စပဲ။ ဘယ်လို နားလည်းရမှန်းတောင် မသိတော့။

"အောင်ချိုဆိုတဲ့ကောင်က သူ့ယောက္ခမဆီသွားပြီး ပပ်ချွဲနပ်ချွဲ လုပ်မှာပေါ့၊ ဟိုလင်မယားကလည်း ခပ် တုံးတုံးတွေ၊ သမက်ပြောသမျှ ယုံမှာပဲ"
အဘိုးကြီး စာပြန်ဖတ်နေသည်။ အဘွားကြီးက ထထွက်သွားသည်။ ခဏအကြာတွင် စီစီ ထွက်လာပြန် သည်။
"စီစီ နေကောင်းလား"
ဟု ပေါ်ဋ္ဌေးက နှုတ်ဆက်သည်။ စီစီသည် ပေါ်ဋ္ဌေးကို အောင်ချို့ဘက်တော်သားဟု သတ်မှတ်သလား မသိ။ သိပ် ဟက်ဟက်ပက်ပက် ရှိပုံမရ။ လည်ပင်းကို လက်နှင့်ပွတ်နေပြီးမှ-
"ကိုပေါ် သူ့ဆီ လိုက်သွားမှာလား"

ဟု မေးသည်။ ပေါ်ဋ္ဌေးက ဦးအောင်ကြီးဘက် တစ်ချက်ငဲ့ကြည့်ရင်း-
"အဲ... သိပ်တော့ မသေချာပါဘူး"
"တကယ်လို့ သူ့ကို တွေ့ရင် အဲဒီအိမ်ကိုတော့ စီစီ ဘယ်တော့မှ လိုက်လာမှာမဟုတ်ဘူးလို့ ပြောလိုက် ပါ၊ ဒါပဲ"
ဟု ပြောပြီး ခြေဆောင့်နင်းရင်း ပြန်ထွက်သွားသည်။ ပေါ်ဋ္ဌေးတစ်ယောက်တည်း ခဏကြာအောင် ကြောင်တောင်တောင် ငိုင်နေသည်။ ပြန်ဖို့ အချိန်တော်ပြီ။ သူ ထရပ်လိုက်ပြီး-
"ကျွန်တော် ပြန်ပါဦးမယ် ဦးလေးအောင်"
ဟု လှမ်းနှုတ်ဆက်သည်။ ဦးအောင်ကြီးက သူ့ကို စူးစူးရဲရဲကြီး ကြည့်ပြီး ပြောလိုက်သည်။

"မင်းလည်း ကြပ်ကြပ် သတိထားနေ"
ပေါ်ဋ္ဌေး လန့်သွားသည်။ သူတို့အကြောင်းတွေများ သိသွားပြီလား။ ရင်ရင်ငြိမ်းကများ လာတိုင်သွားပြီ လား။ မရဲတရဲ အကဲခတ်ကြည့်သည်။ ဦးအောင်ကြီးသည် ဘာမှထူးခြားဟန်မပြဘဲ မဂ္ဂဇင်းစာအုပ်ကို သာ ပြန်ဖတ်နေတာ တွေ့မှ ပေါ်ဋ္ဌေး စိတ်သက်သာရာရသွား၏။ ကိုယ်ကို ယို့၍ ခေါင်းငုံ့ပြီး အသာ လစ် ထွက်လာခဲ့သည်။
တံခါးဝမှထွက်လာသောအခါ အပြင်မှာ ရပ်စောင့်နေသော အဘွားကြီးကို တွေ့ရသည်။

"မင်း... ဟိုအိမ် သွားမှာမဟုတ်လား"
ဟု မေးသည်။ ပေါ်ဋ္ဌေး ခေါင်းညိတ်ပြလိုက်ရသည်။
"အောင်ချို့ကို ဒါလေး ပေးလိုက်ပါ"
ပြောပြီး စာအိတ်တစ်အိတ်ပေးသည်။ လက်တစ်လုံးလောက် ထူသည်။ ကြည့်ရတာ အထဲမှာ တစ်ထောင်တန် ငွေစက္ကူတစ်အုပ် ထည့်ထားပုံရသည်။

အိမ်တံခါးဖွင့်ထားသည်။ အထဲမ၀င်ခင်မှာပင်-
"အား... နာတယ် အမေရဲ့"
ဆိုသော အောင်ချို့အသံကို ကြားရသည်။ ပေါ်ဋ္ဌေး အိမ်ထဲ ၀င်လိုက်သောအခါ ဧည့်ခန်းထဲမှာ အောက် ပါမြင်ကွင်းကို တွေ့ရလေသည်။
ယောက္ခမအဘွားကြီးသည် အောင်ချို၏ပါးနှင့် မေးရိုးကို ဆေးလိမ်းပေးနေသည်။ အဘိုးကြီးက လက် နောက်ပစ်ပြီး အခန်းထဲမှာ ခေါင်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။
"အရိုးများ ကျိုးသွားသလား မသိဘူး"

ဟု အဘွားကြီးက စိုးရိမ်သော လေသံဖြင့် ပြောသည်။ အဘိုးကြီးက-
"ကျိုးတော့ မကျိုးလောက်ပါဘူး၊ ကျိုးရင် ဒီလို ဘယ်နေနိုင်မလဲ"
ပြန်လည် မှတ်ချက်ပေးနေစဉ် အဘွားကြီးက ပေါ်ဋ္ဌေးကို အရင်မြင်သည်။
"မောင်ပေါ်ဋ္ဌေးပါလား၊ ဟောဒီမှာ မင်းသူငယ်ချင်းတော့ အာဠာဝက လက်ချက်မိလာတယ်"
ဟု ဆီးပြောသည်။ အောင်ချိုက "ကျွတ် ကျွတ်..."ဟု ညည်းလိုက်ရင်း-
"ထိုင်ကွာ"

ပေါ်ဋ္ဌေး ၀င်ထိုက်သည်။ အဘွားကြီးက-
"ကိုအောင်ကြီးတစ်ယောက်ဟာ သိပ်ရက်စက်တာပဲ၊ အဖေရင်းမှ ဟုတ်ရဲ့လား မသိဘူး"
ဟု မကျေမချမ်းပြောသည်။ ထိုစကားမှာ အဘိုးကြီး စိတ်ကိုလည်း ဆွပေးလိုက်သလို ဖြစ်သွားပြီး-
"ဆုံးမတာလည်း ဆုံးမပေါ့ကွာ၊ ဒီအရွယ်ကြီးရောက်နေမှ ပါးစပ်ကပြောရင်လည်း ရပါတယ်၊ ဒီလို တဆုံးတဆ လုပ်စရာမလိုပါဘူး၊ ကိုအောင်ကြီး ဆိုတဲ့လူဟာ တကယ့် ဒေါသကုမ္မာရပဲ"
"ရှင့်သမီးရဲ့ စနက်လည်း ပါနိုင်တယ်"

"အေး... ဒါလည်း ဟုတ်တာပဲ၊ စီစီဟာ တိုးတိုးတိတ်တိတ် ကျိတ်ပြီး ပြဿနာရှာတတ်တယ်၊ ကိုယ့် သမီး အကြောင်း ကိုယ် သိတာပေါ့"
"အခုလည်း သူက ယောက္ခမတွေကို ကပ်ပြီး သွေးထိုးပေးတာ ဖြစ်မှာပေါ့၊ ဟိုကလည်း ပြောသမျှ ယုံမှာ ပဲ၊ စီစီက ချွဲချွဲပျစ်ပျစ် လုပ်တတ်တာကိုး"
ပေါ်ဋ္ဌေးမှာ ကျိတ်ပြီး ရယ်ချင်နေ၏။ လူကြီးများမှာ ခုလိုပဲ စွဲမိစွဲရာတွေ ဖြစ်တတ်သလား မသိ။ ကြည့်ရ တာတော့ အောင်ချိုက စီစီ့ကို သူလည်ပင်းညှစ်တဲ့အကြောင်းကိုတော့မပြောဘဲ ထိမ်ချန်ထားပုံရသည်။

"ကဲ ကဲ... စိတ်ပြေလက်ပျောက် အပြင်လေး ဘာလေး ထွက်ကြပါလားကွ"
ဟု အဘိုးကြီးက စကားစ တော့ အဘွားကြီးက-
"အို.. အပြင်မှာ မိုးက အေးသနဲ့၊ တော်ကြာ ဒဏ်ရာက ပိုရင်းလာပါဦးမယ်"
"ဒီတော့လည်း ရမ်နှစ်ပက်လောက် ချလိုက်ပေါ့၊ သွေးပူသွားရင် သက်သာသွားမှာပဲ"
"ရှင်က မြှောက်ပေးနေပြန်ပြီ"

"အဲ အဲ... ငါ့ဆီမှာ သားအကြီးကောင် ပေးထားတဲ့ ဘရန်ဒီတစ်ပုလင်း ရှိတယ်ကွ၊ ယူသွားပါလား"
"တော်ပါပြီ အဖေ၊ ကျွန်တော်တို့ လက်ဖက်ရည်ပဲ သွားသောက်တော့မယ်"
လက်ဖက်ရည်ဆိုင်ကို ထွက်လာကြတော့မှ ပေါ်ဋ္ဌေးက မေးသည်။
"စီစီကို မင်းလည်ပင်းညှစ်တဲ့ကိစ္စကိုတော့ မပြောဘဲ လျှိုထားတယ် မဟုတ်လား"

"ဟာ... လည်ပင်းညှစ်တာ မဟုတ်ပါဘူးကွာ၊ တစ်ချိန်လုံး ဗျစ်တောက် ဗျစ်တောက်နဲ့ ပြဿနာရှာလို့ စိတ်တိုပြီး ပခုံးကို လက်နဲ့ဖိပြီး တွန်းလိုက်တာကို စီစီက ကယ်ကြပါဦး... ကျွန်မကို လည်ပင်းညှစ်သတ် နေပါတယ်လို့ အော်တော့ အဘိုးကြီးက ပြေးဝင်လာပြီး ဘာမပြော ညာမပြောနဲ့ ပိတ်ထိုးတာကွ"
လက်ဖက်ရည်ဆိုင်မှာ ထိုင်မိကြတော့ ပေါ်ဋ္ဌေးက အောင်ချို့အမေ ပေးလိုက်သော စာအိတ်ကို ထုတ် ကမ်းလိုက်သည်။ အောင်ချိုက စာအိတ်ကိုဖွင့်၍ ဟကြည့်ပြီး- "ပိုက်ဆံတွေကွ" ဟု ပြောရင်း သက်ပြင်း  ချသည်။

"ဒါဟာ ငါ တော်တော်နဲ့ အိမ်ပေါ်ပြန်တက်ခွင့်ရမှာ မဟုတ်ဘူးလို့ အချက်ပြလိုက်တဲ့ သဘောပဲကွ၊ မင်း မရောက်ခင်ကတည်းက ဟိုဘက်အိမ်နဲ့ ဒီဘက်အိမ် ပြဿနာဖြစ်ကြသေးတယ်"
အောင်ချို ဒဏ်ရာကြီးနဲ့ ဖူးရောင်ပြီးရောက်လာတော့ ယောက္ခမအဘွားကြီးက စီစီ့ဆီ ဖုန်းလှမ်းဆက်ပြီး ဆူပူကြိမ်းမောင်းသည်။ အောင်ချိုက လည်ပင်းညှစ်ပါတယ် ပြောတာကို မယုံ၊ ညည်း ပလီပလာလုပ် တာ... ဟု ဆိုသည်။ ထိုအချိန်တွင် အောင်ချို့အမေက ဖုန်းကို လွှဲယူပြီး ၀င်ပြောသည်။ ဒီဘက်က အဘွားကြီးက စကားပိုတတ်သဖြင့် အောင်ချို့အမေ ခံနေရသည်။

ထိုအခါ ဦးအောင်ကြီးက ဖုန်းကို ဆွဲလုပြီး ၀င်ပါလာသည်။ သူက ဖိဟောက်နေသဖြင့် ဒီဘက်က အဘွားကြီးက-
"ရှင် ကျွန်မကို ငေါက်စရာမလိုဘူး။ ကိုယ့်ချွေးမ ကိုယ် နိုင်အောင် ထိန်း"
ဟု ပြန်အော်သည်။ နောက်တော့ ဒီဘက်က အဘိုးကြီးကပါ ၀င်ပြောရင်း လူကြီးနှစ်ယောက် ငြိကုန်ကြ သည်။ ဦးအောင်ကြီးက-
"ခင်ဗျားလို ခွက်ပုန်းနဲ့ စကားပြောရတာ ကျုပ် သိက္ခာကျတယ်"
ဆိုသဖြင့် ဒီဘက်က အဘိုးကြီး ပေါက်ကွဲပြီး-
"ခင်ဗျား သတ္တိရှိရင် နှစ်ယောက်ချင်း ချမလား"
ဟု ချဲလင်း ခေါ်တဲ့အထိ ဖြစ်ကုန်သည်။

"အဲဒါပဲကွ၊ အခြေအနေက တော်တော်တင်းမာသွားတာ၊ ငါတော့ ဒီအိမ်မှာ တစ်လ ကိုးသတင်း သောင် တင်နေတော့မှာပဲ"
ဟု အောင်ချိုက ပြောသည်။ ပေါ်ဋ္ဌေးလည်း စိတ်ဓာတ်ကျသွားတာပါပဲ။ အောင်ချိုတို့ ပြဿနာနှင့် လာ တိုးနေသဖြင့် သူ့လာရင်းကိစ္စကို ပြောဖို့ခက်သွားပြီကိုး။
"အဲဒါ မင်း ငါ့ကို ကူညီပါလား သူငယ်ချင်းရာ"
အောင်ချို က လေပျော့ကလေးဖြင့် ပြောသည်။

"ဘယ်လို ကူညီရမှာလဲ"
"အဖေ့ကို မင်း ပြောပေးပါလား"
"ဟာ... မဖြစ်ဘူး၊ အခုတောင် မင်းလည်း ကြပ်ကြပ်သတိထားလို့ ငါ့ကို ကြိမ်းလိုက်သေးတယ်၊ ငါ မပြောရဲဘူး"
"အမေကတစ်ဆင့် ပြောရင် ရနိုင်ပါတယ်"
အောင်ချို့အကြောင်း သူသိသည်။ ဒီကောင်က စီစီနဲ့ ကြာကြာခွဲနေနိုင်သူမဟုတ်။ ပေါ်ဋ္ဌေး အကြံတစ်ခု ရသွားသည်။
"အေးကွာ... စီစီက ဒီအိမ်ကို သူ ဘယ်တော့မှ လိုက်လာမှာမဟုတ်ဘူးလို့ ပြောတာ စိတ်ထဲက တကယ်ပါလို့ မဖြစ်နိုင်ဘူး၊ လူကြီးတွေ ရှေ့မှာမို့လို့ မင်းအဘိုးကြီး ကျေနပ်အောင် ပြောတာ ဖြစ်လိမ့် မည်။ သူ့ မျက်နှာကတော့ နည်းနည်းညှိုးနေသလိုပဲ"

"ဟုတ်တယ်၊ ဖြစ်နိုင်တယ်၊ စီစီ့အကြောင်း ငါ သိတယ်၊ ငါ့အပေါ်မှာ ကြာကြာစိတ်ဆိုးမှာ မဟုတ်ဘူး"
"ငါ စိတ်ကူးတာက ဒီလိုကွ၊ စီစီ့ကို အရင်သွားစည်းရုံးမယ်၊ အဲဒီကမှတစ်ဆင့် မင်းတို့အမေကို ပြော မယ်။ ဒီနည်းနဲ့ မင်းအဘိုးကြီးကို ချဉ်းကပ်ရမယ်"
"ကောင်းတယ်ကွာ၊ ကောင်းတယ်၊ မင်းကို ငါ အားကိုးပါတယ် သူငယ်ချင်းရာ"
သူ့အပေါ် ပုံပြီး ယုံကြည်မှုရှိပြီဆိုတော့မှ ပေါ်ဋ္ဌေးက
"တစ်ခုတော့ ရှိတယ်ကွာ၊ မင်းကိစ္စ အဆင်ပြောသွားပြီးရင် မင်း ငါ့ကို ပြန်ပြီး အကူအညီတစ်ခု ပေးရမယ်"

"ဘာလဲ ပြော"
"အဲဒီအချိန်ကျမှ ပြောမယ်"
"ဟင်... မင်းဟာက ဘာမှန်းလဲ မသိဘဲနဲ့"
"မင်းကို လုံးဝထိခိုက်နစ်နာမှု မဖြစ်စေရဘူး။ ငါ့ကိုယ်ရေးကိုယ်တာကိစ္စပဲ ဘယ့်နှယ်လဲ"
"ဒါဆို ပြီးရောကွာ"
"မင်း ကတိပေးတယ်နော်"
"အေး... ပေးတယ်"
အောင်ချိုက ခဏစဉ်းစားလိုက်ပြီး-
"ငါ စိတ်ကူးတစ်ခု ရတယ်ကွ။ ငါ့ကိစ္စ ရင်ရင်ငြိမ်းကို အကူအညီတောင်းရင် ကောင်းမယ်ထင်တယ်၊ သူ ပြောရင်တော့ အဖေက လက်ခံမှာပဲ"

လာပြန်ပြီ ရင်ရင်ငြိမ်း... ဟု ပေါ်ဋ္ဌေး စိတ်ထဲက ရေရွတ်လိုက်ပြီးမှ-
"မဖြစ်ဘူး။ ရင်ရင်ငြိမ်းက အနှောင်းတို့၊ ဒေစီပွင့်တို့ မြရီဝင်းတို့ကို လျှောက်ပြောချင်ပြောမှာ၊ လူသိများ ရင် စကားတွေ ရှုပ်ကုန်မယ်၊ မင်းလည်း သိက္ခာကျသွားလိမ့်မယ်။ မင်းလည်း ရင်ငြိမ်းဆီ ဖုန်းတွေ ဘာ တွေ မဆက်နဲ့၊ သိလား"
ဟု တစ်ခါတည်း နှုတ်ပိတ်ထားလိုက်ရ၏။
-------------------------------------------------

ကံညွန့်မောင် အိမ်ကို ရောက်လာပြီး ပေါ်ဋ္ဌေးဆီက ဟိုတစ်ခါ ချေးထားခဲ့သော ငွေကို ပြန်ဆပ်သည်။
"ငါလည်း အစောကြီးကတည်းက လာပြန်ပေးမလို့ပါဘဲ၊ သုံးစရာလေးတွေက ပေါ်ပေါ်လာတာနဲ့ နည်း နည်းနောက်ကျသွားတယ်ကွာ၊ ဟဲ ဟဲ"
"ရပါတယ်ကွာ၊ ငါက ဆုံးပြီလို့တောင် တွက်ထားတာ" ဟု ပေါ်ဋ္ဌေးက နောက်လိုက်သည်။
"ဒီလိုမှန်းသိရင် ပြန်မပေးပါဘူးကွာ" ဟု ကံညွန့်မောင်က ရယ်ရင်း ပြောသည်။

"မင်းရဲ့သားတွေကောကွ"
"ဟာကွာ... ယောက်ျားလေးတွေ မွေးထားရတာ မစားသာပါဘူး၊ တော်တော်ဆိုးတဲ့ကောင်တွေကွာ၊ ငါ ငယ်ငယ်တုန်းကအတိုင်းပဲ၊ မနိုင်ဘူး"
"မင်း ၀ဋ်လည်တာ ထင်တယ်"
"အေးကွ၊ ဟုတ်မယ်။ ဒါနဲ့ ရင်ရင်ငြိမ်းကော"
"မသိဘူး"
"ဟင်... မင်းကလည်း"
"ဟုတ်တယ်ကွ၊ သူ့ကို ငါ လိုက်ပြီး စောင့်ကြည့်နေတာမှ မဟုတ်ဘဲ၊ တစ်ခါ တစ်ခါကျရင် သူ ဒီအိမ်မှာ ရှိနေသေးလား။ မရှိတော့ဘူးလား ဆိုတာတောင် မေ့မေ့နေတယ်"
"မင်းတို့ဟာကလည်းကွာ၊ သိပ်ချစ်ခဲ့ကြရက်သားနဲ့၊ ဘာပြဿနာတွေ ဖြစ်ခဲ့ကြတာလဲဆိုတာ ငါ့ကို ပြောမပြနိုင်ဘူးလား"

"မသိချင်ပါနဲ့ကွာ၊ ကိုယ့်အကြောင်းနဲ့ ကိုယ်ပါ"
"ငါတို့ ကူညီပြီး ဖြေရှင်းပေးနိုင်မယ်ဆိုရင်..."
"ဟေ့ကောင်.. ဒါနဲ့ ရဲမော် နောက်ဆုံးဖော်ထားတဲ့ ဆေးဆိုတာ မင်း စမ်းသောက်ကြည့်ပြီးပြီလား"
ဟု ပေါ်ဋ္ဌေးက စကားလွှဲလိုက်သည်။ ဒါမျိုး စိတ်ဝင်စားတတ်သော ကံညွန့်မောင် က လည်း အာရုံ ပြောင်း သွားပြီး စပ်ဖြဲဖြဲ လုပ်ရင်း-
"စမ်းပြီးပြီ၊ မဆိုးဘူး၊ နိုင်ငံခြားဆေးတွေနဲ့ ယှဉ်နိုင်တယ်"
"မင်းကတော့ကွာ၊ နွားသိုးကို အတောင်ပံ တပ်ပေးလိုက်သလို ဖြစ်နေပြီ"
"အမယ်... ရဲမော်က ဒီဆေးကို ဖွဲတစ်ဆုပ်အားဆေး ဆိုပြီး စီးပွားဖြစ်ထုတ်ဖို့တောင် စိတ်ကူးနေပြီ၊ အင်း... မင်းအတွက်တော့ အသုံးဝင်မှာ မဟုတ်ပါဘူးကွာ၊ မင်းက အခု အလုပ်လက်မဲ့ ဖြစ်နေပြီပဲ"
"ဘာအလုပ်လက်မဲ့လဲ"

"မင်းတို့လင်မယားက ခပ်စိမ်းစိမ်းဖြစ်နေကြပြီ မဟုတ်လား၊ ဒါကြောင့် မင်း အလုပ်လက်မဲ့ ဖြစ်နေပြီလို့ ပြောတာ"
ပေါ်ဋ္ဌေးက မချိုပြုံး ပြုံးနေလိုက်သည်။ ကံညွန့်မောင်က ဆက်၍-
"ဒါကြောင့် ငါ မင်းကို မကြာခဏ ပြောတယ်၊ အိမ်ကွင်းမှာ မကန်ရရင် အဝေးကွင်းမှာ ကန်ပေါ့ကွာ"
"ဟာ... ငါ ဒါမျိုးတွေ ၀ါသနာ မပါဘူး"

"မင်း မကြုံဖူးသေးလို့ပါကွာ"
"ငါက ရွံတတ်တယ်ကွ၊ တခြား မိန်းမ တွေ ဆိုရင် မသတီဘူး"
"အိမ်က ကားပျက်နေတဲ့အခါ တက္ကစီငှားစီးသင့်ရင် စီးရတာပဲ၊ တစ်ခါတလေ တက္ကစီကတောင် ပိုပြီး ဇိမ်ကျနေသေးတယ်"
"မင်းကတော့ကွာ... ခုထိ မမှတ်သေးဘူးလား၊ ဒီတစ်ခါဆိုရင် ငါ ပိုက်ဆံမချေးတော့ဘူးနော်"

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>