Showing posts with label တင့်တယ် ၏ ကမ္မဖလ. Show all posts
Showing posts with label တင့်တယ် ၏ ကမ္မဖလ. Show all posts

Sunday, September 18, 2011

တင့်တယ် ၏ ကမ္မဖလ အပိုင်း (၁၉) (ဇာတ်သိမ်း)

နောက်ဆုံးရယ်သံ

ကျွန်ုပ် ကြိုးစင်ထက်၌ သေရမည့်ရက်ကား နှစ်ရက်သာလိုပေတော့သည်။ နှစ်ရက်ဆိုသော်လည်း ကျွန်ုပ် တွင် စာရေးအားသည့် ရက် ဤယနေ့ တစ်ရက်သာလျှင် ကျန်၏။ နက်ဖြန်ဆိုလျှင် ဘုန်းကြီးနှင့် တရားနာ ခြင်း။ အစားကောင်း အသောက်ကောင်း စားခြင်းစသော ကြိုးပေးခါနီး လူကို ပေးမြဲ အခွင့်အရေးတွေနှင့် ရှုပ် ထွေးနေ၍ ကျွန်ုပ်တွင် စာရေးနိုင်ဖို့ အချိန်ရမည် မဟုတ်။ တွေ့စရာ လူတွေကိုလည်း တစ်ပုံတစ်ခေါင်း တွေ့ ရပေဦးမည်။ ထို့ကြောင့် ယနေ့အချိန်ကလေးရှိခိုက်တွင် ကျွန်ုပ်ဖြစ်စဉ် သမိုင်းနောက်ဆုံးပိုင်းကို အားခဲ၍ ရေး ရပေဦးမည်။ သေဘေးနှင့်နီးကပ်လှပြီဖြစ်သောကြောင့် ယနေ့ လက်ရေးများပင် မမှန်ချင် လှပေ။ သို့သော် ကံတရားကို ပြက်ချော်ချော်နှင့် သရော်ကာ နောက်ဆုံးရယ်သံဖြင့် ရယ်မောခဲ့ရပေဦးမည်။

အချိန်မရတော့ပြီ။ အတိုချုံးကြဦးစိုး။ ကျွန်ုပ် အမှီရှိရာသို့ ပြန်ရောက်သောအခါတွင် ဖခင်နှင့် မောင်အရင်း ရေမြှုပ်ဗုံးထိ၍ မော်တော်ပျက်ကာ သေရပုံကို ကျွန်ုပ်မပြော။ တက်မကိုင်ကြီးကို ပြောစေရ၏။ ကျွန်ုပ် မူကား နှလုံးကွဲအံ့ သကဲ့သို့ ပူပန်သောဟန်ဖြင့် မျက်ရေ တစမ်းစမ်းထုတ်၍ စိတ်မချမ်းသာလွန်းမက မချမ်းသာ သောဟန်ကို ဆောင်ရပေသည်။ သတင်းကြားရစ၌ အမှီခမျာမှာ ငိုဖို့မျှ အချိန်မရ ရင်ဝတွင် အလုံး ဆို့လျက် တစ်မနက်လုံးပင် တက်တစ်ခါ ချက်တစ်ခါနှင့် ရှိလေတော့သည်။ မောင်ညိမ်းအောင် ၏ ဇနီးမှာ လည်း ထို့အတူပင်ဖြစ်၏။ ကျွန်ုပ်မှာ မတော်တဆ အမှီများရင်ကွဲ၍ အသက်ပျောက် သွားရှာ လေမည်လား ဟုပင် စိုးရိမ်မိ၏။

နေ့လယ်ပိုင်းသို့ ရောက်သောအခါမှာမှ အတက်အချက်ရပ်ကာ အိပ်ရာထဲ၌ခွေ၍ မျက် ရည်တွေတွေစီးဖြာ သနားစရာ ဖြစ်နေပေတော့သည်။
ဆယ်သိန်းတန် အမှီအား ၀ိုင်းဝန်းပြုစုကြသော ဆွေမျိုးတွေ တစ်ပုံတစ်ခေါင်းလည်း အိမ်တွင် တရုံးရုံးဖြစ် နေ၏။ ယောက်ဖ၏၊ နှမ၀မ်းကွဲ၏၊ ယောင်းမ၏၊ တူသုံးဝမ်းကွဲ၏၊ မိထွေး၏ စသည်ဖြင့် အဝေးကြီးက ဆွေ မျိုးစပ်ဟပ်ကာ လာရောက်ကြသူတွေကို ကြည့်ကာ ကျွန်ုပ်မှာ ရယ်ချင်လှပေတော့သည်။ သို့သော် ပရိယာယ် မာယာအလုပ်ကို ကမ္မ၀ါထုပ်နှင့် ယပ်တောင်ကိုထမ်းကာ သပိတ်ကိုလွယ်၍ ဖိနပ်တကိုင်ကိုင် လိုက်ခဲ့ရစဉ် ကတည်းက တတ်မြောက်ခဲ့ပြီးဖြစ်သည့်အလျောက် မည်သူ့ကိုမျှ စကားဖွင့်ဟ မပြောဘဲ ချောင် တစ်ချောင် တွင် ခပ်ကုပ်ကုပ်ထိုင်ကာ ပူပုံပန်းရုပ်ကို အတွင်သားထုတ်၍ နေရပေတော့သည်။

ခုနှစ်ရက်လည်သောအခါ ထုံးစံအတိုင်း သပိတ်သွတ်ကြရ၏။ " အလောင်းကိုမှ မမြင်ရပါကလား ဖေဖေတို့ ကိုကိုတို့ရေ" ဟု အသံကုန်ဟစ်ခါ ငိုရင်းတက်သွားသော အမှီ၏ ဒုက္ခကို ကျွန်ုပ်မှာ ပွေ့ပိုက်၍ ချော့မော့ လိုက်ချင် ပါသော်လည်း လူမြင်၍ ကောင်းအောင် ခပ်ဝေးဝေးကပင် မျက်ရည်စကို တွင်တွင်ထုတ် လက်ကိုင် ပ၀ါ နှင့် ဟန်ပါပါသုတ်ခါ ဣနြေ္ဒရရ အပိုးသေသေ နေရပေ၏။ အမှီနှင့် အကြောင်းဆက်၍ ပေါင်းဖက်ရန် မှာ ကား အနည်းဆုံး တစ်လလောက်တော့ စောင့်ရပေဦးမည်။ ကိစ္စမရှိပါ။ စောင့်နိုင်ပါပြီ။

အကယ်တိပင် တစ်လခန့် စောင့်ရ၏။ အမှီကား စိတ်မကောင်းတိုင်း တရားဘာဝနာကိုသာ ကြပ်ကြပ်ကြီး စီးဖြန်းလျက်လူ၏ ကျန်းမာရေးကိုပင် ထိခိုက်စ ပြုလာပေတော့သည်။ ကျွန်ုပ်မှာလည်း ရန်ကုန်သို့ ရုတ်တ ရက် မပြန်ဖြစ်သေးဘဲ ဦးဒေါနတို့ ထားပစ်ခဲ့သော လုပ်ငန်းကြီးများကို လက်ထောက်များ၊ မန်နေဂျာများ၊ ကိုယ်စားလှယ်များ နှင့် စည်းရုံး၍ အလုပ်မဖြစ်သော အလုပ်များကို လုပ်ပေးနေရသေး၏။
ရန်ကုန်ရှိ မန်နေဂျာထံမှ အစီရင်ခံစာများ ရောက်ရာတွင် အစစအရာရာ ချောမောပြီး အဆင်ပြေကြောင်း များသာ ပါသဖြင့် ရန်ကုန်အတွက် အတန်ငယ် စိတ်အေးရပေတော့သည်။
တစ်လခန့်ကြာသောအခါတွင် ကျွန်ုပ်မှာ မပြောမပြီး မတီးမမြည်ဟူသော စကားပုံအတိုင်း အမှီ၏ ယောင်းမ နောက်ဖေးဆောင်၌ ထမင်းချက်ကလေးများကို စီမံနေခိုက်အလစ်တွင် အိမ်ရှေ့၌ ဆွမ်းလောင်းရာ ပြန်ဝင် လာသူ အမှီအား " ညီမလေးခဏ" ဟု ခေါ်လိုက်ရ၏။

အမှီလည်း ယောဂီရောင် တဘက်ကလေးကို လောဘက်ထိုး၍ ညှိုးငယ်သော မျက်နှာနှင့် ကျွန်ုပ်၏ မျက်နှာ ချင်းဆိုင်တွင် ၀င်၍ထိုင်ရှာပေသည်။ ကျွန်ုပ်ကား ယခင်အနှစ် နှစ်ဆယ်ကျော်က ရာရာသသဟူ၍ နှင်အချခံ ရသော ဆိုဖာပေါ်တွင် ဇိမ်ရှိရှိထိုင်ရာက " အစ်ကိုကံကောင်း ရန်ကုန်ပြန်ဦးမှ ဖြစ်မယ်ထင်တယ်အမှီ" ဟု စကားစ လိုက်ရာ အမှီလည်း တွေ၍နေရာက လက်တွင် ကပ်ပါလာသော ဆွမ်းလုံးကလေးများကို ထွေးခံထဲ သို့ချရင်း "ဒီကအလုပ်တွေကလည်း အစ်ကိုကံကောင်းမရှိရင် မဖြစ်တော့၊ အမှီတော့ မတွေးတတ်ဘူး မတွေး တတ်ဘူး" ဟု ညည်းရှာပါသည်။

ဤတွင် ကျွန်ုပ်က " ဒီလိုဆိုရင်လည်း ရန်ကုန်က အလုပ်တွေကိုလက်စဖြုတ်လိုက်မှ ဖြစ်မလားဘဲအမှီ၊ အစ်ကို ကံကောင်းလည်း မတွေးတတ်သလောက်ပဲ၊ ရန်ကုန်က အလုပ်ကလည်း ဆန်စက်တွေ အိမ်တွေ ရှိနေပြန်တော့ ကြိုးကြိုးစားစား ပြုစုပျိုးထောင်လာရတဲ့ အလုပ်မို့ ပြန်ဖျက်ပစ်ရမှာလည်း နှမြောစရာကြီး ဖြစ် နေတယ်အမှီ။ တကယ်လို့ ရန်ကုန်အလုပ်ကို ဦးပြန်ပြီးစီးရပြန်ရင်လည်း ဒီက အလုပ်တွေက တစ်ဘက်ပဲ၊ ရန်ကုန်အလုပ်ကို ဖြုတ်ပစ်ဖို့ကလည်း မလွယ်ဘူးအမှီ" ဟု ပြောရ၏။

နောက်ဆုံးစကားတစ်ခွန်းမှာ အမှီနှင့် ကျွန်ုပ်တို့ မောင်နှမ၀မ်းကွဲ တစ်အိမ်ထဲ အတူတူနေကြခြင်းမှာ လူကြီးမိဘများ မရှိစမို့ တင့်တယ်သော်လည်း ကြာသောအခါတွင် အများ၏ အထင်၌ တစ်မျိုးတစ်ဖုံတွေ ဖြစ်လာမည့် အရေးကို အမှီမြော်တွေးမိစေရန် စကားရိပ်ပေးလိုက်ရခြင်းဖြစ်၏။ ကျွန်ုပ်၏ စိတ်တွင်ကား အများ ထင်သလို လျင်မြန်စွာ ဖြစ်ပါစေဟု ဆုတောင်းနေသူဖြစ်၏။ သို့သော်လည်း အမှီ၏ သဘောထား ကိုကား ဘာမျှ မသိရသေး။ ထို့ကြောင့်ပင် စကား ရိပ်ပေးရ၏။ အမှီက ကျွန်ုပ်အား ကြည်ဖြူသော လက္ခဏာ ရှိပါလျှင် ကျွန်ုပ်သည် အနုနည်းနှင့် တမျှဉ်းမျှဉ်း ဆွဲ၍ ကြံစည်ရန်သာ ကျန်တော့၏။ အကယ်၍ စိတ်မတူပါကလည်း အကြမ်းနည်းနှင့် ကိုင်လျှင် အိမ်တွင်း ပုန်းအပျိုကြီး မမမှီမှာ တစ်ခါတည်း ပျော့ခွေသွားဖို့သာရှိ၏။ ထမင်းလက်သုတ်သယ် ၏ သမီးလို လက်ကို ဆွဲကာမျှဖြင့် ရုပ်ရှင်ဈေးတန်း လူလယ်ခေါင် ၌ " လက်ကို ဆွဲလို့ပါတော်" ဟု မရှက်မကြောက် ခုနစ်သံ ခြောက်ပေါက်နှင့် အော်ဟစ်နိုင်သူ လူတန်းစား မဟုတ်ပါပေ။

အမှီခမှာလည်း အတော်ပင် အစဉ်းစားရကြပ်၍ နေဟန်ဖြင့် " အမှိလည်း အဘက်ဘက်က တွေးတာပါပဲ အစ်ကိုကံကောင်း ရယ်၊ ဘယ်လိုမှ တွေးလိုပမရဘူး။ ဒီက လုပ်ငန်းတွေကိုလည်း မိဘလက်ငုတ်မို့ မဖြုတ် ရက်ဘူး။ ရန်ကုန်က အလုပ်ကိုလည်း အစ်ကိုကံကောင်း တစ်ပင်တစ်ပန်း ကြိုးကုတ်ထားရတဲ့အပြင် ဆန် စက်တွေ အိမ်တွေနဲ့ ကြိုးကုတ်ထားရတဲ့ အလုပ်မို့ အဖြုတ်မခိုင်းရက်ဘူး။ ရန်ကုန်က အလုပ်ကို ဖြုတ်ပြီး ဒီကိုသာ ဂရုစိုက်ရမယ် ဆိုပြန်ရင်လဲ ... အဲ ... ခက်တယ် ... ခက်တယ် အမှီ မတွေးတတ်ဘူး "ဟု ခေါင်း ကိုသာ တွင်တွင်ကုတ်ရှာပေတော့သည်။ ဤမျှဖြင့် အမှီ ကျွန်ုပ်၏ အပေါ်၌ စိတ်ထားမရိုင်းကြောင်းကို သိ သာပေပြီ။ အကယ်၍သာ ကျွန်ုပ်ကို မလိုလားပါက အဝေး၌ နေရန်သာပြောမည် ဖြစ်၏။ ယခုမူကား အမှီမှာ ဖခင် နှင့် အစ်ကိုတို့ အနိစ္စရောက်ပြီးနောက် တစ်လမျှသာ ရှိသေးသဖြင့် ဘာမျှ အတည်တကျ မဆုံးဖြတ်ဝံ့ သလိုသာ စိတ်ဝေ၍ နေရခြင်းဖြစ်ရာ ကျွန်ုပ်လည်း အားတက်သမျှ တက်မိလျက် ...

" အေးလေ ... အစ်ကိုကံကောင်း ရန်ကုန်က အလုပ်ကို အခုလုပ်နေတဲ့ မန်နေဂျာနဲ့ လက်ထောက်တစ် ယောက် ထပ်တိုးပြီး သုံးလလောက် လွှဲထားကြည့်မယ်၊ ဟန်ကျရင်လည်း ကျပေါ့ ဟုတ်လား ... မကျရင် လည်း တဖြည်းဖြည်းဖြုတ်ပြီး ဒီက အလုပ်ကိုပဲ ပြန်လုပ်မယ်၊ မဖြုတ်ခင်တော့ သွားချည်လာလှည့် နေရမှာ ပဲ၊ ဘယ့်နှယ့်လဲ" ဟု စကားတစ်ဆင့်တက်၍ အကြံပေးသလိုလိုနှင့် (အစ်ကိုကံကောင်းဒီမှာ ပြန်နေစေချင် သလား) ဟူသော အဓိပ္ပာယ်ကို ဖော်ကာမေးလိုက်၏။ အမှိလည်း ကျွန်ုပ်အား တစ်ချက်မျှကြည့်ရှာပြီးမှ " အစ်ကိုကံကောင်း သင့်သလိုသာ စီမံပါလေ ... အမှီကတော့ မိန်းမသားဆိုတော့ ဘာမျှ အထူး မပြောတတ် ပါဘူး၊ အစ်ကိုကံကောင်း ပြောတဲ့ သုံးလကုန်တော့မှ တိုင်ပင်ကြသေးတာပေါ့။ ဟော ကိုယ်တော်တွေ ရပ် နေပြန်ပြီ" ဟု ပြောပြောဆိုဆို ဆွမ်းဇလုံကိုပိုက်၍ ဆွမ်းလောင်းရန် ဆင်းသွား၏။ ကျွန်ုပ်ကား သန်းထီ ပေါက် ပေပြီ၊ နောက်သုံးလကြာလျင် အမှီသည် ယခုထက်ပို၍ သွားလေသူတို့အတွက် စိတ်အေးမည်။ ထို အခါကျမှ လေချိုနှင့် နှူးကာ မြူးရမည့် နှစ်ပါးသွားစခန်းကို ဖွင့်ရပေတော့မည်။ အနှစ်နှစ်ဆယ်ကျော် သည်း ခံ ၍ စောင့်ခဲ့ပြီးရာတွင် သုံးလစောင့်ရသည်မှာ ကျွန်ုပ်၌ အသို့လျှင် တာဝန် လေးပါအံ့နည်း ...

သို့သော် ကျွန်ုပ်မှာ သုံးလဝေးစွ တစ်ရက်မျှပင် စောင့်ခွင့်မရတော့ပေ။ အဘယ့်ကြောင့် ဆိုသော် အမှီဆွမ်း လောင်းပြီး၍ ပြန်တက်အလာတွင် သူ့နောက်မှ မြို့ရှိ တိုက်ပိုင်အင်စက်တော်မင်းပါ၍လာ၏။ ရန်ကုန်၌ နေ စဉ်က အာဏာပိုင်သူများကို လက်ပွန်းတတီး ဖော်လံဖားကာ ပေါင်းခဲ့သော ကျွန်ုပ်သည် အင်စပက်တော် မင်း အား " ကြွပါ ... ကြွပါ ... " ဟု လောကွတ်ပျူငှာဆီး၍ ကြိုလိုက်၏။ အင်စပက်တော် မင်းလည်း ကျွန်ုပ်နှင့်ဝင်၍ ထိုင်ရာက " ဦးကံကောင်း အားလပ်ရင် ကျွန်တော့်အိမ်ကို ခေတ္တကြွပါလားခင် ဗျာ၊ ရန်ကုန်က ဧည့်သည်တစ်ယောက်က တွေ့ချင်တယ်ဆိုလို့ ကျွန်တော် လာခဲ့ရပါတယ် ... "ဟု သာယာ ညင်းပျောင်းပြော၏။

ကျွန်ုပ်ကား ဤအင်စပက်တော်သည် ကျွန်ုပ်တို့ထံ၌ မင်းကတော်၏ လက်ကောက်များ ကို လာ၍ ပေါင်နှံ ထားရသူ ဖြစ်သည့်တိုင် သူ့အာဏာကို ကျွန်ုပ်၏ အကျိုးအတွက် လက်ကိုင်တုတ် လုပ် သောအခါတွင် လုပ်ရသောကြောင့် " ... ဟုတ်လား၊ ဒီအိမ်ကိုပဲ ခေါ်ခဲ့ရောပေါ့ ခင်ဗျာ၊ အိမ်ကိုပါ ရောက်ဖူး သွားအောင် ဘယ်သူများပါလိမ့် ... " ဟု ဆိုလိုက်ရ၏။ ထိုအခါ အင်စပက်တော်မင်းက ပြုံး၍ " ဟိုရောက် တော့ တွေ့ပါလိမ့်မည်ဗျာ ...၊ ကိုင်း ... သွားကြရအောင်" ဟု ပြောသဖြင့် ကျွန်ုပ်လည်း အင်စပက်တော် မင်းနှင့် စကားတပြောပြော လိုက်ခဲ့ပြီးလျှင် ရန်ကုန်က ဧည့်သည်ကို တွေ့ရန် ဇောသန်နေမိ၏။

ရန်ကုန်မှလာသော ဧည့်သည်ကလည်း ကျွန်ုပ်အား တွေ့ဆုံရန် အလွန်ဇောသန်၍ နေပေသည်။ အကြောင်း မူကား ထိုဧည့်သည်မှာ ရန်ကုန် စုံထောက်ဌာနမှ ၀န်ထောက်ကလေးတစ်ဦးဖြစ်နေသောကြောင့်တည်း။

ထို့နောက်တွင် ဖြစ်ပျက်သမျှတို့ကား သတင်းစာကြီးများတွင် အကြီးအကျယ် ရေးသားနေကြပြီးဖြစ်၍ အသေးစိတ် မဖော်ပြလိုတော့။ ဖော်ပြရန် အချိန်လည်း မရတော့။ စုံထောက်ဌာနမှ ၀န်ထောက်ကလေးနှင့် အတူ၊ ကျွန်ုပ်ရန်ကုန်သို့ လိုက်ခဲ့ရ၏။ အလုပ်တိုက်သို့ကား မရောက်။ ထောင်ကြီးချုပ်သို့ ရောက်ရပေသည်။ ကျွနုပ်အမှီတို့ထံသို့ ထွက်ခဲ့သည့်နေ့နံနက်က စက်သူဌေး ဦးစိန်မောင်မှာ ဦးခေါင်းတွင် ပုလင်းဖြင့် အရိုက်ခံ ရသော ဒဏ်ရာများဖြင့် သေဆုံးနေ၏။ အလောင်းအနီးတွင် တွေ့ရသော ပုလင်းခွံ၌ လက်ရာများ ထင်၍ ကျန်ရစ်ခဲ့ရာ စုံထောက်ဌာနမှ ဓာတ်ပုံရိုက်၏။ ထို့နောက် စက်ဝင်းစောင့် ဒရ၀မ်ကြီးကို စစ်ဆေးရာ ကျွန်ုပ် တစ်ဦးတည်းသာ ဦးစိန်မောင် သေမည့်ညက လာကြောင်း သက်သေထွက်၏။

ထို့နောက် ကျွန်ုပ်ရှိရာ အမှီ တို့မြို့ရွာ ပုလိပ်ဌာနသို့ လျှို့ဝှက်စာရေးကာ ကျွန်ုပ်၏ လက်မပုံစံကို ဖယောင်းထင်၍ ကျန်ရစ်အောင် ကြံစီ၍ ယူကြ၏။ ထိုဖန်ကွက်ကို ရန်ကုန်သို့ ပို့လိုက်ရာ ဦးစိန်မောင်၏ အလောင်း နား၌ တွေ့ရသော အရက်ပုလင်းခွံမှ လက်ရာများနှင့် တိုက်ကြည့်သည်၌ ထပ်တူ ဖြစ်နေသောကြောင့် ကျွန်ုပ်အား လူသတ်မှု ဖြင့် ဖမ်းဆီးရန် ၀ါးရမ်းကို ကျွန်ုပ်ရှိရာသို့ စုံထောက် ဌာနမှ ၀န်ထောက်ကလေး လိုက်လာခြင်းဖြစ်၏။

ဤမျှ ကြာရှည်စွာ အမှုပိုင်အောင် ပုလိပ်ဘက်မှ စေ့စေ့ စပ်စပ်လိုက်နေရခြင်းကား အခြားမဟုတ်၊ ကျွန်ုပ် တွင် အာဏာပိုင် မိတ်ဆွေများရှိသဖြင့် စုံထောက်ဘက်မှ မသေချာဘဲ မဖမ်းဝံ့ပဲ ရှိခြင်းဖြစ်ပေသည်။
ကျွန်ုပ် အား ရုံးတင်၍ စစ်ပုံကို အနည်းငယ် ဖော်ပြလိုပေသေးသည်။ အစိုးရရှေ့နေကြီးနှင့် ကျွန်ုပ်တို့ ဤသို့ မေးကြဖြေကြ၏။

(အမေး)    ဦးကံကောင်းနဲ့ ဒေါ်သီလစာရီတို့ဟာ ငယ်ငယ်က အတူတူနေခဲ့ကြတာဟာ ဒေါ်သီလစာရီဟာ မသန့်ဘ၀နဲ့ ဦးစိန်မောင်နဲ့ လက်ထပ်တဲ့အထိပဲ မဟုတ်လား။
(အဖြေ)    ဟုတ်ပါတယ်။
(အမေး)    ဘယ်အရွယ်တွေရှိကြပြီလဲ ...
(အဖြေ)    ကျွန်တော်က အသက်အစိတ်၊ အသန့်က ၁၉ နှစ်ပါ။
(အမေး)    ဘယ်လို အငြိအစွန်း ရှိဘူးသလဲ။
(အဖြေ)    မရှိပါဘူး။
(အမေး)    ကောင်းပြီ ရန်ကုန်ကို ဦးကံကောင်းရောက်လာတော့ မသန့်ဟာ ဦးကံကောင်းရဲ့တိုက်ကို လာတတ်သလား...
(အဖြေ)    လာတတ်ပါတယ်။
(အမေး)    အဖော်နဲ့လား၊ တစ်ယောက်တည်းလား။
(အဖြေ)    တစ်ယောက်တည်းပါ။
(အမေး)ဒီတုန်းက ဘာအငြိအစွန်းရှိသလဲ။
(အဖြေ)    မရှိပါဘူး။
(အမေး)    ကောင်းပြီ ... ဒီနေ့ ဒီရက် တုန်းက မသန့်ဟာ ဦးကံကောင်းရဲ့ အခန်းမှာ ဦးကံကောင်းနဲ့အတူတူ ရှိနေတုန်းက တိုက်တံခါး ပိတ်ထားသလား၊ ဖွင့်ထားသလား။
(အဖြေ)ပိတ်ထားပါတယ်။
(အမေး)    ဦးစိန်မောင်လိုက်လာတော့ တံခါးထုသလား၊
(အဖြေ)    ထုပါတယ်။
(အမေး)    ဦးစိန်မောင်နဲ့အသန့်ဟာ တစ်ယောက်တစ်ကွဲစီပြန်သွားကြတဲ့နောက်မှာ ဦးကံကောင်းဟာ ချာချီ လမ်း မသန့်ဆီကို သွားသလား။
(အဖြေ)    သွားပါတယ်။
(အမေး)    သည့်နောက် ချက်ခြင်းပဲ ဦးကံကောင်းဟာ ခနောင်တိုကို လိုက်သွားသလား။
(အဖြေ)    လိုက်သွားပါတယ်။ ဆန်စက်တွေကို မီးရှို့မှာ စိုးလို့ပါ။
(အမေး)    ကောင်းပြီ ... ဟိုရောက်တော့ ဦးစိန်မောင်ကို ဦးကံကောင်းက လက်သီးနဲ့ ထိုးတယ် မဟုတ်လား။
(အဖြေ)    ထိုးမိပါတယ်၊ သည့်အပြင်တော့ ဘာမှမဟုတ်ပါဘူး။
(အမေး)    နောက်တစ်နေ့ မနက်ကျတော့ ဦးစိန်မောင် သေနေတာကို တွေ့ကြရတယ်။ ခေါင်းမှာလည်း တုံး သောလက်နက်နဲ့ ရတဲ့ ဒဏ်ရာတွေရှိတယ်။ အလောင်းနားက ပုလင်းခွံမှာ သွေးစတွေနဲ့ ဦးကံကောင်းရဲ့ လက်ရာနဲ့ တစ်ထပ်တည်းတူနေတဲ့ လက်ရာတွေ တွေ့ရတယ်။ အဲဒါ ဘာပြုလို့ ထင်သလဲ။
(အဖြေ)    ကျွန်တော်သူ့ကို သိပ်တော့ ဇက်ကြီးခေါက်ကွေးနေတာနဲ့ သူ့ပါးသွယ်ကို ကိုင်ပြီး ပြင်ပေးရာမှာ လက်ကို သူ့ပါးက သွေးတွေ ပေပါလိမ့်မယ်။ နောက်ပြီးတော့ စားပွဲခင်းကို ခြုံပေးဖို့ ဖယ်ရာမှာ အရက် ပုလင်း အလွတ်ကို ဖယ်တော့ ကျွန်တော့်လက်ရာတွေဟာ အရက်ပုလင်းမှာ ထင်ကျန်ရစ်ခဲ့တာ ဖြစ်ပါ လိမ့်မယ်။
(အမေး)    ကောင်းပြီ ... အနီထောင်ဒိုင်က ဦးစိန်မောင်ကို အရက်ပုလင်းတစ်လုံး ပေးလိုက်တယ်လို့ သက်သေ ခံတယ်။ အခုသက်သေတင်ထားတဲ့ အရက်ပုလင်းပါပဲလို့လည်း စစ်ခံတယ်၊ ဒါဖြင့် ဒီပုလင်းနဲ့ မရိုက် ဘယ်ပုလင်းနဲ့ ရိုက်မလဲ။
(အဖြေ)    ဦးစိန်မောင် သူ့ဖာသာသူဝယ်ခဲ့တဲ့ အရက်ပုလင်းတစ်လုံး ရှိပါသေးတယ်၊ ဂျင်ပုလင်းပါ၊
(အမေး)    အဲဒီ ပုလင်းကို အလောင်းနားမှာ မတွေ့ပါကလား၊ ဘယ်ရောက်သွားတယ်ထင်သလဲ။
(အဖြေ)    မထင်တတ်ပါဘူး။

ဤမျှဖော်ပြရုံဖြင့်ပင် ကျွန်ုပ်၏ အမှုသွားကို သိလောက်ပေပြီ၊ လူသတ်မှုဖြစ်လျှင် ဘာ့ကြောင့် သတ်သည် ဟူသော စိတ်အရင်းခံအချက်ကို ရှာရလေ့ရှိသည်။ ကျွန်ုပ်နှင့် အသန့်တို့က ဘာပဲထွက်ထွက် ဘေးလူတို့ အမြင်တွင် ကျွန်ုပ်နှင့် အသန့်မှာ ငယ်စဉ်က သမီးရီးစားဖြစ်၊ ဦးစိန်မောင်က ငွေနှင့်ပေါက်၍ ယူသော ကြောင့် ကွဲ၊ ရန်ကုန်၌ ပြန်အတွေ့တွင် အချစ် နလန်ထ၊ ဦးစိန်မောင်က လိုက်ချောင်း၍မိ၊ ဒေါပွ၍ ဦးစိန်မောင် အပြန် တွင် ကျွန်ုပ်က လိုက်၍သတ်သည်ဟု ထင်ကြပေသည်။ ကျွန်ုပ်နှင့် အသန့်တို့၏ ထွက်ချက် များကို မည်သူမျှ မယုံကြ။ ထို့ကြောင့် ကျွန်ုပ်မှာ သဘက်ခါ နံနက်တွင် ကြိုးစင်သို့ တက်ရပေ တော့မည်။

နိဂုံးချုပ်ရပေတော့မည်။ ကျွန်ုပ်၏ ဆန်ခိုးမမိ ဖွဲခိုးမိသောအဖြစ်မှာ ရယ်စရာပင်ကောင်းလှ၏။ လူခုနစ် ယောက်၏ အသက်ကို ကျွန်ုပ်သွေးအေးအေးနှင့် သတ်ခဲ့သမျှတို့မှာ ပိပိရိရိ ရှိလှသဖြင့် တစ်စွန်းတစ်စ သံသယ ပင် အထင်မခံခဲ့ရပေ။ ယခုမူကား ဦးစိန်မောင်သေရသည့်အမှုတွင် ကျွန်ုပ်အား အခြောက်တိုက် အမှု ပတ်ခါ အသနားခံစာပင် ပယ်ချ၍ကြိုးစင် တက်ရတော့မည်မှာ ဆန်းလှ၏။ ရယ်စရာလည်းကောင်း၏။

ဦးစိန်မောင်အား ကျွန်ုပ်သိပ်ထားခဲ့ရာတွင် တစ်ယောက်ယောက်က ၀င်၍ ပုလင်းနှင့် ရိုက်သတ်ခါ ပုလင်းပါ ယူ၍ ခြေရာဖျောက်သွားခြင်းမှာကား ကျွန်ုပ်တစ်ဦးတည်းသာ နားလည်၏။ အခြား မည်သူတို့ကမျှ နားမ လည်ပေ။ ယုံလည်းမယုံကြပေ။ တကယ့် လက်သည် အဘယ်ဆီ၌ ရှိကြသည်ကိုကား ကျွန်ုပ်လည်း မသိ။ မည်သို့ပင် ဖြစ်စေ၊ ကျွန်ုပ်မှာမူ ကြိုးစင်သို့ တက်ရန် တန်း၍နေပေတော့ရာ ကျွန်ုပ်အမှုကို စစ်ဆေးနေစဉ် အတွင်းမှစ၍ အသန့်နှင့်တကွ ရပ်ဝေးမှ လိုက်လာရှာသော အမှီတို့သည် ကျွန်ုပ်အတွက် အထူး ကြိုးပမ်း ကြရှာ၏။ အကောင်းဆုံး ၀တ်လုံများကို ငှားကြ၏။ ထောင်ဝင်စာ ခံ၍ အမှီနှင့်အသန့်တို့ လာ ကြသော အခါမျး၌ တရားအရိပ်ကို ခိုမိပါလျက်နှင့်မှ ကျွန်ုပ်အတွက် အရှက်တကွဲ အကျိုးနဲဖြစ်ကာ စိတ်မချမ်းသာ ရရှာသော အချစ်ဦးအသန့် ကိုလည်းကောင်း၊ ငွေဆယ်သိန်းနှင့်တကွ ကိုယ်ကိုပါ ပုံ၍ အပ်ရန် စဉ်းစား ချင့်ချိန် နေရှာပြီဖြစ်သော ကျွန်ုပ်၏ဇနီးလောင်းအမှီကိုလည်းကောင်း၊ ၀မ်းနည်းပန်းနည်း ကြည့်မိကာ တစ်ခါ တစ်ခါ မျက်ရည်များပင် လည်မိပေသည်။

သို့သော် ဤအချိန်ကား ၀မ်းနည်းရမည့်အချိန်မဟုတ်။ ကျွန်ုပ်အား လူခုနစ်ယောက်၏ အသက်ကို လူမသိ အောင် သတ်ဖြတ်နိုင်စိမ့်သောငှာ အရာရာ၌ ဖေးမကူညီခဲ့သော ကံတရားသည် ထမင်းလုပ်ကြီး ပါးစပ်နား သို့ နီးခါမှ ပုတ်၍ ချလိုက်သလို ... " နက်ဖြန် ရှင်ဘုရင်ဖြစ်မည်၊ ယနေ့ညသေမည်" ဟူသော ဗေဒင်ဆရာ၏ ဟောနည်းအတိုင်း လက်ပေး၍ အသတ်ကြီး သတ်လိုက်ပုံမှာကား တကယ့်တကယ်တွင် ရယ်ဖွယ်လိလိကြီး ဖြစ်လှသောကြောင့် ကြိုးစင်သို့ အတက်တွင်ပင် ကျွန်ုပ်မှာ ကံတရား၏ ကလိထိုးခြင်း ခံရလျက် တက်ရ ပေတော့မည် ဖြစ်ရကား ...
" ဟား ... ဟား ... ဟား ... "
                                               (ပုံ)ကံကောင်း
*
အထက်ပါ ရှည်လျားလှစွာသော အဖြစ်အပျက်ကြီးကို ကျွန်တော် ဖတ်ပြီးသောအခါတွင် ၁၂-နာရီခန့် ရှိနေပေပြီ။ ထို့ကြောင့် အညောင်းဆန့်ကာ အိမ်ပြန်ဖို့ ဟန်ပြင်ရာက " တော်တော်ဆန်းတဲ့ အဖြစ်အပျက်ပဲ" ဟု ဆိုလိုက်သည်၌ ဦးလေးက " ကိုင်း ... ဘယ်နှယ့်လဲ၊ မင်း-ကံကို မယုံတဲ့အကောင်၊ ကံတရား ဆန်းကျယ်တာ ကို ယုံပြီလား" ဟုမေး၏။ ထိုအခါ ကျွန်တော်က ပြုံးရင်း " ကံတရား ဆန်းတယ် ဆိုတာကို တော့ ကျွန်တော် လက်ခံပါတယ်၊

ဒါပေမဲ့ ဦးလေး အခုပေးတဲ့ အဖြစ်အပျက်ဟာ ဟိုတစ်လောက ကြိုးကျသွားတဲ့ သူဌေးဦးကံကောင်း ကိုယ်တိုင်ရေးခဲ့တာသာ အစစ်ဆိုရင် ကျွန်တော်တော့ ကံကို ပိုပြီးတော့ မယုံတော့ဘူး "ဟု ဖြေလိုက်သည်၌ ဦးလေး၏ နှုတ်ခမ်းမွေးမှာ ဘေးသို့ ကော့ထောင်သွားကာ " ဆိုစမ်း ပါဦး...မင်းက ဘာပြုလို့ မယုံတာလဲ" ဟု ဒေါနှင့် မေးလိုက်၏။ ဤတွင် ကျွန်တော်က " ဘယ်မှာ ကံ ကံ၏ အကျိုးကို ယုံစားစရာရှိလို့လဲ ဦးလေးရဲ့ ဦးကံကောင်းဟာ လူခုနစ်ယောက်အသက်ကို သတ်တဲ့အတွက်တော့ မသေရ၊ ဘယ်လူက အချောင်ဝင် သတ်သွားမှန်း မသိတဲ့ ဦးစိန်မောင်အတွက် ကြား က အချောင်ဝင်ပြီး စက်တိုင်တက်ရတာကို ထောက် လိုက်ရင် တရားဥပဒေက ပတ်ဝန်းကျင် အခြေအနေနဲ့ သက်သေထွက်ချက်စကားတွေကို ကိုးကားပြီး ကြိုးဒဏ်ပေးတာကိုသာ အခြောက်တိုက်ကြီး ခံသွားရတာ ကပဲ၊ ဟို ... အသက်ခုနစ်ချောင်းကို သတ်ခဲ့တဲ့ အပြစ်ဒဏ် ကိုမှ မခံရဘဲ ဦးကံကောင်းလုပ်ခဲ့တဲ့ အကုသိုလ် ကံက တိုက်ရိုက်မှ မစူးဘဲ ကပဲဦးလေးရ... " ဟု ငြင်းချက်ထုတ်လိုက်သည်၌ ဦးလေးပြုံးလာ၏။

ပြီးလျှင် ဦးကံကောင်းဟာ သူ့မှတ်တမ်းမှာ ပါတဲ့အတိုင်း စက်တိုင်တက်ရတယ် ထင်သလားကွ" ဟု မေးလိုက်၏။ ကျွန်တော်ကလည်း " စက်တိုင်တက်ရလို့မှ ကြိုးပေးတဲ့ သတင်းကိုတောင် ဖတ်လိုက် ရပါသေးသကော ဦးလေးရဲ့" ဟု ဆိုလိုက်ရာ ဦးလေးက " ဦးကံကောင်းဟာ ဦးစိန်မောင် သတ်တဲ့အမှုနဲ့ စက်တိုင်မတက်ရတဲ့ အပြင် ကွင်းလုံးကျွတ်တောင် လွတ်သွားသေးတယ်၊ မင်းမသိလို့ ဒါက အတွင်းရေးကွ" ဟု ဆို၏။ ကျွန်တော်လည်း ခပ်ဆန်းဆန်း ရှိသည့်အတွက် " ရှင်းပြစမ်းပါဦး ဦးလေးရယ်၊ ကျွန်တော်ဖြင့် နားမလည်ပါ ဘူး" ဟု တောင်းပန်လိုက်ရ၏။

ထိုအခါမှ ဦးလေးက " ဒီလိုလေ ... ဦးကံကောင်း စက်တိုင်ပေါ်ရောက်ပြီး ဒေါက်ဖြုတ်တော့မည့် ဆဲဆဲ ကလေးမှာ ၀န်ကြီးဆီက တယ်လီဖုန်းလာပြီး ကြိုးမပေးဘဲ ရပ်ထားဖို့တားလိုက်တယ်၊ တယ်လီဖုန်းသာ ဆယ်စက္ကန့်လောက် နောက်ကျရင် မင့်ဦးကံကောင်း အသေဘဲ...၊ အဲဒီလို တားလိုက်တာက တခြားမဟုတ် ဘူးကွ...၊ လက်စသတ်တော့ ဒရ၀မ်အဘိုးကြီးရဲ့ သမီးစက်ထဲက ကူလီမလေးကို ဦးစိန်မောင်က အနိုင်ကျင့် နေတော့ ကိုယ်ဝန်ရှိရော ဆိုပါစို့ကွာ...၊ အဲဒါကို ဦးစိန်မောင်က သူ့အပေါ်မှာ တာဝန်မရှိအောင် တစ်ညမှာ ကောင်မလေး ကို ချိန်းပြီး ဆန်စက်မောင်းတဲ့ ကုလားနဲ့ အခန်းပိတ်ပေးသတဲ့၊

အဲဒါကို အဖေ ဒရ၀မ်ကြီးသိ တော့ ဦးကံကောင်း  သွားပြီး ဦးစိန်မောင်ကို ထိုးကြိတ်လုပ်တဲ့၏ညမှာ အဘိုးကြီးက အခွင့်ကောင်း ယူပြီး သတိမေ့နေတဲ့ ဦးစိန်မောင်ကို ပုလင်းနဲ့ အသေရိုက်သတ်၊ ရိုက်တဲ့ ပုလင်းကို မြေကြီးထဲ တူးမြှုပ်ပစ်လိုက် တယ်၊ ဒီအကြောင်းက ဒရ၀မ်အဘိုးကြီးကို မြွေပေါက်ခံရလို့ သေခါနီး ကျမှ ဖွင့်ပြောသွားတာ၊ ကိုင်း ... ဘယ်လောက်ဆန်းသလဲ၊ ဦးကံကောင်းကို တစ်ခါထဲ တရားသေ လွှတ် ရတော့တာပဲဟေ့ "ဟု ရှင်းပြ၏။ သို့တိုင်အောင် ကျွန်ုပ်မှာ နားထွေးထွေးပင် ရှိနေသေး၏။ ဦးကံကောင်း တရားသေလွှတ်သည်ဟုလည်းဆို ၏။ ဦးကံကောင်းအား ကြိုးပေးပြီးသော သတင်းများ မှာလည်း သတင်းစာများ၌ ကျွန်တော် အသေအချာ စာ လုံးမဲကြီးများနှင့် ဖတ်ခဲ့ဖူးသေး၏။ နားမရှင်းနိုင်ပါ။ ထို့ကြောင့် ...
" ဒါဖြင့် ဦးကံကောင်းကို ကြိုးပေးပြီးတဲ့အကြောင်း သတင်းစာတွေမှာ ဘာပြုလို့ ပါလာရတာလဲ ဦးလေး ရယ်၊ ကဲ ... " ဟု မေးလိုက်ရာ ဦးလေးလည်း ၀ါးခနဲတစ်ချက်သန်းကာ နှုတ်ခမ်းမွေးကို တစ်ချက်သလိုက် ပြီးမှ ...

" ဒီလိုလကွာ ... ကြိုးစင်ပေါ်က ဦးကံကောင်းကို ချခဲ့ပြီးတော့ အကျိုးအကြောင်းလည်း ပြောလိုက်ကရော ... ဦးကံကောင်း ဟာ ၀မ်းသာလွန်းလို့ ချက်ခြင်းထပြီး ကတာပဲဟေ့၊ ကသမျ စိန်ကတုံးကကို ကတာ၊ အဲဒီလို ကနေတုန်းမှာ ၀တ်လုံတွေကလည်း ရှန်ပိန်ပုလင်းနဲ့ ဖန်ခွက်နဲ့ ရောက်လာညပီး အောင်ပါစေသော အောင်စေသောဆိုပြီး တပျော်တပါးကြီး အရက်ခွက်ချင်း နခမ်းရိုက်ပြီး သောက်ကြသေးတယ်၊ ပြီး တော့ကာ ထောင် မှူးကြီး ကိုယ်တိုင်လည်း ဦးကံကောင်းတို့ကို သူ့ရုံးခန်းခေါ်သွားပြီး ဦးကံကောင်းကို လွှတ်ဖို့ ချက် ခြင်းစီရင်ရတာပဲစေဟ့..။ နိုင်ငံရေး သမားတွေရဲ့ မိတ်ဆွေရင်း တကယ့်သူဌေးကို မှားပြီး ကြိုးပေး မိမလို့၊ တားတားကလေး လိုတော့တဲ့အဖြစ်မို့ အားလုံး မျက်လုံးပြူးကုန်ကြရတာပေါ့ကွာ ... " ဟု ဆိုကာ စကားကို ရပ်လိုက်၏။

ကျွန်ုပ်လည်း ဦးလေးတမင်စကားရပ်၍ အဖိုးတန်အောင် နားထောင်ချင်စိတ်ဖြင့် မချင့်မရဲဖြစ် အောင် လုပ်နေသည်ကို သိသဖြင့် " ကိုင်း ကျွန်တော် ပြန်တော့မယ်၊ ဦးလေး ပြောချင်လည်းပြော မပြောချင်နေ "ဟု ဇွတ်ကိုင်လိုက်ရ၏။ ဤတွင် ဦးလေးလည်း တစ်ချက်ရယ်ကာ " ခွေးမသား ဒီအရွယ် ရောက်တောင် ခွေးပုရန်လို လုပ်တုန်းပဲကိုး၊ အဲကွာ ... ဦးကံကောင်းကို ချက်ချင်း လွှတ်လိုက်ရတော့ ဦးကံကောင်းဟာ ၀မ်းသာလုံးဆို့ပြီး ကြိုးတိုက်ထဲက သူ့ခေါင်းအုံးအောက်မှာ ဟောဒီမင်းအခုဖတ်ပြီးတဲ့ မှတ်တမ်းကြီးကို ဦးကံကောင်းဟာမေ့ပြီး ထားခဲ့သကွ၊ ကြိုးတိုက်ကို ဗာရာတွေ ရှင်းတော့မှ တွေ့ပြီး တို့ဆီ ကို လာပို့တယ်...၊ ဒီမှတ်တမ်းကြီးထက် လူသတ်မှု ဖြောင့်ဆိုချက်စစ်တာ ဘယ်မှာရှိလိမ့်လဲကွာ...၊ ဒီတော့ မှ ဦးကံကောင်းကို ပြန်ဖမ်းပြီး ထောင်ထဲမှာပင် အမှုစစ်ပြီးတော့ ကြိုးပေးလိုက်ရတာပဲ၊ ကိုင်း ... ပြန် ... ပြန် ... ခွေးမသား" ဟု ဆိုလိုက်ပါသတည်း။

တင့်တယ်

ပြီးပါပြီ
----------------------
>>>ဆက်ဖတ်ရန်>>> >>

Saturday, September 17, 2011

တင့်တယ် ၏ ကမ္မဖလ အပိုင်း (၁၈)

စနေနှင့်အင်္ဂါ

ယနေ့ကား ကျွန်ုပ်၏ အသက်ကို ဖက်နှင့်ထုပ်ရသောနေ့ဖြစ်၏။ အထက်ပါ ခေါင်းစဉ်ကလေးကိုတပ်၍ ကျွန်ုပ်၏ အဖြစ်စဉ်မှတ်တမ်းကို ရေးမည်ဟု စလိုက်ကာမျှ ရှိသေး ကျွန်ုပ်၏ ၀တ်လုံများသည် မျက်နှာပျက် နှင့် ကြိုးတိုက်သို့ ရောက်လာကြ၏။ ကျွန်ုပ်မျှော်မှန်းသည့် အတိုင်းသမ္မတကြီးထံ တင်သောအသနားခံစာ များ အပယ်ခံရပေပြီ၊ နောက်ဆုံးသုံးရက်ကြာသောအခါ၌ ကျွန်ုပ်အား ကြိုးစင်သို့တင်၍ ကြိုးပေးခြင်းကို ခံရ ပေတော့မည်။

ကြိုးဒဏ်ခံရတော့မည် မှန်း သေချာသော ဤအခိုက်အတန့်၌ ကျွန်ုပ်သည် များစွာ တုံလှုပ်ချောက်ချားမိ၏။ သို့သော် ဤအဖြစ်စဉ် မှတ်တမ်းမှာ တကယ်တန်း အရေးကြီးသော အဆုံးသတ်အပိုင်းသို့ ရောက်နေပြီ ဖြစ်သဖြင့် စိတ်တုန်လှုပ်ချောက်ချားသော်လည်း မရေးဘဲရပ်မထားခဲ့နိုင် မပြီးပြီးအောင် လူ့ဘ၀၌ နေရမည့် သုံးရက်အတွင်းတွင် ကြိုးစား၍ ရေးရပေတော့မည်။ ရှေ့ပိုင်းမှာ ကဲ့သို့ စီကာပတ်ကုံးကား ရှချင်မှရှိပေမည်။ သို့သော် ကြိုးစင်တက်ရန် သုံးရက်သာ လိုတော့သော ကျွန်ုပ်အား အရေးအသား မပြေပ်ြစပုံ ရှိခဲ့ပါသော် ခွင့်လွှတ်ကြဖို့ပင်၊ ကျွန်ုပ်၏ အဖြစ်စဉ်ကိုကား ကုန်စင်အောင် ရေး၍ ကံကြမ္မာကို သရော်ဖြစ်အောင် သရော် ခဲ့ပါရစေ။

ဆက်ရမည်ဆိုပါလျှင် ကျွန်ုပ်၏ တိုက်ခန်းမှ ဦးစိန်မောင် ဆင်းသွားသောအခါမှာ ည ၇ နာရီခန့်ပင် ရှိပေပြီ၊ ကျွန်ုပ်လည်း စိတ်ငြိမ်သက်သွားကာမှ ထမင်းဆာ၍ လာသောကြောင့် ကုလားဟော်တယ်မှ ပို့သော ထမင်း ချိုင့်ကို ကြည့်၏။ မဆလာနံ့ကို ရကာမျှဖြင့် စောစောက အရက်ခိုးများ ရှူမိသည့် အရှိန်ဖြင့် စားလိုစိတ် ပျောက်ကွယ်သွားပေရာ အစားအသောက်အပြောင်းအလဲ ရစေတော့ဟု တရုတ်တန်းသို့ ထွက်၍ ထမင်း စား၏။ ထိုမှတစ်ဖန် ဦးစိန်မောင် အေးအေးချမ်းချမ်း ပြန်သွားပုံကို အသန့်အား ပြောလိုသဖြင့် ချာချီလမ်းသို့ လာခဲ့၏။ အသန့်ကို အဆင်သင့်ပင် တွေ့ရပေသည်။
ကျွန်ုပ်အား မြင်သည်နှင့် တစ်ပြိုင်နက် အသန့်က " ဟော ... အစ်ကို ကံကောင်း ဘယ့်နှယ်လဲ ... ဟိုယစ် ထုပ်ကို အခန်းမှာ သိပ်ပစ်ခဲ့ရထင်ပါ့" ဟု ဒေါသ မပြေသည့်တိုင် ဆယ်နှစ်ကျော် ပေါင်းသင်းခဲ့ရသော ခင်ပွန်းလူဆိုး၏ အကြောင်းကို မေး၏။

ကျွန်ုပ်လည်း ခရီးရောက်မဆိုက်ကပင် " တကယ့် လူဆန်းပဲ အသန့် ရဲ့ ... အမူးနဲနဲပြေတော့ သူ့ကိုယ်သူ မှားမှန်းသိပြီး အသန့်ကို သူနောက်ထပ်ပြီး မနှောင့်ယှက်ပါဘူးတဲ့ အသန့်နဲ့ ခွဲရတော့မည့် တူတူမို့ ကြည်ကြည် သာသာပဲ နှုတ်ဆက်သွားပါပြီလို့ အသန့်ကို ပြောလိုက်ဖို့တောင် မှာပြီး ခနောင်တိုကို ပြန်သွားလေရဲ့ " ဟု ပြောလိုက်ရာ သို့ပြောလိုက်သည်နှင့် တစ်ပြိုင်နက် အသန့်မှာ ချက်ခြင်း မျက်လုံး မျက်ဆံပြူးလာရာက " နေပါဦး ... နေပါဦး သူ ဒိစကားအတိုင်းပဲ ပြောပြီး နှုတ်ဆက် သလားဟင် " ဟု မေးလေရာ ကျွန်ုပ်လည်း အံ့အားသင့်ရာက " ဟုတ်တယ်လေ သူကတောင် သူ့စကားလုံးတွေအတိုင်း ပြန်ပြောလိုက်ပါလို့ သေသေချာချာ မှာသွားသေးရဲ့ ဘာပြုလို့လဲ" ဟု ကမန်းကတန်း မေးလိုက်ရသည်၌ အသန့်ခမျာ ပို၍ ထိတ်ထိတ်ပြာပြာ ဖြစ်လာရင်း " အမယ်လေး ဒုက္ခပါပဲ အစ်ကိုကံကောင်းရယ် လိုက် ... လိုက် မြန်မြန်ခနောင်တိုကို လိုက် သူဒီစကားကို ပြောတာ ဒီအခါပါနဲ့ နှစ်ခါ ရှိပြီ၊ အရင်တုံးကလည်း ဆန်အိတ်တွေ ရောင်းပြီး အနီထောင် ရှုံးပစ်တုန်းက နောင်တရတဲ့ အခါမှာ သူ့ မိဘ လက်ငုတ် ဆန်စက်ကြီးတွေကို သူများ လက်အပ်ရမှာ ရင်ထုမနာ ရှိလှလို့ ဆန်စက်ကြီးတွေကို မီးရှို့ပြီး ထောင်ရက်ရှည် အကျခံတော့မယ်လို့ ပြောဖူးတုန်းက (အဲဒီလိုများ လုပ်မယ်ကြံရင်လေ ... အသန့်နဲ့ခွဲတော့ မည့် အတူတူမို့ ကြည်ကြည်သာသာပဲ နှုတ်ဆက်သွားပါ့မယ်ကွယ်) လို့ဆိုဖူးတယ်။

အခုလည်း ဒီစကားကို သုံးပုံထောက်တော့၊ ပြီးတော့လည်း ခနောင်တိုကို ပြန်သွားပုံ ထောက်ပြန်ရင် ဧကန္တ သူတစ်ခုခု ကြံတာနဲ့ တူတာပဲ အစ်ကို ကံကောင်းရေ၊ ... လာ ... ခနောင်တိုကို သွားကြစို့ အသန့်လည်း လိုက်မယ် "ဟု ပြော လိုက်သဖြင့် ဦးစိန်မောင်၏ မတော်မတရား အကြံအစည်ကို သိရကာ ကျွန်ုပ်ပင်လဆင် ထိတ်ထိတ်ပြာပြာ ကြီးဖြစ်သွားရ၏။ ပြီးမှ " ဟုတ်မှ ဟုတ်ရဲ့လား အသန့်ရယ်၊ သူဒါလောက် ပက်ပက်စက်စက် အမယ်လေး အစ်ကိုကံကောင်း သူ့အကြောင်းကို သိတာ မဟုတ်ဘူးနော် ... သူ့အကြောင်းကို အသန့်ထက်ပိုပြီး ဘယ်သူ နိုင်မျာလဲ လာသွားကြစို့ တော်တော်ကြာ မမီလိုက်ဘဲ နေလိမ့်ဦးမယ်" ဟု ဆိုကာ ဖိနပ်ကို စီးသဖြင့် ကျွန်ုပ် လည်း ကျွန်ုပ်တို့၏ ငွေရင်းငွေနှီး သွင်းထားသော ဆန်စက်ကြီးများကို ဦးစိန်မောင်မီးရှို့ပစ်မည်ဆိုခြင်းမှာ အသန့်၏ စကားအတိုင်း မမှန်ပါက အရေးမကြီး မထောင်းတာ၊ အကယ်၍သာ အသန့်ပြောသည့် အတိုင်း မှန်ကန်ပါက အကျိုးကြီးနည်းတော့မည်ဖြစ်သည်ကို တွေးမိသောကြောင့် ထိုင်မိသည့် ခဏကပင် ပြန်၍ထ ကာ လက်ပတ်နာရီကို ကြည့်လိုက်မိ၏။ အချိန်မှာ ၈ နာရီသာသာရှိနေပြီဖြစ်၏။

ဤတွင် အကယ်၍ ဦးစိန်မောင်သည် ဆန်စက်ကြီးများကို မီးတင်ရှို့မည် အမှန်ဖြစ်ပါက ညဦးပိုင်း၌ကား ရှို့ မည်မဟုတ် သန်းခေါင်ကျော် လူခြေတိတ်မှသာ ရှို့မည်ဖြစ်ပေရာ အချိန်အနည်းငယ် ရသေးသောကြောင့် ကျွန်ုပ်လည်း ခနောင်တိုသို့ အသန့်လိုက်ရန် မလိုကြောင်းကို တွေးမိသဖြင့် " အသန့်နေရစ်လေ ... အစ်ကို ကံကောင်း တစ်ယောက်တည်းဆိုရင် ပိုပြီး မြန်လိမ့်မယ်၊ ပြီးတော့ ဟိုက ပြန်ရင် ရန်ကုန်ကို သန်းခေါင် လောက်ကျမှ ရောက်မှာ။ ဒီတော့ နေရစ်ခဲ့၊ အစ်ကိုကံကောင်း တစ်ယေက်ြထဲပဲ သွားမယ်၊ ကဲ ... ကြာ တယ်သွားမယ်" ဟု ပြောပြောဆိုဆို ချက်ခြင်းထွက်ခဲ့၏။ အသန့်လည်း ခနောင်တိုကို လိုက်လိုဇော ရှိသော် လည်း ကျွန်ုပ်နှင့် နှစ်ယောက်ချင်း သန်းခေါင်သန်းလွဲအထိ သွားလာရန်မှာ မတော်ပုံကို ရိပ်မိလျက် ခြေလှမ်းက တုံ့ကာ ကျန်ရစ်ပေသည်။

ရေဆန်နှင့်မိနေသဖြင့် ဆယ်နာရီနီးပါးရှိခါမှပင် ကျွန်ုပ်၏ သမ္ဗန်သည် ခနောင်တိုသို့ ရောက်၏။ ဦးစိန်မောင်တို့၏ ဆန်စက်ကြီးမှာ ဆိပ်နှင့်အတော်ဝေးပေရာ ကျွန်ုပ်မှာ အပြေးကလေးလာခဲ့ရ၏။ ဆန်စက် ၀င်းမှ မီးတောက်မီးလျှံများ မြင်ရလေမည်လားဟု တထိတ်ထိတ် ရှိရ၏။ ပူပြင်းသော နွေရာသီဖြစ်၍ မီးရှို့ ထဲလိုက်လျှင် တလင်းပြောင် ပြာပုံသာ ကျန်ရစ်ပေမည်။ မီးသတ်စက်အား ကောင်းကောင်းလည်း မရှိ၊ သို့ သော် ဆန်စက်ဝင်းကြီးမှာ မဲမှောင်တိတ်ဆိတ်လျက် ဆန်စက်ကြီးများမှာ သရဲတဘက်တွေ ငုတ်တုတ် ထိုင် နေသယောင်ထင်ရ၏။ ၀င်းအတွင်းသို့ ရောက်ခဲ့၍ အိမ်ကြီးဆီသို့ ပြေးခဲ့သောအခါ၌ကား အိမ်ကြီးအတွင်း တွင် မီးရောင်ရှိသေးသည်ကို မြင်ရသဖြင့်အိမ်ဝင်ပေါက်တံခါးမကြီးမှာ မဟတဟ ရှိနေသောကြောင့် " ဦးစိန်မောင် ဦးစိန်မောင် အား တစ်ယောက်တည်း စားပွဲတွင် ထိုင်ကာ တွေ့ရပေသည်။ စားပွဲပေါ်၌ကား အရက်ပုလင်းနှစ်လုံးတင်ထား၏။ တစ်လုံးမှာ အခွံသာကျန်၏။ ကျန်တစ်လုံးမှာကား တစ်ဝက်ချောပေပြီ။

ကျွန်ုပ် ဤကဲ့သို့ ဒရောသောပါး ပြေးတက်လာသည်ကို ဦးစိန်မောင် ပြုံးစေ့စေ့နှင့် ကြည့်နေ၏။ သူ၏အပြုံးမှာ ပြုံးရိုးပြုံးစဉ်မဟုတ် အရက်နာကျ၍ ဘ၀တုံးသောအခါမျိုး၌ ပြုံးသော ဘ၀ထက်ပိုင်းကျိုး အပြုံး မျိုးသာဖြစ်သည်ကို ကျွန်ုပ် သတိထားမိ၏။ ကျွန်ုပ်အိမ်ပေါ်သို့ရောက်၍ သူ့အနားသို့ချဉ်းကပ်မိသည် ၌ ဦးစိန်မောင်က " ဟွန့် " ခနဲ ကြို့ထိုးသလို တစ်ချက်ရယ်သံပြုကာ " ကိုင်း ဆိုစမ်း ... ကိုကံကောင်း ဘာများလိုချင်ပြန်လို့ ညကြီး မင်းကြီးမှာ လိုက်လာရပြန်သလဲဗျာ "ဟု မေးလိုက်ရာ ကျွန်ုပ်မျာ အဖြေရခွကျ နေ၏။ သူ့အား ဆန်စက်များကို မိးရှို့ရန် ကြံသလားဟု ကျွန်ုပ်မေးလျှင် သူက (ခင်ဗျားရူးသလား)ဟု ပြန်၍ မေးပါက အတော်ခက်ပေလိမ့်မယ်။ ထို့ကြောင့် " တခြားတော့ မဟုတ်ပါဘူးဗျာ၊ မနက်ဖြန်ကျရင် ကျွန်တော်ကလည်း ခရီးထွက်မည့် ဆဲဆဲမို့ ခင်ဗျားဆီက ဆန်အိတ် ၃၀၀ ကိစ္စကို ပြီးပြတ်အောင် စီမံချင်လို့ အခုညကိုပဲအချိန်ရလို့ လိုက်လာခဲ့တာပဲ" ဟု တစ်ဘက်က လှည့်၍ ပြောရသည်၌ ဦးစိန်မောင်လည်း ဘ၀ ထက်ပိုင်းကျိုး အပြုံးမျိုးထပ်၍ ပြုံးကာ "ဟွန့်"ခနဲကြို့ထိုးသံနှင့် ရယ်ပြန်ရင်း " ခင်ဗျာ့ဆန်အိတ် ၃၀၀ ကို ကျွန်တော်ရောင်းစားလိုက်ပြီလေ။

ရောင်းစားလို့ အသန့်နဲ့တောင် ဒီနေ့ကွဲကြပါပကော။ ခင်ဗျာ့ဆီကို ကျွန်တော် ရောက်တော့ အိတ်ထဲမှာ ငွေတွေ ပါပါသေးရဲ့၊ ဒီငွေတွေ အနီထောင်ဝိုင်းကို ၀င်ပြီး အပွတင်တာမှာ မပွဘဲ တစ်ချက်ထဲနဲ့ ပိန်သွားလို့ ဒိုင်ကပေးလိုက်တဲ့ အရက်ပုလင်းကို မ၀မှာ စိုးလို့ ကျုပ် ဘာသာကျုပ် တစ်လုံးထပ်ဝယ်ပြီး ခုနကပဲ ပြန်ရောက်တယ်" ဟု ပြုံးစေ့စေ့နှင့်ပင် ပြောလိုက်သဖြင့် ကျွန်ုပ် လည်း မထီလေးစားနိုင်လှပုံကို အရက်မူးသော ဘာသော နားမလည်တော့နိုင်ဘဲ ဒေါဖြစ်မိကာ " ဒါဖြင့် ခင်ဗျား ကျုပ်ကို လိမ်တာပေါ့ ဟုတ်လား၊ ကျုပ်ကို အစိုးရဆီမှာ အချိန်မီ ဆန်မသွင်းနိုင်အောင် ချောက်ချ တာပေါ့ ဟုတ်လား ... ကိုင်း ... ဒါဖြင့် ဒီကိစ္စကို ဘယ့်နှယ်လုပ်မလဲ ပြောစမ်းပါအုံး" ဟု စားပွဲကို လက်သီး နှင့်ထုကာ မေးလိုက်မိ၏။ ဦးစိန်မောင်ကား ကျွန်ုပ် ဒေါသဖြစ်နေပုံတို့ ကျေနပ်သည့်ပမာ ပြုံးစေ့စေ့ပင် ကြည့် ရာက " ဘယ့်နှယ်လုပ်ရမလဲ ဆိုတာကို ပြောပါဦးလေ၊ ကျွန်တော်ကတော့ ဘယ့်နှယ်မှ မလုပ်တတ်လို့ အရက်ကိုတောင် ထိုင်ပြီးသောက်နေလို့ ပုလင်း တစ်လုံးတောင် ချောပါပကော" ဟု အရေးမစိုက်ဟန်ဖြင့် ပြောကာ အရက်တစ်ခွက်ပင် ထပ်၍ ငဲ့လိုက်ချေသေးသည်။

သူက အေးစိ အေးစက် လုပ်လေလေ ကျွန်ုပ်မှာ ဒေါသ ထွက်လေလေဖြစ်ရာ သူ့လက်က အရက်ပုလင်းကို ဆွဲ၍ ဖယ်ပစ်လိုက်ရင်းက " ဘယ့်နှယ်လုပ်ရမလဲဗျ ... အခုတော့အစိုးရဆီကို အပ်ဖို့ ဆန်အိတ် ၃၀၀ ကျုပ် စိုက်ရတော့မှာပေါ့။ ကိုင်းဗျာ ကြာတယ် ဒီဆန်အိတ် ၃၀၀ ဖိုးကို ခင်ဗျားကျုပ်ဆီမှာ ဘာအပေါင်ထားပေး နိုင်မလဲ ... ဆို ... " ဟု ပြတ်ပြတ်တောက်တောက် မေးလိုက်ရ၏။
    ဤတွင် ဦးစိန်မောင်က အရက်ခွက်ကို မော့ချလိုက်ပြီးနောက် တဟက်ဟက်ရယ်ကာ ကျွန်ုပ်မှာ ဘာမှ ပေးစရာမရှိတော့ဘူးဆိုတာ ခင်ဗျား အသိသားနဲ့ အပေါင်ပစ္စည်းတောင်းနေတာများဟာ သဘောကျ စရာ ကောင်းလိုက်လေဗျာ၊ ဟားဟား ... ကိုင်း တွက်ကြည့်စမ်း ဆန်စက်တွေကိုလည်း ခင်ဗျာ့ကို ရောင်း ပေါင်လုပ်ပေးရတယ် ...၊ အိမ်ကိုလည်း ခင်ဗျာ့ဆီမှာ အရင်ဆန်အိတ် ၂၅၀ ကိစ္စတုန်းက အပေါင်ပေးထား ရတယ်။

အတွင်းပစ္စည်းဆိုတာကလည်း ကျုပ်တေလို့ ပေလို့ ဖြူခါပြာခါ ကျခဲ့ပြီလေ။ ဘာများ ပေးစရာကျန် သေးတော့လို့လဲဗျာ ... ဟဲ ဟဲ ... ကျုပ်မိန်းမကိုတောင်  ခင်ဗျာ့လက်ထဲ " ဦးစိန်မောင်၏ စကားမဆုံးတော့ပေ။ ကျွန်ုပ်၏ ပြင်းထန်လှသော လက်သီးချက်သည် ဦးစိန်မောင်၏ မေးရိုး ပေါ်သို့ တအားကျရောက်သွား၏။ ဦးစိန်မောင် ထိုင်နေသော ကုလားထိုင်ပင်လျှင် နောက်သို့ကျွမ်းပြန်သွား ၏။ ကျွန်ုပ်ငုံ့၍ ကြည့်လိုက်သောအခါ အရက်မူးသည့် အရှိန်ကလည်း ရှိသောကြောင့် ဦးစိန်မောင်သည် လုံးဝ သတိလစ်လျက် ရှိသည်ကို တွေ့ရ၏။

ထို့ကြောင့် ကျွန်ုပ်လည်း အဘယ်နည်းနှင့်မဆို ဦးစိန်မောင်သည် မိုးမလင်းမချင်း သတိလစ်ရာက အိပ်ပျော်သွားပေတော့မည်ဟု အရက်မူး ဓမ္မတာကို တွက်ဆကြည့်ရင်း တွေ့ရာသင်ဖြူး တစ်ချပ်ကို ဆွဲခင်း ၍ တွေ့ရာ အ၀တ်တို့ကို ခေါင်းအုံးလုပ်ကာ ယာယီအိပ်ရာပေါ်၌ ဆွဲတင်ရ၏။ ထို့နောက် ခေါင်းကြီးခေါက် ကွေးနှင့် ဖြစ်နေသည်ကို သူ့ပါးသွယ် နှစ်ဖက်ကို ညှပ်ကိုင်၍ အနေကျအောင် ပြုပြင်ပေးပြီးနောက် စားပွဲ ပေါ်မှ ပုလင်းများကို ဖယ်၍ သက္ကလပ် စားပွဲခင်းကို ယူကာ စောင်သဖွယ် ခြုံ၍ ပေးထားခဲ့ရပေသည်။ ဦးစိန်မောင် နံနက်၌ နိုးသောအခါတွင် သူ့ကိုယ်သူ အံ့အားသင့်နေမည်ဖြစ်၏။ ဤအချိန်တွင် ကျွန်ုပ်ကား အမှီတို့ဆီသို့ ခရီးထွက်နေပေတော့မည်။

ဦးစိန်မောင်ကို ဇွတ်အတင်း မအိပ်အိပအောင် ဤသို့ သိပ်ထားခဲ့ရပြီးနောက် ကျွန်ုပ်သည် စက်ဝင်းထောင်ရှိ စက်ဒရ၀မ် မြန်မာအဘိုးကြီး၏ တဲကုပ်ကလေးသို့ သွားကာ ဦးစိန်မောင်ကို မျက်ခြည်မပြတ် စောင့်ကြည့် ရန်နှင့် မီးထင်းကိစ္စကို ဂရုစိုက်ရန် တစ်ဆယ်တန် ငွေစက္ကူနှစ်ရွက်ပေး၍ မှာခဲ့ပြီးလျှင် အရေးရှိက ရွာမီးသတ်ကို မမေ့ဖို့ အကြောင်းများပါမှာခဲ့၏။
ထိုမျှမကသေး ခနောင်တိုမှ ရန်ကုန်မြို့ထဲ ကျွန်ုပ်အခန်းသို့ ပြန်ရောက်သောအခါတွင် ကျွန်ုပ်၏လက်၌ ရောက်နေသော ဆန်စက်ကြီးများကို ဦးစိန်မောင်က မီးရှို့ရန် ကြံစည်နေသည့် အကြောင်းကို သက်ဆိုင်ရာ ပုလိပ်ဖက်သို့ ချက်ခြင်း အကြောင်းကြားရန်နှင့် ထိုဆန်စက်ကြီးများအတွက် မီးအာမခံစာချုပ်များ ခိုင်ခိုင် လုံလုံရှိမရှိ စစ်ဆေးရန် ကျွန်ုပ်၏ မန်နေဂျာကို စေ့စေ့စပ်စပ် မှာကြားသော စာတစ်စောင်ကို ရေးရ၏။ ထို့ နောက် စာရေးလက်စနှင့် အသန့်အား ပေးရန် အကျိုးအကြောင်း စာတစ်စောင်ကိုလည်း ရေးထားခဲ့ရပေ သည်။

နောက်တစ်နေ့ နံနက်စောစောတွင် အမှီတို့ဆီသို့ ခရီးပြင်းစ၍ ထွက်ခဲ့၏။အသန့်လက်ထက်က ကျွန်ုပ်၏ မျက်ကွယ်တွင် စေ့စပ်သူပေါ်ခဲ့ဖူးသလို ဤအကြိမ်တွင်လည်း အမှီနှင့် ပတ်သက်၍ ဦးဒေါနက များစေ့စပ် ရေးတစ်ခုခုကို လက်ခံလိုက်လေပြီလားဟု တနုန့်နုန့်တွေးမိ၏။ ထိုတွေးလုံးတို့ကြောင့် ကျွန်ုပ်စီးနင်းလိုက်ပါ ရသည့် ယာဉ်ဟူသမျှတို့ကို အသွားနှေးကန်လှသည်ဟူ၍ အသည်းယားမိပေသေးတော့သည်။

အမှီတို့ဆီသို့ ကျွန်ုပ်ရောက်ခဲ့၏။ အမှီမှာ မမြင်ရသည်မှာ ကြာပြီဖြစ်၍ မသိ ရန်ကုန်ကို လာစဉ်ကထက်ပင် အလှတွေတိုး၍ နေသယောင်ယောင်ထင်မိ၏။ နံနက်ပိုင်းက အသားကလေး ဖြူဖြူနှင့် ကြူစရာ ပန်းကလေး နှင့်တူ၏။ နေ့လယ်ပိုင်း နေအရင့်တွင် သွေးရည်ကလေးသမ်းကာ ပန်းရောင်အသွေး ရေးရေးနှင့် မွှေးစရာ ပန်းကလေးနှင့်တူ၏။ ညနေပိုင်း နေအကျ၌ ကားအသားကလေးဝါ၀ါနှင့် ချူစရာမာလာကလေးနှင့် တူပြန် ပေသည်။ ဤသုံးပန်လှအမှီကို ကျွန်ုပ်အားရပါးရ စကားမပြောရသေးမီပင် ဦးလေး ဦးဒေါနက ညပိုင်းသို့ အရောက်တွင် မောင်ညိမ်းအောင်နှင့်အတူ ညီလာခံခေါ်လိုက်၏။
ဦးလေးဦးဒေါန၏ အလုပ်ခန်းတွင် ဆုံမိကြသောအခါ၌ ဦးဒေါန၏ ပါးစပ်မှ ဘယ်လိုစကားများ ထွက်လေမည် လဲဟု ကျွန်ုပ်မှာ တထိတ်ထိတ်ဖြစ်နေ၏။ ကျွန်ုပ်မကြားလိုလှသော စကားကိုပင် ကြားရပေတော့သည်။

" ကိစ္စကတော့ တခြားမဟုတ်ဘူးကွဲ့၊ အမှီရဲ့ ကိစ္စနဲ့ သစ်ကိစ္စပဲ...။ ငါလည်း စာရေးလိုက်သားပဲ၊ သစ်ကိစ္စ ကိုတော့ မောင်ကံကောင်း နားလည်ပေလိမ့်မယ် ... ပြောဖို့ မလိုတော့ဘူး၊ အမှီရဲ့ ကိစ္စကတော့ ငါလည်း အသက်ကြီးပြီ၊ ပြီးတော့ အရင်တုန်းကဆိုရင် အိမ်မှာ မကျော့ရင်မရှိကတည်းက အိမ်ထောင်ကို ဦးစီးမည့် မိန်းမသားရယ်လို့ မရှိတာနဲ့ အစစအရာရာမှာ အမှီကိုသာ အားထားအားပြုနဲ့ နေခဲ့ရတယ်...၊ ခုတော့ မောင်ညိမ်းအောင်ကလည်း အိမ်ထောင်ရက်သားကျပြီး ... ငါ့မှာ သမီးမကျော့ရင်ရဲ့အစား သမီးတစ်ယောက် ရသလို ဖြစ်နေတာမို့ အမှီကို အိမ်ထောင်ပေးဖို့ စိတ်ကူးတယ်၊ မောင်မြဖေဆုံးကတည်းကအမှီဟာ စိတ်မှာ ထိခိုက်နေပုံရလေတော့ ငါလည်း အရင်ကတော့ ဘာမှ စိတ် မကူးပါဘူး၊ ခုတော့ဖြင့် အမှီဟာ အသက် ၃၀ ကျော်နေပြီ၊ အိမ်ထောင် ပေးဖို့ အချိန်တောင် အင်မတန် နှောင်းနေတာကို ငါသိတယ်၊

ဒီအရွယ်ဆိုတာ မုဆိုးဖိုတို့ တစ်ခုလပ်တို့နဲ့သာ ကြုံတတ်တာမျိုးပဲ၊ နို့သော် ... အမှီရဲ့ ကံပဲ၊ ခု လူပျိုကြီး မိုင်းသူဌေး၊ တစ်ဦးက လာပြီး စေ့စပ်တယ်၊ အဲဒါကို ငါတော့ နေရာချထားလိုက် ချင်လို့၊ မင်းတို့နဲ့လည်း သင့်မြတ်မှ ဖြစ်မှာမို့ တိုင်ပင်တာပဲ" အစ ရှိသည်ဖြင့် လာရောက်စေ့စပ်သူ မိုင်းသူဌေး လူပျိုကြီး၏ အခြေအနေ ဆွေစဉ်မျိုးဆက် စာရိတ္တတွေပါမကျန် ပြောပြ၏။
မောင်ညိမ်းအောင်က သဘောတူကြောင်း ပြောပြရာတွင် ကျွန်ုပ်မှာလည်း ဦးခေါင်းခါဖို့ အခွင့်မသာပေ။ ထို့ ကြောင့်ပင် " ဦးလေးတော်တယ်ထင်ရင် စီမံလေ ...၊ ကျွန်တော်တို့ကတော့ အမှီ ဟန်ကျပန်ကျ ဖြစ်သွား တာကိုသာ မြင်ချင်တာပါပဲ... "ဟု ပါးစပ်ဖျားက ဆိုရင် နှလုံးသားတွင်မူကား " သင်းတို့ သားအဖကို မြန်မြန် ကိစ္စတုံး လုပ်မှ၊ မလုပ်ရင်တော့ ကြံသမျှတွေတေ့ပြီး လွဲရတော့မှာပဲ လဟု ပူပန်စွာ တွေး၍ နေမိတော့ သည်။

လက်စားချေရေးလမ်းစဉ်ကြီးတွင် ကျွန်ုပ် ပျင်းရိဖင့်နွဲ့ လေးကန်နေလျှင် ချောင် တစ်ချောင်ချောင်က ပေါ် လာ၍ စေ့ဆော်တတ်သော ကံတရားသည် ကျွန်ုပ်၌ လက်စားချေရေးအတွက် အကြပ်ကြုံနေလျှင် တစ် နည်းတစ်လမ်းအားဖြင့် အခွင့်အလမ်း တစ်မျိုးတဖုံ ဖွင့်ပေးကာ ကူညီလှာသင့်လေ့ရှိသည်။ ထို့ကြောင့် အမှီ နှင့် ပတ်သက်၍ ကျွန်ုပ် ကြိုးစားခဲ့လေသမျှ ဦးဒေါနသားအဖနှစ်ယောက်သာ ကျန်တော့သော တေ့တေ့ ကလေး အလိုတွင် ကံတရားသည် အမှီကို စေ့စပ်သူပေါ်စေအောင် ဖန်တီးလျက် ကျွန်ုပ်အား ကြိမ်တို့လိုက် ပြန်ပြီးမှ ဦးဒေါနသားအဖတို့ကို ကျွန်ုပ် အလွယ်တကူ လက်စားချေနိုင်စေရန် လမ်းဖွင့်ပေးပြန်လေတော့ သည်။ ပေးပုံမှာကား အမှီ၏ ကိစ္စကို ပြော၍ ပြီးသည့်နောက်တွင် ဦးဒေါနက -

" ကိုင်း ... အမှီ့ကိစ္စက လောလောဆယ် မဟုတ်သေးလို့ ထားလိုက်ပါဦး...၊ အခု လောလောဆယ် ကိစ္စ ကတော့ တို့သစ်တွေ သံလွင်မြစ်ဝမှာ ရေမျောကမ်းတင် ဖြစ်နေတာကို တို့တံဆိပ်ဟုတ်မဟုတ် လိုက်စမ်း ပြီးတော့ သိမ်းတန်သိမ်း၊ သိမ်းဖို့ ခဲယဉ်းနေတာတွေကိုလည်း ကြုံရာ လွှထောင်ကိုရောင်း လုပ်ဖို့ကိစ္စပဲ၊ ဒီကိစ္စက ရက်ဆိုင်းလို့ မဖြစ်ဘူး၊ တချို့တံငါလုပ်တဲ့လူတွေက ကျွန်းတုံးတွေ ထင်းပေါက်ဆိုက်လိုဆိုက်၊ တချို့လှည်းထောင်တွေကလည်း လှည်းပုံတောင်း လုပ်ဖို့ ဖြတ်ယူတာနဲ့ မော်လမြိုင်က ငါ့ကိုယ်စားလှယ် တွေဆီက စာတွေထဲမှာ ပါလာတယ်၊ ကိုယ်စားလှယ်တွေဆိုတာကလည်း ကိုယ်ပစ္စည်းမဟုတ်တော့ လခ ကလေးရရင် ပြီးတမ်း လုပ်နေကြတာကပဲ၊

ဒီတော့ ... ဒီနှစ်တော့ တို့ကိုယ်တိုင် ကြပ်ကြပ်မတ်မတ်လိုက်မှ တော်လိမ့်မယ်၊ အမှီအိမ်ထောင်ကျပြီးရင် အမှီတို့ကို သတ္တုလုပ်ငန်းသတ်သတ် ခွဲပေး၊ မောင်ညိမ်းအောင်က သစ်လုပ်ငန်းကို သီးသန့်လုပ်၊ မောင်ကံကောင်းကတော့ ရန်ကုန်က အလုပ်ကို လုံးဝဦးစီးဖို့ ငါစိတ်ကူးတယ် ... " စသည်ဖြင့် ပြောပြကာ နောက်တစ်နေ့၌ပင်လျှင် သံလွင်မြစ်ဝ တကြောသို့ ကျွန်ုပ်တို့ ကိုယ်ပိုင် မော်တော်ဘုတ်နှင့် ခရီးထွက်ကြဖို့ အစီအစဉ်များကိုပါ ပြောပြ၏။ ကျွန်ုပ်လည်း ငြိမ်သက်စွာ နား ထောင်နေရ၏။ အသဲနှလုံးတို့ကမူ " ဒါဟာ ငါ့အကွက်ပဲ၊ အခုလို သားအဖနှစ်ယောက်နဲ့ မော်တော်ဘုတ် တစ်စင်းထဲ ခရီးထွက်တုန်းမှာမှ မကြံဖြစ်ရင် ဘယ်တော့မှ ငါ့အကြံအောင်တော့မယ် မဟုတ်ဘူး" ဟု အတွင်းကြိတ် အားခဲကြံစည်လျက် ရှိနေ ပေတော့သည်။

နောက်နှစ်ရက်ကြာသောအခါတွင် ကျွန်ုပ်တို့ပိုင်သော မော်တော်ဘုတ်ကြီး တစ်စင်းဖြင့် ခရီးထွက်ခဲ့ကြ၏။ မော်တော်ဘုတ်တွင် ကျွန်ုပ်တို့ သုံးယောက်နှင့်ပဲ့ကိုင်သူတစ်ဦး၊ ထမင်းချက်တစ်ဦး၊ စက်မောင်းသူတစ်ဦး၊ စုစုပေါင်း ခြောက်ယောက်ပါကြ၏။ သို့ခရီးထွက်ခဲ့ရာ၌ ကျွန်ုပ်သည် ကြိုတင်ကြံစည်ရင်းအတိုင်း ကျွန်ုပ်လို အပ်သော လျှို့ဝှက်ပစ္စည်းများနှင့်တကွ ကောက်ရိုးဖြင့် လုပ်ထားသော ပသျှူးခမောက်တစ်လုံးကိုပါ ဆောင် ခဲ့ပေသည်။ ထိုပသျှူးခမောက် နှုတ်ခမ်းကျယ်ကြီးကို ကျွန်ုပ်မော်တော်ဘုတ်ပေါ်သို့ ယူခဲ့သည်၌ မောင်ညိမ်း အောင်က " ဘယ့်နှယ်ကြီးလဲဗျ ကိုကံကောင်းရ" ဟု ရယ်မောကာ ဆီး၍မေးရာ ကျွန်ုပ်က " ကိုညိမ်းတို့လို သက္ကလပ်ဦးထုပ်နဲ့ ကိုက်မှာမဟုတ်ဘူးဗျ၊ အလုပ်က သောင်ခုံတကာ့ သောင်ခုံမှာ သစ်တုံးတွေ လိုက်ပြီး ကြည့်ရမှာ ဆိုတော့ နေပူလုံတဲ့ ဒီခမောက်ကို ယူလာရတယ်...၊ သက္ကလပ်ဦးထုပ်နဲ့ဆိုရင် နခမ်းတိုတိုကလေးမို့ လည်ကုပ်စပ်မှာ" ဟု ရှင်းပြလိုက်ရ၏။

ကျွန်ုပ် ရှင်းပြသည့် အတိုင်းလည်း မှန်၍နေပေသည်။ ရေမျောသောင်တင် သစ်များကို လိုက်၍စစ်ခါ ကျွန်ုပ်၏ ပသျှူးခမောက်ကို တစ်ခါတစ်ရံ၌ ဦးဒေါနကပင် ငှား၍ ဆောင်းတတ် လေသေးသည်။
သစ်လုံးများကို စစ်ကြောရွေးချယ်ရာ၌ ဆယ်ရက်ကြာခဲ့၏။ သံလွင်မြစ်ဝ တစ်လျှောက်တွင် အတော်နှံ့စပ် ခဲ့ပြီးမှနောက်ဆုံးစခန်းအဖြစ်ဖြင့် မူးရစ်ကလေး၌ နားကြ၏။ နောက်တစ်နေ့တွင် မူးရစ်ကလေးမှ ကျွန်း တောင်ဘက်ကမ်းကို ပတ်၍ ကျိုက္ခမီအရောက် ပင်လယ်ဝကိုဖြတ်ချပြီးလျင် ကမ်းနားအတိုင်း လျှောက်၍ မော်တော်ကို မောင်းကာ အမှီတို့ရှိရာသို့ ပြန်ကြရပေတော့မည်။ မနက်ဖြန်သည် ကျွန်ုပ်အတွက် အကွက် အကောင်းဆုံးသောနေ့ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်မှာ လိုအပ်သမျှကို ပြင်ဆင်၍ အသင့်ထားရပေတော့ သည်။

နောက်တစ်နေ့တွင် မူးရစ်ကလေးမှနေ၍ ကျိုက္ခမီသို့ ခရီးထွက်ခဲ့ကြ၏။ ခရီးတာမှာ ၁၅ မိုင်ခန့်သာရှိ၏။ သို့ သော် ကျွန်းကို ပတ်နေရသည်နှင့် အချိန်အတော်ကုန်သွားသောကြောင့် ၁၁ နာရီ ထိုးခါနီးမှ ထွက်ခဲ့နိုင်ကြ ပေရာ ပင်လယ်ဝကို ထက်ဝက်ခန့် ဖြတ်မိသောအခါတွင် နေ့လယ် ၁ ချက်တီးခန့်ရှိ၍ နေပေပြီ။ ကျိုက္ခမီသို့ ၂-မိုင်ခွဲခန့်လိုသေး၏။ ဤအချိန်၌ ဆိုလျှင် ဦးဒေါနသည် နေ့လယ်နေ့ခင်း လူကြီးပြီပြီ အိပ်တတ်၏။ မောင် ညိမ်းအောင်ကမူ အိပ်ရာထဲ၌ လဲလျောင်းကာ စာဖတ်တတ်ပေသည်။ ကျွန်ုပ်မူကား မော်တော်ပေါ်၌ ပဲ့ဝင်၍ ကိုင်လျှင်ကိုင် မကိုင်လျှင်လည်း မော်တော်ပဲ့ပိုင်း၌ ပက်လက်ကုလားထိုင်တစ်လုံးဖြင့် အပျင်းထူတတ်၏။ ကျွန်ုပ်တို့ သုံးဦး၏ အလေ့အထများကို မော်တော်ဘုတ်ကိုင်သူ လူစိမ်းသုံးယောက်တို့ပင် ကောင်းစွာ သိနေ ကြပေသည်။
နေ့လယ်တစ်ချက်တီးခန့်အချိန် ပင်လယ်ဝ၏ တစ်ဝက်သို့ ရောက်လုတည်းကာ ရှိသောအခါတွင် ကျွန်ုပ် သည် ပသျှူးခမောက်ကြီးကို ဆောင်းကာ မော်တော်ပဲ့ပိုင်းသို့ ထွက်ခဲ့၏။ မော်တော်အတွင်းခန်း၌ကား ဦးဒေါနနှင့် မောင်ညိမ်းအောင်တို့မှာ မှိန်းသူမှိန်း စာဖတ်သူဖတ်နှင့် ရှိကြလေပြီ။

ပဲ့ပိုင်း၌ ပက်လက်ကုလားထိုင်ဖြင့် ကျွန်ုပ် အပျင်းထူနေရင်းက လက်ပတ်နာရီကို မကြာမကြာကြည့်မိ၏။ တစ်နာရီထိုးရန် ငါးမိနစ်ခန့်အလိုတွင် ထမင်းချက်သူငယ်မှာ မော်တော်ပဲ့ပိုင်း၌ ထွက်လျက် နေ့လယ်တွင် ပေးနေကျဖြစ်သော လက်ဖက်ရည်ဖျော်ရန် ရေနွေးအိုးတည်၍ နေပေသည်။

၁ နာရီထိုးရန် ၃ မိနစ်အလို၌ ကျွန်ုပ်သည် ကုလားထိုင်မှ ခါးဆန့်လိုက်ပြီးလဆင် မတ်တတ်ရပ်လိုက်ရာ ကျွန်ုပ် ဦးခေါင်း၌ စွပ်ရုံမျှသာ စွပ်ထားသော ပသျှူးခမောက်အ၀ကားကြီးသည် လေတိုက်သဖြင့် ခေါင်းပေါ် မှ လွင့်ကာ ပင်လယ်ထဲသို့ လွှင့်ကျသွား၏။ ဤတွင် ကျွန်ုပ်လည်း " ဟာ မင့်ဖေကလွှား၊ ငါ့ခမောက် ရေထဲ ကျသွားပဟေ့ ... " ဟု ထမင်းချက်သူငယ်အား လှမ်း၍ ပြောကာ ရယ်လိုက်ပြီးလျှင် " ကိုင်း ... တက်မကိုင် ကိုသွားပြောပြီး မော်တော်နှင့် ငါ့ကို ပြန်လှည့်ပြီး ခေါ်ပါစေ့ ...၊ ငါဘော့ကွင်းနဲ့ဆင်းပြီး ဆယ်ဦးမယ် ... " ဟု ပြောပြောဆိုဆို မော်တော်ပဲ့၌ အမြဲချိတ်ထားလေ့ရှိသော ဘော့ကွင်းကို ကပျာကသီဖြုတ်ယူကာ ပဲ့ပိုင်းသံ လက်ရမ်းကို ကျော်၍ ရေထဲသို့ ခုန်ချလိုက်ရပေ၏။

မော်တော်သည် ကျွန်ုပ်နှင့် အတော်ဝေးသော နေရာအထိ ခုတ်မောင်းသွား၏။ ကျွန်ုပ်ကား မော်တော်နှင့် ဝေးသည်ထက် ဝေးအောင် ပေါလောပေါလော ဖြစ်နေသော ခမောက်ဆီသို့သာ အားစိုက်၍ ကူးခတ်သွား ရပေတော့သည်။ ခမောက်ဆီသို့ ရောက်သည်၌ မော်တော်ဆီသို့ စိတ်အားထက်သန်စွာ ကြည့်လိုက်မိ၏။ မော်တော်သည် တဖြည်းဖြည်း အရှိန်သေ၍ သွားရာမှ အရှိန် နည်းသွားသောအခါတွင် တဖြည်းဖြည်း ကျွန်ုပ်ဘက်သို့ကွေ့၍ လှည့်လာ၏။ ထို့နောက် မော်တော်ဦးလှည့်မိကာ ကျွန်ုပ်ရှိရာသို့ ခုတ်မောင်း၍ လာပေရာ ကျွန်ုပ်မှာ မော်တော်ကို ကြည့်ရင်း အသည်းယား၍ နေမိ၏။

မော်တော်ဦး၌ တက်မကိုင် ထမင်း ချက်သူငယ်နှင့် စက်မောင်းသူတို့ လက်များကို ဝှေ့ရမ်းပြနေကြသည်ကို မြင်ရပေသည်။ ကိုက်ငါးရာခန့် ဝေး နေရာမှ မော်တော်သည် တဖြည်းဖြည်း နီး၍လာ၏။ မော်တော်နီး၍ လာလေလေ ကျွန်ုပ်မှာ အသည်းယား၍ နေလေလေ ဖြစ်နေခိုက်တွင် ၀ုန်းခနဲပေါက်ကွဲမြည်ဟီးသော အသံကြီးကို ကြားလိုက်ရပြီးနောက် ကျွန်ုပ် လည်းကြောက်အားလန့်အားနှင့် ရေထဲသို့ ထိုး၍ ငုတ်လိုက်မိ၏။ ကျွန်ုပ် ရေပေါ်သို့ ပေါ်တက်လာသောအခါ တွင်ကား မော်တော်ဘုတ်ကို ရေပြင်ပေါ်တွင် လုံးဝမမြင်ရတော့။ တက်မကိုင် ထမင်းချက်နှင့် စက်မောင်းသူ သုံးယောက်တို့သာလျှင် ကျွန်ုပ်ရှိရာသို့ ကူးခတ်လာကြသည်ကို တွေ့ရပေတော့သည်။

ဂျပန်များ မြန်မာနိုင်ငံကို တနင်္သာရီဘက်မှဝင်၍ စီးကြသော ၁၉၄၁ ခုနှစ်က ကျွန်ုပ် လွတ်လပ်ရေး တပ်မတော်နှင့် လိုက်ခဲ့စဉ်တွင် ဂျပန်အင်ဂျင်နီယာများနှင့်ပေါင်းမိပြီးလျှင် တောထဲ၌ သစ်လမ်းထွင်သော ဒိုင်းနမိုင်းကို လက်နှိပ်ဓာတ်မီးဓာတ်ခဲနှိုးစက်နာရီတို့ဖြင့် ဆက်စပ်ပူးပေါင်းကာ အချိန်ဖြင့် ပေါက်ကွဲ စေနိုင်သော ဗုံးလုပ်နည်းကို တတ်ခဲ့သည့်ပညာမှာ သည်အခါတွင် အသုံးဝင်ချေပြီ..၊ ကျွန်ုပ်၏ လက်ဆွဲ သားရေသေတ္တာ ထဲ၌ လျှို့ဝှက်ဆောင်ယူခဲ့သော ထိုအချိန်ဗုံး၏ စနက်ဖြင့် မော်တော်ဘုတ် နှင့်အတူ ဦးဒေါန တို့ သားအဖမှာ ရေနန်းစံ ပျော်ကြလေပြီ။ ကျွန်ုပ်လည်း ဆယ်သိန်းတန် အမွေအနှစ်ကြီးကို ထက်ဝက်ဖြင့် ပိုင်ပေပြီ။ အမှီကို အရချိုင်နိုင်ပါက သန်းကြွယ်သူဌေးကြီး ဖြစ်ရပေတော့မည်တကား။

၂-မိုင်ခန့်သာ ကွာဝေးသော ကျိုက္ခမီသို့ ကျွန်ုပ်တို့ လေးယောက်သား ဘောကွင်းကို အားပြု၍ ကူးခဲ့ကြရ၏။ ကျိုက္ခမီသို့ ရောက်သောအခါ ပုလိပ်ဘက်သို့ အကြောင်းကြားကြရပေရာ စစ်အတွင်းက ချခဲ့သော ရေမြှုပ် ဗုံးတစ်ခု နှင့် မတော်တဆထိကာ မော်တော်ပျက်ရသည်ဟူ၍ တစ်မြို့လုံး ဥက္ကောဋေးယျ ဖြစ်ရပေတော့ သည်။ ကျွန်ုပ်၏ အပေါ်၌ကား သံသယ တစ်စွန်းတစ်စရှိဖို့ ဝေးစွာ၊ ဦးကံကောင်းဟူသော အမည်နှင့် လိုက် အောင် ကံကောင်းလှသောကြောင့် ရေထဲဆင်း၍ ပသျှူးခမောက် ဆယ်ခြင်းဖြင့် သေဘေးမှ သီသီကလေး လွတ်ရသည်ဟု ချီးကျူးအံ့သြမကုန် ဖြစ်နေကြလေသေးသည်။
*
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Friday, September 16, 2011

တင့်တယ် ၏ ကမ္မဖလ အပိုင်း (၁၇)

စစ်သူဌေးသား

ကျွန်ုပ်ကြိုးစင် ကို တက်၍ သေရမည့်ရက်နီးကပ်သည်ထက် နီးကပ်လာသောကြောင့် ကျွန်ုပ်၏ အဖြစ်စဉ် မှတ်တမ်း ကို တရကြမ်း ရေးသားရသည်တွင် အဆက်စပ်ကင်းသော ကိုယ်ရေး အဖြစ်အပျက်ကို ချန်လှပ် သင့်သမျှ ချန်လှပ်ထားခဲ့ရခြင်းအားဖြင့် ကျွန်ုပ်နှင့် အသန့်တို့လင်မယား ဆက်ဆံရပုံတို့ကို ရှေ့ပိုင်းတွင် ဖော်ပြသင့်သလောက် မဖော်ပြနိုင်ခဲ့ပေ။ ရှေ့ပိုင်း၌ ရေးခဲ့သော အဖြစ်အပျက် လက်စားချေမှုတို့နှင့်လည်း တစ်ဘာသာစီ ဖြစ်နေကြသောကြောင့် ရှုပ်ထွေးကုန်မည်စိုး၍ မရေးခဲ့။ ယခု ဤကဏ္ဍသို့ ရောက်မှပင် ကျွန်ုပ် နှင့် အသန့်၏ ခင်ပွန်း ဦးစိန်မောင်တို့ ဆက်ဆံခဲ့ရပုံများကို သီးခြား တစ်သက်တစ်ကန့်ရေးရပေဦး တော့မည်။

ယခင်က ရေးသားခဲ့ပြီးသည့်အတိုင်းပင် လွန်ခဲ့သော ၄၇ ခုနှစ်လောက်အချိန်က အသန့်နှင့် ကျွန်ုပ်တို့ ပြန်၍ ဆုံစည်းရုံမျှသာမက ဦးဒေါန၊ အမှီနှင့် မောင်ညိမ်းအောင်တို့ တစ်တွေ ရန်ကုန်သို့ ခေတ္တလာခဲ့ကြစဉ်၌ပင် ကျွန်ုပ် တို့နှင့် အသန့်တို့မှာ အတော်ပင် အဆက်အဆံများခဲ့ပေသည်။ အကြောင်းမူကား ဦးစိန်မောင်၏ အပေါ်တွင် ကျွန်ုပ်၏ ကြွေးများပတ်၍ နေသည်က တစ်ကြောင်းဖြစ်၏။ ဆန်အိတ်သွင်းသော လုပ်ငန်းကို စာ ချုပ်အတိုင်း ဦးစိန်မောင် မဖြည့်ဆည်းနိုင်လျှင်ခနောင်တိုသို့ လိုက်ကာ နားပူရ၏။ ရန်ကုန်၌ ကျွန်ုပ်၏ လုပ်ငန်း ဖရိုဖရဲ ဖြစ်သည်ကိုကား မခံနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် အစိုးရထံ ဆန်သွင်းမည့် စာချုပ် ပျက်ရသည်ထက် ဦးလေး ဦးဒေါနက ကျွန်ုပ်အား အလုပ်ကို မနိုင်နင်းဟု အထင်ခံရမည်ကို ပို၍စိုးရိမ်ပေ သည်။

ထို့အပြင် အသန့်တို့ လင်မယားနှင့် ပို၍ ရင်းနှီးခဲ့ခြင်းမှာကား မောင်ညိမ်းအောင်တို့တစ်စု ရန်ကုန်သို့ တက်လာကြရာတွင် မောင်ညိမ်းအောင်၏ ဇနီး အရေးပိုင်သမီးမှာ အသန့်၏ ခင်ပွန်း ဦးစိန်မောင်နှင့် ဆွေနှီး မျိုးစပ်တော်၍ နေသည်ဖြစ်ပေရာ အသန့်တို့ကလည်း ခနောင်တိုမှ ရန်ကုန်ရှိမောင်ညိမ်းအောင်တို့ထံသို့ ညဥ့်အိပ် ညဥ့်နေလာ၍ လည်ပတ်တတ်ကြ၏။ မောင်ညိမ်းအောင်တို့ကလည်း အသန့်တို့ရှိရာ ခနောင်တိုသို့ နှစ်ခေါက်သုံးခေါက်မျှ သွားရောက် လည်ပတ်ခဲ့ကြပေသည်။ ဤသို့ ခနောင်တိုနှင့် ရန်ကုန်အစုန်အဆန် ကူး သန်းဆက်ဆံနေခဲ့ကြရာ၌ ကျွန်ုပ်မှာလည်း တစ်ခါတစ်ခါတွင် အမှီကို မျက်ခြေပြတ် မခံလိုသော စိတ်ဖြင့် ခနောင်တိုသို့ လိုက်ပါသွားလေ့ရှိခဲ့၏။ အမှီကို တန်းတန်းစွဲလိုက်၍ နေသည့် အရေးသာမက ကျွန်ုပ်တို့၏ ငွေပင်ငွေရင်းများကို မြှုပ်နှံထားသော ဦးစိန်မောင်၏ စက်နှစ်လုံးကို ကြည့်ရန်လည်းကောင်း၊ ဦးစိန်မောင် စာချုပ်နှင့် အာမခံကာ ဆန်သွင်းဖို့ ယူထားသော ကိစ္စကို လောဆော်ပေးရန်လည်းကောင်း တစ်ချက်ခုတ် နှစ်ချက်ပြတ်သဘောဖြင့် သွားရောက်ခဲ့ပေသည်။

ဦးစိန်မောင် အသန့်တို့နှင့် ဤကဲ့သို့ ဆက်ဆံခဲ့ရာ၌ လက်ဦးအကြိမ် ဦးစိန်မောင်နှင့် ကျွန်ုပ်ကို အသန့်က ချာချီလမ်း အသိအိမ်တွင် မိတ်ဆက်ပေးစဉ်အခါကပင် ဦးစိန်မောင်မှာ ယစ်ထုပ်ကြီးတစ်ဦး ဖြစ်နေသည်ကို တွေ့လျှင်တွေ့ချင်း သိရသောကြောင့် ကျွန်ုပ်၏ အတွင်းစိတ်၌မနှစ်မြို့လှပေ။ ဦးစိန်မောင်ကလည်း အသန့် နှင့် ကျွန်ုပ်တို့ ငယ်စဉ်အခါက တစ်အိမ်တည်း အတူတူ ကြီးပြင်းလာခဲ့ကြရပြီးလျှင် အသန့်မင်္ဂလာဆောင်ခါ မှသာ ကွဲကွာခဲ့ကြရသည့် အဖြစ်ကို အမြစ်ကလှန်၍ သိရသောအခါ၌ ကျွန်ုပ်အားများစွာ နှစ်လိုသည့် ဟန် အမူအရာမရှိပေ။ သို့သော် ... နှစ်ဦးစလုံးမှာ အသက် ၄၀ အရွယ်သို့ ချဉ်းကပ်နေကြပြီဖြစ်သောကြောင့် တစ်ဦး၏ အတွင်းစိတ်ကို တစ်ဦး မသိရအောင် လုံလုံလဲလဲ ဖုံးဖိနိုင်ကြလျက် ဟန်မပျက် ဆက်ဆံနိုင်ခဲ့ကြ ပေသည်။

သို့ဆက်ဆံရာတွင် ဦးစိန်မောင်သည် ကျွန်ုပ်အား မြင်းလောင်းရန်၊ အနီထောင်လောင်းရန် ငွေလိုသော အခါ၌ ငွေကို လွယ်လွယ်ဆွဲ၍ရသော ဘဏ်တစ်ခု အဖြစ်ဖြင့် အသုံးချလို၍ မိတ်ဆွေသဏ္ဍာန်ဖြင့် ဆက်ဆံပေရာ ကျွန်ုပ်ကလည်း ဦးစိန်မောင်၏ ဆန်စက်များကို လက်ကိုင်ရလျှင် ကျွန်ုပ်တို့ပြုစုပျိုးထောင်စ ဖြစ်သော ဆန်စပါးလုပ်ငန်း၌ များစွာအကျိုးရှိမည်ဟူသော ယူပက္ခန္ဒာ လမ်းစဉ်အတိုင်း ရည်မှန်းချက်ထား၍ အခွင့်အလမ်းကို ကြည့်ကာ မိတ်ဟန်ပြု၍ ဆက်ဆံခဲ့ခြင်းဖြစ်၏။

ကျွန်ုပ်၏ အဦးအဖျား မေတ္တာစိတ်ယိုဖိတ်မိ ခဲ့သော အသန့် စိတ်ချမ်းသာပါစေဟူသော သဘောဖြင့် ပစ္စည်းပျက်စပြုသော ဦးစိန်မောင်ကို ငွေရေးကြေး ရေး၌ ကူညီခဲ့ခြင်းလည်း ဖြစ်၏။ သို့သော် ကျွန်ုပ်ကိုင်၍နေရသော ငွေလုံးကြေးလုံးမှာ အရင်းစစ်လိုက်ပါက ကျွန်ုပ်ကိုယ်ပိုင်မဟုတ်သေး။ ဦးလေးဦးဒေါန ၏ ငွေများသာလျှင် ဖြစ်လေသေးရာ ကျွန်ုပ်မှာ ဘာပင်ပြော ပြော မင်းဘဏ္ဍာ ကိုယ့်ဟာမှတ်လို့ တပြုံးပြုံး မလုပ်ဝံ့ဘဲ ဦးဒေါနထံသို့ ပဲပိုင်က မကျန်ခုနစ်ရက်တစ်ပတ် အမြဲစာရင်းတင်နေရသော ဘ၀၌သာ ရှိသေး၏။ ထို့ကြောင့် မပိုင်ဝက်မွေးချက်လက်မှတ် စာရွက်၌ လက်မှတ်ကလေး ဘာကလေးထိုးနိုင်ရုံမျှ အခြေဖြစ်သောကြောင့် ကျွန်ုပ်မှာ အသန့်အပေါ်၌ ကျေးဇူးတုံ့ပြန် ပေးဆပ်လိုလျက်နှင့်ပင် မပေးဆပ်သာဘဲ ရှိရပေသည်။
အသန့်ခမျာမှာလည်း ကြာလေကြာလေ သနားစရာဖြစ်၍ လာ၏။

ကျွန်ုပ် ရန်ကုန်သို့ ရောက်၍ တွေ့ဆုံကြ ခါစ အခါတွင်မူ ခင်ပွန်းသည် ဂုဏ်ပုပ်မည်စိုးသောကြောင့် ဟန်လုပ်ကာနေခဲ့ရှာသော်လည်း ကျွန်ုပ်နှင့် စီးပွားရေး၌ ဒွေးရောယှက်တင် ဆက်ဆံသည်အထိ ရင်းရင်း နှီးနှီး ရှိလာခဲ့သောအခါတွင်ကား ဦးစိန်မောင် ဆိုးသမျှပေသမျှတို့ကို တိုင်စရာ တန်းစရာရှိလျှင် အသန့်မှာ ကျွန်ုပ်ကိုသာလျှင် ပုဏ္ဏတိုင်ထား၍ တိုင်တန်း လေ့ရှိ၏။ သို့သော် ဦးစိန်မောင်မှာ ကျွန်ုပ်မျှမက သိကြားဆင်း၍ ဆုံးမစေကာမူ ရနိုင်မည်လည်း မဟုတ်၊ ကျွန်ုပ်ထက်ပင် အသက်ကြီးသေးသောကြောင့် ပြောဆိုရမည်ကလည်း ခက်ခဲသဖြင့် အသန့်လာ၍ တိုင်တန်းလျှင် အသန့်ကို စိတ်ကျေချမ်းအောင် ချော့ရ မော့ရလျက် ဦးစိန်မောင်နှင့် တွေ့ပြန်သောအခါတွင် ကား သတိပေးစကားတို့ကို သတိပေးရာ မရောက်အောင် တစ်နည်းတစ်ဖုံ လှည့်ပတ်ပြောဆိုရပေသည်။

ဤသို့ ဆက်ဆံကာ နေခဲ့ရာတွင် ဦးစိန်မောင်သည် အရက်မူးကာ အသန့်အား ရိုက်နှက်ကန်သဖြင့် အသန့် သည် ရန်ကုန် ချာချီလမ်းရှိ မိတ်ဆွေများထံသို့ အ၀တ်တစ်ထည် ကိုယ်တစ်ခုနှင့်ပင် ဆင်းလာခဲ့ဖူး၏။ သို့သော် အရက်ဖူးပြေသောအခါတွင် ဦးစိန်မောင် ခနောင်တိုမှ လိုက်လာ၍ မရှက်မကြောက် ဒူးထောက် တောင်းပန်ကာ ပြန်၍ခေါ်သဖြင့် အသန့်ခမျာလည်း ဆယ့်ငါးနှစ်တာ ပေါင်းသင်းလာခဲ့သော လင်မယားဖြစ် သည့်အလျောက် တစ်ကြောင်းမထောက် တစ်ကြောင်း ထောက်၍ ခနောင်တိုသို့ ပြန်လည်လိုက်ပါသွားခဲ့ ၏။ ဤအဖြစ်အပျက်များကို ဖြစ်ပျက်ပြီးနောက် ချာချီလမ်းမှ အသန့်၏ မိတ်ဆွေများပြောပြသဖြင့် သိရပေ သည်။

ထိုမျှရေးလျှင် ကျွန်ုပ်၏ ၁၉၄၈ ခု မေလ အခြေအနေကို သိလောက်ပေပြီ။ အမှီတို့ထံမှ စာမှန်မှန်ရ၏။ ကျွန်ုပ်ကလည်း ဦးဒေါနထံ လုပ်ငန်းကို အစီရင်ခံသည့် စာနှင့်အတူ အမှီထံသို့ စာရေးတတ်သည်။ မှန်မှန် ကား မရေးပေ။ အေးလွန်းအားကြီးလျှင် အထင်တစ်မျိုးပေါက်မည် စိုးသောကြောင့်ဖြစ်၏။ ကျွန်ုပ်ကား ဆယ် သိန်းတန်စည်းစိမ်ကြီးကိုလည်း နီးသည်ထက်နီးနေပြီဖြစ်၍ အပြင်းအထန် မက်မောနေ၏။ အမှီ ကိုလည်း အုံ့ပုန်းချစ်ဖြင့် ပူးတစ်ခါ ခွာတစ်လှည့် ဆက်ဆံနေရခြင်းကြောင့် အနီးသို့ ကပ်၍ ချစ်ကြည့် မိ၏။

အဝေးမှ ရော်ရမ်းကာ အမှန်းနှင့်လည်း ချစ်မိ၏။ နှစ်ကာလရှည်လျားစွာ အချစ်ကို မျိုသိပ်ထားခဲ့သည်မှာကား တစ်ခါ တစ်ရံ၌ " ဟယ် ... ဘယ်လိုရှိရှိ ဇွတ်အတင်း ချစ်ပြီး ဇွတ်ခိုးပြေးမှပဲ ထင်ပါရဲ့ ... " ဟု အကြံရိုင်းရိုင်းကြံမိ၏။ သို့သော် လက်စားချေရေးကြီးက တစ်ဘက်ဖြစ်နေသဖြင့် အခြေအနေမှာ အထူး သိမ်မွေ့သောအခြေအနေ ဖြစ်ပေရာ ဇွတ်မလုပ်ဝံ့ပေ။ ဇွတ်တစ်ခုခုလုပ်လိုက်ပါက ခဲလေသမျှ အလဟဿ ဖြစ်ရမည်ကို ကျွန်ုပ် မြင်၏။ ဦးဒေါနကများ ကျွန်ုပ်ကို အမှီအား စောင့်ရှောက်ရစ်ပါဟု အပ်ခဲ့လေမလား ထင် သောအခါ ထင်မိ၏။ သို့ရာတွင် မောင်နှမ၀မ်းကွဲဟူသော သံကန့်လန့်ကာကြီး ရှေ့ကဆီး၍ နေပြန်ပေရာ ဦးဒေါနကိုယ်တိုင်ကမူ မည်သို့မျှ အမှီနှင့် ကျွန်ုပ်ကို သဘောတူလိမ့်မည် မဟုတ်သည်ကို နားလည်ထားရ ပေ၏။

ယင်းသည့်အားဖြင့် ကျွန်ုပ်မှာ ရန်ကုန်တွင်သာ တကုတ်ကုတ် အလုပ်လုပ်ရင်း ဧပြီလကုန်သည်အထိ ဇာတ်မျောသောင်တင်ဘ၀လမ်းစဉ် ရပ်နေသလို ရှိနေခဲ့သည်၌ ကျွန်ုပ်ခပ်ငြိမ်ငြိမ်ဖြစ်သွားတုန်း နွားကြိမ်တို့ သလို လာ၍တို့လေ့ရှိသော ကိုရွှေကံသည် ကျွန်ုပ်၏ နှလုံးသားကို ကြိမ်ဖျားက ဓာတ်ဆက်အပ်သွားနှင့် နွား တင်ပါးကိုဆွသလို လာ၍ဆွပြန်၏။ ဆွလိုက်ပုံမှာကား ဦးဒေါနထံမှ စာတစ်စောင်ရောက်လာခြင်းဖြစ်၏။ ထိုစာမှာ မာကြောင်း သာကြောင်းများအပြင် ...
" တူမောင် အထူးသိသာရန်မှာ ယခုနွေတွင် ဦးလေးတို့၏ သစ်လုံးများ ရေမျောကမ်းတင် သံလွင်မြစ်ဝ၌ ပြန့် ကြဲနေသည်ကို လိုက်လံသိမ်းဆည်း၍ စာရင်းလုပ်ရန် လို၍နေသည်။

တူမောင်ယခင်တစ်ပတ်က ပို့သော စာရင်းအရ အစိုးရထံ အာမခံထားသမျှ ဆန်အိတ်များကို အပြီးအပြတ် ပေးသွင်းရန်မှာ ခနောင်တို ဦးစိန်မောင်ထံမှ ဆန်အိတ် ၃၀၀ ရလျှင် ကိစ္စပြီးပြတ်မည် ဖြစ်သည်ကို သိရ၍ ရန်ကုန်၌ လုပ်ငန်းခေတ္တစဲ၍ သွားမည်ကို ဦးလေးမြင်မိသည်။ သို့ဖြစ်၍ ထိုဆန်အိတ် ၃၀၀ ကိစ္စကို ဦးစိန်မောင်ထံမှ အစိုးရထံသို့ တိုက် ရိုက်အပ်ရန် တူမောင်၏ မန်နေဂျာနှင့် လွှဲခဲ့၍ တူမောင်လာနိုင်က ဦးလေးတို့ထံသို့ လာပြီးလျှင် သစ်လုံးများ စာရင်းလုပ်ဖို့ ကူညီစေလိုသည်။ မိုးဦးကျ၍ သစ်လုံးအသစ်များ မျှောချိန်တန်လျင် မနှစ်က သစ်လုံးများနှင့် ယခုနှစ် မျှောသော သစ်များ ရောထွေးကာ အလုပ်ရှည်ဝေးမည်ကို စိုးရသည်။

ထို့ပြင် တူမောင်၏ ညီမ အမှီ နှင့် ပတ်သက်၍လည်း နောင်ရေးကိစ္စတစ်ခု တိုင်ပင်ဖွယ် ရှိနေလေ သေးသည်" ဟူသော အကြောင်းများပါလာ၏။
သစ်ကိစ္စမှာ နှစ်စဉ်လုပ်ရိုးကိစ္စဖြစ်၍ မထူးခြားလှ (အမှီ၏နောင်ရေး)ဟူသော ကိစ္စမှာကား ကျွန်ုပ်၏ နှလုံး သွေးကို တဒိတ်ဒိတ်ခုန်စေသော ကိစ္စဖြစ်၍ ဦးဒေါနသည် အမှီ အသက်သုံးဆယ်မှ ကျော်လါန်စ ပြုသည်ကို နေရာချထား၍ အိမ်မှ လက်လွှတ်လိုက်ရန် ဆုံးဖြတ်ဟန်တူ၏။ သို့တည်းမဟုတ် ကုန်သည်တစ်ဦးနှင့် အိမ် ထောင်ချထားကာ လက်ရည်တစ်ပြင်တည်း အိမ်ပေါ်၌ အမှီရော သူ့ခင်ပွန်းပါတင်၍ ထားလေမည်လားဟု လည်း တွေးမိ၏။ မည်သို့ပင်ဖြစ်စေ အမှီကို အိမ်ထောင်ချထားတော့မည် ဆိုသောအရေးမှာ ကျွန်ုပ်၏ နှလုံး သားကို ဓားပါးပါးနှင့်မွှန်း၍ ဆားပက်ကာ နေလှမ်းသည့်ပမာ ဖြစ်စေလေရာ ကျွန်ုပ်လည်း အမှီတို့ထံသို့ သွားရန် ကမန်းကတန်း သုတ်သီးသုတ်ပျာ ပြင်ဆင်ရလေတော့သည်။

နက်ဖြန်တွင် ခရီးစတင်၍ ထွက်ရတော့မည်ဖြစ်သောကြောင့် ယနေ့ညနေ၌ ကျွန်ုပ်သည် အလုပ်တိုက်ရှိ လက်စွဲမန်နေဂျာအား ဦးစိန်မောင်ထံမှ ဆန်အိတ် ၃၀၀ ရဖို့ကိစ္စကိုလည်း အပူတပြင်း စီစဉ်ခိုင်းစေနေရပေ ရာ မှောင်တရီ သို့ ရောက်ခဲ့ခါမှပင် စာရင်းအင်းကိစ္စ အားလုံးပြီးစီး၍ အပြီးသတ်မှာကြားစရာတို့ကို နှုတ်မှ မှာကြားနေရ၏။
" ခနောင်တိုကို နှစ်ရက်တစ်ပတ်လောက် သွားပြီး ဦးစိန်မောင်ကို ခဏခဏ လောဆော်ပေးကြားလား၊ ဆန် အိတ်တွေက အစိုးရကို မေလ ၁၅ ရက်နေ့မှာ အပ်ရလိမ့်မယ်၊ အဲဒါကိုသာ ကြပ်ကြပ်ဂရုစိုက်" ဟု ဆိုနေစဉ် ကျွန်ုပ်မှာ စကားစပြတ်လျက် " ဟော ... ပြောရင်းဆိုရင်း အဆင်သင့်ပဲ" ဟု ပါးစပ်က ဆိုလိုက်မိ၏။ အကြောင်းမျာမူ အလုပ်တိုက်ရှေ့တွင် ဆိုက်ကားတစ်စင်းထိုးဆိုက်၍ ဆိုက်ကားပေါ်မှ အသန့်ကိုယ်တိုင် လက်ဆွဲသေတ္တာတစ်လုံးနှင့် ဆင်းလာသည်ကို တွေ့ရသောကြောင့်ဖြစ်၏။

ကျွန်ုပ်လည်း စားပွဲမှထ၍ တိုက်ဝသို့ အရောက်သွားကာ " လာအသန့် အဆင်သင့်ပဲ အကိုကံကောင်းအခုပဲ အသန့်တို့ဆီက ဆန်အိတ်အကြောင်းတွေကို ပြောနေတုန်း အသန့်ပေါက်လာတာ အသန့်တော့ အသက် ရှည်ဦးမယ်" ဟု ရယ်ကာ ပြုံးကာ ဆီးကြိုလိုက်ရ၏။ သို့သော် အသန့်မှာ ကျွန်ုပ်နည်းတူ ရယ်ပြုံးခြင်းမရှိဘဲ မျက်နှာထားအိုအိုနှင့်သာ သင့်ရာ ကုလားထိုင်တွင် ၀င်၍ထိုင်ရင်း " အသန့်ကလဲ ဒီဆန်အိတ် အကြောင်း ကိုပဲ ပြောရအောင် လာတာပဲ၊ အသန့် အသက်ရှည်မယ် မရှည်ဘူးတော့ဖြင့် မပြောတတ်တော့ဘူး"ဟု မူမမှန်သောအသံဖြင့် ပြောလိုက်သောကြောင့် ကျွန်ုပ်တွင် အံ့အားသင့်သွားရာက " ဟင် ... ဘာဖြစ်တာလဲ ... ဟင် ... အသန့်" ဟု မေးလိုက်မိ၏။ ပြီးမှ လူစိမ်းမန်နေဂျာ ရှိနေကြောင်းကို သတိထားမိ ကာ " ကိုင်း ငါပြောတဲ့အတိုင်းပဲမှတ်မိရဲ့ မဟုတ်လား၊ မှတ်မိရင် ပြန်ပေတော့ အချိန်တောင် အတော် နှောင်းသွားပြီ" ဟု မန်နေဂျာအား လှည့်၍ ပြောလိုက်ရာ အိမ်က မိန်းမကို ရုပ်ရှင်လိုက်ပို့ရန် အာမခံ၍ ထားခဲ့ဟန် တူသော မန်နေဂျာလည်း ဖင်တကြွကြွနေရာက ကသုတ်ကယက် ၀မ်းသာပုံနှင့် ထွက်သွား၏။ ကျွန်ုပ်လည်း အသန့် အား အလုပ်တိုက်ခန်း၏ အပေါ်ထပ် ကျွန်ုပ်၏ နေရာတိုက်ခန်းသို့ ခေါ်ခဲ့ပေသည်။

အခန်းထဲသို့ ၀င်ခဲ့မိကြသည်နှင့် တစ်ပြိုင်နက် ထိုင်ရုံမျှ မထိုင်ရသေးမီပင် အသန့်က " ဆန်အိတ်ကိစ္စ တခြား မဟုတ်ဘူး အစ်ကိုကံကောင်း အစ်ကိုကံကောင်းတို့ကို အပ်ဖို့ ဆန်အိတ် ၃၀၀ ကို ကိုစိန်မောင် ဒီနေ့ မနက်ပဲ တရုတ်စက်ကို လက်ပြောင်းလက်လွှဲရောင်းပြီး ငွေယူလိုက်ပါပကော။ တရုတ်ကလည်း ချက် ချင်း လှည်းအုပ်ကြီး နဲ့ လာပြီးတိုက်တာ အကုန်လုံး တရုတ်စက်ကို ရောက်ကုန်ပြီ။ နက်ဖြန်ခါ မြင်းပွဲရှိသကိုး အစ်ကိုကံကောင်းရယ်" ဟု ရှောင်တခင် ပြောလိုက်ရာ ကျွန်ုပ်က " ဟာ ... ဘယ်နှာလဲ ... " ဟု ယောင်ယမ်း၍ ဆိုမိသည်မှအပ ဘာမျှထပ်၍ မပြောနိုင်တော့အောင် ဖြစ်နေရပေ၏။
ဦးစိန်မောင်သည် အရင်တစ်ခါတည်း ဤကဲ့သို့ပင် လုပ်ခဲ့ဖူးပြီ။

ကျွန်ုပ်ထံ ဆန်အိတ် ၂၅၀ အပ်ခါနီး၍ စက်က လည်း အဆင်သင့်ဝါးပြီး အိတ်သွတ်ပြီးခါမှ ချစ်တီး တစ်ယောက် လက်သို့ လျှော့်ဈေးနှင့် လက်လွှဲရောင်းကာ ရငွေကို တစ်ညတည်းနှင့် အနီထောင် ရှုံးပစ်ခဲ့ဖူးသည်။ ကျွန်ုပ်မှာလည်း အစိုးရကို ဆန်အိတ် အပ်ရမည့်ရက် ကပ်နေသဖြင့် ဂျင်ဂျင်လယ်၍ သွားရ၏။ ချစ်တီးထံမှ ဆန်အိတ်များကို အမြတ်ပေး၍ ကျွန်ုပ်ငွေနှင့် ကျွန်ုပ် ပြန်ဝယ်ရကာ ကျသမျှ ဆန်အိတ်ဖိုးကို ဦးစိန်မောင်၏ အိမ်ကို အပေါင်ထားစေ၍ အောင်ဒီမံစာချုပ်ကို လက် မှတ်ထိုးခိုင်းရဖူး၏။ ယခုလည်း ဦးစိန်မောင် ဗွေဆိုးဖောက်ပြန်လေပြီ။

" ဘယ့်နှာမှ မလဲတော့ဘူး အစ်ကိုကံကောင်း အသန့်တော့ သူ့ကို ဒီတစ်ခါ အပြတ်ကြီးပြတ်ပြီ၊ မနက်က သူ့ ဆန်အိတ်တွေ တရုတ်ကို ရောင်းပြီးတော့ ငွေထုပ်နဲ့ ပြန်လာကတည်းက သောက်တာဟာ အသန့်ထွက်လာ တော့တောင် သောက်တုန်းပဲ။ အသန့်က (အစ်ကိုကံကောင်းကို ဆန်အိတ်မအပ်နိုင်ရင် ... ဘယ့်နှယ်လုပ် မလဲ)လို့ ပူပူပင်ပင် မေးရာက အစ စကားများ လိုက်ကြတာဟာ အင်း ... ပြောရမှာ ရှက်လှပါတယ်။ ... အဟုတ်ပဲ၊ အရက်ပုလင်းခွံနဲ့ သူရိုက်လိုက်တာကို ငုံ့ရှောင်လိုက်မိလို့ ပခုံးစွန်းကို ထိပြီး ဒီကံဆိုးက မသေ တာဟာ မှားတာပဲ ... ခေါင်းကွဲပြီး သေလိုက်ရရင် ... တစ်ခါထဲ ဒီဒုက္ခ ငြိမ်းမှာပါပဲ အစ်ကို ကံကောင်းရယ် ... " ဟု မချိမဆန့် ညည်းညည်းညူညူကြီး ပြောရင်း စိတ်ပျက်လက်ပျက် ထိုင်ချလိုက်ရှာသူအသန့်ကို ကြည့် ကာ ကျွန်ုပ်မှာ ရင်ထုမနာကြီး ဖြစ်မိ၏။

စင်စစ် တွေး၍ ကြည့်လိုက်ပါက အသန့်အား ဟိုယခင် ဆယ်နှစ်ကျော်ဆယ့်ငါးနှစ်လောက်က ကိုစိန်မောင်၏ လက်ထဲသို့ ဇွတ်တွန်းကာ ထည့်လိုက်သူတရားခံမှာ စစ်၍ ကြည့်လိုက်လျှင် ကျွန်ုပ်ပင်ဖြစ် နေပေတော့သည်။ ထို့ပြင် ... မည်သို့ပင် ပြောစေ ... လူ့ဘ၀သို့ရောက်၍ ပထမအကြိမ် ၁၅၀၀ မေတ္တာဖြင့် ကျွန်ုပ် ချစ်မိသောသူမှာ အသန့်သာလျှင် ဖြစ်နေပြန်၏။ သို့ဖြစ်သောကြောင့် လက်စားချေ အဓိဋ္ဌာန်ကို ငဲ့ကွက်၍ အသန့်အား သူတစ်ပါးလက်တွင်းသို့ ရက်ရက်စက်စက် ထိုးအပ်လိုက်သည်မှာ မှားလေစွ ... မှား လေစွ ... ဟု နောင်တကြီးစွာ ရမိ၏။ သို့သော် မိုးလွန်မှ ထွန်ချ လူမိုက်နောက်မှ အကြံရဖြစ်လေပြီ။

" ဒါကြောင့်မို့ အသန့်သည်းမခံနိုင်တော့ဘူး အစ်ကို ကံကောင်း လက်ထပ်ပြီးစ သုံးလေးနှစ်တုံးကတော့ တော်ပါသေးရဲ့ အဲဒီကတည်းက ဆိုးသမျှ ပေသမျှကို အသန့်ကြိတ်ပြီး သည်းခံခဲ့တယ်။ အသန့်ကို ကိုယ် ထိလက်ရောက် စော်ကားပေါင်းများလှပြီ၊ အစကတော့ ကြိတ်ပြီး ခံခဲ့တယ်၊ စစ်ပြီးတော့မှ ပိုပြီး ဆိုးလာတယ်၊ အသန့်အိမ်က ထွက်ခဲ့တာ နှစ်ခါရှိပြီ၊ သူအမူးပြေရင် လိုက်ပြီး ခြေသလုံးဖက် တောင်းပန်လို့ အသန့်ပြန်လျုက်သွားခဲ့တယ် ...၊ လိုက်ပြန်တော့လည်း စော်ကား ပြန်တာပဲ ဒါကြောင့်မို့ ဒီတစ်ခါတော့ အပြတ်မှ အပြတ် သူသေနေတောင် မကြည့်တော့ပါဘူးလို့ ဘုရားအိုးရေသောက်ပြီးမှ ထွက်ခဲ့တာ၊ ချာချီ လမ်းက အသိတွေအိမ်ကို သွားရင် သူလိုက်ပြီး ခေါ်ဦးမှာစိုးလို့ အစ်ကို ကံကောင်းဆီကိုပဲ တိုက်ရိုက် လာခဲ့ရတယ်၊ အသန့် နက်ဖြန်ကျရင် မန္တလေးကိုလိုက် စစ်ကိုင်းချောင်ကို သွားတော့မလို့ဘဲ" ဟု အသန့် ကဆက်၍ မျက်ရေ တစမ်းစမ်းနှင့် ပြောရှာပြန်ပါသည်။

ကျွန်ုပ်ကား သက်ပြင်းကိုသာ ချမိ၏။ အသန့်ကို သနားစိတ်လည်း တဖွားဖွား ပေါ်နေ၏။ အစိုးရထံ ဆန်အိတ် အပ်ရဖို့မှာလည်း ဦးစိန်မောင်ထံက ဆန်အိတ်မရလျှင် ခွကျဦးမည်ကို သိ၏။ ဆန်အိတ် ၃၀၀ ဖိုး နှင့် တန်သော ပစ္စည်းအထုအထည်လည်း ဦးစိန်မောင်၌ မကျန်တော့ပေ။ ဤကြားထဲတွင် အမှီ၏ ကိစ္စဖြင့် တနင်္သာရီဘက်သို့ အပြေးအလွှား သွားရမည်ကလည်း ရှိနေသေး၏။ လောလောဆယ်ဆယ်တွင် အသန့် အား ကျွန်ုပ်၏ တိုက်ခန်းတွင် နှစ်ယောက်ချင်း ညအိပ်လက်ခံရမည်မှာလည်း မသင့်သေး။

စိတ်ထဲတွင် အတွေးမျိုးစုံလုံးလည်ချာလပတ်လိုက်၍ နေပေတော့သည်။ ပြီးမှ ... " အင်း ... ဦးစိန်မောင်ကလည်း ခက်တယ်၊ အစ်ကို ကံကောင်းလည်း အသန့်ရဲ့ မျက်နှာကြောင့် အစစအရာ ရာ ငဲ့ခဲ့တာပဲ အစွမ်းတော့ ကုန်နေပြီလေ၊ ဘယ်လိုလုပ်ရမှန်းကို မသိသလောက်ဘဲ အသန့်ရယ် ... ကဲ အစ် ကိုကံကောင်း တစ်ခုပြောမယ် ဟုတ်လား၊ ဒီတစ်ခါတော့ သူ့ကို အသန့် ခွင့်လွှတ်လိုက်ဦး ဟုတ်လား၊ အစ်ကို ကံကောင်းလည်း ခရီးထွက်ရမည့်ဆဲဆဲမှာ မထွက်သေးဘဲနဲ့ ဆန်အိတ် ၃၀၀ ကို တခြားတစ်နေရာ က ရအောင်ရှာပြီး ၀ယ်ထားလိုက်ရဦးမယ်။

ဒီတစ်ခါတော့ဖြင့် ဦးလေးတို့ လုပ်ငန်းက ငွေနဲ့မဟုတ်ဘဲ အစ် ကိုကံကောင်းရဲ့ ပိုက်ဆံနဲ့စိုက်ပြီး ၀ယ်ရမှာ၊ အေးလေ ... ထားပါတော့၊ ဒီတော့ကာ အစ်ကိုကံကောင်းက ဒါ လောက် လုပ်ပေးမယ်ဆိုရင် အသန့် ကလည်း ခုည ချာချီလမ်းမှာအိပ်။ သူလိုက်ပြီး ခေါ်ရင် ခနောင်တိုကို ပြန်လိုက်သွားပါဦးကွယ်၊ ဒီတစ်ခါတော့ သူ့ကို ကျေလိုက်ပါဦး ... ဟုတ်လား သုံးကြိမ်သုံးခါ ခွင့်လွှတ်လို့မှ သူနောင်မကြဉ် ဘူးဆိုရင်တော့ အသန့် ဘာသာအတိုင်းပဲဟုတ်လား " ဟု ပြေရာပြေကြောင်း ပြောလိုက် ရပေရာ အသန့်ကမူ ခေါင်းကိုသာ တွင်တွင်ခါလျက် မဖြစ်နိုင်ပါဘူး အစ်ကိုကံကောင်း ... အသန့် ဆယ်နှစ် လုံးလုံး စဉ်းစားပြီးမှ ဆုံးဖြတ်တာပါ၊ ဒေါသအလျောက် ဆုံးဖြတ်တာမှ မဟုတ်ဘဲ ...၊ ပြီးတော့လည်း အသန့် မငယ်တော့ပါဘူးအစ်ကို ကံကောင်းရယ် ကိုယ်ဘာ လုပ်တယ် ဆိုတာကို မသိတဲ့အရွယ်လည်း ဟုတ်မှမဟုတ်တော့ပါဘဲ အသန့် စစ်ကိုင်းချောင်ကို သွားမှပဲ ဒီဝဋ်က လွတ်မှာ၊ ပြီးတော့ အသန့်လေ သူ့မျက်နှာကို ... "

စကားမဆုံးသေးမီပင် ကျွန်ုပ်၏ တိုက်ခန်းတံခါးကို အပြင်ဘက်မှ တ၀ုံးဝုံး ထုလိုက်သော အသံကြောင့် နှစ် ယောက်သား စကားပြတ်သွားကြရကာ ကျွန်ုပ်လည်း တံခါးကို ရိုးရိုးမခေါက်ဘဲ တ၀ုံးဝုံးနေအောင် ထုသည် ကို ဒေါသထွက်ရင်း " ဘယ်သူလဲ တံခါးကို ဒါလောက် ထုနေတာ" ဟု ခတ်မာမာဆိုရင်း အခန်းတံခါးကို ဖွင့် လိုက်ရလေ၏။ တံခါးပွင့်သွားသည်နှင့် တစ်ပြိုင်နက် ကျွန်ုပ်မှာ နှာခေါင်းကို ရှုံ့၍ အသက်ရှူ ရပ်ထားလိုက် မိပေသည်။ တံခါးပေါက်၌ ရပ်နေသူကား ဦးစိန်မောင် ကိုယ်တိုင်ပင် ဖြစ်နေ၏။ သူ့ပါးစပ်မှ အရက်နံ့ တထောင်းထောင်းထွက်၍ နေလေတော့သည်။
ကျွန်ုပ်အံ့အားသင့်ကာ အရက်နံ့ကို မခံနိုင်ဘဲ နှာခေါင်းရှုံ့နေမိစဉ်ပင် ဦးစိန်မောင်သည် ပြူးတူးပြဲတဲနီရဲနေ သော မျက်လုံးကြီးများဖြင့် အခန်းတွင်းသို့ ကဲ၍ ကြည့်ကာ အသန့်ပြူးကြောင်ကြောင်ဖြစ်ကာ ထိုင်နေသည် ကို မြင်သည်နှင့် တစ်ပြိုင်နက် " ဟား ... ဟား အသန့်က ဒီမှာကိုးကွ " ဟု သရော်သံကြီးနှင့်ဆိုကာ အိမ် ခန်းထဲသို့ ဒယီးဒယိုင် လှမ်း၍ ၀င်လိုက်သဖြင့် ကျွန်ုပ်လည်း ဘေးမှ လိုက်လာရင်း ဦးစိန်မောင်၏ အကဲကို ကြည့်နေရလေ၏။

ဦးစိန်မောင်ကား အရက်နံ့တထောင်းထောင်း ထနေသော်လည်း အရက်ဝါရင့်သူပြီပြီ မူးရာကပင် သတိ မလစ်ပေ။ ကျွန်ုပ်က " ထိုင်ပါ ဦးစိန်မောင် ထိုင်ပါ" ဟု ကုလားထိုင် တစ်လုံးကို ဆွဲ၍ ပေးလိုက်သည်၌  ဦးစိန်မောင်က " ဟား ... ဟား မထိုင်ပါဘူး သူဌေးမင်းရယ်၊ ကျွန်တော် အသန့်နဲ့ စကားတစ်ခွန်းနှစ်ခွန်း လောက် ပြောချင်လို့ပါဟဲဟဲ၊ ကျွန်တော်လာတာဟာ အနှောင့်အယှက်များ ဖြစ်နေရော့လားဗျာ "ဟု ကျွန်ုပ် ၏ အိပ်ရာခန်းဆီသို့ မျက်လုံးတစ်ချက်ဝဲ၍ သရော်သံကြီးနှင့် ပြောလိုက်သဖြင့် ကျွန်ုပ်မှာ ဟုန်းကနဲ ဒေါသ ထွက်ခါ လက်သီးကိုပင် တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိပေတော့သည်။

ကျွန်ုပ်တွင် ဦးစိန်မောင်၏ မတော်မတရား စကားရိပ်ကြောင့် မျက်လုံးများပင် မီးပွင့်သွားမတတ် ဒေါသ ထွက်မိ၏။ ကျွန်ုပ်က တမင်လွှဲရှောင်ခဲ့၍ သူရယူနိုင်ခဲ့သော အသန့်ကို သူ့ထံ ပြန်သွားရန် ကျွန်ုပ်က တိုက် တွန်းနေသည့်ဆဲဆဲ၌ ဤစကားကို ကြားရသည်မှာ တကယ်ပင် မခံချိစရာ ရှိလှပေတော့သည်။ သို့သော် အရက်မူးနေသူဖြစ်သည့်အလျောက် ပေါက်ကွဲ၍ ထွက်အံသော ဒေါသကို အနိုင်နိုင်ချုပ်ထိန်းလိုက်ရ၏။ အသန့်ခမျာမှာလည်း မျက်ရည်တွေတွေ ကျဆင်းလျက် နှုတ်ခမ်းကို ပြတ်လုမတတ် ကိုက်ကာ တစ်ကိုယ် လုံး တဆတ်ဆတ်တုန်၍ နေရှာပေတော့သည်။

ဤအခိုက် ဦးစိန်မောင်လည်း မသိမသာ ယိမ်းထိုးနေရင်းက " ကိုင်း ... အသန့် ကိုစိန်မောင်ကို အပြီးအပြတ် ပစ်ပြီး သွားတော့မလို့ဆို ဟုတ်လား ... ဟဲ ဟဲ ကိုစိန်မောင်ရယ်လေ အသန့်ကို ချာချီလမ်း မှာတောင် လိုက်ပြီး ရှာသေးတယ်၊ မတွေ့ဘူး။ ဒါနဲ့ အသန့်ချာချီလမ်းအပြင် ဘယ်မှာများ အားကိုးရှိသေး သလဲလို့ တွေးလိုက်တော့ အဟဲ ... အသန့် ဘယ်မှာဆိုတာ ကိုစိန်မောင်ချက်ချင်း တွေးမိတာပေါ့ကွဲ့ ဟဲဟဲ ... " ဟု စကားစ လိုက်ပြန်၏။ ကျွန်ုပ်ကား ဦးစိန်မောင်ကို လည်ကုပ်မှကိုင်၍ ပြတင်းပေါက်က ပစ်ချ ရန် အူယား၍ နေပေပြီ။

သို့သော် အသန့်၏ ရှေ့တွင် ရုံးရင်းဆံခတ် မဖြစ်လိုသောကြောင့် ဒေါသစိတ်ကို ဇွတ်မှိတ်၍ ချုပ်ထားရရင်း၊ " ထိုင်ပါဦး ဦးစိန်မောင်၊ ဦးစိန်မောင်အတော်မူးနေပါတယ်၊ ထိုက်လိုက်ရင် သက် သာပါလိမ့်မယ်၊ ကျွန်တော် ရေခဲသေတ္တာထဲက ရေခဲသွားယူပါဦးမယ်၊ နဖူးမှာ ကပ်လိုက်ရင် အမူးသက်သာ သွားပါလိမ့်မယ်" ဟု အကျိုးအကြောင်း ဖြောင်းဖြောင်းဖျဖျ ပြောလိုက်ရပြန်၏။ သို့တိုင်အောင် ဦးစိန်မောင် က အရက်ဖြင့် မှေးနေသော မျက်လုံးများကို ပြူး၍ ကြည့်ရင်း မဲ့မဲ့ရွဲ့ရွဲ့ပြုံးရာက " ဒုက္ခမရှာပါနဲ့ သူဌေးမင်းရဲ့ ဟဲဟဲ ... သူဌေးမင်းအိမ်က ဖရီဂျီဒယ်ယာတွေ ဘာတွေနဲ့ ဟန်ကျသနော်ဟားဟား ... အသန့် ဘယ်တုန်း က အိမ်ကို ရောက်သတုန်း" ဟု စကားဖောက်လိုက်ပြန်သဖြင့် အသန့်လည်း ကျွန်ုပ်နှင့်မတူ တရူ စကားရိပ် ၍ ဦးစိန်မောင်ပြောဆိုနေသည်ကို မခံမရပ်နိုင်တော့သည့်အလား " ဘယ်အချိန်က ရောက်ရောက် ရှင့်အပူ တပြားသားမှ မရှိဘူး၊ ကိုင်း ... မူးမူးရူးရူးနဲ့ သူများအိမ်မှာ အရှက်လည်းမရှိဘူး၊ သွားပါတော့ရှင် ... သွားပါ တော့" ဟု ပြောရင်းက အသံတွေ အက်ကွဲကာ ချုံးချ၍ ငိုရှာလေတော့သည်။

ကျွန်ုပ်လည်း ဦးစိန်မောင်၏ လက်ကို အသာဖေး၍ သူ့ကိုယ်ကာယ ယိုင်ထိုးနေသည်ကို မှေးရင်း " ကဲ ... ဦးစိန်မောင် ခနောင်တိုကို ပြန် ရင် ကောင်းမယ်ထင်တယ်ဗျာ၊ ကျွန်တော် လိုက်ပို့ပါရစေ" ဟု ပြောလိုက်ရ၏။ မပြောလျှင် မဖြစ်တော့ပေ။ ဦးစိန်မောင်မှာ မူမမှန်တော့အောင် မူးယစ်နေပေရာ သူနှင့် စကား ဆက်၍ ပြောနေပါလျှင်လည်း အရာထင် တော့မည်မဟုတ်။ ကျွန်ုပ်၏ သိက္ခာကို စော်ကားသော စကားလုံး များပါ၍ လာတိုင်းလည်း ကျွန်ုပ်မှာ ဒေါသ ဖြစ်ရပေရာ အရက်မူးဟု ဆိုသည့်တိုင်း မူးပါးကြီးဖြစ်သော ဦးစိန်မောင် မြန်မြန်ထွက်သွားလျှင် ကောင်းမည် ဟု စိတ်ရှုတ်ရှုတ်နှင့် တွေးမိသဖြင့် ခနောင်တိုအထိ ကျွန်ုပ်ကိုယ်တိုင်ပင် လိုက်၍ ပို့ရပေတော့မည်ဟု ပိုင်း ဖြတ်ကာ ပြောလိုက်ရ၏။

ဤသို့ စေတနာနှင့် ပြောလိုက်ခါမှပင် ဦးစိန်မောင်က တဟားဟား ရယ်ပြန်ကာ " ကျွန်တော်သွားမှာပါပဲ သူဌေးမင်းရယ် ကျွန်တော် ကြာရှည်နှောက်ယှက်နေမှာ မဟုတ်ပါဘူး ခင်ဗျ၊ ဟဲဟဲ ... ကဲ ... ကဲ မကြီးရွှေစာ မယ်ပဘာရေ့၊ မောင်တော်နဲ့ ပြည်ကြီး သာဂလ ခနောင်တိုကို ပြန်ပြီး လိုက်မှာလားကွယ် အဲ ဟယ် ... " ဟု ကုသဟန်နှင့် ဇာတ်ဆန်ဆန်လုပ်၍ မေးနေပြန်၏။ ကျွန်ုပ်ကား ဒေါသလည်းထွက်မိ၏။ အရက်ဖျက်ဆီးသဖြင့် အမျိုးကောင်း သားသမီးအဖြစ်မှ အပျက်ကြီး ပျက်စီးရသော ဦးစိန်မောင်၏ ဘ၀ကို နှမြော၍လည်း နေမိ၏။

ထိုအခိုက်တွင် ဦးစိန်မောင်သည် အသန့်အနီးသို့ ကပ်ရန် ခြေတစ်လှမ်းတိုးလိုက်ရာ အသန့်လည်း ထိုင်ရာ မှထ၍ ဆုတ်ဖယ်ရင်း " ရှင်ကျွန်မကို မထိနဲ့နော်သွား ... သွား၊ ရှင့်အရိုက်အနှက် အနှိပ်စက်လည်း မခံပါရ စေနဲ့၊ အိမ်ကိုလည်း မလိုက်ပါရစေနဲ့၊ ကိုယ့်ဟာကိုယ် ... သတ္တ၀တပဲနေပါရစေ အပူမရှာပါနဲ့၊ ရှင့်ဟာရှင် သွားပါတော့ရှင်၊ ရှင့်မယားငယ် စက်ထဲက ကူလီမနဲ့သာသွားပြီး ပျော်ပျော်ပါးပါး နေချေပါတော့" ဟု ဒေါသ နှင့် ပြောချလိုက်သဖြင့် ကျွန်ုပ်လည်း ဦးစိန်မောင်၏ စာရိတ ပျက်ကွက်မှု တစ်မျိုးကို နောက်ထပ်တိုး၍ သိရ ပြန်ပေတော့သည်။ အသန့်သည် ကျွန်ုပ်အား ရှက်သဖြင့် ဤအကြောင်းကို ထိမ်ချန်ထားခဲ့ရာ ယခုမျ ဒေါသ အထွက်ကြီး ထွက်သဖြင့် ပါးစပ်က မအောင့်အည်းနိုင်ဘဲ လွတ်ထွက်လာရခြင်းဖြစ်ဟန်တူ၏။

ထိုစကားကို ကြားရသည်နှင့် တစ်ပြိုင်နက် ဦးစိန်မောင်လည်း တဟားဟား ရယ်ပြန်ကာ ကျွန်ုပ်ကို မျက် စောင်းတစ်ချက်ဝဲ၍ " ဟဲဟဲ အသန့်ကလဲ အတူတူနဲ့အနူနူပါပဲကွယ်၊ အဟဲ ကိုစိန်မောင် သိတယ်လေလေ့...၊ " ဟု လက်ညိုးကလေး တစ်ဘက်ထောင်ကာ ပုဏ္ဏားက ကပြန်သဖြင့် ဤတစ်ကြိမ် ၌မူ ကျွန်ုပ်မှာ ဒေါသကို မချုပ်နိုင်မီ ဦးစိန်မောင်၏ လက်ကို တုံ့၍ဆွဲလိုက်မိရင်း " တော် ... ဦးစိန်မောင် တော်ပါ၊ ခင်ဗျားစကားတွေ လွန်လာပြီနော်" ဟု စိမ်းစိမ်းကြည့်ကာ ဟန့်လိုက်သည်၌ ဦးစိန်မောင်မှာ မျက် နှာကလေး နှင့် ဖြစ်သွားပြန်ပြီးလျှင် " ပြန်ပြီး လိုက်ခဲ့ပါ အသန့်ရယ်၊ ကိုစိန်မောင် အသန့်မရှိရင် မနေတတ်ပါ ဘူးကွယ်၊ အသန့် ကိုစိန်မောင့်ကို ပစ်သွားရက်တော့မှာလားဟင်" ပြောပြောဆိုဆိုနှင့် ခွေ့ခနဲဒူးပစ်၍ ထောက်လိုက်ပြန်သောကြောင့် ကျွန်ုပ်မှာလည်း အတော်ခွကျနေရပေတော့သည်။

ဤခဏတွင် ဦးစိန်မောင်လည်း မျက်ရည်တွေ အဖြိုင်ဖြိုင်စီးရာက ငိုကြီးချက်မနှင့် " အသန့်မရှိရင် ကိုကို မောင် ဘယ်လို လုပ်နေရပါ့မလဲကွယ်။ အသန့်ရယ် ရက်စက်တော့မှာလားဟင် ဒီလင်ကြီးကို ရက်စက်တော့ မှာလားကွဲ့ ချစ်မယားရဲ့ " ဟု အော်ကျယ် ဟစ်ကျယ်ဆိုတာ နောက်ဆုံး၌ ဟီးချ၍ ငိုနေပြန်ချေ၏။ ကျွန်ုပ် မှာကား ဦးစိန်မောင်၏ ယစ်ထုပ်ဘ၀ အရူးတစ်ပိုင်းဖြစ်ပုံကို ကြည့်ကာ သူ့အသံကို လမ်းသွားလမ်းလာများ နှင့် တိုက်တစ်ဘက်ခန်းမှ လူများ ကြားမည်ကို စိုးမိလျက် " တိတ်ပါ ဦးစိန်မောင် တိတ်ပါ၊ ကိုင်း ... ထ ဗျာ ခနောင်တိုကို ပြန်ရအောင် " ဟု သူ့အား ချိုင်းကြားမှ မလိုက်ရ၏။ သို့သော် ဦးစိန်မောင်ကား ပဲ့ကျွံ၍ နေသူ ဖြစ်သည့်အတိုင်း ကျွန်ုပ်၏လက်ကို တွက်ခါ၍ ပစ်ရင်းက။

မိန်းမဆိုတာ ဆောင်းလေပမာအညီ အတွင်းသဘောဟောဟောတွေ မတည်ကြည် ပြောင်းလဲဟဲဟဲတတ် သည် ခင်မောင်ရင် တစ်ကိုယ်တည်းမှာ အရူးဟူးဟူး ကြီးပမာ ဖြစ်ခါ ဇာတ်သိမ်းဟိန်းဟိန်းမည်" ဟု ကောက်ကာငင်ကာ အသံကုန်ဟစ်ရင်း အသန့်၏ ခြေကိုပြေး၍ ၀မ်းလျားဟတ်ထိုး ဖက်လိုက်၏။ အသန့် လည်းလန့်၍ ခုန်လိုက်ရာ ဦးစိန်မောင်၏ လက်မှ လွတ်သွားသော်လည်း တရုတ်ကြေးအိုးတွင် ပန်းစိုက်၍ တင်ထားသော စားပွဲခြေတံရှည်ကလေးကို ခိုက်မိသဖြင့် စားပွဲလဲကျပန်းအိုးလည်း ကွဲရှကာ တ၀ုံးဝုံး တဗြုံးဗြုံးဖြစ်၍ သွားရပေတော့သည်။

အသန့်ကား တကိုယ်လုံး နတ်ကျသကဲ့သို့ ဖြစ်နေရှာပြီးလျှင် တွေ၍ ကျောက်ရုပ်ကြီးကို ဖြစ်နေရှာ၏။ ပြီးမှ ကြမ်းပေါ်၌ သေနတ်မှန်ထားသော ၀က်ကြီးကို သက်ပြင်းရှိုက်ခါ ၀မ်းလျားထိုးကြီးဖြစ်နေသော ဦးစိန်မောင် အား ရွံရှာစွာ ကြည့်လိုက်ပြီးလျှင် " ကိုင်းပုလိပ်ကိုသာခေါ်ပြီး အပ်လိုက်ပေတော့ အစ်ကို ကံကောင်းရယ် သည့်ပြင်နည်းလမ်းတော့ မရှိတော့ဘူး၊ အသန့်လည်း သူ့ကို ကြည့်ရတာ အော့နှလုံးနာလှတယ်၊ ချာချီလမ်း ကို သွားတော့မယ်" ဟု ပြောကာ ကြာရှည် မနေလိုတော့သည့်အလား လက်ဆွဲသားရေအိတ်ကလေးကို ကောက်၍ ဆင်းသွားရှာ၏။ အသန့်ဆင်းသွားသည်နှင့် မိနစ်မျှမခြားမိ တစ်ဘက်ခန်း၌ နေသောကုလားအချို့သည် တဒုံးဒုံး ဖြစ်သံများကို အကြောင်းပြုကာ ကျွန်ုပ်၏ အခန်းဝ၌ လာ၍ ရပ်ကြည့် ကြသည်ကို တွေ့ရပေရာ ကျွန်ုပ်လည်း မျက်နှာရှိန်းခနဲပူရလေတော့သည်။ ဤအဖြစ်မျိုးကား ကျွန်ုပ်၏ အခန်းတွင် တစ်ခါမျှ မဖြစ်စဖူးပေ။ ထို့ကြောင့် ကုလားများအား ဘာမျှဖြစ်ကြောင်း မကြာခင် ကျွန်ုပ်၏ မိတ်ဆွေ အမူးပြေသွားမည့် အကြောင်းများကို ပြောကာ နှင်လိုက်ရင်း တံခါးကိုပိတ်၍ ဦးစိန်မောင်အား ကြမ်းပြင်မှ ထူလိုက်ရပေသည်။

ဦးစိန်မောင်သည် ကြမ်းပြင်၌ ခွေ့ခွေ့ကြီး ဖြစ်နေရာက ကုန်းကွ၍ အလိုက်သင့်ပါလာသဖြင့် ဆိုဖာကို သူ့ ကိုယ်မှီ၍ ထားခဲ့ရပြီးလျင် ရေခဲသေတ္တာမှ ရေခဲတုံးများကို ယူ၍ သူ့နားထင်တွင် ကပ်ပေးရ၏။ ရေခဲ၏ သတ္တိ ကြောင့် မျက်လုံးကြီးပိတ်၍နေသော ဦးစိန်မောင်သည် ဆိုဖာလက်တင်ပေါ်၌ ဇက်လန်နေရာက နာရီဝက်ခန့် အကြာတွင် အမူးပြေကာ ခေါင်းထောင်၍လာ၏။ ခေါင်းထောင်နိုင်သည့်ခဏတွင် ခေါင်းထဲက အမူးကို တွက်ခါ၍ပစ်သလို ခေါင်းကို သုံးလေးချက် ဆတ်ဆတ် ရမ်းလိုက်ရင်း မျက်လုံးကိုဖွင့်၏။ ပွင့်လာ သော မျက်လုံးကို ပွတ်၍ကြည့်၏ ပြီးမှ အားယူ၍ သူ့ဘာသာသူထလိုက်ရင်း " အသန့်ကောခင်ဗျာ" ဟု ညောင်နာနာအသံဖြင့် မေးကာအုံ၍ နေဟန်တူသော နားထင်ကို လက်ဖနောင့်ဖြင့် ဖိ၍နေ၏။

ကျွန်ုပ်လည်း ဦးစိန်မောင်သတိကောင်းစွာ ရ၍လာသည်ကို ကျေနပ်မိလျက် " အသန့်ချာချီလမ်းက အိမ်ကို သွားပြီ.. လိုက်သွားချင်သလား ကျွန်တော်လိုက်ပို့မယ်လေ " ဟု ပြောရ၏။ ဤတွင် ဦးစိန်မောင်သည် ကြမ်း ပြင်ကို စိုက်စိုက်ကြီး တွေဝေ ငေးမောနေသည်မှာ အတန်ကြီးကြာ၏။ ပြီးကာမှ ကျွန်ုပ်အား ညိုးငယ်သော မျက်နှာဖြင့် ကြည့်ကာ " မလိုက်တော့ပါဘူးဗျာ၊ ခမျာမှာ ၀ဋ်ကျွတ်ချင်နေတာကြာပါပြီ၊ အင်း ... ဒီ တစ်ခါ တော့ဖြင့် သူဝဋ်ကျွတ်ချင်တဲ့အတိုင်း ကျွတ်ရရှာပေတော့မယ် မလိုက်ပါဘူး ... ကျွန်တော့် ဘ၀ဆိုးထဲမှာ သူ့ကို ဆွဲခေါ်ပြီး မနှစ်ချင်တော့ပါဘူးဗျာ" ဟု ပြောရှာ၏။ ကျွန်ုပ်မျာ ဦးစိန်မောင် အမူးပြေရာ၌ တကယ့်လူ ကောင်းပကတိ သူ့အပြစ်ကိုသူ သိသိရရ ပြောသည်ကို သနားသယောင်ပင် ဖြစ်သွားမိ၏။

ထို့ကြောင့် -
" နဲနဲဆင်ခြင်မှပေါ့ ဦးစိန်မောင်ရယ် " ဟု စကားစ လိုက်သည်တွင် ဦးစိန်မောင်က မချိပြုံး ပြုံးရင်း လက်ဝါး အသာအယာ ကာရင်းက " မရတော့ဘူး ကိုကံကောင်း မပြောနဲ့တော့ ကျွန်တော့်ဘ၀က လွန်နေပြီ" ဟု ပြောပြောဆိုဆို သက်ပြင်းကြီးတစ်ချက်ချပြန်၏။ ထို့နောက် ချက်ခြင်းပင် မျက်နှာထားကို ပြင်ကာ အ၀တ်အစားများကို ဖုတ်ဖတ် ခါရမ်းပြီးနောက် ကျွန်ုပ်၏ လက်မောင်းကို ဆုတ်ကိုင်လိုက်ရာက " ကိုင်း ကျွန်တော် ခနောင်တိုကို ပြန်မယ်ဗှာ၊ အသန့်ကို နောင် တွေ့ရင်သာ ကျွန်တော် နောက်ဆုံးနှုတ်ဆက်သွား မယ်လို့သာ ပြောလိုက်ပါတော့ ဟုတ်လား၊ အသန့်နဲ့ကွဲရတော့မည့် တူတူမို့ ကြည်ကြည်သာသာပဲ၊ နှုတ် ဆက်သွားပါပြီလို့ ပြောလိုက်ပါတော့ဗျာ အဲဒီအတိုင်း ပြောပါနော် "ဟု တရရမှာကြားပြီးလျှင် တခါးကို ဖွင့်၍ လှေကားလက်ရမ်းပိုက်လုံးကို အားပြုကာ ဆင်းသွား၏။ ကျွန်ုပ်မှာလည်း ထိုအခါတွင်မှ သက်ပြင်းကြီးချမိ ကာ တံခါးကို ပိတ်လိုက်ရပေတော့သည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, September 15, 2011

တင့်တယ် ၏ ကမ္မဖလ အပိုင်း (၁၆)

သူတို့သုံးဦး

ကျွန်ုပ်၏ သေရေးရှင်ရေးဖြစ်သော ကြိုးဒဏ်မှ သက်ညှာစွာ အခြားဒဉ်ကို ပြောင်းလွှဲပေးပါရန် သမ္မတကြီး ထံသို့ တင်သွင်းသည့် အသနားခံစာကို ပြည်ထဲရေးဝန်ကြီးက ယနေ့ မှတ်ချက်ရေးသားတော့ မည့်နေ့ ဖြစ်ပေရာ ယနေ့သည် ကျွန်ုပ်၏ ကံကြမ္မာကို ဖန်တီးတော့မည့်နေ့ဖြစ်၏။ ပြည်ထဲရေးဝန်ကြီးက သက်ညှာစွာ စဉ်းစားဖို့ မှတ်ချက်ရေးပါက ကျွန်ုပ်မှာ တစ်သက်တစ်ကျွန်းဒဏ်ကို ခံရမည်။ သက်ညှာစွာ စဉ်းစား ဖို့ မလိုဟု မှတ်ချက်ရေးပါက ကျွန်ုပ်မှာ ခုနစ်ရက်အတွင်းတွင် ကြိုးစင်၌ ဘ၀ကူးရပေတော့မည်။ သို့ဖြစ်ရာ ယနေ့ စိတ်၌ အထူးပင် တုန်လှုပ်နေမိ၏။ တုန်လှုပ်နေသော်လည်း မနေသာပေ။ ကံတရားက ကျွန်ုပ် အား သရော်ထားသည်ကို လက်တုံ့ပြန်၍ ဤမှတ်တမ်းကို မဆုံးလျှင် ဆုံးအောင်ရေးကာ ကံကြမ္မာကို အပြန်တစ်ရာ သရော်ခဲ့လိုပေသေးသည်။ သို့တိုင်အောင် လုံးစေ့ပတ်စေ့ကား ရေးချိန်မရတော့။ ကသုတ်က ယက် ပင် ရေးရပေတော့မည်။

အသန့်နှင့်ကျွန်ုပ်တို့ တွေ့ဆုံကြပြီးသည့်နောက် ခြောက်လခန့် ကြာသွားသည်၌ ကျွန်ုပ်မှာ ရန်ကုန်တွင် အခြေစိုက်မိပြီး မောင်ညိမ်းအောင်၏ဇနီး အရေးပိုင်သမီးတွင်လည်း သားယောက်ျားကလေး ဖွားမြင်သည် မှာ ကြားသိရ၏။ ထို့အပြင် ကလေးမှာ လေဆန်နာပါ၍ လာသောကြောင့် ရန်ကုန်သို့ ဆေးကု လာကြမည် ဟု သိရ၏။

မြန်မာ့လွတ်လပ်ရေးကို ကြေညာမည်ဖြစ်သော ၁၉၄၈ ခုနှစ် ဇန်န၀ါရီလသို့ ရောက်အံ့ဆဲဆဲကလေး၌ ရန်ကုန် ကျွန်ုပ်၏ အလုပ်တိုက် အပေါ်ထပ်တွင် မင်းပေါင်း စုံလေတော့သည်။ ဦးဒေါန၊ မောင်ညိမ်းအောင် ဇနီးနှင့်ကလေး၊ အမှီ တို့ တစ်စုသည် နေရင်းဇာတိမြို့မှ ရန်ကုန်သို့ ကလေးကိုလည်း ဆေးကုရင်း လွတ်လပ် ရေးအောင်ပွဲကိုလည်း ကြည့်ရင်း ရောက်လာကြ၏။ မန္တလေးမှ နိုင်ငံရေး ခေါင်းဆောင် ဂိုဏ်းချုပ် ဆရာ တော်ကြီး တစ်ပါးနှင့်အတူ ကြွလာသော ဆရာတော် ဦးသြဘာ လည်း သရက်တော ကျောင်းတိုက် တွင် ရောက်လျက်ရှိ၏။

ဤ အချိန်သို့ မတိုင်မီ ခြောက်လအတွင်း၌ ကျွန်ုပ်နှင့် အသန့်တို့လင်မယား ဆက်ဆံပုံမှာလည်း ပိုမို ရင်းနှီး လာခဲ့ပေသည်။ မည်မျှအထိ ရင်းနှီးခဲ့သည် ဟူမူကား အသန့်၏ခင်ပွန်း ဦးစိန်မောင်သည် လက်စသတ်၌ မိဘချမ်းသာသော အရှိန်ဖြင့် ကောလိပ်ကျောင်းသားဘ၀ကပင် အတော် တေခဲ့ ပေခဲ့ပေရာ မိဘများ အနိစ္စ ရောက်ကြသောအခါ၌ ကိုယ့်မင်း ကိုယ့်ချင်း၊ ကိုယ့်မြင်း ကိုယ်စိုင်း၍ စစ်ကိုင်းသို့ ရောက်နေသူ ဖြစ်သည် ကို ကျွန်ုပ် အစင်းသား သိရပြီးဖြစ်၏။ အရက်သောက်လိုက်သည်မှာလည်း ၀ီခေါ်၍ ပေတော့ သည်။

ခြောက်လ ခန့် ကျွန်ုပ်နှင့် တွေ့ဆုံပေါင်းသင်းခဲ့ရာ၌ ၄၈ ခုနှစ်ဦးအစသို့ ရောက်ခဲ့သောအခါ ဦးစိန်မောင် စက်သုံးလုံး အနက် ၂ လုံးမှာ ကျွန်ုပ်၏ လက်တွင်းသို့ ရောင်းပေါင် သဘောမျိုး ရောက်၍ လာခဲ့ပြီးလျှင် စက်ပါးဝယ် ရန် စပါးဖိုးတို့ကိုလည်း ကျွန်ုပ်ကပင် ထုတ်ပေးထား၍ ဆန်အိတ်များအဖြစ်ဖြင့် ပြန်လည် ပေးဆပ်ရန် စာချုပ် ချုပ်ထား ရ၏။ ငွေလည်းနိုင်၊ အလုပ်၌လည်း လာဘ်မြင်စပြုသော ကျွန်ုပ်သည် ဆန်စပါး ကိစ္စကို ဖိ၍လုပ်မည်ကြံပါက လက်ထဲ၌ ဆန်စက်များ ကိုယ်ပိုင်ရှိနေမှ အစိုးရ ကိုယ်စားလှယ် လုပ်ရာတွင် လွယ်ကူမည်ဟု တွက်ချက်ကာ ဦးစိန်မောင်အားငွေမျှောထားခြင်းဖြစ်၏။ သို့သော် " စကားကို သာစေ ... စာချုပ်ကို နာစေ" ဟူသော ငွေ ရှင်ကြေးရှင်တို့၏ ဆောင်ပုဒ်အတိုင်း ဦးစိန်မောင်၏ အပေါ်၌ တကယ်ပင် ကြပ်တည်းသော ခေါင်းပုံဖြတ် စာချုပ်များကို ချုပ်ဆိုထားခဲ့၏။ သို့တိုင်အောင် ဦးစိန်မောင်အား ယခုကဲ့ သို့ စက်ဝါးရန် စပါးဝယ်ဖို့ ငွေလုံး ကြေးလုံး ထုတ်ပေးထားခြင်းမှာ စင်စစ်၌ ဦးစိန်မောင်ကို မေတ္တာ ရှိလှ၍ကား မဟုတ်။ အသန့်အား ညှာတာ သောကြောင့်ပင် ဖြစ်ပေသည်။

ယင်းသည်ကား ယခု ၄၈ ခုနှစ် ဇန်န၀ါရီလဦးက အခြေအနေပင် ဖြစ်၏။
မြန်မာ့လွတ်လပ်ရေး ကြေညာ၍ အောင်ပွဲကြီးပြီးသောအခါတွင် ကျွန်ုပ်သည် ဦးဒေါနတို့အား ရန်ကုန် အနောက်ပိုင်း ၌ တိုက်တစ်လုံး သီးသန့်ငှား၍ပေးရ၏။ အကြောင်းမှာမူ ကျွန်ုပ်၏ တိုက်အထပ်မှာ သူတို့ မိသားတစ်စု နေထိုင်ရန် လုံလောက်အောင် အကျယ်ဝန်းလှပေ။ ထို့ပြင် မောင်ညိမ်းအောင်၏ ကလေးမှာ လေဆန်နာ ဖြင့် တကျည်ကျည်တကျာကျာ ငိုလှသောကြောင့် မောင်ညိမ်းအောင်တို့ကလည်း အားနာကြ လေသည်။ ဇန်န၀ါရီလ ၆ ရက်နေ့၌ သူတို့မိသား တစ်စု တိုက်သစ်သို့ ပြောင်းရွှေ့သွားကြ၏။

ကျွန်ုပ်ကား နေ့ပိုင်းတွင် ပျိုးလက်စအရှိန် ရ၍လာပြီဖြစ်သော လုပ်ငန်းများကို တွင်တွင်ကြီးလုပ်လျက် ညနေပိုင်း တွင်ကား ဦးဒေါနတို့၏ တိုက်တွင်သာ အချိန်ကုန်ကာ ည ၁၀ နာရီခန့်ကျမှ ကျွန်ုပ်၏ တိုက်ခန်း သို့ ပြန် လေ့ရှိ၏။ ယခင်က ကုလားဟော်တယ်ဆိုင်တစ်ခုမှ ထမင်းချိုင့်ဖြင့် ထမင်းပို့သည်ကို လပေးပေးကာ စားသောက်နေခဲ့သော်လည်း ယခုမူ ကျွန်ုပ်၏ ချစ်သက်ခဲဖြစ်သော အမှီ၏ လက်ရာကလေးများကို မြိန်ရှက် စွာ စားသောက်နေရပြန်ပေပြီ။ အမှီတို့အား ရွှေတိဂုံဘုရား၊ ဆူးလေဘုရား၊ ငါးထပ်ကြီး၊ ကျိုက်ဝိုင်းစသည့် တန်ခိုးကြီးဘုရားများသို့ လိုက်၍ ပို့ရသည်မှာလည်း ကျေနပ်မဆုံး တပြုံးပြုံးပင်။

ထိုသို့ ရှိရသည်ကတည်းကပင် ကျွန်ုပ်သည် ဘ၀အဓိပဋ္ဌာန် လက်စားချေရန် အချက်ကြီးကို တစ်ရံတစ် ဆစ်မျှ မမေ့မလျော့ခဲ့။ ထို့ကြောင့် ဤအချိန် ဤကာလတွင် ရပ်ဝေးမှ အဆင်သင့် ကံပင့်သဖြင့် ရန်ကုန်သို့ ရောက်နေသော ဆရာတော် ဦးသြဘာကို မြန်မြန်ပျံတော်မူအောင် အသို့ ကြံရပါမည်နည်းဟု ဥာဏ်နီ ထုတ်ရပြန်၏။ ဥာဏ်နီထုတ်သောအခါတွင် လိုလျှင် ကြံဆနည်းလမ်းရဟူသည့်အတိုင်း အကြံပေါ်၍ လာရ ပြန်ပေသည်။

တစ်နေ့တွင် ရန်ကုန်မှ ဘုရားတွေကို စုံစုံလင်လင် ဖူးရပြီး ဖြစ်သဖြင့် ကျွန်ုပ်သည် အမှီတို့ အိမ်သားတစ်စု အား ပဲခူးရွှေမော်ဓောသို့ လိုက်၍ပို့၏။ သို့အပို့တွင် မန္တလေးသို့ ပြန်တော့အံ့ဆဲဆဲဖြစ်သော ဆရာတော် ဦးသြဘာ လည်း ပါ၍ လာပေသည်။ ပဲခူးသို့ ရောက်ကြသောအခါ၌ ရွှေမော်ဓောဘုရားကို ဖူး၍ တစ်နေ့လုံး နေကြရာတွင် ဆရာတော် ဦးသြဘာသည် ဘုရား၌ ၀တ်ပြုနေသော ကပ္ပီယ အဘိုးကြီးတစ်ယောက်နှင့် စကားဆက်ရ၍ ထိုအဘိုးကြီးက ရှေးပေစာတစ်ထုပ်ကို ဆရာတော်အား ပြ၏။ ထိုပေစာထုပ်မှာ အတော်ပင် နွမ်းလျက် ရှေးဆေးစာများ ဖြစ်နေသည်တွင် ဆရာတော် ဦးသြဘာကား ၀မ်းသာ၍မဆုံးတော့ပေ။

ပေစာထုပ် ယူလာသော ကပ္ပီယအဘိုးကြီးအား ကျွန်ုပ်က ငွေငါးကျပ် ပေးလိုက်ပြီးလျှင် ပေစာထုပ်ကို ဆရာတော် ဦးသြဘာအား ပေးရန် တောင်းပန်ရ၏။ အဘိုးကြီး ၀မ်းသာ၍မဆုံးသလို ဆရာတော် ဦးသြဘာ ကလည်း ကျွန်ုပ် အား ချီးမွမ်း၍ မပြီးနိုင်ပေ။ " တယ်ပြီး သဒ္ဓါ တရား ထက်ပေကွာ" ဟု ပေစာထုပ်ကို တကိုင်ကိုင် နှင့် ကျေကျေနပ်နပ်ကြီး မိန့်၏။
တဖြည်းဖြည်း နှင့် စကားပြောရာက ဆရာတော် ဦးသြဘာမှာ မြိုင်နံ့သာ ဦးကုဏ္ဍလတို့ကို အားကျလျက် ဆေးစာ အမျိုးမျိုးကို စုဆောင်းနေသည့်အပြင် အာယုဝဎုနဆေးများကိုလည်း အကြီးအကျယ် လိုက်စားနေ သော ဆရာတော်ဖြစ်သည်ကို သိရ၏။

ဆရာတော်များမှာ ဤသို့သော ကိုယ်ပိုင်လုပ်ငန်းကလေးတွေ ရှိ တတ်ကြသည်ကို ကျွန်ုပ် ဘုန်းကြီး ကျောင်းသား ဘ၀ကပင် သိရှိခဲ့ပြီးဖြစ်ရာ ဆရာတော်နှင့် ကျွန်ုပ်တို့ အချိုး တဲ့ကြဖို့ကား များစွာ မခဲယဉ်း လှပေ။ အချို့ ကိုယ်တော်တို့မှာ (ကြိး) တစ်ရာ့ ခြောက်ဆယ် ဆီးဆေးကို ၀ါ သနာပါ၍ တောတစ်ခွင်ကို လှည့်ကာ သက်ရင်းကြီး၊ ရေသူကြီး စသည်တို့ကို စုဆောင်းကြရသည်မှာ အမောပင်ဖြစ်၏။ အချို့သော ဆရာတော် တို့မှာကား (ယမ်းဝိမ်းဆပ်ပြာ၊ ဇ၀က်သာ၊ ဒုတ္ထာ ကြေးနှင့်ရော) အစ ရှိသော လင်္ကာတို့ကို အားကိုး ၍ ရှူးရှဲရှူးရှဲနှင့် ဘူးထဲကရေပါကာ မူးပဲမှ ငွေမလာသော မရေရာသည့် အဂ္ဂိရတ်လုပ်ငန်းကို လိုက်စားကြသည်။ ထို့ကြောင့် ကျွန်ုပ်၏ ဦးလေး ဆရာတော် ဦးသြဘာသည် အထက်၌ ဆိုခဲ့သည့် အတိုင်း အာယုဝဍ္ဎန ကို လိုက်စားနေသည်မှာ မဆန်းလှပါပေ။

ပဲခူးမှရန်ကုန်သို့ ပြန်ရောက်ကြပြီးသည့် နောက်တစ်နေ့နံနက်တွင်ပင် ကျွန်ုပ်သည် ပိဋကတ်တိုက်ဟောင်း တစ်ခု သို့ ပြေး၍ အလစ်တွင် ရှေးပေစာဟောင်းတစ်ခုကို ဆွဲခဲ့၏။ ပေစာဟောင်း၏ အူအတွင်းသားများမှာ ကား ထိလိုက်လျှင် ပဲ့ကြွေတော့မတတ် အိုမင်းနေသော ပေရွက်ဟောင်းများ ဖြစ်ပေရာ ထိုပေရွက်ဟောင်း အလွတ်တွင် ကျွန်ုပ် ကြံစည်ရင်းစွဲအတိုင်း " စိန်တေဇောငြိမ်း အာယုဝဍ္ဎနဆေးကြီး" ဟူ၍ ရှေးလက်ရေးဖြင့် ဆူးလေဘုရား က ကျောက်သင်ပုန်းတစ်ချပ်နှင့် အိပ်ငိုက်နေသူဗေဒင်ဆရာတစ်ယောက်အား ပိုက်ဆံပေး၍ နေ့ချင်းပြီး အောင် ခပ်ကြိတ်ကြိတ် ရေးခိုင်း၏။ လောကတွင် " ယမ်းတေဇောငြိမ်း " ဟူ၍သာ ရှိပြီးလျှင် လ စိန်တေဇောငြိမ်း" ဟူ၍ မရှိသည့်အတိုင်း ကျွန်ုပ် စီစဉ်ရေးသားသော အာယုဝဍ္ဎနဆေးကိုသာ ဖော်၍စားမိ ပါက ၂-ရက် ၃-ရက်နှင့် အူပြတ်ကာ ကိစ္စတုံးဖို့သာ ရှိပေသည်။

ပေစာရွက်အဟောင်း ၌ ရေးသားပြီးသော ညဦး၌ သရက်တောကျောင်းတိုက်သို့ ကျွန်ုပ်သွားကာ ဆရာတော် ဦးသြဘာအား ဘိလပ်ရည်ကပ်၏။ ထို့နောက် ပေစာဘက်သို့ စကားဆွယ်သွားရင်း " ဘယ်နှယ်လဲ ဘုရား ...၊ ပဲခူးက လှူလိုက်တဲ့ပေစာထုပ်ကို ကြည့်ပြီးပြီလားဘုရာ့ ... " ဟု လျှောက်လိုက်ရာ ဆရာတော် ဦးသြဘာက " အေးကွ ... ကြည့်ပြီးပြီ၊ ပေက တစ်ထုပ်ထဲမဟုတ်ဘူးကွ၊ ပေအမျိုးမျိုး ရော နေတာ၊ အက္ခရာစဉ်တောင် မပါဘူး ဒါပေမဲ့ ... အားလုံး ဆေးစာချည့်ပဲ၊ မန္တလေးရောက်မှ သေသေချာချာ ကြည့်ရမယ်၊ ခုတော့ အာဂန္တုနေရသေးတော့ ကျကျနနလဲ မကြည့်အားသေးပါဘူးကွယ်" ဟု မိန့်တော်မူ၏။ ကျွန်ုပ်လည်း ပေစာထုပ်ကို တောင်းယူ၍ ကြည့်ရာက ဆရာတော် တံပူဝါးရန် တမာသားတံပူကို ထအယူ တွင် အင်္ကျီအတွင်းဘက် ၌ ဆောင်ခဲ့သော စိန်တေဇောငြိမ်း အာယုဝဍ္ဎန လံကြုပ် ဆေးညွှန်းပေရွက်ကို ပေ ထုပ် အောက်ဆုံးနားက သွင်းညှပ်ထည့်ထားလိုက်ရ၏။ ဤဆေးညွှန်းပေရွက်သည် သူ့အရှိန်နှင့်သူ အချိန် တန်က တန်ခိုးပြပေလိမ့်မည်ဟု စိတ်ကူး၍ ဆရာတော်အား ၀တ်ချကာ နှုတ်ဆက်၍ပြန်ခဲ့၏။

ဆရာတော် မန္တလေးဘက်သို့ ပြန်၍ ကြွသွားပြီးသည့်နောက်တွင် ကျွန်ုပ်လည်း နောက်ဆုံး ပေါ်ရန်သူတစ်ဦး ဖြစ်သည့် မောင်ညိမ်းအောင် ၏ သားကလေး ပူတူးဘက်သို့ မြားဦးလှည့်ခဲ့ရပြန်ပေသည်။ ပူတူးကလေးမှာ လေဆန်နာ ကြောင့် တစ်နေ့လုံး တစ်ညလုံး ငိုသံမစဲဘဲ ရှိနေလေရာ ကလေးထိန်းရန် ခေါ်၍ လာသော ၉- နှစ်အရွယ် အထိန်းသူငယ်မကလေးမှာ ညတိုင်း အိပ်ပျက်ရှာသောကြောင့် နေ့လယ် နေ့ခင်း၌ တငိုက်ငိုက် နေရှာလေ့ရှိပေသည်။ ငိုက်ပြန်လျှင်လည်း အရိုက်ခံရတတ်၏။

တစ်ညနေတွင် ကျွန်ုပ်သည် အမှီတို့တိုက်သို့ ရောက်သွားသည်၌ ကံရဲဘော်ကြီး ကူသောကြောင့် ဦးဒေါန၊ အမှီ၊ မောင်ညိမ်းအောင်နှင့် ဇနီးတို့ လမ်းထိပ်သို့ ခေါက်ဆွဲစား ထွက်နေသည်ကို ကြုံရ၏။ တစ်တိုက်လုံး တွင် ကလေးထိန်းသည့် သူငယ်မကလေးနှင့် ကလေး ကလေးပူတူးတို့သာ ကျန်ရစ်ခဲ့ကြပေသည်။ " ဟဲ့ ... လူကြီးတွေကော ... ဟေ ... ကလေးကလည်း ငိုလှချည်ကလား " ဟု ကျွန်ုပ်ကမေးရင်း ကလေးကိုယူ၍ ချီလိုက်သည်၌ ကလေးထိန်း သူငယ်မကလေးက မောင်ညိမ်းအောင်တို့ တစ်စုလုံး လမ်းထိပ်သို့ ခေတ္တ ထွက်သွားကြကြောင်းကို ပြောရှာ၏။ ဤတွင် ကျွန်ုပ်လည်း ကလေးကလေးပူတူး တ၀ါးဝါးငိုနေသည်ကို ဟန်ပါပါ ချော့ရင်း " ကလေးက လေဆန်နာရှိလို့ ငိုတာဟေ့ ... သိလား၊ ဟော ... ဒီလို ဗိုက်ကိုမှောက်ပြီး ချီရင် ဗိုက်နာသက်သာလို့ အိပ်သွားလိမ့်မြယ် ... ကြည့် ... " ဟုဆိုကာ ကလေးငယ်အား ဗိုက်ကို ပုခုံးနှင့် မှေးကာ ချီ၍ ချော့လိုက်ရာ လေဆန်နာပါသော ဗိုက်ကို ဖိပေးသဖြင့် သက်သာသလိုရှိသောကြောင့် အငို တိတ်၍ မျက်လုံးကလေး မှေးရင်း ငိုရလွန်းသဖြင့် မောနေရှာ၏။

ထိုအခိုက်တွင် အမှီတို့ လူစု လမ်းထိပ်ကပြန်လာပြီးလျှင် ကျွန်ုပ် ကလေးချီနေသည်ကို ပြုံးကြည့်ရာက အမှီ က ... " အစ်ကို ကံကောင်းက ကလေးချော့ သိပ်ဟုတ်ပါကလား၊ ဘာသီချင်းနဲ့များ ချော့ပါလိမ့်၊ (မာလာဂန္ဓ-၀ိလေပန)နဲ့များလားရှင် ... " ဟု ရယ်စရာဆိုပါသည်။ အမှီဆိုလိုရင်းမှာ ဘုန်းကြီးလူထွက် ကလေးရသောအခါတွင် သီချင်းမရသဖြင့် ရှစ်ပါးသီလကို သီချင်းလုပ်၍ ကလေးချော့ရသော ရယ်စရာပုံ ပြင်ကလေးကို ဆိုလိုရင်းဖြစ်၏။ ကျွန်ုပ်လည်း အမှီနျင့်ရော၍ပြုံးရင်း " မပြောတတ်ပါဘူး၊ အမှီရ ...၊ ကလေး က သိပ်ငိုနေတာနဲ့ တတ်သမျှ မှတ်သမျှ ချော့ရတာပါပဲ ... " ဟု ခပ်ရိုးရိုးစကားဖြင့်ပင် ဖြေရ၏။ 

အကယ်၍ သာ ကျွန်ုပ်က " အစ်ကိုကံကောင်းက အလေ့အကျင့် ယူနေတာကွ အမှီရ" ဟု ရယ်စရာလိုလိုနှင့် ချိတ် လိုက်လျှင် ... အမှီမှာ အပျိုကြီး ဣနြေ္ဒဖြင့် တွန့်ချင်လျှင် တွန့်သွားပေမည်။ ယခုကား ကျွန်ုပ်၏ ဟန်ဆောင် သည့် မာယာ ရိုးသားလှသောစကားကြောင့် အမှီသည် ဟန်ဆောင်သည့်မာယာ ရိုးသားလှသောစကား ကြောင့် အမှီ သည် ၀န်းဝန်းလည်သော မျက်လုံးရွဲကြီးများဖြင့် ကြည့်ကာ ကျွန်ုပ်၏ လက်မှ တူကလေးကို ယူ ပါသည်။ အမှီ၏ ရွှန်းရွှန်းကြည်သော မျက်လုံးရောင်များ၌ " ကိုယ်ပိုင်ကလေး များရှိရင် အင်မတန် ချစ်တတ် မည့်လူကြီး" ဟု စာတန်းထိုးသလို ထင်ရှားနေပေတော့သည်။

ထို့နောက်တွင်ကား ကျွန်ုပ်တွင် ကျွန်ုပ် ပစ်လိုက်သော မြားချက်များ စူး မစူးကို စောင့်၍ကြည့်ရန်သာ လို တော့ သဖြင့် သည်းခံကာ ဇွဲကြီးကြီးနှင့် စောင့်ရတော့၏။ သည်းခံကျိုးကား နပ်ပေတော့သည်။ အကြောင်း မူ ကား ... နောက် သုံးရက်ခန့်အကြာတွင် မောင်ညိမ်းအောင်၏ သားကလေး ရုတ်တရက် သေဆုံးကြောင်း ကို ကျွန်ုပ်၏ အလုပ်တိုက်သို့ သတင်းရောက်လာ၏။ သူတို့တိုက်သို့ ကျွန်ုပ် ရောက် သွားသော အခါ မောင်ညိမ်း အောင် ၏ ဇနီးမှာ ငိုကြီးချက်မနှင့် ဖြစ်နေပေတော့သည်။

အားလုံး စိတ်မကောင်းသော မျက်နှာတွေနှင့် ဖြစ် နေကြ၏။ ကလေးမှာ လေဆန်နာဖြင့် သေဆုံးဖို့လမ်း မမြင်ပေ။ ထို့ကြောင့် အိမ်သာသို့ ထွက်ဟန်ဖြင့် နောက်ဖေးဆောင်သို့ ၀င်ကာ မီးဖိုဆောင်၌ အငူသား ထိုင်၍ မှိုင်တွေချနေသော ကလေးထိန်းသူငယ်မ ကလေးကို ခပ်ကြိတ်ကြိတ် မေးကြည့်၏။ ကလေးထိန်း သူငယ်မကလေးလည်း အထိတ်ထိတ် အရွံ့ရွံ့နှင့်ပင် "ဦးကြီးပြောသလို ကျွန်မလည်း ကလေးကို ပုခုံးပေါ်မှာ ဗိုက်မှောက်ပြီးချီတော့ အငိုသက်သာတာနဲ့ ... ညကသိပ်တော့ ကလေးကို မှောက်ပြီး သိပ်မိတယ် ဦးကြီးရဲ့ ...၊ မနက်ကျတော့ သေနေတာပဲ ... "ဟု ပြော ရှာ၏။ မလိမ်မိုး မလိမ္မာကလေး ကို ကျွန်ုပ် သညာပေးခဲ့သည့်အတိုင်း အိပ်ချင်စိတ်နှင့် ကလေး ကလေးကို မှောက်၍ သိပ်ရာတွင် နှာခေါင်း ပိတ်ကာ သေဆုံးခြင်းဖြစ်ကြောင်း ထင်ရှားပေပြီ ...။ ကလေးထိန်း သူငယ်မ ကလေးအား သူ့အပြစ်ဖြစ်နေ ကြောင်း ကို ပြော၍ ခြိမ်းခြောက်ကာ နှုတ်ပိတ်လိုက်၏။ ပူတူးကလေးကား ဗုဒ္ဓ သားကလေးဖြစ်ပေသည်။

ကလေး၏ အသုဘကိစ္စ ပြီးသည့်နောက်တွင် အားလုံး စိတ်မကောင်းဖြစ်ကြရလျက် ရန်ကုန်သို့ ကလေးကို ဆေးကု ရန် အကြောင်းခံဖြင့် လာကြသူများဖြစ်သည့်အတိုင်း ကလေး သေဆုံးပြီးသည်တွင် ဦးဒေါနတို့လူစု မှာ နေရင်းမြို့ရွာ သို့ ပြန်ကြရန် စိတ်ကူးထည့်ကြရလေတော့သည်။ သို့သော် ကလေးအတွက် ရက်လည် သောအခါ တွင် နွားနို့ယာဂုဆွမ်းကျွေးရန်ကိစ္စ ရှိသေးသဖြင့် ရုတ်တရက် မပြန်ဖြစ်ကြသေးပေ။

ရက်လည် ယာဂုဆွမ်းကပ်သည့်နေ့က မန္တလေးမှ သံကြိုးစာတစ်စောင် ရောက်လာ၏။ ထိုသံကြိုးမှာကား "ဆရာတော် ဦးသြဘာ အသည်းအသန် မမာ ...၊ အမြန်လာပါ " ဟူသော မန္တလေးဂိုဏ်းအုပ် ဘုန်းတော်ကြီး ထံမှ ရိုက်ကြားလိုက်သော သံကြိုးဖြစ်၏။ သံကြိုးရောက်လာသောအခါတွင် ဦးဒေါနနှင့် မောင်ညိမ်းအောင် တို့မှာ မန္တလေးသို့ အပြေးအလွှား လိုက်ကြရပြန်ပေသည်။ ဆရာတော် ဦးသြဘာသည် ကျွန်ုပ်၏ စိန်တေ ဇောငြိမ်း အာယုဝဍ္ဎနဆေးကြီးကို မန္တလေးသို့ ပြန်ရောက်ပြီးနောက် မကြာမီပင် ဖော်စပ်၍ သုံးဆောင်ဟန်ရှိ ပေသည်။ သို့သော် မသေချာလှသေး။ ဦးဒေါနနှင့် မောင်ညိမ်းအောင်တို့ နံနက်စောစော ရထားနှင့်မန္တလေး သို့ လိုက်သွားကြပြီးနောက် နေ့လယ်လောက်သို့ ရောက်သောအခါ မန္တလေးမှ သံကြိုးစာတစ်စောင်ထပ်၍ ရောက်လာ၏။ ထိုသံကြိုးမှာကား " ဦးသြဘာ ပျံတော်မူပြီ" ဟူသော သံကြိုးဖြစ်၏။ ဦးသြဘာမှာ တနင်္ဂနွေ သားဖြစ်လေတော့သည်။

ကျွန်ုပ်၏ အကြံ ပိရိသည်နှင့်အမဆ မည်သူကမျှပင် ကျွန်ုပ်အား မှဲ့တစ်စက်လောက် သံသယမရှိကြဘဲ အဘိုး ၏ အမွေကိုခံထိုက်သူ ပူတူးနှင့် ဦးသြဘာတို့ မရဏပြည်သို့ မြန်းကြရ၏။ ဘာမျှ နားမလည် သေးသော ကလေးကလေးနှင့် လောကီရေးရာတွင် ဘာမျှ မစွက်သော ရဟန်းကြီးတစ်ပါးတို့ကို မတရား သေကြောင်း ကြံစည်ရခြင်းမှာ စင်စစ်အားဖြင့် သာမန်လူသား၏ စိတ်သာဆိုလျှင် လိပ်ပြာတကယ် မသန့်စရာ အလုပ်များ ဖြစ်သည်မှန်၏။

သို့သော် ကျွန်ုပ်မှာကား စီမံခေတ်ပြီပြီ၊ စီမံကိန်းကျကျနန ချထား၍ လှလှပပကြီး လက်စား ချေနေသူ ဖြစ်ပေရာ စိတ်တွင်ထိခိုက်ခြင်း မရှိလှ။ အဘိုး၏ ဆယ်သိန်းတန် အမွေအနှစ်ကြီးနှင့် နီးကပ်၍လာ လေလေ ကိုယ့်အကြံအစည် အောင်မြင်သည်ကို ကျေနပ်၍နေလေလေသာဖြစ်ခဲ့၏။ တာဝေးအပြေးသမား တစ်ယောက် သည် ပန်းတိုင်နှင့် ခပ်လှမ်းလှမ်း၌ ကိုယ့်အားကိုယ်ထိန်း၍ ခပ်မှန်မှန်ပြေးရာက ပန်းတိုင်နှင့် နီး သော အခါတွင် တအားသွန်၍ ပြေးတတ်သလို ကျွန်ုပ်မှာလည်း ပန်းတိုင်နှင့် နီးကပ်လာပြီ ဖြစ်သော ကြောင့် တအားသွန်၍ ပြေးရန် အားယူလျက်ရှိနေ၏။ ကျွန်ုပ်နှင့် ဆယ်သိန်းတန်ပစ္စည်းထုထယ်ကြီးတို့ နီးစပ်ရန် မှာ ကြားထဲတွင် ဒေါ်ကျော့ရင်၏သား ပြည်သူ့ရဲဘော် ဗိုလ်ကလေး မောင်သီဟ၊ မောင်ညိမ်းအောင် နှင့် ဦးဒေါန တို့သာကျန်ပေတော့သည်။

အောင်မြင်မှုသည် နိုင်ချင်ကြက်နှင့် အလွန်တူ၏။ နိုင်စရှိလျှင် နိုင်ချင်ချင်ဖြစ်အောင် အားတက်လာတတ်၏။ ထိုအခါမျိုး ၌ ကံကလည်း မီးလောင်လေပင့် လုပ်တတ်၏။ ထို့ကြောင့်ပင် ကျွန်ုပ်တွင် ဒေါ်ကျော့ရင်၏သား မောင်သီဟကို လက်စတုံးကြံစည်ရန် အခွင့်အလမ်း တစ်မျိုးတစ်ဖုံ ပေါ်၍လာသည်ကို တွေ့ရပြန်လေတော့ သည်။ ထိုအခွင့်အလမ်းကား အခြားမဟုတ် ...။
မန္တလေးမှ ဦးဒေါနနှင့် မောင်ညိမ်းအောင်တို့ ပြန်၍ရောက်ကြပြီးနောက် မကြာမီပင် အမှီ၊ ဦးဒေါနနှင့် မောင်ညိမ်းအောင်တို့ လင်မယားသည် တနင်္သာရီဘက်သို့ စိတ်လက်မချမ်းမသာနှင့် ပြန်၍သွားကြ၏။ ဦးဒေါန နှင့် ရန်ကုန်သို့ လိုက်လာခြင်းမှာ ကျွန်ုပ် ပြုစုပျိုးထောင်နေသော အလုပ်ကို ကိုယ်တိုင် စစ်ဆေးအကဲ ခတ်ရန် လာခြင်းဖြစ်လျက် မောင်ညိမ်းအောင်တို့မှာမူ ကလေး၏ ရောဂါကို ကုသရန် လာကြသည် ဖြစ်ပေရာ ကျွန်ုပ်၏ အလုပ်ကို ဦးဒေါနကလည်း ကျေနပ်လောက်အောင် စစ်ဆေး ဝေဖန် ပြီးလျက် မောင်ညိမ်းအောင် တို့မှာလည်း ကလေးဆုံးပြီဖြစ်သောကြောင့် လုပ်ငန်းကြီးများကို လက်ခွဲ နှင့် ပစ်ထား ခဲ့ရသော တနင်္သာရီ ဘက်သို့ မပြန်လျှင် မဖြစ်ကြတော့ပေ။

ကျွန်ုပ်ကား အကြံနှစ်ချက် ဒက်ခနဲအောင်သဖြင့် ကျေနပ်မိ၏။ ဦးသြဘာနှင့် ပူတူးတို့သည် သူတို့အသက် ကို သူတို့ ကျွန်ုပ်လက်တွင်းသို့ ပေးအပ်ရန် ရန်ကုန်သို့ရောက်လာကြသည့် ပမာ ဖြစ်နေ၏။ သို့သော် အမှီ နှင့် တစ်ကြိမ်တစ်ဖန် ခွဲခွာရဦးမည်ကိုကား ကျွန်ုပ် ကြိတ်မနိုင်ခဲမရဖြစ်မိ၏။ သို့သော် ရှိစေကြိုးရှည်နှင့် လှန် လိုက်ဦးမည်။

သို့နှင့် ရက်တွေ ကုန်ခဲ့ပြန်ရာ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးသည့်နောက်တွင် လွတ်လပ်ရေးရခါစ နိုင်ငံ တိုင်း ခံရလေ့ ရှိသော နိုင်ငံရေးဝက်သက်ရောဂါသည် မြန်မာနိုင်ငံကို ဖမ်းစားစပြုလာ၏။ ထိုနိုင်ငံရေး ၀က် သက် မှာကား အင်္ဂလိပ်မြန်မာစာချုပ်ကို မကျေနပ်ဟု အကြောင်းပြကာ ၁၉၄၈ ခုနှစ်၊ မတ်လလောက်တွင် ကွန်မြူနစ်ဂိုဏ်းဝင်တို့သည် ပဲခူးနယ်မှ စ၍ တောခိုကာ ဆူပူသောင်းကျန်းစပြုလာကြ၏။ ကွန်မြူနစ်တို့ကို စိတ်လိုသောပြည်သူ့ရဲဘော်တပ်ထဲမှ သူငယ်အချို့သည်လည်း တပ်မှလက်နက်နှင့် ထွက်ပြေးကာ ကွန်မြူ နစ်တို့နှင့် ပူးပေါင်းတောခိုကြ၏။

သို့ရှိရာတွင် ကျွန်ုပ်လည်း သတင်းကောင်းကို စုံစမ်းနေရာ "ဝေါနယ်မှ ဗိုလ် သီဟ တောခိုခြင်း" ဟူသော သတင်းကောင်းကို ရခဲ့ပြန်၏။ ထိုသတင်းကို ရသည်နှင့် တစ်ပြိုင်နက် ကျွန်ုပ် လည်း ပဲခူးသို့ ဆန်စပါးကိစ္စများကို အကြောင်းပြကာ ခေတ္တလိုက်သွား၏။ ပဲခူးသို့ ရောက်သောအခါ ဗိုလ် သီဟအမည်ခံ မောင်သီဟ၏ အကြောင်းကို ငွေကုန်ကြေးကျခံကာ စုံစမ်းရသည်၌ မောင်သီဟသည် ရုပ် ဖျက်၍ ပဲခူး၊ ညောင်လေးပင် စသောမြို့များတွင် တက်ရောက် ကြက်စားတတ်သည့် သတင်းကို ရပြန်၏။ နောက်ဆုံးတွင် ငွေကုန်ကြေးကျခံနိုင်သဖြင့် ကျွန်ုပ်နှင့် မောင်သီဟတို့သည် တစ်ဦးနှင့်တစ်ဦး ဆက်သွယ်မိ ကြသောအခြေသို့ ရောက်လာ၏။

ထိုအခါတွင် ကျွန်ုပ်က မောင်သီဟထံသို့ ကျွန်ုပ်သည် ကွန်မြူနစ်ဝါဒကို ကြည်ညိုသောသူ တစ်ဦးဖြစ်သဖြင့် မောင်သီဟ၏ လုပ်ငန်းတွင် ငွေကြေးအလုံးအခဲ ထောက်ပံ့လိုကြောင်း စကားရိပ်ပို့လိုက်၏။ ကျွန်ုပ် ဆင် ထားသော ထောင်ချောက်ကို မမြင်သူ မောင်သီဟသည် ငွေကို မက်ကာ ကျွန်ုပ် အကူအညီပေးမည်ဆို သည်ကို အကြီးအကျယ် ကျေးဇူးတင်လေရှာသေးသည်။ တစ်လခန့်သူနှင့် အဆက်အသွယ် လုပ်ပြီးသည့် နောက်တွင် မောင်သီဟအား (ငွေတစ်သောင်းလာ၍ယူလှည့်ပါ...၊ အခြားလူကို မယုံရလျှင် မောင်သီဟ ကိုယ်တိုင်လာယူပါ)ဟု သတင်းပို့လိုက်၏။ (မောင်သီဟကိုယ်တိုင် လာမှဖြစ်မည်) ဟုသာ ကျွန်ုပ်က တိုက် တိုက်တွန်းတွန်း ဆိုလိုက်ပါက မောင်သီဟ တွန့်ချင်လျှင် တွန့်သွားပေမည်။ သူ့စိတ်၌ သူ့တပည့်များကို ငွေ တစ်သောင်း အယူခိုင်းရန် မယုံကြည်အောင် သံသယစိတ်ကလေးကို ဆွပေးလိုက်သည်၌ ကျွန်ုပ်ပေးထား သော နှပ်ကြောင်းအတိုင်းပင် မောင်သီဟ၀င်၍ ချိုးရှာလေတော့သည်။

ပဲခူး-ညောင်လေးပင် မြို့များပေါ်သို့ ရုပ်ဖျက်၍လာကာ ကျက်စားလေ့ရှိသော မောင်သီဟသည် များမကြာ မီပင် ချိန်းချက်ထား၍ ကျွန်ုပ်ရှိရာ ပဲခူးသို့ တက်လာ၏။ ကျွန်ုပ်နှင့် တွေ့ပြီးနောက် တစ်ဆယ်တန် ငွေစက္ကူ တစ်ချပ်စီထိပ်က ပိတ်ထားသော သတင်းစာစက္ကူ အထပ်လိုက် ထပ်ထားသည်တို့ကို မောင်သီဟ ကျွန်ုပ်ထံ မှ လွယ်အိတ်နှင့် ယူ၍အပြန်တွင် ကျွန်ုပ်အား ဦးများပင်ချ၍သွားလေသေးသည်။ ကျွန်ုပ်ကလည်း " ကျန်းမာ ချမ်းသာပါစေဟု ဆုပေးသည့်အပြင် " ဥပစ္ဆေဒကကံက ကင်းလွှတ်ပါစေကွယ်" ဟု မေတ္တတုံးကြီးကြီးနှင့် ဟီးတိုက်၍ ဆုတောင်းလိုက်ရပေသေးသည်။ ကျွန်ုပ်ထံမှ အပြန် ဘတ်စ်ကားဂိတ်သို့ ရောက်သောအခါ ပဲခူး စစ်ရဲတို့က မောင်သီဟကိုဖမ်း၏။

မောင်သီဟက အဖမ်းမခံဘဲ ပြန်လှန်ကာ ခုခံလေရာ စစ်ရဲတို့၏ သေနတ် ၀တွင် မောင်သီဟ ဘ၀ကူး၍ သွားရှာပေသည်။
စစ်ရဲဗိုလ်မှူးကလေးသည် ကျွန်ုပ်ထံပြေး၍ ၀မ်းနည်းစကားပြောရှာ၏။ " ဦးရဲတူက သေနတ်နဲ့ ခုခံတော့ ကျွန်တော့ လူတွေကလည်း ကာကွယ်တဲ့ အနေနဲ့ ပစ်ကြရတော့တာပဲ ဦးရယ် " ဟု စိတ်မကောင်းသော မျက်နှာဖြင့် ပြောသည်ကို ကျွန်ုပ်လည်း မျက်နှာအိုကြီးနှင့် " အေးလေ ...၊ ကုသိုလ်ပေါ့ခင်ဗျာ ကုသိုလ်ပေါ့" ဟု ခပ်တည်တည် ညည်းလိုက်၏။ (ကျွန်ုပ်၏တူ မောင်သီဟ ကွန်မြူနစ်ဘ၀နှင့် တောခိုနေရာက ကျွန်ုပ်ထံ သို့လာ၍ ငွေတောင်းပါလိမ့်မည်။

စစ်ရဲများက ဖမ်းဆီး၍ ထောင်ချထားပေးပါ။ ထောင်ကျချင် ကျနေပါစေ၊ အပြင်ဘက်တွင် တောခို၍ လက်နက်သင့်ကာ သေမည်ကို စိုးပါသည်) ဟူသော အချက်ဖြင့် စစ်ရဲကို ပိပိရိရိ အောင်မြင်ပေပြီ။ မောင်သီဟ ကို ဟန်ဆောင်ပေးရန် သတင်းစာစက္ကူအထပ်များကို ငွေစကကူအရွယ်ဖြတ်၍ ထိပ်က အုပ်ပေး လိုက်သော တစ်ဆယ်တန်ငွေစက္ကူလေးရွက်ကိုပင် ကျွန်ုပ်ပြန်၍ ရသေး၏။ တစ်မီးငြိမ်းပြန်လေပြီ။ မောင်သီဟကား သောကြာသားဖြစ်၏။
ဆယ်သိန်းတန် အမွေအနှစ် နှင့် ကျွန်ုပ်၏ အကြားဝယ် ရန်သူဦးဒေါနနှင့် မောင်ညိမ်းအောင်တို့သာ ကျန် လေတော့သည်တကား။
*
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, September 14, 2011

တင့်တယ် ၏ ကမ္မဖလ အပိုင်း (၁၅)

အသန့်နှင့်ပြန်တွေ့ခြင်း

ဒေါ်ကျော့ရင် အနိစ္စရောက်သောလမှာ ၁၉၄၇ ခုနှစ် ဇန်န၀ါရီလထဲ၌ ဖြစ်ပေရာ ထိုလ ၂၇ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း နှင့် အင်္ဂလိပ်နန်းရင်းဝန် အက်တလီတို့သည် မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် စာချုပ် တစ်ရပ်ကို ဘိလပ်မှာ လက်မှတ်ရေးထိုးကြကြောင်း သတင်းများ ပါ၍လာပေသည်။ ထိုသတင်းများ ကိုဖတ်ရ၍ မြန်မာနိုင်ငံ လွတ်လပ်ရေးရတော့မည်ဟု အရိပ်အငွေ့မျှ သိသာလာသောအခါတွင် ဦးဒေါန သည် ကျွန်ုပ် နှင့် မောင်ညိမ်းအောင်တို့အား အတွင်းရေးကို ခေါ်၍ တိုင်ပင်လေတော့သည်။

ကုန်သည်လုပ်ငန်းနှင့် နိုင်ငံရေးသည် ဘာမျှမဆိုင်ဟု ဆိုစမှတ်ရှိသော်လည်း ကျွန်ုပ်တို့ကဲ့သို့ သိန်းနှင့်ချီ၍ အလုပ် လုပ်ကြသော ကုန်သည်ကြီးများအဖို့တွင် နိုင်ငံရေးအပြောင်းအလဲတို့သည် များစွာ အရေးကြီး၏။ စကားတိုတို ဆိုရမည်ဆိုလျှင် ကုန်သွယ်ရေးအတွက်ပင် စစ်တွေတိုက်ကြရသည် မဟုတ်ပါလော။

ဦးဒေါနကား ကုန်သည်လုပ်ငန်းတွင် များစွာ လာဘ်မြင်သူဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့အား အတွင်းကြိတ် ခေါ်၍ တိုင်ပင်ရာတွင် ဦးဒေါနက " တို့နိုင်ငံ လွတ်လပ်ရေးရလို့ရှိရင် သွင်းကုန်ထုတ်ကုန်တွေကို နိုင်ငံခြား သား တွေထက် တို့ဗမာတွေက ပိုပြီးတော့ လုပ်ဖို့ကိုင်ဖို့ အခွင့်အရေးတွေ ပိုလာလိမ့်မယ်ထင်တယ်။ အဲဒီ တော့ကာ တို့မှာ လက်ရှိသစ်လုပ်ငန်းနှင့် သတ္တုလုပ်ငန်းက ပိုပြီးနေတဲ့ငွေတွေကို ဘဏ်တိုးချထားတာထက် ရန်ကုန် မှာ အခြေတစ်ခုခု သွားစိုက်ပြီးတော့ အလုပ်လုပ်ရင် ကောင်းလိမ့်မယ်ထင်တယ်။

ပြီးတော့ တစ်ခါ ယခု စစ်ပြီးခေတ် အစိုးရတွေဟာ ဘယ်နိုင်ငံမှာမဆို ဆိုရှယ်လစ်ဆန်တဲ့ အစိုးရတွေ များ နေလေတော့ တို့ နိုင်ငံမှာမဆို ဆိုရှယ်လစ်ဆန်တဲ့ အစိုးရတွေ များနေလေတော့ တို့နိုင်ငံမှာလဲ အနှေးနဲ့ အမြန် ဆိုသလို ဆိုရှယ်လစ်ဆန်တဲ့ စနစ်တွေကို သုံးလာလိမ့်မယ်ထင်တယ်။ ဆိုရှယ်လစ်စနစ်ဆန်ဆန် ဖြစ်လာရင် နိုင်ငံရဲ့ သွင်းကုန်ထုတ်ကုန်တွေကို အစိုးရက ကြီးကြပ်လာလိမ့်မယ်။ ဒီတော့ကာ နိုင်ငံက အထွက်ဆုံးဖြစ်တဲ့ ဆန်စပါးကို အစိုးရကကိုင်ပြီး လာလိမ့်မယ်။ အစိုးရကကိုင်ရင် တို့က ကိုယ်စားလှယ် လုပ်ရရင် ကောင်းမယ်။ ပြီးတော့လဲ အခုတို့လုပ်နေတဲ့ သတ္တုတွင်းလုပ်ငန်းနဲ့ သစ်လုပ်ငန်းကို ဒီကနေ ပြီးတော့ ရန်ကုန်ကုမ္ပဏီကြီး တွေရဲ့ လက်ဝေစာ ခံနေမဲ့အစား နိုင်ငံခြားနဲ့ တိုက်ရိုက်ဆက်သွယ်အောင် အခု ကတည်းက ရန်ကုန်မှာ တို့ တစ်နေရာအခြေစိုက်ထားရင် ကောင်းမယ်။

နိုင်ငံလွတ်လပ်ရေးရတယ်ဆိုရင် တို့လုပ်ငန်းကို တိုးချဲ့နိုင်တဲ့ အကွက်တွေ ပေါ်လာလိမ့်မယ်။ ဘယ်နှယ့် သဘောရ ကြသတုန်း" ဟု မေး၏။ ကျွန်ုပ်တို့အတွက် ထုတ်နိုင် သောငွေရင်းကိုလည်း စိစစ်ကြည့်ကြ၏။ နောက်ဆုံး ၌ ရန်ကုန်တွင် ကျွန်ုပ်သွားနေ၍ ကုမ္ပဏီလီမိတက်တစ် ခုဖွင့်ကာ အခြေပျိုး၍ထားရန်၊ ဆန်စပါး ကို နိုင်ငံအစိုးရက ကြီးကြပ်လုပ်ကိုင်သော အခါမျိုးပေါ်ပေါက်လာပါ က ကိုယ်စားလှယ်အဖြစ်ကိုရဖို့ ကြိုးစားရန် စသည်တို့ကို အသေးစိတ်စီစဉ်ကာ ကျွန်ုပ်အား ရန်ကုန်သို့ စေလွှတ်လိုက်ပေတော့သည်။

ကျွန်ုပ်၏အဖို့၌ ဤသို့ ဦးလေးဦးဒေါန ကိုယ်တိုင်က ယုံယုံမှတ်မှတ် စေလွှတ်ခြင်းကို ခံရသည်တွင် များစွာ ၀မ်းသာ မိ၏။ သို့ရာတွင် အမှီနှင့်ဝေးကွာသော နေရာသို့ သွားရောက်နေထိုင်ရမည် ဖြစ်သောကြောင့် ၀မ်းသာ သလောက် စိတ်ကမပါ ပေ။ ကျွန်ုပ်ရပ်ဝေးသို့ ရောက်နေခိုက်တွင် အမှီအား အိမ်ထောင်ရက်သား ချထား လိုက်ပါက ကျွန်ုပ်အဖို့တွင် မြှော်လင့်ချက်ကြီးပျက်စီးရဦးမည်ကို စိုးမိ၏။ သို့ရာတွင် ကိုမြဖေ ဆုံးပြီးကတည်းက အမှီခမျာမှာ မိမိအား ကံကြမ္မာ ကရော်လိုက်ပုံကို ရှက်နေဟန်ဖြင့် ရိုးရိုးကုတ်ကုတ် ခပ်မြုပ်မြုပ် ကလေး နေတော့လျက် အသက် အရွယ်မှာလည်း သုံးဆယ်သို့ နီးလေပြီဖြစ်ရာ ဃရာဝါသ အိမ်ထောင် ကိစ္စကို စိတ်မကူးတော့သလိုပင် ရှိနေ သောကြောင့် ကျွန်ုပ်တွင် အနည်းငယ် စိတ်ချရမလိုလို ရှိမိ၏။

ထို့ပြင် ဒေါ်ကျော့ရင် အနိစ္စရောက်သည်မှာ တစ်လမျှပင် မကြာသေးသောကြောင့် ဗြုန်းဗြင်းနောင်ဗြင်း ချက်ခြင်းကြီး မင်္ဂလာကိစ္စကို ဆောင်ရွက်ဖို့ မလွယ်သေးသည်ကိုလည်း သတိထားမိ၏။ တစ်ဖန် ဒေါ်ကျော့ရင် မရှိသည့်နောက် တစ်အိမ်ထောင်လုံးကို အမှီတစ်ယောက်တည်း သိမ်းကျုံး၍ ဦးစီးနေရပေရာ ဦးဒေါန မှာ သမီးအား နေရာချထားလိုက်ပါက အိမ် ထောင်ကြီးတစ်ခုလုံး ဖရိုဖရဲ ကျန်ရစ်မည် စိုးဟန်လည်း ရ၏။ သို့ဖြစ်သဖြင့် ကျွန်ုပ်သည် ရန်ကုန်၌ အခြေစိုက် ၍ လုပ်ငန်းချဲ့ထွင်ရန် ရောက်လာခဲ့ပြန်ပေသည်။

ရန်ကုန်၌ အလုပ်တိုက်ဖွင့်ရန် တိုက်ငှားခြင်း၊ သွင်းကုန်ထုတ်ကုန်များ၏ ကိစ္စကို စူးစမ်းခြင်း စသည်တို့ဖြင့် အလုပ်များ၍ နေရာမှ ကျွန်ုပ်သည် ဆန်စပါးကိစ္စဘက်သို့ ဆက်၍ လိုက်မိသောအခါတွင် ငယ်ချစ်ခင် အသန့်ကို အပြေးအလွှား သတိရမိလေတော့သည်။

အသန့်နှင့် ကျွန်ုပ်တို့ ကွဲကွာခဲ့ရသည်မှာ ဆယ့်သုံးနှစ်ဆယ့်လေးနှစ်မျှ ရှိပေပြီ။ အသန့် မင်္ဂလာမဆောင်မီ ညဦး၌ ကျွန်ုပ်ထံသို့ ရောက်လာ၍ သူ့မေတ္တာကို တစ်စွန်းတစ်စဖွင့်ဟသွားသည့်နောက်၌ အသန့်နှင့် ကျွန်ုပ်တို့မှာ လုံးဝ အဆက်အဆံကင်းပြတ်သွားခဲ့၏။ အသန့်၏ မိဘများဖြစ်ကြသော ကျွန်ုပ်၏ ကျေးဇူးရှင် များထံမှ တစ်ဆင့်သာလျှင် အသန့်ကို ရန်ကုန်၌ မာကြောင်းသာကြောင်းကို ကျွန်ုပ်သိရပေသည်။ ကျွန်ုပ်၏ ကျေးဇူးရှင် အထည်သည် လင်မယားတို့မှာ စစ်ကြီးဖြစ်စကပင် ပြေးရင်းလွှားရင်း ပျက်စီးကြရပေသည်။ ယခင်က စကားစပ်မရှိ၍ မဆိုခဲ့ရ၊ ယခု ဖော်ပြရ၏။ အသန့်ကား ကျွန်ုပ်အား အကြီးအကျယ် စိတ်နာသွား သယောင်ရှိ၏။ သူ့မိဘများမရှိသည့်နောက် ကျွန်ုပ်မှာ အသန့်၏ သတင်းကို လုံးဝမရတော့ဘဲ အဆက်ပြတ် ၍သွား၏။

အသန့်ကို ကျွန်ုပ် အမြဲမဟုတ်သော်လည်း တစ်ခါတစ်ခါ၌ အသန့် မည်ကဲ့သို့ နေပေလိမ့်မည်နည်းဟု တွေး တောကြည့်မိ၏။ သို့သော် မီးဝေးချိပ်မာ ဓမ္မတာအတိုင်း ရပ်ဝေးကမေ့တတ်သည်၊ မတတ်သေးက စေ့စပ် သည်" ဟု ဆိုရိုးရှိပေရာ ကျွန်ုပ်မှာ အသန့်အား တစ်ခါတစ်ခါမျှသာ တွေးမိသည့်အပြင် ကျွန်ုပ်၏ ဘ၀လမ်း စဉ်ကို ခုတ်ထွင်ရှင်းလင်းနေရသေည်လည်း ဖြစ်သောကြောင့် အမေ့မေ့ အလျော့လျော့ပင် ရှိမိပေသည်။ ယခုကဲ့သို့ ရန်ကုန်မြို့တွင် ကျွန်ုပ် ရောက်၍နေကာ ဆန်စပါးကိစ္စကို လိုက်စပြုသောအခါ၌ကား ဆန်စက် သုံးလုံးပိုင်သော အသန့်၏ ယောက္ခမကြီးများအကြောင်းကို သွား၍စဉ်းစားမိကာ အသန့်ကို တွေ့ချင်သော စိတ်များ တဖွားဖွား ပေါ်ပေါက်လာရပြန်ပေသည်။ ငယ်ကချစ် အနှစ်တစ်ရာ မမေ့သာပါပေ။

သို့သော် ကျွန်ုပ်မှာ ဖွင့်စအလုပ်တိုက်ကို တစ်ဦးတည်း ဦးစီးနေခိုက် ဖြစ်လေရာ နိုင်ငံခြားကုမ္ပဏီကြီးများနှင့် ဆက်သွယ်ခြင်း၊ ဆန်စပါး ပွဲစားများနှင့် ဆက်သွယ်စေ့စပ်ခြင်း၊ အလုပ်တိုက်အတွက် အသုံးပစ္စည်း ၀ယ် ခြမ်းခြင်း၊ စာရေးစာချီများ ရွေးချယ်ငှားရမ်းခြင်း စသည်တို့ဖြင့် လုံးချာလိုက်နေရသည့်အပြင် ဦးလေး ဦးဒေါန ထံသို့လည်း ခုနစ်ရက် တစ်ပတ်တိုင်း အစီရင်ခံစာများပို့၍ နေရပြန်သောကြောင့် အလုပ်နှင့် ဂျင်ဂျင်လည် လျက် အသန့်တို့၏ သတင်းကိုသာ နာရပြီး အသန့်တိုံထံသို့ကား ကိုယ်တိုင်ကိုယ်ကျ မသွားနိုင် အားပဲ ရှိခဲ့ ပေသည်။

အသန့်၏ ယောက္ခမများသည် စစ်အတွင်းက ဗုံးဒဏ်မိသဖြင့် ပျက်စီးကြရသည်ဟု သိရ၏။ အသန့်နှင့် အသန့်၏ ခင်ပွန်း ဦးစိန်မောင်တို့သည် ခနောင်တိုရှိ မိမိတို့ပိုင် စက်ဝင်းကြီးအတွင်းက တိုက်အိမ်တွင် နေထိုင် လျက် ရှိကြသည်ကိုလည်း သိရ၏။ အသန့်တွင် သားသမီး မထွန်းကားသေးကြောင်းကိုလည်း သိရ ၏။ အသန့်တို့ထံသို့ သွားမည်ဟု အားခဲတိုင်း အလုပ်အမျိုးမျိုး ပေါ်လာသောကြောင့် သွားပဲမသွားဖြစ်နိုင်ခဲ့ အောင်ရှိရ၏။

သို့နေခိုက်တွင် တစ်နေ့၌ ညနေပိုင်း အလုပ်အနည်းငယ်ပါးသဖြင့် အလုပ်တိုက်ပိတ်ချိန်တွင် အသန့်ရှိရာသို့ မသွားဖြစ်လျှင် သွားဖြစ်အောင် သွားတော့မည်ဟု စိတ်ပိုင်းဖြတ်လိုက်၏။ ထို့ကြောင့် အလုပ်တိုက်ကို တိုက် စောင့်ဒရ၀မ်က သော့ခတ်၍ ပိတ်အပြီးတွင် ကျွန်ုပ်လည်း အလုပ်တိုက်အပေါ်ထပ်ရှိ ကျွန်ုပ်နေထိုင်ရာ အခန်း သို့ တက်ကာ အ၀တ်အစား လဲလှယ်ပြီးလျှင် လှေကားမှ ဆင်းလာခဲ့၏။
လှေကားမှဆင်း၍ တိုက်ပြင်ဘက်သို့ ရောက်သည့်အခါ၌ ကျွန်ုပ်၏အလုပ်တိုက်ရှေ့တွင် လံခြားတစ်စင်း ထိုး ၍ဆိုက်ကာ လံခြားပေါ်မှ ပိန်ပိန်ပါးပါး အသားဖြူဖြူ မိန်းမတစ်ယောက် ဇင်းမယ်လုံချည်ကိုဝတ်လျက် ဆင်း လာသည်ကို မြင်ရလေရာ ကျွန်ုပ်လည်း အမှတ်မထင် ကြည့်ပြီးနောက် အသန့်တို့ရှိရာ ခနောင်တို ဘက်သို့ နေမ၀င်ခင် ရောက်လိုသောဇောဖြင့် ခြေလှမ်းပြင်လိုက်ရ၏။ သို့ပြင်၍ ခြေလှမ်း လှမ်းစပြုသည့် အခိုက်အတန့် တွင် "တစ်ဆိတ်ရှင်" ဟု နောက်က ပြောလိုက်သောအသံကို ကြားရသောကြောင့် လှည့်၍ ကြည့်လိုက်ရာ မျက်မှန်နှင့် ပိန်ပိန်ပါးပါးမိန်းမသည် ကျွန်ုပ်ဆီသို့ လျှောက်လာသည်ကို တွေ့ရသဖြင့် ကိုယ် ရှိန်သတ် ၍ ရပ်နေလိုက်ရသည်၌ ထိုမိန်းမက " ရှင် ... ဒီတိုက်မှာ နေပါသလားရှင် ... " ဟု ကျွန်ုပ်အား မေး လိုက်၏။

ကျွန်ုပ်လည်း " ဟုတ်ကဲ့ ... ဘာကိစ္စရှိလို့ပါလဲခင်ဗျာ ... " ဟု ဆိုလိုက်ကာရှိသေး ထိုမိန်းမမှာ တစ်ကိုယ်လုံး သိသိ သာသာ တုန်တုန်ရီရီ ဖြစ်လာပြီးလျှင် "အကိုကံကောင်း အသန့်လေ ... အသန့်ကို မမှတ်မိ တော့ဘူးလား "ဟု ငိုသံပါကြီးနှင့် ပြောလိုက်သဖြင့် ကျွန်ုပ်တွင် "ဟိုက် ... "ခနဲ ပါးစပ်ကယောင်၍ ဆိုမိလျက် မှင်သက်မိသူပမာ အံ့သြခြင်းပြင်းစွာ ဖြစ်၍နေရ၏။

ထို့ကြောင့် ငေးငေးကြီး ကြောင်၍ ကြည့်နေမိ၏။ ထိုအခါတွင် မျက်မှန်နှင့်ထိုမိန်းမက "အစ်ကို ကံကောင်း ကတော့ အသန့်ကို ဘယ်မှာ မှတ်မိတော့မလဲလေ၊ အသန့်ကပြောင်းသွားပြီကိုး၊ အစ်ကိုကံကောင်းလဲ ရုပ်အတော် ပြောင်းသွားတယ်၊ နို့ပေမဲ့ ရွှေသွားကလေးရယ်၊ အသံရယ်ကတော့ မှတ် မိပါသေးရဲ့" ဟု ထပ်၍ဆိုလိုက်မှ ကျွန်ုပ်မှာ သတိပြန်၍လည်လာကာ "ဟာ ... အသန့် အသန့် ... အခုပဲ အကိုကံကောင်း အသန့် တို့ ခနောင်တိုဘက်ကို ကူးလာမလို့ ဆင်းလာတာ၊ ကြည့်စမ်း ... ကြည့်စမ်း ... အသန့် ပိန်သွားလိုက်တာကွယ်၊ မျက်မှန်ကလဲတပ်ထားတော့ မမှတ်မိဘူး ...၊ ဘုရားစူးစေရဲ့၊ အစ်ကိုကံကောင်း မမှတ်မိဘူး" ဟု ဗလုံးဗထွေးပြောမိရင်း အသန့်အား ပြေး၍ဖက်ကာ ငိုလိုက်ချင်သလိုလို ဘာလိုလိုကြီးပင် ဖြစ်မိေ ပတော့သည်။ အသန့်ခမျာ ကိုယ်တိုင်မှာလည်း မျက်ရည်များဝိုင်းလျက် ချင်းခြင်းပင် ငို၍ချလိုက် တော့မည် ပမာ ဖြစ်နေရှာပေသည်။ ပြီးမှ ကျွန်ုပ်က သတိကိုထိန်း၍ " ကိုင်း ... လာ ... လာ အစ် ကိုကံကောင်း ရဲ့ အခန်းကို သွားကြစို့ စကားအေးအေးဆေးဆေး ပြောကြရအောင် "ဟု ဆိုကာ လှေကားမှ ရှေ့ဆောင်၍ တက်ခဲ့ရပေတော့သည်။

ကျွန်ုပ်၏အခန်းတွင် နှစ်ယောက်သား ထိုင်မိကြသည်၌ "ကိုင်း ပြောစမ်းပါဦး အသန့်ရယ် ... ဘယ်လိုက ဘယ်လို" ဟု စကားစ ပေးလိုက်သည်၌ အသန့်လည်း မျက်မှန်ကိုချွတ်၍ မျက်လုံးကို ပွတ်ရာက "မနေ့က  စပါးပွဲစား တွေ စက်ကိုလာကြတော့မှ အစ်ကိုကံကောင်းက အသန့်နဲ့ကိုစိန်မောင်ကို မေးတယ်ဆိုတာကို ပြောပြကြလို့ အစ်ကိုကံကောင်း ရန်ကုန်မှာရောက်နေတယ်ဆိုတာကို သိကြရတယ်။ ရန်ကုန်ကိုရောက်နေ တာ ဒါလောက်ကြာမှဖြင့် လူကိုယ်တိုင်မလာနိုင်တောင် စာကလေးတစ်စောင်တော့ ပေးဖို့သင့်ပါတယ် အစ်ကိုကံကောင်း ရယ် ... " ဟု အသံကလေးမျှင်မျှင်နှင့် အပြစ်တင်သလို စကားဦး ချီလိုက်ပြီးနောက် လွန် ခဲ့သော ဆယ့်သုံးလေးနှစ် အတွင်းတွင် ရန်ကုန်တစ်လှည့် ခနောင်တိုတစ်လှည့် နေထိုင်ခဲ့ရပုံများကို ပြောပြ ရှာပါသည်။ သူ့စကားကို နိဂုံးချုပ်သောအားဖြင့် အသန့်က အစ်ကိုကံကောင်းကို အသန့် အမြဲ သတင်းမေး လျုက် ပါပဲ အစ်ကိုကံကောင်းရယ်၊ စစ်အတွင်း ဗယောက်ဗယက်တွေကြားထဲမှာ မေမေတို့ ဆုံးတုန်းက အသန့် လိုက်သွားတော့လည်း အစ်ကိုကံကောင်းအကြောင်းကို စုံစမ်းပါသေးတယ်။

နို့ပေမဲ့ မော်လမြိုင်မှာ လိုလို ကျိုက်က္ခမီမှာ လိုလိုနဲ့သာ ကြားရပြီး ဘယ်မှာမှန်း အတိအကျ မသိရလို့ အဝေး ကပဲ သတင်းမေးနေ ခဲ့တယ်။ အစ်ကိုကံကောင်းကတော့ ဒီရန်ကုန်ကို တက်လာတာ သုံးလေးလ ရှိပြီဆို အသန့်တို့ဆီ စာတောင် မှမထည့်တာများ အံပါရဲ့ရှင် " ဟု အပြစ်တင်သံနှင့်ပင် အဆုံးသတ်၏။

ဤတွင် ကျွန်ုပ်ကလည်း ကျွန်ုပ်နှင့် ဦးဒေါနတို့ ပြန်၍ ချဉ်းမိကြပုံများကို ပြောပြရာက နောက်ဆုံးတွင် " အသန့် က အစ်ကိုကံကောင်း စာမထည့်တာကိုတော့ ပြောလိုက်တာ။ အစ်ကို ကံကောင်းက အသန့်တို့ ခနောင်တိုမှာ ရှိတယ်ဆိုတာကို အရင် ဆယ့်သုံးလေးရက်ကမှ သိရတယ်၊ သိရလို့ စာထည့်မယ်ကြံပေမဲ့ကာ လူကိုယ်တိုင် သွားမယ်သွားမယ်နဲ့ ချိန်ရင်း အလုပ်တွေက ဖိနေလို့ ဒီကနေ့မှ အားချိန်ကလေးရပြီး ခနောင် တိုကို လာမယ်လို့ အထွက်မှာ အသန့်နဲ့တွေ့ရတာ ... ကိုင်း ... ထားပါတော့၊ စစ်အတွင်းကတော့ ခေတ် ဗယောက်ဗယက်မို့ ထားလိုက်ပါတော့၊ စစ်မဖြစ်ခင် ဆယ်နှစ်လောက်အတွင်းမှာ အသန့်ဆီက အစ်ကို ကံ ကောင်း ဆီကို စာကလေးတစ်ကြောင်း ရေးဖူးရဲ့လား ... ဟင် ပြောစမ်းပါဦး ... အဲဒီအဖြစ်ကို ... " ဟု ပြန် မေးလိုက်ရာ အသန့်သည် ကျွန်ုပ်အား မျက်စောင်းတစ်ချက်ခဲလိုက်ပြီးမှ " တော်ပါအစ်ကိုကံကောင်းရယ် ... ဒါတွေကို အသန့် စမြုံမပြန်ပါရစေနဲ့တော့ ... နို့ ... နေပါဦး သူဌေးကတော်များကော ... ဘယ်မှာလဲ "ဟု စကားလွှဲလိုက်သည်၌ ကျွန်ုပ်လည်း တစ်ချက်ရယ်မိတာ "အစ်ကို ကံကောင်း ခုထက်ထိ အိမ်ထောင် မရှိသေးပါဘူး ... နို့ ... ကိုင်း စက်ပိုင်ကတော်ကြီးကော တစ်ယောက်တည်းလား စက်ပိုင်ရှင်ကြီး ကော မပါလာ ဘူးလား "ဟု ရယ်စရာ လုပ်လိုက်ရ၏။

သို့သော် အသန့်မှာ ကျွန်ုပ် ရယ်စရာ လုပ်လိုက်ကာ မှပင် တစ်ချက်မျှ တွေ၍ မျက်နှာကလေးနှင့် ဖြစ်သွားရာက " ပါတယ်လေ ဒီနေ့ ရန်ကုန်ကိုကူးခဲ့ကြတော့ အတူတူပါပဲ၊ ချာချီလမ်းက အသိတွေအိမ်မှာ ခဏ နေပြီးတော့ ညနေ နေကလေးစောင်းတယ် ဆိုရင်ပဲ အပြင်ခဏနေပြီးတော့ ညနေ နေကလေး စောင်းတယ် ဆိုရင်ပဲ အပြင်ခဏသွားဦးမယ်ဆိုပြီး ထွက်သွား လိုက်တာ ခုနေ ဆိုရင် တာဝှာဟော်တယ်ကို ရောက်နေရောပေါ့၊ ဒီကအပြန်မှပဲ ဟော်တယ်ကို ၀င်ပြီး မေးရတော့မယ်" ဟု စိတ်မချမ်းမြေ့သော အသံဖြင့် ပြောရှာ၏။

ထိုစကားကိုထောက်လျှင် အသန့်၏ခင်ပွန်း ဦးစိန်မောင်မှာ ယစ်ထုတ်ကြီး ဖြစ်နေသည်ကို ကျွန်ုပ် ရိပ်မိရ ပေသည်။ လင်ယောက်ျားက ယစ်ထုတ်ကြီးဖြစ်နေသောကြောင့် ဇနီးဖြစ်သူ အသန့်ခမျာမှာလည်း လင်ဆိုး မယား တဖားဖားဟူသည်နျင့် အညီ အတော်ပင် ကသီလင်တနိုင်၍ နေရရှာသည့်အဖြစ်ကို သတိထား မိ၏။ စိတ်မချမ်းသာ မှုတို့ကြောင့် ယခင်က ၀၀ကစ်ကစ် ချစ်စရာ တစ်ပွေ့တစ်ခဲကြီး ဖြစ်ခဲ့သူ အသန့်မှာ ယခုအခါ တွင် ငါးဖောင်ရိုးခြောက်ပမာ ပိန်ပိန်ပါးပါး အသက်နေ ပါးလျား၍ နေပေပြီ။

သူ့ဖြစ်အင်ကိုကြည့်ရင်း မချမ်းသာသောစိတ်နျင့် ကျွန်ုပ်က "အသန့် ဘယ်တုန်းကများ မျက်စေ့တွေဘာတွေ မှုန်တာလဲ၊ အခု မျက်မှန်များတောင် တပ်ရပြီနော် " ဟု ကြင်နာစွာ မေးလိုက်ရာ အသန့်လည်း မျက်မှန်ကို ချွတ်၍ မျက်လုံးထောင့်များကို ပွတ်ရာက " ဟိုတမြန်နှစ်က ... အသန့် အတော်ကြီးကို မမာ လိုက် သေးတယ်၊ စစ်ကလဲပြီးစ ဆေးဝါးကလဲ ရှားနဲ့ သုံးလေးလ လောက်တောင် ချိသွားသေးတယ် အစ်ကို ကံကောင်း၊ မသေလို့သာ တွေ့ကြရတယ်၊ ဆံပင်တွေကျွတ် ... ဦးရေခွံတွေလည်း အပူတွေ မှုတ် လိုက် တာဟာ နောက်ဆုံးကျတော့ လူက ထူထူ ထောင်ထောင် ဖြစ်လာပေမည့် မျက်စေ့မှုန်တာကြီး အဖတ် တင်ပြီး ကျန်ရစ်ခဲ့ရတယ် " ဟု ဆိုပါသည်။

ကျွန်ုပ်လည်း ကျွန်ုပ်၏ အချစ်ဦး အချစ်ဖူး အဖြစ်ဖြင့် မြတ်နိုးမိခဲ့ဖူးသူ အသန့်၏ ဖြစ်အင်ကို နာကျင်သော စိတ်နှလုံးဖြင့် ကြည့်ကာ ငေး၍ နေမိပေသည်။ နောက်မှ စကားစပ်မိကြရင်း အသန့်က " အသန့် မေးစမ်းပါ ရစေဦး အစ်ကိုကံကောင်းရဲ့ ...၊ အခု အစ်ကိုကံကောင်းရဲ့ ဆွေတွေ မျိုးတွေနဲ့ ပြန်ပြီး နီးနီးစပ်စပ် ရှိကြပြီဆို တော့ ဘယ့်နှယ်လဲ ... တော်တော်ပဲ ခင်ခင် မင်မင် ရှိကြရဲလား ... " ဟု မေးလိုက်ရာ ကျွန်ုပ်က " တော် ကြပါတယ် ... မတော်ရင်လဲ မဖြစ်တော့ဘဲကိုး အသန့်ရဲ့ ... ၊ အစ်ကို ကံကောင်းရဲ့ ကျေးဇူးတွေကလဲ သူတို့ အပေါ်မှာ တစ်ပုံတစ်ပင်ကြီးရှိ ...၊

ပြီးတော့လဲ အရွယ်ကလဲ ငယ်သွေး ငယ်မာန်တွေ ထားသင့်တဲ့ အရွယ်တွေကလည်း ဟုတ်မှ မဟုတ် တော့ဘဲ၊ အစ်ကို ကံကောင်းနဲ့ ရွယ်တူ ဦးဒေါနရဲ့သား မောင်ညိမ်း အောင်ဆိုတာကဖြင့် အခု အိမ်ထောင် တွေ ဘာတွေနဲ့ ဖြစ်နေပြီလေ၊ ဖျာပုံက အရေးပိုင်သမီးနဲ့ လက်ထပ်လိုက်တာ ခြောက်လလောက် ရှိသွားပြီထင်ပါ့ "ဟု ဆိုလိုက်သည်၌ အသန့်လည်း တစ်စုံတစ်ခုကို သတိရဟန်ဖြင့် " နေဦး ... နေဦး၊ ဟာ ... ဟုတ်ပါဘိ ... အရင်နှစ် ဒီဇင်ဘာလထဲက လက်ထပ်ကြတာ မဟုတ်လား၊ ဟာ ... အခုမှ အသန့်သိရတယ်။ အိမ်ကိုတောင် ဖိတ်စာရောက်သေးတယ်...၊ အသန့်က အမှတ်တမဲ့မို့ ကိုစိန်မောင်တောင် ဒီဖိတ်စာထဲက သတို့သမီး၊ တို့နဲ့ ဆွေတစ်စ မျိုးတစ်စ တော်တယ်လို့ တောင်ပြောဖူးသေးတယ်။ အမယ်လေး ... လက်စသတ်တော့ အသန့် နဲ့ အစ်ကို ကံကောင်းနဲ့ ဆွေမျိုး ဆက် မိနေပြန်ပါပကော" ဟု ပြောပြောဆိုဆို ပြုံးရှာပါသည်။

ကျွန်ုပ်လည်း ရောနှော၍ ပြုံးရပြီးလျှင် " ကဲ ... ကြုံ တုန်းကြုံခါကို မဂိုလမ်းမှာ အသန့်ကို ဒံပေါက် ကျွေးလိုက် စမ်းပါရစေ၊ လာ ... အသန့် ဆာလှရော့မယ် သွား ကြစို့၊ ပြီးတော့ အသန့် နဲ့ တူတူ ကိုစိန်မောင် ကိုလဲ လိုက်ပြီး တွေ့ချင်သေးတယ်... "ဟု ဆိုရ၏။ အချိန်မှာ မှောင်စပြုလာပြီဖြစ်ပေသည်။

*
>>>ဆက်ဖတ်ရန်>>> >>

Tuesday, September 13, 2011

တင့်တယ် ၏ ကမ္မဖလ အပိုင်း (၁၄)

ကြာသပတေး - တနင်္လာ

ဤကဏ္ဍကို ကျွန်ုပ်ရေးသားရန် အထက်ပါ ခေါင်းစဉ်ကို ရေးချလိုက်သည့် ခဏအတွင်း၌ ကျွန်ုပ်၏ ၀တ်လုံ များသည် ကျွန်ုပ်ရှိရာ ကြိုးတိုက်သို့ ရောက်လာကြပြန်၏။ သူတို့၏ အဆိုအားဖြင့် ကျွန်ုပ်၏ ကြိုးဒဏ်မှ လျှော့ပေါ့ သက်သာခွင့်ပေးရန် အသနားခံစာကို မနက်ဖြန်တွင် အစိုးရအဖွဲ့ အစည်းအဝေး၌ စဉ်းစား၍ သက်သာခွင့် ပေးသင့် မပေးသင့်ကို ပြည်ထဲရေးဝန်ကြီးက အကြံပေးစာ ရေးတော့မည်ဟု သိရ၏။ ကျွန်ုပ်၏ အသနားခံစာ ကို အစိုးရမင်းများက သက်ညှာလျှင်ကား သက်ဆိုးရှည်ရပေမည်။ မသက်ညှာလျှင်ကား ကျွန်ုပ် နေရလှလျှင် ခုနစ်ရက်ပင်။ ထို့ကြောင့် ဆိုစများလျား ရေးသားစရာတွေ တစ်ပုံကြီး ရှိနေသည့် အကြား က အတိုချုပ်နိုင်သမျှ ချုပ်၍ ရေးမျသာ ကျွန်ုပ်၏အဖြစ်စဉ်မှတ်တမ်းမှာ စ လယ် ဆုံး ပြည့်ပြည့်စုံစုံ ကျန်ရစ် နိုင်ခဲ့ပေတော့မည်။

၁၉၄၃ ခုနှစ်မှ ၁၉၄၆ ခုနှစ်အထိ လေးနှစ်ကာလအတွင်း၌ ကျွန်ုပ် မည်မျှ ကြိုးစားခဲ့သောကြောင့် ကျွန်ုပ်၏ ဦးလေး ဦးဒေါန တို့နှင့် ကျွန်ုပ် မည်မျှ ရင်းနှီးသည်ထက် ရင်းနှီးခဲ့ပုံတို့ကို အနုစိပ် ဖော်ပြခြင်းငှာ အချိန်မရ တော့ပေ။ အတိုကောက် ဖော်ပြရမည်ဆိုလျှင် ၁၉၄၆ ခုနှစ်၌ ကမ္ဘာ့စစ်မီး ပြီးငြိမ်းသွားသောအခါတွင် ကျွန်ုပ် မှာ ဦးလေး ဦးဒေါန ၏ လုပ်ငန်းကြီး တစ်ခုလုံးတွင် မောင်ညိမ်းအောင်နှင့် တွဲဖက်၍ ဦးစီးလုပ်ကိုင်နေကြရ သော အခြေအထိ ရောက်ခဲ့ပေပြီ။

စစ်ပြီးစ ဖြစ်သောကြောင့် စစ်အတွင်းက အရေးပေး လုပ်ခဲ့ကြသော စက်လှေဖြင့် ကုန်သွယ်သည့် လုပ်ငန်း များကို ရပ်ဆိုင်းလိုက်ကြပြီးလျှင် သတ္တုတွင်း လုပ်ငန်းနှင့် သစ်တော လုပ်ငန်းတို့ကို ပြန်၍ ထူထောင် ကြရ၏။ ခြောက်နှစ်ပတ်လုံး မျက်နှာလွှဲခဲပစ်သမျှ ထားခဲ့ရသော လုပ်ငန်းကြီး များကို ပြန်လည်၍ ထူထောင်ကြ ရသည်မှာ မလွယ်လှပေ။ အလုပ်လည်း အလွန်များကြ၏။ ၁၉၄၆ ခုနှစ် ကုန်ခါနီးသို့ ရောက်သော အခါမှပင် လုပ်ငန်းကြီးမှာ ယခင် စစ်မဖြစ်မီက နီးပါးအခြေ ပြန်၍ကျသဖြင့် ကျွန်ုပ် တို့လည်း အသက်ရှူ ချောင်ကြရပေတော့သည်။

ဤအခြေ၌ ကျွန်ုပ်နှင့် ကျွန်ုပ်၏ ရန်သူတော် သားချင်းများမှာ များစွာ အစေးကပ်၍နေပြီဖြစ်လေရာ ယခင် က လက်သီးနှင့်ထိုး၍ နှင်ထုတ်ခြင်းခံခဲ့ရသော အိမ်ကြီးဝယ် ကျွန်ုပ်သည် ယခုအခါ၌ အိမ်သားတစ်ဦး ဖြစ်နေ တော့သည်သာမက အရေးကြီးသော စီးပွားရေးလုပ်ငန်းများကို ခြေလှမ်း လှမ်းကြသည်၌လည်း ကျွန်ုပ် မပါ လျှင် မပြီးတော့ပေ။ ထို့ကြောင့်ပင် အိမ်သား တစ်ခုအပေါ် ကျွန်ုပ်၏သြဇာမှာလည်း အတော်ပင် ကြီးမား ၍ နေပေပြီ။ ဤအခြေသို့ရောက်၍ တစ်မြို့လုံးက ကျွန်ုပ်အား မောင်ညိမ်းအောင်နှင့်တန်းတူ ရိုသေ လေးစား အသိအမှတ်ပြုကြရသောအခါတွင် ကျွန်ုပ်သည် သင်းတို့ တစ်မြုံလုံးကို လက်စားချေရန် စိတ်ကူး ထုတ်ရ ပေ တော့သည်။

 အတွင်းပိုင်းကျကျ ကျွန်ုပ် စီမံနေရခြင်းအားဖြင့် သင်းတို့တစ်မျိုးလုံး၏ စီးပွားရေး အခြေအနေ ကိုလည်း ကျွန်ုပ် လည်း မူး-ပဲ-ပြား-ပိုင်ကမကျန် အားလုံးသိရ၏။ ကျွန်ုပ်၏အဘိုး ထားရစ်ခဲ့သော ပစ္စည်း အရပ်ရပ် တို့မှာကား အပြင်ပစ္စည်းများကချည်းပင်လျှင် ခြောက်သိန်းကျော်ဖိုး ရှိပေရာ စိန်၊ ရွှေ၊ ရတနာ အတွင်းပစ္စည်း အားလုံး တို့က ချည့်ပင်လျှင် လေးသိန်းဖိုးခန့်ရှိ၏။ စုစုပေါင်းတစ်သန်းခန့် တန်သည့် ဤ စည်းစိမ်ကြီး ကို အမြဲစောင့်ရှောက် စီမံနေရသော ကျွန်ုပ်၏ အဖို့၌ စစ်ဖြစ်နေဆဲတွင် အချိန်ကာလကလည်း ဟန် မကျသေး၊ ပစ္စည်းအားလုံး တို့၏ အခြေကိုလည်း စုံစေ့အောင် မသိရသေးသောကြောင့် ကျွန်ုပ်၏ လက်စား ချေရေး ကိစ္စကို ဆိုင်းငံ့ထားခဲ့ရ၏။

သင်းတို့အားလုံး အယုံအကြည်ရှိအောင် စောင့်ခဲ့ရ၏။ ယခုကား သင်းတို့ တစ်တွေသည် ကျွန်ုပ်အား လူယုံ အဖြစ်သာမက တစ်ခါတစ်ခါ၌ မောင်ညိမ်းအောင်ထက်ပင် ပို၍အားကိုးကာ ခေါင်းဆောင်အဖြစ်ပင် အသိ အမှတ်ပြုကြပေပြီ။ ဤအခါမျိုး၌ ကျွန်ုပ်သည် သင်းတို့ တစ်မြုံလုံးကို ပိပိရိရိ တစ်ယောက်စီချေနိုင်ပါက မည်သူ သည် ကျွန်ုပ်အား မှဲ့ တစ်ပေါက်မျှ ရနံ့မကင်းဖြစ်ကြချိမ့်မည်နည်း။ သို့သော် ကျွန်ုပ် သတ်ရန် ရည်ရွယ်သူများ အထဲ ၌ အမှီမပါ။

အမှီမှာ စစ်ဖြစ်စက အသက် ၂၄ နှစ်ခန့် ရှိခဲ့ပေရာ အိမ်ထောင်ချထားရန် ဖခင် ဦးဒေါန စိတ်ကူးနေစဉ် စစ် ဖြစ်လာခဲ့ ၍ စစ်တစ်ခေတ်လုံး၌လည်း အိမ်ထောင်မပေးဖြစ်ခဲ့၊ ၁၉၄၆ ခုနှစ် စညပီးသောအခါ၌လည်း လုပ်ငန်း များ ပြန်၍ထူထောင်ဆဲဖြစ်သဖြင့် အိမ်ထောင်ပေးရန် မစီမံနိုင်ခဲ့ကြ၊ သို့သော် အမှီအပျိုကြီးဖြစ်၍ ဟိုင်း သွားမည်ကို မည်သူမျှ မစိုးရိမ်ကြပေ။ အဘယ်ကြောင့်ဆိုသော် တစ်ဆွေလုံး တစ်မျိုးလုံးကပင် အမှီ ကို ကိုမြဖေနှင့် ရည်မှန်းထားရင်း ရှိကြသောကြောင့် ဖြစ်၏။ သို့ရည်ရွယ်ထားသည်ကို အမှီလည်းသိ၏။ ကိုမြဖေ ကလည်းသိ၏။ စစ်ရေး၊ စီးပွားရေးများ အခြေတကျ မဖြစ်နိုင်သေး၍သာ အချိန်ကောင်းကို စောင့် နေကြ ခြင်းဖြစ်ပေသည်။

ဤအကြောင်းများကို သိသော ကျွန်ုပ်ကား အမှီ၏ အပေါ်တွင် တိတ်တိတ်ပုန်းမေတ္တာ ရင့်မာမှန်းမသိ ရင့် မာလျက်အမှီကို မည်သို့သောနည်းဖြင့် အရချူရမည်ကို အမြဲတွေး၍ နေခဲ့၏။ သို့သော် အမှီနှင့် ကျွန်ုပ်တို့ ကား စင်စစ်၌ မောင်နှမ၀မ်းကွဲတော်ကြပေရာ တကယ့်ညီမသဖွယ် သဘောထားသည်ထက် ဘာမျှပို၍ အရိပ် လက္ခဏာ မပြ၀ံ့ခဲ့။ အမှီကလည်း လက်ဦးတွင် စိမ်းသယောင်ယောင် ရှိခဲ့သော်လည်း ယခုမူကား အစ်ကိုရင်း သဖွယ် လုံးဝ သဘောထား၍ နေပြီဖြစ်လေရာ ကျွန်ုပ်မှာ အမှီကို စိတ်ထဲက မေတ္တာအိုးကြီး မဆန့်မပြဲ နှင့် ဖြုန်းဖြုန်းကွဲ၍ ကျလုမတတ် ဖြစ်ရသော်လည်း သူကလေး၏ သိက္ခာကို ရိုသေသောအားဖြင့် အနား သို့ပင် သိုးကာသီကာ မရစ်နိုင်ခဲ့ပေ။ ကျွန်ုပ်၏ လက်စားချေမှုတွင် အထောက်အပံ့ဖြစ်စေခြင်းငှာ အယုံယွင်းနေရသည်ကလည်း တစ်ဖက် ဖြစ်သောကြောင့် အမှီအား သေချင်ပက်ကျိ နီးချင်ပါလျက်နှင့်ပင် ကာယိနြေ္ဒ သိန်သရေတွင်လုပ်ကာ အခွင့်ကောင်းကို စောင့်မျှော်၍ နေခဲ့ရပေသည်။

သို့နေရာ၌ ၁၉၄၆ ခုနှစ် ကုန်ခါနီး တစ်လ နှစ်လအလိုတွင် ကျွန်ုပ် ခေါင်းနားပန်းကြီးစေမည့် ကိစ္စကြီးတစ် ရပ်သည် အမှီနှင့် ပတ်သက်၍ ပေါ်ပေါက်လာခဲ့ပေတော့၏။ ထိုကိစ္စကား အခြားမဟုတ်။ ဆွေနီးမျိုးစပ် အချို့ တို့က စေ့ဆော်သဖြင့် အမှီနှင့် ကိုမြဖေတို့ကို ထုံးစံနှင့်အညီ စေ့စပ်ကြောင်းလမ်းကြခြင်းပင်ဖြစ်၏။ စေ့စပ် ကြောင်းလမ်းမှုမှာ နှစ်ပေါင်းများစွာ စစ်မဖြစ်မီကပင် ကြိုတင်သေချာထားခဲ့ပြီး ဖြစ်သည့်အတိုင်း အလွယ် နှင့် ပင်ပြီးမြောက် သွားပေသည်။ ကျွန်ုပ် ကိုယ်တိုင်လည်း လူကြီးအဖြစ်ဖြင့် စေ့စပ်သည့်နေ့က ဦးလေး ဦးဒေါန နှင့်တွဲ၍ ထိုင်ကာ သတို့သမီးဘက်မှနေ၍ စကားစမြည် ပြောရလေသေးသည်။

အချစ်မီး ဆိုသည်ကား ကြီးမားပေစွတကား ...။ ကျွန်ုပ် ခူးဆွတ်ရန် မှန်းဆထားသော မဉ္ဇူသက အမှီအား လက်လွတ် ရတော့မည်ဟု သေချာသောအခါတွင် ကျွန်ုပ်၏ ရင်ထဲ၌ မီးပုံကြီး ဖို၍ထားဘိသကဲ့သို့ ရှိရပေ သည်။ သို့သော် ဟန်ကားမပျက်ခဲ့။ အသက် ၃၀ ကျော်အောင် ဒုက္ခ၏ ဒဏ်ချက်ကိုခံ၍ မာယာဟန်ဆောင် ရပေါင်း ဖန်တေထနေပြီဖြစ်သဖြင့် စေ့စပ်ရေးစကားများကိုပင် ဟန်ကျပန်ကျ ပြောခဲ့နိုင်လေသေးသည်။

သို့သော် အမှီကို ကိုမြဖေ နှင့် လက်ထပ်တော့မည်ဟု စေ့စပ်ရာ၌ ကျွန်ုပ်အား အကြီးအကျယ် တုန်လှုပ် ချောက်ချား စေသည်မှာကား နောင်ရေးပင်ဖြစ်၏။ အကယ်၍ အမှီနှင့် ကိုမြဖေတို့ လက်ဆက်ရပါ လျှင် ကိုမြဖေ သည် အမှီ၏လင်သား အဖြစ်ဖြင့် အဘဦးဒေါန ထားရစ်ခဲ့မည့် ပစ္စည်းစုကို ခံစားရလေတော့ မည်။ ထိုအထဲ တွင်လည်း ကျွန်ုပ်ကလည်း ဦးဒေါနပါမကျန် ရှိရှိသမျှ အမွေခံထိုက်သူ ဟူသမျှကို လက်စား ချေ၍ သုတ်သင်ရန် ၁၇ နှစ်တိုင်တိုင် အားခဲထားသူဖြစ်ရာ အကယ်၍ အမှီမှ တစ်ပါးသောရန်သူတို့ကို ကျွန်ုပ် သုတ်သင် လိုက်ပါက အမှီတစ်ဦးတည်းသာလျှင် ဆယ်သိန်းတန် စည်းစိမ်ကြီးကို ခံစားရမည်ဖြစ်ရာ အမှီ၏ ခင်ပွန်း ဖြစ်မည့် ဦးမြဖေသည်လည်း သန်းကြွယ်သူဌေးကြီး ဖြစ်လာမည် မလွဲပေ။

ထို့ကြောင့် ကျွန်ုပ် ၏ဘ၀ သန္နိဋ္ဌာန် ချက်အတိုင်း ပြီးမြောက်အောင်မြင်ပါလျှင် ကျွန်ုပ်သည် အချစ်ဆုံး အမှီ ကို ကိုမြဖေ၏ လက်ထဲသို့ ကျွန်ုပ်ကိုယ်တိုင် ထည့်၍ပေးလိုက်ရသည်နှင့်မခြား ရှိတော့မည်ဖြစ်သောကြောင့် ကျွန်ုပ်မှာ အမှီ နှင့် ကိုမြဖေတို့ စေ့စပ်ကြသည့်နေ့မှစ၍ အပူတပြင်း ဥာဏ်နီဥာဏ်နက်တို့ကို ထုတ်ရပေ တော့သည်။ မထုတ် လျှင်မဖြစ်။ ကိုမြဖေနှင့်အမှီတို့ လက်ထပ်ဖြစ်ပါက ကျွန်ုပ်ခဲလေသမျှအားလုံး သဲရေကျရ ပေတော့မည်။

သူတို့နှစ်ယောက် လက်မထပ်ဖြစ်စေရန်မှာ အခြားနည်းမရှိ။ အမှီ ... သို့မဟုတ် ကိုမြဖေတစ်ယောက် မရှိမှ ဤ ကိစ္စ ပြီးငြိမ်းမည်ဖြစ်ရာ အမှီကို ဘယ်နည်းနှင့်မျှ သတ်ဖို့ဝေးစွ၊ နှီးစကလေးဖြင့်ပင် မရွယ်ရက်သော ကျွန်ုပ် သည် ကျွန်ုပ်အား သေနတ်မောင်းတင်၍ သေနတ်နှင့်ပစ်ရန်ပင် ဟန်ပြင်ခဲ့ဖူးသော ကိုမြဖေကို သုတ် သင်ရန်မှလွဲ၍ အခြားနည်း မရှိတော့ပေ။

ဤကိစ္စ ပေါ်လာသဖြင့် ကျွန်ုပ်၏ လက်စားချေလုပ်ငန်းကြီး အစပျိုးဖို့ ဖြစ်လာသည်မှာ တစ်နည်းအားဖြင့် ကောင်း၏။ အဘယ့်ကြောင့်ဆိုသော် ဦးလေးဦးဒေါန၏ အထောက်အကူကြောင့် ကျွန်ုပ်မှာ ဦးလေး၏ ပစ္စည်း ကို ဝေစုခွဲရန် မြှော်လင့်ချက် ရှိနေသည်သာမက စစ်ပြီးခေတ် ကုန်သည်စခန်းထချိန်မို့ ကျွန်ုပ်၏ ကိုယ်ပိုင် ငွေကြေးပင်လျှင် သောင်းချီ၍ ရှိနေသည်ဖြစ်ရာ အမှီနှင့်လည်း နီးနီးကပ်ကပ် အရိပ် တကြည့်ကြည့် နေခွင့်ကြိမ်ပြန်သောကြောင့် ကျွန်ုပ်သည် စည်းစိမ်းမှိုင်းမိကာ လက်စားချေလိုသောစိတ် အဓိဋ္ဌာန်တွင် အား နည်းသလိုဖြစ်ခဲ့၏။ သို့သော် ကံအားလျော်စွာ နံနက်တိုင်း သွားတိုက်ရင်း မြင်နေရသော ရွှေသွားကလေး၏ ကျေးဇူးကြောင့် ဘ၀သန္နိဋ္ဌာန်ကြီးကို မမေ့မပျောက်ခဲ့ပေ။ ယခုကား အမှီနှင့် ဆယ်သိန်းတန် အမွေအနှစ်တို့ ကို လက်လွတ်ရတော့မည် အရေးတော်ပုံကြီးကြောင့် စည်းစိမ်မှိုင်း ထဲမှ လူးလွန့်လှုပ်ရှားကာ ဒရောသောပါး အကြံအစည်တွေ ပွားများရပြန်ပေတော့သည်။

ကိုမြဖေကို အပြုတ်ဖြုတ်ရန်ကိစ္စက လက်ဦးဗွေဆော်ပေါ်၍လာရသည်ကား ကံတရားကို ကျေးဇူးတင်ဖို့ပင် ကောင်းနေသေး၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ် မျိုးဖြုတ်ရမည့် အမွေခံတို့မှာ ဦးဒေါနနှင့် မောင်ညိမ်း အောင်တို့မှ အပ ကျွန်ုပ်အပေါ်၌ တစ်စွန်းတစ်စကလေးမျှ စော်ကားခဲ့သူတို့ မဟုတ်ပေရာ ထိုသို့သော သွေး ရင်း သားရင်း တို့ကို သွေးအေးအေးနှင့် ကိစ္စတုံး ကြံစည်ရန်မှာ မည်မျှပင် ကျွန်ုပ် စိတ်ထဲ၌ အခဲအမဲကြီး ထား စေကာမူ လွယ်ကူလျသည်မဟုတ်ပေ။ သို့သော် သင်းတို့ တစ်မျိုးလုံးကို ဖြုတ်မှ သင်းတို့ မာန ထောင်ခဲ့သော စည်းစိမ်ကို တစ်ယောက်တည်း ခံစားရမည်ဖြစ်ရကား ကြင်ယာလောင်း အမှီမှလွဲလျှင် အမွေခံထိုက်သူ ဟူသမျှ ကို မဖြုတ်ဘဲကား မနေနိုင်ပေ။

သို့ဖြစ်လေရာ အစမ်းစာမေးပွဲသဘောဖြင့် သွေးသားလည်း ဝေး ရန်ငြိုးလည်းရှိ လောလောဆယ်တွင် ကျွန်ုပ် ၏ အသဲနှလုံးသည်းပွတ်နှင့်တူသော အမှီကို ယူတော့မည်ဖြစ် သည့် ကိုမြဖေအား ပွဲဦးထွက် လက်စားချေရမည်မှာ တစ်နည်းအားဖြင့် ကံတရား ရွှေကိုယ်တော်ကိုပင် ပူဇော်ရှိခိုးချင်စရာ ဖြစ်နေပေ သေးသည်။

ကံတရား၏ လက်ပေး၍ သတ်တတ်သောသဘောကို အခါခါ ကြုံခဲ့ဖူးသူ ကျွန်ုပ်သည် လူအချင်းချင်းလည်း အကြိုက်ကို ပေး၍သတ်မှ မြန်မြန် သတ်နိုင်သည့် အချိုးအစားကို နားလည်ပြီးဖြစ်သည့် အလျောက် ကိုမြဖေ ၏အကြိုက်ကို လိုက်၍ကြည့်ရ၏။ ကိုမြဖေအား ဟိုငယ်စဉ် ကျွန်ုပ်နှင့် ပထမအကြိမ် တွေ့စကပင် သေနတ် တကိုင်ကိုင် နှင့် အမဲပစ် တောလိုက် ၀ါသနာပါသူ ဖြစ်ပေရာ ကိုမြဖေအား သူဝါသနာပါသော သေနတ် ဖြင့် သာ လက်စားချေရတော့မည်ဟု ဆုံးဖြတ်လိုက်ရ၏။ ကံအားလျော်စွာ ကိုမြဖေနှင့် အမှီတို့ လက်ထပ် ကြမည့်ရက်မှာ သုံးလခန့် ကွာဝေးသေးသဖြင့် ကျွန်ုပ်မျာ ကြံသာဖန်သာအောင် အတော်ကြာ အချိန်ရခဲ့ပေ သည်။

ထို့ကြောင့် တစ်နေ့တွင် ကိုမြဖေတို့အိမ်သို့ ကူးသွားကာ သေနတ်ပြောင်းတိုက်နေသူ ကိုမြဖေထံသို့ကပ်၍ "ဘယ့်နှယ်လဲ ကိုမြဖေ ... သ လှချည်ကလား သေနတ်ကိုး ... " ဟု မေးရင်း သူ့အနား၌ ထိုင်လိုက်ကာ ကိုမြဖေ က " သ ဆို ... ကြာအင်းတောထဲမှာ ဘယ်တုန်းကမှ မရောက်စဘူးတဲ့ တောဝက်နှစ်ကောင် ရောက် နေသတဲ့ဗျ ... အကြီးအကောင်က အချိန် သုံးဆယ်လောက် စီးလိမ့်မယ်တဲ့။ ကျွန်တော့် မုဆိုးက လာပြီးပြောလို့ နက်ဖြန်ကျရင် အမဲပစ်ထွက်မလို့၊ ကိုကံကောင်း ပျင်းရင် လိုက်ခဲ့ပါလား" ဟု ပြော၏။ ကျွန်ုပ် နှင့် ကိုမြဖေ တို့ကား နှစ်နှစ် သုံးနှစ်ကြာအောင် ကုန်အတူ သွယ်ခဲ့ကြခြင်းဖြင့် ယခုအခါ၌ များစွာကပင် ခင်မင် ရင်းနှီးနေကြပေပြီ။ သူတောလိုက်၍ ရလာသော ချေသားခြောက်၊ ဆတ်သားခြောက်များကို စားခဲ့ဖူး သည် မှာလည်း မရေမတွက်နိုင်ခဲ့ပေ။

" မလိုက်ဝံ့ပါဘူးဗျာ ... ကျွန်တော်က သေနတ်မှ မပစ်တတ်ပဲ။ မတော်တဆ တောကောင်နဲ့တွေ့ရင် ကို့ယို့ ကားယား နဲ့ အပြေးရ လမ်းမှားနေပါဦးမယ်" ဟု ကျွန်ုပ်က ဆိုလိုက်သည်တွင် ကိုမြဖေက ပြုံး၍ " တော ကောင် ဆိုတာက ဒါလောက် ကြောက်စရာ မဟုတ်ပါဘူးဗျာ ... အေးလေ ... အမဲလိုက်စ မရှိတဲ့ လူအဖို့ မှာတော့ ဘယ်ပြောလို့ ဖြစ်မလဲ။ ကျွန်တော်တော့ဖြင့် အရင်တုန်းကဆိုရင် အကာအကွယ်ယူပြီးမှ အဝေး ကြီး က လှမ်းလှမ်းပြီး ပစ်ခဲ့တယ်။

ကြာတော့လည်း အဝေးကြီးက ချောင်းပြီးပစ်ရတာ ငြီးငွေ့လာသဗျ။ ခုတော့ စစ်အတွင်းက သေနတ်ကောင်း ကလည်း ရပြီးသား၊ လက်မှန်းကလည်း ရလာတော့တောကောင်ဆို ရင် ရှေ့တည့်တည့် ကနေပြီး ကိုယ့်ကို ရန်မူဖို့ ပြေးလာတော့မှပဲ အနားတေ့ပြီး မောင်းဖြုတ်ချင်တော့တယ်။ အဲဒါမှ အရသာ ကပဲဗျာ ... သူက ကိုယ့်ကို သတ်ရအောင် လာလေတော့ ကိုယ်က ကာကွယ်တဲ့ သဘော လည်း ရောက် သဗျ။ ချေတို့ ဆတ်တို့ကို အဝေးကြီးက ချောင်းပြီး ပစ်ရခတ်ရတာက တစ်ဖက်သတ် ကျလွန်း လှတယ်လို့ အခုတော့ ထင်မိတယ်၊ သနားစရာလည်း ကောင်းသဗျ" ဟု သူ့အယူအဆကို ပြောပြ၏။

ကျွန်ုပ်လည်း သူနှင့် စကားရောဖောရော ပြောဆိုရင်း သေနတ်အကြောင်း၊ သားကောင်တို့၏ ဓလေ့ အကြောင်း ကို မေးမြန်းနေပေသည်။ ကိုမြဖေမှာ သူဝါသနာပါသော စိတ်ကြိုက်ဓလေ့အကြောင်း ဖြစ် နေသဖြင့် သူတောလိုက်ပုံများကို စိတ်ရှည်လက်ရှည် ပြောပြနေသည်သာ မကသေး၊ စစ်အတွင်းက တင်းတောင်း နှင့်ခြင်၍ ရောင်းရာတွင် ၀ယ်ထားသော သေနတ်ကျည်ဆံ အထုပ်ကြီးတစ်ခုကိုပါ ယူ၍လာကာ ...
" သေနတ်တွေက အတော်ဆန်းတယ် ကိုကံကောင်းရေ့၊ ကျွန်တော် အခုကိုင်နေတဲ့သေနတ်က အမေရိ ကန် က လုပ်တဲ့ သေနတ်ဗျ။ တော်တော် ရှားတယ်။ ရှားရတဲ့အထဲမှာ ဒီသေနတ်အတွက် သက်သက် သီးသန့် လုပ်တဲ့ ကျည်ဆံဆိုတာဖြင့် ရှိကို မရှိတော့ပါဘူးဗျာ၊ ကံအားလျော်စွာ ဂျပန်ရိုင်ဖယ်ကျည်ဆံတွေနဲ့ တော်ပြီး နေလို့ ဒီသေနတ်ကို ကိုင်နိုင်တာဘဲဗျ။ နို့ပေမဲ့ ကျည်ဆံတိုင်း မတော်ဘူးဗျ၊ ကျည်ဆံတွေကလဲ တောက လူတွေ တိုက်ပွဲပြီးသွားရင် လိုက်ကောက်ပြီး ရောင်းတာဆိုတော့ သောင်းပြောင်းမို့ မနည်းရွေးချယ် ပြီး ပစ်နေရတယ်" ဟုဆိုရင်း ကျည်ဆံသောင်းပြောင်း အထုပ်ကြီးထဲမှ ရိုင်ဖယ် ကျည်ဆံ များကို တစ်ဆံစီ ရွေးကာ သေနတ်ပြောင်းနှင့်တော်သော ကျည်ဆံများကို သီးသန့်ဖယ်ထုတ်၍ ကျည်ဆံ အိတ်တွင် ထည့်လျက်ရှိ၏။

ကျွန်ုပ်လည်း " အေးဗျာ ကျည်ဆံတွေက ကြည့်တော့ဖြင့် တူတူလိုပဲနော် "ဟု စကား အလိုက်သင့် ပြောလျက် ကျည်ဆံများကို သူ့အား အထုပ်ထဲမှ ကောင်းနိုးရာရာ ကောက်ယူ၍ ပေးနေသည့် အခိုက် ကျွန်ုပ်၏ စိတ်မှာကား ပထမကမ္ဘာစစ်အတွင်းက သူလျှိုကိစ္စ တစ်ခုကို ပြေး၍တွေးနေ၏။ ထိုသူလျှို ကိစ္စမှာ အခြား မဟုတ်။ စစ်တပ်မှ လက်နက်ရုံသို့ သေနတ်ကျည်ဆံ အမှာစာပို့ရာတွင် ကျည်ဆံအတိုင်း အထွာစာရင်းကို သူလျှိုတို့ ကြားဖြတ်ရရှိရာ၌ စာရင်းကို ဖျောက်ဖျက်ပစ်လျှင် စစ်တပ်က စာရင်းအသစ် ထပ်ပို့ကာ အကြောင်းထူးမည် မဟုတ်သောကြောင့် သူလျှိုတို့သည် ကျည်ဆံလုံးပတ် အတိုင်းအထွာ ၁ ဒသမ ၉၆ စင်တီ မီတာဟု ပါရှိသည်ကို အင်္ဂလိပ်ဂဏန်း (၁)ဖြစ်သောမျဉ်းကြောင်း မျှငှ်မျှင်ကလေးတစ်ခု ကို ထပ်တိုး ရေးထည့်ကာ ကြားဖြတ်ရရှိထားသော လက်နက်အမှာစာကို ဟန်မပျက် လက်နက်ရုံသို့ ပို့လိုက် ၏။ ထိုအခါ လက်နက်ရုံက ကျည်ဆံလုံးပတ် အတိုင်းအထွာ ၁ ဒသမ ၉၆၁ စင်တီမီတာ ရှိသော ကျည်ဆံ များကိုလုပ်၍ စစ်တပ် သို့ တင်ပို့သည်၌ ရိုင်ဖယ်သေနတ်များနှင့်မတော်ဘဲ ကျည်ဆံသုံးသန်းခန့် လွှင့်ပစ် ရ ပြီးလျှင် စစ်ပွဲတစ်ပွဲပင် ရှုံးခဲ့ရသောကိစ္စဖြစ်၏။

ဤအကြောင်းကို တွေးနေခိုက်တွင် ကိုမြဖေလည်း တစ်စုံတစ်ခုကို သတိရဟန်ဖြင့် " အမယ် .. ခဏနော် ... ကိုကံကောင်း၊ ကျွန်တော် အရင်တစ်ပတ် တောလိုက်တုန်းက ရွေးပြီးယူသွားတဲ့ ကျည်ဆံသုံးတောင့် ရှိ သေးတယ်။ တစ်ခါထဲ ရောပြီး ထည့်ရဦးမယ်" ဟု ဆိုကာ အိမ်တွင်းသို့ ၀င်သွား၏။ ဤကား ကျွန်ုပ်၏ အခွင့် အရေး ပင် ဖြစ်ပေသည်။ ကံတရား သည် ကျွန်ုပ်အား တော်တော်ပင် မျက်နှာသာပေး၏။

အိမ်ရှေ့ခန်းတွင် ကျွန်ုပ် ကျန်ရစ်သောအခါ ဘေးဘီသို့ ကြည့်လိုက်၏။ မည်သူမျှ မရှိ။ ထို့ကြောင့် ကျွန်ုပ်သည် ခြေမြန်လက် မြန်ဖြင့် သားရေနှင့် လုပ်ထားသော ကျည်ဆံအိတ်ထဲမှ ရွေးချယ်ထားသော ကျည်ဆံများကို ကျည်ဆံ အထုပ်ကြီးထဲသို့ သွန်လိုက်ပြီးလျှင် သေနတ်ပြောင်းနှင့် ကျပ်သဖြင့် ဖယ်ချထားသော ကျည်ဆံများကို သား ရေအိတ်ထဲသို့ လျင်မြန်စွာ ထည့်ထားလိုက်၏။ ကျွန်ုပ် ဤသို့ ကျည်ဆံချင်း လဲလှယ်ပြီးနောက် ၂ မိနစ်ခန့် ကြာမှ ကိုမြဖေ အိမ်တွင်းခန်းက ထွက်လာပြီးလျှင် " မတွေ့ပါဘူးဗျာ၊ ဘယ်ချောင်ကြားမှာ ကပ်နေသလဲ မသိဘူး" ဟု ပြောပြောဆိုဆို ထိုင်ရင်း ကျည်ဆံ သုံးလေးဆံ ကို ဆက်လက်ရွေးချယ်ပြီးနောက် ကျည်ဆံ သားရေအိတ် ပြည့်ပြီဖြစ်သဖြင့် ကျေနပ်သွားကာ သားရေအိတ် ကိုပုတ်ရင်း "ဒီတစ်အိတ်ဆိုရင်တော့ ၀က် နှစ်ကောင်စလုံး ရလောက်ပါရဲ့ ထင်ပါ့ ...၊ ကိုင်း ... ဘယ်နှယ်လဲ အပျင်းပြေ လိုက်ခဲ့ပါလားဗျာ၊ နက်ဖြန် ကျရင် သွားကြရအောင်" ဟု ပြောပြောဆိုဆို သေနတ် သေတ္တာတွင် ပြန်ထည့်၏။

ဤတွင် ကျွန်ုပ်တွင် "ဖြစ်မယ်မထင်ပါဘူးဗျာ၊ အိမ်မှာ အလုပ်တွေကလည်းများ၊ ပြီးတော့ ခင်ဗျားတို့ မင်္ဂလာ ဆောင် ကိစ္စကလည်း ရက်ဝေးသေးပေမဲ့ စီစဉ်စရာလေးတွေ စပြုပြီး စီစဉ်ပေးရဦးမှာနဲ့ အိမ်ကနေပြီး ပါးစပ် ပြင်ထား ပါမဗျာ၊ တောဝက်သားဆူဆူ ကို သွားဖုံးမြုပ်အောင်ကိုက်ဖို့ ဟုတ်လား "ဟု ရယ်စရာ တစ်လုံး ညှပ်၍ ပြောရ၏။ အမှီနှင့် မင်္ဂလာဆောင်ရမည့်ကိစ္စကို ထည့်၍ အလိုလိုက် အကြိုက်ပေးကာ ပြောခြင်း အားဖြင့် ကိုမြဖေမှာ အတော်ကြီး ရွှေဘောတော်ကျသွားကာ  စိတ်ချကိုကံကောင်း ခင်ဗျားဖို့ စပါယ်ရှယ် ၀က်သား တစ်တွဲ နဲ့ အူစုံသည်းစုံကို ယူခဲ့မယ်" ဟု ကျေကျေနပ်နပ် ဆိုပေသည်။

ခမျာမှာ ကျေကျေနပ်နပ် အာမ၀န်တာခံ၍ သွားပေသည်။ နောက်နှစ်ရက်ခန့်ကြာသောအခါ၌ ကျွန်ုပ်အဖို့ စပါယ်ရှယ် ၀က်သားတစ်တွဲ နှင့် အူစုံသည်းစုံကား ရောက်မလာပေ။ ရောက်မည့်ရောက်လာသည်ကား ကိုမြဖေ ၏ အလောင်းသာဖြစ်၏။ ၀က်ပစ်ရာတွင် ၀က်အငယ်ကို ရပြီးနောက် ၀က်အကြီးကို သဲသဲမဲမဲ လိုက်ရာတွင် ၀က်နှင့်ရင်ဆိုင်တွေ့သည်၌ ပြောင်းနှင့်တော်သော ကျည်ဆံကုန်ကာ ကျွန်ုပ်လဲ၍ ပေးလိုက် ရသော ကျည်ဆံများအလှည့်သို့ ရောက်သည်နှင့် ကြုံသဖြင့် တောဝက်များ အမဲမဖြစ်ဘဲ ကိုမြဖေသာလျှင် အမဲဖြစ် ၍ အသက်မပါ၊ အလောင်းသာလျှင် မြို့သို့ ရောက်လာတော့၏။ သူ့အလောင်းကို မြင်ရမှပင် ကျွန်ုပ် မှာ ပါး စပ်က စုတ်တသပ်သပ်နျင့် " ဖြစ်ရလေ ကိုမြဖေရယ် ... " ဟု ဆိုကာ လူမြင်ကောင်းအောင် မျက်ရည် တွေ ဘာတွေ ၀ိုင်းပြလိုက်သော်လည်း စိတ်ထဲ၌ မူကား ကြွပေတော့ ဆရာရေ ... အမှီကို ကျွန်တော် စောင့်ရှောက်ထားလိုက်ပါ့မယ် စိတ်သာချကိုယ့်လူ " ဟူ၍ ပြုံးဖြီးဖြီး လူမသိ သူမသိ ဆိုမိလေတော့သည်။

ကိုမြဖေ ဤသို့ တောဝက်ပ က်သဖြင့် ကိစ္စတုံးရသည်ဟူသောသတင်း ပြန့်ပွားသွားသည်၌ တစ်မြို့လုံးပင် စုတ် တသပ်သပ် ဖြစ်ကြရ၏။ ကိုမြဖေကား လူကြီးပိုင်း လူငယ်ပိုင်း နှစ်ဌာနစလုံးတွင် ၀င်ဆန့်သူဖြစ်သည့် အတိုင်း သူ၏ မသာ၌ အသင်းအဖွဲ့ပေါင်းများစွာတို့က လိုက်၍ပို့ကြရာ အလွန်တရာပင် စည်ကားလှပေ သည်။ ကျွန်ုပ်လည်း တပြုံးပြုံးနေသော အသည်းနှလုံးတို့ကို ပူပုံပန်းရုပ်ဖြင့် အရေခြုံကာ မသာရထားစွန်း ကို လက်တင်၍ သုသာန်အထိ ခေါင်းငိုက်စိုက်နှင့် လိုက်ပို့လိုက်ပါသေး၏။

ကျွန်ုပ်၏ဘ၀ အဓိဋ္ဌာန်ကြီးအတွက် လက်စားချေရေးတွင် ဈေးဦးပေါက်ပုံကား ဟန်ကျလှပေသည်။ မည်သူ မျှ ကျွန်ုပ် ၏ စနက်ဖြစ်ကြောင်းကို မရိပ်မိကြပေ။ ကိုမြဖေသည် ကြာသပတေးသားဖြစ်၏။
လူသားစားဖူးသော ကျားသည် ကျွဲနွားကို မကိုက်ချင်ဘဲ ရွာထဲသို့ဝင်၍သာ လူတွေ့ရာကို ဆွဲချင်သော ဓမ္မ တာ ကဲ့သို့ ကျွန်ုပ်မှာလည်း ကျည်ဆံနှစ်မျိုး ကို တစ်မျိုးနှင့်တစ်မျိုး တစ်ပေခန့်ကွာသော နေရာချင်း လဲလှယ် ထားလိုက်ကာမျှဖြင့် အကြီးဆုံးသော ရန်သူတော်ကြီးမှာ ကျောက်တောင် ကို ဒိုင်းနမိုင်းနှင့် ခွဲသလို ၀ုန်းခနဲ ပြို၍ ကျသွားရသည်ကို တွေ့ရသောကြောင့် ကျွန်ုပ်သည် လက်စားချေရေးအတွက် စိတ်အရှိန် ကြွ၍လာကာ နောက်တစ်ခါ ဆက်၍ မည်သူ့ကို လက်စားချေရပါမည်နည်းဟု ကြံဆရပြန်၏။ ယခု လက်စားချေရတော့ မည်မှာကား ကိုမြဖေကဲ့သို့ သွေးဝေးသူများ မဟုတ်ကြတော့၊ ကျွန်ုပ်နှင့် သွေးအနီးဆုံး လူများသာ ကျန်ပေ တော့ရာ သွေးနီးသည့်အထဲမှ မည်သူ့ကို လွယ်ကူစွာ အသက်ကို ဖျက်ချွေနိုင် ပါမည်နည်းဟု တစေ့ တစောင်းကြည့်ရင်းက သွေးစဉ်မျိုးဆက် တည်နေပုံကို ဇယားချ၍ ကြည့် မိ၏။ ဤဇယားကို ရေးခဲ့ပြီးသော ကျွန်ုပ်၏ အဖြစ်စဉ်သမိုင်း ရှေ့ပိုင်း၌ ဖော်ပြခြင်း မပြုခဲ့သည်မှာ ဆွေမျိုးတွေ ဆက်သွယ်နေပုံများသဖြင့် နာမည်များ ရှုပ်ထွေးကုန်မည်စိုးသောကြောင့် မဖော်ပြခဲ့ပေ။ ယခု မှပင် ဖော်ပြရပေတော့မည်။

ဇယား(၁)
အဘိုး ဦးနကီ (၁၈၆၀-၁၉၃၃)

        ဦးသြဘာ                                       ဒေါ်စောလှ                          ဦးဒေါန
      (၁၈၈၅-ခု မွေးသည်)                      (၁၈၉၀-၁၉၁၆)               (၁၈၈၇ ခုနှစ် ဖွားသည်)

ဤဇယားအတိုင်း ကျွန်ုပ်၏ အဘိုး ဦးနကီမှ သားသမီးသုံးယောက် ထွန်းကားရာတွင် ယခုအခါ၌ ဦးသြဘာ မှာ မန္တလေးတွင် ကျောင်းထိုင်ဆရာတော်ကြီးဖြစ်၏။ ကျွန်ုပ်၏ မိခင် ဒေါ်စောလှကား ရေတိမ်နစ်ကာ ကွယ် လွန်ခဲ့ပြီ။ ဒုတိယသားဖြစ်သော ဦးဒေါနသည် အဘိုး၏စည်းစိမ်ကြီးကို ယခု ဦးစီးနေ၏။ ဦးဒေါန၏ ဇယား ကား အတော်ရှုပ်၏။ အဘယ်ကြောင့်ဆိုသော် ဦးဒေါန ပထမအိမ်ထောင်နှင့် သားသမီးရပုံကို ဖော်ပြရပါ သော်...၊

ဇယား(၂)
ဦးဒေါန + (ပထမဇနီး)

        မကျော့ရင်                                       မောင်ညိမ်းအောင်
       (၁၉၀၇-ခုနှစ် ဖွားသည်)                    (၁၉၁၈-ခုနှစ် ဖွားသည်)

မောင်သီဟ (၁၉၂၉-ခုနှစ်ဖွားသည်)
အထက်ပါဇယားကို ကြည့်ပါက မကျော့ရင်နှင့် မောင်ညိမ်းအောင်တို့သည် ဦးဒေါန၏ ပထမဇနီးမှ ဖွားမြင်သည်ကို တွေ့ရမည်ဖြစ်၏။ မကျော့ရင်၏ အကြောင်းကို ကျွန်ုပ် ရှေ့ပိုင်း၌ ဖော်ပြခဲ့ခြင်းမရှိ။ အဘိုး ဦးနကီ ၏ အိမ်သို့ ပထမအကြိမ် ကျွန်ုပ် ရောက်ခဲ့စဉ်က မကျော့ရင်မှာ အပျိုဘ၀ဖြင့်ပင် ရှိလေသေးသည်။ ထို့နောက် မကျော့ရင် သည် ၁၉၂၇-ခုနှစ်၌ မိုင်းသူဌေးတစ်ဦးနှင့် အိမ်ထောင်ပြုရာ စိတ်သဘောချင်း မတိုက် ဆိုင်ဘဲ ကလေးတစ်ယောက်ရကာမှ ကွာရှင်းလာခဲ့၏။

ထိုကလေးအမည်မှာ မောင်သီဟဖြစ်၏။ ယခုအချိန် ၁၉၄၇ -ခုနှစ်၌ မောင်သီဟမှာ အသက်၁၈နှစ် အရွယ်ဖြစ်လျက် ဂျပန် တော်လှန်ရေးတွင် ပါဝင်ရာက စစ်အပြီးတွင် ပြည်သူ့ရဲဘော် ဗိုလ်ကလေး တစ်ယောက် ဖြစ်နေပေသည်။ ဒေါ်ကျော့ရင်နှင့် မောင်သီဟ တို့ မှာ ကျွန်ုပ်နှင့် မည်သို့မျှ ထူးထူးထွေထွေ ပတ်သက်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် ယခုမှပင် ဖော်ပြရပေသည်။ ဖော်ပြရသည့် အကြောင်းမှာကား ဒေါ်ကျော့ရင် နှင့် မောင်သီဟတို့သည် ဦးဒေါန၏ အမွေကို ခံထိုက်သော သမီးရင်းနှင့် မြေးရင်းတို့ ဖြစ်ကြသော ကြောင့် ယခုလက်စားချေရေးလမ်းစဉ်ကို တွင်တွင်ကြီး လိုက်သော အခါတွင်မှ သူတို့၏အကြောင်း ဆိုင်လာ၍ ဖော်ပြရပေတော့သည်။

ဦးဒေါန ၏ ပထမဇနီးသည် ၁၉၁၂ ခုနှစ်၌ ဆုံး၏။ ဦးဒေါနသည် ၂-နှစ်ခန့် မုဆိုးဖိုဘ၀ဖြင့် နေပြီးနောက် ၁၉၁၄-ခုနှစ် သို့ ရောက်သောအခါမှ နောက်ထပ်၍ အိမ်ထောင်ပြု၏။ ထို ဒုတိယဇနီးမှ ကျွန်ုပ် ၏ ချစ်သည်း ချာ အမှီ ကို ၁၉၁၆ ခုနှစ်တွင် ဖွားပြီးလျှင် ၁၉၁၉ ခုနှစ်၌ အမှီ၏မိခင် အနိစ္စရောက်၏။ ဦးဒေါနလည်း ဒုတယမ္ပိ မုဆိုးဖို ဖြစ်ရပြန်၏။ ဤအကြိမ်တွင်ကား ဦးဒေါနသည် နောက်ထပ်၍ အိမ်ထောင်မပြုတော့ဘဲ ပထမဇနီး မှ ဖွားမြင်သော မကျော့ရင်၊ မောင်ညိမ်းအောင်တို့ နှစ်ယောက်နှင့် ဒုတိယဇနီးမှ ဖွားမြင်သော အမှီ တို့ကို ထိန်း သိမ်းကာ ဖခင်ဦးနကီ၏ အလုပ်ကို ဦးစီးရင်း နေထိုင်ခဲ့သည်မှာ ယခုအထိ ဖြစ်၏။

သို့ဖြစ်လေရာ သင်းတို့တစ်မျိုးလုံး၏ ဆွေစဉ်မျိုးဆက်ကို ကြည့်လိုက်သောအခါ၌ အဘိုး ဦးနကီ၏ စည်းစိမ် ကြီးကို ကျွန်ုပ် ခံစားရဖို့အရေးတွင် ကျွန်ုပ် သုတ်သင်ပစ်ရမည့်သူများမှာ (၁) ဦးနကီ၏သားရင်း ဆရာတော် ဦးသြဘာ၊ (၂) ဦးနကီ ၏သားရင်း ဦးဒေါန၊ (၃) ဦးနကီ၏မြေးအရင်း မကျော့ရင် (ဦးဒေါနသမီး)၊ (၄) ဦးနကီ ၏မြေးအရင်း မောင်ညိမ်းအောင် (ဦးဒေါန၏သား)၊ (၅) ဦးနကီ၏ မြစ်အရင်း မောင်သီဟ (ဒေးကျော့ရင်၏ သား)စသည့်ဖြင့် ငါးယောက်တိတိ ရှိ၍နေပေသည်။ ထိုသို့ ငါးယောက်တိတိ ရှိရာတွင် ဦးဒေါနကို စတင်၍ သုတ်သင်လိုက်ပါက ပစ္စည်းထုထည်ကြီးမှာ ဒေါ်ကျော့ရင်၊ မောင်ညိမ်းအောင်နှင့် အမှီတို့ သုံးယောက်သို့ သုံးစုကွဲသွားပေမည်။

ကျွန်ုပ်၏ လက်စားချေစာရင်းတွင် မထည့်သွင်းရက်သော အမှီကို ကျွန်ုပ် လက်ဆက် ရစေကာမူ ဆယ်သိန်းတန်အမွေ၏ သုံးပုံတစ်ပုံကိုသာ ရပေမည်။ ထို့ကြောင့် ဦးဒေါနကို ချက်ခြင်းသတ်၍ မဖြစ်သေး၊ ကျွန်ုပ် ၏ ရန်သူတော်ကြီးဖြစ်သော မောင်ညိမ်းအောင်ကို သတ်လိုက်ပါကလည်း ပစ္စည်းထုမှာ အမှီနှင့် ဒေါ်ကျော့ရင် တို့ခွဲ၍ ယူကြရမည်ဖြစ်ရာ ကျွန်ုပ်မှာ ငါးသိန်းသာ ရပေမည်။ ကျွန်ုပ် မကျေနပ်သေး။ တစ်ဖန် ဒေါ်ကျော့ရင် ၌ သားဖြစ်သူ ပြည်သူ့ရဲဘော် ဗိုလ်ကလေး မောင်သီဟ ကလည်း မြေးစုတစ်စုဝင်၍ ခွဲ ပေဦးမည်။ ထို့ကြောင့် မောင်ညိမ်းအောင် ကို သတ်ရမည်မှာလည်း ဟန်မကျသေး။

သို့ဖြစ်လေရာ ကျွန်ုပ်မှာ ဆရာတော် ဦးသြဘာ ကို သုတ်သင်ရန် ရွေးချယ်လိုက်၏။ ဦးသြဘာမရှိလျှင်  ပစ္စည်းစုအားလုံးသည် ဦးဒေါနတစ်ဦးတည်း ခံစားခွင့်ရှိမည်။ ဦးဒေါန၏ မြေးမောင်သီဟနှင့် သမီး မကျော့ ရင်တို့ကို တစ်ယောက်စီ ဖြုတ်လိုက်ပါက မောင်ညိမ်းအောင်နှင့် အမှီတို့သာ ကျန်မည်။ ထို့နောက် မောင် ညိမ်းအောင် ကို ဖြုတ်လိုက်ပါသော် ဦးဒေါနနှင့် တစ်ဦးတည်းသောသမီး အမှီသာလျှင်ကျန်မည်။ ထိုအခါမှာ မှလက်ဦးဆုံး အမှီကို မရရအောင်ယူ။

ယူပြီးလျှင် ဦးဒေါနကို သုတ်သင်ရမည်ဖြစ်၏။ ဦးဒေါနမရှိလျှင် ပစ္စည်း ထုထည်ကြီးသည် အမှီ တစ်ယောက် သာ ဆက်ခံခွင့် ရှိပေတော့မည်။ ထိုအချိန် ကျွန်ုပ်မှာ အမှီ၏ ခင်ပွန်း ယောက်ျားဘ၀သို့ ရောက်နေတော့ မည်ဖြစ်လေရာ ကျွန်ုပ်ငယ်မည် (ငကောင်း)သည် တသန်းကြွယ်သည့် သူဌေးကြီး ဦးကံကောင်း မဖြစ်လာပါသလော။
အထက်ပါ အတိုင်း ဇယားချထားပြီးသည့်နောက်တွင် ကျွန်ုပ်သည် ကျွန်ုပ်၏ ဦးလေးကြီးဖြစ်သော ဆရာတော် ဦးသြဘာကို သုတ်သင်ရန် စိတ်ကူး၏။ ဦးသြဘာက ဝေးလှစွာသော မန္တလေးတွင် ကျောင်း ထိုင် နေပေရာ ခရီးကွာလွန်းလှသဖြင့် လောလောဆယ်ဆယ် ကြံစည်ဖို့က ခက်နေ၏။ ထို့ကြောင့် ကျွန်ုပ်၏ မြားဦး မှာ ဦးသြဘာ၏ ဘက်မှနေ၍ အလွယ်ဆုံး အနီးဆုံးကို ရှာဖွေကာ ချိန်ရွယ်လိုက်သောအခါတွင် မြားဦး သည် ဒေါ်ကျော့ရင် ၏ ဘက်သို့ တည့်တည့်မတ်မတ်ကြီး ဦးတည်၍ နေပေသည်။

ဒေါ်ကျော့ရင်ကား ငွေကြေး မတောင့်မတ မကြောင့်မကြချမ်းသာသော မုဆိုးမပီပီ သားဖြစ်သူ မောင်သီဟ ကလည်း ပြည်သူ့ရဲဘော်တပ်ထဲ၌ ဗိုလ်သီဟအမည်ခံလျက် ကာကီစိမ်းဝတ်ကာ အဝေးအရပ်၌ နေလေ သောကြောင့် သားအတွက် နေ့ဆက်ရက်ဆက် ပန်းသက်စေ့လှူခြင်း၊ ဆွမ်းသက်စေ့ကပ်ခြင်း၊ ဂုဏ်တော် တစ်ထောင် ပုတီးစိပ်ခြင်း၊ မေတ္တာပို့ခြင်းတို့ကို ပြု၍ ငြိမ်းချမ်းစွာနေထိုင်သူဖြစ်ပေသည်။ ဖခင် ဦးဒေါန၊ မောင်ဖြစ်သူ မောင်ညိမ်းအောင်နှင့် မောင်ဝမ်းကွဲ ကျွန်ုပ်တို့ စားရေး သောက်ရေးနှင့် အိမ်ထောင်ဖက်ကို တစ်ဖက်တစ်လမ်းထိန်းကာ အမှီကိုလည်း မအေကွဲညီမဖြစ်သော်လည်း တစ်အူတုံးဆင်းညီမရင်းပမာ စောင့်ရှောက် နေသူလည်း ဖြစ်ပေတော့သည်။ ပစ္စည်းနှင့် လုပ်ငန်းများကိုလည်း ၀င်၍မစွက်၊ ဘာသိ ဘာသာ အေးဆေးစွာနေလျက် တရားဘာဝနာကိုသာ ကြိုးကုတ်သူဖြစ်လေရာ ဒေါ်ကျော့ရင်ကို ကျွန်ုပ် သုတ်သင်ရ မည့်အရေးမှာကား ကိုမြဖေကဲ့သို့ သုတ်သင်လောက်သောအကြောင်း မခိုင်လုံလှသဖြင့် လက်နှေး ၍ နေမိ ပေသည်။ သို့နှင့် ၁၉၄၇ ခုနှစ်သို့ ကူးခဲ့၏။

ကျွန်ုပ် ဤသို့ လက်နှေးနေသည်ကို အမြင်ကပ်လေရော့သလားမသိရ။ ကိုရွှေကံကြမ္မာသည် တစ်ထောင့် က ပေါ်လာကာ ကျွန်ုပ်၏ နံစောင်းကို တုတ်နှင့်ထိုးသလို နိုးဆွလိုက်ပြန်၏။ နှိုးဆွပုံကား -
အသက် ၃၇ နှစ်ထိအောင် လူပျိုကြီးဘ၀ဖြင့် နေခဲ့သော မောင်ညိမ်းအောင်သည် အရေးပိုင်တစ်ဦး၏ သမီး အပျိုကြီးနှင့် လက်ထပ်လိုက်ခြင်းပင် ဖြစ်လေတော့သည်။ မောင်ညိမ်းအောင် ဤကဲ့သို့ လက်ထပ်လိုက် သည် နှင့် တစ်ပြိုင်နက် ကျွန်ုပ်တွင် အပူကြီးနှစ်မျိုး ပေါ်ပေါက်လာ၏။

ပထမအပူမှာကား မောင်ညိမ်းအောင် လက်ထပ်ပြီးလျှင် ကြီးစဉ်ငယ်လိုက်အားဖြင့် အမှီကို တစ်နည်း မဟုတ် တစ်နည်း အိမ်ထောင်ချပေးဖို့ ဖြစ်လာ မည်စိုးခြင်းဖြစ်၏။ ဒုတိယအပူမှာကား မောင်ညိမ်းအောင်တို့ အိမ်ထောင်မှ တစ်နှစ်လျှင် တစ်သားကျ၍ ကလေးတွေ တပြွတ်ပြွတ် မွေးပ်လျင် ကျွန်ုပ်အဖို့၌ ဦးနကီ၏ အမွေခံ မည့် ကျွန်ုပ်နှင့် ပြိုင်ဘက် မြေး မြစ် တီ ကျွတ်ကလေးတွေကို ပုဂံပြည်ကို ဖျက်သည့် ဘူးပင်လို သတ်၍ပဲ မကုန်နိုင်အောင် ဖြစ်လာမည့်အရေးကို စိုးရိမ်ခြင်းဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်မှာ လက်စားချေ လမ်းစဉ်ကို အလျင်အမြန်လိုက်ရန် စိုင်းပြင်းရပြန်ပေ တော့သည်။

ကိုမြဖေအား သူဝါသနာကြီးသော သေနတ်တွင် ပယောစွက်ခြင်းအားဖြင့် ၀က်ပက်ခံရကာ ကိစ္စတုံးစေခဲ့ သည့် နည်းတူ ကျွန်ုပ်သည် ဒေါ်ကျော့ရင်၏ ၀ါသနာကို စူးစမ်းရပြန်၏။ စူးစမ်းဖို့ကား စင်စစ်၌ အထူး မလိုပေ။ အဘယ့်ကြောင့် ဆိုသော် ဘာသာတရားကို ကိုင်းရှိုင်းသော မုဆိုးမကြီးများ၏ ဥာဉ်မှာ ဘုရား တရား သံဃာ ကိုသာမက ဘိုးဘိုးအောင် မင်းကလေး ၀ိဇ္ဇာရှစ်သောင်း စသည်တို့ကိုပါ ရောထွေး၍ ကိုးကွယ်လာတတ်ပေ ရာ ဒေါ်ကျော့ရင်မှာ သမ္ဗုဒ္ဓေဂါထာကို အကြိမ်တစ်ထောင် ရွတ်ဖတ်သရဇ္ဈယ်သည့် အကြောင်း ကပင် သူရဲ မပူးနိုင်သော လက်ဖွဲ့၊ ဘေးရန်ကင်းလက်ဖွဲ့တို့ကို ဆောင်လျက် နတ်ကြီး ငါးပါးဆေး၊ မြွေဆေး၊ ဘုရားငါးဆူ ဆေးတော်ကြီး စသော ဆေးများကိုလည်း လည်ကုတ်၊ ငယ်ထိပ်၊ လက်ကောက်ဝတ်၊ ခြေဆစ် လက်ဆစ်တို့ ၌ပိုက်ဆံကုန်ခံကာ ထိုးနှံနေသူဖြစ်ပေသည်။ ဒေါ်ကျော့ရင်၏ ဤ၀ါသနာစွဲကို သိပြီးဖြစ်သော ကျွန်ုပ်မှာ ဒေါ်ကျော့ရင်ကို သေရွာသို့ပို့ရန် အလွန် လွယ်၍နေပေ၏။ အခွင့်အလမ်း ပေါ်ဖို့သာလျှင် လိုပေတော့သည်။
အခွင့်အလမ်း ဆိုသည်မှာ ဖမ်းယူတတ်သူတို့အဖို့၌ အတော်ပင် လျင်မြန်စွာ ပေါ်ပေါက်လာပေရာ ကျွန်ုပ် လည်း တစ်လမျှ စောင့်လိုက်ရုံမျှနှင့် အခွင့်အလမ်းကို တွေ့ရပေတော့သည်။

ထိုအခွင့်အလမ်း မှာကား နတ် စက်ရောင်ဂိုဏ်းမှ ဆရာတစ်ဦး ကျွန်ုပ်တို့မြို့သို့ ရောက်ရှိလာခြင်း ဖြစ်ပေ၏။ ထိုဆရာမှာ ကာယသိဒ္ဓိပြီးစီး သည်ဟု ကျော်ကြားလျက် ရန်သူကြံလျှင် ချက်ခြင်းသိသော ဆေးဝါးများကို ထိုးနှံပေးနေလေရာ ၀ါသနာအိုး ဒေါ်ကျော့ရင်သည် တစ်နေ့၌ ထိုနတ်စက်ရောင်ဆရာကို အိမ်ပေါ်သို့ ပင့်ဆောင် လာသည်အထိ ဖြစ်ခဲ့ပေ သည်။

နတ်စက်ရောင်ဆရာကား လက်ဖွဲ့များ ဆေးတောင့်များကို သိမ်ဝင်သပိတ်ကွဲ အင်းပေါ်၌သွေးကာ ဆေး၏ တန်ခိုး အမျိုးမျိုးကို လင်္ကာပတ်တမ်နှင့် ပြောဆိုလျက် ဆေးတစ်ခါထိုးလျှင် ငါးကျပ်ယူကာ စီးပွားရေးလမ်း ဖြောင့် နေသူဖြစ်၏။ ထိုဆရာသည် ဆရာလိမ်ဖြစ်မှန်းကို ကျွန်ုပ် အတတ်သိသော်လည်း ကျွန်ုပ်၏ လက်စား ချေရေး လမ်းစဉ်ကြီးတွင် ထိုဆရာကို လက်နက်အဖြစ်ဖြင့် အသုံးချရန် ရည်ရွယ်ထားသည့်အတိုင်း နတ်စက် ရောင်ဆရာ၏ ဆေးများကို တစ်ခါထိုးလျှင် ငွေတစ်ဆယ်ပေးကာ ငွေငါးဆယ်ဖိုးလောက် ကျွန်ုပ် ကိုယ်တိုင် အနာခံ၍ ထိုး၏။ ပိုက်ဆံရမှန်းသိလေလေ ထိုဆရာမျိုးမှာ ဟိုဆေးပြီးလျှင် ဒီဆေးကို အထိုးခိုင်း လေလေဖြစ်ရာ ကျွန်ုပ်နှင့် ဒေါ်ကျော့ရင်တို့မှာလည်း ဆရာနှင့် အလွမ်းသင့်ကြလျက် ဆေးတွင်တွင်ထိုး၍နေ ကြသောဘ၀သို့ ရောက်ခဲ့ကြ၏။

ကျွန်ုပ် လှိမ့်နေမှန်းကို မသိသော နတ်စက်ရောင် ဆရာသည် သူလှိမ့်တိုင်း လိမ့်လေပြီဟူသော အထင်ဖြင့် ကျွန်ုပ်အတွက် စပါယ်ရှယ် ဆေးတစ်မျိုးကို ထိုးဖို့ တိုက်တွန်းပြန်၏။ " ဒီဆေးက ကျုပ်တစ်ယောက်ပဲရှိတာ ဦးကံကောင်းရဲ့၊ ဆေးက ပါးပါးရှားရှား ခဲခဲယဉ်းယဉ်းနဲ့၊ ဟို ပုပ္ပါးတောင်ကလပ်မှာ သက်သတ်လွတ် ၉ နှစ် စလုံးစားပြီး ၉ ပါးသီလ စောင့်ခဲ့လို့ အထက်ဆရာကြီးများက ပေးတဲ့ဆေး၊ ဒီဆေးတန်ခိုးကတော့ အထူး ပြောဖို့ မလိုပါဘူးလေ၊ နောင်တော့ သိပါလိမ့်မယ်" ဟု ခပ်အုပ်အုပ် ဟန်လုပ်၍ပြော၏။ ဤသို့ ခပ် အုပ်အုပ်ဟန်လုပ်၍ ပြောနည်းမျိုးဖြင့် ကျွန်ုပ် ကိုယ်တိုင်ပင် လိုရာကို ရခဲ့ပြီးပေါင်း များလှပြီဖြစ်ရာ လူလိမ် မှန်းသိလျက်နှင့် ကျွန်ုပ်က လေသံဖြင့် " ဟုတ်လား ... ဆရာ ဒါဖြင့် ကျွန်တော့်ကို မ စပါဦး ဆရာရယ်၊ ဘယ်လောက် ပဲ ကုန်ရကုန်ရ" ဟု အင်မတ် အင်မတန် လိုချင်ဟန် တိုးတိုးလျှိုးလျှိုး ပြောလိုက်၏။

ထိုအခါ ဆရာမောင်က " အေး တစ်စက်ကို ပြည်တစ်ဝက်တန်တယ်လို့ အဆိုရှိတာကပဲ ဦးကံကောင်းရဲ့၊ အဖိုးဖြတ် လို့တော့ မရနိုင်ဘူး။ နို့သော် ဦးကံကောင်းအတွက်ဆိုရင် ပွဲသုံးပွဲနဲ့ ငွေ ၅၀ ပဲ ကန်တော့ပါလေ" ဟု ဈေး ပြောလေသည်။ ဆေးဆရာယောင်တို့၏ ပွဲသုံးပွဲဆိုသည်မှာ နတ်ပွဲသုံးပွဲဖြစ်၍ ငှက်ပျောသီးအပြင် ငွေ ၅ ကျပ်လည်း တည့်ရသေးသောပွဲဖြစ်ပေသည်။ ကျွန်ုပ်၏ ရင်ထဲ၌ကား " ကြိတ်သာကြိတ်ဆရာ၊ ခင်ဗျားကျုပ် လိုရာ စခန်းကိုသာ ရောက်အောင် ပို့ပေတော့" ဟု ရယ်မိရင်း ပါးစပ်ကမူ "ဟာ ... ကိစ္စမရှိပါဘူးဆရာ ဘယ် တော့ထိုးရမလဲ" ဟု မေးလိုက်၏။ ဆရာယောင်လည်း ပါးစပ်က ပေါက်ကရ တွေကို ဗေဒင်တွက်ဟန်ဖြင့် ရွက်ကာ ပါးစပ်က ပေါက်ကရတွေကို ဗေဒင်တွက်ဟန်ဖြင့် ရွတ်ကာ " ဟာ ... နက်ဖြန် လပြည့်နေ့ မဟုတ်လား၊ စနေလည်းစနေ၊ တကယ့်ရက်ကောင်းပဲ ... နက်ဖြန်ပဲ ထိုးပေတော့ " ဟု ပိုက်ဆံ မြန်မြန်ရ အောင် ဆွယ်လေသည်။ ကျွန်ုပ်ကလည်း အားတက်သရောကြီးပင် ဟန်လုပ်၍ " ဟာ နေရာကျတာပဲ ဆရာ ... အဲ ... နို့ နေပါဦးဆရာ ဒီပွဲသုံးပွဲပေးရင် လူဘယ်နှစ်ယောက်ဆေးထိုးနိုင်သလဲ" ဟု စကားစ ဖော် ပေးလိုက်၏။

ထိုအခါ ချက်ကောင်း ကို စောင့်နေသော ဆရာနတ်စက်ရောင်က " ပွဲတစ်ခါပေးရင် ဘယ်နှစ် ယောက် ထိုးထိုး ဆေးစွမ်းပြတာပဲ။ ကိုင်း ဒီက သိမ်အစ်မကြီး ကော ကြုံတုန်းကြုံခါမှာ ထိုးလိုက်ပါလား" ဟု ဒေါ်ကျော့ရင် ကို ဆွယ်၏။ မိန်းမသားစိတ်ဓာတ် ငွေတစ်ရာကုန်ရမည်ကို နှမြောသော်လည်း သူများနှင့်ပူး၍ ငွေ ၉၉ ကျပ်ကုန်ရမည်ဆိုလျှင် နှမြောတတ်သူများ မဟုတ်ရာ နတ်ပွဲသုံးပွဲအတွက် ငွေ ၁၅ ကျပ် သက်သာ မည်ကိသာ တွေး၍ ငွေ ၅၀ိ ကုန်ရမည်ကို မနှမြောပဲ ရှောရှောရှူရှူ သဘောတူ လိုက်ပေသည်။

နောက်တစ်နေ့တွင် ဆေးထိုးကြ၏။ ဆေးထိုးပြီးလျှင် ဆေးကို သိဒ္ဓိတင်သောအားဖြင့် သိမ်ဝင်သပိတ်ကွဲ ကလေးကို လက်အုပ်ချီကန်တော့ကာ ငါးမိနစ်ခန့် အာရုံပြုရပေသည်။ ကျွန်ုပ်က ပထမထိုး၏။ ကျွန်ုပ် ဆေး ထိုးအပြီး၌ ဆေးသွေးထားသော သိမ်ဝင်သပိတ်ကွဲကလေး၌ ဆေးစဆေးန ကျန်သည်ကို နတ်စက်ရောင် ဆရာ မျက်နှာလွဲ၍ ဒေါ်ကျော့ရင်အား စကားဖောင်လောက်အောင် ဆေးစွမ်းကို ညွှန်နေစဉ် ကျွန်ုပ်သည် ဆေးကျောက်ပြင် သပိတ်ကွဲကလေးမှ ဆေးနှစ်များအတွင်းသို့ လက်၌၀ှက်ယူခဲ့သော ကျွန်ုပ်၏ ကိုယ်ပိုင် ဆေးမှုန့်များကို ဖြူးလိုက်၏။ ကျွန်ုပ် ဆေးထိုးပြီးသောအခါ ဒေါ်ကျော့ရင် ဆေးဆက်၍ထိုးရပေမည်။

ထို့ နောက် ဟန်မပျက် လက်အုပ်ချီကာ နေလိုက်ရပေသည်။ ကျွန်ုပ် လျှို့ဝှက်၍ ယူလာခဲ့သော ဆေးမှုန့်မှာကား ကျွန်ုပ် မော်လမြိုင်တွင် ဂျပန်ဗိုလ် ကီမူရာနှင့် အမှုထမ်းစဉ်က ရခဲ့သော ဆေးလုံး ကလေး တစ်လုံး ကို အမှုန့် ကြိတ်ထားခြင်းဖြစ်၏။ ထိုဆေးလုံးကို ကျွန်ုပ်အား ကီမူရာက " အဲဒီ ဆေးလုံး ကလေးကိုတော့ အမြဲ ဆောင်ထားပေတော့ ကိုကံကောင်း ...၊ မတော်တဆများ ရန်သူရဲ့လက်ထဲကို ရောက်သွားရင် ဒီဆေးလုံး ကလေးကိုသာ မျိုလိုက်၊ တစ်မိနစ်ပဲခံတယ်။ ကိစ္စချောတာပဲ၊ ဟာရာကီရီထက်မြန်လို့ ကျွန်တော်တို့လဲ အမြဲ ဆောင်ထားရတယ်" ဟု ဆိုကာ ပေးခဲ့သော ဆေးလုံး ပင်ဖြစ်၏။

နောက်တစ်နေ့နံနက်တွင် ဒေါ်ကျော့ရင်ဖျား၏။ နေ့လယ်ပိုင်း၌ မျက်ဖြူလန်၏။ ညနေပိုင်းတွင် အသက် ထွက်လေတော့သည်။ ဆရာယောင်ကား ကြက်ပျောက် ငှက်ပျောက် ပျောက်တော့၏။ နောက်ဆုံး၌ ဒေါ်ကျော့ရင်သည် ပေါရိသာဒဆေးအခံရှိလျက်နှင့် နတ်စက်ရောင်ဆေးကို ထိုးမိ မှားသောကြောင့် ဆေး စောင့်နတ်ဘီလူးချင်း ရန်ဖြစ်ကာ ကိစ္စချောရသည်ဟု အရပ်ထဲ၌ ဟိုးဟိုးကျော်ကာ အသုဘကိစ္စကို ဆောင် ရွက်ကြရလေတော့သည်။ အင်း ... တစ်ယောက်ကား ချောပြန်ပေပြီ။ ဒေါ်ကျော့ရင်ကား တနင်းလာသမီး ဖြစ်၏။

ဤသို့ ကျေနပ်မိသည့်အခိုက် တစ်ထောင့်က ကိစ္စတစ်မျိုးပေါ်၍လာပြန်၏။ ဒေါ်ကျော့ရင်၏ အသုဘကို ပို့ ဆောင်မည့်အခါ၌ မောင်ညိမ်းအောင်၏ ဇနိးသည် အရေးပိုင်သမီးမှာ လိုက်ပို့မည့်ဟန်ပြင်ပြီးမှ အဒေါ်ကြီး များက " မဟုတ်တာကွယ် ... " ဟု ဆိုလျက် နားဝတွင် တီးတိုးကပ်၍ ပြောလိုက်သည်ကို တစေ့တစောင်း မြင်ရပေရာ ကျွန်ုပ်မှာ ရင်တစ်ညွန့်ကျိုးကာမှ တစ်ညွန့်ပေါ်ပြန်လေပြီ ... ဟုတွေးကာ ရယ်ချင်ငိုချင်ဖြစ်လာ ၏။ ကျွန်ုပ် ထင်သည့်အတိုင်းပင် မကြာမီပင် မောင်ညိမ်းအောင်၏ ဇနိး၌ ကြို့လှန် ပျို့အန် နားထင်ဟောက် ဆံပင်ခြောက်ဟူသော လက္ခဏာတွေ ထင်ရှားလာပေတော့သည်။ အော် ... ဖြစ်ရပေလေ ...

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>