Showing posts with label ဖိုးကျော့ ၏ သမုဒယ ဤပင်လယ်. Show all posts
Showing posts with label ဖိုးကျော့ ၏ သမုဒယ ဤပင်လယ်. Show all posts

Monday, August 29, 2011

ဖိုးကျော့ ၏ သမုဒယ ဤပင်လယ် အပိုင်း (၂၄) (ဇာတ်သိမ်း)

ချက်ချင်း သူ့အသံက နူးညံ့သွားသည်ကို မိဇံက အံ့သြသွားပုံရ၏။
"တကယ်နော် အစ်ကိုအောင်တိုင်"
သူ့အမေးက ဘယ်လိုမှ မယုံကြည်သလိုပင်။ မျက်နှာကိုလည်း စိုက်ကြည့်နေသည်။
"သွားမယ်" ဟု ဆိုပြီး သူ ပြန်လာ၏။ မေစီတို့ ခြံနားအရောက်တွင် နောက်ပြန်တစ်ချက် လှည့်ကြည့်မိ၏။ မိဇံကား သူ့ကို လှမ်းကြည့်၍ ငိုင်တွေနေတုန်း။ သူ ပြုံးပြလိုက်သည်။ မိဇံကလည်း ချက်ချင်း ပြန်ပြုံးပြ လေ၏။

"နင် တစ်မနက်လုံး ဘယ်သွားနေလဲ၊ နင့်အစ်ကိုကြီး လာသေးတယ်"
"ဘာလာလုပ်တာလဲ"
"ဟင် ..." သူ့အမေအသံ ထွက်သွား၏။ သူ့မျက်နှာကို စေ့စေ့ကြည့်နေသည်။ ၀ါးနေသော ထမင်းလုတ်ကိုပင် ပါးစပ်စေ့ ၍ ရပ်ထား၏။
"ဘာလာလုပ်ရမှာလဲ၊ ခါတိုင်းလို ပေါ်မလာတော့ နေထိုင်များ မကောင်းလားလို့ လာကြည့်တာပေါ့၊ နင် ဘယ်လို ပြောလိုက်တာလဲ။ အစ်ကိုလုပ်တဲ့သူက နင့်အပေါ် ဘယ်လောက်ချစ်တယ်ဆိုတာ နင် ခုထိ မသိသေးပါလား အောင်တိုင်ရယ်၊ ဟိုကများကြားရင် ... ဘယ်လောက် ..."
"ကျွန် ... ကျွန်တော် စိတ်လောသွားလို့ပါ အမေ၊ အစ်ကိုကြီးကို မဟုတ်ပါဘူး၊ နည်းနည်းဆို အမေက ဆူပြန်ပြီ ထင်လို့ ပြောမိတာပါ"

"အစ်ကို လုပ်တဲ့သလူက နင့်အပေါ် ဘယ်လာက်ချစ်တာ" ဟူသော အမေ့စကားက သူ့ရင်ထဲ သံချွန်နှင့် ဆောင့်ထိုးလိုက်သလို ကျင်သွားသည်။ နာရုံတင် မကတော့။ "ဟုတ်တာပေါ့ အမေရာ ညီအပေါ် ကြင်နာလွန်း လို့ ညီရည်းစား လုယူတာပေါ့ဗျ" ဟု အော်ပြောလိုက်ချင်သည်။ သူ့အကြံ အစည် အောင်မြင်ခါနီး မှ အမေသိသွားလျှင် ခက်ရချေရဲ့ဟု သူ့စိတ်သူ ပြန်ထိန်းရ၏။ မျက်လုံးထဲ တွင် မျက်ရည် တို့ ၀ဲလာသည်။
စူးစူးဝါးဝါး အကြည့်ကို အမေ ပြန်ရုပ်၏။
"ဘယ်သွားနေလဲ သားရယ်"
"ကမ်းကြီးသတ်ဘက်ကို အမေ"
သူ့မျက်နှာကို ပြန်ကြည့်သည်။

"ဘာသွားလုပ်လဲ"
"ပဲ့ချိတ်စက်ပျက်နေတာ သွားလုပ်တယ်၊ မနေ့ညနေက အစ်ကိုကြီး ပြောဖို့ မေ့သွားလို့"
"နောက်ဆို နင့်အစ်ကိုကြီး ပြောဖို့ မမေ့နဲ့၊ ဘာပဲလုပ်လုပ် ဘယ်ကိုသွားသွား အမြဲပြောသွား၊ နို့မို့ ဟိုက သိပ်စိုးရိမ်တတ်တာ၊ ညီအစ်ကိုအရင်းတောင် ဒီလောက် ခင်မှာ မဟုတ်ဘူး၊ အမေထက် တောင် သူက သား အပေါ် သံယောဇဉ်ကြီးရှာပါတယ် သားရယ်၊ သူ့ကျေးဇူးတရားနဲ့ သူ့စေတနာ မေတ္တာတွေဟာ အမေတို့ သားတို့ အပေါ် ဆပ်မကုန်လောက်အောင်ပါပဲ သားရယ်"
"အေးပါ အမေရာ၊ အစ်ကိုကြီး စေတနာ မေတ္တာတွေ ကျွန်တော်လည်း သိပါတယ်၊ သူ့ကျေးဇူးတွေ ဟာ ကျွန်တော်တို့အမေတို့မှာ ဆပ်မကုန်ပါဘူး။"
စိတ်ကို ထိန်းရသဖြင့် အသံက ပိုတုန်နေသည်။ အမေကတော့ နောင်တ နှင့် ၀မ်းနည်းမှုဟု ထင် မည်။ အမေ့ အပြောကြောင့် ရင်ထဲပိုနာကာ မျက်ရည်ပင် ကျချင်လာသည်။

"အေး ... သာဓုပါ သားရယ်၊ ကျေးဇူးတရားဆိုတာ သိတတ်ရတယ်၊ ဘုန်းကြီးက ပြောတယ် မဟုတ်လား၊ ကျေးဇူး ရှိတဲ့ လူကို ကျေးဇူးရှိတဲ့ အကြောင်း ကွယ်ရာမှာရော ရှေ့မှောက်မှာပါ ထုတ်ဖော်ပြီး ပြောတာဟာ မင်္ဂလာတစ်ပါး တဲ့၊ သစ္စာစကားတဲ့"
"ဟုတ်ကဲ့" ဟု ပြောပြီး သူထမင်းပွဲ အစသတ်လိုက်၏။ ထမင်းဝိုင်း တွင် အမေပြောသော စကား ကြောင့် ထမင်းမ၀ ဘဲ ထပြေးခဲ့ရသည့် အကြိမ်ပေါင်း သူ မမှတ်မိတော့။
"ထမင်းစားပြီးရင် မောင်ထွန်းသောင်ဆီ သွားလိုက်ပါဦးသားရယ်"
"ဟုတ်ကဲ့ အမေ"

ဘယ်လိုလုပ် ကိုထွန်းသောင် မျက်နှာကို သူသွားကြည့်ရမည်နည်း။ မေသူကို ခိုးပြေးရန်မှာ နာရီ ပိုင်းသာ လိုတော့၏။ သူ့ရင်ထဲ အတွေးတွေနှင့် ပူလောင်နေသော်လည်း ပျော်နေသည်။ နာရီကို ခဏခဏ ကြည့်သည်။ နေလုံးကိုလည်း ခဏခဏ ကြည့်သည်။ အမေကမူ ကိုထွန်းသောင်အုန်းခြံ ကို ပေါင်းမြက် ရှင်းရန် မနက်ထမင်းစားပြီးကတည်းက ထွက်သွားလေသည်။ အမေ မပြန်ခင် သူအိမ်က ထွက်ရသည်။ မေသူ နှင့် သူ လေးနာရီငါးနာရီလောက် ချိန်းထားသည်။

စိတ်စောနေသဖြင့် သုံးနာရီကပင် သူအိမ်က ထွက်လာ၏။ မတော်တဆ ကိုထွန်းသောင်နှင့် ရွာထဲ တွင် ပက်ပင်းတိုးနေကြမှာစိုး၍ ရွာအောက်က ပတ်လာ၏။ ကမ်းကြီးသတ်ဘက် ရောက်ခါနီးမှာ မေသူကို ထပ်သွား ချိန်းဦးမည်ဟု သတိရသဖြင့် ကမ်းကြီးသတ်ဘက် တစ်ခေါက်ပြန်လှည့်လာ သည်။ မေသူတို့ အိမ်နား ကို အထူးသတိထားလာ၏။ ကိုထွန်းသောင်းနှင့် မမျှော်လင့်ဘဲ ဆုံမိကြမှာ သူစိုးရိမ်နေသည်။ တစ်နေ့ လုံး တဒုန်းဒုန်း ခုန်နေခဲ့သော ရင်သည် မေသူတို့ အိမ်နားရောက်သော အခါ ပိုကျယ်လာ၏။ အရိပ်အခြည် ကို ကြည့်သည်။ မေသူတစ်ယောက်တည်းသာ ဆိုင်ရှေ့ ထိုင်၍ ရုပ်ပြဖတ်နေ၏။ အစ်ကိုကြီး ဟိုဘလက်ကမ်းက ယူလာသော စာအုပ်မှန်း သိလိုက်သည်။ သူဆိုင်ရှေ့ ရောက်သွား၏။ သူကသာ ခြေတုန် လက်တုန်ဖြစ်နေသော်လည်း မေသူကား မတုန် မလှုပ် ပကတိ။
စာအုပ် မှ အကြည့်ကို သူ့မျက်နှာသို့ ရွှေ့လာ၏။

"တို့သွားပြီနော် လာခဲ့"
"ဘယ်လိုဖြစ်နေတာလဲ၊ အစောကြီး ရှိသေးတယ်၊ လာခဲ့ပါ့မယ်ဆို"
"သေချာအောင်လို့ မေသူရယ်"
"သွား မလာဘူး"
"မလာရင် ညကျ သိမှာပေါ့၊ ရဲရင် နေကြည့်ပေါ၊ အိမ် ..."
"ဟိုမှာ ဈေးလာဝယ်တယ်"
"လာခဲ့နော် ဆက်ဆက်၊ သွားမယ်"
ပဲလှော်တစ်ထုပ် လှမ်းဆွဲ၍ သူထွက်လာ၏။

"အစ်ကိုအောင်တိုင်"
ခြေလှမ်းတုံ့၍ သူရပ်နေ။ မေစီက သူ့အနား အပြေးကလေးနှင့် လာနေ၏။ အရေးထဲ နတ်ဆိုးမ တစ်ကောင် တော့ နှောင့်ပြန်ဦးမလားဟု သူ ရင်ထိတ်သွား၏။ စောစောက သူပခုံးတွန့်လိုက်သည် ကို မြင်လိုက်ပုံရ၏။
"ဘာများ ဖြစ်နေရတာလဲ"
"ဘာဖြစ်လို့လဲ ငါက"
"ကြက်သီးထသလို ခါနေတာ တွေ့လို့၊ ပဲလှော်လား ပေးစမ်း၊ အစ်ကိုအောင်တိုင်နဲ့ နှစ်ယောက်တည်း တွေ့ချင်နေတာ အတော်ပဲ"
"ဟေး ... နင်က ဘာကိစ္စ နှစ်ယောက်တည်း တွေ့ချင်ရတာလဲ၊ ငါ ကြောက်တယ်"
"အမယ် အကောင်းပြောရင်" ဟု မျက်စောင်းနှင့် ဆိုပြီး သူ့လက်ထဲက ပဲလှော်ကို ယူဝါး၏။ ထိုင်စမ်း ပါဦးဟု ဆိုပြီး သူက အလျင်ထိုင်ပြန်၏။

"ဟ ... ငါမထိုင်ဘူး၊ ငါမထိုင်ဘူး၊ ငါအကောင်းပြောနေတာဟဲ့၊ ဒီလို အုန်းပင်ခြေရင်းမှာ နှစ်ယောက် တည်း ထိုင်ပြီး စကားပြောနေတာ လူတွေမြင်ရင် ဘာပြောကြမလဲ၊ သမီးရည်စားမှ ဒီလိုထိုင်ပြော တာဟ"
"အမယ်လေး ဖြစ်နေလိုက်တာ၊ ထိုင်စမ်းပါ၊ မေးစရာရှိလို့ပါဆို"
မေစီက သူ့လက်ကို အတင်းဆွဲဆောင့်၍ ထိုင်ခိုင်းနေ၏။ သူ့စိတ်ထဲက ဘယ်လို ဖြစ်သွားသည် မသိ၊ မေသူလည်း လောလောဆယ် လာမှာ မဟုတ်သေးသဖြင့်  နောက်ချင်စိတ် ပေါက်လာ၏။ သူ့မှာ ရယ်ချင် သလို ငိုချင်သလို နှင့် ရင်ထဲက ကတုန်ကယင် ဖြစ်နေသည်မှာ တစ်ရက်နှစ်ရက် ရှိလေပြီ။

" ဟ ... ငါတကယ်ပြောနေတာ၊ နင်နဲ့ငါနဲ့နှစ်ယောက်တည်း တွေ့ရအောင် သမီးရည်းစားမှ မဟုတ်တာ၊ မလုပ်ပါနဲ့ "
" ကဲ ... ဒီလိုဆို လုပ်လိုက်ကြမယ်လေ၊ ဘယ့်နှယ်လဲ "
မေစီက သူ့မျက်နှာကို မော့ကြည့်၍ ရယ်ပြော၏။
ရုတ်တရက် သူ ငိုင်သွားသည်။

" ဘာလဲ၊ ကြောက်သွားပြီလား၊ အစ်ကို အောင်တိုင်ကြီး မဟုတ်ကဟုတ်က မပြောနဲ့ သိလား၊ မိဇံမြင်ရင် တစ်မျိုးထင်နေဦးမယ်၊ အကောင်းပြောတာပါ၊ မေးစရာရှိလို့ ထိုင်ဆို၊ ဘောင်းဘီဆွဲချွတ်လိုက်မယ်နော်"
" ငါ့ဘောင်းဘီ နင်ဆွဲချွတ်လို့ တစ်သက်မရဘူးမှတ်၊ ခါးပတ်ကြီးနဲ့ဒီမှာ တွေ့လား "
" အေးပါ၊ သိပါတယ်၊ ထိုင်စမ်းပါ "
သူ ထိုင်လိုက်၏။

" ကဲ ... ဘာမေးမလဲ၊ မြန်မြန်မေး၊ ဇံဇံလေး မြင်နေဦးမယ်၊ ဟဲ ... ဟဲ "
" ဒါကျတော့ သူကြောက်တယ်၊ လှမ်းအော်ပြောလိုက်ရမလား ... ဒီမျာ ဗျို့ ... အစ်ကို "
" ငါနော် လုပ်လိုက်လို့ "
" ဟဲ ... ဟဲ ... ကဲ ... ပြောစမ်း၊ မနက်ဖြန် အစ်ကိုကြီးနဲ့ မေသူနဲ့ ယူကြတော့မယ်ဆိုတော့ အစ်ကို အောင်တိုင်ကြီး ရင်ထဲ ဘယ်လိုနေလဲ "
" ငါ့ ... ငါ့ရင်ထဲလား "

" အင်း ... "
" ဟင်း ... ဘယ်ပြောကောင်းမလဲ၊ ကျလိကျလိနဲ့၊ ဟား ... ဟား ... တကယ်ပါဆို၊ နာတယ်ဟ "
သူက ကိုယ်လုံး ကို တွန့်လိမ်ပြလိုက်သဖြင့် မေစီက နှာခေါင်းကို ဆွဲလိမ်၏။ အမှန်ပင် သူ ရင်ထဲမချိသိဖြင့် မျက်ရည် ထွက်အောင် ရောပြီး ရယ်ပစ်လိုက်ရ၏။
" အကောင်းမေးတဲ့ဥစ္စာ"
" ငါက ဘာဖြစ်ရမှာလဲဟ"
သူက အရယ်တစ်ဝက်နှင့် မျက်ရည်ကို သုတ်၍ ပြော၏။

" မေသူနဲ့ အစ်ကိုအောင်တိုင် ချစ်နေကြတယ်လို့ မိဇံက ပြောလို့လေ "
" မေစီကို ဘယ်သူပြောလဲ "
" မိဇံကပါဆို "
" အဲဒါ ပြောတာ မဟုတ်ဘူး "
" ဘာကို ပြောတာလဲ၊ နားရှုပ်လိုက်တာနော် "
မေစီက ခေါင်းကုတ်၍ ညည်းသည်။ တကယ်လည်း နားထွေးသွားပုံရသည်။

" မနက်ဖြန် အစ်ကိုကြီးနဲ့ မေသူနဲ့ ယူကြတော့မယ်ဆိုတာ ဘယ်သူပြောလဲလို့ "
" မနက်ဖြန် အစ်ကိုကြီးနဲ့ မေသူနဲ့ ယူကြတော့မယ်ဆိုတာ ဘယ်သူပြောလဲလို့ "
" ဟောတော့၊ အစ်ကိုအောင်တိုင် မသိဘူး "
" သိပါတယ်၊ ဘယ်သူပြောလဲလို့ မေးတာပါ "

" မေသူက ပြောတာ၊ သူ့အဖေတရုတ်ကြီးကလည်း အမေအဖေတို့ကို တစ်နေ့က နေ့လယ်မှာ လာဖိတ် သွားတာ၊ မနေ့ညက မိဇံနဲ့ ကျွန်မတို့ ဆိုင်ကို လာတာ အစ်ကိုထွန်းသောင်ကို နောက်ကြမလို့၊ သူက ထွက် ပြေးသွားတာ ဆိုင်ကို ပြန်မလာတော့ဘူး။ မနေ့က ကျွန်မတို့ ဆိုင်ပိတ်မှ ပြန်လာကြတယ်၊ မေသူက ကျွန်မ တို့ကို ဖိတ်လိုက်တယ်။ မနက်ဖြန်ကျရင် စောစောလာခဲ့ကြပါတဲ့၊ လက်ဖက်ရည် အချိုမသောက်တဲ့ ပသျှူး အမေကြီး တွေနဲ့ ဆလုံမိန်းမကြီးတွေကို စက်လုပ်မုန့် ထန်းလျက် ပဲလှော်အ၀ကျွေးမယ် စီစဉ်ထားတယ်တဲ့ "

မေစီ၏ စကားကို သူ အသက်မရှူဝံ့ဘဲ နားထောင်နေ၏။ မေသူ့ပါးစပ်က ပြောသည်ဟူသော စကားသည် အမှန်ပဲလား။ သူမေးစဉ်ကမူ မေသူက တိတိကျကျ မဟုတ်သေးသလို လျှောချခြင်းမှာ ဘယ်လို သဘော ပေါက်ပါလိမ့်။ မေသူသည် အစ်ကိုကြီးနှင့် ကြိုက်နေကြ၍ သူ့ကို မတင်မကျ ပြောထားတာလား။ လူကြီးစုံရာ နှင့် ပြောပြီးသွားကြလျှင် သူနောက်ဆုတ်ရတော့မည်ကို တမင်သိ၍ လှည့်စားထားတာလား။ မေသူ့ စကား အရဆိုလျှင် ခုတောင် လာမှာမဟုတ်တော့ဘူးထင်ပါရဲ့။
ရင်ထဲ မှာ ချက်ချင်း ပူလောင်ဝေဆူလာသည်။ မေသူကို သူဘယ်နည်းနှင့်မျှ လက်လွတ်ဆုံးရှူံးမခံနိုင်တော့ ပေ။ ချက်ချင်း သတိလွတ်ကာ သူ မတ်တတ်ထမိလိုက်သည်။
" ဟင် ... အစ်ကိုအောင်တိုင်၊ ထိုင်စမ်းပါဦးဆို "

" ငါသွားမယ်ဟာ "
" ဘယ်သွားမှာလဲ၊ သူများမေးတာ ပြောခဲ့ပါဦး"
" ဘာမေးတာလဲ နင်က "
" ချက်ချင်းပဲတော်၊ အစ်ကိုအောင်တိုင် ရူးသွားပလား "
" ဘာလို့ ရူးရမှာလဲ ငါက "
" မရူးရင် ပြောပါလား "
" ဘာကို ပြောရမှာလဲလို့ "
တကယ်လည်း သူ့စိတ်ထဲ အားလုံးကို သတိမေ့သွားသည်။ မေစီပြောသလို ရူးနေလေပြီ၊ သို့သော် ဒေါသ နှင့် အတူ ပြင်းပြင်းထန်ထန် ဟန်ဆောင်၍ အော်ပစ်လိုက်မိ၏။
" ခုမှ ဘာ မသိချင်ယောင်ဆောင်ရပြန်တာလဲ၊ အစ်ကိုကြီးနဲ့ မေသူနဲ့ ယူကြတော့ အစ်ကိုအောင်တိုင်ရင်ထဲ ဟောဒီ ရင်ထဲ ဘယ်လိုနေလဲလို့ မေးနေတာ တော်ရယ်၊ ဟောဒီ နားကကော ကြားတော်မူပါစ "
" နင် ... နင် အရမ်းမလုပ်နဲ့၊ နာတယ်ဟ "

သူ့ကို ကြည့်၍ အားမလို အားမရ ဖြစ်နေသော မေစီက သူနှင့်အတူ မတ်တတ်ရပ်လိုက်ပြီး ရင်ဘတ်ကိုထု နားရွက် ကိုဆွဲ ပြောနေသောအခါ တကယ်လည်း နားနာသွားသဖြင့် သူ အော်ပစ်လိုက်၏။ သို့သော် မေစီက သူ့နားတစ်ဖက် ကို မလွှတ်သေး။
" ကဲ ... နာရင်ပြော "
" နင်ကလည်းဟာ ငါ့အမေကျနေတာပဲ၊ ငါ့အမေကတောင် ငါ့ကို ဒီလို နာနာကျင်ကျင် တစ်ခါမှ မလုပ်ဖူးဘူး ဟ၊ လွှတ်စမ်းပါ "
" ပြောမှ လွှတ်မယ် "
" ပြောပြီး ပါပြီကောလို့၊ ငါ့ရင်ထဲမှာ ကျလိကျလိ "
" ကျလိကျလိဆိုတာ ၀မ်းနည်းတာမှ မဟုတ်တာ၊ ခု မေးတာ ၀မ်းမနည်းဘူးလားလို့ "

" နည်းတာပေါ့ဟ၊ ဟင်းဟင်း ... အင်းအင်း ၊ ငါ ... ငါ ... ငို ... ငို ... နေတာ နင် မြင်လျက်သားနဲ့၊ ဟီး ဟီး မေးရက် လိုက်ကြတာ "
" သွား အလကား၊ သူများသနားလို့ အကောင်းမေးရင် "
မေစီက တအားဆောင့်တွန်းပစ်လိုက်သောအခါ သူထွက်ပေါက်ရသွား၏။
" တကယ်ပါမေစီရယ်၊ ငါ့ရင်ထဲနာ ... "
" တော်စမ်းပါ၊ ကက်ဆက်သွင်းထားဖို့ ကောင်းတယ်။ သူများက သနားလို့မေးတာ၊ တော်ပြီ၊အစ်ကို အောင်တိုင် နဲ့ ကျွန်မတို့ မခေါ်တော့ဘူး "
သူ တကယ်ပြောမည်ဟုဆုံးဖြတ်ချက်နှင့် နှုတ်စထွက်သည်ကို မေစီက မယုံတော့။ သူ့အိမ်ဘက် ပြန်ထွက် သွား၏။

မေစီ၏ နောက်ကျောကို ခဏငေးကြည့်ကာ သူငိုင်နေ၏။ တကယ်လျှ့ထွက်နေသော မျက်ရည်ကို သူသုတ် သည်။ အစ်ကိုကြီး သာမဟုတ်၊ မေသူကပါ သူ့ကို လှည့်စားသွားလေပြီ။ ခုလည်း လာမှာမဟုတ်တော့ပါဘူး။
သူ လက်က နာရီကို ကြည့်၏။ လေးနာရီ ခွဲလေပြီ၊ မေသူ ပေါ်မလာသေး။ ငါးနာရီခွဲ ခြောက်နာရီဆိုလျှင် အစ်ကိုကြီး ထမင်းစားလာတော့မည်။ အစ်ကိုကြီး ထမင်းစားမလာမီ တစ်ခေါက် သွားခေါ်ဦးမှဟု ချက်ချင်းသူ အတွေးပေါက်သွား၏။ ချက်ချင်း မေစီတို့ခြံထဲက ထွက်လာသည်။
၆။

လေကာကျောက်တုံးကြီးနား သွားရပ်၏။ မေသူကို ဆိုင်၌ ထိုင်၍ သူ မြင်ရ၏။ ဘာကိုမှ ထွေထွေထူးထူး မတွေး ချင်တော့။ ရင်ထဲက ပူလောင်ပြင်းပြမှုကို ကျိတ်မှိတ်ခံ၍ မရတော့။ ကျောက်ခဲ သေးသေးလေးတစ် လုံး ကောက်ပြီး ဆိုင်ရှေ့ သဲတလင်းပေါ် ပစ်ထည့်လိုက်၏။ မေသူက လှမ်းကြည့်သည်။ သူက လူယောင်ပြ လိုက်၏။ မေသူမြင်သွားသည်။ မိနစ်ပင်မကြာ။ မေသူ့အသံကို ခပ်သဲ့သဲ့ ကြားလိုက်ရ၏။
" အဖေ ဆိုင်ခဏ ကြည့်ထားနှင့်ဦး၊ ကျွန်မ ကမ်းကြီးသတ်ဘက် ကြွေးရစရာရှိလို့ သွားတောင်း လိုက် ဦးမယ်"

သူ ၀မ်းသာသွား၏။ မေသူ မနေရဲတော့။
မေသူ အိမ်ရှေ့ဘက် ထွက်လာသောအခါ သူလည်း မေသူ ရှေ့က ကမ်းကြီးသတ်ဘက် မြင်သာအောင် ထွက်လာလေ၏။ မေစီတို့ အုန်းခြံအစက သူ ရပ်စောင့်ကြည့်နေ၏။ မေသူက သူ့ကို မကြည့်၊ ခေါင်းငုံ့၍ မလှမ်းချင်လှမ်းချင်နှင့် လေးလံစွာ လျှောက်လာနေ၏။ သူ့အနားရောက်လာသည်။ သူက ခြေလှမ်း ထပ်ဆက်၏။
" ဘယ်သွားဦးမလို့လဲ "
" ဟို အနားလေးတင်ပါ "
ပဲ့ချိတ်ရှိရာ ချောင်းနားသို့ လျှောက်လာသည်။ မေသူကလည်း သူ့ကို မီအောင် လိုက်လာ၏။ ပဲ့ချိတ်ရှိရာ ချောင်းကမ်းနဖူးက အုန်းတစ်ပင်ရင်းတွင် ပြိုင်တူ ရပ်လိုက်ကြသည်။
"ဘာပြောမလဲ ပြောလေ၊ ဟိုမှာ မိဇံကြည့်နေတယ်"
သူတစ်ချက်လှည့်ကြည်လိုက်သည်။ အုန်းလက်ခြောက်တွေ ခုတ်သင်နေသော မိဇံက သူတို့နှစ် ယောက်ကို အံ့သြတကြီး ငေးကြည့်နေ၏။ ဤလိုအခါမျိုးတွင် မိဇံလောက်ကို ဘာမှအရေးလုပ်စရာ မဟုတ်ဟု အောင်တိုင် ဆုံးဖြတ်လိုက်၏။
"ကြည့်ကြည့်မဆိုင်ပါဘူး၊ တို့ပဲ့ချိတ်ပေါ်သွားပြောကြရင် ကောင်းမယ်"
"ဟင့်အင်း....၊ ဒီမှာပဲပြော"
မေသူ၏ငြင်းဆိုစကားကြောင့် သူရင်ခုန်သွား၏။

"ဘာပါ မေသူရာ"
"ဟင့်အင်း၊ ဒီမှာပဲ ပြောပါဆို၊ မသွားချင်ပါဘူး"
သူလှမ်းကိုင်သောလက်ကို မေသူက ရုန်းဖယ်ပစ်လိုက်၏။ သူသက်မချလိုက်သည်။
"ပြောလေ၊ ဘာပြောမလို့လဲ မြန်မြန်ပြော၊ သူများဆိုင်ကို အဖေနဲ့ထားခဲ့ရတာ မြင်သားနဲ့"
မေသူ့စကာကို ရင်နင့်မိသည်။ မေသူ၏မျက်နှာကို စေ့စေ့ကြည့်လိုက်၏။ သူရင်ထဲ ပူလောင်လာ ၏။ ရုတ်တရက်သူပင် ဘာပြောရမှန်းမသိ ဖြစ်မိပြန်၏။ မေသူမျက်နှာက ရဲတွက်လာသည်။
"ပြောလေ ဘာလဲလို့"

"ပြောနေစရာတောင် အထူးမလိုတော့ပါဘူး မေသူရယ်၊ သန်ဘက်ခါဆို မေသူနဲ့ အစ်ကိုကြီးကို လူကြီးတွေ ပေးစားကြတော့မယ်လေ၊ အဲဒီတော့ တို့ဘာလုပ်ကြမလဲ"
မေသူက ငိုင်နေ၏။ သူ့မျက်မှာကိုလည်း မကြည့်။
"ဟင်....မေသူ....တို့ဘာလုပ်ဖို့လိုသေးလဲ၊ ခုဒီက ပဲ့ချိတ်နဲ့ ထွက်ပြေးကြရုံပဲပေါ့။ ကဲ...လာ"
"အို...ကို...ကိုအောင်တိုင်.. ဒီ...ဒီလို မလုပ်ပါနဲ့ဦး"
မေသူက အထိတ်တလန့်ပြော၍ ရုန်ဖယ်၏။ အောင်တိုင်က မေသူ၏ လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။

"ဟင်...မေသူ ဘ်ာဖြစ်လို့လဲ၊ တို့တစ်ခါတည်း ထွက်ပြေးကြမယ်လေ၊ လာပါ မေသူရယ်"
"ဟင့်အင်း....ဟင့်အင်း...မဖြစ်ဘူး၊ မဖြစ်ဘူး"
"ဖြစ်ပါတယ်မေသူရာ၊ ဘာမှတွေးကြောက်မနေပါနဲ့၊ တို့အားလုံး စီစဉ်ပြီးပါပြီ၊ လာပါ"
သူက မေသူ၏လက်ကို အတင်းဆွဲခေါ်နေရာ၊ ယက်ကန်ယက်ကန်ပါလာသော မေသူက အတင်း ရုန်း၍ အော်နေ၏။
သူက မေသူ၏လက်ကို အတင်းဆွဲခေါ်နေရာ၊ ယက်ကန်ယက်ကန် ပါလာသော မေသူက အတင်း ရုန်း၍ အော်နေ၏။

"လွှတ်ပါ ဖယ်ပါ"
"ဘာဖြစ်လို့လဲဟင် မေသူ"
ရုတ်ရက် သလဲပြင်ပေါ် မေသူထိုင်ချလိုက်သဖြင့် သူပါ ယိုင်နဲ့သွားသည်။ အတင်းဆွဲခေါ်ရမှာ စိတ် ထင့်သွား၏။ မေသူ့မျက်နှာကို စေ့စေ့ကြည့်မိသည်။ တစ်ကိုယ်လုံး လှိုက်ဖိုကာ မေသူငို၏။ မျက်ရည်ပိုးပိုး ပေါက်ပေါက် ကို မြင်ရ၏။ ရင်ထဲ နင့်သွားသည်။ ဆွဲကိုင်ထားသော လက်ကိုမူ မ လွှတ်မိ။
"မေသူ တို့ကို ချစ်တယ်မဟုတ်လား"
တွေငေးမှိုင်ကျသွားသော မေသူကို မချင့်မရဲငုံ့ကြည့်၏။

"ဟင်..မေသူ ပြောလေ၊ မေသူတို့ကို ချစ်တယ်မဟုတ်လား"
ရှိုက်သံနှင့်ခေါင်းညိတ်၏။ အသံကိုဖော့ကာ လွှတ်ပါဦးဟု တီးတိုးဆိုသည်။ အောင်တိုင်ကမူ မလွှတ် မိ။
"ချစ်ရင်လာလေ မေသူ၊ သန်ဘက်ခါဆို အစ်ကိုကြီးနဲ့ မေသူယူရလိမ့်မယ်"
"အို...လွှတ်ပါဦးဆိုနေ"
ထိုင်နေရာမှ မတ်တတ်ထရပ်၍ ပြော၏။ ရုတ်တရက်မို့ အောင်တိုင်ယိုင်သွားသည်။

"မလွှတ်ဘူး၊ မလွှတ်ဘူး။ မေသူကို တို့တစ်သက် မလွှတ်နိုင်ဘူး၊ မေသူကို တို့ချစ်တယ်၊ တို့ကို ချစ်ရင်တို့
နဲ့ လိုက်ရဲရမယ် လာ...၊ ခုတစ်ခါတည်း ပဲ့ချိတ်နဲ့ ထွက်ပြေးရအောင် လိုက်ခဲ့"
မေသူက ချက်ချင်းပြန်ထိုင်ချ၍ လွှတ်ပါ...လွှတ်....လွှတ် ဟုသာအတင်းအော်နေ၏။ ကိုင်ထား သောလက်တစ်ဖက်ကိုလည်း သူ့လက်နှစ်ဖက်နှင့် တအား ဆွဲဖြုတ်နေသည်။
"မေ...မေသူ တို့ကိုချစ်တယ်ပြောစမ်းပါ။ မေသူတို့ကိုချစ်တယ်မဟုတ်လား၊ ချစ်ရင်လိုက်ရဲရမယ် လေ၊ ဘာလို့ရုန်းနေရတာလဲ၊ ကဲ...ပြော ပြော"
ဒေါသ ဖြစ်လာသော အောင်တိုင်က မေသူ၏ တစ်ကိုယ်လုံးကို အတင်းပွေ့ဖက် လှုပ်ယမ်း၍ အော် ပစ်လိုက်၏။

မေသူ့မျက်နှာက ဖြူဖက်ဖြူရော် ဖြစ်သွားသည်။ ရုတ်ခြည်း တစ်ကိုယ်လုံး တဆတ်ဆတတ် တုန်ယင် လာ၏။ တအားပွေ့ဖက်ထားသော အောင်တိုင်၏ ရင်ခွင်ထဲတွင် ရှိုက်ကြီးတငယ် ငိုချ လိုက်သည်။
ပျော့်ခွေကျသွားသော မေသူ၏ကိုယ်လုံးလေးကို တင်းတင်းကျပ်ကျပ် ဖက်ရင်း သူသက်ပြင်ရိုက်မိ လိုက် သည်။
"မငိုပါနဲ့ မေသူရယ်...ဒါဟာ ၀မ်းနည်းစရာမဟုတ်ပါဘူး၊ ၀မ်းသာစရာပါကွယ်၊ တို့ပြေးကြတော့ မယ်နော် မေသူ၊ နို့မို့ရင် မေသူအစ်ကိုကြီးကို မချစ်ဘဲ"
နဲ့ ယူရလိမ့်မယ်နော်...ကဲ မငိုနဲ့၊ မေသူရယ် ကဲလာထ၊ တို့တစ်ခါတည်း ထွက်ပြေး ကြရအောင်ပါနော်..၊
ဒီ...ဒီကလည်း စဉ်းစားပြီးသားပါ၊ အဲ...အဲဒါကြောင့် မေသူအ၀တ်တွေတောင် ဟိုမှာပေးထားသေးတယ်။

ဟင်....မေသူလည်း စဉ်းစားထားပြီးသား ဟုတ်လား၊ ၀မ်းသာလိုက်တာ မေသူရယ်။ ဘယ်မှာပေးထားလဲ အ၀တ်က။
ချက်ချင်း ၀မ်းသာလုံး ဆုံ့သွားသောင် အောင်တိုင်က မေသူကို လျှော့ဖြေ လွှတ်လိုက်၏။
ဟင်....မေသူ ဘယ်မှာပေးထားလဲ အ၀တ်တွေ။
မေ...မေစီ ဆီမှာ မနေ့ညနေကပင် ...။
ငိုရှိုက်နေသော အသံနှင့် ဗလုံးဗထွေးပြော၏။

ကဲ..သွား..သွား မြန်မြန် သွားယူလိုက်၊ စောစောကတော့ မပြောဘူး၊ အလကားအချိန်ဖင့်....။
မေသူ ပြေးထွက်သွားသည်ကို သူလှမ်းကြည့်လိုက်၏။ ဟင်ခနဲ အသံထွက်သွားသည်။ မေသူ ပြေးထွက် သွားသော နေရာသည် မေစီတို့အိမ်ဘက် မဟုတ်။ ရွာဘက်၊ သူတို့အိမ်ဘက်သို့သာ။
မေသူ..မေသူ...သြော် ...မေသူရယ်။
လှမ်းခေါ်မိလိုက်၏။ လှည့်၍မျှပင် မကြည့်ခဲ့။ နောက်ကျသွားလေပြီ။ သက်မ တစ်ချက်ကို ပင်ပန်းကြီးစွာ ချလိုက်မိသည်။ သြော်....နောက်ဆုံးအချိန်ထိ သူ့ကို မေသူလှည့်စားသွား ခြင်းပါတကား။
စီးကျလာသော မျက်ရည်ကို သုတ်လိုက်၏။ ဆုံးရှုံးသွားပြီဟူသော အသိကြောင့် ခွန်အားတွေ ချက်ချင်း ယုတ်လျော့သွားသည်။ အုန်းပင်ရင်းတွင် နွမ်းနယ်စွာ ထိုင်ချလိုက်သည်။ ငိုရှိုက်သံများ ရင်ထဲများ ချက်ချင်း ပွင့်ထွက်လာ၏။.

ငိုမနေပါနဲ့ အစ်ကိုအောင်တိုင်ရာ၊ အစ်ကိုအောင်တိုင်က ယောက်ျားပါ၊ မိဇံမြင်လည်း မြင်တယ်၊ ကြားလည်း ကြားတယ်၊ မေသူဟာ အစ်ကိုအောင်တိုင်ကို တကယ်မချစ်ပါဘူး၊ အစ်ကိုအောင်တိုင်ကသာ မေသူကို တစ်ဖက်သတ် ချစ်နေတာပါ၊ အစ်ကိုအောင်တိုင် ကိုယ်ချင်းစာကြည့်ပေါ့။
ထိတ်လန့်စွာ မျက်ရည်သုတ်လိုက်မိသည်။ မီးထွက်မတတ်သော မျက်လုံးအစုံနှင့် မိဇံကို လှည်းကြည့်၏။ မိဇံ မျက်နှာပေါ်မှာလည်း မျက်ရည်စီးကြောင်းတွေနှင့်။
ဘာကို ငါက ကိုယ်ချင်းစာကြည့်ရမှာလဲ၊ ငါ့ကို မေသူက ပစ်ပြောသွားတာ။

အဲဒါပေါ့ အစ်ကိုအောင်တိုင်၊  မေသူက အစ်ကိုအောင်တိုင်ကိုသာ တကယ်ချစ်ရင် အစ်ကိုအောင်တိုင် ခေါ်ရာ လိုက်ရဲရမှာပေါ့။
ငါ့ကို မေသူက တကယ်ချစ်ပါတယ်မိဇံရယ်၊ အစ်ကိုကြီးနဲ့ သူ့အဖေ ကြောင့်ပါ။
ဟား.....ဟား..ဟား...။
မိဇံက တအားရယ်၏။ အောင်တိုင် ဒေါသဖြစ်မိသွားသည်။
နင်က ဘာရယ်တာလဲ။ ဒါရယ်စရာလားဟင် ခွေးမ။

ဟား....ဟား...ရယ်စရာပေါ့။ ကိုယ့်ကို တကယ်ချစ်မှန်း မချစ်မှန်းတောင် ခွဲခြားမသိဘဲ ကလေးလို ငိုနေတာ ရယ်စရာ မဟုတ်ဘူးလား၊ တကယ်ချစ်ရင် အားလုံးကို စွန့်ပြီး ချစ်သူနောက် လိုက်ရဲရမှာပေါ့။
တော်...ခွေးမ၊ နင်မတရားမပြောနဲ့ နင်ကော လိုက်ရဲမလားဟင်.... နင်ကော လိုက်ရဲသလား။
လိုက်ရဲတယ်၊ လိုက်ရဲတယ်။
အောင်တိုင် ၏ ဒေါသကို မိဇံကလည်း ဒေါသနှင့် ပြန်အော်ပစ်လိုက်၏။

လိုက်ရဲရင် လာစမ်းဟာ၊ ခုချက်ချင်းသွားမယ်။
သူက မိဇံလက်ကို ချက်ချင်း ထဆွဲ၏။
နေဦး။
ဘာလုပ်မလို့လဲ။
ကျွန်မ အ၀တ်တွေ သွားယူ...။
တော်....မလိုဘူး.....လာ။

ပြီးပါပြီ
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, August 28, 2011

ဖိုးကျော့ ၏ သမုဒယ ဤပင်လယ် အပိုင်း (၂၃)

၎။

အစ်ကိုကြီးတို့များ ရက်စက်လိုက်တာ၊ ငါနဲ့ မေသူနဲ့ ချစ်နေကြမှန်းသိလို့ ငါ့ကိုလည်း အသိမပေး၊ မေသူ့ ကိုလည်း တိတိကျကျမပြော၊ ဒီကြားထဲ ငါ့တို့ထွက်ပြေးကြမှာစိုးလို့ တမင် ဖုံးကွယ်ထားတာ၊ လူကြီးတွေ ကိုတော့ သူ အားလုံးပြောထားပြီးပြီ၊ လုပ်ပေါ့ဗျာ၊ ကြည့်ကြသေးတာပေါ့၊ မနက်ဖြန် ကျုပ်က မေသူကို ရအောင် ခိုးပြေးမယ်၊ မေသူနဲ့လည်း ချိန်းထားပြီးပြီ၊ ခင်ဗျား ဘာတတ်နိုင်မှာလဲ၊ မေသူ့ကို ခင်ဗျားပဲ့ချိတ်နဲ့ ကို ခိုးပြေးမှာ၊ တော်တော် ရက်စက်တဲ့မြိတ်သားကြီး၊ တက္ကသိုလ်ကျောင်း ထွက် ပညာတတ်ပီပီ အကြံ အစည်က ပိရိလိုက်တာ၊ ငါတို့ ငယ်ငယ်က ချစ်လာခဲ့ကြတယ်ဆိုတာ သိလျက်နဲ့ ကြံစည်ရက်တယ်။

ဒီရွာမှာ ဒီလောက် အကြာကြီးနေတာ မေသူနဲ့ငါ မုန်တိုင်းကြီးပြီးတဲ့ နှစ်ကပင် ချစ်လာကြတယ်ဆိုတာ သိလျက်နဲ့ ကြံရက်တယ်၊ သူ့သမီးလောက် အရွယ်ကိုများ ယူမ လို့တဲ့၊ ငါတို့ရွာက လူကြီးတွေကလည်း မကောင်းပါဘူး၊ မတော်ပါဘူး၊ မသင့်ပါဘူး၊ တစ်ယောက်မှ မတားကြဘူး၊ ကိုထွန်းသောင်က သမီး အရွယ် လေး ယူမယ်ဆိုတာ ပျော်တောင် ပျော်နေကြသေး တယ်၊ အမေက အစပျော်နေတယ်၊

သူ့အဖေ တရုတ်ကြီးကိုယ်တိုင်က သူ ထူထူထောင်ထောင် ရှိ တုန်း ပေးစားချင်တယ်တဲ့၊ မျက်စိမမှိတ်ခင် သူ့သမီးကို စိတ်ချသွားစေချင်တယ်တဲ့၊ ပြောတတ်လိုက် တာ၊ ကက်ဆက်ထဲက ဇာတ်လမ်းကျနေတာပဲ၊ ကက်ဆက် ဇာတ်လမ်းတွေဟာ တကယ်များလား၊ တကယ်ထင်ပါရဲ့၊ တောက်... ပြောတဲ့လူက ပြောတာပဲ ထားပါဦး၊ လက်ခံတဲ့လူက သူ့အဖေပြော တိုင်း လက်ခံရမှာလား၊ သူလည်း ကြိုက်နေလို့ လက်ခံတာပဲ နေမှာပေါ့၊ ကိုယ့်အသက်အရွယ်မှ မထောက်၊ သမီးလောက်အရွယ်ကို ယူမယ်တဲ့၊ ခွေးကျင့် ခွေးကြံကြံတာ၊ ခွေးတွေသာ သီတင်း ကျွတ်ကပေါက်တဲ့ သမီးကို နောက်တစ်နှစ် တော်သလင်းလမှာ ပြန်မယားလုပ်တာ၊ ခွေး... ခွေးကြီး၊ ပြောတော့ မင်းနဲ့ ငါနဲ့ အသက်ပေးချစ်ကြတဲ့ ညီအစ်ကိုတဲ့၊ သစ္စာရေသောက်ပြီး တစ်ယောက် အသက် တစ်ယောက် အသက်ပေး ကာကွယ်တမ်းတဲ့၊ တကယ်ကျတော့ ရည်းစားတောင် လုယူတဲ့ လူ၊ ထွီ... ထွီ...။

"ဟင် အောင်တိုင် တထွီထွီနဲ့၊ ဒီကောင် နမော်နမဲ့ ချေးနင်းလာပြီနဲ့ တူတယ်၊ လာတာကိုက လမ်း မဟုတ်တဲ့ နေရာကကိုးကွ"
"ဘယ်ကာဝမ်းကျလည်း မသိဘူးကွ၊ ချုံထဲတောင် မ၀င်နိုင်ဘူး၊ လမ်းဘေးနား ပါထားတာ"
သူ့စကားကို တကယ်ထင်သော ဗထိုက ရယ်လေသည်။
"မင်း ရှာရှာဖွေဖွေ သွားစားတာ"
"ငါပါးချလို့"
"ဟဲ ... ဟဲ ..."

သူ့ခြေလှမ်းသည် မေသူတို့အိမ်ဘက် ပြန်လှည့်လိုက်၏။ ပြန်တွေးကြည့်တော့လည်း ရင်ထဲ မကောင်း။ ခါတိုင်း အစ်ကိုကြီး အိမ်ရှေ့ ရောက်ပြီးဆိုလျှင် အကာလိကော အချိန်မရွေး အစ်ကိုကြီး အိမ်ဘက်ကို လှည့်ကြည့်တတ်၏။ အခုတော့ အစ်ကိုကြီး မျက်နှာကိုပင် မကြည့်ချင်တော့။ အစ်ကို ကြီးကို ကြည်ညိုခဲ့ လေးစားခဲ့၊ အထင်ကြီးခဲ့၊ ချစ်ခင် တွယ်တာခဲ့ရသော စိတ်တို့သည် ဘယ်ဆီ ရောက်သွားပါလိမ့်ဟု သူ တွေးသည်။
"ဟဲ့ကောင် ဖြည်းဖြည်းသွားပါကွ၊ ငါလည်း မေသူ့ဆိုင် သွားတာပဲ၊ ဒါနဲ့ နေပါဦး၊ မေသူနဲ့ အစ်ကိုကြီး သန်ဘက်ခါ ယူကြတော့မယ်ဆိုကွ"
သူ နောက်သို့ လှည့်မကြည့်ဝံ့။ သူ့မျက်နှာ ပျက်နေသည်ကို ဗထို သိသွားမှာ သူကြောက်နေ၏။

"မင်း ဘယ်သူ ပြောလဲ" ဟု ပြန်မကြည့်ဘဲ မေးလိုက်၏။
"အဖေ့ကို လာဖိတ်ထားတယ်လို့ ပြောတယ်"
သူ သက်ပြင်း ရှိုက်လိုက်၏။
"ဟုတ်တယ်ကွ၊ မေသူနဲ့ အစ်ကိုကြီး သန်ဘက်ခါ ယူကြတော့မယ်"

ဗထို အသံတိတ်သွားသဖြင့် အောင်တိုင် နောက်ပြန်လှည့်ကြည့်သည်။ ဗထိုလည်း ခေါင်းစိုက် ငုံ့လိုက် လာ၏။ အပျိုတစ်ယောက် လင်ယူတော့မည် ကြားရသည်နှင့် မိမိနှင့် မည်သို့မျှ မပတ်သက် သော်လည်း လူပျို တစ်ယောက်၏ ရင်ထဲ မည်သို့ လှုပ်ခတ်မှု ရှိသည်ကို အောင်တိုင် လုံးဝမတွေးမိ။ သူတို့ အနေက အသည်းနှလုံး တဒင်္ဂ လှုပ်ခတ်သွားရုံသာ။ အောင်တိုင် အနေမှာမူ သူ၏ နှလုံးသား ပြုတ်ထွက်သွားလေပြီ။

"ဘယ်လဲကွ"
ရှေ့က သွားနေသော သူ၏ ခြေလှမ်းသည် မေသူတို့အိမ်ရှေ့၌လည်း မရပ်သဖြင့် ဗထိုက မေး၏။
"ဟိုဘက် ခဏသွားဦးမယ်ကွာ၊ အပြန်မှ ၀င်မယ်"
မျက်နှာပျက်နေသည်ကို လူမြင်မခံချင်သဖြင့် မိုးချုပ်မှ မေသူတို့ဆိုင်ကို လာမည်ဟု ရည်ရွယ်ချက် နှင့် ပြော၏။
"အေးကွ၊ ငါတို့က မင်းနဲ့တောင် ထင်နေကြတာ"
"ဟဲ ... ဟဲ မဟုတ်ပါဘူးကွာ"
မချိသွားဖြီး ပြန်ပြောရ၏။

"အင်း ... အစ်ကိုကြီးနဲ့ မေသူက မဆိုးပါဘူး၊ ဒါပေမဲ့ မုန်တိုင်းကြီး ထပြီးတဲ့ နှစ်ကပင် မေသူနဲ့ မင်းကို လူကြီးတွေကလည်း နောက်နောက်နောင်ကြတော့ တို့ တကယ် ယူကြလိမ့်မယ် ထင်တာ ကိုး၊ အဲဒီတုန်းက မင်း မေသူကို လှိုင်းလုံးတွေ ကြားထဲက ကယ်ယူလာတယ်ဆိုတာတော့ တကယ် ကွနော် အောင်တိုင်"
"လှိုင်းလုံးတွေ ကြားထဲက မဟုတ်ပါဘူးကွာ၊ အလကား ပြောကြတာပါ၊ လမ်းမှာ တွေ့လို့ ခေါ်လာတာပါ"
ရင်နာလာသဖြင့် သူ မပြောချင်တော့။

"အေး၊ ငါတို့တော့ အဲသလို ကြားလို့ပါ၊ အဲဒီ မုန်တိုင်းကြီး ထတဲ့ နှစ်လည်း ခုတော့ ကောင်းကောင်း တောင် မမှတ်မိတော့သလိုနဲ့ ..."
"ဟဲ့ကောင် မင်းက မေသူတို့ဆိုင်ဆိုကွ၊ ငါ့နောက် ဘာလို့ လိုက်လာလဲ"
ဆိုင်လွန်လာသော ဗထိုကို အောင်တိုင်က ပြန်လှည့်ကြည့်၍ အော်ပစ်လိုက်၏။
"ဟဲဟဲ ... အေးကွ၊ စကားပြောကောင်းကောင်းနဲ့"
မလုံမလဲ ပြောသော ဗထိုကို အောင်တိုင်က စိုက်ကြည့်နေ၏။ ဒီကောင့် စိတ်လည်း ဒီနေ့ ဘယ်လို ဖြစ်နေ ပါလိမ့်ဟု တစ်ချက်တွေ သွား၏။

"အေးကွ၊ သွားသွား၊ မင်းကတော့ ကမ်းကြီးသတ်က မိဇံဆီဆိုပါတော့၊ ဟဲဟဲ ငါဆိုင်က စောင့်မယ်" ဟု အရှက်ပြေပြော၍ ဗထို ပြန်သွားလေ၏။ ဆိုင်ကိုပင် မ၀င်ချင်၊ ဆိုင်ကို ၀င်လျှင် အစ်ကိုကြီး မျက်နှာကို မြင်ရမည်။ အစ်ကိုကြီးရှေ့တွင် သူ့မျက်နှာ အနေအထား မှန်မှန်ကန်ကန် ဖြစ်ပါ့မလားဟု တွေးရွံ့နေ၏။ သို့သော် မေသူ့မျက်နှာကိုလည်း သူမြင်ချင်သည်။ အခွင့်ကြုံလျှင် မနက်ဖြန် ညနေ ချိန်းထားကြသည်ကို ပို၍ သေချာသွားအောင် ထပ်ပြောချင်သေးသည်။ တကယ်လို့ မေသူက ဒီနေ့ည ဆိုင်ပိတ်အပြီးမှာ တွေ့ကြ ရအောင်ဟု ပြောချင်၍ စောင့်နေလေ လျှင်ဟုလည်း တွေး၏။ မသွား၍ မဖြစ်။ ဗထိုနှင့် စကား ရှည်မသွား ချင်သဖြင့် ကမ်းကြီးသတ်သတ် အဓိပ္ပာယ်မဲ့ တစ်ခေါက်သွားလျှောက်ပြီး သူ ပြန်လာ၏။ မေသူတို့ အိမ်ရှေ့ အရောက်မှာ ဆိုင်ရှေ့ အကဲခတ်၏။

မိုးဦး မိုးမရွာ၍ သာသာယာယာ ရှိသော်လည်း ဆိုင်ရှေ့ခါတိုင်းနေ့တွေလို ကာလသားများကို မျက်စိ နောက်မတတ် မမြင်ရ။ ဗထိုနှင့် သင်းနိုင်၊ သင်းဆိုင်၊ ရွှေမြတို့ ထွေးခင်း နေကြ၏။ အစ်ကိုကြီးကိုလည်း မမြင်ရ။ မေသူက ဆိုင်ရှေ့ဘက် ငေးနေသည်ကို မြင်ရ၏။ သူ့ခြေလှမ်းသည် အလိုလို ဆိုင်ရှေ့ ရောက်လာလေ၏။
"ကမ်းကြီးသတ်က ပြန်လာပြီလားကွ"
ဗထို၏ အမေးကို "အေး" ဟု ပြောမိပြီးမှ ငါ့ကို မေသူက မိဇံဆီ သွားတယ်မယ်များ ထင်လေမလား ဟု တွေးမိလိုက်ကာ အလိုလို မျက်နှာ ပျက်ချင်သွားသည်။ ဗထိုက သူ့ကို လှမ်းမကြည့်ဘဲ မေး၏။
"တွေ့ခဲ့လား"
"ဘာလဲ"
"ဇံဇံကိုလေကွာ"
"မင်းအဘ"
"ဘာ မင်းအဘလဲ၊ မင်း စောစောက ပြောတော့ အဲဒီသွားတယ်ဆို"

ငိုချင်စိတ် ပေါက်သွားမိ၏။ ရုတ်တရက် ဘာပြန်ပြောရမှန်း မသိ၊ တစ်ကိုယ်လုံး ထူပူသွားသည်။ မေသူ၏ လှည့်အကြည့်က ပိုဆိုးသည်။ မနေတတ် မထိုင်တတ် ဖြစ်သွား၏။ "ပါဦးမလား ကိုအောင်တိုင်" ဟု ရွှေမြလေးက လှမ်းပြော၍ နည်းနည်း နေသာထိုင်သာ ရှိသွား၏။ "ခင်းကြကွာ၊ ငါမပါသေးဘူး" ဟု ပြန်ပြောလိုက်၏။
"ဒီကောင် ဒီနေ့ လက်တော်တော် ပေါက်နေတယ်ကွ၊ တို့ အိတ်ထဲမှာ ပိုက်ဆံကုန်ပြီထင်လို့ မင်းကို လှမ်း ခေါ်တာ၊ ခွေးရူးကောင်းစား တစ်မွန်းတည့်ပါ ရွှေမြရာ" ဟု သင်းနိုင်၏ စကားကို သူမလုံမလဲ ဖြစ်သွား ပြန်၏။ ခါတိုင်းလို မေသူ့အနားထိုင်ရမှာပင် ရွံ့သွားသည်။ သို့သော် ထိုင်တော့ ထိုင်လိုက် သည်။

မေသူကို ဘာပြောရမှန်း မသိဘဲ နှုတ်ဆိတ်နေ၏။ မေသူကလည်း ဘာမှ မပြော၊ ပို၍ အနေရ ထိုင်ရ ကျုံ့နေသည်။
"အစ်ကိုကြီး မလာသေးဘူးလား"
"မလာသေးဘူး"
သူက ထွေခင်းနေကြသော ဗထိုတို့အဖွဲ့ ကြားနိုင်အောင် ကျယ်ကျယ် ပြောသည်ကို မေသူက ကြားရုံမျှသာ ပြန်ပြော၏။ မေသူ့မျက်နှာကို ခိုးကြည့်ကာ ရင်ခုန်လာ၏။ မေသူက ဆိုင်ရှေ့ဘက် ငေးကြည့်နေသည်။ အစ်ကိုကြီး မလာခင် လစ်မှဟု သူ တွေး၏။ အစ်ကိုကြီးကို သူ စကားမပြော ချင်၊ မျက်နှာကိုလည်း မကြည့်ချင်၊ စိတ်ထဲ နာနာကြည်းကြည်း ခံစားနေရ၏။
"ဆိုင်ပိတ်ရင်နော်"
မေသူက ချက်ချင်းက သဘောပေါက်သလို ခေါင်းခါပြလိုက်၏။ ဗဟိုတို့ အခြေအနေကို သူ အကဲခတ်သည်။

"ဖြစ်ပါတယ်၊ လေကာကျောက်တုံးနားက စောင့်မယ်"
မေသူ မနက်ဖြန်"
မေသူ ခေါင်းညိတ်ပြ၏။ သူ မကျေနပ်သေး။
"ဆက်ဆက်နော် ... သွားမယ်"
"အင်းပါဆို"
သူ မတ်တတ်ထလိုက်သည်။
"ပြန်တော့မလားကွ"
သင်းနိုင်က လှမ်းမေး၏။
"သွားဦးမယ်ဗျာ၊ သိပ်နေမကောင်းချင်ဘူး"
သူ ခြေလှမ်းရွှေ့သည်။

"ငါသိပါတယ်ကွနော်၊ တစ်နေ့ကလိုတော့ မကြာစေနဲပ"
ခွေးမသားဟု ဗထိုကို ဆဲလိုက်မိ၏။
သူက ခြံဝအရောက်တွင် မေသူကို တစ်ချက်လှမ်းကြည့်လိုက်သည်။ မေသူက သူ့ကို ပြုံးပြသည်ဟု ထင်လိုက်၏။
"အစ်ကိုအောင်တိုင် ပြန်ပြီလား"
မေစီနှင့် မိဇံတို့က သူ့ကို မြင်သဖြင့် လှမ်းမေးကြ၏။
နတ်ဆိုးမ နှစ်ယောက်ကို သူ ဘာမှ ပြန်မပြောဘဲ အပြေးကလေး လျှောက်လာ၏။ နှစ်ယောက်သား ခိုးခိုးခစ်ခစ် ရယ်၍ မေသူ့ဆိုင်ဘက် ၀င်သွားကြသည်။
 
၅။

ညက တစ်ရေးမှ အိပ်မပျော်မိဟု ထင်၏။ သို့သော် လန်းဆန်းနေသည်။ သူ့ဆုံးဖြတ်ချက်နှင့်သူ ပျော်နေ သည်။  အလွန်တက်ကြွနေ၏။
မနက်ထတွင် ခါတိုင်းလို အစ်ကိုကြီးအိမ်သို့ သူ မသွား။ မျက်နှာပူရမည့် အတူတူ ယခုကပင် ရှောင်နေတာပဲ ကောင်းတယ်ဟု တွေးမိ၏။ ညနေ မေသူနှင့်သူ ကမ်းကြီးသတ်က မေစီတို့ခြံထဲတွင် ချိန်းထားသည်။ မေသူ လာသည်နှင့် တစ်ခါတည်း ခိုးပြေးတော့မည်။ ပဲ့ချိတ်နှင့် နတ်မှော်ရွာကို ခိုးပြေးသွားမည်။ နတ်မှော်ရွာတွင် သူငယ်ချင်း ပသျှူးအောင်သြ ရှိသည်။ သူတို့ဆီက အခွံတွေ ၀ယ်ရင်း ရင်းနှီးနေကြသည်။ ပဲ့ချိတ်စီး၍ အမဲ ပစ်တင် အတူသွားဖူးထားသဖြင့် အားလုံး အဆင်ပြေ မည်။

ပဲ့ချိတ်ကို စိတ်ချလက်ချရှိအောင် သေသေချာချာ ပြုပြင်ထားမည်ဟု ကမ်းကြီးသတ်ဘက် သူထွက် လာခဲ့ ၏။ ပဲ့ချိတ်ပေါ်တက်၍ စက်ကို သုတ်သင်သည်။ သစ်သားပြားနှင့် ထိုင်ထားသော မူလီတွေ ကို စပန်နာနှင့် ခိုင်ခိုင်တင်းသည်။ ဆီထည့်၍ စက်နှိုးလိုက်၏။ ဘုတ်ဘုတ်ဘုတ်ဘုတ် မြည်သံနှင့် အတူ သူရင်ခုန်လာသည်။ ပျော်နေ၍ မျက်နှာကလည်း ပြုံးနေ၏။ စိတ်ချရပြီ သိ၏။ စက်သတ် လိုက်သည်။ ပဲ့ချိတ်ပေါ်က လှမ်း အတတ်တွင် မိဇံနှင့် ဆုံမိသွားသည်။ စက်သံကြားသဖြင့် လာကြည့်ပုံရ၏။
"အစ်ကိုတိုင်အောင် ပဲ့ချိတ် ထုတ်မလို့လား"
"မထုတ်ပါဘူး"
"ဘာလာလုပ်လဲ။ စက်သံကြားလို့ ဇံဇံ လာကြည့်တာ"
"ဘာလုပ်လုပ် နင့်အပူလား"

"အမယ် ... သူများ ချောင်းထဲမှာလည်း ပဲ့ချိတ်လာထားသေး။ သူများကိုလည်း စောင့်ခိုင်းထား သေး၊ တစ်ယောက်ယောက်လာပြီး ခိုးမောင်းပြေးသွား ဘယ့်နှယ့်လုပ်မလဲ၊ စက်သံကြားလို့ လာကြည့်တာပဲ။ ကျေးဇူးတင်ဖော်မရဘူး"
"ကဲ ကျေးဇူး ကမ္ဘာပါပဲတဲ့၊ ကျေနပ်ပလား"
"ကက်ဆက်ထဲက စကားပါလား၊ စိတ်ထဲကပါလို့ မဟုတ်ပါဘူးနော်"
သက်မ တစ်ချက်ချလိုက်မိသည်။ အရေးထဲ ခွေးမကဟု ဆဲချင်နေသည်။ ပါးစပ်ထဲက ဘယ်လိုလုပ် ပြီး ထွက်သွားမှန်းမသိလိုက်။

"မိုးကျနေပြီ သိလား၊ နင်တို့လည်း ကျေးဇူးတင်မနေနိုင်ဘူး၊ ရေနီဘက် ရေရောက်ရင် အဲဒီပြောင်း မလို့ လာကြည့်တာ"
"အမယ် သိပါတယ်နော်"
သူ လန့်သွားမိသည်။ သူ့အကြံကို မိဇံ တကယ်များ သိနေသလား၊ ဘယ်သူက ပြောပါလိမ့်၊ ဤနေ့ မေသူ နှင့် သူတို့ ထွက်ပြေးကြမည်ကို မေသူပင် တိတိကျကျ မသိသေး။ စိတ်ထဲ ဇဝေဇ၀ါ ဖြစ်သွား မိ၏။

"ဘာသိတာလဲ နင်က"
"ပြောတာ ကြည့်ပါလား၊ မေသူနဲ့ အစ်ကိုကြိးတို့ ယူကြတော့မယ်ဆိုလို့ အစ်ကိုအောင်တိုင် စိတ်ဆိုး နေတာ မဟုတ်လား"
တော်ပါသေးရဲ့ဟု သက်ပြင်း ချမိလိုက်၏။
"မေသူနဲ့ အစ်ကိုကြီးတို့ ယူကြတော့မယ်ဆိုတာနဲ့ ငါက ဘာလို့ စိတ်ဆိုးရမှာလဲ ဇံဇံရယ်"

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, August 27, 2011

ဖိုးကျော့ ၏ သမုဒယ ဤပင်လယ် အပိုင်း (၂၂)

မိုးကာအင်္ကျီကို ချွတ်လိုက်၏။ အဖီအောက်က ၀ါးလုံးတန်းပေါ် လွှားတင်လိုက်သည်။ မိုးကာအင်္ကျီမှ ကျနေ သော ရေပေါက်များအောက်သို့ ခြေတစ်ဖက်ကို ထိုးခံထားလိုက်၏။ ဖိနပ်ထဲက သဲပွင့်များကား လုံးဝ စင်မသွား။ စိတ်မရှည်သလို ဖြစ်မိ၏။ အဖီအောက်က တံစက်မြိတ်တွက် ခြေနှစ်ဖက်စလုံးကို သွားခံ လိုက်၏။ သလဲတွေ စင်သွားသောအခါ ဖိနပ်ချွတ်၍ အိမ်ပေါ်သို့တက်လာလေ၏။

"ထမင်းခူးလိုက်တော့မယ်နော် သား"
အမေ၏အပြုံးသည် ထူးခြားနေသည်ဟု ထင်မိလိုက်၏။
"ဟုတ်ကဲ့"
သူ့ပန်းကန်ပေါ်သို့ ဟင်းဖတ်တွေရောက်လာသည်။ အမေ့မျက်နှာကို တစ်စွေ့ကြည့်မိ၏။ စောစောက အပြုံးမျိုးကို ထပ်မြင်ရ၏။ ထမင်းလုတ်ကို ၀ါးရင်းကပင် အမေ၏မျက်နှာက သိသိသာသာပြုံးနေ၏။ သူက ထမင်းကိုသာ ကုန်းလွေးစားနေ၏။ ညနေပိုင်းဆိုလျှင် သူ့စိတ်သည် မေသူ့ဆီသို့သာ ရောက်နေ လေသည်။

"သား အစ်ကိုကြီးက ပြောပြီးပလား"
အမေ့မျက်နှာကို ထပ်ကြည့်ပြန်၏။ မျက်နှာပေါ်တွင် အပြုံးတို့ဝေတုန်း။
"ဘာကိုလဲ အမေ"
"သူ မိန်းမယူတော့မယ်ဆိုတာလေ"
"ဟင့်အင်း... ကျွန်တော့်ကို သူ ဘာမှမပြောဘူး၊ ဘယ်က မိန်းမလဲ၊ ဟိုဘက်ကမ်းကလား"
အမေ ရယ်လိုက်သဖြင့် သူ ကြောင်သွားသည်။ အမေ့မျက်နှာကို စိုက်ကြည့်နေမိ၏။

"နင် တကယ်မသိသေးဘူး"
"ကျွန်တော့်မှ မပြောတာ၊ ဘယ်ကလဲ အမေ"
"အဲဒါကြောင့် နင်ဟာ အရိပ်အကဲဆိုလို့ နည်းနည်းမှမသိတတ်ဘူးလို့ ငါပြောတာပေါ့၊ ဘယ်သူ ဟုတ်ရ ဦးမှာလဲဟဲ့၊ တရုတ်ကြီးသမီး မေသူနဲ့ပေါ့"

"ဗျာ... ဟုတ်... ဟုတ်လို့လား အမေရာ၊ အမေ့ကို ဘယ်သူပြောလဲ"
သည်တစ်ခါ သူ့အမေမျက်နှာကို မကြည့်ဝံ့တော့၊ ငိုသံပင် ပါသွားသလားဟု ထင်မိလိုက်သည်။ ဘယ်လိုမှတော့ မယုံကြည်နိုင်စရာ။ သို့သော် သူ့သံသယသည် ယခုတော့ အမှန်ဖြစ်သွားလေပလားဟု သူ ထိတ်လန့်စွာတွေးလိုက်၏။

အမေက သူ့မျက်နှာကို ကြည့်၍ဆိုသည်။
"နင့်အစ်ကိုကြီးက ကိုယ်တိုင်က ပြောတာ၊ ခု တရုတ်ကြီး နည်းနည်း ထူထူထောင်ထောင်ရှိချိန်မှာ လူကြီး စုံရာနဲ့ ပြောဆိုထားပါရစေလို့ မေသူ့ အဖေက ပြောတယ်တဲ့"
"အစ်ကိုကြီးကပါ လက်ခံလိုက်ပြီပေါ့"

"လက်မခံဘဲ နေမလားဟဲ့၊ ဒီလောက် အကုန်အကျခံပြီး ဟိုဘက်ကမ်းမှာ ကျောင်းထားပေးထားတဲ့ ဥစ္စာ၊ နင်သာတုံးလို့ မရိပ်မိတာ၊ ကာလသားတိုင်း သိတယ်၊ မောင်ထွန်းသောင်က အမေ့ကိုပြောတယ်၊ လာမယ့် အဖိတ်နေ့ညနေမှာ လုပ်ကြမယ်တဲ့၊ အစ်မနိုင်းက ကျွန်တော့်အမိပဲ၊ သတို့သားအမေအဖြစ် လိုက်ရမယ်တဲ့၊ ငါက ပြောလိုက်တယ်၊ သားကြီးမိန်းမယူပြီးရင် သားငယ် အောင်တိုင်ကိုလည်း ဇံဇံနဲ့ ၀ါမ၀င်ခင် ပေးစား ရမယ်လို့၊ နင်တို့ ညီအစ်ကိုတွေကို..."

သူ့နားထဲ ဘာမှဆက်မကြားတော့။ တစ်ကိုယ်လုံး မွှန်ထူသွားမိသည်။ ဟင်းခွက် ပန်းကန်များကိုလည်း မျက်စိ ထဲမှာ မမြင်မိတော့။ ငရုတ်သီးထောင်းကို တို့စရာမဲ့ နှိုက်စားလိုက်မိ၏။
"အမေ့ငရုတ်သီးထောင်းကလည်း စပ်လိုက်တာ၊ ကောင်းတာပေါ့အမေရာ၊ အစ်ကိုကြီးက ကျွန်တော့် တောင် မပြောဘူး။ ညနေဆိုင်မှာတွေ့မှ စရဦးမယ်၊ မေသူဆီမှာတော့ ဒီနေ့ မုန့်အ၀တောင်းစားရမယ်၊ ဟိုတစ်လောကပင် ကျွန်တော် ထင်တော့ထင်သား..."

ဘာတွေ လျှောက်ပြောလိုက်မိသည်မသိ။ မျက်လုံးထဲမှာ မျက်ရည်များကျလာ၏။ စပ်လိုက်တာ အမေ ရာဟု ထပ်ပြောသည်။ ရှူးရှဲလုပ်၍ ထမင်းဝိုင်းမှထလိုက်၏။ နောက်ဘက်သွားပြီး နှပ်ညှစ်သည်။ ရေအိုး ထဲက ရေတစ်မှုတ်သောက်လိုက်ရာ လည်ချောင်းထဲ ရေသီး၍ ချောင်းဆိုးသွား၏။
"ဟဲ့ တော်ပြီလား၊ ထမင်းတစ်ပန်းကန်တောင် မကုန်ပါလား"
အမေက လှမ်းမေး၏။

"တော်ပြီ အမေ၊ ဟဲ... ဟဲ... ဟီဟိ၊ အစ်ကိုကြီးတို့များ သိပ်လျှိုတာပဲ၊ သွားစဦးမယ်၊ အစ်ကိုကြီး မိန်းမ ယူတော့မယ်ဆိုလို့ ကျွန်တော် ၀မ်းသာလုံးဆို့သွားတာ၊ ထမင်းတောင် မ၀ခဲ့ဘူး၊ အစ်ကိုကြီး ကျွန်တော့် ကို ဒီည မုန့်အ၀ကျွေးရမယ်လို့ ပြောရမယ်၊ မပေးလည်း ဆိုင်ထဲက မုန့်တွေ အကုန်ယူစားရမယ်"
သူ့ရင်ထဲမှာ ငိုနေပြီ။ အရူးတစ်ယောက်လို ဖြစ်သွားပြီဆိုသည်ကို သူ မသိ။ အမေက သူ့ကို အံ့သြစွာ ကြည့် နေ၏။

သူ၏အပြောနှင့် အပြုအမူကို အမေ ယုံမယုံလည်း သူ မစဉ်းစားမိတော့။ ချက်ချင်း အိမ်ပေါ်က ဆင်း၏။ စောစောက တန်းပေါ် လွှားတင်ထားသော မိုးကာအင်္ကျီကို ပြန်ဝတ်သည်။
"ဟဲ့...နင် ဘယ်လိုဖြစ်သွားတာလဲ ချက်ချင်း"
"အစ်ကိုကြီး မိန်းမယူတော့မယ်ဆိုတော့ ပျော်... ပျော်လို့ အမေရယ်...၊ ကျွန်တော် ပျော်လွန်းလို့ဗျ၊ အစ်ကိုကြီးနဲ့ သွားတွေ့ဦးမယ်"

"ဟဲ့... လာမယ့် အဖိတ်နေ့ဆိုတော့ သုံးလေးရက်တောင် လိုသေးတာ၊ အမေ့ကို အစ်မလို ယုံလို့ ပြောတာ တဲ့၊ တခြားလူတွေ သိချင်မှ သိကြဦးမယ်၊ နင် ချက်ချင်း သွားမနောက်နဲ့နော်၊ ရှက်နေပါဦးမယ် ဟဲ့။ ငါ ပြောတာ ကြားလား အောင်တိုင်... ကြည့်စမ်း၊ မိုးရွာကြီးထဲ ငါပြောတာ နင်ကြားလား၊ ချက်ချင်း သွား မနောက်ပါနဲ့ဆို၊ မောင်ထွန်းသောင်က ရှက်တတ်ပါဘိနဲ့၊ ဟဲ့... ငါပြောတာ ကြားလားလို့"
အမှန်ပင် သူ မကြားမိတော့။ မိုးရွာကြီးထဲ ထွက်လာ၏။

မိုးစိပ်စိပ် ရွာနေသော်လည်း သူ့ရင်ထဲ ပူနေ၏။ သွေးရူးသွေးတန်းဖြစ်ပြီး ထွက်လာမိသော်လည်း ဘယ်ကို ခြေဦးလှည့်ရမှန်းမသိ။ အစ်ကိုကြီးကို သွားနောက်ဦးမယ်ဟု ပြောမိခဲ့သော်လည်း စင်စစ် အစ်ကိုကြီး၏ မျက်နှာကို သူမကြည့်ချင်။ အမေ့ကိုသာ ထင်တော့ထင်သားဟု ဆိုမိခဲ့သော်လည်း တကယ်ကမူ သူစိတ်ထဲ ဘယ်လိုမှထင်၍မရ။ အမေပြောတာကို သူ နားကြားလွဲတာလည်း ဘယ်လိုမှ မဖြစ်နိုင်။

ကောက်ရိုးပုံစောင့်သောခွေးဟူသော ဖေတင်၏စကားကို ကြားယောင်မိ၏။ ရှက်စိတ်သည် သူ့ငယ်ထိပ်  ပေါက်ထွက်မတတ် ဆူဝေနေ၏။ လောလောဆယ် သူ ဘာလုပ်ရမှန်းမသိ။

အစ်ကိုကြီး ငါ့ကို ရက်စက်လိုက်တာ၊ မေသူနဲ့ ငါ ကြိုက်နေကြပါတယ် ဆိုတာ အလျင်တစ်ခါ ပြောမိ လျက်နဲ့ မသိယောင်ဆောင်ပြီး မေသူကို သူလက်ထပ်မယ်တဲ့၊ မေသူကကော သူ့ကို ကြိုက်တယ် တဲ့လား၊ မေသူက သူ့ကို မကြိုက်ပါဘူး၊ သူ့ကိုသာ မေသူတကယ်ကြိုက်ရင် ငါ့အချစ်ကို မေသူ ဘယ်လက်ခံမလဲ၊ ငါနဲ့ မေသူကမှ တကယ်ချစ်ကြတာ၊ ခုမှ ချစ်ကြတာ မဟုတ်ဘူး၊ ဟိုးငယ်ငယ် တုန်းက မုန်တိုင်း ကြီး ထပြီးတဲ့ နှစ်ကပင် ချစ်ခဲ့ကြတာ၊ ဟိုဘက်ကမ်းမှာ ကျောင်းနေတုန်းကလည်း ဟိုဘက်ကမ်းက ကျောင်းသား ကျောင်းသူတွေ ကို မေသူ ပြောပြဖူးတယ်ဆိုတာပဲ၊ ငါ့ကို တကယ်မချစ်ရင် မေသူ ဘယ် ပြောပြမလဲ။ မေသူ တကယ်ချစ်တာက ငါ့ကိုပါ၊ မေသူနဲ့ ငါနဲ့ တစ်ည တွေ့ကြတော့ မေသူလည်း ငါ့ကို နမ်းတာပဲ၊ မချစ်ဘဲ နမ်းပါ့မလား၊ အစ်ကိုကြီးက ဒါတွေမသိလို့ မေသူ အဖေက ပြောတာ လက်ခံတာ နေမှာပါ။ 

ငါ့အပေါ် အစ်ကိုကြီး မရက်စက်ပါဘူး၊ မေသူ့အဖေ တရုတ်ကြီးက သူ ဘိန်းစွဲလို့ သေခါနီးမှာ ကြံမိကြံရာကို အစ်ကိုကြီးက တရုတ်ကြီး အသေဖြောင့် အောင် ခေါင်းညိတ်လိုက်တာများလား၊ အစ်ကိုကြီးကို တွေ့ပြီး ငါပြောရင် ဘာပြောမလဲ၊ ငါ အစ်ကိုကြီးကို အမှန်အတိုင်းသွားပြောပြတာပဲ ကောင်းပါတယ်လေ ခုလူတွေ အားလုံးသိကြသေး တာမှ မဟုတ်တာ၊ လာမယ့် အဖိတ်နေ့ဆိုတာလည်း သုံးလေးရက်လောက် လိုသေး တာပဲ၊ အမေ့ ကို  ယုံလို့ ဦးဆုံးပြောတာတဲ့ ၊ ငါ့အမေကို ဘယ်က ဘယ်လိုလဲ သေသေချာချာ မေးခဲ့ရ ကောင်းသား၊ တရုတ်ကြီးက အတင်းပြောလို့ အစ်ကိုကြီးက ခေါင်းညိတ်တာလား၊ မေသူကိုကော အစ်ကိုကြီး ပြောပြီးပြီလား၊ မေသူကကော အစ်ကိုကြီးကို ကြိုက်တယ်လို့ ပြောပြီးပလား၊ မေသူက တော့ အစ်ကိုကြီးကို မချစ်နိုင်ပါဘူး။

"ဟင် ညီလေး" ဟု လှမ်းခေါ်လိုက်သော အစ်ကိုကြီးအသံကို ကြားမှ သတိရမိ၏။ အိမ်ထဲကိုပင် ၀င်မိနေပြီ။ ပြန်ထွက်၍ မကောင်းတော့ လမ်းမှာ ဦးတည်ရာမဲ့ဖြစ်နေစဉ်က အစ်ကိုကြီးကို အမှန်အ တိုင်း သွားပြောမည် ဟု တွေးမိလိုက်သော အတွေးတစ်ချက်နှင့် သူတိတိကျကျ အရည်ရွယ်ဘဲ အစ်ကိုကြီး အိမ်ကို ၀င်မိနေ လေပြီ။
အစ်ကိုကြီးကိုရေဒီယိုဖွင့်ရင်း အိမ်ရှေ့တွင် အေးအေးလူလူ ထိုင်၍ တွေ့ရ၏။ အစ်ကိုကြီးအနားတွင် သူထိုင်ချလိုက်သည်။

"ညီလေး မိုးကာအင်္ကျီ ချွတ်ဦးလေကွာ စိုကုန်မယ်"
အိမ်ထဲ ၀င်ထိုင်မိသည်အထိ မိုးကာအင်္ကျီမချွတ်မိသေးသည်ကို အစ်ကိုကြီးပြောမှ သတိရ၏။ ကမန်း ကတန်း မိုးကာအင်္ကျီချွတ်ကာ အိမ်ရှေ့ တန်းပေါ်လွှာထားလိုက်၏။ အစ်ကိုကြီးက သူ့ကို ထူးထူးဆန်းဆန်း လှမ်းကြည့်နေသည်။ သူကမူ ယခုထိ အစ်ကိုကြီးမျက်နှာကို စေ့စေ့မကြည့်ရဲ သေး။ တကယ်တမ်းကျတော့ အစ်ကိုကြီးကို သူမမေးဝံ့၊ သူ့အမူအရာ မပျက်အောင်ပင် မနည်း ကြိုးစားနေရ၏။

"ထမင်းစားခဲ့ပလား ညီလေး"
"ဟုတ်ကဲ့"
"မြန်လိုက်တာ စောစောကပဲ ပြန်သွားတယ်၊ ဘာလို့ချက်ချင်းပြန်လာလဲ ကိစ္စရှိလို့လား"
"မ... မရှိပါဘူး အစ်ကိုကြီး"
သူသတိထား၍ ပြောသည်ကို အစ်ကိုကြီး ရိပ်မိသွားလေပလားဟု သူထင်လိုက်၏။ ခေါင်းထဲ မူးနောက်နေသည်။ ဘာလုပ်ရမှန်း မသိသေး။ အစ်ကိုကြီးကို တစ်ချက် လှည့်ကြည့်၏။ သိသာသည်။ အစ်ကိုကြီး သည် သူ့ကို ထူးထူးဆန်းဆန်း အံ့သြတကြီးကြည့်နေလေပြီ။

ရုတ်တရက် သူမက်တတ်ထရပ်လိုက်သည်။ အစ်ကိုကြီးက သူ့ကို အထိတ်တလန့် လှမ်းကြည့် သည်။ ဘာလဲ ညီလေးဟု လှမ်းမေး၏။ သူဟာလာ စက်ရှိရာသို့ ၀င်လာရင်း ပြော၏။
"ဟိုနေ့က အစ်ကိုကြီးပေးထားတဲ့ ရာတန်တစ်ရွက် ဘယ်နားကျမှန်း မသိဘူးဗျာ... အိမ်ရောက် တော့ အမေက မေးမှ သတိရတယ်၊ ကျွန်တော့်အထင် ဟာလာစက်နား ထွက်ကျတယ်ထင်လို့ ပြန် လာကြည့်တာ၊ ဟာ... တော်ပါသေးရဲ့ အစ်ကိုကြီးရယ်... တွေ့ပြီ၊ တွေ့ပြီ တော်သေးတာပေါ့၊ ဆန် လာခွဲတဲ့လူတွေ မြင်မသွားလို့"

ဟာလာစက်ထဲ ၀င်သွားပြီး ချက်ချင်းပြန်ထွက်လာကာ ပြော၏။
"ပိုက်ဆံကို နမော်နမဲ့ မေ့မထားပါနဲ့ ညီလေးရာ၊ အမေနိုင်း ပြောပြောနေတာ မှတ်မိတယ်မဟုတ် လား။ ပိုက်ဆံကို လူကခင်မှ ပိုက်ဆံက လူကို ခင်တယ်တဲ့၊ ပိုက်ဆံတစ်ရာဆိုတာ နည်းလား၊ ဘယ် နားက ထွက်ကျလို့လဲ၊ ဟုတ်တာပေါ့၊ ဆန်ခွဲလာတဲ့လူတစ်ယောက်ယောက် ရသွားရင် မဆုံးဘူး လား"
အဲဒါကြောင့် ကျွန်တော် ပြန်လာကြည့်တာ၊ တော်သေးတာပေါ့၊ ပြန်ရလို့ဟု ပြောပြီး မိုးကာအင်္ကျီကို လှမ်းဆွဲ၏။

"ညီလေး ထမင်းမစားခဲ့ရသေးဘူး မဟုတ်လား"
"ဟုတ်ကဲ့"
အစ်ကိုကြီး ရယ်သည်။ သူ့မှာမူ လုံးဝမရယ်နိုင်။ ချက်ချင်း ခြေလှမ်းရွှေ့၏။
"ညီလေး အဲဒီပိုက်ဆံရာတန်ကို အစိတ်တန်နဲ့ လဲသွားလေ၊ ကျပျောက်တော့လည်း အစိတ်ငါးဆယ် ဆို သက်သာတ်ာပေါ့၊ ညီလေးကြည့်ရတာ ဒီတစ်ရက် နှစ်ရက် ပြာလောင်သာလောင် ကျနေတာပဲ၊ ဘာဖြစ်လို့လဲ"

"မဟုတ်ပါဘူး အစ်ကိုကြီးရာ၊ မလဲတော့ပါဘူး၊ ရပါတယ်၊ ဟဲ.. ဟဲ.. နောက်တော့သတိထားပါ့မယ်"
"ဘာလဲကွ၊ ကောင်မလေးတွေရှေ့ ရာတန်နဲ့ ဈေးဝယ်ပြမလို့ မဟုတ်လား၊ ကိုယ့်ညီအကြောင်း တော့ ကိုယ်သိတယ်နော်၊ ညီလေး ရာတန်နဲ့ဈေးလာဝယ်ရင် လုံးဝပြန်မအမ်းဘဲ အကုန်ယူထား လိုက်လို့ မေသူကို အစ်ကိုကြီးမှာထားလိုက်မယ်၊ ကျပျောက်မှာစိုးလို့လေ"
မေသူဟူသော စကားကြောင့် သူ့ရင်ထဲ နင့်သွားပြန်၏။ မေသူ့ဆိုင်ကို စောစောသွားပြီး မေသူ့ကို မေးရ ကောင်းမှာပဲဟု ချက်ချင်း အတွေးပေါက်သွား၏။ သွားမည်ဟု ဆုံးဖြတ်ပြီးမှ အစ်ကိုကြီး ထမင်းစားလာဦးမှာပဲ ဟု ပြန်တွေးမိပြန်၏။ တိတိကျကျ သိချင်သဖြင့် ခြေလှမ်းပြန်တုံ့သည်။ အစ်ကိုကြီးကို ပြန်လှည့်ကြည့်၏။ အစ်ကိုကြီးကလည်း သူ့ကို ငေးကြည့်နေသည်။

"အစ်ကိုကြီး၊ ထမင်းစားပြီးပလား"
"မစားရသေးဘူး ညီလေး၊ ခုသွားမလို့"
သူ သက်မချလိုက်၏။
မေသူ့ဆိုင်ကို သူသွား၍မဖြစ်သေး။ အစ်ကိုကြီး ထမင်းစားလာသည့်နှင့်ဆုံနေလျှင် ဤတစ်ခါ သူ အဖြေ ရခက်မည်။ စောစောက သူ ထမင်းမစားရသေးဘူးဟု ပြောမိသည်ကို သတိရသည်။ အစ်ကိုကြီးအား မေသူ ထမင်းခူးခပ်ပေးလိမ့်မည်ကို တွေးမိသွား၏။ ရင်ထဲ ပို၍ပူလောင်လာသည်။ ရင်ထဲက ဝေဒနာသည် ထွက်အန်ကျလုမတတ် လည်ချောင်းဝ လာတစ်ဆို့နေသလို ခံစားနေရ၏။ 

မိုးက ပို၍သည်းလာသော်လည်း သူ့မှာ စိတ်ရောကိုယ်ရော ပူလောင်နေသည်။ မေသူနဲ့ အစ်ကိုကြီး နဲ့ မဖြစ်နိုင်ပါဘူးချည်း တွေးနေ၏။ မေသူ့ကို မေးကြည့်ချင်နေသည်။ မေသူက မကြိုက်ပါဘူး၊ အဖေက ပေးစားလို့ပါပြောရင်တော့ ငါ မေသူကိုရအောင် ယူရမယ်၊ ငါ့ကို အစ်ကိုကြီး သိပ်ချစ်ပါ တယ်။ တစ်ရွာရွာ ခိုးပြေးသွားရင် တစ်ပတ်နှစ်ပတ်နေပြီးမှ ပြန်လာ၊ အစ်ကိုကြီးက ခွင့်လွှတ်မှာပါ။ ခွင့်မလွှတ်လည်း နေ၊ မေသူကို ငါ ခိုးပြေးသွားရင် အစ်ကိုကြီးက ရှက်ပြီး သူပြန်သွားရင် သွားမှာ ပေါ့၊ မြိတ်မှာ ကျောင်းဆရာ လုပ်စားရင်လည်း အစ်ကိုကြီးက ထမင်းမငတ်ပါဘူး။ ပညာတတ်သား ပဲ။ တက္ကသိုလ်ကတောင် ထွက်လာ တာ။

"ဘာပြောလဲဟဲ့၊ နင့်အစ်ကိုကြီး နင် နောက်ထားခဲ့ပြီပေါ့၊ ပြိတ္တာလေး၊ သွားမနောက်ပါနဲ့၊ ရှက်နေဦး မယ်၊ တားတဲ့ကြားက သွားဖြစ်အောင် သွားသေးတယ်၊ နင်ကတော့လေ တကယ်... တကယ်"
ဒီအမေနဲ့လည်း တစ်ဒုက္ခပါလားဟု တွေးမိလိုက်၏။ သူအိမ်သို့ ပြန်ရောက်လာသည်ကိုလည်း သတိ ရမိ သည်။

"အစ်ကိုကြီးကို မတွေ့ခဲ့ပါဘူး အမေရာ"
"ဘယ်သွားလဲ"
"သူ့ဇနီးလောင်းအိမ် ထမင်းသွားစားတယ် နေမှာပေါ့"
"အေးပေါ့၊ ဒီအချိန် ထမင်းစားတဲ့အချိန်ပဲ၊ နင် သွားမနောက်နဲ့ဦးနော်၊ ငါ့သားကြီးက ရှက်တတ် တယ်ဟ"
သူ အော်ငိုချင်စိတ် ပေါက်သွားမိလေသည်။

၂။
မနေ့က အစ်ကိုကြီး ထမင်းစားပြီး သူ့အိမ်သူပြန်လိမ့်မည်အထင်နှင့် မေသူ့ဆီ သူရောက်သွား၏။ ထမင်း စားပြီးသော်လည်း အစ်ကိုကြီးက ခါတိုင်းနေ့တွေလို အိမ်မပြန်၊ ဆိုင်မှာ ဆက်နေ၏။ သူကမူ ရင်ထဲ တထိတ်ထိတ်နှင့် မျက်နှာပျက်ချင်နေသည်။ အစ်ကိုကြီးအပေါ်တွင် မေသူနှင့် မေသူ့အဖေ တို့၏ ဆက်ဆံရေးကို သတိထားမိ၏။ ပို၍ရင်းနှီးလာသယောင် ရှိသည်မှာအမှန်။ ရင်ထဲ နင့်နေမိ၏။ 

တစ်ညနေ လုံး မေသူနှင့် စကားပြောရန်စောင့်သည်။ မေသူကတော့ သိမည်။ အစ်ကိုကြီးကတော့ ရိပ်မိပုံ မရ။ ပိုက်ဆံတစ်ရာ ပျောက်သည်ကို တကယ်ထင်၍ မေသူ့ရှေ့ သူ့ကို နောက်နေ၏။ သူ ရင် ထဲမှာ မချိ၊ သွားဖြဲ၍ ပြုံပြနေရသော်လည်း ရင်ထဲက ငိုနေသည်။ လူကလည်း မရှင်း။ အပြန်မှာ အစ်ကိုကြီးနှင့်အတူ ပြန်လာရသည်။ 

ခါတိုင်းတွေ့နေကျလို ဆိုင်အပိတ်မှာ တစ်ခေါက်ပြန်ဦးမည်ဟု အတွေးနှင့် အစ်ကိုကြီး အိမ်အထိ လိုက်မပို့ပါနှင့် ပြော၏။ မရ။ အိမ်ထိ လိုက်ပို့သည်။ စိတ်ပေါက် ပေါက်နှင့် အစောကြီးအိပ်ယောင် ဆောင်၏။ အမေအိပ်သည်နှင့် မေသူတို့အိမ်သို့ ထလာသည်။ ဆိုင်ပိတ်ထားသည်ကိုလည်း မြင်ရ၏။ အိမ်ထဲတွင် မီးရောင်ပင် မရှိတော့ဘူးဆိုတာလည်း သိ၏။ သို့သော် မေသူတို့အိမ်နားက မခွာချင်သလို စိတ်ထဲခံစား နေရသည်။ 

မေသူ တပိုတပါးသွားရန် ဆင်းလာရင် သိပ်ကောင်းမှာပဲ ဟူသော အသည်းနှလုံး၏ တောင့်တချက်နှင့်အတူ သူ လေကာ ကျောက်တုံးနား တစ်ညလုံးထိုင်လိုက် ရပ်လိုက် အိမ်ဘက်ကြည့်လိုက်နှင့်နေခဲ့ရသည်။ မိုးရွာကြီးထဲတွင် မိုးကာအင်္ကျီဝတ်၍ စောင့်မိ၏။ မေသူကား လုံးဝမဆင်းမလာ။ ချိန်းထားတာမှ မဟုတ်ဘဲဟူေ သာ အသိစိတ်နှင့် မိုးလင်းခါနီးမှ ငိုရှိုက်၍ ပြန်လာမိ၏။ ဘယ်လိုဒုက္ခမျိုးနှင့်မှ မတူပါလားဟု တွေးမိ သော်လည်း စိတ်ကိုဖြေမရ။ သူ ဤလိုဒုက္ခခံစားနေရသည်ကို မေသူအား ပြောပြချင်နေသည်။ ဘာ ပဲဖြစ်ဖြစ် မေသူကို သူအရ ခိုးပြေးမည်။ အစ်ကိုကြီးပဲ့ချိတ်နှင့် တစ်ရွာရွာခေါ်သွားရမည်ဟု စိတ်ကို တင်းထား၏။

၃။
ခါတိုင်း မေသူဆိုင်ရှေ့ထိုင်နေတာ မြင်ရလျှင် ရင်ခုန်သည်။ ယခုတော့ မခုန်နိုင်တော့။ သူ့ရင်ထဲက အမြဲငိုရှိုက်နေမိ၏။ မေသူကမူ ဘာမှမဖြစ်သလိုပါလားဟု တွေးကာ ၀မ်းနည်းမိ၏။ ဆိုင်မှာ လူရှင်း ချိန်ဆို၍ နေ့ခင်းသာရှိမည်ဟု အထင်နှင့် နေ့ခင်းလာကြည့်၏။ သူ့အဖေကိုသာ တွေ့ရသဖြင့် ကမန်းကတန်း ပြန်ပြေးရ၏။ အစ်ကိုကြီး မရိပ်မိအောင်လည်း သတိထားရ၏။ မိုးရွာစပြုနေပြီဖြစ် သော်လည်း ညဆိုလျှင် လူကမရှင်း။ အစ်ကိုကြီးကလည်း အမြဲရှိနေ၏။ ထို့ကြောင့် ဤနေ့တော့ ညနေပိုင်း အစ်ကိုကြီး ထမင်းစား မလာမီလေးတွင် သူ အပြေးလာခဲ့ရ၏။ စက်စောစောပိတ်၍ အိမ် မပြန်ဘဲ မေသူ့ဆိုင်သို့သာ လာရ၏။ မေသူကို ဆိုင်တွင် ထိုင်၍တွေ့ရသောအခါ စိတ်အနည်းငယ် သက်သာရာ ရသွားလေသည်။ ခါတိုင်းလိုပင် ပြန်၍ ရင်ခုန်လာ၏။

မေသူအနား၌ပင် သူထိုင်သည်။ အချိန်မဟုတ်အခါမဟုတ် ရောက်လာသော သူ့ကို မေသူကလည်း ရိပ်မိပုံရ၏။ သူ့အဖေရှိရာဘက်သို့ မသိမသာ လှည့်ကြည့်သည်။ သူလည်း လိုက်ကြည့်၏။ သူ့အဖေ ကို မမြင်ရ။ အားရှိသွားသည်။ ရုတ်တရက် မေးမထွက်သေးသဖြင့် တံတွေးတစ်ချက် မျိုချကာ အား တင်းလိုက်သည်။

"အစ်ကိုကြီးနဲ့ မေသူနဲ့လာမယ့် အဖိတ်နေ့မှာ စေ့စပ်ကြမယ်ဆို ဟုတ်လား"
"ဘယ်သူပြောလဲ"
"အစ်ကိုကြီးက ပြောတာ"
မေသူက သက်ပြင်းချ၏။ သူလည်း ရုတ်တရက် ဘာဆက်ပြောရမှန်း မသိဖြစ်သွားသည်။
"ဟင်... မေသူ၊ မေသူ အစ်ကိုကြီးကိုပဲ ယူမယ်ပေါ့"
ဘာမှမပြော၊ သူ့မျက်နှာကို စိုက်ကြည့်နေ၏။
"တို့ကို မေသူ မချစ်ဘူးလား"
မျက်ရည် ၀ဲလာ၏။ နှုတ်ခမ်းကို မသိမသာ ကိုက်ထားသည်။ နှုတ်တုံ့မပြန်။
"ဟင်... မေသူ၊ တို့ကို မေသူ မချစ်တော့ဘူးလား"
"ချစ်... ချစ်ပါတယ်"
တိုးတိုးပြောသောအသံကို သူ့နားထဲ အကျယ်ကြီး ကြားလိုက်ရသည်။

"ဒါဆို ဒီနေ့ညနေ တို့ထွက်ပြေးရအောင် နော် မေသူနော်၊ အဖိတ်နေ့ဆိုတော့ သန်ဘက်ခါဖြစ်နေပြီ။ အချိန်မရှိတော့ဘူး"
"ဘယ်ကို ပြေးကြမှာလဲ"
"အိုး... ဒါကိုဘာမှမပူပါနဲ့၊ နတ်မော်မှာရော၊ မိကျောင်းရဲမှာရော၊ ငှက်သိုက်ကျွန်းမှာရော တို့အသိ တွေ အများကြီးရှိတယ်"
"အစ်ကိုကြီးမှာ သေနတ်ရှိတယ်"
"သေနတ်က လူမြင်ရမှ ပစ်လို့ရတာ၊ ကြောက်စရာ မရှိပါဘူး၊ တို့ တစ်ရွာရွာ သွားနေကြရင် အစ်ကိုကြီး ရှာမတွေ့နိုင်ပါဘူး"
မေသူက တွေနေပြန်၏။

"နော်... မေသူနော်... ဒီည ပြေးကြရအောင်"
"ညည အဖေက မအိပ်ဘဲ စောင့်နေတယ်။ ဟိုတစ်နေ့က အောက်မှာကြာသွားတော့ အဖေ ရိပ်မိ သွားတယ်။ ညဆို အောက်ဆင်းဖို့မလွယ်ဘူး"
"အတင်းပြေးဆင်းလာရင်ကော၊ တို့ တစ်ခါတည်း ပြေးကြမှာပဲ"
မေသူက သူ့ကို ထိတ်ထိတ်လန့်လန့် ကြည့်သည်။ မေသူ့အကြည့်ကြောင့် သူလည်း သတိပြန်ဆည် မိ၏။ သူ၏နှလုံးသားသည် မည်မျှပူလောင်ပြင်းပြလွန်းနေပြီဆိုသည်ကို သတိရလိုက်သည်။ သက်မ ချလိုက်မိ၏။ သို့သော် အပြောက မလျှော့။

"ဖြစ်ပါတယ်၊ မေသူ့အဖေ တို့ကို ပြေးမလိုက်နိုင်ပါဘူး။ နေမှ မကောင်းတာ"
"ခု နေကောင်းနေပြီ"
"နေကောင်းရင်လည်း အဘိုးကြီးပဲ။ မမီနိုင်ပါဘူး"
"သူကလည်း ညဆို အဖေ နေကောင်းလား၊ ဘာလားနဲ့ ရောက်ချင်ရောက်လာတတ်တာ"
"ဘယ်သူလဲ"
မေသူက မပြော။
"အစ်ကိုကြီးလား"
ခေါင်းညိတ်ပြသည်။

"သူက မေသူကိုချစ်တယ်၊ လက်ထပ်ယူမယ်လို့ ပြောပြီးပြီပေါ့"
"ဟိုတစ်နေ့ကမှ ပြောတာ၊ အဖေက ပြောပြောနေတာတော့ ကြာပြီ"
"မေသူက အစ်ကိုကြီးကို မချစ်ပါဘူးနော်"
ချက်ချင်း အဖြေမပေး။ သူ့မျက်နှာကို စိုက်ကြည့်နေပြန်၏။ သူ့ရင်ထဲ မချိအောင် ခံစားလိုက်ရသည်။ ကြောက်ရွံ့စိုးထိတ်စွာနှင့် အစ်ကိုကြီးကို မေသူလည်း ချစ်ပါတယ်ဟု မေသူပါးစပ်ကများ ထွက်လာ လေမလားဟု သူ့မှာ အသက်မရှူရဲ ဖြစ်မိသွား၏။

"ဟင်... မေသူ အစ်ကိုကြီးကို မေသူ မချစ်ပါဘူးနော်၊ အစ်ကိုကြီးက အသက်လည်း သိပ်ကြီးနေပြီ။ မေသူနဲ့လည်း မလိုက်ပါဘူး၊ ကက်ဆက်ဇာတ်လမ်းထဲကလို ပစ္စည်းမက်လို့ ယူလိုက်တာလို့ လူ ပြောခံ ရမှာပေါ့"
မေသူက ဘာမှပြန်မပြောဘဲ သူ့မျက်နှာကို စိုက်ကြည့်နေရာမှ မျက်လွှာချပစ်လိုက်၏။
"နော်... မေသူ၊ ဒီည တို့ ပြေးကြရအောင်"
"ည မဖြစ်နိုင်ပါဘူးဆို"
"ဒီလိုဆို ခုကော"
"အိမ်ထဲမှာ အဖေရှိတယ်၊ သိပ်မအော်နဲ့၊ ကြားသွားပလား မသိဘူး"
သူ့စိတ်ထဲမှာမူ မေသူ အသံကသာ ပိုကျယ်သလား ထင်မိ၏။ တကယ်လည်း သူ့အဖေ အတွင်းထဲ က ချောင်းဟန့်သံကို ကြားရသည်။

"သန်ဘက်ခါဆိုတော့... အင်း... တို့ မနက်ဖြန်ညနေ ပြေးကြမယ်၊ ဒီအချိန်ကို တို့ပြေးကြမယ်"
"နေ့ခင်းကြောင်တောင်ကြီး"
"နေ့ခင်း မဟုတ်ပါဘူး။ ညနေပါ"
"ဘယ်လိုလုပ် အိမ်က ထွက်ရမလဲ"

"လွယ်ပါတယ်၊ တို့ ကမ်းကြီးသတ်ဘက်က စောင့်နေတယ်။ မေစီနဲ့မေသူ ရင်းနှီးနေတာပဲ၊ နီးလည်း နီးနီးလေးပဲ၊ မေစီဆီ ခဏသွားမယ် ပြောပြီးထွက်လာခဲ့နော်။ တို့ မေစီကို တို့ခြံထဲက စောင့်နေမယ်၊ ဖြစ်ပါတယ်နော် မေသူ"
မေသူက တွေငေးနေပြန်၏။

"ဖြစ်ပါတယ် မေသူရယ်။ ဘာမှတွေးပူမနေနဲ့၊ မေစီတို့ခြံသာ လာခဲ့၊ တို့အဲဒီက စောင့်နေမယ်၊ မလာ ရင်တော့ ညကျရင် အိမ်ပေါ်တက်လာမယ်နော် ဒါပဲ၊ မလုပ်ရဲဘူးမထင်နဲ့၊ မိုးချုပ်လို့မှ ကမ်းကြီးသတ် ဘက် မလာရင် အပြန်မှာ ဆိုင်ထဲ ၀င်ဆွဲမှာပဲ၊ အစ်ကိုကြီးကိုလည်း ကြောက်မယ်မထင်နဲ့၊ တကယ် ၀င်ဆွဲမှာ၊ တို့ရင်ထဲ ဘယ်လိုဖြစ်နေတယ်ဆိုတာ မေသူ မသိပါဘူး"

သိပါတယ် မေသူလည်းဟု ပြောပြီး အိမ်ရှေ့ဘက်လှမ်းကြည့်၏။ စကားဖြတ်ထားသော်လည်း အိမ်ရှေ့တွင် မည်သူ့ကိုမျှမမြင်ရ။ ဈေးဝယ်လာသူလည်း မရှိ။ ကဲ... ပြောပါဦးဟု အောင်တိုင်က ပြောလိုက်၏။
"သန်ဘက်ခါ စေ့စပ်မယ်လို့ အစ်ကိုကြီးက ပြောတာ တကယ်လား ဟင်"

"ဟုတ်ပါတယ်ဆို၊ ဘာလို့လဲ"
"မဟုတ်သေးပါဘူး၊ အဖေနဲ့ မေသူ့နဲ့ကို ဘာမှမပြောပါလား၊ သိလည်း မသိဘူး"
သူ့ကို သူ့အမေများ နောက်တာလားဟု ကြောင်သွားမိသည်။ အစ်ကိုကြီးက ပြောတာဟု အတည် ပေါက်နှင့် ပြောခဲ့ရသော်လည်း မေသူ့စကားကြောင့် သူ့မှာ တွေသွားရပြန်သည်။ သူက မေသူ၏ မျက်နှာကို စေ့စေ့ကြည့်၏။

"မေသူ တကယ်မသိသေးဘူး"
"မသိသေးပါဘူးဆို၊ ဖြစ်လည်း မဖြစ်နိုင်ပါဘူး၊ သိပ်မလောပါနဲ့ဦး၊ ဘာမှန်းလည်း မသိသေးဘဲနဲ့"
"ဘာလို့ မသိရမှာလဲ၊ မေသူ ပြောတော့ အစ်ကိုကြီးက မေသူကို လက်ထပ်မယ်လို့ ပြောပြီးပြီဆို"
"အဖေက ပြောတာ ပြောတာပါ"

သူက ရှည်လျားသော သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်မိ၏။
"မေသူကို အစ်ကိုကြီးက တိတိကျကျပြောတာ မဟုတ်ဘူးလား"
"မဟုတ်ပါဘူးဆို"
"စောစောက ပြောတော့ ဟိုနေ့ကမှ ပြောတာဆိုတာကော"
"ဘာကို ဟိုနေ့ကမှလဲ"
"မေသူက ပြောတာကို ပြောတာ၊ အစ်ကိုကြီးက မေသူ့ကို လက်ထပ်ယူမယ်လို့ ပြောတယ်ဆို"
မေသူ ခဏတွေသွားပြန်၏။
"အဖေက ပြောတယ်လို့ အစ်ကိုကြီးက ပြောတာ"
"မေသူက ဘာပြန်ပြောလိုက်လဲ"
"ဘာမှ မပြောလိုက်ပါဘူး"
ခေါင်းကုတ်လိုက်မိသည်။ သူ့အထင်တွေက ပိုပြီး ဇဝေဇ၀ါဖြစ်လာလား ထင်မိသည်။
"မေသူက အစ်ကိုကြီးကို စကားမပြန်လိုက်သေးဘူးဆိုပါတော့"
"အင်း..."
ခေါင်းညိတ်ပြ၏။
သူက သက်ပြင်းရှိုက်သည်။

ဟိုမှာ အစ်ကိုကြီးလာနေပြီဟု မေသူက တိုးတိုးပြော၏။ သူ လှည့်ကြည့်လိုက်သည်။ ရေဒီယိုမြည် လာသံကို ကြားရ၏။ လူကို မမြင်ရသေး။ သူလည်း မှတ်မိ၏။ အစ်ကိုကြီး၏ရေဒီယိုကက်ဆက်သံ။
"စကားကို အေးအေးဆေးဆေး ပြောဖို့အချိန်မရဘူး။ ဒီလိုလုပ်၊ ဘာပဲဖြစ်ဖြစ် စကားပြောရအောင် မနက်ဖြန် မေစီတို့ခြံထဲ ဒီအချိန်လာခဲ့"

"မိဇံတို့ခြံထဲပဲ လာခဲ့မယ်"
"အကောင်းပြောရင် လာခဲ့၊ ခြံချင်းကပ်လျက်ပဲ။ ရတယ်၊ တို့ အဲဒီက စောင့်မယ်၊ ဆိုင်မှာ ပြောလို့ မကောင်းဘူး"
သူ ရေဒီယိုသံကို နားစွင့်၏။ ဦးပေါ်လာတို့အိမ်နားတွင် အစ်ကိုကြီး တစ်စုံတစ်ယောက်နှင့် စကား ရပ်ပြောနေပုံရ၏။ ရေဒီယိုသံက ပိုကျယ်မလာ၊ သူပြောစရာရှိသည်ကို  ကမန်းကတမ်းပြောရ၏။
"အဲဒါ မနက်ဖြန် ဆက်ဆက်လာခဲ့နော်၊ ထမင်းစားပြီးရင် ဆိုင်ကို တို့လာဦးမယ်"

"ဘာလာလုပ်မလဲ"
"မျက်နှာလာကြည့်မှာ၊ အိပ်ခါနီး မမြင်ရရင် အိပ်မပျော်ဘူး၊ ဆိုင်ပိတ်မှ အစ်ကိုကြီးနဲ့ အတူပြန်မယ်၊ အစ်ကိုကြီးက အိမ်ထိလိုက်ပို့တော့ ပြန်ပြီး တစ်ခေါက်လာရတာ ခက်တယ်၊ တစ်ညကလို လာရဦး မလား"
"မလာပါနဲ့ဆို၊ အစ်ကိုကြီး ရိပ်မိနေဦးမယ်၊ မှင်သေသေနေစမ်းပါ"
"မနက်ဖြန်ခါ မိဇံ အဲ... ယောင်လို့ မေစီတို့ခြံမှာ ဒီအချိန်နော်၊ ညနေလာပေမယ့် ထပ်မပြောတော့ ဘူး၊ လူရှင်းမှာလည်း မဟုတ်ဘူး၊ မိုးရွာရင် ကောင်းမယ်"
"အမယ်လေး ရှည်နေလိုက်တာ၊ ကဲ ဟိုမှာ အစ်ကိုကြီး လာပြီ ဒုက္ခပဲ"

"ရပါတယ် ဦးအောင်သိန်းရဲ့သီတာမြိုင် ဆေးတစ်ထုပ် ပေး၊ အမေမှာလိုက်တယ်လို့ ပြောမယ်"
မေသူ သီတာမြိုင်ဆေးထုပ် လှမ်းအပေးမှာ အစ်ကိုကြီးက ဆိုင်ရှေ့ရောက်လာ၏။ အံ့သြသလို တစ် ချက်ကြည့်၏။ အစ်ကိုကြီး ထမင်းစားတော့မလားဟု မေသူက လှမ်းမေးလိုက်၏။
"စားတာပေါ့၊ ညီလေးကော စားပြီးခဲ့ပလား"
"မစားခဲ့ရသေးဘူ အစ်ကိုကြီး၊ အမေက သီတာမြိုင်ဝယ်ခိုင်းလိုက်လို့၊ ပြန်ဦးမယ်၊ ထမင်းစားပြီးမှ ကျွန်တော် လာခဲ့မယ်"
နေသာနေသဖြင့် မနက်ဖြန်လည်း ဒီအချိန်နေသာရင် သိပ်ကောင်းမှာပဲဟု သူတွေးလာလေ၏။
"အမေဟာလေ၊ သူများကို တော်တော် အရူးလုပ်တယ်"
"ဘာလဲ သား"
သူ့ပန်းကန်ထဲ ဟင်းဖတ်လှမ်းထည့်သော အမေ့လက်က တုံ့သွားသည်။
"အစ်ကိုကြီး မေသူနဲ့ ယူကြတော့မယ်ဆိုတာ အမေပဲ ပြောတာပဲ"
"အေးလေ အဲဒါ ဘာဖြစ်လဲ"
"အစ်ကိုကြီး မေသူနဲ့  ယူကြတော့မယ်ဆိုတာ အမေပဲ ပြောတာပဲ"
"အေးလေ အဲဒါ ဘာဖြစ်လဲ"
"အစ်ကိုကြီးက ပြောတော့ မဟုတ်ပါဘူးဆို"
"ကြံကြံဖန်ဖန် ငါ့ကို သေသေချာချာ ပြောထားခဲ့တာ ၊ လာမယ့်အဖိတ်နေ့ သန်ဘက်ခါတဲ့၊ ငါတင် မကဘူး၊ ဦးအောင်စိန်ကိုလည်း ပြောပြီးပြီတဲ့၊ လူကြီးတွေအားလုံးကို ပြောပြီးပြီ၊ ငါမမှာလိုက်ဘူး လား၊ သွားမနောက်နဲ့၊ ရှက်နေပါဦးမယ်လို့၊ နင့်ကို ရှက်လို့ ပြောတယ်နေမှာပေါ့"
ပြုံး၍ အမြဲပြောတတ်သော သူ့အမေ၏မျက်နှာကို သူတစ်ချက် လှည့်ကြည့်သည်။ သူ့အမေများ မေသူနှင့်သူ ကြိုက်နေသည်ကို တစ်စွန်းတစ်စကြားသွား၍ တမင်ပြောတာလေလား၊ သူ့စိတ်ထဲ မတင်မကျဖြစ်နေ၏။ အမေ့ကိုထပ်မေး၍ အကြောင်းထူးတော့မည်မဟုတ်ဟု သူတွေးလိုက်သည်။ ညနေကျ လူကြီးတစ်ယောက်ယောက်ကို မေးမည်။ ပြီးတော့ ဆိုင်ပိတ်၍ အပြန်မှာ အစ်ကိုကြီးကို မေးမည်။ အမေက ပြောသည်နှင့်တော့ မလုံလောက်သေး၊ မေသူ့အပြောကလည်း မရေမရာ၊ သူ့မှာ ဘာယုံကြည်ရမှန်းမသိ။ ဤကိစ္စအတွက် သူရင်ထဲ မီးစွဲနေသည်မှာ တစ်ရက်နှစ်ရက်ရှိလေပြီ။

ထမင်းစားပြီးသည်နှင့် ဦးအောင်စိန်အိမ်သို့ ထွက်လာ၏။ ဦးအောင်စိန်ကို မတွေ့၊ ဘုန်းကြီးခေါ်၍ ကျောင်းသို့ သွားသည်ဟု ပြော၏။ ဦးအောင်စိန်မိန်းမက သူ့မျက်နှာကိုမြင်မြင်ချင်း "အောင်တိုင်တို့ များ သူ့အစ်ကိုကြီးမိန်းမရတော့မှာမို့ ပြုံးထားလိုက်တာ၊ မျက်နှာတစ်ခုလုံး သွားချည်းပဲ၊ နင် တော် တော် ပျော်နေတာပေါ့၊ နင်နဲ့ ဇံဇံကောဟဲ့၊ ဘယ်တော့ ယူကြမလဲ၊ ဇံဇံလေးက တော်တယ်နော်၊ ကက်ဆက်သီချင်းထဲကလို အမေ့ချွေးမ အလိမ္မာပါဟဲ့"ဟု ဆီးပြောသည်။ သူ့ရင်ထဲ အောင့်သွား၏။
ရင်နာနာနှင့် "ပြောတာပဲ ကြီးကြီးရယ်"ဟု လျှောချလိုက်ရ၏။
"ပြောတာပဲလားဟဲ့၊ သန်ဘက်ခါပဲ နားဖောက်ကြတော့မယ့်ဥစ္စာ၊ တို့တောင် လာဖိတ်ပြီးပြီ၊ နင့်အစ်ကိုကြီး မပြောဘူးလား"

"ဟုတ်ကဲ့၊ ပြောပါတယ်"
"ဒါနဲ့များ"ဟု ဦးအောင်စိန်မိန်းမက မျက်စောင်းထိုး၏။
သူနေ၍မရတော့။ ချက်ချင်း ခြေဦးပြန်လှည့်၏။
"ချက်ချင်းပဲလားဟဲ့၊ နင်ကလည်း မီးခဲ ဖင်ခုထိုင်ရတာ ကျနေတာပဲ၊ နေပါဦး ငါ မေးပါရစေဦး"
မတ်တတ်ပင် "ဘာလဲ ကြီးကြီး"ဟု မေးမိလိုက်၏။
"မောင်ထွန်းသောင်တို့ကတော့ သန်ဘက်ခါဆိုတာ တို့သိရပြီ၊ နင်နဲ့ မိဇံကကောဟဲ့ ဘယ်တော့လဲ"
အလိုလို ငိုချင်လာမိသည်။ ဆက်ပြောနေရလျှင် ငိုမိလိမ့်မည် ထင်သည်။
"နောက်တော့ သိရမှာပေါ့ ကြီးကြီးရာ"ဟု အသံကိုထိန်းပြောကာ သူထွက်လာသည်။

ဆက်ရန်.
>>>ဆက်ဖတ်ရန်>>> >>

Friday, August 26, 2011

ဖိုးကျော့ ၏ သမုဒယ ဤပင်လယ် အပိုင်း (၂၁)

၁၁။

အိမ်မပြန်ဘဲ သူအချိန်ဖြုန်းလိုက်သည်။ ညရှစ်နာရီနီးမှ မေသူတို့ အိမ်နားကို သွား၏။ အိမ်ဘေးက လေကာကျောက်တုံးကြားဝင်ကာ အခြေအနေကြည့်နေသည်။ ခါတိုင်းနေ့တွေ လိုပင် ရှစ်နာရီကျော်လျှင် အစ်ကိုကြီးက ရောက်လာသည်။ သတင်း ကြေညာအပြီးမှာ လူစဲသွား၏။ မေသူဆိုင်ပိတ်ကဲလားချမှ ဆိုင်ရှေ့ သူရောက်သွားသည်။ ကဲလားကို လက်နှင့် ပုတ်၏။ မေသူ လုံးဝအသံမပြုဘဲ အတွင်းထဲက ကဲလားကို ပြန်ပုတ်သည်။ ပိုသေချာပြီဖြစ်သဖြင့် အိမ်နောက်ဘက်က လေကာကျောက်တုံးနား သူထွက်လာသည်။ သူ့ရန်ခုနိသံကို သူပြန်ကြားနေ၏။ တစ်ကိုယ်လုံး ကတုန်ကယင်ကြီး ဖြစ်လာနေ၏။ မေသူ ဆင်းလာလိမ့်မည်ထင်သော အိမ်အနောက်ဘက်ကို စိုက်ကြည့်ကာ လေကာကျောက်တုံး နား သူ ထိုင်ချလိုက်၏။

လေကာကျောက်တုံးကြီးပေါ် ရုတ်တရက် လာကျသော လက်နှိပ်ဓာတ်မီးရောင်ကြောင့် ပို၍ ရင်ခုန်သွား၏။ ကိုယ်ကို ကျောက်တုံးနှင့် ကွယ်ထားလိုက်သည်။ လက်နှိပ်ဓာတ်မီး ရောင်နှင့်အတူ လူရိပ်ကိုပါ မြင်ရ၏။ သူရှိရာ ဘက်သို့လာနေသည်။ လက်နှိပ်ဓာတ်မီးက အပေါ်ကို မထိုး၊ မြေပြင်ကိုသာ ထိုး၍ လာနေ၏။
ကိုအောင်တိုင်။
မေသူ

ပုန်းနေသော ကျောက်တုံးကြားမှ ခုန်ထွက်ပြီး မေသူကို ဖက်ထားလိုက်၏။ မေသူလက်ထဲမှ ဓာတ်မီးပင် လွတ်ကျသွားသည်။ သူက  မေသူ၏ လက်နှိပ်ဓာတ်မီးကို ငုံ့ကောက်ရင်း မေသူ၏ လက်တစ်ဖက်ကိုလည်း ဆွဲလိုက်၏။ မေသူ ထိုင်ချလိုက်သောအခါ မေသူ၏ ကိုယ်လုံးမှာ သူ့ရင်ခွဲထဲ ရောက်သွားလေ၏။ မေသူက မသိမသာ ရုန်းသည်။ ဘာပြောမှာလဲ မြန်မြန်ပြော၊ အဖေနိုးလာလို့ ခေါ်နေရင် သိနေဦးမယ် ဟုဆို၏။
ညကြီးမင်းကြီး သမီးကို အဖေက ဘာကိစ္စခေါ်ရမှာလဲ။

တစ်ခုခုခိုင်းချင်လို့ ခေါ်ရင်ပြောတာ။
နေကောင်းနေပြီ၊ ဘာမှ မခိုင်းဘူးစိတ်ချ။
သူက သိတယ် ဟူသော မေသူ၏ စကားမဆုံးခင် ရှည်လျားသော အနမ်းကြောင့် မေသူက ကိုယ်ကို ရွံ့လိုက်၏။ အောင်တိုင်က ပို၍ တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်မိ၏။
ကဲ....ပြောလေ...ဘာပြောမလဲ။
ဘာမှ မပြောတော့ဘူး၊ ဒီလိုနေတာပဲ ကောင်းတယ်။

မေသူက တွန်းဖယ်ပစ်လိုက်သော်လည်း ယှက်ထားသော လက်က ပြုတ်မသွား၊ အောင်တိုင်က တခစ်ခစ် ရယ်ကာ ပို၍ တင်းတင်းကျပ်ကျပ် ဖက်ထားမိ၏။
ရယ်တာကလည်း ကျယ်လိုက်တာ၊ သူများမနေတတ်ဘူး၊ တစ်မျိုးကြီးပဲ ဟု မေသူက ကြားရုံမျှ လေသံနှင့် ပြော၏။
တိုးတိုးလေး ပြောမယ်။
ပြော
သိပ်ချစ်တယ်။
ရှည်လျားသော သက်ပြင်းရှိုက်သံနှင့်အတူ အနမ်းလည်း ရှည်လျားသွား၏။ မေသူက ကိုယ်ကို ရွံ့ပြန်၏။

တော်ပြီ။
နေပါဦး၊ အေးအေးဆေးဆေး ပြောချင်လို့ပါဆို။
ဘာပြောမလဲ ပြောလေ။
ဘာပြောရမှန်းတောင် မသိတော့ဘူး၊ အိုး....နာတယ်ဗျ။
မေသူက ဆွဲဆိတ်သဖြင့် သူရယ်မိလိုက်သည်။
အမေနဲ့ အစ်ကိုကြီးကို ပြောခိုင်းလိုက်မယ်။
ဘာပြောခိုင်းမှာလဲ။
ဝါမ၀င်ခင် ရက်မြတ်ကိုရွေး...လက်ထက်ဖို့အရေး။

သူ့ကို သီချင်းဆိုခိုင်းတာ ကျနေတာပဲ.
ပျော်လို့ပါမေသူရယ်၊ ဒီလိုတွေ့ရဖို့အရေး၊ တို့ဘယ်လောက် စွန့်စားရတယ်မှတ်လဲ၊ ညနေကလည်း အမေ့ကို လိမ်ရ၊ အစ်ကိုကြီးကို လိမ်ရနဲ့ လူကို သေချင်စိတ်တောင် ပေါက်သွားတာ။
ဘယ်လို လိမ်ထားခဲ့လဲ။
အမေ့ကို  အစ်ကိုကြီးအိမ် သွားအိပ်မယ်ပြောပြီး အစ်ကိုကြီးကို နေမကောင်းလို့ ဆေးတောင်း သောက်ဖို့ လာတာ ပြောရတယ်၊ ဆေးသောက်ပြီးတော့ အိမ်ပြန်အိပ်ဦးမယ် ပြောရပြန်ရော၊ မေသူနဲ့ နေ့ခင်းက တွေ့ပြီး မှ အစ်ကိုကြီးက အမဲပစ်သွားရအောင်တဲ့၊ စိတ်ညစ်လိုက်တာ၊ မနည်းဟန်ဆောင်ပြီး လိမ်ခဲ့ရတယ်။
အစ်ကိုကြီးက ယုံပါ့မလား။

မေသူက သက်ပြင်းချ၍ ပြော၏။
ယုံပါတယ်။
ယုံလိမ့်မယ်အားကြီး၊ အစ်ကိုကြီး ရိပ်မိလား မသိဘူး၊ တစ်နေ့က မေးတယ်သိလား။
ဘာမေးတာလဲ။
မေသူ က ရုတ်တရက် စကားမပြောသဖြင့် ဘာမေးတာလဲ ပြောပါဦး ဟု ဆိုရ၏။
အောင်တိုင်နဲ့ မေသူနဲ့ ကြိုက်နေကြလားတဲ့။
မေသူက ဘာပြန်ပြောလိုက်လဲ။
မဟုတ်ပါဘူး ပြောရတာပေါ့။
သေလိုက်ပါတော့၊ ဘာလို့ အမှန်အတိုင်း မပြောလိုက်လဲ။

ပြောလို့ ကောင်းမလား။
ဘာလို့ မကောင်းလဲ၊ နားဖောက်ပြီးသား ဖြစ်သွားတာပေါ့၊ နောက်တစ်ခါ မေးရင်  ပြောလိုက်နော်။
မေသူက တွေနေ၏။
မေသူ
ကိုယ်ရွံ့၍ ထူး၏။
နောက်တစ်ခါ မေးရင် ပြောလိုက်နော်။
မပြောပါဘူး။
ပြောလိုက်ပါဆို။
ရှက်စရာကြီး။

ဘာမှ ရှက်မနေနဲ့၊ တို့ကိုမမေးလို့၊ မေးရင် ပြောလိုက်မယ်၊ မေသူနဲ့ တို့ချစ်နေကြတယ်၊ ငယ်ငယ်တုန်းကပင် ချစ်ခဲ့ကြတာ၊ မုန်တိုင်းကြီးတဲ့ နှစ်ကပင်ပေါ့၊ ခုလည်းမေသူတို့ အိမ်နောက်က လေကာကျောက်တုံးကြီးနား ညတိုင်းချိန်းတွေ့ကြတယ် အစ်ကိုကြီးရယ်လို့ ပြောလိုက်မယ်။
အိုး.....မဟုတ်တာ၊ ဘယ်မှာ... ညတိုင်း ချိန်းတွေ့ကြလို့လဲ။
နောက်ဆို ညတိုင်း တွေ့ကြမယ်လေ၊ ဒါမှ အစ်ကိုကြီးကလည်း ။
အို....နားထောင်စမ်း၊ ဟင်...ဘာတွေလဲဟင်။
မေသူပြောမှ အောင်တိုင် နားစွင့်မိ၏။

သူတို့ ရေနီပိုင်းက လူတွေ အော်ခေါ်နေကြသံကို ကြားရ၏။ နောက်ဆူညံဆူညံ ပြောကြ ဆိုကြသံတွေကိုလည်း ကြားလာရသည်။ တစ်ခုခုတော့ ဖြစ်ကြပြီဟူသော စိုးရိပ်စိတ်နှင့် နှစ်ယောက်သား ပြိုင်တူ ထရပ်လိုက်မိကြသည်။
မေသူက သူ့လက်ကို တင်းတင်းဆုပ်ကိုင်ထား၏။ သူကလည်း မေသူကို တင်းတင်း ပြန်ဖတ်ထားမိသည်။
ဆူညံဆူညံနှင့် ပြောကြဆိုကြသံများသည် ရေနီပိုင်း ရောက်လာ၏။ ဦးအောင်စိန်၏ အသံသြကြီးကို ကြားရ၏။ ဖေတင်ရှိလာဟု အိမ်ရှေ့က ခေါ်မေးနေသည်။ ရှိတဲ့အကြောင်း ဖေတင်ပြန်ပြောသံကို ကြားရသည်။

ဘာပါလိမ့် ဟုသူတို့နှစ်ယောက် အသက်ပင် မရှူပဲ နားစွင့်နေကြ၏။
ညနေက နေမကောင်းဘူး အစ်ကိုကြီးအိမ် ဆေးတောင်းသောက်ဦးမယ် ဆိုပြီး ထွက်သွားတာ။ မောင်ထွန်းသောင် အိမ်မှာ ကက်ဆက်ခွေအသစ်နားထောင်ရင်း အိပ်မယ်ဆိုတော့ ကျွန်မ စိတ်ချ နေတာပေါ့၊ စောစောကမှ မောင်ထွန်းသောင်လာလို့ သိရတာ၊ မောင်ထွန်းသောင်ကို ပြောတော့ အိမ်ပြန်မယ် လို့ ပြောသွားတယ်တဲ့၊ ခုသန်းခေါ်တိုင်နေပြီ၊ ကျွန်မသားလေး အိမ်ပြန်မရောက်သေးဘူး လုပ်ကြ ပါဦး။
ဒီအမေနဲ့တော့ ဒုက္ခပဲ၊ ကဲမေသူတို့ မြန်မြန်လစ်မှ ဖြစ်တော့မယ်။
မေသူကလည်း သွားသွား မြန်မြန်သွားဆိုသဖြင့် သူ့အမေအသံကြားရာသို့ အောင်တိုင် အပြေးကလေး ထွက်လာရ၏။

တစ်နေရာရာ သွားနေတာ ဖြစ်ပါလိမ့်မယ် အနိုင်းရာ၊ ဒီလောက်လည်း ပူမနေစမ်းပါနဲ့။
ဦးအောင်စိန်က ပြောသည်။
ကျွန်တော်တို့က အောင်တိုင်ကို ဘာဃာတမှ မထားပါဘူး အဒေါ်နိုင်းရာ၊ အဲဒီနေ့က ကျွန်တော်တို့လည်း နည်းနည်း ပါးပါး သောက်စားလာလို့ အောင်တိုင်ကို စာမိရာက ဖြစ်ကြတာပါ။ အဘ အောင်စိန် ရှေ့မှာလည်း ကျွန်တော်တို့ ၀န်ခံပြီးပါပြီ။
ဖေတင်စကားမဆုံးခင်ပင် အောင်တိုင်က လူအိုပ်နား ရောက်သွားသည်။ အမေ့အနားတွင်  အစ်ကိုကိုလည်း တွေ့ရ ၏။ ဦးအောင်စိန်၊ ဖေတင်တို့အဖေ၊ ပိုးသီးတို့ အဖေကိုပါ ဖေတင်တို့အိမ်ရှေ့တွင် ရပ်၍ တွေ့ရ၏။ သူတို့ နောက်တွင်လည်း မိန်းမယောက်ျား ကလေးသူငယ်များက တစ်အုပ်ကြီး။

သူ့ကို မြင်သောအခါ အားလုံးက အံ့အားသင့်သွားကြသည်။
ဘာဖြစ်လို့လဲဗျ။
သိပြီးပြီဖြစ်သော်လည်း အောင်တိုင်က မှင်နှင့်မောင်းနှင့် ၀င်ရ၏။
အောင်မယ်လေး မောင်ရာ၊ မင်းအမေကိုသာ မေးကြည့်ပါတော့၊ မင်းပျောက်သွားတယ်ဆို ပြီး ငါတို့မှာ မအိပ်ရမနေရနဲ့၊ မြင်တဲ့အတိုင်းပဲ။
ဦးအောင်စိန်က စပြော၏။

ဟုတ်ပါ့တော်၊ ကြားပဲ မကြားဖူးဘူး၊ ကျူပ်တို့သားကပဲ အကောင်ပျောက်လုပ်လိုက်သလို မင်းမဲ့ တိုင်းပြည် ကျနေတာပဲ။
ဟုတ်သားပဲ၊ အမေကလဲဗျာ။
ဖေတင်၏အမေ စကားမဆုံးခင် အောင်တိုင်က သူ့အမေကို စေ့စေ့ကြည့်၍ ပြောလိုက်၏။
ဘာအမေကလဲဟဲ့၊ င့ါမှနင့်တစ်ယောက်ကြောင့် ဘယ်လောက်စိတ်ဆင်းရဲရ မှတ်လဲ၊ နင် မောင်ထွန်းသောင် ကို ပြောတော့ အိမ်ပြန်အိပ်မယ်လို့ ပြောခဲ့တယ်ဆို၊ အိမ်ကိုရောက် လို့လား၊ နေမကောင်းဘူးဆိုတော့ မောင်ထွန်းသောင်ကလည်း စိုးရိပ်ပြီး သက်သာလား၊ ဘယ်လိုနေလဲ၊ လာကြည့်မှ နင်ဘယ်ရောက်လို့ ဘယ်ရောက်မှန်း မသိ၊ ဘယ်ပျောက်လို့ ဘယ်ပျောက်မှန်းမသိ၊ ငါကနင့်အမေဟဲ့အောင်တိုင်ရယ်၊ မစိုးရိမ် ဘဲ နေမလား၊ ကဲ...ခုနင် ဘယ်ကပြန်လာတာလဲ ပြောစမ်း။

ကမ်းကြီးသတ်ဘက်က။
အောင်တိုင် ၏ ဒေါသ နှင့် တုံးတိတိအပြောကို အားလုံးက ၀ိုင်းရယ်ကြ၏။
သူကလည်း ပြောပြီးမှ နောင်တရမိလိုက်သည်။ နှုတ်ကျွံသွားပြီ၊ ပြန်နုတ်မရတော့။ ပြန်ပြောလျှင်လည်း ယုံကြည်တော့မည်မဟုတ်။ အားလုံူး၏ ၀ိုင်းအကြည့်တွင် အောင်တိုင် သည် ကမ်းကြီးသတ်ဘက်က မိဇံဆီ သွားနေသည် ဟု အဓိပ္ပာယ်ရသွား ကြပုံတည်း။
အဲဒါပဲ အနိုင်းရယ်၊ အချက်မသိတော့လည်း ဆက်ရက်ချိုးထင်ဆိုလား၊ ဟဲ...ဟဲ နင်တို့ဟာ ကလည်း ရပ်ကျော်ရွာကျော် ဖြစ်နေတာပဲ။ ပေးစားရင်လည်း မြန်မြန် ပေးစားလိုက်ကြ။
ဟုတ်သားပဲ ငှက်မသိတော့လည်း သမက်သူခိုးထင်တဲ့ ဟဲ..ဟဲ။

ဦးအောင်စိန် ၏ စကားကို ဖေတင် တို့အမေကပါ နှုတ်သီးကောင်းလျှာပါး စော်ကား၏။
မည်သူ့ကိုမျှ စကားမပြောတော့ဘဲ  လူအုပ်ထဲကသာ သူလှမ်းထွက်လိုက်၏။
ကျုပ်ကိုမှ မပြောခဲ့တာ သိမလားတော့။
ဟဲ့...ဒီကိစ္စက အမေ့ကို ပြောရမယ့်ကိစ္စလာဟဲ့၊ နင့်ကိုကယေက်ယက်ခတ်နေတာ။
ကြားနေရသော အသံများကို နားပိတ်၍ သူပြေးလာလေ၏။

၁၂။

အမေနိုင်းကို သေသေချာချာ ပြောခဲ့နော်ညီလေး၊ နို့မို့ဟိုတစ်နေ့ကလို သားပျောက် ရှာတာနဲ့ တစ်ရွာလုံး အုတ်အော် သောင်းတင်းဖြစ်နေဦးမယ်ကွာ၊.ဟဲ...ဟဲ။
အမေ က အလကားပါ အစ်ကိုကြီးရာ။
မိခင်ကိုး ညီလေးရာ၊ ညီလေးတို့ အစ်ကိုကြီးတို့လည်း မိဘဖြစ်လာမှ ခံစားတတ်မယ်၊ ခုနေတော့ ဘယ်သိဦးမလဲ။
ထိုနေ့က အဖြစ်အပျက်ကို တစ်လမ်းလုံး သူတွေးလာသည်။ အိမ်ကို သူအလျှင်ရောက်၏။ အစ်ကိုကြီးနှင့် အမေက နောက်မှ ရောက်လာကြ၏။
ငါ့ကို ပြောခဲ့ပါလားဟဲ့ မိဇံဆီကိုလို့် မပြောချင်ရင်လည်း အစ်ကိုဂေါလာတို့ဘက်လို့ ပြောပါလား၊ အဲဒီလိုဆို မသိဘဲ နေပါ့မလား၊ ငါလည်း ငယ်ရာကကြီးလာတာပါဟဲ့၊ ဘယ်သူမှ နတ်ရေကန်ထဲ ပစ်ချပြီး ကြီး လာကြတာ မဟုတ်ပါဘူး။

တော်စမ်းပါ အမေရာ။
အစ်ကိုကြီးရှေ့မို့ သူက အော်ပစ်လိုက်၏။ အစ်ကိုကြီးကတော့ ဘာမှဝင်မပြော၊ သားသမီးနှစ်ယောက် ကို ကြည့် ၍ ပြုံးနေ၏။
မိဇံဆီ ကျုပ်ဘယ်တုန်းက သွားလို့လဲဟု ပြောချင်၏။ သို့သော် ပြော၍ မဖြစ်၊ မိဇံဆီ မဟုတ်ရင် ဘယ်သူ့ဆီလဲ၊ ဟိုတရုတ်မဆီ ဆိုပါတော့ ဟုစကားရှည်လာမည် စိုး၍ ငြိမ်ခဲ့ရ၏။
အိမ် ရောက်၍ ထမင်းစားပြီးမှ အမေ့ကို ပြောသည်။
အမေရွာရိုး ကိုးပေါက် ဟိုလူ့ကို ဒီလူ့ကို လုပ်မနေနဲ့ဦး၊ ကျွန်တော်အစ်ကိုကြီးနဲ့ အမဲပစ်သွားမလို့ဟု ပြောပြီး အိမ်က ထွက်လာသည်။

မေသူတို့အိမ်ရှေ့ ရောက်သောအခါ ဈေးဆိုင်ကို လှည့်ကြည့်၏။ မေသူအဖေ တရုတ်ကြီးက ဆိုင်ဘေးတွင် မှေးထိုင်နေသည်ကို တွေ့ရ၏။ မေသူရှိရင် သိပ်ကောင်းမှာ၊ အစ်ကိုကြီးနဲ့ အမဲပစ်သွားဦးမယ်၊ ဒီနေ့ည တို့ မလာဘူး ဟု ပြောထားရကောင်းသားဟု တွေးမိသည်။
သူပျောက်၍ အမေရှာကပင် ပြဿနာအားလုံးတော့ ရှင်းသွားသလိုရှိသည်။ ညဦးတိုင်း မေသူဆီကို သူသွားခွင့်ရသည်။ ဖေတင်တို့ ပိုးသီတို့လည်း မေသူဆိုင်ရှေ့တွင် သူနှင့်ပင် ခေါင်းပန်းလှန်လိုက် ထွေခင်းလိုက် ပိုက်ဆံကြေး ကစားနေကြပြီ။

သူ့စိတ်ထဲမတွေ့ တာကတော့ ရှိနေသေး၏။ ကမ်းကြီးသတ်က မိဇံနှင့်မေစီတို့သည် ညနေတိုင်း ဆိုင်မှာလာ ထိုင်နေကြခြင်းနှင့် မေသူကို ညညတွေ့ကြရအောင် အိမ်ပေါ်က ခေါ်ချ၍ မရခြင်းတို့ပင်။ ထိုနေ့ကပင် မသူနှင့် သူသည် နှစ်ယောက်ချင်း စကားပြောရန် အကွက်မရ ဖြစ်နေ၏။ ဆိုင်ပိတ်၍ အလျှိုအလျှို ပြန်ကြလျှင် သူက မေသူနှင့် နှစ်ယောက်တည်း တွေ့ရန်စောင့် ချင်သည်။ သို့သော် အစ်ကိုကြီးက လာ ညီလေး ပြန်ကြမည် ဟုနေ့တိုင်းခေါ်တတ်၏။ အိမ်အရောက်လည်း လိုက်ပို့တတ်သည်။ အစ်မနိုင်း၊ အောင်တိုင် ကို ကျွန်တော် ပြန်ပို့ခဲ့ ပြီနော်။ မိဇံသွားတွေ့မည်ဟု လိမ်ပြောပြီး ပြန်ထွက်ရကောင်း မလားဟုပင် တစ်ခါတစ်ခါ တွေးမိ၏။ သို့သော် ယခင်က မိဇံနှင့် တိုက်ရိုက်မပတ်သတ်သော နှုတ်ကျွံမှုကိုပင် သူ့မှာ ပြန်နုတ်မရ ဖြစ်ခဲ့သဖြင့် မိဇံနှင့် ပတ်သတ်၍ လုံးဝမဟရဲ၊ ယခုပင် မဟုတ်ဘဲနှင့် ရပ်သိရွာထင် ဖြစ်နေကြ သည်ကို သူမကျေနပ်။

ရယ်မောကြသံကြား၍ သူလှည့်ကြည့်လိုက်သောအခါ ကမ်းကြီးသတ်ဘက်က မေစီတို့ အိမ်ရှေ့ ရောက်နေပြီ ဆိုတာ သိလိုက်ရ၏။ ဘာပြောနေကြသည်ကို မသိ။ မေစီတို့ အိမ်ရှေ့ အုန်းပင်အောင်တွင် မေသူ၊ မိဇံနှင့် မိဇံတို့ကိုပါ တွေ့လိုက်သည်။
ဘယ်လဲဟု မေစီက လှမ်းမေးသည်။
အစ်ကိုကြီးက လွှတ်လိက်လို့ဟုသာ နှုတ်ထွက်မိသေး၏။ မိဇံစကားက ချက်ချင်း ပေါက်ပေါက် ဖောက်ပစ် လိုက်သည်။

အစ်ကိုအောင်တိုင် ပဲ့ချိတ်ထုတ်မလို့ လာတာမဟုတ်လားဟင်၊ ဇံဇံတို့လည်း လိုက်မယ်၊ မျှားတွေ သိပ်းပြီးကတည်းက ပင်လယ်နားမရောက် ဖြစ်တာအတော်ပဲ၊ မေစီတို့ မေသူတို့လည်း လိုက်မှာပဲ၊ လာဟေး တို့ပဲ့ချိတ်စီးပြီး ပင်လယ်နား သွားရအောင် ဟူသော အသံကို ချက်ချင်း ညံစီသွားသည်။ တကယ်ပင် သုံးယောက် စလုံး သည် ထလိုက်လာကြ၏။ ငါးတဲ သိမ်းလိုက်ပြီ ဖြစ်၍ မိဇံက ညနေတိုင်း အားနေသလို မေသူ ကလည်း ယခု သူ့အဖေကို ဈေးရောင်းခိုငးထားပြီး လွတ်လပ်နေပုံရ၏။ မေသူက လည်း ပါမည် ဆိုသဖြင့် အောင်တိုင်က လုံးဝကန့်ကွက်စကားမဆို၊ ပဲ့ချိတ်မော်တော်တွင် သူတို့သုံးယောက်ကို တင်၍ ပင်လယ်ဘက် ထွက်လာ၏။ ရေသေချေင်းဝအရောက်တွင် မိဇံက သူ့ကို ဆားငန်ရေနှင့် တစ်ချက် လှမ်းပက်၍ စ၏။

ငါကျောက်ဆောင်နဲ့ ၀င်တိုက်ပစ်လိုက်လို့ အကုန်သေကုန်မယ်နော်၊ ငြိမ်ငြိမ်လိုက်တာ မဟုတ်ဘူး ဟု အောင်တိုင်က မာန်လိုက်၏။ မေသူက သတိထားမိသည်။ မေသူက မိဇံနှင့် အောင်တိုင်၏ မျက်နှာကို မကြာခဏ အကဲခတ်ကြည့်သည်ဟု ထင်၏။ မေစီကလည်း မိဇံနောက်သလို ရေနှင့် လှမ်းပတ်၍ တစ်လမ်းလုံး နောက်လာ၏။
ကဲ နင်တို့ ဒီမှာ ဆင်းကြတော့။

အမယ်လေး...ပင်လယ်နားမှာ ကျုပ်တို့ မနေခဲ့ပါဘူး၊ လူဖမ်းသွားတော့ ဘယ်နှယ့် လုပ်မလဲနော် မေသူ၊ ငါးတဲတွေလည်း မရှိတော့ဘူး၊ မနေရဲပါဘူး။
နင်ကတော့ ဖမ်းချင်စရာပဲ၊ ဘာလဲ ရေနီပိုင်းထိ နင်တို့ လိုက်ကြဦးမလို့ပေါ့၊ သဲချေင်းစပ်မှာ အစ်ကိုကြီးကို တွေ့ရင် နင်တို့ ဘာသာ နင်တို့ လိုက်ချင်လို့ လိုက်လာကြတာပါ ပြောကြနော်၊ အတော်ကြာ လူပိုတွေ တင် လာရမလားလို့ ငါ့ကို မာန်နေဦးမယ်။
အမယ်လေး၊ တစ်နေ့ပဲ လိုက်မိပါတယ်၊ တို့ကို မကြည်ဖြူလိုက်တာ၊ ပြောပြမယ်တော် စိတ်ချပါ၊ တို့ အစ်ကိုကြီး တို့ပိုင်ပါတယ်။

သူကမိဇံကို ရည်ရွယ်ပြီး ပြောသည်ကို မေသူက ရန်ထောင်စကား ဆိုသဖြင့် သူစိတ်မကောင်း ဖြစ်သွား၏။ ထို့ကြောင့် ဘာမှ နောက်ထပ် မပြောတော့ဘဲ ပင်လယ်ကမ်း စပ်မှာသဲချောင်းဝ ကွေ့ထဲ လှည့်ဝင်လိုက်၏။
သေနတ် ကို အ၀တ်နှင့် ပတ်ကိုင်ကာ မတ်တတ်ရပ် စောင့်နေသော အစ်ကိုကြီးက အံ့သြသွားသည်။ သူတို့ ကို ပြုံးကြည့်နေ၏။
အစ်ကိုကြီးညီက ဘယ်လောက် စိတ်ပုတ်တယ်မှတ်လဲ၊ ကမ်းကြီးသတ်က ဒီဘက်ခဏ လိုက်ပါရစေ ပြောတာ ကျောက်ဆောင်နဲ့ တိုက်ပစ်မယ်၊ ပဲ့ချိန် မြုပ်ပစ်မယ်နဲ့ တစ်လမ်းလုံး ကျိန်းလာတာတော့၊ သူ့ပစ္စည်း ကျနေတာပဲ။

ညီအစ်ကိုဆိုတာ အိမ်ထောင်မကျမချင်း ပစ္စည်းအမွေမခွဲရသေးဘူးလေ၊ အစ်ကိုပစ္စည်း ညီပစ္စည်းရယ်လို့ မသတ်မှတ် ရသေးတော့ ဘယ်ပြောလို့ရမလဲ၊ အစ်ကို့ပစ္စည်းကို ညိလည်း ပိုင်တာပဲမဟုတ်လား နော်။

အမယ်လေး၊ သူ့ညီအပေါ် သဘောထား ကြီးနေလိုက်တာ၊ အတော်ကြာမှ သူ့ညီက အားလုံးရှိသမျှ ပစ္စည်း လုယူထား လိုက်လို့ လက်ချည်း ဖြစ်ကျန်ရစ်ဦးမယ် သိလား။
မေသူ့ စကားကို အစ်ကိုကြီးက အတွန့်မတက်။ ပဲ့ချိတ်ပေါ်သို့သာ ဆင်းလာ၏။ မေသူ၊ မေစီ၊ မိဇံတို့က ပဲ့ချိတ်ပေါ် က ဆင်းသွားကြသည်။
အတော်ကြာ ညီအစ်ကိုတွေ ရန်စြဖ်ပြီးတော့လည်း ပြန်မလာကြနဲ့ဦးနော် ဟုမေသူက လှမ်းပြောသည်ကို မိဇံက နင်က အဒေါ်နိုင်းကျနေတာပဲ ဟုပြောသံ ကြားလိုက်ရသည်။
သူတို့ နှစ်ယောက်သည် အတွင်းကျွန်းဘက်သို့ ထွက်လာကြလေသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, August 25, 2011

ဖိုးကျော့ ၏ သမုဒယ ဤပင်လယ် အပိုင်း (၂ဝ)

သဲတလင်းတွင် ကျောက်ဒိုးပစ်နေကြသော ကာလသားအုပ်ကို ငေးနေကြသည်။ ကာလသားတွေမှာလည်း မနေ့ကထက်ပင် များ၏။ ထွေခင်းသူ၊ ခေါင်းပန်းလှန်သူ၊ သက်သက်ထိုင်၍ သူများကစားသည်ကို ကြည့် နေသူများ လည်း ရှိ၏။ အစ်ကိုကြီးကိုမူ မမြင်ရ၊ ကက်ဆက် ကတော့ ဖွင့်ထား၏။

အောင်တိုင်သည် စိတ်ထဲ တော်တော် အလိုမကျဖြစ်မိသွားသည်။ သူထင်ခဲ့သလိုပင် တစ်ရွာလုံးရှိ ကာလသား ကာလသမီးများသည် မေသူ့ဆိုင်သို့ ရောက်နေကြ၏။ ယခင်က တစ်ခါမှ မမြင်ဖူးသော မိဇံ ကိုပင် ယခု မေသူ့ဆိုင်တွင် အကျထိုင်၍ တွေ့ရ၏။ မေစီနှင့် မိဇံမှာ အိမ်နီးချင်းခြံချင်းကပ်ဖြစ်သဖြင့် မေစီနှင့် အတူ လာပုံရသည်။ ကမ်းကြီးသတ်နှင့် ရေနီမှာ နီးနီးလေးဖြင့်သဖြင့် တော်တော်နှင့်မှ ပြန်ကြပါ့မလားဟု သူ တွေးနေသည်။ မေသူနှင့် မေစီ၊ မိဇံတို့ တွက်ထိုးနေကြသည်ကိုလည်း မြင်ရ၏။ အသံဗလံတွေက ဆူညံ နေသဖြင့် လှုပ်ရှားမှု ရုပ်သွင်များကိုသာ ပီပီပြင်ပြင် ငေးနေမိသည်။
အစ်ကိုကြီး ၀င်လာသည်ကို မြင်လိုက်ရသောအခါ အတွေးပြတ်သွား၏။ အစ်ကိုကြီးက နာရီကို  ကြည့်သည်။ ကက်ဆက်ကို ပိတ်၍ ရေဒီယိုဖွင့်၏။ သတင်းကြေညာသံကို သဲ့သဲ့ကြားရသည်။ အောင်တိုင် ရင်ထဲ ပို၍ အခုန်မြန်လာ၏။

အလျှိုအလျှို ထွက်သွာားကြသော ကာလသားအုပ်နှင့် မေသူ မိအိတို့ကို ငေးကြည့်နေသည်။ မိဇံ မတ်တတ်ထ၏။ မေသူက မိဇံလက်ကို လှမ်းဆွဲထားသည်။ မေစီကရယ်လိုက်၏။ အောင်တိုင်ရင်ထဲ တစ်မျိုး ဖြစ်သွားသည်။ သူများတွေ ပြန်သွားကြပြီ ဖြစ်သော်လည်း မေစီနှင့် မိဇံက တော်တော်နှင့် မပြန်ကြသေး၊ အစ်ကိုကြီး နှင့် စကားရှည်နေကြသေး၏။ မိဇံ၏ အရယ်အပြုံးနှင့် မေသူ၏ အရယ်အပြုံး အပြောစသည်တို့ ကို တစ်လှည့်စီကြည့်ကာ အောင်တိုင်မှာ ရင်ခုန်နေလေသည်။

အစ်ကိုကြီးနှင့် မေစီ၊ မိဇံတို့ နောက်ဆုံးအတူပြန်ထွက်သွားကြသည်။ အစ်ကိုကြီးက ရေဒီယို ကက်ဆက်ကို ဖွင့်လျက် လက်ဆွဲထွက်ခွာသွားလေ၏။
အချိန်နှောင်းနေရသည့်အထဲ မေသူက တော်တော်နှင့် ကဲလျားချ မပိတ်သဖြင့် သူစိတ်ဆိုးချင်လာသည်။ မီးရောင် အလင်းအားကောင်း သဖြင့် ကဲလျားမချမချင်း မေသူ့ဆိုင်ရှေ့ သူမထွက်ဝံ့၊ ရင်တထိတ်ထိတ်နှင့် စောင့်နေရသည်။

ဟိုဟိုသည်သည်ကို မသိမသာ ကြည့်ကာ မေသူ ကဲလျားချလိုက်၏။ အောင်တိုင် ချက်ချင်း အပြေး ရောက် သွားသည်။
မောင်ထွန်းအောင် ပြန်သွားပြီလား မေတူ။
တရုတ်ကြီး ၏ အသံကြောင့် အောင်တိုင်၏ ကဲလားထဲသွင်းမည့်လက်က ရပ်သွား၏။ ဟုတ်ကဲ့ဟူသော မေသူ ၏ အသံကို ကြားရသည်။ အောင်တိုင်ကဲလား ကို ပုတ်လိုက်သံနှင့် မေသူ၏ အဖေသံက တစ်ပြိုင်တည်း ဖြစ်၏။ အောင်တိုင် နားမကွဲလိုက်၊ မေသူ၏ အေးပါအဖေရာ ဟူသော စကားကိုသာ ကြားလိုက် ရသည်။ အောင်တိုင် မနေ့က ချိန်းထားသော နေရာသို့ ထွက်လာလေသည်။
မေသူ ချိန်းထားသော အိမ်နောက်ဘက်က လေကာကျောက်တုံးခြေရင်းတွင် သူထိုင်ချ လိုက်၏။ မေသူကို သူ့ အဖေ အိပ်ပျော်သည်အထိ စောင့်နေရလိမ့်မည်အထင်နှင့် သက်ပြင်းချမိ၏။ စောစောက မေသူ၏ ဆိုင်ရှေ့ မြင်ကွင်းကို သူပြန်တွေးနေသည်။

အလင်းတန်းတစ်ခုက သူ့မျက်နှာပေါ် တည့်တည့်လာကျ၏။ လက်နှိပ်ဓာတ်မီးရောင်မှန်း သူသိလိုက်သည်။ ရုတ်တရက် ဖြစ်သဖြင့် သူ့ကိုယ်ကိုကျောက်တုံးနှင့် ကွယ်ချိန်မရလိုက်၊ မတ်တတ်ထရပ်လိုက်၏။ မျက်နှာ ကိုလည်း လက်နှင့်ကာထားမိလိုက်သည်။ မီးရောင် ပျောက်သွား၏။ ဘယ်နေရာက လက်နှိပ်ဓာတ်မီးနှင့် ထိုးပါလိမပ့်ဟု သူစူးစမ်းသည်။ စောစောက မျက်နှာကို ဓာတ်မီးနှင့် အထူးခံထားရသဖြင့် မျက်လုံးအစုံက အမှောင် ကို ထွင်းမဖောက်သာ၊ ပို၍ပင်မှောင်မည်းနေ၏။ ဘယ်နေရာက ထိုးလိုက်မှန်းမသိ၊ မေသူအိမ်ပေါ်က လှမ်းထိုးကြည့်တာ နေမှာပဲဟူသော အတွေးကြောင့် ပြုံးမိသွာ၏။ မီးရောင်ကလည်း နောက်ထပ် လုံးဝပေါ်မလာ၊ သူပြန်ထိုင်ချလိုက်သည်။ သူရောက်နေပြီ ဆိုတာ မေသူမြင်ပြီး၊ သူ့အဖေ အိပ် ရင် မေသူဆင်းလာမှာပဲ။

သူ့ရင်ထဲ တဒိတ်ဒိတ် အခုန်မြန်လာပြန်သည်။ မေသူဆင်းလာလိမ့်မည်ထင်သော အိမ်ဘက်ကို စိုက်ကြည့် နေ၏။ အမှောင်ထဲတွင် မျက်လုံးကျင့်သားရနေပြီ ဖြစ်သော်လည်း လူရိပ်လူယောင်ပင် မမြင်ရသေး။ ဒီဘိန်းစားကြီးက အိပ်ခဲလိုက်တာဟု တွေးရင်း လက်ကနာရီကို မြှောက်ကြည့်၏။ ဆယ့်နှစ် နာရီ ထိုးပြီး သွားပြီ၊ သက်မတစ်ချက်ချကာ ကျောက်တုံးနှင့် ကျောကိုမှီထားလိုက်၏။ ရန်ခုန်သံကမူ ပို၍မြန်လာသည်။

သန်းခေါင်ကြက်တွန်သံကို ကြားရသည်။ လကို မမြင်ရသော်လည်း လရောင်က ပျပျထင်လာသည်။ သူသည် အိမ်ဘက်သို့သာ ကြည့်နေ၏။ မေသူဘာလို့ ဆင်းမလာ ပါလိမ့်ဟု တွေးနေသည်။ လက်ကနာရီ အကြိမ် အခါပေါင်း မည်မျှ ကြည့်မိသည် မမှတ်မိတော့။ တစ်နာရီကျော်ပြီး မီးစုန်းလက်တံငယ်နှစ်ခုက သူ့ကို သရော်နေကြသလိုပင်။ ရှည်လျားသော သက်ပြင်းတစ်ချက်ကို လေးလေးပင်ပင်ကြီး ချမိလိုက်သည်။

အိမ်ထဲတွင် လှုပ်ရှားမှု တစ်စုံတစ်ရာကိုများ မြင်ရလေမလားဟူသော အတွေးနှင့် အိမ်ဆီသို့သာ ငေးနေ မိ၏။ ဘာလှုပ်ရှားမှုမှ မမြင်ရ။ အိမ်က ပကတိတိတ်ဆိတ်နေသည်။ ပါးစပ်ကို လက်နှင့်အုပ်ကာ တစ်ချက် သမ်း၏။ ကောင်းကင်ကို မော့ကြည့်မိသည်။ လတစ်ခြမ်းပဲ့ကို မြင်ရ၏။ မွန်းတည့်တော့မည်။ နာရီကို ကြည့်ပြန်၏။ နှစ်နာရီခွဲ၊ မေသူကို စိတ်ဆိုးနေမိသည်။ လာမှာမဟုတ်တော့ပါဘူးဟု တွေးလိုက်သော အခါ တစ်ကိုယ်လုံး နုံးခွေသွားသည်။

လေးနာရီထိ သူစောင့်ခဲ့၏။ မိုးလင်းပိုင်းတွင် ပင်လယ်နားဆင်းသော ရွာသားအချို့၏ အော်ခေါ်ကြသံနှင့် အပြန်အလှန် နှိုးကြသံတွေကို ကြားရသည်။ လေချွန်သံနှင့် လင်းကြက်တွန်သံကိုလည်း သူကြားရ၏။ ဆက်စောင့်နေ၍ အကြောင်းမထူးတော့ဆို သည်ကို သူသိသည်။ စိတ်ထဲမှာ မေသူ၏ ညဦးက မျက်နှာကိုလည်း မြင်ယောင် မိနေသည်။ မတ်တတ်ထရပ်လိုက်၏။ မယောင်မလည်နှင့်  အိမ်နား ပတ်လာသည်။ ဈေးဆိုင်ရှေ့တွင် ခြေလှမ်းတုံ့၍ ခဏရပ်နေ၏။ ရင်ထဲ အသက်ရှူကျပ်လာမိသည်။ ရင်ထဲ ဆွေးမြည့် လာသည်။ မျက်လုံးထဲ စိုစွတ်လာသည်။

ပင်လယ်နား သွားသူလိုလို၊ ပင်လယ်ပြင်က လှိုင်းလေမသင့်၍ ပြန်လာသူလိုလိုနှင့် ခေါင်းငိုက်စိုက်ချကာ အိမ်ပြန်လာ၏။ မိမိအိမ်ရှေ့က အုန်းပင်ရင်းတွင် ခဏထိုင်သည်။ တစ်ကိုယ်လုံး နုံးချည့်နေ၏။ စိတ်ကမူ ဂနာ မငြိမ်၊ အိမ်နောက်ဘက်သို့ လာ၏။ လေကာ ကျောက်တုံးကို ကျောမှီကာ မေသူ့ အကြောင်း တွေးနေမိသည်။ သူ့အဖေရောဂါ ဖောက်နေလို့ လာမတွေ့တာ နေမှာပါ။ အစ်ကိုကြီးကိုလည်း မေးသံ ကြားလိုက်တယ်။ တရုတ်ကြီး ဘိန်းပြတ်ပြန်ပြီနဲ့ တူတယ်ဟု တွေးမိလိုက်သောအခါ အိပ်ချင်ငိုက်မျဉ်း ဖြစ်သွားလေ၏။
၇။

ဟဲ့ ကြည့်စမ်း၊ လန့် တောင် လန့်တယ်။
အမေ့အသံကြောင့် သူမျက်လုံးဖွင့်ကြည့်လိုက်၏။ မိုင်းလင်းနေပြီ၊ အမေ့မျက်နှာကို ပီပီပြင်ပြင် မြင်ရ၏။
ဘယ်တုန်းက ပြန်ရောက်လဲဟဲ့၊ နင်အိပ်ပျော်နေတာ မဟုတ်လား။
သူရယ်၍ မတ်တတ် ထရပ်လိုက်၏။ သူ့ကိုယ်မှ သလဲပွင့်တွေကို ခါချလိုက်သည်။ အမေ က သူ့မျက်နှာကို စေ့စေ့ကြည့်နေ၏။
ဟင်.....နင်ဘယ်တုန်းကပင် ပြန်ရောက်လဲ၊ ဘာလို့မနှိုးလဲ။

ခုလေးတင်ပါ အမေရာ၊ အမေ အပြင်ထွက်လာတာ ကျွန်တော်မြင်သားပဲ။
ဘာလို့ အိမ်ထဲမ၀င်လဲ။
အမေ ဘာပြောမလဲ လို့ တမင်ကြည့်နေတာ။
နင်ကတော့လေ ဟု အမေပြောသောအခါ သူရယ်နေလိုက်သည်။ အမေသူ့ကို အကဲမရသလို မေးပြန်၏။
ဘာမှ မရခဲ့ကြဘူးလား။
ဘာရခဲ့ရမှာလဲ၊ ကမ်းကြီးသတ်။
ဟင်.....နင် ညဦးက မောင်ထွန်းသောင်နဲ့ မတွေ့ဘူး။

ဒုက္ခပဲဟု တွေးလိုက်၏။ ဘာပြောရမှန်းမသိ၊ အမေကမူ အစ်ကိုကြီးနှင့် အမဲလိုက်သွားကြ သည်ဟု ထင်ပုံရ၏။ ဘာမှ မရခဲ့ကြဘူးလားဟု ပထမဦးဆုံး မေးခြင်းမှာ ဤသဘောပင်။ သူညဦးက မေသူ့ဆီ အလာ တွင် အစ်ကိုကြီးနှင့် အမဲပစ်သွားမယ်ဟုများ ပြောခဲ့မိလေသ လားဟုပြန်တွေး၏။ ကမ်းကြီးသတ် ဘက်က မိဇံအဖေ နှင့် မိဇံအစ်ကိုတို့ရှိရာ ငါးတဲကို သွားမည်ဟုသာ ပြောခဲ့သည်ဟု ထင်၏။ မေသူစိတ်နှင့် ကမန်း ကတန်း ပြောခဲ့မိသဖြင် သူမမှတ်မိတာလား၊ စိတ်အမတွေးက ကမ်းကြီးသတ်ပြောမည်ဟု တွေးပြီး ပါးစပ် က အစ်ကိုကြီးနှင့် အမဲပစ်သွားမည်ဟုများ ထွက်သွားမိလေသလား၊ သူတွေး၍ မရတာ့။ အိပ်ရေးပျက် လာသဖြင့် ခေါင်းကလည်း နောက်လာ၏။ အမေ့စကားကို နားမရှင်းသဖြင့် ခေါင်းခါမိ၏။

နင့်ညဦးက မောင်ထွန်းသာနဲ့ မတွေ့ဘူးပေါ့။
ဘယ်လိုလုပ်တွေ့မလဲ၊ ကျွန်တော်က အစ်ကိုကြီးဂေါလာတို့ ငါးတဲပင်လယ်နားဆင်းတာ။
နင့်ကို မောင်ထွန်းသောင်က အမဲပစ်သွားရအောင် လာခေါ်တော့ ငါက အဲဒီကို သွားတယ်လို့ ပြော လိုက်တာ ပဲ မရောက်ဘူးလား။
ဟင့်အင်း၊ မရောက်ဘူး၊ ဟုအံ့သြစွာ ပြောလိုက်၏။

အမှန်က အစ်ကိုဂေါလာတို့တဲ ရောက်မရောက်ကိုလည်း သူမသိ၊ နေ့ခင်းကျရင် အစ်ကိုကြီးကို ဘယ်လို ညာပြောရမလဲဟု ရင်ထဲ ထိတ်သွား၏။ ဂေါလာတို့ ငါးတဲမှာ အစ်ကိုကြီးလာရှာချိန်ကို သူသိထားမှ ဖြစ်မည်။ အစ်ကိုကြီး လာရှာချိန်က ကျွန်တော် ဗထိုတို့တဲဘက်ပဲ ရောက်သေးတာ အစ်ကိုကြီးရာ၊ ကျွန်တော် ဂေါလာတို့ဆီ မရောက်သေးဘူး၊ ဟိုသဘောက်မသား စကားရှည်နေတာနဲု့ အတည်ပေါက် ပြောလျှင် အစ်ကိုကြီး ယုံပါ့မလား ဟု သူတွေးလိုက်၏။
သြော် .... ဒီလိုဆို ခုနင်ပင်လယ်နား ဂေါလာတို့ငါးတဲက ပြန်လာတာပေါ့။

ဟုတ်ကဲ့။
သူတို့ ပင်လယ်ထွက်သွားကြပြီပေါ့။
ဟုတ်ကဲ့၊ အဲဒါကြောင့် ကျွန်တော်ပြန်လာတာ။
တဲစောင့် ဘယ်သူရှိလဲ။
သူတို့က အစောကြီး ပင်လယ်ထွက်သွားကြတော့၊ ကျွန်တော်စောင့်နေခဲ့ရတယ်၊ မိုးလင်းခါနီးမှ အဒေါ်ဗီ လာလို့ ကျွန်တော်ပြန်လာတာ။
နင့်ယောက္ခမက ဘာပြောလဲ။

အမေကလည်းဗျာ။
အမေကရယ်သည်။
သူအိမ်ထဲ မ၀င်ဘဲ ပြန်ထွက်၏။
ဒါက ဘယ်လဲ။
အစ်ကိုကြီးဆီကို။
အေး....သွား...သွား..။

စိတထဲ ဆောင်တည်ရာမရဖြစ်ချင်နေသည်။ အစ်ကိုကြီးဆီ ချက်ချင်းမသွားသေး၊ ကမ်းကြီးသတ်ဘက် အလျင်ထွက်လာ၏။ ရေနီးပိုးရောက်သည်နှင့် မေသူကို ဦးဆုံး သတိရ၏။ ပြီးမှ အစ်ကိုကြီး သတိရသည်။ ဖေတင်နှင့်ပီးသီကိုမူ ထုံးစံအတိုင်း သူ့စိတ်က သတိမရ။ အစ်ကိုကြီးမြင်လျှင် လှမ်းခေါ်မှာစိုး၍ ရှောင်ကွင်း လျှောက်လာ၏။ မေသူတို့ အိမ်ရှေ့အရောက်မှာ ဆိုင်ဘက်သို့ လှမ်းကြည့်သည်။ ကဲလား ပိတ်ထား၏။ ဆိုင်မပွင့်သေး။ သူမြန်မြန်သွက်သွက် လျှောက်လာသည်။
စောစောစီးစီး ရေးကြီးသုန်ပျာ ဘယ်လဲ။

သူတို့အိမ်ရှေ့ ဖြတ်လျှောက်တွင် အုန်းပင်အောက်၌ မျင်နှာသစ်နေသော မေစီက လှမ်းမေး၏။
ပင်လယ်နားကိုဟုသာ သူပြောထားခဲ့၏။
ယောက်ဖကြီးတို့တဲလား။
နတ်ဆိုးမ ဟု စိတ်ထဲက ကျွန်ဆဲမိ၏။ လှည့်မကြည့်ခဲ့တော့။ မိဇံတို့ အိမ်ရှေ့ကိုမူ ပို၍မြန်မြန် လျှောက်၏။ မိစ္ဆာမ မိဇံမြင်လျှင် စကားရှည်နေမှာ သူစိုး၏။ သို့သော် စိတ်မလုံ၊ တစ်ချက် လှည့်ကြည့်မိ၏။ ဦးဂျလားကို မြင်ရသဖြင့် အံ့သြသွားသည်။ ဦးဂျလားကလည်း သူ့ကို မြင်သွား၏။ ခြေလှမ်းတုံ့မိလိုက်သည်။

ဘယ်လဲကွ။
ရုတ်တရက် ဘာပြန်ပြောရမှန်း မသိ။
ဘကြီးတို့ ပင်လယ်မထွက်ကြဘူးလား။
မထွက်တော့ဘူးကွ၊ မျှားတန်းသိမ်းလိုက်ပြီ။
မင်း...ဘယ်လဲ။
ပင်လယ်နားကိုဘကြီး ဟုပြောမိပြီးမှ သူတို့မျှားတန်းသိမ်းလိုက်ပြီဆိုလျှင် ဂေါလာတို့ ကောင်းကျော် တို့ကိုလည်း ပင်လယ်နား၌ တွေ့ရမည်မဟုတ်တော့ဟု သူတွေးလိုက်၏။ ဂေါလာနှင့် ကောင်းကျော် တစ်ယောက်ယောက်ကို တွေ့လိုတွေ့ငြား ပတ်ဝန်းကျင် ဘယ်ညာကို ကြည့်၏။ အရိပ်အယောင်ပင် မမြင်ရ။

ကောင်းကျော်တို့ကော ဘကြီး။
မျှားတန်းနားမျာ အိပ်ရတယ်လေကွာ၊ ဘယ်ထကြီဦးမလဲ၊ အိပ်ကြတုန်း၊ လာလေကွာ၊
မ၀င်တော့ဘူး ဘကြီး။
အေးအေး ဟုဘကြီးကဆိုသောအခါ သူ့ခြေလှမ်း ဘယ်ဘက်လှမ်းရမှန်း မသိဖြစ်သွား၏။ ပင်လယ်နား သွား၍ အလကားပင်။ ပင်လယ်နားတွင် ကောင်းကျော်တို့ မရှိကြတော့၊ စခန်းသိမ်း အလုပ်နား လိုက်ကြလေပြီ။ သူရွာဘက်သို့ ပြန်လျှောက်လာသည်။

မျှော်ဦးတောင်ခြေက အစ်ကိုကြီး အုန်းခြံဘက် သူထွက်လာ၏။ စိတ်ဂနာမငြိမ်တုန်း အုန်းခြံထဲ အဓိပ္ပာယ်မဲ့ လျှောက်နေ၏။ အုန်းလက် အနွမ်းအခြောက်တွေ မြင်သောအခါ သူ့လက်ထဲ ဘာမှမပါသည်ကို သိရ၏။ ဓားပါလာလျှင် ဤအုန်းလက်အခြောက်အနွမ်း တွေကိုခုတ်၍ အပင်တွင် ပုံရမည်ကို တွေးမိလိုက်သည်။ ထမမ်းဟင်းချက်ပြီးလျှင် အုန်းခြံသို့ အမေလာမလိမ့်မည်ကို သတိရသည်။ နေရောင်ခြည်တို့ တောင်ထိပ်ပေါ်ကို ကျော်လာကြပြီ၊ အမေမလာခင် သူပြန်သွားမှဟု တွေးမိလိုက်၏။ သူ့ကို အုန်းခြံ၌ စောစောစီးစီး မတွေ့စဖူး အမေတွေ့လျှင် စစ်ဆေးနေဦးမည်။

ညကပင် ဘောင်းဘီအိတ်ထဲ ထိုးထည့်ထားသော နှစ်ခဲထိုး လက်နှိပ်ဓာတ်မီးကို ခိုးလိုးခုလု စမ်းမိသောအခါ မျက်လုံးပြူးသွားမိသည်။ တော်သေး၏။ သူ့ဘောင်းဘီအိတ်ထဲတွင် လက်နှိပ်ဓာတ်မီးကို မည်သူမျှ မမြင်၍၊ တစ်စုံတစ်ယောက်ကသာ မြင်လျှင် နေ့ခင်းကြောင် တောင်အောင်တိုင်တစ်ယောက်  လက်နှိပ်ဓာတ်မီးနှင့် ရွာရိုးကိုးပေါက် လျှောက်သွား နေသည်ဟု သရော်ကြဦးမည်။ သူဘောင်းဘီအိတ်ထဲတွင် လက်နှိပ်ဓာတ်မီး ကို ပိပိရိရိ ရှိအောင် ပို၍သတိထားပြီး ရှာထဲပြန်ဝင်လာ၏။ မိမိအိမ်ကို တန်းတန်းမတ်မတ် လာသည်။ လက်နှိပ်ဓာတ်မီး ပြန်ထား၏။ အ၀တ်လဲသည်။ အမေအုန်းခြံ အထွက်ခင် သူအိမ်ပေါ်က ပြန်ဆင်း လာသည်။
၈။

ဟာလာစက်နားေ၇ာက်လာသော သူ့ကို အစ်ကိုကြီးက ထူးထူးခြားခြား တစ်ချက် လှမ်းကြည့်လိုက်သည်ဟု သူခံစား မိသည်။ ရင်ထဲ တစ်မျိုးဖြစ်သွား၏။ ရွာသားတစ်ယောက် ၏စပါးကို အစ်ကိုကြီးက ကြိတ်ခွဲ ပေးနေ၏။ သူက မလုံမလဲနှင့် အစ်ကိုကြီးကို တစ်ချက် လှမ်းကြည့်သည်။ မျက်လုံးချင်းမဆုံမိကြသဖြင့် သူစိတ်သက်သာရာ ရသွားသည်။
ဆန်တောင်းကို စပါးဖွဲခွံအစဉ် သက်သာသောဘက်သို့ ရွှေ့လိုက်၏။ ယခုထိ အစ်ကိုကြီးက သို့ကို ဘာစကားမှ မပြောသေးသဖြင့် သူအနေကျုံ့နေ၏။ အစ်ကိုကြီးနှင့် နေခဲ့ရသမျှသော ကာလ တစ်လျှောက် လုံး တွင် ဤနေ့အနေအထိုင်ရ အကျဉ်းကျပ်ဆုံးဟု သူခံစားမိသည်။ မနေတတ် အထိုင်တတ် ဖြစ်နေမိ သည်။

ကျွန်တော် အုန်းခြံဘက် ခဏသွားနေတာနဲ့ နည်းနည်းနောက်ကျသွားတယ် အစ်ကိုကြီး။
ရပါတယ် ညီလေးရာ၊ ထမင်းစားပြီးမှ လလည်းရပါတယ်၊ အစ်ကိုကြီးရှိသားပဲ။
နေသာထိုင်သာတော့ ရှိသွား၏။
နောက်ထပ် ဆန်ကြိတ်ခွဲရန် ရောက်လာကြသူများကို ခါတိုင်းလိုပင် သူဆောင်ရွက်ပေး၏။ သူ ရောက်လာပြီ ဖြစ်သဖြင့် အစ်ကိုကြီးကလည်း သူ့ကို လက်လွှဲထားခဲ့လေ၏။ မနေ့ညနေက သူလာရှာသည့် အကြောင်းကိုမူ လုံးဝမပြော၊  လူများနေ၍လားဟု သူတွေးနေ၏။
၉။

နံနက်စာ ထမင်းသွားစာပြီး အစ်ကိုကြီးဆီ ပြန်လာ၏။ စိတ်ထဲက တစ်နေ့လုံး မရှင်းမလင်း ဖြစ်နေသည်။ အစ်ကိုကြီး မနေ့က လာရှာသည့် အကြောင်းဘာကြောင့် မပြောပါလိမ့်ဟူ သောအတွေးသည် သူ့ခေါင်းထဲ ပူနေ၏။ ထမင်းစားနေစဉ်၌ပင် ထိုအတွေးကို သုံးလေးခါ ထက်မနည်း တွေးမိခဲ့သည်။ ယခုထမင်းစားပြီး ပြန်အလာမှာလည်း ထိုအတွေးက သူနှင့် အတူပါလာနေသည်။
မမျှော်လင့်ဘဲ မေသူနှင့် လမ်းတွင်ဆုံမိကြသောအခါမှာတော့ အတွေးအားလုံး ပျောက်သွားလေသည်။ ရုတ်တရက် သူ့ကို တွေ့လိုက်ရသဖြင့် မေသူလည်း ခြေလှမ်းတုံ့ သွား၏။
အစ်ကိုကြီးအိမ်က ပြန်လာတာလား။
အသွားပါ။

သူက တိတိပြတ်ပြတ် ဖြေ၏။ မေသူက သူ့မျက်နှာကို အသေမျက်လုံးမျိုးနှင့် ကြည့်၏။ သူကမူ မေသူ့မျက်နှာထက် ပတ်ဝန်းကျင် ဘယ်ညာကို သတိထား၏။ ညကသူစောင့် နေသည်ကို သိလျက် ဘာကြောင့် ဆင်းမလာလဲ ဆိုတာ မေးချင်နေသည်။
မေသူကော ဘယ်က ပြန်လဲ၊ အစ်ကိုကြီးဆီကလား။
ဟင့်အင်း....ဟင့်အင်း...မဟုတ်ပါဘူး၊ မေသူ ဟိုဘက်ပိုင်းဈေးကြွေးသွားတောင်းတာပါ။
သြော်...ဟုဆိုကာ သူပတ်ဝန်းကျင်ဘယ်ညာကို ကြည့်၏။ အနီးအနားတွင် မည်သူမျှ မရှိ။
ညက ဘာလို့ဆင်းမလာလဲ။
သူကကော လာလို့လား။

မေသူ အသံတိုးသွားသည်ကို သူသတိထာလိုက်သည်။
ဘာလို့ မလာဘဲနေမလဲ၊ သေသေချာချာ ချိန်းထားတဲ့ဥစ္စာ၊ ထရံတောင် လက်နဲ့ ပုတ်ထားခဲ့ တဲ့ဥစ္စာ၊
အဖေစကားလှမ်းပြောတုန်းက ကြားမိလိုက်သလိုတော့ ထင်သား၊ ခုအဖေက ထူထူ ထောင်ထောင် ဖြစ်နေပြီ၊ ဈေးတောင် ကူရောင်းနိုင်နေပြီ၊ အဲဒါကြောင့် ကြွေးတောင်းထွက် ရတာ၊ နို့မို့ဆိုင်နဲ့ ဘယ်မှ မရောက်ဖြစ်ဘူး၊ မိုးချုပ်က နေ၀င်အိမ်မှာပဲ နေနေရတာ ပျင်းတောင် ပျင်းတယ်။
တို့မေးတာပဲ ပြောစမ်းပါဦး။

ဘာကိုလဲ ဟု မေသူက အပြုံးနှင့် ပြော၏။
စောစောက စိတ်ဆိုးနေသော သူ့စိတ်လည်း ပြေသွားသည်။ တစ်ညလုံး တစ်မနက်လုံး နုံးခွေ ချည့်နဲ့ နေခဲ့ရသော စိတ်သည်လည်း ချက်ချင်း လန်းဆန်း ဖျတ်လက်သွားသည်။ ညက ချိန်းထားလျက်နဲ့ ဘာလို့ ဆင်းမလာလဲလို့ မေးနေတာ ဟုတိုးတိုး ပြောလိုက်ရ၏။
အဖေ နေကောင်းနေတော့ ဆင်းဖို့မလွယ်ဘူး။
မနေ့ည က သူများ တစ်ညလုံး စောင့်နေတာ တွေ့တယ်မဟုတ်လား၊ မိုးလင်းမှ ပြန်တာ။
မသိပါဘူးဆို၊ သိရင်။

ဘာမသိပါဘူးလဲ၊ ဓာတ်မီးနဲ့တောင် ထိုးကြည့်ပြီးတော့။
ဟင်....ဘယ်သူက ဓာတ်မီးနဲ့ ထိုးကြည့်လို့လဲ။
မေသူ ထိုးကြည့်တာ မဟုတ်ဘူးလား။
မေသူ မျက်လုံးပြူးသွား၏။ သူလည်း ရုတ်တရက် ငိုင်သွားသည်။
မေသူ ထိုးကြည့်တာ တကယ်မဟုတ်ဘူးနော်။
မေသူက သူ့မျက်နှာကို စေ့စေ့ကြည့်၍ ခေါင်းငါ၏။

ဖေတင်တို့များ ကိုအောင်တိုင်ကို လာချောင်းကြာတာလားမှ မသိတာ။
အောင်တိုင်လည်း အတွေးရ ခက်သွားသည်။
မပြောတတ်ဘူး မေသူရယ်၊ တစ်ယောက်တော့ တစ်ယောက်ပဲ၊ တို့က မေသူ အချက်ပေးကြည့်တယ်ထင်လို့ တစ်ညလုံး စောင့်နေမိတာ။
သူတို့ပဲ နေမှာပေါ့၊ လူကို သေသေချာချာ မှတ်မိများသွားလား၊ ကိုအောင်တိုင်က ဘယ်နေရာမှာလဲ။
လေကာကျောက်တုံးနားမှာပေါ့၊ မှတ်မိသလားတော့ မသိဘူး။
နောက်ကို ညမလာပါနဲ့၊ နေ့ခင်းလည်း ဆိုင်ဖွင့ိထားတာပဲ။ နေ့ခင်းလာပေါ့။

နေ့ခင်းက အလုပ်မအားပါဘူး  ဆို၊ တို့မရှိရင် အစ်ကိုကြီးက တစ်ယောက်တည်း မနိုင်ဘူး၊ နေ့ခင်းလာလို့ ခဏလေးပဲ၊ ဘယ်လိုလုပ်အေးအေးဆေးဆေး စကားပြောလို့ ရမလဲ၊ ဒီကောင်တွေကိုယ်မကြောက်ပါဘူး။
မေသူက သူ့မျက်နှာကို တစ်ချက်မော့ကြည့်၍ သက်ပြင်းရှိုက်၏။
မေသူက စိုးရိပိတယ်သိလား၊ သူတို့က နှစ်ယောက်၊ ချောင်းရိုက်ရင် ဘယ်နှယ့်လုပ်မလဲ၊ ခုလည်းဓာတ်မီးနဲ့ ထိုးကြည့်တယ်ဆိုတောိ့သိသွားပြီလားမှ မသိတာ။
အို...ဒီကောင်တွေ မဟုတ်နိုင်ပါဘူး၊ လူကြီးတွေကရော အစ်ကိုကြီးကပါ သူတို့ကို ပြောထားပြီးပြီတဲ့၊ အလေးအပေါ့ သွားတဲ့ တစ်ယောက်ယောက် ရမ်းထိုးတဲ့ ဓာတ်မီးရောင်ကို ကိုယ်က ထင်လို့လည်း ဖြစ်ချင်ဖြစ်မှာ၊ ညကျရင် မေသူနော်..တို ဆက်ဆက်စောင့်နေမယ်နော်။

အမယ် ဒါကျတော့ တော်တော်တတ်တယ်၊ မလာဘူး။
မေသူက အပြုံးလက်လက်နှင့် ပြော၏။
ဆက်ဆက်စောင့်နေမယ်နော်၊ ဒီတစ်ခါ မလာရင်တော့ တို့စိတ်ဆိုးမယ် သိလား၊ သူများက မတွေ့ရရင် မနေနိုင်ပါဘူးဆို၊ မေသူဆီ လာရတာဘယ်လောက် စွန့်စားပြီး လာရတယ်မှတ်လဲ၊ အသက်နဲ့တောင် လဲလာရတာ၊ ဒါမှလည်း မသနားရင်တော့....။
တော်ပါတော့နော်....သိပါတယ်၊ သိပါတယ်၊ ဒီကလည်း သိပ်တွေ့ချင်တာပေါ့၊ ဘယ်သူ မတွေ့ချင်ပဲ နေမလဲ။

အဲဒါဆို ဒီနေ့ညနော် ရှစ်နာရီကျော်ကတည်းက ဆိုင်ရှေ့တို့ရောက်နေပြီ၊ ဈေးရောင်းတာကို လေကာကျောက်တုံးနားက ပုန်းကြည့်နေပြီ မှတ်ပေတော့၊ ကဲလားချတာနဲ့ ဆိုင်ရှေ့အရောက်။
ဆိုင်ရှေ့မလာနဲ့ အဖေလည်း အိပ်တာမဟုတ်သေးဘူး။
ဒါဆို ဘယ်လာရမလဲပြော၊ အိမ်ပေါ်တက်လာရမှာလား။
မေသူ မျက်လုံးပြူးသွား၏။

အောက်ကို ဆင်းမလာရင်၊ တကယ်တက်လာမှာ၊ မလာရဲဘူး မထင်နဲ့ ဒီကောင့်ရင် မီး....။
ဟိုမှာ လူတွေလာနေပြီ သွားမယ်။
ဆက်ဆက်နော် မေသူ။
အေးပါ၊ အေးပါ ဟု သူကရယ်၍ ပြောသွား၏။

၁၀။

ပျော်လိုက်သည့်အဖြစ်၊ စက်ထဲလှမ်းအ၀င် ခလုတ်ကန်သင်းပင် တိုက်မိသွား၏။ အစ်ကိုကြီးက သူ့ကို တစ်ချက် လှမ်းကြည့်၏။ အဟဲခနဲ သူအသံထွက်သွားသော အခါ အစ်ကိုကြီးက ပြုံးလေသည်။
သူ့အမူအရာက ဘယ်လိုများ ဖြစ်လာပါလိမ့်ဟု သူ့ကိုယ်သူ ပြန်ဆန်းစစ်ရ၏။ အစ်ကိုကြီး အပြုံးကို မြင်ရ၍လည်း စိတ်ချမ်းသာရသည်။ ဒီနေ့ညတော့ မေသူနှင့် ဆက်ဆက်တွေ့ ရပြီ၊ တွေးကြည့်လျှင် ယခုပင် ရင်ခုန်နေလေသည်။
နေမြန်မြန် ၀င်စေချင်သည်။ ဆန်ကြိတ်ခွဲပေးနေရသော်လည်း လုံးဝစိတ်မ၀င်စား၊ မေသူဆီ သို့သာ စိတ်က ရောက်နေ၏။
စက်ကို လူပြတ်သည်နှင့် ပိတ်လိုက်၏။ သိမ်းဆည်းစရာ ရှိသည်များကို သိမ်းဆည်းလှည်း ကျင်း၏။ ပြီးသည်နှင့် အကျီင်္ကို ကောက်ဝတ်လိုက်သည်။
ပြန်တော့မလား ညီလေး။
ဟုတ်ကဲ့ အစ်ကိုကြီး။

မနေ့ညနေက ညီလေးကို အစ်ကိုကြီး လာရှာသေးတယ်။
ဟုတ်ကဲ့ အမေပြောပါတယ် အစ်ကိုကြီး။
သူက သက်ပြင်းကို မချရဲသေး၊ အသက်အောင့်၍ အစ်ကိုကြီး မျက်နှာကို လှည့်ကြည့်နေ၏။
ညနေကျရင် ပဲ့ချိန်စောစော ထုပ်လာခဲ့ကွာ၊ အစ်ကိုကြီးတို့ နတ်မှောင်ဘက် အမဲသွားပစ်ရအောင်။

သူအစ်ကိုကြီးမျက်နှာကို စိုက်ကြည့်ကာ ငိုင်သွားမိသည်။ ဘာပြန်ပြောရမှန်းမသိတော့။ စိတ်ထဲအားလုံးေ၀၀ါးသွား၏။ အစ်ကိုကြီး သူ့အနားက ထွက်သွားသည်ကိုပင် သတိမထား လိုက်မိ။
ဖြစ်မှဖြစ်ရလေ။ မေသူနဲ့ ချိန်လိုက်တဲ့နေ့မှ အစ်ကိုကြီးက အမဲပစ်သွားရန် ပြောသည်။ ဖွင့်ပြောရ ကောင်းလေမလား၊ အမျဲစောစောရလို့ ပြန်လာရင် မီနိုင်ပါ့မလား။ စောစောစီးစီး မေသူကို မနက်ဖြန်မှ ပြောရ ကောင်းလေမလား၊ အစ်ကိုကြီးနဲ့ အမဲပစ်မလိုက်ရအောင် ငါဘယ်လိုလုပ်ရပါ။ ကိုဂေါလာကြီးကို ခေါ်ပြီး အစ်ကိုကြီးနဲ့ အဖော်ထည့်လိုက်ရ ကောင်းမလား။
မိမိအိမ် သို့ ခေါင်းငိုက်စိုက်နှင့် ရောက်လာ၏။ ဘာလုပ်ရမှန်း မသိသေး။

လုံးဝ ထမင်းစား၍ မဖြောင့်၊ စားချင်စိတ်လည်း မရှိတော့သဖြင့် ထမင်းပွဲမှ ထလိုက်၏။ ယခုထိ မည်သို့ ဆုံးဖြတ်ရမှန်းမသိသေး။
ဝပလားသား၊ ထမင်းစား နည်းလိုက်တာ၊ နေမကောင်းဘူးလား။
အမေ့ကို ထိုင်ပြီး ပုဆိန်ပေါက် ရှိခိုးချင်စိတ် ပေါက်သွား၏။ တစ်ညနေလုံး ခေါင်းနောက် ခဲ့ရသည်။ ဘာလုပ်ရမှန်း မသိ။ ယခု အမေပြောမှ သတိရ၏။ သူနေမကောင်း။
ရင်ထဲ ပြည့်နေသလိုပဲ အမေ ထမင်းစားမကောင်းဘူး။
နေ့ခင်းက နင်တို့ ညီအစ်ကိုတွေ ဘာစားကြလျဲ။

အမေ ချက်ချင်းထာပြီး နဖူးကို စမ်းကြည့်၏။ ကိုယ်လည်းမပူပါဘူးဟု ပြော၏။
အုန်းနို့နဲ့ တညင်းသီးများ စားမိလို့လား မသိဘူးအမေ။
ဟုတ်မယ်၊ အစာကြေဆေး သောက်ပါလား။
အစ်ကိုကြီးဆီမှာ အင်္ဂလိပ်ဆေးရှိတယ်၊ သွားသောက်ဦးမယ်။
အဲဒီဘက်ပိုင်းသွားရင် မိုးချုပ်နေ၀င် မနေနဲ့နော် သား၊ စောစောပြန်ခဲ့။

အစ်ကိုကြီး အိမ်မှာပဲ အိပ်နေလိုက်တော့မယ် အမေရာ၊ ကက်ဆက်ခွေ အသစ်တွေလည်း ၀အောင် နားထောင်ရသေးဘူး။
အေး...အေး ..၊ ဟိုသိပ်နေမကောင်းဖြစ်နေရင်တော့ အိမ်ပြန်လာခဲ့နော်။
ဟုတ်ကဲ့။
လက်နှိပ်ဓာတ်မီးကို ယူကာ မင်သေသေနှင့်ပင် သူထွက်လာသည်။
အစ်ကိုကြီး အစောကြေးဆေးရှိရင် ပေးပါဦး။
လာဖြစ်လို့လဲ ညီလေး။

ကျွန်တော် သိပ်နေမကောင်း ချင်ဘူး အစ်ကိုကြီး၊ ထမင်းစားပြီး အန်လိုက်တာ မပြောပါနဲ့တော့၊ ခုလည်း လမ်းမှာ သုံးလေးခါ အန်လာတယ်။
သူကို အံ့သြသလိုကြည့်၍ အစ်ကိုကြီးက ဆေးပုလင်းတွေကို တစ်လုံးပြီးတစ်လုံး ယူကြည့်နေသည်။
ရုတ်တရက် လေခံတာ ဖြစ်ပါလိမ့်၊ ဗိုက်ထဲက အောင့်သလား။
ဟုတ်ကဲ့။
မင်း ဂက်စထရိတ်များ ရှိလားကွာ။
ဗျာ။
သြော်....အစာအိမ်ရောဂါများ ဖြစ် ချင်သလားလို့လေ၊ ညီလေး အရင်ကလည်း အောင့်ဖူးလား။

ဟုတ်ကဲ့၊ တစ်ခါတစ်ခါတော့ အောင့်ပါတယ် အစ်ကိုကြီး။
သူက လူမမာသံနှင့် ပြောသည်ကို အစ်ကိုကြီးက တကယ်ထင်သွားပုံရ၏။ အစာအိမ ဖြစ်မှာပါ။ ရော့ ဒီဆေးနှစ်ပြား သောက်လိုက်ဟု ဆေးနှစ်ပြား လှမ်းပေး၏။.
မင်းအဆာမခံနဲ့နော် ညီလေး၊ ထမင်း သိပ်ဆာလာလို့ ဘာမှ စားစရာမရှိရင် ရေပဲဖြစ်ဖြစ် သောက်လိုက် ရတယ်၊ အစာအိမ်ရောဂါ စွဲသွားရင် ပျောက်ခဲတယ်။
ဟုတ်ကဲ့၊ ကျွန်တော် ပြန်ဦးမယ်အစ်ကိုကြီး၊ အိမ်မှာပဲ အိပ်နေတော့မယ်။

အေး.... သွား...သွား....။
အစ်ကိုကြီး အမဲပစ်သွားချင်ရင် ဂေါလာကြီး ခေါ်သွားပါလား အစ်ကိုကြီး၊ သူအိမ်မှာ ရှိတယိ။
ရပါတယ်ကွာ၊ ဒါအရေးမကြီးပါဘူး၊ တို့ ညီအစ်ကို တွေ နေကောင်းမှ သွားကြတာပေါ့။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, August 24, 2011

ဖိုးကျော့ ၏ သမုဒယ ဤပင်လယ် အပိုင်း (၁၉)

“ဈေးရောင်းတာကတော့ ရောင်းရမှာပေါ့ အဒေါ်နိုင်းရာ၊ အစ်ကိုကြီး ပစ္စည်းမို့ ကူရောင်းတာပဲ၊ ကိုယ့်ကို မတရား လာလုပ်တာတော့ အောင်တိုင်သာမဟုတ်၊”  ဘယ်သူမှ ခံမှာမဟုတ်ဘူး၊ ဒီကောင်တွေက ဟိုဘက်ကမ်း မှာ မှောင်ခိုကျွန် သွားခံနေကြတော့ ပိုက်ဆံမြင်ဖူးနေကြတယ် မဟုတ်လား၊ တစ်သက်လုံး ပိုက်ဆံ မမြင်ဖူးတဲ့ အကောင်တွေ ပိုက်ဆံလေးဘာလေး မြင်ဖူးလာတော့ လူကို လူမထင်ဖြစ်လာတာပဲ အဒေါ်နိုင်း ရာ ဖွတ်ကဖြစ်တဲ့ မိကျောင်းတွေလေ၊ ကျွန်တော်တို့ကတော့ ဒီပင်လယ်ကြီးထဲမှာ ရေရှိနေသမျှ ဘယ်သူ့မှ အောက်ကျခံစရာမလိုဘူး၊ မှောင်ခိုကျွန်းလည်း တစ်သက်မလုပ်ဘူး၊ မင်းကို မတရား ဆော်ကားရင် ငါတို့ရှိတယ် အောင်တိုင်၊ ငါတို့ကို ကြိုတင်ပြောကွာ၊ ကက်ဆက်ဇာတ်လမ်း ထဲကလို ဆလုံ သွေး ဘယ်လောက်နီတယ် ဆိုတာ ပြလိုက်ကြတာပေါ့ဟင်း။
ကောင်းကျော် ကသာ ဒေါနှင့်မောနှင့် ပြောနေသော်လည်း ဂေါလာ ကမူ အောင်တိုင်ကို ငေးကြည့်၍သာ ငြိမ် နေ၏။

ဒီကောင် တွေ က တကယ်သတ္တိရှိတဲ့ အကောင်တွေ မဟုတ်ပါဘူး၊ ရွာမှာသာ ကျယ်ရဲတာပါ၊ ဟိုဘက်ကမ်း မှာ ဆို လူတကာ ခိုင်းဖတ်တဲ့၊ အဲဒီမျိုးသမီးတွေ ထဘီထုပ်တောင် လိုက်ထမ်းပေးတဲ့ အကောင်တွေ၊ အဲဒီလို ကောင်မျိုး ကျွန်တော်တို့ ကြောက်ရမှာလား၊ တရုတ်မ ဆိုင်မို့ ဒီကောင်တွေ ရုတ်ရုတ်ရုတ်ရုတ် လုပ်ရဲတာပါ၊ ကျွန်တော် တို့ ကမ်းကြီးသတ်ဘက် လာရင်သီချင်းတောင် ကျယ်ကျယ်ဆိုရဲတာမှ မဟုတ်တာ၊ အလကား ကောင် တွေပါ။

ဘာပဲဖြစ်ဖြစ်ပေါ့ကွာ၊ ကိုယ့်ရွာသားချင်း သင့်သင့်တင့်တင့် နေကြတာ အကောင်းဆုံးပေါ့။ သူတို့ဟာသူတို့ ဘာပဲဖြစ်နေနေ ကိုယ့်မစော်ကားရင် ပြီးတာပဲ၊ အဒေါ်နိုင်း သာ အောင်တိုင် ကို ပင်လယ်ထည့်ဖို့ စဉ်းစားဦး၊ ဒီနှစ် အချိန် လည်း မရှိတော့လို့ ထားပါတော့၊ ရွာမှနေရင် အလကား ရန်များတယ်၊ ပင်လယ်ထွက်နေရင် ကိုယ့်အလုပ် နဲ့ ကိုယ် ညတောင် မအားဘူး။
ဂေါလာ က အမေ့မျက်နှာကို မသိမသာ အကဲခတ်၍ တွေးတွေးဆဆ ပြော၏။

နင့်တို့ဆို ငါလည်း မတားတော့ဘူးဟေး၊ နောက်နှစ်ဆို ခေါ်သာသွားကြ၊ ရွာမှာနေရင် ကောင်ပျောက်မှာ မြင်သေးတယ်၊ စိတ်ကလည်း လက်တစ်ဆစ်နဲ့၊ ကိုယ့်မှာက ညီအစ်ကို သားချင်းရှိတာမဟုတ်ဘူး၊ ငါ့က သူ့အတွက် ပဲ ပူနေရတာ၊ ဒီကိစ္စလည်း ဇံဇံလာပြောလို့၊ နို့မို့ အမေလုပ်တဲ့လူက အကောင်ပျောက် သွားတာ တောင် သိလိုက်မှာမဟုတ်ဘူး။
လူတိုင်း လက်နဲ့ခြေနဲ့ပါဗျ။ ဘာလို့ အကောင်ပျောက်ရမှာလဲ၊ အမေက ဒီစကားပဲ ခဏခဏ ပြောနေ သိလား၊ ဟိုကောင်တွေ ကြားရင် ကြောက်တယ်ထင်ပြီး ပိုတောင် ရောင့်တက်လာ ကြမှာ၊ ကျုပ်က မတရားဘူး ထင်ရင် ဘယ်သူ့မှ မခံဘူး၊ မနိုင်လို့ သေရင်လည်း အဲဒီနေရာတွင် အသက်ထွက်သွားပါစေ၊ အပြန် တစ်ထောင် သေ၀ံ့တယ်။

ပြောတာပဲ ကြည့်ကြ၊ လူတစ်ယောက်မှာ အခါတစ်ထောင် သေတယ်လို့ နင်ကြားဖူးလားဟဲ၊ လူဟာ တခါပဲ သေတဲ့ အမျိုးဟဲ့။
သူ့အမေ စကားကြောင့် ဂေါလာ၏ မျက်နှာ တည်တည်ပင် ပြံးဖြီးဖြီး ဖြစ်သွားသည်။
ဟုတ်သားပဲကွ၊ လူဆိုတာမျိုးက တစ်ခါပဲ သေကြတာပါ ဟု ရယ်၍ပြောသည်။

ကဲ....ကျွန်တော်တို့ ပြန်ဦးမယ် အဒေါ်နိုင်း၊ အဖေကတော့ နောက်တစ်ရက်နှစ်ရက်ပဲ ပင်လယ် ထွက် တော့မယ်လို့ ပြောတယ်၊ မိုးကျတော့မယ်လေ၊ တောင်ပင်လယ်က လှိုင်းတွေ အူအူနေတာ တစ်ပတ် လောက်တောင် ရှိပြီ၊ နောက်ဆို ကျွန်တော်တို့လည်း ရွာမှရှိတော့မှာပါ။ ကျွန်တော်တို့ ရှိရင်တော့ ဘာမှ မပူပါနဲ့၊ အစ်ကိုကြီးလည်း ရှိတာပဲ။ ဒီကောင်တွေ နောက်ထပ် မစော်ကားရဲတော့ပါဘူး၊ ညနေက မိဇံပြောတော့ ကျွန်တော်လည်း ထူပူသွားတယ်၊ နှစ်ယောက် ၀ိုင်းရိုက်တယ်ဆိုတော့ ဘယ်တရားမလဲ၊ သတ္တိ ရှိရင် တစ်ကောင်ချင်း တစ်ယောက်ချင်း ရိုးရာအတိုင်း သေတမ်းသတ်ပေါ့၊ သေပါပြီ ကြောက်ပါပြီ မပြော မချင်းချစမ်း။

လူကြီးသူမဟန် နှင့် ပြောသွားသော ကောင်းကျော်၏ စကားကို အောင်တိုင်က ပြုံးမိသွား သည်။ ခွေးကောင် မင်းနဲ့ ငါနဲ့ သေတမ်းချကြမလားဟု ထ၍စိန်ခေါ်စကားပင် စလိုက်ချင်၏။ သို့သော် သူ့အစ်ကိုကြီး ဂေါလာပါနေသဖြင့် အသာငြိမ်နေလိုက်ရ၏။
အမှောင်ထဲ ပျောက်သွားကြသည်အထိ အမေက သူတို့ညီအစ်ကို နောက်ကျောကို ငေးကြည့်နေ၏။
တွေ့တယ်မဟုတ်လား။
သူ့ဘက် မျက်နှာလှည့်လာ၍ ပြောလာသော အမေ့စကားကို အောင်တိုင်က ဘာတွေ့ရမှာလဲ ဟုဆို၏။

ငါ့အဲဒါကြောင့် နင့်ကို ပြောပြောနေရတာဟဲ့၊ အရိပ်အကဲ ဆိုတာလည်း နည်းနည်းမှ မသိတတ်ဘူး၊ ထစ်ခနဲ ဆို စိတ်ဆိုးရန်ဖြစ်ဖို့ပဲ ပြောတတ်တယ်၊ ယောက်ဖလုပ်ရမယ့် လူတွေက ဘယ်လောက် အားကိုးရလဲ၊ သူ့နှမ ဆိုတာ တော့ မပြောနဲ့တော့၊ ကြား ကတည်းက ပျာလောင်ခတ်နေတာ။
အဲဒီ ပျာလောင်ခတ်တာ ကို အမြင်ကတ်လို့။

ငါ ပါးထချလိုက်လို့၊ တကလည်း၊ ပျာလောင်ခတ်တာက နင့်အတွက် ပူပန်လို့ဟဲ့၊ သိရဲ့လား ကာလနာရဲ့၊ သူ့အတွက် ပြောမှန်းမသိ၊ ကိုယ့်အတွက် ပြောမှန်းမသိ၊ ခမျာများ ဘယ်လောက် အားကိုးရလဲ ကြည့်စမ်း၊ ကြားတာ နဲ့ ပြေးလိုက်လာကြတာ၊ ပင်လယ်က ပြန်ရောက်ရောက်ချင်း ပြေးလာကြတာ၊ ငါးခွဲဖို့တောင် ဒီအတိုင်း ထားခဲ့ကြလား မသိဘူး၊ အဲဒါကြောင့် စောစောပြန်ကြတာ နေမှာပေါ့၊ အမှန်က နင်လိုက်သွားပြီး ငါးကူခွဲ ပေး ဖို့ကောင်းတယ်။
ဟုတ်တယ်အမေရယ်၊ အမေပြောမှ ကျွန်တော်လည်း သဘောပေါက်တော့တယ်၊ သူတို့ ညီအစ်ကိုတော့ ကျွန်တော် ခင်ပါတယ်ဗျ။

ရုတ်တရက် အောင်တိုင် ခုန်ထလိုက်သောအခါ သူ့အမေမှာ အံ့သြသွားသည်။
ဟဲ့ ခုမှ လိုက်သွားလို့ မီပါဦးမလား၊ ဂေါလာခြေလှမ်းက ကျဲပါဘိနဲ့။
မီပါတယ် အမေရာ၊ ကျွန်တော်မီအောင် ပြေးလိုက်သွားပါ့မယ်။
ဟဲ့.... လူလေး ကမ်းကြီးသတ်ကို သွားရင် ဟိုအပိုင်းက ဖြတ်သွားရမှာနော် သတိနဲ့သွား။

အမေ့စကား အဆုံးခင်ပင် သူအပြင်သို့ ရောက်နေလေပြီ။ ရယ်တော့ရယ် ချင်မိသည်။ သည်လိုမှ မဟုတ် လျှင် သူအပြင်ထွက်ရတော့မည် မဟုတ်၊ မေသူဆီသို့ ဘယ်နည်းနှင့် သွားရပါ့မလဲဟုသာ သူတစ်ညလုံး တွေး နေခဲ့သည်။ နေ့ခင်းဆိုလျှင်လည်း အစ်ကိုကြီးက သူ့ကို မျက်စိအောက်က အပျောက်မခံ။ ည ဆိုလျှင်လည်း အမေက ထိုနည်းလည်းကောင်း၊ တပိုတပါး မရွံ့သာအလွန့်သာ။ မေသူနှင့် လုံးဝ မတွေ့ရသည်မှာ နှစ်ရက်ရှိပြီ။ မေသူကပင် ဖေတင်တို့ကို ကြောက်၍မလာရဲတော့တာဟု ထင်မှာ သူစိုးရိမ် နေသည်။ ဤသို့တော့ သူအထင်မခံနိုင်။

မေသူလည်း င့ါကို မျှော်နေမှာပဲဟု တွေးလာ၏။ ကမ်းကြီးသတ်ဘက် ထွက်သွားကြသော ကောင်းကျော်တို့ ညီအစ်ကို နှင့် ရွာထဲတွင် ဆုံမိမှာစိုး၏။ အမေမျက်ကွယ်ပြုသည်နှင့် ဖြည်းဖြည်းသာ သူလျှောက်၏။ ကောင်းကျော် က မတ်တတ်ပင် လေရှည်လေကြွား တတ်သည့်ကောင်။ တစ်နေရာရာ တစ်ယောက် ယောက် နှင့် မတ်တတ် လေရှည်နေတုန်း ပက်ပင်းသွားတိုးလျှင် ဒုက္ခ၊ မုချ ပင်လယ်နား ငါးခွဲ ပေးရန် လိုက်သွားရမည်။ သူတို့ထဲမှာပင် ညအိပ်ရလေမည်။

ရေနီပိုင်း ရောက်လာ၏။ ချက်ချင်း ဖေတင်တို့ကို သတိရိလိုက်သည်။ လက်ထဲမှာ ဘာမှမပါ။ သံပတ်ခွေ မပြောနှင့်၊ ကမန်းကတန်း ပြေးလိုက်လာရသဖြင့် သူ့လက်ထဲ ဓာတ်မီးပင် မပါ။ စိတ်ထဲက တစ်မျိုး ဖြစ်သွား၏။ သတိတော့ ထားရသည်။ အမှောင်ထဲတွင် မည်သူဖြစ်ဖြစ် အနားလာမကပ်နိုငအောင်တော့ ရှောင်ကွင်း သွားရသည်။ ရှေ့က လာသူများကို မသိမသာ ဖယ်၍လည်း အုန်းပင်ကြား လေကာ ကျောက်တုံး နားက တမင် လျှောင်လာသည်။ လမ်းကြောင်းအတိုင်း သူမလာ။ ချုံစ ချုံကွယ် လေခံ ကျောက် တွေနား ကအပေါ့အပါး သွားသလိုနှင့် ရေနီပိုင်းကို သူရောက်လာလေ၏။
အစ်ကိုကြီး အိမ်ဘက်ကို တစ်ချက် လှမ်းကြည့်ခဲ့၏။ မီးရောင်တော့ မြင်ရ၏။ သူအစ်ကိုကြီးနှင့် မရေမရာ တွေ့ မိမှာစိုး၍ လူရိပ်လူခြေကြည့်ကာ အစ်ကိုကြီး အိမ်ဝင်းကို ဖြတ်လျှောက်လာ၏။ မေသူတို့ အိမ်နှင့် နီးလာလေ သူ့ရင်ထဲ တဒိတ်ဒိတ် ခုန်မြန်လာလေပင်။
၅။

ရုတ်တရက် ခြေလှမ်းတုံသွားသည်။ မေသူတို့အိမ်အစ မရောက်ခင်ကပင် ကက်ဆက်သံကို ကြားရ၏။ ဦးပေါ်လာ တို့ အိမ်ကများလားဟု သူနားစွင့်သည်။ မဟုတ်။ မေသူတို့အိမ်ကမှ မေသူတို့အိမ်ကအစစ်။ မေသူ တို့ အိမ်နှင့် အနီးဆုံး ဒေါ်သန်းရာတို့အိမ် မှာတောင် ကက်ဆက်မရှိ။ အိမ်ရှေ့ကို အကဲခတ် ကြည့်သည်။ လူဝင်လူထွက်ကို သတိထား၏။ လေခံကျောက်တုံးတစ်တုံးနား ကပ်နေလိုက်သည်။
တစ်နေ၀င်နီး လေခဲ့ရင်၊
စီးလေးမယ်ပြင်၊ ဟီးဟယ်လို့နှင့်၊
နတ်သွင်လေးလေးလံခင်၊
တွေးလေးဆင်ခြင်၊ အဝေးကြီးကမြင်...။
ကက်ဆက်ထဲက အသံကို ပီပီသသ ကြားလိုက်ရသည်။ အစ်ကိုကြီး အလွန်နှစ်သက်သော ရပ်ကြီးသူသီချင်း ဖွင့် ထားသည်။ အစ်ကိုကြီး ကက်ဆက်ဖွင့်ထားမှန်း သိသာ၏။

ကက်ဆက်သံကြားလိုက်မှ အစ်ကိုကြီးကို သတိရလိုက်သည်။ ဆိုင်ကို အစ်ကိုကြီး ကြည့်ပါမယ် စိတ်ချပါ ကွာ ဆိုသော အစ်ကိုကြီးစကား။
ဆိုင်ဘက် သို့ မှန်းကြည့်လိုက်၏။ မသဲကွဲသဖြင့် စိတ်ထဲ အလိုမတွေ့။ အုန်းပင်နှင့် ဆီးချုံဖုတ်ကို အကာ အကွယ် ယူကာ အနီးဆုံး လေကာ ကျောက်တုံးတစ်တုံးနား လေးဖက်ကုန်း၍ ကပ်သွား၏။ ကျောက်တုံး နှစ်တုံး ကြားထဲ ၀င်ကာ ဆိုင်ဘက်သို့ စူးစမ်းကြည့်နေသည်။ သဲသဲကွဲကွဲ မြင်လိုက်ရ၏။ မေသူက ထိုင်နေကျ နေရာမှာ ဈေးရောင်း၍ ထိုင်နေ၏။

အစ်ကိုကြီးက မေသူရှေ့ ကွပ်ပျစ်ပေါ်တွင် ပဲလျှော်တစ်စေ့ချင်း ၀ါး၍ ခေါင်းပန်းလှန်နေကြသော သဲတလင်း ထဲက ကာလသားများကို တွေကြည့်နေသည်။ ခါတိုင်းထက်ပင် လူများနေ၏။ ကာလသားအုပ်ထဲတွင် ဖေတင် နှင့် ပိုးသီ တို့ကို ရှာကြည့်မိသည်။ မမြင်ရ။ သေချာအောင် အကြာကြီး ကြည့်၏။ မတွေ့မိ၊ မီးချောင်း ထွန်းပေးထားသည့်အပြင် ကက်ဆက်ပါ ဖွင့်ထားသော အစ်ကိုကြီးကို စိတ်ဆိုးမိသည်။ သူ ၀င်သွားရင် အစ်ကိုကြီးက ဘာလို့လာလဲဟု အပြစ်တင်မည်ကို ကြားယောင်မိသည်။ အဒေါ်နိုင်း စိုးရိမ် နေမှာပဲ ပြန်ပြန်ဟု နှင့်လွှတ်လိမ့်မည်။ ငါလိုက်ပို့မယ်လာ လာဟု ဆိုပြီး သူ့ရှေ့က ထွက်မည်။ အိမ် အရောက် ပို့လိမ့်မည်။

ရင်ထဲ လေးလံလာမိသည်။ သူဤမျှ ဒုက္ခခံ၍ လာရသည်ကို မေသူသိစေချင်သည်။ အစ်ကိုကြီး ရှိ နေ ရင်တော့ သူသွား၍ မဖြစ်ဟု တွေးလိုက်၏။ မေသူ ဈေးရောင်းသည့် လှုပ်ရှားမှုဟန်နှင့် အရယ်အပြုံး အပြော တို့ကို အကြာကြီးငေးကြည့်ကာ ရင်ထဲဆွေးလာ၏။
မလှုပ် မချောက် ပင် အကြာကြီး ငြိမ်၍ကြည့်နေသည်။

အစ်ကိုကြီးက နာရီကို မြှောက်ကြည့်သည်။ သူလည်း ယောင်၍ နာရီကို ငုံ့ကြည့်၏။ ရှစ်နာရီထိုးပြီ၊ အစ်ကိုကြီး ဘာပြောသည်မသိ။ ခေါင်းပန်းလှန်နေကြသော ကာလသားတွေက အစ်ကိုကြီးဘက ပြိုင်တူ လှည့်ကြည့်ကြသည်။
အကြာကြီး စောင့်နေရသည်ဟု သူထင်သည်။ ဆိုင်ပိတ်တော့မှာပဲ၊ မေသူမျက်နှာကို မြင်ရမှာ မဟုတ်တော့ ဘူးဟုလည်း ဆွေးသွား၏။ ကာလသားတွေ အလျှိုလျှို ထွက်သွား ကြသည်။

သတင်း ကြေညာနေပြီ၊ တဖြည်းဖြည်း ဆိုင်ရှေ့တွင် လူရှင်းသွားလေပြီ။ အစ်ကိုကြီးနှင့် မေသူတို့ ဘာပြော နေကြသည်မသိ၊ ခဏရပ်၍ မျက်နှာချင်းဆိုင်ကာ စကားပြောနေကြ၏။ မေသူက ဈေးရောင်းသော နေရာ၌ပင် ထိုင်နေသည်။ ခေါင်းညိတ်ပြ သည်ကိုလည်းမြင်နေ၏။ အောင်တိုင် ရန်ခုန်နေသည်။ မေသူ၏ မျက်နှာ က အစ်ကိုကြီးနှင့် ကွယ်ထားသဖြင့် တစ်ဝက်တပျက်သာ မြင်ရ၏။ မျက်နှာအနေအထားကို ပုံဖမ်း မရ။ သူ့ရင်ထဲ တဒိတ်ဒိတ် ခုန်နေသည်။

အစ်ကိုကြီး ကက်ဆက်ဆွဲ၍ ဆိုင်ရှေ့ကထွက်လာ၏။ သတင်းကြေညာပြီးသွားပြီ၊ သီချင်းသံက အစ်ကိုကြီး ခြေလှမ်း နှင့် အတူ ငြိမ့်ညောင်းစွာ လိုက်ပါလာသည်။ သူအသက်ပင် မရှူရဲဘဲ ငြိမ်နေ၏။ အစ်ကိုကြီး သူ့အနား က ဖြတ်ထွက်သွားသည်။ အစ်ကိုကြီး ဘယ်နေရာ ရောက်သွားပြီဆိုသည်ကို သီချင်းသံက အသိပေး သွားသည်။ အစ်ကိုကြီး သူ့အိမ်ဘက်သို့ ပြန်သွားလေပြီ။
မေသူ ကဲလားချ ပိတ်လိုက်သော အခါ သူ့ရင်ထဲ ဟာသွားလသည်။ မီးကတော့ လင်းလျက်။
အောင်တိုင် ကဲလားရှေ့ အပြေးကလေးရောက်သွား၏။ ရင်ထဲက ပို၍ အခုန်မြန်လာသည်။ ကဲလားကို တစ်ချက် နှစ်ချက် ပုတ်လိုက်၏။

အစ်ကိုကြီး။
မေသူ၏ အပွင့်တပွင့်အသံကို ကြားရသည်။ ကဲလားဘေး ကပ်နေလိုက်၏။ ဟမ်းဟု အစ်ကိုကြီး လည်ချောင်း ရှင်းတတ်သံကို မတိုးမကျယ် ပြုမိလိုက်သည်။ ကဲလား ဟဟလေး ပွင့်လာ၏။ အောင်တိုင် တစ်ကိုယ်လုံး မွှန်ထူသွားမိသည်။
ဘာမေ့ကျန်လို့လဲ အစ်ကို...ဟင်။
မေသူ က အံ့သြတကြီး သူ့ကို မျက်လုံးပြူး ကြည့်နေသည်။

မတွေ့ရ မမြင်ရရင် မနေနိုင်လို့။
ကဲလားကို ဟဟလေးကိုင်ရင်း မေသူငိုင်သွား၏။
မေသူ့လက်ကို အောင်တိုင် လှမ်းဆွဲထား၏။
မေသူ။
ရေငတ်နေသူလို ခေါ်မိလိုက်သည်။ မေသူက သူ့ကို ပြူးကြည့်နေ၏။ ခုထိ စကားမဆို။ မှင်တက်မိနေတုန်း။
မေသူ ကို မတွေ့ရမမြင်ရရင် တို့မနေနိုင်ဘူး၊ အောက်ဆင်းလာခဲ့ပါနော်၊ အိမ်နောက်ဘက် လေကာ ကျောက်တုံး နားကစောင့်....အို....ဘယ်ဖြစ်မလဲ။

သူက ကြားရုံမျှ လေသံနှင့် ပြောသည်ကို မေသူက တုန်တုန်ယင်ယင်နှင့် ပြန်ပြော၏။
မဖြစ်ဘူး၊ မဖြစ်ဘူး၊ မလာဘူး၊ ပြန်တော့၊ အစ်ကိုကြီး....အေး...ဟင် နော် ခက်လိုက်တာ မြင်တော့မှာပဲ။
အစ်ကိုကြီး ပြန်သွားပါပြီ။ မမြင်ပါဘူး။ ဆင်းခဲ့....အင်း။
ဖြုန်းခနဲ ကဲလား ပြန်ပိတ်သွား၏။ သူလက်ညပ်မလို ဖြစ်သွားသည်။ ကမန်းကတန်း ဆွဲနုတ်လိုက်ရ၏။ ပါးစပ် ကလည်း မေသူ မေသူ ဟုတိုးတိုးခေါ်မိ၏။
ပြန်တော့၊ လူမိနေဦးမယ်၊ အဖေလည်း နေကောင်းနေပြီ၊ ပြန်တော့နော်။

မတွေ့ရရင် မမြင်ရရင်  မနေနိုင်ပါဘူးဆို၊ တို့်များ ဘယ်လောက် စွန့်စားလာရတယ် ဆိုတာသိလား။
ကဲလား ထရံများ ပါးစပ်ကပ်၍သူပြော၏။
မေသူ သက်ပြင်းရှိုက်သံကို ကြားရသည်။
နေ့ခင်းညနေ ဘာလို့ မလာလဲ။
အစ်ကိုကြီး နဲ့ အမေက မလာရဘူးဆိုလို့။
သွားတော့၊ မနက်ဖြန်လာခဲ့။

မလာရပါဘူးဆို။
ဘာဖြစ်လို့ မလာရတာလဲ။
ရန်ဖြစ်နေကြမှာစိုးလို့တဲ့။
ဟိုကောင်တွေ မလာတော့ပါဘူး ပြန်တော့။
မပြန်ဘူး၊ မပြန်ဘူး၊ ဆင်းလာခဲ့ပါဆို...နော်။
သက်ပြင်းရှိုက်သံကို ကြားရပြန်၏။ အောင်တိုင်လည်း ရင်ခုန်နေတုန်း။
ဒီနေ့အဖေနေကောင်းနေတယ်၊ ပြန်တော့နော်၊ ဆင်းလို့ရမှာမဟုတ်ဘူး၊ မနက်ဖြန်မှနော်။

ဆိုင်ပိတ်ပြီးပြီးချင်းလား၊ ဘယ်နေရာက စောင့်ရမှာလဲ။
နောက်ဘက် လေကာကျောက်တုံးနားက စောင့်နော်၊ မနက်ဖြန် ဆက်ဆက်တွေ့ပါ့မယ်၊ ပြန်တော့နော်၊ ဟိုကောင် တွေလည်း သတိထားဦး။
ကောင်းပြီ၊ မနက်ဖြန် ဆိုင်ပိတ်ပြီးကို တို့၊ စောင့်မယ်၊ ဆက်ဆက်နော်၊ တို့မေသူကို မတွေ့ရရင် တကယ် မနေနိုင်...။
အိုး....မြန်မြန်ပြန်ပါတော့ဆို၊ သိတယ်...သိတယ်၊ ရှည်နေလိုက်တာ။
ရင်ထဲ ပိမိနေသော အလေးကြီးတစ်ခု ကျသွားသလို အောင်တိုင် သက်ပြင်းချလိုက်မိ၏။ ရင်ထဲ ပေါ့သွားသည်။ ခြေလှမ်းလည်း သွက်လာ၏။ ရန်သူ ဖေတင်နှင့် ပိုးသီတို့ကိုပင် လုံးဝသတိမရ။ မနက်ဖြန် မေသူ နှင့် တွေ့လျှင်...။

မေသူတို့အိမ်ရှေ့၌ပင် တစ်စုံတစ်ယောက်နှင့် ၀င်တိုက်မိသောအခါ တစ်ကိုယ်လုံး ကြက်သီးဖြန်းဖြန်း ထသွား မိသည်။ ရှည်လျားသော စိတ်အစဉ် သည် ဖေတင်နှင့် ပိုးသီတို့ဆီ ချက်ချင်း ရောက်သွား၏။ သူ့လက်ထဲ ဘာမှမပါ။ မနင်ဖြန်လည်း မေသူနှင့် တွေ့ရန်ချိန်ပြီးပြီ၊ လက်နက်ပါဦးတော့၊ သူဒီကနေ့ည ရန် မဖြစ်ချင်။ မေသူနှင့် သူ့စိတ်ကို သိသလိုပင် ချက်ချင်း ခြံအဆုံး သို့ အပြေးကလေး ရောက်သွားမိ၏။
ဘယ်သူလဲဗျာ၊ ကျွန်တော်ပါ။
ဟင်းခနဲ သက်မချမိလိုက်သည်။

အစ်ကိုကြီး ၏ အသံပါလား၊ ဘာမေ့ကျန်လို့လဲ အစ်ကိုကြီးဟူသော မေသူ၏စကားကို သတိရလိုက်သည်။ အစ်ကိုကြီး တို့များ မေ့တတ်တာလည်း လွန်ရော၊ အိမ်ရောက်မှ သတိရလို့ ပြန်လာယူရတယ်လို့၊ တော်သေးတာပေါ့၊ ညီအစ်ကိုချင်း လူမှားပြီး သတ်မိကြ မလို့။
လုံးဝ အသံမပြုဘဲ တိတ်တိတ်ရယ်မောကာ သူလစ်ထွက်လာခဲ့သည်။ အတွေးကမူ မပြတ်သေး။
မနက်ဖြန်မှ ယူလည်း ရတာပဲ အစ်ကိုကြီးရာ၊ ဒီလောက်တောင် ဘာများအရေးကြီးတဲ့ ပစ္စည်းမို့လဲ၊ နည်းနည်းပဲ လိုတယ်၊ ညီအစ်ကိုချင်း လူမှား သတ်မိကြမလို့။
အဟမ်း ...ဟေ့....ဘယ်သူလဲ ၊ အောင်တိုင် လား။
အမေ့အသံကြောင့် သူငိုင်သွားသည်။

အစ်ကိုကြီးနှင့် ၀င်တိုးမိလာသည်ကို ရယ်ချင်သလို မနက်ဖြန် မေသူနှင့် တွေ့ကြရမည်ကို တွေးလာသဖြင့် အိမ်ကိုပင် ဘယ်လိုက ဘယ်လို ရောက်လာရသည်ကို သတိမထားမိ။ လမ်း၌ ရန်သူတော် ဖေတင်နှင့် ပိုးသီဆိုတာတော့ အတွေးထဲ နည်းနည်းမှ ပေါ်မလာ။ ရေနီပိုင်းကို ဖြတ်ရာတွင် အသွားတုန်းကလို အုန်းပင်မျာ၊ ချုံဖုတ်များ၊ လေကာ ကျောက်တုံးများနားကလား၊ လူတွေ သွားနေကျ လမ်းကလား သူလုံးဝ ပြန်တွေးမရ။ မိမိအပိုင်းကို ရောက်လာပြီ ဆိုတာလည်း အာရုံတစ်ချက် မ၀င်၊ သူ့စိတ်ထဲ မနက်ဖြန်ည နေတွင် မေသူနှင့်တွေ့ရမည်ဟူသော အတွေးကသာ ဦးနှောက်တစ်ခုလုံး အပြည့်ပါလာ၏။

မိမိအိမ်ရှေ့ရောက်၍ ကဲလားကို တအား တွန်းမိလိုက်သဖြင့် အမေ့အသံကြားမှ သတိပြန်ရလာသည်။
ဝုန်းခနဲ ပြေးထလိုက်သော အမေ၏ လှုပ်ရှားမှုကြောင့် သူလန့်အော်လိုက်သည်။
ကျွန်တော်ပါ အမေ။
င့ါနှယ် သေချင်တယ်ဟဲ့၊ နင့်နဲ့လည်း၊ ငါ့မှာဖြင့် ဘယ်သူများ နင့်ကိုသတ်ဖို့ လာနေပြီလဲလို့၊ ငါမေးတာ ဘာလို့ ချက်ချင်းမထူးလဲ၊ င့ါမှာဖြင့် ရင်ကို ထိတ်သွားတာပဲ။
ဟဲ..ဟဲ...အမေ ကျွန်တော့်ကို ဘယ်လောက် ချစ်လဲလို့ စမ်းကြည့်ချင်လို့ပါ။

ခွေးသားလေး ဟူသော အမေစကားမဆုံးခင်  ဆလုံမသားပါဟု အမေ့ကို မနောက်စဖူး နောက်မိလိုက်၏။ သူ့စိတ်ထဲ အကြီးအကျယ် ပျော်လာ၏။ အမေကတော့ ကဲလား ဖွင့်ပေးရင်း....။
နင့်ကို အမေ ဘယ်လောက်ချစ်လဲ စမ်းတာဟုတ်လား၊ တွေးလား ဒီမှာ ဓား၊ ငါပိုင်းမိမလို့။
အောင်တိုင် ရယ်လိုက်မှ အမေ့လတက်တစ်ဖက်က ဓားသည်ကြမ်းပြင်ပေါ် ကျသွား၏။
နင်ဘာလို့ တစ်ယောက်တည်း ပြန်လာလဲ။
အစ်ကိုဂေါလာ တို့မှ မမီလိုက်တာ။

အမယ်လေး.....။
သူ့အမေက ရင်ဘတ်ကို ထု၏။
မမီလိုက်ရင်လည်း ချက်ချင်း ဘာလို့ ပြန်မလာတာလဲဟဲ့၊ နင် ဟိုတရုတ်မဆိုင်ကို ၀င်နေခဲ့သေးတယ် ဆိုပါတော့။
အမေကလည်းဗျာ၊ အစ်ကိုကြီးကပါ မလာနဲ့လို့ ပြောထာလို့ ကျွန်တော်အဲဒီအပိုင်းတောင် မရောက်ဘူး။
နင်ဒီလောက်ကြာနေတာ ငါယုံမယ်၊ နင့်ကို ငါက မွေးထားတာပါ။ အောင်တိုင်ရဲ့ ချေးခါးအူမ။
စကားပဲ ဆုံးအောင် နားမထောင်ဘူး၊ အဘအောင်စိန်က မြင်တော့ လှမ်းခေါ်ပြီး ဆုံးမစကား ပြောနေလို့ဗျ။
အေး ဦးအောင်စိန်ကို သေသေချာချာ ပြောမပြခဲ့ဘူးလား၊ သူတို့ဝိုင်းရိုက်တာပါလို့။

သူ့အမေ စိတ်ချမ်းသာသွားပြီဆိုသည်ကို အောင်တိုင် သိလိုက်၏။
ပြောပြပါတယ် အမေရယ်။
အစ်ကိုကြီး အောင်စိန်က ဘာပြောလဲ။
ဟိုကောင်နှစ်ကောင်ကိုလည်း ငါပြောပြီးပါပြီတဲ့။ အထူးသဖြင့် မုဆိုးမသားတွေ၊ မိဘမဲ့သားတွေနဲ့ ရန်ဖြစ်တာ ပြောသံကြားရင် မိဖုံဖစုံရှိတဲ့ အကောင်တွေ ညီအစ်ကိုအုပ် ကောင်းတဲ့ အကောင်တွေ သေ ဖို့သာ ပြင်ထားကြ၊ တစ်မျိုးလုံး တစ်ဆွေလုံး ဟိုဘက်ကမ်းက ထောင်ထဲပို့ပစ်မယ်၊ ငါ့ရွာမှာ မိဘမဲ့ ဆွေမျိုးမဲ့ မို့ မုဆိုးမသားမို့ အနိုင်ကျင့်ခံ ရတယ်ဆိုတဲ့ အသံ ငါမကြားချင်ဘူးလို့ ပြောလိုက်တယ်တဲ့၊ မှားမှားမှန်မှန် မင်းတို့ မိစုံဖစုံရှိတဲ့ အကောင်တွေပဲ ငါကတော့ ဦးဆုံး ဖမ်းချုပ်ရမယ်လို့ ကြိမ်းလိုက်တယ် ပြောတယ်။

ဟုတ်တယ်၊ အစ်ကိုကြီးအောင်စိန် က သိပ်တရားရှိတာ၊ သူ့ညီအတော် နဲ့ မင်းထွန်း ဖြစ်ကြတုန်းက ကြည့် ၊ အမှန်က မင်းထွန်း လွန်တာတဲ့၊ အတော ခမျာများ အုန်းဘောင်နဲ့ ရိုက်တာ၊ လူဆွဲထားရတယ်၊ လူကြီး လုပ်တဲ့လူဟာ ဆန်ရင်း နာနာဖွပ်ရတယ်တဲ့။
အောင်တိုင်ကတော့ ရယ်ချင်နေသည်။
ဟုတ်တာပေါ့ အမေရာ.... အဲဒါကြောင့်လည်း ကျွန်တော် ဒီလို တစ်ယောက်တည်း ပြန်လာရဲတာပဲ ကြည့်တော့၊ မှဲ့တစ်ပေါက် မစွန်းစေရဘူးတဲ့။

အမေကျေနပ်သွား၏။ သူလိမ်ပြောသည်ကို အမေက တကယ်ထင်သည်။ ဦးအောင်စိန် ပြောဆိုသော စကား မှာ ဗထို ဆီက ကြားသော တစ်ဆင့် စကားကို သူကချဲ့ထွင်ပြော ပြခြင်းသာ။
ဂေါလာ တို့ နှင့် လိုက်သွား၍ ငါးခွဲပြီးမှ ပြန်လာသည်။ ငါးနည်း ၍ စောစောပြီးသည်။ အိမ်နားထိ ညီအစ်ကို နှစ်ယောက် လိုက်ပို့ကြသည်။ ညဥ့်နက်မှာစိုး၍ အိမ်ထဲမ၀င်ဘဲ ပြန်သွားကြသည်ဟု သူလိမ်ပြောလျှင်လည်း အမေ ကတော့ ယုံမည်ပင်။ ပို၍လည်း သဘောကျမည်ဖြစ်သဖြင့် စောစောက အဲသလို အတွေးရရင် သိပ်ဟန်လေမှာပဲ ဟု အောင်တိုင် အိပ်ရာထဲတွင် တွေးမိလိုက်သေး၏။
အစ်ကိုဂေါလာ တို့ ကမ်းကြီးသတ်ဘက် သွားဦးမယ်ဟူသော သူ့စကားကို အမေက အကြွင်းမဲ့ ယုံကြည် သွား၏။

ဘယ်အချိန် ပြန်လာမလဲဟုပင် မမေးသဖြင့် သူအိမ်က အထွက်ရ လွယ်သွားသည်။
အချိန်ကုန်ခဲလိုက်တာဟူသော အတွေးနှင့်အတူ နာရီကို ခဏခဏကြည့်မိ၏။ နာရီစက္ကန့် လေး၏ ရွေ့လျားမှုနှုန်းနှင့်အတူ သူရင်ခုန်နေသည်။ ဟိုအိမ်သည် အိမ် ဟိုနားသည်နား အဓိပ္ပာယ်မဲ့ လျှောက်ရင်း နောက်ဆုံးတော့ မေသူတို့အိမ်ရှေ့ ရောက်လာ၏။ မနေ့ကလိုပင် ကျောက်တုံးကြားထဲ ၀င်နေလိုက်၏။
မီးချေင်းအလင်းထဲက မေသူ့ဆိုင်ဘက် လှမ်းအကြည့်မှာ အံ့အားသင့်သွား၏။ ဈေးဆိုင် ရှေ့ ငေးနေသော မိဇံ ၏ မျက်နှာကို ဦးဆုံးမြင်လိုက်ရ၏။ မိဇံ၏ ဘေးတစ်ဖက်တွင် မေစီ၊ နောက်တစ်ဖက်မှာမှ မေသူ၊ မေသူ ၏ နောက်နှင့် ဘေးတွင် မအိ၊ မေယုတို့ ၀ိုင်းထိုင်နေကြသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, August 23, 2011

ဖိုးကျော့ ၏ သမုဒယ ဤပင်လယ် အပိုင်း (၁၈)

အောင်တိုင် က မိဇံရှေ့ ကမ်းနဖူးတွင် ပဲ့ချိတ်ကို ရပ်ထားလိုက်၏။ ဆည်းဆာရောင်ထဲက ဂေါလာ ၏ မျက်နှာ သည် ရဲရဲနီသွား၏။ မိဇံ၏ မျက်နှာတင်မူ သွေးမရှိတော့။ အောင်တိုင်က စကားမဟမိ သေး။ သူတို့ မောင်နှမ အကဲ ကို တမင်စောင့်ကြည့်နေ၏။
"နင် က ဘာလုပ်မလို့လဲ၊ ပင်လယ်နားလိုက်မလို့လား"
ဂေါလာ ၏ အမေးကို မိဇံက ငိုမဲ့မဲ့မျက်နှာ နှင့် ခေါင်းညိတ်ပြ၏။

"ဘယ်သူမှ ပင်လယ်မထွက်တာ၊ ငါးတဲ ဘယ်သူရှိလို့လဲ၊ သွားအိမ်ပြန်နေ"
မိဇံ က တစ်ချိုးတည်း လှည့်ထွက်သွား၏။ သူခြေဆောင့်ကန်ထားခဲ့သဖြင့် ကမ်းနဖူးမှ သဲများပင် ချောင်းထဲ ပဲ့ကျ သွားသည်။
အောင်တိုင် က အလိုက်သိစွာ စက်ကို ပြန်နှိုးလိုက်၏။ ရယ်ချင်သော်လည်း မရယ်ရဲ။ သို့သော် မျက်နှာပိုး သတ်မရ ဖြစ်နေ၏။ ဂေါလာ ကတော့ သူ့ကို လုံးဝ ပြန်လှည့်မကြည့်၊ ထူးထူးခြားခြား လည်း နှုတ်ဆိတ် သွား၏။
အောင်တိုင် က အားနာသွားသဖြင့် စကားစသည်။
"အစ်ကို ဂေါလာ တို့် ငါးမန်းယက် တွေ ဒီနှစ်တော်တော် ရတာပဲ"

အခန်း (၃)
အကိုကြီး ဟိုဘက်ကမ်းက ၀ယ်လာသော ပစ္စည်းများကို အောင်တိုင်တစ်ခုစီ ကြည့်နေသည်။
ဒီဓာတ်အိုး က ကက်ဆက်ဖွင့်ဖို့ ၀ယ်လာတာလား အစ်ကိုကြီး။
ဘက်ထရီအိုး က မီးလည်း ထွန်းလို့ရတယ်ကွ။
ကျွန်တော် ကတော့ ဟိုဘက်ကမ်း မှာ ကက်ဆက်ဖွင့်နေကြတာပဲ မြင်ဖူးတယ်။

မီးထွန်း လို့ လည်း ရတယ်ကွ၊ မင်းမြင်ရမှာပါ။
ဟတ်ကဲ့၊ ဒါကော အစ်ကိုကြီး။
အဲဒါပေါ့၊ မီးချောင်းလေ၊ ဘက်ထရီနဲ့ ထွန်းဖို့။
တစ်ပေ မီးချေင်းလေးကို အောင်တိုင် ငေးကြည့်နေမိသည်။
မိုးဦးကျတော့မယ်ကွ၊ ညီလေးတို့အရပ်က လေပြင်းတော့ မီးခွက်မီးအိမ်တွေနဲ့ မဟန်ဘူး။
မီးချောင်း နှင့် ၀ါယာကြိုးခွေများကို ရှင်းလင်းတပ်ဆင်၍ အစ်ကိုကြီးကပြော၏။

မေသူတို့ အဖေအတွက် ဆေးကော အစ်ကိုကြီး ရခဲ့ရဲ့လား။.
အင်း နည်းနည်းတော့ရခဲ့တယ် ဟုဆိုလေသည်။
ဥပဒေ နှင့် မလွတ်မကင်းသော ပစ္စည်းမို့ အစ်ကိုကြီးက လူသိမခံချင်ပုံမရ။ အစ်ကိုကြီးအကြည့်ကို သူချက်ချင်း သဘောပေါက်လိုက်၏။ အစ်ကိုကြီးသည် သူတစ်စုံတစ်ခုဖြစ်မှာစိုး၍ သူ့ကိုပင် မလွှတ်ခဲ့။ အလိုက် သိစွာ နှုတ်ဆိတ်နေလိုက်လေ၏။

အင်အားကြီးသော အလင်းရောင် ကို အံ့သြမိသည်။ ပြင်ဆင်လုပ်ကိုင်တတ်သော အစ်ကိုကြီးကို လည်း ပို၍ အထင်ကြီးသွားမိသည်။ အလင်းရောင် သည် မီးခွက်မီးအိမ်ရောင်လို ရဲရဲနီနီမဟုတ်၊ ဖွေးဖွေးဖြူနေ၏။ ဆိုင်ရှေ့ သဲတလင်း ထဲတွင် အပ်ချထားသည်ကိုပင် မြင်ရမည်။ နေ့ခင်း အစ်ကိုကြီးပြောစဉ်က ဤမျှ အလင်းအား ကောင်းလိမ့်မည်ဟု မထင်ခဲ့၏။ ယုခုတော့ ပကတိ နေ့ခင်းကျနေသည်။ မီးညွှန့် ဟု သီးသန့် မရှိ။ လေမည်မျှတိုက်တိုက် မျက်တောင်မဖြတ်၊ မီးညွန့် မီးစွယ်ထွက်ခြင်း လှုပ်ခတ်ခြင်းမရှိ။ တည်ငြိမ်သော အလင်းရောင်ပင်။

အစ်ကိုကြီးပြောတုန်းက သူ့အိမ်မှာ ထွန်းဖို့ ၀ယ်လာသည်ဟု ထင်မိ၏။ ယခု မေသူ၏ ဈေးဆိုင်တွင် ထွန်းညှိ ထားသည်။ မီးရောင် ထဲက မေသူ၏ မျက်နှာသည် ပိုလှပိုကြည့်ကောင်း နေသည်။ တော်တောက်ပပလည်း ရှိ၏။
မေသူ ၏ မျက်လုံးနှင့်ဆုံမိသွားသည်။ ရင်ခုန်လာ၏။ တစ်ကိုယ်လုံးလည်း ပူနွေးလာသည်။ မေသူအနီး၌ ထိုင် လိုက်၏။ ထူးထူးခြားခြား စိတ်ထဲ၌ ခံစားမိလိုက်သည်။ မေသူ စကားနည်းနေ၏။ ခါတိုင်းလို ထမင်းစားပြီး ခဲ့ ပလားပင် လောက၀တ် စကားမမေး။ နေ့ခင်းလောက် လင်းသော အလင်းထဲတွင် ပါးစပ် တစ်လှုပ်၊ အကြည့်တစ်စွေ့ အပြုံးအရယ်များကိုပင် အဝေးက မြင်နိုင်သဖြင့် ငြိမ်ကုပ်နေသလား ထင်မိသည်။ အလင်းထဲတွင် ငြိမ်ကုပ်နေတတ်သော ၀င်ကစွပ်ကောင်တွေကို သတိရ၍ သူပြုံးမိလိုက်၏။  ဤနေ့ မှ မေသူကလည်း သူ့အပြုံးကို ထူးထူးခြားခြား ဖြစ်သလို
ကြည့်ပြန် သည်။ သူကလည်း မေသူ၏ မျက်လုံးနှင့် တမင်ဆုံ၍ ပြန်ကြည့်မိသွား၏။ မေသူက ဘာမှမပြော၊ အမူအရာ သာမဟုတ်၊ နှုတ်ပါ ဆိတ်နေသည်။

အစ်ကိုကြီး ဆေးရတယ် ဟုတ်လား။
အင်း။
ခု ဘယ်နှယ့်နေသေးလဲ။
ချက်ချင်းတော့ ဘယ်ကောင်းဦးမလဲ။
မီးချေင်း ကို သူမော့ကြည့်မိသည်။
အစ်ကိုကြီး ညနေ က လာထွန်းပေးသွားတာ ဟုမေသူက စိတ်မပါသလို ဆိုနေသည်။

ဈေးလာ ၀ယ်ရင်း မြင်သွားသော ကလေးများ၏ ပါးစပ်သတင်းကြောင့် လူကြီးတွေပါ ဘယ်ထရီအိုးနှင့် မီးချောင်း ကို လာကြည့်ကြသည်။ ဆိုင်မပိတ်မချင့်း ပြန်ကြမည်မဟုတ်မှန်း သိလိုက်၏။ ကလေးများသည် သူ့ကိုယ် ကိုပင် တိုးတိုက်လာကြ၏။ ကလေးများ ပြောဆိုဝေဖန် နေကြသံကို သူနားက အလေးမထားမိ၊ ရင်ထဲ တင်းကျပ်နေသလို တွေ့သည်။ မေသူ၏ မျက်နှာကို မကြာမကြာ ကြည့်မိသော်လည်း မျက်လုံးချင်း မဆုံမိကြ။ ကလေးလူကြီး များနေသဖြင့် စကားလည်း ပြောပေါက်မရ။ ဈေးကူရောင်းပေးနေရသော်လည်း သူ့လက် က ခါတိုင်းလို မသွက်။ မေသူလည်း ထူးခြားနေသည်ဟု ထင်မိသည်။

မေသူအနား၌ ထိုင်နေရသည်ကို ခါတိုင်းနေ့တွေလို မကြည့်နူးမိ။ ရင်ထဲအလေးကြီးတစ်ခု ပိနေသလို တင်းကျပ် နေ၏။ မကြာခဏ သက်ပြင်းချမိသည်။ ရင်ထဲက ဘယ်လိုမှမပေါ့။ ကလေးတွေကို မျက်စိစပါးမွေး စူးမိ၏။ လူကြီးတွေကို မျက်စိနောက်သည်။ အသံများကို နားကြားပြင်းပိုကပ်မိသည်။ ရွယ်တူ တန်းတူ ကာလသားများ ဈေးလာဝယ်ကြသည်ကို ကြည့်မရဖြစ်လာသည်။ သူမတ်တတ် ထရပ်လိုက်၏။ မေသူ၏ အကြည့်တစ်ချက်ကို မြင်လိုက်ရသည်။ မေသူက ချက်ချင်း အကြည့်လွှဲပစ်၏။ ရင်ထဲ ပိုမောသွားသည်။
ပြန်တော့မလို့လားကွ။

မျှော်လင့်ထားသော မေသူ၏ အမေးမဟုတ်။ သင်းနိုင်၏ အမေးသာ။
ပြန်ဦးမယ်ဗျာ ဟု ပြောပြီး သူထွက်လာသည်။
ညသည် လရှိသော်လည်း အလင်းမဲ့နေသည်။ ကောင်းကင်ကို မော့ကြည့်ဖြစ်သည်။ မိုးအုံ့နေ၏။ စိတ်ထဲပို၍ ထိုင်းမှိုင်းလေးလံသွား၏။ ခြေလှမ်းများကို ဘယ်ဆီဘယ်ညာ ဦးတည်ချက်မဲ့လှမ်း လာသည်။
၎။

ညီလေးတစ်နေ့ညနေက ဆိုင်ရှေ့မှာ ရန်ဖြစ်ကြတယ်ဆို။
စပါးကြိတ်ခွဲနေသော ဟာလာစက်သံထဲက အစ်ကိုကြီး၏ အသုံကို သဲသဲကွဲကွဲ ကြားလိုက်ရသည်။ အစ်ကိုကြီး သည် စက်ကို လှည့်ပတ်ကြည့်လာရာမျှိသူ့အနားတွင် ခြေလှမ်းရပ်၍ ပြော၏။
ကျွန်တော့်ကို ခွေးလို့် ပြောတာနဲ့။
အစ်ကိုကြီး သူကြည့်၏။ အစ်ကိုကြီးက သူ့မျက်နှာကို မကြည့်၊ အသစ်လဲတပ်ထားသော ပင်နယံနှင့် စက်ဝင်ရိုး ကိုသာ ငေးနေ၏။

အမှန်က ဖေတင် သူ့ကို သည့်ထက် ပြောသည်။ ကောက်ရိုးပုံစောင့်တဲ့ ခွေးဟု ဆို၏။ ကာလသားတွေ အများ ရှေ့မို့ သူရှက်ရှက်နှင့် ဖေတင်ကို ဆွဲထိုးသည်။ ပိုးသီးကပါ ဖေတင်ဘက်က အကူဝင်၏။ သူတို့ နှစ်ယောက်စလုံးကို အောင်တိုင် ထိုးရိုက်ကန်ကျောက်ပစ် ခဲ့သည်။ သူတို့ကလည်း ပြန်ရိုက်နေကြ၏။ လက်နှိပ်ဓာတ်မီး တွေ ပိန်လိပ်ကွဲနအက်ကုန်သည်။ သင်းနိုင်၊ ဘိုးမှီ၊ ဗထိုနှင့် ရွှေဆိုင်တို့က ဖျန်ဖြေကြ သည်။ လူကြီး တွေက အောင်တိုင် နှင့် ဖေတင် ပိုးသီး တို့ကို ဆိုဆုံးမကြသည်။

ပါးစပ် နှင့် နှာခေါင်းမှာ သွေးထွက်သွားသော ဖေတင်နှင့်  မျက်လုံးတစ်ဖတ် ပိတ်သွားသော ပိုးသီးတို့က မကျေမနပ် နှင့် ဆဲဆို၍ ထွက်သွားကြသည်။ မိုးမကျခင် မင်းသေရမယ်ဟု ကြိမ်းသွားကြသည်။ သူတို့ နှစ်ယောက် ဓာတ်မီးနှင့် ရိုက်ထားခဲ့ကြသော သူ့ခေါင်းက ကြက်ဥများကို ဆံပင်အုပ်ထားသဖြင့် မည်သူမျှ မမြင်၊ အောင်တိုင် ကလည်း သူအများရှေ့မို့ ယောင်၍ပင် မကိုင်မိအောင် သတိထားနေပြလိုက်၏။ ဘာမှ မဖြစ်သလို နေနေသည်။ အားလုံးက အံ့သြကြ၏။ မေသူဆိုင်ပိတ်၍ ပြန်သောအခါ ဗထိုနှင့် သင်းနိုင်က သူ့ကို လိုက်ပို့ကြသည်။ သူတို့နှစ်ယောက်က ရှေ့တစ်ယောက် နှစ်ယောက် သီချင်းအော်ဆို၍ လာကြသည်။ အောင်တိုင် က နှုတ်ဆိတ်၍ လိုက်ပါလာ၏။ အမေသိမှာစိုး၍ သူတို့နှစ်ယောက်ကို အိမ်နားမရောက်ခင် ပြန်လွှတ် လိုက်ရသည်။
မေသူက ပြောတာလား အစ်ကိုကြီး။

သူ့မျက်နှာကို ဤတစ်ခါ ထူးထူးခြားခြား လှည့်ကြည့်သည်။
အဒေါ်နိုင်း ကလည်း ပြောတယ်၊ ဖေတင်ဆိုတဲ့ ကောင်က မိုက်တိမိုက်ကန်းရယ်၊ ဘာလို့ရန်ဖြစ် ရတာ လဲကွာ။
သူနှုတ်ဆိတ် နေသည်။
မိုးချုပ်နေ၀င် ဒီဘက် က အပိုင်းကို ညီလေး မလာတာကောင်းမယ်။
မနေ့က မေသူ ဆိုင်က နှင်လွှတ်သည်ကို သတိရမိလိုက်၏။ မိုးမချုပ်ခင်ပြန်ဟုဆို၏။ သူက မပြန်၊ မေသူက မပြန်ရင် ဆိုင်ပိတ်တော့မယ် ဟုဆို၏။
မေသူ အရောင်းချရင် သွားအိပ်နေ၊ တို့အစ်ကိုကြီးဆိုင် တို့ရောင်းပေးရမယ်၊ မပိတ်ဘူး၊ ဘာလို့ ပိတ်ရ မှာလဲ။
အမယ် ဟု ဆိုပြီးမှ မေသူက စကားဆက်၏။

သူ့အတွက် ပြောမှန်း၊ ကိုယ့်အတွက် ပြောမှန်းမသိဘူး၊ သူတို့အိမ်က ဟိုဘက်အပိုင်းမှာ၊ ဖေတင်တို့က ဒီဘက်အပိုင်း နေတာ ညချောင်းရိုက်ရင် ဘယ့်နှယ့်လုပ်မလဲ။
မကြောက်သေးဘူး။
အမှန်လည်း သူမကြောက်၊ ဆိုင်ပိတ်အောင် နေ၏။ ပြောမရရင်တော့ အစ်ကိုကြီးနဲ့ တိုင်ပြောမယ်ဟု မေသူက ဆို၏။
အမှန်လည်း သူသီချင်းအော်ဆို၍ ပြန်လာသည်။ သူ့ကို ချစ်သောမေသူ ရန်ခုန်နေမှာပဲ၊ အိပ်လို့မှ ပျော်ပါ့မလား ဟူသော အတွေးဆုံူးမှာတော့ သီချင်းသံက အလိုလို ရပ်သွား၏။ ဖေတင်တို့နှင့် ရင်ဆိုင်ရန် အတွက် တုတ်ပတ်သံပြား ကို ထက်ထက်သွေး၍ အခွေအလိပ်လုပ်ကိုင်လာသည်ကို မေသူမသိ။ မည်သူမျှ မသိ။
ဒီကောင်ကို ကျွန်တော် မကြောက်ပါဘူး အစ်ကိုကြီးရာ။

ကြောက်တယ် ရယ်တော့ ဘယ်ဟုတ်မလဲ ညီလေးရာ၊ ရန်ဆိုတာ မရှိရင် ပိုကောင်းတာပေါ့။ ညီလေးက သီချင်း အော် ဆိုဆိုသွားတော့ တစ်ဖက်သား ကို ပမာမခန့်ဘူးလို့ စိန်ခေါ်သလို ဖြစ်မနေဘူးလား။
မျက်လုံးချင်း မဆိုင်လိုသဖြင့် သူမျက်လွှာချလိုက်၏။
ညီလေး တို့ ဖြစ်ကြတာက အကြောင်းမ...အေး ဈေးဆိုင်ရှေ့ဆိုတော့ မေသူလည်း အားနာစရာ၊ မကောင်းဘူးပေါ့ကွာ။
ကျွန်တော်က အစ်ကိုကြီး ပစ္စည်းတွေမို့ ၀င်ကူရောင်းပေးတဲ့ သဘောပါ။ ခုတလော သူ့အဖေလည်း နေမကောင်း တော့ မေသူက လက်မလည်လို့။
အစ်ကိုကြီး ၏ ထူးထူးခြားခြားအကြည့်ကြောင့် သူငြိမ်နေ၍ မရတော့၊ နှုတ်ထွက်သွား၏။
ဒီကောင် တွေက ဈေးလာဝယ်ရုံမကဘူး၊ မေသူ့ကို စော်ကားတာ။

အစ်ကိုကြီး ကား သူ့ကို ကြည့်နေဆဲ။
အရင်တစ်ခါ လည်း အစ်ကိုကြီး ရှာနေတယ်လို့် ကျွန်တော့်ကို စော်ကားတယ်၊ အစ်ကိုကြီး သိက္ခာကိုလည်း ပမာမပြုဘူး၊ မေသူ ကို စာပေးသွားကြသေးတယ်။
မေသူ က ပြောတာလား။

ဟုတ်ကဲ့ မေသူက နောက်တစ်နေ့မှာ စာထုပ်ပြတယ်၊ ကျွန်တော်စိတ်ဆိုးပြီး ဆွဲဆုတ် ပစ်လိုက်တယ်။ ကက်ဆက် အငှားဆိုင် လုပ်ပါလား၊ တိပ်ခွေတွေ သူတို့နေ့တိုင်းလာငှားမယ်လို့ ပြောတယ်တဲ့၊ ကျွန်တော့် ရှေ့တင် ရိသဲ့သဲ့လာလုပ် ကြတယ်။ တစ်ရက်မဟုတ်ဘူး၊ အိမ်ရှေ့က သီချင်းဆိုဆိုပြီးလည်း စကြတယ်၊ ကျွန်တော် တုတ်ထိုင်နေတာ မြင်လျက်နဲ့  အားမနာဘူး။
သူ့ရင်ထဲ ရှိသမျှ အောင်တိုင်ပြောချလိုက်၏။ အစ်ကိုကြီးကမူ သူ့ကိုမကြည့်တော့။ ခေါင်းငုံ့၍ ပင်နယံ အသစ် ကိုသာ ငေးနေသည်။
အစ်ကိုကြီးဆိုင်မှာ မီးချောင်းထွန်းပေးထားတာ မှားတယ်။
ဆတ်ခနဲ သူ့ကို လှည့်ကြည့်လိုက်၏။

သူမီးခွက်မှုတ်တတ်သည်ကို အစ်ကိုကြီး လုံးဝမသိနိုင်ပါဘူးဟူသော အတွေးစိတ်နှင့် ဆက်ပြော၏။ သူ့ဒေါသသည် ခေါင်းထောင်ထလာသည်။
သူတို့ အတွက် ထွန်းပေးထားတယ်လို့များ ထင်နေကြလား မသိဘူး၊ ဆိုင်မပိတ်မချင်း မပြန်ဘူး၊ ဆိုင်ရှေ့မှာ ခေါင်းပန်း လှန်ကြတယ်၊ ထွေးခင်းကြတယ်၊ ဂေါ်လီပစ်ကြတယ်၊ ငြင်းကြခုံကြနဲ့ ဟိုဘက်ကမ်းက အချိုရည် ရောင်းတဲ့ ဆိုင်ကျနေတာပဲ၊ မိုးဖွားကျလာတာတောင် မပြန်ကြဘူး၊ ဆိုင်ထဲဝင် အိမ်ပေါ် တက် လုပ် လာကြတာ၊ အစ်ကိုကြီး ဓာတ်အိုးနဲ့ မီးချောင်းအိမ်ပြန်သိမ်းထားရင် ကောင်းမယ်။
သူတို့ကို မလိုလို့ သိမ်းထားလိုက်တယ်ထင်ရင် မကောင်းဘူးနဲ့တူတယ် ညီလေးရာ။
ထင်ရုံမကဘူး၊ တမင်ပြောရမယ်အစ်ကိုကြီးရာ၊ ဒီက အကောင်တွေအကြောင်း အစ်ကိုကြီး မသိပါဘူး၊ ပြောမှ သိမယ့် အကောင်တွေဗျ။

သူစိတ်ဆိုးလာပြီကို သိပုံရ၏။ အစ်ကိုကြီးက မလှမပ ရယ်သည်။
အစ်ကိုကြီး အသာနေ၊ ဒီနေ့ည်နေ ကျွန်တော်သွားသိမ်းမယ်၊ ပြောလည်း ပြောမယ်၊ မင်းတို့ကစားဖို့ မီးထွန်း ပေးထားတာ မဟုတ်ဘူးလို့။
အစ်ကိုကြီး က သူ့ကို ရယ်ရယ်မောမောနှင့် လာဖက်ထား၏။
ဒီလောက်လည်း အလောသုံးဆယ် မလုပ်ပါနဲ့ဦး ညီလေးရာ.. အစ်ကိုကြီး ကြည့်စီစဉ်ပါ့မယ်။ လူကြိး တွေကတော့ ခုမှ ရွာထဲကကောင်လေး ကောင်မလေးတွေ အဲဒီမှာ စုကြ၊ ကစားကြ၊ ပြောကြဆိုကြနဲ့ ရင်းရင်း နှီးနှီးရှိလို့ ကောင်းတယ်ပြောတာပဲ ညီလေးရာ၊ အစ်ကိုကြီးတို့က မီးထွန်းတာလည်း ဘာမှ ကြာသေးတာ မုဟုတ်တော့ လူကြီးတွေ တစ်မျိုးတစ်မည် အထင်အမြင် လွဲမှာလည်း စိုးရတယ်မဟုတ်လား။

အဲဒီမှာ တရုန်းရုန်းနဲ့ ရန်ဖြစ်ကြတော့ အစ်ကိုကြီးက မပြောပြဘူးလား။
အစ်ကိုကြီးက သူ့ကို လက်ကာပြထား၏။
နောက်တော့ သူတို့ သဘောပေါက်လာကြလိမ့်မယ် ညီလေးရာ။ သူတို့သဘောပေါက်လာကြရင် အစ်ကိုကြီး တို့တောင် မသိမ်းနေရပါဘူး။ လူကြီးတွေက သိမ်းခိုင်းလာပါလိမ့်မယ်။ ညီလေး အမြင် မှန်တာပေါ့။ ဒါပေမဲ့ ဒီကိစ္စခုလောလောဆယ်တော့ အစ်ကိုကြီး ကြည့်စီစဉ်ပါမယ်နော် ညီလေး၊ ဟိုကောင်တွေ ရန်ရယ်လို့လည်း မဟုတ်ဘူးပေါ့ကွာ၊ ခုရက်ပိုင်းမှာတော့ ညီလေးမိုးချုပ်ရင် ဒီဘက်ပိုင်း နည်းနည်း ဆင်ခြင်လိုက်ပါ။

ဟိုကောင်တွေကို ညီလေး ပမာမထားဘူးဆိုတာ အစ်ကိုကြီးသာ မဟုတ်ဘူး လူတိုင်းသိပါတယ်၊ ဟိုနေ့က ညီလေးကို နှစ်ယောက်ဝိုင်းချကြတာ တောင်သူတို့ပဲ ကွဲပြဲကုန်ကြတာ မဟုတ်လား၊ ငါ့ညီလာဖြစ်လို့လဲ အစ်ကို့ညီ အကြောင်း အစ်ကိုကြီးက ပိုသိတာပေါ့၊ အဲဒါကြောင့်လည်း ဒီတစ်ရွာလုံးထဲက ညီလေးတစ်ယောက်ပဲ အစ်ကိုကြီးနဲပ သစ္စာရေသောက်ဖူးတဲ့လူရှိတယ်ဆိုတာ ညီလေး သိပါတယ်၊ င့ါညီကို ထိရင် အစ်ကိုကြီးကော နေပါ့မလား၊ ဒီရွာမှာ အဝေးလက်နက်ကိုင်နိုင်တာ အစ်ကိုကြီးပဲ ရှိတယ် မဟုတ်လား၊ ပြောလို့သာ ပြောရတာပါ။

ဟိုကောင်တွေလည်း ညီလေးကို နောက်ထပ် မစော်ကားရဲပါဘူး၊ အစ်ကိုကြီးကလည်း ပြောထားမယ်လေ၊ ဒါပေမဲ့ အစ်ကိုကြီးတို့မှာက အမေနိုင်းရှိသေးတယ်မဟုတ်လား၊ အမေနိုင်းဟာ ညီလေးကို ဘယ်လောက် ချစ်တယ် ဆိုတာ အစ်ကိုကြီးပြောဖို့ မလိုတော့ပါဘူး၊ ခုထိသူများလို ပင်လင်ပြင် မထွက်ရဘဲ ကြည့်၊ ဘာပဲဖြစ်ဖြစ်တို့ အမေနိုင်းကို တို့ညီအစ်ကိုတွေ ညှာတာထောက်ထားရမယ်၊ မုဆိုးမသားတွေဆိုပြီး ရမ်းကား တယ် ဘာရယ်ညာရယ် ပြောမှာစိုးလို့ပေါ့ ညီလေးရာ၊ နို့မို့ အစ်ကိုကြီး အဲဒီနေ့ကပင် ဒီကောင်တွေ သွားရှင်းပစ်ချင်တာ၊ အမေနိုင်းမျက်နှာ ထောက်နေရလို့ပေါ့၊ တို့ညီအစ်ကို တစ်ခုခုဖြစ်သွားရင် အမေနိုင်း ဘယ်လို ဘ၀ ရောက်သွားမယ် ဆိုတာ ညီလေး စဉ်းစားခြင်ပါကွာ၊ ဘာလုပ်လုပ် စိတ်လိုက် မာန်ပါ မလုပ်ပါနဲ့၊ ညီလေးလည်း ဘုန်းကြီးကျောင်း နေဖူးတာပဲ၊ ဒေါသအတ္ထနာဇာနာ တိတဲ့၊ ဒေါသဖြင်လာရင် ကျိုးကြောင်း မဆင်ခြင်နိုင်တော့ ဒီလိုမဟုတ်လား။

အစ်ကိုကြီး၏ ရှည်လျားသော အပြောကြောင့် သူ့ဒေါသပြေသွားသည်မှာတော့ အမှန်ပင်။ သို့သော် စိတ်ထဲ က လုံးလုံး ပေါ့မသွားသေး၊ ခဏတော့ ငေးငေးငိုင်ငိုင် ဖြစ်နေ၏။
ကဲ...အစ်ကိုတို့ တော်ကြစို့ကွာ၊ စက်ရက်လိုက်တော့မယ်နော် ညီလေး၊ စက်က စိတ်ချရပါပြီ၊ ရေမိုးချိုးကွာ၊ စောစောပြန် အမေနိုင်းမျှော်နေလိမ့်မယ်၊ အစ်ကိုကြီးကို စောစောပြန်လာဖို့ မှာလိုက်တယ်၊ ထမင်းစားပြီးရင် အိမ်မှာပဲ အေးအေးဆေးဆေးနေ၊ ဘယ်မှမထွက်နဲ့ အမေစိတ်ချမ်းအောင် သုံးလေးရက် တော့ နေပြလိုက်ပါကွာ၊ ဆိုင်ကိုလည်း အစ်ကိုကြီး ကြည့်လိုက်ပါ့မယ်စိတ်ချပါ။
ပခုံး ပုတ်၍ ပြောသော အစ်ကိုကြီး၏ စကားကြောင့် တဒင်္ဂတော့ သူစိတ်ပြေသွားသည်။

ဟင်....အောင်တိုင် နင် ဘယ်သူ့အားကိုးနဲ့ ဖေတင်တို့ကို ရိုက်လွှတ်ရတာလဲ၊ တကယ့်တကယ့် ဖြစ်ကြရင် ယောက်ျားသားအားကိုးစရာဆိုလို့ နင့်မှာ ဘယ်သူရှိလဲ၊ နင့်နောက်မှာ မားမားမတ်မတ် ဘယ်သူရပ်မှာလဲ၊ တစ်မျိုးလုံး တစ်ဆွေလုံးမှာ ယောက်ျားသားဆိုလို့ ငါတစ်ကောင်တည်း ရှိပါလားဆိုတာ နင်သတိရရဲ့လား၊ တစ်မျိုးလုံး တစ်ဆွေလုံး မုဆိုးမတွေ အစ်ကိုမောင်ဘွား လင်သား အဖေမဲ့တဲ့ ကျိန်စာသင့်မျိုးတွေဆိုတာ နင် မသိဘူးလား၊ မောင်ထွန်းသောင် မျက်နှာကြောင့် ဖေတင်တို့က ထီမတဲ့လား၊ ဟိုတရုတ်မမျက်နှာကို နင်တစ်ကမ္ဘာ ထင်ပြီး....။
တော်စမ်းပါ အမေရာ...။

အိမ်ပြန်လာသော အောင်တိုင်ကို သူ့အမေက ဆီးမာန်သောအခါ အောင်တိုင်ကလည်း စိတ်ပေါက်ပေါက် နှင့် အမေ့ကို ပြန်အော်ပစ်လိုက်၏။
အမေ့စကား ကိုလည်း နင်နားမထောင်ဘူး၊ အ၀ဇာတသား၊ ဟိုဘိန်းစားသမီးကိုမှ နင်ကြိုက်နေလို့ ရန်ဖြစ် ကြတာဆို၊ ငါ့ကို မနက်ကမှ ဇံဇံလေးလာပြောလို့ သိရတာ၊ အဲဒီညကပင် နင်အကောင်ပျောက်သွားရင် ငါအမေမှာ ဘယ်သူ့တိုင်တည်ရမှာလဲဟင်၊ နင့်မှာ အဖေရှိလို့လား၊ ဦးကြီး ဦးလေး ရှိလို့လား၊ ညီအစ်ကို ကော ရှိလို့လား၊ တစ်မျိုးလုံးမှာ တစ်ကောင်တည်းပါလား ဆိုတာ နည်းနည်းမှ နင်အသိတရား မရှိဘူးလား၊ တရုတ် ဘိန်းစားက ခုသေတော့မယ်၊ နင်ဘာသိလို့လဲ၊ တို့ရွာမှာ ဒီလိုသေတဲ့ လူတွေ အများကြီး၊ နင်တို့ တစ်ကောင်ကြွတ်ချင်း ပေါင်းလို့ လူဖြစ်မယ်ထင်သလား။

    “နားလည်တယ် အမေရာ”
    “ဟင်…….ဟင် …….အဖေကြီး ရှင့်သားပြောတာကိုပင်လယ်ပြင်ကလာ ကြည့်ပါအုံး။ လိမ္မာလှတဲ့ သားဆိုး၊ အနိုင်းစကားကို နားထောင်လိုက်တာ၊ သြော်…အစ်ကိုကြီး အတိုင်း၊ အနိုင်းကို အစ်ကိုကြီးတူ ပြန် ပြောတာ လာကြည့် ပါဦး”
    သေသူများကို အမေက တ ငိုသောအခါ အောင်တိုင် ထမင်းစားချင်စိတ် ပင် ပျောက်သွားသည်။ နတ်ဆိုးမ မိဇံ သင်းပြောလို့ အမေသိသွားတာ၊ နေနှင့်ဦးပေါ့ဟုလည်း ဒေါသထွက်သွားသည်။
    မေသူကို တစ်ညနေလုံး သတိရနေသည်။ ဈေးဆိုင်ရှေ့တွင် လူအုပ်ကို မျက်စိထဲ မြင်နေမိ၏။ အစ်ကိုကြီး က သူသွားနေမည် စိတ်ချဆိုသော စကားကို ပြန်လည် ကြားယောင်မိသော အခါ ရင်ထဲ နွမ်းလျသွား မိသည်။

    မေသူနဲ့ငါ ကြိုက်နေကြတယ်ဆိုတာ အစ်ကိုကြီးလည်း သိပြီးသားနေမှာပါ။ နေ့ခင်းကလည်း အစ်ကိုကြီး ကို ငါပြောခဲ့တာပဲ၊ အစ်ကိုကြီးက မေသူလောက်ကိုတော့ ကြိုကမှာအဟုတ်ပါဘူး၊ အစ်ကိုကြီးက စလတွေ အများကြီး တတ်တာပဲ၊ တက္ကသိုလ်ကတောင် ထွက်လာတာ၊ တက္ကသိုလ်မှာတောင် ကျောင်းဆရာ လုပ်ရင် ရတယ်လို့ အစ်ကိုကြီးက ပြောဖူးတာပဲ၊ မေသူနဲ့ အစ်ကိုကြီး တန်းလည်း အတန်ဘူး၊ လိုက်လည်း မလိုက်ပါဘူး၊ အသက်ကလည်း တစ်ဝက်မက ကွာတာ၊ အစ်ကိုကြီးက သူ လေးဆယ်နီးပြီလို့ ပြောဖူးတာပဲ၊ မေသူက ခုမှ ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနှစ်၊ မေသူကလည်း အစ်ကိုကြီးကို ကြိုက်မှာမဟုတ်ဘူး၊ ငါအစ်ကိုကြီးကို ခင်သလို အားကိုးရလို့ သူ့အဖေအတွက် ဘိန်းရှာပေးလို့ အားကိုးပြီး ခင်တာနေမှာပါ။ မေသူက…။

    “လာကြဟေ့၊ ဘယ်သူက လှည့်ကြည့်လိုက်ကြလဲ’’
    အမေ့အသံကြောင့် အိမ်ရှေ့သို့လှမ်းကြည့်လိုက်၏
    ဂေါလာနှင့် ကောင်းကျော်တို့ ၀င်လာကြသည်။ သူ နဖူးပေါ်လက်တင်၍ တွေးနေရာမှ ထထိုင်လိုက်၏။ သူ့အနား ၌ပင် သူတို့နှစ်ယောက် လာထိုင်ကြ၏။
    “နင်တို့လည်း ကြားပြီးရောပေါ့ ” ဟု အမေက စကားစ၏။
    “ညနေက ဇံဇံ ထမင်းလာပို့ရင်း ပြောလို့ သိရတယ်၊ တစ်ရက်နှစ်ရက်တောင် ရှိပြီဆို၊ ကျွန်တော်တို့ ရွာမတက် မိုလို့ မသိုတာ။”

    “ဟုတ်တယ်လေ၊ အဲဒီညကပင် အကောင်ပျောက်သွားရင် ငါဘယ်လို နေမလဲ၊ ဘယ်သူပြောလို့ သိရ မှာလဲ၊ နင်တို့ပဲ စဉ်းစားကြည့်ကြစမ်း၊ ကိုယ်က တစ်ကောင်ကြွက်၊ အမျိုးထဲမှာ ယောက်ျားသားဆိုလို့ တစ်ကောင် တည်း၊ ဘယ်မှာလဲ သူ့ရှေ့က ရပ်မယ့်လူ၊ မောင်ထွန်းသောင် ရှိနေလို့၊ နို့မို့ နင့်ကို ဟိုက အကောင်ဖျောက်ပစ်လိုက် ပြီလို့ ငါပြော တယ်ဟဲ့ ”
    “ဒီလောက်လည်း မဟုတ်နိုင်ပါဘူး အဒေါ်နိုင်းရာ၊ ဒီကောင်တွေ အလုပ်ဝံ့ပါဘူး”

    “ဟဲ့ မလုပ်ဝံ့မပြောနဲ့၊ ဖေတင့် အဖေဆိုတာက ဟိုဘက်ကမ်း ခါးစောင်းတင်ထားတာ၊ ပိုးသီအဖေ ဆိုတာကလည်း ကြည့်ဦး၊ ပသျှူးသာဆိုတယ်၊ ရုံးပေါက် ဂါတ်ပေါက်ဟဲ့၊ ငါ့သားအတွက် ငါစိုးရိမ်တာပေါ့၊ ငါတို့ မှာက တစ်ကောင်ကြွက်ဟဲ့”
    ကောင်းကျော်နှင့် အမေကသာ အပြန်ပြန်အလှန်လှန် ပြောနေကြသော်လည်း ဂေါလာကမူ လုံးဝ စကား ၀င်မပြော။ အောင်တိုင်ကိုသာ ကွက်ကြည့်ကွက်ကြည့် လုပ်နေ၏။ အောင်တိုင်က မည်သူ့ကိုမှ မကြည့်။ ငူငူကြီး ထိုင်၍ မျက်နှာငုံ့ထား၏။

    “ဘယ်သူက စဖြစ်တာလဲ”
    “အလကားပါ အစ်ကိုရာ”
    ဂေါလာ ၏ တည်တည်ငြိမ်ငြိမ် အမေးကို အောင်တိုင်က အသံဖော့၍ပြော၏။
    “ဟိုတရုတ်မလေး ဆိုင်မှာ သူ့အစ်ကိုကြီး ပစ္စည်းတွေ ရှိတယ်ဟုတ်လား၊ အဲဒါ ကူရောင်းပေးနေတော့ ကောင်မလေး ကို လာပိုးနေတဲ့ ဖေတင်တို့က အလိုလို့ ဖြစ်ကြတာ နေမှာပေါ့”
`    “အစ်ကိုကြီး ပစ္စည်းတွေ လည်း အဲဒီဆိုင်မှာ…”
    အမေ့စကား ကို ဂေါလာက အံ့သြသွား၏။

    “ဟုတ်တယ်လေ ဂေါလာ ရဲ့၊ အဲဒီဆိုင်က ပစ္စည်းတွေအားလုံးနီးနီး မောင်ထွန်းသောင် ပစ္စည်းတွေဟာ၊ တရုတ်ကြီး မှာ ဘာရှိတော့လို့လဲ၊ ဘိန်းစားလို့ ကုန်ပြီ၊ အိမ်နဲ့ခြံတောင် မောင်တွန်းသောင်ကို ရောင်း ထားတယ်လို့ ပြောကြတာပဲ။ ငါက မောင်ထွန်းသောင် ကို အားနာလို့ မမေးမိဘူး၊ မေသူကို ဟိုဘက်ကမ်း မှာ ကျောင်းထားပေးတာလည်း မောင်ထွန်းသောင်ပဲတဲ့”
    ကောင်းကျော်နှင့် ဂေါလာတို့ ညီအစ်ကိုနှစ်ယောက်စလုံး အကြည့်ကို သူရင်မဆိုင်ရဲသဖြင့် မျက်နှာလွှဲ ထားလိုက်၏။
    “မောင်ထွန်းသောင် ကိုလည်း ပြောရဦးမယ်၊ ဒီကောင်လေးကို ညညဈေး မရောင်း ခိုင်းပါနဲ့လို့၊ ဖြစ် လာရင် ငါတို့မှာက တစ်ယောက်တည်းဟဲ့”
    “ဈေးရောင်းတာကတော့ ရောင်းရမှာပေါ့ အဒေါ်နိုင်းရာ၊ အစ်ကိုကြီး ပစ္စည်းမို့ ကူရောင်းတာပဲ၊ ကိုယ့်ကို မတရားလာလုပ်တာတော့ အောင်တိုင် သာမဟုတ်၊”

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>