Showing posts with label မောင်ထွန်းသူ ဘာသာပြန် တို့ဘဝ တို့ ကမ္ဘာ. Show all posts
Showing posts with label မောင်ထွန်းသူ ဘာသာပြန် တို့ဘဝ တို့ ကမ္ဘာ. Show all posts

Tuesday, January 18, 2011

တို့ဘဝ တို့ ကမ္ဘာ အပိုင်း (၃၆) (ဇာတ်သိမ်း)

ဘုရားရှိခိုးကျောင်းထဲမှ ဒင်နီ၏ ခေါင်းကို မထုတ်လာကြပြီး မြင်းရထားပေါ်တင်သည်။ ပီလွန်တို့သည် ဘာလုပ် ၍ ဘာကိုင်ရမှန်း မသိ၊ သည်အတိုင်းပင်ရပ်၍ ကြည့်နေကြည်။
မြင်းရထားပေါ် ခေါင်းရောက်သွားသည့်အခါ အလံတစ်ခုဖြင့် လွှမ်းလိုက်သည်။ စစ်ဗိုလ်တစ်ဦးက ခရာမှုတ် လိုက်ပြီး သူ့လက်တစ်ဖက်ကို အပေါ်သို့ မြှောက်ကာ ပြန်ချလိုက်သည်။ တပ်စုသည် ဖြည်းဖြည်းနှင့် မှန်မှန် ချီတက်သွားသည်။ နောက်မှ ကပ်လိုက်လျက်ရှိသော သေနတ်ပစ်အဖွဲ့ တပ်ဖွဲ့ဝင်များသည် သူတို့၏ ရိုင်ဖယ် သေနတ်ပြောင်းများ ကို အောက်စိုက်ထားကြသည်။

စစ်တီးဝိုင်းအဖွဲ့ မှ ဘင်ခရာသံသည် ပီလွန်တို့လူစု၏ နှလုံးသားများကို နာကျင်သည်ထက် နာကျင်အောင် ရိုက် ပုတ်နေသည့်နှယ် ရှိသည်။ ဘင်ခရာ အဖွဲ့နောက်မှ အလောင်းတင် မြင်းရထားသည် ဖြည်းဖြည်းချင်း ရွေ့လျား ၍ လိုက်လာလျက်ရှိ၏။ အသုဘပို့ ပရိသတ်ကတော့ အလောင်းနောက်မှ ကပ်၍ အမျိုးသား များသည် တည်ငြိမ် ရင့်ကျက်သော ဣနြေ္ဒဖြင့် ရှေ့တည့်တည့်ကို ကြည့်လျက် အမျိုးသမီးများကတော့ သူတို့၏ ဂါဝန်စ၊ စကတ်စ များကို လက်နှစ်ဖက်ဖြင့် မသိမသာ မလျက်။ ရပ်ကွက်အတွင်းမှ လူတိုင်းလိုလိုပင် လိုက်ပို့ကြသည်။ ကော်နယ် လီယာရုဇ်၊ မစ္စက်မော်ရေး၊ ဂလ်ဗက်စ်၊ တော်ရဲလီးနှင့်သူ့ဇနီး၊ မစ္စက်ပါလိုချီကို၊ တီးတိုးရပ်ဖ်၊ ရာမီရက်ဇ်၊ စမ္မတာမာချာဒိုး စသည့် စသည့် လူများ။

ဒင်နီ ၏ သူငယ်ချင်းများ ဖြစ်ကြသော ပီလွန်တို့လူစုသည် မြင်ကွင်းကို ကြည့်ကာ ရှက်ခြင်း၊ ကြောက်ခြင်း၊ စိတ်ဆင်းရဲခြင်း စသည့် ဝေဒနာများကို အပြင်းအထန် ခံစားကြရ၏။ သူတို့သည် တတ်နိုင်သမျှ အားတင်း ကာ လမ်း ဘေးပလက်ဖောင်းပေါ် အတိုင်း လျှောက်၍ လိုက်လာကြသည်။

ပထမဆုံး သူ့စိတ်သူ မထိန်းနိုင်ဘဲ ပေါက်ကွဲသူမှာ ဂျီးဆပ်စ်မေရီယာဖြစ်၏။ သူသည် ရှက်လွန်းသဖြင့် ရှိုက်ကြီး တငင် ငိုကြွေးသည်။ သူ့အဖေသည် လူချမ်းသာတစ်ဦးဖြစ်ခဲ့ဖူးသည်။ လူအများက လေးစား ကြည်ညို ခဲ့ရသော နာမည်ကြီး လက်ဝှေ့ သမားတစ်ဦးဖြစ်ခဲ့ဖူးသည်။ ဂျီးဆပ်စ်မေရီယာ သည် သူ့မျက်နှာ ကို လူအများမမြင်နိုင် အောင် ငိုက်စိုက်ချကာ ခပ်ကုပ်ကုပ် လျှောက်သွားသည်။ သူ့သူငယ်ချင်း ငါးယောက် ကလည်း သူ့လိုပင် လုပ် ကာ ခပ်ကုပ်ကုပ် လျှောက်ကြသည်။ ခွေးငါးကောင်ကလည်း သူတို့နောက်မှ သူတို့ လိုပင်။

အသုဘပို့သူများ သုဿာန်တွင်းသို့ မ၀င်မီ ပီလွန်တို့ လူစုသည် ရှေ့မှ ဦးဆောင်သွားကာ ဒင်နီ၏ အလောင်း မြေချသည့် တွင်း နှင့် မလှမ်းမကမ်းရှိ မြက်ပင်ရှည်ကြီးများ ကြား၌ ၀င်ပုန်းနေကြသည်။ အသုဘမြေချသည့် အခမ်းအနား မှာ တိုတောင်းလွန်းလှချေသည်။ ခေါင်းကို မြေတွင်းထဲသို့ ဖြည်းဖြည်းချင်းချသည်။ ရိုင်ဖယ်သေ နတ်သံ များ ကြားသောအခါ ကြောက်လန့်ခြင်းမဖြစ်။ သူတို့ သေနတ်များ မောင်းတင်သံကို ကြားရ၏။ ထို့နောက် ခရာမှုတ်သံ၊ ပြီးတော့ သေနတ်ပစ်ဖောက်သံများ၊ ပင်လယ်ဓားပြ၏ ခွေးများသည် ဦးခေါင်းများကို မော့ကာ သံရှည်ဆွဲ၍ အူကြသည်။ ပင်လယ်ဓားပြ သည် သူ့ခွေးများ အတွက် ဂုဏ်ယူ၍ မဆုံးနိုင်အောင် ဖြစ်လျက် ရှိ လေသည်။

ဒင်နီ ၏ အလောင်း မြေမြှုပ် သင်္ဂြိုလ်သည့် အခမ်းအနားသည် လျင်မြန်စွာပင် ပြီးဆုံးသွားသည်။ ပီလွန်တို့ လူစု သည် အသုဘပို့ ပရိသတ် လူစုမကွဲမီ စော၍ သုဿာန်အပြင်သို့ ထွက်ကာ တိတ်တဆိတ် ပြန်ခဲ့ကြ သည်။ ဤ နည်းဖြင့် သူတို့အဖြစ်ကို လူအများမမြင်အောင် ကာကွယ်နိုင်ခဲ့ကြလေ၏။

သူတို့သည် လူသူမရှိသဖြင့် တိတ်ဆိတ်နေသော တော်ရဲလီး၏ အိမ်အနီးမှ ဖြတ်ကြရသည်။ ပီလွန်သည် ပြတင်း ပေါက်တစ်ခု ကိုဖွင့်ပြီး ၀ိုင်တစ်ဂါလန် အိုးနှစ်လုံးကို ယူသည်။ သူတို့သည် ငြိမ်ဆိတ်နေသော ဒင်နီ၏ အိမ် သို့ တိတ်တဆိတ်ပင် ပြန်ရောက်လာကြသည်။ ရောက်သည်နှင့် တစ်ပြိုင်နက် သူတို့သည် ၀ိုင်အိုးနှစ်လုံး ကို အလယ်တွင် ချကာ သောက်ကြလေသည်။
" ဒင်နီဟာ ၀ိုင် သိပ်ကြိုက်တဲ့ကောင်" ဟု ပြောမိကြသည်။ " သောက်စရာ ၀ိုင်သာ ရှိနေလို့ကတော့ ဒီကောင်ကြီး ဟာ ပျော်နေတာပဲ"

မွန်းလွဲပိုင်းကုန်သွားပြီး ညပိုင်းသို့ ရောက်လာသည်။ ခုနစ်နာရီထိုးသောအခါ တီးတိုးရပ်ဖ်သည် ဆေးပြင်းလိပ် တစ်ထုပ်ကိုင်ပြီး ပြန်ရောက်လာသည်။ သူငယ်ချင်းများက တစ်ယောက်တစ်လိပ်ယူပြီး မီးညှိကာ ဖွာကြသည်။ ထိုအခါ တံတွေးတပျစ်ပျစ် ဖြစ်လာသည်။ ၀ိုင် ဒုတိယအိုးကို ဖွင့်ကြရပြီ။ ပီလွန် က " တူလီပန်း" သီချင်း ကို ဆိုရန် ကြိုးစားသည်။
" ကနေ့ည သူ့အိမ်မှာ ကော်နဲလီယာရုဇ် တစ်ယောက်တည်းရယ်ကွ" ဟု ပီလွန်က တစ်စုံတစ်ရာ စဉ်းစားနေမိ သည့် လေသံဖြင့် ပြောသည်။

" အလွမ်းသီချင်းတွေ ဆိုရင်တော့ ဘာမှ ထိခိုက်စရာ မရှိပါဘူး ထင်ပါတယ်ကွာ" ဟု ဂျီးဆပ်စ်မေရီယာက ပြော သည်။
" ဒါပေမယ့်ကွာ ငါတို့ သူငယ်ချင်း ဒင်နီ ဟာ အလွမ်းသီချင်းတွေကို မကြိုက်ဘူးကွ" ပက်ဘလို က ကန့်ကွက် သည်။ " သူက မြူးမြူးကြွကြွ သီချင်းတွေမှ ကြိုက်တာ၊ အထူးသဖြင့် ခပ်ထထ မိန်းမတွေအကြောင်း ရေးစပ် ထားတဲ့ သီချင်းတွေ ကို ပိုပြီး ကြိုက်သေးတယ်"

အားလုံးက ခေါင်းညိတ်၍ ထောက်ခံကြသည်။ " အေး ဟုတ်တယ်၊ ဒင်နီဟာ မိန်းမတွေအဖို့ မဟာ သူရဲကောင်း ကြီးတစ်ယောက်ပဲကွ"
ပက်ဘလို က "တူလီပန်း" သီချင်း ဒုတိယအပိုဒ်ကို တစ်ပိုင်းတစ်စညည်းသည်၊ ပီလွန်က လိုက်ဆိုသည်။ ထိုအခါ ကျန်လူများကပါ သီချင်းအဆုံးအထိ လိုက်ဆိုကြလေသည်။
သီချင်းဆုံးသောအခါ ပီလွန်က လက်ထဲမှ ဆေးပြင်းလိပ်ကို ပါးစပ်တွင်တပ်၍ တအားဖွာသည်။ မီးက ငြိမ်းနေပြီ။ " ဟေ့ တိတိုးရပ်ဖ်၊ မင်း ဂီတာသွားယူလာပါလားကွ၊ ဂီတာနဲ့ဆိုတော့ ပိုပြီး မြိုင်တာပေါ့" သူသည် ဆေးလိပ် ကို မီးပြန်ညှိကာ ဖွာသည်။ လက်ထဲမှ မီးမငြိမ်းသေးသော မီးခြစ်ဆံကိုမူ လက်ညိုးဖြင့် တောက်ထုတ် လိုက်လေ သည်။

မီးခြစ်ဆံ သည် တစ်ဖက်နံရံတွင် ကပ်၍ ချထားသည့် သတင်းစာအဟောင်းတစ်စောင်ပေါ်သို့ ကျသည်။ အား လုံးက မီးကိုငြှိမ်းရန် တစ်ပြိုင်တည်းလိုလို ခေါင်းထောင် ကြည့်လိုက်ကြသေးသည်။ သို့သော်လည်း အတွေး တစ်မျိုး ၀င်လာဟန် တူ၏။ မည်သူမှ ထိုင်နေရာမှ မထ။ ပြီးတော့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်၍ ပြုံးကြသည်။ သူတို့သည် သတင်းစာပေါ်မှ မီးခြစ်ဆံ မီးတောက်ကို မျက်ခြည်မပြတ် ကြည့်နေကြသည်။ မီး တောက်သည် သေသွားတော့မည့်နှယ် တဖြည်းဖြည်းချင်း မှေးမှိန်သွားသည်။ ထို့နောက် ဖျတ်ခနဲ အရောင်လက်ကာ မီးတောက် ပြန်ထလာသည်။ မီးတောက်သည် သတင်းစာ တစ်စောင်လုံး ကို ကုန်အောင်ဝါးမျို ပြီးသော် နံရံသို့ကူးကာ ခြောက်သယောင်းနေသော သစ်သားကို စွဲသည်။

ပီလွန် တို့ လူစုသည် အပြုံးမပျက်။ မီးတောက်သည် မြွေတစ်ကောင်လျှောက်သွားနေသည့်နှယ် နံရံတစ်လျှောက် တွယ်ကပ်တက်ကာ ခေါင်မိုးအထိ ရောက်သွားသည်။ ထို့နောက် ခေါင်မိုးမျ ဖောက်ထွက် ကာ တလူးလူး တလွန့် လွန့် လှုပ်ရှားသည်။ မီးတောက်မီးလျှံများသည် ကြီးထွား လာသည်နှင့် အမျှ ဆူညံသော အသံကို ပြုသည်။ ထို အခါကျမှပင် ပီလွန်တို့လူစုသည် ထိုင်နေရာမှထကာ အိမ်အပြင်သို့ ဒယီးဒယိုင်ဖြင့် ထွက်လာခဲ့ကြလေသည်။

ဘယ်အချိန် ဘယ်အခါမဆို သင်ခန်းစာယူလေ့ရှိသော ပီလွန်သည် ၀ိုင်လက်ကျန် ရှိနေသေးသည့်အိုးကို ချိုင်း တွင် ညှပ်ကာ ယူလာခဲ့သည်။
မွန်ထရေးမြို့ဘက်မှ မီးသတ်ကား ခေါင်းလောင်းသံများသည် ဆူညံစွာ အော်မြည်လျက် ရှိကြသည်။ မီးသတ် ကားများသည် စက္ကင်းဂီယာဖြင့် တော်တီလာဖလက် ရပ်ကွက်တည်ရာ တောင်ကုန်းပေါ်သို့ အပြေးအလွှား တက်လာကြသည်။ မီးမောင်း များမှ အလင်းရောင်တန်းများသည် သစ်ပင်များပေါ်သို့ ဖြန့်၍ ဖြန့်၍ ကျလာ နေ သည်။

မီးသတ်ကားများ ဆိုက်ရောက်ချိန်တွင် တစ်အိမ်လုံးကို ၀ါးမျိုထားသည့် မီးတောက်ကြီးတစ်ခုသာ ကျန် တော့သည်။ မီးသတ် သမားများသည် ဘေးအိမ်များသို့ မီးမကူးရန် အနီးအနား တစ်ဝိုက်ရှိ အိမ်များနှင့် သစ်ပင် များ ကိုသာ ရေဖျန်းပေးကြသည်။

မီးလောင်ရာ ကို လာ၍ ကြည့်နေကြသော တော်တီလာဖလက် ရပ်ကွက်အတွင်းမှ လူများကြားတွင် ဒင်နီ၏ သူငယ်ချင်း များသည် ရပ်နေကြ၏။ သူတို့သည် တစ်အိမ်လုံး ပြာကျသွားသည့်အချိန်အထိ စောင့်ကြည့် နေကြ သည်။ မီးသတ်ကားများသည် နောက်ပြန်လှည့်ကာ လာလမ်းအတိုင်း ပြန်သွားကြလေပြီ။

တော်တီလာဖလက် ရပ်ကွက်အတွင်းမှ လူများသည် အမှောင်ထုအတွင်းသို့ တိုးဝင် ပျောက်ကွယ် သွားကြသည်။ ဒင်နီ၏ သူငယချင်းများကတော့ မီးခိုးတလူလူ ထွက်နေသေးသော ပြာပုံကို ရပ်၍ ကြည့်နေကြဆဲ။ သူတို့သည် တစ်ယောက်မျက်နှာ တစ်ယောက် ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက် ကြ၏။ ထို့နောက် မီးလောင်ထား သော အိမ်နေရာသို့ လျှောက်သွားကြသည်။ အတန်ကြာသောအခါ သူတို့ သည် မီးလောင်မြေ အပါးမှ ထွက်ခွာ သွားကြသည်။ နှစ်ယောက်ပင် အတူတူ တွဲမလျှောက်၊အားလုံး တကွဲတပြား၊ တစ်ဦးချင်းစီ။

ပြီးပါပြီ
စာရေးသူ - မောင်ထွန်းသူ
၁၉၈၆ ခု၊ စက်တင်ဘာလ ၂၁ ရက်

----------------------------------------------
.
>>>ဆက်ဖတ်ရန်>>> >>

Monday, January 17, 2011

တို့ဘဝ တို့ ကမ္ဘာ အပိုင်း (၃၅)

၁၇

သေခြင်းသည် လူတစ်ဦးနှင့်သာ ဆိုင်သော ကိုယ်ပိုင်ကိစ္စတစ်ရပ်ဖြစ်၍ ကြေကွဲဝမ်းနည်းခြင်း၊ စိတ်ဓာတ် ကျခြင်း၊ ပြင်းပြသော အပူမီး တောက်လောင်ခြင်းစသည့် စိတ်အာရုံခံစားမှုများကို ဖြစ်ပေါ်စေသည်။ သေသူ ကို သင်္ဂြိုလ် ခြင်းဟူသော ဈာပနကိစ္စမှာမူကား အများနှင့် သက်ဆိုင်သော လူမှုရေး ကိစ္စ တစ်ရပ် ဖြစ်လာပေသည်။ ဈာပန တစ်ခုကို ပို့ဆောင်ရာ၌ မိမိ၏ မော်တော်ကားကို ပြောင်လက်နေအောင် တိုက်ချွတ် ၍ ပို့ခြင်း၊ အနက်ရောင် ၀တ်စုံကိုဝတ်၍ အနက်ရောင် ဖိနပ်ကိုစီး၍ အသုဘမြှုပ်နှံသည့် မြေပုံဘေး ၌ ရပ်ခြင်း၊ မည်သူမည်ဝါက ပို့သည် ဟူသော စာတန်းကတ်ပြားကလေး လှပစွာ ချည်နှောင် ထားသည့် လွမ်းသူ့ပန်းခွေပို့ခြင်း စသော အလုပ်များ သည် လူမှုကိစ္စတစ်ရပ်ဖြစ်ကြောင်းကို သိသာ ထင်ရှား စေသောအရာများ ဖြစ်၏။ ဈာပနနှင့် ပတ်သက်လာလျှင် ဤ အရာများသည် မလုပ်မဖြစ်သည့် အရာများဟု သတ်မှတ် လိုက်နာ ကြလေသည်။

ဒင်နီ သည် သေဆုံးသွားခဲ့ပြီဖြစ်၏။ သူ သေဆုံးသွားသည်မှာ နှစ်ရက်ပင်ရှိခဲ့ပြီ။ ဒင်နီဟူသော လူသည် မရှိတော့။ လူတို့၏ မျက်နှာများသည် ဒင်နီသေဆုံးသွားသည့်အတွက် ၀မ်းနည်းကြေကွဲခြင်းတည်းဟူသော ခြုံလွှာ များ ကို မျက်နှာတွင် ဖုံးအုပ်ထားကြသော်လည်း သူတို့၏ နှလုံးသားများကတော့ စိတ်ဝင်စားဖွယ်ရာ ကောင်းသော အရာတစ်ခုကြောင့် လှုပ်ရှားလျက်ရှိကြသည်။ အစိုးရ ရဲဘော်ဟောင်းများ ကွယ်လွန်သည့်အခါ ကာယကံရှင် များ ဆန္ဒရှိပါက စစ်တပ်ထုံးစံဖြင့် သင်္ဂြိုလ်ပေးမည်ဟု ကတိပြုထားသည်။

ယခု ဒင်နီသေပြီ၊ ဒင်နီ သည် စစ်သားဟောင်းတစ်ဦးဖြစ်၏။ တော်တီလာဖလက် ရပ်ကွက်မှ လူအများအဖို့တော့ အစိုးရ ကတိတည်မတည် စောင့်ကြည့်ရမည့် ပွဲတစ်ခု ဖြစ်နေသည်။ ဒင်နီကွယ်လွန်ကြောင်းကို မွန်ထရေးမြို့ရှိ စစ်တပ်သို့ အကြောင်းကြားခဲ့ပြီးပြီ။ ဒင်နီ၏ အလောင်းကို မပုပ်မသိုးရအောင် အစိုးရစရိတ်ဖြင့် ဆေးများ ထိုးထားပြီးပြီ။ အလောင်းတင်ရန် စစ်မြင်းရထားကိုပင် ဆေးများ ပြန်သုတ်ထားပြီးပြီ။ ခေါင်းပေါ်လွှမ်းရမည့် အလံ အသစ်တစ်ခုကိုပင် အဆင်သင့် ပြင်ထားပြီးပြီ။ သောကြာနေ့ သင်္ဂြိုလ်မည်ဟူသော အမိန့်ပင် ထွက်ပြီးခဲ့ပြီ။

နံနက် ဆယ့်တစ်နာရီ ထိုးရန် ဆယ့်ငါးမိနစ်တွင် သင်္ဂြိုလ်မည်။ ပို့ဆောင်ရမည့် တပ်၊ တပ်စု-က၊ အမှတ်-၁၁ မြင်း တပ်၊ စစ်တီးဝိုင်းနှင့် သေနတ်ပစ်အဖွဲ့။
တော်တီလာဖလက် ရပ်ကွက်တွင်းမှ အမျိုးသမီးများသည် ဒင်နီ၏ ဈာပန အခမ်းအနား၌ အသုံးပြုရန် မွန်ထရေး မြို့ရှိ နေရှင်နယ် ဒေါ်လာစတိုးသို့ သွား၍ လိုအပ်သောပစ္စည်းများ ၀ယ်ကြပြန်သည်။ ညစ်ပတ် ပေရေလျက် ရှိသော ကလေးများသည် မွန်ထရေးမြို့တွင်းရှိ ပန်းခြံများသို့သွားကာ ပန်းများ တောင်းကြ သည်။ ဒင်နီအတွက် လွမ်း သူ့ပန်းခွေများ ပြုလုပ်ရန် ဖြစ်သည်။

ပါတီပွဲ ပြုလုပ်သည့်ညက ၀တ်လိုက်သဖြင့် သီးသန့်ထားသော ၀တ်စုံများမှာ ကြေမွကုန်ပြီ။ ဒင်နိ၏ အလောင်း ကို နှစ်ရက်မျှ ထားလိမ့်မည်ဖြစ်ရာ ထိုနှစ်ရက်အတွင်း အ၀တ်များကို လျှော်ရမည်။ ကော်တင် ရမည်။ အစုတ်အပြဲလေးများရှာ၍ ဖာထေးရမည်။ ပြီးတော့ မီးပူတိုက်ရမည်။ ဤ ကြိုတင်ပြင်ဆင်မှု မှာလည်း သူတို့အဖို့ အလွန်စိတ်ဝင်စားစရာကောင်းသည့် ပွဲတစ်ခုပင်ဖြစ်လေသည်။
အသုဘ၏ ဒုတိယနေ့ ညပိုင်းတွင် ဒင်နီ၏ မိတ်ဆွေအပေါင်းအသင်းများသည် ဒင်နီ၏ အိမ်တွင် လာရောက် စုရုံး ကြသည်။ ၀ိုင်တစ်ဂါလန်ပြီး တစ်ဂါလန် သောက်ကြသည်။

သူတို့သည် တော်တီလာဖလက် ရပ်ကွက်များ၏ ရှိရှိသမျှ လူအားလုံးတွင် ဒင်နီနှင့် အခင်မင်ဆုံးသော အပေါင်းအသင်း များဖြစ်သည်။ ဒင်နီ မသေမီက ဒင်နီ၏ ပေး ကမ်းစွန်ကြံမှုကို အများဆုံး ရယူခဲ့သူများ ဖြစ်သည်။ သူတို့သည် ဒင်နီလိုပင် ပီဆာနိုးလူမျိုးများဖြစ်၏။ သို့ သော်လည်း သူတို့ ဒင်နီ၏ အသုဘ အခမ်းအနား ကို လိုက်၍ ပို့နိုင်ကြမည်မဟုတ်၊ ၀မ်းနည်းကြေကွဲစရာကောင်း လှသည်။ သူတို့အဖြစ်ကို တနုံ့နုံ့ စဉ်းစားကာ ခေါင်းများပင် ကိုက်လျက်ရှိကြသည်။

မည်သို့ပင်ဖြစ်စေ စိတ်ထိခိုက်စရာ ကောင်းလှသည့် ဤအဖြစ်ကို ရင်မဆိုင်ချင်သော်လည်း ရနိုင်သည့် အခြေအနေ မရှိ၊ သူတို့တွင် အ၀တ်အထည်ဆို၍ ခါးဝတ်ခါးစားသာရှိ၏။ ထိုခါးဝတ်ခါးစားများသည် နဂို ကတည်းက ဟောင်းနွမ်းနေရသည့်အထဲ ပါတီပွဲညက သောင်းကျန်းချင်တိုင်း သောင်းကျန်းခဲ့မိကြသဖြင့် စုတ်ပြတ် နေကြလေပြီ။

အမှန်တော့ သူတို့ ၀တ်ထားသည့် ဂျင်းဘောင်းဘီအပြာ နှင့် ဂျင်းရှပ်အင်္ကျီပြာတို့သည် သူတို့ကိုယ်ပေါ် ရောက်ခဲ့ ကြသည် မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်၏။ ဘောင်းဘီဆိုလျှင် ဒူးခေါင်းနေရာများ၌ မြင်မကောင်း အောင် ပြဲ နေပြီ။ ရှပ်အင်္ကျီကျတော့ ပို၍ ဆိုးချေသေး၏။ တခြားလူများထံမှ အ၀တ်အစား ခဏ တဖြုတ် ငှားဝတ်ဖို့မှာလည်း လုံးဝမဖြစ်နိုင်စရာ မရှိ၊ ယခု ဒင်နိ၏ အသုဘတွင် တော်တီလာဖလက် ရပ်ကွက်တွင်း မှ လူများသည် အားလုံးပင် လိုက်ပို့ကြလိမ့်မည်ဖြစ်သည်။ သူတို့အနေဖြင့် ယခုလို ပွဲမျိုးကျမှ သူတို့တွင် ရှိနေသည့် အ၀တ် အစားများကို လူအများ မြင်သာအောင် ၀တ်၍ ကြွားခွင့်ဝါခွင့် ရကြသည် မဟုတ်ပါလော။

ဒင်နီ ၏ အသုဘကို လိုက်မပို့မည့်လူမှာ ကော့ကီရီအိုဒန် ဆိုသူတစ်ဦးသာရှိ၏။ သူ့ထံမှ အ၀တ်များကို ငှား၍ ၀တ်ဖို့ မှာလည်း လုံးဝ မဖြစ်နိုင်။ ကော့ကီရီအိုဒန်သည် ကျောက်ပေါက်နေသဖြင့် သူ့အ၀တ်များကိုသာ ယူ၍ ၀တ်လိုက် လျှင် ရောဂါကူးစက်ခြင်း ခံရပေလိမ့်မည်။
ပီဆာနိုး များ အဖို့ ၀တ်စုံသစ် တစ်စုံ ၀ယ်ဖို့အတွက် ငွေလို၏။ ထိုလိုငွေကို သူတောင်းစားလို လိုက်၍ တောင်းပါမှသို့မဟုတ် ခိုးယူပါမှသာ ရနိုင်စရာရှိ၏။ ပို၍ ဆိုးနေသည်ကား လူခြောက်ဦးအတွက် ၀တ်စုံ ခြောက်စုံ ၀ယ်ဖို့ ဆိုသည်မှာ အူလွန်ခက်ခဲသော ကိစ္စတစ်ခု ဖြစ်နေခြင်းပင်တည်း။

မိမိတို့ အလွန်ချစ်သော သူငယ်ချင်း ဒင်နီ၏ အသုဘကို အ၀တ်အထည် စုတ်စုတ်ပြတ်ပြတ်နှင့် လိုက်မပို့ချင်စိတ် ကိန်းအောင်းနေခြင်းသည် ဒင်နီ ကို မခင်၍ မချစ်၍လော၊ ရပ်ကွက်တွင်း၌ အတူနေကြသူ အားလုံး က အ၀တ်အစားသစ်တွေဝတ်ပြီး မိမိတို့က စုတ်စုတ်ပြတ်ပြတ် ဖြစ်နေသည်ကို ရှက်ခြင်းသည် မှန်မှ မှန် ပါ့မည်လော၊ သူငယ်ချင်း တစ်စု သည် မေးထောက်၍ ထိုင်ကာ ၀တ်စုံသစ် ရနိုင်မည့် နည်းလမ်းများကို စဉ်းစား ကြံဆကြသည်။ တိုင်ပင်ကြသည်။

" ငါတို့ ညပိုင်းမှာထွက်ပြီး ကိုယ့်အတွက်ကိုယ် ၀တ်စုံတစ်စုံစီရအောင် ခိုးနိုင်ရင်ကော မဖြစ်နိုင်ဘူးလား" ဟု ပီလွန်က ပြောသည်။ အမှန်တော့ ထိုစကားကို ပီလွန်သည် နည်းလမ်းရှာမရ၍သာ ပြောခြင်းဖြစ်၏။ ဘယ်နည်း နှင့်မှ မဖြစ်နိုင်သည်ကို သူကိုယ်တိုင် နားလည်သည်။ ထိုညအဖို့ လူတိုင်းသည် ၀တ်စုံသစ်ကို သူတို့ အိပ်ရာဘေး ၌ထား၍ အိပ်ကြမည်မှာ သေချာ၏။ အကယ်၍ သွားခိုးခဲ့ပါမူ ကိုယ့်သေတွင်း ကိုယ်တူး သလိုဖြစ်ပေတော့မည်။

" တစ်ခါတလေ ကယ်တင်ခြင်းတပ်ဖွဲ့က ၀တ်စုံတွေ အခမဲ့ လှူတတ်တယ်ကွ" ဟု ဂျီးဆပ်စ်မေရီယာက ပြော သည်။
" ငါ ရောက်ခဲ့ပြီးပါပြီကွာ" ဟု ပက်ဘလိုက ပြောသည်။ " သူတို့မှာလည်း ၀တ်စုံသစ် ပြတ်နေတယ်တဲ့ "
ကံကြမ္မာသည် သူတို့ကို အဘက်ဘက်မှ ဆန့်ကျင်လျက်ရှီသည်။ တီးတိုးရဖ်သည် ဘယ်က ရလာမှန်း မသိသော အစိမ်းရောင် လက်ကိုင်ပ၀ါသစ် တစ်ထည်ကို သူ့အင်္ကျီရှေ့ အိတ်ကပ်ထဲရှိ ခေါက်ထည့်ပြီး အခန်းထဲသို့ ၀င်လာ သည်။ သို့သော်လည်း သူ့လက်ကိုင်ပ၀ါကို ၀ိုင်းကြည့်နေသည့် မျက်လုံးများက မလိုလားမှုကို ဖော်ပြနေကြသဖြင့် အသာတပ်ခေါက်ပြီး ပြန်ထွက်သွားလေသည်။

" အချိန် တစ်ပတ်လောက်ရရင်လည်း အကောင်းသားကွာ" ဟု ပီလွန်က ညည်းသည်။ " တစ်ပတ်သာ အချိန် ရရင် ငါတို့ ငါးဗိုက်ခွဲတဲ့အလုပ် လုပ်နိုင်တယ်၊ ခက်တာက အသုဘချမှာက မနက်ဖြန် ဖြစ်နေတာဆိုးတယ်၊ အသုဘ လိုက်ပို့နိုင်မယ့် နည်းတစ်နည်းတော့ ရှိတယ်ကွ သိလား"
" ဘယ်လိုလဲ" ဟု အားလုံးက ၀ိုင်းမေးကြသည်။

" စစ်တီးဝိုင်း အဖွဲ့နဲ့ လိုက်ပို့တဲ့သူတွေက လမ်းမကြီးအတိုင်း လျှောက်ကြမှာဆိုတော့ ငါတို့က လမ်းဘေးက လိုက် နိုင်တယ်၊ သုသာန်ရောက်တော့လည်း မြက်တွေက သိပ်ထူတယ် မဟုတ်လား၊ ငါတို့က မြက်ပင်တွေ ကြားမှာ ၀ပ်ပြီး အသုဘ အခမ်းအနားကို ကြည့်ကြတာပေါ့"
ကျန်လူစု က ပီလွန်ကို အလွန်ကျေးဇူးတင်သော မျက်နှာထားဖြင့် ကြည့်ကြသည်။ ပီလွန်သည် အလွန်ဥာဏ် ထက်သူ တစ်ဦးဖြစ်၏။ ဖြစ်နိုင်သည့် နည်းလမ်းကို မရအရ ရှာနိုင်သည်။ သို့သော်လည်း အခု သူပေးသည့် နည်းလမ်းမှာ မိမိတို့၏ ဆန္ဒတစ်ဝက်သာလျှင် ပြည့်မည်ဖြစ်၏။ အသုဘအခမ်းအနားကို မြင်တော့မြင်ရမည်။ သူတို့ လူစု အသုဘအခမ်းအနား တွင် ပါဝင်နေသည်ကိုမူ မည်သူကမှ မြင်ကြတော့မည်မဟုတ်။

" အခု ကြုံနေရတဲ့ အခက်အခဲ ထဲက ငါတို့အတွက် သင်ခန်းစာတစ်ခုတော့ရတယ်" ဟု ပီလွန်က ပြောသည်။ " ငါတို့မှာ ၀တ်စုံတစ်စုံ ကို အမြဲတမ်း အပိုဆောင်ထားမှ ဖြစ်တော့မယ်၊ လိုမယ် မလိုဘူးဆိုတာ ဘယ်သူက ကြိုပြီး ပြောနိုင်မှာလဲ"

ပီလွန်တို့ လူစုသည် အိမ်ထဲမှ ထွက်သွားကြသည်။ သူတို့သည် တစ်ညလုံး မြို့ထဲ၌ တလည်လည် လျှောက် သွားနေကြသည်။ တွေ့သမျှ မြင်သမျှ အလှဆုံးပန်းများကို ခူးကြသည်။ နောက်တစ်နေ့ နံနက်လင်းသောအခါ ဒင်နီကို မြှုပ်ရန် အသင့်တူးထားသော တွင်းပတ်ပတ်လည်တွင် မွန်ထရေးမြို့တွင်းမှ အလှဆုံး အကောင်းဆုံး ပန်းများ ရောက်နေသည်ကို တွေ့ကြရလေသည်။

သဘာဝတရားသည် အမြဲတစေ အဆင်ပြေနေအောင် လုပ်ပေးတတ်သည်မဟုတ်။ ၀ါတာလူးပွဲမတိုင်မီ မိုးကြီး သည်းထန်စွာ ရွာသွန်းခြင်း၊ ဘွဲ့နှင်းသဘင်များ ကျင်းပသည့်နေ့ကျခါုမှ မြေပြင်တွင် ပေလေးဆယ်ထုရှိသော ဆောင်းဆီးနှင်းများ အဆက်မပြတ် ကျခြင်း စသည်တို့သည် ဤစကားမှန်ကြောင်း ထောက်ခံနေသည့် သာဓကများ ဖြစ်၏။ သို့သော်လည်း ဒင်နီ အသုဘချမည့် သောကြာနေ့သည် သာယာသော နေ့တစ်နေ့ဖြစ်သည်။

နေသည် ပျော်ပွဲစား ထွက်ဖို့ကောင်းသည့် နေ့တစ်နေ့ဟုပင် သတ်မှတ်ချင် လောက် ကြည်လင် တောက်ပ နေလျက်ရှိသည်။ စင်ရော်များသည် အုပ်လိုက် သင်းလိုက်ဖွဲ့ကာ ငါးစည်သွတ်စက်ရုံများဘက်သို့ ရှေ့ရှူပျံသန်းနေကြသည်။ ကျောက်ဆောင်များပေါ်၌ လာ၍ ငါးမျှားလေ့ရှိသူ များသည် သူတို့ လာနေကျ နေရာများ၌ ထိုင်ကာ ငါးမျှားနေကြပြီ။ စက်ချုပ်သမား မစ္စတာ မာချာဒိုးသည် သူ့ဆိုင် ပြတင်းပေါက်တွင် " ဆယ်မိနစ်အတွင်း ပြန်ရောက်မည်" ဟူသော ဆိုင်းဘုတ်ချိတ်နေပြီ။ သူသည် အသုဘ ပို့ရန် အိမ်ပြန်၍ အ၀တ်အစား လဲရဦးမည် မဟ်ုတ်ပါလား။ လူဝီလူယက်တီးသည် သူ့လှေကို ဆေးအသစ်သုတ်ကာ လိုလီတာဟူသော အမည်ကို ဖျက်၍ ညီနောင်သုံးဖော်ဟူသော အမည်သစ် ရေးနေသည်။ ပုလိပ်သား ဂျိတ်လိတ်သည် ဒဲလ်မွန်တီမှ အဖိုးဖွင့် နှစ်ယောက်စီးကားတစ်စီးကို ဖမ်းဆီး လာသည်။

ဒင်နီ၏ သူငယ်ချင်းများသည် အိပ်ရာမှ နိုးလာကြသည်။ ဒင်နိ၏ အိပ်ရာသည် လွတ်လျက်ရှိ၏။ စီးသူမဲ့ နေသော မြင်းတစ်ကောင်နှင့် တူလျက်ရှိသည်။ ယခင်က ဤအိပ်ရာကို မက်မောခဲ့ဖူးသော ကောင်ကြီးဂျိုး သည်ပင်လျှင် အလွန်စိတ်မကောင်းသော မျက်နှာထားဖြင့် အိပ်ရာဆီသို့ တွေဝေငေးမောလျက်ရှိသည်။

" အခုလို သာယာတဲ့ မနက်ခင်းမျိုးကို ဒင်နီ သိပ်သဘောကျတာ" ဟု ပီလွန်က ပြောသည်။ သူတို့သည် အိမ်ရှေ့ ဆင်ဝင်တွင် ထိုင်၍ နေစာလှုံရင်း သူတို့ သူငယ်ချင်း ဒင်နီကို အောက်မေ့ သတိရနေကြသည်။ တမ်းတ လွမ်းဆွတ်နေကြသည်။ သူတို့သည် ဒင်နိ၏ ကောင်းကွက်များကိုချည်း သတိရကြသည်။ ဒင်နီ၏ ချွတ်ယွင်း ချက်များ အားနည်းချက်များနှင့် အပြစ်များကို မေ့သွားကြသည်။
" ဒီကောင်ကြီးဟာ သန်လည်း သိပ်သန်တာ" ဟု ပက်ဘလိုက ပြောသည်။ " သန်တဲ့နေရာမှာ လားတစ်ကောင် ကျနေတာပဲကွ၊ သိလား၊ မြက်ခြောက်အိတ်ကြီး တစ်လုံးလောက်များ အသာလေး မနိုင်တယ်"

သူတို့သည် ဒင်နီ၏ ကောင်းခြင်း၊ ဒင်နိ၏ သတ္တိနှင့် ဒင်နီ၏ ဘာသာတရား ကြည်ညိုကိုင်းရှိုင်းမှုများကို တစ်ယောက်တစ်ပေါက် ပြောနေကြပြန်သည်။
မကြာမီအတွင်းမှာပင် အသုဘအခမ်းအနားမစမီ ဆုတောင်းပွဲပြုလုပ်ရန် ဘုရားရှိခိုးကျောင်းအတွင်း၌ လူအများ စုဝေးရမည့်အချိန်သို့ ဆိုက်ရောက်လာသည်။
ပီလွန်တို့လူစုသည် စုတ်ပြတ်ပေရေနေသော အ၀တ်အစားများနှင့် ဘုရားရှိခိုးကျောင်းရှေ့ လမ်းမကြီး၏ တစ်ဖက် ပလက်ဖောင်းပေါ်မှရပ်ကာ ငေးမောနေကြသည်။ သူတို့ထက် ကံကောင်းသူများကတော့ အ၀တ်အစား သစ်များဖြင့် ဘုရားရှိခိုးကျောင်းထဲသို့ တစ်သုတ်ပြီးတစ်သုတ် ၀င်ရောက်သွားနေကြသည်။ ပီလွန် တို့ သည် ဘုရားရှိခိုးကျောင်းထဲမှ ထွက်ပေါ်လာသော ဓမ္မတေး ဂီတသံများ ဓမ္မတေး သီဆိုသံများနှင့် တရားဟောသံ များကို ကြားနေကြရ၏။

မြင်းတပ်များ တပ်ဖွဲ့စစ်သားများ ရောက်လာသည်။ စစ်ဘင်ခရာ အဖွဲ့နှင့် သေနတ်ပစ်အဖွဲ့ဝင်များပါ ပါလာ သည်။ မြင်းခြောက်ကောင်တပ် အလောင်းတင် မြင်းရထားကိုလည်း လှမ်းမြင်နေကြရ၏။ ကတ္တရာ လမ်းပေါ် သို့ တဖြောင်းဖြောင်းကျနေသော မြင်းခွာသံများသည် သူတို့၏ နှလုံးသားများကို ကြေမွသွားအောင် လုပ်နေသည် နှင့် တူလှသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, January 16, 2011

တို့ဘဝ တို့ ကမ္ဘာ အပိုင်း (၃၄)

" တွေ့လိုက်တယ်၊ လွန်ခဲ့တဲ့ တစ်နာရီလောက်ကပဲ ဒီအနားက ဖြတ်လျှောက်သွားတာ မြင်လိုက်တယ်"
ပီလွန် နှင့် ပက်ဘလိုတို့သည် သူတို့ သူငယ်ချင်း သွားရာဘက်သို့ ထွက်လာခဲ့ကြသည်။ နောက်ဆုံးတွင် မှောင်မည်းနေသော သင်္ဘောဆိပ်ဗောတံတား၏ သံတိုင်ကို မှီရပ်နေသည့် ဒင်နီကို မြင်ကြသည်။ တံတား တွင် ထွန်း ထားသည့် လျှပ်စစ်မီးရောင်က ခပ်မှိန်မှိန်၊ သူတို့သည် စိုးရိမ်စိတ်ဖြင့် ဒင်နီ့ဆီသို့ အပြေးအလွှား သွားကြ သည်။

ထိုနေ့က မြစ်ရပ်နှင့် ပတ်သက်၍ နောင်အခါ ပက်ဘလိုက ပြောပြသည့် အတိုင်းဆိုလျှင် အလွန် ထူးဆန်းအံ့သြ ဖို့ ကောင်းသည်။ ပက်ဘလို၏ အဆိုအရ သူနှင့် ပီလွန်တို့ ဒင်နီ့ထံ လျှောက်သွားသည့်အခါ ဒင်နီသည် သံတိုင်ကိုမှီ၍ရပ်နေသည်။ " သူ သံတိုင်မှီပြီး ရပ်နေတာမြင်တော့ ငါ သေသေချာချာ ထပ်ကြည့်မိတယ်၊ ငါမြင် လိုက်တာကတော့ ဒင်နီတစ်ယောက်တည်း မဟုတ်ဘူး၊ ဒင်နီရဲ့ ခေါင်းအထက်နားမှာ တိမ်ပုပ်မည်းမည်းကြီးလို အရာဝတ္ထုတစ်ခု ရွေ့နေတာ မြင်လိုက်ရတယ်။

ပထမတော့ ငါ့စိတ်ထဲမှာ ငှက်မည်းကြီး တစ်ကောင်လို့ ထင်မိ တယ်၊ သေသေချာချာ ထပ်ကြည့် လိုက်တော့လည်း ဟုတ်တယ်၊ ငှက်မည်းကြီး၊ ကြီးသမှ အတော့ကိုကြီးတာ၊ ယုန်တစ်ကောင် ရဲ့ တွင်းပေါက် အထက် က တရစ်ဝဲ၀ဲပျံနေတဲ့ သိမ်းငှက်ကြီးတစ်ကောင် နဲ့ သိပ်တူတာပဲ၊ ငါ့စိတ် ထဲမှာ ကြောက်လာတာနဲ့ ဘုရားသခင် ကိုတောင် အာရုံပြုလိုက်မိသေးတယ်၊ ငါတို့ ဒင်နီ့အနား ရောက်သွားတဲ့ အခါမှာတော့ အဲဒီငှက်ကြီး မရှိတော့ဘူး" ဟု ပက်ဘလိုက ပြောလေ့ရှိသည်။

သို့သော်လည်း ထိုနေ့က သူနှင့် အတူတူသွားခဲ့သည့် ပီလွန်ကတော့ ထိုငှက်ကို မမြင်ခဲ့ချေ။ ထို့အပြင်လည်း ပက်ဘလို ဘုရားသခင်အား အာရုံပြုသည်ကို ပီလွန်မမြင်လိုက်ဟုဆိုသည်။ မည်သို့ပင်ဖြစ်စေ ပက်ဘလို၏ ပြောစကား များကို မမှန်ပါဟုတော့ ပီလွန်ကမပြော၊ ဤစကားများမှာ ပက်ဘလို၏ စကားများသာ ဖြစ်သဖြင့် သူ ဘာမှဝင်ရောက် ပြောဆိုပိုင်ခွင့် မရှိဟု သူက ယူဆသည်။
ထိုနေ့ ထိုရက် ထိုအချိန်က သူတို့သည် ဒင်နီကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ဒင်နီထံသို့ အပြေးအလွှား သွားကြသည်။ တံတားပေါ်၌ ခင်းထားသည့် သစ်သားများသည် သူတို့ ခြေထောက်များအောက်မှာ အသံမျိုးစုံ မြည်လျက်ရှိ၏။ ဒင်နီကတော့ လှည့်၍ပင် မကြည့်ပေ။ ပီလွန်နှင့် ပက်ဘလိုတို့က ဒင်နီ၏ လက်မောင်း များကို တစ်ယောက်တစ်ဖက် ၀င်ကိုင်ပြီး ဆွဲလှည့်ကာမှပင် လှည့်ကြည့်သည်။

" ဒင်နီ၊ မင်း ဘာဖြစ်နေတာလဲ"
" ဘာမှ မဖြစ်ပါဘူး"
" မင်း နေမကောင်းဘူးလား ဒင်နီ"
" ကောင်းပါတယ် "
" ဒီလိုဆို ဘာဖြစ်နေတာလဲ၊ မင်းကြည့်ရတာ စိတ်မချမ်းသာသလိုလို တစ်ခုခုကြောင့် ၀မ်းနည်း နေ သလိုလိုပဲ"
" ငါလည်း မသိဘူး" ဟု ဒင်နီက ပြောသည်။ " ငါ့စိတ်ထဲက အဲသလို ဖြစ်နေတာ၊ ဘာမှ လုပ်ချင်တဲ့စိတ်လည်း မရှိဘူး"

" ဆရာဝန်ပြကြည့်ရင် ကောင်းမယ်ထင်တယ် ဒင်နီ"
ငါ နေကောင်းတယ် လို့ မင်းတို့ကို ပြောပြီး ပါပကောလား"
" ဒီလိုဆို ရင် ငါပြောမယ် " ဟု ပီလွန်က ၀မ်းသာအားရ အော်သည်။ " အခု ငါတို့ မင်းအိမ်မှာ မင်းအတွက် ပါတီ ပွဲတစ်ခု လုပ်ထားတယ်၊ တော်တီလာဖလက် ရပ်ကွက်ထဲက လူတိုင်းလိုလို ပါတီပွဲမှာ ရောက်နေ ကြတယ်။ တေးဂီတလည်း ပါတယ်၊ ၀ိုင်လည်းပါတယ်၊ စားစရာတွေလည်း ပါတယ်၊ ၀ိုင်ဆိုရင် ဂါလန်နှစ်ဆယ် သုံးဆယ် လောက် ရှိမယ်ထင်တာပဲ၊ ရောင်စုံစက္ကူတွေ ဘာတွေနဲ့ တခမ်းတနားကို ပြင်ဆင်ထားတာ၊ မင်း လိုက်မယ် မဟုတ်လား"

ဒင်နီသည် နောက်သို့လှည့်ပြီး ရေပြင်ကို တစ်ချက်မျှ ငုံ့ကြည့်လိုက်သေးသည်။ ပြီးမှ သူ့ သူငယ်ချင်းများဘက် ပြန်လှည့် ကြည့်သည်။ သူ့မျက်လုံးများမှာ ကြည်လင်တောက်ပခြင်းမရှိ။ " အေး ဟုတ်တယ်၊ မင်းတို့ ပြောတဲ့ အတိုင်း ပဲ ငါလိုက်မယ်၊ ကဲကွာ မြန်မြန် သွားကြရအာင်၊ ငါလည်း ရေငတ်လှပြီ။ ပါတီပွဲမှာ ကောင်မလေးတွေ ကောရှိရဲ့လား"
" အများကြီးပဲ"
" ဒါဆိုရင် မြန်မြန် သွားကြရအောင်၊ ကဲ လာကြ"

ဒင်နီကပင် ပီလွန်တို့ရှေ့မှ ဦးအောင် ပြေးသွားသည်။ ပါတီပွဲဆီမှ တီးသံ မှုတ်သံများကို အဝေးမှပင် ကြားနေရ ၏။ ပျော်ရွှင်မြူးထူး နေကြသည်။ လူသံများပါ ကြားနေရ၏။ သုံးယောက်သား အပြေးအလွှား သွားကြသည်။ ဒင်နီက သူ့ခေါင်းကို မော့ကာ ကိုယိုတီဝံပုလွေတစ်ကောင် အူသလို အူလိုက် သေးသည်။လူအများက သူ့ကို ၀ိုင် အိုးများ သူ့က်ငါ အလုအယက် ထိုးပေးကြသည်။ သူကလည်း ပေးသမျှအိုးကို တစ်အိုးချင်းစီယူ၍ တစ်ကျိုက်စီ မော့သွားသည်။

တော်တီလာဖလက် ရပ်ကွက်မှ လူတစ်ယောက်အနေဖြင့် ပါတီပွဲ အကြောင်း စကားစပ်မိသည့်အခါတိုင်း ထိုညက ဒင်နိ၏ ပါတီပွဲကို ထည့်သွင်းပြီး မပြောဘဲမနေနိုင်၊ ခင်ဗျား ဒင်နီ့အိမ်မှာလုပ်တဲ့ ပါတီပွဲကို ရောက်ခဲ့ဖူး တယ်မဟုတ်လား " ဟု မေးလေ့ရှိသည်။ ပြီးတော့ " အဲဒီပါတီပွဲမှ တကယ့်ပွဲဗျ" ဟု ပြောလေ့ ရှိသည်။ " ဒီလောက် ပျော်စရာကောင်းတဲ့ ပါတီပွဲမျိုးကို ဘယ်သူမှ ပေးနိုင်တော့မှာမ ဟုတ်ဘူး၊ သိလား၊ အဲသလို ပွဲမျိုးကို အိပ်မက်တောင်မက်လို့ မရနိုင်တော့ဘူး၊ တကယ့်ပွဲကြီးပွဲကောင်း တစ်ခုပဲ၊ အဲဒိညက ဒဏ်ရာအနာတရ မရတဲ့ အကောင် တစ်ကောင်မှ မရှိဘူး၊ နည်းတာများတာပဲကွာတယ်၊ အားလုံး ဒဏ်ရာ နဲ့ ချည်း ပြန်ကြရတာ၊ ဆော် လိုက်ကြတာမှ လူနှစ်ယောက်ရန်ဖြစ်ပြီး တစ်ဦးချင်းစီ ဆော်တဲ့ပွဲမျိုး မဟုတ်ဘူး၊ ပါတီပွဲမှာရှိနေတဲ့ ယောက်ျား တိုင်းဘယ်သူဘယ်ဝါရယ်လို့ ရွေးမနေဘဲ ချကြနှက်ကြတဲ့ပွဲဗျို့" ဟု အားရပါးရ ဖောက်သည်ချလေ့ရှိ၏။

မှန်လည်းမှန်သည်။ ထိုညက ပါတီပွဲတွင် မိန်းမများ၏ ရယ်သံများသည် ကြွက်ကြွက်ညံနေသည်။ ပြီး တော့ အမျိုးသားများ၏ အသံသေး အသံကြောင်ဖြင့် အော်သံများ၊ အိမ်အနီးအနားရှိ မြောင်းကြို မြောင်းကြား၊ ချောက်ကြို ချောက်ကြား များဆီမှ နှစ်ကိုယ်ကြား တွတ်ထိုးသံများ၊ ငြင်းသံ ခုန်သံများ၊ တွန်းထိုး ကန် ကျောက်သံများနှင့် တောင်းပန်တိုးလျှိုသံများ၊ ပါတီပွဲ ပြီးဆုံးသွားသည့် နောက် တစ်ရက် မှ စ၍ တစ်ပတ် တိတိမျှ အမှားဝန်ခံသူများသည် ဘုန်းတော်ကြီး ရာမွန်ထံ ၀င်လာမစဲ တသဲသဲ ဖြစ်ကုန် သည်။ ထိုညက ဗြောင်းဆန် အောင် ကလိုက်ကြသော လူအများ၏ ဒဏ်ကြောင့် ကပွဲကြမ်းပြင်မှာ ပြန် သုံး၍ မရ လောက်အောင်ပင် ပျက်စီးသွားခဲ့ရ၏။

ထိုညက ပါတီပွဲတွင် ဒင်နီ၏ အခြေအနေ မည်သို့ ရှိခဲ့ပါသနည်း။ ဒင်နီတစ်ယောက် အကြီးအကျယ် သောက်ကာ အလွန်အကျွံ မူးခဲ့သည်။ သူသည် စားပွဲခြေထောက်တစ်ချောင်းဖြင့် မြင်မြင်သမျှ ယောက်ျား မိန်းမ ကလေး၊ လူကြီးမရွေး လျှောက်ရိုက်သည်။ ဒင်နီသည် လူကောင်းတစ်ယောက်နှင့် မတူ၊ အရူး တစ်ယောက် နှင့် တူလျက်ရှိ၏။ ထိုညက ပါတီပွဲတက်ခဲ့ကြသော တော်လီလာဖလက် ရပ် ကွက်သူ ရပ်ကွက် သား များကတော့ ထိုညက ဒင်နီတစ်ယောက်တည်း ၀ိုင်သုံးဂါလန်တိတိ သောက် သည်ဟု ပြောကြသည်။ မည်သို့ ပင်ဖြစ်စေ၊ ယခုအခါတွင် သူတို့၏ မျက်စိထဲ စိတ်ထဲ၌ ဒင်နီသည် လူစွမ်းကောင်းတစ်ဦး၊ နတ်သား တစ်ပါး ဖြစ်နေခဲ့လေပြီ။ နောင်နှစ်ပေါင်း အနည်းငယ်မျှ ကြာသောအခါ ထိုညက ဒင်နီတစ်ယောက်တည်း သောက်သွားခဲ့သည့် ၀ိုင်မှာ ဂါလန်သုံးဆယ်တိတိ ရှိသည်ဟု ပြော ကောင်း ပြောကြပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ ထိုညက ပါတီပွဲတွင် လူတိုင်းမူးကြသည်၊ လူတိုင်းရမ်းကြသည်။ ကြမ်းကြသည်၊ အား လုံးထဲ တွင် ဒင်နီသည် အမူးဆုံး အရူးဆုံး အရမ်းဆုံး အကြမ်းဆုံး။ ထိုညက မွန်ထရေးမြို့ထဲရှိ မီးသတ် ကားများသည် အရေးအခင်း ပေါ်လာသည်နှင့် တော်တီလာဖလက် ရပ်ကွက်သို့ လာနိုငရန် အသင့် ပြင်ထားကြသည်။ မီးသတ်သမား အားလုံးသည် ယူနီဖောင်းများ အသင့်ဝတ်ဆင်ပြီး စောင့်နေကြ သည်။
ညသည် လျင်မြန်စွာ ကုန်ဆုံးသွားလျက် ရှိသည်။ ဒင်နီကတော့ ကြမ်းဆဲရမ်းဆဲ။

ထိုညကအဖြစ်ကို ပြောပြမည့် သက်သေအမြောက်အမြားရှိသည်။ သို့သော်လည်း ထိုသက်သေများ၏ စကားမှာ အတည်ယူရခက်သည်။ ဒင်နီ တစ်ယောက်တည်း ၀ိုင်ဂါလန် သုံးဆယ်တိတိ သောက်ပါသည် ဟူသော ထွက်ချက်မျိုးသည် တရားဥပဒေ ရှုထောင့်မှကြည့်၍ ချေဖျက်လျှင် ပြိုပျက်သွားဖွယ်ရာ အကြောင်း ရှိ နေ၏။ အမှန်တော့ ထိုညက ထိုသက်သေများကိုယ်တိုင် ဆောက်တည်ရာ မရနိုင် လောက်အောင် မူးရူးနေကြသည်ဖြစ်ရာ ထိုညက အဖြစ်အပျက်များကို အမှန်အတိုင်း ပြောနိုင်ကြသည်ဟု အတိအကျ သတ်မှတ်ရန် ခက်သည်။ သို့သော်လည်း ပါတီပွဲပြီး၍ ရက်သတ္တပတ် နှစ်ပတ်သုံးပတ်ခန့်မျှ ကုန်လွန် သွားသောအခါ ဖြစ်ရပ်အမှန်သည် သူပြောလူပြောနှင့် အမှန်အတိုင်း ရုပ်လုံးပေါ်လာသည်။

ထိုညက ဒင်နီသည် ကြောက်စရာကောင်းနေသည်မှာ အမှန်ပင် ဖြစ်သည်။ သူ့မျက်လုံးများသည် ရဲရဲ တောက်နေသည်။ သူ့ရုပ်သွင်မှာ တခြားလူတွေထက် အဆမတန် ကြီးမားထွားကျိုင်းသော လူကြီး တစ်ယောက်ဟုပင် ထင်ရသည်။ သူသည် သူ့အိမ်ခန်းထဲ၌ ရပ်နေသည်။ သူ့ညာဘက်လက်ထဲတွင် ထင်းရှူးသား စားပွဲခြေထောက်ကြီး တစ်ချောင်း ဆုပ်ကိုင်ထားပြီး ကမ္ဘာလောကကြီး တစ်ခုလုံးအား စိန်ခေါ် လျက်ရှိ၏။

" ဘယ်သူမိုက်သလဲ၊ မိုက်တဲ့ကောင်ရှိလား " ဟု အော်သည်။ " သတ္တိရှိတဲ့ကောင် အခုထွက်ခဲ့စမ်း"ဟု သံကုန်အော်ဟစ်သည်။ အားလုံးက သူ့ကို ကြောက်နေကြသည်။ အထူးသဖြင့် သူ့လက်ထဲမှ ထင်းရှူး သားတုတ်ကြီး ကို ကြောက်သည်။ ဒင်နီကတော့ တုတ်ကြီးကို ဝှေ့လိုက် ယမ်းလိုက်၊ အကော်ဒီယံများ၏ အသံ သည် ရပ်သွားသည်။ ကနေသူများလည်း ဆက်မကနိုင်တော့။
" သတ္တိရှိတဲ့ကောင် တစ်ကောင်မှ မရှိဘူးလားကွ" ဟု ဒင်နီက ထပ်အော်ပြန်သည်။ " ငါနဲ့ ချရဲတဲ့ကောင် ဘယ်သူ မှ မရှိတော့ဘူးလားကွ ဟေ" သို့သော်လည်း မည်သူမှ ထွက်မလာ။ ထိုအခါ ဒင်နီက အချိုးတစ်မျိုး ပြောင်းသွားသည်။ " ငါနဲ့ ယှဉ်ဝံ့တဲ့ကောင်ကို လိုက်ရှာရတော့မှာပေါ့ကွာ" ဟု ဆိုကာ အိမ်အပြင်သို့ ဒယီးဒယိုင်ဖြင့် ထွက်သွားသည်။ မည်သူကမှ မတားဝံ့သဖြင့် သည်အတိုင်းရပ်၍ ကြည့်နေကြသည်။

အိမ်အပြင်ဘက်မှ ဒင်နီ ၏ စိန်ခေါ်သံများနှင့် တုတ်ဝှေ့ယမ်းသံများကို အိမ်အတွင်းမှ လူများအားလုံး ကြားနေကြ ရသည်။ ထို့နောက် အိမ်နောက်ဖေးချြော်ကမ်းပါးဆီမှ ဒင်နီကို ပြန်၍ စိန်ခေါ်သံတစ်သံ ကြား လိုက်ရသည် ဟု ဆိုသည်။ ထိုစိန်ခေါ်သံမှာ ကြောက်မက်ဖွယ်ကောင်းသည်ဟုလည်း ပြောကြ သည်။ ဒင်နီ က စိန်ခေါ်သူထံ ပြေးသွားသည်ကိုလည်း သူတို့အားလုံး ကြားလိုက်ကြသည်။ ထို့နောက် ဒင်နီ၏ ထိတ်လန့် တကြား အော်လိုက်သည့် အသံနှင့် လေးလံသော အရာဝတ္ထုတစ်ခု မြေကြီးပေါ်ကျသံ၊ ပြီးတော့ ငြိမ်တိတ် သွားသည်။

လူအားလုံး အံ့အားသင့်ကာ ငြိမ်နေကြသည်။ နောက်ထပ် ဘာသံကြားရဦးမလဲဟု နားစွင့်ကြသည်။ ဘာသံမှ မကြားရ၊ ည သည် ချောက်ချားဖွယ်ကောင်းလောက်အောင်ပင် တိတ်ဆိတ်ငြိမ်သက်နေသည်။ အချိန်သည် တရွေ့ရွေ့ ကုန်လာသည်။ အရုဏ်ဦး အလင်းရောင်သည် ၀င်ရောက်စပြုပြီ။

" တစ်ခုခုတော့ ဖြစ်ပြီ" ဟု ပီလွန်က ပြောကာ အပြင်သို့ ပြေးထွက်သွားသည်။ ထိုအခါကျမှပင် ကျန်လူစုက သူ့နောက် မှ လိုက်သွားကြသည်။ ဒင်နီ ၏ ခြေသံများကို ကြားခဲ့ရသော အိမ်နောက်ဖေးဘက်သို့ သွားကြခြင်း ဖြစ်၏။ ဒင်နီ ကို အရိပ်အယောင်ပင် မမြင်ရ၊ ချောက်ကမ်းပါး အစွန်းသို့ ရောက်သွားကြသည့် အချိန်ထိ ဒင်နီ့ ကို မတွေ့ရ။ လွန်ခဲ့သော ရှေးနှစ်ပေါင်းများစွာက ရေစီး ကြောင်းကြီးတစ်ခု ဖြစ်ခဲ့ဖူးဟန် တူသည့် အောက်ဘက် အနိမ့်ပိုင်း ချောက်ကမ်းပါး ကြမ်းပြင်ဆီသို့သွားရာ လမ်းကွေ့သို့ ရောက်သွား ကြသည်။

ပီလွန်သည် ထိုလမ်းအတိုင်း လိုက်ကာ အောက်ခြေသို့ ဆင်း သည်။ ကျန်လူများကလည်း သူ့နောက်မှ လိုက်သွားကြသည်။ ချောက်၏ အောက်ခြေတွင် တစ်ကိုယ် လုံး ကြွေမွကျိုးပဲ့ပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်ကာ မရှုမလှ ဖြစ်နေသော ဒင်နီ ၏ အနီး၌ ရပ်နေသည့် ပီလွန် ကိုတွေ့ကြရသည်။ ဒင်နီသည် ပေလေးဆယ် အမြင့် မှ လိမ့်ကျခဲ့ခြင်းဖြစ်၏။ ပီလွန်မီးခြစ်ကို ခြစ်၍ ကြည့်သည်။ " ငါကတော့ သူ မသေသေးဘူးလို့ ထင်တယ်" ဟုပြောသည်။ " ဆရာဝန်တစ်ယောက်သွားပင့်ကြကွာ၊ ဘုန်းတော်ကြီး ရာမွန်ကိုလည်း တစ်ခါတည်း ပင့်ခဲ့" ဟု အော်သည်။

ပီလွန့်နောက်မှ လိုက်လာသူများသည် ကစဥ့်ကလျား ဖြစ်ကုန်သည်။ နောက်ဆယ့်ငါးမိနစ်ခန့် အတွင်း တွင် အိပ်ပျော်နေသော ဆရာဝန်လေးယောက်သည် အတင်းဝင်၍ အနှိုးခံရပြီး ပီဆာနိုး တစ်စု၏ ဆွဲခေါ် လာခြင်း ကို ခံကြရသည်။ ဆရာဝန်များမှာ ဘာဖြစ်မှန်း သိကြသည်မဟုတ်၊ အတင်းအဓမ္မဆွဲထူပြီး ဆွဲ ခေါ်လာ၍သာ ပါလာကြခြင်းဖြစ်၏။ သူတို့ ဆေးအိတ်များကို အတင်းအဓမ္မ လက်ထဲထိုးထည့်၍သာ ကိုင်လာကြခြင်းဖြစ်၏။ ဘုန်းတော်ကြီး ရာမွန်မှာလည်း ဆရာဝန်များကဲ့သို့ပင် ဖြစ်သည်။

ပီဆာနိုးတစ်စု၏ လက်ထဲတွင် ဒရွတ်သီထိုးပါ လာသည်။ သရဲနှင်ပေးဖို့လား၊ မွေးစကလေးတစ်ဦး သေတော့မည် ဆဲဆဲ ဖြစ်နေသဖြင့် နှစ်ခြင်းမင်္ဂလာအမြန်ဆုံးပြုလုပ်ပေးဖို့လား ဘာကိုမျှ မည်မည်ရရမသိ။ ထိုအချိန် တွင် ပီလွန်၊ ပက်ဘလိုနှင့် ဂျီး ဆပ်စ်မေရီယာတို့သည် ဒင်နီကို ပွေ့ကာ ချောက်ထဲမှ တက်လာကြပြီး အိပ်ရာပေါ် တင်ပေးထားပြီးပြီ။ ဒင်နီ ၏ ပတ်ပတ်လည်တွင် ဖယောင်းတိုင်များ ထွန်းထားပြီးပြီ။ ဒင်နီ ကတော့ အသက်ကို မျှင်းမျှင်းရှူနေဆဲ။

ပထမဆုံး ဆရာဝန်များ ရောက်လာကြသည်။ သူတို့သည် အချင်းချင်း တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာ ဘယ်သူက ဘယ်သူ့ကို ဦးစားပေးရပါ့မလဲဟု စဉ်းစားကြသည်။ ယင်းကဲ့သို့ စဉ်းစားနေ၍ အချိန် အနည်းငယ် ကြာသွားသဖြင့် ဘေးမှ ရပ်ကြည့်နေသူများက မျက်စောင်းတခဲခဲ အံတကြိတ်ကြိတ် လုပ်ခြင်းကိုပင် ခံကြရသည်။ ဒင်နီ့ ကို စစ်လိုက်ဆေးလိုက်ရသည့်အချိန်မှာ ဘာမှ မကြာလိုက်၊ ဘုန်းတော်ကြီးရာမွန် ဆိုက်ရောက်လာချိန်တွင် ဒင်နီကို စစ်ဆေးပြီးနေပြီ အိပ်ခန်းထဲတွင် ပီလွန်၊ ပက်ဘလို၊ ဂျီးဆပ်စ်မေရီယာ၊ ကောင်ကြီးဂျိုး၊ ဂျွန်နီပွမ်ပွမ်၊ တီတိုးရပ်ဖ်၊ ပင်လယ်ဓားပြနှင့် သူ့ခွေးများသည် ဒင်နီ၏ အိပ်ရာဘေး ၌ ရပ်နေကြသည်။ တကယ်တော့ သူတို့အားလုံးသည် ဒင်နီ၏ မိသားစုပင် မဟုတ်ပါလား။ အိပ်ခန်းတံခါး ကို သော့ပိတ်ထားသည်။

အပြင်ဘက် ခန်းမကြီးထဲတွင်မူ တော်တီလာဖလက် ရပ်ကွက်တွင်းမှ လူများဖြင့် ပြည့်နေသည်။ အားလုံးငြိမ် ဆိတ်ကာ အဖြေကို စောင့်မျှော်လျက်ရှိကြ၏။ ဘုန်းတော်ကြီးနှင့် ဆရာဝန်များသည် အချင်းချင်း ညှိနှိုင်း တိုင်ပင် ကြသည်။ အိပ်ခန်းထဲမှ ဘုန်းတော်ကြီးရာမွန် ထွက်လာသည်။ သူ့မျက်နှာတွင် အပြောင်းအလဲမရှိ၊ ပကတိ တည်ငြိမ်အေးဆေးစွာပင် ရှိသည်။ သို့သော်လည်း သူ့ကို မြင်လိုက်ရုံမျှဖြင့် မိန်းမများသည် ၀မ်းနည်းပက်လက်ဖြစ်ကာ ရှိုက်ကြီးတငင် ငိုကြွေးကြသည်။ ယောက်ျားများ၏ ခြေထောက်များသည် လှုပ်ရှား လာကြသည်။ ထို့နောက် အပြင်ဘက်ရှိ အရုဏ်အလင်းရောင်ဆီသို့ ထွက်သွားကြသည်။ ဒင်နီ ၏ အိပ်ခန်းတံခါးက ပိတ်မြဲတိုင်း ပိတ်လျက်။
-----------------------
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, January 15, 2011

တို့ဘဝ တို့ ကမ္ဘာ အပိုင်း (၃၃)

၁၆
ဒင်နီ၏ ၀မ်းနည်းကြေကွဲမှုများနှင့် ဒင်နီ၏ သူငယ်ချင်းများက အနစ်နာခံ၍ ပေးသော ပါတီပွဲ

အိမ်မှ ထွက်သွားပြီးနောက် သောင်းကျန်းချင်တိုင်း သောင်းကျန်းကာ ရမ်းကားချင်တိုင်း ရမ်းကားပြီး အိမ်သို့ ပြန်ရောက်လာသော ဒင်နီသည် နောင်တတရားရပုံမပေါ်သော်လည်း လူကတော့ ကိုယ်ရောစိတ်ပါ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေပုံရ၏။ သူ အပြင်လောကမှ ရခဲ့သော အတွေ့အကြုံများမှာမူ ယခုအချိန်ထိ သူ့ စိတ်ထဲ တွင် တစ်ရစ်ပတ်ပတ်နှင့် ဆန်းသစ်နေဆဲဖြစ်သည်။ သို့တစ်စေလည်း ဒင်နီသည် ယခင်ကလို ရွှင်လန်း တက်ကြွမှု မရှတော့ပေ။ သူ၏ နေပုံထိုင်ပုံမှာ တွေတွေငေးငေး ဖြစ်နေသည်ကများ၏။ ဆင်ဝင်၌ ထိုင်နေရာမှ ထခြင်းသည် အစာစားရန်ဖြစ်၏။ စားပွဲ၌ ထိုင်နေရာမှ ထခြင်းသည် အိပ်ရာဝင်ရန်ဖြစ်၏။

သူ့ဘေးပတ်ပတ်လည်တွင် စကားတွေ အများကြီး ပြောနေကြသော်လည်း ပြောဆိုနေကြသမျှကို သူ နားထောင် နေသည်မှ တစ်ပါး တစ်ခွန်းတလေ မှ ၀င်ရောက် ပြောဆိုခြင်းမပြုချေ။ ကော်နယ်လီယာရုဇ် တစ်ယောက် ယောက်ျား များ ထည်လဲ နှင့် လဲ၍ တွဲနေသည့် အကြောင်းကို သူကြားသော်လည်း ယခင်ကလို စိတ်လှုပ်ရှား သည့် အရိပ်လက္ခဏာ မပြချေ။
တစ်ည တွင် ကောင်ကြီးဂျိုးသည် ဒင်နိ၏ အိပ်ရာပေါ်တက်အိပ်သည်၊ ဒင်နီက ဘာမှမလုပ်ဘဲ ကြည့် နေသဖြင့် ပီလွန်နှင့် ပက်ဘလိုတို့က ဘေးမှဝင်၍ ကောင်ကြီးဂျိုးကို ရိုက်ကာ ခုတင်ပေါ်မှ မောင်းချ ခဲ့ရသည်။

တစ်ညတွင် ဆင်မီရက်စ်ပါး ဆိုသူသည် နှစ်သစ်ကူးပွဲ ကျင်းပသည်။ ၀ီစကီတစ်ဂါလန်ကို သောက်ပြီး နွားမတစ်ကောင်ကို သတ်၍ ချက်စားသည်။ ထိုပြစ်မှုအတွက် ပုလိပ်က ဆင်မီရက်စ်ပါး ကိုဖမ်းပြီး အချုပ်သို့ပို့ သည်။ ဤသတင်း ကို ပီလွန်တို့ လူစုက ဒင်နီအနီး၌ ထိုင်၍ ပြောဆို ဝေဖန်ကြသည်။ ငြင်းကြခုံကြသည်။ သို့သော်လည်း ယခင်က ဤစကားဝိုင်းမျိုးတွင် စိတ်ဝင်စားတတ်သော ဒင်နီသည် တစ်ခွန်းတလေမျှပင် ၀င်ရောက် ပြောဆိုခြင်းမပြုချေ။

အနေအထိုင် အပြောင်းလဲကြီး ပြောင်းလဲနေသော ဒင်နီကို ကြည့်ကာ ပီလွန်တို့လူစု စိတ်ပူစ ပြုလာသည်။ " သူ သိပ်ကို ပြောင်းလဲသွားတာပဲ" ဟု ပီလွန်က ပြောသည်။ " အသက်ကလည်း ကြီးလာပြီမဟုတ်လား "
ဂျီးဆပ်စ်မေရီယာ ကတော့ တစ်မျိုးထင်သည်။ " သူ အပြင်ထွက်ပြီးထင်ရာ မြင်ရာတွေလုပ်ခဲ့တာ တနင်္ဂနွေ သုံးပတ် တောင် ကြာတာကွ၊ အဲဒီတော့ ပျော်စရာ ရွှင်စရာဆိုတဲ့ အလုပ်မျိုးတွေကို ငြီးငွေ့နေပုံရတယ်" ဟု ဆိုသည်။

သူငယ်ချင်းများသည် အထီးကျန်စိတ်ဖြင့် ငြိမ်သက်နေသော ဒင်နီကို ယခင်ကလို ပြန်ဖြစ်လာအောင် ကြိုးစား အားထုတ်ကြသည်။ သို့သော်လည်း ဒင်နီကတော့ မလှုပ်မချောက်။ မနက်ခင်း ဆင်ဝင်အောက်၌ ထိုင်ကြ သည့် အခါတိုင်း အားလုံးက ရယ်စရာအကောင်းဆုံးသော ၀တ္ထုပုံပြင်များ ဖြစ်ရပ်များကို ပြောပြသည်။ တော်လီယာဖ လက်ရပ်ကွက်တွင်းမှ ချစ်ရေးချစ်ရာ ကိစ္စများကို ပြောကြသည်။ ပီလွန်သည် ရပ်ကွက်တွင်း မှ သတင်းမျိုးစုံကို ထောက်လှမ်းပြီး အိမ်သို့ သယ်ဆောင်လာလေ့ရှိသည်။ ပြီးတော့ ဒင်နီ စိတ်ဝင်စား လိမ့်မည်ဟု ယူဆရသော သတင်းများကို စီကာပတ်ကုံး ဖောက်သည် ပြန်ချသည်။ သို့သော်လည်း ဒင်နီ ၏ မျက်လုံးများတွင် စိတ်ဝင်စား သည့် အ၇ိပ်အငွေ့ မမြင်ရ။ ပင်ပန်းနွမ်းနယ်နေသည့် လက္ခဏာ များကိုသာ ဖော်ပြနေသည်။

" မင်း ကြည့်ရတာ နေမကောင်းသလိုဘဲ" ဟု ဂျီးဆပ်စ်မေရီယာက ပြောသည်။ " မင်း ဘာဖြစ်နေတာလဲ၊ စိတ် ညစ်စရာ တစ်ခုခု ရှိနေလို့လား"
" ဟင့်အင်း မရှီပါဘူး" ဟု ဒင်နီက ဖြေသည်။
ဒင်နီ သည် သူ့ခြေထောက်များပေါ်၌ နားပြီး တရွရွလျှောက်သွားနေသော ယင်ကောင်များကိုပင် မောင်းခြင်း ခြောက်ခြင်းမပြု။ တစ်ခါတစ်ရံ ရိုက်ပြန်တော့လည်း စိတ်မပါ့တပါ။ တဖြည်းဖြည်းနှင့် တက်ကြွသော စိတ်များ နှင့် ရယ်မောသံများသည် ဒင်နီ ၏ အိမ်အတွင်း၌ ချုပ်ငြိမ်းသွားသည်။

ဒင်နီကို ကြည့်ရသည်မှာ သနားစရာ ကောင်းနေသည်။ ဟိုတုန်းကအလွန် တက်ကြွနေသောဒင်နီ၊ ရန်ဖြစ်ပြီ ဟေ့ဆိုလျှင် သူရှေ့ဆုံးက၊ အရက်သောက်ကြပြီဆိုလျှင်လည်း ဘယ်လိုလူစားမျိုးနှင့်မဆို သောက်နိုင်သူ၊ အချစ်ရေးရာ ကိစ္စများနှင့်ကြုံလျှင်လည်း ဘယ်တော့မှ နောက်မဆုတ်တတ်သူ၊ အခုကျတော့ သူသည် ဆင်ဝင်၌ လက်နှစ်ဖက်ကို တွဲလောင်းချ၍ ခြေထောက်များကိုပစ်၍ ဦးခေါင်းကို ချိုး၍ ငေးတိငေးမော ငိုင်တိ ငိုင်တိုင်၊ သူ့မျက်လုံးများသည် ဘာခံစားမှုကိုမှ မပြ။

" မင်း ဘယ်လိုဖြစ်နေတာလဲ ဒင်နီရယ်၊ မင်းကြည့်ရတာ ကမ္ဘာကြီးတည်စမှာ ပထမဆုံး လူဖြစ်လာရတဲ့ လူ တစ်ယောက်လိုပါလား၊ ကမ္ဘာကြီး ပျက်သုဉ်းသွားချိန်မှာ တစ်ယောက်တည်းကျန်ခဲ့တဲ့ လူတစ်ယောက် နဲ့ လည်း တူလှပါကလား၊ မင်း ဒီလိုတော့ မနေပါနဲ့ကွာ၊ မင်းတစ်ယောက်တည်း မဟုတ်ပါဘူး။ မင်းအနားမှာ မင်းသူငယ် ချင်းတွေ အများကြီးရှိနေပါသေးတယ်။ သူတို့က မင်းမျက်နှာအရိပ်အကဲ ကို မျက်ခြည်မပြတ် ကြည့်နေကြပါတယ်။ သူတို့ သခင်ရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်နေကြတဲ့ ခွေးတွေနဲ့ဘာမှ မထူးပါဘူး။ မင်းပါး စပ်က ပျော်မြူးစရာ စကားလေးတစ်လုံးလောက်သာ ကြားလိုက်ရရင်၊ မင်းမျက်နှာက ရွှင်လန်းတဲ့ အကြည့်နဲ့ သာ ကြည့်လိုက်ရင် အားလုံး က ဟောင်ဖို့ အမြီးနှန့်ဖို့ အဆင်သင့်ပါကွာ"
တစ်ရက်တွင် ပီလွန်သည် ၀ိုင်အိုးကို ဒင်နီလက်တွင်းသို့ ထည့်ပေးပြီး " ကဲ ချကွာ၊ မင်းသောက်နိုင် သလောက် သောက်လိုက်စမ်း" ဟု ပြောသည်။

ဒင်နီက အိုးကိုကိုင်၍ မော့သည်။ ပြီးတော့ သူ့ ကုလားထိုင်တွင် ပြန်၍ မှီကာ ငြိမ်ဆိတ်နေသည်။ စိတ်၏ ငြိမ်းချမ်းရာ နယ်မြေတွင် ပြန်၍ အခြေစိုက်ရန် အားထုတ်နေသည့်နှယ် ရှိသည်။
" မင်းမှာ ဒဏ်ရာ တစ်ခုခု ၇ထားသလားကွာ" ဟု ပီလွန်က မေးသည်။
" မရပါဘူး" ဟု ဒင်နီက ဖြေသည်။

ပီလါန်သည် နောက်ထပ် ၀ိုင်တစ်ခွက် ငှဲ့ပေးသည်။ ဒင်နီ၏ မျက်နှာကို စေ့စေ့စပ်စပ် ကြည့်နေသည်။ ဒင်နီ၏ မျက်နှာ သည် မျက်တွင်းဟောက်ပက်နှင့် ပါးချောင်နားချောင်များ ကျနေသည်။ ဟိုယခင်က ဒင်နီ၏ အကြည့်မျိုး သည်ဖျတ်ခနဲပေါ်လာသလို ရှိသည်။ သူသည် ယင်တစ်ကောင်ကို လက်ဝါးနှင့် ရိုက်သတ် လိုက် လေသည်။

ပီလွန်၏ မျက်နျာတွင် အပြုံးရိပ်ဝင်လာသည်။ သူသည် ပက်ဘလို၊ ဂျီးဆပ်စ်မေရီယာ၊ ကောင်ကြီးဂျိုး၊ ပင်လယ် ဓားပြ၊ ဂျွန်နီပွမ်ပွမ်နှင့် တီတိုးရပ်ဖ် တို့ကို စုလိုက်သည်။ ထို့နောက် အိမ်နောက်ဖေးဘက်မှ ချောက်ထဲ သို့ ခေါ် သွားသည်။ " ငါ ၀ိုင်လက်ကျန် ဒင်နီကို တိုက်ကြည့်တယ်၊ ဟန်ကျသွားသလိုပဲ။ အမှန်က ဒင်နီ မှာ လိုအပ်နေတာ ၀ိုင်များများသောက်ဖို့ပဲ။ အဲဒီတော့ ငါတို့ သောက်ပွဲလေးတစ်ပွဲ လုပ်ပေးနိုင်ရင် ကောင်းမယ် လို့ ထင်တယ်၊ ၀ိုင်များများ ဘယ်က ရနိုင်မလဲ"
ထိုအခါ ကျန်လူစု က ၀ိုင်များများ ရနိုင်မည့် နေရာနှင့် နည်းလမ်းကို စဉ်းစား ကြံဆကြသည်။ နောက်ဆုံးတွင် ဂျီးဆပ်စ်မေရီယာ က ပြောသည်။ " ချင်ကီးဆီမှာတော့ ငါးခွဲတဲ့ အလုပ်ရှိတယ်၊ ငါးဗိုက်သွားခွဲရင် လုပ်ခရမယ်၊ လုပ်ခရရင် ၀ိုင်ရနိုင်တာပဲ "

အားလုံး စဉ်းစားကြသည်။ ဤနည်းမှလွဲ၍ အခြားနည်းမရှိ။ " အေးလေ ဒီအလုပ်ကို ငါတို့ဘာကြောင့် မလုပ် နိုင်ရမှာလဲ" ဟု ပြောကြသည်။ " တစ်ရက်လုပ်ရင် အလုံအလောက် ရနိုင်ပါတယ်" ဟု ဆိုကြသည်။
" ငါတို့ လုပ်မယ်ကွာ" ဟု ပီလွန်က ဆုံးဖြတ်သည်။ " မနက်ဖြန် ငါတို့အားလုံး ချင်ကီး ဆီသွားပြီး ငါး ဗိုက် ခွဲမယ်၊ ညပိုင်းကျတော့ ဒင်နီ အတွက် သောက်ပွဲလေး လုပ်မယ် "
နောက်တစ်နေ့နံနက် ဒင်နိအိပ်ရာမှနိုးသောအခါ တစ်အိမ်လုံး တိတ်ဆိတ်ခြောက်သွေ့လျက်နေသည်။ သူသည် အိပ်ရာမှထကာ လူသူ ကင်းမဲ့နေသော အခန်းများကို လျှောက်ကြည့်သည်။ သို့သော်လည်း ဒင်နီ သည် ပြဿနာ တစ်ရပ်တွေ့လာလျှင် ကြာကြာစဉ်းစားနေတတ်သူမဟုတ်။ သူသည် တစ်အိမ်လုံး ငြိမ်ဆိတ် နေသည့် ကိစ္စ ကို ပြဿနာတစ်ရပ်ဟု မယူဆတော့ဘဲ အိမ်ရှေ့ဆင်ဝင်သို့ ထွက်ထိုင်နေသည်။

မကြာခင်မျာပင် သတင်းစကား တစ်ခုကို ကြားလာရသည်။ ဒင်နီ၏ သူငယ်ချင်းများ ချင်ကီးထံသွား၍ ငါးဗိုက်ခွဲ သော အလုပ်လုပ်နေကြသည်ဟူသော သတင်းစကားဖြစ်၏။ ဤသတင်းသည် တော်တီလာဖလက် ရပ်ကွက်သူ ရပ်ကွက်သားများအဖို့ အစိုးရအဖွဲ့ တစ်ဖွဲ့ကို ဖြုတ်ချလိုက်သည် ဟူသော သတင်းမျိုး နှင့် တစ်တန်းတည်းထား သည့် သတင်းဖြစ်သည်။ လမ်းထဲတွင်လည်း ပြောကြသည်။ အိမ်ထဲ တွင်လည်း ပြောကြသည်။ မိန်းမများသည် အိမ်နောက်ဖေး ၀င်းခြံ၏ ဟိုဘက်သည်ဘက် မျက်နှာချင်းဆိုင်၍ ရပ်ကာ ဤသတင်း ကို အထူးအဆန်း သတင်း တစ်ပုဒ်အဖြစ် ပြောကြသည်။ " အောင်မယ်လေးတော့ အံ့သြစရာ ပါပဲ၊ ဒင်နီ့ သူငယ်ချင်းတွေက ချင်ကီးဆီသွား ပြီး ငါးဗိုက်ခွဲတဲ့အလုပ် လုပ်နေကြသတဲ့ "

တစ်မနက်ခင်းလုံး ဤသတင်းသည် လူတိုင်း၏ ပါးစပ်ဖျား၌ ရေပန်းစားလျက်ရှိသည်။ ဘာကြောင့် သူတို့တစ် တွေ အခုလို လုပ်ကြပါလိမ့်၊ အကြောင်းတော့ ရှိရမယ်၊ ထိုအကြောင်းသည် လျှို့ဝှက်ရမည့်အကြောင်း ဖြစ်နိုင် စရာရှိသည်။ တချို့အမေများက သူတို့ သားသမီးများကိုလွှတ်၍ ဟုတ် မဟုတ်၊ မှန် မမှန် သေချာအောင် ကြည့် ခိုင်းသည်။ သူတို့သားသမီးများ ပြန်လာလျှင် သတင်းကို အတည်ပြုနိုင်တော့မည်။ မကြာခင် သတင်းစုံရောက် လာသည်။

" ပက်ဘလိုရဲ့ လက်ကို ငါးခွဲတဲ့ ဓား ထိသွားသတဲ့"
" ချင်ကီး က ပင်လယ်ဓားပြရဲ့ ခွေးတွေကို ခြေနဲ့ လိုက်ကန်လို့တဲ့"
" ခွေးတွေ ပြန်ပို့လိုက်ရတယ်"
ဤသတင်း နှင့် ပတ်သက်၍ အလောင်းအစား လုပ်သူများက လုပ်ကြသည်။ ဤမျှလောက် ထူးခြားသည့် သတင်းသည် မရှိသလောက် ဖြစ်နေသည်။ ထိုနေ့တစ်နေ့လုံး ကော်နယ်လီယာရုဇ်၏ သတင်းသည် တိမ်မြှုပ် သွားသည်။ ထို့နောက် မွန်းတည့်အချိန်ခန့်တွင် နောက်ထပ်တူးခြားသော သတင်းတစ်ပုဒ် ထွက်လာပြန် သည်။

" သူတို့က ဒင်နီ့ အတွက် ပါတီပွဲကြီး တစ်ခုလုပ်မလို့တဲ့ "
" လူတိုင်းက သွားကြမလို့တဲ့ "
ဤသတင်းကို အကြောင်းပြု၍ တော်တီလာဖလက် ရပ်ကွက်အတွင်း၌ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လာကြ သည်။ မစ္စက်မော်ရေး သည် သူ့ဓာတ်စက် ကို ထုတ်၍ ဖုန်သုတ်သည်။ အကျယ်လောင်ဆုံးသော အသံများထွက် သည့် ဓာတ်ပြားများကို ရွေးသည်။ တော်တိလာဖလက် ရပ်ကွက်တွင် မီးတိုင်များဖြင့် တထိန်ထိန် တညီးညီးဖြစ် လာသည်။ ဒင်နိအတွက် ပါတီ ပေးမည့် လူများမှာ သူ့သူငယ်ချင်း ခုနစ်ယောက်။ ထို့ကြောင့် ဒင်နီတွင် မိတ်ဆွေ ခုနစ်ယောက်မျှသာ ရှိသည်ဟု ပြောရမလို ဖြစ်နေသည်။ သို့သော်လည်း သတင်း ကြားရုံဖြင့် လှုပ်လှုပ်ရွရွ ဖြစ်နေ သူများက လူများစု။ မစ္စက်ဆိုတိုသည် သားလှီးဓားတစ်လက်ကိုင်၍ သူ့ကြက်ခြံ ထဲ ဆင်းသွားသည်။ မစ္စက်ပါ ဆိုချီကိုကတော့ သကြားတစ်အိတ် ကို မုန့်အိုးထဲ လောင်းထည့်ကာ မုန့်လုပ် ဖို့ ပြင်ထားသည်။ မိန်းကလေးတစ်အုပ်သည် မွန်ထရေးမြို့ထဲမှ ၀ူးလ်ဝတ်သ် စတိုး သို့ သွားကာ ရောင်စုံစက္ကူ များ ၀ယ်ကြသည်။ ဂီတာနှင့် အကော်ဒီယံ အသံညှိသံများသည် တစ်ရပ်ကွက်လုံးတွင် ပျံ့နှံ့ နေသည်။

သတင်းများ ထပ်ရောက်လာပြန်သည်။ ပါတီပွဲကို လုပ်မည်။ သတင်းအတည်ဖြစ်သွားပြီ၊ သူတို့အနေဖြင့် ပါတီပွဲ အတွက် အနည်းဆုံး သုံးဆယ့်လေးဒေါ်လာသုံးမည်။ ၀ိုင်ဆယ့်လေးဂါလန်ကတော့ အဆင်သင့်။
တော်ရဲလီး သည် အရောင်းကိစ္စဖြင့် အလုပ်ရှုပ်လျက်ရှိသည်။ လူတိုင်းက ဒင်နီ၏ အိမ်သို့ ယူသွားဖို့ ၀ိုင်တစ်ဂါလန် စီ လာ၍ လာ၍ ၀ယ်နေကြသည်။ တော်ရဲလီးကိုယ်တိုင်မှာလည်း လှုပ်ရှားမှု ပိုက်ကွန်တွင် ငြိတွယ် လျက်ရှိသည်။ " ဟေ့ ငါတို့လည်း ဒင်နီ့အိမ်ကို သွားဖြစ်ချင်မှ သွားဖြစ်မှာ၊ သွားရင်တော့ ငါ့မိတ်ဆွေ အတွက် ၀ိုင် ဂါလန် နည်းနည်းပါးပါးတော့ ယူသွားဦးမှပဲ" ဟု သူ့မိန်းမကို ပြောသည်။
မွန်းလွဲပိုင်း သည် ကုန်လွန်သွားပြီ။ တစ်ရပ်ကွက်လုံး ပို၍ လှုပ်လှုပ်ရွရွ ဖြစ်လာသည်။

တစ်သက်လုံး ခေါက်၍ သိမ်းထားသော အ၀တ်အစားများကို အနံ့အသက်ပျောက်ရန် ထုတ်လှန်းကြသည်။ တစ်ရပ်ကွက်လုံး လှုပ်လှုပ်ရွရွ ဖြစ်နေခိုက်တွင် ဒင်နီ၏ အခြေအနေမည်သို့ရှိပါသနည်း။ ဒင်နီသည် အရည် တစ်ဝက် ပျော်ကျနေ သည့်လူတစ်ယောက်သဖွယ် သူ့နေရာတွင် ခွေတီးခွေခေါက် ထိုင်နေသည်။ နေရောင်ခြည် နေရာရွေ့ကာမှပင် သူ လှုပ်ရှားသည်။ ရပ်ကွက်ထဲမှ လူများသည် သူ့အိမ်ခြံဝင်း တံခါးရှေ့မှ အစု လိုက် အပြုံလိုက် ဖြတ်သွားဖြတ် လာလုပ်လျက်ရှိကြ၏။ သို့သော်လည်း ဒင်နီ ကတော့ မလှုပ်မယှက်၊ ညနေလေးနာရီ ထိုးသောအခါ သူသည် ထိုင်ရာမှထပြီး မွန်ထရေးမြို့ဘက်သို့ ထွက်သွားလေသည်။

အစားအစာများ ရောက်လာကြသည်။ ထမင်းများနှင့် ကြက်သားဟင်းအိုးများ၊ ပြီးတော့ ၀ိုင်များ တစ်ဂါလန်ပြီး တစ်ဂါလန်၊ ဂါလန်ပေါင်း အမြောက်အမြား ရောက်လာသည်။ မာတီနက်ဇ်သည် သူကိုယ်တိုင် စိမ်ပြီး မြေကြီး ထဲ မြှုပ်ထားသည့် အထူးဝီစကီ အိုးကိုတူးကာ ဒင်နီ့အိမ်သို့ ယူလာသည်။

ညနေ ငါးနာရီခွဲတွင် ဒင်နိ၏ သူငယ်ချင်းများ ပြန်လာကြသည်။ အလုပ်ပင်ပန်း၍ နွမ်းနယ်နေကြသော်လည်း သူတို့ မှန်းခြေနှင့် ကိုက်သဖငြ့် အားလုံး ပျော်ရွှင်နေကြသည်။ သူတို့သည် မီးရောင်ဖြင့် ထိန်ထိန်ညီးနေသော အိမ်ကို အဝေးမှပင် လှမ်းမြင်နေရ၏။ အားလုံးဝမ်းသာအားရ ရယ်ကြသည်။ ပင်ပန်းနွမ်းနယ်မှုများသည် သူတို့ ထံမှ ထွက်ပြေးကြသည်။ သူတို့သည် ၀မ်းသာလွန်းသဖြင့် မျက်ရည်များပင် လည်လျက်ရှိလေသည်။

မာမာချီပိုသည် ဇလုံကြီးတစ်လုံးကို တစ်ယောက်တစ်ဖက် မ၍သယ်လာသော သားနှစ်ယောက်နှင့်အတူ ဒင်နီ ၏ ခြံဝင်းထဲသို့ ၀င်လာသည်။ လူချမ်းသာ လူ့ကတ်ဖဲ့တစ်ဦးဖြစ်သော ပေါ်လီကိုသည် ငရုတ်သီးများနှင့် ချက်ထားသည့် အိုးတစ်လုံး တင်ထားသော မီးဖိုကို မ၍ ၀င်လာသည်။ အော်သံများ၊ သီချင်းဆိုသံများ၊ မိန်းမ များ၏ စကား ပြောသံများနှင့် ကလေးများ၏ ဆူသံပူသံ ငိုသံများ။
ဆူသံ ပူသံ အော်သံ ဟစ်သံများကြောင့် မွန်ထရေးမြို့မှ ပုလိပ်တစ်ယောက် ရောက်လာသည်။ " အိုး ... ပါတီပွဲ လုပ်မလို့ ပါဗျာ၊ ၀ိုင်တစ်ခွက်တစ်ဖလား လောက်ပဲ မော့ကြမှာပါ၊ ကျုပ်တို့ ဘယ်သူ့ကိုမှ မသတ် ပါဘူး၊ စိတ်ချပါ" ဟု ဆီးပြောကြသည်။

ဒင်နီတစ်ယောက် ဘယ်ဆိများ ရောက်နေပါလိမ့်။ အလွန်အေးသော အခုလို ညကျမှ ဒင်နီသည် မီးခိုးတန်း တစ်တန်း လွင့်မျောနေသည့်နှယ် မွန်ထရေးမြို့တွင်း၌ ခြေဦးတည့်ရာ လျှောက်သွားလျက်ရှိသည်။ သူသည် စာ တိုက်ဘက်သွားသည်။ ဘူတာရုံကိုလည်း ရောက်သည်။ ဘယ်လ်ဗာရေးဒိုး လမ်းမကြီးဘေးမျ ဘိလိယက်ခုံ ကို လည်း ၀င်သည်။ သင်္ဘောဆိပ် ဗောတံတားများ ဘက်ကိုလည်း လျှောက်လိုက်သေးသည်။ ဒင်နီ ဘာဖြစ်နေပါ လိမ့်၊ ဘာကြောင့် သူ အခုလို လျှောက်သွားနေရပါသနည်။ ဒင်နီကိုယ်တိုင်ပင် သူ ဘာဖြစ်နေမှန်း မသိ။

သူ့နှလုံး သားသည် သူအလွန်ချစ်မြတ်နိုးသော မိန်းမတစ်ယောက်ကို အပြီးအပိုင် ခွဲခွာရတော့မည့် အချိန် တွင် ဖြစ်ပေါ်လာတတ်သည့် ခံစားမှုမျိုးဝင်ကာ နာကျင်ကိုက်ခဲလျက်ရှိသည်။ အမျိုးအမည်မသိသော ကြေကွဲဝမ်းနည်းမှုကို ခံစားနေရသည်။ သူသည် သူယခင်က စားနေကျ စားသောက်ဆိုင်ရှေ့မှ ဖြတ်လျှောက်ခဲ့ သည်။ အနံ့မျိုးစုံကို ရှူရပါ၏။ သို့သော်လည်း ဆာလောင်မွတ်သိပ်ခြင်းမဖြစ်၊ သူသည် နာမည်ကြီး မဒမ်ဇူကာ၏ ဇိမ်နန်းရှေမှ ဖြတ်လျှောက်သည်။ ပြတင်းပေါက်များမှ ပုံစံအမျိုးမျိုးဖြင့် ညစ်ညစ်ပတ်ပတ် လုပ်ပြနေသော မိန်းကလေးများကို ငဲ့စောင်း၍ပင် မကြည့်၊ သူသည် နောက်တစ်ခေါက် ပြန်လာကာ ဆိပ်ခံဗောတံတားဆီသို့ ဆိုက်ရောက်လာသည်။ သူသည် တံတားသံတိုင်ပေါင်ကို မှီ၍ အလွန့်အလွန် နက်သော ရေပြင်ကို စူးစိုက်၍ ကြည့်နေသည်။ သူသည် လှုပ်ရှားခြင်းမရှိ။

အမှောင်ရိပ်များ ကျလာသည့်အခါ ဒင်နီ၏ အိမ်မှလူများသည် ဒင်နီ့ အတွက် စိတ်ပူလာကြသည်။ သူ့သူငယ် ချင်းများသည် ပါတီပွဲမှ ထွက်ကြပြီး မွန်ထရေးမြို့ဘက်သို့ လျှောက်သွားကြသည်။ သူတို့သည် လမ်း၌ တွေ့သူများအား " ဒင်နီ့ကို မတွေကလိုက်ကြဘူးလား" ဟု စုံစမ်းကြသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Friday, January 14, 2011

တို့ဘဝ တို့ ကမ္ဘာ အပိုင်း (၃၂)

" ဒါဟာ မင်းလိမ်တာဖြစ်မယ်" ဟု ပီလွန်က ပြောသည်။
တော်ရဲလီး က အားရပါးရ ပြုံးလိုက်ပြီး လက်ထဲမှ စာရွက်ကို ဝှေ့ယမ်းပြတယ်။ " ဟောဒီမှာ မြင်လား၊ သက်သေခံ ပစ္စည်း၊ ဟောဒီ အရောင်းစာချုပ်ပေါ်မှာ ဒင်နီ လက်မှတ်ထိုးထားတယ်"
ပက်ဘလို က ဒေါသတကြီးဖြင့် တော်ရဲလီးအနီးသို့ တိုးကပ်သွားသည်။ " မင်းသူ့ကို အရက်မူးအောင်တိုက်ပြီး လက်မှတ် ထိုးခိုင်း တာပဲ ဖြစ်ရမယ်၊ ဒင်နီအနေနဲ့ မူးနေတော့ သူ ဘာလုပ်လို့ လုပ်မိမှန်း သိမှာမဟုတ်ဘူး"

တော်ရဲလီး က စာရွက်ကို အနည်းငယ် ဖြန့်ပြလိုက်ပြီး" တရားဥပဒေက အဲဒီ စကားမျိုးကို စိတ်မ၀င်စားပါဘူး ကွာ" ဟုပြောသည်။ " ဒါကြောင့်မို့ ပြောရတာတော့ အားနာပါတယ်၊ မင်းတို့အားလုံး ငါ့အိမ်ပေါ်က အခု ချက်ချင်း ဆင်းသွားကြဖို့ ပြောပါရစေ၊ ဒီအိမ်ကို ဘယ်လို အသုံးချရမယ်ဆိုတာ ငါ စီစဉ်ပြီးနေပြီ" တော်ရဲလီး ၏ မျက်နှာမှာ အပြုံးသည် ပျောက်ကွယ်သွားပြီး ထိုအပြုံးနေရာတွင် ရက်စက်သော အရိပ်လက္ခဏာများ ၀င်လာသည်။ " မင်း တို့ ဒီအိမ်ထဲက မထွက်ရင် ငါ ပုလိပ်ခေါ်ပြီး နှင်ရလိမ့်မယ်"

ပီလွန် က တော်ရဲလီး၏ အနီးသို့ အသာအယာ ကပ်သွားသည်။ အို တော်ရဲလီး၊ ပီလွန် ပြုံးပြီး သင့်အနီးသို့ ကပ်လာပါမူ သတိသာထားပေရော့၊ ပြေးနိုင်လျှင် လွတ်အောင်ပြေးပြီး သံတံခါးများ အလုံပိတ်ထားသည့် အခန်း တွင်း ၌ ပုန်းနေပေတော့။

" ငါကတော့ ဒါတွေကို ဘာမှ နားမလည်ဘူး" ဟု ပီလွန်က လေအေးကလေးဖြင့် ပြောသည်။ " အမှန်အ တိုင်း ၀န်ခံရရင်တော့ ဒင်နီ လိုလူက အခုလို လုပ်တဲ့အတွက်တော့ ငါ စိတ်ထိခိုက်မိတယ်"
တော်ရဲလီး က မလိုတမာအသံဖြင့် ရယ်ပြန်သည်။

" ငါ့မှာ ရောင်းဖို့ အိမ် ဆိုလို့ တစ်လုံးတလေ တောင်မှ မပိုင်ခဲ့ဘူး" ဟု ပီလွန်က ဆက်ပြောသည်။ " အခု ဒင်နီ က အဲဒီစာရွက်ပေါ်မှာ လက်မှတ်ထိုးတယ်ပေါ့ ဟုတ်လား "
" မှန်ပါတယ်ခင်ဗျာ " ဟု တောရဲလီးက တမင်လုပ်ယူထားသော အသံဖြင့် လှောင်သလို ပြောင်သလိုလုပ်၍ ပြောသည်။ " ဒင်နီက ဟောဒီစာရွက်ပေါ်မှာ လက်မှတ်ထိုးသွားပါတယ်၊ ယုံပါပြီလားခင်ဗျာ "
" ဒါဆိုရင် မင်း ဒီအိမ်ကို ပိုင်တယ်လို့ သက်သေပြနိုင်တဲ့ ပစ္စည်းဟာ အဲဒီစာရွက်ပေါ့ ဟုတ်လား" ဟု ပီလွန်က မေးသည်။

" သိပ် ဟုတ်တာပေါ့ သောက်ရူးရဲ့၊ ဟောဒီစာရွက်ဟာ အခိုင်အမာဆုံး သက်သေခံပေါ့ "
ပီလွန်က အံ့အားသင့်သွားဟန်ဖြင့် မော့ကြည့်သည်။ " ငါက ဒီစာရွက်ကို မင်း ယူသွားပြီး တရားဝင်ဖြစ်သွား အောင် အကြောင်းကြားပြီးပြီ လို့ ထင်တာ "
တော်ရဲလီးက တမင်တကာ ဟားတိုက်၍ ရယ်သည်။ အို တော်ရဲလီး၊ သင် သတိရှိပေတော့၊ မြွေတွေ လှုပ်ရှား နေပုံကို သင် မမြင်ဘူးလား၊ အိမ်ရှေ့ တံခါးဝတွင် ဂျီးဆပ်စ်မေရီယာ ရပ်နေပြီ၊ ပက်ဘလိုကတော့ မီးဖိုချောင် တံခါးအ၀မှာ၊ ဟိုအကောင် ကောင်ကြီးဂျိုးကတော့ ပေါက်တူးကြီး ကိုင်လို့၊ သင်တွေ့ရဲ့လား။

အလုပ်သဘော ကို မင်းတို့လို လူလေလူလွင့် တေလေကြမ်းပိုးတွေ နားလည်မလားကွ၊ ငါအခု ဒီအိမ်ကပြန်မှ ဒီစာရွက် ကို ယူပြီး ရုံးကို တရားဝင်"
လုပ်လိုက်ပုံမှာ မြန်ဆန်လွန်းသဖြင့် တော်ရဲလီးသည် စကားကို ဆုံးအောင်မပြောနိုင်၊ ခြေနှစ်ချောင်းစလုံး ကြမ်းပြင် နှင့် လွတ်သွားပြီး လူတစ်ကိုယ်လုံးအပေါ်သို့ မြောက်တက်သွားကာ ကြမ်းပေါ်သို့ ဗိုင်းခနဲ ပြန်ကျလာသည်။ သူသည် ကြမ်းပြင်ကို လက်နျစ်ဖက်ဖြင့် တအားကုတ်ခြစ်ကာ ပြန်ထနိုင်ရန် ကြိုးစား နေသည်။ သူ့နားထဲသို့ မီးဖို အဖုံးဖွင့်သံ ၀င်ရောက်လာလေသည်။

" သူခိုးတွေ" ဟု တော်ရဲလီးက သံကုန်ဟစ်၍ အော်သည်။ သွေးရောင်သည် လည်ပင်းမှတစ်ဆင့် မျက်နှာ ပေါ် သို့ ကူးသွားသည်။ " သူခိုးတွေ၊ ကြွက်နာတွေ၊ ခွေးတွေ ငါ့စာရွက်ပြန်ပေး"
သူ့ရှေတည့်တည့်၌ ရပ်နေသော ပီလွန်က အလွန်အံ့အားသင့်နေသည့် မျက်နှာထားဖြင့် ငုံ့ကြည့်သည်။
" စာရွက်ဟုတ်လား" ဟု ယဉ်ကျေးချိုသာစွာဖြင့် မေးသည်။ " ဒီလောက်ကြီး အငမ်းမရ တောင်းနေတာဟာ ဘာ စာရွက်ပါလိမ့်"
" အရောင်းစာချုပ် ကွ၊ ဒီအိမ်ကို ငါပိုင်ကြောင်း သက်သေခံမယ့် စာရွက်။ ငါ ပုလိပ်တိုင်မယ်ဟေ့ သိလား "

" စာရွက်တဲ့၊ ဘာစာရွက်ပါလိမ့်၊ ငါဖြင့် မသိပေါင်ကွာ" ဟု ပီလွန်က ပြောသည်။ " ဟေ့ ပက်ဘလို၊ ဒီကောင် ပြောနေတာ ဘာစာရွက်လဲကွ၊ မင်းသိသလား "
" ဟေ့ ဂျွန်နီပွမ်ပွမ် မင်းကောသိသလား" ဟု ပီလွန်က မေးပြန်သည်။ " သူ အိပ်မက်မက်ပြီး ပြောနေတာ ဖြစ်မယ်" ဟု ဂျွန်နီပွမ်ပွမ်က ဖြေသည်။
" ဟေ့ ဂျီးဆပ်စ်မေရီယာ၊ မင်းကော၊ သူ ပြောနေတဲ့ စာရွက်ကို သိသလား "
" ဟာကွာ၊ ဒီအကောင်ကြီး မူးနေတယ်လို့ ငါတော့ ထင်တာပဲ" ဟု ဂျီးဆပ်စ် မေရီယာက အဖြေပေးကာ " မနက် စောစောစီးစီး မူးတာကတော့ မကောင်းပါဘူးကွာ၊ စောလွန်းလှပါတယ်" ဟု မှတ်ချက်ချလိုက်သည်။

" ဟေ့ ကောင်ကြီးဂျိုး၊ မင်းကကော"
" ငါ အခုမှ ၀င်လာတာကွ၊ သူပြောတာ ငါ ဘာမျမသိဘူး"
" ပင်လယ်ဓားပြကော"
" သူ့မှာ ဘာစာရွက်မှ ပါမလာပါဘူးဗျာ" ဟု ပြန်ဖြေလိုက်ပြီး သူ့ခွေးများဘက်သို့ လှည့်၍ " မင်းတို့ကော သိကြသလား" ဟု မေးသည်။

ပီလွန်သည် အသနားခံသည့် မျက်နှာထားဖြင့် ကြည့်နေသော တော်ရဲလီးဘက်သို့ လှည့်ကြည့်လိုက်သည်။ " မိတ်ဆွေကြီး အမှတ်မှားနေပြီထင်တယ်၊ ကျုပ် လွဲချင်လည်း လွဲမှာပေါ့၊ အဲဒီတော့ ကိုယ့်မျက်စိနဲ့ ကိုယ်ပဲ ကြည့် ပြီး ရှာပါတော့၊ အခန်းထဲမျာတော့ မြင်တဲ့အတိုင်းပဲ၊ ဒီလူတွေကလွဲပြီး ဘာစာရွက်မှ မရှိပါဘူးလို့ ပြောလိုက်ရင် ခင်ဗျားက ကျုပ်ကို အပြစ်တင်မှာလား၊ ခင်ဗျား အိမ်ပြန်ပြီး အနားယူလိုက်ရင် ကောင်းမယ် ထင်ပါတယ်ဗျာ"

    တော်ရဲလီးသည် ထက်မံ၍ နောက်တွန့်လျက်ရှိသည်။ သူတို့သည် တော်ရဲလီးကို ဆွဲယူကာ အိမ်ပြင်သို့ ထုတ်သွားပြီး လမ်းမပေါ်အရောက်ပို့ပေးသည်။ အရှုံးနှင့် ရင်ဆိုင်နေရပြီဖြစ်သော တော်ရဲလီးသည် ထိတ်လန့် ကြောက်ရွံ့စွာဖြင့် ပြန်သွားသည်။
သူတို့သည် ကောင်းကင်ဆီသို့ မော့ကြည့်ပြီး ၀မ်းသာအားရ ဖြစ်သွားကြသည်။ နေသည် မြူနှင်းများကြားမှ အတင်း တိုးထွက်ရန် ရုန်းကန်လှုပ်ရှားနေပြန်ပြီ။ ယခုတစ်ကြိမ်တွင်မူ မြူနှင်းများကို တစ်နေရာမှ ဖောက်၍ ထွက် လာနိုင်သည်ကို တွေ့ရ၏။ သူတို့သည် အိမ်ထဲသို့ ပြန်မ၀င်ကြတော့ဘဲ အိမ်ရှေ့ဆင်ဝင်၌ ထိုင်ကြသည်။

" နှစ်ဆယ့်ငါး ဒေါ်လာကြီးများတောင် ဒီကောင် ဘာတွေသုံးပစ်ပါလိမ့်" ဟု ပီလွန်က ပြောသည်။
နေသည် မြူနှင်းများကို အောင်မြင်စွာ မောင်းထုတ်နိုင်ခဲ့လေပြီ။ ဆင်ဝင်အောက်တွင် ပူနွေးလာပြီဖြစ်၍ ယင် ကောင် များသည် တ၀ီဝီ ပျံသန်းလျက်ရှိသည်။
" ဒင်နီဆိုတဲ့ကောင် ဒီလိုအလုပ်မျိုး မလုပ်သင့်ပါဘူးကွာ" ဟု ပက်ဘလိုက ပြောသည်။

ငှက်တစ်ကောင်သည် နှင်းဆီချုံထဲသို့ ခုန်ဆွ ခုန်ဆွလုပ်ကာ ၀င်သွားသည်။ မစ္စက်မော်ရေး၏ ကြက်ဖများ သည် နေရောင်ခြည်ကို ဆီးကြိုနှုတ်ဆက်လိုက်သည့်နှယ် တစ်ကောင်ပြီး တစ်ကောင် တွန်လျက်ရှိကြသည်။ ခြံဝင်းထဲ ရောက်နေကြပြီဖြစ်သော ပင်လယ်ဓားပြ၏ ခွေးများသည် တစ်ကိုယ်လုံးကို ကုတ်လိုက်ဖဲ့လိုက် အမြီးများကို တဇတ်ဇတ်ကိုက်လိုက်။
လမ်းမပေါ်မှ လျှောက်လာနေသည့် ခြေသံများ၊ အားလုံးမျှော်ကြည့်လိုက်ကြသည်။ ၀မ်းသာအားရ ထလိုက်ပြီး အလွန် ရွှင်လန်းတက်ကြွသော အပြုံးများဖြင့် ဆီးကြိုနှုတ်ဆက်လိုက်ကြသည်။ ဒင်နီနှင့် တီတိုးရပ်ဖ် တို့ သည် ၀င်းတံခါးမှ ၀င်လာကြသည်။ သူတို့သည် အလွန်လေးလံပုံရသော အိတ်နှစ်လုံးကို တစ်ယောက်တစ်လုံး ဆွဲလာ ကြသည်။ ဒင်နီသည် သူ့လက်ထဲမှ အိတ်ကို ဆင်ဝင်တွင် ချထားလိုက်၏။ သူ့မျက်နှာကတော့ ပင်ပန်းနွမ်းနယ် ခြင်းကို ဖော်ပြနေသည်။

" တောင်ကုန်းပေါ်တက်ရတာ အတော်ပူသားကွ" ဟု ဒင်နီက ပြောသည်။
" ဟေ့ တီတိုးရပ်ဖ်၊ မင်း အချုပ်ခံရတယ်ဆို" ဟု ဂျွန်နီပွမ်ပွမ်က မေးသည်။
" ငါ ထွက်ပြေး လာတာ၊ ငါ့လက်ထဲမှာ အခုထက်ထိ အချုပ်ခန်းသော့တွေ ရှိနေသေးတယ်"
ပီလါန်တို့ လူစုသည် တစ်ပြိုင်တည်းလိုလို သက်ပြင်းချလိုက်ကြသည်။ ပွီလွန် က ၀ိုင်ကို အားရပါး ရမော့သည်။ " ဒီမျာဟေ့ ဒင်နီ၊ ဟိုဝက်ကောင်တော်ရဲလီးကနေ့မနက် ဒီကို ရောက်လာတယ်၊ သူ့ဆီမှာ မင်း လက်မှတ် ထိုးထား တဲ့စာရွက်စာတမ်းရှိတယ်လို့ ပြောတယ်"

" အဲဒီစာရွက် ဘယ်မှာလဲ" ဟု ဒင်နီက အလန့်တကြားမေးသည်။
" ငါတို့က သူ လိမ်ပြောတယ်ဆိုတာ သိလို့ စာရွက်ကို ယူပြီး မီးရှို့ပစ်လိုက်တယ်၊ မင်း အဲဒီ စာရွက်ပေါ်မှာ လက်မှတ်မထိုးခဲ့ဘူး မဟုတ်လား" ဟု ပီလွန်က မေးသည်။
" မထိုးပါဘူးကွာ" ဟု ဒင်နီက ပြောပြီး ၀ိုင်ကို မော့သည်။
" စားစရာလေးများ ရှိရင် ကောင်းမှာပဲကွာ" ဟု ဂျီးဆပ်စ်မေရီယာက ညည်းသည်။

ဒင်နီက ပြုံးသည်။ " ငါ မေ့နေတယ်၊ ဟိုအိတ်ထဲမှာ ကြက်သုံးကောင်နဲ့ ပေါင်မုန့်တွေပါတယ်"
အလွန် စိတ်အေးချမ်းသာသွားပြီဖြစ်သော ပီလွန်သည် ထိုင်နေရာမှ ထရပ်လိုက်ပြီး ဒင်နီ ပြန်ရောက် လာသည့် အထိမ်းအမှတ်အဖြစ်ဖြင့် စကားပြောသည်။ " ငါတို့ သူငယ်ချင်း ဒင်နီနဲ့တူတဲ့ သူငယ်ချင်းမျိုးကို ဘယ်မှာသွားပြီး ရှာလို့ရမလဲ၊ သူဟာ ငါတို့ကို သူ့အိမ်ထဲမှာ နေခွင့်ပေးခဲ့တယ်၊ သူ ရတဲ့အစားအစာကို ခွဲဝေမျှတပြီး ကျွေးတယ်၊ သူ ရလာတဲ့ဝိုင်ကို ခွဲဝေမျှတပြီး တိုက်တယ်၊ ငါတို့ရဲ့ အချစ်ဆုံးသူငယ်ချင်းဟာ ကောင်းရှာပါတယ်ကွာ"

ဒင်နီသည် စိတ်အနှောင့်အယှက် ဖြစ်သွားဟန်ဖြင့် ခေါင်းကို ငိုက်စိုက်ချကာ ကြမ်းပြင်ကို ငေးစိုက်ကြည့်နေ သည်။ နှုတ်မှလည်း " ဒါဟာ ဘာမှ မဖြစ်လောက်ပါဘူးကွာ၊ ချီးမွမ်းခံထိုက်တဲ့ ကိစ္စမျိုးမဟုတ်ပါဘူး" ဟု ခပ်တိုးတိုးရေရွတ်သည်။
အတိုင်းအဆ မသိနိုင်လောက်အောင် ပျော်ရွှင်နေသော ပီလွန်သည် စိတ်ကောင်း စေတနာကောင်း ၀င်လျက်ရှိ သည်ဖြစ်ရာ " ငါတို့တစ်တွေ တော်ရဲလီးအတွက် ကောင်းတာလေး တစ်ခုခုတော့ လုပ်ပေးဦးမှ ဖြစ်မယ်" ဟု ပြော လိုက်လေသည်။
-------------------------------
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, January 13, 2011

တို့ဘဝ တို့ ကမ္ဘာ အပိုင်း (၃၁)

အိမ်ထဲမှ တော်ရဲလီး သည် အသံပြန်မပေးဘဲ ငြိမ်ကုပ်၍ နေသည်။ အပြင်မှ ကြိမ်းဝါးသံများကြောင့် သူသည် ကြောက်လန့်တကြား ဖြစ်နေသည်။ အပြင်မှ ခြေသံများ ဝေးသွားမှပင် သူသည် စိတ်အေး နားအေး ဖြစ်သွား သည်။

ထိုညက ပီလွန်တို့လူစု အိပ်ရာဝင်ကြောအခါ ခပ်ဖော့ဖော့ နင်းသွားနေသည့် လူတစ်ယောက်၏ ခြေသံကို ကြား နေရသည်။ ဒင်နိမှန်း ချက်ချင်းသိကြ၏။ သို့သော်လည်း သူတို့ လက်မှ လွတ်သွားသည်။ သူတို့သည် အမှောင် ထဲတွင် စမ်းတ၀ါးဝါး လေဆာက်ကာ အသံပေးကြသည်။ " ဟေ့ ... ဒင်နီ၊ လာပါကွ၊ ငါတို့ဆီ ပြန်လာပါတော့ သူငယ်ချင်းရာ၊ မင်းမရှိရင် ငါတို့ မနေတတ်လို့ပါကွာ" ဟု လှမ်းပြောကြသည်။

အဖြေပေးသံ လုံးဝမကြားရ။ သို့သော်လည်း ကျောက်ခဲကြီးတစ်လုံးသည် ကောင်ကြီးဂျိုး၏ ဗိုက်ကို ၀င်မှန်သည်။ ကောင်ကြီျးိုးသည် ကြမ်းပေါ်တွင် နှစ်ပတ်မျှ လိမ့်သွားသည်။ အားလုံး စိတ်ညစ် စိတ်ရှုပ်ကုန်ကြ သည်။

" ဒင်နီတော့ သေမင်းဆီ ပြေးသွားနေတာပဲ" ဟု အချင်းချင်း ပြောကြသည်။ " ငါတို့ သူငယ်ချင်းမှာ အကူအညီ လိုနေတာ အမှန်ပဲ၊ ခက်တာက ငါတို့ မကူညီနိုင်ဘဲ ဖြစ်နေပြီ"
ယခုအခါ တွင် အိမ်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့မှာ ခက်ခဲသည်ထက် ခက်ခဲလာသည်။ အဘယ်ကြောင့်  ဆိုသော် ဒင်နီသည် သူတို့ အလစ်တွင် ၀င်ပြီး အိမ်ထဲမှ ရှိသမျှ ပစ္စည်းကို ခိုးသွားနေသောကြောင့်ပေတည်း။

သူတို့အိမ်မှ ကုလားထိုင်တစ်လုံးကို အရက်ပုန်းရောင်းသူ တစ်ဦး၏ လက်ထဲတွင် တွေ့သည်။ အစားအစာ များကို အစအနပင် မကျန်အောင် ခိုးသည်။ တစ်ကြိမ်တွင် သူတို့အားလုံး တောထဲသို့ဝင်၍ ဒင်နီကို ရှာနေခိုက် လေမီးဖိုကို ဒင်နီက ၀င်ခိုးသွားသည်။ သို့သော်လည်း လေမီးဖိုမှာ အဆမတန်လေးလံလှသဖြင့် လမ်းဘေးမြောင်း တစ်ခုထဲ၌ ပစ်ချထားခဲ့သည်။ အိမ်တွင် ငွေကြေးဆို၍လည်း တစ်ပြားတစ်ချပ်မျှ မရှိတော့ချေ။ ဒင်နီသည် ပင်လယ်ဓားပြ၏ လက်တွန်းလှည်းကိုပင် မချန်တော့ဘဲ ခိုးယူသွားပြီး ဂျိုးအော်တစ်ဇ်ထံမှ ၀ီစကီတစ် ပုလင်းနှင့် လဲယူသွားသည်။ ဒင်နီ၏ စိတ်ထဲ၌ ငြိမ်းချမ်းသာယာမှုသည်။ ချုပ်ငြိမ်းသွားခဲ့လေပြီ။ တစ်အိမ်လုံးတွင် သောကနှင့် ၀မ်းနည်းကြေကွဲမှုသာ ဖုံးလွှမ်းလျက်ရှိ၏။

" ငါတို့ရဲ့ သာယာပျော်ရွှင်မှုဟာ ဘယ်ဆီရောက်သွားပါလိမ့်" ဟု ပက်ဘလိုက ညည်းသည်။" တစ်နေရာရာမှာ ငါတို့ဘုန်းကြီးဆီသွားပြီး ကိုယ့်အမှားကိုယ် ၀န်ခံကြဖို့ သင့်တယ်"
သူတို့သည် ကော်နယ်လီယာရုဇ်၏ မကောင်းသတင်းများကို မပြောကြတော့ပေ။ ကိုယ်ကျင့်တရားများသည် ဝေးရာသို့ ရောက်ကုန်ပြီ။ လူအချင်းချင်း ကိုယ်ချင်းစာနာမှုများလည်း ဆုံးပါးခဲ့ရပြီ။ ကောင်းသော ဘ၀ဆိုသည် မှာ အဖျက်အဆီးများကြားတွင် ရောက်နေပြီ။ ပီလွန်တို့ လူစုသည် စိတ်အားပျက်ခြင်းနှင့် ရင်ဆိုင်လျက် ရှိကြရလေ၏။ ယင်းကဲ့သို့ ဖြစ်စေခိုက်မှာပင် ကောလာဟလ သတင်းများသည် အဆက် မပြတ် ရောက်လာလျက်ရှိသည်။

" ဒင်နီဆိုတဲ့ကောင် မနေ့ညက မုဒိမ်းမှုကျူးလွန်လို့တဲ့"
" ဒင်နီဆိုတဲ့ ကောင် မစ္စက်ပါလိုချီကိုရဲ့ ဆိတ်မကို နို့ဝင်ညှစ်သွားသတဲံ"
" တမြန်မနေ့ညက ဒင်နီ စစ်သားတေါနဲ့ ရန်ဖြစ်လို့တဲ့ "
ပီလါန်တို့ လူစုသည် ဒင်နိ၏ ကိုယ်ကျင့်တရား ပျက်ပြားမှုများအတွက် များစွာ ၀မ်းနည်းကြသည်။ ဒင်နီ၏ ကောင်း ခဲ့ သည့် အချိန်ကာလများကို သတိမရဘဲ မနေနိုင်။

" တကယ်လို့သာ ဒီကောင်မရူးဘူးဆိုရင်တော့ အခု ကျူးလွန်နေတဲ့  အမှုတွေအတွက် အပြစ်ပေး ခံရတော့မှာပဲ" ဟု ပီလွန်က ပြောသည်။ " ဒါကတော့ သေချာတယ်တဲ့၊ ဒင်နီဟာ မကောင်းမှုကို မကောင်းမှု နဲ့ တုံ့ပြန်နေတာပဲ။ သူကျူးလွန်နေတာတွေဟာ တဖြည်းဖြည်းနဲ့ များများလာပြီ။ နောက် မကြာခင်မှာ အဘိုးကြီး ရိုဇ်ငယ်ငယ်တုန်းက ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေထက် များလာတော့မယ်"
ထိုညတွင် ဒင်နီသည် အိမ်ထဲသို့ ၀င်ပြန်သည်။ သူ့ကို ခင်နေသော ခွေးများက မဟောင်သဖြင့် သူဝင်လာသည် ကို မည်သူမျှ မသိလိုက်။ သူသည် ပီလွန်၏ ဖိနပ်များကို ခိုးသွားသည်။ နံနက်လင်း သော အခါ မိမိ၏ ဖိနပ်များ အခိုးခံရသည်ကို ပီလွန်ချက်ချင်းသိသည်။

သူသည် ဆင်ဝင်သို့ ထွက်ထိုင်ကာ ဖိနပ် မပါတော့ သည့် သူခြေထောက်များကို နေရောင်အောက်တွင် ထောင်၍ ကြည့်နေသည်။
" ဒင်နီလုပ်ပုံတွေဟာ တော်တော်ကို လွန်လာပြီ" ဟု ပီလွန်က ပြောသည်။ " သူအပျော်လုပ်နေတာပဲဆိုပြီး ငါတို့က စိတ်ရှည်ရှည်နဲ့ သည်းခံလာခဲ့ကြသည်။ ဒါပေမယ့် အခုကျတော့ သူလုပ်နေတာဟာ အပျော်မဟုတ် တော့ဘူး၊ ရာဇ၀တ်မှုတွေ ဖြစ်လာညပီ၊ အခုလုပ်နေတဲ့လူဟာ ငါတို့နဲ့ သိကျွမ်းခင်မင်နေတဲ့ ဒင်နီ မဟုတ်တော့ဘူး၊ အခုဟာ တို့မသိတဲ့ တခြား လူတစ်ယောက် ဖြစ်နေပြီ၊ ဒီလူဆိုးကို ငါတို့ မိအောင်ဖမ်းမှ ဖြစ်တော့မယ်"

ပက်ဘလိုက သူ၏ဖိနပ်ကို ငုံ့ကြည့်ပြီး " အခုဟာလဲ အပျော်လုပ်တာ တစ်ခုပဲ ဖြစ်မှာပဲ " ဟု ပြောသည်။
" အဖြစ်နိုင်ဘူး" ဟု ပီလွန်က ပြန်ပြောသည်။ " အခုလုပ်တာ ရာဇ၀တ်မှုပဲတဲ့၊ ဒီဖိနပ်တွေဟာ သိပ်မကောင်း တော့ပါဘူး၊ ဒါပေမယ့် ဒီဖိနပ်စုတ် တွေ ခိုးတာဟာ သူငယ်ချင်းချင်း မိတ်ပျက်အောင် လုပ်တာပဲ၊ အဆိုးဆုံး ရာဇ၀တ်မှု တစ်ခုပဲကွာ၊ သူငယ်ချင်းတွေရဲ့ ဖိနပ်ကိုတောင် ခိုးတယ်ဆိုကတည်းက ဒီအကောင် ရာဇ၀တ်မှု တွေကို ဆက်တိုက်ကျူးလွန်တော့မှာ သေချာတယ်"

ကျန်လူစုက ပီလွန်၏ စကားကို ခေါင်းညိတ်၍ ထောက်ခံကြသည်။ " အေး ဟုတ်တယ်၊ သူ့ကို မိအောင်ဖမ်းမှ ဖြစ်မယ်" ဟု ဂျီးဆပ်စ်မေရီယာက ပြောသည်။ " သူ နေမကောင်းဘူးဆိုတာ ငါတို့သိနေကြတာပဲ၊ သူ့ကို မိလာရင် သူ့အိပ်ရာပေါ် မှာ ကြိုးနဲ့ တုပ်ပြီး တင်ထားမယ်၊ ပြီးတော့ ဆေးကုကြတာပေါ့၊ သူ့ဦးနှောက်ထဲမှာ ဖုံးနေ တဲ့ အမှောင်ထုကို ငါတို့က ဖယ်ရှားပေးမှဖြစ်မှာ"
" တစ်ခုတော့ သတိထားဖို့လိုလိမ့်မယ်၊ သူ့ကို မိလာတဲ့အခါမှာ ငါတို့ အိပ်ရာဝင်တိုင်း ငါတို့ရဲ့ ဖိနပ်တွေကို ငါတို့ ရဲ့ ခေါင်းအုံးတွေအောက်မှာ ၀ှက်ထားဖို့တော့ အမြဲသတိရကြမှ ဖြစ်မှာ " ဟု ပက်ဘလို က စိုးရိမ်သော လေသံဖြင့် ပြောသည်။

အသို့ဖြင့် သူတု့နေသောအိမ်သည် ခံတပ်တစ်ခုနှင့် တူလာသည်။ ဒင်နီ အိမ်ထဲသို့ ၀င်၍ မခိုးနိုင်အောင် တင်းကျပ်စွာ စောင့်ရှောက်ကြသည်။ အိမ်ကို လုံခြုံအောင် လုပ်ထားသဖြင့် အ၀င်ရခက်လာသောအခါ ဒင်နီ သည် ဒေါသူပုန် ထသည်။ သို့သော်လည်း သူ့အဖို့ ယခင်ကထက် လွတ်လပ်နေသဖြင့် ပျော်စရာ အကောင်းဆုံး သောအချိန်များနှင့် ကြုံတွေ့နေရသည်ကား အမှန်ပင် ဖြစ်လေသည်။
*
တော်ရဲလီး၏ မျက်နှာသည် မယုံသင်္ကာဖြစ်ခြင်းနှင့် ဒေါသဖြစ်ခြင်းဟူသော စိတ်ခံစားမှု နှစ်ခုမှလွဲ၍ အခြား စိတ်ခံစားမှု ကို ဖော်ပြခြင်းမပြုသောမျက်နှာဖြစ်သည်။ အရက်ပုန်းရောင်းသူ တစ်ဦးအနေဖြင့် တော်တီလာ ဖလက် ရပ်ကွက် မှ လူများနှင့် ဆက်ဆံသည့်အခါတိုင်း တော်ရဲလီး၏ မျက်နှာတွင် သံသယနှင့် ဒေါသ ရောယှက် နေသော မျက်နှာဖုံးကိုသာ စွပ်ထားလေ့ရှိ၏။ ဤကား တောရဲလီး၏ အကျင့်စရိုက် တစ်ခုဖြစ် သည်။ ထို့ပြင်လည်း တောရဲလီးသည် မည်သူ့အိမ်ကိုမှ အလည်သွားခြင်းမပြု။

လူတိုင်းက သူ့ထံအလာကိုသာ အိမ်မှ ထိုင်၍ စောင့်သူတစ်ဦးဖြစ်သည်။ သို့သော်လည်း ထိုနေ့ နံနက်က တော်ရဲလီး သည် ဒင်နိ၏ အိမ်ဘက်သို့ ရှေးရှူ၍ လျှောက်လာနေရုံမျှမက သူ့မျက်နှာကလည်း သွေးအေးအေး ဖြင့် ရက်စက်မည့် အပြုံးကို ဖော်ပြလျက် ရှိသဖြင့် ထူးခြားလျက်ရှိ၏။ သူ့ကို မြင်လိုက်သော ကလေး များသည် သူတို့ အိမ်ခြံဝင်းများအတွင်းသို့ ဒရောသောပါးပြေးဝင်ကာ ၀င်းထရံတိုင်များကြားမှ ချောင်းကြည့် နေကြသည်။ ခွေးများကတော့ အမြီးများကို ကုပ်၍ ကြောက်လန့်တကြားကြည့်ကာ နောက်သို့ ဆုတ်သွား ကြသည်။ သူနှင့် ဆုံမိကြသော ယောက်ျားများ သည် လမ်းဘေးသို့ ဆင်းကာ လက်သီး တဆုပ်ဆုပ် အံတကြိတ်ကြိတ်ဖြင့် အရူးတစ်ယောက်ကို မောင်းထုတ် မည့်အမူအရာမျိုးဖော်ပြကြသည်။

ယနေ့ နံနက်တွင် ကောင်းကင်၌ မြူနှင်းများဆိုင်းလျက်ရှိသည်။ နေသည် မြူနှင်းများကို ထိုးဖောက်၍ ထွက်ပြူ လာနိုင်ရန် အကြိမ်များစွာ အားထုတ်သည်။ နောက်ဆုံး မရတော့ည့်အခါ ညိုမှိုင်းမှိုင်း တိမ်လွှာများ အောက်သို့ ၀င်ရောက်တွယ်ကပ်နေသည်။ ထင်းရှူးပင်များတွင် တွဲလွဲခိုနေကြသော နှင်းပေါက်များသည် မြေပြင် သို့ ခုန်ဆင်း နေကြသည်။ လမ်းပေါ်၌ သွားလာနေကြသော လူတချို့၏ မျက်နျာများမှာလည်း ကြည်သာခြင်းမရှိ။ မှုန်မှိုင်းအုံ့ဆိုင်းနေသော ကောင်းကင်ပြင်ကဲ့သို့ပင် ညိုမှိုင်းလျက် ရှိကြသည်။ တရင်းတနှီး နှုတ်ဆက် သံ များကိုပင် မကြားရ။

တပြုံးပြုံးဖြင့် လျှောက်သါားနေသော တော်ရဲလီးကို မြင်လိုက်သည့် အဘိုးအို ရိုကာသည် အိမ်သို့ ပြန်ပြေးပြီး သူ့ မိန်းမ ကို ပြောသည်။ " အဲဒီကောင်တော့ သူ့ကလေးတွေကို သတ်စားလာပြီထင်တယ်ကွ "
တော်ရဲလီး သည် ရွှင်လန်းမြူးထူးလျက်ရှိ၏။ အဘယ်ကြောင့် ဟူမူ သူ၏ ကုတ်အင်္ကျီအိတ်ကပ်ထဲ၌ အဖိုးထိုက် တန်သော စာရွက်တစ်ရွက် ပါလာခြင်းကြောင့်ပေတည်း။ သူသည် အိတ်ကပ်ထဲ လက်နှိုက်ကာ စာရွက် ကို မကြာ ခဏ စမ်းကြည့်သည်။ အုံ့ပျပျ ညိုမှိုင်းမှိုင်းဖြစ်နေသော နံနက်ခင်း အလင်းရောင်အောက်၌ လျှောက်သွား နေရင်းမှပင် သူသည် တစ်ယောက်တည်း စကားပြောလာလျက် ရှိလေသည်။
" ဒီကောင် တွေ ဟာ မြွေဆိုးတစ်သိုက်ပဲ၊ ဒင်နီ့ သူငယ်ချင်းဆိုတဲ့ ဒီလူ ယုတ်မာကောင်တွေကို ရှင်းပစ်မယ်၊ သူတို့ ပစ္စည်း တွေ ခိုးခိုးလာပြီး ၀ိုင်နဲ့လဲရင်လည်း လဲပေးစရာ မလိုတော့ဘူး။

ဒီကောင်တွေဟာ တစ်ဦးချင်းစီဆိုရင် သိပ်မဆိုးဘူး၊ အုပ်နဲ့ကျရင်တော့ မကောင်းဘူး၊ ငါ သူတို့ကို လမ်းပေါ် ရောက်အောင် မောင်းထုတ်နိုင်တော့မယ်၊ ဒီအကောင်တွေဟာ ဖားပြုတ်တွေ၊သန်းတွေ၊ ယင်ကောင်တွေနဲ့ ဘာထူး လို့လဲ၊ ဒီအကောင်တွေဟာ တောထဲဝင် ပြီး ခွေးတွေလို အိပ်ရတဲ့အခါကျရင် ဘ၀င်မြင့်နိုင်ဦး မှာတဲ့လား။
" တော်ရဲလီးဆိုတဲ့ကောင် အပေါ်စီးရပြီဆိုတာ ဒီအကောင်တွေ သိရစေမပေါ့ကွာ၊ သူတို့က ငါ့ကိုလိမ်ညာဖို့၊ ငါ့အိမ်ကပစ္စည်းတွေကို ယုယူဖို့၊ ခိုးယူဖို့ ငါ့မိန်းမကို ကြာခိုဖို့ လောက်ပဲ စဉ်းစားနေကြတာ၊ သူတို့ လုပ်သမျှ ခံနေရ တဲ့ တောရဲလီးကလည်း သူတို့ကို ပြန်ချနိုင်တယ်ဆိုတာ ပြရဦးတော့မှာပေါ့ "

တော်ရဲလီးသည် လမ်းတစ်လျှောက်လုံး စိတ်ရှိလက်ရှိ ရေရွတ်သည်။ သစ်ပင်များပေါ်မှ နှင်းသီး နှင်းပေါက် များ သည် မက်မွန်တောထဲသို့ တစ်ပေါက်ပေါက်ကျလျက်ရှိကြ၏။ စင်ရော်များသည် တကျည်ကျည် တကျာကျာ မြည်ကာ ကောင်းကင်တွင် ၀ဲပျံနေကြသည်။ တော်ရဲလီးသည် ကံကြမ္မာဆိုးတစ်ကောင်သဖွယ် ဒင်နီ ၏ အိမ်ဆီသို ရွေ့လျားသွားလျက်ရှိလေသည်။
ဒင်နီ၏ အိမ်တွင်လည်း သာယာမှုကင်းမဲ့လျက်ရှိသည်။ ပီလွန်တို့ လူစုသည် နေရောင်မရှိသဖြင့် ဆင်ဝင်သို့ ထွက် ၍ မထိုင်နိုင်ကြချေ။

အားလုံးပင် စိတ်ဓာတ်ကျကာ ညိုးငယ်နေကြ၏။ ဘာကြောင့် ထိုကဲ့သို့ ဖြစ်ရပါ သနည်း။ တစ်ယောက်မှ အကြောင်းမည်မည်ရရ မပြနိုင်ကြပေ။ သူတို့သည် ဒင်နီ ခိုးသွားသော မီးဖိုကို မြောင်းထဲမျ ဆွဲတင်ကာ ပြန်၍ သယ်လာခဲ့ကြပြီး သူ့နေရာတွင် ပြန်ထားကြသည်။ ယနေ့လည်း သူတို့အားလုံး မီးဖိုအနီးတွင် စုထိုင်ကာ သူတို့ထံ အလည်ရောက်လာသော ဂျွန်နီပွမ်ပွမ်ထံမှ သတင်းမျိုးစုံကို နားထောင်နေကြ သည်။

" ငါတို့မြို့တော် အချုပ်ခန်းက အချုပ်ခန်းစောင့် တီးတိုးရပ်ဖ်ကို သိတယ်မဟုတ်လား" ဟု ဂျွန်နီပွမ်ပွမ်က မေး သည်။ " သူ အခု အချုပ်ခန်းစောင့် မဟုတ်တော့ဘူး၊ ကနေ့မနက်ပဲ တရားသူကြီးက အလုပ်ဖြုတ်ပစ်လိုက်ပြီ"
" ဟုတ်လား တီတိုးရပ်ဖ်နဲ့ ငါ ခင်တယ်ကွ" ဟု ပီလွန်က ပြောသည်။ " လူတစ်ယောက် အချုပ်ထဲ ရောက်လာ ရင် တီတိုးရပ်ဖ် က ၀ိုင်ယူလာပြီး ပေးတယ်၊ သူက အချုပ်ထဲရောက်လာသမျှ လူတွေရဲ့ အကြောင်းကို ကောင်း ကောင်းသိတယ်၊ ဘာပြုလို့ အလုပ်ပြုတ်ရတာလဲ ဂျွန်နီပွမ်ပွမ်ရာ "

" ငါ အခုလာတာ အဲဒီအကြောင်း ပြောပြချင်လို့လာခဲ့တာပဲ၊ တီတိုးရပ်ဖ် ဟာ အချုပ်ထဲ ခဏခဏ ရောက်ခဲ့တဲ့ ကောင်ဆိုတာ မင်းလည်း သိသားမဟုတ်လား၊ သူက အချုပ်သားကောင်း တစ်ယောက် လို့တောင် ပြောလို့ ရနေပြီ၊ အချုပ်ခန်းတစ်ခန်းကို ဘယ်လို ကြီးကြပ် အုပ်ချုပ်ရမယ်ဆိုတာလည်း ကောင်းကောင်း နားလည် နေပြီ၊ တခြားလူတွေထက် ပိုပြီး သူက နားလည်နေတာ၊ အဲဒီတုန်းက အချုပ်ခန်း စောင့် အဖေကြီး မတ်ခ် သေပါလေရော။

အဲဒီမှာတင် တီတိုးရပ်ဖ်ကို သူ့နေရာမှာ ခန့်တာ၊ အမှန်တော့ကွာ တီတိုးရပ်ဖ်လောက်တော်တဲ့ အချုပ်ခန်း စောင့်ဟာ မရှိပါဘူး၊ လူမှန်နေရာမှန်ပဲကွ၊ ဒါပေမယ့် သူ့မှာ မပြောပလောက်တဲ့ ချွတ်ယွင်းချက် ကလေးတစ်ခုက ရှိနေတယ်။ သူ့ဗိုက်ထဲ ၀ိုင်ဝင်သွားရင် သူဟာ အချုပ်ခန်းစောင့် တစ်ယောက်ပါလားဆိုတဲ့ အချက် ကို မေ့သွားရော၊ အဲ သူပါ ထွက်ထွက် ပြေးတယ်၊ သူ့ကို ပုလိပ်တွေက ပြန် ပြန် ဖမ်းရတယ်"

အားလုံးက ခေါင်းညိတ်၍ ထောက်ခံကြသည်။ " အေး ဟုတ်တယ်၊ အဲဒါတော့ ငါလည်း သိတယ်" ဟု ပက်ဘလို ကပြောသည်။ " သူ ထွက်ပြေးရင်လည်း ပြနဖမ်းရတာ သိပ်ခက်တယ်ဆိုပဲ၊ သူက အပုန်းကောင်း တယ်တဲ့ "

" ဟုတ်တယ်" ဟု ဆိုကာ ဂျွန်နီပွမ်ပွမ်က သူ့စကားကို ဆက်သည်။ " အခုနက ငါပြောတဲ့ ချွတ်ယွင်းချက်က လွဲလို့ တခြားအပြစ်ကတော့ မရှိဘူးတဲ့၊ သူဟာ အကောင်းဆုံး အချုပ်ခန်းစောင့် တစ်ယောက်ပဲတဲ့၊ အဲ ငါပြော ချင်နေတဲ့ အဓိကအကြောင်းကို ရောက်လာပြီ၊ နားထောင်ကြ။ မနေ့ညက ဒင်နီက ၀ိုင်ဝယ်ပြီး လူဆယ်ယောက် ကို တိုက်တယ်၊ သူတော်တော် ချမ်းသာနေတယ်ကွ၊ သိလား၊ သူလည်း သောက်တာ ပေါ့ကွာ၊ နောက်တော့ သူက မူးမူးရူးရူးနဲ့ ပြတင်းပေါက်မှန်တွေပေါ်မှာ မဟုတ်တရုတ်ပုံတွေ ဆွဲတယ်၊ ပြီးတော့ သူက ကြက်ဥတွေဝယ် ပြီး တရုတ်တစ်ကောင်ကို ပေါက်တယ်၊ အဲဒါ ကြက်ဥတစ်လုံးက ဟိုတရုတ် ကို မမှန်ဘဲ ပုလိပ်တစ်ယောက်ကို သွားမှန်တယ်။ ဒါနဲ့ပြ ဒင်နီကို ဖမ်းပြီး အချုပ်ထဲ ပို့လိုက်ရော။

လ ဒါပေမယ့် ဒင်နီက အတော်ချမ်းသာနေတာ ဆိုတော့ တီတိုးရပ်ဖ်ကို ၀ိုင်ဝယ်ခိုင်းသတဲ့၊ တစ်ခါကုန်ရင်း တစ်ခါ ၀ယ်ခိုင်းရင်းပေါ့ကွာ၊ အချုပ်ခန်းထဲမှာ က အချုပ်သား လေးယောက်ရှိတယ်၊ လေးယာက်စလုံး အ၀အပြဲ သောက်ကြတာကွ၊ ဒီလိုနဲပဲ နောက်ဆုံးကျတော့ တီတိုးရပ်ဖ်ရဲ့ ချွတ်ယွင်းချက် ကလေး ပေါ်လာတယ်၊ အဲဒီည ကတီတိုးရပ်ဖ်က တခြား အချုပ်သားတွေနဲ့အတူ ထွက်ပြေးတယ်၊ ကနေ့မနက် သူ့ကို ပြန်မိတော့ သူတို့က မင်း ကိုအချုပ်ခန်းစောင့် အလုပ်က ဖြုတ်လိုက်ပြီလို့ ပြောကြတယ်။ အဲဒါ သူက စိတ် သိပ်ထိခိုက်ပြီး ပြတင်းပေါက် တစ်ချပ်ကို ဖျက်ပစ်တယ်၊ အဲဒီတော့ သူအဖမ်းခံရတာပေါ့၊ အခုတော့ သူ အချုပ်ခန်း ထဲ မှာ ရောက်နေပြန်ပြီ"

" ဒင်နီကကော ဘယ်လိုဖြစ်သွားလဲ" ဟု ပီလွန်က မေးသည်။
" အို ... ဒင်နီလား၊ သူလည်း လွတ်သွားတယ်လေ။ သူ့ကိုတော့ ဖမ်းလို့ မမိဘူး" ဟု ဂျွန်နီပွမ်ပွမ်က ဖြေသည်။
အားလုံးက သက်ပြင်းချကြသည်။

" ဒင်နီလည်း အတော့်ကို ဆိုးနေပြီ" ဟု ပီလွန်က ပြောသည်။ " ဒီကောင်ပြန်ကောင်းလာဖို့ မလွယ်တော့ဘူး၊ သူ ဒီလောက် သုံးဖြုန်းနေတယ်ဆိုတော့ ငွေတွေ ဘယ်ကများ ရလာပါလိမ့်"
ထိုအခိုက်မှာပင် အပေါ်စီး ရနေပြီဖြစ်သော တော်ရဲလီးသည် ဒင်နီ၏ အိမ်ဝင်းတံခါးကို ဖွင့်၍ အတွင်းသို့ ၀င်လာ သည်။ ပင်လယ်ဓားပြ၏ ခွေးများသည် တံခါးဆီသို့ လျှောက်သွားကာ အပြင်သို့ ကြည့်ပြီး ဟိန်းသည်။

ပီလွန်တို့ လူစုသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြသည်။ ကောင်ကြီးဂျိုးက ပေါက်တူးကို လှမ်းကိုင် ထားသည်။ တော်ရဲလီး၏ ခြေသံများသည် ဆင်ဝင်ပေါ်သို့ ရောက်လာသည်။ တံခါးပွင့်သွားသည်။ အ၀တွင် ပြုံးဖြဲဖြဲလုပ်၍ ရပ်နေသော တော်ရဲလီး၊ သူသည် ၀ုန်းဝုန်းဒိုင်းဒိုင်း မလုပ်၊ အိမ်ကြောင် တစ်ကောင် ပမာ အလွန် ညင်သာစွာဖြင့် ကြောင်တစ်ကောင်က ပိုးဟပ်တစ်ကောင်ကို ပုတ်ကစားနေသည့်နှယ် ပီလွန် တို့လူစု အား ကျောသပ်ရင်သပ် လုပ်သည်။

" ကဲ မိတ်ဆွေတို့" ဟု သူက အလွန်ချိုသာသော လေသံဖြင့် စကားစသည်။ ပီလွန်တို့ကတော့ တော်ရဲလီး၏ မျက်နှာကို အလန့်တကြား မော့ကြည့်နေကြသည်။ " ကဲ ကဲ ကျုပ်ရဲ့ မိတ်ဆွေတွေ၊ ကျုပ်ရဲ့ ဖောက်သည်ကြီး တွေကို မကောင်းသတင်း ပြောရမှာတော့ စိတ်မကောင်းပါဘူးဗျာ" ဟု ပြောသည်။
ပီလွန်က ထိုင်နေရာမှ ခုန်ထလိုက်သည်။ " ဒင်နီလား၊ ဒင်နီဘာဖြစ်လို့လဲ၊ သူ နေမကောင်းဘူး၊ အခု ဘာဖြစ် သလဲ၊ မြန်မြန်ပြောဗျာ"

တော်ရဲလီးက ခေါင်းယမ်းသည်။ " မဟုတ်ပါဘူး၊ မိတ်ဆွေတိုပရယ်၊ ဒင်နီကိစ္စ မဟုတ်ပါဘူး၊ မိတ်ဆွေတို့ကို စိတ်မကောင်းခြင်းကြီးစွာနဲ့ပဲ ပြောရပါလိမ့်မယ်၊ မိတ်ဆွေတို့ ဒီအိမ်မှာဆက်ပြီး နေပိုင်ခွင့် မရှိတော့ပါဘူး" သူ့စကားကြောင့် အားလုံး အံ့အားသင့်ကာ မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်နေကြသည်။ ပါးစပ်အဟောင်းသား ဖြင့် ငေးကြည့်နေကြသည်။
" ဒါက ဘာစကားလဲဗျ" ဟု ပက်ဘလိုကမေးသည်။ " ကျုပ်တို့က ဘာပြုလို့ ဒီအိမ်မှာ ဆက်ပြီးနေပိုင်ခွင့် မရှိ ရမှာလဲ"

တော်ရဲလီးက သူ့အကျိံ အိတ်ကပ်ထဲမှ စာရွက်တစ်ရွက်ကို ထုတ်၍ အားလုံးရှေ့တွင် ဝှေ့ယမ်းပြသည်။ " ဒီ အိမ် ကို ဒင်နီမပိုင်တော့ဘူး ကိုယ့်လူတို့"
" ဘာ ဘာအဓိပ္ပာယ်နဲ့ ပြောတာလဲ၊ ဘယ်လိုကြောင့် ဒင်နီ မပိုင်တော့တာလဲ၊ ရှင်းရှင်းပြောစမ်းပါ၊ ကော်ဆီကန် ၀က်ကြီးရဲ့"

တော်ရဲလီးက ရယ်သည်။ " ဘာကြောင့်လဲဆိုတော့ ဒီအိမ်ကို ငါ ပိုင်သွားပြီကွ၊ မနေ့ညက ဒင်နီ ငါ့ဆီရောက် လာပြီး ဒီအိမ်ကို နှစ်ဆယ့်ငါးဒေါ်လာနဲ့ အပြတ်ရောင်းသွားတယ်"
အားလုံး မယုံကြည်နိုင်အောင် ဖြစ်နေကြသည်။ " ဒါဟာ လိမ်တာ ဖြစ်မယ်၊ ဒင်နီဟာ ဒီလိုအလုပ်မျိုး လုပ်မှာ မဟုတ်ဘူး" ဟု တွေးကြသည်။ ထို့နောက် " ဒါပေမယ့် အခုတလော ဒင်နီဟာ သိပ်ပြီး သောင်းကျန်း နေတယ်၊မကောင်းတာတွေ အများကြီး လုပ်နေတယ်၊ ငါတို့ ပစ္စည်းတွေကိုတောင် ခိုးနေတာ၊ သူ့ အိမ်ကို ရောင်းချင်ရောင်းမှာပဲ"

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, January 12, 2011

တို့ဘဝ တို့ ကမ္ဘာ အပိုင်း (၃ဝ)

၁၅
ဒင်နီ တမှိုင်မှိုင် တတွေတွေဖြစ်ကာ စိတ်ဖောက်ပြန်သွားခြင်း၊ နတ်ဆိုး နတ်မိစ္ဆာ က တော်ရဲလီး ကို ၀င်ပူးကာ ဒင်နီ ၏ အိမ်ကို အပိုင်စီးရန်အားထုတ်ခြင်း

မွန်ထရေးမြို့တွင် သိပ်ပြီး မပြောင်းလဲသော အရာများရှိသည်။ နေ့စဉ်နံနက်တိုင်း နေရောင်သည် လမ်းမ များ၏ အနောက်ဘက်ခြမ်းရှိ ပြတင်းပေါက်များထက်သို့ ကျသည်။ မွန်းလွဲပိုင်းရောက်သည့်အခါ နေရောင် သည် လမ်းမများ၏ အရှေ့ဘက်ခြမ်းရှိ နေအိမ်ပြတင်းပေါက်များပေါ်သို့ ကျသည်။ ဤကား ပုံမှန် တည်ရှိ နေသော ဖြစ်ရပ်တစ်ခုပေတည်း။

နေ့စဉ် ဘတ်စ်ကား အနီများသည် မွန်ထရေး နှင့် ပစိဖိတ် ဂရုကြားတွင် ခေါက်တုံ့ခေါက်ပြန် ပြေးဆွဲ နေကြခြင်း၊ နေ့စဉ်နေ့တိုင်း ငါးစည်သွတ်ဘူး စက်ရုံများမှ ငါးအပုပ်နံ့များသည် လေထဲသို့ လွင့်ပါ လာလျက် ရှိခြင်း၊ နေ့စဉ် မွန်းလွဲပိုင်း အချိန်ရောက်လျှင် ပင်လယ်ကွေ့ဘက်မှ လာသော လေ သည်တောင်ကုန်းပေါ်ရှိ ထင်းရှူးပင် များကို တယိမ်းယိမ်းတနွဲ့နွဲ့ လှုပ်ရှားနေအောင် တိုးဝှေ့တိုက်ခတ်လျက်ရှိ ခြင်း၊ ကျောက်ဆောင်များ ပေါ်၌ ကျက်စားလေ့ရှိသော တံငါသည်များသည် ငါးမျှားတံများကို ကိုင်၍ ထိုင်ကာ ငါးမျှား နေကြခြင်း စသည်တို့မှာလည်း ပုံမှန်မြင်နေတွေ့နေကျ အရာများပင် ဖြစ်လေသည်။

မွန်ထရေးမြို့၏ အထက်ဘက်ရှိ တော်တီလာဖလက် ရပ်ကွက်အတွင်း၌လည်း အပြောင်းအလဲ သိပ်ပြီး မရှိသော ပုံမှန်လည်ပတ်နေသည့် ဖြစ်စဉ်များရှိသည်။ ချစ်သူများ တစ်ယောက်ပြီး တစ်ယောက် ထည်လဲနှင့် တွဲနေသော ကော်နယ်လီယာရုဇ်၏ အဖြစ်များသည် ပုံမှန်အဖြစ်များပင် ဖြစ်၏။ သူသည် ချစ်သူတစ်ဦးကို စွန့်ပစ်ပြီးပါက ချက်ချင်းလိုလိုပင် နောက်အသစ်တစ်ဦးကို ရအောင် ရှာတတ်သည်။
ဒင်နီ၏ နေအိမ်တွင်လည်း ဘကီးမားသော အပြောင်းအလဲသည် မရှိသလောက်ပင် ဖြစ်၏။

စုပေါင်း ၍ နေထိုင်လျက်ရှိကြသော သူငယ်ချင်းတစ်စု နေမှု ထိုင်မှုမှာ နေ့စဉ်နေ့တိုင်း သမားရိုးကျပုံစံဖြစ်၏။ ပီဆာနိုး လူမျိုး တစ်ယောက်အဖို့ ဤသမားရိုးကျပုံစံသည် ငြီးငွေ့ဖွယ်ရာ မဟုတ်သော်လည်း အခြား လူတစ်ဦး တစ်ယောက် အဖို့ကား စိတ်ပျက်ဖွယ်ရာ ကောင်းလောက်အောင် ငြီးငွေ့ဖို့ ကောင်းသည့် အရာ တစ်ခု ဖြစ်နေချေသည်။ မနက်လင်း၍ အိပ်ရာမျထနေကျအချိန်တွင် သူတို့အားလုံး အိပ်ရာမှထသည်။ ဆင်ဝင် သို့  ထွက်၍ အိပ်ရာမှ ထနေကျအချိန်တွင် သူတို့အားလုံး အိပ်ရာမှထသည်။

ဆင်ဝင်သို့ ထွက်၍ နေဆာလှုံသည်။ ပြီးတော့ ပင်လယ်ဓားပြ စားစရာ ဘာယူလာမလဲဟု ပုံမှန်လုပ်သည်။ မနက်ဆိုလျှင် တောထဲဝင်၍ ထင်းခွေသည်။ မွန်ထရေးမြို့၏ လမ်းမပေါ်တွင် တစ်လမ်းဝင် တစ်လမ်းထွက် ထင်းရောင်းထွက်သည်။ သူ့ဘ၀ တွင် အပြောင်းအလဲတစ်ခုတော့ရှိသည်။ အခုဆိုလျှင် သူသည် သူနေ့စဉ် ထင်းရောင်း၍ ရသော ငွေနှစ်ဆယ့်ငါးဆင့်ဖြင့် အစားအစာ ၀ယ်သည်။ ရံဖန်ရံခါ သူ့မိတ်ဆွေများက ၀ိုင် မရ ရအောင် ရှာလာတတ်သည်။ ထိုအခါ ကာလမျိုးတွင် သီချင်းဆိုသံများနှင့် ထိုးကြ ကြိတ်ကြ ရိုက်ကြ နှက်ကြ သည့် ရန်ပွဲများသည် ရှိစမြဲ။

ဒင်နီသည် သူ့အပေါင်းအသင်းများ၏ နေပုံထိုင်ပုံ လုပ်ပုံကိုင်ပုံများကို သတိထား၍ ကြည့်လာမိသည်။ သူတို့ လူစု သည် အချိုးပြောင်းသွားသည်ဟုမရှိ။ နေ့စဉ် တစ်ပုံစံတည်း ဖြစ်သည်။ တစ်ခါတစ်ရံ ညပိုင်းတစ်ရေးနိုး၍ အိပ်ရာ မှ နိုးလာသည့်အခါ ကြမ်းပြင်ပေါ်တွင် ပိုးလိုးပက်လက် အိပ်မောကျနေကြသော သူ့မိတ်ဆွေ ပီဆာနိုး များ ကိုကြည့်ကာ စိတ်ပျက်မိသည်။ ဤလူစု သူ့အိမ်ထဲရောက်နေသည့်အတွက်လည်း ဒေါသ ဖြစ်မိသည်။

ဆင်ဝင်သို့ထွက်၍ နေဆာလှုံသည့် အချိန်တွင် ဒင်နီသည် တစ်ချိန်သော အခါက သူ ပိုင်ဆိုင်ခဲ့သည့် ကိုယ်စိတ် နှစ်ပါး လွတ်လပ်မှု ရှိခဲ့သော နေ့ရက်များကို အိပ်မက် မက်နေတတ်သည်။ နွေရာသီကျလျှင် တောအုပ်များ အတွင်းသို့ ၀င်၍ စိတ်အေးနားအေး အိပ်ခဲ့ရသည်။ ဆောင်းရာသီ ရောက်၍ ရာသီဥတု အလွန် အေးလာချိန် တွင် သူသည် ပူနွေးလာသော မြက်ခြောက်ပင်များကြားသို့ တိုးဝင်၍ အိပ်ခဲ့သည်။ သူ့တွင် ဘာ ပစ္စည်းမှ အပိုင်မရှိ။ ကိုယ်ပိုင်ပူပင်ကြောင့်ကြနေရသော ဒဏ်ကို လုံးဝမခံခဲ့ရ။

ရန်ဖြစ်ပြီဟေ့ ဆိုလျှင်လည်း သူ ရှေ့ဆုံးက။ ဒင်နီသ် ရန်ဖြစ်သည့်နေရာတွင် မုန်တိုင်းဒင်နီဟူသော အမည်နာမ ကို ခံကာ နာမည်တစ်လုံးနှင့် နေခဲ့သူဖြစ်၏။ သူ ကြက်ခိုးလာ၍ နောက်မှ လိုက်ဖမ်းသူများနှင့် တောအုပ် အတွင်း ၌ ချကြရသည့်ပွဲများ။ သူတစ်ပါးမယား နှင့် သွားအိပ်နေရာမှ မိသွားသဖြင့် ထွက်ပြေးပြီး မြောင်းထဲ ပုန်းနေခိုက် အကြီးအကျယ် ဒေါသူပုန်ထနေသော လင်ယောက်ျားများ နှင့် အကြိတ်အနယ် ဆော် ရသည့် ပွဲများ။ ထိုပွဲများသည် တကယ့်ရန်ပွဲ ကြီးများ ဖြစ်သည်။ ပြင်းထန်သော ပွဲကြီးများ ဖြစ်၏.။ သူ့ အဖို့တော့ ထိုကဲ့ သို့ ပွဲကြီး ပွဲကောင်းများနှင့် ရင်ဆိုင်ခဲ့ ရသည်မှာ အရသာရှိလှပါဘိခြင်း။

လွန်လေပြီးခဲ့သော အတိတ်က ဖြစ်ရပ်များကို တွေးမိသည့်အခါ ခိုး၍ စားရသော အစားတစ်ခု၏ အရသာ ထူးကဲခြင်း ကို ပြန်သတိရမိ၏။ ဟိုတုန်းကလို နေချင်သော စိတ်များသည် ရင်ထဲတွင် ထိန်းမနိုင်သိမ်းမရ ဖြစ်လာသည်။ အမှန်တော့ သူ့ဘ၀ သည် အမွေပစ္စည်းများ ကို ဆက်ခံပြီးကတည်းက ပျက်လာခဲ့ခြင်း ဖြစ်သည် ဟု ထင်သည်။ သူ အမွေရ၍ သူ့ရပ်ကွက်ထဲ၌ လူတစ်လုံး သူတစ်လုံး ဖြစ်လာကတည်းက မကြာ မကြာ ရန်ဖြစ်ခြင်း မပြုတော့ ဘဲရှောင်လာခဲ့ရသည်။ သူ့အနေဖြင့် အရက်ကိုတော့ မူးသည်။ သို့သော်လည်း ယခင် ကလို စွန့်စားမှုမျိုးတွေ မလုပ်နိုင်တော့။ ဤအိမ်ကို ပိုင်ဆိုင်ခဲ့ရသော အချိန်မှစ၍ သူ့အပေါင်းအသင်း များကို လက်ခံထားခဲ့ရသည့် တာဝန်မှာလည်း စိတ်ပျက်စရာ ကောင်းလှ၏။

ဒင်နီ သည် အိမ်ရှေ့ဆင်ဝင်သို့ ထွက်ထိုင်သည့်အခါတိုင်း စကားမပြောဘဲ ငေးမှိုင်နေတတ်သည်။ သူ့အပေါင်း အသင်း များက သူတို့ သူငယ်ချင်း နေမကောင်းဟု ထင်ကြသည်။
" ဆေးလက်ဖက်ရည် မှန်မှန်သောက်သွားရင် နေကောင်းသွားမှာပါကွာ " ဟု ပီလွန်က အကြံပေးသည်။ " ဟေ့ ဒင်နီ၊ မင်းအိပ်ရာထဲ ၀င်တဲ့အခါ ငါတို့ မင်းခြေထောက်အောက်မှ ကျောက်ခဲပူ ချပေးမယ်၊ ကျောက်ပူခံ လိုက်ပေါ့"

တကယ်တော့ ဒင်နီ လိုချင်သည်မှာ ဆေးဝါးမဟုတ်၊ လွတ်လပ်မှုသာ ဖြစ်သည်။ သူသည် တစ်လကြာမျှ တမှိုင်မှိုင် တတွေတွေ ဖြစ်နေသည်။ ပြူးကြောင်ကြောင် မျက်လုံးများဖြင့် မြေပြင်ကို ငေးကြည့်လိုက်၊ သူ့ အပေါင်း အသင်း များ ကို ကြည့်လိုက်နှင့် အချိန်ကုန်သည်။ သူ့ရှေ့မှ ကာဆီး၍ ဆီးကြိုနှုတ်ဆက်နေသော ပင်လယ်ဓားပြ ၏ ခွေးများ ကို ယခင်ကလို မဆက်ဆံ။ ခြေဖြင့် ကန်ကျောက်ပြီး ဖယ်ရှားပစ်သည်။

နောက်ဆုံးတွင် သူသည် မျှော်လင့် စောင့်စားရသည့်အလုပ်ကို စွန့်လွှတ်လိုက်သည်။ တစ်ညတွင် အိမ်မှ ထွက် ပြေးသည်။ သူသည် ထင်းရှူးတောထဲသို့ ၀င်ရောက် ပျောက်ကွယ်သွားလေ၏။
နံနက်လင်း ၍ သူ့အပေါင်းအသင်းများ အိပ်ရာမှ နိုးလာသည့်အခါ ဒင်နီမရှိတော့ကြောင်း သိသွားကြသည်။ " မိန်းမ ကိစ္စဖြစ်မယ်ကွ၊ ဒီကောင် အချစ်ပွဲနဲ့ တွေ့ပြန်ပြီ ထင်တယ်" ဟု ပီလွန်က ပြောသည်။
လူတိုင်း တွင် အချစ်ပွဲ ဆင်နွှဲခွင့်ရှိသည်ဟူသော အယူအဆဖြင့် သူတို့သည် ဒင်နီကို လိုက်မရှာဘဲ ပစ်ထား လိုက်ကြသည်။

သူတို့ကတော့ ဒင်နီ၏ အိမ်တွင် ယခင်က ပုံစံအတိုင်း နေမြဲတိုင်း နေကြရသည်။ ရက်သတ္တတစ် ပတ်မျှ အချိန်ကုန် သွားသည်။ ဒင်နီ ပြန်ရောက်မလာ။ အားလုံး စိတ်ပူစ ပြုလာသည်။ သူတို့သည် ဒင်နီ သွားတတ် သည့် သစ်တောများဘက်သို့ အစုလိုက်ထွက်၍ ရှာကြသည်။

" အချစ်ဆိုတာ ကောင်းပါတယ်" ဟု ပီလွန်က ပြောသည်။ " အချစ်ကြောင့် မိန်းမတစ်ယောက် နောက်က တ ကောက်ကောက် လိုက်နေတဲ့ လူကို ငါတို့က အပြစ်တင်လို့ ဘယ်ဖြစ်ပါ့မလဲ၊ ဒါပေမယ့် ခုနစ်ရက် တစ်ပတ် ဆို တာက ခုနှစ်ရက် တစ်ပတ်ပဲကွ၊ သိပ်ကြာသွားပြီ။ ဒါဆိုရင်တော့ ဒင်နီကို တစ်ပတ်လုံးလုံး သူ့အနားက ခွာမသွား နိုင်အောင် လုပ်ထားတဲ့ မိန်းမဟာ အချစ်ကိစ္စ မှာ အင်မတန် တက်ကြွတဲ့ မိန်းမ ဖြစ်ရမယ် "

" နည်းနည်းပါးပါး ချစ်ရင် ၀ိုင်နည်းနည်း သောက်ရသလိုပဲ။ သိပ်များများ ချစ်လိုက်ရင် လူဟာ နေမကောင်း ဖြစ်လာရော၊ အခုလည်း ဒင်နီ နေမကောင်းဖြစ်နေပြီ ထင်တယ်ကွ၊ သူ့ကောင်မလည်း တော်တော် ကဲပုံ ရတယ်" ဟု ပက်ဘလိုက ပြောသည်။

ဂျီးဆပ်စ်မေရီယာကလည်း ဒင်နီအတွက် သောကရောက်သည်။ " ဒင်နီဟာ ငါတို့ကို အသိမပေးဘဲနဲ့ အခု လောက်ကြာကြာ မသွားဖူးပါဘူး၊ မကောင်းတာ တစ်ခုခုတော့ ဖြစ်နေပြီလို့ ငါထင်တယ်"
ပင်လယ်ဓားပြ က သူ့ခွေးများကို တောအုပ်များထဲသို့ ခေါ်လာသည်။ သူငယ်ချင်းများက ခွေးများအား " ဒင်နီ ကို ရှာကြကွာ၊ ဒင်နီဖျားပြီး လဲချင်လဲနေမှာ၊ တစ်နေရာရာမှာ သေချင်လည်း သေနေလိမ့်မယ်၊ ဒင်နီက မင်းတို့ကို သူ့အိမ်ထဲအိပ်ဖို့ ခွင့်ပြုထားတာဆိုတော့ မင်းတို့ရဲ့ ကျေးဇူးရှင်ကွ" ဟု ပြောကြသည်။

ပင်လယ်ဓားပြ ကလည်း သူ့ခွေးများအား ခိုင်းသည်။ " ဟေ့ ကောင်တွေ၊ ငါ့သူငယ်ချင်းကို လိုက်ရှာကြစမ်း" သို့ သော်လည်း ခွေးများက အမြီးများနှန့်ပြီး ယုန်ကို အနံ့ခံကာ ယုန်နောက်သို့ ကဆုန်စိုင်း၍ လိုက်ကြသည်။

ပီဆာနိုး တစ်စုသည် တောအုပ်များအတွင်း၌ တလည်လည် လှည့်ပတ်သွားကာ ဒင်နီ၏ နာမည်ကို တကြော် ကြော် အော်၍ ခေါ်ကြသည်။ ဒင်နိအိပ်နေလိမ့်မည်ဟု ယူဆရသော သစ်ပင်ခြေရင်းများနှင့် ချုံကြီး ချုံကြား များ အထိ ပိုက်စိတ်တိုက်၍ ရှာကြသည်။ သို့သော်လည်း ဒင်နီ ၏ အရိပ်အယောင် ကို မတွေ့ရပေ။

" ဒီကောင် ရူးသွားပြီထင်တယ်" ဟု ပီလွန်က ထင်မြင်ချက်ပေးသည်။ " လျှို့ဝှက်ချက် တစ်ခုခုကြောင့် သောက ရောက်ပြီး ရူးသွားတာ ဖြစ်ချင်ဖြစ်မယ်"
ညပိုင်း တွင် သူတို့သည် အိမ်ပြန်လာကြသည်။ တံခါးဖွင့်ပြီး အိမ်ထဲဝင်လိုက်သည်နှင့် တစ်ပြိုင်နက်အားလုံး တန့် ခနဲ ဖြစ်သွားကြသည်။ သူခိုးတစ်ယောက်တော့ အလုပ်ဖြစ်သွားခဲ့လေပြီ။ ဒင်နီ၏ စောင်များ မရှိတော့။ အစားအစာများ လည်း မရှိတော့။ အိုးနှစ်လုံးလည်း ပါသွားပြီ။

ပီလွန် က ကောင်ကြီးဂျိုး၏ မျက်နှာကို ဖျတ်ခနဲ လှည့်ကြည့်သည်။ ထို့နောက် ခေါင်းကို ယမ်းသည်။ " အင်း မင်းတော့ မဖြစ်နိုင်ဘူး၊ မင်းက ငါတို့နဲ့ ပါလာတာပဲ၊ ဒီတစ်ခါ မင်းလုပ်တာ မဟုတ်ဘူး" ဟု ရေရွတ်သည်။
" ဟေ့ ဒါ ဒင်နီ လုပ်သွားတာကွ" ဟု ပက်ဘလိုက အလန့်တကြား ပြောသည်။ " သေချာပါတယ်၊ ဒီကောင်ရူး နေ ပြီ၊ တိရစ္ဆာန် တစ်ကောင်ကို တောထဲလျှောက်ပြေးနေပြီနဲ့ တူတယ်"
" ငါတို့ သူ့ကို တွေ့အောင်ရှာမှဖြစ်မယ်" ဟု အားလုံးက တညီတညွတ်တည်း ပြောကြသည်။ " ရူးနေတုန်း ဆိုရင် ဘေးအန္တရာယ် တစ်ခုခု ဖြစ်သွားနိုင်တယ်၊ အဲဒီတော့ မတွေ့တွေ့အောင် ရှာမှဖြစ်မှာ"
သူတို့သည် သူတို့၌ စွဲကပ်နေသော ပျင်းရိခြင်းကို အရေခွာပစ်ကြပြီး ဒင်နီကို နေ့စဉ် အရှာထွက်သည်။

ဒင်နီနှင့် ပတ်သက်၍ ကြားရသည့် ကောလာဟလ သတင်းများကတော့ အမျိုးစုံဖြစ်သည်။ " ဒင်နီ မနေ့ညက ဒီမှာရှိ တယ်။ အို ... အဲဒီ အမူးသမားလား၊ ဟာ ဒီအကောင် သူခိုးပဲ၊ မင်းတို့ မသိဘူးလား၊ အဘိုးကြီး တစ်ယောက် ကို ၀င်းထရံတိုင် တစ်တိုင်နဲ့ ရိုက်လှဲပြီး စပျစ်ဝိုင် တစ်ပုလင်းလို လုသွားတယ်၊ ဒီလောက် ဆိုးတဲ့ ကောင်ကို လိုက်ရှာ နေကြတဲ့ မင်းတို့ကကော ဘယ်လို ကောင်စားမျိုးတွေလဲကွာ "
" ဟုတ်တယ်၊ ကျွန်မတို့ ဒင်နီကို တွေ့လိုက်တယ်၊ မျက်စိတွေမှိတ်ပြီးသီချင်းဆိုသွားတယ်၊ သစ်တောထဲကို လာ ပါကွယ်။ နင်နဲ့ငါနဲ့ ကမယ်ဟယ်၊ မိန်းကလေးရယ်တဲ့၊ ကျွန်မတို့ကတော့ ဘယ်လိုက်ရဲမှာလဲ၊ ကြောက်တာ ပေါ့ ဒင်နီ ဆိုတဲ့ လူကြီး ကြည့်ရတာ အေးအေးဆေးဆေးတော့ ဟုတ်ပုံ မရပါဘူး "

ပင်လယ်ဆိပ် ဗောတံတားဘက် ရောက်သည့်အခါ ဒင်နီနှင့် ပတ်သက်၍ သဲလွန်စ ပို၍ရလာသည်။ " သူ ဒီဘက် ကို ရောက်လာသေးတယ်" ဟု တံငါသည် တစ်ဦးက ပြောသည်၊ " သူက လူတိုင်းကိုလိုက်ပြီး ရန်စနေ တာပဲ၊ ဘင်နီ တို့က တက်မနဲ့ ကောက်ရိုက်လို့ မင်းတို့ ဒင်နီ ခေါင်းကွဲသွားတယ် နောက်တော့ ဒင်နီက အိမ်ပြ တင်းပေါက် မှန်တွေကို လိုက်ခွဲတယ်။ ဒါကြောင့် ပုလိပ်တစ်ယောက် ရောက်လာပြီး ဖမ်းသွားရော "

ခြေဦးတည့်ရာ လျှောက်သွားပြီး ထင်ရာစိုင်းကာ သောင်းကျန်းချင်တိုင်း သောင်းကျန်းနေသော သူတို့ သူငယ်ချင်း အား ပီလါန်တို့ လူစုသည် ဆက်၍ ရှာကြသည်။ " မနေ့ညက ဒင်နီကို မက်နီးယား ဖမ်းလာတယ်" ဟု ပုလိပ်ဆာဂျင်တစ်ဦး က ပြောသည်။ " မနက်မိုးမလင်းခင်ဘဲ လွတ်သွားတယ်၊ သူ့ကို ပြန်မိရင် ဒီကောင် ကို ထောင်ဒဏ် ခြောက်လတိတိ ချမယ်"
ပီလွန် တို့ လူစုမှာ ဒင်နီကို လိုက်ရှာရသည့်အတွက် စိတ်မော လူမော ဖြစ်လာကြသည်။ သူတို့သည် အိမ်သို့ ပြန် လာခဲ့ကြ၏။ အိမ်ရောက်သောအခါ အလန့်တကြား ဖြစ်ကြရပြန်သည်။ ယနေ့ မနက်ခင်းက ပီလွန် ရှာဖွေ လာ ခဲ့သော အာလူးတစ်ခြမ်း ပျောက်နေပြန်၏။

" ဒါကတော့ လွန်လွန်ပြီကွာ" ဟု ပီလွန်က ရေရွတ်သည်။ " ဒင်နီဆိုတဲ့ကောင် ရူးနေပြီကွ၊ ဒီကောင် အန္တရာယ် ဖြစ်တော့မယ်။ ငါတို့သာ သူ့ကို မကယ်ရင် ဒီအကောင် ကြောက်စရာကောင်းတဲ့ ဘေးဒုက္ခနဲ့ ကြုံရတော့မယ်"
" ငါတို့ ထပ်ရှာကြဦးမှ ဖြစ်မှာပေါ့ကွာ" ဟု ဂျီးဆပ်စ်မေရီယာက ပြောသည်။

" တဲကြိုတဲကြား သစ်ပင်ကြို သစ်ပင်ကြားမကျန် ထောင့်စေ့အောင် ရှာာကမှဖြစ်မယ်" ဟု ကောင်ကြီးဂျိုးက ပြောသည်။
" ပင်လယ်ကမ်းခြေ က မှောက်ထားတဲ့ လှေတွေအောက်ကိုလည်း သွားရှာမှ ဖြစ်မျာ" ဟု ကောင်ကြီးဂျိုးက အကြံပြုသည်။
" ကျုပ်ခွေးတွေကလည်း ကူပြီး ရှာပေးရးမှာပါ" ဟု ပင်လယ်ဓားပြက ၀င်ပြောသည်။

ပီလွန်က ခေါင်းယမ်းသည်။ " မင်းတို့ ပြောတဲ့နည်း သုံးလို့ကတော့ မဖြစ်တော့ဘူးကွ၊ ဒင်နီ လစ်သွားပြီဆိုရင် သူရှိတဲ့ နေရာကို ငါတို့ရောက်သွားရော၊ ငါတို့နဲ့ တေ့လွဲချည်းဖြစ်နေတာပဲ၊ ဒီတစ်ခါတော့ သူရော်လာမယ်လို့ ထင်ရတဲ့ နေရာက ငါတို့ သွားပြီး စောင့်ကြရအောင်၊ ဒီတစ်ကြိမ်တော့ အရူးအမိုက်တွေ လုပ်သလိုလုပ်နေလို့ မဖြစ်တော့ဘူး၊ ပညာရှိ ဆန်ဆန် လုပ်မှ ဖြစ်တော့မယ်"
" ဒါပေမယ့်ကွာ သူ ဘယ်နေရာလာမယ်ဆိုတာ ဘယ်လိုလုပ်ပြီး သိမလဲ"

သူတို့အားလုံး၏ ခေါင်းများထဲသို့ အလင်းရောင်တစ်ခု တစ်ပြိုင်တည်း ၀င်လာသည်။ " တော်ရဲလီးဆိုင်ကွာ။ အနှေးအမြန် ဆိုသလို ဒင်နီဟာ တော်ရဲလီးဆိုင်ကိုတော့ လာမှာပဲ၊ ငါတို့ အဲဒီဆိုင်ကနေပြီး စောင့်ကြမယ် "
" အေး ဟုတ်တယ်" ဟု အားလုံးက သဘောတူကြသည်။ " ဒီပုံအတိုင်းသာ ဆိုရင်တော့ ဒီကောင်ကို ငါတို့ ကယ် မှ ဖြစ်တော့မှာ "
သူတို့သည် တော်ရဲလီးဆိုင်သို့ သွားကြသည်။ တော်ရဲလီးက ဆိုင်ထဲသို့ အ၀င်မခံ။ တံခါးကို ပိတ်ထားပြီး တံခါးကြား မှနေ၍ စကားလှမ်းပြောသည်။ " မင်းတို့က ငါ့ကို ဒင်နီနဲ့များ မတွေ့ဘူးလားလို့ မေးတယ်၊ ငါ ပြောပြ မယ်၊ ဒင်နီ ဒီကို လာတယ်၊ စောင်သုံးထည် နဲ့ ဟင်းအိုးနှစ်လုံး ယူလာပြီး ၀ိုင် နဲ့ လဲတယ်။

ငါက ၀ိုင်တစ်ဂါလန်ပေးလိုက်တယ်၊ နောက်ကျတော့ အဲဒီသရဲက ဘာလုပ်တယ် ထင်သလဲ။ ငါ့မိန်းမကို စော်ကား တယ်၊ ငါ့ကို ရစရာမရှိအောင် ဆဲတယ်။ ငါ့ကလေးကို ရိုက်ပြီး ငါ့ခွေးကို ခြေနဲ့ ကန်သွားတယ်၊ ငါ့အိမ်ဆင်ဝင် က အ၀တ်ပုခက်ကို ခိုးသွားတယ်" တော်ရဲလီးသည် စကားကို ဖြတ်၍ အမောဖြေသည်။ သူသည် ဒေါသကြောင့် စိတ်လှုပ်ရှားလျက်ရှိသည်။ " ငါ့အ၀တ်ပုခက် ပြန်ရချင်လို့ ငါ သူ့နောက်က လိုက် သွားတယ်၊ သူ့ကို လိုက်ရှာတာ အနှံ့ပဲ၊ တွေ့ဘူး၊ ငါ အိမ်ကိုလည်း ပြန်ရောက်ရော သူ ငါ့မိန်းမနဲ့ အိပ်နေတာ တွေ့တယ်။ အလွန်ယုတ်မာတဲ့ ကာမေသုကောင်၊ သူခိုး၊ အရက်သမား၊ မင်းတို့ သူငယ်ချင်း ဒင်နီ ဆိုတဲ့ကောင် ဟာ အဲသလို အယုတ်တမာကောင်ကွ၊ သိလား၊ ဒီကောင်ကို ငါကိုယ်တိုင် ထောင်ကျအောင် လုပ်မယ်"

" ဟေ့ ကော်ဆီကန်ဝက်" ဟု ပီလွန်က အော်သည်။ " မင်းက ငါတို့ သူငယ်ချင်းကို အပုပ်မချပါနဲ့ကွာ၊ ငါတို့ သူငယ်ချင်း နေမကောင်းဘူးကွ သိလား"
တော်ရဲလီး က တံခါးကို အတွင်းမှနေ၍ သော့ခတ်လိုက်သည်။ သော့ခလောက် ဂျက်ကျသံကို အားလုံးပင် ကြား လိုက်ကြရ၏။ သို့သော်လည်း ပီလွန်က တံခါးကြားမှနေ၍ သူ ပြောချင်သမျှ သံကုန်တင်၍ အော်ပြောသည်။ " ဟေ့ကောင် ဂျူး၊ မင်းကသာ မင်းဝိုင် ကို ကပ်စေးမနှဲဘဲ သူလဲတဲ့ ပစ္စည်းနဲ့ တန်အောင် ပေးရင် ဒါမျိုးတွေ ဘယ်တော့မှ မဖြစ်ဘူးကွ၊ သိလား၊ မင်းရဲ့ ဖားပြုတ်လျှာနဲ့ တို့သူငယ်ချင်းကို အပုပ် မချချင်ပါ နဲ့၊ သူ့အပေါင်း အသင်းတွေက အများကြီးကွ၊ မင်း ခံသွားချင်သလား၊ ငါတို့က မင်းဗိုက် ကို ဖောက်ပစ်မယ်ဟေ့၊ သိလား "

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, January 11, 2011

တို့ဘဝ တို့ ကမ္ဘာ အပိုင်း (၂၉)

" မင်းတို့ ဘော့ပ်ရဲ့ နှာခေါင်းကို မြင်ဖူးကြသားပဲ၊ ထိပ်က ပြတ်နေတယ်လေ၊ လူတွေကတော့ ရယ်တာပဲ၊ ဒါပေ မယ့် ဒါမျိုးက ရယ်လို့ သိပ်မကောင်းတော့ဘူးကွ သိလား၊ လူတွေကလည်း သိပါတယ်။ အဲဒီ နောက် တော့ လူတွေက ဘာပွဲတွေလုပ်လုပ် ဘော့ပ်ကို ရှေ့ဆုံးမှာ အလံကိုင်ခိုင်းတာချည်းပဲ၊ ပြီးတော့ ခွေးဖမ်းဖို့ ပိုက် လည်း ၀ယ်ပေးကြသေးတယ်။
" ဒါပေမယ့် သူ့ခမျာာကတော့ အရင်လို မပျော်တော့ဘူးပေါ့ကွာ၊ ဒီလို နှာခေါင်းပြတ်နဲ့ ဘ၀မျိုးမှာ ဘယ်လို လုပ်ပြီး ပျော်နိုင်ပါတော့မလဲ" ပက်ဘလိုသည် စကားကို အဆုံးသတ်ပြီး ငြိမ်နေသည်။သူသည် ဆင်ဝင် အောက် မှ တုတ် တစ်ချောင်းကို လှမ်းကောက်ပြီး သူ့ခြေသလုံးကို တဖျပ်ဖျပ် ရိုက်နေသည်။

" အေးကွ၊ ငါလည်း သူ့နှာခေါင်းကို မှတ်မိတယ်" ဟု ဒင်နီက ပြောသည်။ ဘော့ပ်က သိပ်တော့ ဆိုးတဲ့လူ မဟုတ်ပါဘူး။ ပင်လယ်ဓားပြတောင် သူ့အကြောင်း ကောင်းကောင်းသိတယ်။ တစ်ခါတလေ သူ ခွေးလေ တစ်ကောင်မှ မမိတဲ့အခါ ပင်လယ်ဒားပြက သူ့ခွေးတွေကို ဘော့ပ်ရဲ့ လှည်းပေါ်တင်ပေးထားတယ်။ လူတွေ ကတော့ ဘော့ပ် ခွေးတွေ အများကြီး ဖမ်းမိလာတယ်လို့ ထင်ကြတယ်၊ တကယ်တော့ကွာ၊ ခွေးဖမ်းဖို့ တာဝန်ပေးလိုက်ရင် ခွေးဖမ်းရတာ မလွယ်တော့ဘူးကွ၊ ဒီအလုပ်ကလည်း တစ်မျိုးပဲ"

ဂျီးဆပ်စ်မေရီယာသည် နံရံကို ခေါင်းနှင့်မှီပြီး တွေတွေငေးငေး ဖြစ်နေရာမှ လှမ်းပြောသည်။ " လူတစ်ယောက် ကို ၀ိုင်းပြီး ရယ်ကြတာ၊ သရော်ကြတာဟာ တကယ်တော့ မကောင်းပါဘူးကွာ၊ ဟို အဘိုးကြီး တောမတ်စ်ကို ကြည့်ပါလား၊ သူ့ခမျာ သေတဲ့အထိ သရော်ခံသွားရတာပဲ မဟုတ်လား။ သူလည်း သေ ရော သရော်တဲ့လူတွေလည်း စိတ်မကောင်းဖြစ်ကြရော၊ မင်းပြောတဲ့ အရှည်ကြီးဘော့ပ်ရဲ့ အဖြစ်က ရယ်စရာ ကောင်း တာတော့ မှန်ပါတယ်။ ဒါပေမယ့် ရယ်တော့မလို့ မင်းပါးစပ်ကို ဟလိုက်တိုင်း မင်းနှလုံးသား ကို လက်နဲ့ ညှစ်လိုက်သလို ခံစားရမယ့် အခြေအနေမျိုးက ရှိနေတယ်ကွ၊ မင်းပြောတာ ကြားရတော့ မနှစ်က ကြိုးဆွဲချပြီး သေသွားတဲ့ မစ္စတာ ရာဇန်းနိုးရဲ့ အဖြစ်ကို ငါ သတိရလာတယ်။ သူ့အဖြစ် ကလည်း ရယ်စရာတော့ ကောင်း တာပဲ၊ ဒါပေမယ့် နှစ်နျစ်ခြိုက်ခြိုက် ရယ်ရတဲ့ အဖြစ်မျိုးတော့ မဟုတ်ဘူး"

" အေး ငါလည်း တစ်စွန်းတစ်စတော့ ကြားလိုက်မိတယ်" ဟု ပီလွန်က ပြောသည်။ " ဒါပေမယ့် ဘယ်လိုဖြစ် တယ် ဆိုတာ ကတော့ သေသေချာချာ မသိပါဘူး"
" ဒီလိုဆိုရင်တော့ ငါက ပြောပြရဦးမှာပေါ့ " ဟုဂျီးဆပ်စ်မေရီယာက ပြောသည်။ " ရယ်သင့် မရယ်သင့် ဆိုတာ ကတော့ မင်းတို့ဘာသာ မင်းတို့ပဲ ဆုံးဖြတ်ကြပေါ့၊ ငါ ကလေးဘ၀တုန်းက ငါဟာ ပီတီရာဗန်းနိုး နဲ့ အမြဲ ကစားတယ်။ ပီတီဆိုတဲ့ ကောင်က ခပ်သွက်သွက်ကွ၊ ဒါပေမယ့် အမြဲတမ်း ပြဿနာနဲ့ ရင်ဆိုင်နေရတာ ချည်းပဲ၊ သူ့မှာ အစ်ကိုနှစ်ယောက်နဲ့ အစ်မလေးယောက် ရှိတယ်။

သူ့ အဖေကြီးနဲ့အတူတူ နေကြတာ၊ အခုတော့ ဒီမိသားစုတစ်ခုလုံး မရှိတော့ပါဘူး၊ သူ့အစ်ကို တစ်ယောက် က ဆန်ကွင်တင် တဲ့၊ နောက် တစ်ကို တစ်ယောက် ကတော့ လှည်းပေါ်တင်ထားတဲ့ ဖရဲသီးတွေ ၀င်ခိုးတုန်း အခင်းစောင့် ဂျပန် တစ်ယောက် က သတ်လို့ သေသွားတယ်။ မိန်းကလေးတွေ ဆိုတာကတော့ မင်း တို့လည်း အသိသားပဲ၊ အချိန်တန်တော့ ထွက်သွားကြ တာပဲ၊ ဆူဆီဆိုတဲ့ သူ့အစ်မ တစ်ယောက်ဆိုရင် အခု ဆလိုင်းနတ်စ်မြို့ က ဂျင်နီ တို့အိမ်မှာ ရောက်နေတယ်။

" အဲဒီတော့ သူတို့အိမ်မှာ ပီတီနဲ့ သူ့အဖေကြီးပဲ ကျန်ခဲ့ကြတယ်။ ပီတီ အရွယ်ရောက်လာတော့လည်း ထုံးစံ အတိုင်း အမြဲတမ်း ဒုက္ခနဲ့ ကြုံနေရတာပဲ၊ အကျင့်စာရိတ္တပြုပြင်ရေးကျောင်းကို အပို့ခံခဲ့ရသေးတယ်။ ဒါပေမယ့် မကြာခင် ပြန်ရောက်လာတယ်၊ စနေနေ့ညဆိုရင် သူ မူးနေပြီ၊ မူးတိုင်း အချုပ်ထဲ ရောက်သွားတာ ချည်းပဲ၊ တနင်္လာနေ့ကျမှပဲ လွတ်တာ၊ သူ့အဖကြီးကလည်း ပျော်ပျော်နေတတ်တယ်ကွ၊ အပတ်တိုင်း သူ့သား ပီတီ နဲ့ တွဲပြီး မူးနေတာပဲ၊ အချုပ်ထဲမှာ သားအဖနှစ်ယောက် အတူတူ နေရတာက များတယ်။ သူ့သားပီတီ အိမ် မှာ မရှိရင် အဘိုးကြီး ရာဗန်းနိုးဟာ တစ်ယောက်တည်း ပျင်းပြီး အထီးကျန် ဖြစ်နေတာပဲ၊ သူက သူ့သား ပီတီ ကို သိပ် ချစ်တာ၊ ပီတီ လုပ်သမျှအကုန်လိုက်လုပ်တာပဲ။

" မင်းတို့ ဂရေစီမွန်တက်ဇ်ကို မှတ်မိကြသေးလား" ဟု ဂျီးဆပ်စ် မေရီယာကမေးသည်။ " အဲဒီ မိန်းကလေးက သိပ်ပြီး အကျင့်ကောင်း တဲ့ မိန်းကလေး တစ်ယောက်တော့ မဟုတ်ဘူးကွ၊ သူ့အသက် ဆယ့်နှစ်နှစ်အရွယ် လောက်မှာ မွန်ထရေးမြို့ကို ရေတပ် က တပ်ခွဲတစ်ခွဲ ရောက်လာတယ်၊ သူတို့လည်း ရောက်လာရော ဂရေစီ လည်း ဗိုက်ကြီးပြီး ကလေးမွေးတာပဲ၊ အသက်က ငယ်ငယ်ကလေး ရှိသေးတယ် သိလား၊ သူက လှတာ တော့ သိပ်ကိုလှတာ၊ အလွန်လည်း သွက်တယ်၊ စွာလိုက်တာလည်း အလွန်ပဲ၊ ယောက်ျား တွေကလည်း သူ့နောက်က အမြဲတမ်း လိုက်နေသလိုပဲ၊ တစ်ခါတလေကျတော့လည်း ယောက်ျားတွေက သူ့ကို ဖမ်းမိသွားသလိုပဲ၊ ဒါပေမယ့်ကွာ၊ မင်းသူ့အနားကိုတော့ ကပ်လို့ရလိမ့်မယ် မထင်လေနဲ့၊ ကြည့်ရတာ တစ်မျိုး ကွ သိလား၊ ဂရေစီဆီမှာ သူက မင်းကို မပေးတဲ့ အရာတစ်ခု ရှိနေသလိုလို စိတ်ထဲမှာ ခံစားရတယ်။

" ငါလည်း အဲဒါကိုတော့ သိခဲ့တယ်ကွ၊ ဘာဖြစ်လို့လည်းဆိုတော့ ငါကိုယ်တိုင် သူ့ကို လိုက်ခဲ့သေးတာကိုး၊ ပီတီ လည်း သူ့ကို လိုက်ခဲ့သေးတယ်၊ ပီတီကတော့ စိတ်တစ်မျိုးနဲ့ လိုက်ခဲ့တာ၊ ငါ့လိုစိတ်မျိုး မထားနိုင်ခဲ့ဘူး။ ပီတီ ကတော့ ဂရေစီ ကို သိပ်ကြိုက်နေတဲ့ကောင်ဆိုတော့ တဖြည်းဖြည်းနဲ့ အချစ်နာကျပြီး ပိန်ပိန် လိုက်လာတယ်၊ မျက်လုံးကြီးတွေကလည်း ဆေးခြောက်စွဲနေတဲ့ ကောင်လို ပြူးပြူးကြီး ဖြစ်ဖြစ်လာတယ်၊ အစာလည်း မစားနိုင် ဘူး၊ နောက်ဆုံးမှာ တမှိုင်မှိုင် တတွေတွေနဲ့ အိပ်ရာပေါ်လဲတဲ့အထိ ဖြစ်လာတယ်။

သူ့အဖေ ရာဗန်းနိုးက ဂရေစီနဲ့ သွားတွေ့ပြီး နင် ပီတီကို ဒီလိုသာ ဆက်ဆံနေရင် သူသေတော့မှာပဲလို့ ပြောတယ်။ ဂရေစီကတော့ အကျင့်မှ မကောင်းတာ ဘယ်ဂရုစိုက်ပါ့မလဲ။ သူ့အဖို့တော့ ဒီစကားဟာ အလွန်ရယ်စရာကောင်းတဲ့ ပြက်လုံး တစ်ခုပေါ့၊ အဲသလို အဘိုးကြီးနဲ့ စကားပြောနေတုန်းမှာ ဂရေစီ ရဲ့ ညီမ တိုနီယာ အခန်းထဲ ၀င်လာတယ်၊ တိုနီယာက အသက်ဆယ့်လေးနှစ်ပဲ ရှိသေးတယ်၊ အဘိုးကြီးက တိုနီယာကိုမြင်တော့ အသက်ရှူတောင် မှားသွားသတဲ့၊ ဂရေစီယာနဲ့ အလွန်တူတယ်ဆိုပဲ၊ ဒါနဲ့ပဲ အဘိုးကြီး လည်း ကြံရာမရ ဖြစ်ပြီး ဟဲ့ မိန်းကလေး ဒီကို လာစမ်းပါဦး ခေါ်သတဲ့။

ဒါပေမယ့် တိုနီယာက အသက်သာငယ်တာ အသိက လူကြီးတစ်ပိုင်းဖြစ်နေတာဆိုတော့ ဒါမျိုးဆို ကျွန်မက နောကျေနေပြီရှင့် လို့ ဆိုတဲ့ အပေါက်မျိုးနဲ့ ရယ်ပြီး အခန်းထဲက ထွက်သွားသတဲ့။ အဘိုးကြီးလည်းဘာမှ မတတ်နိုင် တော့ဘဲ အိမ်ကို တပ်ခေါက်ပြီး ပြန်လာခဲ့ရသတဲ့၊ အိမ်ရောက်တော့ သူ့သား ပီတီက အဖေ ဘာဖြစ်နေတာလဲလို့ မေးတယ်၊ ငါတော့ ဘာမှ မဖြစ် ပါဘူး၊ ဂရေစီ ကို မင်းမရရင် မင်း ဒုက္ခ ရောက်တော့မှာ ကို စိတ်ပူတယ်လို့ အဘိုးကြီးက ပြန်ပြောတယ်။

" အဲဒီနောက် ဘာတွေ ဆက်ဖြစ်ကုန်တယ်လို့ မင်းတို့ ထင်သလဲ" ဟု ဂျီးဆပ်စ်မေရီယာက မေးခွန်းထုတ်လိုက် သည်။ ပြီးတော့မှ ပြောလက်စ ဇာတ်ကြောင်းကို ဆက်သည်။ " ပီတီဆိုတဲ့ ကောင်က ချင်ကီးဆီသွားပြီး ငါးခွဲတဲ့ အလုပ် လုပ်တယ်၊ ရတဲ့လုပ်ခနဲ့ ပိုးခြေအိတ်တို့၊ ဖဲစည်းကြိုးတို့ ၀ယ်ပြီး ဂရေစီယာကို လက်ဆောင်ပေးတယ်၊ ပြီး တော့ သူ့ပိုက်ဆံနဲ့ပဲ ဓာတ်ပုံရိုက်ပေးလိုက်သေးတယ်။ ဓာတ်ပုံကလည်း ရောင်စုံတွေ ဘာတွေ ခြယ်လို့ဆိုပဲ။

" ဂရေစီကလည်း သူပေးသမျှ လက်ဆောင်တွေ ယူပြီး လစ်သွားပြန်ရော၊ သူ့ကို အနားတောင် အကပ် မခံဘူး တဲ့၊ ကောင်မ လုပ်သွားပုံက တော်တော်ဆိုးတာ၊ နမ်းလည်းနမ်း၊ လည်ပင်းလည်းညှစ် လုပ်ချင်အောင် ကို ဆိုးတဲ့ ကောင်မကွ၊ အဲဒီတော့ ပီတီ ဆွေးပြန်ရောပေါ့၊ အိပ်မပျော် စားမ၀င် ဖြစ်ပြန်ရော၊ ပီတီက ငါ့ကိုပြောတယ်၊ တကယ်လို့သာ ငါနဲ့ ဂရေစီ ဘုရားရှိခိုးကျောင်းမှာ လက်ထပ်ဖြစ်မယ်ဆိုရင် သူအခုလို လုပ်ရဲ မှာ မဟုတ်ဘူး၊ လက်ထပ်ပြီးမှ ငါ့ဆီက ထွက်ပြေးရင် ဒုစရိုက်မှုတစ်ခုကို လုပ်ရာကျမှာ၊ ဒါမျိုးကျတော့ သူ ကြောက်မှာပဲ တဲ့၊ ဒါနဲ့ပဲ ပီတီက သူ့ကို လက်ထပ်ဖို့ ဂရေစီကို သွားပြောတယ်၊ ဂရေစီက ဟားတိုက်ပြီး ရယ်သတဲ့။

" ပီတီက ရှက်လည်းရှက်၊ ဒေါသလည်း ဖြစ်တာပေါ့၊ သူက အိမ်ပြန်သွားပြီး ကြိုးတစ်ချောင်းကို အိမ်ခေါင်မိုး ထုပ်တန်း မှာ ချည်တယ်၊ သူက သေတ္တာတစ်လုံးပေါ် တက်ရပ်ပြီး လည်ပင်းကို ကြိုးကွင်းနဲ့ စွပ်လိုက်တယ်၊ ပြီး တော့ သူ့ခြေထောက် အောက်က သေတ္တာကို ခြေထောက်နဲ့ ကန်ပြီး ဖယ်ပစ်လိုက်တယ်၊ အဲဒီအချိန်မှာ သူ့အဖေ ကြီးက အခန်းထဲ ၀င်လာတော့ ကြိုးကို တက်ဖြတ်လိုက်တယ်၊ ဆရာဝန်လည်း ခေါ်တယ်၊ ဒီအကောင် နှစ်နာရီ လောက်ကြာမှ မျက်လုံးတွေ ဖွင့်နိုင်တယ်၊ လေးရက်တိတိကြာမှ စကားပြောနိုင်တယ်"
ဂျီးဆပ်စ်မေရီယာ က စကားကို ဆက်မပြောဘဲ ရပ်ထားသည်။ သူ ပြောပြနေသည့် ဇာတ်ကြောင်းကို သူ့သူငယ် ချင်း များက စိတ်ဝင်တစား နားထောင်နေကြမှန်း သိသဖြင့် များစွာ ဂုဏ်ယူလျက်ရှိသည်။ " အဖြစ် ကတော့ အဲဒါ ပဲကွ" ဟု ပြောသည်။

" ဒါပေမယ့် ဂရေစီမွန်တက်ဇ် ဆိုတဲ့ ကောင်မက ပီတီနဲ့ လက်ထပ်သွားတယ် မဟုတ်လားကွ" ဟုပီလွန်က မေး သည်။ " ငါ သူ့ကို သိပါတယ်၊ မိန်းမကောင်းတစ်ယောက်ပါ၊ ဘုရားရှိခိုးကျောင်းလည်း မှန်မှန်သွားတယ်၊ တစ်လ တစ်ကြိမ် မှန်မှန် သူ့အပြစ် သူ ၀န်ခံတယ်၊ ဒါဆို မိန်းမကောင်းပေါ့"
" ဒါက အခုမှ ကောင်းသွားတာကွ" ဟု ဂျီးဆပ်စ်မေရီယာက ပြန်ပြောသည်။ " သူ့သားပီတီ ကြိုးဆွဲချတော့ သူ့ဖခင်ကြီး ရာဗန်းနိုးက အကြီးအကျယ် ဒေါပွတာပေါ့၊ ချက်ချင်းပဲ ဂရေစီအိမ်ကို သွားပြီး ဟဲ့ကောင်မ၊ နင် ဟာ ငါ့သားကို သတ်တဲ့ ကောင်မပဲ။ နင့်ကြောင့် သူ့ကိုယ်သူ သတ်သေမလို့ လုပ်တာလို့ ဒေါသတကြီးနဲ့ ပြောသတဲ့။

" ဂရေစီလည်း သိပ်ပြီး လန့်သွားတာပေါ့၊ ဒါပေမယ့် မိန်းမဆိုတော့ စိတ်က တစ်မျိုးပေါ့ကွာ၊ ယောက်ျား တစ် ယောက်အနေ နဲ့ သူ့ အတွက် ဒီလောက်အထိ ဖြစ်သွားတယ်ဆိုတာ သိရတော့ ၀မ်းလည်းဝမ်းသာတာပေါ့၊ သူက လည်ပင်းကြီး ကောက်နေတဲ့ ပီတီကို သွားပြီး ကြည့်တယ်၊ အဲဒီနောက် မကြာပါဘူး။ သူတို့နှစ်ယောက် လက်ထပ်ကြတာပဲ၊ပီတိ တွက်ထားတဲ့အတိုင်း ဖြစ်လာတယ် ဆိုပါတော့ကွာ၊ ဘုရားရှိခိုးကျောင်းမှာ လက်ထပ်တာ ဆိုတော့ သူထင်တာ မလုပ်ဖြစ်ဘူးပေါ့။ ဘုန်းကြီးက မယားကောင်းဖြစ်အောင် နေရမယ်လို့ ပြောထားတော့ မယားကောင်းပီသအောင် နေသွားတဲ့သဘောပေါ့၊ အဲဒီအချိန်ကစပြီး ဂရေစီယာ ယောက်ျားတွေ ကို မြှူလား ဆွယ်လား မလုပ်တော့ဘူး၊ ပီတီကလည်း ချင်ကီး ဆီမှာ ငါးခွဲတဲ့အလုပ် ဆက်လုပ်တယ်၊ သူတို့ အိမ်ထောင်ဟာ သာသာယာယာပဲ၊ ဒီအဖြစ်မျိုးကျတော့ ဘုန်းကြီးတစ်ပါး တရားဟောတဲ့ အခါမှာ ထည့်ပြီး ဟောရမယ့် အဖြစ်မျိုးပဲ"

" အေး ဟုတ်တယ်၊ ဒီဇာတ်ကြောင်းထဲမှာ သင်ခန်းစာတွေ အများကြီးပါတယ်ကွ" ဟု ပီလွန်က ပြောသည်။ ကျန် လူများ ကလည်း ခေါင်းတညိတ်ညိတ်ဖြင့် ထောက်ခံကြသည်။
" ဂရေစီလို မိန်းမစားမျိုး တစ်ယောက်ကို ငါတက္ကဆက်စ် ပြည်နယ်ထဲမှာ တွေ့ခဲ့ဖူးတယ်" ဟု ဒင်နီက ပြော သည်။ " သူတို့နှစ်ယောက် ခြားနားတာ တစ်ခုပဲရှိတယ်။ ဟိုကောင်မက အကျင့်စာရိတ္တ လုံးဝပြောင်း မသွားဘူး၊ အားလုံးက သူ့ကို ဒုတိယတပ်စိတ် ရဲ့ မယားလို့ ပြောကြတယ်။ သူတို့ပေးထားတဲ့ နာမည်က မစ္စက် ဒုတိယတပ် စိတ်တဲ့"

ပက်ဘလိုက လက်တစ်ဖက်ကို မြှောက်လိုက်သည်။ " မင်းတို့ ၀င်မပြောကြနဲ့ဦး၊ ပီတီရဲ့ ဇာတ်လမ်းမှာ နောက် ဆက်တွဲတွေ ရှိသေးတယ်။ ဂျီးဆပ်စ်မေရီယာကို ဆက်ပြီး ပြောခွင့်ပေးလိုက်ကြပါဦး"
" အေး ဟုတ်တယ်၊ ကျန်သေးတယ်၊ နောက်ဆက်တွဲ ဇာတ်လမ်းက ဇာတ်သိမ်းမကောင်းဘူးကွ၊ ပီတီရဲ့ အဖေကြီးက မသေသေးဘူး၊ အသက်က ခြောက်ဆယ်ကျော်သွားပြီ၊ သူ့သားပီတီနဲ့ ဂရေစီတို့ လင်မယား အိမ် ခွဲသွားတော့ သူတစ်ယောက်တည်း ကျန်ခဲ့တယ်။ တစ်ယောက်တည်းဆိုတော့ အထီးကျန် နိုင်တာ ပေါ့ကွာ၊ သူက လည်း ပီတီနဲ့ အမြဲရှိသမျှ အိမ်ထဲမှာပဲ တငုတ်တုတ်တုတ် ထိုင်ပြီး စိတ်ထိခိုက် နေတာပေါ့။ တစ်နေ့ကျတော့ ဂရေစီရဲ့ ညီမတိုနီယာနဲ့ ဆုံမိကြတယ်။ တိုနီယာ က အသက် ဆယ့်ငါးနှစ် ရှိနေပြီ၊ သူက ဂရေစီထက် ပိုပြီးတော့ တောင် လှသေးတယ်။ စစ်သား တစ်ဒါဇင်ဝက်လောက်ကလည်း ခွေးမ တစ်ကောင် နောက်က ခွေးတစ်အုပ် လိုက်နေသလို တိုနီယာရဲ့ နောက်က တကောက်ကောက် လိုက်နေကြ တဲ့ အချိန်ပေါ့။

" အဲသလိုလည်း ပြန်တွေ့ကြရော အဘိုးကြီးဟာ သူ့သားပီတီဖြစ်သလို ဖြစ်တော့တာပဲ၊ တိုနီယာကို စွဲလမ်းပြီး စိတ်ဒုက္ခ အကြီးအကျယ် ဖြစ်တာပေါ့။ စားမ၀င် အိပ်မပျော်တဲ့ အဖြစ်မျိုးအထိ ရောက်လာပါလေရော၊ ပါးချောင် နားချောင်တွေကျပြီး သူ့မျက်လုံးတွေကလည်း ဆေးခြောက်သမား တစ်ယောက်ရဲ့ မျက်လုံးမျိုးတွေ ဖြစ်လာတာ ပေါ့၊ အဘိုးကြီးက ချိုချဉ်တွေ တိုနီယာကို လက်ဆောင်ပေးတယ်၊ တိုနီယာက ယူတယ်၊ ပြီးတော့ ထုံးစံအတိုင်း လှောင်တယ်၊ သရော်တယ်၊ အဘိုးကြီး က ကလေးရယ်၊ ငါ့ဆီလာပါဦး၊ ငါဟာ မင်းမိတ်ဆွေပါလို့ ပြောပေမယ့် တိုနီယာက အပါးကြီးပဲ၊ ဘယ်ရမှာလဲ။

" ဒါနဲ့ အဘိုးကြီးက သူ့စိတ်ထဲဖြစ်နေတာ ပီတီကို ပြောတယ်၊ ပီတီက ရယ်တာပေါ့၊ ဟာ အဖေကလည်း မဟုတ်တာ၊ အဖေ့ဘ၀မှာ မိန်းမတွေ အများကြီးနဲ့ တွေ့ခဲ့ပြီးပြီပဲ။ တော်ရောပေါ့၊ ဒီအသက်အရွယ်ရောက်တော့မှ ကလေးပေါက်စလေးတွေကို လိုက်ပြီး ကြိုးစားမနေချင်ပါနဲ့တော့လို့ ပီတီက ပြောသတဲ့၊ ဒါပေမယ့် ပြောလို့မရဘူး၊ အဘိုးကြီးမှာ စားလည်း တိုနီယာ၊ အိပ်လည်း တိုနီယာ ဆိုတာမျိုး ဖြစ်နေ တယ်၊ အဘိုးကြီးက မြက်ပင်တွေကြားမှာ ပုန်းပြီး တိုနီယာ သွားလာနေတာကို အမြဲ ချောင်းကြည့်နေတာပဲတဲ့။

" နောက်ကျတော့ အဘိုးကြီးက စတင်းဒတ် ဓာတ်ဆီဆိုင်မှာ အလုပ်ဝင်လုပ်တယ်၊ ဓာတ်ဆီဆိုင်မှာ ပန်းပင်တွေ ရေလောင်းတယ်၊ ကားမှန်တွေ ဘာတွေ ရေဆေးတယ်၊ အဲ သူရသမျှငွေကို စုပြီး တိုနီယာကို သကြားလုံးတို့၊ ဖဲ ပြားတို့ ဂါဝန် တို့ ၀ယ်ပြီး လက်ဆောင်ပေးတယ်၊ အံမယ် သူ့ပိုက်ဆံနဲ့ ဓာတ်ပုံတောင် ရိုက်ပေး လိုက်သေးတယ်၊ ဓာတ်ပုံက ရိုးရိုးတောင် မဟုတ်ဘူး၊ ရောင်စုံဓာတ်ပုံတဲ့။

" တိုနီယာကတော့ အဘိုးကြီးပေးသမျှ ယူတယ်၊ ပြီးတော့ ရယ်တယ်၊ အဘိုးကြီးကလည်း ရူးတော့မတတ် ခံစား နေရတယ်၊ ဒါနဲ့ပဲ အဘိုးကြီးက သူ့ချွေးမ ဂရေစီယာဟာ ဘုရားရှိခိုးကျောင်းမှာ လက်ထပ် လိုက်ကတည်း က ကောင်းသွားတယ်။ သူ့ညီမ တိုနီယာကလည်း သူ့လို လက်ထပ်လိုက်ရင် သူ့လို ကောင်းသွားမှာ မုချပဲလို့ တွေး သတဲ့၊ အဲဒီတော့ အရင်ကထက် ပိုပြီး ရယ်တာပေါ့"
" ဒီကိစ္စမှာ သူ့အပြစ် မဟ်ုတ်ဘူးကွ၊ အဘိုးကြီး မိုက်တာ" ဟု ပီလွန်က ၀င်ပြောသည်။ " အဘိုးကြီး တွေအနေနဲ့ ကလေးသာသာလောက် ရှိတဲ့ ကောင်မပေါက်စလေးတွေနောက် လိုက်ဖို့ ဘယ် သင့်တော် ပါ့မလဲ၊ သူတို့အနေနဲ့ နေဆာလှုံရမယ့် အရွယ်ကွ"

" ဒါကတော့ကွာ၊ ရာဗန်းနိုး မျိုးရိုးက သူများတွေနဲ့မှ မတူတာဘဲ" ဟု ဂျီးဆပ်စ်မေရီယာက စိတ်မရှည်သံဖြင့် ပြောသည်။
" ဘာပဲဖြစ်ဖြစ်ကွာ၊ ဒီအဘိုးကြီး ဒီလိုလုပ်တာကတော့ မကောင်းပါဘူး၊ သူ့သားပီတီကို သိက္ခာမဲ့အောင် လုပ်တာ နဲ့ အတူတူပဲပေါ့" ဟု ပီလွန်က ထပ်၍ ဟောဒကတက်သည်။
ပက်ဘလိုက ပီလွန်ကို မျက်စောင်းထိုးကြည့်သည်။ " ဂျီးဆပ်စ်မေရီယာ ပြောပါစေကွာ၊ အခုဟာ မင်းဇာတ် လမ်း မဟုတ်ဘူး၊ သူ့ဇာတ်လမ်းကွ၊ မင်းဇာတ်လမ်းကျတော့မှ မင်းပြောတာ ငါတို့ နားထောင်မယ် "
ဂျီးဆပ်စ်မေရီယာက ပက်ဘလိုကို ကျေးဇူးတင်သော မျက်နှာထားဖြင့် တစ်ချက် လှမ်းကြည့်လိုက်ပြီး သူ့ဇာတ် လမ်း ကို ဆက်ပြောသည်။
" ကြာလာတော့ အဘိုးကြီး သည်းမခံနိုင်တော့ဘူး၊ သူ့လက်ထဲ တိုနီယာရောက်လာအောင် ဘယ်လို လုပ်ရပါ့မလဲ လို့ စဉ်းစားတယ်၊ ဒါပေမယ့် သူက အသစ်အဆန်းမှ စိတ်မကူးတတ်ဘဲ။ ပီလွန်လို စိတ်ကူးကောင်း ရင်တော့ ဒီနေရာမျိုးမှာ သိပ်ဟန်ကျမှာပေါ့၊ သူက ပီလွန်နဲ့မှ မတူဘဲကိုး၊ သူက ဘယ်လိုတွေးသလဲဆိုတော့ ဂရေစီက ပီတီကို လက်ထပ်တာ ဘာကြောင့်လဲ။ ပီတီ ကြိုးဆွဲချလို့။ ငါလည်း ကြိုးဆွဲချတုန်း ဘယ်သူမှမလာရင် ငါရှောမှာ။ တစ်ယောက်ယောက်တော့ မလာလို့ မဖြစ်ဘူးလို့ တွေးသတဲ့။

" မင်းတို့လည်း ရောက်ဖူးကြသားပဲ၊ ဓာတ်ဆီဆိုင်က ပစ္စည်းတွေထားတဲ့ တဲလေ၊ မင်းတို့သိမှာပါ၊ တစ်မနက်ခင်းမှာ အဘိုးကြီးက တခြားအလုပ်သမားတွေ ရောက်မလာခင် အစောကြီး ဆိုင်ကိုသွားတယ်၊ အလုပ်ချိန်က ရှစ်နာရီထိုးမှ ဆိုတော့ တခြားလူတွေ မရောက်ကြသေးဘူး။ သူက ပစ္စည်းထားတဲ့ တဲထဲဝင်ပြီး ခုံတန်းလျားတစ်ခုပေါ်မှာ သူက တက်ရပ်ပြီး တခြားအလုပ်သမားတွေ ရောက်လာချိန်အထိ စောင့်နေတယ်။ တခြား လူတွေ ရောက်လာတာလည်း မြင်ရော သူ့လည်ပင်းကို ကြိုးကွင်းနဲ့စွပ်ပြီး သူ့ခြေထောက် အောက် က ခုံတန်းလျား ကို ကန်ထုတ်လိုက်တယ်၊ အဲဒီတုန်းမှာပဲ တံခါးကို လေက တစ်ချက်ဝင်ဆောင့်လိုက်တော့ ဗြုန်း ဆို ပိတ်သွားပါလေရော"

ဂျီးဆပ်စ်မေရီယာ၏ စကားကို နားထောင်နေကြသူ အားလုံးက ပြုံးနေကြသည်။ ဘ၀ဆိုသည်မှာ တစ်ခါတစ်ရံ တွင် အလွန်ရယ်စရာ ကောင်းသည်ဟုလည်း တွေးကြသည်။
" တခြားအလုပ်သမား တွေက သူ့ကိုတွေ့တော့တွေ့တယ် " ဟု ဂျီးဆပ်စ်မေရီယာက ပြောသည်။ " ဒါပေမယ့် နောက်တစ်နာရီလောက်ကြာမှ တွေ့တာ "
အားလုံး က ပြုံးနေကြဆဲ၊ သို့သော်လည်း သူတို့အပြုံးမျာ စောစောက အပြုံးနှင့်မတူ၊ ပြောင်းလဲသွားပြီဖြစ်၏။ " အဲဒါပဲ" ဟု ဂျီးဆပ်စ်မေရီယာက ပြောသည်။ " ရယ်စရာကောင်းတယ်၊ ဒါပေမယ့် ရင်နင့်စရာ လည်း ကောင်းတယ်"

" တိုနီယာ ကတော့ ဘာပြောသတဲ့လဲလ ဟု ပီလွန်က မေးသည်။ " ဒီကောင်မ သင်ခန်းစာ ရမသွားဘူးလား၊ သူ့ အနေအထိုင် ကော ပြောင်းမသွားဘူးလား"
" ဟင့်အင်း ပြောင်းမသွားပါဘူး၊ ပီတီက သူ့အဖေအကြောင်း ပြောပြတော့ သူက ရယ်သတဲ့၊ ပီတီကလည်း လိုက်ရယ် သတဲ့၊ ဒါပေမယ့် သူက သူ့အဖေလုပ်ပုံတွေ ရှက်တော့ ရှက်တာပေါ့။ တိုနီယာက ဘာပြောသလဲ ဆိုတော့ အဘိုးကြီးက တော်တော့ကို ရူးတာပဲလို့ ပြောသတဲ့၊ ပြီးတော့ ပီတီကို သူက လှမ်းကြည့်လိုက်သတဲ့၊ သူ့အကြည့် က ယောက်ျားတွေနဲ့ တွေ့ရင် ကြည့်လေ့ရှိတဲ့ အကြည့်မျိုးပေါ့။

" အဲဒီတော့ ပီတီက နင့်လို ခယ်မမျိုးရထားတာ ငါ့အဖို့ ကောင်းတယ်၊ တချို့ညတွေမှာ နင်နဲ့အတူ သစ်တော ထဲ လမ်းလျှောက် ထွက်ချင် လိုက်တာလို့ ပြောသတဲ့၊ တိုနီယာက ရယ်ပြန်ပြီး ပီတီ နဲ့ ခပ်လှမ်းလှမ်း ရောက်အောင် ထွက်ပြေးသွားသတဲ့၊ ပြီးတော့ ပြန်လှည့်လာပြီး ရှင်က ကျွန်မကို ဂရေစီလောက် လှတယ်လို့ ထင် ရဲ့လား လို့ မေးသတဲ့၊ အဲဒီနောက် အိမ်ထဲဝင်သွားတဲ့ ပီတီနောက်ကို လိုက်သွားရော "
" ဇာတ်လမ်း က မကောင်းပါဘူးကွာ " ဟု ပီလွန်က မှတ်ချက်ချသည်။ " အဓိပ္ပာယ်တွေကလည်း အများကြီး၊ သင်ခန်းစာ တွေကလည်း အများကြီး၊ တချို့ သင်ခန်းစာတွေက တစ်ခု နဲ့ တစ်ခု ဆန့်ကျင်ဘက် ဖြစ်နေလိုက် သေး တယ်၊ ဇာတ်လမ်းက ခေါင်းထဲထည့်ဖို့ ကောင်းတဲ့ဟာမျိုး မဟုတ်ပါဘူး"

" ငါတော့ ကြိုက်တယ်ကွ" ဟု ပက်ဘလိုက ပြောသည်။ " ဘာကြောင့်လဲဆိုတော့ လေးနက်တဲ့ အဓိပ္ပာယ် တစ်ခု ပါနေတယ်။ ဘာဆိုတာတော့ ငါမပြောတတ်ဘူး"
နေစွယ် ကျိုးသွားပြီး လေသည် ပူစပ်ပူလောင် ဖြစ်လာသည်။

" ကနေ့တော့ ပင်လယ်ဓားပြ ငါတို့အတွက် စားစရာ ဘာများ ယူလာမလဲ မပြောတတ်ဘူး" ဟု ဒင်နီ က ပြော သည်။
" ငါးကွမ်းရှပ် တွေ တော်တော်ရတယ်လို့ သတင်းကြားတာပဲ" ဟု ပက်ဘလိုက လှမ်းပြောသည်။

ပီလွန်၏ မျက်လုံးများသည် တလက်လက် တောက်ပလာသည်။ " ငါစဉ်းစားလို့ရတဲ့ အစီအစဉ်တစ်ခုရှိတယ်" ဟု သူက ဆိုသည်။ " ငါ ငယ်ငယ်တုန်းက မီးရထားလမ်းဘေးမှာ နေခဲ့ဖူးတယ်၊ နေ့တိုင်းပဲ မီးရထား လာပြီ ဆိုရင် ငါနဲ့ ငါ့အစ်ကိုတွေဟာ လမ်းဘေးက ကျောက်ခဲတွေနဲ့ ခေါင်းတွဲကို လှမ်းလှမ်းပြီး ထုကြတယ်၊ ရထားစက်ခေါင်း သမားက ငါတို့ကို ကျောက်မိးသွေးတုံးတွေနဲ့ ပြန်ပစ်တယ်၊ တစ်ခါတလေများ ကျောက်မီးသွေး တုံးတွေ အများကြီး ရတယ်၊ အဲသလို ရပြီဆိုရင် ငါတို့အမေဆီ ပြေးပို့ကြတာပဲ။

အခုလည်း ငါတစ်ခု တွေးမိတယ်၊ ငါတို့ အနေနဲ့ ကျောက်ခဲတွေကို သင်္ဘောဆိပ် ဗောတံတားအထိ သယ်သွားမယ်၊ တံငါလျေတွေ အနားက ဖြတ်သွားရင် သူတို့ကို အော်အော်ခေါ်ပြီး ခဲတွေနဲ့ လှမ်းထုမယ်၊ တံငါသည်တွေကလည်း ဘယ်နည်းနဲ့မဆို ဒေါသ ဖြစ်ပြီး ငါတို့ကို ပြန်ပစ်ချင်မှာပဲ။ သူတို့ လှေပေါ်မှာ ပြန်ပစ်စရာ ဘာပါသလဲ။ တက်မတွေနဲ့ ပစ်လို့ရမလား။ မရဘူး။ ပိုက်တွေနဲ့ ပြန်ပစ်မလား၊ မရဘူး၊ သူတို့ ပြန်ပစ်မယ် ဆိုရင် ငါးကွမ်းရှပ် တွေနဲ့ပဲ ပြန်ပစ် ရမယ်၊ ဘယ်နှယ့်လဲ ငါပြောတာ"

ဒင်နီက ၀မ်းသာအားရ ထရပ်သည်။ " ကောင်းလိုက်တဲ့ စိတ်ကူးကွာ" ဟု အော်ပြောသည်။ " ငါတို့ သူငယ်ချင်း ပီလွန်ကဖြင့် စိတ်ကူးကောင်းတဲ့နေရာမှာ ရှာမှ ရှားပဲဟေ့။ ပီလွန်သာ မရှိရင် ငါတို့ ဘာမှ လုပ်တတ်မှာတောင် မထင်တော့ဘူး၊ ကဲ သယ်ငယ်ချင်းတို့ လာကြ၊ သွားကြစို့၊ ကျောက်ခဲများများ ဘယ်နေရာမှာ ရနိုင်မယ်ဆိုတာ ငါသိတယ်"
" အေးကွာ၊ ငါးထဲမျာတော့ ငါးကွမ်းရှပ်ဟာ ငါ အကြိုက်ဆုံးငါးပဲဟေ့" ဟု ပက်ဘလိုက ပြောလိုက်သည်။
-------------------------------------
 ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Monday, January 10, 2011

တို့ဘဝ တို့ ကမ္ဘာ အပိုင်း (၂၈)

၁၄
ဒင်နီ ၏ အိမ်မှ သာယာသောဘ၀၊ လက်ဆောင်ရလိုက်သည့် ၀က်တစ်ကောင်၊ အရှည်ကြီးဘော့ပ်၏ ဒုက္ခနှင့် အဘိုးအို ရာဗင်းနိုး၏ လွဲမှားသော အချစ်

တော်လီလာဖလက်ရပ်ကွက်မှ ပီဆာနိုးများသည် စားပွဲတင်နာရီနှင့် လက်ပတ်နာရီများကို ဘယ်တော့မှ မသုံးချေ။ ဒင်နီနှင့် သူ့အပေါင်းအသင်းများထဲမှ တစ်ဦးတစ်ယောက်သည် အလွန်ထူးဆန်းသောနည်းဖြင့် လက်ပတ်နာရီတစ်လုံး တလေကို မကြာမကြာရလာတတ်သည်။ သို့သော်လည်း ကုန်ပစ္စည်းချင်း ဖလှယ်ရာ၌ အဖိုးထိုက်တန်သည့် ပစ္စည်းတစ်ခု အဖြစ်သာ လူကြိုက်များခြင်းဖြစ်၏။ သူတို့၏ ဘ၀တွင် လက်ပတ်နာရီ သည် အရေးပါ အရာရောက်သည့် ပစ္စည်းတစ်ခုမဟုတ်ပေ။ အချိန်နာရီ သိဖို့ဆိုရင် ရွှေရောင်လွှမ်း နေသော နေမင်းကြီး သည် သူတို့အတွက် အဖိုးမဖြတ်နိုင်သော နာရီကြီးဖြစ်သည်။ နေနာရီ သည် လက်ပတ်နာရီထက် ကောင်း၏။ ညပီးတော့ လက်ပတ်နာရီထက် ပို၍ လုံခြုံသည်။ အဘယ်ကြောင့် ဆိုသော် နေနာရီ ကို တော်ရဲလီးဆိုင်သို့ ပို့ပြီး အရက်နှင့် လဲ၍ မသောက်နိုင်ခြင်းကြောင့်ပေတည်း။

နွေရာသီတွင် နာရီလက်တံက ခုနစ်ဂဏန်းကို ညွှန်ပြသည့်အခါ အိပ်ရာမှထရန် အချိန်ကောင်းဖြစ်၏။ သို့သော် လည်း ဆောင်းရာသီ၌ ထိုအချိန်သည် လုံးဝ တန်ဖိုးမရှိတော့ပေ။ ဆောင်းရာသီ၌ဆိုလျှင် နေက ညွှန်ပြသော အချိန်သည်သာလျှင် အကောင်းဆုံးဖြစ်၏။ အမှန်တော့ နွေရာသီ၌ဖြစ်စေ၊ ဆောင်းရာသီ ၌ ဖြစ်စေ၊ ထင်းရှူးပင် ထိပ်ဖျားကို နေကျော်လာပြီး အိမ်ရှေ့ဆင်ဝင်ထက်သို့ နေရောင်ထိုးလာသော အချိန် သည် အိပ်ရာမှ ထသင့် သည့်အချိန်ဖြစ်၏။ အူနှင့် ဟောင်းလောင်း ဖြစ်နေသော ၀မ်းဗိုက် မလှုပ်ရှား တော့သည့် အချိန်ဖြစ်၏။

ပင်လယ်ဓားပြနှင့် သူ့ခွေးများသည် ဧည့်ခန်းထဲရှိ သူတို့အတွက် ပေးထားသော ထောင့်တွင် လုံလုံခြုံခြုံ နွေးနွေး ထွေးထွေး အိပ်ပျော်လျက်ရှိကြသည်။ ပီလွန်၊ ပက်ဘလို၊ ဂျီးဆပ်စ်မေရီယာ၊ ဒင်နီနှင့် ကောင်ကြီးဂျိုး တို့ ကတော့ အိပ်ခန်းထဲတွင် အိပ်နေကြသည်။ ဒင်နီသည် သနားကြင်နာတတ်ပြီး အပေးအကမ်း ရက်ရောသူ တစ်ဦး ဖြစ်သည်မှာ မှန်သော်လည်း သူ့အိပ်ရာကိုမူ သူမှတစ်ပါး အခြားလူများကို အိပ်ခွင့် မပြုချေ။ ကောင်ကြီးဂျိုးသည် ဒင်နိ၏ အိပ်ရာပေါ် တက်အိပ်ရန် နှစ်ကြိမ်မျှ ကြိုးစားခဲ့ဖူးသည်။ သို့သော်လည်း ကျူးကျော် ၍ မရသဖြင့် ဒင်နီ့အိပ်ရာ၏ တန်ဖိုးကို နားလည်သွားသည်အထိ တုတ်တစ်ချောင်း ဒဏ် ခံလိုက်သဖြင့် နောက်ထပ် တက်အိပ်ဖို့ မကြိုးစားဝံ့တော့ချေ။

ဒင်နီ၏ သူငယ်ချင်း များသည် ကြမ်းပေါ်၌ အိပ်ကြသည်ဖြစ်ရာ သူတို့၏ အိပ်ရာခင်းနှင့် စောင်များသည် တွေ့နေကျ မြင်နေကျ ပစ္စည်းများမဟုတ်။ ပက်ဘလို သည် သိုးရေသုံးချပ် စပ်ချုပ်ထားသည့် အရာကို စောင်အဖြစ် ခြုံအိပ်သည်။ ဂျီးဆပ်စ်မေရီယာတွင် အပေါ်ဝတ် ကုတ်အင်္ကျီရှည်ကြီး တစ်ထည်ရှိရာ သူ့ခြေ ထောက်နှစ်ဖက် ကို အင်္ကျီလက်မောင်း တစ်ဖက်တွင် သွင်းပြီး လက်နှစ်ဖက်ကို ကျန်အင်္ကျီ လက်မောင်း တစ်ဖက် တွင် သွင်းအိပ်သည်။ ပီလွန်ကတော့ ကော်ဇောဟောင်းတစ်ခု နှင့် သူ့တစ်ကိုယ်လုံးကို ပတ်၍ အိပ်သည်။ ကောင်ကြီးဂျိုးကတော့ အချိန်ရှိသမျှ ခွေးတစ်ကောင်ကဲ့ သို့ ကွေး၍အိပ် သည်။ သူ့ကိုယ်ပေါ်တွင် သူ့အင်္ကျီ နှင့် ဘောင်းဘီ မှ လွဲ၍ အခြားဘာမှမရှိ။

ကောင်ကြီးဂျိုးသည် ဘာပစ္စည်းကိုမှ သူ့လက်ထဲတွင် ကြာကြာမြဲအောင် ထိန်းသိမ်းနိုင်သူမဟုတ်။ သူ့လက်ထဲ သို့ ရောက်လာသည့် ပစ္စည်းတိုင်းကို ၀ိုင်နှင့် လဲသောက်ရာ၌ ပါရမီထူးသူ တစ်ဦးဖြစ်၏။ ဤသို့ဖြင့် သူတို့လူစုသည် တစ်ခါတစ်ရံတွင် ဟောက်သံများဖြင့် ဆူညံနေတတ်သော်လည်း အများအားဖြင့် သက်သောင့် သက်သာ အိပ်ကြရသည်။ အလွန် အေးသော ညတစ်ညတွင် ကောင်ကြီးဂျိုးသည် ပင်လယ်ဓားပြ ထံ မှ ခွေးတစ်ကောင်ကို ငှားပြီး သူ့ခြေထောက် များ အနွေးဓာတ်ရရန် အားထုတ်သည်။ သို့သော်လည်း သူ့သခင်ပင်လယ်ဓားပြ မှ လွဲ၍ ဘယ်သူ့ကိုမှ လူမထင်သော ခွေး က ကောင်ကြီးဂျိုး၏ ခြေထာက် ကို ကိုက်သဖြင့် ဒဏ်ရာရခြင်းသာလျှင် အမြတ်ထွက်ခဲ့လေသည်။

ဒင်နိ၏ အိမ်ပြတင်းပေါက်များတွင် ခန်းဆီးများ တပ်မထားပေ။ သို့သော်လည်း သဘာဝတရားက ဖန်တီးပေး ထားသဖြင့် ပြတင်းပေါက်မှန်များပေါ်တွင် ပင့်ကူအိမ်များသည် ဖုန်မှုန့်များရောကာ ခန်းဆီးများသဖွယ် ဖြစ်လျက် ရှိသည်။
" ပြတင်းပေါက် တွေကို ဆပ်ပြာနဲ့ တိုက်ပြီး ဆေးလိုက်ရင် ကောင်းမယ်" ဟု ဒင်နီက ပြောဖူးသည်။

ပီလွန် က သဘောမတူ။ " ပြတင်းပေါက်ကို ရေဆေးလိုက်ရင် အပြင်က အလင်းရောင်တွေ အများကြီး ၀င်လာလိမ့်မယ်" ဟု ပြောသည်။ " အိမ်ထဲမှာ အလင်းရောင် သိပ်များနေရင် ငါတို့ အပြင်ထွက်ပြီး အချိန်မဖြုန်း နိုင်ဘဲ ဖြစ်ကုန်မှာ။ ပြီးတော့လည်း ညညကျရင် လေ က သိပ်အေးတာ၊ အဲဒီအချိန်မျိုး ကျတော့ လည်း အပြင် က အလင်းရောင်ကို ရဖို့ မလိုပါဘူး"

ထိုအခါ ဒင်နီ က သူ့စိတ်ကူးကို အကောင်အထည် မဖော်တော့ပေ။ ပြတင်းပေါက်များသည် နဂိုအတိုင်းပင် တည် နေသည်။ ဤကြားထဲတွင် ယင်ကောင်များသည် တစ်ကောင်ပြီး တစ်ကောင် ပင့်ကူအိမ်များတွင် ၀င်၍ ငြိတွယ် ပြီး သူတို့၏ အသွေးအသားများကို ပင့်ကူမိသားစုအား ပူဇော်ကြသည်။ အချိန်တွေ ကြာလာသော အခါ ယင် ကောင်အသေများသည် ဖုန်မှုန့်များ၊ ပင့်ကူအိမ်များနှင့် လုံးထွေးကာ ပြတင်းပေါက်မှန်များတွင် ကပ်နေကြသည်။ ဤသို့ဖြင့် နေ့ခင်းနေ့လယ်မှာပင် အပြင်မှ အလင်းရောင်သည် အတွင်းသို့ မ၀င်နိုင် တော့ ဘဲ တစ်အိမ်လုံး အမြဲတစေ မှောင်မိုက်နေလေတော့သည်။

သူတို့အနေဖြင့် ငြိမ်းချမ်းစွာ အိပ်ကြရသည်ကား မှန်ပါ၏။ သို့သော်လည်း မနက်လင်း၍ ပြတင်းပေါက်မှန်များ ပေါ် နေရောင်ကျလာသည့်အခါတွင်မူ သူတို့အားလုံး အိပ်ရာမှ ထကြရလေတော့သည်။ ထိုအချိန်တွင် နေရောင် သည် အိမ်ထဲသို့ ရောက်အောင် မ၀င်နိုင်သဖြင့် သူတို့လူစုသည် အနွေးဓာတ်ကို မရကြတော့ပေ။ ထိုအချိန် တွင် အပြင်ဘက် အိမ်ရှေ့ဆင်ဝင်၌ နေရောင်များ ကျနေပြီဖြစ်၍ နွေးနွေးထွေးထွေး ရှိနေပြီဖြစ်၏။ ထို့ကြောင့် လည်း သူတို့သည် အိပ်ရာမှ မထချင် ထချင်နှင့် ထကာ ဖိနပ်များကို ရှာ၍ စီးကြသည်။ မီးမွှေးပြီး လက်ဖက်ခြောက် နှပ်ကာ လက်ဖက်ရည် တစ်ယောက်တစ်ခွက် သောက်ကြသည်။ ထို့နောက် အိမ်ရှေ့ ဆင်ဝင် တွင် တန်းစီ၍ ထိုင်ကာ နေစာလှုံကြသည်။ ယင်ကောင် များသည် သူတို့ အနီး ပတ်ပတ်လည်တွင် တ၀ီဝီ ပျံသန်း နေလျက်ရှိကြ၏။

အိပ်ချင်စိတ်ကား မပြေသေး။ တစ်ယောက်နှင့် တစ်ယောက် စကားမပြောမဖြစ်၍သာ ပြောနေကြသည်၊ စိတ် ကတော့ မပါ။ နှေးကွေးလေးလံလှ၏။ ကြာလာသောအခါတွင်မူ အခြေအနေ ပြောင်းလာသည်။ ပြောစရာ အကြောင်းတွေ အများကြီးရှိလာသည်။ စိတ်ဝင်စားစရာ အကြောင်းတွေကလည်း တစ်ခုပြီးတစ်ခု ပေါ်လာ သည်။ ထိုအခါ စကားပြောလို့ ကောင်းလာသည်။ သွက်လက်တက်ကြွလာသည်။ စိတ်အား ထက်သန် လာသည်။

သူတို့ကြားတွင် ရှိနေသော ရဲဘော်ရဲဘက်စိတ်သည် ပြန်လည် ရှင်သန်ကာ တည်ရှိလာသည်။ အများ အားဖြင့် သူတို့၏ အတွေးများသည် ကော်နဲလီယာရုဇ်ထံသို့ ရောက်သွားကြသည်က များ၏။ ယင်းကဲ့သို့ ဖြစ်ရခြင်း မှာလည်း အကြောင်းမဲ့တော့မဟုတ်။ ကော်နဲလီယာရုဇ်သည် နေ့စဉ်နေ့တိုင်း နေ့ရောညပါ ပြဿနာ ရှိ နေသူဖြစ်၏။ သူ့ပြဿနာများသည် စိတ်ဝင်စားစရာလည်း ကောင်းသည်။ ထူးလည်း ထူးဆန်းသည်။ သူဖြစ်လိုက်လျှင် ဖြစ်ရိုးဖြစ်စဉ်များ မဟုတ်။ သို့သော်လည်း သူ့ဖြစ်စဉ်များထဲတွင် ကိုယ်ကျင့် တရား ကောင်းမွန် ရေးအတွက် သင်ခန်းစာယူစရာဆို၍ ဘာတစ်ခုမျှ မရှိ။

ထိုနေ့မနက်က နေရောင်သည် ထင်းရှူးပင်များကြားမှ ဖောက်ထွင်းကာ တ၀င်းဝင်း တလက်လက် တောက်ပနေ သည်။ ခြောက်သွေ့နေသော မြေနံ့ နှင့် ကတ်စတီလီ နှင်းဆီပန်းနံ့များသည် လေထဲတွင် တသင်းသင်းပျံ့နေ သည်။ အခုလို သာယာနေသောအချိန်သည် ဒင်နီ တို့ လူစုအဖို့ အကောင်းဆုံးသော အချိန် ဖြစ်သည်။ သူတို့သည် သူတို့၏ မိတ်ဆွေ အပေါင်းအသင်းများအကြောင်း အတင်းအဖျင်း ပြော ကြသည်။ သို့သော်လည်း မကောင်း သောစိတ်ဖြင့်မဟုတ်။ စိတ်ဝင်စားစရာ အကြောင်းအရာအဖြစ် ထား၍ ပြောကြခြင်း။

" မနေ့က အဲလ်ဘတ်ရပ်စ်မတ်ဆင်နဲ့ ငါ တွေ့ခဲ့ရတယ်" ဟု ဒင်နီက ပြောသည်။ " သူ ကော်နဲလီယာ အိမ်က ပြန်လာတာ လို့ ပြောတယ်။ ကော်နဲလီယာဆိုတဲ့ ကောင်မက ဘာပြဿနာ တက်ပြန်သလဲ မသိဘူး၊ ဒီကောင်မက နေ့စဉ် လိုလို ပြဿနာရှိတဲ့ ကောင်မပါလား "
" ဒါက သူ့အထာပဲလေကွာ" ဟု ပက်ဘလိုက ပြောသည်။ " ကော်နဲလီယာမှာ အချစ်ပွဲနဲ့ ရန်ပွဲကလွဲလို့ တခြား ဘာမှ မရှိတာ မှ မဟုတ်ဘဲ"
" မင်းက သူ့ မှာ အဲဒီနှစ်ခုကလွဲပြီး တခြားဘာများ ရှိစေချင်သေးလို့လဲကွာ" ဟု ပီလွန်က မေးသည်။

" ဒီကောင်မက ဘယ်တော့မှ အေးအေးဆေးဆေး မရှိပါဘူးကွာ" ဟု ဂျီးဆပ်စ်မေရီယာ က စိတ်မကောင်း ဖြစ်သော လေသံဖြင့် ပြောသည်။
" သူကိုယ်တိုင်ကလည်း အေးအေးဆေးဆေး နေတတ်တဲ့ ကောင်မမှ မဟုတ်တာ" ဟု ပီလွန်က ပြောသည်။ " သူ့ကို အေးအေးဆေးဆေး နေခိုင်းလိုက်ရင် ချက်ချင်း အသက်ထွက်သွားမှာပေါ့၊  သူက ချစ်မယ်၊ ရန်ဖြစ်မယ် ဆိုတဲ့ မိန်းမစား တစ်ယောက်ကွ၊ မင်း ပြောဖူးတဲ့ စကားတစ်ခု ရှိတယ်လေ၊ အချစ်ပွဲရယ်၊ ရန်ပွဲရယ်၊ ပြီးတော့ ၀ိုင်ရယ်၊ အဲဒီ သုံးမျိုးသာ ရှိနေရင် လူတစ်ယောက်ဟာ တစ်သက်လုံး စိတ်ပျိုကိုယ်နု ဖြစ်နေ မှာပေါ့ ဆိုတဲ့ စကားလေ၊အဲဒီစကားဟာ ကော်နဲလီယာအတွက် အလွန်မှန်တဲ့စကားပဲ ပက်ဘလို၊ ဒါနဲ့ နေစမ်းပါဦး၊ မနေ့က ကော်နဲလီယာ ဘာဖြစ်တာလဲ "

ဒင်နီက အပေါ်စီးရလိုက်ပြီဟူသော မျက်နှာပေးဖြင့် ပီလွန်ကို ကြည့်သည်။ ပီလွန်သည် တော်တီလာဖလက် ရပ်ကွက် အတွင်း၌ ဖြစ်ပျက်သမျှကို သိသူဟု နာမည်တစ်လုံးနှင့် နေသူဖြစ်၏။ အခုကိစ္စကျတော့ သူမသိ။
 မင်းတို့ အားလုံး သိကြတာပဲ" ဟု ဒင်နီက ပြောသည်။ " ယောက်ျားတွေ ကော်နဲလီယာဆီ လာရင် လက်ဆောင် တစ်ခုခု ယူလာတတ်ကြတယ် မဟုတ်လား။ ကြက်တစ်ကောင်၊ ဒါမှမဟုတ် ယုန်တစ်ကောင်၊ ဒါမှ မဟုတ် ဂေါ်ဖိထုပ် တစ်ထုပ် စတဲ့ဟာမျိုး တစ်ခုခုပေါ့၊ အဖိုးတန်တဲ့ ပစ္စည်းတော့ မဟုတ်ပါဘူး။ ကော်နဲလီယာ က လည်း အဖိုးတန်တာ မတန်တာ အဒိက မဟုတ်ဘူး။

လက်ဆောင်ပါရင် သိပ်သဘောကျတတ်တယ် မဟုတ်လား၊ အဲ ... မနေ့ကတော့ အီမီလီယို မူရီယက်တားက ကော်နဲလီယာအတွက် ၀က်ပေါက်စ တစ်ကောင် လက်ဆောင်ယူလာသတဲ့။ ၀က်က ပန်းရောင်တဲ့၊ အဲဒီဝက်ပေါက်စကို အီမီလီယိုက လိုက်လို့ သူက ဒုန်းစိုင်း ပြေးခဲ့ရသတဲ့၊ နောက်ဆုံး လွတ်လာခဲ့တယ် ဆိုပါတော့၊ လွတ်လည်းလွတ်ရော သူက ကော်နဲလီယာဆီ တန်း လာခဲ့သတဲ့။
" အီမီလီယို ဆိုတဲ့ ကောင်ကလည်း လေအိုးတစ်ယောက်ပါကွာ၊ သူက ကော်နဲလီယာကို ၀က်တစ်ကောင် မွေးရ တာ သိပ်ကောင်းတယ်၊ ၀က်ဆိုတဲ့ အကောင်မျိုးက ဘာကျွေးကျွေးစားတဲ့ ကောင်မျိုး၊ မွေးလို့ ကောင်း တဲ့ တိရစ္ဆာန်၊ ဒီဝက်ကလေးကို ချစ်ပါ၊ ဒါပေမယ့် ဒီဝက်ကြီးလာရင်တော့ အချိုးပြောင်းလာလိမ့်မယ်၊ ယုတ်မာ ညစ်ညမ်း လာလိမ့်မယ်၊ အဲဒီအခါကျရင်တော့ သူ့ကို မချစ်နဲ့တော့၊ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အဲဒီဝက်က နင့်ကို ကိုက်ရင် နင်ဒေါသဖြစ်မယ်၊ အဲဒီတော့လည်း ဒီဝက်ကို သတ်ပြီး စားလိုက်ရုံပဲ၊ ဘယ်လောက် ကောင်းသလဲ လို့ ပြောသတဲ့"

ဒင်နီ၏ သူငယ်ချင်းများက ခေါင်းတညိတ်ညိတ် လုပ်၍ နားထောင်ကြသည်။ ပီလွန်က သူ့ထင်မြင်ချက်ကို ၀င် ပြောသည်။ " အီမိလီယို ဆိုတဲ့ ကောင်က လေကြီးပေမယ့် လူအ တစ်ယောက်တော့ မဟုတ်ဘူးကွ၊ တချို့နေရာ တွေမှာ အင်မတန် လည်တယ်၊ ဒီဝက်ကို အရင်းပြုပြီး သူ့သာယာမှုအတွက် ဘယ်လောက်များ ကပ်တွယ်သွားမှန်းမှ မသိတာ၊ ငါ သူနဲ့တွေ့ပြီး မေးကြည့်ရဦးမယ်"
" ၀က်အကြောင်း ဆက်ပြောစမ်းပါဦး" ဟု ပက်ဘလိုက ကြားဖြတ်မေးသည်။

ဒင်နီက ပြောလက်စ စကားကို ဆက်သည်။ " ကော်နဲလီယာက သူပေးတဲ့ ၀က်ကို ယူတယ်၊ အီမီလီယို အပေါ် မှာလည်း ထုံးစံအတိုင်း သိပ်ကောင်းလိုက်တယ်၊ ကိစ္စ၀ိစ္စ ပြီးလို့လစ်ရော သူက သေတ္တာဟောင်း လေးတစ်လုံး ကို မီးဖိုဘေးမှာထားပြီး ၀က်ပေါက်စကို အဲဒီထဲ ထည့်ထားသတဲ့။

" အဲဒီနောက်တော့ သူ့အပေါင်းအသင်း မိန်းမတွေက ၀က်ပေါက်စကို လာလာပြီး ကြည့်ကြသတဲ့။ သူ့ဝက်ပေါက်စကို ပွေကလိုက် ပိုက်လိုက် လုပ်တော့လည်း ကော်နီလီယာက သဘောကျတာပေါ့၊ တစ်နေ့ကျ တော့ ရာမီးရက်ဇ်က ၀က်ပေါက်စကို လာကြည့်ရင်းနဲ့ ၀က်မြီးကို တက်နင်းမိသတဲ့၊ ၀က်က အော်လိုက်တာ ကြွက်ကြွက်ကို ညံရောတဲ့၊ ရထားခေါင်းဆွဲ ဥသြမှုတ်သံထက်တောင် ဆိုးသေးသတဲ့၊ အဲဒီအချိန် မှာ အိမ်ရှေ့တံခါးကလည်း ပွင့်နေတော့ အပြင်ဘက်က ၀က်မကြီး သူ့ကလေးဆီ ပြေးဝင်လာ တာပေါ့၊ အဲဒီမှာ ပွဲကြီး ပွဲကောင်းက စတော့တာပဲ၊ စားပွဲတွေ ကျွမ်းထိုးမှောက်ခုံဖြစ်၊ ပန်းကန်တွေကျကွဲ၊ ကုလားထိုင်တွေ ကျိုးနဲ့ တစ်အိမ်လုံး ဗြောင်းဆန်သွားတာပဲတဲ့၊ ၀က်မကြီးက ရာမီးရက်ဇ်ကိုလည်း ကိုက်တယ်၊ ကော်နယ်လီယာရဲ့ စကက်ကိုလည်း ကိုက်ဆွဲလို့ ရစရာမရှိအောင် စုတ်ပြတ်ကုန်သတဲ့၊ သူတို့နှစ်ယောက်စလုံး မီးဖိုခန်းထဲ ၀င်ပြေး ပြီးတံခါးကို သော့ခတ်ထားတော့မှ ၀က်မကြီးက ပြန်သွားတယ်၊ ၀က်ပေါက်စ ကလည်း သူ့အမေ ၀က်မကြီးနောက်ကို လိုက်သွားတာပေါ့၊ သူက အီမီလီယိုကို ရိုက်မယ်လို့ တစ်ကြိမ်တည်း ကြိမ်းနေသတဲ့"

" အေး အဲဒါပဲ ကြည့်တော့" ဟု ပက်ဘလိုက ပြောသည်။ " ဘ၀ဆိုတာ အဲဒါပဲကွ၊ မင်းတို့ ငါတို့ စီစဉ်ထားတဲ့ အတိုင်း ဘယ်တော့မှ မဖြစ်ဘူး၊ အရှည်ကြီး ဘော့ပ်စမုတ် တစ်ယောက် သူကိုယ်သူ သက်သေဖို့အထိ ဖြစ်သွား တာဟာ အဲဒီလို အဖြစ်မျိုးနဲ့ ကြုံရလို့ပေါ့"
သူငယ်ချင်းများ၏ မျက်နှာများသည် ပက်ဘလိုဘက်သို့ လှည့်လာကြပြီး စိတ်ဝင်တစား ကြည့်နေကြသည်။

" ဘော့ပ်စမုတ်ကို မင်းတို့ သိကြပါလိမ့်မယ်" ပက်ဘလိုက ပြောသည်။ " သူ့ပုံပန်းက တကယ့် ကောင်းဘွိုင် ပုံမျိုးပဲ၊ ခြေတံက ရှည်ရှည်၊ လူလုံးလူဖန်က ပိန်ပိန်ပါးပါးကွ၊ ဒါပေမယ့် ဟေ့ မြင်းကောင်းကောင်း မစီးတတ်ဘူး၊ မြင်းရိုင်း နွားရိုင်း အစီးပြိုင်ပွဲတွေမှာ သူ ၀င်ပြိုင်လို့ကတော့ မြေကြီးပေါ် လိမ့်ကျပြီး ဖုတ်ထဲမှာ လူးနေတာက များတယ်ကွ သိလား၊ ခတ်တာက ဘော့ပ်ဆိုတဲ့ ငနဲက သူ့ကို လူအများက ၀ိုင်းပြီး အံ့သြကြ၊ ချီးမွမ်းကြ၊ သြဘာပေးကြတာကို သိပ် ခံချင်တယ်၊ အခမ်းအနား ဖွင့်ပွဲတွေမှာ လူတွေ တန်းစီ လျှောက်ပြီ ဆိုရင် သူက ဒိုင်လူကြီး လုပ်ချင်တယ်၊ ပွဲတစ်ခုခု ရှိပြီဆိုရင် ငါရှေ့ဆုံးက နေမယ်လို့ ဦးအောင်ပြောတဲ့ လူဟာ သူပဲ၊ ဟုတ်တော့ ဟုတ်တယ်ကွ၊ လောကကြီးမှာ ကိုယ့်ကိုယ်ကိုယ် ကြီးကျယ်ထင်ရှားတဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်ချင် တဲ့ လူဟာ ရှိတာပဲ၊ အဲဒီ လူစားမျိုးဆိုတာက လူအများဝိုင်းပြီး ကြည့်တာကို ခံချင်တယ်။

" တကယ်တော့ကွာ၊ ဒီလို လူစားဟာ သနားစရာ ကောင်းတဲ့ သတ္တ၀ါပဲကွ၊ မွေးကတည်းက အများက ၀ိုင်းပြီး ရယ်တာ သရော်တာ ခံရဖို့ ဖြစ်လာတဲ့ လူတစ်ယောက်ပဲ၊ တချို့ကတော့ ရယ်ကြတာပဲ၊ အဲ ... အဲဒီ အရှည်ကြီး ဘော့ပ်စမုတ်ကိုလည်း ရယ်တဲ့လူကပဲ သတ်တာပဲ။

" မင်းတို့ မှတ်မိချင်လည်း မှတ်မိကြဦးမှာပါ၊ လူတွေ တန်းစီပြီး လျှောက်တဲ့ ပွဲတစ်ပွဲမှာ သူက ရှေ့ဆုံးက အလံ ကိုင်လေကွာ၊ ဘော့ပ်က မြင်းဖြူကြီး တစ်ကောင်ပေါ်မှာ အခံ့သား ထိုင်လိုက်လာတယ်၊ အဲ အရေးပါ အရာရောက် တဲ့ လူကြီးတွေ ထိုင်နေတဲ့ ပွဲကြည့်စင်ရှေ့ တည့်တည့်လည်း ရောက်ကရော သူစီးလာတဲ့ မြင်းက အပူဒဏ် မခံနိုင်လို့ လေးဖက်ပစ်ပြီး လဲပါလေရော၊ ဘော့ပ်လည်း မြင်းပေါ်က လွင့်ကျသွားတယ်။ အလံ ကလည်း လက်ထဲက ပစ်လွှတ်လိုက်တဲ့ လှံတစ်ချောင်းလို အဝေးကြီးကို ရောက်သွားတယ်။

" သူ့ အဖြစ်က အဲဒါပါ၊ သိပ်ပြီး ကြီးကျယ်တဲ့ လူတစ်ယောက်ဖြစ်ဖို့ ကြိုးစားတိုင်း ကိုးရိုးကားရား တစ်ခုခု ဖြစ်ပြီး လူတိုင်းက ၀ိုင်းရယ်တာကို ခံရတာချည်းပဲ၊ မင်းတို့ မှတ်မိကြလိမ့်ဦးမယ်လို့ ထင်ပါတယ်။ သူ ခွေးလေ ဖမ်းဆီးရေးမှူး လုပ်နေတုန်းက မွန်းလွဲပိုင်းဆိုရင် သူ ခွေးဖမ်းထွက်တယ်။ သူ ခွေးဖမ်းထွက်ပြီဟေ့ဆိုရင် မြို့ထဲက လူတွေက ပွဲကြည့်သလိုပဲ ၀ိုင်းပြီး ကြည့်လေ့ရှိတယ်။ တစ်ရက်မှာ သူက ခွေးတစ်ကောင်ကို ကြိုးကွင်းနဲ့ ပစ်ဖမ်းတယ်၊ ခွေးက ဖျတ်ခနဲ ဆောင့်ကြောင့်ထိုင်လိုက်တော့ ကြိုးက မိမိရရ မစွပ်မိတော့ဘူး၊ ခွေး ထွက်ပြေး တော့ သူပါ တ`၇ွတ်တိုက် ပါသွားရော၊ ဟာ ဘာပြောကောင်းမလဲ၊ ဘေးက ရပ်ကြည့် နေကြ တဲ့ လူတွေက ဟားတိုက်ပြီး ရယ်ကြတာပေါ့။

သူလည်း သိပ်ရှက်သွားတယ်၊ ငါ့ကိုယ်ငါ သက်သေလိုက်တော့မယ်၊ ဒါဆိုရင် လူတွေအားလုံး ၀မ်းနည်းကြမှာပဲ၊ သူတို့ ငါ့ကို ၀ိုင်းပြီး ရယ်မိကြတဲ့အတွက် စိတ်မကောင်းဖြစ်ကုန်ကြမှာ သေချာတယ်လို့ တွေးသတဲ့၊ အဲ ... နောက်ပြီးတော့မှ တစ်ခါ " ဒါပေမယ့် ငါ့ကိုယ်ငါ သက်သေလိုက်ရင် ငါပဲ သေသွားမှာပဲ၊ သူတို့တစ်တွေ၊ ဘယ်လောက်အထိ စိတ်မကောင်းဖြစ်ကြတယ်ဆိုတာကို ငါ သိနိုင်ပါဦးတော့မလား" လို့ တစ်မျိုးထပ်တွေးမိပြန်တယ်။ အဲသလို တွေး မိတော့ အစီအစသ် တစ်ခု လုပ်တယ်၊ သူလုပ်တဲ့ အစီအစဉ်က ငါ့အခန်းကို တစ်စုံတစ်ဦး လာတဲ့အချိန်ထိ ငါ စောင့်နေမယ်၊ တစ်ယောက်ယောက် ၀င်လာပြီဆိုတော့မှ ငါ့ပစ္စတိုနဲ့ ငါ့ခေါင်းကို ချိန်ထားလိုက်မယ်၊ အဲဒီအခါ ကျရင် သူက ငါ့ကို တားမယ်၊ ငါ့ကိုယ်ငါ သေနတ်နဲ့ ပစ်မသေပါဘူးဆိုတဲ့ ကတိကို သူက တောင်းလိမ့်မယ်ဆိုတဲ့ စိတ်ကူးနဲ့ လုပ်ထားတဲ့ အစီအစဉ်ကွ၊ သူတွေးပုံက အဲသလိုကွ၊ သိလား။

" အဲသလိုတွေးပြီး သူ အိမ်ပြန်သွားရော၊ လမ်းမှာ တွေ့တဲ့လူတိုင်းက ခွေးလေဖမ်းလို့ ရခဲ့သလား ဘော့ပ်လို့ မေး ကြတယ်၊ အိမ်ပြန်ရောက်တော့ သူစိတ်က ပိုပြီး ထိခိုက်လာတယ်။ သူ့ပစ္စတိုကို ထုတ်ပြီး ကျည်ဆန် ထည့် တယ်၊ ပြီးတော့ မိတ်ဆွေတစ်ယောက် အိမ်ရောက်အလာကို စောင့်တယ်။

" သူ့ အစီအစဉ်ကို ဘယ်လို အကောင်အထည် ဖော်မယ်ဆိုတာကို စဉ်းစားတယ်၊ ပစ္စတို သေနတ်နဲ့ ဘယ်လို ချိန်ပြီး ဘယ်လို လုပ်လိုက်မယ် ဆိုတာ မျိုးပေါ့ကွာ၊ အဲ သူ လုပ်ကိုင်နေတာကို သူ့မိတ်ဆွေတွေက မြင်ရင် " ဟေ့ မင်း ဘာလုပ်မလို့လဲ၊ မင်းကိုယ်မင်း သေနတ်နဲ့ ပစ်မလို့လား၊ မလုပ်နဲ့လေကွာ" လို့ ပြောမယ်၊ အဲဒီအခါမှာ သူက လူတွေ ဆိုးသွမ်းယုတ်မာလွန်းလို့ လူ့ပြည်မှာ မနေချင်တော့ဘူးလို့ သူက ဖြေလိုက်မယ်ပေါ့၊ သူက သူ့စိတ်ကူးနဲ့သူ အဲသလို တွေးနေတယ်။

" အဲသလို တွေးရင်းတွေးရင်းနဲ့ စောင့်နေလိုက်တာ တစ်ကောင်မှ ပေါ်မလာဘူး၊ နောက်တစ်နေ့ ဆက်စောင့် တော့လည်း တစ်ယောက်မှ ပေးမလာဘူး၊ ဒါပေမယ့် နောက်တစ်ညကျတော့ ချာလီမီးလား ရောက်လာပါ လေရော၊ ချာလီမီးလား ဆင်ဝင်အောက် ရောက်လာတာကို သူကြားတော့ ဘော့ပ် ပစ္စတို သေနတ်ပြောင်းဝ ကို သူ့ခေါင်းမှာ တေ့ထားလိုက်တယ်၊ မြင်ရတဲ့လူ ပိုပြီး ယုံကြည်သွားအောင် သေနတ်မောင်းကိုလည်း တင်ထား လိုက်တယ်၊ ပြီးတော့ သူ ငါ့ကို တရားချတော့မှာပဲ၊ သူ တရားချတာကို ငါက နားထောင်လိုက်မယ်လို့ တွေး လိုက်သေးတယ်။

" ချာလီမီးလားက တံခါးဖွင့်ပြီး ၀င်လာရော၊ ဘော့ပ်က ပစ္စတိုနဲ့ သူ့ခေါင်းသူ ချိန်ထားတာမြင်ရော၊ ဒါပေမယ့် သူက ဘာမပြော ညာမပြောနဲ့ လန့်ဖျပ်ပြီး အတင်း ၀င်ဆွဲပါလေရော၊ အဲဒီတော့ သေနတ်ကျည်ဆန် ထွက်သွား တာပေါ့၊ ကျည်ဆန်က ရိုးရိုးတန်းတန်း ထွက်တယ်ဆိုရင် ဟုတ်သေးတယ်။ အခုဟာက ဘော့ရဲ့ နှာခေါင်း ထိပ်ဖျားကို ရှပ်မှန်သွားတာ ဆိုတော့ နှာခေါင်းထိပ်က ပြတ်ပါသွားတာပေါ့ကွ၊ အေး အဲဒီ နောက်တော့ လူတွေက အရင်ကထက် ပိုပြီး ရယ်ကြတာပေါ့၊ သူ့အကြောင်းက သတင်းစာထဲ ပါလာ လိုက်သေးတယ်။ အဲဒီတော့ တစ်မြို့လုံးက ၀ိုင်းရယ်ကြတာပေါ့။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>