Showing posts with label မောင်ပေါ်ထွန်း ဘာသာပြန် ကမ္ဘာရန်. Show all posts
Showing posts with label မောင်ပေါ်ထွန်း ဘာသာပြန် ကမ္ဘာရန်. Show all posts
Monday, June 14, 2010
မောင်ပေါ်ထွန်း ဘာသာပြန် ကမ္ဘာရန် အပိုင်း (၄၂)
အခန်း (၄၂)
ဝီလျံလိုဝယ်ကိန်း၏ အသုဘအခမ်းအနားသည် အလွန်စည်ကားသည်။
    ရစ်ချတ်နှင့် ဖလော်ရင်တီနာတို့က ကိတ်၏ လက်ယာဘက်ဘေးတွင် ရပ်နေကြသည်။ ဗာဂျင်နီယာနှင့် လူစီတို့က လက်ဝဲဘက်ဘေးတွင် ရပ်နေကြသည်။ အဘွားကိန်းသာ ရှိနေခဲ့ဦးမည်ဆိုလျှင် အသုဘရှု လူထု ပရိတ်သတ်ကြီး ကို ကြည့်၍အလွန်သဘောကျပေလိမ့်မည်။
    လုထုပရိတ်သတ်ထဲတွင် အထက်လွှတ်တော်အမတ်သုံးဦး၊ အောက်လွှတ်တော် အမတ်ငါးဦး၊ ခရစ်ယာန် ဂိုဏ်းအုပ် ခင်ကြီးနှစ်ဦးတို့အပြင် နာမည်ကြီးဘဏ်တိုက်များမှ ဥက္ကဌကြီးများနှင့် "ဝေါစထရိဂျာနယ်" သတင်းစာ ကြီး၏ ပိုင်ရှင်တို့ကိုလည်း မြင်တွေ့ကြရသည်။
    လက်စတာဘဏ်တိုက် ဥက္ကဌသစ် ဂျိတ်ခ်ဆေသာမတ်နှင့် ဘုတ်အဖွဲ့ဝင် လူကြီးအားလုံးလည်း စုံစုံညီညီ တက်ရောက်ကြသည်။ ၀တ်ပြုဆုတောင်းသောအခါ ၀ီလျံကိန်းဘယ်တော့မှ မယုံကြည်ခဲ့သော ထာဝရ ဘုရားသခင် အား ၄င်းတို့အားလုံးကပင် ဦးညွှတ်ရိုသေပြုကြသည်။
    သို့သော် လူထုပရိသတ်နောက်ကွယ်တွင် ရပ်နေသော အဘိုးအိုနှစ်ယောက်ကိုမူ မည်သူကမျှ သတိမထားမိကြ။ သူတို့နှစ်ယောက်ကလည်း အများနည်းတူပင် ဦးညွှတ်၍ ဆုတောင်းမေတ္တာပို့ ကြသည်။ သူတို့ နှစ်ယောက်ကို ကြည့်ရသည်မှာ သူများတွေနှင့် တခြားစီလို ထင်နေကြဟန်တူသည်။ သူတို့ နှစ်ယောက် သည် အခမ်းအနားသိ့ မိနစ်အနည်းစီ နောက်ကျပြီးမှ ရောက်လာကြသည်။ အခမ်းအနား ပြီးလျှင် ပြီးချင်း နှစ်ယောက်စလုံး ပြန်ထွက်သွားကြသည်။
    ဖလော်ရင်တီနာက ခြေတစ်ဖက် ခပ်ဆာဆာဖြင့် လျှောက်ထွက်သွားသော အရပ်ပုပု အဘိုးအိုအား မှတ်မိသလိုလို ထင်လိုက်မိသည်။ သူမက ရစ်ချတ်ကို ပြောပြလိုက်သည်။ သို့သော် သူတို့က သည် အကြောင်း ကို ကိတ်ကိုတော့ ပြန်မပြောမိကြ။
    နောက်သုံးလေးရက်အကြာတွင် ဖော်ပြပါအဘိုးအိုနှစ်ယောက်အနက် အရပ်ရှည်ရှည် အဘိုးအိုသည် ပဉ္စမအဲဗင်းနယူးလမ်းမှ ဖက်ရှင်တိုက်တွင် ဖလော်ရင်တီနာနှင့် တွေ့ဆုံရန် လာခဲ့သည်။ သူမသည် ရက်ပိုင်း အတွင်း ဆန်ဖရန်စစ္စကိုမြို့သို့ ခရီးထွက်မည်ဟု ကြားရ၍ ခရီးမထွက်မီ အကူအညီတောင်းရန် လာခဲ့ခြင်း ဖြစ်သည်။
    အဘိုးအိုက သူ့ဆန္ဒကို လိပ်ပတ်လည်အောင် စိတ်ရှည်လက်ရှည် ရှင်းပြသည် ဖလော်ရင်တီနာကလည်း စိတ်ပါ လက်ပါ နားထောင်နေသည်။
    အဘိုးအိုစကားဆုံးသွားသောအခါ သူ့ဆန္ဒအတိုင်း သူမက ၀မ်းမြောက်ဝမ်းသာ ကူညီပါမည်ဟု ကတိ ပေးသည်။
    နောက်တစ်နေ့ညနေတွင် နယ်စားဟိုတယ်သို့ ရစ်ချတ်နှင့် ဖလော်ရင်တီတို့ ရောက်လာကြသည်။
    ဂျော့နိုဗက်က လှိုက်လှဲဝမ်းသာ ဆီးကြိုသည်။ ထို့နောက် ဧည့်သည်များကို ၄၂ထပ်သို့ ခေါ်ဆောင် လာခဲ့သည်။
    အဘိုးအိုအေဘယ်မှာ ဇရာနှင့် ဝေဒနာဖိစီး၍ အိပ်ရာထဲတွင် ဗုန်းဗုန်းလဲနေရှာပြီ။ သူ့နှာခေါင်းဖျားတွင် လခြမ်းပုံ မျက်မှန်ကြီးကိုတပ်ကာ သမီးနှင့် သမက်တို့အား အားယူ၍ စိုက်ကြည့်နေရှာသည်။ ဖလော်ရင် တီနာ သည် ဖခင်ကြီးအား ရုတ်တရက် မမှတ်မိချင်သလို ဖြစ်နေမိသည်။
    အချိန်ကာလ ဆယ်နှစ်တာပင် ကြာညောင်းခဲ့လေပြီကော
    အဘိုးအိုက အားယူပြီး ပြုံးကြည့်နေသည်။
    ထို့နောက် ဖခင်ကြီးနှင့် ချစ်သမီးတို့က တစ်ယောက်တစ်ယောက်ဖက်ကာ အတိတ်က ပျော်ခဲ့ရသော အဖြစ် အပျက်တွေကို တတွတ်တွတ်နှင့် စားမြုံ့ပြန်ကြသည်။ နှစ်ယောက်သား ရယ်လည်းရယ်ကြသည်။ ငိုလည်း ငိုကြသည်။
    ပြီးတော့မှ အဘိုးအိုက သမက်ဖြစ်သူအား တောင်းပန်စကားဆိုသည်
    'ငါ့ကိုခွင့်လွှတ်ပါ ရစ်ချတ်၊ ပိုလန်လူမျိုးတွေဟာ စိတ်ထားပျော့ပျောင်းတတ်ကြပါ တယ်ကွယ်'
    'ကျွန်တော်လည်း သဘောပေါက်ပါတယ် ဦး၊ ကျွန်တော့်ကလေးတွေလည်း ပိုလန်ကပြား ကလေးတွေပါ'
    နောက်ပိုင်းတွင် သူတို့အားလုံး ညနေစာတစ်ပျော်တစ်ပါး စားကြသည်။  အဘိုးအို ဘေဘယ်သည် သမီးကို ပြန်တွေ့ရ၍ ၀မ်းသာမှု့ကြောင့် ခါတိုင်းထက် မြိန်မြိန်ရှက်ရှက်စားသည်။
    သူက အနာဂတ်စီမံကိန်းတွေကို ပြောပြသည်။ သူ့ဟိုတယ်လုပ်ငန်း၏ မြိန်မြိန်ရှက်ရှက် စားသည်။
    သူကအနာဂတ်စီမံကိန်းတွေကို ပြောပြသည်။ သူ့ဟိုတယ်လုပ်ငန်း၏ ကောင်းသော အလား အလာတွေကို တွက်ပြသည်။
    'တို့ဟိုတယ်တိုင်းမှာ "ဖလော်ရင်တီနာဖက်ရှင်ဆိုင်" တစ်ဆိုင်ကျစီဖွင့်ရမယ်"ဟု သူက ၀မ်းမြောက် ၀မ်းသာ ကြွေးကြော်သည်။ ဖလော်ရင်တီနာက ရယ်ပြီးသဘောတူသည်။
    အဘိုးအိုက ကွယ်လွန်ရှာလေသူ မစ္စတာဝီလျံကိန်းအကြောင်းကို ဆက်လက်ပြောပြသည်။ သူ၏ကျေးဇူးရှင်ကြီးအတွက် အလွန်စိတ်မကောင်း ဖြစ်မိကြောင်း ရစ်ချတ်အား ပြောပြသည်။
    သူသည်မစ္စတာဝီလျံကိန်းအပေါ်တွင် မိသသားဆိုးရွားစွာဖြင့် နှစ်ပေါင်းများစွာ အမှားတွေ ကျူးလွန် ခဲ့မိသည့် အတွက် နောင်တကြီးစွာရမိသည်။ သူကောင်းစားရေးအတွက် ကန့်လန့်ကာနောက်ကွယ်မှနေ၍ ရက်ရောစွာ ထောက်ပံ့ကူညီခဲ့သော ကျေးဇူးရှင်ကြီးအား အသက်ထင်ရှားရှိစဉ်က ကိုယ်တိုင်ကိုယ်ကြပ် တောင်းပန် ၀န်ချခြင်း မပြုလိုက်ရသည့်အတွက် ယူကျုံးမရ ဖြစ်မိသည်။
    'ဒါပေမဲ့အဖြစ်မှန်ကို သူလည်း သဘောပေါက်သွားပါလိမ့်မယ်ဦး'
    ရစ်ချတ်က အဘိုးကြီးစိတ်သက်သာအောင် နှစ်သိမ့်စကားဆိုသည်
    'သူဆုံးတဲ့နေ့က တို့နှစ်ယောက် တွေ့ကြသေးတယ်ကွယ့်'
    ဖလော်ရင်တီနာနှင့် ရစ်ချတ်တို့က အဘိုးကြီးအား အံ့သြသောမျက်နှာဖြင့် စိုက်ကြည့်လိုက်ကြသည်။
    'ဟုတ်ပါတယ်၊ တို့နှစ်ယောက်တကယ်တွေ့လိုက်ကြတယ်၊ သုားတို့သမီးတို့ရဲ့ ဖက်ရှင်တိုက်ဖွင့်ပွဲကို သူလည်း တိတ်တိတ်ကလေးလာကြည့်တယ်၊ ဖေဖေကလည်း တိတ်တိတ်ကလေးသွားကြည့်တယ် သူကအပြန် အဖေကအသွား၊ လမ်းပေါ် ဘေးချင်းယှဉ်ပြီး ဖြတ်ကျော်သွားကြတယ်၊ သူကဖေဖေ့ကို ဦးထုပ်မြှောက် ပြတယ်၊ ဖေဖေကလည်း ပြန်ပြီး ဦးထုပ်မြှောက်ပြလိုက်တယ်၊ ဒါလောက်ဆိုရင်ပဲ ကျေနပ် လောက်ပါပြီကွယ်၊ ကျေနပ်လောက်ပါပြီ'
    ထို့နောက် အေဘယ်က သမီးနှင့်သမက်ထံတွင် အချက်တစ်ချက်ကို မေတ္တာရပ်ခံသည်။ နောက် ကိုးလ အကြာတွင် ပိုလန်နိုင်ငံ ၀ါဆောမြို့၌ ပြုလုပ်မည့် နယ်စားဟိုတယ်ဖွင့်ပွဲသို့ သူ့ကို လိုက်ပို့ ကြရန် တောင်းပန် သည်။
    သူကစားပွဲစောင်းကို လက်နှင့်တဒေါက်ဒေါက်ခေါက်ရင်းမှ ပြောလိုက်သည်။
    'သားတို့သမီးတို့ တွေးကြည့်စမ်းပါ၊ ၀ါဆောနယ်စားဟိုတယ်ကို နယ်စားကုမ္ပဏီဥက္ကဋ္ဌ ကိုယ်တိုင်ဖွင့်လှစ်တာ ဘယ်လောက်များ ၀မ်းသာစရာကောင်းလိမ့်မလဲလို့'
နောက်လများတွင်လည်း ရစ်ချတ်နှင့် ဖလော်ရင်တီနာတို့သည် ဖခင်ကြီးထံသို့ မပြတ်လိုလို လာရောက် ပြုစုကြသည်။ ဖခင်ကြီးမှာ ရုပ်အားဖြင့် တော်တော်ကျဆင်းနေပြီ ဖြစ်သော်လည်း စိတ်အားကတော့ တက်ကြွ ဆဲပင် ရှိသေးသည်။
    ဖလော်ရင်တီနာမှာ ဖခင်ကြီးနားမှ တစ်ဖ၀ါးမျှ မခွာရက်အောင်ပင် သံယောဇဉ်ကြီးထွား လာခဲ့သည်။
    ဖခင်ကြီးကလည်း၊ ရစ်ချတ်အား သားအရင်းတမျှ ချစ်ခင်လာခဲ့သည်။ မြေးကလေးနှစ်ယောက်ကိုလည်း ငုံထားမတတ်ချစ်ရှာသည်။ မြေးမကလေးနာမည်က အန်နာဘယ်လ်တဲ့။ နားဝင်ချိုပြီး ခေတ်မီလိုက်တဲ့ နာမည် ပါပဲ။
    အေဘယ်သည် တစ်သက်တာတွင် သည်တစ်ကြိမ်လောက် တစ်ခါရံထူးမျှ ၀မ်းသာကြည်နူးခြင်း မဖြစ်ခဲ့စဖူး။ သူ့အဖို့ လူ့ဘ၀တွင် နေပျော်ပြီ။ သေရကျိုးနပ်ပြီ။ နောက်ဆုံးရည်မှန်းချက်ကတော့ မွေးရပ်ဌာနေ ပိုလန်မြေသို့ ပြန်ပြီး "၀ါဆောနယ်စား ဟိုတယ်ကြီး"ကို သူကိုယ်တိုင် ဖွင့်လှစ်ရန် ပြင်းပြ နေသော ဆန္ဒ။
နောက်ခြောက်လကြာသောအခါ "၀ါဆော်နယ်စားဟိုတယ်"ကြီးကို နယ်စားကုမ္ပဏီ ဥက္ကဌသစ်က တက်ရောက် ဖွင့်လှစ်သည်။ မူလက ကိုးလကြာမှ ဖွင့်လျစ်ရန် စီစဉ်ထားခဲ့သော်လည်း အခြေအနေများ ပြောင်းလဲ သွား၍တစ်ကြောင်း၊ စောစောစီးစီး ဆောက်လုပ်ပြီးစီးသွားသောကြောင့် တစ်ကြောင်းတို့ကြောင့် စောစော စီးစီးပင် ဖွင့်လှစ်လိုက်ရခြင်း ဖြစ်သည်။
    နယ်စားကုမ္ပဏီ၏ ဥက္ကဌသစ်အဖြစ် ဖလော်ရင်တီနာက အဖွင့်မိန့်ခွန်းပြောကြားရာတွင်
    'အခုလို အလွန်လှပခမ်းနားတဲ့အတွက် ဂုဏ်ယူဝမ်းသာမိပါတယ်၊ တစ်ချိန်တည်းမှာပင် ကျွန်မရဲ့ ကျေးဇူးရှင်ဖေဖေဟာ သူမကွယ်လွန်ခင် ရည်မှန်းထားခဲ့တဲ့အတိုင်း သူ့ရဲ့ဇာတိ မွေးရပ်မြေမှာ သူပိုင် ဟိုတယ်ကြီး ကို သူကိုယ်တိုင် ဖွင့်မသွားနိုင်ခဲ့တာကိုဖြင့် ကျွန်မအနေနဲ့ တွေးလိုက်တိုင်း ၀မ်းနည်းလို့ မဆုံး အောင် ဖြစ်မိရပါတယ်ရှင်'ဟူ၍ မျက်ရည်စက်လက်ဖြင့် ပြောရှာလေသည်။
    အချစ်အမုန်း၊ အတိုက်အခိုက်၊ အလွမ်းအဆွေးတို့ဖြင့် ယက်ခြယ်ရောပြွမ်းနေသော ဤဇာတ်လမ်း ရှည်ကြီးကို အလုံးစုံသိမ်းရုပ်၍ နိဂုံးချုပ်လိုက်သောအခါ…
    လွန်လေသူ ကမ္ဘာကျော်ဟိုတယ် လုပ်ငန်းရှင် သူဌေးကြီး အေဘယ်ရို့စနော့စကီး၏ ဥယျာဉ်ခြံမြေ အိုးအိမ် တိုက်တာ စီးပွားရေးလုပ်ငန်းနှင့်တကွ ပစ္စည်းဥစ္စာ ရွှေငွေ ရတနာအမွေအားလုံးကို (မဆိုစလောက် သော ပစ္စည်းကလေး တစ်ခုမှတစ်ပါး) သမီးဖြစ်သူ ဖလော်ရင်တီနာအား သေတမ်းစာဖြင့် အသေအချာ ပေးအပ် ခဲ့လေသည်။
    'အဆိုပါ မဆိုစလောက်သော အမွေပစ္စည်းလေးကို သေတမ်းစာတွင် "နယ်စားကြီး အေဘယ် ရို့စနော့စကီး" ဟူ၍ ကမ္ဗည်းစာတန်း ရေထွင်းထားသော၊ အမြင်အားဖြင့် သေးငယ်သော်လည်း အလွန် ရှားပါး ၍ တန်ဖိုးမဖြတ်နိုင်သော ငွေလက်ကောက်ကွင်းကလေးမျှသာ ဖြစ်သည်'ဟူ၍ သေတမ်းစာတွင် ဖော်ပြ ထားလေသည်။
    ထိုပစ္စည်းကို အမွေဆက်ခံရရှိသူကား ကွယ်လွန်သူ အေဘယ်ရို့စနော့စကီး၏ မြေးဖြစ်သူ ၀ီလျံ အေဘယ်ကိန်း မှ တစ်ပါး အခြားဘယ်သူ ဖြစ်နိုင်ပါတော့မည်နည်း။
ပြီးပါပြီ
.
>>>ဆက်ဖတ်ရန်>>> >>
Sunday, June 13, 2010
မောင်ပေါ်ထွန်း ဘာသာပြန် ကမ္ဘာရန် အပိုင်း (၄၁)
 အခန်း (၄ဝ) ကျော်သွားတဲ့ အတွက် အောက်မှာ ပြန်တင်ထားပေးပါတယ် ကျေးဇူးပါ AATO
အခန်း (၄၁)
အေဘယ်သည် စာအိတ်ကို ခုတင်ဘေးမှာ စာပွဲပေါ်တွင် တင်ထားလိုက်သည်။ သူသည် အိပ်ရာထ အ၀တ်အစားပင် မလဲရသေး။ ခုတလောအိပ်ရာထ အမြဲတမ်းနောက်ကျသည် များသောအားဖြင့် ၁၂နာရီ ထိုးမှ ထတတ်သည်။
    ဒူးနှစ်ဖက်ပေါ် တင်ထားသော နံနက်စာ စားပွဲဗန်းကို လက်နှစ်ဖက်ဖြင့် မပြီး ကြမ်းပြင်ပေါ် ပြန်ချရန် ခါးကုန်းလိုက်သည်။ ခါးဆစ်က မာတောင့်နေသောကြောင့် ကောင်းစွာမကုန်းနိုင်။ ရုတ်တရက် လက်ထဲမှာ ဗန်းလွတ်ကျသွားသည်။ ပန်ကန်တွေ ဖရိုဖရဲဖြစ်ကုန်သည်။ သည်လိုဖြစ်တတ်သည်မှာ သည်တစ်ကြိမ်တည်း မဟုတ်တော့။ ထို့ကြောင့်လည်း သူ့အဖိုး အထူးအဆန်းဟူ၍လည်း မထင်တော့။
    သူကစာအိတ်ကို ပြန်ယူလိုက်သည်။ စာအိတ်နှင့်ပူးတွဲပါလာသော စာကလေးကို ဒုတိယအကြိမ် ပြန် ဖတ်ကြ သည်။
    "ရှီကာမြို့၊ လာဆယ်လီလမ်း ကွန်တီနင်တယ် ဘဏ္ဍာထိန်း ဘဏ်တိုက်မှ မန်နေဂျာ ကွယ်လွန်သူ မစ္စတာကာတစ်ဖင်တန်က သင့်လျော်သော အချိန်ကာလတွင် ပူးတွဲစာကို လူကြီးမင်းထံသို့ ပြန်လည် ပေးပို့ရန် ကျွန်ုပ်တို့အား ညွှန်ကြားခဲ့ပါသည်။ အဆိုပါစာကို လက်ခံရရှိ ကြောင်း ပူးတွဲပါစာရွက်တွင် လက်မှတ် ရေးထိုးပြီးနောက် ပူးတွဲပါ တံဆိပ်ခေါင်းကပ် စာအိတ်တွင် ထည့်၍ ကျွန်ုပ်ထံသို့ ပြန်လည် ပေးပို့ရန် မေတ္တာရပ်ခံ အပ်ပါကြောင်း'
    'ဒီရှေ့နေတွေ ရှုပ်ကို ရှုပ်ပါတယ်'
    အေဘယ်က ယင်းသိုက ရေရွတ်လိုက်ပြီးနောက် စာအိတ်ကို ဖွင့်လိုက်သည်။
    'လေးစားစွာဖြင့်
    'မစ္စတာရို့စနော့စကီး ခင်ဗျား….
    'ရှေ့တွင်ဖော်ပြလတ္တံ့သော အကြောင်းများကြောင့် ဤစာကို ကျွန်ုပ်၏ ရှေ့နေများက ယနေ့အထိ သိမ်းဆည်းထားခဲ့ကြခြင်း ဖြစ်ပါသည်။
    '၁၉၅၁ ခုနှစ်ကုန်တုန်းက လူကြီးမင်းသည် ကွန်တီနင်တယ်ဘဏ်နှင့် နှစ်ပေါင်းနှစ်ဆယ်ကျော် ဆက်ဆံလာခဲ့ပြီးမှ လူကြီးမင်း၏ စုငွေများကို ပြန်လည် ထုတ်ယူသွားခဲ့သောအခါ ကျွန်ုပ်အနေဖြင့် များစွာမှ စိတ်မချမ်း မသာ ဖြစ်ခဲ့ရပါသည်။ စိုးရိမ်ကြောင့်ကြ ခြင်းလည်း များစွာဖြစ်ခဲ့ရပါသည်။ ကျွန်ုပ် ၏ စိုးရိမ်မှုမှာ ကျွန်ုပ်တို့ဘဏ်၏ အရေးပါဆုံးဖောက်သည်တစ်ယောက် ဆုံးရှုံးရသည့်အတွက်ကြောင့် မဟုတ်ပါ။ လူကြီးမင်းက ကျွန်ုပ်အား မရိုးမသားသော လူတစ်ယောက်ဟူ၍ ယုံမှတ်သွားခြင်းကြောင့် ဖြစ်ခဲ့ရခြင်းသာ ဖြစ်ပါသည်။ ထိုအချိန်ကလူကြီးမင်း မသိခဲ့ရသော အချက်များ ရှိနေခဲ့ပါသည်။ ယင်းအချက်မှာ လူကြီးမင်း အား ကျော်ထောက်နောက်ခံ ငွေကြေးကူပံ့ပေးနေသော ပုဂ္ဂိုလ်က အချို့သောအချက် များကို လူကြီးမင်း အား လုံးဝအသိမပေးရန် ကျွန်ုပ်အား တင်းကျပ်စွာ ညွှန်ကြားခဲ့ခြင်းပင် ဖြစ်ပါသည်။
    '၁၉၂၉ ခုနှစ်က လူကြီးမင်းသည် ကျွန်ုပ်ထံသို့ ပထမဆုံးအကြိမ် လာရောက်ခဲ့ဖူးသည်ကို မှတ်မိ ပါလိမ့်ဦးမည်။ ထိုစဉ်က ရစ်ခ်ျမွန့်ကုမ္ပဏီပိုင်ဟိုတယ်များကို လူကြီးမင်းက ပြန်လည်ပိုင်ဆိုင်နိုင်ရန် မစ္စတာဒေးဗစ်လီရွိုင်း တင်ရှိနေခဲ့သော ကြွေးမြီးများကို ပေးဆပ်ဖို့အတွက် ကျွန်ုပ်ထံတွင် ငွေကြေး အကူ အညီ တောင်းခံခဲ့ပါသည်။
    'ထိုအချိန်က ကျွန်ုပ်သည် နာမည်ကြီးဘဏ်တိုက်များနှင့် ဆက်သွယ်၍ အကြိမ်ကြိမ် ဆွေးနွေး ခဲ့ပါသော်လည်း  ကူညီမည့်သူ မရနိုင်ခဲ့ပါ။ လူကြီးမင်းသည် အရည်အချင်းပြည့်ဝသောသူ တစ်ယောက်ဖြစ်၍ လူကြီးမင်း ၏ပြဿနာကို ကျွန်ုပ်ကိုယ်တိုင် အလွန်စိတ်ဝင်စား ခဲ့ပါသည်။ (နောင်အခါ ကျွန်ုပ်၏ ယုံကြည် ချက်မှန်ကန်ကြောင်း သိရ၍လည်း များစွာပင် ကျေနပ်ဝမ်းသာခြင်း ဖြစ်ခဲ့ရပါသည်။)
    ထို့ပြင် ရစ်ခ်ျမွန့်ကုမ္ပဏီတွင် ကျွန်ုပ်၏ဖောက်သည် မစ္စအေမီလီရွိုင်းပိုင်ဆိုင်သော ရှယ်ယာ ၂၅ ရာခိုင်နှုန်း ကို ၀ယ်ယူရန် လူကြီးမင်းအား ကျွန်ုပ်အကြံပေးခဲ့စဉ်ကလည်း ထိုအချိန်က မစ္စတာလီရွိုင်း ရင်ဆိုင်နေရသော ငွေရေးကြေးရေး ပြဿနာကို ကျွန်ုပ်အနေဖြင့် လုံးဝမသိခဲ့ရိုးအမှန်ဖြစ်ကြောင်း ၀န်ခံပါသည်။
    'ထိုနေ့တနင်္လာနေ့တွင် ကျွန်ုပ်ထံသို့ လူကြီးမင်းပြန်လာသောအခါ ကျွန်ုပ်မှာ ငွေကြေးကူညီမည့်သူ တစ်ယောက်မှ ရှာမတွေ့၍ အလွန်စိတ်မကောင်း ဖြစ်နေခဲ့ရပါသည်။ ထိုနေ့ကို ကောင်းစွာ မှတ်မိ ပါလိမ့်ဦးမည်။ လူကြီးမင်းရောက်မလာမီ မိနစ်၃၀အလို အကြာကလေးတွင်သာ လူကြီးမင်းလိုအပ်နေသော ငွေကို ထောက်ပံ့လိုသူ ဘဏ်လုပ်ငန်းရှင် ပုဂ္ဂိုလ်တစ်ဦးက ကျွန်ုပ်ထံသို့ တယ်လီဖုန်းဆက်၍ အကြောင်း ကြား လာပါသည်။
    'ထိုပုဂ္ဂိုလ်သည်လည်း ကျွန်ုပ်ကဲ့သို့ပင် လူကြီးမင်း၏အစွမ်းအစကို လေးစားယုံကြည်သူ ဖြစ်ပါသည်။
    'ထိုပုဂ္ဂိုလ်၏ အလေးအနက် တောင်းဆိုချက်တစ်ရပ်မှာ လူကြီးမင်းအား မည်သူမည်ဝါက ကူညီ ထောက်ပံ့ ကြောင်း လုံးဝလျှို့ဝှက်ထားရန် ဖြစ်ပါသည်။ ယင်းသို့လုပ်ရခြင်းမှာ သူ၏ပုဂ္ဂလိကအရေးနှင့် လုပ်ငန်း ဆိုင်ရာ အရေးတွင် ပြဿနာများ မပေါ်လာနိုင်စေရန် ကာကွယ်ထားခြင်း သဘောဖြစ်ကြောင်း သူက ရှင်းပြ ပါသည်။ သည်အကြောင်းကို ထိုစဉ်ကပင် လူကြီးမင်းအားကျွန်ုပ်ကလည်း ပြောပြလိုက်ပြီး ဖြစ်ပါသည်။
    'ထိုပုဂ္ဂိုလ်က ထုတ်ချေးငွေများ ကျေသွားသောအခါ ရစ်ခ်ျမွန့်ဟိုတယ်အားလုံးကို တဖြည်းဖြည်း ၀ယ်ယူနိုင် ခွင့်ပေးခဲ့ခြင်းကိုလည်း ကျွန်ုပ်အနေဖြင့် အံ့သြမဆုံးဖြစ်ခဲ့ရပါသည်။ အမှန်ဆိုသော လူကြီးမင်း အား ငွေကြေးထောက်ပံ့သော ပုဂ္ဂိုလ်သည် လူကြီးမင်း၏ အရည်အချင်းကို အလုံးစုံယုံကြည်ထားပြီး ဖြစ်သော ကြောင့်လည်းကောင်း၊ လူကြီးမင်းအား ပုဂ္ဂိုလ်ရေးအရ လေးစား ခင်မင်သော ကြောင့် လည်းကောင်း၊ ယင်းကဲ့သို့ရက်ရောစွာ ကူညီခဲ့ခြင်း ဖြစ်ကြောင်း သိသာလှပါသည်။
    '၁၉၅၁ ခုနှစ် နောက်ပိုင်းတွင် ကျွန်ုပ်သည် ထိုပုဂ္ဂိုလ်နှင့်လည်းကောင်း၊ လူကြီးမင်းနှင့်လည်းကောင်း အဆက်ပြတ်သွားခဲ့ပါသည်။ သို့ရာတွင် ကျွန်ုပ်ဘဏ်လုပ်ငန်းမှ အငြိမ်းစားယူပြီးနောက် ထိုပုဂ္ဂိုလ် အကြောင်း ကို သတင်းစာတွင် ဖတ်ရှုရသောအခါ ကျွန်ုပ်သည် အလွန်တရမှ စိတ်မကောင်း ဖြစ်ခဲ့ရပါသည်။ ထို့ကြောင့်ပင် လူကြီးမင်းတို့နှစ်ယောက်ထက် ကျွန်ုပ်က အရင်ကွယ်လွန်းသွားလျှင် မမေ့သင့် မမေ့ အပ်သော သမိုင်းကြောင်းတစ်ရပ်ကို လူကြီးမင်းအား သိစေချင်သည့်အတွက် ဤစာကို ကျွန်ုပ် ရေးခဲ့ရခြင်း ဖြစ်ပါသည်။
    'ကျွန်ုပ်အား လူကြီးမင်းက ကျေးဇူးတင်စေလိုသည့်အတွက် ဤစာကိုရေးခဲ့ရခြင်းမဟုတ်ပါ။ လူကြီးမင်း၏ ကျေးဇူးရှင်အစစ်မှာ စတီဖင်ဟိုတယ်လုပ်ငန်းပိုင်ရှင် မစ္စတာ ဒေးဗစ်မက်တွန် မဟုတ်ကြောင်း အမှန်အတိုင်း သိစေချင်၍သာ ရေးခဲ့ရခြင်း ဖြစ်ပါသည်။ စင်စစ်မစ္စတာမက်တွန်မှ လူကြီးမင်းအား အလွန်လေးစားနေသူ တစ်ဦးသာဖြစ်ပါသည်။ သို့သော် သူ့အနေဖြင့် လူကြီးမင်းအား လက်တွေ့ကူညီရန် ဘဏ်တိုက်သို့ ဘယ်တုန်းကမျှချည်းကပ်ခဲ့ခြင်း မရှိခဲ့ပါ။ လူကြီးမင်း၏ နယ်စားကုမ္ပဏီအား ပြာပုံဘ၀မှ ပြုစုပျိုးထောင် ရေလောင်းပေးခဲ့သော ပုဂ္ဂိုလ်မှာ အလွန်အမြော်အမြင်ကြီးသော၊ အလွန်ရက်ရောသော (နယူးယောက်မြို့၊ လက်စတာ ဘဏ်တိုက်၏ ဥက္ကဌကြီး) မစ္စ ၀ီလျံလိုဝယ်ကိန်းသာ ဖြစ်ပါကြောင်း ကျွန်ုပ်က အမှန်အတိုင်း ထုတ်ဖော် ၀န်ခံရပါသည်။
    'အဖြစ်အမှန်အတိုင်း ထုတ်ဖော်ပြာပြသင့်ကြောင်း မစ္စတာကိန်းအား မေတ္တာရပ်ခံခဲ့ဖူးပါ သည်။ သို့သော်လည်း လက်စတာဘဏ်နှင့် လုံးဝမဆိုင်ဘဲ သူ၏ ပုဂ္ဂလိက ပိုင်ငွေကြေးကိစ္စတွင် သူ့သဘော အတိုင်း လုပ်နိုင်ကြောင်း ပြန်လည်ပြောပြပြီး လုံးဝငြင်းဆန်ခဲ့ပါသည်။ မစ္စတာကိန်းထံမှ ထုတ်ချေးငွေများကို လူကြီးမင်း က အကျေအလည်ပေးဆပ်ပြီးနောက် လူကြီးမင်း၏ ကုမ္ပဏီတွင် ဟင်နရီအော့စဘွန်းအား ဒါရိုက်တာ လူကြီးတစ်ယောက် ခန့်ထားခဲ့စဉ်ကလည်း လူကြီးမင်းအား မည်သို့မျှမပြောရန် သူက ကျွန်ုပ်အား တင်းကျပ်စွာ တားမြစ်ခဲ့ပါသည်။
    'အကယ်၍ လူကြီးမင်းက မစ္စတာကိန်းထက် အလျင်စော၍ ကွယ်လွန်သွားခဲ့ပါက ဤစာကို ဖျက်ဆီးပစ်လိုက်ရန် ကျွန်ုပ်အား ညွှန်ကြားထားခဲ့ပါသည်။ ထိုအချိန်တွင် လူကြီးမင်းအနေဖြင့် သူ၏ ရက်ရောသော စေတနာဖြင့် ကူညီမစခဲ့ကြောင်းများကို လုံးဝမသိခဲ့ပါကြောင်း ရှင်းလင်းရေးသားထားသော စာတစ်စောင် ကို သူဖတ်ရလိမ့်မည်ဖြစ်ပါသည်။     'ကျွန်ုပ်ထံမှ စာကို လူကြီးမင်းတို့နှစ်ဦးအနက် မည်သူပင် ဖတ်ရသည်ဖြစ်စေ၊ ထိုသို့ဆောင်ရွက်လိုက်ရခြင်းအတွက် ကျွန်ုပ်အနေဖြင့် ဂုဏ်ယူဝမ်းသာ၍ မဆုံးပါ။
အစဉ်လေးစားစွာဖြင့်
(ပုံ)ကာတစ်ဖင်တန်'
    အေဘယ်က ခုတင်ဘေးမှ တယ်လီဖုန်းကောက်ကိုင်လိုက်သည်။ 'ကို ငါ့ဆီလွှတ်လိုက်စမ်းပါဟေ့၊ ငါအ၀တ်လဲချင်လို့'
အခန်း (၄၂) ဇာတ်သိမ်း ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
မောင်ပေါ်ထွန်း ဘာသာပြန် ကမ္ဘာရန် အပိုင်း (၄ဝ)
အခန်း (၄၀)
ဖလော်ရင်တီနာကိန်းသည် ၁၉၆၇ ခုနှစ် မတ်လထဲတွင် ပဉ္စမအဲဗင်းနယူးလမ်းထဲ၌ ဖက်ရှင်တိုက်သစ် ဖွင့်လှစ် သည်။
    ဖက်ရှင်တိုက်သစ်ဖွင့်ပွဲသို့ အေဘယ်ရို့စနော့စကီးနှင့် ၀ီလျံကိန်းတို့မှ တစ်ပါး နယူးယောက် တစ်မြို့လုံး လိုလို တက်ရောက်ကြသည်။
    ကိတ်နှင့်လူစီတို့က ၀ီလျံအား အိပ်ရာထဲတွင် ထားခဲ့ပြီး ဖလော်ရင်တီနာ၏ ဖက်ရှင်တိုက်ဖွင့်ပွဲသို့ လာခဲ့ကြသည်။ ၀ီလျံမှာ အိပ်ရာထဲတွင် တစ်ယောက်တည်း ညည်းတွား ကျန်ရစ်ခဲ့သည်။
    ဂျော့ကလည်း အေဘယ်အား သူ့အခန်းထဲတွင် ထားပစ်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားသို့ ထွက်လာခဲ့သည်။ ဂျော့က အေဘယ်အား သူနှင့်အတူ လိုက်ခဲ့ရန် ဖျောင်းဖျခေါ်ပါသေးသည်။ 'နေပါစေတော့ဗျာ၊ ဖလော်ရင်တီနာက ကျွန်တော်မပါဘဲနဲ့ ဖက်ရှင်တိုက် ၁၀ တိုက်တောင်မှ ဖွင့်ခဲ့ပြီးပြီပဲ၊ အခုလည်း သူ့ဟာသူပဲ ဖွင့်ပါစေတော့'ဟု အေဘယ်က ပြန်ပြောသည်။ ဂျော့က 'ခင်ဗျားတော်တော်ခေါင်းမာတာပဲ အဘိုးကြီးပဲ'ဟု ပြောပြီး တစ်ယောက်တည်း ထွက်လာခဲ့သည်။
    အခမ်းအနားသို့ ရောက်သွားတော့ တိုက်သစ်ကြီးကို အားရစရာ တွေ့ရသည်။ အဆောက် အအုံပုံစံကလည်း ခေတ်မီလှပသည်။ တစ်ခန်းလုံး အကောင်းစား ကော်ဇောကြီးတွေ အပြည့်ခင်းထားသည်။ ပရိဘောဂ တွေလည်း နောက်ဆုံးပေါ် ဆွီဒင်လုပ် အကောင်းစားတွေချည်း ဖြစ်သည်။
    ဖက်ရှင်တိုက်ကြီးရှင် အမျိုးသမီးကလည်း ရှုမ၀အောင် ကြော့ရှင်းလှပနေသည်။ သူမသည် နောက်ဆုံးပေါ် ကော်လံမြင့်နှင့် မိုးပြာရောင် အကောင်းစား ၀တ်ရုံရှည်ကြီးကို ၀တ်ဆင်ထားသည်။ သူမက ဂျော့အား ရှမ်ပိန်အရက်ခွက်ကို ကမ်းပေးသည်။ ပြီးလျှင် ဇာဖီယာနှင့် စကားဝိုင်းကျနေသော ကိတ်နှင့် လူစီတို့ နှင့် မိတ်ဆက်ပေးသည်။ ကိတ်နျင့်လူစီတို့မှာ အလွန်ပျော်ရွှင်နေကြပုံရသည်။ သူတို့က အေဘယ် အကြောင်းကို သတင်းမေးသောအခါ ဂျော့အံ့သြာသွားမိသည်။
    'ဒီလိုပွဲမျိုး အလွဲခံတာ ခင်ဗျားတော်တော် ခေါင်းမာတဲ့အဘိုးကြီးပဲလို့ပြောပြီး တစ်ယောက်တည်း ထွက်လာခဲ့တာဗျ'ုဟု ဂျော့က ပြန်ပြောလိုက်သည်။ ဒါနဲ့ မစ္စတာကိန်းကရော ဒီကိုရောက်နေသလား'
    ကိတ်က ခပ်မြူးမြူးပြန်ပြောလိုက်သောစကားကို ဂျော့က တော်တော်သဘောကျသွားမိ သည်။
    သတင်းစာကို ပြန်ပိတ်လိုက်ပြီး ခုတင်ပေါ်မှ ဆင်းလိုက်သည်။
    ပြီးတော့ ဖြည်းဖြည်းချင်း အ၀တ်အစားလဲသည်။ အ၀တ်အစားလဲပြီးတော့ မှန်ရှေ့မှာ လာရပ်သည်။ 'မဆိုးပါဘူး။ ဘဏ်လုပ်ငန်းရှင်ကြီး ရုပ်တော့ပေါက်သေးတာပဲ'
    အနက်ရောင် ကုတ်အင်္ကျီကြီးကို ကောက်ဝတ်သည်။ ဟမ်းဘတ်ဦးထုပ်ဟောင်းကြီးကို ဆောင်းသည်။ ငွေလက်ကိုင်ပါသော အနက်ရောင် တုတ်ကောက်ကြီးကို ယူသည်။ ကွယ်လွန်သူ မစ္စတာရူပတ်ကော့ခ်စမစ် ပေးခဲ့သော တုတ်ကောက်ကြီးဖြစ်သည်။
    ထို့နောက် လမ်းပေါ်ရောက်အောင် ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။ နောက်ဆုံးအကြိမ် နှလုံးရောဂါ ပြန်ဖောက်၍ အိပ်ရာထဲလဲပြီးကတည်းက သုံးနှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ် အပြင်သို့ ထွက်ခြင်းပင် ဖြစ်သည်။ ထူးထူးခြားခြားတစ်ယောက် တည်း အိမ်ပြင်ထွက်သွားသည်ကို အိမ်ဖော်မ ကလေး က တအံ့တသြကြည့် ကျန်ရစ်သည်။
    နွေဦးပေါက် ညချမ်းကာလသည် ထူးထူးဆန်းဆန်း နွေးထွေးသားယာနေသည်။ သို့သော် အိမ်ထဲတွင် အနေကြာခဲ့ကြသောကြောင့် ၀ီလျံအဖို့တော့ တော်တော်ကလေး ချမ်းအေးသလို ထင်မိသည်။
    ဖလော်ရင်တီနာ ဖက်ရှင်တိုက်သစ်ကြီးရှေ့တွင် လူအုပ်ကြီးသည် ကြိတ်ကြိတ်တိုးကာ ဖွေးဖွေးလှုပ်နေသည်။ သည်လူအုပ်ကြီးကို ထိုးဖောက်ပြီး အထဲသို့ဝင်ရန် သူ့မှာစွမ်းအားမရှိ။
    သူသည် လမ်းထိပ် အုတ်ခုံနားမှာ ရပ်ကြည့်နေသည်။
    အမျိုးသမီး၊ အမျိုးသား လူငယ်တွေ ပျော်ရွှင်မြူးထူးကာ ဆိုင်ထဲသို့ တိုးဝှေ့ဝင်သွားကြသည်။ အချို့မိန်းကလေးတွေက နောက်ဆုံးပေါ် မီနီစကတ်များကို ၀တ်ဆင်လာကြသည်။ နောက်ဆိုရင် ဖလော် ရင်တီနာ စကတ်များကို ၀တ်ကြတော့မည်ဟု ၀ီလျံကတွေးလိုက်သည်။
    ဟော…ဟိုမှာ…ဟိုမှာ…သူ…သူ…သူထွက်လာပြီ။ သား….သား…..သား…..ငါ့သားကြီး… ငါ့ သားကြီး….. ရစ်ချက်……ရစ်ချတ်ကိန်း။
    သူကသူ့မေမေနှင့် စကားရပ်ပြောနေသည်။
    အရပ်ကလည်း အလျင်ကထက် ရှည်သွားသည်။ ရုပ်ကလည်း အရင်ကထက် ချောလာသည်။ သူ့မျက်နှာတွင် အပြုံးပန်းတွေ ဝေနေသည်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု၊ အားကိုးမှု အရိပ်အရောင်တွေ ဖြာထွက်နေသည်။ လူကြီးလူကောင်းပီသသော ဣနြေ္ဒအပြည့်ဖြင့် စကားပြေနေသည်။ ရှက်ရွံ့နေခြင်း၊ စိတ်လှုပ်ရှားနေခြင်း စိုးစဉ်းမျှမရှိ။ ပင်ကိုဟန်အတိုင်းပင် ရွှုလန်းနေသည။် အေးဆေးသက်သာရှိနေသည်။
    သာြးီ့းကို အကြာကြီးနေပြီးမှ ပြန်မြင်ရတော့ ၀ီလျံက သူ၏ဖခင်ကြီးကို သွားသတိရလိုက်မိသည်။
    ဒါနဲ့ ဖလော်ရင်တီနာက ဘယ်သူလဲ။ သူဘယ်မှာလဲ…. ပရိတ်သတ်တွေ အုတ်အုတ်သဲသဲ လှုပ်ရှားနေကြသည်။ ဘယ်သူဘယ်ဝါမှန်း ခွဲခြားရန် မလွယ်အောင် ဖြစ်နေသည်။ သူ့ထက်ငါ စကားလုပြောနေကြသည်။ တစ်ယောက်ကို တစ်ယောက် လက်ဆွဲ နှုတ်ဆက်နေကြသည်။ အချင်းချင်းအုပ်ဖွဲ့ကာ ရယ်မောပျော်မြူးနေကြသည်။
    သူသည်တစ်နာရီခန့်မျှ ရပ်ကြည့်နေမိသည်။ အကျိုးမဲ့ ကုန်လွန်ခဲ့သော နေ့ရက်များအတွက် နောင်တ ကြီးစွာ ရမိသည်။
    ပဥ္မအဲဗင်းနယူးလမ်းထဲသို့ လေပြင်းစပြုလာသည်။ မတ်လလေသည် တော်တော်ချမ်းအေး ကြောင်း ယခုမှ သတိပြုမိသည်။
    သူက ကုတ်အင်္ကျီကော်လာကို ဆန့်တင်လိုက်သည။
    အိမ်သို့ပြန်မှဖြစတော့မည်။ ကိတ်တို့သားအမိ အိမ်ပြန်ရောက်မှ ညစာစားကြမည်။
    သူသည် မကြာမီတွင် ချွေးမချောအလိမ္မာကလေးနှင့် မြေးကလေးများကို မြင်ရတော့မည်။ နှစ်ရှည်လများ ကွဲနေခဲ့သော သားကြီးကိုလည်း ပြန်တွေ့ရတော့မည်။
    သူမှားခဲ့ကြောင်း နောင်တရပြီဖြစ်ကြောင်း၊ ဖလော်ရင်တီနာက သူ့အပေါ် ခွင့်လွှတ်ဖို့အကြောင်း တောင်းပန် ပေးရန် ကိတ်ကို မကြာခင်က ပြောပြခဲ့ပြီးပြီ။ မကြာခင်တွင်ပင် ဖလော်ရင်တီနာထံ စာရောက် လာခဲ့သည်။ 'ဖေ့ဖေ့ကို လူကိုယ်တိုင် ကျွန်မမမြင်ဖူးပေမယ့် စိတ်ကူးနဲ့ အမြဲတမ်း ချစ်ခင် လေးစားလျက်ပါ ဖေဖေ'သော စားကြောင်းကိုသာ မှတ်မိတော့သည်။ တော်တော်သဘောထားကြီးတဲ့ မိန်းကလေး၊ နားလည်မှုရှိတဲ့ မိန်းကလေး။ ခွင့်လွှတ်တတ်တဲ့ မိန်းကလေး။ အင်း…ဘာတဲ့၊ မှတ်မိ ပါသေးတယ်။ သူ့စာမှာ နိဂုံးချုပ်ထားတာက 'ဖေဖေနဲ့တွေ့ရဖို့ အမြဲတမ်း မျှော်လင့်လျက်ရှိပါတယ် ဖေဖေ' တဲ့။
    အချိန်မရှိတော့ဘူး။ အိမ်ပြန်မှ ဖြစ်တော့မည်။ သည်လို ချမ်းချမ်းအေးအေးကြီးထဲ တစ်ယောက်တည်း အပြင်ထွက်ခဲ့မှန်း ကိတ်သိသွားရင် အရမ်းဒေါသထွက်နေတော့မယ်။ သူ့အခြေအနေအရ သည်အချိန် သည်ရာသီတွင် သည်နေရာသို့ မလာသင့်သော်လည်း လာချင်လွန်း၍ လာခဲ့သည်။ သားကိုလည်း မြင်ချင်သည်။ သူတို့တစ်တွေ၏ ကြိုးစားမှုမြင်ချင်သည်။ မြေးကလေးတွေကိုလည်း မြင်ချင်သည်။ သူတို့တစ်တွေ၏ ကြိုးစားမှုကြောင့် ပေါ်ပေါက်လာသော ဖက်ရှင်တိုက်ဖွင့်ပွဲ အခမ်းအနားကိုလည်း မြင်ချင်သည်။
    ယခုတော့ သူကျေနပ်သွားပြီး။ အလွန်ဝမ်းသာမိသည်။ သူတို့နှင့်အတူ အခမ်းအနားတွင် ကိုယ်တိုင် ကိုယ်ကြပ် ရှိနေခဲ့ရသလို အောက်မေ့မိသည်။
    သူပြန်ရတော့မည်။ ပျော်ကြပါစေ။ သူတို့လေးတွေ ပျော်ချင်တိုင်း ပျော်ကြပါစေ။ အောင်မြင်၍ပျော်ခြင်း။
    ကိတ်တို့သားအမိ ပြန်လာလျှင် အခမ်းအနားကြီး ဘယ်လောက်များ စည်ကားလိုက်သလဲ ဆိုပြီး ညစာစားရင်း မနားတမ်း ပြောပြကြလိမ့်မည်။ သူကတော့ သူကိုယ်တိုင် သွားရောက်ခဲ့ ကြောင်း လု့းဝပြောလိမ့်မည် မဟုတ်။ သူတို့ပြောတာကိုပဲ ပြုံးပြီး ခပ်တည်တည်နှင့် နားထောင်နေလိုက်မည်။ ဒါကသူ့ဝသီ၊ သူ့အကျင့်။ အမြဲတမ်း လျှို့ဝှက်တတ်သော သူ့စရိုက်။
    သူသည် အိမ်ပြန်ရန် နောက်သို့ ခြေဦးလှည့်လိုက်သည် သူ့အရွယ် အဘိုးအိုတစ်ယောက်ကို လှမ်းမြင်လိုက်မိသည်။ ကိုက်အစိတ်ခန့်ကွာမှ သူ့ဘက်သို့ တူရူလျှောက်လာနေသည်။ ထိုအဘိုးအို သည်လည်း သူ့လိုပင် ကုတ်အင်္ကျီရှည်ကြီးကို ၀တ်ထားသည်။ ဦးထုပ်ကို ရှေ့သို့ငိုက်၍ ဆောင်းထားသည်။ မာဖလာကို လည်ပင်းတွင် ပတ်ထားသည်။
    ထိုပုဂ္ဂိုလ်လည်း တော်တော်ချမ်းနေပုံရသည်။သည်လိုညမျိုးတွင် လူအိုမများ လမ်းမထွက် သင့်။
    ယင်းသို့တွေးရင်း ၀ီလျံသည် ရှေ့သို့ဆက်လျှောက်လာသည်။ စောစောက အဘိုးအိုလည်း သူ့ဘက်သို့ ဆက်လျှောက်လာသည်။
    ထိုအခိုက် အဆိုပါအဘိုးအို၏ လက်ကောက်ဝတ်မှ ငွေလက်ကောက်ကွင်းကို ၀ီလျံက ရုတ်တရက် မြင်လိုက်မိသည်။
    သူ့ခေါင်းထဲသို့ အသိတစ်ခု ဖတ်ခနဲဝင်ရောက်လာသည်။ သူ့အာရုံသည် အတိတ်ဆီသို့ ပျံ့လွင့်သွားသည်။
    သည်လက်ကောက်ကု သူမြင်ဖူးခဲ့သည်။ ဘယ်တုန်းကပါလိမ့်။ ဘယ်နေရာမှာပါလိမ့်။
    ဟုတ်ပြီ….မှတ်မိပြီ။
    ပထမအကြိမ် ပလာဇာဟိုတယ်မှာ။ ဒုတိယအကြိမ်က ဘော့စတွန်များပြီးတော့ ဂျာမနီမှာ။ ယခု….ဒီမှာ။
    ထိုပုဂ္ဂိုလ်လည်း သူ့မျက်နှာကို စိုက်ကြည့်ရင်း ဆက်လျှောက်လာသည်။ သူလည်း သည်နေရာတွင် တော်တော်ကြကြာ ရပ်နေခဲ့ပြီး ဖြစ်ဟန်တူသည်။ အဘယ့်ကြောင့်ဆိုသော် သူ့မျက်နှာက လေဒဏ်ကြောင့် နီရဲနေသည်။
    သူက၀ီလျံအား စိုက်ကြည့်နေသည်။ သည်မျက်လုံးကို ၀ီလျံမှတ်မိသည်။ ရွှန်းရွှန်းတောက်နေသော အပြာရောင်မျက်လုံးများ။ ဟုတ်ပါပြီ၊ သူမှ…သူအစစ်ပါ။
    သူတို့နှစ်ယောက် တစ်ယောက်နှင့်နှင့်တစ်ယောက် ကိုက်အနည်းသာ ကွာလှမ်းတော့ သည်။
    ထို့နောက် စကားတစ်ခွန်းမျှမပြောဘဲ ဆန့်ကျင်ဘက် ဦးတည်ရာသို့ ဆက်လက်လျှောက် ထွက်သွားကြသည်။
ဝီလျံသည် သော့ခလောက်ကိုစမ်း၍ အိမ်ရှေ့တံခါးကို ဖွင့်သည်။
    'မီးတွေအားလုံး ဖွင့်စမ်း၊ မီးလင်းဖိုလည်း အဆင်သင့်ပြင်ထား၊ သူတို့လာရင် ချမ်းနေကြလိမ့်မယ်'
    သူကအိမ်ဖော်ကလေးကို ပြောလိုက်သည်။ သူအလွန်းဝမ်းသာနေသည်။ တစ်ချိန်တည်းတွင် မောလည်း တော်တော်မောနေသည်။
    'ပြတင်းလိုက်ကာတွေ ဆွဲချလိုက်၊ စားသောက်ခန်းမှာ ဖယောင်းတိုင်ထိန်နေအောင်ထွန်း၊ ဒီနေ့ပျော်ပွဲကြီး ကျင်းပရမယ်ကွဲ့'
    သူကိတ်တို့မိသားစုကို တမျှော်မျှော်နှင့် ထိုင်စောင့်နေသည်။ သည်းမခံနိုင်လောက်အောင် ဖြစ်လာသည်။ သားရေဖုံး ကုလားထိုင်ကြီးတွင် သွားထိုင်နေလိုက်သည်။
    အချိန်တွေ အလဟဿ ကုန်ခဲ့ပါပကော။ မြေးကလေးတွေနဲ့ မီးဖိုနားမှာ တစ်ပျော်တစ်ပါး ပုံပြောနေခဲ့ရရင် ဘယ်လောက်များ ကောင်းလိမ့်မလဲ။ ငါ့မြေးကလေး "တစ်၊ နှစ်၊ သုံး"လိုက ဘယ်တော့များ ပြောတတ်ပါ့မလဲ၊ မကောင်းသော အတိတ်ကို မြေမှာမြှုပ်၊ ခွင့်လွှတ်ခြင်းနဲ့ ကောင်းသော အနာဂတ်ကို ကြိုဆို။ ဒါသာလျှင် အကောင်းဆုံးသော လူ့ဘ၀ပါ။
    အောက်ထပ်မှ အသံဗလံတွေကြားရပြီ။ သူတို့ပြန်လာကြပြီ။ အိမ်ဖော်မကလေး ပြေးဝင်လာသည်။
    "ဘဘကြီး…သူတို့အားလုံး ရောက်လာကြပြီ၊ အစ်ကိုကြီးရော၊ သူ့မိန်းမရော၊ ကလေးတွေပါာအးလုံးပါလာတယ်၊ ကလေးတွေက သိပ်ချစ်စရာကောင်းတာပဲ အစ်ကိုကြီးမိန်းမ ကလည်း ချောလိုက်တာ'
    အိမ်ဖော်မကလေးက အမောတကော တစ်ယောက်တည်း လုပြောနေသည်။ ၀ီလျံမှာ ကြည်နူးလွန်း၍ ရင်တဖိုဖိုနှင့် နားထောင်နေမိသည်။
    'တကယ်လား….တကယ်ပြောတာလား၊ သူတို့လည်း ပါလာကြတယ်…. ဟုတ်လား'
    အိမ်ဖော်မကလေးသည် သူ့အမေးကို ပြန်မဖြေခဲ့တော့ဘဲ အခန်းထဲမှ အပြေးကလေး ပြန်ထွက်သွားလေပြီ။
    အခနိးထဲသို့ ရစ်ချတ်ဝင်လာသည်။ သူ့နောက်မှ ဖလော်ရင်တီနာက ကပ်လိုက်လာသည်။ သူမသည် တည်ငြိမ် အေးဆေးစွာဖြင့် ထူးထူးခြားခြား လှနေသည်။
    'ဖေဖေ…သားတို့ပြန်လာပြီ ဖေဖေ၊ ဖေ့ဖေ့သမီးနဲ့ စကားပြောပါဦး ဖေဖေ၊ ကလေးတွေလည်းပါလာတယ် ဖေဖေ၊ ဟိုမှာ မေမေတိုကနဲ့ ခုတင်ပဲလာကြပါလိမ့်မယ်'
    သို့သော်…သို့သော် ဖေဖေကြီးကတော့ သူတွေ့ချင်မြင်ချင်လှသော သားတို့သမီးတို့အား ၀မ်းသာလှိုက်လှဲ နှုတ်မဆက်နိုင်ရှာတော့။ ကုလားထိုင်ပေါ်တွင် ထိုက်လျက်ကြီး အသက်ပျောက်ခဲ့လေပြီတကား။
အခန်း (၄၁) ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
Saturday, June 12, 2010
မောင်ပေါ်ထွန်း ဘာသာပြန် ကမ္ဘာရန် အပိုင်း (၃၉)
အခန်း (၃၉)
သူ၏နောက်ဆုံးအောင်ပွဲကြောင့် ၀မ်းသာကြည်နူးခြင်း မဖြစ်မိသလောက် ခံစားရသောအခါ အေဘယ်သည် အံ့သြနေမိသည်။
    ဂျော့က စိတ်ပြေလက်ပျောက်လည်း ဖြစ်သွားအောင်၊ ဟိုတယ်နေရာလည်း ကြည့်ရအောင် ၀ါဆောသို့ ခရီးထွက်ရန် တိုက်တွန်းသော်လည်း သူကမသွားချင်။ အသက်အရွယ်ကြီးလာပြီ ဖြစ်၍ မမျှော်လင့်ဘဲ နိုင်ငံ ရပ်ခြား တွင် ရုတ်တရက် သေသွားမည်ကို ကြောက်မိသည်။ အထူးသဖြင့် သမီးဖြစ်သူ ဖလော်ရင်တီနာနှင့် ပြန်လည် မတွေ့ဆုံလိုက်ရပဲ သေသွားမည်ကို ကြောက်မိသည်။ အထူးသဖြင့် သမီးဖြစ်သူ ဖလော်ရင် တီနာ နှင့် မတွေ့လိုက်ရဘဲသေသွားမည်ကို ပို၍ကြောက်မိသည်။
    သူသည် ဟိုတယ်လုပ်ငန်းတွင်လည်း စိတ်ဝင်စားခြင်း လုံးဝမရှိတော့။ လပေါင်းများစွာ သူ၏ သီးသန့် ခန်းထဲမှာပင် တစ်ကိုယ်တည်း နေနေတော့သည်။
    ၁၉၆၃ ခုနှစ် နိုဝင်ဘာလ ၂၂ရက်နေ့တွင် အမေရိကန်သမ®တ ကနေဒီလုပ်ကြံ သတ်ဖြတ်ခြင်းခံရသည်။ အေဘယ် သည် အကြီးအကျယ် တုန်လှုပ် ချောက်ချားသွားမိသည်။ အမေရိကတွင် နေရသည်ကိုလည်း အလွန် ကြောက်လန့်ခြင်း ဖြစ်မိသည်။
    ဤတွင်အခွင့်အရေးပေါ်လာသဖြင့် ဂျော့က နိုင်ငံခြားခရီးထွက်ရန် တိုက်တွန်းပြန်သည်။ ခရီး ထွက်ခြင်း ဖြင့် စိတ်ရောကိုယ်ပါ လန်းဆန်းမှုရှိလာပြီး ပြန်လာသော အခါ လူသစ်စိတ်သစ် ဖြစ်လာနိုင်သည်ဟု ဂျော့က ပြောပြ သည်။
    သို့ဖြင့် အေဘယ်သည် ၀ါဆောသို့ ထွက်ခွာလာခဲ့သည်။ ၀ါဆောသို့သောအခါ ဟိုတယ်ဆောက်လုပ်ရန် နေရာ ကို လွယ်ကူစွာဖြင့် ရရှိနိုင်ခဲ့သည်။ ယခင်ရှိနှင့်ပြီးသော "ဟောလီးဒေးအင်း"နှင့် "အင်တာ ကွန်တီ နင်တယ်" ဟိုတယ်လုပ်ငန်းများနှင့် ပြိုင်ဆိုင်ရမည်ကို တွေးပြီး သူက၀မ်းသာခြင်းပင် ဖြစ်မိသည်။
    သို့သော် ၀မ်းသာခြင်းက တာရှည်တော့မခံ။ သူ့နှလုံးသားထဲတွင် စိတ်မကောင်းခြင်း ဓာတ်ခံ ရှိနေသော ကြောင့်ပင် ဖြစ်သည်။
    သူသည် ၀ီလျံကိန်းကို အောင်နိုင်ခဲ့သော်လည်း ဖလော်ရင်တီနာကို ဆုံးရှုံးခဲ့ရသည်။ ၀ီလျံကိန်းကလည်း သူ့သား အတွက် သူ့လိုပင်ခံစားရလိမ့်မည်ဟု သူကကိုယ်ချင်းစာမိသည်။
    သူသည် အကြိုက်ဆုံး ပါရီနယ်စားဟိုတယ်တွင် ခြောက်လတိတိ နေခဲ့သည်။ နေ့စဉ်အလုပ်ကတော့  နေ့ဘက် တွင် လမ်းတကာလျှောက်သည်။ ညဘက်တွင် အော်ပရာကြည့်သည်။ ဖလော်ရင်တီနာနှင့် အလည် လာခဲ့စဉ်က သားအဖနှစ်ယောက် တပျော်တစ်ပါး သွားလာခဲ့ကြသည်များကို ပြန်လည် သတိရ မိသည်။
    နိုင်ငံရပ်ခြားတွင် အကြာကြီး နေခဲ့ပြီးနော်မှ အမေရိကသို့ ပြန်လာခဲ့သည်။ ဘိုးအင်း ဂျက်လေယာဉ် ပျံကြီး ၏ သံလေကားပေါ်မှ ဆင်းလာသည်။ သူ့ခါးက ကုန်းနေပြီ၊ ပြောင်နေသော ခေါင်းပေါ်တွင် ဦးထုပ်နက် ကို ဆောင်းထားသည်။ သူ့ကိုဘယ်သူမှ ရုတ်တရက် မမှတ်မိကြ။
    ဂျော့ကထုံးစံအတိုင်းပင် သူ့အားသစ္စာရှိစွာ၊ ရိုးသားစွာဖြင့် ၀တ္တရားမပျက် လာကြိုနေသည်။ ဂျော့လည်း တော်တော်ပင်အိုသွားပါရော့လား။
    နယူးယောက်နယ်စားဟိုတယ်သို့ ကားဖြင့် ထွက်လာကြစဉ် ဂျော့က ထုံးစံအတိုင်းပင် လုပ်ငန်း အကြောင်း ကို နောက်ဆုံးအခြေအနေအထိ အသေးစိတ် ပြောပြလာခဲ့သည်။ ဟိုတယ်လုပ်ငန်းမှာ တစ်နေ့ တခြား တိုးတက်လျက် ရှိသည်။ ကမ္ဘာအရပ်ရပ်ရှိ နယ်စားဟိုတယ် များ၌ အရည်အချင်းရှိသော လူငယ် အုပ်ချုပ်ရေး မှူးများကို  ခန့်ထားပြီး လုပ်ပိုင်ခွင့်အပြည့်ပေးကာ စနစ်တကျ စီမံအုပ်ချုပ်စေသည်။
    ယခုအချိန်တွင် တစ်ကမ္ဘာလုံး၌ နယ်စားဟိုတယ် ၇၂ခုအထိ ရှိခဲ့ပြီ။ အမှုထမ်းစုစုပေါင်း ၇၂,၀၀၀။
    အေဘယ်က ဆက်၍ နားမထောင်ချင်တော့။ စိတ်မ၀င်စားတော့။ သူစိတ်ဝင်စားသည်မှာ ဖလော်ရင် တီနာ အကြောင်းကို သာအလွန်သိလချင်နေသည်။
    'သူနေကောင်းပါတယ်၊ လာမယ့်နှစ်ဆန်းမှာ နယးယောက်ကို လာပါလိမ့်မယ်' ဂျော့က ပြောပြသည်။
    'ဘာလုပ်မလို့လဲ'အေဘယ်က ကမန်းကတန်း မေးလိုက်သည်။
    'ပဉ္စမအဲဗင်းနယူးလမ်းမှာ ဖက်ရှင်တိုက်ဖွင့်မလို့'
    'ဖက်ရှင်တိုက်ဖွင့်မလို့ ဟုတ်လား
    'ဟုတ်တယ်၊ ၁၁ခုမြောက် ဖလော်ရင်တီနာ ဖက်ရှင်တိုက်ဖွင့်မလို့'
    'ခင်ဗျားသူနဲ့သွားတွေ့လို့လား'
    'ဟုတ်တယ်'
    'သူနေကောင်းရဲ့လား၊ စိတ်ချမ်းသာရဲ့လား'
    'နေလို့လည်းကောင်းတယ်၊ စိတ်လည်းချမ်းသာတယ်၊ ပြီးတော့အောင်မြင်လည်း အောင်မြင်နေပြီ၊ ခင်ဗျား အနေ နဲ့ သမီးအတွက် ဂုဏ်ယူသင့်ပါတယ် အေဘယ်၊ ခင်ဗျားမြေးကလည်း လူရည်သန့်ကလေးပဲ မြေးကလေး ကလည်း ချောပါ့ဗျာ ကြီးလာရင်တော့ သူ့အမေနဲ့ချွတ်စွပ်ပဲ'
    'သူကျွန်တော့ကိုတွေ့ချင်စိတ်ရှိရဲ့လားဂျော့၊ ကျွန်တော် အဲဒီသူငယ်ကို မတွေ့ချင်ဘူး သူ့အဖေအသက်ရှင်နေသမျှ တွေ့လို့မဖြစ်ဘူး'
    'ခင်ဗျားသေသွားရင် ဘယ့်နှယ်လုပ်မလဲ'
    'ခင်ဗျားကလည်း သမ္မာကျမ်းထဲမှာပါသမျှ ယုံကြည်နေတာပဲလား ဂျော့' နှစ်ယောက်စလုံး ပါးစပ် ပိတ်သွားကြသည်။ နှစ်ယောက်သား အတွေးကိုယ်စီနှင့် လိုက်ပါလာကြသည်။
    ဟိုတယ်ရောက်တော့ အေဘယ်က သူ့အခန်းထဲတွင်တစ်ယောက်တည်း ညစာစားသည်။
    သူသည် ထိုနေ့မှစ၍ ခြောက်လတိုင်တိုင် သူ့အခန်းထဲမှမထွက်တော့။
အခန်း (၄ဝ) ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
Thursday, June 10, 2010
မောင်ပေါ်ထွန်း ဘာသာပြန် ကမ္ဘာရန် အပိုင်း (၃၇)
အခန်း [၃၇]
သမ္မတလောင်း ဂျွန်အက်ဖ် ကနေဒီက လော့စ်အိန်ဂျယ်လိစ် နယ်စားဟိုတယ်ကို ဖွင့်လှစ် ပေးခြင်း သတင်းသည် စာနယ်ဇင်း၊ ရေဒီယို၊ ရုပ်မြင်သံကြားများမှ တစ်ဆင့် တစ်ပြည် လုံး သို့ အုတ်အော်သောင်းတင်း ပျံနှံသွားလိမ့်မည်ဟူ၍ အေဘယ်၏ကြိုတင် ဟောကိန်း မှာ အလုံးစုံ တော့ မမှန်ခဲ့။
ကနေဒီက ဟိုတယ်သစ်ကြီးကို ဖွင့်လှစ်ပေးခဲ့သော်လည်း ထိုနေ့တစ်နေ့တည်းတွင်ပင် သူ့ အနေ ဖြင့် တစ်ဒါဇင်မျှသော အရေးကြီးသည့် အခမ်းအနားများသို့လည်း ဆက်တိုက် တက်ရောက် ခဲ့ရသည်။ ထို့ပြင် ထိုနေ့ညပိုင်းတွင်လည်း အပြိုင်သမ္မတလောင်း နစ်ကဆင် နှင့် ရုပ်မြင် သံကြားမှတစ်ဆင့် စကားစစ်ထိုးပွဲပြုလုပ်ရသေးသည်။ ထို့ကြောင့် ဟိုတယ် ဖွင့်လှစ်ခြင်း သတင်းမှာ တခြားအရေးကြီးသည့် သတင်းများနှင့် ရောသွားခဲ့ရသည်။
သို့သော်လည်း ဟိုတယ်ဖွင့်လှစ်ခြင်း သတင်းကို စာနယ်ဇင်းပေါင်းစုံက လျစလျူရှုမထားပဲ အရေး တယူ အသားပေး၍လည်း အထိုက်အလျောက် ဖော်ပြခဲ့ကြသည်။
ဗင်းစင့်ဟိုဂန် ကလည်း အေဘယ်ပြောထားသော တခြားကိစ္စကို သမ္မတလောင်း ကနေဒီ အနေဖြင့် မမေ့ကြောင်း၊ တစ်ချိန်သောအခါတွင် ပြတ်ပြတ်သားသား သိရှိ ရလိမ့်မည် ဖြစ်ကြောင်း အလေးအနက် ကတိပြုသည်။
ဖလော်ရင်တီနာ ၏ ဖက်ရှင်တိုက်မှာ နယ်စားဟိုတယ်သစ်နှင့် ကိုက်၁၀၀ခန့်မျှသာ ဝေးသည်။ သို့သော် သားအဖနှစ်ယောက်မှာ နီးလျက်နှင့် ဝေးနေခဲ့ကြရလေသည်။ တစ်ယောက်နှင့် တစ်ယောက် တွေ့ဆုံခြင်း လုံးဝမရှိ။
အီလီနွိုက်ပြည်နယ်မှ ဆန္ဒမဲများ ၀င်လာသောအခါ ကနေဒီအနေဖြင့် အမေရိကန် ပြည်ထောင်စု၏ ၃၅ နှစ်မြောက် သမ္မတဖြစ်လာရနမှာ သေချာပေါက်တွက်၍ ရနေပြီဖြစ်သည်။
အေဘယ်က အရက်ခွက်ကိုမြှောက်ကာ မြို့တော်ဝန် ဒါလီ အသက်ရာကျော်ရှည်ပါစေဟု ဆုမွန် တောင်းသည်။ တိုင်းစကွဲယားရှိ ဒီမိုကရက်တစ်ပါတီဌာနချုပ်တွင် အောင်ပွဲသဘင် ကျင်းပသည်။ အေဘယ်သည် မနက်၅နာရီထိုးမှ အိမ်သို့ပြန်ရောက်သည်။
'ဟေး…ပျော်မယ်ဗျ၊ အများကြီးပျော်မယ်၊ နေက်တစ်ကြိမ်ဆို၇င် …နောက်တစ်ကြိမ်ဆိုရင်'
သူသည် အမူးလွန်ကာ စကားကိုပင် အဆုံးမသတ်နိုင်တော့ဘဲ ခွေယိုင်လဲကျသွားသည်။
ဂျော့က သူ့ကိုတွဲထူကာ အိပ်ရာပေါ် တင်ပေးလိုက်ရလေသည်။
ဝီလျံသည် အရှေ့ ၆၈လမ်းထဲမှ သူ၏စာကြည့်ဆောင်ထဲတွင် စိမ်ပြေနပြေထိုင်ကာ ရွေးကောက်ပွဲ သတင်းကို ရုပ်မြင်သံကြားတွင် စောင့်ကြည့်နေသည်။
အီလီနွိုက်ပြည်နယ်မှ ၀င်လာသော ဆန္ဒများမှာ နောက်နေ့မနက် ၁၀နာရီတွင်မှ အပြည်အစုံေ၇တွက်ပြီးမည်ဖြစ်သော်လည်း ယခုအချိနမှာပင် အခြေအနေမှန်ကို အကဲခတ်၍ ရနေပြီဖြစ်သည်။
သူက တယ်လီဖုန်းကို ကောက်ကိုင်ပြီး ရှေ့နေကိုဟင်၏ အိမ်ဖုံးနံပါတ်ကို လှည့်လိုက်သည်။
ဒေါ်လာနှစ်သောင်းခွဲ ရင်းလိုက်တာ ကွက်တိမှန်သွားပြီဗျ၊ ဒီအတိုင်းဆို ရိုစနော့စကီးတော ဥရောပခရီး ထွက်တာ ပျားရည်ဆမ်းခရီး မဖြစ်နိုင်တော့တာ သေချာနေပြီဗျ၊ ဒါပေမဲ့ လောလောဆယ် ဘာမှမလုပ်ပဲ စောင့်ကြည့်နေပါဦး၊ သူ တူရကီသွားတော့မှ လုပ်ငန်း စကြ တာပေါ့…ဟုတ်လား….
ဝီလျံက ဖုန်းကို ပြန်ချလိုက်သည်။ ပြီးတော့ အိပ်ရာဝင်သည်။ သူက ရစ်ချက်နစ်ကဆင်နှင့် သူ၏  ဆွေမျိုးနီးစပ် ညီအစ်ကိုတော်သူ ဟင်နရီကတ်ဘော့လော့ဂ်ျတို့ မဲရှုံး၍ စိတ်မကောင်းတော့ ဖြစ်မိသည်။ ကတ်ဘော့လော့ဂ်ျက ဒုတိယသမ္မတလောင်းအဖြစ် အရွေးခံခြင်း ဖြစ်သည်။ သို့သော် ဘယ်လိုပင်ဖြစ်ဖြစ်၊ သူ့အတွက်တော့ အရှုံးမရှိပါချေ။
ဝါရှင်တန်မြို့တွင် သမ္မတ ဂွမန်အက်ဖ်ကနေဒီ၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ အေဘယ်ကိုလည်း ဧည့်သည်တော်အဖြစ် ဖိတ်ကြားခြင်း ခံရသည်။ အေဘယ်က သည်လို ဂုဏ်ကျက်သရေ အပေါင်းနှင့် ပြည့်စုံသော ပွဲသဘင်ကြီးသို့ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်ကိုလည်း ခေါ်သွား ချင်သည်။
သူက ဂျော့နှင့် တိုင်ပင်ကြည့်သည်။
'၀ီလျံကိန်းနဲ့ ခင်ဗျားတို့ရဲ့ ကမ္ဘာ့ရန်ပွဲကြီး အဆုံးမသတ်မချင်း ဖလော်ရင်တီနာက ခင်ဗျားဆီ လုံးဝလာမှာ မဟုတ်ဘူးဗျ'ဟု ဂျော့က အပြတ်ပြောသည်။
ထို့ကြောင့် အေဘယ်က သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ သူတစ်ယောက်တည်းသာ သွားရောက်ရန် ဆုံးဖြတ်လိုက်တော့သည်။
ဝါရှင်တန်တွင် ဧည့်ခံပွဲတွေအများကြီး တက်ရလိမ့်မည်။ ထို့ကြောင့် အေဘယ်အနေဖြင့် ဥရောပနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများသို့ ခရီးထွက်မည့်အစီအစဉ်ကို ရက်အနည်း ငယ်ခန့် တော့ ရွှေဆိုင်း ရလိမ့်မည်။ ကြုံတောင့်ကြုံခဲသော သည်ပွဲကြီးကို သူကလက်လွတ်မခံနိုင်။
လူလတ်ပိုင်းအရွယ်မျှသာ ရှိသေးသော သမ္မတသစ်သည် သမ္မတသစ်ရာထူးလက်ခံပွဲ မိန့်ခွန်းကို အားမာန်ပြည့်ဖြင့် မြွက်ကြားနေသည်။ သူက တိုင်းပြည်အတွက် အနာဂတ် မျှော်လင့်ချက် များကို အားရပါးရ ပြောကြားနေသည်။
'ကမ္ဘာစစ်ကြီးရဲ့ ကပ်ဒုက္ခကို ရင်စည်းပြီး ခံခဲ့ကြရပြီးတဲ့နောက်၊ ချွေးနဲ့သွေးနဲ့ရင်းပြီး ရရှိလာခဲ့တဲ့ ငြိမ်းချမ်းရေးအရသာကို ခံစားလာခဲ့ကြရပြီးနောက် အမေရိကန်နိုင်ငံမှာ မျိုးဆက် သစ်တစ်ရပ် ရှင်သန်ပေါက်ဖွားလာခဲ့ပါပြီ။'
'ငါ့အတွက် တိုင်းပြည်က ဘာလုပ်ပေးနိုင်မှာလဲလို့ မမေးကြပါနဲ့၊ တိုင်းပြည်အတွက် ငါက ဘာလုက်ပေးနိုင်မှာလဲလို့သာ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ကြပါ'
သန်းပေါင်းများစွာသော ပြည်သူလူထုကြီးသည် သွေးခဲလုမတတ် ဆီးနှင်းဒဏ်ကို လုံးဝဂရုမစိုက်ဘဲ ထိုင်ရာမှ တစ်ပြိုင်နက် ထရပ်ပြီး လူငယ်သမ္မတသစ်၏ အားမာန် ပြည့်ရွှန်း သော မိန့်ခွန်းကို တခဲနက်  ကြိုဆိုလိုက်ကြသည်။
အေဘယ်သည် အလွန်ဝမ်းသာကြည်နူးစွာဖြင့် ၀ါရှင်တန်နယ်စားဟိုတယ်သို့ ပြန်လာခဲ့သည်။
ဟိုတယ်သို့ ရောက်လျှင် ရေချိုးသည်။ ပွဲထိုင်ဝတ်စုံအကောင်းစားကို ၀တ်သည်။ ပြီးတော့ ဘွဲ့တံဆိပ် တွေကို တပ်ဆင်သည်။ ပိုလန် စစ်မှုထမ်းဟောင်းများ အဖွဲ့ချုပ်၏ ရွှေတံဆိပ်၊ စစ်မှုထမ်းဟောင်း တံဆိပ်နှင့် ဟိုတယ်လုပ်ငန်းအတွက် ချီးမြှင့်ခြင်းခံရသော ဂုဏ်ထူးဆောင်တံဆိပ်များ ပါ ပါဝင်သည်။
ထိုညတွင် ၀ါရှင်တန်မြို့၌ သမ္မတရာထူးလက်ခံပွဲ အထိမ်းအမှတ် ဂုဏ်ပြုပွဲပေါင်းခုနှစ်ပွဲတိတိ ကျင်းပရန် ရှိသည်။ အေဘယ်၏ဖိတ်စာတွင် စစ်ဌာနချုပ်ဂုဏ်ပြုပွဲသို့ ကြွရောက်ရန် ဖိတ်ကြား ထားသည်။
အေဘယ်အား ရှီကာဂိုမှ ဒီမိုကရက်တစ်ပါတီဝင် ပိုလန်အမျိုးသားများ၏ စားပွဲတွင် နေရာချပေးသည်။ လူငယ်အထက်လွှတ်တော်အမတ် အက်ဒမစ်မတ်စကီးနှင့် အခြား အောက်လွှတ်တော်အမတ် ဆယ်ယောက်တို့ကို တွေ့၇သည်။ အခြားရီပတ်လီကန်ပါတီဝင် ပိုလန် အမျိုးသားနှစ်ယောက် အကြောင်းကို စကားပင် မဟကြ။ အေဘယ်က ထိုပုဂ္ဂိုလ် နှစ်ယောက် နှင့် ရင်း၇င်းနှီးနှီး စကား ပြောသည်။ သူတို့နှစ်ယောက်သည် အေဘယ်နှင့်အတူ ပိုလန်-အမေရိကန် အောက်လွှတ်တော် အမတ်များ ကော်မတီဖွဲ့စည်းရေးကို ဦးဆောင် ခဲ့သူများ ဖြစ်ကြသည်။
ဧည့်ပရိသတ်များ စားလို့သောက်လို့ကောင်းနေတုန်း သမ္မတသစ် ဂျွန်အက်ဖက် ကနေဒီ နှင်Y ရုပ်ရည် ချောမောသော သူ၏ဇနီး ဂျက်ကလင်တို့ရောက်လာကြသည်။ သမ္မတသစ် ဇနီးမောင်နှံ သည် လက်ရွေးစင် ပုဂ္ဂိုလ်များနှင့် ၁၅မိနစ်ခန့် ရင်းရင်းနှီးနှီး ပြောဆိုနှုတ်ဆက်ပြီး နောက်ပြန်လည် ထွက်ခွာရန် ပြင်ကြသည်။
အေဘယ်သည် သမ္မတသစ်နှင့် ကိုယ်တိုင်ကိုယ်ကျ စကားမပြောလိုက်ရသော်လည်း သမ္မတသစ်၏ အဖွဲ့တွင်ပါလာသော ဗင့်းစင့်ဟိုဂန်နှင့်တော့ ပြောဖြစ်လိုက်သည်။
'အခုလို မမျှော်လင့်ဘဲ ပြန်တွေ့ရတာ ၀မ်းသာပါတယ် မစ္စတာရို့နော့စကီး'
အေဘယ်က ဘာမျှပြန်မပြောဘဲ အလိုက်သင့်ပင် နားထောင်နေလိုက်သည်။ ဟိုဂန်က အေဘယ်၏လက်ကို လှမ်းဆုပ်ပြီး ကျောက်စလင်းတိုင်ကြီး နောက်ကွယ်တစ်နေရာသို့ ကမန်းကတန်း ဆွဲခေါ်လာခဲ့သည်။
''ဒီအချိန်မှာ ကြာကြာပြောနေဖို့ အချိန်တော့မရဘူး မစ္စတာရို့နော့စကီး၊ ကျွန်တော်က သမ္မတ အဖွဲ့နဲ့ လိုက်ပါလာရတော့ အဖွဲ့ဝင်တွေနဲ့ ထက်ကြပ်မကွာ လိုက်နေရတယ်၊ ဒါပေမဲ့ မကြာခင် မှာ လူကြီးမင်းဆီ ဖုန်းဆက်လိမ့်မယ်ဆိုတာ ကျွန်တော်ပြောနိုင်ပါတယ်၊ လူကြီးမင်း သိတဲ့ အတိုင်း သမ္မတက ဒီအချိန်မှာ အင်မတန် အလုပ်များနေပါတယ်'
'ဟုတ်ကဲ့ သိပါတယ်'
'ဒါပေမဲ့ ကျွန်တော်ထင်ပါတယ်' ဟိုဂန်က ဆက်ပြောသည်။ 'လူကြီးမင်းကိစ္စကတော့ မတ်လ ကုန်လောက် မှာ အသေအချာ သိရလိမ့်မယ်လို့ ထင်ပါတယ်၊ ကျွန်တော်ကပဲ ပထမဆုံး ဂုဏ်ပြု နှုတ်ဆက်ပါရစေခင်ဗျား၊ လူကြီးမင်းအနေနဲ့ သမ္မတကြီး ကျေနပ်အောင် တာဝန် ထမ်းဆောင် နိုင်မယ် ဆိုတာ ကျွန်တော် အလေးအနက် ယုံကြည်ပါတယ်'
ထို့နောက် ဟိုဂန်သည် သမ္မတနှင့် အဖွဲ့ဝင်များနောက်သို့ အပြေးကလေး လိုက်သွားသည်။ သမ္မတနှင့်ဇနီးတို့သည် တံခါးဖွင့်ထားသော ဇိမ်ခံကားကြီးပေါ်သို့ ပြန်တက်သွားကြပြီ။ ခင်ဗျား ကြည့်ရတာ တော်တော် စိတ်ချမ်းသာနေပုံရတယ်၊ ဧကန္တတော့ သမ္မတကြီးက ခင်ဗျား နိုင်ငံခြား ၀န်ကြီး ခန့်အပ်ပြီထင်တယ်''
အေဘယ်စားပွဲ တွင် ပြန်ထိုင်တော့ ပိုလန်အမျိုးသား မိတ်ဆွေတစ်ယောက်က နောက်လိုက် သည်။
အားလုံးပင် ရယ်ကြသည်။
အေဘယ်က ပြန်နောက်လိုက်သည်။
'ခန့်တော့မခန့်သေးဘူးဗျ၊ ဒါပေမဲ့သမ္မတကြီးက တစ်ခုတောာ ပြောသွားတယ်၊ သမ္မတ အိမ်တော်က ကျွန့်တော်အတွက် လျာထားတဲ့ရုံးခန်းက ကျွန်တော့နယ်စား ဟိုတယ်က အခန်း လောက် တော့ မသားနားဘူးတဲ့'
အားလုံး ပင် ၀ါးခနဲ ရယ်လိုက်ကြပြန်သည်။
အေဘယ်သည် နောက်တစ်နေ့မနက်တွင် နယူးယောက်သို့ လေယာဉ်ဖြင့် ပြန်လာခဲ့သည်။ ညနေစာကို ဂျော့နှင့်အတူ စားသည်။
'ဒီနေ့ ကျွန်တော့်တို့နှစ်ယောက် အောင်ပွဲခံရမယ်ဗျ၊ ကျွန်တော် ဧည်ခံပွဲမှာ ဟိုဂန်နဲ့ တွေ့လာ ခဲ့တယ်၊ ကျွန်တော့်ကို ရာထူးခန့်ဖို့ကိစ္စ နောက်သုံးလေးပတ်အတွင်း အတိအကျ ဆုံးဖြတ် တော့ မယ်တဲ့၊ ဒီအတိုင်းဆိုရင် ကျွန်တော်အရှေ့အလယ်ပိုင်းက ပြန်ရောက် ပြီး မကြာခင်မှာ ကြေငြာချက် ထွက်လာမှာ သေချာတယ်'
'ဂုဏ်ယူပါတယ် အေဘယ်၊ ထိုက်တန်တဲ့ရာထူးကို ထိုက်တန်တဲ့ပုဂ္ဂိလ်ရခြင်းပါပဲ'
'ကျေးဇူးတင်ပါတယ် ဂျော့၊ ကျွန်တော်ကောင်စားတော့ ခင်ဗျားလညး ကောင်းစားရမှာပေါ့ဗျာ၊ အားလုံးသေချာပြီးသွားတဲ့အခါ ကျွန်တော်က ခင်ဗျားကို နယ်စားကုမ္ပဏီရဲ့ ယာယီဥက္ကဋ္ဌအဖြစ် ခန့်မယ်ဗျ'
ဂျော့က ရှမ်ပိန်အရက်တစ်ခွက်ကို ထပ်မော့လိုက်သည်။
ပုလင်းတစ်ဝက် ပြတ်သွားပြီ။
'ဒါနဲ့ ခင်ဗျား ခရီးထွက်တာ ဘယ်လောက်ကြာမယ် ထင်သလဲ'
'အလွန်ဆုံး သုံးပတ်ပါပဲ၊ ကျွန်တော့်ကို အာရပ်တွေ ဗြောင်လိမ်ညာနေသလားဆိုတာ သွားကြည့်ချင်တယ်၊ ပြီးတော့ တူရကီဆက်သွားပြီး အီစတန်ဘူနယ်စာဟိုတယ်ကိုလည်း ဖွင့်မယ်၊ လန်ဒန်နဲ့ ပါရီကိုလည်း လမ်းကြုံဝင်မယ်လို့ စိတ်ကူထားတယ်'
ဂျော့က ဖန်ခွက်နှစ်လုံးထဲသို့ ရှမ်ပိန်အရက် ထပ်၍ လောင်းထည့်လိုက်သည်။ အေဘယ် လန်ဒန်တွင် မူလအစီအစဉ်ထက် သုံးရက်ပိုကြာသွားသည်။ လန်ဒန် နယ်စား ဟိုတယ် မှာ ပြဿနာအချို့ကို ရှင်းပေး နေရသောကြောင့် ဖြစ်သည်။ လန်ဒန်ဟိုတယ်သည် အရှုံးပြ နေသည်။ သို့သော်လည်း သူက ဘာကြောင့် ရှုံးနေရကြောင်း တစ်ကြိမ်မျှ စင်စစ် ဆေးဆေး မလုပ်ခဲ့သေး။ သူက လန်ဒန်ဟိုတယ်ကို ပိတ်ပစ်ရန်ပင် စိတ်ကူးခဲ့မိသည်။
သို့သော် အင်္ဂလန်နိုင်ငံ၏မြို့တော်တွင် သူ၏ဟိုတယ်ကြီးတစ်ခု ဖြစ်သည့်နည်းဖြင့် ဆက်လက် ရှိစေချင်သည်။ ထို့ကြောင့် လက်ရှိမန်နေဂျာကို ဖြုတ်ပစ်လိုက်ပြီး မန်နေဂျာ သစ်တစ်ယောက် ခန့်ထားလိုက်သည်။
ပါရီဟိုတယ်ကတော့ အားတက်စရာကောင်းသည်။ နှစ်စဉ်အမြတ်တွေ ပြနေသည်။ ဥရောပ တိုက်တွင် အအောင်မြင်ဆုံး ဟိုတယ်တစ်ခုပင် ဖြစ်သည်။ ထို့ကြောင့်ပါရီတွင် နှစ်ရက်သာ နေခဲ့ပြီး အရှေ့ အလယ်ပိုင်းသို့ ဆက်လက်ထွက်ခွာလာခဲ့သည်။
ပါရှန်းပင်လယ်ကွေ့ငါးနိုင်ငံတွင် ဟိုတယ်ဆောက်ရန် နေရာကောင်းများတွေ့ထားပြီ။ ဆော်ဒီ အာရေ ဗျနိုင်ငံ ရီယတ်မြို့တွင်ဆိုလျှင် စတင်ဆောက်လုပ်သည့် အဆင့်သို့ ပင်ရောက် နေပြီ။ သူသည် ရက်တော်တော်ကြာနေ၍ ကိုယ်တိုင်ကိုယ်ကြပ် စီမံလုပ်ကိုင်ချင်သော်လည်း အပူဒဏ် ကို မခံနိုင်၍ သုံလေးရက်နှင့် တူရကီသို့ ခရီးဆက်ခဲ့ပြန်သည်။
ဟိုတယ်ဆောက်လုပ်ရေးအတွက် ကြီးကြပ်ရန် တာဝန်ကိုမှု လူငယ် ဒုတိယ ဥက္က တစ်ယောက်ခန့်၍ လွှဲအပ်ထားခဲ့သည်။
အေဘယ်သည် အလုပ်ကိစ္စနှင့်ပက်သက်၍ အီစတန်ဘူမြို့ (ယခင်အခေါ် ကွန်စတင်တီနိုပယ်မြို့) သို့ တော်တော်များများ ရောက်ဖူးသည်။ သို့သော် သူ့အဖို့တော သည်မြို့သည် အကြိမ်တိုင်း ထူးခြားနေသည်။ ဘယ်တော့်မှ ရိုးသွားသည်ဟူ၍ မရှိ။ သူသည် အမေရိကန် တွင် ဘ၀သစ်ထူထောင်ရန်  ဤမြို့မှစတင်၍ ခရီးစထွက်ခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် သည်မြို့တွင် အမှတ်တရအဖြစ် နယ်စားဟိုတယ်ကြီးတစ်ခု တည်ဆောက် လိုသော သူ့ဆန္ဒသည် အလွန်သဘာဝကျ သည်ဟု ဆိုရမည်သာဖြစ်သည်။
အီစတန်ဘူမြို့ရောက်တော့ သူ့အား ဖိတ်စာ၁၅စောင်က အသင့်စောင့်ကြိုနေသည်ကို တွေ့ရသည်။ ယင်းတို့အနက် အမေရိကန်သံအမတ်ကြီးနှင့် အင်္ဂလန်သံအမတ်ကြီးတို့၏ ဖိတ်စာ များကို တွေ့ရတော့ အေဘယ်က အံ့အားသင့်နေမိသည်။ သူသည်ဗြိတိသျှသံရုံးသို့ မရောက်ခဲ့သည်မှာ နှစ်ပေါင်း၄၀နီးပါးပင် ရှိခဲ့ပြီ။
ထိုညနေတွင် အေဘယ်သည် တူရကီနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီ ဆာဘားနဒ်ဘာရိုး၏ ညစာစားပွဲကို တက်ရောက်သည်။ သူ့အားသံအမတ်ကြီးကတော်၏ လက်ယာဘက်တွင် နေရာချ ပေးသောအခါ အေဘယ်က အံ့သြမိသည်။ သည်အခွင့်အရေးမျိုးကို သူသည်အခြား သံရုံးများတွင် ဘယ်တော့မှ မရခဲ့ဖူးသောကြောင့် ဖြစ်သည်။
ညစာစားပြီးသွားသောအခါ အမျိုးသမီးတွေ ထွက်သွားကြပြီး အမျိုးသားများသာ ဆေးလိပ် သောက်ရင်း အရက်သောက်ရင်း စကားပြောကျန်ရစ်ကြသည်။ အေဘယ်အား ဆာဘားနဒ်၏ စာကြည့်ဆောင်တွင် အမေရိကန်သံအမတ်ကြီး ဖလက်ချားဝါရင်နှင့် တွေ့ဆုံ မိတ်ဆက် ပေးသည်။ "ရှီကာဂိုနယ်စား"အား သူက ပထမဆုံး ဧည်ခံဂုဏ်ပြုပါရစေဟု ဆာဘားနဒ်က အမေရိကန် သံအမတ်ထံတွင် ခွင့်တောင်း ခဲ့ခြင်း ဖြစ်သည်။
'အင်္ဂလိပ်တွေကတော့ အမြဲတမ်း အခွင့်ကောင်း ယူတတ်ကြတာပဲဗျ'
အမေရိကန်သံအမတ်ကြီးက ကျူးဘားဆေးပြင်းလိပ်ကို မီးညှိုရင်း စလိုက်သည်။
အင်္ဂလိပ်သံအမတ်ကြီးကလည်း အားကျမခံ။
'အမေရိကန်တွေနဲ့ပက်သက်ပြီး ကျုပ်သေချာပေါက်ပြောနိုင်တာ တစ်ခုတော့ရှိတယ်၊ အဲဒါက ဘာလဲဆိုတော့ သူ့တို့ကို ကျောချခံရတော့မှ သူတို့က ဓားပြမှန်းသိကြတယ်ဗျ'
အေဘယ်က သံအမတ်ကြီးနှစ်ယောက် အခြေအတင် စကားစစ်ထိုးကြတာကို စိတ်ဝင် စားစွာဖြင့် နားထောင်နေသည်။ သည်လို သီးသန့်ဧည့်ခံပွဲဖြင့် သူ့အားဘာကြောင့်များ ဂုဏ်ပြု ဧည့်ခံ ပါသလဲဟု တွေးနေမိသည်။
ဆာဘားနဒ်က ဖန်ခွက်ထဲသို့ အကောင်းစားအရက်တွေ လောင်းထည့်ပေးသည်။
အမေရိကန်သံအမတ်ကြီးက ဖန်ခွက်ကို အပေါ်ကိုင်မြှောက်လိုက်သည်။
'အေဘယ်ရို့စနော့စကီးအတွက်'
ဆာဘာနဒ်က ဖန်ခွက်ကို မြှောက်လိုက်ရင်း -
'ဂုဏ်ယူပါတယ် မစ္စတာရို့စနော့စကီး' သူက ဖလက်ချားဝါရင်ဘက်သို့ လှည့်လိုက်ပြီး 'ဒါနဲ့…ကျုပ်တော့ စကားလွန်သွားပြီနဲ့တူတယ် ဖလက်ချား၊ ခင်ဗျားကပြောတော့ ဒီကိစ္စက လူတိုင်း သိနေပြီးသားဆိုဗျ'
'ဟုတ်ပါတယ် လူတိုင်း သိနေပြီးသားပါ၊ အင်္ဂလိပ်တွေဟာ လျှို့ဝှက်ချက်ကို ကြာကြာ ထိန်းမထား ကြဘူး ဆိုတာကို လူတိုင်းသိနေပြီးသားပါ' အမေရိကန်သံအမတ်ကြီးက တစ်ချက် ဆော်လိုက်ပြန်သည်။
ဆာဘားနဒ်က ရယ်လိုက်ပြီး -
''ဒါကတော့ ပင်ရင်းကမှ မလုံတာကိုးဗျ၊ ဟုတ်တယ်ဗျ၊ ရာထူးခန့် ကြေငြာချက်က ရက်ပိုင်းလပိုင်း အတွင်း ထွက်လာတော့မယ်ဆိုပဲ'
နှစ်ယောက်စလုံး အေဘယ်ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။ အေဘယ်က ဘာမှမပြောဘဲ ငြိမ်နေသည်။
ဆားဘားနဒ်က ဆက်ပြောသည်။
'ကဲ…ဒီတော့ ကျုပ်ကပဲ ပထမဆုံး ဂုဏ်ပြုနှုတ်ဆက်ပါရစေ သံအမတ်ကြီးခင်ဗျား၊ ရာထူးသစ် မှာ ပျော်ရွှင်အောင်မြင်စွာ ထမ်းဆောင်နိုင်ပါစေလို့ ဆုတောင်းပါတယ်ဗျာ'
အေဘယ် သည် လွန်ခဲ့သော ကာလအနည်းငယ်ခန့်တွင် မုတ်ဆိတ်ရိတ်ရင်း သူ့ကိုယ်သူ တိုးတိုး ကလေး ရေရွတ်မိခဲ့ော အာလုပ်စကားကို ပထမဆုံးအကြိမ် ကြားလိုက်ရပေပြီ။ သူသည် ဘယ်လို ပြန်ပြောရမှန်း မသိအောင် ကျိတ်ပြီး ၀မ်းသာနေမိသည်။
အင်္ဂလိပ် သံအမတ်ကြီးက ဆက်ပြောပြန်သည်။
'ခင်ဗျားသိပြီးတဲ့အတိုင်းပါပဲ၊ မကြာခင်မှာ လူတွေက သံအမတ်ကြီးခင်ဗျား၊ သံအမတ်ကြီးခင်ဗျားနဲ့ တစ်ခေါ်တည်း ခေါ်ကြတော့မယ်၊ အဲဒါထက် ဆိုးတာကတော့ ဧည့်ခံပွဲတွေ၊ ပါတီပွဲတွေကို မတက်ချင် ဆုံး မနားတမ်းတက်ရတော့မယ့်အဖြစ်ပါပဲ၊ ပြီးတော့ နောက်ဆုံး အလုပ်တာဝန်ပြီးဆုံးလို့ ကိုယ့်အိမ်ကိုယ်ပြန်ရတော့မယ် အချိန်ကျတော့လည်း အမျိုးအမည်မဖော်ပြနိုင်တဲ့ ဝေဒနာတစ်ခုကို ရင့်နင့်အောင် ခံစားရပါလိမ့်ဦးမယ်၊ ဒါပေမဲ့ ခင်ဗျား က စစ်အေးတိုက်ပွဲကာလမှာ တာဝန်ထမ်းဆောင် ရလို့ ကံကောင်းပါသေးတယ်၊ တကယ် တော့ ဒီတာဝန်ဟာ ခင်ဗျားကို လူမှုဆက်ဆံရေးလောကမှာ ဘောင်ခတ်လိုက်တာ တစ်မျိုး ပါပဲ'
အမေရိကန် သံအမတ်ကြီးက ပြုံးပြီးပြောသည်။
'အောင်မြင်ပါစေ အေဘယ်၊ ခင်ဗျားရဲ့ဘ၀မှာ အောင်ပန်းတွေ ဆက်တိုက်ပန်ဆင်နိုင်ပါစေလို့ ကျုပ်ဆုတောင်းလိုက်ပါတယ်၊ ဒါနဲ့ ခင်ဗျား ပိုလန်မရောက်တာ ဘယ်လောက်ကြာပြီလဲ'
'လွန်ခဲ့တဲ့ သုံးလေးနှစ်အတွင်းက ခဏရောက်ခဲ့တာ တစ်ခေါက်ပါပဲ၊ အဲဒီကတည်းက ကျွန်တော် ပြန်သွားချင်တဲ့ဆန္ဒ အမြဲတမ်း ဖြစ်ပေါ်နေခဲ့တယ်'
'အတော် ပါပဲ အခုတစ်ခေါက် ပြန်သွားရမှာကတော့ မင်္ဂလာရှိသောသွားခြင်းလို့ ဆိုရမှာပါ့၊ ၀ါဆောမြို့ က ကျုပ်တို့သံရုံးမှာ အသိတွေ ဘာတွေများ ရှိသလား'
'မရှိပါဘူး'
'သံရုံးက သိပ်မဆိုးပါဘူး' ဆာဘားနဒ်က ဖြုတ်ပြောသည်။ 'အစားအသောက်ကလည်း တော်တော် ကောင်းတယ်၊ ခင်ဗျား အဲဒီပြန်ရောက်သွားရင် နယ်စားဟိုတယ်ကြီးတော့ ဆောက်ကို ဆောက်ဖြစ်တော့ မှာပဲ၊ ပိုလန်ပြည်သူတွေကလည်း ခင်ဗျားအတွက် ဂုဏ်ယူ ၀မ်းသာ ကြမှာ သေချာပါတယ်'
ထိုညနေက အေဘယ်သည် ဆာဘားနဒ်၏ အပြောင်အရွှတ်စကားများနှင့် ဟာသများကို နားထောင်ရင်း အလွန်ပျော်ရွှင်နေမိသည်။ သူသည် အရက်ကိုလည်း ခါတိုင်းထက် များများ ပိုသောက် မိသည်။ အမေရိကသို့ ချက်ချင်းပြန်သွားပြီး မင်္ဂလာသတင်းကို သမီးဖြစ်သူအား အားရ၀မ်းသာ ပြောပြလိုက်ချင်စိတ်လည်း တဖွားဖွား ဖြစ်ပေါ်မိသည်။ သည်သတင်းကို ကြားလိုက် ရလျှင် ဖလော်ရင် တီနာက သူ့ဖခင်အတွက် ဘယ်လောက်များ ဂုဏ်ယူလိမ့်မည် မသိ။
နယူးယောက်သို့ ပြန်ရောက်လျှင် ရောက်ချင်းဆန်ဖရန်စ္စကိုသို့ တန်းသွားပြီး ဖြစ်ခဲ့သမျှ အားလုံးကို ဖလော်ရင်တီနာနှင့် သင်ပုန်းချေ ကျေအေးပစ်လိုက်တော့မည်ဟု ဆုံးဖြတ်ချက် ချလိုက်သည်။ သမက် ဖြစ်သူ ရစ်ချက်ကိန်းအပေါ်တွင်လည်း အစစအရာရာ ခွင့်လွှတ် လိုက်တော့မည်။
အေဘယ် သည် ရင်ထဲမှာ ရှင်းသွားသလို ခံစားရသည်။
သုံးယောက်သား စားသောက်ခန်းမသို့ ပြန်ထွက်လာကြသည်။ အေဘယ်က ဗြိတိသျှ သံအမတ်ကြီး အနီးသို့ပြန်ထွက်လာကြသည။ အေဘယ်က ဗြိတိသျှသံအမတ်ကြီးအနီးသို့ လျှောက်လာ ပြီး ပခုံးပေါ်လက်တင်ကာ ပြောလိုက်သည်။
' ကဲ…….ကျွန်တော်ကို ခွင့်ပြုပါဦး သံအမတ်ကြီး'
'ခင်ဗျားဘယ်ပြန်မှာလဲ၊ ဟိုတယ်ပြန်မှာလား၊ ခင်ဗျားကို ကျုပ်လိုက်ပို့ပါရစေလား၊ ခင်ဗျားကား နောက်ကကျုပ်ကားလိုက်မယ်လေ'
တံခါးဝရောက်တော့ သံအမတ်ကြီးကတော် လေဒီဘားရိုးက အေဘယ်အား ဆီးကြို နှုတ်ဆက် သည်။
'ဂွတ်နိုက်…….လေဒီဘာရိုး၊ အခုလိုဧည့်ခံကျွေးမွေးတာ ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ'
လေဒီဘားရိုးက ပြုံး၍ပြန်ပြောသည်။
ကျွန်မတော့အခုမှပဲ သိရတာပါ မစ္စတာရို့စနော့စကီး၊ ဒါပေမဲ့ကျွန်မက ခုကတည်းက ပဲကြိုတင်ပြီး ကွန်ဂရက်ကျူလေးရှင်းလုပ်ပါစေ၊ နိုင်ငံတော်ရဲ့ သံတမန်တစ်ယောက်အဖြစ် ဇာတိနိုင်ငံ ကို ပြန်သွားရတာ ရှင့်အတွက် ဂုဏ်ယူစရာကောင်းလှပါတယ်ရှင်'
'ကျေးဇူးတင်ပါတယ်ခင်ဗျာ'
ဆာဘားနဒ်က ဗြိတိသျှသံရုံး၏ ကျောက်စလင်းလှေကားအတိုင်း ကားရပ်ထားရာနေရာသို့ အေဘယ် အား ခေါ်လာခဲ့သည်။
'ဂွတ်နိုက်……ရို့စနော့စကီး၊ ၀ါဆောမှာ ကံကောင်းပါစေ၊ ဒါနဲ့စကားမစပ်ဗြိတိသျှသံရုံးမှ ပထဆုံး အကြိမ် ညစာစားရတာ စိတ်ချမ်းသာပါရဲ့လား'
'တကယ်တော့ ဒီအကြိမ်ဟာ ကျွန်တော့်အတွက် ဒုတိယအကြိမ်ပါ ဆာဘားနဒ်'
'အို…..ဟုတ်လား၊ ဒါဖြင့်ခင်ဗျား ဒီကို ဟိုတုန်းကလည်း ရောက်ဖူးခဲ့တာပေါ့၊ ဒါနဲ့ ဧည့်သည် မှတ်တမ်း စာအုပ်မှာ ခင်ဗျာနာမည်လည်းမတွေ့ရပါလား'
'တွေ့နိုင်မှာမဟုတ်ဘူးခင်ဗျာ၊ ဘာဖြစ်လဲဆိုတော့ ပထမအကြိမ် ဗြိတိသျှသံရုံးမှာ ကျွန်တော်စားခဲ့တာက မီးဖိုခန်းထဲမှာပါ၊ မီးဖိုခန်းမှာစားတဲ့ ဧည့်သည်တစ်ယောက်ကို သူတို့က ဧည့်မှတ်တမ်းစာအုပ်ထဲ မသွင်းမှာကတော့ သေချာပါတယ်၊ ဒါပေမဲ့ စားရတာ ကတော့ကျွန်တော အတွက် တစ်သက်မှာအမြိန်ဆုံး ထမင်းနစ်နပ်ပါပဲ ခင်ဗျား'
အေဘယ်က ကားတံခါးကိုဖွင့်ပြီး ၀င်ထိုင်လိုက်သည်။ ဆားဘားနဒ်က သူ့စကားကို မယုံ တစ်ဝက် ယုံတစ်ဝက်ဖြစ်နေကြောင်း အေဘယ်က အကဲခတ်မိသည်။
နယ်စား ဟိုတယ်သို့ ကားမောင်းထွက်လာခဲ့သည်။ အေဘယ်ကကားမှန်ပြတင်းကို လက်ချောင်း များ ဖြင့်မသိမသာ ခေါက်ကစားခဲ့သည်။
သူကမနက်ဖြန်မနက်တွင် အမေရိကသို့ ပြန်ချင်လှပြီ။ သို့သော် အမေရိကန်သံအမတ်ကြီး ဖလက်ချားဝါရင်၏ ညစာစားပွဲကို ဖျက်ပစ်၍ သင့်တောမည်မဟုတ်။ ' သံအမတ်ကြီး တစ်ယောက် အနေ နဲ့ဒီလိုကစ္စမျိုးတွေကတော့ မရှောင်မလွှဲသာ တွေ့ကိုတွေ့ရမှာပဲဗျ' ဟု ဆားဘားနဒ် ပြောခဲ့သောစကား ကိုသတိရမိသည်။
အမေရိကန်သံအမတ်ကြီး၏ ညစာစားပွဲလည်း တော်တော်စတ်ချမ်းသာစရာကောင်းသည်။
ပရိသတ်က တောင်းဆိုသဖြင့် ဗြိတိသျှသံရုံး၊ မီးဖိုခန်းတွင် ပထမဆုံးအကြိမ် သူညစာစား ခဲ့ရပုံကို အေဘယ်ကပြန်လည်ပြောပြရသည်။
သူပြောပြပြီးသောအခါ ပရိတ်သတ်အားလုံး အံ့သြ၀မ်းသာ ဖြစ်နေကြသည်။
သူသည် လက်ဖြတ်ခံရတော့မည်ဆဲဆဲတွင် ကံကောင်းထောက်မ၍ လွတ်မြောက်လာခဲ့ခြင်းနှင့် ပတ်သက်၍ ဧည့်သည်တော် တော်တော်များများက မယုံချင်ယုံချင်ဖြစ်နေကြသည်ကို သူတို့အမူအရာ ကြည့်၍ အေဘယ်က အကဲခတ်မိသည်။သို့သော် သူ၏ ငွေလက်ကောက် ကွင်းကိုတော့ အားလုံးကပင် စိတ်ဝင်စားကြသည်။
ထိုညက သူ့အားလူတိုင်းကပင်''သံအမတ်ကြီး'' ဟူ၍သုံးနှုန်းခေါ်ဝေါ်ကြသည်။ နောက်တစ်နေ့ မနက်တွင် အေဘယ်သည် ဒီစီ (၈)ဂျက်လေယာဉ်ကြီးဖြင့် အမေရိကသို့  ပြန်ခဲ့သည်။ လေယာဉ်စက် ချွတ်ယွင်းသွား၍ ယူဂိုဆလက်နိုင်ငံ၊ ဘဲဂ်ဂရိတ်မြို့တွင် ၁၆နာရီတိတိ ရပ်နား နေခဲရသည်။
နောက်ဆုံးလေယာဉ်ပြန်ထွက်သည်။ ပိုလန်နိုင်ငံ၊ အမ်စတာဒမ်မြို့ ရောက်တော့တစ်ထောက် နားရပြန်သည်။
သည်တစ်ကြိမ်တွင်မူ ခရီးသည်များအား လေယာဉ်ပြောင်းပေးသည်။
၃၆ နာရီတိတိကြာသောအခါတွင်မှ နယူးယောက်မြို့သို့ လေယာဉ်ဆိုက်သည်။
အေဘယ်သည် လမ်းမလျှောက်ချာင်လောက်အောင်ပင် မောပန်းနွမ်းနယ်နေသည်။ အကောက် ဌာန မှ ထွက်ခွာလာသောအခါ သူ့ထံသို့ သတင်းစာဆရာတွေ ၀ိုင်းအုံလာကြသည်ကို ရုတ်တရက် ရင်ဆိုင်တိုးရ တော့သည်။ ဓာတ်ပုံတွေ တဖျပ်ဖျပ်နှင့် အဆက်မပြတ်ရိုက်ကြသည်။
အေဘယ်ပြုံးလိုက်သည်။
ကြေငြာချက်ထွက်သွားပြီနဲ့ တူတယ်ဟု တွေးလိုက်မိသည်။ သည်အတိုင်းဆိုလျှင် တရားဝင် ဖြစ်သွားပြီ။
သူကကိုယ်ကို မတ်မတ်ရပ်လိုက်သည်။ ပြီးတော့ဣနြေ္ဒအပြည့်ဖြင့် ခပ်ဖြည်းဖြည်း ဆက် လျှောက် လာ ခဲ့သည်။
ဂျော့အားအရိပ်အရောင်ပင်မမြင်ရ၊ ဓာတ်ပုံဆရာတွေကလည်း ပတ်ပတ်လည်တွင် ထွက်ပေါက် မရအောင်ဝိုင်းရိုက်နေကြသည်။
ပရိတ်သတ်အစွန်တွင် ဂျော့ကိုလှမ်းမြင်လိုက်ရသည်။ သူ့မျက်နှာကလူသေမျက်နှာကြီးနှင့် တူနေသည်။ အေဘယ်၏ရင်ထဲတွင် ထိတ်ခနဲဖြစ်သွားသည်။ သူကသတင်းစာဆရာတွေကြားမှ တိုးထွက်ရန် ကြိုးစားသည်။ သတင်းစာဆရာတစ်ယောက်သူ့ရှေ့မှ ၀င်ရပ်လာသည်။
'ပိုလန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသည့်အတွက် စိတ်ထဲတွင် ဘယ်လိုများခံစားရပါသလဲ' ဟုမေးရမည့်အစား သတင်းထောက်က အသံကျယ်ကြီးဖြင့်……
'စွဲချက်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုဖြေကြားဖို့ စိတ်ကူးထားပါသလဲခင်ဗျာ'
ကင်မရာ မီးလုံးတွေ တဖျက်ဖျက် လင်းလက်သွားသည်။ မေးခွန်းတွေလည်းတရစပ် ၀င်လာသည်။
' စွဲချက် တွေဟာ အမှန်ပဲလား မစ္စတာရို့စနော့စကီး'
'လူကြီးမင်း က လွှတ်တော်အမတ် အော့စဘွန်းကို ပိုက်ဆံဘယ်လောက်ပေးခဲ့ပါသလဲ ခင်ဗျာ'
'စွဲချက် တွေကို ငြင်းဆန်ဖို့ ရည်ရွယ်ပါသလား ခင်ဗျာ'
'တရားခွင်ကို ရင်ဆိုင်ဖို့အတွက် အမေရိကကို ပြန်လာတာပါလား'
အေဘယ်ကတစ်ခွန်းမှ ပြန်မပြောဘဲနှင့် သတင်းထောက်တွေက သူတို့မှတ်စုစာအုပ်တွင် ကမန်းကတန်း လျှေယင်ရေးနေကြသည်။
'ဖယ်ကြပါဗျာ၊ ကျုပ်ထွက်ပါရစေ'
အေဘယ်က အော်ပြောလိုက်သည်။
ဂျော့ကရှေ့က အတင်းတိုးလာပြီး အေဘယ်အား လူအုပ်ကြီးထဲမှ ဆွဲထုတ်လာခဲ့သည်။ ပြီးတော့ အသင့်စောင့်နေသော ကာဒီလက်ဇိမ်ခံကားကြီးထဲသို့ ထိုးသွင်းလိုက်သည်။
အေဘယ်ကခေါင်းငုံ့ပြီး  မျက်နှာက်ကို လက်ဝါးနှစ်ဖက်နှင့် အုပ်ထားလိုက်သည်။ ကင်မရာ မီးလုံးတွေ တဖျပ်ဖျပ်လက်သွားကြပြန်သည်။ ဂျော့ကခရိုင်ဘာကို  အော်ငေါက်ပြိး ချက်ချင်း မောင်းထွက် ခိုင်းသည်။
'နယ်စားဟိုတယ်ကိုလား........ ဆရာ'
မဟုတ်ဘူး။ ၅၇လမ်းက မစ္စရို့နော့စကီး တိုက်ခန်းကိုမောင်း'
'ဘာဖြစ်လို့လဲ'အေဘယ်က ဖျက်ခနဲမေးလိုက်သည်။
'နယ်စားဟိုတယ်ကို သတင်းထောက်တွေ ၀ိုင်းထားလို့'
' ကျွန်တော်တော့ ဘယ်လိုမှမစဉ်းစားတတ်တော့ဘူး ဂျော့၊ အီစတန်ဘူမှာတုန်းက သူတို့က ကျွန်တော့်ကို အရွှေးခံရပြီ သံအမတ်ကြီးတစ်ယောက်အဖြစ် ဆက်ဆံခဲ့ကြတယ်၊ အခု အိမ်ပြန် လာတော့ ကျွန်တော်ကရာဇ၀တ်ကောင်ဖြစ်နေပြီ၊ ဘယ်လိုစွဲချက်တွေများ တင်ထားလို့လဲ ဂျော့၊ ဘယ်သူတွေက စွဲတာလဲဟင်'
'ကျွန်တော်ပဲ ပြောရမှာလား၊ ဒါမှမဟုတ် ရှေ့နေနဲ့တွေ့မှ မေးမှာလား'
'ခင်ဗျားဘယ်သူ့ကို ငှားထားသလဲ'
'အိပ်ခ်ျ၊ ထရက်ဖို့ဂျစ်ခ်၊ အမေရိကန်တစ်ပြည်လုံးမှာ အတော်ဆုံးရှေ့နေ တစ်ယောက်ပဲ'
'ရှေ့နေကတော့ နင့်နေမှာပေါ့'
'ဒီလိုအခြေအနေမျိုးမှာ ပိုက်ဆံမြင်မနေသင့်တော့ဘူး အေဘယ်'
'ဟုတ်ပါတယ် ဂျော့၊ ခင်ဗျားပြောတာ မှန်ပါတယ်၊ ကျွန်တော့ကို ခွင့်လွှတ်ပါဗျာ၊ ဒါနဲ့ရှေ့နေက ဘယ်မှာလဲ'
'တရားရုံးမှာ ကျန်ရစ်တယ်၊ အဲဒီကစ္စပြီးရင် တိုက်ခန်းကို ချက်ချင်းလိုက်လာလိမ့်မယ်'
'ကျွန်တော် အဲဒီအထိ မစောင့်နိုင်တော့ဘူးဗျာ၊ ခင်ဗျားပဲအခုပြောပါတော့၊ အဆိုးဆုံးကိုသာ ပြေပြဗျာ'
'ဂျော့က သက်မတစ်ချက် ချလိုက်ပြီး..
'ခင်ဗျားကို ဖမ်းဝရမ်းထုတ်လိုက်တယ်'
'ဘယ်လိုစွဲချက်နဲ့လဲ'
အစိုးရဌာနဆိုင်ရာ အကြီးအကဲတွေကို လာဘ်ထိုးမှုနဲ့'
'ကျွန်တော်က ဘယ်ဌာနအကြီးအကဲကိုမှ ကျွန်တော်ကိုယ်တိုင် လာဘ်မထိုးဖူးပါဘူး'
'အဲဒါကျွန်တော် သိပါတယ် ဒါပေမဲ့ ပြဿနာက ဟင်နရီအော့စဘွန်းကြောင့် ဒါမှမဟုတ် ခင်ဗျားကိုယ်စား သူလုပ်သမျှအားလုံး ခင်ဗျားနာမည်နဲ့ ဖြစ်နေပုံရတယ်'ဒါမှမဟုတ် ခင်ဗျား ကိုယ်စား သူလုပ်နေပုံရတယ်
'ဘုရားရေ….ဒီလူကို ယုံမိတာ သောက်ကျိုးနည်းတော့တာပဲ၊ ကျွန်တော်က သူနဲ့ ကျွန်တော်တို့ နှစ်ယောက်လုံး ၀ီလျံကိန်းကို မုန်းနေကြတယ်ဆိုပြီး ယုံခဲ့မိတာ၊ ဒါပေမဲ့ ဒီလူ ကျွန်တော့်အပေါ်မှာ ဒီအထိတော့ ညစ်ပတ်လိမ့်မယ်လို့ မထင်ဘူးဗျာ၊ ဘာဖြစ်လို့လဲဆိုရင် ဒီလိုလုပ်၇င် သူ့လည်းပင်သူ ကြိုးကွင်းစွပ်တာနဲ့ ဘာမှမထူးဘူး'
'ဒါပေမဲ့ သူကထွက်ပြေးသွားပြီဗျ၊ သူ့အကြွေးတွေလည်း အားလုံးရှင်းသွားတယ်၊ တော်တော် အံ့သြစရာကောင်းတာပဲ'
'၀ီလျံကိန်းနဲ့ သွားပေါင်းတာ ဖြစ်မှာပေါ့'
'ကျွန်တော် ထောက်လှမ်းကြည့်သမျှတော့ ဘာသဲလွန်စမှ မတွေ့ရသေးဘူး၊ ၀ီလျံကိန်း ပါဝင် ကြောင်း ဘာအထောက်အထားမှ မတွေ့ရသေးဘူး'
'အထောက်အထား လိုသေးသလားဗျ၊ အာဏာပိုင်တွေလက်ထဲ စာရွက်စာတမ်းတွေ ဘယ်လို ရောက် သွားသလဲ၊ ဒီအချက်က အရေးကြီးဆုံးပဲ၊ ခင်ဗျား ဘာတွေသိထားပြီးပြီလဲ
'သိပ်တော့ မသိရေသေးဘူးဗျ၊ စာရွက်စာတမ်းတွေ အပြည်အစုံပါတဲ့ ဖိုင်တွဲကို ပစ်စာ သဘောလုပ်ပြီး ၀ါရှင်တန်က တရားရုံးချုပ်ကို တင်ပို့လိုက်တယ်ဆိုတာလောက်ပဲ သိရ သေးတယ်'
'စာတိုက်တံဆိပ်က ဘယ်ကလဲ၊ နယူးယောက်ကပဲ ဖြစ်မှာပေါ့'
'မဟုတ်ဘူး ရှီကာဂိုက'
အေဘယ်က ဘာမှမပြောဘဲ အတန်ကြာငြိမ်နေသည်။ ပြီးတော့မှ -
‘အဲဒီဖိုင်တွဲပို့တာ ဟင်နရီတော့ မဖြစ်နိုင်ဘူးဗျ၊ သူ ဒီလိုမလုပ်နိုင်ပါဘူး’
‘ခင်ဗျားက ဘာကြောင့် ဒီလောက်တောင် သေချာပေါက်ပြောနိုင်ရတာလဲ’
‘ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားကပဲ ပြောတယ်မဟုတ်လား၊ သူ့အကြွေးတွေ အားလုံး ဆပ်ပစ်လိုက် ပြီလို့ တရားခံကို မသိဘဲနဲ့ တရားရေးဌာနက သူ့ကို အဲဒီလောက်များတဲ့ ပိုက်ဆံ ကို ထုတ်မပေး နိုင်ပါဘူး၊ အဲ…ဖြစ်နိုင်တာတစ်ခုတော့ ရှိတယ်၊ ဟင်နရီက အဲဒီဖိုင်ကို တစ်ယောက် ယောက်ကို ရောင်းလိုက်တာ ဖြစ်နိုင်တယ်၊ ဒါဆို ဘယ်သူ့ကို ရောင်းသလဲ၊ တစ်ခု သေချာတာကတော့ သူ့အနေနဲ့ ၀ီလျံကိန်းနဲ့ တိုက်ရိုက်မဆက်သွယ်နိုင်ဘူးဆိုတာပဲ’
‘တိုက်ရိုက် မဆက်သွယ်နိုင်ဘူး…..ဟုတ်လား’
‘ဟုတ်တယ် တိုက်ရိုက်မဆက်သွယ်နိုင်ဘူး၊ ဟင်နရီမှာ အကြွေးလည်ပင်းခိုက်နေတယ်၊ ပိုက်ဆံ သိပ်လိုနေတယ်၊ ပြီးတော့ အဲဒီဖိုင်တွဲတွေလည်း ရောင်းချင်နေတယ်ဆိုတာ ၀ီလျံကိန်း သိခဲ့လိုရှိရင် ကြားခံကိုယ်စားလှယ်ထားပြီး ၀ယ်ယူနိုင်တယ်၊ ဒါဖြစ်နိုင်တဲ့အချက်ပဲ’
‘ဟုတ်တယ်…အဲဒါဖြစ်နိုင်တယ် အေဘယ်၊ ဟင်နရီမှာ အကြွေးတွေ ခွေးသန်းတက်သလို တက်နေ တယဆိုတာ သိရဖို့အတွက် အကောင်းဆုံးစုံထောက် ငှားနေစရာမလိုပါဘူး၊ ရှီကာဂိုအရက်ဆိုင် ထိုင်နေတဲ့လူတိုင်း သိနေတဲ့ကိစ္စပဲ၊ ဒါပေမယ့် အရမ်းတော့ မဆုံးဖြတ် ပါနဲ့ဦး၊ ရှေ့နေက ဘယ်လိုပြော မလဲဆိုတာ ကြည့်ကြသေးတာပေါ့’
သူတို့ကားသည် ယခင်ဖလော်ရင်တီနာ နေခဲ့သောတိုက်ခန်းအပြင်ဘက်တွင် ရပ်သွားသည်။ တစ်နေ့ တွင် သူ့သမီး ပြန်လာလိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် အေဘယ်က တိုက်ခန်းကို လက်ရာမပျက် မူလအတိုင်း စောင့်ရှောက်ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်သည်။
ဂျော့က အခန်းတံခါးကို တွန်းဖွင့်လိုက်သည်။ ရှေ့နေထရက်ဖို့ဂျစ်ခ်က ကြိုတင် ရောက်နှင့် နေပြီ။
သုံးယောက်သား စားပွဲတွင် ၀င်ထိုင်ကြသည်။ ဂျော့က အေဘယ်အတွက် ၀ီစကီ တစ်ခွက် အပြည့် ထည့်ပေးလိုက်သည်။ အေဘယ်က တစ်ကျိုက်တည်းနှင့် မော့သောက်လိုက်သည်။ ပြီးလျှင် ထပ်ထည့်ရန် ဖန်ခွက်ကို ဂျော့ဆီသို့ ထိုးပေးလိုက်သည်။
‘ကဲ..မစ္စတာဂျစ်ခ်၊ ကျွန်တော်တို့ စပြီးဆွေးနွေးကြရအောင်၊ အဆိုးဆုံး အခြေအနေကိုသာ ပြောပြ ပါတော့’
‘ကျွန်တော် စိတ်မကောင်းပါဘူး၊ မစ္စတာရိုစနော့စကီး၊ မစ္စတာနိုဗက်က ၀ါဆောရာထူးကိစ္စ ပြောပြလို့ ကျွန်တော် သိရပါတယ်’
‘အဲဒီကိစ္စက ပြီးသွားပါပြီ၊ မေ့ပစ်လိုက်ပါတော့၊ ခုနေခါ ဗင်းစင့်ဟိုဂန်ကို သွားမေးကြည့်ရင် ကျွန်တော့် နာမည်တောင် မမှတ်မိပါဘူးလို့ ပြောမှာသေချာပါတယ်၊ ကဲ…ဒီတော့ ကျွန်တော့် အခြေအနေ ပြောပြ ပါဦး မစ္စတာဂျစ်ခ်’
‘ခင်ဗျားကို ပြည်နယ်၁၄ခုမှာ အစိုးရအရာရှိတွေကို လာဘ်ထိုးမှု ၁၇မှုနဲ့ စွဲချက်တင် ထားကြတယ်၊ အဲဒါ မနက်ဖြန်မနက်မှာ ခင်ဗျားကို ဖမ်းဆီးဖို့ တရားရေးဌာနက အားလုံး အဆင့်သင့် လုပ်ထားပြီးပြီး၊ ဒါပေမဲ့ အာမခံတော့ ရပါလိမ့်မယ်’
‘အာမခံကြေး နင့်နေမှာပဲ၊ ဒါနဲ့ သူတို့က ဘယ်အထောက်အထားနဲ့ စွဲချက်တင်တာတဲ့လဲ’
‘စွဲချက်တချို့အတွက်တော့ သူတို့မှာ အထောက်အထား ရှိပါတယ်၊ ဒါပေမဲ့ ဟင်နရီ အော့စဘွန်းက ထွက်ပြေးသွားလို့ ဘယ်ရောက်နေမှန်းမသိတဲ့အတွက် စွဲချက် အများစု အတွက်တော့ ခင်ဗျားကို ချုပ်ကိုင်ဖို့ အခက်တွေ့နေကြတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျား အနေနဲ့ နစ်နာပြီးသားဆိုတာကတော့ အထူးပြောစရာ မလိုပါဘူး၊ မစ္စတာရိုစနော့စကီး’
‘အဲဒါကို ကျွန်တော် သဘောပေါက်ပါတယ်’ သူက ‘ဒေးလီးနယူးစ်’ သတင်းစာမျက်နှာဖုံးမှ သူ့ဓာတ်ပုံ ကို တစ်ချက်စောင်းကြည့်လိုက်ပြီးနောက် ‘ကဲ…ဒီတော့ အဲဒီဖိုင်တွဲကို ဟင်နရီအော့စဘွန်းဆီက ဘယ်သူဝယ်ယူသလဲဆိုတာသာ အတိအကျ သိရအောင် လုပ်ပါတော့ မစ္စတာဂျစ်ခ်၊ လူလိုရင် လိုသလောက် ဌားရမ်းပြီး တာဝန်ပေးပါ၊ စရိတ်ဘယ်လောက်ပဲ ကုန်ကုန် ကိစ္စမရှိပါဘူး၊ ဒါပေမဲ့ မြန်နိုင် သမျှ မြန်အောင်တော့ကြိုးစားပါ၊ တကယ်လို့ လက်သည်ဟာ ၀ီလျံကိန်းသာ ဖြစ်နေတယ်ဆိုရင်တော့ သူ့ကို ဒီတစ်ချီမှာ အပြတ်ရှင်းရမှာပဲ’
‘ကျွန်တော်တစ်ခုတော့ သတိပေးချင်တယ် မစ္စတာရိုစနော့စကီး၊ ပြဿနာကို တစ်ခုပြီးတစ်ခု တိုးလာအောင်တော့ မလုပ်ပါနဲ့၊ အခုပဲ ခင်ဗျားအခြေအနေက ဒူးဆစ်အထိ နစ်နေပြီ’
‘ဒီအတွက် မစိုးရိမ်ပါနဲ့၊ ၀ီလျံကိန်းကို ကျွန်တော်လုပ်ရင် တရားဥပဒေဘောင်အတွင်းက ပိပိရိရိ လုပ်မှာပါ’
‘အခုအချိန်မှာ ၀ီလျံကိန်းကိစ္စ မေ့ထားလိုက်ပြီး အမှုကို ဘယ်လိုရင်ဆိုင်မလဲဆိုတာသာ အဓိက အာရုံစိုက်စေချင်တယ် မစ္စတာ ရိုစနော့စကီး၊ ဘာဖြစ်လို့လဲဆိုတော့ ဒီပြဿနာကို မဖြေရှင်း နိုင်ရင် ခင်ဗျားအနေနဲ့ အနည်းဆုံး ထောင်ဒဏ် ၁၀နှစ်လောက်ကျခံနိုင်စရာ အကြောင်း ရှိတယ်၊ ဒီနေ့ည တော့ ဘာမှမလုပ်နိုင်တော့ပါဘူး၊ လန်းလန်းဆန်းဆန်း ရှိသွားအောင် အိပ်သာ အိပ်လိုက်ပါတော့၊ ဒီကြားထဲ ကျွန်တော်က သတင်းစာ ရှင်းလင်းချက် တစ်စောင် ထုတ်ပြန် လိမ့်မယ်၊ ခင်ဗျားအနေနဲ့ လုံးဝအပြစ်မရှိကြောင်း ထုချေလျှောက်လဲဖို့ အဆင့်သင့် ရှိကြောင်း ထုတ်ပြန်လိမ့်မယ်’
‘အဲဒီလိုလုပ်ဖို့ တကယ်ဖြစ်နိုင်မလား’ ဂျော့က မျှော်လင့်တကြီး ၀င်မေးလိုက်သည်။
‘မဖြစ်နိုင်ပါဘူး၊ သို့ပေမဲ့ ဒီကြားထဲ ကျွန်တော်တို့အတွက် စဉ်းစားဖို့ အချိန်အများကြီး ရ သွားမယ်၊ အဲဒီဖိုင်ထဲမှာ နာမည်စာရင်းပါတဲ့ ပုဂ္ဂိုလ်တွေကို မစ္စတာရိုစနော့စကီးအနေနဲ့ တိုက်ရိုက် ဆက်သွယ်မှု လုံးဝမရှိခဲ့ဘူး၊ ဟင်နရီအော့စဘွန်းကသာ ကုမ္ပဏီဒါရိုက်တာ လူကြီး တစ်ယောက် အနေနဲ့ တိုက်ရိုက် ဆက်သွယ်မှု လုံးဝမရှိခဲ့ဘူး၊ ဟင်နရီအော့စဘွန်းကသာ ကုမ္ပဏီ ဒါရိုက်တာ လူကြီးတစ်ယောက် အနေနဲ့ အခွင့်အာဏာကို အလွဲသုံးစားပြီး သူ့ ဆန္ဒ အတိုင်း ထင်ရာလျှောက်လုပ်ခဲ့ကြောင်း၊ ကျွန်တော်က ထုချေရမှာပဲ၊ အဲဒီတော့ အဲဒီစာရင်းပါ ပုဂ္ဂိုလ်ထဲက တစ်ယောက်ယောက်နဲ့များ ဆက်သွယ်တွေ့ဆုံခဲ့တာရှိရင် ကျွန်တော့် ကို အမှန်အတိုင်းပြောပါ မစ္စတာရိုစနော့စကီး၊ ဘာဖြစ်လို့လဲ ဆိုတော့ တရားရေး ဌာနက အဲဒီလူတွေကို သက်သေအဖြစ် ခေါ်ယူစစ်ဆေးမှာမို့လို့ပဲ၊ ကဲ …. ဒီအကြောင်းတွေ မနက်ဖြန် မှ ဆက်ပြီး ဆွေးနွေးကြတာပေါ့၊ လောလောဆယ်တော့ အိပ်ရေးဝအောင် သာ အိပ်ပစ် လိုက်စမ်းပါ၊ ခင်ဗျားက တော်တော် ခရီးပန်းလာတာ၊ မနက်ကျမှ ထပ်တွေ့ကြတာပေါ့’
အေဘယ်အား နောက်နေ့နံနက် ၈နာရီတွင် ဖလော်ရင်တီနာ၏ တိုက်ခန်း၌ လာရောက် ဖမ်းဆီးသည်။ ထို့နောက် နယူးယောက်တောင်ပိုင်းခရိုင် တရားရုံးသို့ ခေါ်လာခဲ့ကြသည်။ တရားရုံးရောက်တော့ သတင်းထောက်တွေ ၀ိုင်းအုံလာကြပြန်သည်။ သူသည် ဂျော့နှင့် ရှေ့နေ ဂျစ်ခ် တို့ကြားမှာ လျှောက်ကာ တရားရုံးထဲ ၀င်လာခဲ့သည်။ ထို့နောက် ဧည့်ခန်းတွင် ငြိမ်သက် စွာ ထိုင်၍ စောင့်နေကြသည်။
မကြာမီတွင် တရားခွင်သို့ လာရောက်ရန် ဆင့်ခေါ်သည်။
စွဲချက်ကို ဖတ်ကြားရာတွင် မိနစ်အနည်းငယ်သာ ကြာသည်။ တရားခံအကျိုးဆောင် ထရက်ဖို့ ဂျစ်ခ် က စွဲချက်တိုင်းတွင် လုံးဝအပြစ်မရှိဟု ဖြေကြားပြီး တရားခံအား အာမခံပေးရန် လျှောက် ထားသည်။ ကြိုတင်သဘောတူပြီးသည့်အတိုင်း တရားရုံးမှ အာမခံပေးရန် သဘောတူသည်။ ထို့ပြင် မိမိ၏ အမှုသည်အတွက် လိုအပ်သည်များကို ပြည့်ပြည့်စုံစုံ ပြင်ဆင်နိုင်ရန် အနည်းဆုံး အချိန်သုံးလပေးဖို့ တရားခံရှေ့နေက တရားသူကြီးထံတွင် လျှောက်ထား လိုက်သည်။ တရားသူကြီးက မေလ ၁၇ရက်နေ့ တွင် ထပ်မံစစ်ဆေးရန် ရုံးချိန်း ပေးလိုက်သည်။
အေဘယ်သည် အာမခံဖြင့် ပြန်လွှတ်လာခဲ့ပြီ။ တရားရုံးအပြင်ဘက်တွင် သတင်းထောက်တွေ ရုတ်ထုတ်သဲသဲ ဖြစ်နေကြသည်။ ဓာတ်ပုံတွေ တဖျပ်ဖျပ် ရိုက်ကြပြန်သည်။
ဂျော့က ရုံးရှေ့တွင် အသင့်ရပ်ထားသော ကားဆီသို့ အေဘယ်ကို ကမန်းကတန်း ခေါ်လာခဲ့သည်။ ဒရိုင်ဘာကလည်း လျင်သည်။ ကားကို ချက်ချင်း မောင်းထွက်လာခဲ့သည်။
အေဘယ်က တစ်လမ်းလုံးတွင် စကားတစ်ခွန်းမျှမပြော။
ဒရိုင်ဘာက ကားကို ဦးတည်ရာ ကွေ့ပတ်မောင်းလာပြီး နောက်မှလိုက်လာသော သတင်းစာ ဆရာတွေကို မျက်ခြည်ဖြတ်ပစ်လိုက်သည်။
ကားသည် အရှေ့ ၅၇လမ်းမှ တိုက်ခန်းရှေ့တွင် ရပ်သွားသည်။
အေဘယ်က ဂျော့၏ပခုံးပေါ် လက်တင်ကာ ပြောလိုက်သည်။
‘ဂျော့….ဟိုတယ်လုပ်ငန်းအားလုံးကို အနည်းဆုံး သုံးလလောက်တော့ ခင်ဗျားပဲ’
ကြည့်လုပ်ပါဦး၊ ဒီကြားထဲ ကျွန်တော်က အမှုအတွက်  မစ္စတာဂျစ်ခ်အနေနဲ့ အေးအေး ဆေးဆေး တိုင်ပင်ပြီး အကြံထုတ်လိုက်ဦးမယ်၊ အဲဒီနောက်တော့ ကျွန်တော်တို့ သူငယ်ချင်း နှစ်ယောက် အလျင်လိုပဲ ပျော်ပျော်ပါးပါးဆက်ပြီး ပူးတွဲလုပ်ကိုင်ကြတာပေါ့’ အေဘယ် က ပြောပြီး ရယ်နေသည်။
‘အလုပ်အတွက်တော့ ဘာမှမပူပါနဲ့ အေဘယ်၊ အမှုကိစ္စကိုသာ အာရုံစိုက်ပါ၊ မစ္စတာဂျစ်ခ်က ခင်ဗျားကို ကွင်းလုံးကျွတ် ကူညီနုင်မှာ သေချာပါတယ်’ ဂျော့က လက်ဆွသားရေအိတ်ကို ကောက်ကိုင်ပြီး ကားပေါ်မှာ ဆင်းလိုက်သည်။ ပြီးတော့ အေဘယ်ဘက်သို့ ပြန်လှည့်ပြီး…. ‘မျက်နှာကို တတ်နိုသသမျှ ပြုံးပြုံးကလေး ထားစမ်းပါ သူငယ်ချင်း’
ထို့နောက် ဂျော့ လျှောက်ထွက်သွားသည်။
‘ဂျော့သာမရှိရင် ကျွန်တော်တော့ တော်တော်ကို ဒုက္ခရောက်မှာ သေချာတယ် မစ္စတာဂျစ်ခ်’ ဧည့်ခန်း ထဲတွင် ထိုင်ကြပြီးသောအခါ အေဘယ်က ရှေ့နေကြီးအား ပြောပြလိုက်သည်။ ‘ကျွန်တော်တို့နှစ် ယောက်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀လောက်က သဘောင်္ပေါ်မှာ စတွေ့ကြပြီး မိတ်ဆွေဖြစ်ခဲ့ကြတယ်၊ အဲဒီအချိန်ကစပြီး နှစ်ယောက်စလုံး အကြီးအကျယ် ရုန်းကန်လှုပ်ရှားခဲ့ကြပြီးမှ အခုအခြေအနေကို ရောက်လာခဲ့ကြတာပဲ၊ နောင်လည်း ကျွန်တော် တို့နှစ်ယောက် ရုန်းကန်စရာတွေ တစ်ပုံကြီး ရှိနေဦး မှာပဲ၊ ကဲ…ဒီတော့ အလုပ်စကား ပြောကြရအောင်၊ ဟင်နရီအော့ဘွန်းအကြောင်း ဘာတွေသိရပြီလဲ’
‘ဘာမှမသိရသေးဘူး၊ ကျုပ်က စုံထောက်ခြောက်ယောက်ငှားပြီး သူ့နောက်လိုက် ခိုင်းထားတယ်၊ တရားရေးဌာနကလည်း အနည်းဆုံး ခြောက်ယောက်လောက်တော့ လွှတ်ထား လိမ့်မယ်၊ အဲဒီတော့ ကျုပ်တို့လူတွေက အရင်မတွေ့တောင်မှ တရားရေးက လူတွေတွေ့မှာပဲ’
‘အော့စဘွန်းဆီက ဖိုင်တွဝယ်တဲ့ လူအကြောင်းကရော ဘာထူးသလဲ’
‘အဲဒီအတွက်လည်း ရှီကာဂိုမှာ လူတွေ လွှတ်ထားတယ်၊ လောလောဆယ်တော့ ဘာမှမထူးခြား သေးဘူး’
‘ကောင်းပြီလေ၊ ဒီတော့ မနေ့ညက ခင်ဗျားကျွန်တော်တို့ပေးထားခဲ့တဲ့ စာရင်းပြန်ကြည့် ရအောင်’
ရှေ့နေထရက်ဖို့ဂျစ်ခ်က စွဲချက်ကို တစ်ပိုဒ်ချင်း ဖတ်ပြသည်။ ထို့နောက် သူသိလိုသော အချက်များကို အေဘယ်အား အသေးစိတ် မေးမြန်းမှတ်သားသည်။ ဤနည်းဖြင့် နှစ်ယောက်သား ခေါင်းချင်းဆိုင်ကာ ရက်သတ္တပတ်သုံးပတ်တိတိ အပြန်အလှန် ညှိနှိုင်းဆွေးနွေးကြပြီးသောအခါမှသာ ရှေ့နေကြီးအဖို့ လိုအပ်သော အချက်အလက်များကို အပြည့်အစုံရရှိ၍ အေဘယ်မှာ အေးအေးဆေးဆေး နားခွင့်ရ တော့သည်။ ထိုကာလအတွင်း အော့စဘွန်းအကြောင်းနှင့်ပက်သက်၍ကား မည့်သည်သဲလွန်စမှ စုံးစမ်းထောက်လှမ်း၍ မရနိုင်သေး။ ထို့ပြင် အော့စဘွန်းထံမှ ဖိုင်တွဲဝယ်ယူသော ပုဂ္ဂိုလ်ကိုလည်း မည်သူမည်ဝါဟူ၍ မသိကြရ သေးသဖြင့် အေဘယ် ယုံကြည့်သည့်အတိုင်းပင် မှန်နေပြီလားဟူ၍ စိတ်ကူးမိကြသည်။
အမှုချိန်းရက်သည် တစ်နေ့ထက်တစ်နေ့ နီးကပ်လာပြီ။ အေဘယ်မှာ ထောင်နန်းစံရဖို့ ကိန်းနှင့် ပက်ပင်းတိုးနေပြီ။ ယခုအခါ သူသည် အသက်၅၅နှစ်ရှိခဲ့ပြီ။ အသက်ကြီးတော့မှ ထောင်ထဲဝင်ရပြီး အရှက်တကွဲ ဖြစ်ရမည်ကိုတွေးကာ အထူးပင် စိုးရိမ်တော့သည်။ ရှေ့နေ မစ္စတာဂျစ်ခ်၏ ထင်မြင်ချက် အရဆိုသော် အစိုးရက အော့စဘွန်းကို သက်သေအဖြစ် အသုံးချနိုင်ခဲ့လျှင် အေဘယ်အနေဖြင့် ဘယ်နည်းနှင့်မျှ ထွက်ပေါက်မရှိတော့….။ အော့စဘွန်းက အေဘယ်၏နာမည်ကို အလွဲသုံးစားပြု၍ သူ့ကိုယ်ကျိုးအတွက် လုပ်သွားသည်မှာ ထင်ရှားသည်။ ယင်းအတွက်ကြောင့် အေဘယ်အဖို့ ချမ်းသာရာမမြင်။
အေဘယ်က ၀ီလျံကိန်း၏မျက်နျာကို မြင်ယောင်လာသည်။ လွန်ခဲ့သော နှစ်ပေါင်း တော်တော် ကြာကြာ တုန်းက ဘော့စတွန်မြို့တွင် သူပထမဆုံး စတင်တွေခဲ့ရသော မျက်နှာ ချိုချိုနှင့် လူချောလူလှကလေး ၀ီလျံကိန်းကို မြင်ယောင်လာသည်။ တစ်ချိန်တည်းတွင် ဒေါသလည်း အလွန်ဖြစ်မိသည်။
သည်ကြားထဲတွင် ဖလော်ရင်တီနာဆီက စာတစ်စောင် ရောက်လာသည်။ စာနှင့်အတူ သားကလေး၏ ဓာတ်ပုံတွေလည်း ပါလာသည်။ ဖလော်ရင်တီနာက သူ့ဖခင်ကို ထာဝစဉ် ချစ်ခင်လေးစားလျက်ပင် ရှိနေကြောင်း၊ ယခုအမှုတွင်လည်း ဖေဖေ့အနေဖြင့် လုံးဝအပြစ်င်းစင်လိမ့်မည်ဟု သူမ ယုံကြည်လျက် ရှိကြောင်း ရေးသားလိုက်သည်။
ကံအားလျော်စွာဖြင့် အမှုမစစ်မီ သုံးရက်အလိုတွင် တရားရးဌာနမှ စုံထောက်များက အော့စဘွန်းကို နယူးအော်လင်းမြို့တွင် ဖမ်းဆီးရမိသည။ အကယ်၍သာ သူသည်ခြေနှစ်ဖက်ကျိုး၍ ဆေးရုံ မတက်ခဲ့လျှင် သူ့ကို လုံးဝဖမ်းဆီးရမိစရာ အကြောင်းမရှိ။ စုံထောက်များက ဆက်လက်စုံစမ်းသော အခါ အော့စဘွန်းသည် အကြွေးမဆပ်နိုင်၍ အရိုက်ခံရသဖြင့် ခြေထောက်နှစ်ချောင်း ကျိုးသွားကြောင်း သိရှိကြရသည်။
အော့စဘွန်း၏ ခြေထောက်နှစ်ချောင်းကို လိမ်လည်မှု၊ အလွဲသုံးစားမှုတိုဖြင့် တရားစွဲဆိုသည်။ သူက အာမခံတောင်းသော်လည်း ရုံးတော်က ခွင့်မပြု၊ ရုံးတော်၏ ခွင့်ပြုချက်အရ ရှေနေဂျစ်ခ် က အော့စဘွန်း အား အချုပ်ထဲတွင် သွားတွေ့ပြီး မေးခွန်းများမေးသည်။ သို့သော် အော့စဘွန်း က ဝေ့လည်ချောင်ပတ် လုပ်ကာ မဟုတ်မဟတ်တွေကို လျှောက်ဖြေနေသည်။ အော့စဘွန်း သည် မိမိအမှု သက်သာရေး အတွက် အစိုးရသက်သေအဖြစ် ထွက်ဆိုရန် ဆုံးဖြတ် ထားသော ကြောင့် ဤကဲ့သို့ ဘူးကွယ်နေခြင်းဖြစ်မည်ဟု ရှေ့နေဂျစ်ခ်က မှတ်ချက် ချလိုက်သည်။
…………………
အခန်း (၃၈) ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
Wednesday, June 9, 2010
မောင်ပေါ်ထွန်း ဘာသာပြန် အပိုင်း (၃၆)
အခန်း (၃၆)
ဝီလျံသည် ၀ါရှင်တန်တွင် ကျင်းပသော ဘဏ်လုပ်ငန်းရှင်များ ညီလာခံမှ ပြန်ရောက်သောအခါ "ရှေ့နေသာဒီယပ်ကိုဟင်နှင့် အမြန်ဆက်သွယ်ပါ" ဟူသော တယ်လီဖုန်းသတင်း မှတ်စု စာရွက်ကို စားပွဲပေါ်တွင် တွေ့ရသည်။
သူသည် မစ္စတာကိုဟင်နှင့် ဟုတ္တိပတ္တိ စကားမပြောခဲ့ရသည်မှာ အချိန်တော်တော် ကြာခဲ့ပြီ ဖြစ် သည်။ ကိုဟင်ထံမှ မှန်မှန်ပို့ပေးနေသော အစီရင်ခံစာများတွင်လည်း အေဘယ်ရို့စနော့စကီးနှင့် ပတ်သက်၍ လောလောဆယ်တွင် တစ်စုံတစ်ရာ စိုးရိမ်စရာ မရှိကြောင်းကိုသာ အဆက်မပြတ် ဖော်ပြနေကြသည်။
သို့သော် အကြောင်းထူး တစ်ခုခုတော့ ရှိလို့ ဖြစ်ပါလိမ့်မယ်ဟု တွေးမိပြီး ချက်ချင်းပင် မစ္စတာ ကိုဟင်ထံသို့ ဖုန်းဆက်လိုက်သည်။ မစ္စတာကိုဟင် သူ သတင်းထူးတစ်ခုရထားကြောင်း၊ သို့သော် တယ်လီဖုန်းနှင့်ပြော၍ မဖြစ်ကြောင်း ပြောသည်။ ထို့ကြောင့် ၀ီလျံက သူ့အား ဘဏ်တိုက်သို့ ချက်ချင်းလာခဲ့ရန် လှမ်းခေါ် လိုက်သည်။
နောက်မိနစ်၄၀အကြာတွင် မစ္စတာကိုဟင် ရောက်လာသည်။ ၀ီလျံက မစ္စတာကိုဟင် ပြောသမျှကို စိတ်ဝင် စားစွာဖြင့် နားထောင်သည်။
မစ္စတာကိုဟင် ပြောပြီးသောအခါ ၀ီလျံက ပြန်ပြောလိုက်သည်။
"ခင်ဗျားအဖေသာဆိုရင်တော့ ဒီလိုကောက်ကျစ်တဲ့နည်းလမ်းမျိုးကို ဘယ်တော့မှ သုံးလိမ့်မယ် မဟုတ်ဘူး"
"ဒါတော့ အခြေအနေအရပေါ့ဗျာ၊ သူက ဓားဆိုရင် ကိုယ်ကလည်း သူ့ထက်မသာ တောင်မှ တူညီ တဲ့လက်နက်တော့ အတတ်နိုင်ဆုံး သုံးရမှာပေါ့"
"ခင်ဗျားစီမံကိန်း ဘာကြောင့် အောင်မြင်မယ်လို့ ထင်ရတာလဲ"
"ဘားနဒ်ဂိုးလ်ဖိန်းနဲ့ ရှာမင်အဒမ်တို့အမှုကို ပြန်ကြည့်ပါလား၊ ပိုက်ဆံက ဟိုတယ်စရိတ် ၁၆၄၂ ဒေါ်လာ ကလေးနဲ့ သားမွေးကုတ်အင်္ကျီ တစ်ထည်တည်းပါ၊ ဒါပေမဲ့ အဒမ်က သမ္မတရဲ့ လက်ထောက် အရာရှိ ဖြစ်နေတော့ သမ္မတလည်း တစ်ခါတည်း ပြုတ်ထွက်သွားတာပဲ မဟုတ်လား၊ အခု ရို့စနော့စကီးလုပ်တာက  အဲဒီထက် ကြီးကျယ်တယ်ဗျ၊ အဲဒီတော့ ဒီတစ်ချက်တည်းနဲ့ သူ့ကို အလဲထိုးနိုင်မှာ သေချာပေါက်ပဲ"
"အဲဒီအတွက် ကျွန်တော်က ပိုက်ဆံဘယ်လောက် ရင်းနှီးရမှာလဲ"
"အများဆုံး ဒေါ်လာနှစ်သောင်းခွဲလောက်ပါ၊ ဒါပေမဲ့ ဒီထက်သက်သာအောင် ကျွန်တော် ကြည့်ပြီး လုပ်ပါ့မယ်"
"ဒီကိစ္စမှာ ကျွန်တော် ပါဝင်နေတယ်တာ ရို့စနော့စကီးမသိအောင် ခင်ဗျား ဘယ်လိုကာကွယ်နိုင် မှာလဲ"
"ကျွန်တော် က ခင်ဗျားနာမည်ကိုတောင် မသိတဲ့ တတိယလူတစ်ယောက်ကို ကိုယ်စားလှယ်အဖြစ် အသုံးပြု မှာပေါ့"
"အဲဒါပြီးသွားရင် ကျွန်တော်တို့က ဘာဆက်လုပ်မလဲ"
"ခင်ဗျားက အသေးစိတ်အထောက်အထားတွေကို ဆီနေတာကနေဒီရဲ့ ရုံးကို ပို့လိုက်ရုံပေါ့၊ အဲဒါ ဆိုရင် ရို့စနော့စကီး ရဲ့ လုပ်ငန်းတွေ တစ်ချီတည်းနဲ့ အားလုံးပြိုလဲကုန်မှာ သေချာပါတယ်၊ ဘာဖြစ် လို့လဲဆိုတော့ သူ့အနေ နဲ့ လက်စတာဘဏ်ရဲ့ ရှယ်ယာရှစ်ရာခိုင်နှုန်းကို ပိုင်ထားသည့်တိုင်အောင် သူ့ရဲ့ဂုဏ်သိက္ခာ ကျဆင်း သွား တဲ့အချိန်မှာ ဘဏ်ဥပဒေစည်းမျဉ်းပုဒ်မ(၇)ကိုလည်း ဆုပ်ကိုင်လို့ လုံးဝ မရနိုင်တော့ တဲ့ အတွက်ပဲ"
"ဆိုပါတော့၊ တကယ်လို့ ကနေဒီသာ သမ္မတဖြစ်လာမယ်ဆိုရင်တော့ ခင်ဗျား စီမံကိန်း ဟန်ကျတာ ပေါ့၊ ဒါပေမဲ့ ကနေဒီမဖြစ်ဘဲ နစ်ကဆင်ဖြစ်လာရင် ဘယ်လိုလုပ်မလဲ၊ သူက လောလောဆယ်မှာ တစ်ပြေးနေတဲ့လူ၊ ကျွန်တော်ကလည်း သူပဲ အရွေးခံရလိမ့်မယ် ထင်တာပဲ၊ ကနေဒီလို ရိုမန် ကက်သလစ် ဘာသာဝင်တစ်ယောက်ကို အမေရိကန်ပြည်သေူတွက သမ္မတအဖြစ် ရွေးပါ့မလားဗျ၊ ကျွန်တော်တော့ လုံးဝ မထင်ဘူး၊ သို့သော်လည်း ရို့စနော့စကီးကိုသာ အလဲထိုးနိုင်မယ်ဆိုရင် တော့ ကျွန်တော့်အနေနဲ့ အဲဒီငွေ နှစ်သောင်းခွဲလောက်ကို ဘာမှ တွက်နေစရာ မလိုပါဘူး"
"ကနေဒီ သမ္မတ ဖြစ်လာရင်ပေါ့ဗျာ"
ဝီလျံက စားပွဲအံဆွဲဖွင့်ပြီး "ကိုယ်ပိုင်စာရင်း"ဟု တံဆိပ်ရိုက်ထားသော ချက်လက်မှတ်စာအုပ် ဆွဲ ထုတ်လိုက် သည်။ ထို့နောက် ငွေအရေအတွက်ကို တစ်လုံးချင်း ရေးချလိုက်သည်။
"နှစ်၊ ငါး၊ သုည၊ သုည၊ သုည"
တကယ့် တိုတိုလေးပါ မနက်ဖြန်မှ အများကြီးဖတ်ပါ
အခန်း (၃၇) ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
Tuesday, June 8, 2010
မောင်ပေါ်ထွန်း ဘာသာပြန် ကမ္ဘာရန် အပိုင်း (၃၅)
အခန်း (၃၅)
အေဘယ်သည် နယူးယောက်နယ်စားဟိုတယ် ၄၂ထပ်ရှိ သူ့ရုံးခန်းထဲတွင် တစ်ယောက်ထည်း ထိုင်ကာ ကနေဒီ သမ္မတ အရွေးခံရရေး ရန်ပုံငွေရှာဖွေရေးကော်မတီမှ ပုဂ္ဂိုလ်တစ်ဦးအား စောင့်နေ သည်။
သူက စိတ်မရှည်ဟန်ဖြင့် စားပွဲကို လက်ချောင်းများနှင့် တစ်ဒေါက်ဒေါက် ခေါက်ကစားလျက် ရှိသည်။ ထိုအခိုက် အတွင်းရေးမှူး စာရေးမ၀င်လာသည်။
"မစ္စတာဗင်းစင့်ဟိုဂန် ရောက်လာပါပြီ ရှင့်"
အေဘယ် က ကုလားထိုင်မှ ထရပ်လိုက်ပြီ ...
"ကြွပါ ... မစ္စတာဟိုဂန်" သူက ရုပ်ရည်ချောမောသော လူငယ်အား ပခုံးကို တစ်ချက် ပုတ်လိုက်ပြီး "နေကောင်း တယ်နော်"
"ဟုတ်ကဲ့ ကောင်းပါတယ် မစ္စတာရို့စနော့စကီး၊ ကျွန်တော် နည်းနည်း နောက်ကျသွားတာ ခွင့်လွှတ်ပါ ခင်ဗျား"
လူငယ် က ဘော့စတွန်သား လေသံဖြင့် တောင်းပန်စကားဆိုသည်။
"ကျုပ်က သတိတောင် မထားမိပါဘူးဗျာ၊ ကိစ္စမရှိပါဘူး၊ ဒါနဲ့ တစ်ခုခုသောက်ပါလား မစ္စတာဟိုဂန်"
"ကျေးဇူးတင်ပါတယ် မစ္စတာ ရို့စနော့စကီး၊ ကျွန်တော် မသောက်တော့ပါဘူး၊ ကျွန်တော်က တစ်နေ့တည်း မှာ လူတွေအများကြီးနဲ့ တွေ့ဆုံစရာရှိတဲ့အခါမျိုးမှာ လုံးဝ အရက်မသောက် ဒီနေ့ လူတွေ အများ ကြီး တွေ့ဖို့ အစီအစဉ်မရှိပါဘူး"
ဟိုဂန် ရယ်နေသည်။ အေဘယ်က ဖန်ခွက်ထဲ အရက်ငှဲ့ထည့်သည်။
"ကဲ ... ဆိုပါဦး၊ ကျုပ်ဘာကူညီရမှာလဲ"
"ဟုတ်ကဲ့ မစ္စတာရို့စနော့စကီး၊ ကျွန်တော်တို့ ပါတီက မစ္စတာရို့စနော့စကီးရဲ့ အကူအညီကို လိုအပ်နေလို့ပါ၊ ကျွန်တော်တို့ကို အလျင်လိုပဲ ထောက်ပံ့ကူညီလိမ့်မယ်လို့ မျှော်လင့်ပါတယ် ခင်ဗျား"
"ခင်ဗျားသိတဲ့အတိုင်း ကျုပ်က အမြဲတမ်း ဒီမိုကရစ်တစ် ပါတီဝင်တစ်ယောက်ပဲဗျ၊ ကျုပ်က ဖရန်ကလင်ရုစဗဲ့၊ ဟယ်ရီထရူးမင်းနဲ့ အက်ဒလေစတီဗင်ဆင်တို့တုန်းကလဲ ထောက်ပံ့ခဲ့တယ်၊ ဒါပေမယ့် စတီဗင်ဆင် ဘာတွေပြောနေတယ်ဆိုတာ လုံးဝ နားမလည်ပါဘူးဗျာ"
နှစ်ယောက်စလုံး ရယ်လိုက်ကြသည်။
"ပြီးတော့ ကျုပ်က ကျုပ်ရဲ့မိတ်ဆွေကြီး ရှီကာဂိုမြို့တော်ဝန် ဒစ်ခ်ဒါလီကိုရော ပိုလန် အမျိုးသား ကလေး အက်ဒမမ် မတ်စကီးကိုရော ကူညီခဲ့တယ်၊ မစ်စကီးက ၁၉၅၄ခုနှစ်တုန်းက မိန်းပြည်နယ် အုပ်ချုပ်ရေးမှူး အရွေးခံရတုန်းကပေါ့"
"ဟုတ်ပါတယ် ခင်ဗျာ၊ လူကြီးမင်းက ကျွန်တော်တို့ ပါတီအပေါ် သစ္စာရှိစွာ ကူညီခဲ့တယ်ဆိုတာ ဘယ်သူ ကိုမှ မငြင်းနိုင်ပါဘူး ခင်ဗျာ၊ အဲဒီလို ကူညီခဲ့တဲ့အတွက် အရွေးခံရတဲ့ ပုဂ္ဂိုလ်တွေကလဲ လူကြီးမင်းကို ပြန်ပြီး ကျေးဇူး ဆပ်ခဲ့ကြတယ်ဆိုတာ အားလုံးအသိပါပဲ၊ အဆုံးစွန်ပြောရရင် လွှတ်တော်အမတ်ဟောင်း အော့စဘွန်း တောင်မှ လူကြီးမင်းကို ပြန်ပြီး အထိုက်အလျောက် ကူညီ ခဲ့ပါတယ်၊ သူ့အကြောင်းတော့ အသေး စိတ် ဆက်ပြောနေစရာ မလိုတော့ပါဘူး"
"ဒီကိစ္စက ပြီးခဲ့ပြီးပါပြီ၊ ဘာမှ ပြောနေစရာ မလိုတော့ပါဘူး"
"ဟုတ်ပါတယ် ခင်ဗျာ၊ ကျွန်တော်လဲ လူကြီးမင်းနဲ့ တသဘောတည်းပါပဲ"
"အဲဒီတော့ ကျုပ်က ဘယ်လောက်ကူညီရမလဲ"
"ကျွန်တော်တို့ အဖို့တော့ ရသမျှ အမြတ်ချည်းပါပဲခင်ဗျာ၊ နစ်ကဆင်ဆိုရင် တစ်နိုင်ငံလုံးလှည့်ပြီး ထောက်ပံ့ ကြေး တွေ လိုက်ကောက်ခံနေပါပြီ၊ ကျွန်တော်တို့လူ သမ္မတအိမ်တော်ရောက်ရေးအတွက် ပိုက်ဆံကတော့ အများကြီး လိုပါလိမ့်မယ်ခင်ဗျာ"
"ဟုတ်ပါပြီ၊ ကျုပ်က ကနေဒီကိုပဲ ထောက်ခံမှာပါ၊ သူကလဲ ကျုပ်ကို မမေ့ဘူးဆိုရင်ပေါ့လေ၊ ဒါကတော့ ရှင်းရှင်း ကလေးပါ"
"ဟုတ်ပါတယ် ခင်ဗျာ၊ သူကလဲ လူကြီးမင်းကို အပြန်အလှန်သဘောနဲ့ ၀မ်းမြောက် ၀မ်းသာ ကူညီ မှာပါ ခင်ဗျာ၊ လူကြီးမင်းဟာ ပိုလန်အမျိုးသား မဲဆန္ဒနယ်မှာ အဓိကပုဂ္ဂိုလ်ကြီးတစ်ယောက် ဖြစ် တယ်ဆိုတာ ကျွန်တော်တို့ အားလုံးအသိပါပဲခင်ဗျာ၊ ဆီနေတာကနေဒီကလဲ လူကြီးမင်းအနေနဲ့ အမျိုးသားရေါ်ဘက်က တစ်ချိန်လုံး ရပ်လာခဲ့တာကို အသတ်အမှတ်ပြုပါတယ် ခင်ဗျာ၊ ပြီးတော့ စစ်အတွင်းက လူကြီးမင်းရဲ့ စွမ်းဆောင်မှု တွေကိုလဲ ဂုဏ်ယူပါတယ်ခင်ဗျာ၊ ကြုံကြိုက်တုန်း ၀မ်းသာစရာပြောရဦးမယ်၊ ဆီနေတာ ကနေဒီက ရွေးကောက်ပွဲ မဲဆွယ်ခရီးလှည့်ရင်း လော့စ်အိန်ဂျယ်လိစ်မြို့က နယ်စားဟိုတယ်သစ်ကို သူက ကိုယ်တိုင် ဖွင့်ပေးဖို့လဲ သဘောတူပါ တယ် မစ္စတာ ရို့စနော့စကီး"
"ဒါ မင်္ဂလာရှိတဲ့ သတင်းကောင်းပဲပေါ့"
"အမေရိကန်နိုင်ငံနဲ့ ကုန်သွယ်ရေးမှာ ပိုလန်နိုင်ငံကို အထူးအခွင့်အရေးရ နိုင်ငံအနေနဲ့ ခွင့်ပြုဖို့ လူကြီးမင်းက ဆန္ဒရှိနေတာကိုလဲ သမ္မတလောင်းက အထူးအလေးအနက်ထားပါတယ် ခင်ဗျား၊ သူက ပိုလန် အမေရိကန်ပြည်သူတွေရဲ့ ဆန္ဒကို လိုက်ပြီး ကောက်ခံနေပါတယ်၊ အခုထိတော့ ဆန့်ကျင်သူ တစ်ယောက်မှ မတွေ့ရပါဘူး၊ ဒါပေမယ့် သူသမ္မတအဖြစ် အရွေးခံရပြီးမှသာ နောက်ဆုံး ဆုံးဖြတ်ချက် ချနိုင်မှာ ဖြစ်ပါတယ်"
"ဒါပေါ့ ... ဒါပေါ့၊ အဲဒီ ဆုံးဖြတ်ချက်ချနိုင်ဖို့အတွက် ကျုပ်က ဒေါ်လာ နှစ်သိန်းခွဲထောက်ပံ့ရင် အလုပ်ဖြစ်ပါမလား"
ဗင်းစင့်ဟိုဂန် က ဘာမှပြန်မပြော။
"ဒေါ်လာ နှစ်သိန်းခွဲပဲ ထားလိုက်ပါတော့၊ နောက်အပတ်အတွင်းမှာ ခင်ဗျားတို့ ရန်ပုံငွေဌာနချုပ်ကို ပိုက်ဆံ ရောက်လာလိမ့်မယ်၊ ဒါ ခင်ဗျားကို ကျုပ်က ပြတ်ပြတ်သားသား ကတိပေးတာပဲ"
ဤတွင် အလုပ်ကိစ္စ ပြီးပြတ်သွားပြီ။ အေဘယ်က ထိုင်ရာမှ ထရပ်လိုက်သည်။
"ဆီနေတာကနေဒီကို ပြောပြလိုက်ပါဗျာ၊ ကျုပ်က သူ့အတွက် မေတ္တာပို့လိုက်ပါတယ်လို့၊ ဒီအပတ် ရွေးကောက်ပွဲ မှာ သူ သမ္မတအဖြစ် အရွေးခံရပြီးမှသာ နောက်ဆုံး ဆုံးဖြတ်ချက်ချနိုင်မှာ ဖြစ်ပါ တယ်"
"စိတ်ချပါ မစ္စတာရို့စနော့စကီး၊ လူကြီးမင်းမှာတဲ့အတိုင်း ဆီနေတာကို ကျွန်တော် ဆက်ဆက် ပြောလိုက် ပါ့မယ်၊ ယခုလို ဒီမိုကရေစီတစ်ပါတီကို ဆက်လက်ပြီး ကူညီထောက်ပံ့တာကိုလဲ ကျေးဇူး တင်ပါတယ် ခင်ဗျား၊ အထူးသဖြင့် သမ္မတလောင်းကို ထောက်ပံ့တဲ့အတွက် အများကြီး ကျေးဇူး တင်ပါတယ် မစ္စတာ ရို့စနော့စကီး"
ဟိုဂန် လက်ကို ကမ်းပေးသည်။ အေဘယ်က လှမ်းဆုပ်လိုက်သည်။
"ကျုပ်ကို မပြတ်အဆက်အသွယ်လုပ်ပါ မစ္စတာဟိုဂန်၊ ကျုပ်က အခုလို ကူညီလိုက်တာ အကြောင်း မဲ့ သက်သက် တော့ မဟုတ်ဘူးဆိုတာ မစ္စတာဟိုဂန် သဘောပေါက်ပါလိမ့်မယ်
"ဟုတ်ပါတယ် ခင်ဗျား၊ ကျွန်တော် ကောင်းကောင်းသဘောပေါက်ပါတယ်ခင်ဗျား"
အေဘယ်က ဧည့်သည်အား ဓာတ်လှေကားအထိ လိုက်ပို့ပြီးနောက် ရုံးခန်းသို့ ပြန်လာခေါက်နေ သည်။ အတွင်း ရေးမှူးစာရေးမ ပြန်ဝင်လာသည်။
"မစ္စတာနိုဗက်ကို ခဏလာပါလို့ ပြောလိုက်ပါ"
ခဏကြာတော့ ဂျော့ဝင်လာသည်။
"ကျွန်တော်တော့ ခလုတ်တစ်ချက် နှပ်လိုက်ပြန်ပြီ ဂျော့"
"၀မ်းသာပါတယ် အေဘယ်၊ ကနေဒီသာ သမ္မတအရွေးခံရရင်တော့ ခင်ဗျားရဲ့ အကြီး အကျယ်ဆုံး ရည်ရွယ်ချက်ကြီးတစ်ခုတော့ အောင်မြင်သွားတော့မှာ ကျိန်းသေပဲ၊ ဖလော်ရင်တီနာက ခင်ဗျား အတွက် ဘယ်လောက်ဂုဏ်ယူလိမ့်မလဲ"
သမီးနာမည်ကိုကြားရတော့ အေဘယ်က ပြုံးလိုက်သည်။
"ဒီသူငယ်မ ဘာတွေ လုပ်နေတယ်ဆိုတာ ခင်ဗျာ သိပြီးပြီလား၊ ပြီးခဲ့တဲ့အပတ်က ထုတ်တဲ့ လော့စ်အိန်ဂျယ်လိစ်တိုင်းသတင်းစာကို ခင်ဗျားကြည့်ပြီးပြီလား"
ဂျော့က ခေါင်းခါပြသည်။ အေဘယ်က သူ့အား သတင်းစာကို လှမ်းပေးလိုက်သည်။
သတင်းတစ်ပုဒ်ကို မင်နီဖြင့် ၀ိုင်းထားသည်။ ဂျော့က အသံထွက်၍ ဖတ်သည်။
"ဖလော်ရင်တီနာကိန်းသည် လော့စ်အိန်ဂျယ်လိစ်တွင် သူမ၏ တတိယမြောက် ဖက်ရှင်တိုက်ကို ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။ သူမသ်ည ဆန်ဖရန်စစ္စကိုမြို့တွင်လည်း ဖက်ရှင်တိုက်နှစ်ခု ဖွင့်လှစ်ခဲ့ပြီး ဖြစ်သည်။ စတုတ္ထမြောက် ဖက်ရှင်တိုက်ကို ယခုနှစ်မကုန်မီ ဆန်ဒိုင်ဂိုမြို့တွင် ဖွင့်လှစ်ရန် ရည်ရွယ် ထားသည်။ သူမ၏ ဖက်ရှင်တိုက်ကို "ဖလော်ရင်တီနာဖက်ရှင်တိုက်" ဟူ၍ အမည်တူများ ပေးထား သည်။ ပါရမီမြို့ တွင် ဘလင်ရှဂါဖက်ရှင်တိုက် နာမည်ကျော်ကြားနေသလို ကာလီဖိုးနီးယား ပြည်နယ်တွင်လည်း ဖလော်ရင် တီနာဖက်ရှင်တိုက်များ လျင်မြန်စွာ ကျော်ကြားလာမည်မှာ မြေကြီး လက်ခတ်မလွဲပင်"
ဂျော့က ရယ်ပြီး သတင်းစာကို စားပွဲပေါ် ပြန်ချလိုက်သည်။
"ဧကန္တတော့ ဒီသတင်းကို သူကိုယ်တိုင် ရေးပေးတာ ဖြစ်မယ်ဗျ၊ နယူးယောက်မျာလဲ ခပ်မြန်မြန် ဖွင့်စေချင် တယ်ဗျာ၊ နောက် ငါးနှစ်အတွင်းမှာ ဖွင့်ကို ဖွင့်နိုင်လိမ့်မယ်ဗျာ၊ မယုံရင် ခင်ဗျာနဲ့ ကျွန်တော်နဲ့ လောင်း ကြမလား"
"မလုပ်ပါနဲ့ဗျာ၊ ပထမအကြိမ်တုန်းကလဲ ကျွန်တော် မလောင်းခဲ့ပါဘူး၊ အဲဒီတုန်းကသာ လောင်းခဲ့ ရင် ကျွန်တော့် အိတ်ထဲက ၁၀ဒေါ်လာ ထွက်သွားပြီးပေါ့ဗျာ"
နှစ်ယောက် သား သဘောကျစွာ ရယ်လိုက်ကြသည်။
ထို့နောက် အေဘယ်က မျက်နှာတည်သွားပြီး
"ဒါနဲ့ လော့စ်အိန်ဂျယ်လီစ်က နယ်စားဟိုတယ်ကို သမ္မတတလောင်း ကနေဒီ လာဖွင့်တဲ့အခါ ဖလော်ရင်တီနာ လာကြည့်ပါမလားဗျ၊ သူလာမယ်လု့ ခင်ဗျားထင်သလား"
"သူ့ယောက်ျားကိုပါ  မဖိတ်ရင်တော့ သူလည်း လာမှာ မဟုတ်ဘူးဗျ"
"ဒီကောင်ကိုတော့ ဘယ်တော့မှ မဖိတ်နိုင်ဘူး ဂျော့၊ သူ့ကို ဖိတ်စရာလည်း မလိုပါဘူး၊ ခင်ဗျားရဲ့ နောက်ဆုံး အစီရင်ခံစာထဲမှာ သူ့အကြောင်း ကျွန်တော်အားလုံး ဖတ်ကြည့်ပြီးပြီ၊ သူက အခုဘဏ် တိုက်က နုတ်ထွက်ပြီး ဖလော်ရင်တီနာနဲ့ တွဲလုပ်နေတယ်၊ ကိုယ်စွမ်းကိုယ်စ တော်တော်နည်းတဲ့ ကောင်ပဲ၊ မိန်းမ ထဘီနား သွားခိုနေရတာသူမို့ မရှက်တာ"
"ဒီလောက်လည်း ချိုးချိုးဖဲ့ဖဲ့ မပြောပါနဲ့လေ အေဘယ်၊ ခင်ဗျားပြောတာတွေ တစ်ခုမှ မဟုတ်သေး ပါဘူး၊ အမှန်က ရစ်ချတ်က ဘဏ္ဍာရေးလုပ်ငန်းကို တာဝန်ယူပြီး ကြီးကြပ်နေတာပါ၊ ဖလော်ရင်တီနာက ဖက်ရှင် တိုက် တွေကို စီမံအုပ်ချုပ်ရေးလုပ်ငန်း တာဝန်ယူထားတယ်။
ရစ်ချတ်က ဘဏ္ဍာရေးလုပ်ငန်း တာဝန်ယူတယ်၊ သူ့ကို ဘဏ်တိုက်ကြီးတစ်တိုက်က ဥရောပဘဏ်ခွဲကို တာဝန်ယူအုပ်ချုပ်ဖို့တောင် အလုပ်ကမ်းလှမ်းသေးတာပဲ၊ ဒါပေမဲ့ ဖလော်ရင်တီနာက သူ့အနေနဲ့ ငွေရေးကြေးရေးကိစ္စ မကျွမ်းကျင်လို့ သူ့လုပ်ငန်းမှာပဲ ၀င်လုပ်ပါဆိုပြီး တောင်းပန်လို့ ရစ်ချတ်က ၀င်လုပ် ရတာ၊ တကယ်တော့ သူတို့လင်မယားက တကယ့်ဘက်ညီတဲ့ စံပြလင်မယားပါ အေဘယ်၊ မယုံရင် ခင်ဗျား စောင့်ကြည့် ပါ၊ သူတို့နှစ်ယောက် တစ်နှစ်ထက်တစ်နှစ် အောင်မြင်ကျော်ကြားလာ မှာ ကျိန်းသေပဲ၊ ကျွန်တော် ကတော့ ခင်ဗျားအနေနဲ့ တစ်ထစ်လျှော့သင့်ပြီလု့ ထင်တယ်၊ အေဘယ် ဒီသူငယ်အပေါ် ဒီလောက် အထိ တင်းမထားသင့်တော့ပါဘူး ... ဒီအချိန်မှာ သူ့ကို ခင်ဗျားက လက်ကမ်းကြိုဆိုဖို့ ကောင်း ပါပြီ"
"ဂျော့ ... ခင်ဗျားဟာ ကျွန်တော့်ရဲ့ အရင်းနှီးဆုံးမိတ်ဆွေပါ၊ ခင်ဗျားကလွဲပြီး ကျွန်တော့်ကို ဒီစကား မျိုး ဘယ်သူမှ မပြောရဲပါဘူး၊ အဲဒီတော့ ကျွန်တော် ဒီအထိ ဘာကြောင့် တောင့်ခံနေရတယ်ဆိုတာ ကိုလည်း ခင်ဗျားသာ အသိဆုံးပါ၊ ဒီခွေးမသားကိန်းဆိုတဲ့ အကောင်က လိုလိုချင်ချင် လက်ကမ်း လာတောင်မှ ကျွန်တော့် ဘက်က ခွင့်လွှတ်နိုင်စရာအကြောင်း မရှိပါဘူး"
"ခင်ဗျားတို့နှစ်ယောက်က အသက်အတူတူလောက် ရှိကြတာပဲ၊ တကယ်လို့ ခင်ဗျား အရင်သေ သွားရင် ဘယ်လိုလုပ်မလဲ"
"အဲဒီလိုဆိုရင်တော့ ကျွန်တော်က ရှုံးပြီး ဖလော်ရင်တီနာက အမြတ်ထွက်မှာပေါ့"
"ဒါနဲ့ ခင်ဗျားပြောတော့ သူ့ကို တစ်ပဲနိတောင် မပေးဘူးဆို၊ ဒီလိုဆိုရင် ခင်ဗျားက ခင်ဗျားရဲ့ မြေးကလေးကို ငဲ့ပြီး သေတမ်းစာ ပြန်ပြင်ရေးရတော့မှာပေါ့ "
"အဲဒါ ကိုတော့ ကျွန်တော် ဘယ်လိုမှ မလုပ်နိုင်ဘူး ဂျော့၊ ကျွန်တော်တစ်သက်လုံး ကုန်းရုံးပြီး ရှာဖွေ စုဆောင်း ခဲ့တာတွေ အားလုံးကို အဲဒီခွေးမသား မြေးကလေးက အကုန်သုံးဖြုန်းပစ်ရင် ဘယ့်နှယ် လုပ်ပါ့ မလဲ"
အေဘယ်က အင်္ကျီအိတ်ထဲမှ ပိုက်ဆံအိတ်ကို ထုတ်ယူပြီး အိတ်ကို ဖွင့်ကာ ဖလော်ရင်တီနာ၏ ဓာတ်ပုံ အဟောင်း များထဲမှ ဓာတ်ပုံတစ်ပုံကို ထုတ်ယူလိုက်သည်။ သူ့မြေးကလေး၏ ဓာတ်ပုံ ဖြစ် သည်။ သူက ဓာတ်ပုံ ကို ဂျော့ရှေ့သို့ ထိုးပြလိုက်သည်.
"တော်တော် ချောတဲ့ ကောင်လေးပဲ"
"တကယ်ပဲ သူ့အမေနဲ့ တစ်ထေရာတည်းပဲဗျ"
ဂျော့က ရယ်လိုက်ပြီး-
"ခင်ဗျားက မြေးကလေးမျက်နှာလည်း ထောက်သင့်တာပေါ့ အေဘယ်"
အေဘယ်က စကားကြောလွှဲလိုက်ပြီး-
"ဒီကလေးနာမည် သူတို့ဘယ်လိုခေါ်သလဲ၊ ခင်ဗျားသိသလားဗျ"
"ခင်ဗျား ဘာကိုဆိုလိုတာလဲ၊ ကလေးနာမည် ခင်ဗျာသိပြီးသားပဲ မဟုတ်လား"
"သြော် ... ကျွန်တော်က ကလေးကို သူတို့က ချစ်စနိုးခေါ်တဲ့နာမည်ကို ပြောတာပါ"
"အဲဒါကတော့ ကျွန်တော် ဘယ်သိပါ့မလဲ"
"သိအောင် လုပ်ပေးပါဗျာ၊ ကျွန်တော် သိချင်လို့ပါ"
"အင်း ... ကျွန်တော် ဘယ်လိုလုပ်ရပါ့မလဲ၊ ဂိုးလ်ဒင်းဂိတ်ပန်းခြံထဲမှာ ကလေးကို တွန်းပုခက်နဲ့ လျှောက်တွန်း သွားတုန်း နောက် လူတစ်ယောက် လွှတ်ထားမှ ဖြစ်လိမ့်မယ် ထင်ပါရဲ့၊ ဒါပေမဲ့ သူတို့ အပေါ် မှာ ခင်ဗျားက အမြဲတစေ စောင့်ကြည့်နေတယ်ဆိုတာ မသိပါရစေနဲ့ ခင်ဗျားကပဲ အမိန့်ထုတ် ထားတော့ ဘယ်လိုလုပ်ရမှာလဲ"
"သူတို့ အရိပ်မဖမ်းမိအောင် ကြည့်လုပ်ပေါ့ဗျာ"
"ဒါနဲ့ လက်စတာဘဏ်က ရှယ်ယာတွေ ကိစ္စကော ခင်ဗျား ဘယ်လို စိတ်ကူးထားသလဲ၊ ပီတာ ပါဖစ်က သူပိုင်တဲ့ ရှယ်ယာ နှစ်ရာခိုင်နှုန်းကို သိပ်ပြီး ရောင်းချင်နေပြီဗျ၊ ဒါပေမဲ့ ဟင်နရီအော့စဘွန်း ကိုတော့ ကျေးဇူး ပြုပြီး မလွှတ်လိုက်ပါနဲ့ဗျာ၊ သူတို့နှစ်ယောက်ပေါင်းမိရင် ခင်ဗျားအတွက် နှစ်ဆနာ ဖြစ်သွား ပါလိမ့် မယ်"
"ကျွန်တော် ဘာမှ မလုပ်ပါဘး၊ ရွေးကောက်ပွဲပြီးတဲ့အထိ စောင့်ကြည့်နေသေးတာပေါ့၊ ကနေဒီ အရွေးမခံရရင် ပါဖစ်ရဲ့ရှယ်ယာ နှစ်ရာခိုင်နှုန်းကို ၀ယ်ယူလိုက်မယ်၊ ပြီးတော့ အလျင် ချမှတ်ထား တဲ့ စီမံကိန်းတိုင်း ဆက်လုပ်မယ်၊ ဟင်နရီကိစ္စကိုတော့ ဘာမှ မစိုးရိမ်ပါနဲ့၊ သူ့ဆီက လက်စတာ ဘဏ်စာရင်း တွေ ကျွန်တော် ပြန်ယူထားလိုက်ပြီးပါပြီ၊ ဒီအချိန်ကစပြီး အဲဒီစာရင်းတွေ ကို ကျွန်တော်ကိုယ်တိုင်  ကိုင်တော့ မယ်"
"ခင်ဗျား မစိုးရိမ်ပါနဲ့ဆိုပေမယ့် ကျွန်တော်ကတော့ စိုးရိမ်မိတယ် အေဘယ်၊ ဒီလူက ရှီကာဂိုမြို့က အတိုးကြီး စား ငွေချေးသူတွေ တစ်ဝက်လောက်ဆီမှာ အကြွေးတွေ အကြီးအကျယ်တင်နေတာ၊ မယုံရင် ခင်ဗျား စောင့်ကြည့်နေပါ၊ တစ်နေ့နေ့မှာ ဒီလူ ပြန်ရောက်လာပါလိ့မ်မယ်"
"ဒီလူ မလာရဲတော့ပါဘူး၊ ကျွန်တော်က နောက်ဆုံးအကြိမ် အပြတ်ပြောလွှတ်လိုက်ပြီးပါပြီ၊ နောက် တစ်ကြိမ် လာတောင်းရင်တော့ တစ်ပြားမှ မရတဲ့အပြင် အလုပ်ပါ ဖြုတ်ပစ်မယ်သာ မှတ်တော့ဆိုပြီး သတိ ပေး လိုက်တယ်"
"အဲဒါကြောင့်မို့လို့ ကျွန်တော်က ပိုပြီး စိုးရိမ်မိတာ၊ သူက ၀ီလျံကိန်းဆီသွားပြီး ခင်ဗျားအကြောင်း ဖွင့်မချ ဘူး လို့ ပြောနိုင်မလား၊ ဒါ သူ့အတွက် ငွေရဖို့ အသေချာဆုံးအကွက်ပဲ မဟုတ်လား"
"အဲဒီလို ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး ဂျော့၊ ဘာဖြစ်လို့လဲဆိုတော့ ဟင်နရီက ၀ီလျံကိန်းကို ကျွန်တော့် ထက်တောင် မှ ပိုပြီး မုန်းတဲ့လူတစ်ယောက်ပါ"
"ခင်ဗျား က ဘယ်လိုလုပ်ပြီး ဒီလောက်တောင် သေချာပေါက်ပြောနိုင်ရသလဲ"
"၀ီလျံကိန်း ရဲ့ မအေက ဟင်နရီရဲ့ ဒုတိယအိမ်ထောင်ဗျ၊ အဲဒီတုန်းက ၀ီလျံကိန်းက ၁၆နှစ်သားပဲ ရှိသေး တယ်၊ ကိန်းရဲ့ မအေဆုံးသွားသောအခါ ကိန်းက ဟင်နရီကို မောင်းထုတ်လိုက်တယ်"
"ဟာ ... အံ့သြစရာပါပဲလားဗျာ၊ ခင်ဗျားက ဒီလောက်တောင်မှ အတွင်းကျကျ သိထားတာကိုး"
"၀ီလျံကိန်းအကြောင်း ကျွန်တော်က ချေးခါးအူမ သိထားပြီးပြီဗျ၊ သူ့အကြောင်းသိရင် ဟင်နရီ အကြောင်းလည်း သိရတာပဲ၊ ကျွန်တော်နဲ့ ကိန်းနဲ့က တစ်နေ့တည်း တစ်ချိန်တည်း မွေးလာခဲ့ကြ တာ၊ သူလည်း ကျွန်တော့်အကြောင်း အစအဆုံးသိမယ်ဆိုတာ ကျွန်တော် သံသယမဖြစ်ပါဘူး၊ ဘာပဲဖြစ်ဖြစ် ဟင်နရီအတွက်တော့ ခင်ဗျားမစိုးရိမ်ပါနဲ့၊ သူ့နာမည်ရင်း "ဗစ်တိုရီယိုတိုစနာ"ပါ ဆိုသော သူကိုယ်တိုင် ထုတ် မပြောနိုင်ခင် ဒီလူသေသွားမှာပါ၊ သူက ထောင်လည်း ကျခဲ့ဖူးတာဗျ"
"ဘုရားရေ ... ဒီလိုဆို သူ့အကြောင်းတွေ ခင်ဗျား လူတစ်ယောက်ကို အရမ်းမပေါင်းပါဘူးဗျ၊ မီး အာမခံ ကိစ္စမှာ သူ လုပ်နေတဲ့ ကုမ္ပဏီကို သစ္စာဖောက်ကတည်းက ဒီလူ့အကျင့်ကို ကျွန်တော် သိခဲ့ ပါပြီ၊ ဒါပေမဲ့ ကျွန်တော့်အပေါ်အလျင်က ကောင်းခဲ့တာကလေးထောက်ပြီး သူ့ကို အထိုက် အလျောက်တော့ ကြည့်ရှု ထားရတာပါ၊ နောက်ထပ် ဒီလူ ဒုက္ခမပေးရဲတော့ပါဘူး၊ သူ ဒါရိုက်တာ အဖွဲ့က ပြုတ်သွားရင် သူတောင်းစား ဖြစ်သွားမှာပေါ့၊ အဲဒီတော့ ဒီအကြောင်း မေ့ထားလိုက်ပါ တော့၊ ဒါနဲ့ လောစ်အိန်ဂျယ်လိစ် နယ်စား ဟိုတယ် ဘယ်တော့လောက် ပြီးမလဲ"
"စက်တင်ဘာလလယ်ဆိုရင် ပြီးပါပြီ"
"အတော်ပါပဲ၊ အဲဒါဆိုရင် ရွေးကောက်ပွဲမတိုင်ခင် ခြောက်လနီးပါး အလိုပဲ ဆိုပါတော့၊ ဟိုတယ်ကို သမ္မတလောင်း ကနေဒီကိုယ်တိုင် ဖွင့်ပေးတဲ့သတင်းကတော့ တစ်ပြည်လုံး အုတ်အုတ်သောင်း တင်း ဖြစ်သွား မှာ ကျိန်းသေပဲဗျ"
အခန်း (၃၆) ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
Monday, June 7, 2010
မောင်ပေါ်ထွန်း ဘာသာပြန် ကမ္ဘာရန် အပိုင်း (၃၄)
အခန်း (၃၄)
ဝီလျံသည် ရှေ့နေ သာဒီးယပ်ကိုဟင်၏ သုံးလပတ် အစီရင်ခံစာကို စေ့စေ့စပ်စပ် ဖတ်ကြည့်သည်။ အစီရင်ခံစာ သည် တော်တော်ပြည့်စုံသည်ဟု သူက ယူဆသည်။ သို့သော် သူက အချက်တစ်ချက် ကိုတော့ စိုးရိမ် မကင်း ဖြစ်မိသည်။
အေဘယ်ရို့စနော့စကီးသည် လက်စတာဘဏ်တိုက်တွင် အစုရှယ်ယာတွင် တော်တော်များများ ပိုင်ထား ပါလျက် ဘာမှ လှုပ်လှုပ်ရှားရှား မလုပ်ဘဲ ယခုလို ဘာကြောင့် ငြိမ်နေရသနည်း။
သူက အာမခံစာချုပ်စာတမ်းနှင့် စတော့အိတ်ချိန်း ကော်မရှင်၏ စုံစမ်းစစ်ဆေးမှုကိုလည်း ကြောက်နေစရာ လိုတော့မည် မထင်။ ယခုအခါ အိုက်ဆင်ဟောင်ဝါကလည်း သမ္မတအဖြစ် ဒုတိယအကြိမ် အရွေးခံ ရပြန်သဖြင့် သည်ကိစ္စကလေးလောက်ကို စိတ်ဝင်စားတော့မည် မဟုတ်။
ဟင်နရီအော့စဘွန်းသည် အကြွေးလည်ပင်းခိုက်၍ အကျပ်ရိုက်နေကြောင်း သိရသောအခါ ၀ီလျံ က သဘောကျ မိသည်။ မစ္စတာရို့စနော့စကီးက လိုက်ပြီးကယ်နေသဖြင့် သူက လောလော ဆယ်ဆယ်တွင် အခြေအနေ မပျက် ရပ်တည်လျက် ရှိနေသးသည်။ သို့သော် အေဘယ်ရို့ စနော့စကီးက သူ့ကို တစ်သက်လုံး သည်လိုပဲ ကြည့်ထားနိုင်မည်လား၊ အော့စဘွန်းအပေါ် ဘာ တွေများ လုပ်ပေးထားလို့လဲ၊ အေဘယ် ရို့စနော့စကီးက သည်လောက်တောင် ဣနြေ္ဒမပျက်နေနိုင် တာ သူမှာ ဘာပြဿနာမှ မရှိ လို့လား။
ကိုဟင်၏ အစီရင်ခံစာအရတော့ အေဘယ်ရို့စနော့စကီးသည် လောလောဆယ်တွင် ဟိုတယ် သစ်ရှစ်လုံး ပင် ဆောက်လုပ်လျက်ရှိသည်ဟု ဆိုသည်။ လန်ဒန်နယ်စား ဟိုတယ်နှင့် လာဂို့စ် နယ်စားဟိုတယ်များ အရှုံး ပေါ်နေသည်။ သို့သော် အားလုံးခြုံလိုက်လျှင် အမြတ်ကတော့ တော်တော်များများ ၀င်နေသည်။
ဝီလျံက အစီရင်ခံစာနှင့် ပူးတွဲတင်ပြထားသော "ဆန်းဒေးအိက္ကစ်ပရက်စ်" သတင်းစာဖြတ်ပိုင်းကို ပြန်လည် ဖတ်ကြည့် သည်။ အီဒင်ဘာရာဟိုတယ်ကို ဖလော်ရင်တီနာက ဖွင့်ရန် စီစဉ်ထား သော်လည်း မဖွင့်ဖြစ်ကြောင်း သိရသည်။ တစ်ဆက်တည်းတွင် သူ့သားအကြောင်း သွားတွေးမိ သည်။
ထို့နောက် သူသည် ဖိုင်တွဲကို ပြန်ပိတ်ပြီး မီးခံသေတ္တာထဲ ပြန်ထည့်လိုက်သည်။
ဒီကိစ္စတွေ ငါနဲ့ မဆိုင်ပါဘူး၊ ဆိုင်ရင်လဲ အရေးကြီးတဲ့ ကိစ္စမဟုတ်ပါဘူး။
သူသည် အိမ်သို့ ကားနှင့် ပြန်လာရင်း ရစ်ချတ်အကြောင်းကို ပြန်တွေးမိပြန်သည်။
ရစ်ချတ် ကို ဒေါသနှင့် ပြောလိုက်မိကာ မှားသည်။ ရို့စနော့စကီး၏ သမီးကို သဘောမတူသည့် တိုင်အောင် သား အပေါ်မှာတော့ ထောက်ထားညှာတာသင့်သည်။ တစ်ယောက်တည်းသော ဧကပုတ္တသြရသ သားကြီး မဟုတ်လား။ ကိတ်က သားဘက်က၀င်၍ အများကြီး ဖာဖာထေးထေး လုပ်ခဲ့သည်။ ထို့ကြောင့် ကိတ်နှင့် သူ နှင့် အကျယ်အကျယ် စကားများခဲ့ကြသည်။ ယခင်က တစ်ယောက်နှင့်တစ်ယောက် သည်လို တစ်ခါမျှ မဖြစ် ခဲ့ဖူး၊ ကိတ်က မျက်ရည်စက်လက်နှင့် တောင်းတောင်းပန်ပန် ပြောရှာသော်လည်း သူက လုံးဝ အလျော့ မပေးခဲ့။
သမီးကြီး ဗာဂျင်နီယာနှင့် သမီးငယ် လူစီတို့ကလည်း သူတို့အစ်ကိုကြီးကို အောက်မေ့နေကြသည်။ "အစ်ကိုကြီး မရှိတော့ ကျွန်မဆွဲတဲ့ ပန်းချီကားတွေ ဝေဖန်ဖို့ လူမရှိတော့ဘူး"ဟု ဗာဂျင်နီယာက ပြောရှာ သည်။
လူစီကတော့ အခန်းထဲတွင် ကျိတ်ပြီး သူမအစ်ကိုကြီးထံ စာတွေ တိတ်တဆိတ် ရေးပို့နေသည်။
ဝီလျံ ရှေ့တွင် ရစ်ချတ်အကြောင်း ဘယ်သူမှ တစခွန်းမဟရဲကြ။ အခြေအနေကတော့ တစ်အိမ်သား လုံး မီးခဲပြာဖုံး ခံစားနေကြရသည်ပင်။
ဝီလျံက စိတ်ဆင်းရဲသက်သာအောင် အလုပ်ကိုသာ ဖိလုပ်နေသည်။ ဘဏ်တိုက်တွင်သာ အချိန် ကုန်သည်။ သို့သော် မကြာခဏဆိုသလို စိတ်က သားဆီ ရောက်ရောက်သွားသည်ချည်းပင် ဖြစ် သည်။
ဘဏ်တိုက်တွင် အလုပ်တွေကလည်း  တစ်နေ့ထက်တစ်နေ့ ပို၍ ပို၍ များလာသည်။ လွန်ခဲ့သော နှစ်နှစ်ကျော်ကတည်းက ဒုတိယဥက္ကဋ္ဌခြောက်ယောက်အထိ တိုးချဲ့ခန့်ထားခဲ့သော်လည်း သူ့အနေ နှင့် အလုပ် က ပေါ့မသွား။ လုပ်ငန်းက ကြီးကျယ်သလောက် ဥက္ကဋ္ဌ၏ ဆုံးဖြတ်ချက်ကလည်း ပို၍ ပို၍ လိုအပ် လာသည်။
ဒုတိယဥက္ကဋ္ဌခြောက်ယောက်ထဲတွင် ဂျိတ်ခ်သော့မတ်က အတော်ဆုံး၊ ရို့စနော့စကီး၏ သမီးကို ရစ်ချတ် က မစွန့်လွှတ်ခဲ့လျှင် ၀ီလျံ၏ နေရာကို ဆက်ခံနိုင်မည့် ပုဂ္ဂိုလ်မှာ သူသာ ရှိသည်။
ဘဏ်တိုက်က နှစ်စဉ် အမြတ်ပေါ်နေသော်လည်း ၀ီလျံက ပိုက်ဆံကို စိတ်မ၀င်စားတော့။ တကယ် တော့ သူသည် တစ်ချိန်က ချားလ်စ်လက်စတာ ကြုံခဲ့ရသော ပြဿနာမျိုးနှင့် ကြုံနေရခြင်း ဖြစ် သည်။ တစ်ဦးတည်း သော သားကြီးသြရသအတွက် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေရပြီ။
သူ့မှာ အမွေဆက်ခံမည့်သား မရှိတော့။ သူ့ရာထူးကို ဆက်ခံမည့် မျိုးဆက်သွေး မရှိတော့။ ရစ်ချတ် သည် သူ့ဘ၀ ထဲက ထွက်ပြေးသွားပြီ။ သေတမ်းစာကို ပြန်ရေးရတော့မည်။ အမွေပစ္စည်း ဘဏ္ဍာ ထိန်းအဖွဲ့ကို ဖျက်ပစ် လိုက်ရတော့မည်။
သူတို့၏ အိမ်ထောင်သက် ၂၅နှစ် ပြည့်သော အထိမ်းအမှတ်အဖြစ် ၀ီလျံက ဇနီးနှင့် သမီး နှစ်ယောက် တို့ကို ခေါ်ကာ ဥရောပသို့ အပန်းဖြေခရီးထွက်ခဲ့သည်။ တကယ်တော့ အပန်းဖြေခရီး ဆိုသည်ထက် အလွမ်းဖြေ ခရီးဆိုလျှင် ပို၍ မှန်လိမ့်မည်။ တစ်အိမ်လုံးက ရစ်ချတ်ကိုချည်း သတိရ နေကြ၍ အခိုက် အတန့် အားဖြင့် မေ့မေ့ပျောက်ပျောက် ရှိပါစေတော့ဟူသော သဘောဖြင့် ၀ီလျံက စီစဉ်ခဲ့ခြင်းပင် ဖြစ်သည်။
သူတို့သည် ရစ်ဇ်ဟိုတယ်တွင် တည်းကြသည်။ ၀ီလျံက ပထမဆုံးအကြိမ် ကိတ်နှင့် ပျားရည်ဆမ်း ခရီး ထွက် ခဲ့စဉ်က အဖြစ်အပျက်များကို လွမ်းတသသ ဖြစ်မိသည်။
သူတို့သည် ကမ္ဘာကျော် အောက်စဖို့ တက္ကသိုလ်သို့လည်း သွားလည်ကြသည်။ ပြီးတော့ ကမ္ဘာ ကျော် စာရေး ဆရာကြီး ရှိတ်စပီးယား မွေးဖွားရာ စထရတ်ဖို့ အဗွန်မြို့သို့လည်း သွားရောက် လည်ပတ်ကြသည်။ မင်းသားကြီး လောရင့်အော်လီဗာ ပါဝင်သော "တတိယမြောက်ရစ်ချတ်ဘုရင်" ပြဇာတ်ကို ကြည့်ရသော အခါ သည်ဘုရင်နှယ် သည်နာမည်ကိုမှ မှည့်တတ်ပလေဟု အားလုံးက တွေးမိကြသည်။
စထရက်ဖို့အဗွန်မှ အပြန်တွင် ၀ီလျံနှင့် ကိတ်တို့ လက်ထပ်ခဲ့ကြသော သိမ်းမြစ်နားမှ ဘုရားရှိခိုး ကျောင်းကလေးရှေ့တွင် ခေတ္တရပ်ကြသည်။ ယခင်က သူတို့တည်းခဲ့သော "ဘဲလ်အင်" တည်းခို ရိပ်သာ တွင် တစ်ညတာညတည်းခိုရန် စိတ်ကူးခဲ့သော်လည်း အခန်းမအား၍ လန်ဒန်သို့ပင် တန်းပြန် လာခဲ့ ကြရသည်။
အပြန်ခရီးတွင် ၀ီလျံနှင့် ကိတ်တို့က သူတို့ငွေ ၅၀၀ လှူခဲ့သော ဘုရားကျောင်းမှ ဘုန်းကြီးကျောင်း မှ ဘုန်းကြီးဘွဲ့ အမည်ကို တပ်ခ်ဗျူရီလား၊ ဒါမှမဟုတ် ဂျူခ်ဗျူရီလား မသိတော့၍ တစ်ယောက်နှင့် တစ်ယောက် ကားပေါ်တွင် ငြင်းလာခဲ့ကြသည်။ နောက်ဆုံး ရစ်ဇ်ဟိုတယ်ရောက်တော့မှ အငြင်း ရပ်သွား ကြတော့သည်။ သို့သော် သူတို့နှစ်ယောက် သဘောတူညီမှုရသော အချက်တစ်ချက် ကတော့ ဘုရားရှိခိုး ကျောင်း တွင် အမိုးနှင့် ဘာနှင့် သပ်သပ်ရပ်ရပ် ရှိနေသည်ကို မြင်ခဲ့ကြရခြင်းပင် ဖြစ်သည်။
ထိုည တွင် အိပ်ရာဝင်တော့ ၀ီလျံက ကိတ်အား ညင်သာစွာနမ်းပြီး ပြောလိုက်သည်။
"ကိုယ့်အတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံခဲ့ရတဲ့ ပေါင် ၅၀၀ ပေါ့ အချစ်ရယ်"
နောက်တစ်ပတ်အကြာတွင် အီတလီသို့ ခရီးဆက်ခဲ့ကြသည်။ ရောမမြို့တွင် ဗာဂျင်နီယာ၏ မွေးနေ့ ကျင်းပသည်။ ရစ်ချတ်မရှိ၍ တစ်ခုခု မပြည့်စုံသလို ဖြစ်နေသည်။ ညကျတော့ ဗာဂျင်နီယာက အစ်ကိုကြီး က သတိရပြီး ငိုသည်။ ကိတ်က ချော့မော့နှစ်သိမ့်တော့မှ အငိုတိတ် သွားသ်။
"လောက မှာ မာနထက် တန်ဖိုးရှိတာတွေ ရှိသေးတယ်ဆိုတာ တစ်ယောက်ယောက်ကများ အဖေ့ ကို ဘာလို့ မပြောပြတာလဲနော်" ဗာဂျင်နီယာက စိတ်မကောင်းစွာဖြင့် ညည်းရှာသည်။
မိခင်ဖြစ်သူက ဘာမှမပြောဘဲ ငိုင်နေသည်။
နယူးယောက်သို့ ပြန်ရောက်တော့ ၀ီလျံမှာ လန်းဆန်းတက်ကြွစွာဖြင့် အလုပ်ခွင့်သို့ ပြန်ဝင်နိုင်ခဲ့ သည်။ အလုပ်တွေက တောင်ပုံရာပုံဖြစ်နေ၍ နေ့မအား ညမအား ဖိလုပ်နေရတော့သည်။ သည်လို နှင့် ခုနှစ်ရက် အတွင်း ကိုယ်အလေးချိန် ခုနှစ်ပေါင်အထိ ကျဆင်းသွားသည်။
တစ်လပြီး တစ်လ ကုန်လွန်သွားခဲ့သည်။ အစစအရာရာတွင် ပုံမှန်အနေအထားသို့ ရောက်ခဲ့သည်။ သို့သော် တက္ကသိုလ်မှ ပူပူနွေးနွေးထွက်ခါစ ဗာဂျင်နီယာက လက်ထပ်တော့မည်ဟု ပြောလာသော အခါ အခြေအနေသည် ပုံမှန်အနေအထား မရှိတော့ဘဲ ပြန်ပျက်သွားခဲ့ပြန်သည်။ သတို့သား လောင်းမှာ ဗာဂျီနီယာ တက္ကသိုလ်၊ ဥပဒေကော်လိပ်မှ ကျောင်းသားတစ်ယောက် ဖြစ်သည်။ ဤသတင်းကြောင့် ၀ီလျံ မှာ ခေါင်းမီးတောက်ရပြန်သည်။
"ဗာဂျင်နီယာ အရွယ်မှ မရောက်သေးတာ၊ ဘယ့်နှယ်လက်ထပ်လို့ ဖြစ်ပါ့မလဲ" ၀ီလျံက စိတ်ဆိုးဆိုး နှင့် ပြောလိုက်သည်။
"ဘာလို့ အသက်မပြည့်ရမှာလဲ၊ သမီးက ၂၂နှစ်တောင် ရှိနေမှာပဲ၊ သူကလေးမဟုတ်တော့ပါဘူး မောင်၊ မောင် က အဘိုးဖြစ်လာရမှာကို သဘောမကျလို့လား ဟင်"
ဝီလျံက မျက်လုံးပြူးသွားပြီး
"မင်း ဘာပြောတာလဲဟင်၊ ဗာဂျင်နီယာက ကိုယ်ဝန်ရှိနေပြိမို့လား ... ဟုတ်လား"
"အို ကျားသားမိုးကြိုး၊ ကြံကြီးစည်ရာ၊ မဟုတ်ရပါဘူး မောင်၊ ကျွန်မက ရစ်ချတ်နဲ့ ဖလော်ရင်တီနာ တို့ကို ရည်ရွယ်ပြီး ပြောလိုက်မိတာပါ၊ အခု သူတို့မှာ ကလေးတစ်ယောက်ရနေပြီ မောင်ရဲ့"
"မင်းက ဘယ်လိုလုပ်ပြီး သိတာလဲ"
"ရစ်ချတ်က ကျွန်မဆီ စာနဲ့ရေးပြီး မင်္ဂလာသတင်းကောင်း ပါးလိုက်တယ်လေ၊ မြေးကလေးတောင် ရနေမှ တော့ ခွင့်လွှတ်လိုက်ပါတော့လား မောင်ရယ်"
"တစ်သက်လုံး မလွှတ်ဘူးကွ၊ တစ်သက်လုံး မလွှတ်ဘူး"
ဝီလျံက ဒေါသနှင့် အော်ပြောပြီး အခန်းထဲမှ ထွက်သွားသည်။
ကိတ်က စိတ်ပျက်လက်ပျက်နှင့် သက်မကြီး ချလိုက်မိသည်။
သူက မြေးကလေးကို ယောက်ျားလေးလား၊ မိန်းခလေးလားလို့တောင် မေးမသွားပါလား။
နောက်နှစ် မတ်လ၊ နွေဦးပေါက်ရာသီ၏ သာယာသောနေ့ တစ်နေ့တွင် ဘော့စတွန်မြို့၊ ထရီနီတိ ဘုရား ရှိခိုး ကျောင်းတော်၌ ဥပဒေပညာရှင်ကလေး ဒေးဗစ်တယ်လ်ဖို့နှင့် ဗာဂျင်နီယာတို့၏ လက်ထပ်မင်္ဂလာပွဲ ကျင်းပ သည်။
သူ၏ သမီးဖြစ်သူက ရာသက်ပန်ဘ၀ကြင်ဖော် ခင်ပွန်းအဖြစ် ရွေးချယ်လိုက်သော သမက်လောင်း ကလေး ကို ၀ီလျံက ခြွင်းချက်မရှိ သဘောကျနှစ်သက်မိသည်။
ဗာဂျင်နီယာ သူမ၏ အစ်ကိုကြီး ရစ်ချတ်အား သတို့သားဘက်မှ လူပျိုရံအဖြစ် ဆောင်ရွက်စေရန် ဆန္ဒ ရှိခဲ့သည်။ မိခင်ဖြစ်သူက ရစ်ချတ်အား မင်္ဂလာပွဲသို့ ဖိတ်ခွင့်တောင်းသော်လည်း ဖခင်ဖြစ်သူက လုံးဝ သဘော မတူခဲ့။ အမှန်က သူက သဘောတူလိုက်ချင်သော်လည်း ရစ်ချတ်အနေဖြင့် ဖလော်ရင်တီနာ မပါဘဲ နှင့် ဘယ်တော့မှ လာမည်မဟုတ်ဆိုသည်ကို ၀ီလျံက အတတ်သိထားပြီး ဖြစ်သည်။
မင်္ဂလာဆောင်ပွဲ ကျင်းပသည့်နေ့တွင် ရစ်ချတ်ထံမှ ညီမဖြစ်သူထံသို့ လက်ဆောင်ပစ္စည်းနှင့် သံကြိုးစာ တစ်စောင် ပို့လိုက်သည်။ သို့သော် ၀ီလျံက သံကြိုးစာကို ဧည့်ခံပွဲတွင် လုံးဝဖတ်ပြခွင့် မပြုခဲ့ပါချေ။
အခန်း (၃၅) ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
Sunday, June 6, 2010
မောင်ပေါ်ထွန်း ဘာသာပြန် ကမ္ဘာရန် အပိုင်း (၃၃)
အခန်း(၃၃)
အေဘယ်နှင့် ဂျော့တို့သည် ဖလော်ရီတီနာနှင့် ရစ်ချတ်တို့ လေဆိပ်သို့ ထွက်သွားပြီးနောက် မိနစ် ပိုင်းအတွင်း အရှေ့ ၅၇လမ်းမှ ဖလော်ရင်တီနာ၏ တိုက်ခန်းသို့ ရောက်လာကြသည်။ လက်ဖျားနှင့် ပင် တစ်ခါမျှ မထိဖူးသော သမီးဖြစ်သူအား ပါးကို ရိုက်လိုက်မိသည့်အတွက် အေဘယ်သည် အလွန်ပင် နောင်တရမိသည်။ သူ၏ တစ်ဦးတည်းသော သမီးကလေး ထွက်သွားလျှင် သူ့ဘ၀ ဘယ်လို နေလိမ့်မည် ဆိုသည်ကို တွေး၍လည်း အထူးပင် စိတ်မချမ်းမသာ ဖြစ်မိရလေသည်
သမီဖြစ်သူအား တွေ့လျှင် ချော့မော့ဖျောင်းဖျပြီး ၀ီလျံကိန်း၏သားနှင့် လက်မထပ်နိုင်ရန် အချိန် မနှောင်းမီ တားဆီးရတော့မည်။ မိမိစကားကို နားထောင်လျှင် သမီးဖြစ်သူလိုချင်တာကို ဘာမဆို လုပ်ပေး မည် ဆိုသည်ကိုလည်း ဆုံးဖြတ်လိုက်သည်။
ဂျော့က အခန်းတံခါးကို ခေါက်လိုက်သည်။ အတွင်းမှ ဘာသံမှ မကြားရ။ နောက်ထပ် တစ်ကြိမ် ခေါက် လိုက်ပြန်သည်။ နှစ်ယောက်သား နားစွင့်နေကြသည်။ သည်တစ်ကြိမ်တွင်လည်း ဘာသံမှ မကြားရ။
နောက်ဆုံးတော့ အေဘယ်က ဖလော်ရင်တီနာ ပေးထားသော အပိုသော့ဖြင့် တံခါးကို ပွင့်လိုက် သည်။
နှစ်ယောက်သား အခန်းထဲ အနှံ့အပြား လိုက်ရှာကြသည်။ မျှော်လင့်ချက်တော့ လုံးဝမထားကြ။
"သူထွက်သွားပြီပြီ"
ဂျော့က အိပ်ခန်းထဲ လိုက်ရှာနေသော အေဘယ်ထံသို့ ရောက်လာသည်။
"ဟုတ်တယ်၊ ဘယ်များ ထွက်သွားပါလိမ့်"
အေဘယ်သည် စားပွဲပေါ်မှစာအိတ်ကို ရုတ်တရက် မြင်လိုက်ရသည်။ သူက စာအိတ်ကို ကမန်း ကတန်း ဖောက်ဖွင့်လိုက်သည်။
"လေးစားပါသော ဖေဖေ...
အခုလို သမီးထွက်ပြေးသွားခြင်းအတွက် သမီးကို ခွင့်လွှတ်ပါရန် အနူးအညွတ် တောင်းပန်ခဲ့ပါ တယ် ဖေဖေ၊ သမီး ရစ်ချတ်နဲ့ ဘယ်လိုမှ မခွဲနိုင်တော့ပါဘူး ဖေဖေ၊ သူ့ဖေဖေကို ဖေဖေ မုန်းတဲ့ အကြောင်း ကြောင့် သူ့ကို သမီး မစွန့်လွှတ်နိုင်ပါ ဖေဖေ၊ ဘယ်နည်းနဲ့မဆို သမီးနှစ်ယောက် လက်ထပ်ကြမှာ ဖြစ်ပါ တယ်။ ဖေဖေ ဘယ်လို တားတား တားလို မရနိုင်တော့ပါ။
ကိန်းမိသားစုအပေါ် ဖေဖေရဲ့ အဓိပ္ပာယ်မရှိသော အကျိုးမဲ့သော ရန်ငြိမ်းဖွဲ့မှုကို ရပ်တန်းက မရပ် မခြင်း သမီးတို့နှစ်ယောက်က နယူးယောက်မြို့ကို ဘယ်တော့မှ ပြန်လာကြတော့မည် မဟုတ်ပါ။ သမီးဟာ ဖေဖေ့ကို အလွန်ချစ်ပါတယ် ဖေဖေ၊ ဖေဖေ ထင်တာထက် ပိုချစ်ပါတယ် ဖေဖေ၊ သမီးကို လူလား မြောက်အောင် ပြုစုကျွေးမွေး ပညာသင်ပေးခဲ့သော ဖေဖေ့ကျေးဇူးတွေကို သမီးတစ်သက် မမေ့နိုင်ပါ။
ဖေဖေနဲ့ သမီးတို့ရဲ့ ဆက်ဆံရေးဟာ သည်မျှနဲ့ပဲ အဆုံးမသတ်ပါစေနဲ့ဟု သမီး ဆုတောင်းမိပါ သည်။ သို့ပေမယ့် ဖေဖေ့ဘက်က စိတ်ထားမပြောင်းရင်တော့ သည်ဘ၀ သည်မျှနဲ့ပဲ အဆုံးသတ် ရတော့မှာ ဖြစ်ပါ တယ်။ လယ်ကွင်းပြင်တွင် လေကို လိုက်ဖမ်းမနေပါနဲ့ ဖေဖေ။ မရှိသော အရာကို လိုက်ရှာရင် အချိန်သာ ကုန်ပါ လိမ့်မယ် ... ဖေဖေ"
ဖေဖေရဲ့ ချစ်သမီး
ဖလော်ရင်တီနာ
အေဘယ်သည် ခုတင်ပေါ်တွင် ခြေပစ်လက်ပစ် ထိုင်ချလိုက်ပြီး စာကို ဂျော့အား ကမ်းပေးလိုက် သည်။ ဂျော့က စာကို ဖတ်ကြည့်ပြီးနောက် အားလျော့ညှိုးငယ်စွာဖြင့် မေးလိုက်သည်။
"ဒီတော့ ဘယ်လိုလုပ်ကြမလဲ၊ ကျွန်တော် ဘာလုပ်ပေးရမလဲ"
"ဒီလိုလုပ်ပါ ဂျော့၊ သမီးလေးကို ကျွန်တော် မခွဲနိုင်ဘူး၊ သူ့ကို ဖြစ်တဲ့နည်းနဲ့ ပြန်ခေါ်ရမယ်၊ မလွှဲ သာရင် ၀ီလျံကိန်းနဲ့ တိုက်ရိုက်ဆွေးနွေးသင့် ဆွေးနွေးရမှာပဲ၊ ငါ သေချာတာ တစ်ခုတော့ ရှိတယ်၊ သူကလဲ ဒီကိစ္စ ဘယ်နည်း နဲ့မှ သဘောတူမှာ မဟုတ်ဘူး၊ အဲဒီတော့ သူ့ဆီ ဖုန်းဆက်စမ်းပါ ဂျော့"
ဂျော့သည် ၀ီလျံကိန်း၏ စာရင်းသွင်းမထားသော ဖုန်းနံပါတ်ကို တော်တော်ကြာကြာ ရှာယူရသည်။
လက်စတာဘဏ်တိုက်မှ ညစောင့်လုံခြုံရေးအမှုထမ်းနှင့် အဆက်အသွယ်ရသည်။ အရေးပေါ် မိသားစု ပြဿနာဖြစ်ကြောင်း ဂျော့က ပြောလိုက်သည်။
အေဘယ်က ခုတင်ပေါ်တွင် မတုန်မလှုပ် ထိုင်နေသည်။ ဖလော်ရင်တီနာ၏ စာကို လက်ထဲတွင် ကိုင်ထားသည်။ ဖလော်ရင်တီနာ၏ စာကို လက်ထဲတွင် ကိုင်ထားသည်။ ဖလော်ရင်တီနာ ငယ်ငယ် တုန်းက ပိုလန်စကားပုံတွေကို အေဘယ်က သင်ပေးခဲ့သည်။ ယခု သူ့သမီးကို သူ့ကို ပြန်ပြီး စကားပုံနှင့် ဆုံးမနေပြီး။
ဂျော့အား ဘဏ်တိုက်မှတစ်ဆင့် ၀ီလျံကိန်း၏ အိမ်သို့ ဆက်ပေးသည်။
"မစ္စတာဝီလျံကိန်းနှင့် စကားပြောချင်လို့ပါ ခင်ဗျား"
"ဘယ်သူလို့ ပြောရမလဲ" တစ်ဖက်မှ ယောက်ျားသံ ပြန်မေးသည်။
"မစ္စတာ အေဘယ်ရို့စနော့စကီးလို့ ပြောလိုက်ပါ"
ဂျော့က အေဘယ်အား ဖုန်းကို လှမ်းပေးရင်း
"သူ့အိမ်ဖော်မှူးနဲ့တူးတယ်၊ သူ့ကို သွားရှာနေတယ်"
အေဘယ်က ဖုန်းကိုကိုင်ပြီး စောင့်နေသည်။ သူ့လက်ချောင်းတွေက စားပွဲကို တစ်ဒေါက်ဒေါက် ခေါက်နေသည်။
"ဟုတ်ကဲ့ ... ၀ီလျံကိန်း ပြောနေပါတယ်"
"ကျွန်တော် အေဘယ်ရို့စနော့စကီးပါ"
"အို ... ဟုတ်လား" ၀ီလျံ၏အသံ အေးစက်နေသည်။ "ဒါနဲ့ ကျွန်တော့် သားနဲ့ ခင်ဗျားသမီးနဲ့ ဘယ်တော့ မင်္ဂလာဆောင်မလဲဗျ၊ ကျွန်တော့်ဘဏ်ကို ပျက်စီးအောင် လုပ်လို့ မရတဲ့နေ့မှာ ဆောင်မှာ မဟုတ်လား"
"စကားကောင်း ပြောကြရအောင် မစ္စတာကိန်း" အေဘယ်က စိတ်ကိုထိန်း၍ ပြောသည်။ "ခင်ဗျား လိုပဲ ကျွန်တော်ကလဲ ဒီကိစ္စ အမြန်ဆုံးဖျက်သိမ်းချင်လို့ပါ၊ ခင်ဗျားသားကို ကျွန်တော် ဘယ်တော့မှ အပိုင်သိမ်းဖို့ စိတ်မကူး ပါဘူး၊ ခင်ဗျားမှာ သားရှိမှန်တောင် ကျွန်တော် ဒီနေ့မှ သိရတာပါ၊ ခင်ဗျားကို ကျွန်တော် မုန်းတာ ထက် ကျွန်တော့်သမီးကို ကျွန်တော် ပိုချစ်တယ်၊ ကျွန်တော်သမီးကို လက်လွှတ်မခံနိုင်ဘူး၊ အဲဒီတော့ နှစ်ဖက် စလုံး ပြေလည်သွားအောင် ကျွန်တော်တို့ချင်း အဖြေရှာ ကြရင် ကောင်းလိမ့်မယ်"
"မဖြစ်နိုင်ဘူးဗျ၊ ဒီမေးခွန်းမျိုးကို ဟိုတုန်းက ခင်ဗျားကို ကျွန်တော် တစ်ခါမေးခဲ့ဖူးပြီး မစ္စတာရို့ စနော့စကီး၊ ခင်ဗျား ကောင်းကောင်း မှတ်မိဦးမှာပါ"
"ဖြစ်ခဲ့ပြီး တာတွေ ပြန်ဖော်နေလို့ အကြောင်းမထူးပါဘူး မစ္စတာကိန်း၊ သူတို့နှစ်ယောက် ဘယ်မှာ ရှိတယ် ဆိုတာသိရင် တားလို့ ရပါသေးတယ်။ ခင်ဗျားကလဲ ဒါပဲ လိုချင်တယ် မဟုတ်လား"
တစ်ဖက်မှ တယ်လီဖုန်း ပြန်ချသွားသည်။ အေဘယ်က မျက်နှာကို လက်ဝါးအုပ်ပြီး ယောက်ျားကြီး တန်မဲ့ အသံထွက် ၍ ငိုလေတော့သည်။
ဂျော့က သူ့မိတ်ဆွေကို နယ်စားဟိုတယ်သို့ ပြန်ခေါ်လာခဲ့သည်။
အေဘယ်သည် ဖလော်ရင်တီနာရှိနိုင်မည့် နေရာများကို ထိုည တစ်ညလုံးနှင့် နောက်နေ့တစ်နေ့ လုံး မနားမနေ စုံစမ်းနေခဲ့သည်။ သူက ဇာဖီယာထံသို့ပင် ဖုန်းဆက်သေးသည်။ ဖလော်ရင်တီနာက ရစ်ချတ် အကြောင်း ကို သူမအား အားလုံး ပြောပြခဲ့ပြီးပြီဟု ဇာဖီယာက ပြန်ပြောသည်။
"ကောင်းလေး က မဆိုးပါဘူး၊ လူတော်ကလေးပါ"
ဇာဖီယာက အေဘယ်အား ရိသဲ့သဲ့လေသံဖြင့် ပြောသည်။
"သူတို့ ဘယ်မှာရှိတယ်ဆိုတာ မင်းသိသလား" အေဘယ်က စိတ်မရှည်စွာဖြင့် ပြန်မေးလိုက်သည်။
"သိတာပေါ့"
"ဘယ်မှာလဲ"
"ရှင့်ဘာသာ လိုက်ရှာပေါ့"
ဇာဖီယာက တယ်လီဖုန်းကို ပြန်ချသွားသည်။
နောက်ဆုံး မကြံတတ်သော အေဘယ်က သတင်းစာများတွင် ကြော်ငြာထည့်၍ သမီးကို ပြန်ခေါ် သည်။ ရေဒီယိုမှလည်း ကြော်ငြာသည်။ ရဲကို သွားတိုင်တော့ မိန်းကလေးက ၂၁နှစ်တောင် ကျော် နေပြီဆိုတော့ အမှုမဖွင့်ဘဲ ပယ်ချလိုက်သည်။
အေဘယ်က သမီးဖြစ်သူ၏ စာကို ခဏခဏ ပြန်ဖတ်နေမိသည်။ နောက်ဆုံးတော့ ရစ်ချတ်ကိန်း အား သူ့ အနေဖြင့် ဘယ်လိုမှ အန္တရာယ်မပြုရန် ဆုံးဖြတ်လိုက်သည်။ သို့သော် အဖေ့ကိစ္စကတော့ တခြား ဖြစ်သည်။ အဖေဖြစ်သူကိုတော့ ဘယ်တော့မှ ခွင့်လွှတ်နိုင်မည် မဟုတ်။ သူက ဒူးထောက် တောင်းပန် တာကို တောင်မှ ရက်ရက်စက်စက် ငြင်းပယ်ခဲ့သည်။ ထို့ကြောင့် အခွင့်သာလျှင် ၀ီလျံ ကိန်းအား အလဲထိုး ခံရမည် ဟု သိန္နိဋ္ဌာန်ချလိုက်သည်။ ဂျော့က သူ့မိတ်ဆွေ၏ ပြင်းထန်သော အာဃာကစိတ်ကို တွေးကြောက်မိသည်။
"ခင်ဗျား ဥရောပသွားမယ့် ခရီးစဉ်ကို ပြန်ဖျယ်လိုက်ရမှာလား"
ဂျော့က မေးလိုက်သည်။
ဟုတ်ပါရဲ့။ အေဘယ်က သည်ကိစ္စလုံးဝ သတိမေ့နေခဲ့သည်။ လကုန်လျှင် ဖလော်ရင်တီတနာ သည်  ဘလူမင်ဒယ်ကုန်တိုက်မှ (နှစ်နှစ်စေ့၍) ထွက်ရတော့မည်။ နယ်စားကုမ္ပဏီတွင် တာဝန် မပေးမီ သမီး ဖြစ်သူ အား ဥရောပသို့ တစ်ခေါက်ထပ်၍ ခေါ်သွားရန် အေဘယ်က အစီအစဉ်အားလုံး လုပ်ထားပြီးပြီ။ သူမ သည် အင်္ဂလန်နိုင်ငံ၊ အီဒင်ဘာရာမြို့မှ နယ်စားဟိုတယ်နှင့် ပြင်သစ်နိုင်ငံ ကိန်းမြို့မှ နယ်စား ဟိုတယ် များ ကို ဖွင့်ပေးရမည် ဖြစ်သည်။
"မဖျက်ပါဘူး၊ ကျွန်တော်တစ်ယောက်တည်း သွားမယ်၊ ဟိုတယ်သစ်တွေကိုလဲ ကျွန်တော်ပဲ ဖွင့်မယ်၊ ဒါပေမယ့် ကျွန်တော်မရှိတုန်း ဖလော်ရင်တီနာကြောင်းတော့ တတ်နိုင်သမျှ စုံစမ်းထားပါ ဦး ဂျော့၊ အဲဒီလို စုံစမ်းတာ ကိုလဲ သူမသိပါစေနဲ့၊ သူ သိသွားရင် ကျွန်တော်က သူ့ကို ခြေရာခံပြီး အမြဲတမ်း ထောက်လှမ်း နေတယ်လို့ သူမထင်စေချင်ဘူး၊ အဲဒီလိုဆိုရင် သူက ကျွန်တော့်ကို ဘယ်တော့မှ ခွင်လွှတ်တော့မှာ မဟုတ်ဘူး၊ ဇာဖီယာဆီက မသိမသာနှိုက်ယူရင် အားလုံး သိနိုင် မယ် ထင်တာပဲ၊ ဒါပေမယ့် ဒါကို အကြောင်း ပြုပြီး သူက အခွင့်အရေးတောင်းလာမှာကိုလဲ သတိ ထားပါ၊ သူက သူ့သမီးနဲ့ အဆက် အသွယ် ရှိနေတာကတော့ သေချာပါတယ်"
"ဒါနဲ့ လက်စတာဘဏ်က ရှယ်ယာကိစ္စနဲ့ ပတ်သက်ပြီး ခင်ဗျားက အော့စဘွန်းကို တစ်ခုခု လုပ်စေ ချင်သလား"
"မလုပ်ပါနဲ့၊ လောလောဆယ် ဘာမှမလုပ်ပါနဲ့၊ ဒီအချိန်ဟာ ၀ီလျံကိန်းကို အပြတ်ရှင်းဖို့ သင့်တော် တဲ့အချိန် မဟုတ်သေးဘူး၊ ကျွန်တော်က ပိုင်တဲ့အချိန်ကျမှ တစ်ခါတည်းနဲ့ အလဲထိုးချင်တယ်၊ ဒီတော့ လောလော ဆယ် ၀ီလျံကိန်းကိစ္စ မေ့ထားလိုက်ပါဦး၊ ဖလော်ရင်တီနာကို တွေ့အောင် ရှာဖို့ သာ ကြိုးစားပါ"
နောက် ရက်သတ္တသုံးပတ်အကြာတွင် အီဒင်ဘာရာနယ်စားဟိုတယ်ကို အေဘယ်ကိုယ်တိုင် ဖွင့် လှစ်သည်။ ဟိုတယ်မှာ တောင်ကုန်းပေါ်တွင် တည်ရှိသဖြင့် ရှုခင်းရှုကွက် ကောင်းသလောက် အဆောက်အအုံ ပုံစံ ကလည်း အလွန်ပင် ခေတ်မီလှပသည်။ ပထမတွင် ဟိုတယ်ပိုင်ရှင်၏ သမီး ချောကလေး ဖလော်ရင်တီနာ ကိုယ်တိုင် ဖွင့်လှစ်ကြောင်း သတင်းသာ ပါလာသည်။ သည် အကြောင်းနှင့် ပတ်သက်၍ ထွေထွေထူးထူး မရေးကြသော်လည်း အေဘယ်သည် ခါတိုင်းကဲ့သို့ မျက်နှာကြည်လင်ရွှင်လန်းမှုမရှိကြောင်း၊ အသက် ၅၀ ကျော် သော်လည်း အရွယ်တင်၍ အမြဲတမ်း ရွှင်ရွှင်ပျပျ ရှိခဲ့သူတစ်ယောက်တည်း ဟိုတယ်သစ်ဖွင့်ပွဲတွင် တစ်မူ ပြောင်းလဲနေကြောင်းလောက် ကိုသာ "ဆန်းဒေးအိက္ကစ်ပရက်" သတင်းစာက အရိပ်အမြွက် ရေးသား ဖော်ပြသည်။
သို့သော် "ဒေးလီးမေးလ် သတင်းစာကမူ
"ဒီဒင်ဘာရာနယ်စားဟိုတယ်
၁၉၇၅ ခုနျစ်၊ အောက်တိုဘာ ၁၇ရက်တွင်
ဖလော်ရင်တီနာ ရို့စနော့စကီးက ဖွင့်လှစ်သည်" ဟူသော ကြေးထွင်းဆိုင်းဘုတ်ကို အမှိုက်ပုံထဲ တွင် တွေ့ရှိ ရကြောင်း ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။
အေဘယ်သည် ကိန်းမြို့သို့ ဆက်လက်ထွက်ခွာလာခဲ့သည်။ ကိန်းနယ်စားဟိုတယ်မှာလည်း မြေထဲ ပင်လယ် ကို လှမ်းမြင်နေရသဖြင့် အလွန်ရှုခင်းလှသည်။ ဖွင့်ပွဲနေ့တွင် အေဘယ်က သမီးဖြစ် သူကို သတိရ မိသည်။ သည်တစ်ကြိမ်တွင်လည်း ပြင်သစ်လို ရေးထားသော ကြေးဆိုင်ဘုတ်ကို လွှင့်ပစ်လိုက်ရပြန်သည်။
တစ်ဦးတည်း သော သမီးချစ်ကလေးနှင့် တစ်သက်လုံး ခွဲခွာနေသွားလို့ ဖြစ်ပါမလားဟူသော အတွေးသည် အေဘယ် ၏ ဦးနှောက်ထဲသို့ ၀င်ရောက်လာသည်။ သူ့ကိုယ်သူလည်း အဖော်မဲ့ အထီးကျန်တစ်ယောက်လို ခံစား လာရသည်။
သူ သည် ပိုက်ဆံကို ရေလိုသုံးကာ အပျော်မိန်းမတွေ တစ်ယောက်ပြီးတစ်ယောက် တွဲသည်။ သို့သော် လည်း ခဏတာ မျှသာ ဖြစ်သည်။ သူ့စိတ်ကို ရေရှည် ဖျော်ဖြေနိုင်စွမ်း မရှိကြ။
တစ်လောကလုံးတွင် သူ့အဖို့ တစ်ယောက်တည်းသာ အချစ်ဆုံးသမီးဖြစ်သူကို သူ မပိုင်တော့။ သူ၏ ကမ္ဘာရန် ဖြစ်သူ ၀ီလျံကိန်း၏ သားတော်မောင်က အပိုင်ယူသွားလေပြီ။
လောက နတ်ဘုံ အဖြစ် အလုပ်ကိစ္စများ ပြီးပြတ်သောအခါ ဂျာမနီနိုင်ငံသို့ ဆက်လက် ထွက်ခွာလာ ခဲ့ပြန် သည်။ ဘွန်းမြို့တွင် နယ်စားဟိုတယ် တည်ဆောက်ရေးအတွက် နေရာရှာဖွေသည်။
သူသည် ဥရောပသို့ ခရီးထွက်နေသော်လည်း ဂျော့နှင့် တစ်နေ့မှ အဆက်အသွယ်မပြတ်။ အမြဲ တမ်း ဖုန်းဆက်နေသည်။
ယနေ့ထိ ဖလော်ရင်တီနာ ဘယ်မှာ ရောက်နေကြောင်း လုံးဝ သတင်းမရသေး။ သို့သော် ဟင်နရီ အော့စဘွန်း အကြောင်းနှင့် ပတ်သက်၍တော့ အလွန်စိတ်မကောင်းစရာ သတင်းများ ကြား ရလေသည်။
"ဒီလူက အကြွေး လည်ပင်းခိုက်နေပြီဗျ" ဂျော့က ပြောသည်။
"ကျွန်တော်က  သူ့ကို နောက်ဆုံးအကြိမ် သတိပေးထားခဲ့ဖူးတယ်၊ အလျင်အခါကလဲ ကျွန်တော်ပဲ သူ့အကြွေးတွေ စိုက်ဆပ်လိုက်ရတယ်။ လွှတ်တော်အမတ် ရာထူးလဲ မရှိတော့ဘူးဆိုတော့ သူ့ကို ဘယ်သူမှ အထင်မကြီးကြတော့ဘူးပေါ့၊ အေးလေ ကျွန်တော်ပြန်ရောက်မှ ကြည့်လုပ်ကြတာပေါ"
"သူက ဒီအတိုင်းနေတာ မဟုတ်ဘူးဗျ၊ ကျွန်တော်တို့ကို ခြိမ်းခြောက်လာတယ်"
"ဒါက မဆန်းပါဘူး၊ ဒီအတွက်တော့ ကျွန်တော် ဘာမှ မပူတော့ပါူး၊ ကျွန်တော်ရောက်တဲ့ အထိသာ စောင့်ပါလို့ သူ့ကို ပြောထားပါ"
"ခင်ဗျားက ဘယ်တော့မှ ပြန်လာမှာလဲ"
"သုံးပတ်၊ လေးပတ်လောက်တော့ ကြာဦးမယ် ထင်တယ်၊ ကျွန်တော်က တူရကီနဲ့ အီဂျစ် ဆက်သွားပြီး၊ နေရာလိုက်ကြည့်ချင်သေးတယ်၊ အဲဒီမှာ ဟစ်လ်တန်ကုမ္ပဏီဟိုတယ်တွေ ဆောက်နေကြပြီ၊ အဲဒီတော့ ခင်ဗျားသာ အဆင်ပြေအောင် ကြည့်လိုက်ပါတော့ ဂျော့"
အေဘယ်သည် အာရပ်နိုင်ငံများတွင် ဟိုတယ် နေရာရှာရင်း သုံးပတ်ကျော်ကျော် ကြာသွားပြီ။ သူ၏ အကြံပေးအရာရှိများက သူတို့ကိုယ် သူတို့ ဆွေတော်မျိုးတော်၊ မင်းညီ မင်းသားများဟု ပြော ပြီး အချို့က ဟိုတယ် နေရာကောင်းရရေးအတွက် ချဉ်းကပ်ရမည့် ၀န်ကြီးနှင့် ရင်းနှီးသော မိတ်ဆွေ များဖြစ်ကြပြီး တချို့ မှာ ဆွေမကင်း မျိုးမကင်း ဖြစ်ကြကြောင်း ပြောကြသည်။
သို့သော် နောက်ဆုံးကျတော့ ဘာတစ်ခုမျှ မမှန်။ ချဉ်းကပ်သည့် ၀န်ကြီးလည်း မမှန်။ ဆွေမကင်း မျိုးမကင်း ဆိုတာ လည်း မဟုတ်။
သို့ဖြင့် နေပူရှိန်ပြင်းလှသည့် သဲဖုန်များအကြားတွင် ရက်ပေါင်း ၂၃ရက် နေထိုင်ပြီးသောအခါ အေဘယ်က တစ်ခုကိုတော့ သေချာပေါက် ဆုံးဖြတ်လိုက်သည်။ ယင်းမှာ တခြားမဟုတ်။ သူ၏ အကြံပေးအရာရှိများ ခန့်မှန်း သည့်အတိုင်း သည်ဒေသတွင် မကြာမီအတွင်း ရေနံအမြောက်အမြား ထွက်လာရိုးသာမှန်ခဲ့လျှင် ဟိုတယ်သစ် များ ဆောက်လုပ်ရန် တကယ်ပင် လိုအပ်လာလိမ့်မည် ဟူသော အချက်ပင် ဖြစ်သည်။
ထို့ကြောင့် တခြားလူတွေ လက်မဦးခင် နယ်စားကုမ္ပဏီက ခြေမြန် လက်မြန်လုပ်မှ ဖြစ်တော့မည်။
အေဘယ်က ဟိုတယ်ဆောက်ရန် နေရာကောင်း တွေ့တော့ တွေ့ပါ၏။ သို့သော် ဆောက်လုပ်ခွင့် ရရန် သက်ဆိုင်ရာ ၀န်ကြီးဌာနသို့ ချဉ်းကပ်ရာတွင် သူ၏ အကြံပေးပုဂ္ဂိုလ်တွေက မကျွမ်းကျင် သောကြောင့် မကြာ သင့်ဘဲ ကြာနေရသည်။ တချို့ဌာနများအား တံစိုးလက်ဆောင်ပေးပြီးမှ ဌာန မှားနေကြောင်း သိရသည့် အဖြစ်မျိုးတွေလည်း ကြုံနေရသည်။ အမေရိကမှာဆိုလျှင် သည်တာဝန် ကို ဟင်နရီအော့စဘွန်း အား လွှဲအပ်လိုက်လျှင် အချိန်တိုအတွင်း ပြီးပြတ်နိုင်သည်။
နောက်ဆုံးတွင် အေဘယ်က ဘာရိန်းနိုင်ငံတွင် ယာယီရုံးခန်းကလေးတစ်ခု ဖွင့်လိုက်သည်။ ဒေသ ခံ ကိုယ်စားလှယ် များ ခန့်ထားပြီး စရိတ်စက သက်သာစွာဖြင့် ဟိုတယ်နေရာကောင်းများ ရရှိရေး အတွက် ကြိုးစား ဆောင်ရွက်ကြရန် တာဝန်ပေးခဲ့သည်။
ထို့နောက် အီစတန်ဘူမြို့သို့ ထွက်ခွာလာခဲ့သည်။ အီစတန်ဘူတွေ လွယ်ကူစွာပင် နေရာကောင်း တစ်ခု တွေ့သည်။ ထိုနေရာမှာ ဗြိတိသျှ သံရုံးဟောင်းနှင့် ကိုက်တစ်ရာခန့်သာ ကွာဝေးပြီး ဘော့စ်ဖိုးရပ်စ် ပင်လယ် ကို စီးမိုး၍ မြင်နေရသည်။ သူသည် မြေနေရာကွက်လပ်တွင် ရပ်နေရင်းမှ သည်မြို့သို့ သူ နောက်ဆုံး ရောက်ခဲ့သည့်အဖြစ်ကို သွား၍ သတိရမိသည်။ သူက ညာလက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက် သည်။ သူ့နားထဲတွင် လူအုပ်ကြီး၏ တခဲနက်အော်သံကို ကြား ယောင်လာသည်။ မျက်စိထဲတွင် ပါးကွက် အာဏာသား၏ ဓားရှည်ကြီးကို မြင်ယောင်လာသည်။ လွန်ခဲ့သော နှစ်ပေါင်း ၃၀ကျော်က ဖြစ်ရပ် ကို ပြန်တွေးမိတော့ သူသည် ကြက်သီးများပင် ထလာခဲ့ သည်။
အီစတန်ဘူမြို့တွင် လုပ်ငန်းအစီအစဉ်များ အသေအချာရခဲ့ပြီးနောက် နယူးယောက်သို့ ပြန်လာခဲ့ သည်။
ဂျော့သည် ထုံးစံအတိုင်း လေဆိပ်ဂိတ်ဝတွင် ရပ်စောင့်နေသည်ကို တွေ့ရသည်။ ဂျော့၏မျက်နှာ တွင် ထူးခြား သော အရိပ်ရောင် ဘာမျှ မမြင်ရ။
"ဘာထူးသေးသလဲ"
အေဘယ်က ကာဒီလက် ဇိမ်ခံကားကြီးထဲသို့ ၀င်ထိုင်ရင်း မေးလိုက်သည်။ ဒရိုင်ဘာက ပစ္စည်းများ ကို ကားနောက်ခန်းတွင် ထည့်နေသည်။
"သတင်းတော့ထူးတယ်၊ အဆိုးအကောင်း စုံလို့ပဲ" ဂျော့က ကားမှန်ပြတင်းဘေးမှ ခလုတ်တစ်ခုကို နှိပ် လိုက်သည်။ ဒရိုငဘာခန်းနှင့် လူစီးခန်းကြားမှ အသံလုံ မှန်တစ်ချပ် မြင့်တက်လာသည်။ သူက ဆက်ပြောသည်။ "ဖလော်ရင်တီနာက သူ့အမေနဲ့ အဆက်အသွယ်မပြတ် ရှိနေတယ်။ နေတာ ကတော့ ဆန်ဖရန်စ္စကိုမြို့ထဲက အခန်းကလေးတစ်ခန်းမှာ"
"လက်ထပ်ပြီးပြီလား"
"ထပ်ပြီးပြီ"
နှစ်ယောက်သား စကားမပြောဘဲ အတန်ကြာမျှ ငြိမ်နေကြသည်။
"ဟိုကောင်လေးက ဘာလုပ်သလဲ"
"ဘဏ်တိုက်တစ်တိုက်မှာ ၀င်လုပ်နေတယ်၊ အလုပ်တွေ အတော်တော်များများ ၀င်လျှောက်တယ်၊ ဒါပေမယ့် ဟားဗတ်စီးပွားကုန်သွယ်ရေးကျောင်းက သင်တန်းမပြီးခဲ့လို့ တချို့ဌာနတွေက လက်မခံ ကြဘူး။ တချို့ ကလဲ သူ့အဖေနဲ့ စီးပွားရေး ဆက်စပ်နေလို့ လက်မခံရဲကြဘူး။ နောက်ဆုံးတော့ အမေရိကဘဏ်မှာ ငွေကိုင် စာရေး ရတယ်၊ သူ့အရည်အချင်းနဲ့တော့ တခြားစီပဲ"
"ဖလော်ရင် တီနာကရော ဘာလုပ်နေသလဲ"
"သူက ဖက်ရှင်တိုက်တစ်ခုမှာ လက်ထောက်မန်နေဂျာ ၀င်လုပ်နေတယ်၊ ဂိုးလ်ဒင်းဂိတ် ပန်းခြံနား က "ကိုလံဘတ် ဖက်ရှင်တိုက်"မှာ သူက ဘဏ်တိုက်တွေကလဲ ငွေလိုက်ချေးနေတယ်"
"ဘာလုပ်ဖို့လဲ၊ တော်တော်ကျပ်တည်းနေလို့လား"
အေဘယ်က စိုးရိမ်သံဖြင့် မေးလိုက်သည်။
"မကျပ်တည်းပါဘူး၊ သူက ကိုယ်ပိုင်ဖက်ရှင်တိုက်ဖွင့်ဖို့ အရင်းအနှီးရှာနေတာ"
"သူက ဘယ်လောက်လိုချင်လို့လဲ"
"သိပ်မများပါဘူး၊ ဒေါ်လာ ၃၄၀၀၀ တည်းပါ၊ နော့သ်ဖစ်လ် ရပ်ကွက်က တိုက်ကလေးတစ်လုံး ကို ငှားမလို့တဲ့"
အေဘယ်က ဘာမှ ပြန်မပြောဘဲ ဂျော့ ပြောတာတွေကို ပြန်လည်စဉ်းစားနေသည်။ သူ့လက် ကလည်း ကားမှန်ပြတင်းကို တဖုတ်ဖုတ်နှင့် ပုတ်ကစားနေသည်။
"အဲဒီငွေရအောင် လုပ်ပေးလိုက်ပါဂျော့၊ ဒါပေမယ့်  ဘဏ်ချေးငွေလို့ပဲ ထင်ပါစေ၊ ကျွန်တော်တို့က ထုတ်ပေး တယ်ဆိုတာ လုံးဝမရိပ်မိပါစေနဲ" သူက လက်ကို ဆက်လက် ပုတ်ကစားနေပြန်သည်။ "နောက်လဲ လိုအပ်ရင် ဒီလိုပဲ ကူညီသွားကြတာပေါ့... " 
ခင်ဗျား ဘာပြောလိုက်တာလဲ အေဘယ်လ် ကျနော် သိပ်ပြီး နားမရှင်းလိုက်လို့ပါ ....... ဂျော့က မယုံကြည် နိုင်စွာ ဖြင့် တမင် ပြန်မေး လိုက် သည်။
"သြော် ... သူဘာပဲလုပ်လုပ် မျက်ခြည်မပြတ်စောင့်ကြည့်နေဖို့ ပြောတပါ။ ပြီးတော့ ကျွန်တော့်ကို အမြဲတမ်း အသိပေးပါ"
"ဒါနဲ့ ကောင်လေးအတွက်ရောက် ဘယ်လိုစီစဉ်ပေးမလဲ"
"ဘာမှ မစီစဉ်ပါဘူး၊ သူ့ကို ကျွန်တော် စိတ်မ၀င်စားဘူး၊ ကဲ မကောင်းတဲ့ သတင်းဆိုတာကလ ဘာလဲ၊ ပြောပါဦး"
"ဟင်နရီအော့စဘွန်း သတင်းပဲပေါ့၊ သူက လူတိုင်းဆီမှာ အကြွေးတင်နေပြီ၊ သူ့မှာ ၀င်ငွေဆိုလို ဘယ်နေရာ ကမှ ရစရာမရှိတော့ဘူး၊ ခင်ဗျားတစ်ယောက်တည်းဆီကပဲ ရစရာရှိတယ်၊ ကျွန်တော်တို့ ကုမ္ပဏီ လုပ်ငန်းစတုန်းက ဌာနဆိုင်ရာတေါကို လာဘ်ထိုးခဲ့တာနဲ့ ပတ်သက်ပြီး သူက ကျွန်တော် တို့ အပေါ်မှာ မသိမသာ ငွေညှစ်ဖို့ ကြိုးစားလာတယ်၊ သူ့မှာ သက်ဆိုင်ရာ စာရွက် စာတမ်း အထောက်အထား အပြည့်အစုံ ရှိတယ်လို့ ပြောတယ်၊ ရှီကာဂိုရစ်ခ်ျမွန့်ဟိုတယ် မီးလောင် တုန်းက မီးအာမခံငွေအပိုရအောင် လုပ်ခဲ့တာ ကိုလဲ သူက အခွင့်ကောင်းယူလိမ့်မယ်"
"ကျွန်တော် သူနဲ့ မနက်ဖြန် တွေ့လိုက်မယ်"
သူတို့ကားသည် မင်ဟတ်တန် နယ်မြေသို့ ၀င်လာသည်။ တစ်လျှောက်လုံးတွင် ဂျော့က ဟိုတယ် လုပ်ငန်းများကို ပြောပြလာသည်။ ဟိုတယ်လုပ်ငန်းမှာ အားလုံးလိုလို ချောမောစွာ လည်ပတ်နေ သည်။ လာဂို့စ်နယ်စား ဟိုတယ်တစ်ခုသာ အရှုံးပြနေသည်။ သည်လောက်ကိုတော့ အေဘယ်က ထည့်၍ပင် မထွက်။
နောက်တစ်နေ့မနက်တွင် ဟင်နရီအော့စဘွန်းနှင့် တွေ့သည်။ သူတော်တော် အိုစာသွားပြီး။ ဟိုတုန်းက လူချောလူခန့်တစ်ယောက်။ ယခုတော့ မျက်နှာတွင် ဇရာကြောင်းများပင် ထင်နေကြပြီ။
သူက လိုအပ်ချက်ကို တဲ့တိုးပင် ပြောသည်။
"ကျုပ် ပိုက်ဆံနည်းနည်း လိုနေတယ်၊ ခုတလော သိပ်ကံမကောင်းချင်ဘူး"
"အသက်အရွယ်ကိုလဲ ပြည်ကြည့်ပါဦး ဟင်နရီ၊ ခင်ဗျားက တစ်သက်လုံး အရှုံးသမားချည်း ဖြစ်နေ ပြီ၊ မြင်းလောင်းလဲ ရှုံး၊ မိန်းမလိုက်လဲ ရှုံး၊ ဘာကောင်းစားဦးမှာလဲ၊ ပိုက်ဆံက ဘယ်လောက်လိုလို့ လဲ"
"ဒေါ်လာ တစ်သောင်းလောက်ပါ၊ အဲဒါဆိုရင် အဆင်ပြေပါပြီ"
"ဒေါ်လာ တစ်သောင်းဟုတ်လား၊ ဘာလဲ ခင်ဗျားက ကျွန်တော့်ကို ငွေတ်ငးအောက်မေ့နေလို့လား၊ ကျွန်တော် တိုတိုပဲ ပြောလိုက်မယ်၊ ငါးထောင်ယူသွားပါ၊ ဒါနောက်ဆုံးအကြိမ်ပဲ"
"ငွေတန်းဖိုး ကျနေတာလဲ တွက်ပါဦး"
သူက ပြောပြီး ရယ်နေသည်။
"ဒါ နောက်ဆုံးအကြိမ်ပဲ၊ ကျွန်တော်ပဲပြောတာ သေသေချာချာ မှတ်ထားပါ" အေဘယ်က စားပွဲ အံဆွဲထဲမှ ချက်စာအုပ်ထုတ်ယူလိုက်သည်။ "နောက်တစ်ကြိမ် ဒီလိုလာတောင်းရင်တော့ ခင်ဗျားကို ဒါရိုက်တာအဖွဲ့က ထုတ်ပစ် ရမှာပဲ ဟင်နရီ၊ အဲဒီလိုဆိုရင်တော့ ပိုက်ဆံတစ်ပြားမှ မရဘဲ လက်ချင်း ပွတ်ပြီး ပြန်ရပြီလို့သာ မှတ်ပေတော့"
"ခင်ဗျားက တကယ်တော်တဲ့ မိတ်ဆွေကောင်းပါ အေဘယ်၊ စိတ်ချပါ၊ ကျုပ်ဘယ်တော့မှ ဒီလို လာမတောင်းတော့ပါဘူး၊ ကျွန်တော် ကတိပေးပါတယ်" သူက စားပွဲပေါ်ရှိ ဆေးလိပ်သေတ္တာထဲမှ ဟားဗားနား ဆေးပြင်းလိပ်တစ်လိပ် ထုတ်ယူပြီး မီးညှိလိုက်သည်။ "အများကြီး ကျေးဇူးတင်ပါတယ် အေဘယ်၊ ခင်ဗျား စေတနာ အလကားမဖြစ်စေရပါဘူး၊ စိတ်ချပါ"
ဟင်နရီ ဆေးလိပ်ဖွာရင်း ပြန်ထွက်သွားသည်။ ဂျော့ ၀င်လာသည်။
"ဟင်နရီကိစ္စ ဘယ်လိုလဲ"
"ကျွန်တော်က နောက်ဆုံးအကြိမ်အဖြစ် ထပ်ပေးလိုက်တယ်၊ ဘာကြောင့် ပေးလိုက်မိတယ်ဆိုတာ လဲ ကျွန်တော့်ကိုယ် ကျွန်တော် မစဉ်းစားတတ်တော့ဘူး၊ ဒါပေမယ့် တစ်သောင်းတော့ ထွက်သွား ပြန်ပြီ"
"ဘုရားရေ၊ တစ်သောင်းတောင်မှ ဟုတ်လား၊ ခင်ဗျားတော့ တော်တော်ခက်တဲ့ လူပါလား အေဘယ်၊ မယားတောင်းတောင်မှ ပေးပစ်မယ့် လူစားမျိုးပါလား၊ ခင်ဗျား မယုံရင် စောင့်သာ ကြည့်ပါ၊ ဒီလူ နောက်ထပ် လာဦးမှာ သေချာတယ်"
"မလာတော့ပါဘူး၊ ကျွန်တော်ကလဲ နောက်ဆုံးအကြိမ်ပဲဆိုတာ တင်းတင်းကပ်ကျပ် ပြောလိုက် တယ်၊ သူကလဲ လေးလေးနက်နက် ကတိပေးသွားပါတယ်၊ တစ်ချိန်တုန်းက သူ အကျိုးဆောင် ပေးခဲ့တဲ့ ကျေးဇူးတွေထောက်ရင် ဒီလောက်တော့ တန်ပါတယ်၊ ဒါနောက်ဆုံးပါပဲ၊ ဒါနဲ့ ဖလော်ရင်တီနာသတင်း ဘာကြားသေးသလဲ"
"သူ့အခြေအနေက ကောင်းပါတယ်၊ ဇာဖီယာကို ခင်ဗျားထင်တာ မမှားပါဘူး၊ သူက သူ့သမီးဆီ လစဉ် မှန်မှန် သွားလည်နေတာဗျ"
"ခွေးတိရိစ္ဆာန်မ"
"ပြီးတော့ မစ္စကိန်းကလဲ သွားလည်တာ နှစ်ခေါက်တောင်ရှိပြီ"
"သူ့ယောက်ျားကရော"
"ဒီအချက်မှတော့ ကျွန်တော်နဲ့ အတူတူပဲဗျ"
"ကျွန်တော်က ခင်ဗျားပြောတဲ့အတိုင်း ဆန်ဖရန်စစ္စကိုက ကရော့ကား အမျိုးသားဘဏ်နဲ့ တိုင်းပင် ပြီး အစီအစဉ်တစ်ခု လုပ်ပေးလိုက်တယ်၊ ဖလော်ရင်တီနာက အဲဒီဘဏ်မှာ လွန်ခဲ့တဲ့ တစ်ပတ် လောက်က ငွေလာချေး သေးတာကိုး၊ ကျွန်တော်တို့က သာမန် ဘဏ်ချေးငွေပုံစံမျိုးနဲ့ ထုတ်ချေး လိုက်တယ်၊ ဘာအခွင့် အရေးမှ အထူးမပေးဘူး၊ အဲဒီတော့ သူ့အနေနဲ့ ဘာမှ သံသယဖြစ်စရာ မရှိ နိုင်ပါဘူး"
"ကျေးဇူးပါပဲ ဂျော့၊ သိပ်ကောင်းပါတယ်၊ ဒီငွေကို သူ့အနေနဲ့ နှစ်နှစ်အတွင်း အပြေအလည် ပေးဆပ် နိုင်မယ်ဆိုတာ ကျွန်တော် ပြောရဲပါတယ်၊ နောက်ထပ် ကျွန်တော်တို့က ကူညီစရာမလို တော့ပါဘူး၊ ခင်ဗျား မယုံရင် ကျွန်တော်နဲ့ အလောင်းအစား လုပ်မှာလား၊ ၁၀ဒေါ်လာကြေးလေ"
"လောင်းရင် လဲ ငါးဆ တစ်ဆ ကြေးလောက် လောင်းမှပေါ့ဗျ၊ ကျွန်တော်က ဖလော်ရင်တီနာနဲ့ ပတ်သက် လို့တော့ မလောင်းရဲဘူးဗျ၊ ဟင်နရီနဲ့ ပတ်သက်လို့သာ လောင်းချင်တာ၊ ဒီလူက တကယ့် ငါးမန်းပဲဗျ"
အေဘယ် က ရယ်နေသည်။
"အေးဗျာ သမီးကိစ္စနဲ့ ပတ်သက်လိုတော့ ဒီလိုပဲ မကြာခဏ ကျွန်တော့်ကို အသိပေးစမ်းပါ၊ သူ ဘာတွေ လုပ်လို့ ဘာတွေဖြစ်နေတယ်ဆိုတာ အမြဲတမ်းသိနေပါရစေဗျာ"
အခန်း (၃၄) ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>