Showing posts with label ပန်းသတင်း (ဂျွန်). Show all posts
Showing posts with label ပန်းသတင်း (ဂျွန်). Show all posts

Wednesday, June 30, 2010

ပန်းသတင်း (ဂျွန် ၃ဝ)

ဥသဘ ရှိသောအိမ်

နေလုံးသည် တိမ်အုပ်ကြားသို့ ၀င်ပြေးလိုက်၊ ပြန်ထွက်လာလိုက်ဖြင့် တူပုန်းတမ်းကစားနေသည်။ ၀ဲယာရှိ လယ်ကွက်များတွင် ကောက်ပင်ဝါ၀ါများ စိမ်းစိမ်းများ ကွင်းပြည့်ခမန်းရှိပြီ။ နေရောင်ဖြန့် ကျင်းလျှင် တစ်ကွင်းလုံး ၀င်းခနဲထိန်ပြက်သည်။ နေရောင်ပျောက်လျှင် မှိုင်းရင့်ပြန်သည်။

မောင်ကိုကီးသည် ခေါင်းပေါ်မှအထုပ်ကို လက်တစ်ဖက်ဖြင့် ဖေးရင်း အသော့နှင်လာခဲ့၏။ ၀ါတာကွပ် တစ်ခုသည် မောင်ကိုကြီးအား ရေသံတ၀ုန်းဝန်းဖြင့် ဆီးကြိုနေသည်။ ' လမ်းမှာ ငေးမနေနဲ့၊ န့်အဘ ဆာလှရော့မယ်' အမေကြီး မှာလိုက်သောကြောင့် အပြေးလာရငြား မောင်ကိုကြီးသည် ရေသံကြား ရသောအခါ အနားသို့ တိုးကပ်လာမိ၏။ အုတ်ရေပေါက်မှ တိုးဆင်းလာသောရေထဲတွင် ပါလာသည့် ငါးများသည် နေသာလျှင် ခုန်ကြ မြူးကြ၏။ မောင်ကိုကြီး ကြည့်နေဆဲမှာပင် ငါးပတ်ကြီးတစ်ကောင်သည် အုတ်နံရံဘေး ရွံ့ထဲသို့ ဖွေးခနဲ ကျသါား၏။ ခဏငြိမ်နေပြီးမှ လွန့်သည်။ လူးသည်။ ခုန်ပျံသည်။ တော်တော် နှင့် ရေထဲမကျ။ မောင်ကိုကြီးရင်ထဲက ယားလာ၏။

' စောစောကသာ ဒီအထုပ်ကြီးကိုချထားမိရင် ငါပြေးဖမ်းနိုင်တာပေါ့'
တစ်ပြိုင်နက်ပင် ဘမျက်နှာကို ပြေးမြင်သည်။ ဘသည် မိမိလာမည့်လမ်းသို့ လည်တဆန့်ဆန့် မျှော်ရှာ ရော့မည်။ ထို့ကြောင့် ၀ါတာကွပ်ကို မောင်ကိုကြီး သံယောဇဉ်ဖြတ်သည်။ မြောင်းပေါင် လူသွားလမ်းပေါ်သို့ ဆုတ်လာစဉ် ငါးပွက်သံကြား၏။

' ဘယ်ကပါလိမ့်၊ ' တုတ်' ထဲကပါလား '
တငြိမ့်ငြိမ့် ရေလျဉ်ဖြင့် တောင်မြောက်စိးဆင်းနေသော မုန်းမြောင်းကို အနောက်ရပ်မှလာသော လင်းဇင်း မြောင်းငယ် များသည် ဦးဖြင့် ၀င်ဝှေ့ကြသည်။ ထိုအခါ မုန်းမြောင်းကိုကျော်သော သံရေတံလျှောက် များဖြစ်ပေါ်လာသည်။ သို့သော် လင်းဇင်းသောက်လယ်များမျ ရေဟောင်းများမှာ မူ မုန်းမြောင်းကို မကျော်နိုင် ကြပေ။ ဤသို့ဖြင့် မုန်းမြောင်းကို ခါးမှဖြတ်လျက် အောက်မှ ငုံ့ထွက်သော ' တုတ်' များ ဖြစ်လာ လေ၏။ တုတ်သည် ဖိသိပ်သောအားဖြင့် ထွက်လာရရာ ဖိသည့်ဘက်မှ အားပျော့သည်နှင့်အမျှ တစ်ဖက် တွင် ' အီ ' နေတော့သည်။

လူပျင်းတစ်ယောက်၏ လှုပ်ရှားပုံမျိုးဖြင့် မစီးချင့်စီးချင်း စီးထွက်လာသော တုတ်ဝမှ ငါး ထပွက်ခြင်း ဖြစ်၏။ သို့တစေ တုတ်ကိုကား မောင်ကိုကြီး စိတ်မ၀င်စားရဲပေ။ တုတ်၏ အထွက်ဝတွင် ညွှန်ထု သည် မောင်ကိုကြီး ၏ ခါးတမျှထူသည်။ တုတ်၏ အ၀ကိုကား မောင်ကိုကြီး ငုံ့၍သော်မျှ မကြည့်ဝံ့။ လင်းဇင်းသောက်လယ်များမှ ထုတ်လွှတ် လိုက်သော ရေပိုရေလျှံသည် တုတ်ပြွန်အ၀င်ဝကို သူ အလျင်ဝင်မည်၊ ငါ ဦးစွာသွားမည်ဟု လုယက် တိုးဝှေ့ နေကြ၏။

မောင်ကိုကြီး ငါးနှစ်သားအရွယ်က ဘုန်းကြီးကျောင်းတစ်ကျောင်းမှ ဆွမ်းခံထွက်လာသော အဖွဲ့ တစ်ဖွဲ့ သည် သဝေထိုးကာ တုတ်သို့ ရောက်ရှိလာပြီး ရေချိုးကြသည်တွင် တုတ်ပြွန်ဝသို့ ဒိုင်ဗင်ထိုး ချလိုက်သော ကိုရင်ကလေး မှာ မပေါ်လာတော့ချေ။ အဘယ်မှာ ပေါ်လာနိုင်မည်နည်း။ ပြွန်ထဲသို့ ခေါင်းစိုက်ဝင်သွားရာ အပေါ်က ရေဖိအားကြောင့် ပြန်မထွက်နိုင်ဘဲ အသက်ဆုံးခဲ့ရဖူး၏။
ထိုအကြောင်းကို ပြန်လည် သတိရလျှင်ရချင်း မောင်ကိုကြီး နောက်သို့တွန့်သွားသည်။ နောက်သို့ တွန့်ခါမှ ကင်းပွန်းခါး ဆူးခက်တစ်ခက်ကို တက်နင်းမိသည်။ နားထဲတွင် ဖောက်ခနဲ ကြားလိုက်ရ သည်ထင်၏။ စူးစဉ် က မနာသော်လည်း ဆွဲနုတ်သောအခါ နာလှသည်။ ချက်ချင်း သွေးပေါက် ပေါက်ပန်းထွက်လာသည်။ သွေးထွက် သော ဖနောင့်ကို မြေကြီးနှင့် နာနာဆောင့်ပြီး ဆူးခက်ကို ကင်ပွန်းခါးချုံ တစ်ချုံပေါ်သို့ ပစ်တင် လိုက်သည်။ အခြားနေရာသို့ ပစ်လိုက်ပါက အခြားသူများ စူးနိုင်သေးသည် မဟုတ်လား။

နောက်ကျသော ၀ါခင်းကျွတ်၊ နှမ်းခင်းကျွတ်များတွင် ဖုတ်ပူမီးတိုက် ထွန်နေကြသည်။ ကောက်စိုက်မ ငါးယောက် အဖွဲ့ကလေးများ၊ သုံးလေးယောက်အဖွဲ့ကလေးများကို ပြောက်တိ ပြောက်ကျားမြင်ရသည်။ ဟိုခပ်ဝေးဝေးမှ စက်သံကြားရ၏။ ဧကန္တ အဖွဲ့ကြီးတစ်ဖွဲ့ ကောက်စိုက် နေခြင်းဖြစ်ပေမည်။ အနောက် တောင် ဆီမှ လေအေးတစ်ချက်ဝေ့လာရာ စက်သံပျောက်သွား၏။
မြောင်းပေါင်ကြီး မှ ခွဲထွက်လာချိန်ဝယ် မောင်ကိုကြီး မငေးရဲပြီ။ စိတ်လည်း မပျံ့လွင့်ဝံ့ပြီ။ လူတစ်ယောက် သွားသာရုံ လမ်းကြား မြောင်းပေါင်နှင့် ကန်သင်းများသည် အငေးမခံပေ။ တစ်ချက်တိမ်း လျှင် ချော်ကျမည်။ ဘ ၏ ထမင်းကြမ်းမှောက်မည်။

' ဟဲ့ကောင်လေး၊ မြန်မြန်သွား၊ ဟိုမှာ နင့်အဘ မျှော်လှပြီ။ လက်ထဲမှာ တုတ်ကြီး ကို လည်း ကိုင်လို့ ဗျာ'
မည်သူပြောသွားသည်ကိုပင် မောင်ကိုကြီး မသိလိုက်။ အသံကြား၍ လှမ်းကြည့်သောအခါ ကျော ပြင်ကိုသာ မြင်ရ တော့သည်။ သို့ဖြစ်လျှင် သည်လူကြီးသည် မည်သည့်အချိန်က မိမိကျောနားမှ ဖြတ်သွားပါသနည်း။ ဟုတ်ပြီ။ ထန်းသားရေကျော်ကလေးကို မောင်ကိုကြီး ငေးနေခိုက်တွင် ဖြစ်မည်။

ထိုထန်းသားရေတံလျှောက် ဟိုဘက်တွင် မုန်းသောက်လယ်များ အလယ်မှ လင်းဇင်း သောက်လယ်ပွဲ အချို့ရှိသည်။ လယ်ကြားမြောင်းတစ်ခုကို ဖြတ်ကူးပြီး ရေသွယ်ထားရာ ရေသွားရေ လာ နည်းလှသည်။ သည်နည်းပါးသော ရေစီးတွင် ငါးဖွဲငါးနုပ်နှင့် ပုစွန်ဆိတ်များပါလာ၏။ သူတို့ ကလည်း ရေနည်းကြောင်း သိသဖြင့် ရေစီးဖြင့် မျှော၍မလိုက်၊ ရေများရာဘက်ကမ်းသို့ ခုန်ပေါက်ပြီး ပြေး၏။ အချိုကလည်း တစ်ဖက်ကမ်း သို့ရောက်၏။ အချို့ကား ပို၍ရေများသော အောက်က မြောင်းထဲကျ၏။ အချို့သော် ချုံထဲ ကျ၏။ မြက်ပေါ်တင်၏။

မြက်ပေါ်ကျ၊ ချုံပေါ်တင်သော ထိုငါးပုစွန်များက မောင်ကိုကြီးကို ဖမ်းညှို့ထားခြင်းဖြစ်ပေသည်။ သို့သော် နှင့်ဘ တုတ်ကြီး ကိုင်လို့ ဆိုသံကြားသည့်ခဏ၌ မောင်ကိုကြီး သုတ်ခြေတင်တော့သည်။ မြောင်းကို ကျော်မိလျှင် မြောင်းပေါင်ချုံတန်းကိုလွန်၏။ ဘတို့လယ်ကို ဘွားခနဲ လှမ်းမြင်ရလေပြီ။ အ၀ါရောင်ပျောက်စ အစိမ်းရောင်သန်းစဖြစ်သော ကောက်ပင်တန်းတန်းညီညီများဖုံးနေသော လယ်ပွဲ နှစ်ခုကျော် ၏ ဟိုဘက် တွင် ညောင်ပင်မားမားကြီးကိုမြင်ရပြီ။

ကန်သင်းအသစ်များသည် အသားမသေသေး။ ထို့ကြောင့် ကျဉ်းနေသေးသည်။ ကန်သင်းအသစ် ဆွဲထား သည်က များသောကြောင့် မြက်မရှိသော ကန်သင်းပြောင်များသည် ငြီးငွေ့ဖွယ်ရှိသည်။
ခြေနင်းစရာ ကျယ်ကျယ်ရှိသော ကန်သင်းဆုံတစ်ခုသို့အရောက်တွင် မောင်ကိုကြီး မျှော်ကြည့်၏။ ၀ါခင်းကျွတ် တွင် နွားနှင့် ထွန်သာရှိ၏။ ဘ မရှိ။ အမှန်ပင် ဘ စိတ်ဆိုးနေပြီလော။ ညောင်မြစ် မြစ် ပျဉ်းများကြား တွင် တုတ်ကိုင်ကာ ခွေအိပ်နေသလော။ မောင်ကိုကြီး၏ ခြေလှမ်းများသည် ပို၍သွက် လက် လာလေ တော့၏။



မြောင်းလက်တံကလေးကို ကျော်ပြီး ညောင်ပင်ရိပ်သို့ မောင်ကိုကြီး ၀င်ချိန်တွင် ညောင်ပင်ဟိုဘက်မှ လူသံလိုလို ကြား၏။ လယ်ကြားမြောင်းကို နဘူးချုံများအုပ်နေရာ ဟိုဘက် လယ်ပွဲမှ ဖြစ်လိမ့်မည်တွေးပြီး ညောင်ပင် ခြေရင်း သို့ ကပ်လာခဲ့၏။

' ထမင်းပို့တောင် လာပါပကော '
မောင်ကိုကြီးသည် ညောင်ပင်၏ ဟိုဘက်တွင် မမျှော်လင့်သော လူအုပ်ကြီးကို မြင်လိုက်ရလေသည်။ သူ့ဘသည် ထမင်းမေ့ ဟင်းမေ့ဖြင့် သည်လူအုပ်ထဲတွင် ၀င်နေရာက ထမင်းပို့သူကို မြင်မှသာ ထမင်းကို သတိရ တော့သည်။ လူအုပ်ကြီးသည် ဟိုလယ် သည်လယ်မှ လူများ၊ လမ်းသွားလမ်းလာများဖြစ်ပေ၏။ သူတို့၏ အလယ်တွင်ကား နဘိုက် (နွားပိုက်) ကလေးတစ်ကောင်သည် နားရွက်တထောင်ထောင် နှာ တမှုတ်မှုတ်ဖြင့် လန့်နေ၏။

' ကျယ်သုံးကျယ်နဲ့ ညီညွတ်ရင်ပဲ တော်ပါပြီကွာ '
မြောက်ဘက်လယ်ပွဲမှ ကိုဘအုန်းက မှတ်ချက်ချလိုက်ခြင်းဖြစ်သည်။
မောင်ကိုကြီးသည် ထမင်းထုပ်ကိုဖြေပြီး လက်မဆေး ဘာမဆေးဖြင့် ခွစားနေသော ရီးဆေးရိုးထံကို ကပ်လာ၏။
' ကျယ် သုံးကျယ်ဆိုတာ ဘာလဲ ဘ'
' ချိုနှစ်ခုကြားက ထိပ်အင်းကျယ်တာကွာ၊ ရင်ဆုံ ကျယ်တာကွာ၊ တင်ပါးဆုံ ခြစ်ခုံ ကျယ်တာကွာ '
' အဲဒီလို ကျယ်တော့ '
' ဟာ လူလေးရာ၊ မင်းမေးတာနဲ့ပဲ ထမင်းနင်နေပြီကွ '
ရီးဆေးရိုး မှာ ပြောရင်းဆိုရင်းလည်ပင်းရှည်ထွက်လာ၏။

မောင်ကိုကြီးနောက်ဆုတ်ကာ ရယ်မောပြီး လူကြီးအုပ်တွင်းသို့ ၀င်ထိုင်၏။ တစ်စုံတစ်ရာ နားမလည် သော်ငြား အများနည်းတူပင် နွားနက်ကလေးကို ငေးကြည့်နေမိသည်။ နွားကို စုတ် တသပ်သပ်ဖြင့် ချောမော့ နေသူမှာ နွားရှင်ဖြစ်၏။ ထိုသူကို မောင်ကိုကြီး မသိပေ။ ထိုသူသည် နွား ၀ယ်ပြီး ပြန်အလာတွင် ရေနွေး ၀င်သောက်စဉ် လာရောက် မေးမြန်းစုံစမ်းသူများကြောင့် ယခုနှယ် လူအုပ်ကြီး ဖြစ်သွားဟန်တူ၏။
' အမယ် ခြောက်ကွက်ဖြစ်တော့မလို့ဗျို့၊ နည်းနည်းကလေးပဲလိုတော့သဗျ။ခြောက်ကွက်သာ ကွက်လိုက်ရရင် ကြန်စုံပေါ့ '
ဟင်းခုပ်ပင် လယ်ပွဲမှ ကိုထွန်းလှိုင်က စေ့စေ့စပ်စပ်ကြည့်နေရာမှ အားပါးတရ ပြောသည်။

' ကြန်စုံ မဟုတ်လို့ ဒီဈေးရတာပေါ့ဗျာ '
' ခြောက်ကွက်ဆိုတာ ဘာလဲဗျဟင်'
သူ့စကားကို မည်သူကမျှ အရေးတယူမလုပ်သဖြင့် မောင်ကိုကြီးသည် ကျီးကြည့် ကြောင် ကြည့်ကြည့် နေရာက ရီးဆေးရိုးကိုလှမ်းမေး၏။
' ဘခြောက်ကွက်ဆိုတာ ဘာလဲဗျ'
'မြီးစွပ်၊ ထိပ်ကွက်၊ ခြေလေးဖက်ဖြူ၊ ကြန်စုံယူလော့တဲ့ကွ'
'အဲဒါ ဘာလဲဟင် ဘ'

မောင်ကိုကြီး၏ လက်ယာဘက်မှ လူကြီးက မောင်ကိုကြီး၏ခေါင်းကို လက်ဝါးဖြင့် ဆုပ်ကိုင်ကာ လှုပ် လိုက်သည်။
' ဒါလောက် အမေးအမြန်းထူးတဲ့အကောင် သေသေချာချာမှတ်ထား။ ခေါင်းမှာ ဖြူဖြူအကွက် ကလေးပါရင် ထိပ်ကွက်၊ အမြီးမှာ အဖြူစွပ်နေရင် မြီးစွပ်တဲ့။ ခြေထောက်လေးချောင်းမှာ ဒူးဆစ် အောက်ဖြူတာကို လေးဖက်ဖြူ တဲ့ ဟုတ်ပလား ခြောက်ကွက်'
မောင်ကိုကြီး ခေါင်းညိတ်ပြငြား မေး၍ကား မပြီးသေးချေ။

'ခြောက်ကွက်ရှိရင်ဘာဖြစ်လဲခင်ဗျာ့'
'ကောင်းတာပေါ့ကွ'
'ဘယ်လို ကောင်းတာလဲဟင်'
တောင်ဘက် လယ်ပွဲ မှ ထိုလူကြီးသည် တဟားဟားရယ်မောလိုက်ကာ 'ကိုဆေးရိုး၊ ခင်ဗျာ့မြေးကတော့ မလွယ်ပါ ကလားဗျ' ဟု လှမ်းပြော၏။
သို့သော် ထိုလူကြီး၏ စကားကို မောင်ကိုကြီး မကြားတော့ပြီ။
'အမယ်... နွားနက်သေးက ဆေးဖက်ဝင်သကွ'ဆိုသော စကား။

'ဟ သေးသောက်ချင်လို့ ၀ယ်တာမှ မဟုတ်ဘဲ၊ ခိုင်းဖိုပ၀ယ်တာကွ' ဆိုသော အသံများကြားလိုက်ရ၍ ဖြစ်သည်။ ထိုအဆိုနှင့် အချေ၏အဆုံးတွင် ၀ါးခနဲ ရယ်ကြရာ မောင်ကိုကြီး လည်း ရောယောင်ပြုံး၏။
' ခိုင်းဖို့ဆိုရင် မင့်နွားရဲ့ အနက်မွေးက စင်မှ မစင်တာဘဲကွ။ အဖြူမွေးတွေ၊ မွေးကြောင်တွေ ပါနေ တာပဲကွ။ ပြီးတော့ အမွေးက မဆိုစလောက်ကလေး ရှည်ချင်သေးသကွ'
ထိုအခါ ကိုဘအုန်းက 'အယ်' ဟု ဆိုကာ ကြားဖြတ်ပြော၏။

' အယ်...ဘိုးတော်ဘုရားလက်ထက်က နွားကျမ်းကြီးကို ရွတ်ရွတ်မနေနဲ ထွန်းလှိုင်ရာ'
' ကျုပ်ကြားဖူးတာ ပြောတာပါ'
' ကြားဖူးတာသာ ပြောနေရရင် မင်းတို့ ငါတို့ ခိုင်းစရာ နွားကို ရှိတော့မှာမဟုတ်ဘူး။ ဟိုအောက်လယ်က သောင်းရဲ့နွား၊ တစ်ဖက်ကသေးပြီး တစ်ဖက်ကကြီးတဲ့ ချိုတည်လူး။ ချိုတည်လူး အိမ်ဦးမှာတောင် မချည်ရဘူးတဲ့။ တစ်ခါ သေးတဲ့ချိုက ကွေးနေသေးဗျာ။ ဘယ်လဲ ညာထောင် ဥစ္စာပြောင်၊ ဘယ်ထောင် ညာလဲ ဥစ္စာ မွဲ တဲ့။ မမွဲ တဲ့အပြင် တစ်ဧကကို စပါးနှစ်ရာကျော်ထွက်လို့ တိန်တိန်မြည်နေပါကလားကွ ကိုင်း'

'တစ်ယောက်တလေတော့ `ရှိမှာပေါ့ဗျာ ဟဲဟဲ '
ထွန်းလှိုင် မချေနိုင်သဖြင့် အခြားတစ်ယောက်က ရယ်ရယ်မောမောဖြင့် စောဒကတက်သည်။

'လည်ပေါက်ကတော့ စင်းနေသဗျ။ ထမ်းပိုးထမ်းကောင်းမှာ သေချာတယ်'
'ဒါပေမဲ့ မျက်လုံးကတော့ ပုလဲစုံရွဲစုံဗျ'
'အမယ် အိမ်မြှောင်ဗျ'

ထွန်းလှိုင်က နွား၏ ရင်ဘတ်ပိုင်းကို ခါးကိုင်းကာ မော်ကြည့်ရာမှ ပြော၏။ ဆီးကြား၊ ရင်ကြားနှင့် ဗိုက်ပြင် တွင် အဖြူပြောက် ကလေးတွေ ကြဲပွင့်နေပေသည်။
မောင်ကိုကြီးလည်း မမေးတော့ဘဲ ရောယောင်ပြီး မော်ကြည့်နေကာ နွားတွင် တွယ်နေသော မွှားလုံး များကို ကား အိမ်မြှောင်မခေါ်တန်ရာ။ နွားကို ခဲနေသော မှက်ဖြူများမှာလည်း မှတ်သာ ဖြစ်ရမည်ဟု တွေးနေရာက အဖြေမရသဖြင့် သူ့ဘကို လှည့်ကြည့်၏။ ရီးဆေးရိုးသည် ထမင်းကုန် သွားသဖြင့် မြောင်းလက်တံကလေးသို့ သွားကာ ဆေးကြောနေပေသည်။
'ဟေ့... မင့်နွား ဗွေချက်ပေါက်ထင်တယ်ဟေ့။ ကောင်းသကွ'

'တော်ကြပါတော့ကွာ၊ ခြစ်ခုံကောင်းတာ၊ ကိုယ်ထည်ကောင်းတာ၊ ပခုံးနဲ့ သွားကောင်းတာတွေသာ အဓိကပါ။ ဟိုဗွေပါတယ်၊ သည်ဗွေပါတယ်ဆိုတာတို့၊ အမြီးက ဘယ်ပုံ၊ ချိုက ဘယ့်နှယ်ဆိုတာတွေက ဥပါဒါန် ကြောင့် ဥပဒ်ရောက်တတ်သတဲ့'
ရီးဆေးရိုး ပြန်ရောက်လာပြီး ၀င်ပြောခြင်း ဖြစ်၏။ သူသည် လက်တွင် ခိုသီးနေသော ရေစက်ရေပေါက် များကို ခါးမှ ပုဆိုးဖြင့်ပင် သုတ်သင်ရင်း ဆေးလိပ်တိုကို ကောက်ကိုင်၏။
မောင်ကိုကြီး သည် သူ့ဘသို့ ရေနွေးကြမ်းတစ်ပန်းကန် ငှဲ့ပေးလိုက်ရာ ၀င်ပြော၏။

' နွားကောင်း နွားသန်တွေကို 'မ'ပြီးခိုင်းတော့ နွားညှက်ကလေးတွေ ကျန်တယ်တဲ့။ အဲဒါလေးတွေက နွားမြိုင် လိုက်တော့ မွေးလာတဲ့ နွားကလေးတွေက ညှက်နေရောတဲ့။ အဲဒီလိုနဲ့ မြန်မာနွားတွေ ညံ့ကုန်တာတဲ့ဗျ။ ကျုပ်ဖတ်ဖူးတယ် ဘ'
' ကိုဆေးရိုး မြေးက မလွယ်ပါကလားဗျ။ ဟေ'
ခုနလူကြီးပင် မောင်ကိုကြီး၏ခေါင်းကို ကိုင်ပြီး လှုပ်ပြန်သည်။
'ခေါင်းကို မကိုင်ပါနဲ့ဗျာ၊ ယောက္ခမက နိုင်တတ်တယ်'
လူကြီးများက ဝေါခနဲ ၀ိုင်းဝန်းရယ်မောကြသည်။ ကိုထွန်းလှိုင်က ပြုံးပြီး ခြေထောက်ဖြင့် လှမ်းတို့သည်။


သည်နေ့သည် ရီးဆေးရိုး ကံဆိုးသောနေ့ဟု ဆိုရပေမည်။ အကြောင်းမူ ထမင်းပို့ရန်လာသော မြေးသည် ကဆစ်သီးတွေရှာစားလိုက်၊ အမှိုက်ကောက်လိုက်၊ 'ချိုတည်လူးဆိုသော ဘာလဲ ဘ' ဟု လှမ်းမေး၏။ 'ပုလဲတစ်လုံး ရွဲတစ်လုံး ဆိုတာကကောဟင်' ဟု ထပ်ဆင့်မေး၏။ မကြားဟန်ပြုနေလျှင် ထွန်နောက်က လိုက်လာပြီး ကပ်မေး၏။ ရီးဆေးရိုးမှာ သူ့အမေးကို ဖြေဖို့နေနေသာသာ လူပင် မနည်းလှမ်းနေရ၏။ စက်ထွန်ဝင် ထားသော ၀ါခင်းကျွတ်တွင် ရေသွင်းထားရာ ထမန်းမပျော်သေး သဖြင့် ခြေထား ခြေနုတ် ခက်၏။
နွားမှာသော်မူ လူတိုင်းပေးသည့်အတိုင်း မှန်မှန်သွားနေစဉ် ရင်ဘတ်ကို ရေစိုနေသဖြင့် မမော။ ထွန်နောက် မှ လူမှာမူ ထွန်ကြောင်းဖြောင့်ရန် သတိထားရသည်။ မျက်စိဖြင့် မမြင်ရသော ထွန်ကြောင်းကို တိုင်စိုက်ပြီး မှတ်ထားသည့်အတွက် တိုင်ဟောင်းနုတ်ကာ တိုင်သစ် စိုက်ရသည်။ ထွန်ချေးစာကို ကန်ချရသည်။ ကျောပြင် အမြှောင်းတစ်လျှောက် စီးဆင်းလာသော ချွေးကြောင်း သည်တင်ပါးဆုံတွင် ပင်လယ်ဝေ နေချေပြီ။

နွေခေါင်ခေါင်တွင် အိမ်ရှေ့သို့လာလာပြီး နားတတ်သော တောကျီးကန်းအလား ရီးဆေးရိုးပါးစပ်ပြဲနေပြီ မောင်ကိုကြီး က မောရမှန်းမသိ။ အမှိုက်တွေ ကောက်ကောက်ပြီး ကန်သင်းပေါ် တင်သည်။ ပါးစပ်ကလည်း တတွတ်တွတ်မေးသည်။ ဆယ်ခါမေးလျှင် ကိုးခါကို နွား ခြေလှမ်းရာတွင် ရေသံတဗွမ်းဗွမ်း ထွက်ပေါ်သည့် အသံကြောင့် မကြားသလိုလို၊ နားမလည်သလိုလို လုပ်ပစ်ရသည်။ ကျန်သော တစ်ခါကိုလည်း ဇစ်ပိုင်း တစ်ပြတ်သာ ဖြေ၏။ ကြိတ်မှိတ်ထွန်ရမည်။ ညနေပိုင်းထွန်လျှင် ဆီးကိုင်သည်။ မျက်စိနာသည်လည်း ပြောကြ၏။ အသက်ကလည်း ထောက်ပြီမဟုတ်လား။ သည်တော့ နံနက်ပိုင်းကို နေမြင့်အောင်ထွန်မှ။

လယ်ကွက်ထမြှ ရေသည်ရေသေမဟုတ်ပေ။ ရေရှင်ဖြစ်သည်။ တစ်ဖက်မှ ၀င်လာသော ရေသည် လယ်ကွက်တစ်ခုပြီးတစ်ခုဖြတ်သန်းပြီး အောက်လယ်သို့ စီးဆင်းသွား၏။ သည်ရေသည် လည်းကြာသော် မခံနိုင်။ မြောင်းမကြီးထဲတွင် ပူလောင်လာချိန်တွင် လယ်ကွက်ထဲတွင် ပူခြစ်လာချေပြီ။
'သုံးစပ် ပဲ လိုတော့တယ် သားတို့ရေ၊ လုပ်ပါဟ လုပ်ပါဟ'

ခြေနုတ်ခြေရုပ်နှေးသော နွားများကို ရီးဆေးရိုးသည် နတံ(နှင်တံ)ဖြင့် တင်ပါးကို ပွတ်ပေးရင်း ချော့ချော့ မော့မော့ပြောနေချိန်တွင် စူးရှသော ဆန်စက်ဥသြသံသည် လွင့်ပျံလာလေ၏။ ရီးဆေးရိုးမှာ သုံးစပ်ပြည့်သွားငြားအိမ်မပြန်နိုင်သေးပေ။ ထွန်တုံးကို ရေဆေးပြီး ထမ်းပိုးကျည် ထမ်းပိုးပါ သိမ်းရသေး၏။ နွားနှစ်ကောင်ကိုကား မောင်ကိုကြီးက ရေချိုးပေးဖော်ရ၏။ နွားနှစ်ကောင်ကို ရှေ့တစ်ကောင် နောက်တစ်ကောင် ထားကာ ရီးဆေးရိုးက အလယ်မှလိုက်ပါလျက် ပြန်လာကြသည်။ မောင်ကိုကြီးက အထုပ်ကို ၇ွတ်လျက် လိုက်ပါလာရာ လမ်းကျဉ်းသဖြင့် ဘအနီးသို့ မကပ်သာချေ။
အစိမ်းနုရောင်၊ အ၀ါရောင်နှင့်အစိမ်းရင့် အ၀တ်စများ စပ်ချုပ်ထားသော ပဆစ်အိမ်ကြီးနှင့် တူသော လယ်ပြင်ကြီး သည် သူတို့မြေးအဘိုး၏ နောက်တွင် ငိုက်မျဉ်းလျက်ကျန်ခဲ့၏။ နေပူမှ နာနာအော်သော ချိုးကူသံများကမူ မြေးအဘိုးအား နှုတ်ဆက်လိုက်သံဖြစ်ပေ၏။ ရှားပင်ပေါင်းသို့ရောက်၍ မုန်းမြောင်းပေါင် ပေါ်သို့ ခြေချမိသည်နှင့် တစ်ပြိုင်နက် မောင်ကိုကြီးသည် ရီးဆေးရိုးဘက်သို့ ပြေးက်လာ ချေပြီ
' ဘ ဗွေချက်ပေါကိုတာ ဘာလဲဗျ'

'နွားဗိုက်ရဲ့ သိုတံရှေ့မှာ ချက်ရှိတယ်ကွာ။ အဲဒီချက်နားမှာ ဗွေရှိတဲ့ နွားဟာ သန္ဓေကောင်းတယ်။ ခိုင်းလို့လည်း ကောင်းတယ်'
အနောက်ဘက် မြောင်းပေါင်အတိုင်း မျက်နှာချင်းဆိုင်မှ လှည်းတစ်စီးသည် ဖုန်တထောင်းထောင်းဖြင့်၊ ၀င်ရိုးသံ တအီအီဖြင့် မောင်းနှင်လာ၏။
'အိပ်တဲ့ အခါမှာ ဟောက်တဲ့နွားကို နွားဟိန်း၊ နွားဟောက်ခေါ်တယ်။ မကောင်းဘူးတဲ့။ ဘာသိချင် သေးသလဲ'
မောင်ကိုကြီး ထံမှ အမေးမလာပေ။ စောစောက ကြားခဲ့ရသော ဝေါဟာရများကို ပြန်လည် စဉ်းစား နေဟန်ရှိ၏။ ထို့ကြောင့် ရီးဆေးရိုးက ရှေ့တူရူမှလာနေသော လှည်းကို လက်ညိုးထိုးပြ၏။
'အဲဟို လှည်းထဲက နွားမျိုးကို နွားရုန်းနွားကန်ခေါ်သကွ။ အဲဒါလည်း မကောင်းဘူး'

ဟန်ပေစွ။ မောင်ကိုကြီးမှာ ဘယ်ပုံရုန်းသနည်း။ ဘယ်ပုံကန်သနည်း။ ဆစ်ဆစ်ဖုဖု စေ့ငုရန် မလို တော့ပေ။ ထိုလှည်း မှ နွားနျစ်ကောင်သည် ခြေထောက်များကို လှည်းအောက်သို့ ရောက်နိုင်သမျှ ရောက်အောင် သွင်းကာ ကိုယ်ကို အပြင်သို့ တအား ပစ်ထုတ်ကာ ရုန်းနေပုံမှာ မြင်သူမောဖွယ် ဖြစ်၏။ သွားရင်းကပင် ဘိုင်းခနဲ လဲကျချေမည်လား။ စိုးရိမ်စရာကောင်းလှ၏။ မောင်ကိုကြီးသည် ထိုလှည်း လွန်သွားသည်အထိ ပြုံးစေ့စေ့ဖြင့် လိုက်ပါလာရာက 'နွားလားဥသဘဆိုတာကကော ဘ' ဟု ကောက်ကာငင်ကာ မေးလိုက် ပြန်သည်။
'အိမ်အ၀င်၊ အိမ်အထွက်မှာ တွန်ရင် နွားလားဥသဘပေါ့'

အကောင်းလား၊ ညံ့လားဘ'
'ကောင်းတာပေါ့ကွ'
'ဘယ်လိုကောင်းတာလဲ ဘရ'
'နွားပိုင်ရှင်မှာ စီးပွားတက်လာတယ်၊ ချမ်းသာတယ်'

'ဟင်... ကျုပ်တို့အိမ်က နွားညိုဟာ ဥသဘပေါ့ ဘရဲ့၊ ခြံဝင်ခြံထွက် တွန်သဗျား၊ ဒါနဲ့များ ကျုပ်တို့ ဘာပြုလို့ မချမ်းသာတာလဲဟင်။ အဖေဆို ဖျားတာ သောက်စရာဆေးမရှိလို့ မုန်ညငင်းဥ ပြုတ်သောက်ရသဗျား'
' ငါ့မြေးရာ မလိမ်ပါနဲ့ကွာ၊ မင်းတို့ဟာ ချမ်းသာပါတယ်၊ ဆောင်းတွင်းမှာ စောင်ခြုံစရာ မရှိဘူး မဟုတ်လား'
'ဟာ ဘကလဲဗျာ'
မောင်ကိုကြီးက သူ့ဘ၏ ပေါင်ကို တံတောင်ဖြင့် တွက်ရင်း ရယ်မောလိုက်ရာ မြေးအဘိုးတို့၏ ရယ်မောသံသည် မုန်းမြောင်းတစ်လျှောက် ပဲ့တင်ထပ်သွားလေ၏။

------------------
စာရေးသူ - ဆင်ဖြူကျွန်းအောင်သိန်း
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, June 29, 2010

ပန်းသတင်း (ဂျွန် ၂၉)

တွတ်

' တွတ် တွတ် တွတ်၊ တွတ် တွတ် တွတ် '
    ငွေလရောင်သည် ရမ်းဘိုကုန်း တစ်ရွာလုံးကို ငွေရည်လောင်းထားပေသည်။ ငွေရည် လိမ်းထားသော ရွာငယ်သည် တေးချင်းသံများ၊ ရယ်မောသံများဖြင့် မြူးထူးလျက်ရှိပေ၏။ ဓာတ် ပေါင်းစုဘုရားဘက်မှ ငွေဆည်းလည်းသံည် တစ်ချက်တစ်ချက်တွင် လွင့်ပျံလာသည်။ တွတ်သံရပ် သွားလျှင် နွားစာစဉ်းသံများကို ကြားရ၏။
ရီးဆေးရိုး သည် လေပြည်သွေးတိုင်း လွင့်ဝဲလာသော၊ ကြူသင်းသော နန်းလုံးကြိုင်ပန်းရနံ့ကို နှစ် သက်စွာ ရှူရှိုက်ရင်း ပြောင်းဖူးဖက် ဆေးလိပ်ကို အရသာခံဖွာရှိုက်နေ၏။ ငြင်းသံခုံသံများကို ကြား ရသော် ရီးဆေးရိုး ပြုံးမိသည်။ တွတ်ထိုးကစားခြင်းသည် အလွန်ငြင်းခုံရသော ကစားနည်း မဟုတ် လား။

အိမ်ထဲတွင် မှောင်ချထား၏။ မီးသာထွန်းထားလျှင် ပြုံးရခြင်းအကြောင်းကို ရီးကျီးဒန် စောကြော လိမ့်ဦးမည်။ ငြင်းခုံသံ၊ အုတ်အုတ်ကျက်ကျက်အသံများ ရပ်သွားလျှင် တွတ်အော်သံများ ပေါ်လာ ပြန်၏။ တွတ်သံ မှိန်အသွား၌ နွားစာစဉ်းသံများ ဝေဲ့ဝဲလာပြန်၏။

ရီးဆေးရိုးသည် ဤကား ခြေနင်းဓားဖြင့် စဉ်းသံ၊ ဤကား နန်းတိုင်တွင် လက်ခုတ်ဓားဖြင့် စဉ်းသံ၊ ဤအသံမူ တုံးနေသော ဓားဖြင့် စဉ်းသံတည်းဟု အသံကို ခွဲခြားမှတ်သားနေ၏။
အိမ်ရှေ့ တလင်းပြောင်တွင် ကောက်လှိုင်းများ လက်စမသတ်ရှိနေဆဲ ဖြစ်သော်ငြား၊ တာဝန်ကျ စပါးတင်းရေသွင်းပြေပြီးမို့ ရီးဆေးရိုးမှာ အေးအေးဆေးဆေးရှိ၏။ ယခုပင် နွားစာစဉ်းသံကို ခွဲခြား သော အာရုံဝင်စားနိုင်သည်အထိ အေးဆေးသည်။ သည်နားတစ်ဝိုက်ရှိ လယ်သမားတိုင်း အေးအေး လူလူ ရှိနေကြ၏။ သူတို့မှာ အားလုံးလိုလိုပင် ကုလားပဲပျက်ကြသည်။ မလိုဘဲ စေတနာပို သောမိုးကြောင့် တစ်ကြောင်းဖြစ်သည်။ ကုလားပဲသာ ကောင်းလျှင် ၀ါစိုက်ရန် ထွန်ယက်ရေးက တစ်ဖက်၊ ရိတ်သိမ်းပြီးသော ကုလားပဲများ မိုးလွတ်အောင် အပြေးအလွှားနယ်ရ၊ လှေ့ရနှင့် ယား သည်ကိုပင် မကုတ်အား။ ယခုနှယ် တွတ်ထိုးရန်ဝေးစွ။ သည်နှစ်တော့ ၀ါစိုက်နှမ်းကြဲမည့် မြေများကို စက်ထွန်ဝင်ပြီးနောက် မြောင်းရေကို စောင့်ဆိုင်း နေရသောကြောင့် အေးအေးလူလူ နေ နိုင်ကြခြင်းဖြစ်ပေ၏။

ဖုန်လုံးကြီးတစ်လုံးသည် အလုံးလိုက် အခဲလိုက် ၀ဲဝေ့လာ၏။ ရီဆေးရိုးသည် မျက်နှာရှေ့ကို ပုဆိုးဖြင့် ပုတ်ယမ်းသည်။ ' မဖြစ်ပါဘူး၊ ဒီတွတ်ဝိုင်းကို သွားပြောဦးမှပါ ' ဆိုသည်။
ရီးကျီးဒန်ကား ရီးဆေးရိုး၏ စကားကို ကြားဟန်မတူပေ။ ကပြင် (ကြမ်းပြင်)တွင် ဆေးတောင်းကြီး ချကာ၊ ဆေးလိပ်တစ်လိပ်ကို တရှဲရှဲ 'ပွတ်'ရင်း ငွေရောင်ည အလှကို ငေးမောနေ၏။ အစီခံဖက် ကြမ်းများ၊ ဆေးရွက်ရိုးရည်ဆွတ်ထားသော ဖက်ဝါ၀ါများ၊ အုပ်မပျက်သေးသော ဖက်အုပ်များ၊ စည်းကြိုးလုပ်သော မြိတ်ဆာထွေးများ၊ ဆေးရိုးထုပ်နှင့် အစီခံညှပ်စများ၊ အုပ်မပျက်သေးသော ဖက်အုပ်များ၊ စည်းကြိုး လုပ်သော မြိတ်ဆာထွေးများ၊ ဆေးရိုးထုပ်နှင့် အစီခံညှပ်စများသည်လည်း ရီးကျီးဒန်ကို ပတ်ခြံ ၀န်းရံ လျက် ငေးမောနေကြဟန်ရှိပေ၏။

တန်ခူး မပီတပီမို့ လေကလည်း မရူး တရူး ဖြစ်နေဟန်ရှိ၏။
ခုနက တောင်ဘက်မှလာသော လေသည် တွတ်ဝိုင်းကျင်းပသော နေရာဆီသို့ ရီးဆေးရိုး ရောက် သွားချိန်တွင် တောင်ဘက်သို့ ဝေ့လွင့်နေပြန်၏။ ဖုန်လုံးကြီးသည် မှုန်ရီသော လရောင်အောက်တွင် အညွန့်တလူလူဖြင့် ယိမ်းကနေချေ၏။ တွတ်သံသည် အခါမလပ် ညံစာမနေနိုင်ပေ။ မည်သူမျှ အဆက်မပြတ် အော်မနေနိုင်သောကြောင့်ဖြစ်၏။ တွတ်ကွင်းသည် တောင်မြောက်တန်းနေသော လမ်းပေါ် တွင် တည်သည်။ ဟိုဘက် သည်ဘက်ကို စည်းသားထားသည်။ စည်းမှာ မြေကြီးပေါ်တွင် တုတ်ဖြင့် ခြစ်ထားရာ ရီးဆေးရိုး၏ မျက်စိမျိုးဖြင့် မြင်ရန် မလွယ်ကူချေ။ ယခုသက်ပြန် ရှိုက်ရင်း တွတ်သံမပြတ်အောင် အော်လျက် စည်းတောင်ဘက်ပိုင်းသို့ တက်ရောက်နေသူမှာ ထွန်းမှုန်ဖြစ်၏။ ထွန်းမှုန်၏ကိုယ်တွင် အင်္ကျီမပါပေ။ ဖုန်တွ သည်မျှထနေပါလျက်နှင့် သူ့ကျောပြင်မှ ချွေးသီးများကို လရောင်ဖြင့် တလက်လက် မြင်ရ၏။

သူသည် ပုဆိုးကို ပေါင်လယ်ရောက်အောင် ၀တ်ထား၏။ ညာခြေရှေ့သို့ တိုးထားကာ ဘယ်ခြေကို နောက်ပစ်ပြီး ခါးကို ကုန်းထားသည်။ ပါးစပ်မှလည်း တွတ်တွတ်မပြတ်အောင် အော်သည်။ ၀ဲယာကိုလည်း လျင်မြန်စွာ ရွှေ့ပြောင်းနေသည်။ တစ်ဖက်တွင် လူခြောက်ယောက်ရှိည်။ သည်အခံ ဘက်မှ လူများလည်း အင်္ကျီမပါကြ။ သူတို့က အလယ်ဟိုက်ကာ လခြမ်းပုံသဏ္ဍာန်ဖြင့် ခံစစ် စစ် မျက်နှာ ဖွင့်ထားကြ၏။ ထွန်းမှုန်က အလယ်ကောင်ရှိ လူကို လှမ်းပုတ်၏။ အပုတ်ခံရသူ နောက်သို့ ခုန်ဆုတ်စဉ် ဘေးနှစ်ဖက်မှ လူများက ပြေးကပ်လာကြ၏။ ထွန်းမှုန်လှည့်ပြီး ပုတ်သည်။ ခုန်ပြီး ရှောင်ကြသည်။ ခံစစ်သမားများ အနေ အထား ပျက်သွားစဉ် ထိုသူများကို ကျောပေးကာ ထွန်းမှုန်ဆုတ် ခွာသည်။

သို့ဖြစ်ငြား ပါးစပ်မှ တွတ်သံကား မပြတ်၊ မရပ်။ ထွန်းမှုန် စည်းနားရောက် သွားပြီ။
ထွန်းမှုန်တို့ဘက်သို့ ၀င်ထိုးရန် တာဝန်ကျသူမှာ ကိုဘညိန်း။ ကလေး လေးယောက်အဖေပေမင့် သူလည်း အားလပ်ခိုက်တွင် ငယ်မူပြန်ကာ ဖုန်လူးသော ကစားနည်းတွင် ၀င်နွှဲနေခြင်းဖြစ်၏။ ကိုဘညိန်းသည် ထွန်းမှုန်စည်းတစ်ဖက်သို့ ရောက်ချိန်ကို ချောင်းနေ၏။ စည်းပေါ်တွင် ရှိနေသေးလျှင် လုပ်၍မရ၊ ၀င်၍မရ။ စည်းဟိုဘက်ရောက်မှ ၀င်ခွင့်တိုက်ခွင့်ရှိသည်။ သို့ကြောင့် သည်ဘက်ကို ထွန်းမှုန် ကျောခိုင်းကာ စည်းဆီသို့ ဆုတ်သွားသည်နှင့်တစ်ပြိုင်နက် ကိုဘညိန်း ပြေးထွက်သွား၏။ ထွန်းမှုန်ချာခနဲလှည့်ပုတ်သည်။ ကိုဘဘိန်းမှာ လွတ်ရုံကလေးသာရှောင်နိုင်သည်။ နောက်က ထက်ကြပ်လိုက်လာမည့်သူကို ဟန့်တားပြီး လျှင် ပြီးချင်း ထွန်းမှုန်ဆုတ်သွား၏။ စည်းပေါ်အရောက်တွင် ခွရပ်ကာ အခြေအနေကို အကဲခတ် သည်။ တစ်ဖက် လူများငြိမ်နေသည်။
' တွတ် တွတ် တွတ်၊ တွတ် တွတ် တွတ် '

ထွန်းမှုန်စည်းကို ခွာမိသည်နှင့်တစ်ပြိုင်နက် ကိုဘဘိန်း တအားပြေးတက်လာသည်။ ထွန်းမှုန်နောက်သို့ စွန်ရဲသုတ်သလို ထိုးဝင်ကာ ကျောပြင်ကြီးကို ဖြန်းခနဲပုတ်မိချိန်တွင်၊ အလယ်ဟိုက်ကာ အနားသား ကွေးထား သူများက ကဏန်းလက်ပုံ ၀ိုင်းဖမ်းသည်။ အုန်းဗုန်းအသံများကြားရပြီး ကိုဘဘိန်း လွတ်ထွက်သွား၏။ တွတ်တို့၏စည်းကမ်းမှာ လာရောက် တိုက်ခိုက်သော အတက်သမားက ပုတ်ခတ် နိုင်လျှင် ပြီးသည်။ အတိုက်ခံရသူများကမူ ပုတ်ခတ်နိုင် ရုံဖြင့်မ၊ အမိဖမ်းရသည်။ ထိုအခါ အပုတ်ခံရသူမှာ မိအောင်ဖမ်းနိုင်လျှင် ဖမ်း၊ မဖမ်းနိုင်လျှင် သေပြီမို့ ကိုဘဘိန်းခြေထောက်ကို တအားကျုံးဖက်သည်။ ကိုဘညိန်းမှာ ကိုင်ရိုက်ခံရဘိအလား မြေကြီးပေါ် ပစ်ကျသွားငြား တွတ်အော်သံ မပျက်၊ လက်ဖြင့် တွန်းထိုးပုတ်ခတ်သလို ခြေဖြင့်လည်း ကန်ကျောက်ရင်း စည်းရှိရာသို့ တရွေ့ရွေ့ ချဉ်းကပ်၏။

' ဒီကောင်လောက်များ မနိုင်ကြဘူးလား၊ လက်ကို မ ထား၊ ပါးစပ်ကို ပိတ်ထား၊ သေရော့ပေါ့ဟ'
အားမလို အားမရဖြစ်ကာ ၀င်ရောက် သညာပေးလိုက်သူမှာ ရီးဆေးရိုးဖြစ်သည်။
' သေပြီ သေပြီ၊ အားလုံးသေပြီ '
ကိုဘညိန်းသည် ၀ိုင်းဆွဲသော လူခြောက်ယောက်ကို တွတ်အော်သံမပြတ်စေဘဲ စည်းကြောင်းရှိရာသို့ ပါလာအောင် ရုန်းကန်ချဉ်းကပ်လာရုံသာမက၊ စည်းပေါ်သို့ မိမိရရ လက်တင် နိုင်ခဲ့၏။ သို့ကြောင့် သူ့ဘက်သား များက တစ်ဖက်လူအားလုံး သေပြီဟု အော်ခြင်းဖြစ်သည်။ သို့ သော် ကိုဘညိန်းကား တွတ် အော်ဆဲ။

' ကိုဘညိန်း သေကုန်ပြီဗျ '
' ငါသိပါတယ်ကွ၊ အော်လို့ကောင်းတာနဲ့ အော်နေတာပါ '
ယင်းသို့ဖြေပြီးမှ ကိုဘညိန်း ကုန်းရုန်းထသည်။ ထ၍မရ။ ခွစီးထားသည် မဟုတ်ပါလား။
' ဟေ့ကောင်တွေ၊ ဘယ်သူတွေလည်း၊ ဖယ်ကြလေကွာ'
ဖယ်ပါပြောကာမှ ကျောပေါ်မှ လူများက ခုန်ဆောင့်နေကြသေးရာ ကိုဘညိန်းမှာ တအင့်အင့် မြည်သံဖြင့် ကော်ဆဲ ရ၏။
' မင်းတောင် အော်နေသေးတယ်၊ ငါတို့လည်း ထိုင်နေတာပေါ့ကွ '

မအေ နှမဆဲသံကို ပန်းဖြင့် ပေါက်ခံရသည့်အလား တဟားဟား ရယ်နေသော အေးအောင်နှင့် စိန်အုတ်က တစ်ယောက်တစ်ပေါက် ပြောရင်း နောက်တစ်ပွဲစရန် ပြင်ဆင်ကြသည်။ ရီးဆေးရိုးမှာ တွတ်ပွဲကို တားဆီးရန်၊ သို့မဟုတ် နေရာရွှေ့ဖို့ ပြောရန် လာခဲ့သည်။ ပွဲဘေးရောက်သောအခါ သူပါ စိတ်ဝင်စားနေပြီ။ ပြောရန် မေ့နေပြီ။ ဖုန်မှုန့်တွေ သူ့ခေါင်းပေါ် တဖွားဖွားကျသည်ကိုပင် သတိမထားအား။
' တွတ် တွတ် တွတ်၊ တွတ် တွတ် တွတ် '
နိုင်သောဘက်က ဦးစွာ တက်ရသည်။ တက်လာသူမှာ အဖွဲ့ခေါင်းဆောင် ငဦးဖြစ်၏။ သူလည်း တစ်ဖက်လူ အဖမ်းရခက်စေရန် ခါးကို ကုန်းထားပြီး လက်ကို ရှေု့ထုတ်ထား၏။ ဆင်နှာမောင်းအလား တယမ်းယမ်း ပုတ်ခတ်၏။

' ကြင်မောင် အရဲမကိုးနဲ့လေ'
အဖွဲ့ခေါင်းဆောင် ညိုကြီး လှမ်းသတိပေးစဉ် ငဦး ၀ုန်းခနဲ ခုန်ပုတ်သည်။ ညိုကြီး ခုန်ဆုတ်၏။ နောက်ကျသွားသည်။ ရင်ဘတ်ကို ဗုန်းခနဲပုတ်မိသည်။ လက်ကို ဆောင့်ဆွဲသည်။ ငဦးသေပြီ။ မသေ ခံနိုင်ရိုးလား လူကို စည်းရှိရာ မသွားနိုင်အောင် ချုပ်ရုံသာမဟုတ်၊ တွတ်ပြတ်အောင် ပါးစပ်ပါ ပိတ်ကြ သည်ကိုး။
' ထွီး ... ငါ့ပါးစပ်ပိတ်တာ ဘယ်ကောင်လဲကွ၊ ငန်လိုက်တာ '
' ငါပါကွ၊ လက်က သန့်ပါတယ်၊ အဲ ... စောစောကတော့ ခွေးချေးနည်းနည်း ပေသွားတယ်'

သေသူ ဘေးထွက်ထိုင်နေရသဖြင့် ငါးယောက်သာ ကျန်တော့သောဘက်သို့ ခြောက်ယောက်အပြည့် ကျန်သေးသောဘက်မှ အဖွဲ့ခေါင်းဆောင်ညိုကြီး ပြေးတက်လာ၏။ သူတက်ပုံက တစ်မျိုး။ ခါးမကုန်းပေ၊ စောင်မနေပေ။ အတင်းပြေးဝင်ကာ လိုက်ပြီး ပုတ်သည်။ ဖြန်းခနဲ ဖုန်းခနဲ အသံတွေ အဆုံးတွင် ညိုကြီးမှာ မြေကြီး ပေါ်တွင် ရေကူးနေပြီး သူ့ခြေထောက်ကို ဆွဲထားသော ဘမောင်မှာ တရွတ်တိုက်ပြီးပါနေ၏။ သို့ကြောင့် သာစိန်ပြေးလာက ဘမောင်ကို ကူသော်ငြား ညိုကြိး၏လက်က စည်းပေါ်ရောက်နေပြီ။

' ဘမောင်နဲ့ သာစိန် သေသွားပြီ'
ညိုကြီး မောဟိုက်သံဖြင့် ပြောရင်း ပြန်လှည့်လာသည်။
'တွတ် တွတ် တွတ်၊ တွတ် တွတ် တွတ် '
မိမိဘက် သို့ ညိုကြီး ခြေချမိရုံရှိသေး၊ ခင်မောင်လေး ပြေးတက်လာသည်။ ညိုကြီးကျောကို လက်သီးဖြင့် ထိုးပစ်ခဲ့သည်။
' ညိုကြီးသေပြီ၊ တို့ဘက်က အဦးဆုံးသေတာ ဘယ်သူလဲ၊ ငဦးမဟုတ်လား၊ ငဦးရှင်ပြီဟေ့'
' မရဘူး၊ မရဘူး'

' ဘာပြုလို့ မရရမှာလဲ၊ စည်းတစ်ဖက်ကို ရောက်နေပေါ့ဟာကို'
' ဘယ်ဒီလိုလုပ်လို့ ဘယ်ဖြစ်မလဲ'
' အစက ဘာစည်းဘာကမ်းမှ ကြိုတင်ထားတာမှ မဟုတ်ဘဲ၊ ရတာပေါ့။ ညိုကြီး သေပြီ၊ ငဦးရှင်တယ်'
' မရဘူးကွာ '
' ရတယ်ကွာ'
ဖုန်လုံးကြီး ရပ်သွားသည့်အခိုက်တွင် စကားလုံးများ သောသောညံနေသည်။ မခံချင်စိတ်ဖြင့် ငြင်းသူပါသလို၊ အပြောင်အပျက်ငြင်းသူလည်းပါဝင်၏။ ယခုမှ နားရတော့သည်ဆိုကာ ဖုန်ထဲ ပစ်ထိုင်သူ ထိုင်၊ ဆေးလိပ် သောက်သူသောက်။
' ပိုက်ဆံရမယ့် အလုပ်မဟုတ်လား၊ ငြင်းကြကွ။ အဲ ဟုတ်ပြီ၊ လက်သီးနဲ့ထိုးကွာ၊ ငါ ဓားငှားမယ်'
ရီးဆေးရိုး ၀င်ပြီး ရွှတ်သည်။

' အံမယ် ဆေးရိုး၊ မင့်ကိုယ်မင်း ကာလသားလေး မှတ်နေသလား။ ကလေးတွေကြားထဲမှာ သူက'
ဆေးလိပ်မီးပွား တဖွားဖွားဖြင့် ရောက်လာကာ ပွာလောင် ပွာလောင် အော်လိုက်သူကား ရီးသာဒွန်းပင်တည်း။
' ဟ ငါက ကာလသားပဲကွ၊ မင်းသာ သေခါနီးနေတာ။ ငါ့တော့ ပြောပြီး သူကလည်း ကလေးကြားထဲ ရောက် နေတာများ'
' ဘာရယ်မဟုတ်ပါဘူးကွာ၊ အမှတ်မဲ့ ရပ်ကြည့်နေမိတာပါ။ ဟေ့ ဒီကလေးတွေက ငါတို့ထက် တော်တယ်ကွ။ ငါတို့ တုန်းက တစ်ခါဟာကွာ တွတ်ထိုးရာက စပြီး ရိုက်ကြသေးပါကောလား။
' တစ်ခါတည်းပါကွာ '
' မင့်မေလွှားတဲ့၊ တစ်ခါကလည်း သေရာပါ ပါရောလား'

ရီးသာဒွန်းသည် ပြောရင်းဆိုရင်းက သူ့ချိုစောင်း ညာဘက်ကျကျရှိ ပြောင်ချောနေသော နေရာကလေးကို စမ်းကြည့်သည်။
' အဲဒီတုန်းက စညစ်တာ ဘယ်သူလဲကွ ဟေ ဆေးရိုး'
' မင်းပေါ့ကွ '
' ငါညစ်တော့ မင်းတို့ဘက်က မင်းလည်း ညစ်ရော '
ရီးသာဒွန်းသည် အားပါးတရ အော်ဟစ်၍ ရယ်မောလေ၏။ ကိုယ်ထီးလက်ချ သုံးမရသည့် သည်အရွယ်တွင် ရယ်မော စရာ အသေးအမွှားဖြစ်ခဲ့ပြီ ယူဆငြား၊ ငယ်ရွယ်စဉ်ကမူ တကယ့်သဲကြီး မဲကြီးပါပေ။
' မှတ်မိသေးလား ဆေးရိုး '
' မှတ်မိတာပေါ့ကွာ၊ ပေပင်ဘကီးအောက်မှာ '

ပေပင်ကြီးကား သားမြေး ပေသီးများကို အပင်လောကအတွက် မွေးဖွားပေးခဲ့ပြီးနောက် သေသွားပါပြီ။ ပေပင်ကြီးအောက်တွင် ဖြစ်ပွားခဲ့သော ကိစ္စကိုမူ ကျန်ရစ်သူတို့ မမေ့နိုင်ကြသေး။ ပေပင်ကြီးအောက်မှာ ကုန်းကျ သောကြောင့် ဖုန်မထူပေ။ နေ့တွင် ပေသီးဝိုင်း။ ညနေတွင် ခြင်းဝိုင်း နှင့် ညတွင် တွတ်ထိုး၊ ဘုတ်တလုပ်တောက်တဲ့ စသည်။
ထိုနေ့ညက တွတ်ထိုးကစားရာတွင် ရီးသာဒွန်းတို့ဘက်က စ ညစ်သည်။ ညစ်ပုံမှာ ရီးသာဒွန်း တို့ ဘက်မှတက်လာသူတစ်ယောက်ကို ၀ိုင်းဖမ်းကြ၏။ အဖမ်းခံရသူက တွတ်မပြတ်အောင် အော်လျက် စည်းသို့ ရောက်အောင် ရုန်းကန်ပြီးသွား၏။ သွားသော်ငြား စည်းနှင့် တစ်တောင့်ထွာမျှ ဝေးသေးသည်။ သည်တွင် ရီးသာဒွန်းပြေးလာ၏။ စည်းအဖြစ် ချထားသော ၀ါး လုံးကို ကိုယ့်ဘက်သား လက်လှမ်းမီအောင် ရွှေ့ပေးလိုက်သည်။

' ဟေ့ စည်းကို သာဒွန်းရွှေ့ပေးတယ်ကွ'
' အောင်မယ်၊ ဘုရားပေးပေး ကျမ်းပေးပေး မရွှေ့ပါဘူးဗျာ'
' ဟေ့ မူလက စည်းနဲ့ ပေပင်နဲ့ တည့်တည့်ကွ '
' အခုလည်း တည့်သားပဲ '
ကြာမြင့်စွာ ငြင်းခုံကြပြီးနောက် တစ်ဖက်က လျှော့ပေးလိုက်ရာ ရီးဆေးရိုးတို့ဘက်တွင် တစ်ယောက်သာ ကျန်ပြီး အားလုံးသေကုန်သည်။ ကျန်သော တစ်ယောက်မှာ ရီးဆေးရိုး။
'ဆေးရိုး၊ ညစ်သာညစ်ဟေ့'

မခံချိမခံသာ အလျှော့ပေးလိုက်ရသူတစ်ယောက်က တီးတိုးသံဖြင့် မြှောက်ပေး၏။ တစ်ယောက်တည်း ကျန်တော့သော ရီးဆေးရိုးလည်း ခါးတောင်းကို မြှောင်အောင် ကျိုက်လိုက်သည်။ အသက်ကို ၀အောင် ရှူလိုက်သည်။ တစ်ဖက်စည်းတွင်းသို့ တွတ်မဆိုဘဲ ပြေးဝင်သည်။ တွတ် မဆိုဘဲ ၀င်လာသူအား တစ်ဖက်လူ က ထိရုံ ပုတှ်ူကလေးဖြင့် သည်ဘက်ကလူ သေ၏။ ရီးသာဒွန်းတို့ဘက်မှ လူများသည် ၀က်ခေါင်းထိုး အနေအထားဖြင့် စောင့်နေကြ၏။ တွတ်မဆိုကောင်းလားဟု ပြေး၍မပုတ်ဝံ့။

ကိုယ်ပြေးလာသည်ကိုမြင်မှ တွတ်ဆိုပြီး ပုတ်ပြေးလျှင် အချောင်သေမည်မို့ မှားကွက်ကို စောင့်နေကြ၏။
ရီးဆေးရိုး တွတ်ဆိုပြီ။ ၀ဲတောင်ပံသို့ ပြေးဝင်ကာ လူသုံးယောက်ကို လက်ဖြင့် ရိုက်၊ ခြေဖြင့်ကန်၏။ ထိုစဉ်တွင် ယာတောင်ပံမျ လူများပြုံဆင်းလာကာ ရီးဆေးရိုးကိုပိတ်ဖမ်းရန် ကြိုးစားကြသည်။ ရီးဆေးရိုးဝက်ခေါင်းပုံ ခါးလယ်သို့ ပြေးဝင်သည်။ နောက်ထပ် လူသုံးယောက်ကို ပုတ်ပြီးပြေးသည်။ ပြေးသည်ဆိုရာ၌ စည်းရိုးရှိရာသို့ ဆုတ်ပြေးခြင်းမဟုတ်။ စည်းနှင့် ဝေးရာ ရွာတောင်ပိုင်းသို့ ခွေးတစီစီ၊ ဖတ်တထောင်းထောင်း၊ တွတ်သံ တညံညံဖြင့် ပြေးခြင်းဖြစ်၏။ သူသည် ခွေးဝင်ပေါက် တစ်ခုမှ ဖြကာ ရွာ့ပြင် လှည်းလမ်း သို့ ထွက်သည်။ တစ်ဖန် အခြားခွေးဝင်ပေါက် တစ်ခုမှ ရွာတွင်းသို့ ဖြဲဝင်ပြီး သူ့အဖွဲ့သား များရှိသည့်ဘက်သို့ ပြန်ရောက်လာ၏။

' ဆေးရိုး တွတ်ပြတ်တယ်၊ သေပြီ'
'ဘာပြုလို့ ငါသေရမှာလဲ၊ မင်းတို့ဘက်က ခြောက်ယောက်သေတာ၊ တို့ဘက်က အားလုံး ပြန်ရှင်ပြီ'
' အရှင်ဘူး'
' ရှင်တယ်၊ မင်းတို့သာသေတယ်'
' မသေဘူးကွာ'
'သေတယ်ကွာ'
ဤသည်မှစကာ ဆဲရေးကြသည်။

သည်ခေတ် သည်အခါက သူငယ်ချင်းဘ၀ မအေ၊ နှမ၊ ငါနှင့်ဆဲခြင်းမှာ အဆန်းမဟုတ်။ ထမင်းစား ရေသောက်မျှသာ။ သို့တစေ မခံချင်ဇောဖြင့် ဒေါသကလေး ခံလာသောအခါ တစ်ချိန်က ပန်းပွင့် သဖွယ် ပေါ့ပါးခဲ့သော မအေနှမသည် မြင်းမိုရ်တောင်တမျှ လေးလံလာသည်။ ခွန်းတုံ့ပြန် ဆဲရေးရာက လက်သီး၊ လက်ဝါး၊ တံတောင်၊ ထိုမှတစ်ဆင့် တုတ်များ၊ ခဲများ ပါလာတော့သတည်း။ ထိုအချိန်က ဧရာမ မခံချင်စရာကြီးထင်ခဲ့သော ကိစ္စမှာ ယခုသော် ရီးဆေးရိုးနှင့် ရီးသာဒွန်းတို့အတွက် ရယ်စရာဖြစ်နေချေပြီ။
' အခုတော့လည်း ရယ်စရာပေါ့ကွာ '
ရီးဆေးရိုးလည်း ရယ်မောမိသည်။

' ကဲကွာ...ကဲကွာ အစက ပြန်ကစားမယ်၊ ဘယ်သူမှ မသေဘူး၊ ဟုတ်ပြီလား။ ခုနတုန်းကလိုပဲ နိုင်တဲ့ ဘက်က စတက်'
' မစဘူးကွာ၊ ညိုကြီးသေတယ်ပဲ ထားလိုက်ကွာ၊ ကိစ္စမရှိဘူး'
တစ်ဖက်က ကိုဘညိန်းက ကျေရောကျေကြောင်း ဖျန်ဖြေသော်ငြား အေးအောင်က လက်မခံဘဲ အငြင်းပွားခြင်းကို ရပ်စဲပြီး ဆက်လက်ကစားကြသည်။
'တက်ပြီဟေ့' အော်သံအဆုံးတွင် စည်းတစ်ဖက်သို့ ကားခနဲရောက်လာသူကား အေးအောင်တည်း။ သူသည် တွတ်သံလည်း မပြတ်စေရ။ စည်းနှင့်လည်း သိပ်မခွာပေ။ ထိုအခါ ' စည်းကိုဖင်မှာ ချည်ပြီး တက်နေတာ ကိုးဟ အေးအောင်ရ၊ သတ္တမရှိလည်း ပြန်ပါကွာ' ဟု မခံချင်အောင် စသည်။

အေးအောင်သည် အတန်ကြာအောင် ၀ဲပြေးပုတ်လိုက်၊ နောက်ဆုတ်လိုက်၊ ယာပြေးပုတ်လိုက်၊ ပြန်ဆုတ်လိုက် လုပ်ပြီးနောက်စည်းဘက်သို့မျက်နှာမူသည်။ ပါးစပ်မူ တွတ်မပျက်။ သူ့နောက်သို့ ကျော်ထွန်းကပ်လိုက်လာ၏။ စည်းကျော်မိလျှင် ကျော်မိချင်း အငိုက်ဖမ်းရန်ဖြစ်သည်။ သို့သော် အေးအောင် ကလည်း သည်အကွက်ကိုဆင်ခြင်းဖြစ်ရာ စည်းနားရောက်ကာမှ ချာခနဲလှည့်၍ ခုန်ပုတ်သည်။ ကျော်ထွန်းကို ထိသည်။ ကျော်ထွန်းမဖမ်းနိုင်မီ အေးအောင်သူ့ဘက် ပြန်ရောက်သွား ချေပြီ။ ကိုဘညိန်းပြေးတက်လာ၏။ ၀ဲရော ယာရော အလယ်ပါ လိုက်ပုတ်သည်။ တစ်ဖက်လူများဆုတ်ပေးကာ မြှူသည်။ သို့ဖြစ်ငြား ကိုဘညိန်းစည်းဘက်သို့ မျက်နှာမူ၏။ ကပ်လိုက်သူ ရှိ မရှိ အကဲခတ်သည်။ သည်အနက် ခုနကမှ ပြန်ရှင်လာသော ညိုကြီးကို စည်းအနီး ယာစွန်တွင် ဆောင့်ကြောင့်ကလေး မြင်ရသည့်အတွက် ပြေးပုတ်သည်။ သူပြေးပုတ်ချိန်နှင့် ညိုကြီး ၀မ်းလျားထိုးအဖမ်းတို့ တစ်ပြိုင်နက် ကျသွား၏။ စည်းနှင့်တစ်တောင်ပင်မကွာ၊ တွတ်သံ မပြတ်စေဘဲ ကိုဘညိန်းအလူးအလဲရုန်းသည်။ ရုန်းစဉ်တွင် တွတ်သံမမှန်တော့။

' ကိုဘညိန်း တွတ်ဆက်တယ်၊ သေပြီ'
တွတ်သံသည် တစ်ဆက်တည်းမှန်မှန်အော်နေရမည်။ ပြတ်သွားပြီးမှ ပြန်အော်လျှင် တွတ်ဆက် သည် မည်၏။
' မမောခင်မှာ တိုက်ရတယ်ကွ၊ တွတ်အော်ရတာတစ်မျိုး၊ ခုန်ရပုတ်ရတာတစ်မျိုးနဲ့ မောကာမှဆိုတော့ တစ်တောင်လောက်ကလေးဝေးရင်တောင် ရောက်အောင် မရုန်းနိုင်တော့ဘူး မဟုတ်လား။ တွတ် မဆက်လည်း သေမှာပဲကွ'
ရီးသာဒွန်းက မှတ်ချက်ချလိုက်သည်။ သူက တွတ်ထိုးကစားခြင်းကို ရည်ရွယ်သော်ငြား ရီးဆေးရိုးမူ အလေးအနက် တွေးမိ၏။
' ဟုတ်တယ်၊ လူဆိုတာ မအိုမင်းခင်မှာ ရုန်းရ ကန်ရ ကြိုးစားရတယ်ကွ။ အိုမင်း မောဟိုက်ခါမှဆိုရင်'
' ကိုထွန်းမှုန် တော့် ... ကိုထွန်းမှုန်'
စာစာ စာစာနှင့် မိန်းမတစ်ယောက်၏ အသံဖြစ်၏။

' လာပြီဟေ့... လာပြီ'
ညိုကြီးတို့အဖွဲ့မှ ထွန်းမှုန်သည် ချွတ်ထားသော ဖိနပ်ကိုစီး၊ အင်္ကျီကို ရွာခရိုးပေါ်မှ လှမ်းရုပ် လိုက်သော် လည်း စာစာသံက ရပ်မသွားပေ။
' ထယ် သွားငှားချေဦးမယ်ဆိုပြီး ထွက်သွားလိုက်တာ၊ ထယ်သွားများ ဖြစ်နေသလားလို့'
' ရိုက်ပါဟေ့၊ ရိုက် ရိုက်'
ကစားဖော် များက လှမ်းနောက်ကြသည်။
ထွန်းမှုန် လျော့သွားသဖြင့် ပွဲရပ်ကာ အစားထိုးရန် လူစားရှာနေစဉ် မလှမေ ရောက်လာ၏။

' ကဲ ကိုဘညိန်းရေ၊ ကျုပ်မတော့ ထမင်းပွဲကြီးနဲ့ စောင့်လို့။ တော့်မှာတော့ ဒီမှာလာပြီး သူငယ်ပြန် နေတာ ပါကလား။ ကိုယ့်အသက်အရွယ် ကိုယ်ကြည့်ဦးမှပေါ့'
ထွန်းမှုန် လျော့သွားသဖြင့် ပွဲရပ်ကာ အစားထိုးရန် လူစားရှာစေစဉ် မလှမေ ရောက်လာ၏။
' ကဲ ကိုဘညိန်းရေ၊ ကျုပ်မတော့ ထမင်းပွဲကြီးနဲ့ စောင့်လို့။ တော့်မှာတော့ ဒီမှာလာပြီး သူငယ်ပြန် နေတာပါကလား။ ကိုယ့်အသက်အရွယ် ကိုယ်ကြည့်ဦးမှပေါ့'
' အေး ... အေး ... လာမယ်'
လာမယ်ဆိုငြား ကိုဘညိန်း နေရာမှ မရွှေ့။

' ဟဲ့ကောင်မလေး၊ နင်စကားပြောတာကြည့်ပြော၊ နင့်ယောက်ျားကို မနိုင်တိုင်း ငါတို့ကို မစော်ကားနဲ့' မလှမေ ' ဟောတော့်' အော်သည်။ ရီးသာဒွန်း ၀မ်းခေါင်းသံကြီးဖြင့် ရယ်မော၏။
' အရီးရှိမှန်း မသိပါဘူးတော်၊ တကယ်ပါ'
' ဘာအခုမှ မသိပါဘူးလဲ၊ နင့်ယောက္ခမကလည်း ငါ့ကို ဆွယ်နေတာ၊ တွတ်ထိုးရအောင်လို့တဲ့။ အို ငါတို့နှစ်ယောက် ၀င်ပြီး တွတ်ထိုးဖို့ ကြံနေတာ၊ နင်ရောက်လာလို့ ပျက်သွားပြီ'
ရီးဆေးရိုး မနေသာတော့ချေ။

' မကြီးမငယ်နဲ့ကွာ၊ ငါ လှိမ့်ကန်ရ သေတော့မှာပါ' ဆဲဆဲ ဆိုဆိုဖြင့် တွတ်ဝိုင်းဘေးမှ ထသွားလေတော့ရာ ရီးသာဒွန်း မှာ တဟားဟား ရယ်မောရင်း ကျန်ခဲ့လေသည်။ သူ့ရယ်သံနှင့်ပြိုင်သော ကာလသားတို့၏ တွတ်တိုးသံ ကား ကျယ်လောင်စွာ ထွက်ပျံနေဆဲပေတည်း။

စာရေးသူ - ဆင်ဖြူကျွန်းအောင်သိန်း
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, June 27, 2010

ပန်းသတင်း (ဂျွန် ၂၇)

ဆားဖျက်လေတယ်
ဆင်ဖြူကျွန်း အောင်သိန်း

လေပြည်ကလေးက တစ်ချက်ဝှေ့လိုက်တိုင်း ဝှေ့လိုက်တိုင်း မြလှိုင်းတွန့်ကြီးများသည် မြောက်ဘက် ကန်သင်း မှ တောင်ဘက်ကန်သင်းသို့ ပြေးလွှားရိုက်ခတ်သွားလေ၏။ လယ်ကွက် တစ်ခုဆုံးသော် လယ်ကွက် တစ်ခုတွင်းသို့ ပြောင်းလျက် အိခနဲ အိခနဲ မြလှိုင်းလိပ်ကြီးများ ပြေးခတ်သွားပြန်သည်။

ကိုဆေးရိုးသည် နေခြည်အကြွင် ၀င်းစိုနေသော မြလှိုင်းအိကြီးများ ပြေးသွားရာသို့ လည်ကို ဆန့် တန်း၍ ငေးမျှော် ကြည့်နေမိ၏။ လှိုင်းတွန့်ကြီးသည် မရပ်နားဘဲ ပြေးလွှားနေ၏။ လယ်တစ်ကွက် ဆုံးသော် နောက်လယ်တစ်ကွက်၊ သည်လယ်တစ်ပွဲဆုံးသော် နောက်လယ်တစ်ပွဲ။ မျက်စိဖြင့်ကြည့် မြင်နိုင်သော ခရီးတာသာ ကုန်ဆုံးမှုဝါးသွားသည်။ ဆက်၍ ဆက်၍ မြူးကြွနေသော မြလှိုင်းတွန့်ကြီး၏ ခရီးကား မဆုံးသေး။

'အင်း ...'
ကိုဆေးရိုးသည် ခေါင်းကိုငုံ့၍ ညည်းလိုက်မိလေ၏။ မိမိတို့ ကျင့်လည်ရာဘ၀သည်လည်း ဤမြလှိုင်းတွန့်၏ ခရီးနှင့် ဘာများထူးခြားကွဲလွဲပါသေးသနည်း။ ရက်တွေကို တစ်ရက်ပြီးတစ်ရက် ကုန်လွန်စေခဲ့ရ၏။ လပေါင်းများစွာကို ဖြတ်သန်းပြီးသကာလ နှစ်ပေါင်းမြောက်မြားစွာကိုလည်း ၀ါးမျိုခဲ့ရပေပြီ။ မြလှိုင်းတွန့်၏ ခရီး သံသရာ ဘယ်မှာဆုံးတိုင်မည်မသိသလို မိမိတို့၏ မွဲနုံသော ခရီး ကြမ်းသည်လည်း ဘယ်ကာလတွင် အဆုံး သတ်မည်မသိ။ လေပြည်ညင်းရာ စပါးပင်ကွင်းကြီးတစ် လျှောက် ထကြွလာသော မြလှိုင်းအိအိ ကြီးသည် မဆုံးတဲ့နိုင်သော ခရီးကို ဖြတ်သန်းပြေးလွှားသွား ရပေမယ့် လှိုင်းတွန့်၏ နောက်ဝယ် ဘာတစ်ခုမျှ အမှတ် အသားမကျန်ခဲ့ချေ။ သြော်... မိမိတို့၏ ဘ၀ သည်လည်း တစ်လပြီး တစ်လ၊ တစ်နှစ်ပြီး တစ်နှစ် နွားနှင့် ဖက်ရုန်းကာ တလင်းနှင့် လယ်ပြင် လှည့်ပတ်ကာ ကျင်လည်ခဲ့ရ၏။ ဘာမျှပြောင်းလဲတိုးတက်ခြင်း ဖြစ်ပေါ်၍ မလာပါကလား။

' အင်း ... ဘုရား ... ဘုရား '
အသက်အရွယ်ထောက်၍ သွားများပင် ခြောက်ချောင်းမျှ ကျိုးလာပြီဖြစ်သည့်အတွက် ကိုဆေးရိုး၏ ညည်းတွား သံဝယ် တရားသံ ဘုရားသံ ပါဝင်လာ၏။ သူ၏ ကြည့်ရှုဆင်ခြင်ချက်တိုင်းသည်လည်း တရားသဘော စဉ်းငယ်နှော၍ လာပေပြီ။ ကိုဆေးရိုး ရပ်နေရာ လယ်ကွက်ထိပ်တွင် ငှက်ကြီးဝန်ပို တစ်ကောင် သည် ဈာန်ဝင်စားနေသော မထေရ်တစ်ပါးအလား ငြိမ်သက်စွာ ရပ်နေ၏။ ဝေသာလီ ဗျိုင်းကလေး တစ်ကောင်မှာမူ စပါးပင်များကြားသို့ ထိုးသုတ်ကာ ပျံတက်သွား၏။ ဗျိုင်းငယ်၏ အော်သံ ပျောက်ကွယ် သွားလျှင် ကိုဆေးရိုး၏ ပတ်ဝန်းကျင်တွင် တိတ်ဆိတ်မြဲ တိတ်ဆိတ်နေလေ ၏။ သို့သော်လည်း ကန်သင်းခြေတွင် ကပ်လျက် တသွင်သွင်ဆင်းနေသော ရေစီးသံကလေးကမူ ကိုဆေးရိုး၏ နားတွင်းသို့  ညင်ညင်သာသာကလေး ၀င်ရောက်နေသေးသည်။

အချိန်မှာ ကဆုန်လမှစ၍ တွန်ရေးငင်ခဲ့ရသော လယ်သမားတွေ အနားယူကြရသော အချိန်ဖြစ်၏။ နွေတစ်ဝက် နှင့် တစ်မိုးလုံး ကုန်ခန်းခဲ့ရသော အားအင်တို့၏ နေရာတွင် အင်သစ်အားသစ်ကိုလည်း မွေးရသော အချိန်ဖြစ်ပေသည်။

လယ်ကွင်းထိပ်တွင် ရပ်မိလျှင်ပင် ကိုဆေးရိုးတို့မှာ မျှော်လင့်ချက်သည် ၀င်းခနဲပြက်လာရ၏။ အားသစ်အင်သစ်သည် ဖြစ်ထွန်းလာသည်။ လန်းဆန်းလာသည်။ လေသွဲ့ရာနွဲ့ချီနေသော မြရောင် ရှိန်းရှိန်း ကွင်းလုံးစိမ်း နေသော စပါးပင်ပိန်းပိန်းကြီးများသည်ပင် ကိုဆေးရိုးတို့၏ အားသစ် ထွန်းရာ မျှော်လင့်ချက် ရိပ်ကွန်း မဟုတ်ပါလား။ သည်စပါးပင်တို့၏ ရင်ခွင်ကြားမှ မွေးဖွားလာသော စပါးနှံဖြိုးဖြိုး အက်အက်ကြီး တွေသည် မကြာမြင့်မီ နှစ်လအတွင်း၌ ရွှေ၏ အဆင်းကိုဆောင်သော၊ ချစ်စဖွယ် အသွေးကိုဆောင်သော စပါးနု များအဖြစ်သို့ ရောက်ရပေတော့မည်။ ထိုစပါးပုံများသည် မကျီးဒန်အတွက် ထသွားလာသွား လုံချည် အင်္ကျီကလေးများ၊ တဲကလေးကို ပြင်ဆင်ဖို့ ၀ါးဖို လျှော်ဖိုးကလေးများ၊ ရံတိုင်ဆွေးနေပြီဖြစ်သော လှည်းကို ပြင်ဆင် စရာ စသည်စသည်ဖြင့် သုံးစွဲစရာ လုပ်ကိုင်စရာတွေအတွက် အလိုဖြည့်ပေးမည့် ပစ္စည်းများ ဖြစ်ချေသည်။

သို့ကြောင့်လည်း လယ်ထိပ်မှာ ရပ်လိုက်သည်နှင့် အားအင်သစ်ထွန်းလာရခြင်းဖြစ်၏။ ကန်သင်း ပေါင်များ ပေါ်သို့ လျှောက်လိုက်ပြန်တောာ့လည်း ပန်းတော်နီမြက် ရွှန်းမြမြများသည် နှင်းဥဆွတ်ဆွတ် ဖြင့် ဆီးကြို နေသည်။ ကန်သင်းပေါင်တွင် စူးထိုးစိုက်ထားသော ပဲငါးပိပင်များမှာလည်း ကော့ရရော့ဖြင့် နှင်းမိုးဝနေ၏။

ဤနှင်းရည်ဝနေသော ကန်သင်းပေါင်ပေါ်လျှောက်ကာ ကန်သင်းပေါင်တွေ လုံရဲ့လားဟု ကြည့်ရ သည်။ ပုဇွန်နှင့် မြွေလက်ပတ်များ ဖောက်ထားသော အပေါက်ကို တွေ့လျှင် ပိတ်၏။ ကန်သင်းထဲမှာ ရေနေများ သည်ထင်လျှင် ရေတားသောအပေါက်ကို နှိမ့်ချ၍ နိမ့်နေသည်ထင်လျှင် မြှင့်ပေးရုံပဲရှိသည်။

ရာသီကား ဆောင်းလယ်၊ တာဝန်ကား ကန်သင်းလျှောက်သောအလုပ်။ ငြိမ်းခြင်းနှင့် အေးချမ်းခြင်း တို့ရောယှက်နေသောအခါမှာမူ ကိုဆေးရိုးက တရားနှင့်ယှဉ်သောအတွေးကို တွေးနေမိခြင်းဖြစ် သည်။ ကိုဆေးရိုး သည် ကန်သင်းခြေတွင် ကပ်နေသော စပါးပင်တစ်ပင်၏ ခြေရင်းရှိ ငွေခြည်ဖြင့် ရက်ရှယ် ထားသလို ဖွေးဥနေသော အမြစ်ကလေးများကို ငေးကြည့်နေမိ၏။ ရေလျဉ်သည် စပါးမြစ် ကြားမှ တိုးဝှေ့ စီးဆင်း သွားသည်။ လက်သန်းခန့် ငါးကလေးများမှာလည်း ငြိမ့်ညောင်းသော ရေလျဉ်ဝယ် မြူးထူး ကူးခတ် နေ၏။ တောင်ဘက်လယ်ကွင်းထဲမှ မြက်ရိတ်သူမအချို့ ဟစ်လိုက် သောသီချင်းသံသည် မြောက်လေကို ဆန်၍ ပျံတက်လာသည်။

' အင်း... နွားတော့ မွေးထားပြီး ကိုယ့်လက်ထဲကမြက်ကိုမရိတ်ဘဲ သူများလယ်ထဲ လိုက်ခိုးတဲ့ သူခိုးမတွေ... ' မျက်နှာပြင် မှာ ယခုမူ တိမ်စင်ဆဲကာလကို ပျံဖြန့်လာသော တိမ်ညိုအုပ်နှယ် တင်းမာ သွားလေသည်။ ယခုလို ရာသီမှာ နွားစာခက်သောလဖြစ်၏။ ဒီလမျိုးမှာမှ သူတစ်ပါးလယ်ထဲက မြက်ကိုမှ လယ်ရှင် အလစ် ချောင်းပြီး လိုက်လံခိုးယူနေသူများကို အဘယ်မှာ လျှင် မုန်းတီးစွာ လှမ်းမျှော်မကြည့်ဘဲ နေနိုင်ပါမည်နည်း။ တလင်းတွင်းက စုပုံထားသော ကန်သင်း ပေါင်၌ မြက်မပေါက်သေးသောအချိန်နှင့်လည်း တိုက်ဆိုင် နေပြန်၏။ မိုးဦးကျက ပေါက်ထားသော မြက်ကလေးများမှာ ကန်သင်းဆွဲရာတွင် ကန်သင်းသစ် မြေအောက် သို့ ရောက်ကုန်၏။ နွားရှိသူ တိုင်း ဂျင်ခြေလည်သောလ၊ လယ်ထဲက မြက်ကိုစောင့်၍များပင် ကြည့်နေ ရသော လတည်း။

သည်နှစ်မူ ရွာကိုရေလွှမ်းသည့်အတွက် ကောက်ရိုးပုံများရေထဲသို့ မျောပါခဲ့ရသည်။ ရေထဲသို့ ပါမသွားသော ကောက်ရိုး ပုံများမှာလည်း ရေနူးပြီးသားနှင့် ရွံ့ပေကျံနေသော ကောက်ရိုးဖြစ်သည့် အတွက် နွားမစားပေ။ ကိုဆေးရိုးတို့မှာ ရေနှိပ်စက်သွားသည်ကို ခံရ၊ နွားစာရှာရနှင့် အသက်ပင် ဖြောင့်ဖြောင့်မရှုနိုင်ခဲ့ပေ။ ထိုရက်များအတွင်းက ကိုဆေးရိုးတို့သည် ရေဒဏ်မရောက်သော ရွာများ မှောင်းရမ်း၍ရသော ကောက်ရိုး များကို ကျွေးရ၏။ ကောက်ရိုးရှာလေခါမှ နွားတွေက စားရိုးစားစဉ် စားသည်ကို အစားကြီးသည်ဟု ကိုဆေးရိုး ထင်လေသလား၊ နွားတွေကပဲ တကယ်အစားကြီးလာ သလားတော့ မသိ။ ကိုဆေးရိုးကတော့ ' နွားတွေတော့ သရောခိုင်းနေပြီထင်တယ်' ဟု ရေရွက် ခဲ့မိ၏။

' ကြံကြံဖန်ဖန်တော် နွားများ သရောခိုင်းရမယ်လို့ နိမိတ်မရှိနမာမရှိ '
မကျီးဒန်က ကန့်ကွက်ယူခဲ့ရ၏။ သို့ရာတွင် ကောက်ရိုးတွေမှာ ကုန်လွယ်လှ၏။ လယ်ထဲမှာ မြက် မပေါမီ သည်ကောက်ရိုးတွေ ကုန်စင်သွားလျှင် ခက်တော့မည်။ ကိုဆေးရိုးမှာ လှည်းအဖော်လေးစီး နှင့်အတူ စောင်ရနးတိုင် နှစ်တိုင်း တက်ခုတ်ရာ အနောက်တောသို့ မြက်ရှာထွက်ခဲ့ရသည်။ အနောက်တော၌ မြောက်မြား မြက်တွေ ပေါလှသည်။ ခြောက်စ၊ အစိမ်းရောင်ပြယ်စ မြက်များကို အစည်းကလေးလုပ်ပြီး လှည်းဖြင့် အမောက်တင်ခဲ့ရ၏။ ကောက်ရိုးကုန်မှာ စိုးသောကြောင့် မြက် ခြောက်နှင့် ရောကျွေးခဲ့ရသည်။

ကိုဆေးရိုးတို့ဒေသ၌ နွားစားကျက်ဟူ၍ သီးသန့်မရှိ။ လယ်မလုပ်ဘဲ နွားချည်းသာ မွေးမြူထားသူ များအဖို့ ကောက်ရိုးများများ ၀ယ်ထားနိုင်လျှင်ထား၊ မထားနိုင်လျှင် သူတစ်ပါး၏ လယ်ထဲကမြက်ကို လျှောက်ခိုးဖို့ကလွဲ၍ အခြားနည်းမရှိချေ။ ယင်းနည်းလမ်းသည် ကိုဆေးရိုးတို့ကို လယ်သမားတွေ ခံနိုင်စရာမရှိသည့်အပြင် ယခုလို မြက်ရှားပါးနေသေးသော ရာသီမှာဆိုလျှင် ရန်သူတော်ကြီးတစ်ပါးတည်း။
' တောက် ... '

သူ့ဘာသာသူ တရားသဘောသက်ဝင်ပြီး အေးငြိမ်းနေသော ကိုဆေးရိုးမှာ မြက်ရိတ်သူမတို့၏ တေးသံ ကြောင့် ဒေါသရိပ် လွှမ်းလာရ၏။ တက်ခေါက်ကာ ဒေါသတကြီး လှမ်းကြည့်နေမိသည်။ ကိုဆေးရိုးမှာ ပုဇွန်လုံးခွံ အခြောက်ကလေးများကို တက်နင်းမိသည်ကိုလည်း သတိမထားမိတော့။ နှင်းရည်ကလေးတွေ ဥနေသော ပဲငါးပိပင်များကို နင်းမိကာ ခြေထောက်တစလခုလုံး ရွှဲရွှဲစိုနေသည် ကိုလည်း သတိမမူနိုင်တော့ဘဲ မြက်သူခိုးများ ရုတ်တရက်မမြင်နိုင်သော နေရာတစ်ခုတွင် ထိုင်ကာ မြက်များကို တဖျင်းဖျင်း နှင့် ဆွဲရိတ်နေမိ၏။ မြက်တစ်ဖုတ်ကို လက်ကဆွဲဖမ်းလိုက်၊ မြက်သူခိုးများ လာနိုင်သောလမ်းကို လှမ်းကြည့်ရင်း တံစဉ်ဖြင့် ဆွဲဖြတ်လိုက်လုပ်နေစဉ် မိန်းမတစ်ယောက်သည် မြောင်းပေါင်ပေါ်သို့ တက်လာ၏။

' အေး ... သိကြရောပေါ့ကွာ '
ကိုဆေးရိုးက စိတ်ထဲမှ ကျိတ်၍ ကြုံးဝါးလိုက်သည်။

မြောင်းပေါင်ပေါ်သို့ တက်လာသော မိန်းမသည် ပုဆိုးစုတ်တစ်ထည်ကို ပခုံးတင်ထားကာ ' ဘွဲ့'
ဟောင်းတစ်ခုကို လက်က တန်းလန်းဆွဲထား၏။ သူသည် သူခိုးမျက်စိဖြင့် ဟိုဟိုဒီဒီ ကြည့်နေကာ နှစ်ကိုယ်ကြားမျှ သီချင်းညည်းနေပေသည်။ မြက်သူခိုးဟုထင်ရသော မိန်းမသည် အတန်ကြာ အောင် ဆက်လက် ရပ်နေပြီးမှ အောက်သို့တဖြည်းဖြည်းဆင်းလာ၏။ ကိုဆေးရိုးသည် စပါးပင်များကြားမှ ကုန်း ကုန်းကြီး ထပြီး ထိုမိန်းမကို လှမ်းကြည့်သည်။ မိန်းမမှာ သီချင်းကလေး တအေးအေးဖြင့် မျက်လုံး ကစားပြီး နောက် စပါးပင်များကြားတွင် ထိုင်ချလိုက်၏။

ကိုဆေးရိုးသည် တံစဉ်ကို ကိုင်မြှောက်၍ ပြေးသွားကာ ခြေဖြင့် ဆောင့်ကန်လိုက်ချင်၏။ သို့ရာတွင် သူ့အား မတော်တရော် ပြုမူပါသည်ဟူ၍ အော်လိုက်သော် ဟူသောအတွေးက ခေါင်းထဲသို့ ၀င်လာ သည့်အတွက် ကြွပြီးသား ခြေလှမ်းမှာ ပြန်၍ကျသွား၏။

' ဒါဖြင့် ငါ ဒီလိုပဲ ခံနေရတော့မလား '
မှန်ပေသည်။ မည်သို့မျှ မလုပ်ဘဲနှင့် လုပ်ပါသည် စွပ်စွဲတိုင်း ထောင်ကျရလျှင် ထောင်ထဲတွင် လူတွေ ပြည့်နေတော့မည်။ သို့မို့ကြောင့် သူခိုးကို သူခိုးလိုပဲ ဆက်ဆံရပေတော့မည်ဟူ၍ ဆုံးဖြတ် ကာ စပါးပင်ပေါ်သို့ မိမိ၏ ကိုယ်လုံးကြီး ပေါ်မလာအောင် ကုန်း၍ ချဉ်းကပ်လာခဲ့သည်။ မြက်ရိပ်သံ သည် တဗျင်းဗျင်း နှင့် လေးလေးမှန်မှန်ထွက်ပေါ်နေ၏။ တဖြည်းဖြည်းနဲ့ ကန်သင်းထိပ်သို့ ကိုဆေးရိုး ရောက်လာသည် တွင် မိမိဘက်သို့ ကျောပေးကာ ပန်းတော်နီမြက်များကို သူခိုးပီပီ ခင်သွက်သွက် ရိတ်ဖြတ် နေသော မိန်းမကို မြင်ရလေပြီ။ ကျောပြင်ကြီးကို ကြည့်ကာ ကိုဆေးရိုးက ကြုံးဝါးလိုက်မိ၏။

' ဘယ်လောက်များ ဖနောင့်နဲ့ တအားပေါက်လို့ကောင်းလိုက်မလဲလို့ '
မြက်သူခိုး၏ ကျောဘက်တွင် မြက်ပင်များ ပြောင်ရင်းနေကာ ရိတ်ပြီးသား မြက်ပင်ကလေးတွေသာ ဟိုတစ်စု သည်တစ်စု၊ ဟိုတစ်တန်း သည်တစ်တန်းရှိနေ၏။ ကိုဆေးရိုးမှာ အသက်ကိုပင် ပြင်းပြင်း မရှူဝံ့ဘဲ ခြေကို ကြွကာ ကြွကာ မြက်သူခိုးအနားသို့ ချဉ်းကပ်ခဲ့၏။ မြက်သူခိုးမမှာ သီချင်းပင် မဆိုနိုင်တော့ဘဲ ကိုဆေးရိုး အလှည့်ကျ ရိတ်ရန် မွေးထားသော မြက်ပင်ကြီးများကို ရိတ်ရဖြတ်ရသဖြင့် လက်တွေ့ လှသည့် အလား နောက်သို့ တစ်ချက်ကလေးပြန်မကြည့်ဘဲ အားရ ပါးရကုန်းရိတ်နေ၏။

ထို့ကြောင့်လည်း နောက်နားတစ်တောင်ကွာတွင် မားမားကြီးကိုဆေးရိုးရောက်နေမှန်းမသိခြင်းဖြစ်သည်။
ကိုဆေးရိုးသည် သူခိုးကို ခါးထောက်ကြည့်၍များပင် နေမိသေးသည်။ ကိုဆေးရိုးကြည့်နေဆဲမှာပင် သူခိုးမ သည် ကန်သင်းပေါ်မှ လယ်ကွက်တွင်းသို့ လျှောကျနေသော မြက်ဖုတ်ကလေးတစ်ဖုတ်ကို တံစဉ်ဖြင့် လှမ်းချိတ်လိုက်ရာ တံစဉ်ဖျားဖြင့် စပါးပင်ကလေး ၂ ပင် ပါလာ၏။ ကိုဆေးရိုးသာဆိုလျှင် ယင်းသို့ ငြိမိပါက စပါးပင်ကို ဖယ်ထုတ်ပြီး မြက်ကိုသာ ရွေးရိတ်မည်ဖြစ်သည်။ သူခိုးမမူကား မိမိ ပစ္စည်းမဟုတ်သောကြောင့် စပါးပင်ပါ ဗျင်းခနဲ ဆွဲဖြတ်လိုက်ရာ ကိုဆေးရိုးမှာ ရင်ထဲက နင့်သွား၏။

ဒေါသထောင်းခနဲထလာ၏။ မြက်ထဲတွင် ရောပေါသွားသော စပါးပင်၏ အဖျားတွင် စပါးနှံကလေး များငိုက်နေ၏။ အခွံမာဖုံးလုလု စပါးနှံနုကလေးတွေဖြစ်ပေသည်။ စပါးပင် နှစ်ပင် တံစဉ်ဖျားတွင် ပါသွားသည် နှင့် တစ်ပြိုင်နက် ကိုဆေးရိုးက သူခိုး၏ ကျောပြင်ကို ဖနောင့်ဖြင့် တအားပေါက်ချ လာပြီး မြက်သူခိုး မှာလည်း ' အမယ်လေးတော့် ' ဟု အော်ကာ လွတ်ကျသွားသော တံစဉ်ကိုပင် ပြန်မကောက်နိုင်တော့ဘဲ တစ်ချိုးတည်း ပြေးထွက်သွားလေ၏။
' အီး ... '
ကိုဆေးရိုးမှာ တစ်ကိုယ်လုံး ရေတွေ ရွှဲစိုနေချေသည်။ စပါးပင်များကြားမှ ' အီး ' ခနဲ ညည်းညူကာ ကုန်းထရင်း မိမိခြေချော်ကျရာ နေရာကို ငုံ့ကြည့်မိ၏။ ကိုဆေးရိုးမှာ သူခိုးမကို ဖနောင့်ဖြင့်ပေါက်ရန် ဝေးနေသဖြင့် ရှေ့သို့တိုးလိုက်သည်တွင် ပုဇွန်တွင်းတစ်ခု၏ ထိပ်မှ ကျစ်စာပုံ အပျော့ကို တက်နင်းမိရာက လယ်ကွက်ထဲသို့ ချော်ကျသွားခြင်းဖြစ်သည်။ ထို့ကြောင့် ကိုဆေးရိုးချော်ကျရာ ကန်သင်းစောင်းတွင် စွပ်ကြောင်းကြီးထင်နေ၏။ ပိပြားသွားသော စပါးပင်များမှာ တစ်ပင်ပြီးတစ်ပင် ပြန်ထောင်တက်နေသည်။

' တောက် ... ဖနောင့်စာ မကျွေးလိုက်ရတာ နာသကွာ '
ကိုဆေးရိုးမှာ မကျေမချမ်း ရေရွတ်မိ၏။ လေပြည်ကလေးအသော့တွင် စပါးပင်များရှဲခနဲ လွန့်လူး သွားသည်။ ကိုဆေးရိုးမှာ မေးခိုက်ခိုက်တုန်လျက် သူခိုးထားပစ်ခဲ့သော မြက်စုကလေးများကို လိုက်လံ စုဆောင်း သိမ်းဆည်းနေမိသည်။

' ဟေး မောင်ဆေးရိုး '
' သြော် ... ကိုဘဒင် ပြန်တော့မလားဗျို့ '
တူရူကန်သင်းထိပ်မှ မိမိအားခေါ်သံထွက်ပေါ်လာသဖြင့် ကိုဆေးရိုးက မော့ကြည့်ကာ အလိုက်သင့် ပြန်မေးလိုက်၏။ ကိုဘဒင်မှာ ကိုဆေးရိုးအောက်က တစ်ပွဲကျော်ရှိလယ်ကို လုပ်သူဖြစ်သည်။
' အေးကွ .... '
ကိုဘဒင်သည် ပြန်ပြောပြီးနောက် ဆက်လက်၍ပင် ရပ်နေပြန်ကာ ...
' မပြန်သေးဘူးလားကွ၊ ကနေ့ အမတော်ကြေး ပြန်ဆပ်ရမယ့်နေ့ဆို'
' ဟာ ... '

ကိုဆေးရိုးမှာ မျက်လုံးကြီးပြူးကာ ပါးစပ်ဟလျက် မော့ကြည့်နေမိ၏။ လွန်ခဲ့သော ခုနစ်ရက်ခန့် ကပင် ရွာခေါင်းက ကြိုတင်နှိုးဆော်ထားသဖြင့် နံနက်က လယ်ပြင်သို့ထွက်လာသည့် အချိန်၊ ကန်သင်းများကို လိုက်လံ စစ်ဆေးနေသော အချိန်အထိ သတိရနေခဲ့သေးသည်။ ' ငါ... စောစော ပြန်ရမှာပါသလား' ဟူ၍လည်း မိမိကိုယ်ကို သတိပေးနေခဲ့၏။ သို့ရာတွင် ထိုနိုးကြားသောစိတ်မှာ မြက်သူခိုးတို့၏ သီချင်းသံ ကိုကြားရသည့်အချိန်မှစ၍ ဒေါသဖုံးကာ နိုးကြားစိတ်ပျောက်ကွယ်ခဲ့ရ သည်မှာ ယခု ကိုဘဒင် လာရောက် မေးတော့မှ သတိပြန်လည်ရသည့်အတွက် ပါးစပ်ကြီး နိုးကြား စိတ်ပျောက်ကွယ်ခဲ့ရသည်မှာ ယခု ကိုဘဒင် လာရောက်မေးတော့မှ သတိပြန်လည်ရသည့်အတွက် ပါးစပ်ကြီး ဟနေမိခြင်းဖြစ်၏။

' အမတော်ကြေးကလဲကွာ၊ အချိန်မဟုတ် အခါမဟုတ်'
ကိုဘဒင်က ဆက်လက်မြည်တွန်လိုက်သည်။ တစ်ဖန် ကိုဆေးရိုးကို ငုံ့ကြည့်၍ ' မင်းလည်း ငါ့လိုပဲ ပေးစရာ မရှိသေးဘူး မဟုတ်လား ' ဟု ပြန်မေးသည်။
' မဟုတ်ဘူးဗျ '
' ဘာမဟုတ်ဘူးလဲ၊ မင်းက ဘယ်လောက်များ ချမ်းသာလို့လဲ '

' ဒါပြောတာ မဟုတ်ဘူးဗျ၊ ကနေ့ အမတော်ကြေး လာကောက်မယ်ဆိုတာ သတိရနေတာ။ ကနေ့ စောစောပြန်ပြီး သပိတ်တွေဖော်မယ်။ ဖောက်သည်လည်း လာမယ်ဆိုတာသိလို့ စောစောပြန်မယ် စိတ်ကူး ထားတာ တောက်'
ကိုဆေးရိုးက ဆွဲဆွဲငင်ငင်ဖြင့် ရှည်လျားစွာ ရှင်းတမ်းထုတ်နေပြန်သဖြင့် ကိုဘဒင်က ဖြတ်ပြောပြန်၏။
' မေးနေရော ဆိုပါတော့ကွာ '
' ဟိုကမြင်းမတွေကြောင့် မေ့သွားတယ်ဗျာ၊ မြက်သူခိုးမတွေ'

' အေးကွ၊ ဒင်းတို့တော့လား မမိရင်နေဦးပေါ့ကွာ၊ မိများမိရင် မြက်ရော တံစဉ်ရော သိမ်းထားမယ့် အပြင် ထဘီပါ ချွတ်ယူလိုက်မယ်ဟေ့'
' ဟဲ ... ဟဲ ... ထဘီချွတ်ယူပြီး ဘာလုပ်မလဲ၊ ခေါင်းပေါင်းမလို့လား'
' မင့်ဖေကလွှား ခေါင်းပေါင်းရမှာလား၊ မအေပေး တော်တော်ယုတ်မာတဲ့ကောင် '

ကိုဘဒင်က မဲ့မဲ့ရွဲ့ရွဲ့နှင့် ဆဲဆိုပြီး ကန်သင်းပေါင်တွင် ထိုးစိုက်ထားသော ငန်းဖျာကို နုတ်ယူကာ ခပ်သုတ်သုတ်ထွက်ခွာသွားလျှင် ကိုဆေးရိုးမှာ ကိုဘဒင်ကို လှမ်းကြည့်လျက် တဟဲဟဲရယ်မောရင်း ကျန်ရစ်ခဲ့လေသည်။ သို့သော်လည်း ကိုဘဒင် လယ်တစ်ကွက်ကျော်သို့ ရောက်သွားလျှင်ပင် ကျေကျေ နပ်နပ်ကြီး ဟနေသော ကိုဆေးရိုး၏ ပါးစပ်မှာ ပိတ်သွားရ၏။ မျက်လုံး အစုံဝယ် ထိတ်လန့်ခြင်းတို့ ပေါ်ပေါက် ယှက်သန်းလာကာ လက်နှစ်ဖက်မှာ မြက်သူခိုး ပစ်ထားခဲ့သော မြက်များကို အလျင်စလို သိမ်းဆဲ နေမိတော့သည်။

ကိုဆေးရိုးသည် အိမ်သို့ပြန်ပြီး အမြန်ဆုံး ဆောင်ရွက်ရမည့် တာဝန်ကို တွေးတော မိသောကြောင့် အရယ် ရပ်ကာ မြက်များကို စုစည်းပြီး မိမိရိတ်ထားခဲ့သော မြက်တွေရှိရာ ကန်သင်းဘက်သို့ ပြေးလာခဲ့လေ၏။ မြက်များကိုစီ၍ စဉ်၍ ချနေရသော်လည်း ကျီးဒန်များ ကျိတ်၍ ကျိန်ဆဲနေပြီလားဟု စိတ်က ထင့်နေသည်။ လက်က မြက်ထုံးကို ကျစ်ကျစ်ပါ အောင် ဆွဲထုံးနေရပေမယ့် စိတ်က အိမ်သို့ရောက်နေကာ သပိတ် ယူမည့်ဖောက်သည်များ ရောက် နေနှင့်ပြီလားဟု စိုးနှောင့်နေ၏။

အကယ်၍သာ သပိတ်ယူမည့် ဖောက်သည်က မစောင့်နိုင်ဘဲ ပြန် သွား၍ ယနေ့ ငွေရသော် ဟူသော အတွေးကွန်ရက်က ထပ်မံဖြန့်ကျက်လာပြန်သောကာလတွင် ကိုဆေးရိုးမှာ မြက်ထုံးကြီးများကို တစ်ဖက် တစ်ထုံး ထမ်းပိုးဖြင့် ထိုးစိုက်ထမ်းထားလျက်က ခပ်သွက်သွက် ပြေးလှမ်း နေမိ လျက်သားဖြစ်သွားလေ၏။ ယနေ့သာ ငွေမရလိုက်လျှင် ကောက်စိုက် စည်းခေါင်း ကိုပွကြီးကမူ သည်းခံ လိမ့်မည်မဟုတ်။ ယနေ့ ပေးပါမည် ကတိခံထားပြီးမှ မပေးသေ် မအေ နှမ မိုးမွှန်အောင် ဆဲချေတော့မည်။

ကိုပွကြီးနှင့် ကိုဆေးရိုးမှာ ကျောင်းနေဖက်သူငယ်ချင်းများဖြစ်ကြ၏။ ဆဲမနာ ဆိုမနာတည်း။ သို့သော် ဆဲမနာ ဆိုမနာဟု နားလည်တိုင်း ဖိ၍ဖိ၍ မြိန်ရေရှက်ရေ ဆဲပြန်တော့လည်း နာ၏။ မိမိ လုပ်စာကို စားမသွားရရှာသော မိခင်ကြီးက မိမိအတွက် အချောင်အဆဲခံရသည်မှာ တွေးကြည့်လျှင် ရင်နင့်စရာ ကောင်း၏။ မိမိက တစ်ပြားဖိုး တစ်ကျပ်ဖိုးမျှ မကူညီ မထောက်ပံ့နိုင် သော နှမကိုလည်း အဆစ်မပါချင်ပေ။ ထို့ပြင် ပေးစရာရှိသည်ကို ပေးဆပ်လိုက်ရခြင်းက ကောင်း၏ ဟုထင်သည်။ ဤတွေးတောမှုများကြောင့်ပင် ကိုဆေးရိုးမှာ မှန်မှန်လမ်းမနေနိုင်ပေ။ အရိပ်ကောင်းသော ရှားပင်ပေါင်းမှာလည်း ရပ်နားမနေအားပေ။

' ဗျို့... ရီဆေးရိုး၊ မနားတော့ဘူးလားဗျ '
နေအတန်မြင့်ပြီးသည့်တိုင်အောင် ပေါင်းကူးတံတားလက်ရန်းပေါ်တွင် စီတန်းထိုင်ပြီး တွေ့ကရာ ရှစ်သောင်း ပြောဆိုလျက် အချိန်ဖြုန်းနေကြသော မြက်ရိတ်သမားများက လှမ်းအော်သည်ကိုပင် ကိုဆေးရိုး က စကားပြန်မပြောခဲ့ပေ။ အိမ်သို့ ရောက်ချင်ဇောဖြင့်သာ အသော့နှင်လာခဲ့၏။

မိမိက အိမ်သို့ တရကြမ်း ပြေးလာသလို အိမ်သူဇနီးကလည်း တဲဝမှနေ၍ ခေါင်းကလေးပြူတစ်ပြူ တစ်ဖြင့် မျှော်စောင့်နေသည်ကိုတွေ့ရ၏။ အိုးဖုတ်သော ဖိုပေါ်မှာ မံထားသော ရွံ့နှင့် စပါးမှော် ရောကျံထားသည့် အိုးကွဲ အချပ်ကြီးကို ဖယ်ထုတ်ပြီး ဖိုထဲက သပိတ်တွေကို အပြင်သို့ သယ်ထုတ် ရသော အလုပ်မှာ ကြီးကျယ် လှသည်တော့မဟုတ်။ သို့သော် တစ်ယောက်တည်း လုပ်၍မရပေ။ လိမ္မာ၍ ကြင်နာသော သမီးကြီး ချောစိန် မှာလည်း သူ့အိုးသူ့အိမ်နှင့် ဖြစ်သွားပြီမဟုတ်ပါလား။

အသက်ကြီးခါမှ ကိုယ်ခွဲလက်ခွဲကင်းမဲ့ခဲ့ရသော ကိုဆေးရိုးတို့မှာ ဖုတ်ပြီးကျက်ပြီးသား သပိတ်ကိုပင် လင်မယား နှစ်ယောက် ပြိုင်တူမရှိဘဲနှင့် ဖိုထဲမှ ဖိုပြင်သို့ မထုတ်နိုင်သောအခြေသို့ ဆိုက်ရောက် နေကြရပေပြီ။ သို့ကြောင့်လည်း ကိုဆေးရိုးက အိမ်သို့ အသော့ပြေးလာသလို မကျီးဒန် ကလည်း ကိုဆေးရိုး ကို စောင့်စားနေမိခြင်းဖြစ်သည်။
' စောင့်လိုက်ရတာ တော် '

မကျီးဒန်က ဆီး၍ အပြစ်တင်ခြင်းမဟုတ်။ သပိတ်ယူမည့်အိုးဖောက်သည်က ဆီးကြိုအပြစ်တင် လိုက်ခြင်းဖြစ်၏။ မကျီးဒန်သည် ချောစိန် အိမ်ခွဲထွက်သွားကတည်းက ကိုဆေးရိုးကို ယခင်ကလို ဗျစ်တောက် ဗျစ်တောက်ဖြင့် မမြည်တွန်တော့ပေ။ အဘယ်မျှပင် သားသမီး၊ မြေးမြစ်တို့ ခြံရံပေမဲ့ နောက်ဆုံး တော့ ဒီလင်နှင့် ဒီမယားသာလျှင် အားကိုးမှီတွယ်စရာစစ်မှန်ကြောင်း သဘောပေါက်လာကာ ကိုဆေးရိုး၏ တော်ရုံ တန်ရုံအမှားများကို ခွင့်လွှတ်လာခဲ့၏။

' ထားခဲ့ထားခဲ့၊ ကျုပ်သွင်းလိုက်မယ် '
မကျီးဒန်က မြက်ထုံးနှစ်ထုံးကို တဲရှေ့မှာပဲ ချထားခဲ့ရန်ပြောသည်။
' နေပါစေဟာ တစ်လက်စတည်း သွင်းလိုက်ပါ့မယ် '
ကိုဆေးရိုးက မြက်ထုံးနှစ်ထုံးကို နနန်းတိုင်ရှိသော အဖီကလေးထဲသို့ ထမ်းသွင်းလိုက်၏။ ထိုအချိန် တွင် နွားတင်းကုပ်တွင်းမှ တဘုန်းဘုန်းနှင့် အသံများထွက်လာသည်။ ခိုင်းနွားကြီးနှစ်ကောင်မှာ နွားတင်းကုပ် အပြင်ဘက် ကို ကြိုးတစ်ဆုံး ဆုတ်ကာ မြေကို ခွာဖြင့် ယက်လျက် မြူးတူးနေကြ၏။ ကိုဆေးရိုးက နွားနှစ်ကောင် ကို ခါးထောက်ပြီး ကြည့်လိုက်သည်။

' အင်း ... မင်းတို့ကတော့ လယ်ပိတ်ကတည်းက စားပြီးအိပ်၊ အိပ်ပြီး စားရလို့ ခွာတွေ ဘာတွေ ယက်ပြီး မြူးနေနိုင်ပြီပေါ့လေ။ အေး ... ဒီမှာတော့ မင်းတို့စားဖို့ မြက်သွားထမ်းရာက ပြန်ရောက်ရုံ ရှိသေးတယ် အခု တိုက်ဖွင့် ရဦးမယ် '
နွားကြီးနှစ်ကောင်သည် ကိုဆေးရိုး၏ စကားကို နားလည်ဟန်ဖြင့် ကိုဆေးရိုးအား နားရွက်နှစ်ဖက် ထောင် လျက် လှမ်းကြည့်နေကြ၏။
' ကိုဆေးရိုး '
' ဗျို့ ... '
' လုပ်တော့လေ၊ တော်တော်ကြာ ကျွန်မ ပြန်ရမှာ နေပူနေလိမ့်မယ်ရှင့် '

အိုးဖောက်သည်၏ အသံ လောဆော်ထွက်ပေါ်လာသဖြင့် ကိုဆေးရိုးမှာ ' ဟုတ်ကဲ့၊ ဟုတ်ကဲ့' ဟု အော်လျက် အဖီကလေးထဲမှ ပြေးထွက်လာကာ အိုးဖိုဘက်သို့ ပြေးလာခဲ့သည်။ မကျီးဒန်ကလည်း ပုဆိုးစုတ် တစ်ထည် ကို ခေါင်းပေါင်းလျက် တဲတွင်းမှ ထွက်လာ၏။
' ကျီးဒန်၊ တက်မနင်းမိပစေနဲ့နော်။ ညနေကျ ပြန်သုံးရဦးမှာ '

ကိုဆေးရိုးက ရွှံ့ဖြင့် ဇော်ဂျီမံထားသော စပါးမှော်ချပ်ကို ထက်ပိုင်း ပိုင်းပြီး စောင်ရန်းတန်း (၀င်းခြံ) တွင် မှေးထောင် ထားရာက လှမ်းပြောလိုက်သည်။ လယ်သမားဖြစ်ပေမယ့် စပါးမှော်က လိုချင်သောအခါတွင် အရှာရ ခက်သည့် အတွက် ပြောလိုက်ခြင်းဖြစ်သည့်ပြင် ညနေ တွင်လည်း သပိတ်များပင် ထပ်၍ ဖုတ်ရဦးမည်ဖြစ်သောကြောင့် ထပ်မရှာရရန် ပြောခြင်းဖြစ်ပေ၏။
' သပိတ်ဒန်က ကိုဆေးရိုး ဖိုပေါင်ပေါ်သို့ တင်ပေးသော အိုးခြမ်းကွဲအစများကို ဘေးသို့ပယ်ချရင်း နှုတ်တွက် တွက်နေသည်။

' သပိတ်နှစ်ရာ ငွေခြောက်ဆယ်ဆိုတော့ ရွာသစ်ကြီးမှာ ဈေးဖိုးက ခြောက်ကပ်၊ ကိုပွကြီးကို ပေး လိုက်ရင် ရေနံ ၀ယ်စရာ ကျန်တော့မှာ မဟုတ်ဘူး '
' ရေနံကို နောက်တစ်ဖိုကျမှ ၀ယ်ဟာ၊ ဟင်းချက်စရာမရှိလည်း ဆားဖြူးစားရအောင်၊ ဟ..ဟ..ဟင်'
 ကိုဆေးရိုးသည် မကျီးဒန်ကို လှမ်းပြောရင်းက သပိတ်တစ်လုံးကို ဖိုပေါင်ပေါ်သို့ရွှေ့တင်လိုက်ရာ ကြွေမွသွားသဖြင့် ယောင်အော်လိုက်မိလေ၏။

' အကျိုးတော့ နည်းပြီထင်တယ်ဟေ့ '
ကိုဆေးရိုးမှာ စိတ်မချမ်းသာသောအသံကြီးဖြင့် ရေရွက်ရင်း သပိတ်တွေကို ဖော်ယူ၏။ ကိုင်ရုံနှင့် အက်သွားသော သပိတ်၊ မကွဲသော်လည်း ဒေါင်ဒေါင်မမြည်၍ ဖောက်သည်လက်မခံမည့် သပိတ်တွေ ချည်းသာဖြစ်နေ၏။
' အင်း... သေသေချာချာ ကြည့်လျက်နဲ့ ဘယ်သူများ ဆီးဖြူသား လာထည့်သွားတယ်မသိဘူး ကျီးဒန်ရယ် '
ကိုဆေးရိုး၏ တစ်ကိုယ်လုံးမှာ ကျပ်ခိုးနှင့် ချွေးတို့ လူးကျံနေ၏။ ကိုဆေးရိုးမှာ အိုးဖိုဘေးတွင် ခြေပစ် လက်ပစ် ထိုင်ကာ ညည်းနေတော့သည်။ သပိတ်မှာ ကျွန်းသားထင်းဖြင့် ဖုတ်မှ မည်းသဖြင့် ရွာနားက ကျောင်းပျက် ဇရပ်ပျက်တွေကို မလျော်မှန်းသိသော်လည်း ဆွဲသုံးနေရ၏။

ကျွန်းသား ထဲတွင် ဆီးဖြူသားထင်းကလေးတစ်ချောင်းပါသွားလျှင် တစ်ဖိုလုံး လွှင့်ပစ်ရလေ့ရှိ၏။ ယခုလည်း မိမိဘာသာ မျက်စိလျှံပြီး ထည့်မိသလား၊ တစ်ပါးသူတို့ ၀င်ထည့်သွားသလားမသိ။ ငွေခြောက်ဆယ် ထက် မနည်း တန်သော သပိတ်တွေ လွှင့်ပစ်လိုက်ရပေပြီ။

' ဟင် ... ရှင့်သပိတ်တွေက တစ်လုံးမှ မကောင်းပါပဲလား '
အိုးဖောက်သည်က သပိတ်များကို လာရောက်တီးခေါက်ကြည့်ရင်း ပြောလိုက်၏။ ကိုဆေးရိုးနှင့် မကျီးဒန် တို့မှာ အိုးဖောက်သည်ကို မျက်လုံးကြီးတွေပြူး၍သာ ကြည့်နိုင်သည်။ ပါးစပ်က ဘာကိုမျှ မဆိုနိုင်ကြ။
သူတို့နားထဲတွင် ရွာသာကြီးရှိ ကုန်စုံဆိုင်ရှင်၏ ရေရွက်ကြိမ်းမောင်းသံနှင့် ကောက်စိုက်စည်းခေါင်း ကိုပွကြီး၏ မအေ၊ နှမ ကော်တုတ်သံတို့သာလျှင် စီဝေဆူညံလျက်ရှိချေသည်။
----------------------
စာရေးသူ - ဆင်ဖြူကျွန်း အောင်သိန်း
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, June 26, 2010

ပန်းသတင်း (ဂျွန် ၂၆)

ဆိုဇင်နစ်ဆင် ၏ စကားပြေကဗျာ (၄) ပုဒ်
စိုးမြင့်လတ်


    အလက်ဇန္ဒားဆိုဇင်နစ်ဆင်ကို ဒွန်မြစ်ပေါ်ရှိ ရော့စ်စတော့ဗ်မြို့ကလေးတွင် ၁၉၁၈ခုနှစ်၌ မွေးဖွား ခဲ့သည်။ မိဘများကတော့ ဖခင်ရုံးလုပ်သားနှင့် မိခင် ကျောင်းဆရာမတို့ဖြစ်သည်။ သူသည် ရော့စ် စတော့ဒ် တက္ကသိုလ် မှ သင်္ချာဘာသာရပ်ဖြင့် ဘွဲ့ရခဲ့သည်။ တစ်ဆက်တည်းမှာပင် စာပေပညာရပ် ကို စာပေး စာယူ သင်တန်းတက်၍ သင်ယူခဲ့သည်။ ထိုစဉ်မှာပင် စစ်မှုထမ်းရန် ဆင့်ခေါ်ခြင်းခံခဲ့ရ သည်။ ရှေ့တန်း စစ်မျက်နှာတွင် အမြောက်တပ်သားအနေနှင့်လည်းကောင်း၊ အမြောက်တပ်အရာရှိ အဖြစ် လည်းကောင်း တာဝန် ထမ်းဆောင်ခဲ့ရာ ဗိုလ်ကြီးရာထူးအထိ ရောက်ရှိခဲ့သည်။

    ၁၉၄၅ခုနှစ်ဦးပိုင်းတွင် ကောလင်နှင့်ပတ်သက်၍ စိုင်းယုတ်ညံ့စွာ ဝေဖန်ပြောဆိုသည် ဆိုကာ၊ အရှေ့ ပရပ်ရှား ရွာကလေး တစ်ရွာတွင် အဖမ်းခံခဲ့ရသည်။ နောက် ၈နှစ်အကြာတွင် သူ သည် အလုပ်သမား အကျဉ်းအခန်းတစ်ခုသို့ ရောက်ခဲ့သည်။ ပထမတော့ အာတစ်ဒေသရှိ 'ဗိုလ်ချုပ်ကြီး'ဟု အမည် ပေးထားသော အကျဉ်းစခန်းတို့တွင် ရိုးရိုးရာဇ၀တ်သားအဖြစ် တောက် လျှောက်နေခဲ့ရသည်။ ထို့နောက် ဗားရီးယား၏ အထူးသီးသန့် အကျဉ်းစခန်းတို့တွင် နှစ်ရှည် အကျဉ်းသမားအဖြစ် နေထိုင်ခဲ့ရသည်။ ထိုသီးသန့်အကျဉ်းစခန်းများအကြောင်းကို သူ၏ အိုင်ဗန်ဒင်နီဆိုဗစ်(ခ်ျ)၏ တစ်နေ့တာဘ၀(One Day in The Life of Ivan Denisovich) ဟူသော စာအုပ်တွင်ရေးသားဖော်ပြခဲ့သည်။ တကယ်တော့၊ ထိုအကျဉ်း စခန်း မှာ ကာဇက်စတန်ပြည်နယ် မြောက်ပိုင်းရှိ ကာရာဂန်ဒါဒေသတွင် တည်ရှိပါသည်။

    စတာလင် ကွယ်လွန်သည့် ၁၉၅၃ခုနှစ်တွင် အကျဉ်းစခန်းမှ လွတ်မြောက်ခဲ့သော်လည်း၊ (၃)နှစ် နယ်နှင်ဒဏ် ခံရပြန်သည်။ သို့သော်လည်း သူ ရုရှားနိုင်ငံသို့ ပြန်မလာမီ ဇနီးသည်နှင့်တော့ တရားဝင် ဆက်သွယ်ခွင့် ရခဲ့သည်။ ထို့နောက် ရာဇန်ဒေသအနီးတွင် အခြေချကာ အလယ်တန်း ကျောင်းတစ်ကျောင်း တွင် ကျောင်းဆရာ ၀င်လုပ်ခဲ့သည်။

    ၁၉၆၀-ပြည့်နှစ်တွင် သူ၏စာအုပ် 'အိုင်ဗန်ဒင်နီဆိုဗစ်(ခ်ျ)၏ တစ်နေ့တာဘ၀'ကို 'လောက သစ်စာပေဂျာနယ်' မှ အယ်ဒီတာ ထရာဝါဒေါ့စကီးဆီသို့ ပေးပို့ခဲ့သည်။ ယင်းစာအုပ်သည် ၁၉၆၂ ခုနှစ်တွင် ထုတ်ဝေခဲ့ရာ တစ်မုဟုတ်ချင်းပင် ရောင်းကောင်းခဲ့သည်။ သူ၏ နောက်ထပ်စာအုပ် နှစ် အုပ်ကိုလည်း ၁၉၆၃-ခုနှစ်တွင်ဆက်တိုက် ထုတ်ဝေခဲ့သည်။ ၁၉၆၇ခုနှစ်မှစ၍ သူသည် ဆိုဗီယက် စာပေ၏ အခြေခံစည်းမျဉ်းများကို အတိုက်အခံပြုရန် ရည်မှန်းချက်ထားခဲ့သည်။ ထို့ကြောင့် ၁၉၆၈ ခုနှစ်တွင် သူ၏ အယူအဆ များကို 'ရုရှားစာပေဂေဇက်'မှ တစ်ဆင့် တင်ပြကာ စတင် ထိုးနှက် တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် ၁၉၇၀ပြည့်နှစ်တွင် သူ့ကို ဆိုဗီယက်စာရေးဆရာများသမဂ္ဂမှ ထုတ် ပယ်ခဲ့သည်။ ရုရှားနိုင်ငံ၏ အယူ အဆ ရေးရာ ရန်သူဟုလည်း သတ်မှတ်ခဲ့ကြသည်။

    သူ၏ဂူလက်ကျွန်းစု (The Gulag Archipelago)ဟူသော ၀တ္တုကို ဥရောပတွင် ဖြန့်ချီ ထုတ်ဝေသည့် ၁၉၇၄-ခုနှစ်တွင် အာဏာပိုင်အဖွဲ့က သူ့ကိုဖမ်းဆီးကာ ပြည်နှင်ဒဏ်ပေးခဲ့သည်။ သူရေးသား ခဲ့သည့် ၀တ္တု များဖြစ်သော ကင်ဆာဆောင် (Cancer Ward)၊ ပထမစက်ဝိုင်း (The first Circle)နှင့် ၁၉၁၄-ခုနှစ် သြဂုတ်လ (August 1914)တို့မှာ ယခုအခါ အင်္ဂလိပ်ဘာသာသို့ ပြန်ဆို ပြီးဖြစ်သည်။ 'The Love-girl and The Innocent' အမည်ရှိ ပြဇာတ်တစ်ပုဒ်ကိုလည်း ရေးသားခဲ့ လေသည်။
    ယခုဖော်ပြသောသူ၏ စကားပြေ(၄)ပုဒ်မှာ ပင်ဂွင်စာအုပ်တိုက်ထုတ် 'ဆိုဇင်နစ်ဆင်၏ ၀တ္တုတိုများ နှင့် စကားပြေ ကဗျာများ' စာအုပ်မှ ဖြစ်ပါသည်။

မီးပုံကြီးနှင့်ပုရွက်ဆိတ်များ

    ခင်ဆွေးဆွေးထင်းချောင်းတစ်ချောင်းကို ယူပြီး မီးပုံထဲသို့ ထင်းထိုးလိုက်သည်။ ထိုထင်း ချောင်းတွင် ပုရွက်ဆိတ် ကလေးများ ရှိနေသည်ကို ကျွန်တော်ဂရုမပြုမိလိုက်ပါ။
    ထင်းချောင်း ကတော့ မီးပုံထဲတွင် ဖျစ်ဖျစ်ဖျောက်ဖျောက် မြည်ကာ ချက်ချင်းလိုပင် မီးစွဲ သွားပါ တော့သည်။ ခဏကြာတော့ ထင်းချောင်း ခေါင်းပွထဲမှ ပုရွက်ဆိတ်များ အုပ်လိုက်ချီ၍ ထွက် လာကာ၊ သုတ်သုတ် ပျာပျာနှင့် ထွက်ပြေးကြပါတော့သည်။ သူတို့သည် ထင်းချောင်းအရင်းဘက် ဆီသို့ အလုအယက် တိုးဝှေ့ပြေးထွက်ရင်းကပင်၊ မီးဟပ်ခံရသည့်အပူဒဏ်ကြောင့် တွန့်တွန့်လူး နေပါ တော့သည်။ ဒါနဲ့ကျွန်တော်လည်း ထင်းချောင်းကိုဆွဲယူပြီး တစ်ဖက်လှည့်ပေးလိုက်ပါသည်။ ထိုအခါ ပုရွက်ဆိတ် အတော်များများသည် သဲပေါ်သို့ ခုန်ချသူကခုန်ချ၊ ထင်းရှူးရွက်တွေဆီ တက် ပြေးသူက တက်ပြေး နှင့် မီးဘေးမှလွတ်အောင် အသက်လု၍ ပြေးနေကြပါတော့သည်။

    တကယ့်တကယ်မှာတော့ ပုရွက်ဆိတ်လေးများခမျာ၊ ပြေးသာပြေးနေရသည် မီးနှင့်ဝေးဝေး ရောက်အောင် ခရီးပေါက်နိုင်ကြသည်မှ မဟုတ်ဘဲ။ ခဏကြာတော့ မည်သို့ဖြစ်သည်မသိ၊ အကြောက် တရားကိုပင် ကျော်လွှားသွားလေသား? ဒါမှမဟုတ် မည်သို့သော အင်အားတစ်စုံ တစ်ရာက တွန်းပို့လိုက်သည်ကိုပင် မသိတော့ပါ။ ပုရွက်ဆိတ်လေးများသည် အသက်လု၍ ပြေး နေရာမှ လာရာလမ်း ဘက်ဆီသို့ နောက်ကြောင်းပြန်လှည့်လာကြသည်ကို တွေ့လိုက်ရပါသည်။ ပြီးတော့ မီးစွဲလောင်နေသည့် ထင်းချောင်း ပေါ်သို့ အုံနှင့်ကျင်းနှင့် ပြန်တက်သွားပါတော့သည်။ နောက်ဆုံး တော့... ထိုထင်းချောင်း ပေါ် တွင်ပင် ပြေးရင်းလွှားရင်းက မီးစွဲလောင်တာ ဇီဝိန်ချုပ်ကုန် ကြပါတော့သည်။

စိုးမြင့်လတ်
The Bonfire and The Ants
By ALEXANDER SOLZHENITSYN
သူ၏လူလက်ကျွန်းစု (The Gulag Archipelago) ဟူသော ၀တ္ထုကို ဥရောပတွင် ဖြန့်ချီ ထုတ်ဝေသည့် 1974 ခုနှစ်တွင် ပာဏာပိုင် အဖွဲ့က သူ့ကို ဖမ်းဆီးက ပြည်နှင်ဒဏ် ပေးခဲ့သည်။ သူရေးသားခဲ့သည့် ၀တ္ထုများ ဖြစ်သော ကင်ဆာဆောင် (cancer ward) ပထမစက်ဝိုင်း (The first  circle) နှင့် ၁၉၁၄ ခုနှစ် သြဂုတ်လ (August 1914) တို့မှာ ယခုအခါ အင်္ဂလိပ်ဘာသာ သို့ ပြန်ဆိုပြီးဖြစ်သည်။ The love girl and The innocent အမည်ရှိ ပြဇာတ် တပုဒ်ကိုလည်း ရေးသားခဲ့ လေသည်။
ယခုဖော်ပြ သောသူ၏ စကားပြေ (၄) ပုဒ် မှာ ပင်ဂွင်းတိုက်ထုတ် ဆိုဇင်နစ်ဆင်၏ ဝတ္ထုတိုများနှင့် စကားပြေ ကဗျာများ စာအုပ်မှ ဖြစ်ပါသည်။

ရွက်ကြွေပင်သစ်လုံး


    ကျွန်တော်တို့ သစ်ရွက်ကြွေပင် သစ်လုံးတစ်လုံးကို လွှဖြင့်တိုက်၍ ထင်းဖြတ်နေရင်းကပင် မယုံကြည်နိုင်လောက်အောင် အံ့သြရာက အသံများပင် ထွက်သွားမိပါသည်။ တကယ်တော့ ထို ရွက်ကြွေပင်ကို ကျွန်တော်တို့ခုတ်လှဲခဲ့သည်မှာ နှစ်တစ်ပတ်ပင် လည်ခဲ့ပါပြီ။ ခုတ်လှဲရုံတင်မကပါ။ ထိုအပင်ကို ထွန်စက်ဖြင့်ဆွဲ၍ လွှစက်သို့ပို့ပြီး သစ်လုံးများဖြစ်အောင် ပင်ပိုင်းဖြတ်ခဲ့ပြီး ဖြစ်ပါ သည်။ သစ်လုံးတွေဖြစ်သွားတော့မှ ဖောင်ပေါ်တင်တာတင်၊ ကုန်တွဲတွေပေါ်ပို့တာ ပို့နှင့်သယ်ယူ ခဲ့ပြီး၊ လိုရာရောက်မှလှိမ့်ယူကာ မြေကြီးပေါ်တွင် ဆင့်၍ဆင့်၍ ပုံထားလိုက်ပါသည်။

    ဒါတောင်မှပင်၊ ထိုရွက်ကြွေပင်သစ်လုံးများက လက်မမြှောက်ကြသေးပါ။ သူတို့ဆီမှ စိမ်း စို လတ်ဆတ်သော ပုရစ်ဖူးနုနုကလေးများ ထွက်ပြုနေသည်ကို တွေ့လိုက်ရပါသည်။ ဒါသည်ပင်၊ နောင်တစ်ချိန် ၌ တောင့်တင်းသန်မာသည့် ပင်စည်နှင့်အရွက်ဝေေ၀ အကိုင်းအခက်များရှိသော နောက်ထပ် ရွက်ကြွေပင် အသစ်တစ်ပင် ထပ်ပေါက်လာဦးမည်ဟု ဆိုနေသလို မဟုတ်ပါလား။
    ကျွန်တော်တို့လည်း ထိုသစ်လုံးကို လွှဖြင့်တိုက်၍မရသည့်အဆုံး၊ လွှစက်သို့သွားသည့် မြင်းလှည်း ပေါ် တင်ပေးလိုက်ကြပါတော့သည်။ အဓိပ္ပာယ်ကတော့ အာဏာသားလက်ထဲအပြီးတိုင် ၀ကွက် အပ် လိုက်သည် သို့ ဖြစ်ပါသည်။ ကဲ...ခုတော့ ဘာတတ်နိုင်သေးလဲ?

    သြော်...ထိုရွက်ကြွေပင်သစ်လုံးသည်လည်း ကျွန်တော်တို့လိုပင် ဘ၀တဏှာကြီးလှပါ တကား။ တကယ်တော့၊ သူ့ဘ၀ကို ချစ်ခင်တွယ်တာမက်မောသည့် ဆန္ဒက ကျွန်တော်တို့ထက် ပင် ဇွဲသန်အား ကောင်းလှ ပါတကား။

စိုးမြင့်လတ်
The Elm Log
BY ALEXANDER SOLZHENTSYN

အရိပ်ထင်ထင်

    တသွင်သွင်စီးဆင်းနေသည့်ရေအလျဉ်၏မျက်နှာပြင်တွင် ထင်ဟပ်လာသော ပုံရိပ်တို့ကား နီးသည် ဖြစ်စေ၊ ဝေးသည်ဖြစ်စေ မထင်မရှား၊ မပီမပသာရှိချေသည်။ စီးဆင်းနေသော စမ်းရေယဉ် မဟုတ်ဘဲ၊ တသိမ့်သိမ့်လှုပ်ရှားရုံ လှိုင်းတွန့်ကလေးများသည် ရိုက်ခတ်နေသော၊ အမြုပ်မထ ကြည်လင် လှသည့် စမ်းရေပြင်မှာပင် ထင်ဟပ်လာသောပုံရိပ်တို့က ပန်းစကြာမှန်ပြောင်းမှ ရုပ်ပုံ များအလား တဖျတ်ဖျတ် နှင့်ဝိုးတ၀ါး၊ ဘာများလဲဟူ၍   နားမလည်နိုင်စရာ။

    မြစ်ချောင်းအင်းအိုင်တို့ကို အဆင့်ဆင့်ဖြတ်ကျော်လာသော ရေအလျဉ်သည် နောက်ဆုံး၌  အပြန့်ကျယ်သောရေပြင်ကြီးဆီသို့ ဆိုက်ရောက်လာတော့သည်။ ထိုမှတစ်ဆင့် ရေငြိမ်မြစ်ဝ၊ ဒါမှ မဟုတ် ရေသေအိုင်တခုထဲသို့စီးဝင်ကာ ဆိတ်ငြိမ်သည့်ရေကန်ကြီးဖြစ်သွားတော့သည်။ ထိုကန်ရေ ပြင်မှာတော့ ကမ်းနဖူးရှိ သစ်ပင်ကြီးမှ သစ်ရွက်တို့ကိုပင် တစ်ရွက်ချင်းပီပီသသကြီးထင်ဟပ်နေကြ သည်။ ကြေးမုံပြင်တွင် တွေ့နေရသည့်အလားပင်။ ဒါတင်မက… ကောင်းကင်မှ တိမ်မျှင်စများနှင့် ပြန့်ပြူးနေသည့် အပြာရောင်မိုးကောင်းကင်ကြီးကိုလည်း ထင်ထင်ရှားရှားကြီးတွေ့နေရပါသည်။
    သြော်… ကျွန်တော်တို့ဘ၀တွေနှင့် တူလှပါချေတကား။ ကျွန်တော်တို့သည အမှန်တရား၏ ထာဝရ ပြတ်သားသည့် ပုံရိပ်တို့ကို ရှင်းရှင်းလင်းလင်းမြင်နိုင်စွမ်းမရှိသေးသည်မှာ၊ ယခုတိုင် တစ်စုံ တစ်ရာ ဆီသို့ ဦးတည်၍ သွားနေသောကြောင့် ဖြစ်ပါသည်။ ဒါသည်ပင် ရှင်သန်ခြင်း၏အဓိပ္ပာယ် မဟုတ်ပါလား?

စိုးမြင့်လတ်
မူရင်း - Reflections
BY ALEXANDER SOLZHENTSYN

ခွေးကလေးပါပီ

    ကျွန်တော်တို့ခြံနောက်ဘက်မှာ ကောင်လေးတစ်ယောက်က သူ့ခွေးကလေးကို သံကြိုးနဲ့ အမြဲလို ချည်ထားတတ်တယ်။ အဲဒီခွေးကလေးအမွေးနုနုနဲ့ ဟိုးငယ်ငယ်ကလေးကတည်းကပါပဲ။
    တစ်နေ့တော့… ခွေးကလေးအတွက ကျွန်တော်ကြက်ရိုးတချို့ ယူလာခဲ့တယ်။ ကြက်ရိုး တွေက ပူပူနွေးနွေးပဲရှိသေးတယ်။ အနံ့ကလည်း မွှေးနေတုန်းပဲ။ အဲဒီအချိန်မှာ ကောင်လေးက သူ့ ခွေးကလေး… နဲ့အတူ ခြံထဲမှာလှည့်ပတ်ပြေး…ပြီး ကစားနေတယ်။ နှင်းတွေဖုံးနေပြီ။ ခွေးကလေးကတော့ ခုန်ပေါက် နေလိုက်တာ ယုန်ကလေးတစ်ကောင်အတိုင်းပဲ။ နောက်ခြေကလေး နဲ့ ယက်လိုက်၊ ရှေ့ခြေ ကလေး နဲ့ယက်လိုက်ပေါ့။ ပြီးတော့ ခြံထဲမှာ ဟိုထောင့်နဲ့ ဒီထောင့် လှည့်ပတ်ပြီး ခေါက်တုံ့ ခေါက်ပြန် ပြေးနေ တော့တယ်။ သူ့နှာခေါင်းလေးနဲ့လည်း နှင်းထုထဲကို တိုးကြည့်လိုက်သေးတယ်။
    ကစားနေရာက ကျွန်တော့်ကိုမြင်တော့ ပြေးလာတယ်။ အမွေးစုတ်ဖွားနဲ့ကလေးဟာ ကျွန်တော့် နား ရောက်တော့ မတ်တပ်ရပ်လိုက်တယ်။ ပြီးတော့ ကျွန်တော့်လက်ထဲက ကြက်ရိုးတွေ ကို နမ်းကြည့် လိုက်သေးတယ်။ ပြီးတော့ ချာခနဲ့ လှည့်ထွက်သွားတယ်။ နှင်းထုထဲကလည်း သူ့ဗိုက်နဲ့ တောင်ထိနေပြီ။ ခွေးကလေးကပြောတယ်။
    “ကျုပ်က ကြက်ရိုးတွေမလိုချင်ဘူး။ လွတ်လပ်ခွင့်ပဲကျုပ်ကိုပေးစမ်းပါ” တဲ့။

စိုးမြင့်လတ်
မူရင်း - The Puppy
BY ALEXANDER SOLZHENTSYN

မြန်မာသစ် မဂ္ဂဇင်း
၂၀၁၀ ခုနှစ် ဧပြီလ

.
>>>ဆက်ဖတ်ရန်>>> >>

Thursday, June 24, 2010

ပန်းသတင်း (ဂျွန် ၂၄)

မိကိုလွမ်းလည်း သောက်တော်ရေချမ်း စားတော်ကွမ်းနှင့်
စာရေးသူ - ဆင်ဖြူကျွန်းအောင်သိန်း

အဖေတို့ခေတ်က ရခိုင်လုံချည်ဆိုလျှင် ရေလုံသော ဆီစိမ်ပုဆိုးများ ဖြစ်သည်။ အဖေတို့ ကြိုက်သော အဆင် မှာ အနီနှင့်အနက် တွဲသောကွဲကျဲကြီးများသာ။
    လေပြည်ကလေး တစ်ချက်တိုးလာတိုင်း စပ်ကန့်လန့်ကာကြီးသည် လှုပ်ယိမ်းသွား၏။ ထရံကြားမှ ၀င်လာသော နေခြည်ပြောက်ကလေးများသည် စပ်ကန့်လန့်ကာကြီးပေါ်တွင် ပြေးလွှားသွားကြပြန်၏ ဆွမ်းသွတ် တရားကို ဘာတွေဟောကြားနေသည်ဟု ရီးကျီးဒန်မသိ။ သို့လျှင် မသိသော်ငြား မျက်ရည်ဝဲ နေသည်။ အဖေ့ပုဆိုး ရခိုင်လုံချည်ကွက်ကျဲကြီးပါသော စပ်ကန့်လန့်ကာကြီးကို ငေးကြည့်ကာ မျက်ရည်ဝဲ နေမိသည်။

    အနီအနက် ကွက်ကျဲကြီးများမှာ တစ်စလျှင် အနံတစ်တောင်မျှသာရှိသည်။ ယင်းအနီိအနက် ကွက်ကျဲ များကြား တွင် ၀င်ညှပ်သောအစပ်မှာ အပြာကွက်စိပ်ကလေးတွေဖြစ်၏။
    "အားလုံးကြားကြားသမျှ အမျှ အမျှ အမျှ ယူကြပါတော်"
    ဆွမ်းသွတ်အလှူရှင်၏ အမျှဝေသံသည် မကြည်လင်လှ။ သာဓုခေါ်သံများကလည်း ဆွေးဆွေးမြည့်မြည့်။
    သို့သော် ရီးကျီးဒန်ကား သာဓုသော်မျှမခေါ်မိ။ စပ်ကန့်လန့်ကာကြီးကိုသာ မော့ကြည့်နေမိ၏။

    "ကွယ်လွန်သူ ဦးကြွက်နီ၊ ဒေါ်ရွှေအိမ်ကောင်းမှု"
    စပ်ကန့်လာကြီး၏ အထက်ပိုင်းတွင် အနီစကြီးဖြင့် အနားသတ်ထားသည်။ ထိုအနီသားပေါ်တွင် ပိတ်ဖြူသား ကို စာလုံးကိုက်ညှပ်လျက် ကပ်ချုပ်ထားခြင်းဖြစ်သည်။ ရီးကျီးဒန်သည်။ ထပ်မံ၍ စာလုံးပေါင်း ဖတ် နေပြန်၏။

    "ကွယ်လွန်သူ ဦးကြွက်နီ၊ ဒေါ်ရွှေအိမ်ကောင်းမှု"
    တိုက်ဆိုင်စွာဖြင့်ပင် အဖေ့ပုဆိုးနှင့် အမေ့ထဘီကို စပ်ကန့်လန့်ကာ ချုပ်ထားသည်။ ထိုခဏ၀ယ် ပိုးချောချည် ပါ လုံခြည်အပြာကွက်စိတ်ကလေးနှင့် လှုပ်ရှားနေတတ်သော အမေ ဒေါ်ရွှေအိမ်ကို မြင်ယောင် လာရပြန်သည်။ ရီးကျီးဒန်တို့ ကျေးရွာဝန်းကျင်ဒေသတွင် လူတစ်ယောက် က်ွလွန်သွားပါက အ၀တ်ကောင်း များကို မြေကြီးသြဇာဖြစ်အောင် မလုပ်ကြပေ။ သေသူကို ရည်မှန်းရှိခိုးရန် သေသူ၏ အရိုးပြာကို ဌာပနာဆင်၍ ဆင်းတုရုပ်ပွား ထုလုပ် ကိုးကွယ်ကြသည်။ အ၀တ်ကို သားရိုးကိုင်၍ 'မံ' ဘုရား ထုလုပ်ပူဇော်ကြသည်။ အချို့မူ ရီးကျီးဒန် အဖေနှင့် အမေတို့လို စပ်ကန့်လန့်ကာ ချု့်ကာ အများသုံး ပစ္စည်း အဖြစ် လှူဒါန်းကြပေသည်။

    အဖေ့ဆီစိမ်ပုဆိုးနှင့် အမေ့ပိုးရောလုံချည်ကို စပ်ကန့်လန့်ကာ လုပ်ထားသည်။ ရွာဦးကျောင်းတွင် လှူဒါန်း ထားသည်။ ဤသို့ ရီးဆေးရိုးပြောခဲ့ဖူးသော်ငြား ရီးကျီးဒန် မကြုံကြိုက်ခဲ့ ပေ။ ယခုသော် တိုက်မှ တိုက်ဆိုင် လွန်း၏။ ရီးကျီးဒန်ကလည်း သက်ကြီးဖတ်စာအုပ် သင်ရိုးကျွတ်ခါစ။

    သည်အချိန်တွင် ကြုံကြိုက်သော ဆွမ်းသွတ်တွင် အလှအပအတွက် ကာရံရန်၊ တစ်နည်း၊ နေရောင်ကာကွယ်ရန် တစ်ဖုံ ချိတ်ဆွဲထားသော ကန့်လန့်ကာက ဦးကြွက်နီ ဒေါ်ရွှေအိမ်တို့ ကောင်းမှု ဖြစ်နေ၏။ သို့ကြောင့် ရက်လည်ဆွမ်းသွတ် ကောင်းမှုရှင်နှင့်တန်းတူ ရီးကျီးဒန်ပါ မျက်ရည်စို့ နေခြင်းဖြစ်ပေသည်။ ဆွမ်းသွတ်အိမ်မှလူများ တဖွဲဖွဲပြန်လာကြသည်။ သေသူ့အကြောင်း ပြန်ပြောင်း ပြောကြသူများက ပြောသလို လယ်အကြောင်း၊ ဥယျာဉ်အကြောင်း ပြောသူကလည်း ပြောကြ၏။

တုံဏှိဘာဝေဖြင့် မရဏာနုဿတိကို ဆင်ခြင်လာသူများလည်း ဆင်ခြင်လာကြသည်။
    ရီးကျီးဒန်မူ အဖေ့ကို မြင်ယောင်နေပြန်သည်။ သျှောင်ချောကြီးကို ဂျပန်ပါဝါ အ၀ါနုရောင် ကလေးဖြင့် ပတ်ပေါင်းကာ ဆီစိမ်ပုဆိုးကြီး တလွှားလွှားဖြင့် သွားလာတတ်သော အဖေ။ ကွယ်လွန်ခဲ့သည်မှာ နှစ်ပေါင်း ၅၀ ရှိပြီ။ သို့သော်ငြား အဖေ ဦးကြွက်နီ ရုပ်သွင်ကို ရီးကျီးဒန်မမေ့သေးချေ။ အမေဒေါ်ရွှေအိမ်မှာ အသွားအလာ နည်းသည်။ တစ်နှစ်လုံးနေ၍မှ မင်္ဂလာဆောင်တစ်ခု၊ အလှူပွဲတစ်ခု မသွားဖြစ်ချေ။ သွားဖြစ် လျှင်လည်း ပိုးရောချည်ပါ အပြာကွက်စိပ်လေးဖြင့် ခေါက်ရိုးရာသေနေသော 'ရာဇအင်္ကျီ' ကလေးနှင့်၊ ပိုးရောချည်ပါ အပြာကွက်စိပ် လုံချည်ကလေးနှင့်အမေ။ ထိုအခါမျိုးတွင် ယဉ်ရုံကလေးမျှ ကွမ်းဝါးတတ်သော အမေ။ သည်အမေ ဆုံးပါးခဲ့သည်မှာလည်း နှစ်ပေါင်း ၅၀ နီးပါးပင် ကြာမြင့်ခဲ့သော်ငြား ရီးကျီးဒန် မြင်ယောင် နေသည်။ အမေ ဒေါ်ရွှေအိမ်၏ ပြောဟန်ဆိုဟန်၊ သွားဟန်လာဟန်များသည် ရီးကျီးဒန် မျက်စိထဲဝယ် မမှိန် ၀ါးသေး။

    အိမ်တွင် ရီးဆေးရိုးမရှိ။ တံခါးမျောက်လက်ကို သံချောင်းအကွေးဖြင့် ချိတ်ခကာ စေ့ပိတ်ထား၏။ သို့သော် ရီးကျီးဒန် တံခါးမဖွင့်သေး။ အိမ်ကပြင်တွင် ခြေတွဲလွဲချကာ အိမ်ရှေ့ မန်ကျည်းပင်ကို ငေးကြည့် နေ၏။ မန်ကျည်းပင်အောက်တွင် သစ်တုံးကြီးတစ်တုံးရှိသည်။ သစ်တုံးကြီး တစ်တုံးရှိသည်။ သစ်တုံးကြီး၏ ပြာဖုံး နေသောဘက်မှ မီးခိုးငွေ့ကလေး ရေးရေးအူလွင့်နေပေသည်။ ဆောင်းတွင်းမီးဖိုဖြစ်သည်။ မီးဖိုဘေးတွင် ရေနွေးကြမ်းအိုးတည်သော 'သံခနောက်' တစ်လုံး။ ဖင်ခုထိုင်သော ထန်းလက်အရင်းပိုင်းအပြတ် သုံးလေးခုနှင့်ထန်းပင် အမြစ်အခွံများ အူတိုင်များ ပြန်ကြဲနေ၏။
    ဆွမ်းခံဝင်ချိန်နီးပြီ။ နေခြည်သည် မန်းကျည်းပင်များ ထိပ်ဖျားဆီသို့ ပြေးတက်လာသည်။ သို့သော်ငြား နှင်းငွေ့က မပြယ်သေး။ မန်ကျည်းပင်အောက်တွင် မြူလိုလို မီးခိုးလိုလို အသွင်ဖြင့် ခိုနေသည်။ ရွာခရိုး ချုံနွယ် များ အောက်တွင် ရီဝေေ၀ကလေး ဆိုင်းဖွဲ့နေသည်။

    "အမေကြီး၊ ထမင်းကြမ်း ကျန်သေးလား"
    မြေးတို့၏အသံများဖြစ်၏။ မြေးဆိုသော်လည်း ကိုဘညိန်း၏သားမသမိးများ မဟုတ်ပေ။ မချောစိန်၏ ကလေး အုပ်ကြီးဖြစ်သည်။ သားတို့၊ သမိးတို့ သည် ဖအေအိုကြီးနှင့် မအေအိုကြီးကို မသနားကြ။ အားမနာကြ။ သင်းတို့ကို ဖ၀ါးလက်နှစ်လုံး၊ ပခုံးလက်နှစ်သစ်မှ စတင် ကျွေးမွေး၍ လူဖြစ်အောင် စောင့်ရှောက် ခဲ့ပြီမဟုတ်လော။ ဤအရာကား မီးတည်း။ ဤအရာကား ရေတည်း။ ဤသို့နေ၊ ဤသို့ထိုင် စသည် ဖြင့်လည်း သင်ကြားပေးခဲ့ပြီးပြီ မဟုတ်သော။ သို့ပါလျက်နှင့် သင်းတို့မွေးသော ကလေးတွေကို အမေ၊ အဖေ့အိမ်သို့ ထိုးထည့်ကြသည်။ ထမင်းကြမ်းမှ အစ သကာရည်အဆုံး ဘာမျှမခံနိုင်။

    ယခုသူတို့အဖေ လယ်ပြင်သို့ သွားရာတွင် ထမင်းကြမ်းတွေ ထည့်ယူသွားသလော၊ သို့မဟုတ် သူတို့အမေပါ လယ်ပြင်သို့ပါသွားသလော။ ကလေးလေးယောက်သည် ကပြင်သို့ တန်းစီပြီး တက်လာကြသည်။
    အငယ်ဆုံးမောင်ထွေးမှာ သုံးနှစ်သားဖြစ်သည်။ လှေကားကို လေးဖက်ထောက်တက်နေ သဖြင့် ရီးကျီးဒန် ထဆွဲရ သေးသည်။ အကြီးဆုံး ကိုကိုကြီးနှင့် ခင်ခင်ကြီးတို့မှာ ခြောက်နှစ်နှင့် ငါးနှစ် အရွယ်များ ဖြစ်ကြရာ ကျောင်းသွား နေကြပြီ။ ယနေ့သူတို့ပါ ပါလာခြင်းမှာ ကျောင်းပိတ်သောကြောင့် ဖြစ်လိမ့်မည်။ ကျောင်းသားနှစ်ယောက်၏ အောက်တွင် နို့ညှာ မိမိထွေးနှင့် အငယ်ဆုံး မောင်ထွေးတို့ရှိကြသည်။

    သားတွင် အချစ်၊ မြေးတွင်အနှစ်ဖြစ်သောကြောင့် ကိုယ့်မှာ မည်မျှပင် ချို့ငဲ့နေစေကာမူ ရီးကျီးဒန် နှင်မပစ်ရက်။ ရှိသည်ကို ခွဲခြမ်းစိတ်ဖြာ၍ ကျွေးစမြဲ။ သို့သော် နို့ညှာမ မိမိထွေးကိုကား ရီးဆေးရိုးရော ရီးကျီးဒန်ပဲ သတိထားရသည်။ သူလာလျှင် အလစ်မပေးဝံ့။ စောရနက္ခတ်ဖြင့်ပင် ယှဉ်မွေးလေသလား၊ သူခိုးဇာတာပင် ပါခဲ့လေသလား။ မိမိထွေးမှာ လက်ဆော့လှသည်။ အမေကြီးနှင့် ဘတို့အိမ်မှ မိမိထွေး ပြန်လျှင် ဇွန်းကိုလည်း ဆွဲသြွးတတ်၏ ဓားကိုလည်း သုတ်သွားတတ်၏။ မည်သည်ကိုမျှ ယူခွင့်မသာလျှင် ကွမ်းအစ်ထဲမှ ကွမ်းရွက်တွေ နှိုက်သွား၏။ သို့ကြောင့် ဘနှင့်အမေကြီး နို့ညှာမကို မိမထွေးမခေါ်၊ ငတက်ပြားမ ဟုခေါ်ကြသည်။

    "ကျီးဒန်ရေ၊ ငတက်ပြားလာနေတယ်ဟေ့"
    သည်သို့ဆိုလျှင် မြေးမလေး မိမိထွေးဟူ၍ နားလည်ထားကြသည်။ သို့တစေ မိမိထေါးမှာ မချောစိန်၏ အသည်းဖြစ်ချေသည်။ နာမည်ကိုပင်မခေါ်ရက်။ အငယ်ဟူ၍သာ။ မည်သို့ရှိစေ အိမ်ပေါ်သို နို့ညှာမ မိမိထွေး ရောက်လာလျှင် မျက်စိနှစ်လုံး ငယ်ထိပ်မှ ပေါက်ထွက်မတတ် ဂရုစိုက်မြဲဖြစ်သော ရီးကျီးဒန်သည် ယခုမူ မျက်လုံးမ၀ိုင်းပေ။ တံခါးဖွင့်ဝင်သွားသော ကလေးများကို တစ်ချက်သာ ငဲ့ကြည့်ပြီး ချောင်းပြင် ဘက်သို့ ငေးမျှော်ကြည့်နေပြန်သည်။

    စလင်းချောင်း၏ အလယ်သောင်တွင် ဆင်နီတောကြီးသည် မြောက်ပြန်လေဖြင့် မြူးကြွနေ၏။ ရေကြောင်းနှင့် သောင်၏ကြားတွင်မူ အာလူး၊ ကြက်သွန်စိုက်သူများ ပျားပန်းခတ်နေကြ၏။ ရီးကျီးဒန်မူ ဆင်နီတော ကိုလည်းမမြင်၊ အာလူးကြက်သွန်ခင်းမှ လူများကိုလည်း မမြင်။ အဖေနှင့်အမေကိုသာ မြင်ယောင် နေသည်။

    ကလေးများသည် မီးဖိုချောင်သို့ဝင်ကာ ထမင်းကြမ်းကို ခွဲဝေစားသောက်နေကြသည်။ ထမင်းအိုးလှန်သံ၊ ဆားအိုးဖွင့်သံ၊ ဆီအိုးထဲသို့ ဆီမှုတ်ကျသံများကို ရီးကျီးဒန်မကြား။ ကြားလျှင်မူ 'ဆီတွေ အရမ်းမလုပ်ကြနဲ့ 'အော်ကာ ထပြေးသွားမည်ဖြစ်သည်။ မိမိထွေးမှာ ခိုးတတ်ရုံသာမက အကောင်းလည်းကြိုက်သည်။ ဆီတွေ ကို လက်ကြားယိုအောင် ဆမ်းရမှကျေနပ်သည်။
    သို့ကြောင့် ရီးကျီးဒန် ကြပ်မတ်ထိန်းသိမ်းရလေ့ရှိသည်။ ယခု ရီးကျီးဒန်မကြား အဖေဦးကြွက်နီနှင့် အမေ ဒေါ်ရွှေအိမ်တို့ကို သတိရပြီး ပူဆွေးနေမိသည်။ သို့စဉ် ရီးဆေးရိုးအသံကို ကြားရ၏။
    "ကျီးဒန်ရေ… သောင်းဖေတို့အိမ်မှာ ၀က်ပေါ်နေတာကြုံလို့' အချောဆီ' အစိတ်သားဝယ်ခဲ့တယ်"

    ရီးဆေးရိုးသည် အရိုးငေါနေသော ပခုံးပေါ်တွင် ပုဆိုးတစ်ထည်တင်ထားကာ ၀က်သားအဆီတွဲကို နှီးဖြင့် ဖောက်လျက် ဆွဲလာသည်။
    "အချောဆီနဲ့ နဘတ်ချဉ်နဲ့ ချက်စားရအောင်ဟာ။ နဘတ်ချဉ် ထည့်စမ်းပါဟ"
    အိမ်ထဲသို့ ၀င်သွားသောအခါတွင်ကား ရီးဆေးရိုးနှင့် မြေးတစ်သိုက် လုံးထွေးနေပေတော့သည်။
    "ဘ ၀က်သားဝယ်လာတယ်ဟေ့။ တို့အိမ်မပြန်ဘဲ ဒီမှာ ထမင်းစားရအောင်ဟေ့"
    စီးနင်း စီးပိုးသောစကားကို အရွယ်နှင့်မလိုက်ောအင် ပြောတတ်သူမှာ ငတက်ပြားမပင် ဖြစ်ပါသည်။

    "အသား မဟုတ်ပါဘူး မြေးတို့ရယ်၊ အချောဆီတွေပါ။ ဘထမင်းစားမကောင်းလို့ နဘတ်ချဉ် ကလေး နဲ့များ ချက်စားရရင်ကောင်းမလားလို့"
    နှမ်းဖတ်ချဉ်နှင့် ၀က်ဆီဖတ်ရောချက်ထားသော ဟင်းမှာ ဟင်းကောင်းတစ်ခွက့်ဖြစ်သည်။ ဟင်းခတ် အခြား စမဲ ဟင်းလျာ ထည့်ရန်မလိုပေ။ ဆီလည်းမကုန်ပေ။ ငရုတ်သီးစိမ်း ထည့်ချက်လျှင် စားချင့် စဖွယ် ၀င်းဝင်း အိအိနှင့် အနံ့လည်းမွှေးသည်။ ဟင်းပေါ်တွင် ဆီကလည်း တက်နေသည်။

    တကယ်ချက်စားချိန်တွင် ကောင်းချင်မှကောင်းမည်။ လတ်တလောတွင်မူ ရီးကျီးဒန်လည်း အတွေးဖြင့် သြွးရည်ကျလာသည်။ သိုကဖြင့် နှေးကွေးစွာ ထလိုက်သည်။
    လူစားရန် နှမ်းဖတ်ချဉ်အတွက် ဝေးဝေးမသွားရပါ လက်တစ်ဝါးရွယ် နှမ်းဖတ်ခဲ ကြွေပန်းကန်နှင့် တစ်လုံးကိုယူပြီး အိမ်ကပြင်သို့ ပြန်ထွက်လာသည်။ အိမ်ကပြင်ဘေးတွင် ကပြင်နှင့်အညီ လေးတိုင်စင် ဆောက်ထားသော ရေအိုးစင်တစ်ခုရှိသည်။ ရမ်းဘိုကုန်းအိုး ခြောက်လုံးမှာ ရေအပြည့်ဖြင့် စီတန်းနေသည်။ အဖုံး မရှိသော အိုးထဲတွင် ရေမှုတ်ရိုးတစ်ခုက တန်းလန်း။ နှမ်းဖတ်ခဲကိုရော ပန်းကန်ကိုပါ ရေဖြင့် သုံးလေးထပ် ဆေးပြီးလျှင် နှမ်းဖတ်ခဲ မြုပ်ရုံမျှ ရေထည့်လိုက်သည်။ ဤအတိုင်းထားလိုက်ပါက နောက်တစ်နေ့သည်အချိန်တွင် သုပ်စားလို စား၊ ချက်စားလို စား၊ စားချင်သလို စားနိုင်သော နှမ်းဖတ်ချဉ် အသင့် ဖြစ်နေလိမ့်မည်။

    ရီးဆေးရိုးက 'စဉ်းတီတုံး' တစ်ဖက်၊ ဓားနှင့် ၀က်ဆီတွဲတစ်ဖက် ဆွဲကာ ကပြင်သို့ ထွက်လာပြန်သည်။
    "ပဲနဘတ် က နှမ်းနဘတ်ထက် ဆိမ့်သတဲ့ဟ"
    "ခိုးခိုးခါခါတော် ကျုပ်တို့ရွာမှာ ဘယ်တုန်းက ပဲနဘတ်ရှိလို့လဲ"
    "ပိုဆိမ့်တာ ပြောတာပါဟာ"
    "မုန်းနားကိုသွားတုန်းက ပဲနဘတ်ချဉ် စားဖူးပါ့တော် မကြိုက်ပါဘူး၊ စိမ်းစော်ကနံနဲ့"
    ရီးဆေးရိုးက ၀က်ဆီတွဲကို သွက်လက်စွာ လှီးထစ်နေသည။် သူကသွက်လက်နေ သောငြား ရီးကျီးဒန် စကား မတုံ့ပြန်ပေ။ နွားတင်းကုပ်ဘက်သို့ ငေးနေသည်။ စကားပြောနေရာက ကျီးဒန် ဘာဖြစ် သွားပါလိမ့် ဟု တွေးကာ ရီးကျီးဒန်မျက်နှာကို လှမ်းကြည့်သည်။

    "ကျီးဒန် ဘာဖြစ်နေလဲ၊ နေကောကောင်းရဲ့လား။ သွားလည်းမရှိဘဲနဲ့ ထန်းပင်မြစ်တွေ ပင်ပင်ပန်းပန်း ထောင်းမစားနဲ့၊ ရင်ခံလိမ့်မယ်ဆိုတာ နားမထောင်ပဲကိုးဟ။ အခုတော့ ဘယ့်နှယ့်ရှိစ မရွှေစာ"
    လေရှည်ြီ့း မြည်တွန်တောက်တီးလိုက်သည့်အတွက် ရီးကျီးဒန် အာရုံပြောင်းလိုက်ရသည်။ ရီးဆေးရိုးကို လှည့်ကြည့်သည်။
    "တော့်မလဲ ဒီထန်းပင်မြစ်ပဲ ရန်လုပ်နေ၊ ထန်းပင်မြစ်က  တော်နဲ့မတည့်ပေမဲ့ ကျုပ်နဲ့တည့်သတော့်။ လေကို မှန်နေတာပဲ"
    မြေးများသည် ပါးစပ်မသုတ်ဘဲ မီးဖိုချောင်မှ ထွက်လာကြ၏။ သူတို့နှုတ်ဖျားတွင် ဆီရွှဲနေ၏ တံဆိတ်အောက် တွင် ခိုကာ ထရံနှင့်ကပ်ထားသော သောက်ရေအိုးစင်မှ ရေကို လုယက်သောက်နေကြ၏။

    "ဟဲ့နောက်ဆုတ်သောက်ကြ"
    "အိုးထဲကို ရေမှုတ်နဲ့တအားမထိုးနဲ့၊ နင့်အဖေခေါင်းမဟုတ်ဘူး"
    သည်နှယ်မာန်မဲနေကျစကားကိုလည်း အဘိုးကြီး အမယ်ကြီး တို့ မသုံးစွဲအား။ ငတက်ပြားမလက်ထဲတွင် တစ်စုံ တစ်ရာပါ မပါကိုလည်း ဂရုမစိုက်နိုင်။ တစ်ယောက်ကို တစ်ယောက် ကြင်နာစွာကြည့်နေမိသည်။

    "နင့်ကြည့်ရတာက ဟယ်"
    အလျှိုလျှို ဆင်းသွားသော မြေးတန်းကြီးကို တစ်ချက်စောင်းငဲ့ကြည့်အပြီး၌ ရီးဆေးရိုးက စတင်ကာ စကား ဆက်သည်။
    "ရှင်ဖွားအုံ ရက်လည်ဆွမ်းသွတ်တာ ကျုပ် သွားလိုက်ရတယ်။ တော်က ဟိုနားခဏဆိုပြီး ထွက်သွားတာ ပြန်မလာပဲကိုး"
    "ဖွားအုံးနဲ့နင်နဲ့ တည့်မှမတည့်ကြတာ။ သူ့ဆွမ်းသွတ်သွားတာနဲ့ ညည့်ပါးမှာ မျက်ရည်စီးကြောင်း ထင်နေ ရသလား"
    "ဟင်….ဟုတ်လား"ဆိုကာ ရီးကျီးဒန် ကိုယ့်ပါးကို ကိုယ်စမ်းသပ်ကြည့်သည်။

    "ကျုပ်က မျက်ရည်လည်တယ်၊ မျက်ရည်မကျဘူးလို့ထင်နေတာ"
    "အေးလေ ဘာပဲဖြစ်ဖြစ်ပေါ့၊ ဖွားအုံရဲ့ဆွမ်းသွတ်နဲ့ မျက်ရည်လည်တာနဲ့က သိပ်မဆိုင်ဘူး ထင်ပါ တယ်ဟာ"
    "အဖေနဲ့ အမေ့ကို  သတိရလို့တော်ရေ့"
    "အမယ်လေးဟာ နင့်ဟာကလဲ"
    ရီးဆေးရိုး စကားမဆုံးသေ၊ အိမ်ထဲဝင်ပြီး ဟင်းချက်ရန် မြေအိုးတစ်လုံးယူလာသည်။

    "ရီးကြွက်နီသေတာ အနှစ်ငါးဆယ်ကျော်ရှိပြီ။ ရီးရွှေအိမ်သေတာလည်း ငါးဆယ်လောက်ရှိပြီ။ အဲဒါများ….."
    "မဟုတ်ဘူးတော့၊ ဘုန်းကြီးနောက်က ထရံမှာကာတဲ့ ကန့်လန့်ကာက အဖေ့ပုဆိုးနဲ့ အမေ့လုံချည် ဖြစ်နေတာကိုး"
    "ဒါဆိုဝမ်းတောင်သာရဦးမှာဟ"
    "သေတဲ့လူကို သတိရတာ ၀မ်းသာစရာလား"
    "သေတဲ့လူရဲ့ ပစ္စည်းကိုမြင်ရတော့ ငါ့အဖေနဲ့ အမေဟာ သေသည်ရဲ့ အခြားမဲ့ဘ၀ကတောင် ကုသိုလ် ကောင်းမှု တွေ လုပ်တုန်းပါကလားလို့ တွေးပြီး ပီတိဖြစ်နေရမယ်၊ ၀မ်းသာနေရမယ်"
    ရီးကျီးဒန် မှာ မှုန်ရီမှေးသော မျက်လုံးအစုံကို ပုတ်ခတ်ပုတ်ခတ်လုပ်နေမိသည်။

    "ဘာကြောင့်လဲဆိုတော့ ကြည့်စမ်း၊ ညည်းအဖေနဲ့အမေကုသိုလ်ကောင်းမှုကန့်လန့် ကာကြီးဟာ ဆွမ်းသွတ် အလှူ ရှင်ရဲ့ အိမ်ထရံက မလှမပတာတွေကို ဖုံးကွယ်ပြီး လှပအောင် မျက်စိပသာဒဖြစ်အောင် လုပ်ပေးတယ်၊ ကဲဘယ်လောက်ကောင်းတဲ့ ကောင်းမှုလဲ"
    "သည်လိုတော့လည်း ဟုတ်သားပါကလား"
    ဟု ရီးကျီးဒန် တွေးမိသည်။ တွေးမိသည်နှင့်အမျှ ညှိုးငယ်သောမျက်နှာသည် အားတက်သည့်ဘက်သို့ ရောက်လာ၏။

    "နောက်တစ်ခုကလည်း ပရိတ်ရွတ်ဖို့၊ တရားချီးမြှင့်ဖို့ ကြွလာတဲ့ သံဃာတော်များကို နေရောင် မထိုးအောင် ဒီကန့်လန့်ကာက အကာအကွယ်ပေးပြန်တယ်။ သီလရှိတဲ့ ပုဂ္ဂိုလ်တွေအတွက် ပြုရတဲ့ ကောင်းမှုဟာ သာမန်လူတွေအပေါ်မှာ ပြုရတဲ့ကောင်းမှုထက် ကြီးမြတ်တယ်။ အကျိုးထူးတယ်"
    "ဟုတ်ပါ့တော် ဟုတ်တာပေါ့"
    "အေးပေါ့ဟ၊ ဒီလိုတွေးမှပေါ့၊ ခုတော့ သေတဲ့လူကို တွေးပြီး ဆွေးရတယ်လို့။ သူကတော့ မသေ တော့မယ့် အတိုင်းပဲ။ ဒီလိုဆိုရင် ည့်အတွက်လည်း ကြိုကြိုတင်တင် ဆွေးထား"
    "တော်သာသေမှာ၊ ကျုပ်မသေဘူး"

    သွားတစ်ချောင်းမျှမရှိတော့သော ရီးကျီးဒန်၏ အပြုံးသည် တစ်မျိုးတင့်တယ်လှပေ၏။ နှမ်းဖက် ပန်းကန် ကိုင်ပြီး အိမ်ထဲဝင်သြွးလေရာ ရီးဆေးရိုးမှာ တဟဲဟဲရယ်မောကာ ကျန်ရစ်ခဲ့လေသည်။ ရယ်မောရင်းမှ ဟင်းအိုးကို ငုံ့ကြည့်လိုက်သည်။ ဟင်းလျာများ မထည့်ရသေး။ ။ ရေတော့ ထည့်ထားသည်။ အိုးဆေးရန် ထည့်ထားခြင်း ဖြစ်သည်။ ပွတ်သပ်ဆေးကြောရန် လက်လှမ်းလိုက်ပြီးမှ ရီးဆေးရိုး၏ လက်များ တန့်တုံ့ သွားကြသည်။ ရေအိုးထဲမှ ရေနှင့်အတူ ရောနှောပါလာဟန်တူသော ပိုးလောက်လန်း ကလေး များသည် ဟင်းအိုးထဲ၌ ကျွမ်းထိုးနေကြ၏။ ရီးဆေးရိုးမှာ တစ်ချက်ငုံ့ကြည့်ပြီးနောက် ဟင်းအိုးထဲမှ ရေကို ကြမ်းပြင် ပေါ် သို့ သွန်လိုက်လေတော့သည်။

စာရေးသူ - ဆင်ဖြူကျွန်းအောင်သိန်း
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, June 23, 2010

ပန်းသတင်း (ဂျွန် ၂၃)

ကတိ
နတ်မှူး
    သစ္စာတွေ ကတိတွေအကြောင်း ပြောရအောင်။ မင်းက ဘာကောင်လဲမေးရင် ကျွန်တော်က အညတြ ပန်းချီဆရာ တစ်ယောက်ပါ။ မန္တလေး အနုပညာကျောင်းက ပန်းချီသင်တန်းဆင်းပြီး နယ်မြို့ကလေး တစ်မြို့ မှာ အခြေချ လိုက်တယ်။ ၀င်ငွေကကတော့ ရရစားစား ၀ါးဝါးမျိုမျိုပဲ။ လူပျိုလူလွတ်မလို့သာ တော်တော့ တယ်။ အိမ်ထောင်နဲ့ဆို လျှာမြက်ပေါက်ပြီ။ ကျွန်တော်က အပေါင်းအသင်းမင်တယ်၊ အရက်သောက်တယ်။ စာဖတ် ၀ါသနာပါတော့ စာအုတ်တွေဝယ်ဖတ်တယ်။ ဒီလိုနဲ့ ရသမျှငွေ အဖတ်မတင်ခဲ့ဘူး။ အိမ်ကလေး တစ်လုံး တောင် မ၀ယ်နိုင်ခဲ့ဘူး။ အိမ်ငှားနေရတယ်။

    အိမ်ရှင် အဘွားကြီးက မုဆိုးမတစ်ယောက်ဗျ။ စပ်စုတယ်။ အတင်းပြောတယ်။ လောဘကြီးတယ်။ ရပ်ကွက် ထဲက ဆင်းရဲသားတွေဆီက ပစ္စည်းပေါင်းစုံ မတန်တဆအတိုးနဲ့ အပေါင်ခံတယ်။ ငွေက သူ့ အတွက် ဒုတိယဘုရားသခင် ပဲ။ လကုန်ရက်ဆို အိမ်လခတောင်း ဖို့ ရောက်လာပြီး အိမ်လခ မပေးနိုင် သေးရင် ဗျစ်စိဗျစ်စိနဲ့မြည်တွန်တောက်တီးလို့ မဆုံးတော့ဘူး။

နောက်ကျွန်တော့်မကောင်းကြောင်းတွေ ရပ်ကွက်ထဲလျှောက်ပြောတယ်။ အိမ်လခမှန်မှန်မပေးတဲ့ အကြောင်း၊ သောက်စားမူးရူးနေတဲ့အကြောင်း လုပ်တဲ့လုပ်ငန်းအပေါ် ရက်ချိန်းမမှန် ကတိမတည် တဲ့ အကြောင်း ရှေ့နေတစ်ယောက်ရဲ့ ပုံတူကို ငါးရက်နဲ့အပြီးဆွဲ ပေးပါ့မယ်လို့ အာမခံပြီး ပိုက်ဆံသုံးသောင်း ယူထားကြောင်း။ တစ်လကြာတာတောင် မပြီးသေးလို့ ရှေ့နေက ဒေါပွပြီး ပိုက်ဆံပြန်တောင်းနေကြောင်း စသဖြင့် ပေါ့ဗျာ။ ပြန်စဉ်းစားကြည့်တော့ သူပြောတဲ့ကျွန်တော့် အတင်းတွေက အမှန်တွေများတယ်။

    ရှေ့နေတစ်ယောက်ရဲ့ပုံကို ဆွဲဖို့ငွေလိုတာနဲ့ လက်ခံလိုက်တယ်။ ဒါပေမယ့် ဒီရှေ့နေက ဘာကျင့်ဝတ် သိက္ခာမှ စောင့်စည်းတဲ့လူမဟုတ်ဘူး။ တရားတာ မတရားတာ စဉ်းစားမနေဘူး။ ပိုက်ဆံရရင်ဆိတ်ကို ဆင်ဖြစ်အောင် လုပ်တဲ့လူ၊ ဒီလူရဲ့ဓာတ်ပုံကိုကြည့်ပြီး ပုံဆွဲချင် စိတ်ထက်  အန်ချင်စိတ် တွေပေါ်လာမိတယ်။ ဒါနဲ့ မဆွဲဖြစ်တော့ဘူး။ ချောင်ထိုး ထားလိုက်တယ်။ ကြာတော့ သူက စိတ်မရှည်တော့ဘူး။ ပိုက်ဆံ ပြန်တောင်းတယ်။ သုံးပစ်တာနဲ့ ကုန်သွားပြီလေ။ ဒါနဲ့ကျွန်တော်က "ခင်ဗျားပိုက်ဆံ ပြန်ပေးမယ်။ အခု လက်ထဲ ငွေမရှိသေးဘူး။

ပန်းချီကားရောင်းရရင် ပြန်ပေးမယ်"လို့ပြောလိုက်တယ်။ ရှေ့နေလည်း ဒေါဖောင်းပြီး ပြန်သွားတယ်။ ဒါကို အိမ်ရှင်မိန်းမကြီး က ပါးစပ်အရသာခံပြီး ရပ်ကွက်ထဲ အတင်းလုပ်ပြောနေတာ။ ဟုတ်တာဆိုနာလိုခံခက် အမျက်ထွက် ဆိုတဲ့ စကားတယ်မှန်တယ်ဗျာ။ စဉ်းစားတိုင်းဒီမိန်းမကြီးကို အမှုန့်ကြိတ်ပစ်ချင်နေတယ်။ သေချင်းဆိုး မိန်းမကြီး ဒီမိန်းမကြီး ကို ဘယ်လိုဂလဲ့စားချေရပါ့မလဲလို့ အကြံထုတ်နေမိတယ်။

    တစ်ည အရက်ဆိုင် က အပြန်လမ်းမှာ ကောင်မလေးတစ်ယောက် တွေ့ရတယ်။ အသက် နှစ်ဆယ်လောက် ပဲ ရှိသေးတယ်။ မိန်းမပျက်သာဆိုတယ်။ ဖြူဖြူဝင်းဝင်းကျော့ကျော့ ရှင်းရှင်းလေး။ ကိုယ်လုံး ကိုယ်ပေါက်ကလည်း တစ်တစ်ရစ်ရစ် ချစ်စရာလေး လှတိုင်းလည်း မင်းကတော်မဖြစ်ဘဲ အတန်းထဲ ရောက်ရရှာတယ်ဆိုတာ ဒီလိုမိန်းကလေးမျိုးကို ပြောတာနေမှာလို့ အောက်မေ့မိသေးတယ်။ ဟုတ်ပြီ ဒီကောင်မလေးကို ငါ့အိမ်ခေါ်သွားရမယ်။ အိမ်ရှင်မိန်းမကြီးက ငါ့အိမ် မိန်းမပျက် ခေါ်မအိပ်ရဘူးလို့ ပညတ် ထားတယ်။ သူ့စည်းကမ်းကို ချိုးဖောက်တာဟာ သူ့ကို ဂလဲ့စားချေတာပဲ။ ဒီအကြံ သိပ်ကောင်းတယ် ဆိုပြီး ကောင်မလေးကို အိမ်ခေါ်လာတယ်။

    သူ့ကိုကြည့်ပြီး ပန်းချီဆွဲချင်စိတ်ပေါ်လာတယ်။ ဒါနဲ့အသင့်ထောင်ထားတဲ့ ကင်းဘက်(စ်)ပေါ်မှာ သူမရဲ့ ကောက်ကြောင်းတွေကို ရေးချလိုက်တယ်။ စောင်အလွှာပါးကလေးအောက်မှာ သူမဟာအပြစ်ကင်းတဲ့ ကလေး လေးလို မိန်းမောနေတယ်။ စိတ်ပါလက်ပါ ဆွဲလိုက်တာ ပန်းချီကားက တော်တော် အသက်ဝင် လာတယ်။ ဘယ်လိုအရောင်တွေ ထည့်ရမလဲ စဉ်းစားနေတုန်းမှာ သူမက ဖြတ်ကနဲနိုးလာတယ်။ အိပ်ယာ ပေါ်ကထပြီး အ၀တ်အစားတွေ ပြန်ဝတ်နေတယ်။ နောက်ကျွန်တော် ပန်းချီဆွဲတဲ့နေရာကို ရောက်လာ တယ်။

    "ရှင်က ပန်းချီဆရာလား"
    "အေး ဟုတ်တယ်"
    "ဒီပုံက ကျွန်မပုံလား"
    "ဟုတ်တယ်လေ။ ဘာလဲ မတူလို့လား"
    "မတူဘူး။ ကျွန်မက ဒီပုံကထက် ပိုချောတယ်ရှင့်"
    သူမကရယ်ပြီးပြောနေတယ်။ နောက်လက်ကိုဖြန့်လိုက်တယ်။ ကျွန်တော်က အံဆွဲထဲက ပိုက်ဆံတချို့ ကို ထုတ်ပြီး သူ့လက်ထဲကို ထည့်လိုက်တယ်။ နောက်ပန်းချီကားကို ဆက်ဆွဲနေမိတယ်။ တံခါးကို ဆွဲဖွင့် သူမ ထွက်သွားသံ ကြားရတယ်။ အဲဒီညဟာ ကျွန်တော့်အတွက် ငွေကုန်ရကျိုးနပ် တဲ့ ညပဲ။ မိန်းမလှလေး တစ်ယောက် နဲ့ အိပ်ရတဲ့အပြင် ပန်းချီကား တစ်ချပ် ပါ အမြတ်ထွက်ခဲ့တာကိုး။

    ကျွန်တော့အိမ်မှာ အဲဒီကောင်မလေးပုံတွေနဲ့ ဝေေ၀ဆာဆာဖြစ်လာတယ်။ နောက်ကောင်မလေး နဲ့ လည်း တော်တော်သံယောဇဉ်ဖြစ်လာတယ်။ သူ့နာမည်က ပဒုမ္မာတဲ့။ သူပြောတာပဲလေ။ ယုံရတာ မဟုတ်ဘူး။ အဲလိုကောင်မလေးတွေက တစ်ခါတလေ အငယ်လေးဖြစ်လိုက်၊ ချစ်ချစ်ဖြစ်လိုက် မဟုတ်လား။ ထားပါတော့လေ။ သူ့အကြောင်း ကျွန်တော်မေးကြည့်တော့ မပြောချင်ပြောချင်နဲ့ သူကဒီလိုပြောတယ်။

    "ကျွန်မက ကျေးလက် တောရွာလေး တစ်ရွာကရှင့်။ တစ်နေ့တော့ မြို့က ကောင်လေးတစ်ယောက် ရွာကို ရောက်လာတယ်။ ကျွန်မနဲ့ရည်းစားဖြစ်တယ်။ ဒါနဲ့ ကျွန်မသူခေါ်ရာနောက်လိုက်ခဲ့တယ်။ မြို့တစ်မြို့လည်း ရောက်ရော အိမ်တစ်အိမ်မှာ ကျွန်မကိုထားပြီး လစ်သွားတယ်။ နောက်မှ ကျွန်မကို ရောင်းစား သွားတယ်ဆိုတာ သိရတယ်။ ဒါနဲ့ကျွန်မက ဒီလိုဘ၀ရောက်ခဲ့တာပဲ။

    ရုပ်ရှင်တွေ၊ ၀တ္ထုတွေထဲကလို ကယ်တင်ရှုမင်းသား လုပ်ချင်စိတ်ပေါ်လာတယ်။ ဒါနဲ့ကျွန်တော်က
    "မင်းဘ၀ ကို ဒီလိုပဲ ရေစုန်မျောပစ်လိုက်တော့မှာလား"
    "ရှင်"
    "မင်း ဒီပြည့်တန်ဆာ အိမ်မှာ တစ်သက်လုံးနေတော့မှာလားလို့မေးတာ"
    "ဒီအိမ်မှာ မနေလို့ ကျွန်မကဘယ်သွားနေရမှာလဲ"
    "မင်းအိမ် ကို မင်းပြန်ပေါ့။ မင်းမှာ အိမ်မရှိဘူးလား"
    "သူမက ငေးငေးရီရီလေးဖြစ်သွားတယ်။ ပြီး     "ကျွန်မမှာ ဟိုတုန်းကတော့ အိမ်ရှိဘူးတယ်၊ အဖေရယ်၊ အမေရယ်၊ ကျွန်မရယ်၊ မောင်လေးရယ်။ အဲဒီအိမ်ကလေးမှာ ပျော်ပျော်ပါးပါးနေကြတယ်။ ကျွန်မတို့မှာ လယ်ဧက နည်းနည်း လည်း ရှိတယ်။ ဖေဖေက လယ်လုပ်တယ်။ အမေက ထမင်းဟင်းချက် တယ်။ ကျွန်မနဲ့ မောင်လေး က ကျောင်းသွားကြတယ်။ ကျောင်းပိတ်ရက်တွေမှာ အဖေနဲ့အမေ အလုပ် တွေကို ကူလုပ် ရတယ်။ စပါးခင်းတွေထဲ သွားပြီး သီချင်းတကျော်ကျော်အော်ဆိုရတာလောက် ပျော်စရာ ကောင်းတာ မရှိဘူး။ ညဘက်မှာထိန်ထိန်သာနေတဲ့ လရောင်အောက် ထုပ်ဆီးတိုးတမ်း၊ ညောင်ပင်တစ္ဆေတမ်း။ လိပ်ဥ ၀ှက်တမ်း ကစားရတာတွေကို အခုထိမမေ့သေးဘူး။ ကစားလို့မောပြီဆို မုန့်ဆန်းချိုချိုလေးစားပြီး ရေအ၀ သောက် လိုက်ရင် အမောကိုပြေသွားတာပဲ။ ဒါပေမယ့် ကျွန်မ ရှစ်တန်းအရောက်မှာ ကျွန်တို့ဘ၀ကို မုန်တိုင်းစ မွှေတော့တယ်"

    ဘယ်လိုဖြစ်တာလဲ"
    "ကျွန်မအဖေ လယ်ထဲကအပြန် မြွေကိုက်ခံရပြီး သေသွားတယ်။ အမေက ကြိုးစားပြီး ရုန်းကန်ပြီး ကျွန်မတို့ကို ရှာကျွေး ပါသေးတယ်။ ဒါပေမယ့် မလောက်ဘူးလေ။ ဒါနဲ့ကျွန်မကျောင်းက ထွက်လိုက်တယ်။ ရွာထိပ်မှာ အမေနဲ့အတူအကြော်ကြော်ရောင်းရတယ်။ နောက်တော့ အမေ နောက်အိမ်ထောင်ပြု လိုက်တယ်။ အမေ့နောက်ယောက်ျားက အရက်သမား၊ လောင်းကစားသမား၊ ဖဲရိုက်တယ်၊ ဂျင်ထိုးတယ်၊ သူလောင်းကစားလုပ်နေတာနဲ့ ကျွန်မအဖေရဲ့ လယ်ငုတ်လက်ရင်း လယ်ကလေးပြုတ်ထွက်သွားတယ်။ အဆိုးဆုံးက မူးရူးပြီး ကျွန်မကိုကြံစည်လာတာပဲ။ ကျွန်မအိမ်မှာ နေရတာ အရမ်းစိတ်ညစ်တယ်။ တစ်နေရာရာကို ထွက်ပြေးချင်နေတယ်။

ဘယ်ပြေးလို့ပြေးရမှန်းလည်းမသိဘူး။ အဲဒီအချိန်မှာ ရွာကို မြို့သားလူချောရောက်လာတယ်။ သူက ရုပ်ချော သလို အပြောလည်းကောင်းတယ်။ ဒါနဲ့သူ့ကိုယုံပြီး ပုံလိုက်မိတယ်။ နောက်မှသူဟာ လူ မှောင်ခို ပွဲစား တစ်ယောက် ဆိုတာ သိရတယ်။ အဲဒီလိုသိလိုက်ရတဲ့အချိန်မှာ ကျွန်မဘ၀က ရိုက်အခွံခံလိုက်ရတဲ့ ဖန်ခွက် တစ်လုံး ကို တစ်စစီဖြစ်နေပြီ။

    "တစ်ခါလဲ ကျရုံနဲ့ တစ်သက်လုံးလှဲခံတော့မှာလား။ ပြန်ထဖို့မစဉ်းစားဘူးလား"
    "စဉ်းစားတော့ ကော ဘာထူးမှာလဲရှင့်"
    "ဘာလို့မထူးရမှာလဲ။ မင်းကိုမင်း တန်ဖိုးရှိအောင် ထိန်းသိမ်းလို့ရပါသေးတယ်။ မင်းမှာ အချိန်တွေရှိသေးတယ် ပြီးတော့မင်းက အသက်ငယ်သေးတယ်။ ရုပ်ကလည်း လှတယ်။ မင်းကို ချစ်နိုင်တဲ့ သူတွေ ရှိသေးတယ်။ လက်ထပ်ပြီး ပျော်ပျော်ပါးပါးနေလိုက်စမ်းပါ"

    "ကျွန်မလို မိန်းမပျက်ကို ဘယ်သူက လက်ထပ်မှာလဲရှင့်။ ဒီလိုလုပ်ပါ့လား။ အစ်ကို ကျွန်မ ကို လက်ထပ် လိုက်လေ။ ကျွန်မ လိမ်လိမ်မာမာနေပါ့မယ်။ ဇနီးကောင်းလည်း ပီသပါ့မယ်"
    သူကအတည်လိုလိုနဲ့ ကျွန်တော့ကို နောက်နေသေးတယ်။

    "ဒီမှာပဒုမ္မာ မင်းကို ပြည့်တန်ဆာအိမ်မှာ မတွေ့ဘဲ တခြားတစ်နေရာမှာ တွေ့ခဲ့ရင် မင်းရုပ်ရည် ချောချောလေး ကို ကြည့်ပြီး ငါချစ်မိသွားနိုင်တယ်။ မင်းနောက်က တကောက်ကောက်လိုက်ပြီး မင်းအပြုံး တစ်ချက်အတွက် အသက်စွန့်နိုင်တယ်။ မင်းရဲ့အချစ်ကို ရဖို့ ဓားတောင်ကို ကျော်ပြီးမီးပင်လယ်လည်း ဖြတ်နိုင်တယ်။ ဒါပေမယ့်…."
    "ဒါပေမယ့် ဘာဖြစ်မလဲရှင်"

    "ဒါပေမယ့် အခုမင်းက ပြည့်တန်ဆာတစ်ယောက်ဖြစ်နေတယ်။ လေကလေးချွန်လိုက်ရုံနဲ့ မင်းကြိုက်သည် ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ငါ့နောက်ကို လိုက်ရတာပဲမဟုတ်လား။ ငါ့က မင်းရဲ့ဆန္ဒကို ထည့်စဉ်းစား စရာမလိုဘူး။ မင်းကသာငါပြုသမျှ နေရမယ့်ဘ၀ပဲ။ တကယ်တော့ မင်းရဲ့တန်ဖိုးက ငွေစက္ကူ တစ်ထပ် ပဲ။ ငွေပေးရုံနဲ့အိပ်လို့ရတဲ့ မိန်းမတစ်ယောက်ကို ဘယ်ယောက်ျားက လက်ထပ်ယူမှာလဲ"
    "ဒါဖြင့် ဘာကြောင့် ရှင်က ကျွန်မကို လင်ပေးစားနေရတာလဲ"

    "ဒီလိုပြည့်တန်ဆာအိမ်မှာတော့ မင်းဘယ်လင်ကောင်း သားကောင်းရမလဲ။ ဒီနေရာမှာ မင်းရဲ့ လွတ်လပ်မှု့ ကို ရောင်းစားလိုက်ရပြီ။ မင်းလက်နက်ချ အရှုံးပေးလိုက်ရပြီ။ ငမူးငရူးတွေဆီ မင်းရဲ့ ခန္ဓာကိုယ် ကို ပူဇော်လိုက်ရပြီ။ လုပ်အားကို ရောင်းစားရတဲ့ မွဲတေညစ်တူးနေတဲ့ အလုပ်သမားတစ်ယောက်တောင်မှ သူ့ရဲ့ လွတ်လပ်မှုကို လုံးဝပျောက်ဆုံးမသွားဘူး။ အလုပ်ပြီးရင် အိမ်မှာ သူ့မိသားစုနဲ့ ပျော်ပါး နိုင်သေးတယ်။ မင်းစိတ်ပါသည်ဖြစ်စေ၊ စိတ်မပါသည်ဖြစ်စေ အဲဒီအိမ်မိန်းမကြီးအတွက်ပဲ မင်းအလုပ် လုပ်နေ ရမယ်။

မင်းအသွေးအသားတွေ ခန်းခြောက်ပြီး အလှအပတွေ ကုန်ဆုံးသည်အထိ မင်းအလုပ်လုပ်ရမယ်။ ဘယ်လိုပဲ မင်းအလုပ်လုပ်ရမယ်။ ဘယ်လိုပဲ မိတ်ကပ်တွေ၊ နှုတ်ခမ်းနီတွေ ခြယ်သခြယ်သ တစ်နှစ် နှစ်နှစ်အတွင်း မင်းရဲ့ ရုပ်ရည် ကျဆင်းလာတယ်။ ဒီလိုရုပ်ရည် ကျဆင်းလာတာနဲ့အမျှ မင်းရဲ့ဈေးနှုန်းကလည်း ကျလာမယ်။ အေအိုင်ဒီအက်(စ်)လို ရောဂါဆိုးကြီးတစ်ခု ကပ်ငြိလာပြီ ဆိုပါစို့။ သူတို့မင်းကို ဘာလုပ်ကြမယ် ထင်သလဲ။

    "ကန်ထုတ်လိုက်မှာပေါ့"
    "မှန်တယ်။ မင်းဟာ သေတာတောင် ဂုဏ်သိက္ခာရှိရှိသေရမှာ မဟုတ်ဘူး။ ပြီးလွယ်စီးလွယ် အမှိုက်ကို ရှင်းသလိုမျိုး မြှုပ်နှံကြလိမ့်မယ်။ မင်းအတွက် ၀မ်းနည့်မယ့်သူ မျက်ရည်ကျမယ့်သူ၊ ဆုတောင်းပေးမယ့်သူ တစ်ကောင် တစ်မြီးမှ ရှိမှာမဟုတ်ဘူး။ လောကကြီးထဲမှာ မင်းက ဘယ်တုန်းကမှ သက်ရှိထင်ရှား မရှိခဲ့ သယောင် ကွယ်ပျောက်သွားလိမ့်မယ်။ အဲဒီအချိန်ကျမှ "ကျွန်မ လောကကြီးထဲကို ပြန်လာပါရစေ။ ကျွန်မ ဟာ ဘ၀မဟုတ်ခဲ့ပါဘူး။ ခြေသုတ်ဖုံလို၊ ပလုပ်အကျင်းခံလိုက်ရတဲ့ ရေတစ်ခွက်ကို သူတို့သုံးကြတာပါ။ အသက် ရှင်ဖို့ အခွင့်အရေးလေး နောက်တစ်ကြိမ်လောက်ပေးပါဦး"လို့ အော်ဟစ်ပြောချင်လည်း အလကား ပဲ ပဒုမ္မာ"

    "ဒါဆိုကျွန်မက ဘာလုပ်ရမှာလဲ"
    "နေရာသစ်တစ်ခုမှာ မင်းဘ၀ကို အသစ်စရမှာပေါ့။ မင်းသာ မင်းဘ၀ကို တန်ဖိုးထားပြီး ရိုးရိုးကုပ်ကုပ်နေမယ်ဆိုရင် မင်းရုပ်ရည်နဲ့ဆို မင်းကို သားမှတ်မှတ်၊ မယားမှတ်မှတ် ပေါင်းမယ့် ယောက်ျား မျိုး မြေကြီးလက်ခတ် မလွဲတွေ့မှာပဲ။ ဒီပြည့်တန်ဆာ အိမ်မှာနေပြီး လင်ကောင်း သားကောင်း မျှော်နေလို့ ကတော့ မောရုံပဲရှိတယ်။ မင်းဖောက်သည်တွေထဲက တစ်ယောက်ယောက်ကို မင်း လက်ထပ် ယူဖို့ ပြောကြည့် ပါလား။ မင်းကို ပါးရိုက်မသွားရင် ကံကောင်းပဲ။ သူကိုယ်တိုင် နှစ်ပြား မတန် ပေမယ့် မင်းမျက်နှာ ကို တံတွေးနဲ့ထွေးမသွားဘူးဆိုရင် တောင် မင်းကိုကြည့်ပြီး ရယ်နေလိမ့်မယ်"
    "အချစ်ဆိုတာ တကယ်ကောရှိရဲ့လားရှင်"

    "ဟာဘယ့်နှယ်မရှိရမှာလဲ။ အချစ်ဆိုတာ ဟိုးကမ္ဘာဦးအစကတည်းက ရှိခဲ့တယ်။ ဟိုသီချင်းထဲကလိုပေါ့။ အဘိုး က အဘွားကိုချစ်တယ်။ အဖေက အမေ့ကိုချစ်တယ်။ ငါကလည်း မင်းကိုချစ်တယ်ဆိုတာလေ။ မင်းအဖေ က မင်းအမေကို မချစ်ခဲ့ဘူးလား"
    "ဟာချစ်တာပေါ့ရှင်။ အဖေက အမေ့ကို တုန်နေအောင် ချစ်တာရှင့်"

    "အဲဒါအချစ်ပေါ့ ပဒုမ္မာ၊ တစ်ချိန်မှာ မင်းဟာ မင်းအဖေလို ချစ်တတ်တဲ့ ယောက်ျားတစ်ယောက် တွေ့လာပါလိမ့်မယ်။ နောက်ချစ်စရာသား သမီးလေးတွေ မွေးဖွားလာမယ်။ မင်းရင်ခွင်ထဲမှာ နို့စို့နေတဲ့ နီတာရဲကလေးငယ် တစ်ယောက်ကို စိတ်ကူးကြည့် လိုက်စမ်း။ ၀၀ကစ်ကစ်လေး၊ ခြေကားယား လက်ကားယားနဲ့ မင်းရင်ထဲကို တိုးဝှေ့နေတဲ့ ဒီကလေးရဲ့ ခြေဖ၀ါးလက်ဖ၀ါးတွေက နူးညံ့အိစက်လို့ မျက်လုံး တွေကလည်း အရာရာကို သိနေသလိုမင်းကို ငေးမောလို့၊ သွားလေးတွေပေါက်လာတဲ့အခါ မင်းရဲ့နို့သီးဖျားကို စစ်ကနဲနာအောင် ကိုက်ချင်လည်း ကိုက်မိမှာပေါ့။ သူက မင်းရင်ခွင်ထဲကနေ မင်းကို မျက်လုံး စွေကြည့်ပြီး"တွေ့တယ်မဟုတ်လား။ အမေ့ကို သမီးကိုက်ပစ်လိုက်ပြီလို့" ပြောနေသလိုပဲ။ အဲဒီမြင်ကွင်း ကိုကြည့်ပြီး မင်းယောက်ျားက ပြုံးပြုံးကြီး ကြည်နူးလို့ စဉ်းစားကြည့်စမ်း ကလေးရယ် အမေရယ် အဖေ ရယ် မိသားစုဘ၀ ဘယ်လောက်ပျော်စရာကောင်းလိုက်။ ဒါဟာအချစ်ပဲပေါ့"

    "ကျွန်အဲလိုဘ၀မျိုး တကယ်ရောက်နိုင်တယ်ပေါ့"
    "ဟ ဘာလို့မရောက်နိုင်ရမှာလဲ။ သေချာပေါက်ရောက်နိုင်တာပေါ့။
    သူမရဲ့မျက်လုံးတွေက အရောင်တလက်လက် တောက်ပလာတယ်။ နောက်မကြာခင်မှာ ပြန်ပြီး မှေးမှိန်သွားတယ်။ သက်ပြင်းတစ်ချက်ချလိုက်ပြီး
    "ရှင် ၀တ္ထုတွေထဲက စကားလုံးတွေ ရွတ်နေတာမဟုတ်လားဆိုပြီးတော့ စွပ်စွဲနေတယ်။ ကျွန်တော်က
    "အတိအကျပဲဗျာ။ ရုရှားစာရေးဆရာ ဒေါ်စတိုယက်ရဲ့မြေအောက်မှ မှတ်တမ်းများစာအုပ် ထဲက စကားလုံးတွေပေါ့"လို့ ပြန်ပြောလိုက်တယ်။ စိတ်ထဲကပါ၊ ဘယ်တကယ်ပြောပါ့မလဲ၊ ကိုယ်သိက္ခာ ကျသွားမှာပေါ့ နောက်ခပ်တည်တည်နဲ့ "ဒီမှာပဒုမ္မာ ငါဟာ ပန်းချီဆရာတစ်ယောက်ပါ။ တစ်နည်းအားဖြင့် ပြောရရင် အနုပညာသမားတစ်ယောက်ပဲ။ အနုပညာသမားဆို လောကကြီးရဲ့ အရုပ်ဆိုးမှုတွေကို လှပအောင် အမှောင်ထုတွေကို လင်းလက်အောင် လုပ်ဖို့ တာဝန်ရှိတယ်။ ငါပြောတဲ့ စကားတွေဟာ မင်းဘ၀ကို လှပဖို့၊ လင်းလက်ဖို့ အနုပညာသမားတစ်ယောက်အနေနဲ့ မီးမောင်းထိုးပေးလိုက်တာပဲ။

ဒီစကားတွေက ရုပ်ရှင်တွေ၊ ၀တ္ထုတွေထဲက မင်းသားတွေ ပြောတာနဲ့ တူချင်တူနေမယ်။ ဒါပေမယ့် ငါက မင်းသားနဲ့မတူဘဲ ယင်ကောင်တစ်ယောက်နဲ့တူတယ်လို့ မင်းထင်ချင်နေမယ်။ "ရှင်လည်း ယင်ကောင်လိုအညှီတွေ့ရင် အုံတတ်တာပဲမဟုတ်လား"လို့ မင်းတွေးကောင်းတွေးနေမိတယ်။ ဟုတ်တယ်။ မင်းတွေးတော အမှန်ပဲ။ ငါဟာ မင်းသားနဲ့ မတူတဲ့ အပြစ်အနာအဆာတွေနဲ့ လူတစ်ယောက်ပါ။ တပြိုင်နက်မှာပဲ ငါဟာ မင်းဘ၀ကိုလွတ်မြောက်စေ ချင်တယ်။ ဒီအတွက် မင်းကို ကြီးမားတဲ့ စကားလုံး တွေနဲ့ ပစ်ပေါက် ခဲ့တယ်။ နိဂုံးချုပ်လိုက်တော့ မင်းဘ၀ကို လွတ်မြောက်အောင် လုပ်နိုင်တာက ငါမဟုတ် ဘူး။ တခြားဘယ်သူမှလည်းမဟုတ်ဘူး။ ဒီလိုလွတ်မြောက်အောင် လုပ်နိုင်သူဟာ မင်းကိုယ်တိုင်ပဲ ပဒုမ္မာ၊ ထိုင်နေလိ့တော့ ဘာမှ မဖြစ်နိုင်ဘူးဆိုတဲ့ သီချင်း မင်းကြားဖူးတယ်မဟုတ်လား။ လမ်းမလျှောက်ဘဲနဲ့တော့ ခရီး မရောက်နိုင်ဘူး"

    သူမအားရပါးရပြုံးလိုက်ပြီး ကျွန်တော့်ပါးကို ရွက်ကနဲနေအောင် နမ်းလိုက်တယ်။ ပြီးမှ
    "ရှင်သိပ်အပြောကောင်းတာပဲ။ ပန်းချီဆရာမလုပ်ဘဲ ဘီအီးဒီအောင်သိုက် တို့လို ပြဇာတ်မင်းသား လုပ်စား ဖို့ကောင်းတယ်။ ဒါပဲနော် ဒီညကျွန်မ ဒီမှာအိပ်မယ်"
    "ကောင်းပြီလေ။ မအိပ်ခင် ထုံးစံအတိုင်း ငါပန်းချီဆွဲဖို့ မော်ဒယ်လုပ်ပေးရမယ်။ နောက်ပြီး မင်းအစောကြီးထပြန်ရမယ်နော်။ အိမ်ရှင်အဘွားကြီးနိုးလို့ မိသွားရင် မိုးမီးလောင်သွားမယ်"
    "စိတ်ချစမ်းပါ အချစ်ရယ်"

    မနက်လင်းတော့ ဘယ်အချိန်ထထွက်သွားမလဲမသိဘူး ကောင်မလေးမရှိတော့ဘူး။ နောက်ကျွန်တော့ စားပွဲပေါ် မှာ စာကလေးတစ်စောင် ဖန်တုံးလေးနဲ့ ဖိထားတာ တွေ့ရတယ်။ ယူဖတ်ကြည့်လိုက်မိတယ်။

    ပန်းချီဆရာကိုဝသန်

    ညကကျွန်မတစ်ညလုံးအိပ်မပျော်ဘူး၊ ရှင်ပြောတဲ့ စကားတွေကို အသေအချာ စသ်းစားနေမိတယ်။ မှန်တယ်။ ရှင်ပြောတာတွေအားလုံး အမှန်တွေပဲ။ ညတွင်းချင်းပဲ ကျွန်မဆု့းဖြတ်ချက် တစ်ခု ပြတ်ပြတ်သားသား ချလိုက်တယ်။ အဲဒါက ရှင်ပြောသလိုပဲ ကျွန်မဘ၀ကို တည့်မတ်အောင် ထိန်းကျောင်းဖို့နဲ့ တန်ဖိုးရှိအောင် ပြုပြင်ဖို့ပဲ။ စိတ်ချပါ။ ကျွန်မဟာ ရှင်ဖြစ်စေချင်သလို မိန်းမကောင်းတစ်ယောက်ဖြစ်ပါစေ့ရမယ်လို့ ရှင့်ကို ကျွန်မကတိပေးတယ်။

    နောက်ရှင့်စားပွဲအံဆွဲထဲက ငွေသုံးသောင်းယူသြွးတယ်။ ကျွန်မတို့ အမေလို့ခေါ်တဲ့ ပြည့်တန်ဆာခေါင်း မိန်းမကြီးကို အကြွးနှစ်သောင်းဆပ်ရမယ်။ တစ်သောင်းက ကျွန်မလမ်းစရိတ်ပေါ့။ ဒီငွေကိုလည်း တစ်နေ့နေ့ ပြန်ဆပ်ပါ့မယ်လို့ ရှင့်ကိုကတိပေးပါတယ်။

    အချစ်များစွာဖြင့်
             ပဒုမ္မာ

    စာကိုဖတ်ပြီး ကျွန်တော်ခေါင်းမီးတောက်သွားတယ်။ စားပွဲအံဆွဲကို ဖွင့်ကြည့်လိုက်တော့ ငွေတွေမရှိတော့ဘူး။ ဒီငွေသုံးသောင်းက ဟိုရှေ့နေကို ပြန်ပေးဖို့ သူငယ်ချင်းတစ်ယောက်ဆီက ချေးထား တာ။ လာမယ့်သောကြာနေ့ ဒီငွေသုံးသောင်းပေးရင်ပေး မပေးရင် တရားစွဲတော့မယ်လို့ ရှေ့နေက ရပ်ကွက်ရုံးမှာ ခေါ်ပြီး သတိပေးထားတယ်။ ပြည့်တန်ဆာတစ်ယောက်ကို စာရိတ္တပြုပြင် ရေး တရားဟောပြီး ရုပ်ရှင်ဝတ္ထုတွေထဲက ဇာတ်လိုက် ပုံအရူးထချင်တဲ့အကောင်ကောင်းတယ်။ ကိုယ့်အပြစ် နဲ့ကိုယ်ခံ လိုက်စမ်းဟေ့လို့ ဒေါပွပွနဲ့ ရေ၇ွတ်နေမိတယ်။ ဟိုမိန်းမပျက်ရဲ့ ပုံတူပန်းချီကားတွေကို ဓားနဲ့ထိုးခွဲဖို့ စဉ်းစားမိသေးယတ်။ မိအေး နှစ်ခါနာဖြစ်လိမ့်မယ်။ ဒီပန်းချီကားတွေက ရောင်းစား လို့ ရသေးတယ် ဆိုပြီး သေတ္တာတစ်လုံးထဲမှာ သော့ခတ် သိမ်းထားလိုက်တယ်။

    တောင်ကြီးလက်ဖက်ရည်ဆိုင်ကိုသွားပြီး မနက်စာစားလိုက်တယ်။ောင်ကျတ်ထားတဲ့ ကင်းဘတ်(စ်)ကို စတဲင်းပေါ်တင်ပြီး ရှေ့နေပံကို စဆွဲဖို့ ပြင်ဆင်လိုက်တယ်။ စိတ်ကိုတည်ငြိမ်အော် ထိန်းလိုက်တယ်။ မေတ္တာသုတ် ကို ရွတ်လိုက်တယ်။ ဘာသိက္ခာမှ မရှိတဲ့ရှေ့နေကိုမေတ္တာမျက်စိနဲ့ ကြည့်နိုင်အော် ကြိုးစား လိုက်တယ်။ နောက်ပုံတူစဆွဲတယ် စိတ်ဝင်တစား ဆွဲကြည့်လိုက်တယ် ခဏနဲ့ ပုံကြမ်းပြီးသွားတယ်။ အရောင်တွေ ထည့်ရဦးမယ်။ ဒီအကောင်ဟာ မာန်နတ်မင်းရဲ့ လက်ပါးစေပဲ။ လောဘ၊ ဒေါသ၊ မောဟ အရောင်တွေ နဲ့ လွှမ်းခြုံပစ်ရမယ်ဆိုတဲ့ စိတ်ဆိုးစိတ်ညစ်တွေ ပေါ်လာသေးတယ်။ နောက်မှ စိတ်ကို လျှော့ပြီး လူ့ဂုဏ်သိက္ခာထင်ဟပ်လာအောင် ဆေးဆိုးပေးလိုက်တယ်။

    သောကြာနေ့ ရောက်တော့ ရပ်ကွက်ရုံးမှာ ရှေ့နေရဲ့လက်ထဲ သူ့ပုံတူကို ထည့်လိုက်တယ်။ ဒီပုံကို ယူချင်ယူ မယူချင် ကျွန်တော့်ကို အချုပ်ထဲထည့်လိုက်ပါ။ ပိုက်ဆံသုံးသောင်းတော့ ပေးစရာမရှိဘူး"လို့ ရပ့်ွက်လူကြီးတွေရှေ့မှာ ရှေ့နေကို ပြောလိုက်တယ်။ သူ့ပုံတူကိုကြည့်ပြီး ရှေ့နေက တအား သဘောကျ နေတယ်။ အပြင်မှာထက်ပုံထဲက အရမ်းသားနားနေတာကိုး။ ရပ်ကွက် လူကြီး တွေကလည်း "ပုံက တော်တော် အသက်ဝင်တယ်။ ရှေ့နေမင်းရဲ့ ဥပဓိက တယ်ခန့်ညားသကိုး၊ ပန်းချီကား ထဲ ရှေ့နေမင်း ကိုယ်တိုင် ၀င်ရပ်နေသလားအောက်မေ့ရတယ်"နဲ့ တစ်ယောက်တစ်ပေါက် ၀ိုင်းချီးကျူးကြတယ်။ ရှေ့နေ လည်း ပန်းချီကားကြီးပိုက်ပြီး ပြုံးပြုံးကြီး ပြန်သွားတယ်။ ဒီတော့မှ ဟင်းကနဲ သက်ပြင်းချနိုင်တယ်။

    တစ်ပတ် နှစ်ပတ်လောက်အထိ ညဆိုကောင်းကောင်းအိပ်မပျော်ဘူး။ ငွေသုံးသောင်းဘတ် သွားတဲ့ ပဒုမ္မာဆိုတဲ့မိန်းမပျက်ကို ဒေါပွနေမိတယ်။ ဒီငွေကို တစ်နေ့ရှင့်ကို ပြန်ဆပ်ပါ့မယ်လို့ ကတိပေးပါတယ်တဲ့။ ထွီ ရယ်တောင်ရယ်ချင်သေးတယ်။ အတန်းထဲက မိန်းမတစ်ယောက်ရဲ့ ကတိကိုယုံကြည်အောင် ကျွန်တော်ကရူးသလားဗျာ။ တစ်နေ့ မနက်အိမ်ရှင်အဘွားကြီး ရန်ကုန်ကပြန်လာတယ်။ အိမ်ထဲလည်း ရောက်ရော "အောင်မယ်လေး ဆုံးပါပြီတော့"လို့ အော်ငိုသံ ကြားရတယ်။ သူ့အမျိုးတစ်ယောက်ယောက် သေလို့ လားဆိုပြီး အိမ်နီးချင်းတွေ ၀ိုင်းလာကြတယ်။ ကျွန်တော်မေးကြည့်တော့ လူသေတာမဟုတ်ဘဲ ငွေဆုံး တဲ့ ကိစ္စ ဖြစ်နေတယ်။

    ဖြစ်ပုံကဒီလိုဗျ။ အဘွားကြီးကရန်ကုန်က အကျိုးဆောင်လုပ်ငန်းတစ်ခုမှာ တစ်လသုံးကျပ် အတိုးနဲ့ ငွေဆယ့်ငါးသိန်းအပ်ထားတယ်။ ပထမတော့ လစဉ်အတိုးမှန်မှန် ပေးသေးတယ်။ အဘွားကြီးက တပြုံးပြုံးနဲ့ "လောကကြီးမှာ ငွေရှိဖို့လိုတယ်။ ငွေကိုခိုင်းစားတတ်ရင် ဖင်လှည့်ခေါင်းလှည့်နဲ့ ပိုက်ဆံရတယ်။ ဘာမှပူစရာ မလိုဘူး။ ငွေမရှိတဲ့သူတွေသာ ကိုယ့်လုပ်အားရောင်းစားပြီး ဒေါင်ချာစိုင်းနေတာ။ ဟိုပန်းချီဆရာ ကြည့်ပါလား။ သူ့ပန်းချီကား ရောင်းချင်လိုက်တာ ရူးနေတာပဲ။

ဘယ်သူမှ ၀ယ်မယ့်သူမရှိဘူး။ အိမ်လခတောင် အနိုင်နိုင်ရှာနေရတယ်"နဲ့ လူကိုသိက္ခာချလိုက်သေးတယ်။ အခုထိပြီ…. သူအပ်ထားတဲ့ အကျိုးဆောင်လုပ်ငန်းက ဒေ၀ါလီခံလိုက်ပြီ။ အဲဒီအကျိုးဆောင်လုပ်ငန်းက လူကြီးလူကောင်း ဆိုတဲ့လူတွေကို သူဘယ်သွားရှာရမှန်းမသိတော့ဘူး။ ဆင်းရဲသားတွေဆီက မတန်တဆ အတိုးနဲ့ ယူထားတဲ့ ပိုက်ဆံတွေ လူကြီးလူကောင်းအရေခြုံတွေရဲ့ အရက်ဖြစ်သွားပြီ။

    လူကြီးလူကောင်းဆိုတဲ့ လူတွေတောင် လူအများ၇ဲ့ ပိုက်ဆံကို ရိုက်စားလုပ်သေးတာ။ ပြည့်တန်ဆာတစ်ယောက် ငွေသုံးသောင်း တွမ်သွားတာ ဘာဆန်းသလဲဗျာ။ သူ့ရဲ့ညကြေးစာရင် နည်းနည်းများ သွားပဲရှိတယ် ကျွန်တော်ပန်းချီဆွဲဖို့ မော်ဒယ်ထိုင်ပေးတဲ့ အဖိုးအခအဖြစ် သတ်မှတ် လို့တောင်ရသေးတယ်။ ပိုက်ဆံတွေ နှမျောလွန်းလို့ အိပ်ရာထဲလဲသွားတဲ့ အဘွားကြီးနဲ့စာရင် ကျွန်တော့ဆုံးရှုံးမှုက အကင်းပဲရှိတယ်။ ဒီလိုစိတ်ဖြေလိုက်တော့ ကျွန်တော် နေသာထိုင်သာရှိသွားတယ်။ ကြာတော့ ပဒုမ္မာဆိုတဲ့ ကောင်မလေးနဲ့ တွေ့ဘူးပါလားဆိုတာကိုတောင် မေ့သွားတယ်။
    နှစ်တွေအလီလီ ပြောင်းခဲ့ပေမယ့် ကျွန်တော့်ဘ၀ကတော့ ထုံးစံအတိုင်းလုံးလည် လိုက်ဆဲပါပဲ။ တစ်နေ့မနက် ကျွန်တော်ငှားနေတဲ့အိမ်ကို လူတစ်ယောက်ရောက်လာတယ်။

"ပန်းချီဆရာကိုဝသန်ပါလားဗျာ"လို့မေးတယ် ကျွန်တော် ခေါင်းညိတ်ပြီး "ဘာကိစ္စလဲဗျာ။ အလုပ်အပ်ချင် လို့လား"လို့မေးတော့ သူက ခေါင်းရမ်းပြတယ်။ "ကျွန်တော် မြချစ်ရဲ့ယောက်ျားပါ။ ဆရာ့ကို ငွေသုံးသောင်း လာအကြွေးဆပ်တာပါ'လို့ပြောတယ်။ "ဟာ ခင်ဗျားလူမှားနေပြီ။ မြချစ်ဆိုတဲ့အမျိုးသမီးကို ကျွန်တော် မသိပါဘူး"လို့ ပြန်ပြောလိုက်တယ်။ သူက ကျွန်တော့အခန်းထဲက ပန်းချီကားတွေကို ဝေ့၀ဲ ကြည့်နေတယ် တစ်နေရာရောက်တော့ "ဟိုပန်းချီကားထဲက အမျိုးသမီး"လို့ အော်လိုက်တယ်။ ဒီတော့မှ သူပြောတဲ့ အမျိုးသမီးက ပဒုမ္မာဆိုတာ သိရတယ်။ ပဒုမ္မာရဲ့ပန်းချီပုံတူကား ခြောက်ကားရှိတယ် ငါးကား ရောင်းရပြီ ဒီတစ်ကားက နောက်ဆုံးလက်ကျန်ပဲ။ ကျွန်တော်က အကျိုးကြောင်းမေးကြည့်တော့ သူက ဒီလို ပြောတယ်။

    "ကျွန်တော်က ဘိုကလေးမြို့နယ်ထဲက ရွာကလေးတစ်ရွာကပါ။ တစ်နေ့ ကျွန်တော်တို့ ရွာက ကုန်စုံ ရောင်းတဲ့ ဒေါ်အေးမ ရန်ကုန်ကအပြန် ကောင်မလေးတစ်ယောက်ပါလာတယ်။ သူ့နာမည်က မြေချစ်တဲ့ ရန်ကုန်မှာ ယောင်လည်လည်ဖြစ်နေလို့ ခေါ်လာတာ။ ဒေါ်အေးမ ရန်ကုန်ကအပြန် ကောင်မလေး တစ်ယောက်ပါလာတယ်။ သူ့နာမည်က မြေချစ် တဲ့ ရန်ကုန်မှာ ယောင်လည်လည်ဖြစ်နေလို့ ခေါ်လာတာ။ ဒေါ်အေးမက သားထောက် သမီးခံမရှိတော့ သူ့ကို သမီးအဖြစ် မွေးစားလိုက်တယ်။ ဒီကလေးမက အနေအထိုင် ကောင်းသလောက် သွက်လက်ချက်ချာတယ်။ မကြာခင်မှာ ဒေါ်အေးမရဲ့ အရောင်းအ၀ယ် လုပ်ငန်းမှန်သမျှ မြေချစ်ခြေမြေချစ်လက် ဖြစ်လာတယ်။ ရုပ်ကလေးကလှ၊ အလုပ်အကိုင်လည်း ဖြစ်တော့ ရွာက ကာလသားတွေဝိုင်းပြီး ပိုးပမ်းကြတယ်။ အဲဒီအထဲမှာ ကျွန်တော်လည်း ပါတယ်။ နောက်ဆုံးတော့ ကျွန်တော် နဲ့မေတ္တာမျှသွားကြတယ်"

    အော်ပဒုမ္မာ သူချစ်တတ်သွားပြီပဲ။ ဟိုလူက စကားဆက်ပြန်တယ်။
    "ဒီလိုနဲ့ ကျွန်တော်က လက်ထပ်ဖို့ပြောတော့ သူက ထူးထူးဆန်းဆန်း စကားတစ်ခွန်းပြောလာတယ်။ ကျွန်မ ဟာ ပြည့်တန်ဆာတစ်ယောက် ဖြစ်ူးတယ်။ ရှင်စိတ်သတီမှ လက်ထပ်ပါ"ဆိုတဲ့စကားပဲ ကျွန်တော်က "ဒီမှာ မြေချစ် ငါချစ်တာ အခု မြေချစ်ကိုပဲ အတိတ်က မင်းဘာဖြစ်ခဲ့ဖြစ်ခဲ့ မင်းကို ငါလက်ထပ်ယူမယ်။ တစ်ခုတော့ရှိတယ်။ မင်းငါ့အပေါ် သစ္စာရှိရှိနဲ့ ရိုးရိုးသားသား နေထိုင်သွားဖို့တော့ လိုတာပေါ့ကွာ"လို့ ပြန်ပြောလိုက်တယ်။ သူက "ရှင်စိတ်ချစမ်းပါ။ ကျွန်မအရင်ဘ၀ကို ပြန်မသွားတော့ဘူးလို့ အခိုင်အမာ ဆုံးဖြတ် ထားတယ်။ နောက်ရှင့်ကို သစ္စာရှိရှိ ချစ်သွားပါ့မယ်လို့ ကျွန်မကတိပေးတယ်"လို့ ကျွန်တော့်ကို ပြောတယ်။ မှန်ပါတယ်။ သူဟာ သူပြောသလိုနဲ့ ကျွန်တော့်အပေါ် သစ္စမြဲခဲ့ပါတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ ဘ၀မှာ မြေသစ်ဆိုတဲ့ သားကလေးတစ်ယောက် တိုးပွားလာခဲ့တယ်။ ကျွန်တော်တို့အတွက် တော်တော် ပျော်စရာ ကောင်းတဲ့အချိန်တွေပေါ့လေ"

    "ပဒုမ္မာ အဲ မြေချစ်သူ အခုဘယ်မှာလဲ"
    "သူသေသွားပြီ။ မြေသစ် သုံးနှစ်သားလောက်မှာ ဒုတိယကိုယ်ဝန်ရှိလာတယ်။ သူကိုယ်ဝန် ရှစ်လလောက် မှာ နာဂစ်မုန်တိုင်းတိုက်လာတယ်။ ညအမှောင်ထဲ ပြေးရင်းလွှားရင်း ရေလှိုင်းတွေ ခေါ်ဆောင်ရာနောက် သူပါသွားခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်တော်က ရန်ကုန်ကို ကုန်ဝယ်ရောက်နေတယ်။ ကျွန်တော် ပြန်ရောက်တော့ သူ့အလောင်းကို ရှာမရတော့ဘူး"
    "ဘုရား ဘုရား"

    "သူက ကိုဝသန်ဆိုတဲ့ ပန်းချီဆရာတစ်ယောက် အကြောင်းခဏခဏ ပြောတယ်။ သူပြည့်တန်ဆာဘ၀က လွတ်မြောက်ပြီး အခုလို မိသားစုနဲ့ သိုက်သိုက်ဝန်းဝန်း နေနိုင်တာ အဲဒီပန်းချီဆရာကြောင့်တဲ့ နောက် ငွေသုံးသောင်း အကြွေးတင်နေတယ်။ ပြန်ဆပ်ပါ့မယ်လို့လည်း သူကတိပေးခဲ့တယ်။ အခွင့်သာတဲ့တစ်နေ့ ပြန်ဆပ် ရမယ်တဲ့။ ဒါပေမယ့် သေသွားတယ်။ မဆပ်နိုင်ခဲ့ဘူး။ အခုသူ့ကိုယ်စား ကျွန်တော်လာဆပ်တာပါ"
    "ဟာမဟုတ်တာဗျာ ဒီငွေကို ကျွန်တော်မယူပါရစေနဲ့။ ခင်ဗျားတို့ ဒီလောက်ဒုက္ခရောက်နေတာ ကျွန်တော် မယူရက်ပါဘူး"
    သူက ငွေကို လက်ထဲ ဇွတ်ထိုးထည့်လိုက်တယ်။
    "ယူလိုက်ပါဆရာ။ ဟိုတလောက သူကျွန်တော့်ကို အိမ်မက်ပေးသေးတယ်။ ဒီငွေကို ပြန်ဆပ်ဖြစ်အောင် ဆပ်ဖို့ ငိုယိုပြီး ပြောနေတယ် ဒါကို စိတ်စွဲပြီး မကျွတ်မလွတ်ဖြစ်နေပြီလားဆိုပြီး ကျွန်တော် စိတ်ပူ နေမိတယ်"

    "ဒါနဲ့ ခင်ဗျားတို့ သားလေးကော နာဂစ်ထဲပါသွားသေးလား"
    "မပါဘူး ဆရာ၊ သူမသေဘူး၊ လာမယ့်နှစ်မှာသူ့ကို ကျောင်းထားရတော့မယ်"
    "ဒါဆိုရင် ဒီကလေးအတွက် ကျောင်းစရိတ် ကျွန်တော်လှူလိုက်တယ်လို့ သဘောထားပြီး ဒီငွေကို ပြန်ယူသွားပါ။ ဒီ့အတွက် ခင်ဗျားမိန်းမ တမလွန်က ကျေနပ်နေမှာပါ"

ကျွန်တော်တိုက်တိုက် တွန်းပြောမှ သူကငွေကိုယူပြီး ပြန်သွားတယ်။ သူပြန်သွားတော့ ပဒုမ္မာ ဆိုတဲ့ ကောင်မလေး အကြောင်း တစိမ့်စိမ့်တွေးနေမိတယ်။ မိန်းမပျက်တစ်ယောက် ကတိတည်နေတာ အံ့သြစရာတော့ အကောင်းသား။ ဒါပေမယ့် ကောင်မလေး ကံဆိုးရှာတယ်။ လင်နဲ့သားနဲ့ ကြာကြာ မနေလိုက် ရရှာဘူးနဲ့ တွေးကောင်းနေတုန်း "ဟဲ့ပန်းချီဆရာ ဘယ်သွားလဲ။ ဒီကနေ့ အိမ်လခပေးပါ့မယ်လို့ ချိန်းထားတယ် မဟုတ်လား။ အရင်လခနဲ့ဆို နှစ်လစာဖြစ်သွားပြီ။ တကတည်းတော် မရှိလို့ အိမ်ငှား စားတယ်။ ကံဆိုးတော့ ငမွဲနဲ့လာတွေ့နေရတယ် ဟဲ့ပန်းဆရာ" နဲ့ အိမ်ရှင်စုန်းမကြီး ရဲ့ အော်ခေါ်သံ ကြားရတယ်။ ဟုတ်သားပဲ ဒီကနေ့ အိမ်လခနှစ်လစာပေးပါ့ မယ်လို့ ကတိပေးထားတယ်လေ။ ဒါပေမယ့် ပိုက်ဆံ က ဘယ်လိုမှ ရှာလို့မရဘူး။ ဒါနဲ့ ကျွန်တော်လည်း သူမသိအောင် နောက်ဖေးပေါက်က အသာလေး လစ်ထွက်ခဲ့တော့တယ်။

ပေဖူးလွှာ ဂျွန် ၂၀၁၀
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, June 22, 2010

ပန်းသတင်း (ဂျွန် ၂၂)

ပွဲထိန်း
ဦးဆွေ(ဒဿနိက)

(၁)
မကွေးကနေလာရင် နှစ်ဆယ့်လေးမိုင်အကွာ၊ နတ်မောက်ကလာရင် ဆယ့်နှစ်မိုင်အကွာ၊ အဲဒီနေရာမှာ ကြာကန်ရွာရှိပါတယ်။ မကွေးမြို့နယ်ရဲ့ အဆုံး၊ အုပ်စုရွာကြီးပေါ့။ နတ်မောက်မြိုကနယ်ထဲက တမလန်းပင်၊ တက်ဝန်ဆိုတဲ့ ရွာတွေက ထွေလျာတွေ၊ ထော်လာဂျီတွေ၊ ကားတွေ၊ မြို့သစ်မြို့နယ်ထဲက လေးတိုင်စင်၊ ဖိုကြီး၊ နတ်ရွာဆိုတဲ့ ရွာတွေက ထွက်တဲ့ကားတွေကြောင့် မကွေးနဲ့ နတ်မောက် ကားလမ်းပေါ်မှာရှိတဲ့ ကြာကန်ကားဆိပ်ဟာ နေ့ရောညပါ စည်ကားပါတယ်။ ကားဆိပ်မှာ ထမင်းဆိုင်၊ အရက်ဆိုင်၊ အအေးနဲ့ လက်ဖက်ရည်ဆိုင်၊ မုန့်ဟင်းခါး၊ ခေါက်ဆွဲဆိုင်၊ ကွမ်းယာဆိုင် စုံအောင် ရှိတာပေါ့။ ရန်ကုန်-မန္တလေး ကားလမ်း ပေါ်က ဆိုင်တွေလောက် မခမ်းနားပေမယ့် သူ့အတိုင်းအတာနဲ့ သူတော့ ပြည့်စုံပါတယ်။

    ကားဆိပ်မှာလည်း မကွေးပြန်၊ နတ်မောက်ပြန် စောင့်တဲ့ လှည်းသမားတွေနဲ့ လှည်းတွေကလည်း အမြဲလိုလို ရှိနေတတ်တာဆိုတော့ ရောင်းအားလေးလည်း မဆိုးကြပါဘူး။ အဲဒီကားဆိပ်မှာရှိတဲ့ ဆိုင်တွေ ထဲက အအေးနဲ့ လက်ဖက်ရည်၊ လိုချင်လို့မှာရင် အရက်လည်း ရောင်းပါတယ်။ အဲဒီဆိုင်မှာ ညနေတိုင်း ထိုင်လေ့ ရှိသူကတော့ ဆရာဗေဒါပါပဲ။ ကြာကန်ရွာက အုပ်စုဝင်ကျေးရွာ ခုနစ်ရွာရှိတဲ့ ရွာကြီးဆိုတော့ အထက်တန်း ကျောင်းလည်း ရှိတယ်။ ဆေးရုံလည်းရှိတယ်။ ဆရာဗေဒါက ကြာကန်ကျောင်းက ကျောင်းဆရာ ပါပဲ။ ထူးခြားတာက သူမူလတန်းပြတုန်းကလည်း ဒီကျောင်း၊ အလယ်တန်းပြ ဆရာ ဖြစ်တော့လည်း ဒီကျောင်း၊ အခုအထက်တန်းပြဆရာဖြစ်တော့လည်း ဒီကျောင်းဖြစ်နေတာကိုပါပဲ။

    ညနေကျောင်းဆင်းချိန်ရောက်တာနဲ့ စောစောကပြောတဲ့ "ကိုနိုင်"ဆိုင်မှာ လက်ဘက်ရည် အေးစက်စက် တစ်ခွက် ကို ဇိမ်ဆွဲသောက်နေတဲ့ ဆရာ ဗေဒါ ကို တွေ့ရတာဟာ ကြာကန်ဆိပ်ရဲ့ ဖက်ရှင် တစ်ခုပါပဲ။ လူက ညိုတုတ်တုတ်ကြီး၊ မျက်နှာကတည်တည်၊ အရပ်မောင်းကလည်း ကောင်းကောင်းဆိုတော့ တော်ရုံ လူက သူ့ကို ကျောင်းဆရာ လို့ကိုမထင်ကြ ဘူး။
    ရုပ်ကလည်း တောပြဇာတ်ထဲက လူကြမ်းရုပ်မျိုးလေ။ ရုပ်ကလည်း အဲသလိုဆိုးတာ။ စကားပြော ကြည့်မလား။ တကယ့်ဘုနဲ့ခွ။ ထန်းသီးလုံးနဲ့ နောက်ကျောလှမ်းထုတာ ခံရတာကမှ သက်သာချင် သက်သာ လိမ့်မယ်။ သူနဲ့ စကားပြောမိလို့ကတော့ အဆင်မသင့်ရင် မလွယ်ဘူး။ အဲ…စာသင်ကတော့ တော်တော် ကောင်းသတဲ့။ ကျောင်းသားတွေကရော၊ တခြားဆရာ၊ ဆရာမတွေကပါ ပြောကြတာပဲ။ ကျောင်းသား တွေကတော့ သူ့ကွယ်ရာမှာ စိန်ဗေဒါကြီးလို့ပဲ ခေါ်ကြတယ်။ ဆုံးမရင် လက်သံကလည်း ပြောင် ဆိုပဲ။

    ဒါကြောင့်ထင်ပါရဲ့။ ကြာကန်ကျောင်းရဲ့ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးတွေ အဆက်ဆက်၊ ဘယ် ဆရာကြီး၊ ဆရာမကြီးကိုမှ ကျောင်းသားတွေက သူ့လောက်မကြောက်ကြဘူး။ သူမို့ ဖြတ်လျှောက်လာရင် သူငယ်တန်း က ဆယ်တန်းအထိ အကုန်ငြိမ်၊ အကုန်တိတ်ပဲ။ ပိုပြောတာမဟုတ်ဘူး၊ ကျောင်းထဲက ဟောင်နေတဲ့ ခွေးတောင် အဟောင်ရပ်သွားတယ်။ တကယ်….တကယ်၊ ဆရာဗေဒါက အသက်သာ လေးဆယ် ကျော်တယ်။ ခုထိ လူပျိုကြီးပဲ။ အဖေအမေက မရှိရှာတော့ဘူး။ ညီမတစ်ယောက်နဲ့အတူ နေတယ်။ ညီမအိမ်ကလည်း ယောက်ဖရော၊ တူ၊ တူမတွေကိုရော သူက သြဇာညောင်းပြီးသား။ ပြီးတော့ သူက ဘာမှ ၀ိစိကိစ္စ များတတ်တဲ့ သူလည်းမဟုတ်တော့ အဆင်ပြေပါတယ်။ သူ့အလုပ်က စာသင်ဖို့၊ ညနေစောင်း ရင် ကိုနိုင်ဆိုင်မှာ ထိုင်ဖို့၊ ကျောင်းမှာ အလုပ်ရှိရင် လုပ်ဖို့၊ ဒီလောက်ပါပဲ။ မပူမပင် မကြောင့် မကြေ ဘ၀လို့ ပြောလို့လည်း ရတာပေါ့လေ။

    ဒါပေမဲ့ အခုတလော ဆရာဗေဒါ မျက်နှာမကောင်းဘူး။ တည်နေတာထက် မရွှင်မပျ ဖြစ်နေသလိုပဲလို့ ကိုနိုင် က ထင်နေတယ်။ ဖွင့်တော့လည်း မမေးရဲသေးဘူး။ ငယ်ကြောက်ဆရာလေ။ သူရော၊ သူ့မိန်းမ နော်ကြည်ထွေး ရော ဆရာဗေဒါရဲ့ တပည့်တွေ ဖြစ်ခဲ့တာမို့လား။ လက်ဖက်ရည်ဖိုး၊ ဆေးလိပ်ဖိုး ပိုက်ဆံ တောင် စားပွဲပေါ် ချထားမှ ယူရဲတာ။ ဘယ်လောက်ကျပါတယ်ဆိုပြီး တောင်းရဲတာမှတ်လို့။ တစ်ခါ တစ်ခါဘေးက အကြောင်းမသိတဲ့ ဧည့်သည်တွေ ဆရာဗေဒါရှိတဲ့အချိန် ခွက်ပုန်းမှာသောက်ရင်တောင် မျက်နှာရိပ်၊ မျက်နှာကဲပြပြီးမှ ရောင်းရဲတာလေ။ မဆူနဲ့၊ စကားမများနဲ့၊ သောက်ပြီး တန်းပြန်။ နို့မို့ဆို မရောင်းဘူး ဆိုတဲ့ မျက်နှာပေးထားရသေးတာ။ ဒါတောင် ဆရာကမျက်နှာဆိုးဆိုးနဲ့ လှည့်ကြည့်ရင် လင်မယား နှစ်ယောက်စလုံး ပျာလို့။ အဲလိုကြောက်ရတာမျိုးလေ။

(၂)
'ဆရာ အဆင်ပြေရဲ့လား'
    ဖျော်ပြီးသား လက်ဖက်ရည်ခွက် ရှေ့ရောက်ပြီး တစ်ငုံမသောက်မချင်း သည်မေးခွန်း ကို ကိုနိုင် မမေးရဲ သေးဘူး။ တစ်ငုံသောက်ပြီးပြီ။ ဆရာဗေဒါက သူ့အကြိုက် မလှရှင်ဆေးလိပ် အတုတ်ကြီးကိုညှိပြီး ရှူးခနဲ ဖွာပြီဆိုမှ သည်စကား မေးခွင့်ရတာ၊ မေးရဲတာ။ အဲဒီလိုမေးရင် ဆရာဗေဒါက လှည့်ကြည့်ပြီး 'အေး'လို့ တစ်ခွန်း ဖြေမယ်။ ခေါင်းကို တစ်ချက်၊ နှစ်ချက်လောက် ညိတ်မယ်။ ပြီးရင် ကားလမ်းဘ်ဆီ လှမ်းပြီးငေးရီရီ ကြည့်နေမယ်။ ဒါကထုံးစံ။

    သည်ညနေလည်း မားမား မားမားနဲ့ ဆရာဗေဒါ လျှောက်လာတာ မြင်ကတည်းက လက်ဖက်ရည်ကို ဖျော်ထား နှင့်ပြီးသား။ ရှေ့ချပေးပြီး လှည့်ထွက်၊ မလှမ်းမကမ်း ဆရာတစ်ငုံ သောက်ပြီလား၊ မသောက်သေး ဘူးလား စောင့်ကြည့်နေမိသည်။ ဆရာ့အကျင့်ကလည်း ပထမတစ်ငုံကို ပူတုန်းသောက်တာ။ ကျန်တာကို အေးစက် ပြီး အပေါ်ရည်တင်းမှကိုပဲ သောက်တတ်တယ်။ ခုလည်း တစ်ငုံ ဂွတ်ခနဲ ကျိုက်ချလိုက်တယ်။ ကိုနိုင် ကမေးမလို့ ပါးစပ်ပြင်တုန်းရှိသေးတယ်။ ဆရာဗေဒါက လှမ်းခေါ်လိုက်တာပဲ။

    'ငနိုင်လာဦး'
    'ဟုတ်ကဲ့ဆရာ၊ ဘာလိုလို့လဲမသိဘူး'
    ဆရာက ကိုနိုင့်ကို ဘာမှပြန်မပြောဘဲ သူ့ရှေ့က မြင်ကွင်းကိုပဲ ကြည့်နေတယ်။ သူဘာကြည့်မှန်း မသိတော့ ကိုနိုင်လည်း ဘာဆက်ပြောရမှန်းမသိဘူး။ သူ့ဆရာကြည့်တဲ့ဘက်ပဲ ဘာမှန်းမသိ လိုက်ကြည့် နေတယ်။

    'မင်းတွေ့လား'
    ကြည့်…ခက်ပုံက။ ဘာကိုကြည့်လို့ ဘာကို တွေ့ရမှန်းလည်းမသိ။ ကားဆိပ်မှာ လူတွေက ဟိုကသည်၊ သည်ကဟို သွားလာနေကြတာတွေ ကားနှစ်စင်း ရပ်ထားတာမို့ ဆင်းတဲ့၊ တက်တဲ့သူတွေကော တစ်ပုံကြီး ကိုနိုင်က ဘာပြန်ဖြေရမှန်းမသိလို့ ခေါင်းကုတ်တော့ ထပ်မေးတယ်။

    'တွေ့လား ဟေ့ကောင်'
    'ဟုတ်ကဲ့၊ အဲ…ဘာကိုလဲ ဆရာ'
    ဆရာဗေဒါက မျက်မှောင်တစ်ချက်ကုတ်ပြီး ကိုနိုင့်ကို ပြန်ကြည့်တယ်။
    'ဟိုမှာလေကွာ၊ ဟိုကောင် …… ဟိုကောင်'
    'သြော် … လှမင်းလားဆရာ'
    'အင်း……'

    ဆရာဗေဒါက ခုမှ သူလိုချင်တဲ့အဖြေ ရသွားတဲ့ပုံနဲ့ အင်းခနဲ လေရှည်ဆွဲ ဖြေလိုက်ပြီး သူ့ဆေးပေါ့လိပ်ကို ကောက်ညှိ တယ်။ လှမင်း အောက်က ဘောင်းဘီရှည်နဲ့ အပေါ်က ပုဆိုးကို ခပ်တိုတို ထပ်ဝတ်ထားတယ်။ ဘယ်ကားသမား က နောက်ပြီးပေးထားတယ် မသိပါဘူး။ လည်ပင်းမှာ နက်ကတိုင်လို အပြားကြီးက ကြောင်လျှာသီး ဆွဲထားသလို တန်းလန်းတန်းလန်းနဲ့ ခါးမှာလည်း ကလေးကစားတဲ့ ခြောက်လုံးပြူး သေနတ် နှစ်လက် ကိုထိုးလို့။ တောင်လျှောက်လိုက်၊ မြောက်လျှောက်လိုက် လုပ်နေတယ်။ သူခံတွင်း မတွေ့တဲ့ လူတစ်ယောက် အနားရောက်ရင် ခါးက ခြောက်လုံးပြူးကို ဆွဲထုတ်ပြီး ပါးစပ်က တဒိုင်းဒိုင်း နဲ့ပစ်။ အချို့ အဘွားကြီး တွေက လန့်သွားရင် သူကတဟားဟား အော်ရယ်။ ဒါကိုပဲ မြင်လိုက်ရတဲ့သူတွေက ၀ိုင်း ဟားကြ လုပ်နေတယ်လေ။ ဒါလည်းအခုတလော သည်ကားဆိပ်မှာ မြင်ကွင်းတစ်ခု ဖြစ်နေပြီမို့ ဆိုင်က လူတွေက အထူးအဆန်းလို့ သဘောမထားကြတော့ပါဘူး။

    'လှမင်းကတော့ သည်လိုပါပဲဆရာ။ မနက်မိုးလင်းရင် ကားဆိပ်ကို ရောက်လာပြီး ညနေမှောင်ရင် ပြန်တာပဲ။ ထမင်းတော့ ဘယ်ကစားတယ်မသိဘူး။ တခါတလေး ဆေးလိပ်လေး ဘာလေး ကျွန်တော် တို့ဆိုင် လာတောင်းတတ်တယ်။ အန္တရာယ်မရှိပါဘူးဆရာ။ အေးအေးဆေးဆေး သမားမို့ ကျွန်တော် ကလည်း ပေးလိုက်တာပါပဲ။ အခုတလော နည်းနည်းကြမ်းတာက ဟိုကောင်ဆရာ။ ကျွန်တော့ဆိုင် အနောက်က အိမ်က ဇော်မင်းလေ။ သည်ကောင်ခုတလောဖောက်နေတယ်။ ဟိုနေ့ကတောင် ကျွန်တော့် အိမ်ရှေ့ ဓားကြိမ်း လာကြိမ်းနေတယ်'
    'ဟုတ်လားကွ၊ သူ့အိမ်ကရော မထိန်းကြဘူးလား'

    'ထိန်းတော့ ထိန်းတာပဲဆရာ။ ဒါပေမဲ့ အဘိုးကြီး၊ အဘွားကြီးက လူအို တွေမို့လား။ သည်ကောင့် အားကို ဘယ်နိုင် မှာလဲ။ တော်သေးတယ်။ အရှေ့ဘက် ကွမ်းယာဆိုင်က သူ့အစ်ကို လာလာဆွဲလို့'
    ဆရာဗေဒါက စဉ်းစားသလို တစ်ချက် တွေခနဲ ဖြစ်သွားတယ်။
    'ဘာဖြစ်လို့ မင်းဆိုင်ကို ဓားကြိမ်း လာကြိမ်းရတာလဲကွ'
    'ဒီလိုဆရာရေ ဒီကောင်က ချောင်းဆိုးသံ၊ သလိပ်ဟပ်သံ တွေကြားရင် သူ့ကို စိန်ခေါ်တယ်လို့ ထင်နေ တော့တာ။ သူ့အမေ ပြောတာကတော့ သူက အိမ်မှာအေးအေးဆေးဆေး မှိန်းနေတာပဲ။ သူ့စိတ်ကူးထဲမှာ နတ်သမီးလေး တွေနဲ့ တွေ့နေတယ်ပြောတာပဲ။ ချောင်းဟန့်သံ၊ သလိပ်ဟပ်သံတွေကြားတော့ သူ့အာရုံ ပျက်ပြီး လန့်နိုးသွားတယ်။ ဒါကြောင့် ဒေါသဖြစ်တာလို့ ပြောတာပဲ'
    'အင်း…ခက်တော့လည်း ခက်သားကွ။ အေးလေ… ဒါမျိုးက ဖြစ်ချင်ဖြစ်နိုင်တာပဲ'

    'အဲဒီနေ့က ကျွန်တော့ဆိုင်က ဧည့်သည်တစ်ယောက်က နေမကောင်းလို့ ချောင်းဆိုးတာ ဆရာရေ။ အဲဒါ သူ့ကို စိန်ခေါ်ပါတယ်ဆိုပြီး ဆိုင်ရှေ့က ဓားတကိုင်ကိုင်နဲ့ ထွက်ခဲ့ချည်းခေါ်နေတာပဲ။ ဟိုဧည့်သည် လည်း အအေးပတ်ပြီး ချောင်းဆိုးနေတာ အင်္ဂလိပ်ဆေးလည်း မပျောက် ဗမာဆေးလည်း မပျောက်ဘူးလို့ ပြောတာ။ ဇော်မင်း ထကြမ်းရော ဘာသံမှကို မကြားရတော့ဘူး။ တစ်ခါတည်းကို ပျောက်ကရော'

    ဣနြေ္ဒတော်တော်ကြီးတဲ့ ဆရာဗေဒါတောင် ခပ်ပြုံးပြုံးဖြစ်သွားတယ်။ သည်ဇော်မင်းနဲ့ လှမင်း နှစ်ယောက် စလုံးက သူ့တပည့်တွေချည်းပါပဲ။ တိုက်တိုက်ဆိုင်ဆိုင် နှစ်ယောက်စလုံး  ဆယ်တန်း ရောက်တယ် တစ်နှစ်စီဖြေပြီး ဘာအကြောင်းကြောင့်ရယ်လို့ မည်မည်ရရမသိရဘဲ စိတ်နောက် သွားကြ တာလည်း အတူတူပဲ။ လှမင်းက အရင်က အလွန်အေးတဲ့ကောင်။ မေးတစ်ခွန်း ပြောတစ်ခွန်းသမား။ အခုတော့ လူကြားထဲမှာကို ပျော်နေတော့တာ။ ဇော်မင်းက အရင်က သွက်သွက်လက်လက်၊ ကျောင်းလက်ရွေးစင် ဘောလုံးသမားလေ။ ခုတော့ အိမ်ထဲက အိမ်ပြင်ကို လုံးဝမထွက်ဘူး။ အဲ… ချောင်းဆိုးသံ မကြားရရင်ပေါ့။ သူတို့မိဘတွေကလည်း ဟိုရွာက၊ ဒီရွာက  ဆရာတွေနဲ့ရော ပယောဂလိုလို ဘာလိုလို တွေနဲ့လည်း ကုကြတာပါပဲ။ မြို့တက်ပြီးတော့  ဆရာဝန်နဲ့တော့  စနစ်တကျ မကုနိုင်ကြဘူး။ ခမျာများ မလည်း ဆင်းရဲကြတယ်လေ။

    'ငါ အဲဒါ ဘာလုပ်ပေးရမလဲ စဉ်းစားနေတာကွ'
    ဆရာဗေဒါက သူ့ရဲ့ အေးစက်စက် လက်ဖက်ရည်ကို တစ်ငုံထပ်ငုံပြီး ကိုနိုင်ကို ပြောတယ်။ ကိုနိုင်က ဆရာဘာဆက်ပြောမလဲဆိုပြီး ငြိမ်နားထောင်နေလိုက်တယ်။
    'ပြီးခဲ့တဲ့အပတ်က ငါဇော်မင်း အဖေနဲ့ရော လှမင်းအမေနဲ့ပါ တွေ့တယ်။ မကွေးဖြစ်ဖြစ်၊ ၇န်ကုန်ဖြစ်ဖြစ် သွားဆေးကု ဖို့ပေါ့ကွာ။ ငါလည်း တတ်နိုင်သလောက် ထောက်ပါ့မယ်လို့ ပြောတာ၊ အဲဒါသူတို့သားတွေက လူပြုစားတာ ခံရတာလိုလို၊ အရင်ဘ၀ သိုက်ဟောင်းက ဘာပြုတယ်ဆိုလား၊ မသိပါဘူးကွာ အချိန်တန် သူ့အလိုလို ပြန်ကောင်းသွားမယ့်ပုံမျိုး ပြန်ပြောလွှတ်တယ်။ ဒီလောက် တိုးတက်နေတဲ့ ခေတ်ထဲမှာကွာ၊ တောက်….'

    ဆရာဗေဒါက ပြောရင်းဆိုရင်း ဒေါသထွက်လာပြီး တောက်တစ်ချက် ပြင်းပြင်းခေါက်လိုက်တယ်။ ခုမှ ကိုနိုင် လည်း ခုတလော ဆရာမျက်နှာသိပ်မကောင်းတဲ့ အဓိပ္ပာယ်ကို ရှင်းသြွးတော့တယ်။
    'မင်းစဉ်းစားကြည့်ငနိုင်။ ငါ့တပည့်တွေထဲမှာ ဆရာဝန်၊ အင်ဂျင်နီယာ၊ စစ်ဗိုလ်အများကြီး။ မင်းတို့လို ဘွဲ့ရပြီး ဈေးရောင်းနေတဲ့ ကောင်တွေ၊ ယာလုပ် ထန်းတက်နေတဲ့ ကောင်တွေလည်း အပုံကြီး၊ ဘာပဲဖြစ်ဖြစ် သူတို့တွေက ကိုယ့်ကိုယ်ကိုယ်ရော ကိုယ့်မိသားစုကိုရော ကြီးကြီးကျယ်ကျယ် ပြောရရင် တိုင်းပြည်ကို၊ လူ့ေ လာကကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ အကျိုးပြုနေကြတာကွ။ ခုတော့ ဒီနှစ်ကောင်မှာက ငါစိတ်မကောင်း တာ အဲဒါပဲ'

    ကိုနိုင်ကတော့ သူ့ကို တစ်ခါမှ ရှည်ရှည်ဝေးဝေး စကားမပြောဘူးတဲ့ ဆရာဗေဒါကိုသာ အဲ့သြသလို ငေးကြည့် နေမိတယ်။ ဆရာ့စေတနာကိုလည်း တရေးရေး သဘောပေါက်လာတယ်။ ဆရာလည်း ပြောရင်း က သည်အကြောင်းကို ဆက်ပြောချင်ဟန် မတူတော့ဘူး။ အိတ်ကပ်ထဲက လက်ဖက်ရည်ဖိုး ပိုက်ဆံက စားပွဲပေါ်ချပြီး မီးသေနေတဲ့ သူ့ဆေးလိပ်ညှိတယ်။ ကိုနိုင်သိလိုက်တယ်။ လက်ကျန် လက်ဖက်ရည်ခွက်ကို အကုန်မော့ပြီး သူ့ဆရပြန်တော့မယ်ဆို တာကိုပေါ့။ 

အဲသည်အချိန်မှာ နတ်မောက်ဘက်က ကားတစ်စီးဝင်လာတယ်။ ဒိုင်နာအပြာလေးပါ။ ခရီးသည်တွေ ဆင်းကြ၊ တက်ကြ။ တချို့ခရီးသည်တွေ ကိုနိုင့်ဆိုင်ထဲ ၀င်လာပြီး ကော်ဖီမစ် သောက်သူသောက်လို့ ဖျော်ပေး ရသေးတယ်။ တချို့လည်း အပေါ့အပါးသွားကြပေါ့။ ဘေးဆိုင်ထဲမှာ မုန့်ဟင်းခါးလေး ဘာလေးမှာ စားတဲ့သူ၊ ကွမ်း၊ ဆေးလိပ် ၀ယ်တဲ့သူတွေလည်း ရှိတယ်။ ကားပေါ်က ဆင်းလာတဲ့သူတစ်ယောက်က ဆရာဗေဒါ အသိထင်တယ်။ ဆရာဗေဒါနဲ့ ရပ်စကားပြောတာ တွေ့လိုက်ရတယ်။ ခဏကြာတော့ ကားသမား က ကားထွက်တော့မယ်ဆိုတဲ့ သဘောနဲ့ သူ့ခရီးသည်တွေကို ဟွန်းတီးပြီးခေါ်တယ်။ ဆရာဗေဒါ လည်း စိုက်စိုက်စိုက်စိုက်နဲ့ ထွက်သွားတာ လှမ်းမြင်လိုက်ရလေရဲ့။

(၃)

အဲဒီအချိန်မှာပဲ ထိန်လန့်တကြား စီခနဲ အော်သံတွေကို ကြားလိုက်ရတာပဲ။
    'လုပ်ကြပါဦး။ တုတ်ကြီးနဲ့တော့၊ တုတ်ကြီးနဲ့'
    'ဟေ့ကောင်… ဘေးဖယ်၊ ဘေးဖယ်'
    လူတွေလည်း ပြေးတဲ့လူက ပြေး၊ ကားပေါ် ဇွတ်ခုန်တက်တဲ့သူကတက်၊ ရှုပ်ယှက်ကို ခတ်သွားတာပဲ။ ကိုနိုင်က လှမ်းကြည့်လိုက်သလို ဆိုင်ကနေ ထွက်သွားတဲ့ ဆရာဗေဒါကလည်း ကားဆီကိုရပ်ပြီး ကြည့်နေ တယ်။

    ဘယ်နေရာက ဘယ်လို ပြေးထွက်လာတယ်တော့မသိဘူး ဇော်မင်း…ဇော်မင်း၊ လက်ထဲမှာ သစ်သား ချောင်းကြီး ကိုင်လို့။ ကားနားရောက်တော့ ကားမှန်ကို ခွမ်းခနဲ။ ခွမ်းခနဲ သုံးချက်ပဲရိုက်ခွဲလိုက်တယ်။ အိုး… ဘာပြော ကောင်းမလဲ၊ အော်သံတွေဆိုတာ ကမ္ဘာပျက်နေတဲ့အတိုင်းပဲ ကားမှန်က အက်ရာတွေ ထင်လာတယ်။ အစကလေးတွေ ထွက်လာပေမယ့် ရိုးရိုးမှန်လို ခွမ်းခနဲ ကွဲမသွားဘူးဗျ။ အော်ရီဂျင်နယ် မှန်မို့ ထင်ပါရဲ့။ ကားခေါင်းထဲ ထိုင်နေတဲ့ ဘုန်းကြီးနှစ်ပါးကတော့ အကြောက်ပဲလွန်လို့လား၊ ဣနြေ္ဒပဲ ကြီးလွန်း သလားတော့ မပြောတတ်ဘူး။ ပါးစပ်အဟောင်းသားနဲ့ မျက်လုံးကြီးတွေပြူးပြီး ကြည့်နေ လိုက်ကြတာ။ တုတ်တုတ်ကို မလှုပ်ဘူး။

    ဆိုင်ထဲက လူတွေရော၊ လမ်းပေါ်က လူတွေကလည်း ဒီအတိုင်းပဲ။ ဘယ်သူမှ ၀င်မဆွဲရဲကြဘူး။ ဆရာဗေဒါ က ဖျတ်ခနဲ ကားဆီ ခြေလှမ်းလှမ်းပြီးမှ သူလည်း တုံ့ခနဲ ပြန်ရပ်လိုက်တယ်။ ဟုတ်တယ်လေ။ ဟိုက စိတ်ကောင်းတာ မှမဟုတ်တာ။ နောက်ပြီး လက်ထဲမလည်း တုတ်ကြီးနဲ့ မတော်လို့ ကို့ဆော် လွှတ် လိုက်ရင် ဒုက္ခ။ သတိဝင်လာတဲ့ ကားဒရိုင် ဘာက ကားတံခါးကို ဖွင့်ပြီး ဆင်းပြေးမယ် လုပ်တယ်။ ကားမှန်ကို ရိုက်နေတဲ့ ဇော်မင်းက သူ့ကို ရန်မူဖို့ ဆင်းလာတဲ့ ဒရိုင်ဘာကို ရိုက်မလို့ တုတ်နဲ့အားပါးတရ ရွယ် လိုက်တယ်။ တချို့မိန်းမတွေဆို မကြည့်ရဲလို့ မျက်လုံးကို လက်နဲ့ကာလိုက်ကြတယ်။ အဲဒီအချိန်မှာ အေးစက် မာကျောတဲ့ အသံတစ်သံ ထွက်လာတာပါပဲ။

    'ဟေ့ကောင်…. လက်ထဲက တုတ်ကို ချလိုက်စမ်း'
    ဇော်မင်းရဲ့ ရိုက်တော့မယ့်တုတ် တန့်ခနဲ ဖြစ်သွားပြီး နောက်ကို ပြန်လှည့်ကြည့်တယ်။ အနောက်တိုင်း ရုပ်ရှင်တွေ ထဲက ကောင်းဘွိုင်းမင်းသားလို ခြေနှစ်ဖက်ကားပြီး ခြောက်လုံးပြူး နှစ်လက်နဲ့ ဖြောင့်ဖြောင့် တန်းတန်း ချိန်လို့။ ဘယ်သူရှိမလဲ၊ လှမင်းပေါ့။ ထပ်ပြောလိုက်သေးတယ်။
    'မင်းတုတ် ကို ချရင်ချနော်၊ မချရင် ငါတကယ်ပစ်မှာ'

    ဇော်မင်းက မျက်လုံးကလယ်ကလယ်ဖြစ်သွားပြီး တုတ်ကို မချချင်ချချင် ချလိုက်တယ်။ ဒရိုက်ဘာကတော့ ဘယ်ရောက်သွားမှန်းကို မသိဘူး။ ပြေးပြီလေ။ ဇော်မင်းတုတ်ကို ချလိုက်တော့ လှမင်းက ဘယ်လက်နဲ့ ကိုင်ထားတဲ့ သေနတ်ကို ခါးကြားထဲ ပြန်ထိုးလိုက်တယ်။ ညာဘက်လက်က သေနတ်တော့ ချိန်ထားတုန်းပဲ။ ပြီးမှ ဇော်မင်း ဆီကို တစ်လှမ်းချင်း ဟန်ပါပါ လျှောက်လာတယ်။
    ဘေးကလူတွေကတော့ ခုထိ ဘာစကားမှ မပြောနိုင်သေးဘူး။ သူတို့နှစ်ယောက်ကိုပဲ ပွဲကြည့်သလို ငေးကြည့်လို့။ အနားရောက်တော့မှ လှမင်းက အသံမာမာနဲ့ပဲ မေးတယ်။
    'မင်းဘာလို့ ကားမှန်ကို တုတ်နဲ့ရိုက်တာလဲ'
    လှမင်းလက်ထဲက သေနတ်ကိုတစ်လှည့်၊ လှမင်းမျက်နှာကို အကဲခတ်သလို တစ်လှည့်ကြည့်ရင်းက ဇော်မင်းက မပွင့်တပွင့် ပြန်ဖြေတယ်။

    'နားငြီးတယ်ကွာ၊ ဟွန်းတီးနေတာ ဆူညံနေတာပဲ'
    လှမင်း က ခေါင်းတဆတ်ဆတ်လုပ်ပြီး သဘောကျသလို တဟားဟား ရယ်လိုက်သေးတယ်။ ပြီးတော့မှာ မျက်နှာ ကို ပြန်တည်ပြီး….
    'ဟေ့ကောင်… မင်းရူးနေသလားကွ … ဟင်။ ဟွန်းမည်တာ ကားကမြည်တာပဲ၊ ကားကိုရိုက်ပေါ့ကွ။ ဘာလို့ လူကိုရိုက်မယ် လုပ်ရတာလဲ။ တယ်… ငါနဖူး တည့်တည့်ကို ပစ်လိုက်ရ'
    လက်ထဲက သေနတ်နဲ့ ဇော်မင်းနဖူးကို လည်း ထောက်ပစ်လိုက်သေးတယ်။

    'ရော့… မင်းတုတ်မင်းပြန်ကောက်။ ကားကို နောက်တစ်ချက် ရိုက်။ ပြီးတော့ အေးအေးဆေးဆေးပြန်၊ ကြားလား'
    ဇော်မင်းလည်း အခုမှ လွတ်ငြိမ်းချမ်းသာခွင့်ရတဲ့သူလို တုတ်ကို ဆတ်ခနဲကောက်၊ ကားရှေ့ဘောနက်ကို ဒုန်းဆို တစ်ချက်ရိုက်ပြီး သူ့အိမ်ကို သူအပြေးလေး ထွက်သွားတယ်။ လှမင်းလည်း သူ့သေနတ်ကို ခါးကြား ပြန်ထိုးပြီး သစ်ပင်တစ်ပင်အောက် သွားထိုင်နေလေရဲ့။

    စောစောက ကြောက်လို့ရော၊ အံ့အားသင့်လို့ရော ခံစားမှုပေါင်းစုံနဲ့ ငြိမ်နေတဲ့ လူတွေလည်း အခုမှ လှုပ်လှုပ်ရွရွ၊ ဆူဆူညံညံ ပြန်ဖြစ်ကုန်ကြတယ်။ ကားအုံနာကတော့ တောက်တခေါက်ခေါက်၊ စုတ် တသပ်သပ်နဲ့ပေါ့။ သူ့ပစ္စည်းဟာကိုး။ ခဏကြာတော့ ဇော်မင်းမိဘတွေနဲ့ ညီအစ်ကို မောင်နှမတွေ လာ တောင်းပန်တာ တွေ့ရတယ်။ စားစရာမရှိ၊ လျော်စရာတော့ရှိရမှာပေါ့လေ။

    ရွာဘက်ပြန်မယ်လုပ်တဲ့ ဆရာဗေဒါလည်း ကိုနိုင့်ဆိုင် ပြန်ထိုင်နေပြီ။ မသောက်စဖူး ကိုနိုင့်ဆိုင်က တောအရက် တစ်ပိုင်းလည်း မှာသောက်လို့။ စောစောကကိစ္စကို ကြားလို့ ရွာထဲကထွက်လာပြီး စပ်စုတဲ့သူတွေကို သည်းထိတ်ရင်ဖိုဖြစ်အောင် ကားဆိပ်က လူတွေက အမြှုပ်တစီစီနဲ့ ရှင်းပြလို့။ အဲဒီ အချိန် မှာ မှန်အစင်းကြောင်းတွေနဲ့ကားကြီး ဆောင့်ကြီးအောင့်ကြီး ထွက်သွားသလို ခါးမှာ သေနတ် နှစ်လက် ထိုးထားတဲ့ ကောင်းဘွိုင်မင်းသားလည်း တဒိုင်းဒိုင်းနဲ့ ရွာထဲပြန်သွားလေရဲ့။

(၄)

ကိုနိုင်ကတော့ မသောက်စဖူး သောက်ပြီးမူးသွားတဲ့ သူ့ဆရာ စိန်ဗေဒါပြောတဲ့စကားကို ဆိုင်ပိတ်ချိန်အထိ ကြားယောင်နေတုန်းပဲ။
    'ရူးနေတဲ့ ကောင်တစ်ကောင်က ရူးနေတဲ့ကောင်တစ်ယောက်ကို မင်းရူးနေသလားလို့ ပြောပြီး ပွဲထိန်းသွားတာ စဉ်းစားကြည့်ရင် တော်တော် ရူးချင်စရာကောင်းတဲ့ ကိစ္စပဲကွ ငနိုင်ရ' တဲ့လေ။

ရွှေအမြူတေ ဖေဖော်ဝါရီ ၂၀၀၅
.
>>>ဆက်ဖတ်ရန်>>> >>