ဖအေက သမီးလေးကို သိပ်ချစ်လို့
ကလေးဘဝတုန်းကဆိုရင်
ညရောက်တဲ့အခါ
သမီးလေးရဲ့လက်တွေ ခြေထောက်တွေနဲ့
ခေါင်းကိုပါ ခုတ်ထစ်ပြီး
ရေခဲသေတ္တာထဲ ထည့်ပြီးမှ အိပ်ယာဝင်တယ်
မနက်ရောက်တော့မှ. . .
မန္တန်နဲ့ မန်းမှုတ်ပြီး
သူ့သမီးလေးရဲ့ခန္ဓာအစိတ်အပိုင်းတွေကို ပြန်ဆက်တယ်
ပြီးရင် ကျောင်းလိုက်ပို့တယ်
ကျောင်းလိုက်ပို့တိုင်းလည်း
သမီးလေးရဲ့ နှလုံးသားကို အိမ်မှာပဲ ထားခဲ့စေတယ်
တခြားကလေးတွေနဲ့ ဆော့မှာ စိုးရိမ်လို့တဲ့
ဒီလိုနဲ့ . . . သမီးလေးက အရွယ်ရောက်လာတယ်
အရွယ်ရောက်လာတဲ့ သမီးလေးဟာ
ပျော်ပျော်ရွှင်ရွှင် လေချွန်တတ်လာတယ်
ဒါပေမဲ့ . . .
အဲဒီလေချွန်သံကိုလည်း ဖအေက ကြိုးနဲ့ချည်ပြီး
တုပ်နှောင်ထားပါတယ်
ချစ်မိသွားမှာ စိုးလို့တဲ့ ။ ။
မောင်ရေချမ်း