Jul 23, 2012

ဘာကြောင့် ဓာတ်ပုံသုံးနေကြသလဲ

ဓာတ်ပုံတွေကို ကိုယ့်သတင်းဌာန တံဆိပ် ထည့်တာတွေ ခေတ်စားနေပြီ။
မထည့်လို့လည်း မဖြစ်ဘူး။
အွန်လိုင်းရောက်သွားရင် ဒီဓာတ်ပုံကို ဘယ်သူပိုင်သလဲ ဆိုတာ ခြေရာပျောက်သွားတတ်လို့ပါ။

တချို့ကလည်း မသိလို့ ခရက်ဒစ် မှားပေးမိတယ်။
တချို့ကလည်း ကိုယ့်ဟာလိုလို လုပ်ပစ်လိုက်တယ်။
စသဖြင့် စသဖြင့်။

ဒီခေတ်မှာ ကင်မရာတွေက အရမ်းပေါတော့ ဓာတ်ပုံတွေလည်း ပေါတယ်။ နာမည်မတပ်လို့ မဖြစ်တော့ဘူး။

တံဆိပ် ထည့်တာတော့ ထည့်ပေါ့လေ။
ကောင်းပါတယ်။
ခုရှင်းမှ နောင်ရှင်းမယ်။

သို့သော်လည်း ကိုယ့်တံဆိပ်ကို အလယ်တည့်တည့်မှာ ထည့်တာမျိုးကတော့ ရုပ်ဆိုးလွန်းပါတယ်။

ဓာတ်ပုံ ထည့်တဲ့ရည်ရွယ်ချက်က ကိုယ့်သတင်း ကိုယ့်စာ ပိုပြီး လေးနက်၊ ဆွဲဆောင်မှုရှိဖို့ ဖြစ်ပါလိမ့်မယ်။

အခုတော့ ရည်ရွယ်ချက်က ကိုယ့်ဓာတ်ပုံ မခိုးဖို့ တလွဲမသုံးဖို့ ဖြစ်နေပါပြီ။

ဂွကျလှတယ်။

ဘယ်လောက် ဂွကျသလဲ ဆိုတာ အထက်က ပုံကိုသာ ကြည့်ဗျာ။

Jul 14, 2012

တန်ဖိုးကြီးလက်ညှိုး


မောက်စ် နှိပ်တဲ့ လက်ခြောင်း ယောင်ကိုင်းနေ။
ညနေပိုင်း ခြံထဲက လမ်းယိုင်းသီး ခူးတော့ ၀ါလုံး/တံချူထဲ အိမ်လုပ်နေတဲ့ ပိတုန်းလား ဘာလား မသိ ၂ ချက် ဆော်တာ အခုလို ယောင်ကိုင်းသွားတာပဲ။
ယောင်တဲ့လက်ညှိုး အပေါ်ထောင်ပြီး ဒီစာကိုရိုက် ပုံကို ဆိုက်သေးအောင် လုပ်။
တမိနစ်နဲ့ ပြီးရမှာ ၁၅ မိနစ်ကျော်တာတောင် မပြီူးသေးဘူး။
ဖြတ်တော့ မဖြတ်ရပါဘုူး လို့ ခံရဖုးသူတို့က ဆိုတယ်။
တော်ပါသေးရဲ့။
း)






Jul 8, 2012

သံတမန်


သံအမတ်သစ်ကြီး ဒဲရက်မစ်ချယ် ရန်ကုန်လာတော့မယ်။ ဒီအကြောင်း ရန်ကုန်မြို့ ယူအက်စ်သံရုံး Facebook မှာ ကြော်ငြာထိုးလိုက်တော့ ၀ဲကမ်း ၀ဲကမ်း ဆိုပြီး အရမ်း ကြိုဆိုကြောင်း ကော်မန့်တွေ ပေးနေကြပါတယ်။

ဒီလူကြီးလည်း အရင်လူတွေလုပ်တဲ့အလုပ် ဆက်လုပ်ရမှာပါပဲ။
အရင်လူတွေ ဘာလုပ်သလဲ သိချင်ရင် ၀ီကီလိ ကိုသာ မွှေနှောက် ဖတ်ရှုပါလေး)

သံတမန်ဖြစ်ရတာ မလွယ်ပါဘူး။ ထောက်လှမ်းရေးအလုပ်ပဲ လုပ်နေရတာ များပါတယ်။ ကိုယ်တာဝန်ကျတဲ့နိုင်ငံအကြောင်း စုံစမ်း၊ တခြား သံတမန်တွေနဲ့စကားပြောပြီး သတင်းဖလှယ် စကားနှိုက် ၊ သံခင်းတမန်ခင်းကိစ္စများလည်း ဆောင်ရွက် .... အင်း ... မလွယ်ပါလား။ နိုင်ငံတကာမှာ ဗိုလ်ကျချင်တဲ့ အမေရိကန်ရဲ့ သံတမန်တွေဆို ပိုပြီး အလုပ်ရှုပ်ရှာမှာပဲ။

မြန်မာသံတမန်များကတော့ လတ်တလောမှာ ပရိုမိုးရှင်းတွေပဲ လိုက်လုပ်နေရမယ် ထင်တယ်း)

သံတမန်ပညာ ဆိုတာ မွေးရာပါ မဟုတ်ပါဘူး။ သူတို့ကို သင်တန်းမျိုးစုံ ပေးလွှတ်လိုက်တာပါ။

သံတမန် ဆိုလို့ လူသိများတဲ့ ဟာသ တခုကို ပြန်နူးရရင် -

အမျိုးသမီးတယောက်နဲ့ သံတမန်တယောက် ဘယ်လိုကွာခြားသလဲ ဆိုတဲ့ ဟာသ။

သံတမန်တယောက်က
ရက်စ် လို့ ပြောတယ်ဆိုရင် တကယ့် ဆိုလိုရင်းက Maybe (ဖြစ်နိုင်ပါတယ်) တဲ့။

ဖြစ်နိုင်ပါတယ် လို့ ပြောရင်တော့ အဲဒီ သံတမန် ဆိုလိုတာက No (ဟင့်အင်း) တဲ့။

တကယ်လို့များ သံတမန် တယောက်က No လို့ ပြောလာရင် ဘယ်လို ဘာသာပြန်ရမလဲ။ ဘယ်လိုမှ ဘာသာပြန်မနေနဲ့ - သံတမန် ဆိုတာ No လို့ ဘယ်တော့မှ မပြောကြဘူး တဲ့။

အဲဒါကတော့ သံတမန်တွေ ပေါ့လေ။

အမျိုးသမီးတွေကရော -

မိန်းမတယောက်က No လို့ ပြောခဲ့ရင် Maybe ဖြစ်နိုင်ပါတယ်ရှင် လို့ ဆိုလိုပါတယ်။

ဖြစ်နိုင်ပါတယ်ရှင် လို့ ပြောလာရင်တော့ အဲဒါ Yes လို့ ဆိုလိုတာပဲ။ (ရှုပ်လာပြီ မဟုတ်လား)

ဒါဆိုရင် Yes လို့ပြောလာရင် ဘယ်လိုနားလည်ရမလဲ။ ဘယ်လိုမှ နားလည် မနေနဲ့ Yes လို့ပြောလာရင် အဲဒါ မိန်းမ မဟုတ်ဘူး တဲ့။

ဟာသလေးကတော့ ဒါပါပဲ။

အနောက်တိုင်းဟာသ ဆိုတော့ အနောက်တိုင်းကိစ္စ၀ိစ္စတွေ ကြားဖူးနားဝရှိမှ ဒီဟာသ ရီရလိမ့်မယ် ထင်ပါတယ်း)

ကျနော်လည်း တ၀က်လောက်ပဲ ရီရပါကြောင်း။