Jan 21, 2008

မြန်မာပြည်ကို လွမ်းသည်....


ဒီတစ်ခါတော့ မြန်မာပြည်ကို ပြန်ကြမယ်ဗျာ။

"ဟေ့ ... မြန်မာဟာ မြန်မာပဲ။ မြန်မာဟာ မြန်မာပြည်မှာ နေရမယ်။ မြန်မာပြည်မှာ သေရမယ်။
အကြောင်းအမျိုးမျိုးကြောင့် ရေမြေခြားကိုရောက်နေရပေမယ့် တစ်နေ့မှာ မြန်မာပြည်ကို ပြန်ရမယ်။
အခွင့်အရေး တစ်စုံတစ်ရာကြောင့် နိုင်ငံခြားသားလုပ်ဖို့ ဘယ်တော့မှ စိတ်မကူးလေနဲ့။ "

လို့ ဦးသန့်ပြောခဲ့သလိုပဲ တစ်နေ့တော့ ကျုပ်တို့အားလုံး မြန်မာပြည်ကို ပြန်ကြမှာပါ။

အဲဒီအတွက် အလွမ်းပြေ သီချင်းလေးတစ်ပုဒ် တင်ပေးထားပါတယ်။ နားသောတဆင်ကြည့် ကြပါဦးဗျာ။

Jan 14, 2008

သတင်းမှားလေး တစ်ခု...

အခုတလောမှာ အလုပ် တော်တော်လေးကို ရှုပ်နေတာကြောင့် ဘလော့ကို ပစ်ကို ထားရတဲ့ ကိန်းဆိုက်နေတယ်။ အယင်က အလုပ်ထဲက ရုံးမှာ အင်တာနက် ကော်နက်ရှင်ရှိတာကြောင့် အနည်းဆုံး ပို့စ်လေးတော့ တင်လို့ ရသေးတယ်။ အခုတော့ အလုပ်လုပ်နေတဲ့ Site က လက်စသတ် အခြေအနေ ရောက်နေပြီ ဖြစ်တော့ကာ အင်တာနက် ကော်နက်ရှင်လည်းပြတ်။ အလုပ်ကနေ ပြန်ရောက်တဲ့ အချိန် ကျတော့လည်း ပင်ပန်းလာတာနဲ့ ဘာမှကို မလုပ်ချင် မကိုင်ချင် ဖြစ်နေတာက တစ်ကြောင်းမို့ ပို့စ် အသစ်လည်း မတင်ဖြစ် ဘယ်မှလည်း သွားမလည်ဖြစ် ဖြစ်နေရပါတယ်။ လာလည်ကြတဲ့ သူငယ်ချင်းတွေ အားလုံးလည်း ကျေးဇူးတင်ပါတယ်။ သူငယ်ချင်းတွေ ခမျာလည်း လာသာ လည်ရတယ် တစ်ခါလာလည်း ဒီပို့စ်ကနေမတက်၊ နှစ်ခါလာလည်း ဒီပို့စ်ကနေ မတက်နဲ့ဆိုတော့ လာလည် ချင်စိတ် ကုန်သွားကြမှာတောင် စိုးရပါတယ်။

တနေ့ကတော့ ဒီကို အလုပ်လာရှာတဲ့ သူငယ်ချင်း တစ်ယောက်နဲ့ စကားပြောဖြစ်တယ်။ ဖုန်းခေါ်လာတဲ့ သူငယ်ချင်းက လွန်ခဲ့တဲ့ လ၀က်ကနေ ဒီကိုရောက် အလုပ်ရှာနေဆဲပေါ့။ မကြာသေးခင်ကပဲ ကုမ္ပဏီတစ်ခုမှာ အင်တာဗျူးလုပ်တော့ လစာ စင်္ကာပူဒေါ်လာ ၁၈၀၀ နဲ့ Spass လျှောက်ပေးမယ်ပေါ့။ အလုပ်ရသွားတော့ ၀မ်းသာအားရနဲ့ နေနေတာ တစ်နေ့က ဖုန်းဆက်တော့မှ မေးဖြစ်တယ်။ ခင်ဗျား ဗီဇာ သက်တမ်း တိုးပြီးပြီလား ဆိုတော့ မတိုးရသေးဘူးတဲ့။ ဘယ်နေ့ဗီဇာ သက်တမ်း ကုန်မှာလည်းဆိုတော့ ၄ ရက်ကျန်သေးတယ်တဲ့ ။ Online Extension လုပ်ပြီးပြီလား ဆိုတော့ မလုပ်ရသေးဘူးတဲ့။ ရက်တွက်ကြည့်တော့ သူကျန်တယ်ဆိုတဲ့ ရက်ထဲမှာ စနေ၊ တနင်္ဂနွေက ၂ ရက်ပါနေတယ်။ ဖုန်းဆက်တဲ့ အချိန်က ည ၇ နာရီ ခွဲနေပြီ။ ရက်ကကြာသပတေး။ ကိုယ်လည်း သေချာအောင် Online Extension Form ကို ၀င်ကြည့်တော့ Online Extension တိုးဖို့ လိုအပ်ချက်က စနေ၊ တနင်္ဂနွေ မပါဘဲ အနည်းဆုံး ဗီဇာသက်တမ်း ၂ရက်ကျန်ရမယ် ဆိုပြီး ဖြစ်နေတယ်။

ဒါနဲ့ ခင်ဗျား မဖြစ်ချေဘူး။ ခုနေ ပန်နီဆူလား ပလာဇာကို ပြေးပါ။ အဲဒီက အင်တာနက် ကဖေး တစ်ခုခုမှာ Online Extension သွားလုပ် ဆိုတော့ သူငယ်ချင်းကလည်း သွားပါတယ်။ သွားပြီးတော့ Application တင်ထားလိုက်တယ်။

ကိုယ်ကလည်း မှန်းလိုက်တယ်လေ။ ည ၉နာရီလောက် တင်တယ်။ တကယ်တမ်း အဲဒီနေ့တော့ Processing မလုပ်တော့တာ အမှန်ပဲ။ သို့ပေမဲ့ ICA ရဲ့ System ထဲမှာ ဒီ Application က ကြာသပတေးနေ့ Date နဲ့ ၀င်သွားမယ်။ ဒီတော့ သူတို့ ပြောတဲ့ စနေ၊ တနင်္ဂနွေ မပါဘဲ ဗီဇာ သက်တမ်းက ကြာသပတေး၊ သောကြာ ၂ရက်ကျန်မယ်။ တကယ်တမ်း သောကြာနေ့မှသာ တင်ခဲ့မယ်ဆိုရင် ဗီဇာသက်တမ်း ၁ရက်ပဲ ကျန်တော့မယ်။ ဆိုရင် Reject ဖြစ်နိုင်စရာ အလားအလာရှိတယ်။ အကယ်လို့ Reject သာ ဖြစ်ခဲ့ရင် စနေ တရက်တည်းနဲ့ Manual Extension သွားတိုးဖို့လည်း ရက်က စနေ နေ့တ၀က်ပဲ ကျန်တော့တယ်။ အခြေအနေက အလုပ်ရ Spass တင်ထားပြီး ဖြစ်ပေမဲ့ အောင်ဖျာလိပ်ရမဲ့ ကိန်းဆိုက်နေတယ်။ ကြာသပတေးည တင်ထားခြင်း အားဖြင့် သောကြာ မနက်ပိုင်း Processing ထဲ ပါသွားရင် သောကြာ မနက်ပိုင်းတင်ပဲ Result ရလာစရာ ရှိတယ်။ တကယ်လို့များ အကြောင်း မဆီလျော်လို့ Reject ဖြစ်ခဲ့သည့်တိုင် သောကြာနေ့ တ၀က်နဲ့ စနေ နေ့တ၀က် Manual Extension သွားတင်ဖို့ အချိန် ရသေးတယ်။

သူငယ်ချင်းက Application တင်ပြီး အိမ်ပြန်တဲ့ခါ ကျတော့ သူတည်းတဲ့ အိမ်က အသိက အားပေးစကားပြောတယ်။ သူငယ်ချင်း ကြာသပတေးနေ့ ညသွားတင်လည်း အလကားပါပဲ ပေါ့နော်။ သူတို့ အကြိမ်ကြိမ် အခါခါတင်ဖူးတယ်။ Application Approved ဖြစ်သည့်တိုင် သောကြာနေ့ ညနေကျမှပဲ အစောဆုံး Result ရလိမ့်မယ် ဆိုပြီး အားပေးတယ်။ တကယ်လို့ Reject ဖြစ်ခဲ့ရင် စနေတရက်ပဲ သွားတိုးဖို့က မလွယ်ဘူးပေါ့။ ဟိုက အစ ကတည်းက ရက်ကျန် နည်းနေလို့ Reject ဖြစ်မှာ ကြောက်နေရတဲ့သူကို ထပ်အားပေးလိုက်တော့ သူငယ်ချင်း ခမျာ စိတ်ဓာတ်ကျပြီး အထုပ် အပိုးတောင် ပြင်ဖြစ်တယ် ပြောပါတယ်။

နောက်နေ့ မနက်ကတည်းက ပန်နီဆူလာကိုသွား အင်တာနက် ကဖေးမှာ ထိုင်ပြီး Application Result ကို ထိုင်စောင့်ဖြစ်တယ်။ မနက် ၁၀ နာရီ လောက်မှာပဲ Application Approved ဖြစ်ကြောင်း Email ရပါတယ်။ နောက်ထပ်ရက် ၃၀ ထပ်ပြီးနေထိုင်ခွင့်ရပါတယ်။ သူငယ်ချင်း ခမျာ အရမ်းကို ပျော်သွားရတယ်။

ဖြစ်ပုံက Information မှားတာတွေကို ပြောပါတယ်။ ပြောတဲ့သူကိုလည်း အပြစ် ပြောစရာတော့ မရှိပါဘူး။ သူတို့ကလည်း စေတနာနဲ့ပဲ ပြောတာပါပဲ။ သို့ပေမဲ့ သူတို့ပေးတဲ့ Information အမှားအတွက် ဒီက လူက သက်သက်မဲ့ စိတ်ဒုက္ခ ရောက်စရာ ဖြစ်ရတာတွေ ကြုံရပါတယ်။ တကယ်တမ်းမှာ အခုခေတ်က Information Technology ခေတ်ဆိုတာနဲ့ အညီ Information တစ်ခုရဲ့ အရေးပါပုံက အင်မတန် ကျယ်ဝန်းလှပါတယ်။ သို့ငြားလည်း မမှန်ကန်တဲ့ Information အတွက်ကျတော့ မလိုလားအပ်တဲ့ စိတ်ညစ်မှုတွေကို ကြုံရတတ်တယ်။ တဆက်တည်း စကားကြုံလို့ ပြောပြချင်တာလေး တစ်ခုကတော့ Online Extension တိုးတဲ့အခါ Application တင်တဲ့ Date ကနေ ထပ်တိုးပေးတဲ့ ရက်ကို ပေါင်းပေးတယ်ဆိုပြီး မှားယွင်း ယူဆနေတာ တစ်ခုပါ။ သည်ဟာ သည်လည်း Information အမှားတစ်ခုပါပဲ။ Online Extension Application တစ်ခုကို ဘယ်နေ့ပဲ တင်တင် မိမိရဲ့ ပထမ ဗီဇာ သက်တမ်း ကုန်မဲ့ ရက်ရဲ့ နောက်ကပဲ ထပ်ပေါင်းပေးတာ ဖြစ်တယ်။ ဆိုတော့ ပထမဗီဇာ သက်တမ်း မကုန်ခင် ဘယ်နှစ်ရက်ပဲ ကြိုပြီး တိုးတိုး ပထမဗီဇာ သက်တမ်းထဲက ရက်တွေ ပုပ်သွားတာမျိုး မဖြစ်ပါဘူး။

အခုနောက်ပိုင်းမှာ ပြည်ပကို ထွက် အလုပ်လုပ်ကြဖို့ စိုင်းပြင်း နေကြတဲ့ သူငယ်ချင်းတွေ အများကြီး ရှိနေတယ် ဆိုတာ သိရပါတယ်။ ကိုယ်တွေ လာခဲ့စဉ် တုံးကလည်း အယင် ရောက်နှင့်ပြီးသား သူငယ်ချင်းတွေရဲ့ ကူညီမှုနဲ့ အများကြီး အထောက်အကူ ဖြစ်ခဲ့တာတွေ ရှိပါတယ်။ နောက်ထပ် လာရောက်ကြမဲ့ သူငယ်ချင်းတွေ အတွက် Information လေးတစ်စ ဖြစ်ဖြစ် ဒီစာစုလေးက ပေးနိုင်မယ်လို့ ယူဆပါတယ်။

မောင်လူအေး ဘီးဇီးနေလို့ အလည် မလာနိုင် သေးတာတော့ အားလုံး ခွင့်လွှတ် ပေးကြပါဦးဗျာ။ အားလုံးပဲ အခက်အခဲ မရှိ ကြိုးစား အောင်မြင် နိုင်ကြပါစေ။

Jan 1, 2008

ရိုက်ဖြစ်တဲ့ ဓာတ်ပုံတချို့... (၆)


၂၀၀၈ ဇန္န၀ါရီလ တစ်ရက်နေ့ကတော့ စောစောစီးစီး လိုက်ပို့သူ လူကြုံ ရှိတာနဲ့ တိုပါးယိုး ကျောင်းကို ရောက် ဘုရား သွားရှိခိုး ဖြစ်ပါတယ်။ ဒါကတော့ တိုပါးယိုးကျောင်းရဲ့ မြတ်ဗုဒ္ဓ ဆင်းတုတော်နဲ့ ကျောင်းဆောင် ရှေ့မျက်နှာစာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ပြင်ပမှာ ဒီ စကျင် ဆင်းတုတော်ဟာ ဥာဏ်တော် အမြင့်ဆုံး မြန်မာမှု လက်ရာ ဗုဒ္ဓ ဆင်းတုတော်လို့ ဆိုပါတယ်။



၂၀၀၇ ဒီဇင်ဘာလ ၃၁ရက်နေ့ကိုတော့ စင်္ကာပူနိုင်ငံ အရှေ့ဖျားက East Coast ကမ်းခြေမှာ ကုန်ဆုံးဖြစ်ပါတယ်။ ဒါကတော့ သူတို့ရဲ့ ကမ်းခြေ မြင်ကွင်းပဲ ဖြစ်ပါတယ်။ မျက်စိတစ်ဆုံး ရှည်လျားတဲ့ သဲသောင်ပြင် ဖြူလွလွ... တ၀ုန်းဝုန်း ရိုက်ခတ်တဲ့ လှိုင်းခေါင်းဖြူ ပင်လယ်လှိုင်းလုံးကြီးတွေ စတာတွေ............ မရှိပါဘူး.... အဲဒါတွေ တွေ့ချင်ရင်တော့ ငပလီသွားပါ... ချောင်းသာသွားပါ... ငွေဆောင်သွားပါ... ဒါပေမဲ့ မယုံမရှိပါနဲ့ ဒါကတော့ စင်္ကာပူရဲ့ Beach Resort ပဲ ဖြစ်ပါတယ်...



Man-Made Nature တွေပဲ အများဆုံးရှိနေတဲ့ စင်္ကာပူနိုင်ငံရဲ့ ကမ်းခြေ တစ်နေရာ...
မြက်ခင်းစိမ်းစိမ်းတွေမှာ Tent တွေထိုးပြီး လာရောက် နားနေကြတဲ့ မြင်ကွင်းတစ်ခု...



Tent လေးတွေ အစီအရီနဲ့ မနက် ၈နာရီ၊ ၉နာရီ ထိုးတာတောင် မထကြသေးတဲ့ ခဏ လူယောင် ဆောင်ထားတဲ့ စက်ရုပ် ဆန်ဆန် အရုပ်တွေ...




ကမ်းစပ် တ၀ိုက်မှာ စက်ဘီးနဲ့ လျှောက်စီးဖြစ်တော့ ဟိုနားက
"မြနန္ဒာ.... လေးညို့ညို့..ရစ်ကာသန်းတော့..." ဆိုတာကတစ်မျိုး...
"စိုးမိုး... ငါ့ရင်ထဲ... လှုပ်ခါနိုင်စွမ်း...ရှိလေသူ..... " ဆိုတာက တစ်သွယ်...
"ပါးပြင်မှာ... သနပ်ခါးလေးနဲ့ ... ချစ်စရာ ကောင်းလိုက်တာကွာ..." ဆိုတာက တစ်နည်း...
နည်းအမျိုးမျိုး... ဘ၀အစုံစုံကို ကြိုးစားဖြတ်သန်းနေရတဲ့ "အဝေးရောက်သား..." တွေလည်း... အများအပြားတွေ့ရသေးရဲ့....




ကျန်းမာရေးအတွက်.. လေ့ကျင့်ခန်းလုပ်နေကြတဲ့ သက်ရွယ်စုံ အဖွဲ့တစ်ဖွဲ့...
New Year Party လုပ်ဖို့ Bungalow အခန်းငယ်လေးတွေကို ကြိုတင်ပြီး ငှားရမ်းရပါတယ်




ဒါတွေကတော့ East Coast ကမ်းခြေ တလျှောက် လက်ဆော့ဖြစ်တဲ့ ဓာတ်ပုံ တချို့ပါ...
၂၀၀ရ ရဲ့ နောက်ဆုံးည နဲ့ ၂၀၀၈ ရဲ့ ပထမဆုံးနံနက်ခင်း ကို အမှတ်ရမှုတချို့နဲ့ ကုန်လွန် ဖြတ်သန်းခဲ့ပါကြောင်း...


Dec 29, 2007

Global Warming နဲ့ ပတ်သက်၍ ...

ကမ္ဘာကြီး ပူနွေးလာမှုနဲ့ ပတ်သက်ပြီး ကမ္ဘာအရပ်ရပ်မှာ အယူအဆ အမျိုးမျိုးနဲ့ ဆွေးနွေး ပြောဆို နေကြတာ အတော် ကြာခဲ့ပါပြီ။ ကမ္ဘာကြီး အဓိက ပူနွေးလာရတာဟာ Green House Gases လို့ ခေါ်တဲ့ ဖန်လုံအိမ် အာနိသင် ဓာတ်ငွေ့တွေ လေထဲ စုဝေးခြင်းက အဓိက တရားခံလို့ ကောက်ချက် ချကြပါတယ်။ စကြာဝဠာရဲ့ စွမ်းအင် ပင်မရင်းမြစ်ဖြစ်တဲ့ နေဆီကနေ အပူစွမ်းအင်တွေဟာ ကမ္ဘာ့လေထုကို ဖြတ်ပြီး ကမ္ဘာ့မြေပြင်ပေါ်ကို ကျရောက်ပါတယ်။ ပုံမှန်အားဖြင့် ကမ္ဘာ့မြေပြင်ဟာ စွမ်းအင် အချို့ကို စုပ်ယူပြီး အချို့အ၀က်ကို လေထုထဲသို့ ပြန်လည် ထုတ်လွှတ်ပါတယ်။ ကမ္ဘာ့လေထုဟာ ပုံမှန် အားဖြင့် မြေပြင်က ပြန်လည် ရိုက်ခတ်ပြန်လာတဲ့ အပူတွေကို အာကာသသို့ ပြန်လည် စွန့်ထုတ်ပေးရပါတယ်။

လေထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ကာဗွန်မိုနောက်ဆိုဒ် အစရှိတဲ့ ဖန်လုံအိမ်အာနိသင်ရှိ Gas တချို့ ရောက်ရှိ စုဝေးသွားတဲ့အခါ လေထုဟာ ကမ္ဘာမြေပြင်က ပြန်လာတဲ့ စွန့်ပစ်ရမဲ့ အပူဓာတ်ကို အာကသထဲသို့ ပြန်လည် စွန့်လွှတ်ပေးနိုင်ခြင်း မရှိတော့ပါဘူး။ စွန့်ပစ်ရမဲ့ အပူတွေ မစွန့်ပစ်နိုင်ပဲ တစတစ စုပေါင်းလာခြင်းသည် Global Warming ရဲ့ အစပဲဖြစ်ပါတယ်။

စက်မှုခေတ်ပြောင်းတော်လှန်ရေးနောက်မှာ စက်မှုထွန်းကားတဲ့ နိုင်ငံ အချို့ဟာ သူတို့ရဲ့ နိုင်ငံ စက်မှုလုပ်ငန်း တိုးတက်စေရေးအတွက် လုပ်ငန်းအပြိုင်အဆိုင် တိုးချဲ့လုပ်ကိုင်ကြရာက လေထုထဲသို့ နှစ်စဉ် Green House Gases တန်ချိန် ဘီလီယံပေါင်းမြောက်မြားစွာ ထုတ်လွှတ်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာ လေထုအတွင်း ဖန်လုံအိမ်အာနိသင်ရှိ ဓာတ်ငွေ့တွေ စုစည်းလာခြင်း၊ နှစ်စဉ် မိုးလေ၀သ စစ်တမ်းများအရ ကမ္ဘာကြီးရဲ့ ပျမ်းမျှ အပူချိန် တဖြည်းဖြည်း မြင့်တက်လာခြင်း၊ အာတိတ်နဲ့ အန္တာတိကဒေသက ရေခဲတောင်တွေ အရည်ပျော်နှုန်း မြန်ဆန်လာခြင်း၊ ကမ္ဘာရဲ့ အချို့ဒေသတွေမှာ ပင်လယ်ရေမျက်နှာပြင် မြင့်တက် လာနေခြင်း စတာတွေကြောင့် ကမ္ဘာကြီး ပူနွေးလာမှုကို လက်မခံလို့ မရတော့တဲ့ အခြေအနေရောက်ခဲ့ပါတယ်။ ဒီလို အကျိုးဆက်တွေ အားဖြင့် သိသာထင်ရှားနေတာတောင်မှပဲ အချို့သော သိပ္ပံပညာရှင်များက ကမ္ဘာကြီး ပူနွေးလာမှုဟာ မုတ်သုန်မိုး စောစောရွာစေခြင်းကစပြီး အနည်းငယ်သော ကောင်းကျိုးများကို ထောက်ပြပြီး ကမ္ဘာကြီးပူနွေးလာမှုကို အကောင်းမြင် ၀ါဒအချို့ ထုတ်ပြန်ခဲ့ကြပါသေးတယ်။ ဖန်လုံအိမ် အာနိသင် ဓာတ်ငွေ့လျှော့ချရေး သဘောတူညီချက်တွေ အကြိမ်ကြိမ်ရေးဆွဲ၊ လက်မှတ်တွေ ထိုးခဲ့ကြရာမှာလည်း အချို့ စက်မှုဖွံ့ဖြိုးစ နိုင်ငံတွေက လက်မှတ်ထိုးဖို့ ငြင်းဆိုခဲ့ကြတာတွေ အကြိမ်ကြိမ်ရှိခဲ့ပါတယ်။

တကယ်တော့ ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာကြီးဟာ ကျွန်တော်တို့ကြောင့်ပဲ ထိခိုက်ဒဏ်ရာရနေခဲ့တာကြာပါပြီ။ သို့တိုင်အောင် ကျွန်တော်တို့ လူသားတွေ အနေနဲ့ သတိမမူ ဂူမမြင် နေထိုင်နေခဲ့ကြတာ ယခုထက်တိုင်ပါပဲ။ ကမ္ဘာကြီး တိုးတက်အောင် လုပ်တာလည်း လုပ်တာပါပဲ။ မိမိနေထိုင်ရာ ကမ္ဘာကြီး အကြောင်းလည်း အနည်းငယ် စေ့ငုလေ့လာ ထားသင့်တယ်လို့ ယူဆတဲ့ အတွက် ဒီလင့်လေးမှာ အကျယ်တ၀င့် သွားရောက်ဖတ်ရှုနိုင်ပါကြောင်း ဝေမျှလိုက်ပါတယ်ဗျာ။

P.S: ဒါကတော့ ကမ္ဘာကြီး ပူနွေးလာကြောင်း လူတွေ သတိထားမိအောင် ဖန်တီးထားတဲ့ ဟာသဆန်ဆန် ကာတွန်းလေးတွေပါ။


ကမ္ဘာကြီး ပူနွေးလာတာ ငြင်းမရအောင်ပဲနော...



ပူလွန်းလို့ မြောက်ဝင်ရိုးစွန်းမှာနေတဲ့ Santa တောင် အင်္ကျီ မကပ်နိုင်တော့ဘဲ ကုလားအုပ်စီး ခရီးသွားနေရတဲ့ ဘ၀ ရောက်နေရပါတယ်...



ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတော့ Liberty လည်း Buoy ဆောင်ရတဲ့ ကိန်းဆိုက်ရောတဲ့...

Dec 26, 2007

BYE BYE '07 & WELCOME '08

၂၀၀၇ နှစ်ကတော့ လက်တပြပြ ဖြစ်နေပြီ။ သက္ကရာဇ် ၂၀၀၈ ကလည်း ရောက်လာဖို့ အရှိန် အဟုန်နဲ့ စိုင်းပြင်းနေလေရဲ့။ ၂၀၀၇ ကိုကတော့ အလုပ်ရှုပ်ခြင်းပေါင်း မြောက်မြားစွာနဲ့ နှုတ်ဆက်ရမဲ့ သဘောရှိနေပါတယ်။ လက်ရှိ အလုပ်လုပ်နေတဲ့ Project က လက်စသတ်ခါနီးဆိုတော့ အလုပ်က အခုမှ ကတ်ရှုပ်နေပါတယ်။ နေ့စဉ်နေ့တိုင်း ကိုယ့် ဘလော့ကို ကိုယ် ၀င်ကြည့်လိုက်တိုင်း လာလည်သွားကြတဲ့ သူငယ်ချင်း မိတ်ဆွေတွေကို အားနာ မိပါတယ်။ သူများတွေ ပို့စ် အသစ်တွေ တစ်ခုပြီးတစ်ခု တင်နေကြစဉ်မှာ မောင်လူအေးက တိုင်ပတ်နေတာနဲ့ ဘာမှ မရေးအား ရေးမယ် စိတ်ကူးလိုက်... စာတစ်ကြောင်း နှစ်ကြောင်းရေးလိုက်... အလုပ်ရှုပ်လိုက်နဲ့ စာတွေ လက်စမသတ် ဖြစ်သေးတာတွေက များနေတယ်။

လောလောဆယ်မှာ သက္ကရာဇ် ၂၀၀၇ ကတော့ မကြာခင် သုံးလေးရက်မှာပဲ နှုတ်ဆက်တော့မှာပါ။ ၂၀၀၇မှာ ကမ္ဘာမှာ ဘာတွေ ပြောင်းလဲမှုတွေ ဖြစ်ခဲ့သလဲ။ ကျွန်တော်တို့ ဘ၀တွေရော ပြောင်းလဲ ခဲ့သလဲ။ သေချာတာတော့ တစ်ရက်ထက် တစ်ရက် အသက်ကြီးလာကြတာနဲ့ အမျှ ဘ၀ဆိုတာထဲ ချည်းနင်း ၀င်ရောက်လာနေတာနဲ့ အမျှ အသက်ရှုရတာက အစ ငယ်ငယ်ကနဲ့ မတူတော့တာ အမှန်ပဲ။ တိုးတက်မှုတွေ အသီးသီး အသက ရရှိခဲ့ကြတာတွေ ရှိမယ်။ မှန်းထားသလောက် အောင်မြင်မှု မရခဲ့ကြတာတွေ ရှိမယ်။ ၂၄ နာရီချင်းတူတူရကြတဲ့ (သန်းခြောက်ထောင်ကျော်)လူသားတွေ အချင်းချင်းမှာ တချို့ကအောင်မြင်ပြီး တချို့က မှန်းသလောက် မဖြစ်ခဲ့တာာတွေရှိကြမယ်။ ကြိုးစားသလောက် အောင်မြင်မှုရကြတာတွေ ရှိသလို မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့ကြတာတွေ လည်းရှိမယ်။ ကြိုးစားသလောက် အောင်မြင်ခဲ့ကြသူတွေ အတွက် ဆက်ကြိုးစားဖို့ ခွန်အားသစ်တွေ မွေးမြူဖို့ လို အပ်သလို၊ အကြိမ်ကြိမ် ကြိုးစားတာတောင် အောင်မြင်မှု မရသူတွေ အတွက်တော့လည်း နည်းနာ နိသယ အသစ်တွေ ရှာဖွေဖို့ လိုလေမလား သုံးသပ်ကြရမဲ့ ဆုံမှတ်တစ်ခုလို့ ဆိုရင်လည်း မှားအံ့ မထင်ပါဘူး။ ဆိုတော့...

၂၀၀၇ သည် ကျွန်တော်တို့ ထင် သလောက် အောင်မြင်ခဲ့ရဲ့လား
အောင်မြင်ခဲ့တယ်ဆိုရင် ဘယ် အချက်တွေ မှာအားသာလို့ ဘယ်အချက်တွေမှာ ကျွန်တော်တို့ ထပ်အားဖြည့်သင့်သလဲ
တကယ်လို့ တချို့ အချက်တွေ မအောင်မြင်ခဲ့ဘူးဆိုရင်ရော.. ဘယ် အချက်တွေ အားနည်းလို့ ဘယ် နည်းစနစ်တွေမှာ အားနည်းချက်တွရှိခဲ့သလဲ

၂၀၀၈ အတွက်ရော..
ဘာတွေ စီစဉ်ထားပြီးပါပြီလဲ...
စီစဉ်ထားတဲ့ အချက်တွေ အောင်မြင်ဖို့ ဘာတွေ အားကူ ထပ်ဖြည့်စရာတွေ လိုပါသလဲ
၂၀၀၈ ရဲ့ ဒီဇင်ဘာ ဒီရက်မျိုးမှာ "ငါတော့ဖြင့် ဒါတွေ အောင်မြင်ပြီးမြောက်ခဲ့ပြီ" လို့ တွေးပျော်နိုင်ဖို့ ဘာတွေ ကြိုတင်စီစဉ်ရမလဲ...

တွေးခေါ်စရာလေး တစ်ခုအနေနဲ့ ဝေမျှခြင်းပါ။ ကုန်သွားတာကို တမ်းတ ၀မ်းနည်းနေစရာ မဟုတ်ပေမဲ့ နောက်ထပ်ရောက်လာမဲ့ နှစ်သစ်အတွက် မိမိ ဖြတ်ကျော် အောင်မြင်စရာ လေးတွေ စီစဉ် ပြင်ဆင်ထားခြင်းအားဖြင့် အားသစ် အင်သစ် စိတ်သစ်လူသစ်နဲ့ HAPPY NEW YEAR လို့ ဟစ်အော်ရင်း နှစ်သစ်ကို ကြိုဆိုမယ်ဆိုရင်.. ပိုပြီး အဓိပ္ပာယ်ပြည့်ဝမယ်လို့ ယူဆမိပါတယ်ဗျာ...

Dec 19, 2007

ကမ္ဘာတလွှားက ညရှုခင်းများ...

ကမ္ဘာနဲ့ အ၀ှမ်းက မြိုတော်တချို့ရဲ့ ညရှုခင်းလေးတွေပါ။ ကျုပ်တို့ရဲ့ ရန်ကုန်ရွှေမြို့တော်ကြီးလည်းပါသဗျ။ ခံစားကြည့်ကြပါဦး။

BAY OF HUNTERS