
အပေါ်က Jobs ဆိုတဲ့ ခေါင်းစဉ်ကို နှိပ်ပါ။ ကျေးဇူးရှင် Read more ပျက်နေပုံရ။း(
ကျနော့်ရဲ့ မပုတင် (မှတ်ပုံတင်) မှာ ကိုးကွယ်သည့်ဘာသာ ဆိုတဲ့ ဖော်ပြချက် ပါတယ်။ တခြားနိုင်ငံတွေမှာ မှတ်ပုံတင်ကတ်ပြားပေါ် ဒီလို မဖော်ပြကြဘူးလို့ ဆိုတယ်။ သူရို့ဆီက အာဏာပိုင်များက သူရို့ ခွဲခြား ဆက်ဆံခံရမှာ စိုးရိမ်ပုံရတယ်။
အလုပ်အကိုင် ဆိုတဲ့နေရာမှာတော့ ကျောင်းသား လို့ ဖြည့်ထားတယ်။ လဝကရုံးရဲ့ လက်ရာလေ။ အလုပ်အကိုင် “မရှိ” လို့ ဖြည့်လည်း ရတဲ့ဟာကို။ အလုပ်အကိုင်ဆိုတာ ဝင်ငွေရှိတဲ့ အလုပ်ကို ဆိုလိုတာ မဟုတ်ဘူးလား။ ကျောင်းသား ဆိုတာ ဝင်ငွေမရှိ၊ ထွက်ငွေသာရှိ။
တောကနေ ရန်ကုန်ရောက်တော့ အလုပ်အကိုင် မျိုးစုံ တွေ့ဖူးတာပဲ။
တချို့အလုပ်တွေက တောသား ကျနော် အတွက် အံ့အားသင့်စရာ။
ဥပမာ - အိုးတိုက် ဖွဲပြာရောင်းတဲ့အလုပ်ဗျာ။ တောမှာတော့ ဖွဲပြာ ရချင်ရင် ဆန်စက်မှာ သွားကျုံးပေတော့။ (ဖွဲပြာ ဆိုတာ မီးရှို့ထားတဲ့ စပါးခွံမှန်း လူတိုင်း မသိဘူး။ သိစရာလည်း မလိုပါ။) ဆန်စက်မှာ ဖွဲပြာက တောင်ပုံယာပုံ။
ဓားသွေးတဲ့ အလုပ်ကလည်း စိတ်ဝင်စားစရာ။ တောသားအတွက် အသစ်အဆန်း။ တလမ်းဝင် တလမ်းထွက်ပြီး ဓားသွေးတယ် ကပ်ကျေးသွေးတယ်လို့ လိုက်အော်တဲ့သူကို ရန်ကုန်ရောက်မှ တွေ့ဖူးတယ်။
ဦးရှင်ကြီး တင်တဲ့ဆရာက ပိုပြီး စိတ်ဝင်စားစရာ ကောင်းတယ်။ ကျနော်တို့ ရှမ်းပြည်မှာ ဦးရှင်ကြီးမှ မရှိတာ။ ဦးရှင်ကြီးဆရာက ဆိုက်ကားနဲ့ ရောက်လာတတ်တယ်။ ကျနော်တို့ အမေက ရေလမ်းခရီး မသွားပေမယ့် အရောင်းအ၀ယ် အဆင်ပြေအောင် ဦးရှင်ကြီး တင်တတ်တယ်။ ဒီတော့ လည်း ကျနော်က မုန့်ဆမ်း စားဖူးသွားတယ်။ စားလို့ ကောင်းသားပဲ။ အမြဲတော့ မတင်ပါဘူး။ တနှစ်ကို တခါ လောက်ပါပဲ။
ခြင်ဖမ်း ဆိုတဲ့ အလုပ်အကိုင် ကြားဖူးကြလား။ ခြင်တွေကို လိုက်ဖမ်းတဲ့ အလုပ်နဲ့တော့ ဆက်စပ်တယ်။ ဆေးသုတေသနအဖွဲ့က နယ်တွေကို ငှက်ဖျားပိုးနဲ့ ပတ်သက်ပြီး ကွင်းဆင်းတဲ့အခါ ခြင်ဖမ်းတဲ့အလုပ် လုပ်တယ်။ ခြင်ဖမ်း ဆိုတဲ့လူက ခြင်ဖမ်းတဲ့လူ မဟုတ်ဘူး။ ဒီလို ဒီလို - လူတယောက်က ပထမဦးဆုံး ခြင် အကိုက်ခံရတယ်၊ ခြင်က သူ့ လက်ပေါ် ဒါမှမဟုတ် ပခုံးပေါ် နားရောဗျာ၊ ပြီးရင် သွေးစုတ်မယ်၊ အဲဒီခြင်ကို ပလပ်စတစ်ပိုက်အကြည်နဲ့ ထိုးလိုက်တော့ ခြင်က ပိုက်ထဲ ၀င်သွားရောဗျာ။
သွေးစုတ်တာကို ငြိမ်ခံရမယ်၊ သွေးစုတ်နေတုန်းး မဖမ်းရဘူး၊ သူ သွေးဝသွားပြီ ဆိုတဲ့အချိန်မှ ပိုက်နဲ့ ထိုးလိုက်ရတာ။ အကျဉ်းချထားတဲ့ခြင်ကို အစာကျွေးလို့ မရဘူးလေ။ ဒါကြောင့် မဖမ်းခင် သွေးအ၀တိုက်တဲ့သဘော။ သွေးမ၀တဲ့ ခြင်ကလည်း ရန်ကုန်အထိ သွားရတဲ့ခရီးမှာ အသက်မရှင်ဘူးလို့ ဆိုတယ်။ ဒါတွေကို ခြင်က ကျနော့်ကိုပြောတာ မဟုတ်ဘူးနော်။ ကျနော် ခြင်စကား နားမလည်ပါဘူး။ ဆေး/သု ၀န်ထမ်းတယောက်က ပြောပြတာပါ။ ခြင်က သွေးဝတဲ့အချိန် ဗိုက်ဖောင်းသွားတဲ့အချိန်မှာ မဖမ်းမိဘဲ လွတ်သွားတာတွေလည်း ရှိတာပေါ့၊ ခင်ဗျားလည်း ခြင်ရိုက်ဖူးတာပဲ၊ အပူပိုင်းနိုင်ငံသား ဆိုတော့။
ခြင်ဖမ်း ဆိုတာ နိဂုံးချုပ်ရရင် ခြင်ဖမ်းတဲ့လူကို ခေါ်တာမဟုတ်ဘူး၊ သွေးလှူတဲ့သူကို ခေါ်တာပါ တဲ့။ ခြင်အကိုက်ခံရတဲ့အတွက် ပိုက်ဆံရတယ်ပေါ့ဗျာ။
နောက်အလုပ်တခုအကြောင်း လျှောက်ပြောရရင် ၁၉၉၆ လောက်မှာ ကျနော့်တူတယောက်ကို မေးကြည့်တယ်၊ မင်းကြီးလာရင် ဘာလုပ်မလဲပေါ့။ (လူကြီးတွေက ကိုယ့်ကို ဒီမေးခွန်းနဲ့ မကြာခဏ နှိပ်စက်ဖူးတော့ ကိုယ်လည်း ဘာရယ်မဟုတ်ပါဘူး ကိုယ့်ထက်ငယ်တဲ့သူ့ကို လျှောက်မေးတော့) သူက နည်းနည်း စဉ်းစားပြီး ဖြေတယ်၊ ကားစပယ်ယာ လုပ်မယ် တဲ့။ အဲဒီတုန်းက စပယ်ယာတွေက မိန်းကလေးတွေကို ခါးတို့ ကျောကုန်းတို့ပဲ မသိမသာ စမ်းသပ် ကိုင်တဲ့ခေတ်။ ခုတော့ တင်ပါးတွေကိုပဲ ရွေးပြီး သိသိသာသာ ကိုင်တဲ့ခေတ် လို့ ဆိုတယ်။
ကျနော့်တူက တင် ကိုင်ချင်လို့တော့ မဟုတ်ပါဘူး၊ ၁၉၉၆ က ဆိုတော့ သူက ၉ နှစ်အရွယ်လေ အဲဒီတုန်းက။ စပယ်ယာ ဆိုတာ သိတယ်မဟုတ်လား၊ ကားကို တွယ်စီးတယ်၊ လူအတင်အချကို စီမံခန့်ခွဲတယ်၊ ပေါက်ကရ အော်တယ်၊ ဆပ်ပလိုင်းဂျက် ရှိမရှိ ထောက်လှမ်းရေး လုပ်တယ်၊ ခရီးသည်ကို ရာဇ၀တ်သားလို ဆက်ဆံတယ်။ အဲဒီတုန်းက ပြောပါတယ်။ ကျနော့် တူတော်မောင်က ဒီငနဲတွေ ကားတွယ်စီးရတာကို အားကျတော့ စပယ်ယာ ဖြစ်ချင်ပြီပေါ့။ သူ့ခမျာ အသက်ငယ်လွန်းတော့ ကားတွယ်စီးလို့မရဘူးလေ။ စပယ်ယာ ဆိုတဲ့ ငနဲက အမြဲတမ်း တွယ်စီးတယ်၊ ပြီးတော့ ပိုက်ဆံတွေကို လက်ကြားထဲ လှတ ပတ ညှပ်ထားပုံက ကလေးတွေ အကြိုက်ပေါ့။
ကျနော့်ရဲ့ အလုပ်အကိုင်လား၊ အင်း - သတင်းထောက် ပေါ့ဗျာ။ ခပ်ညံ့ညံ့ သတင်းထောက်တွေထဲက တယောက် ဆိုပါစို့ရဲ့။ ဒီလိုဖြစ်လာလိမ့်မယ်လို့ (သတင်းထောက်ဖြစ်လာလိမ့်မယ်လို့) မထင်ရေးချ မထင်ခဲ့ရိုး အမှန်ပါ။
ဒီပို့စ်ရဲ့ နိဒါန်းမှာ ဘာသာရေး ဆိုတဲ့ စကားလုံးနဲ့ အစပြုထားတယ်။ ဒါပေမယ့် ဘာသာရေးအကြောင်း ဘာမှ မသိတဲ့အဆင့်လောက် ရှိတာကြောင့် ဘာမှ မပြောပါဘူး။
(ရုရှစာရေးဆရာကြီး ချက်ကော့ဗ်က ပြောတယ်၊ ဇာတ်လမ်း နိဒါန်းပျိုးတဲ့အခါ သေနတ်တလက် နံရံမှာ ချိတ်ထားတဲ့အကြောင်း ရေးလိုက်ရင် အဲဒီသေနတ် ပစ်ကို ပစ်ရမယ် တဲ့။
ဒီပို့စ်က ဇာတ်လမ်းမဟုတ် ၀တ္ထုတိုမဟုတ်တဲ့အတွက် ဒီအဆိုကို မလိုက်နာတဲ့ သဘောပါ။)
ကဲ- ကိုယ့်လူ - ခင်ဗျားရော ဘာလုပ်သလဲ။
5 comments:
ခြင်ဖမ်းဆိုတာကို အခုမှ ကြားဖူးတယ်။ တခါမှ မကြားဖူးဘူး။ =)
ဟိုက်ရှားလဘတ်ရည် ပို.စ်ပါလာဟရို. .. ဘာဖြစ်တယ်မသိဘူး ဒီဘလော့မှာ အောက်ကမြင့်ဘေးထွက်တွေ ရိုက်လို့လည်းမရဘူး :(
ပို့တွေက Read more တွေတစ်ခုမှ ဖတ်လို့မရဘူး၊ တော်တော် စိတ်တိုတယ် ဟင်း .......ငါ့နှယ်။
ရုရှစာရေးဆရာကြီး ချက်ကော့ဗ်က ပြောတယ်၊ ဇာတ်လမ်း နိဒါန်းပျိုးတဲ့အခါ သေနတ်တလက် နံရံမှာ ချိတ်ထားတဲ့အကြောင်း ရေးလိုက်ရင် အဲဒီသေနတ် ပစ်ကို ပစ်ရမယ် တဲ့။
ကြိုက်သွားပီ..မှတ်သားထားလိုက်ပီ ။း)
ချက်ကော့ဗ် က..ဒီ သတင်းထောက် ကို တော့..ချွင်းချက် ပေးမှာပါ။
ခြင်ဖမ်းတဲ့ အလုပ်တော့ မကြားဖူးဘူး။
Post a Comment