*ထိ/သိ/သတိများ
လွယ်မယောင်နဲ့အခက်သား
ချည်တိုင်ပျောက်ပျောက်သွား ။
ဆေးတစ်ပြားသောက်ရုံနဲ့ပျောက်ရင်ကောင်းမယ်
နေမကောင်းတဲ့အခါတိုင်းသတိတရ
ညီမျှခြင်း ရှိ/မရှိ ကျွန်တော်မသိ
တယ်လီပသီနည်းလမ်းတွေအတိုင်း
အမေ့ဆီ ညွတ်ကိုင်းမိရဲ့ စိတ်နွယ်တစ်ပင်..။
ရေ၀င်နောက်ကျရတဲ့ အထဲ
ကြွက်တွေကဲလို့ဖွဲဖြစ်သွားတဲ့ စပါးခွံတွေနဲ့
အဆင်မပြေတဲ့ ရာသီဥတုနဲ့
အခန့်မသင့်တဲ့ သဘာဝဘေးရန်နဲ့
ကသီနေရှာမယ့် အမေ့အိမ်ကို
ကျွန်တော့်စိတ်က နှင်တံမလိုပဲ လွှင့်ခဲ့ပေါ့ ။
မော့နေတယ်..လက်ခလယ်မှာ
တွယ်နေတယ်..လက်မောင်းမှာ
ခဲနေတယ်..ခြေထောက်မှာ..
သွေးဆာနေတဲ့ခြင်တွေ ရဲရဲနီ ။
အိမ်အဖီလေးမှာအမေဖိုပေးတတ်တဲ့ မီးဖိုမျိုး မရှိ
ဆူပွက်ချိန်မပြည့်တဲ့ ရေနွေးတစ်ခွက်နဲ့
ဘိုင်အိုဂျက်ဆစ်တစ်ပြားပဲမျှောချလိုက်ရ
မန္တလေးဆောင်းည က ကျွန်တော့်ဆီ ဗုန်းဗုန်းလဲကျလို့
ချွန်မြနေတဲ့ဆောင်းလေတွေက ကျွန်တော့်ကို ထိုးဆွလို့
စို့တက်လာတဲ့မျက်ရည်မှာ နောင်တမပါကြေးပေါ့
ကိုယ့်အတွေးကိုယ် ပြန်သိမ်းရင်း
ကျုံးတွင်းက နှင်းစက်လေးများဆီ..ရွှေ့လိုက်တယ် ။
** မန်းကျံးရေပြင်တွင်း
နှင်းမှုန်မြူတို့ ရေသောက်ဆင်း
လှဘွဲ့ ညရှုခင်း ။
မီးနီနီတွေ ရုန်းရင်းဆန်ခတ်ပြေးလွှားသလောက်
(၂၆)ဘီ လမ်းဟာ အပြားလိုက်ကြီးအညောင်းဖြေလို့
နှင်းမြူဝေေ၀ကြားမှာ
မီးကုံးလေးတွေတလက်လက်
မြို့ရိုးပြကွက် က လှနေတယ် ။
ဟိုး..အရှေ့မှာ ရန်ကင်းတောင်
ကြယ်ယောင်ဆောင်မီးလုံးလေးတွေနဲ့
အိပ်မောကျနေရဲ့ ။
အကြောဖြေလျှော့နေသူတွေလား
ညကိုဆေးဆိုးနေသူတွေလား
သစ္စာထားနေသူတွေလား
မေတ္တာပွားနေသူတွေလား
မသိချင်..
ကျုံးရေပြင်က မျက်နှာပိုးသတ်နေပေါ့ ။
ကျွန်တော့်စိတ် ရပ်နေတဲ့အရှေ့တောင်ထောင့်ဟာ
အရင့်အရင်လို အလှဖြာနေဆဲပါပဲ ။
အသည်းနာပြီဆိုကတည်းက ရင်ဘတ်မလုံလို့လား
သွားချင်ရာသွားနေတဲ့ စိတ်က ချည်တိုင်မဲ့
အလွမ်းဖွဲ့ရပ်ဝန်းမှာ
ကျွန်တော့်မျက်ဝန်းက အမြဲမိုးရာသီ ။
ပလီပလာမပြောတတ်လို့ဆိုပြီး
ကျွန်တော့်ကို အမေ ပိုချစ်ခဲ့
အမေချစ်ခဲ့တဲ့ အမူအကျင့်က
ဘ၀မှာ အခွင့်အရေးမရတတ်ဘူး မေမေ
ဒါပေမယ့်
အမေ့အချစ်တစ်ခုနဲ့ကျွန်တော်မားမားရပ်ခဲ့
အနားသတ်မလှတဲ့ဖြတ်စတွေ တောင်လိုပုံတယ် ။
ငွေကိုသာ ဂုဏ် သတ်မှတ်ချင်သူတွေကြား
အမေ့သားက ဂုဏ်မဲ့ ၊ဒြပ်မဲ့
ကန့်သတ်တဲ့အမြင်တွေခုတ်ထွင်ပစ်ရင်း
အလင်းမရခင် လက်ပန်းကျလုပေါ့
အားမလျှော့ခဲ့ပါဘူး မေမေ ..။
လေပြည်ချည်းလာနေရင်
သစ်ပင်တွေညောင်းညာနေမလား
ကလေးကလား တွေးမိပါရဲ့
အနု အနွဲ့တွေ မကြုံတတ်လွန်းတော့
လက်ပွန်းတတီးရှိနေတာက အကြမ်း/မုန်တိုင်းတွေသာ ။
မသာယာတဲ့လမ်းတော့ဘယ်သူလျှောက်ချင်မလဲ..မေမေ
ပန်းတွေဝေနေတဲ့လမ်းချည်းလဲ မဖြစ်နိုင်ခဲ့ဘူး
ကန္တာရထဲက ဆူးတွေးဟာ ဘ၀ကိုအမှတ်ပေးတယ် ။
ရပ်နေဖူးပါတယ်
အရူးတစ်ယောက်လိုနေကိုမော့ကြည့်ရင်းပေါ့
အလင်းတွေလမ်းလျှောက်တဲ့အခါ
အရိပ်ဟာအလိုလိုပါသွားတတ်ရဲ့ ။
အမှတ်တမဲ့တွေ ပြန်ပြန်တွယ်ချိတ်ရင်း
အတိတ်/ပစ္စုပ္ပန် ကဇာတ် အလိမ့်မှာ
ကျွန်တော့်အနာဂတ်က ပွဲမိန့်မကျသေးဘူး..မေမေ ။
***နေခြည်ခြေချလာ
နှင်းပွင့်မျက်ရည်သွန်ရရှာ
အနိစ္စမြင်လွှာ ။
ဘ၀ဆိုတာ မြွေသွားလမ်းလေးလိုဖြစ်ခဲ့
အတည့်နိယာမချည်းဆို ဘယ်သူတွေ ငိုမလဲ
အလိုလို ဆာနေတဲ့ လူလိုလို လူတွေထဲမှာ
အသည်းစကားတွေခေါင်းပါးလွန်းတယ် ။
ပြညွှန်းကိန်းတွေ/ပေတံတွေ အတွက်
ခံစားချက်မဲ့တဲ့အချစ်တုတွေ ထိုးထိုးကျွေးကြ
ကာလမရွေ့လျောပဲ အချစ်ဟာ အညစ်ဖြစ်သွားပေါ့ ။
တရားတော့တရားပါပဲ..မေမေ
နိုးကြားမှုနှေးကွေးတဲ့အသိစိတ်နဲ့
ကျွန်တော်က နားပိတ်ငြိမ်နေမိခဲ့တာ
မာယာလည်း တရား
သစ္စာလည်း တရား
မတရားခြင်းဆိုတာလည်း တရား
တရားခြင်းဆိုတာလည်း တရား
အများလက်မခံတာလည်း တရား
အများလက်ခံတာလည်း တရား
တရားကို ကျွန်တော် မခင်သလောက်
တရားက ကျွန်တော့်ဆီ ရောက်မလားဘူး ။
ရူးတာကို ရူးမှန်းသိရင် မရူးသေးဘူး တဲ့
ထူးမခြားနား ကံကြမ္မာထဲ
နေ့/ည လွဲတဲ့အကျင့်တော့ စွဲခဲ့ပေါ့
ချော့မော့သူမရှိမှန်း သိတဲ့အခါ
မျက်ရည်ဟာ အကျခက်ဖို့ကောင်းတယ်
ဒါပေမယ့်..မေမေရယ်..
သဝေထိုးရေးနေရင်း
ခခွေးဖြစ်ဖြစ်သွားတဲ့ အခါ
ပြဿနာဟာ ဖြေရှင်းရခက်ပေါ့
ကြော့ကြော့လေး ပွဲထွက်လာတဲ့
အနိစ္စ ရှုခင်းမှာ
ကျွန်တော့် အမြင်မရှင်းသေးဘူး..မေမေ ။
ကျွန်တော်နေမကောင်းတဲ့အခါ
မေမေပါလိုက်ပြီး နေမကောင်းတတ်လို့
စိတ်-စိတ်ချင်း မေးခွန်းပို့လိုက်တယ်..
“ မေမေ..နေကောင်းလား..မေမေ”
ရတုသစ်
(11/1/ 2013 --8:25 PM )