Showing posts with label မေမေ. Show all posts
Showing posts with label မေမေ. Show all posts

Friday, December 21, 2012

Miss Universe 2012

ညက မီးပူတိုက်ရင်း TV  မှာ Miss Universe ဖိုင်နယ်ရွေးနေတာတွေ့လို့ ကြည့်ဖြစ်တယ်..။ (The X Factor Final ဆု ကျေညာတာလည်း ကြည့်ဖြစ်တယ်။ )

ကိုယ်ကြိုက်တာက Miss Venezuela ၊
နောက်ဆုံး ၂ ယောက်ကျန်ခဲ့တာက Miss USA နဲ့  Miss Philippine ။
Miss USA ရသွားလို့တော်သေးတယ်..။
Miss Philippine ကို အနီးကပ်ပြတော့ နှာပိနေတယ်၊ အပေါ်သွားလည်း နည်းနည်းခေါတယ်လို့ထင်တယ်။ တကယ်က လှပါတယ်။ Miss Universe ရလောက်အောင် မလှဘူးထင်တာပါ။


ပုံတွေကို http://www.missuniverse.com က ကူးယူထားတာပါ။ 

Miss  Universe 2012  USA သူကလေး Olivia


ကျွန်မကြိုက်တဲ့ ဗင်နီဇွဲလားသူ


တီဗီကြည့်နေရင်း မေမေ့ကို သတိရမိတယ်။ ပြည်မှာကျောင်းတက်နေတုံးက ကျောင်းနားက စတိုးဆိုင်မှာ အဲဒီနှစ်  Miss Universe အခွေ ရောင်းလို့ မေမေ့ကိုဝယ်ပေးဖူးတယ်..။ မေမေ တအားကြိုက်တယ်။ ကောင်မလေး ငယ်ငယ်ချောချောလေးတွေ အဝတ်အစားအမျိုးမျိုးနဲ့ ပြုံးပြုံးလေးတွေ လမ်းလျှောက်လာကြ၊ ပြိုင်ကြတာ သူသိပ်သဘောကျတယ်။ အဲဒါပဲ ခဏခဏ ဖွင့်ပြရလွန်းလို့ အခွေ ထစ်သွားတာ မှတ်မိတယ်။ နောက်နှစ်ခွေ ဝယ်ပေးပါဦး မှာပေမယ့် ထပ်မရတော့လို့ ထပ်မဝယ်ဖြစ်တော့ဘူး..။အခု ပြနေတဲ့ရှိုးမေမေ့ကို ကြည့်စေချင်တယ်။ နောင်နှစ် ၂၀၁၃ မှာတော့ မေမေ့ကို စင်ကာပူ အလည်ခေါ်ဖြစ်အောင်ခေါ်ရမယ်။ ရွာကနေ ဘယ်မှ မသွားချင်ဘူးဆိုလေတဲ့ မေမေ့ကို ပတ်စပို့လုပ်ဖို့ရာ ဖျောင့်ဖျရပေဦးမယ်။

ကိုယ်လူမှန်းသိတဲ့ ၆ နှစ် ၇ နှစ်သမီး အရွယ်ကနေ ခုထိ မေမေဟာ ခေတ်နောက်ပြန် အဖွားကြီး ခပ်တုံးတုံးပုံစံ အမြဲမြင်ရတယ်။ ငယ်ငယ်က မြင်ရတာ ရင်ဖုံးအကျီဖြူလက်စက တံတောင်ဆစ်ဖုံး ၊ ကျောင်းစိမ်းထဘီနဲ့ပဲ ။ အထက်တန်းကျောင်းအုပ်ဆရာမကြီးရဲ့ ကျောင်းစိမ်းထဘီဟာ ဘာအစိမ်းချိတ်၊ ဘာပိုးမှ မဟုတ်ခဲ့ဘူး၊  တက်ထရက် အစိမ်းရင့်ရင့်ထမီပဲ အမြဲဝတ်တယ်..(မေမေ အရပ်ရှည်လို့ ယောက်ျားဝတ် တက်ထရက်ပုဆိုးစိမ်းကို အထက်ဆင့်တပ်ဝတ်ရတာ)။ ရင်စေ့အကျီဆိုလို့ တစ်ထည်မှ မရှိဘူး၊ နောက်ပိုင်း ရင်ဖုံးချုပ်ရင်တော့ ရှေးခေတ် ရင်ဖုံးလို ပခုံးဆက်မပါ၊ နောက်ကျောတည့်တည့် ဒေါင်လိုက်စပ်ကြောင်း တစ်ကြောင်းပါတဲ့ ရင်ဖုံးချုပ်တတ်တဲ့ စက်သမားဆီရွေးအပ်သေးတာ ...။ ပင်စင်ယူပြီးတော့လည်း အကျီပုံစံ အရောင်ရော၊ စတိုင်ရော မပြောင်းဘူး.. ထဘီက အညိုပြောင် (သို့မဟုတ်) အညို၊ နက်ပြာ။၊ အရောင်ရင့် ထဘီတွေနဲ့ပဲ ။ မေမေဟာ အလှအပစိတ်မဝင်စားဘူး.. ဖက်ရှင်ကျကျမနေတတ်ဘူးလို့ ထင်တယ်။ မေမေ့ သမီး ၃ ယောက်လုံး ထိုနည်းလည်းကောင်းပဲ ။
 
 ဒါပေမယ့် မေမေရန်ကုန်တက္ကသိုလ်တက်နေတုံးက ရိုက်ထားတဲ့ ဓာတ်ပုံတွေ အယ်လဘမ်အကြီးကြီးနဲ့ တစ်အုပ်အပြည့်ရှိတယ်။ အဲဒီထဲမှာတော့ မေမေ့အလှဓာတ်ပုံတွေ ပုံစံအမျိုးမျိုးနဲ့ အရိုက်ခံထားတဲ့ပုံတွေ အများကြီးပဲ ။ ဆေးရောင်စုံဓာတ်ပုံဆိုတာ ကိုယ်မှတ်မိသလောက် ၁၉၈၂- ၈၃ လောက်မှာ စပေါ်တယ်။ ဒါပေမယ့် ၁၉၆၀ ပြည့်နှစ် မတိုင်မီ ရိုက်ထားတဲ့ မေမေ့ဓာတ်ပုံတချို့မှာ ဆေးရောင်စုံ ကာလာတွေပါတယ်။ အဖြူအမည်း ဖလင်နဲ့ ရိုက်ပြီးမှ ပြန်ခြယ်ထားတယ် ထင်ပါရဲ့ ။ မေမေဟာ ငယ်ငယ်က သိပ်လှပါတယ်။ ဒီတစ်ခေါက်ပြန်မှ အဲဒီဓာတ်ပုံအယ်လဘမ်ကို ရှာပြီးပုံတွေ ဆော့ဖ်ကော်ပီနဲ့ သိမ်းထားရဦးမယ်။