~
ကားတော်မောင် အိမ်ရောက်နေတာ တနှစ်ကျော်သွားပြီ။
ဘီး တခါ ပေါက်တယ်။ နောက်ဘီး။
ဝပ်ရှော့ (အလုပ်ရုံဆွေးနွေးပွဲမဟုတ်) က ဆရာတယောက် ဘီးလာဖြုတ်/တပ်ပေးတယ်၊ ပေါက်တဲ့ဘီး ဖာထေး။
ကားလိမ္မာ လို့ ခေါင်းစည်း တပ်ရခြင်းက ဘီးပြားနေတာကို ခြံထဲမှာ ရပ်ထားတုန်း တွေ့ရလို့ပါပဲ။ ခြံထဲ ၀င်ခါနီး ပေါက်သွားတာလည်း ဖြစ်နိုင်တယ်။ တာယာထဲ သံချောင်းဝင်သွားတယ် ဆိုတာကိုး။
ဘထရီအိုး ဒေါင်းသွားတုန်းကလည်း ခြံထဲ ရပ်ထားတုန်း ဖြစ်တာပါပဲ။
စက်က အသက်မ၀င်တော့ ၀ပ်ရှော့ကို ဖုန်းဆက်ရပြန်ရော။ ဆရာက ကလီစာတွေ ဟိုဟိုဒီဒီ ကိုင်ကြည့်ပြီး ဘက်ထရီအသစ်လဲဖို့ ညွှန်းတယ်။
အကြီးအကျယ် ရောဂါတက်တဲ့ ၂ ကြိမ်စလုံး လမ်းပေါ်မှာမဖြစ်ဘဲ ခြံထဲမှာ ဖြစ်ခဲ့တာကြောင့် ဒီကားက ကားလိမ္မာလို့ ဆိုနိုင်တယ်မဟုတ်လား။
ကားပိုင်ရှင်ကတော့ လိမ္မာဖို့ လိုသေးတယ်။ ကားကို ရေချိုးပေးဖို့ ၀န်လေးလွန်းလို့ပါ။ ကားတော်မောင်ကို ရေချိုးခန်းလည်း ခေါ်မသွားဖြစ်။
သူ့ပိုင်ရှင်ဟောင်းတယောက်ယောက်က ဂက်စ်အိုး တပ်ထားတော့ ဂက်စ်/ဓာတ်ဆီ ၂ မျိုး ကြိုက်တာနဲ့ မောင်းရုံပဲ။ ဘတ်ဂျက်သမားမို့ ဂက်စ်နဲ့ပဲ မောင်းဖြစ်တယ်။ ဓာတ်ဆီကိုတော့ အနည်းအကျဉ်းပဲ ထည့်ထားတယ်။ မိုးရွာတဲ့နေ့တနေ့အတွက် အဲ ... လိုလိုမယ်မယ် သဘော ထည့်ထားတာပါ။
ကားဝယ်ဈေးက $ 3,000 နီးပါးလို့ ဆိုရမယ်။ ဂက်စ်စနစ် တပ်ဆင်ထားလို့ ဒီဈေးဖြစ်သွားတာပါ တဲ့။ အော်ရီဂျင်နယ်အတိုင်းဆို $ 2,000 ထက် မပိုနိုင်ပါဘူး။
ဈေးနှုန်းကြည့်တာနဲ့ ဇိမ်ခံကားမဟုတ်မှန်း သိရောပေါ့။
ဟုတ်ပါတယ်၊ ဘေးမှန်အတင်အချက လက်လှည့်ပါ။
ကားလိမ္မာက ၀ယ်ဖြစ်ခဲ့ရခြင်းက သားလိမ္မာအတွက်ပါပဲ။
သားတော်မောင် ရှိမလာရင် စီးတော်ယာဉ်က မော်တော်ဆိုင်ကယ်ပဲ ဖြစ်နေမှာပါ။
ကားတော်မောင်က ပုံမှာ တွေ့ရတဲ့အတိုင်း ညိုချော၊ မစ်ဆူဘီရှီ။ ဂီယာနဲ့။
တော်သေးပြီ။
နောင်မှ ဆက်ရေးမည်။