Confessions of a software developer - interviews


အလုပ်ပြောင်းတဲ့အကြောင်း ရေးထားတဲ့ပို့စ်  ကို အားပေးတဲ့သူများတော့ confessions စီးရီးစ်အလိုက် ဆက်ရေးဖို့ စဉ်းစားထားတယ်။ :D ခုလောလောဆယ်တော့ အင်တာဗျူးအတွေ့အကြုံတွေ ရှဲပေးပါလို့ တောင်းဆိုတဲ့သူရှိလို့ အင်တာဗျူးတွေအကြောင်း အရင်ရေးပါမယ်။ ရေးမယ်သာပြောရတာ၊ share စရာ အတွေ့အကြုံကလည်း အဲလောက်အများကြီး မရှိဘူးရယ်။

အလုပ်တစ်ခုတည်းမှာ ခြောက်နှစ်တောင် ကြာသွားရခြင်း အကြောင်းရင်းထဲမှာ အင်တာဗျူးမသွားချင်တာလည်း ပါတယ်။ (နောက်အကြောင်းရင်းတစ်ခုကတော့ ဘယ်လိုအလုပ်မျိုး လုပ်ချင်တယ်ဆိုတာ စဉ်းစားတာ နည်းနည်း ကြာသွားတာ။ :D) အရင်ပို့စ်မှာ ရေးခဲ့သလိုဘဲ၊ ပထမအလုပ်က language ပေါင်းစုံနဲ့ ဗျောက်သောက်ရေးခဲ့ရတော့ တစ်ခုခုကို မကျွမ်းကျင်နေတော့ language-specific detail တွေလာမေးရင် ဖြေနိုင်ဖို့ သိပ်မလွယ်ဘူးဆိုတာ သိနေတယ်။ ပြီးတော့ ကိုယ်က speaking skill/social skill တော်တော်ည့ံ့တဲ့သူတစ်ယောက် ဆိုပါတော့။ IELTS ဖြေတာတောင် ကျန်တဲ့ skill တွေ 7.5/8.0 ရပေမယ့် speaking skill က ၆.၅ ကို မကျော်ဘူး။ အင်တာဗျူးကို စကားနဲ့မဖြေရဘဲ လက်နဲ့ရေးဖြေလို့ရရင် ကောင်းမှာဘဲလို့ အမြဲစိတ်ကူးယဉ်ခဲ့ဖူးတယ်။ 

အလုပ်အင်တာဗျူးဆိုတာ အလုပ်လုပ်ပြီး ခြောက်နှစ်ကြာတဲ့အထိ တစ်ခုမှ ဟုတ်တိပါတ်တိ သွားဖူးတာ မဟုတ်ဘူးရယ်။ ပထမအလုပ် ကလည်း ကျောင်းတက်တုန်းက အလုပ်သင် ခြောက်လဆင်းခဲ့တဲ့ ကုမ္ပဏီ၊ သူတို့က ကျောင်းပြီးရင် လာလုပ်ဆိုပြီး တစ်ခါတည်း ခန့်လိုက်တော့ လုပ်ဖြစ်သွားတာ။ ကြားထဲမှာ စိတ်ကူးပေါက်တိုင်း စင်ကာပူကို အလုပ်လှမ်းလျှောက်တဲ့အခါ skype နဲ့ဖြေရတဲ့ အင်တာဗျူးလေးတွေတော့ ရှိတယ်။ အဲဒါတွေက technical တွေများတယ်။

ဒီလိုနဲ့ တစ်နေ့မှာ အရင်က အလုပ်လျှောက်ဖူးပေမယ့် အင်တာဗျူးမသွားခဲ့တဲ့ ကုမ္ပဏီတစ်ခုကနေ ဖုန်းဆက်လာပြီး အင်တာဗျူးလာဖြေဖို့ ပြောတယ်။ ကိုယ်လည်း အလုပ်ပြောင်းဖို့ စဉ်းစားနေတဲ့အချိန်နဲ့ကြုံနေတော့ လာမယ်လို့ ပြောလိုက်တယ်။ ပြောရရင် ဘဝမှာ ပထမဆုံးသွားဖူးတဲ့ formal အလုပ်အင်တာဗျူးဘဲ။ အင်တာဗျူးလာဖို့ မနက်ကိုးနာရီချိန်းတယ်။ အချိန် သုံးလေးနာရီလောက်ကြာမယ်၊ အလုပ်ကနေ နေ့တစ်ဝက်ခွင့်ယူခဲ့ပါလို့ ကြိုပြောတယ်။ အရင်လျှောက်ဖူးတဲ့ position က Android developer ဆိုတော့ Java concept တွေတော့ နည်းနည်းပြန်ဖတ်လိုက်တယ်။ လေးရက်လောက်ဘဲ ကြိုပြောတာဆိုတော့ ဘာမှတောင် ပြင်ဆင်ချိန် မရှိလိုက်ဘူး။ 

အင်တာဗျူးနေ့ ရောက်သွားတော့ aptitute test အရင်ဖြေရတယ်၊ အဲဒါက လွယ်တယ်။ အချက် ၁၅ချက်ပေးထားြပီး ကိုယ့်အတွက် အဓိကကျတဲ့ အချက်တွေကို နံပါတ်စဉ်ပြန်စီခိုင်းတာ။ ဥပမာ-လခ၊ ရာထူး၊ အလုပ်အပေါ် စိတ်ကြေနပ်မှု၊ ဘာညာသာရကာပေါ့။ ြပီးတော့ psycho test မေးခွန်းစာရွက်တွေ လာပေးပြန်ရော။ အဓိက ပရောဂျက်တွေကို ဘယ်လိုကိုင်တွယ်မယ်၊ colleague တွေနဲ့ ပြဿနာတက်ရင် ဘယ်လိုဖြေရှင်းမယ်၊ ပြီးတော့ အရင်က ကြုံတွေခဲ့ဖူးတဲ့ လုပ်ငန်းခွင် အတွေ့အကြုံတွေရေးခိုင်းတယ်။ အများကြီးဘဲဖြေလိုက်ရတယ်။ ဖြေလို့မပြီးခင် recruiter ရောက်လာပြီး "ဆောရီးပါ၊ ဒီနေ့ ကုမ္ပဏီတစ်ခုလုံး fire drill လေ့ကျင့်မှုရှိလို့ ခဏနေ အရေးပေါ်အချက်ပေးသံကြားရင် staff တွေနဲ့အတူ emergency လှေကားကနေ လိုက်ဆင်းပြီး စုရပ်ကို သွားပေးပါ" တဲ့။ ကိုယ့်မှာ အင်တာဗျူးဖြေနေရင်း အူကြောင်ကြောင် ကိုးထပ်ကနေ လှေကားနဲ့ဆင်းပြီး စုရပ်ထိ လျှောက်လိုက်ရသေးတယ်။ တကယ့်ကို မကြုံစဖူး မှတ်မှတ်ရရ အင်တာဗျူးဘဲ။ ပြန်တက်လာတော့ IQ test ဆက်ဖြေရတယ်။ ပြီးတော့ နောက်တစ်ခုက ဘာခေါ်လဲ မသိဘူး။ ဒီလို မေးခွန်းမျိုးတွေ ဖြေရတာ-- 
- Describe yourself in three words. 
- What are your strengths?
- What are your weakness?
- Why should we hire you?
- How do you think you can contribute to the company?
စသဖြင့် ပုံမှန် အခြားအင်တာဗျူးတွေမှာဆိုရင် လူချင်းတွေ့ ဖြေရမယ့်မေးခွန်းမျိုးတွေကို စာရွက်ထဲ ရေးဖြေခိုင်းတာ။ ဘဝမှာ အင်တာဗျူးကို ရေးပြီးဖြေချင်တဲ့ ဆန္ဒ ပြည့်ဝသွားတယ်လို့ ပြောရမယ်။ :D အဲဒါတွေကို ပါးစပ်နဲ့ဖြေရရင် ကောင်းကောင်းြပင်ဆင်ထားခဲ့ရင်တောင် အနည်းနဲ့အများ အခက်အခဲတွေ့တတ်တယ်ထင်တာဘဲ။ ရေးပြီးဖြေခိုင်းတာမျိုးနဲ့ ကြုံရတာ တော်တော် ကံကောင်းသွားတယ် ပြောရမယ်။ 

နောက်ဆုံး Technical Test ဖြေခိုင်းတဲ့ အချိန်မှာ ပြဿနာ စတာဘဲ။ ပရိုဂရမ်တွေကို ကွန်ပျူတာနဲ့သာ ရေးတတ်တာ။ စာရွက်ပေါ်မှာ လာရေးခိုင်းတော့ သွားရော။ အဲဒီမတိုင်ခင်က PHP ပရောဂျက်ရော၊ .NET ပရောဂျက်ရော၊ Android ပရောဂျက်ရော အကုန် multi-task လုပ်နေတဲ့အချိန်ဆိုတော့ language တွေအကုန် ရုတ်တရက် ခေါင်းထဲမှာ ရောသွားတာ။ (JQuery, Javascript တွေလည်း ပါသေးတယ် :D) အဲဒီအချိန်မှ ကိုယ့်ကိုယ်ကိုယ် IDE ရဲ့ auto-complete ကို အရမ်း dependent ဖြစ်နေမှန်း သတိထားမိတော့တယ်။ စာရွက်ဖြူပေါ်မှာ ရေးရတာ အရမ်းကို ဒုက္ခရောက်တယ်။ မမှန်မှန်းသိပေမယ့်  တတ်နိုင်သလောက် logic မှန်ရင်ပြီးရောလို့ဘဲ သဘောထားပြီး ရေးလိုက်တယ်။ 

နောက်တော့ Technical Director ရောက်လာတယ်။ ဘာကြောင့် အလုပ်ပြောင်းချင်တာလဲမေးတယ် ြပီးတော့ ဘာကြောင့် Android developer ဖြစ်ချင်ရသလဲတဲ့။ နောက် အရင်လုပ်ဖူးတဲ့ ပရောဂျက်တွေအကြောင်း မေးတယ်။ သူနဲ့က ဖြေရတာ အကုန် အဆင်ပြေလိုက်တယ်။ ခုနက ဖြေထားတဲ့ Technical test မှာ language တွေအကုန် ခေါင်းထဲမှာရောသွားလို့ မဖြေနိုင်ဘူးလို့တော့ ဝန်ခံလိုက်တယ်။ နောက် HR manager မေးတဲ့ အလှည့်ရောက်လာရော။ အင်တာဗျူးမလာခင် ဖြည့်ခဲ့ခိုင်းတဲ့ ဖောင်ကိုကြည့်ပြီး background check သဘောမျိုး စုံစိနေအောင် မေးတော့တာဘဲ။ ြမန်မာပြည်က အစိုးရကိုတောင် ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက် အဲလောက်အများကြီး မပေးဖူးဘူး။ :D နောက်ဆုံးမေးခွန်းကတော့ မျှော်လင့်ထားတဲ့အတိုင်း Do you have any question for us ဆိုတာ။ အရင်က တစ်နေရာမှာဖတ်ဖူးပြီး သဘောကျတဲ့ မေးခွန်းတစ်ခုအတိုင်းဘဲ ပြန်မေးလိုက်တယ်။ အကယ်လို့ ငါ့ကို ဒီ position မှာ အလုပ်ခန့်ခဲ့မယ်ဆိုရင် ကုမ္ပဏီအနေနဲ့ ငါ့ဆီကနေ ဘယ်လောက်ထိ မျှော်လင့်ထားသလဲ? ပေါ့.. ြပီးတော့ recruiter ကို "ငါ့ကို ဘာကြောင့် အင်တာဗျူးလာဖို့ ဖုန်းဆက်တာလဲ" ဆိုပြီး မေးလိုက်တယ်။ :D သူက "ငါက ဒါမျိုးတွေ ကျွမ်းတယ်လေ" လို့ ဖြေတယ်။ နောက်တော့ လစာညှိတယ်၊ သူပေးချင်တဲ့လခနဲ့ ကိုယ်လိုချင်တဲ့လခရဲ့ အလယ်တည့်တည့်မှာ စျေးတည့်သွားတယ်။ 

မနက်ကိုးနာရီကတည်းကစတဲ့ အင်တာဗျူးက နေ့လည် ၂နာရီလောက်မှ ြပီးသွားတယ်။ ကြားထဲမှာ လှေကား အတက်အဆင်းကလည်း လုပ်လိုက်ရသေးတော့ လူက တော်တော်ကို ပင်ပန်းပြီး ဗိုက်တောင် ဆာသွားတယ်။ ဒါပေမယ့် နောက်တစ်ရက်မှာဘဲ အလုပ်ခန့်တဲ့အကြောင်း ဖုန်းဆက်လာတော့ ပင်ပန်းရကျိုးနပ်သွားပါတယ်။ 

နောက်အင်တာဗျူးတစ်ခုကတော့ Java နဲ့ပါတ်သက်ပြီး technical questions တွေအများကြီးကို ကျောင်းမှာ စာမေးပွဲဖြေသလိုမျိုး ဖြေရတာ။ သိပ်မဖြေနိုင်ဘူး။ ကျန်တဲ့ aptitute test တွေ ဘာတွေက ခပ်ဆင်ဆင်တွေဘဲ။ ဟိုအလုပ်ရသွားတော့ နောက်တစ်ခုရဲ့ second interview ဆက်မသွားတော့တာ။ စုစုပေါင်းမှ တစ်ခုဘဲရှိတဲ့ အင်တာဗျူးအတွေ့အကြုံ ဒီမှာဘဲ ပြီးပါတယ်။ အခြားသူတွေနဲ့ ယှဉ်ရင် ရီချင်စရာကြီးတောင် ဖြစ်နေမလား မသိဘူး။ 

အင်တာဗျူးက တစ်ခုသွားပြီးတာနဲ့ ကျန်တာတွေကို သွားရမှာ မကြောက်တော့ဘူး။ ဒီတစ်ခေါက်တော့ တော်တော်ကံကောင်းလို့ အလုပ်ရသွားတာလို့ ယူဆတာဘဲ။ နောက်များမှာတော့ Java Interview Questions တွေကို အြပန်ြပန် အလှန်လှန် ကြေညက်အောင် ဖတ်သွားမယ်လို့တော့ ဆုံးဖြတ်ထားတယ်။ Job Market မှာ ကြည့်ရတာ Java, J2EE ကို ကျွမ်းကျင်တဲ့သူတွေ လခတော်တော်ကောင်းတာကို သတိထားမိတယ်။ ကိုယ့်ကိုယ်တော့ technical ပိုင်းအရ သိပ်အားမရသေးဘူး။ တော်တ​ော်ကြိုးစားရဦးမယ်။ 


Confessions of a software developer - The art of changing job

ကျောင်းပြီးကတည်းက ကုမ္ပဏီတစ်ခုတည်းမှာဘဲ ပျော်ပျော်ကြီးလုပ်နေတာ ခြောက်နှစ်လောက်ကြာသွားတယ်။ ပထမ ကုမ္ပဏီက tech-startup ဆိုတော့ ဝန်ထမ်း ၁၀ယောက်လောက်ဘဲ ရှိတယ်။ လုပ်ဖော်ကိုင်ဖက်တွေက အားလုံးကောင်းကြတာရယ်၊ အလုပ်နဲ့ အိမ်နဲ့ နီးတာရယ်၊ အလုပ်လုပ်ရတာ စိတ်ဖိစီးမှုသိပ်မများတာရယ် (တစ်ခါတစ်လေ ပေါက်ကရလေးဆယ် အကုန်လုပ်ခိုင်းတာကလွဲလို့)၊ တစ်နှစ်မှာ မြန်မာပြည်ပြန်ဖို့ ခွင့်ရက်အများကြီးပေးတာရယ်၊ အလုပ်ကို သွားချင်တဲ့အချိန်သွားပြီး ပြန်ချင်တဲ့အချိန် ပြန်လို့ရတာရယ်၊ နောက်အလုပ်သစ်ထပ်ရှာရမှာ ပျင်းတာရယ်၊ အခြားပါတ်ဝန်းကျင်အသစ်ကို ပြောင်းဖို့ တွေဝေနေတာတွေရယ်ကြောင့် comfort zone ထဲမှာ ပျော်မွေ့ပြီး ခြောက်နှစ်လောက် တစ်နေရာထဲမှာ လုပ်ဖြစ်သွားတယ်။ ကြားထဲမှာ ကျောင်းဆက်တက်ရင်ကောင်းမယ်ဆိုပြီး သွားတက်လိုက်၊ supervisor တွေနဲ့ အဆင်မပြေလို့ ကျောင်းပြန်နားထားလိုက်နဲ့ လုံးချာလည်သွားသေးတာတွေလည်း ပါတာပေါ့။ 

တစ်နေ့တော့ ခြောက်နှစ်လောက် အိပ်ပျော်နေရာကနေ ရုတ်တရက် လန့်နိုးလာသလိုဘဲ အလုပ်ပြောင်းချင်စိတ် ပေါက်လာတယ်။ jobstreet မှာ resume တွေလိုက်တင်တယ်။ အင်တာဗျူးတွေ လာဖို့ခေါ်ပေမယ့် အင်တာဗျူးသွားရမှာ အဆင်သင့်မဖြစ်သေးဘူးလို့ ခံစားရပြန်တော့ withdraw တွေပြန်လိုက်လုပ်တယ်။ :D (စကားချပ် - jobstreet က တော်တော့်ကို တိုးတက်လာတယ်။ အလုပ်ရှာရတာ တော်တော်အဆင်ပြေတယ်။) ပရိုဂရမ်မာလုပ်နေတာ ခြောက်နှစ်လောက် ရှိပြီဆိုပေမယ့် တစ်ခုတည်းကို တစိုက်မတ်မတ်မလုပ်ဘဲ ဟိုစပ်စပ် ဒီစပ်စပ် အကုန်လုပ်ခဲ့တော့ ဘာတစ်ခုကိုမှ သေချာမကျွမ်းကျင်နေသလို ြဖစ်နေပြန်ရော။ startup ကုမ္ပဏီတွေမှာ လုပ်ရင်က ပရောဂျက်မျိုးစုံ လက်ခံတာဆိုတော့ ခဏနေ .NET နဲ့ရေးလိုက်၊ ခဏနေ PHPနဲ့ ရေးရလိုက်၊ PHP ကိုမှ ပရောဂျက်လိုအပ်ချက်အရ CodeIgniter, Zend စသဖြင့် framework တွေကလည်း မတူပြန်ဘူး။ ပြီးတော့ တစ်ယောက်တည်း ပရောဂျက် အစအဆုံးနီးနီးလောက် တာဝန်ယူရတော့ Analyst လည်း ကိုယ်ဘဲ၊ programmer လည်း ကိုယ်၊ tester/documenter လည်း ကိုယ်ဆိုတော့ တစ်ခါတစ်လေ တော်တော်ခေါင်းစားတယ်။ အဲကုမ္ပဏီမှာ တစ်ခုကောင်းတာကြတော့ တစ်နှစ်တစ်နှစ် performance appraisal လုပ်တဲ့အခါ လာမယ့်နှစ်မှာ ဘာတွေလုပ်ချင်သလဲဆိုတာ ဖြည့်ခိုင်းတယ်။ mobile app ရေးချင်တယ်ဆိုတော့ J2ME သင်တန်းပို့ပေးပြီး project ရှာပေးတယ်။ Web Services, J2EE, Semantic Technology နဲ့ပါတ်သက်တဲ့ project တွေလည်း လုပ်ရတယ်။ Android ကို စိတ်ဝင်စားတယ်ဆိုတော့ training ပို့ပေးတယ်။ android project တွေ ရှာပေးတယ်။ ဒီလိုနဲ့ ဟိုစပ်စပ် ဒီစပ်စပ်က တစ်ဖြည်းဖြည်း ပိုများလာတယ်။ ဒါတောင် နောက်တစ်နှစ်ထပ်နေရင် iOS app ရေးချင်တယ်လို့ ပြောမိဦးမယ်ထင်တာဘဲ။ 

ပြောချင်တာက တော်တော်များများကို သိထားတာ ကောင်းတယ်ဆိုပေမယ့် တစ်ခုတည်းကို ကောင်းကောင်းမသိရင်လည်း မဟုတ်ပြန်ဘူး။ တစ်နေရာတည်းမှာ ခြောက်နှစ်ဆိုတော့ တော်တော်ြငီးငွေ့လာတယ်။ ပေါက်ကရလေးဆယ် အစုံလုပ်ရတာ ကြာလာတော့ တစ်ခုတည်းကို တစိုက်မတ်မတ်လုပ်ချင်လာတယ်။ အလုပ်ပြောင်းရင် ဘာလုပ်ချင်လည်းဆိုတာ စဉ်းစားရတယ်။ PHP နဲ့ web အပိုင်းကြတော့ လုပ်ရတာများလို့ တော်တော်ပျင်းသွားပြီ။ ဒီနှစ်ပိုင်းတွေမှာက Android ပရောဂျက်လုပ်တာများတယ်ဆိုတော့ အဲတစ်ခုတော့ နည်းနည်း confidence ရှိတယ်။ Android app တွေရေးတယ်ဆိုပေမယ့် Java  ကို ထဲထဲဝင်ဝင် မကျွမ်းကျင်တော့ စိတ်ပူမိသ​ေးတယ်။ ဖြစ်ချင်တော့ job market ထဲမှာ Android programmerတွေ နည်းနေသေးလို့လားမသိ အလုပ်ရှာရ သိပ်မခက်လိုက်ဘူး။ အိမ်လည်းပြောင်းစရာမလို၊ ရထားနဲ့သွားရင် ရောက်မယ့်နေရာမျိုးမှာရှိတဲ့ ကုမ္ပဏီမျိုးကို ရွေးပြီး အင်တာဗျူး ၂ခုတိတိ သွားလိုက်တယ်၊ ြပီးတော့ အရင် offer တဲ့တစ်ခုကို လက်ခံဖြစ်သွားတယ်။ 

စိတ်ကူးပေါက်လို့သာ အလုပ်ထပြောင်းပေမယ့် comfort zone ထဲက ထွက်ရတော့ စစချင်း လုပ်မှလုပ်နိုင်ပါ့မလားလို့ စိုးရိမ်မိတာ အမှန်ဘဲ။ ပထမ အလုပ်ဝင်တဲ့တစ်လတော့ အလုပ်ပြောင်းမိတာ နောင်တရချင်သလိုလို ဖြစ်မိသေးတယ်။ ကိုယ်သိတဲ့လူလည်း တစ်ယောက်မှမရှိ၊ ပြီးတော့ အလွန်အင်မတန် ရှုပ်ထွေးပွေလီလှတဲ့ app ကြီးတစ်ခုလုံးကို စရောက်တဲ့နေ့မှာဘဲ ရော့..အင့်.. ဆိုပြီး လက်ထဲထိုးထည့်သွားတာ။ ဘယ်သူကမှ ဘယ်ကစလုပ်ရမယ်ဆိုတာ လာမရှင်းပြဘူး။ ကိုယ့်အရင်လုပ်သွားတဲ့ ပရိုဂရမ်မာက အလုပ်ထွက်သွားတာ ခြောက်လလောက်ရှိပြီတဲ့။ ပိုဆိုးတာက domain knowledge က စတော့စျေးကွက်ဆိုတော့ တစ်ခါမှကို ယောင်လို့တောင် မလေ့လာဖူးတဲ့ subject ကြီးဖြစ်နေတာ။ အဲဒီအလုပ်ကို ဘာလို့လက်ခံလိုက်သလဲဆိုတာ ကိုယ့်ကိုယ် ခဏခဏ ပြန်မေးကြည့်ရသေးတယ်။

ဒါပေမယ့် ၂ပါတ်လောက်အပြီးမှာတော့ နည်းနည်းအသားကျလာတယ်။ ဘေးနားမှာထိုင်တဲ့ iOS ပရိုဂရမ်မာက စတော့စျေးကွက်တွေအကြောင်း အလွယ်ဆုံးနည်းနဲ့ ရှင်းပြတယ်၊ ပြီးတော့ ဒါတွေက စိတ်ဝင်တစား လေ့လာရင် နားလည်ဖို့ တစ်အားလွယ်တယ်လို့ အားပေးတယ်။ ပြီးတော့ ကိုယ့်လိုဘဲ nexus ဖုန်းတွေ၊ google technology တွေကို ခရေဇီဖြစ်တဲ့သူတွေရှိတော့ သူတို့တွေနဲ့ ခဏအတွင်း ခင်သွားတယ်။ She speaks our language တဲ့။ :) အချို့တွေကတော့ နည်းနည်း အထာကိုင်တဲ့သူတွေရှိတယ်၊ အဲလိုလူမျိုးကြတော့ မျက်နှာငယ်လေးနဲ့ ကိုယ်သိချင်တာ မရရအောင် လိုက်မေးရတယ်။ ပုံမှန်ဆို ကိုယ်က ပေါင်းသင်းဆက်ဆံရေးညံ့တဲ့ anti-social ဆိုတော့ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး ဘာသိဘာသာ နေဖြစ်ဖို့ များတယ်။ ကံကောင်းချင်တော့ ကိုယ့် ဥပဓိရုပ်က ထူးဆန်နေလို့လားတော့မသိ၊ စပ်စပ်စုစု မေးခွန်းပေါင်း သောင်းခြောက်ထောင် လာလာမေးကြတော့ တစ်လအတွင်း ခင်တဲ့သူ ထင်တာထက် များလာတယ်။ တရုတ်စကားရယ်၊ မလေးစကားရယ် ပြောတတ်တော့ ပြောရဆိုရ ပိုအဆင်ပြေတာလည်း ပါမယ်ထင်တယ်။ (၁၀နှစ်လောက်မပြောဘဲ ပစ်ထားတဲ့ တရုတ်စကား မေ့မသွားတာဘဲ ကျေးဇူးတင်ရမယ်။) ကိုယ် report လုပ်ရတဲ့ supervisor ရော director ရောက တော်တော်သဘောကောင်းကြတော့ စိတ်ချမ်းသာရတယ်။ 

အခု အလုပ်အသစ်မှာ ၂လလောက်ရှိသွားပြီဆိုတော့ တော်တော်အသားကျသွားပြီ။ ပွစိထနေတဲ့ Java ကုဒ်တွေကိုလည်း ကြည့်ရင်းကြည့်ရင်း မျက်စိယဉ်လာပြီ။ စတော့စျေးကွက်ကိုလည်း နည်းနည်း တီးမိခေါက်မိ ရှိလာပြီ။ အလုပ်သစ်ပြောင်းရမှာကို စိုးရိမ်ခဲ့တဲ့ anxiety တွေလည်း အကုန်ပျောက်သွားပြီ။ ကံဘဲကောင်းသလား၊ လုပ်ငန်းခွင် တော်တော်များများက ဒီအတိုင်းဘဲ ဆိုတာလားတော့ မသိပေမယ့် သေချာတာတစ်ခုက အလုပ်သစ်၊ ပါတ်ဝန်းကျင်အသစ်ဟာ အတွေးအခေါ်အသစ်တွေကို အများကြီး ပေးနိုင်တာတော့ အမှန်ပါဘဲ။ အလုပ်လေးတစ်ခု ပြောင်းတာများ ဒီလောက် ရေးကြီးခွင်ကျယ်လုပ်ပြီး ရေးရသလားဆိုရင်တော့ ကျွန်မလို ပါတ်ဝန်းကျင်အသစ်၊ လူအသစ်တွေကို ကြောက်တတ်တဲ့သူတစ်ယောက်အတွက်တော့ မဟာစွန့်စားခန်းကြီးပါဘဲ။ :D အလုပ်သစ်ပြောင်းခြင်း အနုပညာ ဤတွင် တစ်ခန်းရပ်ဧ။်။ o_o


Makeup Tool Review: Beauty Blender

Beauty Blender ဆိုတာ ကြက်ဥပုံစံလုပ်ထားတဲ့ မိတ်ကပ်လိမ်းဖို့ ဖော့တုံးလေးပါ။ အထူးသဖြင့် Liquid foundation နဲ့ concealer လိမ်းဖို့အတွက်ပေါ့။ Beauty Blender ကို ၂၀၁၃ နိုဝင်ဘာလောက်က စသုံးဖြစ်တာဆိုတော့ ၆လလောက်တော့ရှိပြီ။ reviewရေးမယ်ဆို တော်တော်တောင် ကြာသွားတယ်။ Youtube မှာ makeup tutorial တွေလိုက်ကြည့်ရင်း beauty blender ကို သတိထားမိတာ။ ခုနောက်ပိုင်း တော်တော်များများ သုံးလာကြတာ တွေ့ရတယ်။  ပထမကတော့ သိပ်မယုံတာရယ်၊ ဖောင်ဒေးရှင်းလိမ်းတဲ့ sponge တစ်ခုကို ဒေါ်လာ၂၀(RM64) လောက် ပေးမဝယ်ချင်တာရယ်၊ သူနဲ့ပုံစံတူ sponge တွေကလည်း သူ့လောက်နီးနီး ကောင်းတယ်လို့ ပြောကြတာရယ်တွေကြောင့် စစချင်း ရင်းဂစ် ၁၀လောက်ဘဲပေးရတဲ့ dupe ဘဲဝယ်သုံးဖြစ်တယ်။ dupe သုံးပြီး တစ်လလောက်ကြာတော့ Luxola မှာ discount ပေးတာနဲ့ကြုံတုန်း စမ်းကြည့်မယ်ဆိုပြီး ဝယ်ဖြစ်သွားတာ။ 
original beauty blender
Beauty Blender
− beauty blender စသုံးဖြစ်ပြီးကတည်းက နေ့တိုင်းလိုလို ဖောင်ဒေးရှင်းကို သူ့နဲ့ဘဲ လိမ်းဖြစ်တော့တယ်။ အရင်က လက်နဲ့လိမ်းတာများတယ်။ 
− မိတ်ကပ်လိမ်းရတစ်အားလွယ်သွားတယ်။ pores တွေကိုလည်း သိသိသာသာ လျော့အောင် ဖုံးနိုင်တယ်။ 
− မိတ်ကပ်အထူကြီး လိမ်းထားသလို cakey မဖြစ်ဘူး။ အြမဲလိုလို သဘာဝကျကျ မိတ်ကပ်လိမ်းထားတဲ့ရုပ်မျိုး ထွက်တယ်။ ညီလည်းညီတယ်။
− မလိမ်းခင်တိုင်း ရေနဲ့အရင် ဆေးရတဲ့အတွက် ဖုန်တွေဘာတွေတက်ရင်တောင် တစ်ခါတည်း ဆေးပြီးသားဖြစ်သွားတော့ သန့်လည်းသန့်ရှင်းတယ်လို့ ပြောလို့ရတယ်။
− တစ်ပါတ်မှ တစ်ခါလောက် baby shampoo နဲ့ဆေးတယ်။ 
− ၆လလောက် နေ့တိုင်းလိုလိုသုံးတာတောင် ခုထိ တော်တော်ကောင်းနေသေးတယ်။ တစ်နှစ်နီးနီးတော့ ခံမယ်ထင်တယ်။

Beauty Blender vs dupe
Beauty blender and sponge puff

texture အနီးကပ် 
− Beauty Blender က (US)ဒေါ်လာ ၂၀လောက်ပေးရတယ်။ dupe တွေက ၃ဒေါ်လာဝန်းကျင်ဘဲရှိမယ်။ 
− dupe ရဲ့ ဖော့သားက နည်းနည်းမာတယ်၊ beauty blender က ပျော့ပျော့လေး။ မျက်နှာပေါ်မှာ လိမ်းရတာ soft ဖြစ်တယ်။
− dupe က တစ်လလောက် သုံးပြီးတော့ သိပ်မကောင်းချင်တော့ဘူး။ နေ့စဉ်သုံးမယ်ဆိုရင် ကြာကြာမခံဘူး။ ဖော့သားက မာတော့ ပြဲလွယ်တယ်။ 
− မိတ်ကပ်လိမ်းထွက်လာရင် finish က သိပ်တော့မကွာဘူး။ 
− beauty blender က ဆေးရလွယ်တယ်။ dupe က မိတ်ကပ်ပိုစုပ်သလိုဘဲ။ တော်တော်နဲ့လည်း လျှော်ရတာ မပြောင်ဘူး။ 
− sephora ကလည်း ပုံစံတူထုတ်တယ်၊ ၁၀ ဒေါ်လာဝန်းကျင် ပေးရမယ်။ Nature republic မှာလည်း တွေ့တယ်၊ ၈ဒေါ်လာလားမသိဘူး။  အဲဒါတွေကတော့ နည်းနည်းပိုကောင်းမလား မပြောတတ်ဘူး။ အပေါ်ကပြောတဲ့ dupe ဆိုတာက တရုတ်ကထုတ်တဲ့ ပုံစံတူ သုံးဒေါ်လာလောက်ဘဲ ပေးရတဲ့ sponge ကိုပြောတာနော်။

Beauty Blender vs Sigma F80 Foundation Brush
− Sigma ရဲ့ F80  ကို အရင်က တော်တော်ကြိုက်ပေမယ့် beauty blender သုံးပြီး brush ကို သိပ်မသုံးဖြစ်တော့ဘူး။ 
− သာမန်ရုံးသွားရုံးပြန်အတွက် Beauty blender နဲ့လိမ်းဖြစ်ပြီး ပွဲတွေဘာတွေသွားရင်တော့ Sigma F80 နဲ့ လိမ်းဖြစ်တယ်။ 
− မိတ်ကပ်ထူထူလိမ်းချင်တဲ့အခါကြတော့ brush နဲ့လိမ်းရင် ပိုလှတယ်။

Verdict
ခုတော့ beauty blender က မရှိမဖြစ် makeup tool တစ်ခုတောင် ဖြစ်နေပြီ။ ကတယ်ပါ။ အဲလောက်ကို ကောင်းပါတယ်။ :D ဒေါ်လာ၂၀လောက် invest မလုပ်ချင်ရင် စျေးသက်သက်သာသာနဲ့ dupe တစ်ခုလောက်ဝယ်ပြီး အရင်စမ်းကြည့်ပါ။ finish ကိုသဘောကျတယ်ဆိုရင်တော့ beauty blender ကို ဝယ်လိုက်တာ တန်ပါတယ်။

ပို့စ်တစ်ခုလုံးမှာ စျေးနှုန်းမှန်းရလွယ်အောင် ဒေါ်လာ(USD)နဲ့ ပျမ်းမျှပြန်ရေးထားတာပါ။ နောက်မှ သိသလောက် မှတ်သလောက် beauty product review လေးတွေ ထပ်ရေးပါဦးမယ်။


Mom's recipe - Hot Pot!!

မြန်မာပြည်ပြန်တိုင်း အမေ့ကို အမြဲ ဟော့ပေါ့ လုပ်ကျွေးခိုင်းတယ်။ ဟော့ပေါ့တို့ steamboatတို့က ဒေသအလိုက် မူတည်ပြီး အထဲထည့်တဲ့ အစာတွေ ကွဲတယ်ထင်တယ်။ အိမ်က အမြဲချက်လေ့ရှိတာတော့ ယူနန်စတိုင် ဖြစ်မယ်။ ready-madeအသားတုတွေ မသုံးဘဲ အကုန်လုံးကို ကိုယ်တိုင် လုပ်တာဆိုတော့ အချိန် တော်တော်ပေးပြီး ချက်ရတယ်။ 

 ingrediens 1
Meat Ingredients
၁။ အမဲသားကြက်ဥလိပ် (蛋卷) − ဒီတစ်ခုက လုပ်ရတာ တော်တော်လက်ဝင်တယ်။ စစချင်း ကြက်ဥကိုခေါက်ပြီး တစ်ချပ်ချင်း ပါးပါးလေး ရအောင် non-stick pan နဲ့ ကြော်တယ်။ ပြီးရင် အမဲသားတောက်တောက်စဉ်း+ဂျင်း+ကြက်သွန်ဖြူ နယ်ထားတာကို ကြက်ဥပေါ် ပါးပါးလေးသုပ်၊ ပြီးရင် လိပ်။ အသားက အစိမ်းထည့်ထားတာဆိုတော့ steamer နဲ့ ပြန်ပေါင်းရသေးတယ်။ လုပ်ရတာ လက်ဝင်သလို စားလို့လည်း အတော်ကောင်းတယ်။ 

၂။ ငါးဖယ် − အလုံးသေးသေးလေးတွေလုံးပြီးကြော်။ 

၃။ စူးကျီး − ကြက်ဥနဲ့ ဂျုံနဲ့ခေါက်ပြီး အလယ်မှာ ကြက်သားဌာပနာပြီး ကြော်ရတာ။ ပန်းသေး အစားအသောက်တစ်မျိုးဘဲ။ 

၄။ နွားလျှာ − pressure-cooker နဲ့ နူးနေအောင် ပေါင်းရတာ။


ingrediens 2
Vegetable
၅။ စူကာရွက် − တောင်ကြီးမှာ စူကာသီးလို့ခေါ်ပေမယ့် အခြားဒေသတွေမှာ ဂေါ်ရခါးသီးလို့ခေါ်တယ်ထင်တယ်။ အဲဒီအပင်ရဲ့ အရွက်ကိုမှ အညွှန့် နုနုလေးတွေဘဲ ရွေးပြီး ရေနွေးနဲ့ ခဏလေး ကြိုဖျောထားတယ်။

၆။ ကန်စွန်းရွက်− အမေရဲ့ original recipe မှာ ကန်စွန်းရွက်မပါဘူး။ အမေက ဘာအရွက်တွေလဲမသိဘူး ရှာမရလို့ဆို အရွက်နည်းနေတယ်ပြောလို့ ကန်စွန်းရွက်ထည့်ဖို့ အကြံပေးထားတာ။ :D 

၇။ မုန်ညင်းဖြူ − မုန်ညင်းဖြူကိုလည်း ရေနွေးနဲ့ ခဏလေး ပြုတ်ထားတယ်။

၈။ မုန်လာဥဖြူ − မုန်လာဥဖြူကို ကြက်သားဟင်းရည်နဲ့ ကျက်ခါနီးထိ အရင်ပြုတ်ထားရတယ်။ 

Soup base
၉။ soup-base က ကြက်သားဟင်းရည်ဆိုတော့ ကြက်၂ကောင်လောက်ကို အရင်ပြုတ်ထားရတယ်။ မွေးမြူရေးကြက်မှ စားလို့ကောင်းတာဆိုပြီး အဲဒီ ကြက်ကို ပြုတ်ရတာလည်း လေးငါးနာရီလောက်ကြာတယ်။ 
− ပိန်းဥနဲ့ အမဲသားလုံးက ရှာမရလို့ ဒီတစ်ခေါက် မပါလိုက်ဘူး။

ဟော့ပေါ့ထဲ ထည့်ရတဲ့ အစာတွေက လက်ဝင်လွန်းတော့ အမေက တစ်ခါလုပ်ရင် အများကြီးလုပ်ပြီး မောင်နှမဝမ်းကွဲတွေအများကြီး တစ်ခါတည်း ခေါ်စားတာ ပျော်ဖို့ကောင်းတယ်။  
 
အိုးထဲစီထည့် 
ပြီးရင် အောက်ဆုံးမှာ မုန်လာဥဖြူတွေကို အရင်စီပြီး အပေါ်မှာ meat intredients တွေကို တစ်ထပ်ချင်း စီထည့်တယ်။ အရင်က အလယ်ကနေ မီးသွေးထည့်ရတဲ့ အိုးတွေ သုံးတယ်။ ခုနောက်ပိုင်း electric အိုးတွေ ပေါ်လာပြီး မီးလျှော့ရ တင်ရတာ လွယ်တယ်၊ အပူမြန်တယ်ဆိုတော့ ပိုအဆင်ပြေသွားတယ်။ မဟုတ်ရင် မီးသွေးထည့်လိုက်၊ ထုတ်လိုက်နဲ့ မလွယ်ဘူး။ ပြီးတော့ အဲဒီအိုးတွေကို ဆေးရတာလည်း ပင်ပန်းတယ်။ 
side dish
Side dish
၁။ ကြက်သား − ပြုတ်ထားတဲ့ ကြက်သားကို ခုတ်ပြီး ပန်းကန်ထဲ စီတယ်။ 
၂။ နွားနို့ခြောက်ကြော် − ဒီအကြော်ကြော်ရတာလည်း လက်ဝင်တယ်။ နွားနို့ခြောက် အပြားကြီးကို တူနဲ့ ခက်ခက်ခဲခဲလိပ်ပြီး ကြော်ရတယ်။ မီးပြင်းရင်လည်း မဟုတ်၊ မီးအေးရင်လည်းမဟုတ်နဲ့။ နည်းနည်းခက်တယ်။
၃။ ကြက်သွန်ချဉ်နဲ့ မုန်ညင်းချဉ်

စားဖို့အသင့် 
ရှမ်းခေါက်ဆွဲရယ်၊ ရှမ်းခေါက်ဆွဲမကြိုက်တဲ့သူတွေအတွက် ဂျုံခေါက်ဆွဲရယ် အရွက်တွေရယ်ကို ကိုယ်လိုချင်သလောက် ဟင်းရည်ထဲထည့်ပြုတ်ပြီး စားလို့ရပြီ။ ;-) တောင်ကြီးလို ချမ်းချမ်းအေးအေး ရာသီဥတုနဲ့ ဟော့ပေါ့က တကယ်ကို လိုက်ဖက်တဲ့ အစားအသောက်တစ်ခုပါဘဲ။