Tuesday, August 28, 2007

"၀န်ခံချက်"

တကယ့်ကိုရိုးရိုးလေးပါပဲ
ငါ့ရပ်ဝန်းထဲ လတစ်စင်းကြွေလာပုံက
ရုပ်ရှင်တွေထဲကလို ကော်ရစ်တာတစ်ခုရဲ့
ထောင့်ချိုးမှာမဟုတ်ဘူး . . . .
ဝတ္ထုတွေထဲကလို မိဘတွေလည်း
သဘောတူမထားဘူး. . . .
သဘာဝဆန်ဆန်နေရောင်တွေ
မင်းခြေရင်းဝပ်ဆင်းနေတဲ့
တနင်္ဂနွေတစ်ခုရဲ့ မနက်ခင်းမှာသာဖြစ်တယ် . .
ကြုံခဲ့ဆုံခဲ့မျက်ဝန်းတစ်စုံကြောင့်
အိပ်ချိန်တွေလျော့ပါးသွားတာ
မငြိုငြင်ခဲ့တော့ သံယောဇဉ်တရားက
ရှင်သန်ထမြောက်လာခဲ့တယ် . .
တကယ်ပါ အဲ့နေ့ကတည်းက
အဲ့ဒီနေ့ကတည်းက . . . . .။ ။

Tuesday, August 14, 2007

"သိမ်းထုပ်ထားတဲ့ ရင်ဝှက်စာများ (၂)"

မြင်ရတဲ့မျက်ဝန်းမှာ မာနနဲ့သံသယ
အချိုးကျကျကိုပါနေတယ်
သူစိမ်းဆန်ဆန်မပြုံးစမ်းပါနဲ့
ရင်နာတယ်ဆိုတာ အဲ့ဒီကစတာပဲ
သံယောဇဉ် တစ်ချက်လင်းလက်လိုက်ရုံနဲ့
အားလုံးက ငြိမ်းငြိမ်းချမ်းချမ်းကို
ပြီးဆုံးသွားမှာ..
ဘာလို့များ မာနတရားတွေနဲ့
ဆွဲဆန့် သံသယတွေသုတ်သိမ်းနေရသလဲ
မင်းကိုကြည့်ရတာ ပင်ပန်းလိုက်တာ..
ငါ့ကိုသတ်ဖို့ အဲ့လောက်မလိုပါဘူး
မင်းရဲ့မျက်ဝန်းစိမ်းတွေနဲ့တင်လုံလောက်တယ်
တကယ်ကို လုံလောက်တယ်........။ ။